← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 14 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 14 Ch. 191-192

အခန်း ၁၉၁

- အပိုင်း ၃၆ - ဇာတ်လမ်း၏ မိုးကုတ်စက်ဝိုင်း (၃)

ဤစာသားသည် Ways of Survival ထဲတွင် ပါရှိခဲ့ဖူး၏။

「 'ဇာတ်လမ်း၏ မိုးကုတ်စက်ဝိုင်း' တွင် နေထိုင်ကြသော မဟာမိစ္ဆာများ။ ၎င်းတို့သည် မိစ္ဆာဘုရင်များ သို့မဟုတ် မိစ္ဆာမျိုးစိတ်များ မဟုတ်ဘဲ မဟာမိစ္ဆာများ ဖြစ်ကြသည်။ ၎င်းတို့သည် ဇာတ်လမ်းများကို တောင့်တရှာဖွေကြသလောက် ဒိုကဲဘီများကိုလည်း မုန်းတီးကြသူများ ဖြစ်သည်။ 」

မှန်ပေသည်၊ ဤစာသားပင် ဖြစ်၏။

「 သင်သာ ဇာတ်ဝင်ခန်းမှ ထုတ်ပယ်ခံရပါက မျှော်လင့်စရာ တစ်ခုတည်းသာ ရှိတော့သည်။ ယင်းမှာ မိုးကုတ်စက်ဝိုင်း၏ မဟာမိစ္ဆာ ထံမှ ကရုဏာကို မျှော်လင့်ရန်ပင် ဖြစ်၏။ 」

Fourth Wall က ကျနော့်အတွက် ရှင်းလင်းအောင် လုပ်ပေးလိုက်သောကြာင့် ကျနော့်မှာ ပြောစရာ စကားမရှိတော့ပေ။ မိုးကုတ်စက်ဝိုင်း၏ မဟာမိစ္ဆာကို ကျနော်ကြည့်လိုက်သည်။

သူသည် အလွန်အိုမင်းသော အသွင်အပြင် ရှိ၏။ တစ်ချက်ကြည့်လိုက်လျှင် လေလွင့်သူတစ်ဦးဟု ထင်ရသော်လည်း လေလွင့်သူလော၊ မဟာမိစ္ဆာလော ခွဲခြားရသည်မှာ မခဲယဉ်းလှချေ။ အဘယ်ကြောင့်ဆိုသော် မိုးကုတ်စက်ဝိုင်း၏ မဟာမိစ္ဆာတိုင်းသည် ပါးပေါ်တွင် အကျိတ်ကြီးတစ်ခု ပါရှိသောကြောင့် ဖြစ်၏။ ထို့ကြောင့်ပင် အချို့သူများက သူတို့ကို 'အကျိတ်နှင့်လူ' ဟု ခေါ်ဆိုကြ၏။

လေထုထဲတွင် အလင်းစများ ပေါ်ထွက်လာပြီး အကျိတ်နှင့်လူသည် နောက်သို့ ဆုတ်သွားခဲ့သည်။

“...ပုံမှန်တော့ မဟုတ်ဘူးပဲ။ ငါ့ရဲ့ မဟာမိစ္ဆာ၏မျက်လုံး နဲ့တောင် မင်းရဲ့ အချက်အလက်တွေကို မမြင်နိုင်ဘူး”

အကျိတ်နှင့်လူ၏ မျက်လုံးများထဲတွင် ဝါကျင့်ကျင့် အရောင်အဝါတစ်ခု တောက်ပလာခဲ့သည်။ သူသည် ကျနော့်၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို တူးဖော်ရန် ကြိုးပမ်းနေခြင်းပင် ဖြစ်၏။

မဟာမိစ္ဆာ၏မျက်လုံး။ အန်နာ ခရော့ဖ် တွင်လည်း ဤအကျိတ်နှင့်လူကဲ့သို့သော မျက်လုံးမျိုး ရှိသည်။ ထိုသို့ရှိနေခြင်းမှာ သဘာဝကျလှ၏။ အန်နာကို မဟာမိစ္ဆာ၏မျက်လုံး အကြောင်း အချက်အလက်များ ပေးခဲ့သူမှာ သူဖြစ်ကြောင်း ကျနော် သေချာပေါက် သိနေလေသည်။

မိုးကုတ်စက်ဝိုင်း၏ မဟာမိစ္ဆာများသည် ဘီဟွန်းနှင့် နှိုင်းယှဉ်လျှင် အဆမတန် အန္တရာယ်များလှသည်။ ကျနော်သာ သူ့ကို အနည်းငယ်မျှ လျှော့တွက်လိုက်မည်ဆိုပါက ဝါးမျိုခံရပေလိမ့်မည်။

တမင်တကာ အချိန်ဆိုင်းပြီးမှ ကျနော် စကားစလိုက်သည်။

“ကျနော့်ရဲ့ အချက်အလက်တွေကို ပရောဟိတ်တောင် ဖတ်လို့ရတာမဟုတ်ဘူး။ ဒါတောင်မသိဘူးဆိုရင်တော့ ခင်ဗျားရဲ့ သတင်းရနိုင်စွမ်းက နည်းနည်း နှေးနေတာထင်တယ်”

အကျိတ်နှင့်လူသည် သူ၏မာန ထိခိုက်သွားသည့်အလား မျက်မှောင်ကြုတ်လိုက်၏။

“...ငါလာမယ်ဆိုတာ မင်းသိနေတာလား”

“ဟုတ်တယ်”

“ဘယ်လိုလုပ်ပြီးသိတာလဲ”

“ခင်ဗျား ဒါကို လာလုတာ မဟုတ်လား”

ကျနော်သည် ဒိုကဲဘီဥ ကို ထုတ်ပြလိုက်သည်။ အကျိတ်နှင့်လူ တုန်လှုပ်သွားခဲ့၏။ ဤဥထဲတွင် မည်သည့်အရာ ကိန်းအောင်းနေသည်ကို သူ သိထားသည်။

“ဒီဝိညာဉ်က ငါ့ဟာပဲ”

တစ်ချိန်တည်းမှာပင် အကျိတ်နှင့်လူ၏ ပါးပေါ်မှ အကျိတ်သည် မကောင်းသောအရိပ်အယောင်ဖြင့် ဖောင်းကြွလာခဲ့သည်။

“ဒီဝိညာဉ်ကို တခြားသော ပြိုင်ဘက် ဒိုင်မင်းရှင်း တစ်ခုကနေ ဒီကို ငါပို့လိုက်တာ။ ဒီဝိညာဉ်ကို ပိုင်ဆိုင်ခွင့်က ငါ့မှာရှိတယ်”

သူက ရှေ့သို့ တစ်လှမ်း တိုးလာသော်လည်း ကျနော်က နောက်သို့ ဆုတ်လိုက်သည်။

“ဘာတွေ လာပြောနေတာလဲ”

“...ဒီဝိညာဉ်က ငရဲပြည်ကနေ ငါ့ဆီကို ပြန်ရောက်လာရမှာ။ အဲ့ဒါကို မင်းက ကြားဖြတ်လုယူသွားတာလေ။ အခြေအနေ ပိုဆိုးမလာခင် အဲ့ဒီဝိညာဉ်ကို ငါ့ဆီ ပြန်ပေးဖို့ ငါမျှော်လင့်တယ်”

“ပြန်ပေးရမယ် ဟုတ်လား။ ဘာတွေ ပေါက်ကရ လာပြောနေတာလဲ။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု မှာ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေနဲ့ပတ်သတ်ပြီး ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ စည်းမျဉ်းစည်းကမ်းမျိုး ရှိလို့လား”

အကျိတ်နှင့်လူသည် အလှမ်းဝေးသော နေရာ၌ပင် ရှိနေသေးသော်လည်း သူ၏ မျက်လုံးများထဲတွင်မူ ထိုဥအပေါ် ပြင်းထန်သော လောဘစိတ်များဖြင့် စိုက်ကြည့်နေခဲ့သည်။

ကျနော်သည် ဥကို ငုံ့ကြည့်လိုက်၏။ ဤဥထဲတွင် ရှိနေသော တည်ရှိမှုမှာ ယူဂျွန်ဟော့၏ ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း မှ ရှင်ယူဆောင်း ပင် ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် အကျိတ်နှင့်လူ ပြောသည်မှာ မှန်ပေသည်။ ရှင်ယူဆောင်းကို ကပ်ဘေးအဖြစ် ပြောင်းလဲပြီး ကျနော်တို့ဒိုင်မင်းရှင်းသို့ ပို့လွှတ်ခဲ့သူမှာ ကျနော့်ရှေ့တွင် ရှိနေသော ဤအကျိတ်နှင့်လူပင် ဖြစ်၏။

အကျိတ်နှင့်လူ၏ မျက်နှာပေါ်မှ အရေးအကြောင်းများ ပိုမို များပြားလာသည်။

“မင်းက စကားလုံးတွေနဲ့ ကစားချင်နေတာလား...”

