အခန်း (၁၉၅-၁၉၆)
Vol. 14 Ch. 195-196
အခန်း ၁၉၅
- အပိုင်း ၃၇ - မိစ္ဆာနယ်မြေ၏ ရှုခင်း (၂)
"ဟာ... ထုတ်ပယ်ခံရသူတစ်ယောက်ပဲ"
"ဘာလဲဟ... သူက ဘယ်လိုလုပ်ပြီး ဒီထဲ ရောက်လာတာလဲ"
ကျနော့်ကို မြင်တွေ့သွားသည့် ကိုယ်စားလှယ်များက အော်ဟစ်လိုက်ကြ၏။
ကျနော်သည် လူအုပ်ကြားထဲမှ ဖြတ်ပြေးကာ မြို့ပြ၏ အရိပ်အာဝါသများအောက်တွင် ကိုယ်ကို ဖျောက်ထားလိုက်သည်။ ထုတ်ပယ်ခံရခြင်း ပြစ်ဒဏ်ကြောင့် ဇာတ်လမ်း အပိုင်းအစများသည် သွေးများကဲ့သို့ ကျနော့်ခန္ဓာကိုယ်မှ မြေပေါ်သို့ တောက်လျှောက် ကြွေကျနေ၏။ ဇာတ်လမ်း အပိုင်းအစအသစ်များကို စုပ်ယူထားနိုင်သဖြင့် ကျနော့် ညာဘက်လက်မောင်းနှင့် နှလုံးတစ်ဝိုက်မှာ တည်ငြိမ်နေသော်လည်း ကျန်ရှိသော ခန္ဓာကိုယ်အစိတ်အပိုင်းများမှာမူ ထိုသို့မဟုတ်ပေ။ ထိုအခြေအနေကို မြင်တွေ့သွားကြသဖြင့် ကျနော်သည် ထုတ်ပယ်ခံရသူတစ်ဦး ဖြစ်ကြောင်း ကိုယ်စားလှယ်များက ရိပ်မိသွားကြခြင်း ဖြစ်ပေလိမ့်မည်။
"ထုတ်ပယ်ခံရသူ ဘယ်ရောက်သွားတာလဲ... ငါတို့ သတင်းပို့သင့်တယ်။ မဟုတ်ဘူးလား"
"ထားလိုက်ပါ... သူ မကြာခင် သေတော့မှာပဲလေ... ငါတို့ သွားကြရအောင်"
ဤသည်က ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ထုတ်ပယ်ခံရသူတစ်ဦးကို မြင်တွေ့ဖူးသည်မှာ ဤအကြိမ်သည် ပထမဆုံး မဟုတ်သကဲ့သို့၊ ထုတ်ပယ်ခံရသူများက မည်သို့ တုံ့ပြန်မည်ကို မသိနိုင်သဖြင့် ကြောက်ရွံ့နေကြခြင်းလည်း ဖြစ်သည်။
ကျနော်သည် လမ်းကြားတစ်ခု၏ နံရံကို မှီထားလိုက်ရာ ကျနော့်ကို ရှာနေကြသူများသည် အလျှိုလျှို လူစုခွဲသွားကြ၏။ ထိုအချိန်တွင် ပေါ်လာသော မှော်မီးရထားကလည်း အခြေအနေကို ငြိမ်သက်သွားစေရန် တစ်ဖက်တစ်လမ်းမှ ကူညီပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ကိုယ်စားလှယ်များသည် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်ဆေးများ သုတ်လိမ်းထားသည့် မီးရထားကို မြင်တွေ့လိုက်ရသည်နှင့် ထိတ်လန့်တကြား ဆုတ်ခွာသွားကြ၏။
"ဖယ်ကြဟေ့... ဖယ်ကြ... အရာရှိတစ်ပါး ကြွလာနေပြီ"
မီးရထားတစ်စီးသည် စက်မှုဇုန်၏ ဗဟိုချက်ကို ဖြတ်သန်း မောင်းနှင်နေသည်။ ကျနော် သေချာမသိသော်လည်း ထိုသူမှာ အခြားစက်မှုဇုန်တစ်ခုမှ လာသော ဧည့်သည် ဖြစ်ဟန်တူ၏။ မီးရထားပေါ်တွင် မိစ္ဆာနယ်မြေ၏ အဆင့်မြင့် အရာရှိတစ်ပါးလည်း ပါဝင်လာနိုင်ပေသည်။ သုခဘုံမှ ရိန်းဟတ် ဗွန် ဂျာဘတ် ကဲ့သို့ အစွမ်းထက်သည့် ပုဂ္ဂိုလ်မျိုး ထိုမီးရထားပေါ်တွင် ပါလာနိုင်၏။
အကြောင်းရင်းကို ကျနော် မသိသော်လည်း ထိုမီးရထားမှာ စက်ရုံဆီသို့ အပြင်း မောင်းနှင်နေလေသည်။ မီးရထားသည် လမ်းဖြတ်ကူးနေသော ကိုယ်စားလှယ်များကိုပင် ဂရုမစိုက်ဘဲ အရှိန်မြှင့် မောင်းနှင်သွား၏။ ထိတ်လန့်သွားကြသော သာမန်အရပ်သားများကမူ တစ်တွတ်တွတ်နှင့် ညည်းတွားနေကြတော့သည်။
"ဒါက ဂီလိုဘတ်ရဲ့ မီးရထားနဲ့ တူတယ်... ခဏခဏကို မြင်နေရတာနော်"
"မပြောတတ်ဘူး။ ဒါတွေက အောက်တန်းစား အရာရှိတွေရဲ့ အလုပ်တွေပဲလေ"
"ဒီတစ်ခါတော့ ငါတို့ သိထားဖို့ လိုလိမ့်မယ်... ၇၃ ခုမြောက် မိစ္ဆာနယ်မြေကို ပေါင်းစည်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်ကွ"
