အခန်း (၁၉၃-၁၉၄)
Vol. 14 Ch. 193-194
အခန်း ၁၉၃
- အပိုင်း ၃၆ - ဇာတ်လမ်း၏ မိုးကုတ်စက်ဝိုင်း (၅)
အေးစက်စက် စောင်၏ အထိအတွေ့က အသားထဲသို့ တိုးဝင်လာသည်။
ဤကဲ့သို့သော ဇိမ်ခံမှုကို ယောင်ဟီဝန် မခံစားရသည်မှာ မည်မျှကြာပြီမှန်းပင် မမှတ်မိတော့ပေ။ အရာအားလုံးက ငြိမ်းချမ်းနေသည်။ ညအချိန်တွင် သားရဲများ၏ တိုက်ခိုက်မှုကို ခံရမည်ကိုလည်း ကြောက်စရာမလိုသလို၊ မိမိ၏ ပစ္စည်းများကို ခိုးယူရန် ကြိုးပမ်းမည့် လူသားများကိုလည်း သတိထားစရာ မလိုတော့ပေ။
သို့သော် ဤငြိမ်းချမ်းမှုသည် ကြာရှည်ခံမည်မဟုတ်ကြောင်း ယောင်ဟီဝန် ကောင်းကောင်း သိထားသည်။
"ယောင်ဟီဝန်။ ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါဦး"
"အင်တာဗျူးလေး တစ်ခုလောက် ဖြေပေးဖို့ တောင်းဆိုပါတယ်"
တစ်ပတ်တိတိ ရှိပြီဖြစ်သော သတင်းထောက်များသည် အိမ်ရှေ့တွင် ဆူညံစွာ အော်ဟစ်နေကြ၏။ လိုက်ကာများကြားမှ ကင်မရာမီးရောင်များ ဖျတ်ခနဲ လက်သွားသည်ကို ယောင်ဟီဝန် မြင်လိုက်ရသည်။ ကရုဏာမဲ့သော ကင်မရာမျက်လုံးများ ရှေ့တွင် ယောင်ဟီဝန် တစ်စုံတစ်ခုကို ပြင်းထန်စွာ ပြန်လည် အမှတ်ရလာသည်။
"...ချောင်းကြည့်တတ်တာ နက္ခတ်တွေချည်းပဲ မဟုတ်ပါလား"
['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်က တခိခိ ရယ်မောနေပါသည်။]
['လျှို့ဝှက်ကြံစည်သူ' နက္ခတ်က သင်၏ အတွေးကို သဘောတူပါသည်။]
မိမိအပေါ် ကျရောက်နေသော အကြည့်အားလုံးကြောင့် ယောင်ဟီဝန် ခံစားချက်အသစ်များ ဖြစ်ပေါ်လာသည်။ ပုံစံချင်း မတူသော်လည်း အလားတူအရာများ ဇာတ်ဝင်ခန်းများ မစတင်မီကတည်းက ရှိခဲ့ဖူးသည်။
ချောင်းကြည့်တတ်သော အကြည့်များနှင့် ရှင်သန်ရန် ရုန်းကန်ရမှုများ။ ဤသဘောအရဆိုလျှင် ‘ဇာတ်ဝင်ခန်း’ အစစ်အမှန် မစတင်မီကပင် ဇာတ်ဝင်ခန်းထဲတွင် ယောင်ဟီဝန်ရောက်နေခဲ့ခြင်း ဖြစ်နိုင်သည်။ ‘ဇာတ်ဝင်ခန်း’ တစ်ခုမှန်း မည်သူမျှ မသိခဲ့ကြရုံသာ ဖြစ်၏။
ပြတင်းပေါက်မှတစ်ဆင့် ပျက်စီးနေသော မြို့ပြဧရိယာနှင့် ပိတ်ဆို့ထားသော ဆိုးလ်ဒေသကို ယောင်ဟီဝန် လှမ်းမြင်နေရသည်။ ဆိုးလ်ဒေသမှ ထွက်လာသည်မှာ တစ်ပတ်ပင် ရှိပြီဖြစ်သော်လည်း ယောင်ဟီဝန်မှာ အမိုးခုံးအပြင်ဘက်သို့ ရောက်နေသည်ကို ယုံကြည်နိုင်ခြင်း မရှိသေးပေ။
"အမဟီဝန်။ အခုမှ နိုးတာလား"
"အင်း... ဟုတ်တယ်။ လီဂျီဟယ်"
တံခါးကို ဝုန်းခနဲ ဖွင့်ကာ ဝင်လာသော လီဂျီဟယ်ကိုကြည့်ပြီး ယောင်ဟီဝန် အားကိုးရာမဲ့စွာ ပြုံးပြလိုက်သည်။ ဆိုးလ်ဒေသမှ လွတ်မြောက်လာပြီးနောက် တစ်ပတ်အတွင်းတွင် ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့သည်။
ယောင်ဟီဝန်နှင့် အပေါင်းအဖော်များကို ဂယောင်ဂီ ဧရိယာရှိ ယာယီအစိုးရက နေအိမ်များ စီစဉ်ပေးခဲ့ပြီး မေးခွန်းအချို့ ဖြေကြားရန်အတွက် သုတေသနဌာနသို့ ဖိတ်ကြားခဲ့သည်။ မေးခွန်းများမှာ သိသာထင်ရှားလှသည်။
ဆိုးလ်ဒေသထဲတွင် ဘာတွေဖြစ်ခဲ့သနည်း။
အင်တာနက်ပေါ်က ကောလဟာလများက အမှန်တကယ်ပင်လား။
သူတို့ကဲ့သို့ လူများ မည်မျှရှိသနည်း၊
ထိုသူများမှာ မည်သို့သော အတွေးမျိုး ရှိကြသနည်း။
နက္ခတ်များနှင့် ဇာတ်ဝင်ခန်းဆိုသည်မှာ ဘာနည်း။
ပထမပိုင်းတွင် ယောင်ဟီဝန်သည် ကိုယ်စားပြုတစ်ဦးအနေဖြင့် မေးခွန်းများကို သစ္စာရှိစွာ ဖြေကြားပေးခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အရာအားလုံးမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလာသည်။ ဤသို့လုပ်နေခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်းဟုပင် ဟီဝန် တွေးမိတော့သည်။
တောင်ကိုရီးယား အစိုးရမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကံကောင်းသော လွှတ်တော်အမတ်အချို့နှင့် မြို့နယ်ကောင်စီဝင် အချို့ဖြင့် ဖွဲ့စည်းထားသော ယာယီအစိုးရမှာ မည်သို့ဖြစ်ပျက်ခဲ့သည်ကို လုံးဝ နားမလည်ကြပေ။ နောင်လာမည့် ဇာတ်ဝင်ခန်းများ၏ ရှေ့မှောက်တွင် ‘နိုင်ငံတော်’ စနစ်သည် အဓိပ္ပာယ်ရှိနေဦးမည်ဟု သူတို့က အခိုင်အမာ ယုံကြည်နေကြဆဲ ဖြစ်သည်။ ခေတ်သစ်ကို ရောက်နေသော်လည်း အယူအဆဟောင်းများတွင် တွယ်ကပ်နေသူများကို ယောင်ဟီဝန် ပြောစရာ တစ်ခုသာ ရှိသည်။
– အရင်ဆုံး ရှင်တို့ရဲ့ ဝတ်စုံတွေနဲ့ နက်ကတိုင်တွေကို ချွတ်လိုက်ပါဦး
– ဟင်
– အဲဒါတွေက ထွက်ပြေးဖို့အတွက် သင့်တော်တဲ့ ဝတ်စုံတွေ မဟုတ်ဘူးလေ
ယောင်ဟီဝန်သည် လီဂျီဟယ်ကို တစ်ချက် ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ယောင်ဟီဝန် ယုံကြည်နိုင်သည်မှာ သူအဖွဲ့ဝင်များသာ ရှိတော့သည်။
"ယူဆန်းအာကော ဘယ်မှာလဲ"
"ကလေးတွေနဲ့ အခန်းထဲမှာ ရှိတယ်"
ပြဿနာမှာ အဖွဲ့ဝင်များ၏ အခြေအနေမှာ ကောင်းမွန်မနေခြင်း ဖြစ်သည်။
လီဂျီဟယ်က စိတ်ပျက်အားလျော့နေသော လေသံဖြင့် ပြောလိုက်၏။
"…ဦးလေးကြီးကင်ဒေါ့ဂျာ မရှိတော့တာက တကယ်ကို ထိုးနှက်ချက် အကြီးကြီးပဲ"