“သူ့ကိုပဲ တိုက်ရိုက် မေးကြည့်ရအောင်။ ဒီကလေးမှာလည်း သူ့ကိုယ်ပိုင် လွတ်လပ်တဲ့ ဆန္ဒ ရှိတာပဲ”

ကျနော်သည် တွေဝေမနေဘဲ ဥ၏ မျက်နှာပြင်ကို ပုတ်ကာ မေးလိုက်သည်။

“ယူဆောင်း၊ သူက နင့်ရဲ့ သခင်တဲ့။ နင်ရော ဘယ်လိုထင်လဲ”

ဥသည် မှန်မှန်လေး တုန်ခါသွားခဲ့သည်။

“ဟင်း၊ ဟုတ်ပြီ။ လက်မခံဘူးပေါ့လေ”

“...ဟေ့”

ကျနော်သည် အကျိတ်နှင့်လူကို လျစ်လျူရှုလိုက်ပြီး ဥကို ထပ်မံမေးမြန်းလိုက်သည်။

“ဒါဆိုရင် နင်က ဘယ်သူလဲ”

ဥသည် ယခင်ကထက် ပိုမိုပြင်းထန်စွာ တုန်ခါလာ၏။ ကျနော်သည် နားလည်သွားသည့်အလား ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်၊ ဝိညာဉ်ဆိုတာ ဘယ်သူ့ပိုင်ဆိုင်မှုမှ မဟုတ်ဘူး။ ဇာတ်လမ်းရဲ့ သခင်ဆိုတာ ဘယ်သူမှ မဖြစ်နိုင်သလိုမျိုးပေါ့”

ဇာတ်လမ်း၏ သခင်ဟူသည် မည်သူမျှ မဖြစ်နိုင်ပေ။ ဤစကားကို ကြားလိုက်ရသော အကျိတ်နှင့်လူ၏ မျက်နှာတွင် ထက်ရှသော အကြည့်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ အကျိတ်နှင့်လူ၏မျက်လုံး များသည် လည်ပတ်နေ၏။ သူသည် စိတ်ဝင်စားစရာ ကောင်းသည်ဟု ယူဆသွားသည့်အလား ပြုံးလိုက်သည်။

“ရယ်စရာကောင်းလိုက်တာ၊ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်။ မင်းက အခု ငါနဲ့ ညှိနှိုင်းဖို့ ရည်ရွယ်နေတာလား”

ကျနော်၏ရည်ရွယ်ချက်ကို ရိပ်မိသွားပြီ ဖြစ်သည်။ ကျနော်က ပြုံးပြီး ပြန်ဖြေလိုက်၏။

“အမှန်ပဲ”

“...ကောင်းပြီလေ။ အခုထိ မင်းရဲ့ လုပ်ရပ်တွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ညှိနှိုင်းချင်တယ်ဆိုရင် အဲ့ဒီဥကို အရင်ပေး”

“ခင်ဗျားက ညှိနှိုင်းမှုဆိုတာ ဘာလဲဆိုတာ မသိဘူးလား။ ဒါက ပြဿနာပဲ။ ကျနော့်အတွက် ဒီကလေးက လိုအပ်တယ်”

“မင်း အဲ့ဒီဥရဲ့ တန်ဖိုးကို မသိလို့ပါ”

“ဟင့်အင်း၊ ကျနော် သိတယ်”

ဥသည် ကျနော့်လက်ကို မခွာချင်သည့်အလား တင်းတင်းကျပ်ကျပ် ကပ်ထား၏။ ကျနော်က ဥကို သာသာလေး ပုတ်ပေးလိုက်သည်။

“ဒီဥကနေ မွေးဖွားလာတဲ့ တည်ရှိမှုတွေက ချန်နယ်တစ်ခုကို တည်ဆောက်နိုင်တယ်”

“...အဲ့ဒါ ဘာကို ဆိုလိုတာလဲဆိုတာ မင်းသိရဲ့လား”

“ကျနော်ဟာ စီမံခန့်ခွဲရေးဌာနရဲ့ လုပ်ပိုင်ခွင့် ပြင်ပကနေ ရုပ်သံလွှင့်နိုင်တယ်လို့ ဆိုလိုတာပဲ”

ကျနော့်စကားကြောင့် အကျိတ်နှင့်လူသည် အနည်းငယ် တုန်လှုပ်သွားခဲ့၏။ သူ၏ ဝေခွဲမရဖြစ်နေသော လက်ချောင်းများသည် မုတ်ဆိတ်ဆီသို့ ဦးတည်သွားသည်။

ကျနော်က ဆက်ပြောလိုက်၏။

“တစ်နည်းအားဖြင့် ပြောရရင် ဒီဥမှာ ရေတွက်လို့မရတဲ့ ဇာတ်လမ်းတွေကို ဖန်တီးနိုင်တဲ့ စွမ်းအားရှိတယ်။ အဲ့ဒီအတွက်ကြောင့်ပဲ ခင်ဗျားက ဒီဥကို လိုချင်နေတာ မဟုတ်လား”

အကျိတ်နှင့်လူသည် အလွန်အမင်း အံ့အားသင့်သွားပြီး ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ သူသည် ကျနော့်နှလုံးသားကို ရှာဖွေရန် ကြိုးစားနေသည့်အလား ခံစားရ၏။ သို့သော် မဟာမိစ္ဆာ၏မျက်လုံး များပင် ဘာမှမမြင်နိုင်သော အခြေအနေတွင် သူသည် ကျနော့်အတွင်းစိတ်ကို မြင်နိုင်စွမ်း မရှိခဲ့ပေ။

“...မင်းက ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ကို ပုန်ကန်တော့မလို့လား”

“ပုန်ကန်တာ ဟုတ်လား။ မပြောတတ်ဘူးလေ။ စီမံခန့်ခွဲရေးဌာနက ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု တစ်ခုလုံးကို စီမံနေတာမလို့လား”

“တစ်ခါတလေမှာ အစိတ်အပိုင်းတစ်ခုဆိုပေမဲ့ တစ်ခုလုံး ဖြစ်နေတာမျိုးဖြစ်တတ်တယ်”

“ကျနော်ကတော့ အဲ့ဒါ အမှန်တရားလို့ မထင်ဘူး... ကောင်းပြီလေ။ ခင်ဗျား လိုချင်တဲ့ အဖြေက ဒါဆိုရင်တော့...”

အကျိတ်နှင့်လူ၏ မျက်လုံးများသည် ကင်မရာမှန်ဘီလူးတစ်ခုကဲ့သို့ လည်ပတ်နေ၏။ သူ ဘာကို လိုချင်နေသည်ကို ကျနော် သိထားသဖြင့် ညကောင်းကင်ယံကို လက်ညှိုးညွှန်ပြကာ တော်လှန်ရေးသမား တစ်ဦးကဲ့သို့ တမင်တကာ ပြောလိုက်သည်။

“ကျနော်က အဲ့ဒီ အမှိုက်လို ဒိုကဲဘီတွေရဲ့ ကမ္ဘာကို ဖျက်ဆီးပစ်မှာ”

အကျိတ်နှင့်လူ၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသော ထိုအမူအရာက ဘာကို ဆိုလိုသည်ကို ကျနော် သိသည်။ ယင်းမှာ သူ၏ ‘အပြုံး’ ပင် ဖြစ်၏။

“ငါ သဘောကျသွားပြီ”

အကျိတ်နှင့်လူ၏ မျက်နှာသာပေးမှုကို ရရှိရန်မှာ ရိုးရှင်းလှပေသည်။ ကျနော်က ဒိုကဲဘီများကို အပြစ်တင်ရုံသာ ဖြစ်၏။

……………………………………………………………………………………………..

မိုးကုတ်စက်ဝိုင်း၏ မဟာမိစ္ဆာ သို့မဟုတ် 'အကျိတ်နှင့်လူ' နှင့် ပတ်သက်၍ လူသိအများဆုံး ဇာတ်လမ်းမှာ 'အကျိတ်ပါသော အဖိုးအို' အကြောင်း ဖြစ်နိုင်ပေသည်။

ယင်းမှာ ကျွန်ုပ်တို့အားလုံး ငယ်စဉ်ကလေးဘဝက အနည်းဆုံး တစ်ကြိမ်တစ်ခါမျှ ကြားဖူးခဲ့ကြသည့် ပုံပြင်တစ်ပုဒ်ပင် ဖြစ်၏။ စိတ်ကောင်းရှိသော အကျိတ်နှင့်လူသည် ဒိုကဲဘီများကြောင့် သူ၏ အကျိတ်ကို ဖယ်ရှားနိုင်ခဲ့ပြီး စိတ်ပုပ်သော အကျိတ်နှင့်လူမှာမူ ဒိုကဲဘီများကြောင့် နောက်ထပ် အကျိတ်တစ်ခု ပိုတိုးလာခဲ့သည်။

ကျနော်သည် အကျိတ်နှင့်လူ၏ အကျိတ်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

"ဒါဆို ခင်ဗျားက လူကောင်းဘက်ကလား၊ လူဆိုးဘက်ကလား"

“လူသားတွေက ဒါကို အမြဲသိချင်နေကြတာပဲ။ ငါက လူကောင်းဖြစ်နေရုံနဲ့ မင်းဘက်က ရပ်တည်ပေးမယ်လို့တော့ အာမခံချက် မရှိဘူးနော်”

“ခင်ဗျားမှာ အကျိတ်ရှိနေသေးတာဆိုတော့ သဘာဝအတိုင်းဆိုရင် လူဆိုးဖြစ်မှာပေါ့”

“အဲ့ဒီ ပုံပြင်က ကမ္ဘာအနှံ့ ပျံ့နေတာပဲ။ လက်ဆင့်ကမ်းလာတဲ့ ဇာတ်လမ်းတွေက အမြဲတမ်းတော့ မမှန်ကန်နိုင်ဘူးလေ”

“ခင်ဗျားက လူဆိုးဆိုတာ ပိုပိုပြီးတော့တောင် ထင်ရှားလာပြီ”

အကျိတ်နှင့်လူသည် ဝက်ရူးပြန်နေသည့်အလား တုန်ခါနေ၏။ Ways of Survival အရ ‘အကျိတ်’ သည် ဇာတ်လမ်းများကို သိမ်းဆည်းရာ ဂိုဒေါင်တစ်ခုအဖြစ် လုပ်ဆောင်သည်။ အဆိုပါ အကျိတ်အတွင်း၌ မရေမတွက်နိုင်သော ဇာတ်လမ်းများသည် ပိုင်ရှင်အသစ်ကို စောင့်ကြိုနေကြ၏။

အကျိတ်နှင့်လူသည် ချိန်သီးတစ်ခုကဲ့သို့ လှုပ်ခါနေသော သူ၏ စနစ်ဇယားကို ကြည့်ကာ ကျနော့်ကို ပြောလိုက်သည်။

“မင်းက အချက်နှစ်ချက် တောင်းဆိုထားတယ်နော်”

ကျနော် ခေါင်းညိတ်ပြလိုက်သည်။

“တစ်ခုက ဇာတ်ဝင်ခန်းထဲ ပြန်သွားဖို့။ နောက်တစ်ခုက ‘ကိုယ်စားလှယ် ခန္ဓာကိုယ်’ အသစ်တစ်ခု ရဖို့”

“အဲ့ဒါ အမှန်ပဲ”

‘အကျိတ်နှင့်လူ’ သည် ဒိုကဲဘီများ၏ ချန်နယ်များ မရောက်ရှိနိုင်သော နေရာများတွင် လှုပ်ရှားကြပြီး ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ၏ မှောင်ခိုဈေးကွက် ကုန်သည်နှင့် ဆင်တူသော အခန်းကဏ္ဍမှ ပါဝင်ကြသည်။