ထိုစကားမှာ စိတ်ဝင်စားစရာ ကောင်းသော စကားဖြစ်သဖြင့် ကျနော်သည် လွင့်ပျံလာသော ထိုစကားသံများဆီသို့ အကြားအာရုံကို စူးစိုက်ထားလိုက်၏။
"မိစ္ဆာနယ်မြေကို ပေါင်းစည်းမလို့လား... ဟို စော်ဘွားကြီးတွေက သူတို့ရဲ့ လေးတိလေးကံဖင်ကြီးတွေကို မပြီး လှုပ်ရှားကြတော့မှာလား"
"ဟုတ်တယ်... မဲလ်လီဒွန် နဲ့ ဘာကန်တို့တော့ လှုပ်ရှားနေကြပြီ... စစ်ဝစ်ဇ် စက်မှုဇုန် ကတော့ တကယ်ကို အုတ်အော်သောင်းနင်းနေတော့မှာပဲ"
၇၃ ခုမြောက် မိစ္ဆာနယ်မြေကို အုပ်ချုပ်သော စော်ဘွား၏ အမည်ကို ကြားလိုက်ရသည်နှင့် အခြားကိုယ်စားလှယ်များလည်း ထိုစကားဝိုင်းထဲသို့ ဝင်ရောက်လာကြသည်။
"ဟာ... အဲဒီ ကောလဟာလက တကယ်ကြီးလား... ဒါပေမဲ့ ငါတို့ဆီမှာ မိစ္ဆာဘုရင် တစ်ပါးတောင် ရှိမနေတာ နှစ်ပေါင်း ထောင်ချီနေပြီလေ"
"ဒါဆိုရင် ဒီတစ်ခါတော့ မိစ္ဆာဘုရင်က ငါတို့ နယ်မြေကနေ ထွက်ပေါ်လာတော့မှာလား"
မေးခွန်းများမှာ တဖွဲဖွဲ ထွက်ပေါ်လာပြီး စကားကို စတင်ခဲ့သော ကိုယ်စားလှယ်ကမူ အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ပြန်ပြောလိုက်၏။
"ငါလည်း သေချာတော့ မသိဘူး... မိစ္ဆာဘုရင်တွေကြားထဲမှာ နတ်ဘုရားဆီက အမိန့်တော် တစ်ခု ပျံ့နှံ့နေတယ်လို့ပဲ ကြားတာပဲ... မိစ္ဆာဘုရင် အသစ်တစ်ပါး ထွက်ပေါ်လာတော့မယ့် အကြောင်းပေါ့..."
"စော်ဘွားတွေကတော့ သူတို့ကိုယ်သူတို့ မိစ္ဆာဘုရင် ဖြစ်လာလိမ့်မယ်လို့ ထင်နေကြတယ်"
Ways of Survival ထဲတွင်လည်း ဤကဲ့သို့သော စကားဝိုင်းမျိုးကို ကျနော် တွေ့ခဲ့ဖူး၏။ ဤကဲ့သို့သော ကောလဟာလမျိုး ထွက်ပေါ်လာမည့် အချိန်လည်း ရောက်နေပြီ ဖြစ်သည်။ ကျနော်သည် အချိန်အခါကောင်းတွင် ရောက်ရှိလာခဲ့ခြင်းပင်။
မိစ္ဆာဘုရင်...။
ကျနော်သည် ဝေးကွာသွားသော မီးရထားကို ကြည့်လိုက်မိသည်။ စက်မှုဇုန်များတွင်လည်း အဆင့်အတန်း သတ်မှတ်ချက်များ ရှိ၏။ 'အရာရှိများ' ဆိုသည်မှာ စက်မှုဇုန်များကို လွှမ်းမိုးချုပ်ကိုင်ထားသူများ ဖြစ်ကြသည်။
'နိုင်ငံသားများ' ဆိုသည်မှာ အဆင့်အတန်း အမျိုးမျိုးရှိသော ကိုယ်စားလှယ်များ ဖြစ်ကြပြီး မိမိတို့၏ ဇာတ်လမ်းများကို ဆုံးရှုံးကာ အဆင့်နိမ့်ကျသွားသူများကိုမူ 'ဖယ်ရှားရေး ကျွန်များ' ဟု ခေါ်ဆိုကြသည်။
လောလောဆယ်တွင် ဤလူတန်းစား သုံးရပ်သာ ရှိသော်လည်း မိစ္ဆာဘုရင် တစ်ပါး ပေါ်ထွက်လာသည်နှင့် ဇာတ်လမ်းမှာ လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။
မိစ္ဆာဘုရင်ဆိုသည်မှာ မိစ္ဆာနယ်မြေတစ်ခုကို အုပ်ချုပ်သည့် အုပ်စိုးရှင်ဖြစ်ပြီး ကမ္ဘာတစ်ခုတွင် အကြွင်းမဲ့ အာဏာပိုင်ဆိုင်သူလည်း ဖြစ်သည်။ ဤနေရာရှိ မျိုးစိတ်များအနေဖြင့် မိစ္ဆာဘုရင်ကို ဖီဆန်ရန် နည်းလမ်းမရှိပေ။
မိစ္ဆာနယ်မြေများတွင် မိစ္ဆာဘုရင်များသည် ဒဏ္ဍာရီလာအဆင့် နက္ခတ် တစ်ပါးကဲ့သို့ပင် အစွမ်းထက်သော အဆင့်အတန်းမျိုး ရှိကြသည်။ ထို့ကြောင့်လည်း ၇၃ ခုမြောက် မိစ္ဆာနယ်မြေမှ စော်ဘွားများသည် ထိုကဲ့သို့သော မိစ္ဆာဘုရင် တစ်ပါး ပေါ်ထွက်လာခြင်းကို တားဆီးရန် ကြိုးပမ်းနေကြခြင်း ဖြစ်ပေလိမ့်မည်။
မိစ္ဆာဘုရင် တစ်ပါး ပေါ်ထွက်လာသည်နှင့် လက်ရှိ အာဏာစနစ်မှာ ပြိုလဲသွားရန်မှာ အချိန်ပိုင်းသာ လိုတော့မည်ဖြစ်သည်။
သို့သော်လည်း မိစ္ဆာဘုရင် တစ်ပါးကိုတော့ ဖန်တီးရပေမည်။ ထိုအကြောင်းရင်းကြောင့်ပင် ကျနော်သည် မိစ္ဆာနယ်မြေသို့ လာခဲ့ခြင်း ဖြစ်သည်။