အမှန်အတိုင်း ပြောရလျှင် ကင်ဒေါ့ဂျာ သူတို့နှင့်အတူ ရှိနေစဉ်က အရာအားလုံးမှာ မသေမချာ ဖြစ်နေခဲ့သော်လည်း သူ ပျောက်ဆုံးသွားသည့် အခါတွင်မူ လူတိုင်း လမ်းပျောက်သွားကြရသည်။ အဖွဲ့ဝင်များအတွက် ကင်ဒေါ့ဂျာ ဆိုသည်မှာ ထိုကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်၏။ လူတိုင်း၏ ရည်မှန်းချက်မှာ ရှင်သန်ရန် ဖြစ်သော်လည်း ရှင်သန်ခြင်း လမ်းစဉ်ကို ဆုံးဖြတ်ပေးခဲ့သူမှာ ကင်ဒေါ့ဂျာ ဖြစ်သည်။ အဖွဲ့ဝင်များအနေဖြင့် လမ်းကြောင်း ပျောက်ဆုံးကာ ဖရိုဖရဲ ဖြစ်သွားကြသည်မှာ သဘာဝပင်။
"စစ်သား ဦးလေးကြီး ပြောခဲ့တဲ့ လက်စွဲစာအုပ်သာ ရှိရင် ကောင်းမှာပဲ"
"လီဟန်းဆောင်ဆီက သတင်း ဘာမှ မကြားရသေးဘူးလား"
"…ပထမဆုံးနေ့မှာတင် သူက စစ်တပ်ထဲ ခေါ်ယူခံလိုက်ရတာလေ။ အခုထိ သတင်း မရသေးဘူး"
လီဟန်းဆောင်မှာ မူလကပင် စစ်သားတစ်ဦး ဖြစ်သဖြင့် စစ်တပ်၏ ခေါ်ယူခြင်းကို ခံရသည်မှာ ပုံမှန်ပင် ဖြစ်သည်။ လီဂျီဟယ်က ညည်းညူလိုက်၏။
"သူကတော့ တကယ်ကို အူကြောင်ကြောင်နိုင်တာပဲ… ကျမသာဆိုရင် မသွားဘူး။ ဒီလို ကမ္ဘာကြီးထဲမှာ စစ်တပ်က ဘာလုပ်လို့ ရမှာလဲ"
ယောင်ဟီဝန်သည် လီဂျီဟယ်၏ စကားကို ထောက်ခံသော်လည်း လီဟန်းဆောင်ကိုမူ မဆူလိုပေ။ လူတိုင်းတွင် ဆုံးရှုံးမှုများကို ရင်ဆိုင်ရသည့် နည်းလမ်းကိုယ်စီ ရှိကြသည်။ ကလေးများမှာ အခန်းထဲတွင် အောင်းနေကြသလို လီဟန်းဆောင်ကမူ စစ်တပ်ထဲသို့ ပြန်သွားခဲ့သည်။
ထိုအရာသာ ဆိုလျှင်…
[နောက်ထပ် ဇာတ်ဝင်ခန်းကို သုံးရက်အတွင်း စတင်ပါမည်။]
လေထဲတွင် ပေါ်လာသော မက်ဆေ့ချ်ကို ကြည့်ရင်း ယောင်ဟီဝန် တံတွေး တစ်ချက် မျိုချလိုက်မိသည်။ သုံးရက်အကြာတွင် ငရဲခန်းက တစ်ဖန် ပြန်လည် စတင်တော့မည် ဖြစ်သည်။
ပို၍ ရှုပ်ထွေးသော ပြဿနာမှာ နောင်လာမည့် ဇာတ်ဝင်ခန်းများသည် သူတို့ ဖြတ်သန်းခဲ့ပြီးသမျှနှင့် လုံးဝ ကွဲပြားသွားနိုင်ခြင်းပင် ဖြစ်၏။
[ယခုမှစ၍ ထောက်ပံ့သူများ၏ ခေါ်ယူမှုကို တုံ့ပြန်နိုင်ပြီး ထောက်ပံ့သူတို့ သတ်မှတ်ထားသော တစ်ဦးချင်းဆိုင်ရာ စမ်းသပ်မှုများကို လက်ခံရရှိနိုင်ပါသည်။]
[တစ်ဦးချင်းဆိုင်ရာ စမ်းသပ်မှုများကို ဝှက်ထားသော ဇာတ်ဝင်ခန်းများအဖြစ် သတ်မှတ်ပြီး အချို့သော အဓိက ဇာတ်ဝင်ခန်းများနှင့် ထပ်တူကျပါက အဓိက ဇာတ်ဝင်ခန်း၏ နေရာတွင် အစားထိုးနိုင်ပါသည်။]
[ဇာတ်ဝင်ခန်း အစားထိုးခြင်းကို ၂၅ ခုမြောက် အဓိက ဇာတ်ဝင်ခန်း မစတင်မီအထိသာ ပြုလုပ်နိုင်ပါသည်။]
သူတို့သည် ဒသမမြောက် ဇာတ်ဝင်ခန်းကို ကျော်ဖြတ်ခဲ့ပြီး ‘တစ်ဦးချင်းဆိုင်ရာ စမ်းသပ်မှုများ’ ကို ဖွင့်လှစ်နိုင်ခဲ့သည်။ ယောင်ဟီဝန်အနေဖြင့် ထိုအရာများမှာ မည်သို့သော အရာများ ဖြစ်သည်ကို မသိသေးပေ။
လီဂျီဟယ်က နှစ်သိမ့်သည့် ပုံစံဖြင့် ပြောလိုက်သည်။
"သိပ်ပြီး စိတ်မပူပါနဲ့။ လောလောဆယ် ဒါက အရေးကြီးတဲ့ ကိစ္စ မဟုတ်ဘူးလို့ ဆရာက ပြောထားတယ်"
"ယူဂျွန်ဟော့ကော ဘယ်မှာလဲ"
"ဦးလေးကြီးကင်ဒေါ့ဂျာကိစ္စပြီးကတည်းက သူ ဘယ်ကို ပျောက်သွားမှန်း မသိဘူး။ သူက တကယ့် ဆရာနဲ့တောင် မတူတော့ဘူး…"
အမှန်ပင် ကင်ဒေါ့ဂျာ သေဆုံးမှုအပေါ် ယူဂျွန်ဟော့၏ တုံ့ပြန်မှုမှာ ထူးဆန်းနေခဲ့သည်။
ယူဂျွန်ဟော့သည် ကျိုးပဲ့သွားသော လူတစ်ဦးကဲ့သို့ ခဏတာ အခန်းထဲတွင် အောင်းနေခဲ့ပြီးနောက် သုံးရက်အတွင်း ပြန်လာမည်ဟု ပြောကာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
"ဟန်ဆိုယောင်းကော ဘာလုပ်နေလဲ"
"သူက ဒီမနက်တင် အစိုးရ အရာရှိတွေနဲ့ သွားစကားပြောတယ်။ ပျိုးထောင်ထားတာတွေကို ရိတ်သိမ်းရမယ့် အချိန်ရောက်ပြီလို့ ပြောသွားတာပဲ…"
"အစိုးရဟုတ်လား။ သူက သူတို့ဆီကနေ ဘာကို မျှော်လင့်နိုင်မှာလဲ"
ထိုအချိန်တွင် တစ်စုံတစ်ခုကို ယောင်ဟီဝန် သတိရလိုက်သည်။
– ငါ တစ်ခုခု ဖြစ်ခဲ့ရင် ဘယ်လို အခြေအနေမျိုးမှာမဆို ဟန်ဆိုယောင်း နောက်ကိုပဲ လိုက်ပါ။
ထိုစကားမှာ ကင်ဒေါ့ဂျာ တစ်ချိန်က ယောင်ဟီဝန်ကို မှာကြားခဲ့သော စကားများ ဖြစ်သည်။ အဘယ်ကြောင့် ဟန်ဆိုယောင်းနှင့်အတူ လှုပ်ရှားရမည်နည်း။ သို့သော် ကင်ဒေါ့ဂျာ ပြောခဲ့ခြင်း ဖြစ်သဖြင့် ခိုင်လုံသော အကြောင်းပြချက် တစ်ခုခု ရှိနေပေလိမ့်မည်။
ယောင်ဟီဝန် ထရပ်လိုက်ရာ အံ့အားသင့်သွားသော လီဂျီဟယ်က မေး၏။
"အပြင်သွားမလို့လား"
"အင်း။ ဒီထဲမှာပဲ ဆက်နေလို့ မဖြစ်တော့ဘူး။ ငါတို့လည်း ပြင်ဆင်ထားသင့်ပြီ"
"ဒါဆို ကျမလည်း အတူလိုက်ခဲ့မယ်"
သူတို့နှစ်ဦးလုံးမှာ တစ်ခုခုကို ဆုံးဖြတ်ပြီးပါက တုံ့ဆိုင်းနေတတ်သည့် သဘာဝ မရှိကြပေ။ လီဂျီဟယ်နှင့် ယောင်ဟီဝန်တို့သည် အိမ်ပြင်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့ကြသည်။ သူတို့ ရှေ့တံခါးကို ဖွင့်လိုက်သည်နှင့် ကင်မရာ ရိုက်သံများက သူတို့ထံသို့ တဝေါဝေါ စီးဆင်းလာတော့၏။
"ယောင်ဟီဝန်။ ကျနော်က ဂိုလျောအီလ်ဘိုက သတင်းထောက်ပါခင်ဗျာ။ တစ်ခွန်းလောက်ပဲ ဖြစ်ဖြစ် ပြောပေးပါဦး"
သူတို့သည် တစ်ဦးတည်းသော ရှင်သန်သူများ မဟုတ်ကြပေ။
ဆိုးလ်ဒေသမှ လူပေါင်း ၁,၀၀၀ နီးပါး ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ ထိုသူတို့ထဲမှ အချို့မှာ အပြင်လောကရှိ လူများနှင့် ဆက်သွယ်မိကြပြီး သူတို့ ဖြတ်သန်းခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသော လအနည်းငယ်အကြောင်းကို ပြောပြခဲ့ကြ၏။