သူတို့သည် ပြည်နှင်ဒဏ်သင့်သူများကို ဇာတ်ဝင်ခန်းထဲသို့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြင့် ဆုလာဘ်များကို ရယူကြပြီး ချန်နယ်များမှ မရရှိနိုင်သည့် ထူးခြားသော ပစ္စည်းများကိုလည်း စုဆောင်းထားတတ်ကြ၏။ ထိုအတွက် ပေးဆောင်ရမည့် တန်ဖိုးမှာမူ အလွန်ပင် ကြီးမားလှပေသည်။

“ငါ အဲ့ဒီ နှစ်ခုလုံးအတွက် မင်းကို ကူညီနိုင်တယ်”

“ကောင်းပြီလေ၊ ဒါဆို ကူညီပေးပါ”

“အစားထိုးအနေနဲ့ အဲ့ဒီဥကို ငါ့ကိုပေး”

“မရဘူး”

“ဒါဆိုရင်တော့ ငါလည်း မကူညီနိုင်ဘူး”

ချီး။ ဂျာအေးသူအမေ့ရိုက်နေပြီ။

အကျိတ်နှင့်လူသည် ဒိုကဲဘီဥအပေါ် အခိုင်အမာ စွဲလမ်းနေပုံရ၏။

“ကျနော် ပြောပြီးပြီလေ၊ ဒီဥကို ပေးလို့မရဘူး။ ခင်ဗျား ယူသွားလည်း သုံးလို့ရမှာ မဟုတ်ဘူး။ ဒီကလေးက ကျနော့်စကားပဲ နားထောင်မှာ”

“မင်း... မင်းရဲ့ ဇာတ်လမ်းကို စားပြီး ဒီဥက ကြီးထွားလာတာလား”

“ဟုတ်တယ်”

“ဒိုကဲဘီတစ်ကောင်ကို မင်းရဲ့ ဇာတ်လမ်းတွေနဲ့ ရောနှော လိုက်တာလား၊ မင်းက တကယ့်ကို ညစ်ပတ်တဲ့ လူပဲ”

“ပါးစပ်ပိတ်ထားစမ်းပါ။ ကျနော် တခြားဟာ ပေးမယ်”

“မင်းက ငါ့ကို ဘာပေးနိုင်မှာမို့လို့လဲ”

“ဇာတ်လမ်းတစ်ပုဒ်ပေါ့။ အဲ့ဒါက ခင်ဗျားတို့ အစကတည်းက လိုချင်နေတဲ့အရာ မဟုတ်ဘူးလား”

ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု တွင် ‘ဇာတ်လမ်းများ’ သာလျှင် တန်ဖိုးရှိလှသည်။ ထို့ကြောင့် အကျိတ်နှင့်လူသည် ‘ဇာတ်လမ်းများ’ ကို လက်ခံရယူခြင်း ဖြစ်၏။

“...မင်းက တော်တော် ယုံကြည်မှု ရှိနေတာပဲ။ ဘယ်လို ဇာတ်လမ်းမျိုး ငါ့ကို ပေးနိုင်မှာလဲ”

“ကျနော် ပြပါ့မယ်”

ကျနော်သည် ကျနော့်၏ ဇာတ်လမ်းစာရင်းကို ဖွင့်လိုက်သည်။

[ဇာတ်လမ်းစာရင်း]

ဘုရင်မဲ့ကမ္ဘာ၏ ဘုရင်။

အံ့ဖွယ်အမှုကို ဆန့်ကျင်သူ။

ရုပ်သံထုတ်လွှင့်သူ ကို မထီမဲ့မြင်ပြုသူ။

ကပ်ဘေးဘုရင်ကို အမဲလိုက်သူ။

မျိုးစိတ်ပြင်ပသတ္တဝါ ကို သတ်ဖြတ်သူ။

ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်။

.

.

.

ရှီလာ မဟာမိတ်တပ်ဖွဲ့။ ပိုး

ကောင်သတ်ဖြတ်မှု။

ကျနော့်ထံတွင် ဤမျှလောက်များပြားသော ဇာတ်လမ်းများကို စုဆောင်းမိခဲ့လိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ဒဏ္ဍာရီလာအဆင့် နှင့် အထက်မှာ ခြောက်ခုသာ ရှိသော်လည်း အတော်ကို ကောင်းမွန်သော ပိုင်ဆိုင်မှုတစ်ခုဟု ပြော၍ရ၏။

၁၀ ခုမြောက် ဇာတ်ဝင်ခန်းရောက်သည့်တိုင်အောင် ဤမျှလောက် များပြားသော ဇာတ်လမ်းများကို စုဆောင်းနိုင်သူမှာ ကျနော်တစ်ယောက်တည်းသာ ရှိပေလိမ့်မည်။

အမှန်တကယ်ပင်၊ အကျိတ်နှင့်လူ၏ မျက်နှာတွင် ချီးကျူးလိုဟန် အနည်းငယ် ပေါ်လာခဲ့သည်။

“မင်းက တော်တယ်ဆိုတာ ငါသိပေမဲ့ ဒါကတော့... တကယ့်ကို အံ့ဩစရာပဲ”

သူသည် ဇိမ်ခံပစ္စည်းအရောင်းဆိုင်မှ ဧည့်သည်တစ်ဦးကဲ့သို့ ကျနော့်၏ ဇာတ်လမ်းတိုင်းကို ချီးကျူးရန် ဝန်မလေးခဲ့ပေ။ အထူးသဖြင့် ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်းများကို မြင်သောအခါ သူ၏မျက်လုံးများမှာ နက်ရှိုင်းသော ‘လောဘ’ စိတ်များဖြင့် ပြည့်နှက်သွား၏။ အကျိတ်၏ အရောင်မှာလည်း သူ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသကဲ့သို့ နီရဲနေသည်။

“ဒီဥကို အစားထိုးဖို့ဆိုရင်တော့ သိပ်မခက်ခဲပါဘူး”

“ဒါပေါ့”

“ငါက တစ်ခုပဲ ရွေးရမှာလား”

“လောလောဆယ်တော့ ဟုတ်တယ်”

အမှန်စင်စစ် ဇာတ်လမ်း၏ တန်ဖိုးပေါ်တွင် မူတည်သည်။ ကျနော့်အနေဖြင့် ဇာတ်လမ်းအကုန်လုံးကို လဲလှယ်ရန် စိတ်ကူးမရှိပေ။ ဇာတ်လမ်းအကုန်လုံးကိုသာ ပေးပစ်လိုက်ပါက ကျနော့်ကို နက္ခတ် တစ်ပါး ဖြစ်လာစေခဲ့သည့် အရာအားလုံးကို ပေးပစ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်မည်သာ။

ထို့နောက် အကျိတ်နှင့်လူ သည် တုံ့ဆိုင်းခြင်းမရှိဘဲ ဇာတ်လမ်းတစ်ပုဒ်ကို ရွေးချယ်လိုက်သည်။

“ဒါဆိုရင် ‘မျိုးစိတ်ပြင်ပသတ္တဝါ ကို သတ်ဖြတ်သူ’ ကို ငါရွေးမယ်”

“...ခင်ဗျားက အားမနာတတ်ဘူးလား။ ဒါက ကျနော့်မှာရှိတဲ့ တစ်ခုတည်းသော ဒဏ္ဍာရီလာအဆင့် နီးပါး ဇာတ်လမ်းဗျ”

ဒဏ္ဍာရီလာအဆင့် နီးပါး ဇာတ်လမ်းတစ်ပုဒ်၏ တန်ဖိုးကို ဒင်္ဂါးများဖြင့် ဖြတ်၍မရနိုင်ပေ။ အကျိတ်နှင့်လူ နှင့် ပြုလုပ်သည့် သဘောတူညီချက်က မည်မျှပင် အရေးကြီးသည်ဖြစ်စေ ကျနော် ထိုဇာတ်လမ်းကို ပေး၍မဖြစ်ပေ။ ထို့အပြင် ‘မျိုးစိတ်ပြင်ပသတ္တဝါ ကို သတ်ဖြတ်သူ’ ဇာတ်လမ်းသည် နောက်ထပ် မျိုးစိတ်ပြင်ပသတ္တဝါ တစ်ကောင်နှင့် တွေ့ဆုံသည့်အခါ အသုံးဝင်ပေလိမ့်မည်။

အကျိတ်နှင့်လူသည် သူ၏ တောင်းဆိုမှုမှာ အလွန်အကျွံ ဖြစ်သွားမှန်း သိသည့်အလား သူ၏ နှုတ်ခမ်းကို သပ်လိုက်သည်။

“ဒါဆို ဒါကလည်း မဆိုးပါဘူး။ ငါ ‘ဘုရင်မဲ့ကမ္ဘာ၏ ဘုရင်’ ကို ရွေးမယ်”

ကျနော် ခေါင်းခါလိုက်သည်။

“ဒါက ကျနော် စတင်မွေးဖွားလာတဲ့ ဇာတ်လမ်းပဲ။ ဒါကိုတော့ ပေးလို့မရဘူး”

“အင်းလေ။ ဒါဆို ‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ ကော...”