– ဒုတိယမြောက် သတင်းအချက်အလက်။ 'အီတီကာ နာရီဆိုင်' ကို ရှာဖွေပါ။
မက်ဆေ့ချ်အသစ် တစ်ခု ရောက်ရှိလာသဖြင့် ကျနော်သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိသည်။ အမှောင်ထုထဲတွင် အကျိတ်နှင့်လူ ၏ အားနည်းသော စွမ်းအင်ကို ခံစားလိုက်ရ၏။ ကံကောင်းထောက်မစွာပင် ထို အကျိတ်နှင့်လူ မှာ တာဝန်မဲ့စိတ်ရှိသူ မဟုတ်ပေ။
ဒိုကဲဘီ များကြားတွင် ' ကိုယ်ကျင့်တရားကို အကျိတ်နှင့်လူ ဆီကနေတောင် သင်ယူရတဲ့ကောင်' ဟူသော ဆိုရိုးစကား ရှိသော်လည်း ထိုစကားမှာ ဒိုကဲဘီ များက အကျိတ်နှင့်လူ များကို မုန်းတီးကြသောကြောင့် ပြောဆိုခြင်းသာ ဖြစ်ပေသည်။
– အဲဒီနေရာမှာ အလိုရှိတာကို ရနိုင်လိမ့်မယ်။
ကျနော်သည် အသာအယာ ခေါင်းငြိမ့်ပြလိုက်ရာ အကျိတ်နှင့်လူ မှာ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
အီတီကာ နာရီဆိုင်။ အကျိတ်နှင့်လူ သည် မိစ္ဆာနယ်မြေ၏ ဇာတ်ဝင်ခန်းကို ရရှိနိုင်မည့် နည်းလမ်းကို သိရှိထားပုံရသည်။
အမှန်စင်စစ် Ways of Survival ထဲတွင်လည်း နာရီဆိုင်နှင့် ပတ်သက်သော သတင်းအချက်အလက်များ ပါရှိပြီးသား ဖြစ်သည်။ သို့သော်လည်း မလိုအပ်ဘဲ အာရုံစိုက်မခံရစေရန်အတွက် အကျိတ်နှင့်လူ ထံမှ သတင်းအချက်အလက်ကို ကျနော် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဖြစ်နိုင်စွမ်းနှင့်အညီ လှုပ်ရှားရန်မှာ လိုအပ်ပေသည်။
ကျနော်သည် ကျိုးပဲ့တော့မည့် ကျနော့်၏ ဘယ်ဘက်လက်မောင်းကို ငုံ့ကြည့်လိုက်၏။ နာရီဆိုင်သို့ သွားရုံနှင့် ဇာတ်ဝင်ခန်းကို ချက်ချင်း ရရှိနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ထုတ်ပယ်ခံရခြင်း ပြစ်ဒဏ်ကို သက်သာစေမည့် နည်းလမ်းတစ်ခုတော့ ရှိ၏။ အီတီကာ နာရီဆိုင်ဆိုသည်မှာ မူလကတည်းက ထိုရည်ရွယ်ချက်အတွက် တည်ရှိနေသော နေရာတစ်ခု ဖြစ်သည်။
ကျနော်သည် အချိန်ဆွဲမနေဘဲ လှုပ်ရှားလိုက်သည်။
ဒီနေရာ မဟုတ်ဘူး။ ဒီလမ်းကြားလည်း မဟုတ်ဘူး။
ကျနော်သည် ကျိုးပဲ့နေသော ဇာတ်လမ်းများကို မမြင်ရစေရန် ဝတ်ရုံကော်လာကို ဆွဲတင်လိုက်ပြီး စက်မှုဇုန်၏ လမ်းကြားများထဲသို့ ပြေးဝင်ခဲ့တော့သည်။
သို့သော်လည်း နာရီဆိုင်ကို ကျနော် ရှာမတွေ့ခဲ့ပေ။ ထိုသို့ရှာမတွေ့ခြင်းမှာ သဘာဝကျလှ၏။ မိစ္ဆာနယ်မြေတွင် နာရီဟူသော အရာမျိုး မရှိပေ။ ထိုကဲ့သို့သော အရာများသည် လူသားများကဲ့သို့ သက်တမ်းတိုတောင်းသော သတ္တဝါများ အတွက်သာ အဓိပ္ပာယ်ရှိပေသည်။
Ways of Survival ကိုသာ ဖတ်ရှုနိုင်မည်ဆိုပါက ရှာဖွေရသည်မှာ ပို၍ လွယ်ကူပေလိမ့်မည်။ စမတ်ဖုန်း မရှိသောကြောင့် စာသားဖိုင်ကို ဖတ်ရှုရန် နည်းလမ်းမရှိပေ။ ဤသို့ ဖြစ်လာမည်ကို သိခဲ့လျှင် ဘီဟွန်းကို ကျနော့်အတွက် စမတ်ဖုန်းတစ်လုံး ကြိုတင်ပြင်ဆင်ခိုင်းထားခဲ့မိလောက်မည်မှာ သေချာသည်။
စွန့်စားပြီး တစ်ယောက်ယောက်ကို အီတီကာ နာရီဆိုင်ရဲ့ တည်နေရာဘယ်မှာလဲ မေးမြန်းကြည့်သင့်လား။
ရုတ်တရက် တစ်စုံတစ်ယောက်က ကျနော့်ပုခုံးကို ဝင်တိုက်မိသွားသည်။
"စောက်လုံးကန်းနေတာလား"
"အာ... တောင်းပန်ပါတယ်..."
"တောင်းပန်ရုံနဲ့ ပြီးရောလား။ ချီးပဲ... ခင်ဗျားကြောင့် ကျုပ်ရဲ့ စက်ပစ္စည်းအပိုင်းအစတွေ ပြုတ်ကျကုန်ပြီ။ ရှီး..."