သတင်းထောက်များမှာမူ သတင်းအချက်အလက်များ လုံလောက်စွာ ရရှိထားပြီး ဖြစ်သော်လည်း အဖွဲ့ဝင်များကို ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်သည်။ အကြောင်းရင်းမှာ ရိုးရှင်းပေသည်။ ရှင်သန်ကျန်ရစ်သူ ၁,၀၀၀ ထဲတွင် ယောင်ဟီဝန်နှင့် အခြားသူများမှာ ဇာတ်ဝင်ခန်း၏ ဗဟိုချက်တွင် ရှိနေခဲ့သည့် နာမည်ကျော်များ ဖြစ်နေသောကြောင့်ပင်။
"ယောင်ဟီဝန်။ အဲဒီထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ"
"ရှင်က ကန်ဒိုသင်ထားတာက အထောက်အကူ ဖြစ်တယ်လို့ ကြားရပါတယ်။ အဲဒါ အမှန်ပဲလား"
"ရှင်က နိုင်ငံ့လက်ရွေးစင် အသင်းအတွက် လျာထားခံရသူတစ်ဦးလို့ ကောလဟာလတွေ ထွက်နေပါတယ်…"
ယောင်ဟီဝန်သည် သူ့ထံသို့ မိုက်ခရိုဖုန်းများ ထိုးပေးနေသည့် သတင်းထောက်များကို ကြည့်လိုက်၏။ အစိုးရက မီဒီယာများကို ဘာမှ မပြောရန် ယောင်ဟီဝန်ကို မှာကြားထားခဲ့သည်။ ယောင်ဟီဝန်ကိုယ်တိုင်လည်း ပြောပြရန် မလွယ်ကူသဖြင့် ယခုအချိန်အထိ စကားကို ထိန်းပြောနေခဲ့ခြင်း ဖြစ်၏။
သို့သော်... အဘယ်ကြောင့်မှန်းမသိ ယနေ့တွင်မူ ယောင်ဟီဝန် တစ်ခုခု ပြောချင်စိတ် ပေါက်လာမိသည်။
"အဲဒီထဲမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ရှင်တို့ သိချင်နေကြတာလား"
ယောင်ဟီဝန်သည် လီဂျီဟယ်၏ လက်ကို လွှတ်လိုက်ပြီး အပြင်ဘက်တွင် လွင့်ထူထားသော စာတန်းတစ်ခုကို ကြည့်လိုက်၏။
[ယန်ချွန်ဂူ၏ သူရဲကောင်း။ ဖျက်ဆီးခြင်း၏ တရားသူကြီး ယောင်ဟီဝန် ဘေးကင်းစွာ ပြန်လာခြင်းကို ဂုဏ်ပြုကြိုဆိုပါသည်။]
…သူရဲကောင်းလား။ ငါကလား။
ယန်ချွန်ဂူမှာ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ထိုသို့ ဖြစ်လင့်ကစား ဤစာတန်းကို ချိတ်ဆွဲထားခြင်းအား ယောင်ဟီဝန် ဆက်လက် မကြည့်လိုတော့ပေ။
"ကျမက ရှင်တို့ ထင်နေသလို သူရဲကောင်း မဟုတ်ပါဘူး။ ကျမက နိုင်ငံ့လက်ရွေးစင် လျာထားခံရသူလည်း မဟုတ်သလို ကန်ဒိုဓါးသိုင်းမှာလည်း အတော်ကြီး မဟုတ်ခဲ့ဘူး"
ယောင်ဟီဝန်သည် တစ်ကမ္ဘာလုံးကို ကြေညာနေသကဲ့သို့ မိုက်ခရိုဖုန်းထဲသို့ ပြောလိုက်၏။
"ဒီကမ္ဘာပျက်မလာခင်တုန်းက ကျမက ဈေးပေါတဲ့ ဘားတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဘားမယ်တစ်ယောက်ပဲ"
ယောင်ဟီဝန်၏ စကားကြောင့် သတင်းထောက်များကြားတွင် အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။ မည်သူမျှ မယုံနိုင်ကြပေ။ အချို့က လှောင်ပြုံး ပြုံးကြပြီး အချို့ကမူ မနာလိုသည့် အကြည့်ဖြင့် ကြည့်ကြသည်။
ထိုအကြည့်များ၏ ရှေ့တွင် ယောင်ဟီဝန်သည် ထူးဆန်းစွာပင် လွတ်လပ်မှုကို ခံစားလိုက်ရ၏။ ယောင်ဟီဝန်သည် ယခင်က ‘ယောင်ဟီဝန်’ မဟုတ်တော့ပေ။ သူ့အပေါ် ကျရောက်နေသည့် အကြည့်များအားလုံးနှင့်အတူ ယောင်ဟီဝန် ထိုအချက်ကို သဘောပေါက်သွားခဲ့သည်။
သတင်းထောက်များက ယောင်ဟီဝန်ကို ဆက်တိုက် မေးခွန်းထုတ်ကြပြန်သည်။
ဘားမယ်တစ်ယောက်က ဘယ်လိုလုပ်ပြီး နောက်ဆုံး ရှင်သန်ကျန်ရစ်သူတွေထဲက တစ်ယောက် ဖြစ်လာနိုင်တာလဲ။
ဘယ်လို ရှင်သန်ခဲ့တာလဲ။ ပြီးတော့ ဘယ်လိုလုပ်ပြီး ဖျက်ဆီးခြင်း၏ တရားသူကြီး ဖြစ်လာတာလဲ။
[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’ နက္ခတ်သည် သင့်အား ဝမ်းနည်းသော မျက်လုံးများဖြင့် ကြည့်နေပါသည်။]
[သင့်စကားများကြောင့် ‘မျက်စိတစ်ဖက်တည်းရှိသော မေတ္တေယျ’ နက္ခတ်မှာ တစ်စုံတစ်ယောက်ကို သတိရသွားပါသည်။]
နေရာအနှံ့အပြားမှ နက္ခတ်များ၏ သွယ်ဝိုက်သော မက်ဆေ့ချ်များ ရောက်ရှိလာခဲ့သည်။ ယောင်ဟီဝန်သည် ခံစားချက်ကို သေချာစွာ နားမလည်သေးဘဲ ပြောလိုက်၏။
"ရှင်တို့တွေ ကင်ဒေါ့ဂျာကို သိကြလား"
[‘ပင်လယ်စစ်နတ်ဘုရား’ နက္ခတ်သည် ခေါင်းငြိမ့်ပြနေပါသည်။]
[‘ဆောအဲအီဖီ’ နက္ခတ်သည် ထိုနာမည်ကို မှတ်မိနေပါသည်။]
[‘ဟွမ်ဆန်ဘောလ်၏ နောက်ဆုံးသူရဲကောင်း’ နက္ခတ်သည် သူ့ကို မှတ်မိနေပါသည်။]
နက္ခတ်များနောက်တွင် သတင်းထောက်များ၏ အသံများ ထွက်ပေါ်လာ၏။
"ကင်ဒေါ့ဂျာ ဟုတ်လား"
"အဲဒါက ဘယ်သူလဲ"
"ငါ အဲဒီနာမည်ကို အရင်က ကြားဖူးသလိုပဲ"
ယောင်ဟီဝန်သည် ထိုအခြေအနေကို ရယ်ချင်စရာကောင်းသည်ဟု တွေးမိလိုက်သည်။ သူတို့ဘာမှ မသိကြပေ။ ဟုတ်ပေသည်၊ သူတို့ မည်သည့်အခါမျှ သိနိုင်ကြမည် မဟုတ်။
ယောင်ဟီဝန်သည် လေကို ခပ်ဖွဖွ ရှူသွင်းလိုက်ပြီးပြောလိုက်၏။
"နောက်ဆုံး ရှင်သန်ကျန်ရစ်သူတွေက ကျမတို့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့တင် ရှင်သန်ခဲ့ကြတာ မဟုတ်ဘူး"
စကားပြောနေရင်း ယောင်ဟီဝန် ရုတ်တရက် ငိုချင်စိတ် ပေါက်လာသည်။ သတင်းထောက်များမှာမူ ဘာမှမသိဘဲ မေးခွန်းများကိုသာ တရစပ် မေးနေကြဆဲ ဖြစ်၏။
"ဘာကို ဆိုလိုတာလဲ"
"ရှင်သန်သူစာရင်းထဲမှာ 'ကင်ဒေါ့ဂျာ' ဆိုတဲ့ နာမည်က မပါနေဘူးလေ"
"ဘာဖြစ်လို့ ကင်ဒေါ့ဂျာက ရှင်တို့နဲ့အတူ ပြန်မလာခဲ့တာလဲ"
"အဲဒီလူက အခု ဘယ်မှာလဲ"
သူ ဘယ်မှာ ရှိနေမှာလဲ။ ယောင်ဟီဝန်လည်း မသိပေ။ သို့သော် ယောင်ဟီဝန်မှာ လိုချင်သောဆန္ဒတစ်ခုသာ ရှိမည်ဆိုလျှင်…
"အဲဒီလူက…"
ယောင်ဟီဝန်သည် ဆိုးလ်ဒေသကို စိုက်ကြည့်လိုက်သည်။
"သူ ပြန်လာလိမ့်မယ်။ သေချာပေါက် ပြန်လာမှာ"
………………………………………………………………………………………….