“ကျနော့်ကို အဆင့်မြင့် နက္ခတ် တစ်ပါး ဖြစ်လာစေတဲ့အရာကို ပေးခိုင်းနေတာလား။ ဒါဆို ကျနော့်ရဲ့ အဆင့်အတန်းက နိမ့်ကျသွားမှာပေါ့”

“...နှမြောစရာပဲ။ ဒါဆို ‘အံ့ဖွယ်အမှုကို ဆန့်ကျင်သူ’ ကော ဘယ်လိုလဲ”

“အဲ့ဒါက နောက်မှ သုံးရမယ့် နေရာရှိသေးလို့ပါ။ တောင်းပန်ပါတယ်”

ဆွံ့အသွားသော အကျိတ်နှင့်လူသည် စိတ်ပျက်လက်ပျက်ဖြင့် ကျနော့်ကို စိုက်ကြည့်လာသည်။

“ဒါဆို မင်းက ငါ့ကို ဘယ်ဇာတ်လမ်း ပေးမှာလဲ”

“ဒါကို ပေးမယ်။ ‘ရှီလာ မဟာမိတ်တပ်ဖွဲ့’”

ယင်းမှာ ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး နှင့် ရှီလာ နက္ခတ်များကို ကူညီရာမှ ရရှိခဲ့သည့် သမိုင်းဝင်အဆင့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ အကျိတ်နှင့်လူ၏ မျက်နှာမှာ ရှုံ့မဲ့သွား၏။

“ဒါကို ငါ့ကို ပေးတာက ဘာမှ တန်ဖိုးမရှိဘူး”

...အဲ့လိုပြောတာကတော့ နည်းနည်းမလွန်ဘူးလား။

ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး သာ ဒါကို ကြားသွားရင် မျက်ရည်ကျပေလိမ့်မည်။ ထိုဇာတ်လမ်းမှာ ရှီလာ က ဟန်လူမျိုးစုကို တိုက်ခိုက်ရန် တန်မင်းဆက်နှင့် လက်တွဲခဲ့သည့် ကောင်းမွန်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။

“ဒါဆို ‘ပိုးကောင်သတ်ဖြတ်မှု’ ကော ဘယ်လိုလဲ”

“အစောကထက်တော့ တော်သေးတာပေါ့။ ဒါပေမဲ့ ဒါက သာမန် ဇာတ်လမ်းတစ်ပုဒ်ပဲ ရှိသေးတယ်”

“ကျနော် အဲ့ဒီ နှစ်ခုလုံးကို ပေးမယ်။ လိုအပ်ရင် တခြား သမိုင်းဝင်အဆင့် ဇာတ်လမ်းတွေကိုပါ...”

“မင်းက ငါနဲ့ အရောင်းအဝယ် လုပ်ဖို့ စိတ်ကူးမရှိဘူးလို့ ယူဆလိုက်ရတော့မလား”

ချီး။ သူက ဘီဟွန်း လို ငတုံးတော့ မဟုတ်ဘူးပဲ။

ဘီဟွန်း ကသာ လျော်ကြေးနှုန်းကို ၁၀% ကနေ ၀% အထိ ပြောင်းလဲပေးခဲ့သူ ဖြစ်သည်။

ကျနော် ဆက်လက် တုံ့ဆိုင်းနေစဉ် အကျိတ်နှင့်လူက ခပ်ဝေဝါးဝါး ပြုံးလိုက်သည်။

“မင်းရဲ့ တည်ရှိမှုကို မင်း ဘယ်လို ထိန်းထားနိုင်သလဲဆိုတာ ငါမသိပေမဲ့ မင်းမှာ အချိန်အလုံအလောက် ရှိသေးလို့လား”

ကျနော့်၏ ကိုယ်အပူချိန်မှာ အစောကထက် ပိုမိုကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။ Fourth Wall ၏ စကားလုံးများကြားမှ အကွာအဝေးမှာလည်း တဖြည်းဖြည်း ပို၍ ကျယ်လာ၏။

[သင်၏ ကိုယ်ခန္ဓာသည် ပြိုကွဲပျက်စီးနေပြီ ဖြစ်သည်။]

ကျနော့်အနေဖြင့် အကျိတ်နှင့်လူထံမှ လိုချင်သလောက် မရသေးသလို ကျနော့် တည်ရှိမှုမှာလည်း အတော်အတန် စိုးရိမ်ရသော အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ ဇာတ်ဝင်ခန်းတစ်ခုသို့ ချက်ချင်း ပြန်မသွားနိုင်လျှင် သို့မဟုတ် အနည်းဆုံးတော့ ခန္ဓာကိုယ်အသစ်တစ်ခု မရရှိလျှင် ဤပြိုကွဲမှုမှာ ပိုမိုမြန်ဆန်လာပေလိမ့်မည်။

「 ကင်ဒေါ့ဂျာသည် ထိုလူကို မည်သည့်ဇာတ်လမ်း ပေးရမလဲဟု တွေးနေပါသည်။ 」

...ငါ စိတ်ရှုပ်နေလို့ ဒီအချိန်မှာ လာမနှောင့်ယှက်စမ်းပါနဲ့။

「 ထိုစဉ် ဇာတ်လမ်းတစ်ပုဒ်က ကင်ဒေါ့ဂျာ၏ မျက်လုံးထဲ ရောက်လာ၏။ 」

ငါ့မျက်လုံးထဲ ရောက်လာတာက... ဟမ်။

ကျနော် ခဏလောက် တုံ့ဆိုင်းသွားသည်။ စဥ်းစားကြည့်တော့မှ အဲဒီဇာတ်လမ်း ရှိနေတာပဲ။

“ဒါဆို ဒါကိုရော ဘယ်လိုသဘောရလဲ”

အသားပေါ်တွင် ပေါက်နေသော အကျိတ်။ "အကျိတ်နှင့်လူ" သည် ဒိုကဲဘီ များ၏ အကူအညီဖြင့် မိမိလည်ပင်းမှ အကျိတ်ကြီးကို ဖယ်ရှားနိုင်ခဲ့သော အဖိုးအိုတစ်ဦးနှင့် အကျိတ်မပျောက်သည့်အပြင် နောက်ထပ် အကျိတ်တစ်ခုပါ အထပ်ခံလိုက်ရသော အခြားအဖိုးအိုတစ်ဦးတို့အကြောင်း ပုံပြင်ဖြစ်သည်။ အဆိုပါပုံပြင်မှာ Omniscient reader’s viewpointတွင် မပါသောကြောင့် ဘာသာပြန်သူဖြစ်သည့် ကျွန်ုပ်ပဲ ကိုယ်တိုင်ရှာဖွေကာ အကျဉ်းချုပ်ရေးပေးလိုက်ပါသည်။ အောက်တွင် ပုံပြင်ကို ဆက်ဖတ်ပါ။

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာတွင် လည်ပင်း၌ ကြီးမားသော အကျိတ်တစ်ခု ပါရှိသည့် သဘောကောင်းသော အဖိုးအိုတစ်ဦး ရှိသည်။ တစ်နေ့တွင် သူသည် တောထဲ၌ ထင်းခုတ်ရင်း မိုးချုပ်သွားသဖြင့် အိမ်မပြန်နိုင်ဘဲ လူသူကင်းမဲ့သော အိမ်ဟောင်းပျက်တစ်ခုတွင် ဝင်နားခဲ့ရသည်။

အဖိုးအိုသည် ကြောက်စိတ်ကို ပြေပျောက်စေရန် သီချင်းများကို ကျယ်လောင်စွာ ဆိုနေခဲ့၏။ ထိုအချိန်တွင် သူ၏ သီချင်းဆိုသံကြောင့် လောဘကြီးပြီး ဒေါသကြီးသော ဒိုကဲဘီ (မှင်စာ) အုပ်စု ရောက်ရှိလာကြလေသည်။ သို့သော် အဖိုးအို၏ သီချင်းသံမှာ အလွန်ပင် သာယာသဖြင့် ဒိုကဲဘီ များသည် စိတ်ဆိုးမည့်အစား သဘောကျသွားကြသည်။

ဒိုကဲဘီ များက "အဖိုးကြီး... မင်းရဲ့ သီချင်းသံက ဘယ်က ထွက်လာတာလဲ" ဟု မေးကြသည်။ အဖိုးအိုက နောက်ပြောင်သည့်အနေဖြင့် "ဒီလည်ပင်းပေါ်က အကျိတ်ထဲကနေ ထွက်လာတာလေ" ဟု ပြန်ဖြေသည်။ ဒိုကဲဘီ များသည် ထိုအကျိတ်ကို သီချင်းထွက်သည့် ရတနာဟု ထင်မှတ်ကာ ၎င်းတို့၏ ဒိုကဲဘီရတနာတောင်ဝှေးကို အသုံးပြု၍ အဖိုးအို၏ လည်ပင်းမှ အကျိတ်ကို အနာအဆာမရှိ ဖြုတ်ယူသွားပြီး အပြန်အလှန်အနေဖြင့် အဖိုးအိုကို ရွှေငွေရတနာများစွာ ပေးခဲ့ကြသည်။

ထိုသတင်းကို ကြားသောအခါ အခြားရွာမှ လည်ပင်း၌ အကျိတ်ပါသော လောဘကြီးသည့် အဖိုးအိုတစ်ဦးသည်လည်း ချမ်းသာချင်သောကြောင့် ထိုအိမ်ဟောင်းပျက်သို့ သွားခဲ့သည်။ သူသည်လည်း သီချင်းများကို အော်ဟစ်ဆိုနေစဉ် ဒိုကဲဘီ များ ရောက်လာကြပြန်သည်။

ဒိုကဲဘီ များက "မင်းရဲ့သီချင်းသံက ဒီအကျိတ်က ထွက်လာတာလား"ဟု မေးသောအခါ၊ အဖိုးအိုက "ဟုတ်ပါတယ်၊ ဒါက သီချင်းထွက်တဲ့ အိတ်ပါပဲ" ဟု လိမ်ညာပြောဆိုခဲ့သည်။ ထိုသို့ ဖြေလိုက်သဖြင့် ယခင်တစ်ခါက ပထမအဖိုးအိုထံမှ အကျိတ်ကို ယူသွားပြီးနောက် ထိုအကျိတ်မှ သီချင်းမထွက်ကြောင်း သိရှိထားသော ဒိုကဲဘီ များသည် အလွန်အမင်း ဒေါသထွက်သွားကြ၏။

"မင်းက ငါတို့ကို ထပ်ပြီး လိမ်ချင်တာလား" ဟု ဟိန်းဟောက်ကာ၊ ၎င်းတို့ ယူဆောင်လာခဲ့သော ပထမအကျိတ်ကို ဒုတိယအဖိုးအို၏ လည်ပင်းတွင် ထပ်ကပ်ပေးလိုက်သည်။ ရလဒ်အနေဖြင့် လောဘကြီးသော အဖိုးအိုမှာ အကျိတ်တစ်ခု ပျောက်မည့်အစား လည်ပင်း၏ တစ်ဖက်တစ်ချက်တွင် အကျိတ်နှစ်ခုနှင့်အတူ အိမ်သို့ ပြန်ခဲ့ရလေတော့သည်။

အခန်း ၁၉၂

- အပိုင်း ၃၆ - ဇာတ်လမ်း၏ မိုးကုတ်စက်ဝိုင်း (၄)

ထိုဇာတ်လမ်းမှာ ဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သော်လည်း တစ်ဖက်တွင်မူ အထူး လုပ်ဆောင်ချက် တစ်စုံတစ်ရာ မရှိပေ။ သို့သော်ငြားလည်း ထိုဇာတ်လမ်း၏ တည်ရှိမှုကပင် အကျိတ်နှင့်လူ၏ အာရုံကို ဖမ်းစားနိုင်ရန် လုံလောက်နေခဲ့သည်။

"ဒီဇာတ်လမ်းက..."