ထိုသူမှာ အသက် ၁၅ နှစ်ခန့်သာ ရှိသေး၏။ စက်ပစ္စည်းအပိုင်းအစများကို သယ်ဆောင်ထားသော အလွန်ချောမောသည့် လူငယ်လေးတစ်ဦးမှာ အေးစက်သော မျက်လုံးများဖြင့် ကျနော့်ကို စိုက်ကြည့်နေသည်။
"အဲ... ကောင်းပါပြီ... တောင်းပန်ပါတယ်"
ကျနော်သည် ဆဲဆိုခံရရန် လိုအပ်သလားဟု တွေးတောနေမိသော်လည်း ထိုကောင်လေးက ကျနော့်ထက် ပို၍ မြန်မြန် ပြောလိုက်သည်။
"ခင်ဗျားတောင်းပန်တယ်ဆိုရင်လည်း မြန်မြန် ကောက်ပေးလေ"
ထိုချောမောသော နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသော ကြမ်းတမ်းသည့် စကားလုံးများကြောင့် ကျနော် အံ့အားသင့်သွားပြီး ပြုတ်ကျနေသော အစိတ်အပိုင်းများကို ကောက်ပေးလိုက်မိသည်။ ယခင်က 'ကင်ဒေါ့ဂျာ' အဟောင်း ပြန်လည်ပေါ်ထွက်လာသကဲ့သို့ပင်။
ကျနော် အစိတ်အပိုင်းများကို မြန်မြန်ဆန်ဆန် ကောက်ပေးလိုက်သောကြောင့် ထိုကောင်လေးက ရယ်မောလိုက်၏။
"ချီးပဲ... ဒီတစ်ခါတော့ ခင်ဗျားကို လွှတ်ပေးလိုက်မယ်။ နောက်ခါ သတိထား"
ကောင်လေးသည် အစိတ်အပိုင်းများကို ယူလိုက်ပြီး ထူးခြားသော မျက်လုံးများဖြင့် ကျနော့်ကို တစ်ချက်ကြည့်ကာ ရှေ့သို့ ပြန်လည် ပြေးထွက်သွားသည်။ ထိုစဉ် ဘာကြောင့်မှန်းမသိ ကျနော်သည် ထိုကောင်လေး၏ မျက်နှာကို မြင်လိုက်ရပြီး ခေါင်းကို တူဖြင့် အထုခံလိုက်ရသလို ခံစားလိုက်ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျနော့်ထက် ငယ်ရွယ်သူတစ်ဦး၏ ဆူပူခြင်းကို ခံရသောကြောင့် မဟုတ်ပေ။
ထိုကောင်က...။
စိတ်ကူးယဉ်ဝတ္ထုတိုင်းကဲ့သို့ပင် Ways of Survival ထဲတွင်လည်း ချောမောလှပသော ဇာတ်ကောင်များ ရှိကြသည်။
ထိုချောမောလှပသော ဇာတ်ကောင်များထဲတွင် 'ယူဂျွန်ဟော့ နှင့် အဆင့်အတန်း တူညီသည်' ဟု ဖော်ပြခြင်းခံရသူများ ရှိ၏။ ငြိမ်းချမ်းမြေ တွင် ကျနော်တွေ့ခဲ့သော ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် မှာ ထိုကဲ့သို့လူမျိုးပင်။
ဤကမ္ဘာတွင် ကိုင်ရီယော့စ် ထက် ပို၍ လှပသော လူများ ရှိနေသေးသည်။
「 ထိုကောင်လေးသည် ယူဂျွန်ဟော့ပင် ပါးရိုက်ခံရနိုင်လောက်အောင် အလွန်အမင်း လှပလွန်းလှသည်။ 」
ဤကဲ့သို့သော ဖော်ပြချက်မျိုးသည် Ways of Survival ထဲတွင် လူသုံးဦးကိုသာ သုံးနှုန်းထားခြင်း ဖြစ်သည်။
"မင်းကို ရှာတွေ့ပြီ"
……………………………………………………………………………………………
ကြီးမားသော လမ်းမကြီးတစ်ခု ရှိနေပြီး ဆိုင်၏ စင်တစ်ခုလုံးမှာလည်း ပျက်စီးနေခဲ့သည်။
ချီး... ဒါနဲ့ဆို သုံးကြိမ်ရှိပြီ။
ထိုစင်မှာ အလုပ်လုပ်ရန် ပြင်ဆင်ထားသည့် စင်လည်း ဖြစ်သည်။
အီတီကာ ၏ နာရီပြင်ဆရာမ အိုင်လင်း သည် ဆဲရေးလိုစိတ်ကို အောင့်အည်းသည်းခံကာ တည်ငြိမ်သော အပြုံးဖြင့် မေးမြန်းလိုက်သည်။
"ရှင်တို့ ဘာလုပ်နေကြတာလဲ"
"ဘာလုပ်နေတာလဲ ဟုတ်လား။ သုံးကြိမ်တိုင်တိုင် ရှိနေပြီဆိုတော့ နင် သိသင့်နေပြီ မဟုတ်ဘူးလား"
"မဟုတ်ဘူး... ကျမ ပြောချင်တာက နာရီဆိုင်ရှင်ဆီကနေ ရှင်တို့ ဘာကို အလိုရှိနေကြတာလဲ"
အိုင်လင်း သည် ရှေ့မှ မိစ္ဆာနှစ်ကောင်ကို ရင်ဆိုင်ရင်း ထိတ်လန့်တုန်လှုပ်နေမိသည်။
ထိုမိစ္ဆာနှစ်ကောင်မှာ မိစ္ဆာရွာစား မီလန် နှင့် မိစ္ဆာနယ်စား ဆီလော့ခ် တို့ ဖြစ်ကြသည်။ ထိုမိစ္ဆာနှစ်ကောင်မှာ စစ်ဝစ်ဇ် စက်မှုဇုန် တွင် နာမည်ကျော်ကြားသော အရာရှိများ ဖြစ်ကြသည်။ မိစ္ဆာတစ်ကောင်မှာ ရှည်လျားသော လက်ကို ဆန့်ထုတ်ပြီး အိုင်လင်းမျက်နှာကို ထိုးကာ ရယ်မောလိုက်၏။
"အု..."