「 ထိုအချိန်တွင် ကင်ဒေါ့ဂျာသည် မိစ္ဆာနယ်မြေ၌ မျက်လုံးပွင့်လာခဲ့သည်။ 」
"ဝေါ့"
ကျနော်သည် အန်ထုတ်ရင်း အော်ဟစ်ကာ မျက်လုံးများကို ဖွင့်လိုက်သည်။ မိမိ၏ နှလုံးခုန်သံမှာပင် ကျနော့်အတွက် သူစိမ်းပြင်ပြင် ဖြစ်နေခဲ့၏။
နှလုံးပတ်လည်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး ကြမ်းတမ်းသော မှော်စွမ်းအင်များ ထွက်ပေါ်လာသည်။ ကျိုးပဲ့နေသည်ဆိုသော်ငြား ၎င်းသည် နဂါးသားပေါက်လေး တစ်ကောင်၏ နှလုံးသားပင် ဖြစ်သည်။ အစားထိုးကုသထားသော ပစ္စည်းမှ ထွက်ပေါ်လာသည့် အားကောင်းသော မှော်စွမ်းအင်မှာ ကျနော့်ကိုပင် မူးဝေသွားစေရန် လုံလောက်လှ၏။
အကယ်၍ ကျနော်သာ ဤအရာကို ကောင်းကောင်း အသုံးချနိုင်မည်ဆိုပါက တိုက်ပွဲများအတွင်း မှော်စွမ်းအင် ပြတ်လပ်မှုကို အတန်ကြာအောင် ပူပန်နေရတော့မည် မဟုတ်ပေ။
[ ' လာမာ့ခ်၏ သစ်ကုလားအုတ် ' ဝိသေသလက္ခဏာက သင့်ကို ကျိုးပဲ့နေသော ဇာတ်လမ်း၏ စွမ်းအားကို စုပ်ယူခွင့် ပေးလိုက်ပါသည်။ ]
အမှန်တကယ်တော့ ကျိုးပဲ့နေသော ဇာတ်လမ်းကို စုပ်ယူခြင်းသည် အလွန်အန္တရာယ်များသော အကြံအစည် ဖြစ်သည်။ လာမာ့ခ်၏ သစ်ကုလားအုတ် သာ မရှိလျှင် ကျနော့်အတွက် ထိုသို့စုပ်ယူခြင်းမှာ မဖြစ်နိုင်သောအရာ ဖြစ်ပေလိမ့်မည်။
「 လာမာ့ခ်၏ သစ်ကုလားအုတ် သည် အခြားသော ဆင့်ကဲဖြစ်စဉ် ဝိသေသလက္ခဏာများကြားတွင် ထိရောက်မှု နည်းပါးသောကြောင့် အသိအမှတ်ပြုခြင်း မခံရပေ။ သို့သော် ၎င်းသည် ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်ပြီး ဇာတ်လမ်း၏ အားနည်းချက်များကို စုပ်ယူခြင်း မရှိပေ။ 」
အကယ်၍ ကျနော်သာ အခြားသော ဆင့်ကဲဖြစ်စဉ် ဝိသေသလက္ခဏာတစ်ခုဖြစ်သည့် ဒါဝင်၏မိစ္ဆာကို ရရှိထားခဲ့မည်ဆိုပါက ရွှေနဂါး၏ ဇာတ်လမ်းကို စားလိုက်သည့် အခိုက်အတန့်မှာတင် ကျနော် သေဆုံးသွားလိမ့်မည်။
ဘေးကင်းမှုကို အာမခံနိုင်သောကြောင့် ဤစုပ်ယူမှု အကျိုးသက်ရောက်မှုမှာ ကောင်းမွန်လှပေသည်။ ကျနော့်တွင် အပိုအသက်တွေလည်း မရှိတော့ပြီ မဟုတ်ပါလော။
[ ဇာတ်လမ်းအပိုင်းအစ 'ရွှေနဂါးငယ်၏ ကျိုးပဲ့နေသောနှလုံးသား' ကို ရရှိခဲ့ပါသည်။ ]
ဤဇာတ်လမ်းအပိုင်းအစ၏ မူလအမည်မှာ 'မျိုးစိတ်ပြင်ပ သတ္တဝါတစ်ကောင်၏ ဆွဲဖြဲသတ်ဖြတ်ခြင်းကို ခံခဲ့ရသော ရွှေနဂါးငယ်၏ နှလုံးသား' ဖြစ်သည်။ သို့သော် ကျနော်သည် 'မျိုးစိတ်ပြင်ပသတ္တဝါ၏ ဆွဲဖြဲသတ်ဖြတ်ခြင်းကို ခံရခြင်း' ဆိုသည့် အစိတ်အပိုင်းကိုမူ စုပ်ယူခြင်း မပြုခဲ့ပေ။
ဒါသည်ပင် လာမာ့ခ်၏ သစ်ကုလားအုတ် ၏ အားသာချက်ဖြစ်သည်။ ဇာတ်လမ်းစုပ်ယူမှုနှုန်းမှာ နိမ့်သော်လည်း အားနည်းချက်များကိုမူ စုပ်ယူခြင်း မရှိပေ။
[ သင့်အတွက် ခန္ဓာကိုယ်အသစ်ကို တည်ဆောက်နေပါသည်။ ]
[ ခန္ဓာကိုယ်အသစ် ဖန်တီးခြင်းက သင်၏တည်ရှိမှု ပြိုကွဲပျက်စီးခြင်းကို နှောင့်နှေးစေပါမည်။ ]
[ ဤအကျိုးသက်ရောက်မှုသည် ယာယီသာဖြစ်ပြီး ဇာတ်ဝင်ခန်းဆီသို့ အမြန်ဆုံး ပြန်သွားရန် တိုက်တွန်းပါသည်။ ]
ခုန်နေသော နှလုံးသားအသစ်ဆီမှ မှော်စွမ်းအင်များ စီးဆင်းလာပြီး ကျနော် အသက်ရှူရ အနည်းငယ် ချောင်သွားခဲ့သည်။ အနည်းဆုံးတော့ ကျနော့်၏ မွေးရာပါဇာတ်လမ်းကို ဆုံးရှုံးရမယ့် အဖြစ်ဆိုးမျိုးတော့ ထပ်ဖြစ်မှာ မဟုတ်တော့ပေ။
ကျနော့်ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်းသည် ယခုမှ စတင်တော့မည် ဖြစ်သည်။
ကျနော်သည် 'လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ နောက်ကျောမှ ဓားဖြင့်ထိုးခြင်းကို ခံခဲ့ရသော သနားစဖွယ် ဓားသခင်၏ ညာဘက်လက်မောင်း' ကို စတင်စားသုံးလိုက်သည်။ အသားကို ဆွဲဖြဲစားခြင်းထက် မြင်လိုက်ရသည်နှင့် ပြိုကွဲသွားသော ဇာတ်လမ်းတစ်ခုကို ချောင်းကြည့်နေရခြင်းနှင့် ပို၍ တူညီနေသည်။
[ ဇာတ်လမ်းအပိုင်းအစ 'သနားစဖွယ် ဓားသခင်၏ ညာဘက်လက်မောင်း' ကို ရရှိခဲ့ပါသည်။ ]
ကျနော့် စိတ်ထင်လို့ပဲလားတော့ မသိသော်လည်း ဓားကို အရင်ကထက် အနည်းငယ် ပိုပြီး ကျွမ်းကျင်စွာ အသုံးချနိုင်တော့မည်ဟု ခံစားလိုက်ရသည်။