"ဘယ်လိုလဲ၊ သဘောကျရဲ့လား"

အကျိတ်နှင့်လူသည် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဇာတ်လမ်းကို စိုက်ကြည့်နေသည်။ ဤကဲ့သို့သော ဇာတ်လမ်းမျိုး မည်သို့မှ မဖြစ်နိုင်သကဲ့သို့ သူ၏ မျက်ဝန်းများ တုန်ယင်နေ၏။ သူ၏ ရှည်လျားသော လက်ထိပ်များက ဇယားကို ထိလိုက်သည်နှင့် ဇာတ်လမ်း၏ အကြောင်းအရာများ စတင် ပွင့်ထွက်လာသည်။

ခွပ်... ခွပ်... ခွပ်...

အလယ်အလတ်အဆင့် ဒိုကဲဘီ ပေါလ်သည် ကျနော့် လက်သီးချက်များအောက်တွင် အလဲလဲအပြားပြား ခံနေရသည်။ ဒိုကဲဘီ၏ မျက်နှာကို ထိုးနှက်လိုက်သည့် အကြိမ်တိုင်းတွင် အကျိတ်နှင့်လူ၏ မျက်နှာပေါ်၌ အံ့အားသင့်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

‘ရုပ်သံထုတ်လွှင့်သူကို အထင်အမြင်သေးကြောင်း ပြသခဲ့သူ’ ဇာတ်လမ်း။

ဤဇာတ်လမ်းကို ပေးလိုက်လျှင်ပင် ကျနော့်ထံတွင် ဒဏ္ဍာရီလာအဆင့်ထက် မြင့်မားသော ဇာတ်လမ်း ငါးပုဒ် ကျန်ရှိနေသေးသဖြင့် ကျနော့်၏ ဂုဏ်သိက္ခာကို ထိခိုက်မည်မဟုတ်ချေ။ သဘာဝကျစွာပင် အကျိတ်နှင့်လူ အလွန်နှစ်သက်မည့် ဇာတ်လမ်းမျိုး ဖြစ်သည်။ သူသည် ဒိုကဲဘီများကို ကျိန်ဆဲရသည်ကို ဝါသနာပါသူ ဖြစ်သဖြင့် ဒိုကဲဘီကို အသားကုန် ရိုက်နှက်နေသည့် ဇာတ်လမ်းမျိုးကို သဘောကျမည်မှာ အသေအချာပင်။

"ဟီးဟီး...ဟီးဟီးဟီး... အားဟားဟား"

အကျိတ်နှင့်လူထံမှ ရုတ်တရက် ရယ်သံများ ထွက်ပေါ်လာသည်။ သူ အားရပါးရ ခံစားနေသည်ကို ကျနော် အေးဆေးစွာ စောင့်ဆိုင်းနေခဲ့သည်။

"ကောင်းပြီ၊ ဒါကို ငါ ယူမယ်။ တကယ်ကို စိတ်ကျေနပ်စရာကောင်းတဲ့ ဇာတ်လမ်းပဲ"

"ဒါဆို ကျနော်တို့တွေ သဘောတူညီမှု ရပြီပေါ့"

"ဒါနဲ့တော့ မလုံလောက်သေးဘူး။ မင်းပေးတဲ့ ဇာတ်လမ်းက ရှားပါးပေမယ့် လုပ်ဆောင်ချက်ပိုင်းမှာတော့ တန်ဖိုး မရှိသလောက်ပဲ"

...ဤသို့ ပြောလာမည်ကို ကျနော် ကြိုတင်တွေးဆထားပြီးသား ဖြစ်သည်။ ကျနော်ခပ်မြန်မြန်ပင် ပြောလိုက်သည်။

"ဒါဆိုရင် ရှီလာ မဟာမိတ်တပ်ဖွဲ့ကိုလည်း ပေးမယ်"

"...မလုံလောက်သေးဘူး။ မင်းက ဒီအရောင်းအဝယ်ကို ဆက်လုပ်ချင်တယ်ဆိုရင် သဘောတူညီချက်ရဲ့ အကြောင်းအရာကို ပြောင်းလဲရလိမ့်မယ်"

"ပြောင်းရမယ်ဟုတ်လား... ဘယ်လိုမျိုးလဲ"

"ငါ အစောက ပြောခဲ့သလိုပဲ၊ မင်းက အချက်နှစ်ချက် တောင်းဆိုထားတယ်။ တစ်ခုက ဇာတ်ဝင်ခန်းထဲ ပြန်သွားဖို့ ဖြစ်ပြီး နောက်တစ်ခုက 'ကိုယ်စားလှယ် ခန္ဓာကိုယ်' အသစ်တစ်ခု ရဖို့ပဲ"

ကျနော် ခဏမျှ စဉ်းစားပြီးမှ မေးလိုက်သည်။

"ဒီဇာတ်လမ်းက တောင်းဆိုမှုတစ်ခုထဲအတွက်ပဲ လုံလောက်တယ်လို့ ပြောချင်တာလား"

"မှန်တယ်။ အတိအကျ ပြောရရင် မင်းကို ကိုယ်စားလှယ် ခန္ဓာကိုယ် တစ်ခုရဖို့ပဲ ငါ ကူညီနိုင်မယ်"

ကိုယ်စားလှယ် ခန္ဓာကိုယ် ရရှိရေး။ ဤသည်မှာ သဘာဝကျစွာပင် အလွန်အရေးကြီးသည်။ သို့သော်လည်း...

"ဘာလို့ ကျနော့်ကို ဇာတ်ဝင်ခန်းထဲ ပြန်ပို့မပေးနိုင်တာလဲ။ ပြန်ပို့နိုင်တဲ့အထိ ခင်ဗျားမှာ ကူညီပေးနိုင်စွမ်းရှိတာ မဟုတ်ဘူးလား"

"မင်းက တစ်ခုခုကို သိထားသလိုမျိုး ပြောနေတာပဲ"

"ကျနော် ကြားဖူးတာလေးတွေ ရှိလို့ပါ"

အမှန်တကယ်တန်းတော့ ထိုအကြောင်းကို ကျနော် ဖတ်ခဲ့ဖူးခြင်း ဖြစ်၏။ ချောက်ဂျွန်ဂယောင်းကို ဇာတ်ဝင်ခန်းမှ ထုတ်ပယ်စဉ်က ဟုန်းဂစ် နက်ဗျူလာက မည်မျှ ပေးဆပ်ခဲ့ရသည်ကို သူ မှတ်မိနေသည်။

အကျိတ်နှင့်လူသည် ကျနော့် မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဟင်း... ပုံမှန်ဆိုရင်တော့ ဒီလောက်ပေးဆပ်မှုက လုံလောက်ပါတယ်။ ဒါပေမယ့် အခု အခြေအနေက နည်းနည်း ထူးခြားနေတယ်"

"ထူးခြားတယ်ဟုတ်လား..."

"မင်း လုပ်ခဲ့သမျှ ကိစ္စတွေကြောင့် စီမံခန့်ခွဲရေးဌာနနဲ့ နက်ဗျူလာတွေက စိတ်လှုပ်ရှားနေကြတယ်လေ"

သူ ဘာကို ဆိုလိုသည်ကို ကျနော် အနည်းငယ် ရိပ်မိလိုက်သည်။ အကျိတ်နှင့်လူက ဆက်ပြောသည်။

"ထုတ်ပယ်ခံရသူတစ်ယောက်ကို ဇာတ်ဝင်ခန်းထဲ ပြန်ပို့ပေးဖို့ဆိုတာ မင်းထင်တာထက် အများကြီး ပိုကုန်ကျတယ်။ အဲဒါက ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထဲမှာ ဖြစ်နိုင်စွမ်း ကို အများဆုံး အသုံးပြုရတဲ့ ကိစ္စတွေထဲက တစ်ခုပဲ။ ဒါတောင် မင်းသိတဲ့အတိုင်း ငါက ဖြစ်နိုင်စွမ်းရဲ့ 'မျက်လုံး' တွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိလို့သာ လုပ်ပေးနိုင်တာကွ"

"အခုလို လူပေါင်းများစွာ စောင့်ကြည့်နေတဲ့ အခြေအနေမျိုးမှာ ဖြစ်နိုင်စွမ်းကို အများကြီး ပေးဆပ်ရလိမ့်မယ်"

"အေး။ ပြီးတော့ အကြောင်းရင်းကိုတော့ ငါမသိဘူး၊ စီမံခန့်ခွဲရေးဌာနရဲ့ ဌာနခွဲမန်နေဂျာ ဘာရမ် ကိုယ်တိုင် ထွက်လာပြီး လက်ရှိ ရှိနေတဲ့ အရောင်းအဝယ်ပြဇယားတွေ အားလုံးကို ပိတ်ထားလိုက်ပြီ။ အခု အခြေအနေအရ ဇာတ်ဝင်ခန်းထဲကို တိုက်ရိုက် ပြန်သွားနိုင်မယ့် လမ်းကြောင်းက လုံးဝနီးပါး ပိတ်သွားပြီလို့ ပြောလို့ရတယ်။ မင်းက ဒီထက်ပိုကြီးတဲ့ တန်ဖိုးကို ပေးဆပ်မယ် ဆိုရင်တောင် ငါ မတတ်နိုင်ဘူး"

ကမ္ဘာမြေသို့ တိုက်ရိုက် ပြန်သွားရန် မဖြစ်နိုင်တော့ပေ။

အခြေအနေများမှာ ကျနော် ထင်ထားသလောက် ချောမွေ့ခြင်း မရှိခဲ့ပေ။ အကျိတ်နှင့်လူသည် ကျနော့်ကို ကြည့်ကာ မေးလိုက်သည်။