အိုင်လင်း သည် မေးစေ့ကို အထိုးခံလိုက်ရသဖြင့် ညည်းတွားလိုက်မိသည်။
မိစ္ဆာနယ်စား ဆီလော့ခ် သည် အိုင်လင်း ၏ ဖြူစင်သော အသားအရေပေါ်ရှိ ဒဏ်ရာကို သေချာစွာ ကြည့်ရှုရင်း ရယ်မောလိုက်သည်။
"နင်က သာမန် နာရီပြင်ဆရာမတစ်ယောက် မဟုတ်တာတော့ မှန်တယ်။ ဒါပေမဲ့ စော်ဘွားကြီးကိုယ်တိုင် သုံးကြိမ်တိုင်တိုင် လာရောက်တွေ့ဆုံရလောက်အောင်တော့ နင်က အဆင့်မမြင့်သေးဘူး။ သုံးပြည်ထောင်စစ်ပွဲထဲကလို ခေါင်းဆောင်ကြီးက သက်ကယ်တဲဆီ သုံးကြိမ်သုံးခါ လာတွေ့မှာလည်း မဟုတ်ဘူး။ နင်က 'အိပ်ပျော်နေတဲ့ နဂါး'မဟုတ်ဘူးလေ။ 'အိပ်ပျော်နေတဲ့ နဂါး' ဆိုတာ ဘာလဲဆိုတာ နင် သိလား"
"...ရှင်ပြောတဲ့သုံးပြည်ထောင်စစ်ပွဲကိုရော၊ အိပ်ပျော်နေတဲ့ နဂါးဆိုတာကိုရော ကျမ မသိပါဘူး။ ပြီးခဲ့တဲ့တစ်ခါက ရှင်တို့အတွက် ကျမ လုပ်ပေးခဲ့ပြီးပြီလေ။ ဒီတစ်ခါတော့ ကျမ မကူညီနိုင်တော့ဘူး"
နာရီဆိုင်အတွင်းရှိ အငွေ့အသက်မှာ အေးခဲလာခဲ့သည်။ ၎င်းမှာ မိစ္ဆာအရာရှိတစ်ဦး၏ စွမ်းအားပင်။ အိုင်လင်း သည် ကြောက်လန့်တုန်လှုပ်မှုကြောင့် မျက်နှာဖြူလျော်သွားကာ တုန်ရင်နေမိသည်။
"အိုင်လင်း... ဒါက ဘာလဲ။ လူမိုက်တွေဆီက ငွေချေးမိလို့လား"
နာရီဆိုင်ရှေ့တွင် တစ်စုံတစ်ယောက် ရပ်နေခဲ့သည်။ ဆီလော့ခ် သည် တံခါးဝတွင် ရပ်နေသော လူငယ်လေးကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"မင်းက နာရီဆိုင်က ပါးစပ်သရမ်းတဲ့ကောင်ပဲ။ အသတ်ခံချင်နေတာလား"
"သူ့ကို ငါ ဗျင်းလိုက်မယ်"
မိစ္ဆာရွာစား မီလန် က ထိုကောင်လေး၏ လည်ပင်းကို ညှစ်ကာ မြှောက်လိုက်သည်။
ချောမောသော ထိုကောင်လေးမှာ မီလန် ကို ငုံ့ကြည့်လိုက်ရာ မီလန် က ပြောလိုက်သည်။
"ငါ လာတိုင်း ခံစားမိတယ်။ မင်းက တကယ်ကို ချောတာပဲ"
"ခင်ဗျားကို မြင်တိုင်း ကျုပ် ခံစားရတာကတော့... ခင်ဗျားက တကယ်ကို ရွံစရာကောင်းတာ"
မီလန် ၏ ဘယ်ဘက်လက်သီးမှာ ကောင်လေး၏ ဝမ်းဗိုက်ကို ထိုးနှက်လိုက်သည်။ တစ်စုံတစ်ခု ထိမိသွားသည့် အသံ ထွက်ပေါ်လာသော်လည်း ကောင်လေး၏ အကြည့်များမှာမူ လုံးဝ ပြောင်းလဲခြင်း မရှိပေ။ မီလန် သည် ထိုအကြည့်ကို စိုက်ကြည့်ရင်း ရယ်မောလိုက်၏။
"ဒီလိုအကြည့်မျိုးနဲ့ဆိုရင်တော့ စော်ဘွားကြီးရဲ့ မယားငယ်ဖြစ်ဖို့ လုံလောက်ပါတယ်"
"တစ်နာရီဘယ်လောက်ပေးမှာလဲ။ မလောက်ဘူးဆိုရင်တော့ ငါဖင်ခံမှာမဟုတ်ဘူး..."
ထပ်မံ၍ တစ်စုံတစ်ခုကို ထိုးနှက်လိုက်သည့် အသံ ထွက်ပေါ်လာသည်။ အိုင်လင်း သည် ကောင်လေး၏ သွေးစွန်းနေသော ပါးစပ်ကို ကြည့်ရင်း မျက်နှာ တင်းမာသွားခဲ့သည်။
"သူ့ကို ဓားစာခံအဖြစ် ဖမ်းထားကြစို့"
ထို့နောက် မိစ္ဆာမီလန်သည် နောက်ပြောင်နေသကဲ့သို့ လက်ကို ဖယ်လိုက်သည်။
"ဟီးဟီး... ဘာလို့ဓါးစာခံဖမ်းရမှာလဲ။ ငါတို့က လူကြီးလူကောင်းတွေပဲလေ"
ထိုလူငယ်လေးမှာ မြေပြင်ပေါ်သို့ လဲကျသွားကာ ညည်းတွားနေခဲ့သည်။
"ဒါဆိုရင် နင်က ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တာပေါ့လေ။ ငြင်းပယ်လိုက်ကြောင်း စော်ဘွားကြီးကို ငါ ပြန်ပြောလိုက်ရမလား"
"ဟုတ်ကဲ့။ စိတ်မကောင်းပါဘူး"
အံ့ဩစရာကောင်းလောက်အောင်ပင် ပတ်ဝန်းကျင်အငွေ့အသက်မှာ ပြန်လည်တည်ငြိမ်သွားခဲ့ပြီး အိုင်လင်း သည် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ အိုင်လင်း အနေဖြင့် ဤအလုပ်ကို မလုပ်ချင်ခဲ့ပေ။ အကယ်၍သာ ဤအလုပ်ကို လက်ခံလိုက်မည်ဆိုပါက ထောင်ပေါင်းများစွာသော မြို့သူမြို့သားများကို စတေးရပေလိမ့်မည်။
ထိုအခါ ဆီလော့ခ် က နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်တော့ ပေးဖို့ နောက်ကျနေတဲ့ နင့်ရဲ့အခွန်တွေကို ငါ ကောက်ခံရတော့မှာပဲ။ စော်ဘွားကြီးက ငါ့ကို အခွန်ကောက်ဖို့ ခိုင်းထားတယ်"
"အခွန် ဟုတ်လား။ အခုထက်ထိ ကျမက အခွန်ကင်းလွတ်ခွင့် ရထားတာပဲလေ..."