[ 'လာမာ့ခ်၏ သစ်ကုလားအုတ်' ဝိသေသလက္ခဏာသည် ၎င်း၏ စုပ်ယူနိုင်သောအကန့်အသတ်သို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။ ]
[ ဇာတ်လမ်းအပိုင်းအစ အသစ်များကို စုပ်ယူနိုင်ရန် ဝိသေသလက္ခဏာ၏ စုပ်ယူနိုင်သောအကန့်အသတ်ကို တိုးမြှင့်ပါ။ ]
ဇာတ်လမ်းအပိုင်းအစ နှစ်ခုကို စားသုံးပြီးနောက် ကျနော့် အခြေအနေက အနည်းငယ် သက်သာလာသဖြင့် အမှိုက်ပုံကြီးပေါ်တွင် ထိုင်ချလိုက်သည်။
"…နည်းနည်းတော့ အေးသားပဲ"
အရင်ကလောက် မနာကျင်တော့သော်လည်း အအေးဓာတ်က ကျနော့် အရေပြားကို ဆက်လက် စူးရှနေဆဲ ဖြစ်သည်။
ကျနော့် ခန္ဓာကိုယ်၏ ခံနိုင်ရည်မှာ တိုးတက်လာခဲ့သော်လည်း 'ထုတ်ပယ်ခြင်း ပြစ်ဒဏ်' ကမူ ပျောက်ကွယ်မသွားသေးပေ။ ဇာတ်လမ်းကို ဆုံးရှုံးလိုက်ရခြင်းကြောင့် ကြီးမားသော ဟာတာတာဖြစ်မှုနှင့် အထီးကျန်ဆန်မှုကို ကျနော် ခံစားနေရသည်။ လူသားများမှာ အဘယ်ကြောင့် တစ်စုံတစ်ခုကို ထပ်ခါတလဲလဲ နားထောင်ခြင်း၊ ကြည့်ရှုခြင်း သို့မဟုတ် ဖတ်ရှုခြင်းတို့ကို ပြုလုပ်လိုကြသနည်းဆိုသည်ကို ကျနော် သိရှိသွားသလိုပင် ခံစားလိုက်ရ၏။
ထိုစဉ် ကျနော့် ခန္ဓာကိုယ်ထဲသို့ အနည်းငယ်မျှသော နွေးထွေးမှုတစ်ခု စတင်စီးဝင်လာခဲ့သည်။
[ တစ်စုံတစ်ယောက်က သင့်အကြောင်းကို ပြောဆိုနေပါသည်။ ]
...ငါ့အကြောင်းကို ပြောနေတာလား
[ ကမ္ဘာဂြိုဟ်ပေါ်တွင် သင့်ဇာတ်လမ်းကို စတင်ဖန်တီးနေပါသည်။ ]
ဘာတွေဖြစ်နေသလဲဆိုသည်ကို ကျနော် ခန့်မှန်းကြည့်နိုင်ပါသည်။ ကမ္ဘာမြေပေါ်တွင် တစ်စုံတစ်ယောက်က ကျနော့်အကြောင်းကို ပြောဆိုနေကြခြင်းပင် ဖြစ်၏။
ဘယ်သူများပါလိမ့်။ ယူဂျွန်ဟော့တော့ မဖြစ်နိုင်ဘူး။ လီဟန်းဆောင်လား။ ယောင်ဟီဝန်လား။ ဒါမှမဟုတ် ရှင်ယူဆောင်းလား။
...ငါမသိတော့ဘူး။
သို့သော်လည်း ဤသည်မှာ ရယ်စရာတော့ ကောင်းလှ၏။ တစ်စုံတစ်ယောက်က ကျနော့်ဇာတ်လမ်းကို ပြန်ပြောပြနေကြသည်။ တစ်စုံတစ်ယောက်က ကျနော့်ကို သတိရနေဆဲပင်...
[ ငြိမ်းချမ်းမြေတွင် 'ကင်ဒိုဂျေဂါ၏ ဒဏ္ဍာရီ' ဇာတ်လမ်းသစ်ကို ဖန်တီးလိုက်ပါသည်။ ]
...အနည်းဆုံးတော့ ကျနော့်နာမည်ကို မှန်အောင်ခေါ်ကြဖို့ မျှော်လင့်မိသည်။ ကျနော်သည် ကြယ်တာရာများကို မမြင်တွေ့ရသော ညကောင်းကင်ယံသို့ မော့ကြည့်လိုက်မိ၏။
ဤနေရာသည် ဇာတ်လမ်း၏ မိုးကုတ်စက်ဝိုင်းပင် ဖြစ်သည်။ ကျနော်က ကြယ်တာရာများကို မမြင်နိုင်သလို ကြယ်တာရာများကလည်း ကျနော့်ကို မြင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မာနထောင်လွှားသော နက္ခတ်များမှာ ၎င်းတို့ မမြင်နိုင်သော နေရာတစ်ခုတွင် ၎င်းတို့ကို ဖျက်ဆီးပစ်မည့် ဇာတ်လမ်းတစ်ပုဒ်မှာ ယခုလေးတင် စတင်နေပြီဖြစ်ကြောင်း သိရှိကြလိမ့်မည် မဟုတ်ချေ။
အခန်း ၁၉၄
- အပိုင်း ၃၇ - မိစ္ဆာနယ်မြေ၏ ရှုခင်း (၁)
"Fourth Wall က ပြော၏။ ဒီနေရာက ဘယ်နေရာလဲ"
「 ငါ့ကို လိုက်မတုနဲ့ 」
ဇာတ်လမ်း၏ မိုးကုတ်စက်ဝိုင်းတစ်လျှောက် ကျနော် လျှောက်လှမ်းနေခဲ့သည်။ အတိအကျပြောရလျှင် ကျနော် လျှောက်နေသည်မှာ လေးရက်ပင် ရှိသွားပြီ ဖြစ်၏။ အဆုံးမရှိသော အမှိုက်ပုံကြီးများကြားတွင် လျှောက်လှမ်းနေရသူ မည်သူမဆို နံရံနှင့် စကားပြောချင်စိတ် ပေါက်လာပေလိမ့်မည်။
ဇာတ်လမ်းအပိုင်းအစများဆီသို့ ဦးတည်ကာ တိုးတိုးလေး ကျနော် ရေရွတ်လိုက်မိသည်။
"ကင်ဒေါ့ဂျာက စဉ်းစားနေသည်။ အဲ့ဒါကို ကောက်ယူလိုက်မယ်"
အနန္တနယ်ပယ် အာကာသဝတ်ရုံထဲတွင် နေရာအတော်များများ ကျန်ရှိနေသေးသဖြင့် ကျနော် ကောက်ရသမျှ ဇာတ်လမ်းအားလုံးကို ထိုထဲ၌ သိမ်းဆည်းထားလိုက်သည်။ ထိုအခါ Fourth Wall က ပြန်လည်ဖြေကြားလာ၏။
「 ငတုံး 」
တစ်ယောက်တည်း စကားပြောနေရသည်မဟုတ်သည့်အတွက် စိတ်သက်သာရာရမိသည်။ Fourth Wallက မည်သူမည်ဝါဖြစ်သည်ကို ကျနော် မသိသော်လည်း ၎င်းသည် ရန်သူမဟုတ်သည်မှာတော့ ရှင်းလင်းလှ၏။ ပြောရလျှင် Fourth Wallသည် ကျနော့်ကို ထုတ်ပယ်ခြင်း ပြစ်ဒဏ်မှ ကယ်တင်ပေးနေသူပင် ဖြစ်သည်...