"မင်းက ကိုယ်စားလှယ် ခန္ဓာကိုယ် တစ်ခုပဲ လိုချင်တာလား။ ဒါက ဒဏ္ဍာရီလာ အဆင့်ရှိတဲ့ ဇာတ်လမ်းဆိုတော့ ငါ မင်းကို တော်တော်လေး ကောင်းမွန်တဲ့ ခန္ဓာကိုယ်တစ်ခု ပေးနိုင်ပါတယ်။ မူရင်လောက(သိုင်းလောက)ကနေ ငါ ပြန်လည် သိမ်းဆည်းထားတဲ့ ကျန်းမာသန်စွမ်းတဲ့ ကိုယ်စားလှယ် ခန္ဓာကိုယ်တွေ အများကြီး ရှိတယ်"

မူရင်လောကမှ ကိုယ်စားလှယ် ခန္ဓာကိုယ်များမှာ အလွန် ဆွဲဆောင်မှုရှိသော ကမ်းလှမ်းချက် ဖြစ်သော်လည်း ကျနော် ခေါင်းခါလိုက်သည်။ ခန္ဓာကိုယ်က မည်မျှပင် ကောင်းမွန်နေပါစေ၊ ဇာတ်ဝင်ခန်းထဲသို့ ပြန်မဝင်နိုင်ပါက အချည်းနှီးသာ ဖြစ်သည်။

ကိုယ်စားလှယ် ခန္ဓာကိုယ် အသစ်တစ်ခုက ခန္ဓာကိုယ် ပျက်စီးမှုကို ခေတ္တမျှ တားဆီးပေးနိုင်မည် ဖြစ်သော်လည်း ဇာတ်ဝင်ခန်းသို့ ပြန်မသွားနိုင်ပါက ပျက်စီးမှုမှာ ဆက်လက် ရှိနေဦးမည် ဖြစ်သည်။

အကျိတ်နှင့်လူမှာ ဤအချက်ကို သိရှိထားသဖြင့် ထိုကဲ့သို့ အကြံပြုခြင်း ဖြစ်သည်။ ထုတ်ပယ်ခံရသူအဖြစ် ပေးဆပ်ရသည့် ပြစ်ဒဏ်ကြောင့် ကိုယ်စားလှယ် ခန္ဓာကိုယ်သစ် ပျက်စီးသွားသည်နှင့် သူသည် အခြားသော ဇာတ်လမ်းများကို ထပ်မံရယူရန် အပေးအယူသစ် တစ်ခုဖြင့် ကြိုးစားပေဦးမည်။

ကျနော် ပိုမို ပြတ်သားစွာပင် ဆုံးဖြတ်ချက် ချလိုက်သည်။

"ကျနော် ဇာတ်ဝင်ခန်းထဲကို မဖြစ်ဖြစ်အောင် ပြန်သွားရမယ်။ ကိုယ်စားလှယ် ခန္ဓာကိုယ် ရဖို့ထက် အဲဒါက ပိုအရေးကြီးတယ်"

"ဟင်း... အဲဒါက ခက်လိမ့်မယ်"

"ကမ္ဘာမြေကို သွားဖို့ မဖြစ်နိုင်ဘူးဆိုရင် တခြား ဇာတ်ဝင်ခန်းတွေဆီ သွားလို့ရမလား"

ဤနည်းလမ်းမှာ ချောက်ဂျွန်ဂယောင်း ကိုရီးယားကျွန်းဆွယ် ဇာတ်ဝင်ခန်းမှ လွတ်မြောက်ခဲ့သည့် နည်းလမ်းပင် ဖြစ်သည်။ ကျနော့်အတွက် မဖြစ်နိုင်စရာ အကြောင်းမရှိပေ။

သို့သော် အကျိတ်နှင့်လူက ခေါင်းခါပြပြန်သည်။

"ရှာကြည့်လို့ရတဲ့ နေရာ အနည်းငယ်တော့ ရှိပေမယ့် သိပ်တော့ မကောင်းဘူး။ ထွက်ပေါက် ဇာတ်ဝင်ခန်း တစ်ခုဆီကို ကူးပြောင်းဖို့ဆိုတာ ပိုကြီးမားတဲ့ ဖြစ်နိုင်စွမ်း ကို လိုအပ်တယ်"

"...ဟုတ်လို့လား။ ခင်ဗျား လောဘကြီးနေတာ မဟုတ်ဘူးလား"

လေထဲတွင် ရှိနေသော ဇာတ်လမ်းဇယားကို ရည်ရွယ်ချက်ရှိရှိဖြင့် ကျနော်ဝှေ့ယမ်းလိုက်သည်။ အလယ်အလတ်အဆင့် ဒိုကဲဘီ ပေါလ် ထိုးနှက်ခံနေရသည့် မြင်ကွင်းမှာ အနည်းငယ် တုန်ခါသွားသည်။

"ဒါက ခင်ဗျားထင်တာထက် အများကြီး ပိုပြီး ရှားပါးတဲ့ ဇာတ်လမ်းမျိုးပဲ။ ဒိုကဲဘီတွေ အုပ်စိုးထားတဲ့ ကမ္ဘာကြီးမှာ ဘယ်လို ကိုယ်စားလှယ်မျိုးကများ ဒိုကဲဘီကို လက်သီးနဲ့ ထိုးရဲမှာလဲ"

"ဟင်း..."

"ဒီဇာတ်လမ်းကို ခင်ဗျားရဲ့ အကျိတ်ထဲ ထည့်ထားပြီး ခင်ဗျားရဲ့ သူငယ်ချင်းတွေကို ကြွားလုံးထုတ်နေမယ့် ပုံစံကို တစ်ချက်လောက် မြင်ယောင်ကြည့်လိုက်စမ်းပါ"

အကျိတ်နှင့်လူသည် ထိုကိစ္စကို အချိန်အတော်ကြာအောင် ဝေခွဲမရ ဖြစ်နေခဲ့သည်။ သူ အထပ်ထပ်အခါခါ စဉ်းစားနေ၏။

[သင်၏ တည်ရှိမှုမှာ အန္တရာယ်ရှိနေပါသည်။]

[ကိုယ်စားလှယ် ခန္ဓာကိုယ်သစ် တစ်ခုကို ရယူပါ သို့မဟုတ် ဇာတ်ဝင်ခန်းသို့ ပြန်သွားပါ။]

[သင်၏ တည်ရှိမှုမှာ မကြာမီ ပြိုလဲ ပျက်စီးတော့မည်။]

နောက်ဆုံးတွင်မူ အကျိတ်နှင့်လူသည် ပြောလိုက်သည်။

"မင်း သွားလို့ရတဲ့ နေရာ တစ်ခုတော့ ရှိတယ်"

"ဘယ်နေရာလဲ"

ထိုအချိန်တွင် အကျိတ်နှင့်လူ၏ နှုတ်ခမ်းထောင့်များ၌ ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင် တစ်ခု ပေါ်ထွက်လာသည်။

"မိစ္ဆာနယ်မြေ"

သူ၏ အပြောမှာ အလွန်ပင် ထိတ်လန့်ဖွယ်ရာ ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ရှိသည်။ အကျိတ်နှင့်လူသည် ကျနော့် မျက်နှာအမူအရာကို မြင်သောအခါ ရယ်မောလိုက်သည်။

"မင်း အဲဒီလောက်အထိ ကြောက်နေဖို့ မလိုပါဘူး။ မိစ္ဆာနယ်မြေ ဆိုတာကလည်း လူတွေ နေထိုင်တဲ့ နေရာပါပဲ။ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာလည်း လုံလောက်တဲ့ မိစ္ဆာစွမ်းအင်တွေ ရှိနေတာပဲလေ။ အဲဒီကို သွားရင်တောင် ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး"

"မိစ္ဆာနယ်မြေ မှာလည်း ကွဲပြားတဲ့ နေရာတွေ အများကြီး ရှိတာပဲလေ။ ကျနော့်ကို ဘယ်ကို ပို့ပေးမှာလဲ"

"၇၃ ခုမြောက် မိစ္ဆာနယ်မြေ။ အဲဒီနေရာမှာ အုပ်စိုးသူ မရှိဘူး။ အဲဒါက ရှေးယခင်ကတည်းက ဇာတ်ဝင်ခန်းထဲမှာ ရှုံးနိမ့်ခဲ့သူတွေ စုဝေးနေကြတဲ့ နေရာလည်း ဖြစ်တယ်"

၇၃ ခုမြောက် မိစ္ဆာနယ်မြေ။ ကျနော် မှတ်မိသလောက်ဆိုလျှင် ထိုနေရာသည် ကမ္ဘာမြေ ဇာတ်ဝင်ခန်းနှင့် ထပ်တူကျနေသော ဇာတ်ဝင်ခန်း နယ်မြေများထဲမှ တစ်ခု ဖြစ်သည်။ ကျနော် ခေါင်းငြိမ့်လိုက်၏။

"ကောင်းပြီလေ... အဲဒါက မဆိုးပါဘူး"

"ဒါပေမဲ့ မင်းကို အဲဒီကို ပို့လိုက်ရင် ငါ မင်းကို ကိုယ်စားလှယ် ခန္ဓာကိုယ် ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး"

"ဘာပဲဖြစ်ဖြစ် ကျနော်က ဇာတ်ဝင်ခန်းထဲကို ပြန်ရောက်မှာမလား"

ဇာတ်ဝင်ခန်း နယ်မြေထဲသို့ ဝင်ရောက်သွားခြင်းသည် ဇာတ်ဝင်ခန်းထဲသို့ ပြန်လည်ရောက်ရှိသွားခြင်းကို မဆိုလိုပေ။ အဘယ်ကြောင့်ဆိုသော် ကျနော်သည် ဇာတ်ဝင်ခန်းကို အောင်မြင်ပြီးသား ဖြစ်နေသောကြောင့်ပင်။ တစ်နည်းအားဖြင့်ဆိုရသော် ဇာတ်ဝင်ခန်းထဲသို့ ဝင်ရောက်နိုင်ရန် အကူအညီ ရယူရမည် ဖြစ်၏။

ထိုအခါ အကျိတ်နှင့်လူက ခေါင်းခါပြပြန်သည်။

"အဲဒါက အရမ်းကို ကျိုးကြောင်းဆီလျော်မှုမရှိလွန်းဘူး။ ငါ မင်းကို ၇၃ ခုမြောက် မိစ္ဆာနယ်မြေ ဆီကိုပဲ ပို့ပေးနိုင်မယ်"