"အဲဒါက အခုထိပဲလေ။ နောက်ဆို မဟုတ်တော့ဘူး"
မျှော်လင့်ထားသည့်အတိုင်းပင် လွယ်လွယ်နှင့် လွတ်မြောက်နိုင်မည့် နည်းလမ်း မရှိခဲ့ပေ။ အိုင်လင်း သည် နှုတ်ခမ်းကို ဖိကိုက်ထားရင်း မေးမြန်းလိုက်သည်။
"...ဘယ်လောက်လဲ"
"ဒင်္ဂါး ၅၀၀၀၀"
ဒင်္ဂါး ၅၀၀၀၀။
ထိုပမာဏမှာ အိုင်လင်း အတွက်တော့ မဟားဒယား များပြားလွန်းသော ပမာဏပင်။ အခြား ဇာတ်ဝင်ခန်း နယ်မြေများတွင် ကွဲပြားနိုင်သော်လည်း စစ်ဝစ်ဇ် စက်မှုဇုန် တွင်မူ ဒင်္ဂါးများသည် တန်ဖိုးအရှိဆုံး ငွေကြေးများထဲမှ တစ်ခု ဖြစ်သည်။
"ဒီမှာက နက္ခတ်တွေတောင် မရှိသလောက်ပဲလေ။ ဒီလောက်များတဲ့ ငွေပမာဏကို မပေးနိုင်ပါဘူး"
"နင် မပေးနိုင်ဘူးဆိုရင်တော့ ဒီကောင်လေးကို ငါ ခေါ်သွားရလိမ့်မယ်။ သူသာ မယားငယ် ဖြစ်သွားရင်တော့ နင်လည်း ဒင်္ဂါး ၅၀၀၀၀ ရနိုင်တာပေါ့"
ခြိမ်းခြောက်ခံနေရသော ကောင်လေးမှာမူ ဂရုမစိုက်သည့်အပြင် လေချွန်လိုက်သေးသည်။
"ဝိုး... ဒင်္ဂါး ၅၀၀၀၀ တောင်လား။ အိုင်လင်း... အခွန်မပေးနဲ့။ အဲဒီပိုက်ဆံကိုပဲ ယူလိုက်တော့"
"...မင်းရဲ့ အဲဒီလို အပြောအဆိုမျိုးကို မကြာခင်မှာ အော်ဟစ်သံ ဖြစ်သွားအောင် ငါ လုပ်ပေးမယ်"
"တကယ်လား။ ချီး... ကျုပ်တော့ မျှော်လင့်နေပြီ"
ကောင်လေးက စကားများနေသော်လည်း အိုင်လင်း ၏ မျက်နှာတွင်မူ မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်နေခဲ့သည်။ အိုင်လင်း သည် ဤကောင်လေးနှင့် ကြာရှည်စွာ ပတ်သက်ခဲ့ဖူးသဖြင့် အပေါ်ယံတွင် စကားကြမ်းသော်လည်း စိတ်ထဲတွင်မူ တစ်မျိုး တွေးနေတတ်သည်ကို သိရှိထားသည်။ မိစ္ဆာနယ်စား ၏ ပါးစပ်မှ နောက်ဆုံးသတိပေးချက် ထွက်ပေါ်လာခဲ့၏။
"အိုင်လင်း မိတ်ကာဖီးလ်။ စော်ဘွားကြီးရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်စမ်း။ ဒါက နောက်ဆုံးအကြိမ် ကမ်းလှမ်းတာပဲ"
အိုင်လင်း သည် မြို့သူမြို့သားများ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ခိုင်မာသော စိတ်နှလုံး ရှိသောကြောင့်သာ ဤရာထူးကို ရရှိခဲ့ခြင်း ဖြစ်သည်။ အိုင်လင်း သည် စကားမပြောမီ ခဏတာ ဝေခွဲမရ ဖြစ်နေခဲ့သည်။
"ကျမ..."
ကျွိ။
ထိုစဉ် တစ်စုံတစ်ယောက်က နာရီဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
…………………………………………………………………………………………….
“ဘာလဲဟ”
ကျနော့်ကို ပထမဦးဆုံး ဆီးကြိုလိုက်သည်မှာ နာရီဆိုင်ပိုင်ရှင် မဟုတ်ပေ။ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသည့် မိစ္ဆာအရာရှိများကို ကျနော် မြင်လိုက်ရသည်။ အပြင်ဘက်က အခြေအနေကို အကြမ်းဖျင်း ကြားသိထားပြီးဖြစ်ရာ ဘာတွေဖြစ်ပျက်နေသည်ကို ကျနော် နားလည်လိုက်သည်။
ချောမောလှပသော လူငယ်လေးမှာ မုန်းတီးမှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေခဲ့၏။
ကျနော်က ထိုမိစ္ဆာများအစား ချောမောသော ကောင်လေးကို အနီးကပ် စိုက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။
“ငါက ဝယ်သူတစ်ယောက်ပါ...”