「 အိပ်၊ ချင်၊ တယ် 」
"ခဏလောက် ထပ်ပြီး တောင့်ခံထားပေးပါဦး၊ အခြေအနေ ပိုသက်သာသွားအောင် တစ်ခုခု ပြောပြသင့်တယ်"
ခန္ဓာကိုယ်တစ်ခု ရရှိပြီးသည့်တိုင်အောင် ထုတ်ပယ်ခြင်း ပြစ်ဒဏ်ကို ကျော်လွှားရန် ခက်ခဲနေဆဲဖြစ်ပြီး အမှိုက်ပုံကြီးများမှာလည်း ဆုံးခန်းတိုင်မည့်ပုံ မပေါ်သေးပေ။ ကျနော် ဇာတ်ဝင်ခန်းထဲသို့ ပြန်မရောက်မချင်း ဤနာကျင်မှုက ဆက်ရှိနေနိုင်လေသည်။
[ စုပ်ယူထားသော ဇာတ်လမ်းအချို့သည် ဖွဲ့စည်းပုံဆိုင်ရာ ပဋိပက္ခများကို ဖြစ်ပေါ်စေနေပါသည်။ ]
လာမာ့ခ်၏ သစ်ကုလားအုတ်သည် ဘေးထွက်ဆိုးကျိုး နည်းပါးလှသော ဆင့်ကဲဖြစ်စဉ် ဝိသေသလက္ခဏာတစ်ခု ဖြစ်သော်လည်း ဇာတ်လမ်းညီမျှမှု မရှိခြင်းက ကျနော့်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်ကို တဂျိဂျိ မြည်ဟီးလာစေသည်။ အခြေအနေက အလွန်အမင်း မဆိုးဝါးသေးသော်လည်း ကျနော် တိုက်ခိုက်ခြင်း သို့မဟုတ် မလိုအပ်သော လုပ်ဆောင်ချက်များကို ပြုလုပ်မိပါက ကျနော့်ခန္ဓာကိုယ်သည် တစ်ဖန်ပြန်၍ ပြိုကွဲသွားနိုင်လေသည်။
...ကောင်းပြီလေ
မည်သည့်အရာမှ အလွယ်တကူ ပြေလည်သွားမည် မဟုတ်ချေ။ နက်ဗျူလာများကို လက်စားချေချင်စိတ် ပြင်းပြနေသော်လည်း ကျနော် အလောတကြီး မလုပ်ဆောင်ရခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်၏။
[ ဇာတ်ဝင်ခန်းနယ်မြေသို့ နီးကပ်လာနေပြီ ဖြစ်ပါသည်။ ]
ကျနော် ပထမဆုံး လုပ်ဆောင်ရမည့်အရာမှာ မိစ္ဆာနယ်မြေ၏ ဇာတ်ဝင်ခန်းထဲသို့ ဝင်ရောက်ရန်ပင် ဖြစ်သည်။ အကျိတ်နှင့်လူက ကျနော့်ကို ဤနေရာသို့ ပစ်ချလိုက်ခြင်း ဖြစ်သော်လည်း ဤနေရာ၌ ဇာတ်ဝင်ခန်း မည်သို့ရယူရမည်ကို ကျနော် သိရှိပြီးသား ဖြစ်၏။
ကျနော့်တွင် အကြမ်းဖျင်း အစီအစဉ်တစ်ခု ရှိနှင့်ပြီးသားပင်။ ယခု ကျနော် သွားနေသော လမ်းကြောင်းသည် ၁၁၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ယူဂျွန်ဟော့၏ လမ်းကြောင်းနှင့် အတိအကျ တူညီနေသည်။ ထို့ကြောင့် ကြားဖြတ်ဝင်လာမည့် ပုံမှန်မဟုတ်သော အရာများ မရှိခဲ့ပါက ဤအစီအစဉ်မှာ လွဲချော်သွားစရာ အကြောင်းမရှိပေ။
...ဒါနှင့် ပြောရဦးမည်၊ ယူဂျွန်ဟော့၏ ၁၁၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းတွင် အလုပ်များစွာ ရှိခဲ့၏။
၎င်းမှာ Ways of Survival ၏ စာရေးဆရာ အတန်ကြာ အခြေအနေမကောင်းဖြစ်နေသည့် အချိန်နှင့် ဝန်းကျင်လောက်တွင် ဖြစ်သည်။
အခန်းပေါင်း ၁၀၀၀ ကျော်သွားပြီးချိန်တွင် ဖြစ်ပြီး ကျနော်သည် အကြံပေးချက်မျိုးစုံကိုထည့်ရေးပြီး မှတ်ချက်တစ်ခု ချန်ထားခဲ့သည်။ ကျနော့် မှတ်ချက်ကြောင့်လားတော့ မသိသော်လည်း လူသစ်တစ်ယောက် ရုတ်တရက် ပေါ်လာပြီး ဇာတ်လမ်းက ပြောင်းလဲသွားခဲ့၏။
ရုတ်တရက် ကျနော့်လက်မောင်းထဲမှ ဒိုကဲဘီဥလေးက လှုပ်ရှားလာသည်။ ဇာတ်လမ်းအပိုင်းအစ အချို့ကို ကျနော်စုပ်ယူလိုက်ပြီး ဥလေးကို ပွတ်သပ်ပေးလိုက်၏။
"ဟုတ်ပြီ၊ ဟုတ်ပြီ၊ နင်က ချစ်စရာလေးပါ"
ကျနော် ကယ်တင်လိုက်သော ဝိညာဉ်သည် ဘဝသစ်တစ်ခုအဖြစ် နိုးထလာနေသည်ကို ကျနော် ခံစားလိုက်ရသည်။ ဤသည်မှာ အလွန်ပင် ထူးဆန်းလှ၏။ ဥလေးသည် တစ်လအတွင်းမှာ ပေါက်ဖွားလာနိုင်လေသည်။ ထိုအချိန်ကျလျှင် ကျနော့်အစီအစဉ်မှာလည်း အရှိန်အဟုန် အပြည့်ဖြင့် ရှိနေပေလိမ့်မည်။
ဒါနဲ့ စကားမစပ်၊ ဒီကလေး ပေါက်ဖွားလာပြီးရင် ရှင်ယူဆောင်းလို့ ခေါ်၍မရတော့ဘူး... ဘယ်လိုနာမည် ပေးရင်ကောင်းမလဲ။
「 ထိုအချိန်တွင် ကင်ဒေါ့ဂျာ၏ နားထဲ၌ အသံတစ်ခု ကြားလိုက်ရသည်။ 」
အမှိုက်ပုံတစ်ခု၏ နောက်ကွယ်တွင် ဝပ်ကာ အသက်ကို ကျနော် အောင့်ထားလိုက်၏။
ကျနော် ခံစားသိရှိလိုက်ရသည်မှာ တစ်ကောင်နှစ်ကောင်တည်း မဟုတ်ပေ။ အနည်းဆုံး ဒါဇင်ချီလောက်၏။ ဖြစ်နိုင်သည်မှာ ရာနှင့်ချီသော သတ္တဝါများ ရှိနေခြင်းပင်။ အခြေအနေကို စစ်ဆေးရန် ကျနော် အသာချောင်းကြည့်လိုက်သည်။
အသက်ဓါတ်ရှိနေသည့် အရိပ်အယောင် လုံးဝမရှိသော လှုပ်ရှားမှုများကို ကျနော် မြင်လိုက်ရ၏။ လူသားများနှင့် ဆင်တူသော သတ္တဝါများသည် ဇာတ်လမ်းပုံများကို လိုက်လံ ရှာဖွေနေကြသည်။ သူတို့သည် မည်သူမည်ဝါဖြစ်ကြောင်းမှာ ရှင်းလင်းလှပါသည်။
သူတို့မှာ ဖယ်ရှားရေး ကျွန်များပင် ဖြစ်၏။ သူတို့သည် မိစ္ဆာနယ်မြေ၏ နိယာမများထံမှ အမိန့်ကို နာခံကာ ပတ်ဝန်းကျင် မိုးကုတ်စက်ဝိုင်းမှ ဇာတ်လမ်း အပိုင်းအစများကို လောင်စာအဖြစ် အသုံးပြုရန် စုဆောင်းနေကြခြင်း ဖြစ်သည်။ သူတို့သည် ဉာဏ်ရည် အလွန်နည်းပါးကြပြီး အရင်ဦးအောင် ရန်မစမချင်း ပြန်လည် တိုက်ခိုက်လေ့ မရှိကြပေ။
「 ကင်ဒေါ့ဂျာက တွေးနေသည် - ဖယ်ရှားရေး ကျွန်များ လှုပ်ရှားနေကြသည်ဆိုသည်မှာ အနီးအနားတွင် 'စက်မှုဇုန်' တစ်ခု ရှိနေသည်ဟု ဆိုလိုခြင်းပင်။ 」
စက်မှုဇုန်များမှာ မိစ္ဆာနယ်မြေရှိ မြို့များနှင့် ဆင်တူပါသည်။ ၎င်းတို့မှာ ပျက်စီးနေသော ဇာတ်လမ်းအပိုင်းအစများကို ကြိတ်ခြေကာ စွမ်းအင် ထုတ်လုပ်သည့် စက်ရုံများ ဖြစ်ကြပြီး ထိုစက်ရုံများ၏ ပတ်လည်တွင် လူနေရပ်ကွက်များ ဝန်းရံထားလေ့ ရှိသည်။
ကျနော် မှတ်မိသလောက်ဆိုလျှင် အနီးဆုံး စက်မှုဇုန်မှာ 'စစ်ဝစ်ဇ် စက်မှုဇုန်' ဖြစ်လောက်သည်။
"မြန်မြန် လှုပ်ရှားကြစမ်း၊ ဒီနေ့ လောင်စာ ပြတ်တော့မယ်"
ကျနော် အံ့အားသင့်သွားပြီး အမှိုက်ပုံနောက်သို့ တစ်ဖန် ပြန်ပုန်းလိုက်မိသည်။ ဦးချိုတစ်ခုနှင့် အတောင်ပံအသေးစားများ ပါရှိသော မိစ္ဆာတစ်ကောင်မှာ အတောင်ပံများကို ခတ်ကာ အမိန့်ပေးနေ၏။
ထိုမိစ္ဆာမှာ စက်မှုဇုန်၏ ကြီးကြပ်ရေးမှူးပင် ဖြစ်သည်။ သူကိုယ်တိုင် ဤနေရာသို့ လာသည်ဆိုလျှင် ဤ 'စုဆောင်းမှု' ၏ အတိုင်းအတာမှာ အတော်အတန် ကြီးမားပုံရသည်။
ထိုစဉ် ဖယ်ရှားရေး ကျွန်တစ်ယောက်မှာ ကျနော် ပုန်းအောင်းနေသော အမှိုက်ပုံဆီသို့ ချဉ်းကပ်လာသည်။ ကျနော် ရှောင်တိမ်းရန် မကြိုးစားတော့ဘဲ ၎င်းနှင့် မျက်နှာချင်းဆိုင်လိုက်၏။
"ဂါး..."