" အဓိပ္ပာယ်မရှိတဲ့ စကားတွေ လာပြောနေတာပဲ"

"အဲဒီအစား ငါ မင်းကို သတင်းအချက်အလက်တချို့ ပေးမယ်။ မင်းမှာ ကံကောင်းမှုနဲ့ ကြိုးစားမှုတွေ အများကြီး လိုအပ်လိမ့်မယ်၊ ဒါပေမဲ့ ဒီသတင်းအချက်အလက်ကို သုံးမယ်ဆိုရင် မင်းဟာ ကိုယ်စားလှယ် ခန္ဓာကိုယ် တစ်ခု ရလာပြီး ဇာတ်ဝင်ခန်းထဲကိုလည်း ပြန်ဝင်နိုင်လိမ့်မယ်"

"ကျနော့်အတွက်တော့ အရှုံးပေါ်တဲ့ အပေးအယူ ဖြစ်နေသလိုပဲ"

"ဒါက ငါ ကမ်းလှမ်းနိုင်တောအကုန်ပဲ"

ကျနော် ခေတ္တမျှ စဉ်းစားဟန်ပြုလိုက်ပြီးမှ ဖြည်းဖြည်းချင်း ခေါင်းငြိမ့်ပြလိုက်သည်။ ယခုအချိန်တွင် ကျနော့်၌ အခြားရွေးချယ်စရာ မရှိတော့ပေ။

"ကောင်းပြီလေ။ အပေးအယူကို ကျနော် လက်ခံမယ်"

ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သဖြင့် အချိန်ဖြုန်းနေရန် မလိုတော့ပေ။ ဇာတ်လမ်းကို ချက်ချင်း ဆွဲထုတ်ကာ အကျိတ်နှင့်လူထံသို့ ကျနော် ပေးလိုက်သည်။

[သင်သည် 'ရုပ်သံထုတ်လွှင့်သူကို မထေမဲ့မြင်ပြုခဲ့သူ' ဇာတ်လမ်းကို ပေးချေခဲ့ပါသည်။]

အကျိတ်နှင့်လူက ခေါင်းငြိမ့်လိုက်၏။

"အခကြေးငွေကို လက်ခံရရှိပါပြီ"

အကျိတ်နှင့်လူသည် ကျနော် ပေးလိုက်သော ဇာတ်လမ်းကို မျိုချလိုက်သည်။ ထိုအခါ သူ၏ အကျိတ်မှာ အပြာရောင် တောက်ပလာ၏။ သူသည် ကျေနပ်အားရစွာ ပြုံးလိုက်ပြီး အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

သူ၏ရှူသွင်းပုံမှာ ပတ်ဝန်းကျင်ရှိ လေထုအားလုံးကို စုပ်ယူနေသကဲ့သို့ပင်။ ကျနော် အနီးကပ် ကြည့်လိုက်သောအခါမှ သူသည် လေကိုသာ မျိုချနေခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။

သူ့ပတ်ဝန်းကျင်ရှိ အချိန်နှင့် ဟင်းလင်းပြင်မှာ အတွင်းသို့ စုပ်ယူခံနေရခြင်း ဖြစ်သည်။ အကျိတ်မှာ အဆပေါင်းများစွာ ဖောင်းကြွလာပြီးနောက် ကျယ်လောင်သော ဟိန်းသံကြီး ထွက်ပေါ်လာ၏။ ထိုဟိန်းသံနှင့်အတူ အကျိတ်နှင့်လူ၏ ပါးစပ်ထဲမှ ဟင်းလင်းပြင်တစ်ခု ပန်းထွက်လာလေသည်။

ပန်းထွက်လာသော ဟင်းလင်းပြင်မှာ ရှည်လျားသော ဘဲဥပုံ လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်၏။ ထိုလမ်းကြောင်း၏ ဟိုဘက်အဆုံးတွင် အခြားကမ္ဘာတစ်ခု၏ မြင်ကွင်းမှာ တောက်ပနေသည်။

"မြန်မြန် ဝင်သွားတော့။ ဒါက ကူးပြောင်းမုခ်ဝ နဲ့ မတူဘဲ ကြာချိန် အရမ်းတိုတယ်"

ကျနော် တွေဝေမနေဘဲ လမ်းကြောင်းထဲသို့ ခုန်ဝင်လိုက်၏။

[သင်သည် အချိန်နှင့် ဟင်းလင်းပြင် အသစ်တစ်ခုသို့ ကူးပြောင်းခြင်း ခံရပါသည်။]

စကြဝဠာကြီးကို ဖြတ်ကျော် ခုန်ကူးနေရသကဲ့သို့ ခံစားရသည်။ ကြယ်တာရာများမှာ ရေတွက်၍မရသော ဥက္ကာခဲများကဲ့သို့ ဖြတ်သန်းသွားကြ၏။

ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ၏ ညကောင်းကင်ယံကို ဖြတ်သန်း ကျနော် ပျံသန်းနေလေသည်။ ဇာတ်လမ်း၏ အပိုင်းအစများ ဖြစ်လာခဲ့ကြသော မြောက်မြားလှစွာသော ဇာတ်ဝင်ခန်း နယ်မြေများမှာ ကျနော့် ပတ်ပတ်လည်တွင် ပျံဝဲနေကြ၏။

[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု သည် သင်၏ တည်ရှိမှုကို သတိပြုမိသွားပါသည်။]

ခေတ္တမျှ ကျနော့်ကို စိုက်ကြည့်နေသော အကြည့်တစ်ခု ရှိနေခဲ့သည်။

[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု သည် သင်၏ တည်ရှိမှုကို လက်ခံလိုက်ပါသည်။]

ထို့နောက်တွင်မူ ထိုအကြည့်မှာ ပျောက်ကွယ်သွားသည်။ သေးငယ်သော လျှပ်စစ်စီးကြောင်းတစ်ခုက ကျနော့် ခန္ဓာကိုယ်ကို ဖမ်းဆုပ်ထားသော်လည်း ထိုမျှသာ ဖြစ်သည်။ လိုအပ်သော ဖြစ်နိုင်စွမ်း ကို အကျိတ်နှင့်လူက ပေးချေခဲ့ပုံရသည်။ တိုတောင်းသော ဟင်းလင်းပြင် ခရီးစဉ်အပြီးတွင် ပြင်းထန်သော ဇာတ်လမ်းတစ်ခု၏ ဆွဲငင်အားက ကျနော့်ကို ဆွဲငင်နေသည်ကို ခံစားလိုက်ရသည်။

[သင်သည် ဇာတ်ဝင်ခန်းနှင့် နီးကပ်သော နယ်မြေတစ်ခုသို့ ရောက်ရှိသွားပါပြီ။]

ညည်းညူသံနှင့်အတူ ဖုန်မှုန့်များ ထူပြောနေသော မြေပြင်ပေါ်သို့ ကျနော်လိမ့်ကျသွားသည်။ ရိုက်ခတ်မှုကြောင့် ကျနော့် ခန္ဓာကိုယ်မှာ မြေပြင်နှင့် ထိတွေ့မိသော နေရာများမှစ၍ တဖြည်းဖြည်း အက်ကွဲလာသည်။

[သင်၏ တည်ရှိမှုမှာ ပြိုလဲ ပျက်စီးနေပါသည်။]

[သင်၏ ဇာတ်လမ်းများ ထိခိုက်ပျက်စီးနေပါသည်။]

[သင့်တွင် ကိုယ်စားလှယ် ခန္ဓာကိုယ် အသစ်တစ်ခု လိုအပ်ပါသည်။]

ချီးပဲ။

ကျနော် မြေပြင်မှ အလျင်အမြန် ထရပ်လိုက်သော်လည်း ငရဲမှာ စတင်နေပြီ ဖြစ်သည်။

"အု..."

ကျနော့် ခန္ဓာကိုယ် အက်ကွဲကြောင်းများမှ စာသားများ စီးထွက်လာသည်။ အန္တရာယ်အရှိဆုံးနေရာမှာ နှလုံးသားပင် ဖြစ်သည်။

[သင်၏ မူလဇာတ်လမ်း ယိုစိမ့်နေပါသည်။]

အနာများကို ပိတ်ပြီး ခန္ဓာကိုယ်ကို မကယ်တင်နိုင်လျှင် ကျနော့် ဇာတ်လမ်းအားလုံး ပြိုလဲသွားပြီး သေဆုံးရပေလိမ့်မည်။ ပတ်ဝန်းကျင်ကို အလျင်အမြန် ကျနော် ဝေ့ကြည့်လိုက်သည်။

အကျိတ်နှင့်လူက ခန္ဓာကိုယ်ကို ကယ်တင်နိုင်မည့် နေရာသို့ ပို့ပေးမည်ဟု ပြောခဲ့သည်။ ကိုယ်စားလှယ် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်မည့် တစ်ခုခု ဤနေရာတွင် ရှိနေရပေမည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည့် ခဏတွင် ကျနော့်မျက်နှာ အမူအရာ တင်းမာသွား၏။

"ဒီနေရာက..."

ကျနော့်ပတ်ပတ်လည်တွင် ဧရာမ အမှိုက်ပုံကြီး ရှိနေ၏။ ထိုစဉ် စောင့်နေသည့်အလား အကျိတ်နှင့်လူ၏ အသံကို ကြားလိုက်ရသည်။

– အခုလောက်ဆိုရင် မင်း ၇၃ ခုမြောက် မိစ္ဆာနယ်မြေ ကို ရောက်ပြီး ဇာတ်ဝင်ခန်း၏ မိုးကုတ်စက်ဝိုင်းနဲ့ ရင်ဆိုင်နေရလောက်ပြီ

ဇာတ်ဝင်ခန်း၏ မိုးကုတ်စက်ဝိုင်း။ ဤအမည်ကို ကျနော်သိသည်။ ဤနေရာသည် ကျနော်ကဲ့သို့ ဇာတ်ဝင်ခန်းမှ ဖယ်ထုတ်ခံထားရသည့် အညစ်အကြေးများကို ဇာတ်ဝင်ခန်း သန့်ရှင်းရေးသမားများက အတင်းအဓမ္မ လာရောက်စွန့်ပစ်သည့် နေရာဖြစ်သည်။

ပတ်ချာလည်တွင် ပြန့်ကျဲနေသော အပျက်အစီးများကို ကြည့်ရင်း ကျနော် အော်ဟစ်လိုက်သည်။

"မဟုတ်သေးဘူး၊ ခဏနေဦး။ ဒါက အမှိုက်ပုံကြီးပဲဟာ"

– အမှိုက်ပုံကနေ မင်းသုံးလို့ရမယ့် ကိုယ်စားလှယ် ခန္ဓာကိုယ် တစ်ခုကို ရနိုင်လိမ့်မယ်။ ဟုတ်တာပေါ့၊ အသုံးဝင်မယ့် အစိတ်အပိုင်းတွေကိုတော့ မင်းဘာသာ ရှာရမှာပဲ။ ကောင်းကောင်း ရနိုင်ပါ့မလားတော့ ငါလည်း မသိဘူး

"လီးပဲ..."