ကျနော့်အဖြေက ယဉ်ကျေးသော်လည်း မိစ္ဆာများ၏ မျက်နှာပေးမှာ ခက်ထန်သွားခဲ့သည်။
“မင်းက မြို့သားတစ်ယောက်လား။ မင်း ဘယ်ကလာသလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ အခုပဲ ထွက်သွားလိုက်စမ်း။ ငါတို့ အခု အခွန်ကောက်နေတာ”
“အခွန် ဟုတ်လား... ပိုက်ဆံတွေ အများကြီး ရှာနိုင်ရင် အခွန်တွေ အများကြီး ပေးရတာက အဓိပ္ပါယ်ရှိတယ်။ ဒါပေမဲ့ ပိုက်ဆံ နည်းနည်းပဲ ရှာနိုင်တော့တဲ့အချိန်မှာ အခွန်တွေက ဘာလို့ပိုတိုးလာရတာလဲ”
“ဘာပြောတယ်”
ကျနော်က မိစ္ဆာအရာရှိများကို ဖြတ်ကျော်ကာ ဆိုင်ပိုင်ရှင်ဆီသို့ ချဉ်းကပ်သွားလိုက်သည်။
“ဟေ့... နေဦး”
ကြောင်တောင်တောင် ဖြစ်သွားသော မိစ္ဆာအရာရှိများက ကျနော့်ကို ဖမ်းဆီးရန် လက်လှမ်းလိုက်သော်လည်း မမှီလိုက်ပေ။ ကျနော်က သူတို့ကို အသာအယာ ခါထုတ်လိုက်သောအခါ မိစ္ဆာအရာရှိများမှာ အံ့အားသင့်သွားကြသည်။ ကျနော်က သူတို့ကို အရေးမလုပ်ဘဲ ပျက်စီးနေသော စင်ပေါ်မှ နာရီများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ၎င်းတို့ထဲမှ တစ်လုံးကို ဂရုတစိုက် ကောက်ယူလိုက်၏။
“ပစ္စည်းကောင်းတွေ အများကြီး ရှိတာပဲ”
အိုင်လင်း သည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး ကျနော့်ဆီ ချဉ်းကပ်လာသည်။
“...ပစ္စည်းကောင်းတွေကတော့ အမြဲရှိနေတာပါပဲ။ ပစ္စည်းကောင်းကို တန်ဖိုးထားတတ်တဲ့ ပိုင်ရှင်ကသာ ရှားတာပါ”
ကျနော် မပြုံးဘဲ မနေနိုင်တော့ပေ။ ဤသည်မှာ အမှန်တကယ်ပင် Ways of Survival ၏ အပြောအဆို ပုံစံမျိုးပင် ဖြစ်၏။ လင်းဘာ့ဂ် ဂြိုဟ်မှ မှော်အင်ဂျင်နီယာ အိုင်လင်း မိတ်ကာဖီးလ်။ စိုးရိမ်ပူပန်နေသော အိုင်လင်း ကို ကျနော်တစ်ချက် ကြည့်လိုက်သည်။
အိုင်လင်း ၏ ရင်ထဲတွင်မူ နာရီလက်တံများ တုန်ခါနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ရုတ်တရက် ပေါ်လာသော သံသယဖြစ်ဖွယ် ဝယ်သူသည် မျှော်လင့်ချက် ကြိုးမျှင်လား သို့မဟုတ် သူ့ကို ငရဲထဲသို့ ပစ်ချမည့်သူလား ဆိုသည်ကို ရင်တုန်စွာဖြင့် စောင့်ကြည့်နေခြင်းဖြစ်၏။
အိုင်လင်း ၏ စိုးရိမ်ပူပန်မှုအချို့ကို လျှော့ချပေးရန် ကျနော် ဆုံးဖြတ်လိုက်သည်။
“ထူးခြားတဲ့ ပစ္စည်းတစ်ခုကို မှာချင်လို့ပါ။ ငါ့အတွက် တစ်ခုလောက် လုပ်ပေးနိုင်မလား”
ကျနော့်စကားကြောင့် အိုင်လင်း ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ‘ထူးခြားသော’ အရာတစ်ခုအတွက် ဤနေရာသို့ လာမည့် ဝယ်သူမျိုးမှာ တစ်မျိုးတည်းသာ ရှိသည်။
အိုင်လင်း က မိစ္ဆာအရာရှိ များကို ကြည့်လိုက်ပြီးနောက် ဂရုတစိုက် မေးမြန်းလိုက်သည်။
“...အဖိုးအခဘယ်လောက်ပေးမှာလဲ”
ကျနော်က အိုင်လင်း ကို ပြုံးပြလိုက်ပြီးနောက် ကျနော့်ကို စိုက်ကြည့်နေသော မိစ္ဆာအရာရှိများကို ပြန်ကြည့်လိုက်သည်။
“ဒင်္ဂါး ၅၀၀၀၀”
…………………………………………………………………………………………..
ရှေးခေတ် ‘သုံးပြည်ထောင်ဇာတ်လမ်း’ ထဲတွင် လျူပေ့သည် ကျူးကော့လျန် ထံသို့ သုံးကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး သူ့ကို အကြံပေးအဖြစ် ခေါ်ယူခဲ့သည်။ ကျူးကော့လျန်ကို အိပ်ပျော်နေသော နဂါးဟုလည်း ခေါ်ကြ၏။
အခန်း ၁၉၆
- အပိုင်း ၃၇ - မိစ္ဆာနယ်မြေ၏ ရှုခင်း (၃)
“နေဦး... ခင်ဗျားက...”
ချောမောလှပသော လူငယ်လေးသည် ကျနော့်ကို မှတ်မိသွားပုံရပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ထိုလူငယ်လေး ထပ်မံစကားမပြောနိုင်ခင်မှာပင် လျင်မြန်ဖြတ်လတ်သော အိုင်လင်းက ကျနော့်ဒင်္ဂါးများကို အလောတကြီး လက်ခံလိုက်သည်။
“ဒင်္ဂါး ၅၀၀၀၀။ ပေးလိုက်ပြီနော်”
“တ-တကယ်ကြီး ဒင်္ဂါး ၅၀၀၀၀ လား...”