ကျနော့်ကို တုံးအသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် ဖယ်ရှားရေး ကျွန်မှာ လူသားပုံစံမဟုတ်ဘဲ ချင်ပန်ဇီ တစ်ကောင်၏ သွင်ပြင်နှင့် တူနေသည်။ ဖြစ်နိုင်သည်မှာ ၎င်း၏ ဂြိုဟ်မှာ ဖျက်ဆီးခံလိုက်ရပြီး ဤနေရာသို့ ဖမ်းဆီးခေါ်ဆောင်ခံလာရသော မျိုးစိတ်များထဲမှ တစ်ခု ဖြစ်ပေလိမ့်မည်။
သူတို့မှာ မိမိတို့၏ ဇာတ်ဝင်ခန်းများကို ဆုံးရှုံးခဲ့ရပြီး အခြားသော သတ္တဝါများကို အမှီပြုကာ အသက်ရှင်နေရသူများ ဖြစ်ကြသည်။ ၎င်း၏ လက်မောင်းပေါ်တွင် '၆၄၂၄' ဟူသော စာကို ကျနော် မြင်လိုက်ရ၏။
[ 'မိစ္ဆာဘုရင်လောင်း' ၏ အကျိုးသက်ရောက်မှု အသက်ဝင်ပါပြီ။ ]
မိစ္ဆာဘုရင်လောင်းဆိုသည်မှာ ၇၃ ခုမြောက် မိစ္ဆာဘုရင် ဇာတ်ဝင်ခန်းမှ ကျနော် ရရှိခဲ့သော ဝိသေသ လက္ခဏာ တစ်ခုပင် ဖြစ်သည်။
ထိုစဉ် နားလည်ရန် ခက်ခဲသော စကားလုံးများကို ကျနော် စတင် ကြားလိုက်ရသည်။
–ကျုပ်၊ ရပ်၊ ချင်၊ ပြီ။
ဘာလဲဟ။
–သတ်၊ ပေး၊ ပါ။
ရိုးရှင်းပြီး လွတ်မြောက်လိုသော ဆန္ဒမှာ ဤတည်ရှိမှု၏ မျက်လုံးများထဲတွင် ပြည့်နှက်နေသည်။ သနားစရာကောင်းသော ထိုမျက်လုံးများကို ခဏမျှ ကျနော် စိုက်ကြည့်နေမိပြီး သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။
「 ကင်ဒေါ့ဂျာက တွေးနေသည် - နည်းလမ်းတစ်ခုပဲ ရှိတော့မယ်ထင်တယ် 」
……………………………………………………………………………………………
ခဏအကြာတွင် အခြားသော ဖယ်ရှားရေး ကျွန်များနှင့်အတူ စက်မှုဇုန်၏ အဝင်ဝတွင် ကျနော် ရပ်နေလိုက်၏။ အနန္တနယ်ပယ် အာကာသဝတ်ရုံ အပါအဝင် ပစ္စည်းများကိုမူ ကျနော် သယ်ဆောင်လာသော ဇာတ်လမ်းပုံကြီး၏ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာတွင် ဝှက်ထားခဲ့လေသည်။
တစ်နည်းအားဖြင့်ဆိုရသော် ယခုအခါ ကျနော်မှာ ဖင်တုံးလုံး ဖြစ်နေခြင်းပင်။ ထိုသို့ဖင်တုံးလုံးဖြစ်နေမှသာ ဖယ်ရှားရေး ကျွန်တစ်ယောက်နှင့် တတ်နိုင်သမျှ တူညီနေမည်ဖြစ်သည်။ အရေးပေါ်အခြေအနေအတွက် သေဆုံးသွားသော ထိုသူ၏ '၆၄၂၄'စာကို ကျနော့် ဘယ်ဘက်လက်မောင်းတွင် ထိုးနှံထားလိုက်သည်။
"နောက်တစ်ယောက်"
ကျနော့် အစီအစဉ်မှာ ရိုးရှင်းသည်။ ဖယ်ရှားရေး ကျွန်များကြားတွင် ရောနှောကာ စက်မှုဇုန်အတွင်းသို့ ဝင်ရောက်ရန်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖယ်ရှားရေး ကျွန်များကို စစ်ဆေးခြင်းမှာ အခြားသော ခရီးသွားများကဲ့သို့ တင်းကျပ်မှု မရှိသောကြောင့်ပင်။
"ဘာလဲဟ... ဒီနေ့ ရတဲ့အထွက်နှုန်းက သုညပဲလား"
သို့သော် ကြီးကြပ်ရေးမှူးမှာ ထင်ထားသည်ထက် ပို၍ အနှောင့်အယှက်ဖြစ်စရာ ကောင်းနေသည်။ ကျနော့် ရှေ့တည့်တည့်တွင်ပင် ကြီးကြပ်ရေးမှူး ဒေါသပေါက်ကွဲနေသည်ကို မြင်လိုက်ရသဖြင့် ကျနော့် တံတွေးမြိုချလိုက်မိ၏။
"ဟေ့.. ဟိုကကောင်၊ ဒီကောင့်ကို ခေါ်သွားလိုက်။ လောင်စာကန်ထဲ ထည့်လိုက်တော့"
ကြီးကြပ်ရေးမှူးသည် ဖယ်ရှားရေး ကျွန်ကို စက်ပစ္စည်း အစိတ်အပိုင်းတစ်ခုကဲ့သို့ ကိုင်တွယ်ကာ ပစ်ပေါက်လိုက်သည်။
ထိုကြီးကြပ်ရေးမှူးမှာ မိစ္ဆာရွာစား ချီချီဖန် ဖြစ်သည်။ သူသည် မဟူရာရဲတိုက်တွင် ကျနော် တွေ့ခဲ့ဖူးသော ကောင်များထက် အဆင့်နိမ့်သူတစ်ဦးဖြစ်၏။ မဟူရာရဲတိုက်ရှိ သူများတွင် ဇာတ်လမ်းများ ပိုမိုများပြားနိုင်သော်လည်း ရွာစားဆိုသည်မှာ ရွာစားပင် ဖြစ်သည်။ သူသည် ကျနော့်အနေဖြင့် များစွာ အားစိုက်စရာမလိုဘဲ သတ်ပစ်နိုင်သည့် လူစားမျိုး ဖြစ်၏။
"နောက်တစ်ယောက်၊ ၆၄၂၄"
ပြဿနာမှာ သူ့ကို သတ်ပြီးနောက် မည်သို့ဖြစ်လာမည်နည်းဟူသည့် အချက်ပင်။ စက်မှုဇုန်များ၏ အရှင်သခင်များမှာ မိစ္ဆာနယ်မြေ၏ ထိပ်တန်း 'စော်ဘွား' များ ဖြစ်ကြသည်။ စက်မှုဇုန်တစ်ခု၏ ကြီးကြပ်ရေးမှူး အသတ်ခံရပါက စော်ဘွားတစ်ဦးအနေဖြင့် သတိပြုမိသွားရန် အခွင့်အလမ်း ပိုများပေသည်။
ပြောစရာပင် မလိုတော့ဘဲ ကျနော်၏ လက်ရှိ ကိုယ်စားလှယ် ခန္ဓာကိုယ်ဖြင့် မိစ္ဆာနယ်မြေ၏ ထိပ်တန်းမိစ္ဆာကောင်များကို ရင်ဆိုင်ရန်မှာ အန္တရာယ် များလှသည်။
ကျနော်အနေဖြင့် မိစ္ဆာဘုရင်လောင်း ဝိသေသ လက္ခဏာကို အသုံးပြုနိုင်သော်လည်း အစောပိုင်းကတည်းက အာရုံစိုက်ခံရခြင်းမျိုးကို မလိုလားပေ။
ကျနော်သည် ကျနော့်၏ စုဆောင်းရေး တောင်းကို ကမ်းပေးလိုက်စဉ် အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ရှိနေလေသည်။ ဤနေရာတွင် အခြေအနေများ လွဲချော်သွားပါက နောင်လာမည့် အစီအစဉ်များမှာ သိသိသာသာ ခက်ခဲသွားပေလိမ့်မည်။
"ဟမ်... ဘာလဲဟ။ မင်းက အများကြီး သယ်လာတာပဲ"
ကံကောင်းထောက်မစွာဖြင့် ကျနော် သယ်လာသော ဇာတ်လမ်းအားလုံးကို မြင်ပြီးနောက် ကြီးကြပ်ရေးမှူး၏ မျက်နှာမှာ နီမြန်းသွား၏။ ဇာတ်လမ်းအပိုင်းအစပုံထဲတွင် ကျနော် ဝှက်ထားသော ပစ္စည်းများကို သူ ရှာတွေ့သွားမလားဟု တွေးမိသော်လည်း သူသည် ထိုမျှလောက်အထိ စေ့စပ်သေချာသော လူတစ်ယောက်ဟု ကျနော် မထင်ပေ။ ကြီးကြပ်ရေးမှူးသည် သူ၏ အတောင်ပံများကို ခတ်ကာ အော်ဟစ်လိုက်သည်။
"အားလုံးပဲ.. သူ့ကို အတုယူကြစမ်း။ အခုတလော အထွက်နှုန်းက မကောင်းဘူးကွ။ ဒီအတိုင်းသာဆိုရင် မင်းတို့ အားလုံး လောင်စာ ဖြစ်ကုန်ကြတော့မယ်"
ကြီးကြပ်ရေးမှူး၏ လှည့်စားမှုကြောင့် ဖယ်ရှားရေး ကျွန်များ၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများ ပြည့်နှက်သွား၏။ မည်မျှပင် ဆုံးရှုံးမှုများ ရှိနေပါစေ သေဆုံးရမည်ကို ကြောက်လန့်သည့် စိတ်မှာမူ ကျန်ရှိနေဆဲပင်။
"ကောင်းတယ်။ ၆၄၂၄၊ ဝင်ခဲ့တော့"
[ သင်သည် ဇာတ်ဝင်ခန်း နယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်ပါပြီ။ ]
……………………………………………………………………………………………..