အကျိတ်နှင့်လူသည် အစကတည်းက ကျနော်နှင့် မျှတသည့် အပေးအယူ လုပ်ရန် အစီအစဉ် မရှိခဲ့ပေ။ ကျနော် သေဆုံးသွားလျှင် သူသည် ဤနေရာသို့ လာပြီး ဇာတ်လမ်းများကို ပြန်လည် သိမ်းဆည်းသွားမည် ဖြစ်သည်။

– မိုးကုတ်စက်ဝိုင်းမှာ ကောင်းတာလေးတွေ တွေ့ပါစေလို့ ငါ ဆုတောင်းပေးပါတယ်

ကျနော် တွေဝေစွာ ထိုင်ချလိုက်သည်။ နှလုံးသားမှ စာသားများ ဆက်တိုက် ကျဆင်းနေဆဲပင်။ ဤအတိုင်းသာ ဆက်သွားလျှင် ကျနော် ၅ မိနစ်အတွင်း သေဆုံးပေလိမ့်မည်။

「 ခေတ္တအကြာတွင် ကင်ဒေါ့ဂျာ၏ မျက်နှာအမူအရာ ပြောင်းလဲလာသည်။ 」

ပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း ကျနော် ဝေ့ကြည့်လိုက်သည်။ အသေအချာပင်။ အကျိတ်နှင့်လူ၏ စောင့်ကြည့်မှုကို လုံးဝ မခံစားရတော့ပေ။

「 ထိတ်လန့်နေသော မျက်လုံးများမှာ တည်ငြိမ်သွားပြီး ငတုံးတစ်ယောက်လို ဟနေသော ပါးစပ်မှာလည်း ဖြည်းဖြည်းချင်း ပိတ်သွားသည်။ မကြာမီ ကင်ဒေါ့ဂျာသည် အဝတ်အစားများကို ပြန်လည် ပြင်ဆင်လိုက်ပြီး ရေရွတ်လိုက်သည်။ 」

"ခက်ခဲသားပဲ"

「 ကင်ဒေါ့ဂျာ၏ သရုပ်ဆောင်မှုက သိသာနေပါသည်။ 」

"...မင်း သတိထားမိသွားတာလား"

ကျနော် အောက်သို့ ငုံ့ကြည့်လိုက်သည်။ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသော်လည်း အကျိတ်နှင့်လူ၏ သံသယကို ရှောင်ရှားရန် ကျနော် သရုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။

「 သူ၏ ရည်ရွယ်ချက်က အစကတည်းက ဒီကို လာဖို့ပင်။ တတ်နိုင်သမျှ ဖုံးကွယ်ထားရင်း သူလိုချင်တာကို ရဖို့ဆိုလျှင် ဒီလောက်တော့ သရုပ်ဆောင်ရမည်က ဧကန်မလွဲပင်။ 」

ပတ်ဝန်းကျင်ကို ရှာဖွေရင်း Fourth Wall ၏ စကားကို နားထောင်လိုက်သည်။

"...နေရာမှန်ကို ငါရောက်လာတာပဲ"

Fourth Wall ပြောသကဲ့သို့ပင် အစကတည်းက ဤနေရာသို့ လာရန် ကျနော် စီစဉ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် နက္ခတ်များ၏ ရှေ့တွင် သေဆုံးခြင်း ပြဇာတ်ကို ကပြခဲ့ခြင်း ဖြစ်သည်။

အမှိုက်ပုံပေါ်သို့ တက်ကာ ပတ်ဝန်းကျင်ကို ကျနော် စတင် ရှာဖွေတော့သည်။

"အ… နာလိုက်တာ..."

သို့သော် နှလုံးသားမှ စူးရှသော နာကျင်မှုကြောင့် သတိကပ်ထားရန် မလွယ်ကူပေ။

[သင်၏ မူလဇာတ်လမ်း ပြိုလဲနေပါသည်။]

အခြားအရာအားလုံးမှာ သရုပ်ဆောင်နေခြင်း ဖြစ်သော်လည်း ဤနာကျင်မှုမှာမူ အစစ်အမှန်ဖြစ်သည်။ Ways of Survival မှ စာကြောင်းများကို ကျနော် တွေးတောရင်း သတိကို အသည်းအသန် ထိန်းထားလိုက်သည်။

「ယူဂျွန်ဟော့၏ ၁၁၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းတွင် ယူဂျွန်ဟော့သည် ဇာတ်ဝင်ခန်းမှ ထုတ်ပယ်ခံရပြီး သူ၏ စွမ်းအားများကို တည်ဆောက်နိုင်မည့် နေရာတစ်ခုသို့ ရောက်ရှိခဲ့သည်။ 」

「 ၇၃ ခုမြောက် မိစ္ဆာနယ်မြေ ၊ ဇာတ်ဝင်ခန်း၏ မိုးကုတ်စက်ဝိုင်း။ 」

「 အမှိုက်ပုံတွင် ယူဂျွန်ဟော့သည် သူ၏ 'ခန္ဓာကိုယ်' အသစ်ကို ရရှိခဲ့သည်။ 」

သို့သော် မည်မျှပင် သေချာရှာဖွေပါစေ ခန္ဓာကိုယ်အသစ်အတွက် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်မည့် ဇာတ်လမ်းမျိုးကို ကျနော် ရှာမတွေ့ခဲ့ပေ။

မူလကပင် ဇာတ်ဝင်ခန်း၏ မိုးကုတ်စက်ဝိုင်း ဆိုသည်မှာ ပျက်စီးသွားသော ဇာတ်လမ်းများ စုဝေးရာနေရာ ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် အသုံးပြု၍ရမည့် ခန္ဓာကိုယ်တစ်ခုကို ရှာတွေ့နိုင်ရန် လမ်းစမရှိပေ။ အနည်းဆုံးတော့ သာမန်နည်းလမ်းဖြင့် ရှာမတွေ့နိုင်သည်မှာ အသေအချာပင်။

"ဝိသေသလက္ခဏာ အာနိသင်ကို အသက်သွင်းမယ်"

[‘လာမာ့ခ်၏ သစ်ကုလားအုတ်’ ဝိသေသလက္ခဏာ၏ အာနိသင် အသက်ဝင်လာပါပြီ။]

‘လာမာ့ခ်၏ သစ်ကုလားအုတ်’ ဆိုသည်မှာ ကျနော် ဒင်္ဂါး ၃၀၀,၀၀၀ဖြင့် ဝယ်ယူခဲ့သော ဆင့်ကဲဖြစ်စဉ် ဝိသေသလက္ခဏာ တစ်ခုဖြစ်သည်။ အဆိုပါဝိသေသ လက္ခဏာသည် ဘီဟွန်း၏ ပစ္စည်းသေတ္တာထဲတွင် ရှိသည့် ဝိသေသလက္ခဏာ တစ်ခုလည်း ဖြစ်၏။ နောက်ဆုံးတွင်တော့ သုံးစွဲလိုက်ရသော ဒင်္ဂါးများ တန်ဖိုးရှိလာမည့် အချိန်ရောက်လာခဲ့ပြီ ဖြစ်သည်။

[အခွင့်ထူးဖြစ်သော ‘ဆင့်ကဲဖြစ်စဉ် အကြောင်းခံ ရှာဖွေခြင်း’ စတင်ပါပြီ။]

[သင် စုပ်ယူနိုင်သည့် ဇာတ်လမ်း အပိုင်းအစများကို ရှာဖွေနေပါသည်။]

ကျနော် မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်ပြီး ပြန်ဖွင့်လိုက်သည့်အခါ အမှိုက်ပုံကြီး၏ ပတ်ဝန်းကျင်တွင် ထူးခြားသော အရာများ စတင် မြင်လာရသည်။

[ဇာတ်လမ်း အပိုင်းအစများကို ရှာဖွေတွေ့ရှိပါသည်။]

ထိုအပိုင်းအစများသည် အဖြူရောင်အလင်းတန်းများဖြင့် တောက်ပနေကြသည်။ အနည်းဆုံးတော့ ကျနော့်အတွက် ဤနေရာသည် ‘အမှိုက်ပုံ’ မဟုတ်တော့ပေ။

「 လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ နောက်ကျောမှ ဓားဖြင့်ထိုးခြင်းကို ခံခဲ့ရသော သနားစဖွယ် ဓားသခင်၏ ညာဘက်လက်မောင်း 」

「 ပြင်းထန်စွာ ပျက်စီးနေသော မဟာမှော်ဆရာတစ်ဦး၏ ဦးနှောက်ရှေ့ပိုင်း 」

「 မျိုးစိတ်ပြင်ပသတ္တဝါတစ်ဦး၏ ဆွဲဖြဲသတ်ဖြတ်ခြင်းကို ခံလိုက်ရသော ရွှေနဂါးငယ်၏ နှလုံးသား 」

Ways of Survival ထဲက သတ်မှတ်ချက်များအရ ‘လာမာ့ခ်၏ သစ်ကုလားအုတ်’ ၏ အခွင့်ထူးမှာ ပျက်စီးသွားသော ဇာတ်လမ်းများကို စုပ်ယူခြင်းဖြင့် ခန္ဓာကိုယ်ကို တည်ဆောက်နိုင်ခြင်းပင် ဖြစ်သည်။

"...ကဲ….ငါစတင်တော့မယ်"

နီရဲနေသော နှလုံးသားအပိုင်းအစဆီသို့ လက်ကို ဖြည်းဖြည်းချင်း ကျနော် ဆန့်ထုတ်လိုက်လေတော့သည်။

All Chapters