ကြီးကြပ်ရေးမှူး၏ မျက်စိအောက်မှ လွတ်အောင်ရှောင်ကာ ဖယ်ရှားရေး ကျွန်အုပ်စုထဲမှ ကျနော်ထွက်ခွာလာခဲ့၏။
သယ်ဆောင်လာသော အမှိုက်ပုံကြီးကို ပြန်လှန်ရှာဖွေပြီး ပစ္စည်းများကို တစ်ခုချင်းစီ ဝတ်ဆင်လိုက်သည်။ လိုအပ်သည်များကို သိမ်းဆည်းကာ ကျန်သည်များကိုမူ စွန့်ပစ်ခဲ့၏။
လမ်းမအတိုင်း ကျနော်လျှောက်လာခဲ့ရာ မကြာမီမှာပင် ကျယ်ဝန်းသော ရင်ပြင်ကြီးတစ်ခု ပေါ်လာသည်။
လူသားများ ဟိုဟိုဒီဒီ သွားလာနေကြသည်ကို တွေ့ရ၏။ နတ်သူငယ်များ၊ အာဂျင်များနှင့် တစ်ခါတစ်ရံတွင် မိစ္ဆာများကိုလည်း တွေ့ရသည်။
မိစ္ဆာနယ်မြေကို လူသားများ နေထိုင်ရာ အရပ်ဟု ခေါ်ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ ကွဲပြားခြားနားသော ဒိုင်မင်းရှင်းများမှ ရောက်ရှိလာသည့် လူသားများသာမက များပြားလှသော မျိုးစိတ်ပေါင်းစုံတို့သည်လည်း ဤနေရာတွင် နေထိုင်ကြ၏။
ကုန်ပစ္စည်းအမျိုးမျိုးကို ရောင်းချနေသော ကုန်သည်များနှင့် ဈေးဆစ်ဝယ်ယူနေသူများလည်း ရှိနေကြ၏။ သုခဘုံနှင့် ဆင်တူသော ရွာကလေးတစ်ရွာ ပေါ်လာခြင်းပင် ဖြစ်သည်။ ဤနေရာသည် လူများ နေထိုင်ပြီး ဇာတ်လမ်းများ စုစည်းရာ အရပ်လည်း ဖြစ်သည်။
Ways of Survival ထဲမှ စာသားတစ်ကြောင်းကို ရုတ်တရက် ကျနော် သတိရသွား၏။
「 ဧရာမ တံတိုင်းကြီး ပတ်လည်ဝိုင်းထားသော မြို့တစ်မြို့။ နိမ့်ပါးသော သွပ်မိုးအိမ်ခေါင်မိုးများက မညီမညာသော မြို့ပြအသွင်အပြင်ကို ဖန်တီးထားသည်။ တစ်ခါတစ်ရံတွင် ရေနွေးငွေ့အင်ဂျင် တပ်ဆင်ထားသော ယာဉ်များ လမ်းမပေါ်တွင် ဖြတ်သန်းသွားသည်ကို တွေ့ရတတ်သည်။ ထိုမြို့မှာ အဆင့်အတန်းမျိုးစုံရှိသော ယဉ်ကျေးမှုများ ရောနှောနေသည့် မြို့တစ်မြို့ပင် ဖြစ်၏။ နက္ခတ်အများစုသည် ဤနေရာကို စောင့်ကြည့်ခြင်း မပြုကြသော်လည်း ထိုမြို့သည် သက်ရှိတို့၏ အိမ်ဂေဟာလည်း ဖြစ်သည်။ ထိုမြို့သည် လူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင် ဇာတ်ဝင်ခန်းများနှင့်အတူ အတူတကွ ရှင်သန်နေထိုင်ရာ အရပ်ပင်။ ဤနေရာမှာ စက်မှုဇုန်ပင် ဖြစ်သည်။ 」
အမှန်တကယ်ကို စာအုပ်ထဲတွင် ဖော်ပြထားသည့်အတိုင်းပင် ဖြစ်၏။ မိစ္ဆာနယ်မြေ၏ စက်မှုဇုန်ကို ပထမဆုံးအကြိမ် မြင်တွေ့ရသူတိုင်း ဤစကားကို ပြောမိကြပေလိမ့်မည်။ 'မိစ္ဆာနယ်မြေ' ဟူသော အမည်က ဤကဲ့သို့ ငြိမ်းချမ်းသော မြင်ကွင်းမျိုးကို စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်စေခဲ့ပေ။ သို့သော် ဤနေရာသည် လူသားများ စုဝေးနေထိုင်သည့် 'ကမ္ဘာမြေ' နှင့် များစွာ ကွာခြားမှု မရှိလှပေ။
ထိုသို့ တွေးတောနေသူများကို Ways of Survival ထဲမှ စာသားတစ်ကြောင်းဖြင့် ကျနော်က ပြောပြချင်မိသည်။
「 အကယ်၍ သင်သာ သေချာတွေးကြည့်ပါက လူသားတို့၏ ကမ္ဘာကြီးသည်လည်း မိစ္ဆာနယ်မြေကြီးသဖွယ် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ 」
မှန်ပေသည်။ ဤစကားများပင် ဖြစ်သည်။ Ways of Survival ပါ အကြောင်းအရာများကို ပြန်လည်အမှတ်ရရင်း ကျနော်သည် နက်ရှိုင်းသော ခံစားချက်များထဲတွင် နစ်မြောသွား၏။
၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ စစ်ဝစ်ဇ်စက်မှုဇုန်။ ဤနေရာတွင် ကျနော်သည် နက်ဗျူလာများကို ဆန့်ကျင်တိုက်ခိုက်ရာ၌ အတူပါဝင်မည့် ဇာတ်ကောင်တစ်ဦးနှင့် တွေ့ဆုံရမည် ဖြစ်သည်။ သို့သော် ထိုသူသည် ဘာကိုလုပ်ဆောင်ရတော့မည်ကို သိရှိဦးမည် မဟုတ်သော်လည်း...
[ စုပ်ယူထားသော ဇာတ်လမ်းအချို့သည် ဖွဲ့စည်းပုံဆိုင်ရာ ပဋိပက္ခများကို ဖြစ်ပေါ်စေနေပါသည်။ ]
...ကျနော် ထင်ထားသည်ထက် ပို၍ မြန်မြန်ဆန်ဆန် လှုပ်ရှားရပေတော့မည်။ ပို၍ ဆိုးသည်မှာ အားအင်ကုန်ခမ်းနေသော Fourth Wall သည်လည်း ဆက်လက် မတောင့်ခံနိုင်တော့ခြင်းပင် ဖြစ်၏။
「 အိပ် ငိုက် တယ် 」
အာ.. ဟေ့.. ခဏလေးနေဦး။
[ သီးသန့်စွမ်းရည် 'Fourth Wall' သည် ယာယီအားဖြင့် ငြိမ်သက်နေသော အခြေအနေသို့ ရောက်ရှိသွားပါသည်။ ]
ချီး… ဒီလိုအချိန်ကျမှတဲ့လားကွာ။
ရုတ်တရက် အအေးဓာတ်မှာ ကျနော့်ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပြီး မီးပွင့်များ ထွက်ပေါ်လာတော့သည်။
ထုတ်ပယ်ခံရခြင်း ပြစ်ဒဏ်ကြောင့် ကျနော့်ခန္ဓာကိုယ်မှာ မတည်မငြိမ် ဖြစ်လာပြီး ပတ်ဝန်းကျင်ရှိ လူအချို့မှာ ကျနော့်တည်ရှိမှုကို သတိပြုမိသွားကြ၏။
"ထုတ်…ထုတ်ပယ်ခံရသူတစ်ယောက်ပဲ"
လူများသည် ကျနော့်ထံမှ ကူးစက်ရောဂါတစ်ခုကို ရတော့မည်ကဲ့သို့ပင် ဝေးရာသို့ ပြေးထွက်သွားကြသည်။ လမ်းမကြီးပေါ်မှ အမြန်ဆုံး ကျနော်ထွက်ခွာခဲ့၏။ အချိန်က ကုန်ဆုံးနေပြီ ဖြစ်သည်။
『 ပျက်စီးသွားသော ကမ္ဘာကြီးတွင် ရှင်သန်နိုင်မည့် နည်းလမ်းသုံးသွယ် 』
ဤနေရာတွင် ကျနော်သည် ဇာတ်လမ်း၏ ဒုတိယမြောက် 'အဓိကဇာတ်ကောင်' ကို ရှာဖွေရပေတော့မည်။