အံ့အားသင့်သွားသော ကောင်လေးသည် အိုင်လင်း နှင့် ကျနော့်ကို တစ်လှည့်စီကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
ဇာတ်ဝင်ခန်းတွေနှင့် ယှဉ်လျှင် ဒင်္ဂါး ၅၀၀၀၀ ဆိုသည်မှာ သိပ်မများသော်လည်း မိစ္ဆာနယ်မြေတွင်မူ အတော်အတန် များပြားသော ပမာဏဖြစ်သည်။
ဤနေရာသည် မိစ္ဆာဘုရင်များကြောင့် နက္ခတ်များ လာရောက်လည်ပတ်လေ့ မရှိသော နယ်မြေတစ်ခုလည်း ဖြစ်၏။
ဟုတ်ပေသည်။ ကျနော့်စံနှုန်းအရတော့ ဒင်္ဂါး ၅၀၀၀၀ ဆိုသည်မှာ မုန့်ဖိုးလောက်သာ ရှိလေသည်။
[ငြိမ်းချမ်းမြေ တွင် 'ကင်ဒိုဂျေဂါ၏ ဒဏ္ဍာရီ ပထမပိုင်း' ပြီးမြောက်သွားပါပြီ။]
[ထိုနယ်မြေ၏ ရှေ့ဆောင်လမ်းပြများက သင့်အပေါ် ယုံကြည်ကိုးစားကြောင်း ဟောပြောနေကြပါသည်။]
[ဒင်္ဂါး ၁၅၀၀၀ ရရှိပါသည်။]
ကျနော်က ဒင်္ဂါးများကို အချိန်နှင့်တပြေးညီပင် ရရှိနေခဲ့သည်။ ဤသည်မှာ နက္ခတ် တစ်ပါးဖြစ်ရခြင်း၏ အားသာချက်ပင် ဖြစ်သည်။ ထောက်ပံ့သူ မရှိသည့်တိုင် ကျော်ကြားရုံဖြင့် ကျနော်က ပိုက်ဆံရှာနိုင်နေပြီ ဖြစ်သည်။
တောင့်တင်းသွားသော မိစ္ဆာအရာရှိများမှာ သတိဝင်လာပြီး ပြန်တုံ့ပြန်၏။
“မင်းက ဘယ်သူလဲ”
ကျနော်က သူတို့၏ အချက်အလက်များကို ကြည့်လိုက်သည်။
မိစ္ဆာနယ်စား ဆီလော့ခ် နှင့် မိစ္ဆာရွာစား မီလန်။ သူတို့မှာ စစ်ဝစ်ဇ် စက်မှုဇုန် တွင် အတော်အတန် လူသိများသော အခွန်ကောက်သူများ ဖြစ်ကြသည်။
“နားလည်ပါပြီ။ ဝယ်သူတော်ကြီး”
ပုံမှန်ဆိုလျှင် ကျနော်က ယဉ်ယဉ်ကျေးကျေး ဦးညွှတ်ပြရမည် ဖြစ်သော်လည်း ဤလူစားမျိုးအတွက် ယဉ်ကျေးပြနေခြင်းမှာ အရာမရောက်ပေ။ သူတို့သည် အားနည်းချက် သို့မဟုတ် ကြောက်ရွံ့မှုကို ပြသသူမှန်သမျှကို ဝါးမြိုချင်နေသည့် ဟိုင်အီးနားခွေးအ များသာ ဖြစ်သည်။
“ဟေ့ကောင်။ မင်း... အခု...”
ကျနော့်၏ အပြုအမူကြောင့် မိစ္ဆာရွာစား မီလန် က သူ၏ စွမ်းအင်ကို မြှင့်တင်လိုက်သည်။
“ထားလိုက်တော့။ မီလန်”
ဆီလော့ခ် က အခြေအနေကို စောင့်ကြည့်ရင်း မီလန် ကို တားဆီးလိုက်သည်။ ထိုနယ်စားမှာ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်ကို စူးစမ်းလိုသည့်ပုံစံမျိုး ဖြစ်နေခဲ့၏။
[ဇာတ်ကောင် 'မိစ္ဆာနယ်စား ဆီလော့ခ်' က သင့်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေပါသည်။]
[ဇာတ်ကောင် 'မိစ္ဆာနယ်စား ဆီလော့ခ်' အပေါ် သင်၏ နားလည်နိုင်စွမ်း တိုးလာပါသည်။]
ဤအခွင့်အရေးကို လက်မလွှတ်မခံဘဲ စွမ်းရည်တစ်ခုကို ကျနော် သုံးလိုက်သည်။
[သီးသန့်စွမ်းရည် 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' အသက်ဝင်လာပါပြီ။]
ထို့နောက် ဆီလော့ခ် ၏ အတွေးများကို ကျနော် စတင်ကြားလိုက်ရတော့သည်။
「 ဒီကောင်က ဒင်္ဂါး ၅၀၀၀၀ ကို အလွယ်တကူ ပေးနိုင်တာပဲ 」
「 မြို့သားတစ်ယောက်က ဒီလောက် ပမာဏကို ဘယ်တော့မှ မပေးနိုင်ဘူး။ ဒါတင်မကသေးဘူး၊ အဲဒီ တည်ငြိမ်နေတဲ့ ပုံစံကို ကြည့်ဦး။ ဒင်္ဂါး ၅၀၀၀၀ က သူ့အတွက် မပြောပလောက်တဲ့ ပမာဏပဲ ဖြစ်ရမယ် 」
「 သူက ဘယ်သူလဲ။ ဒီနယ်မြေမှာ သူ့ကို မြင်ဖူးတာ ဒါပထမဆုံးပဲ။ နေဦး... အဲဒီ မိစ္ဆာစွမ်းအင်က... 」
「 ဒါဆိုရင် သူက... မဟုတ်မှလွဲရော... 」
အခြေအနေများမှာ ကျနော် ထင်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။ မဟုတ်သေး... ထင်ထားသည်ထက်ပင် ပို၍ ကောင်းနေသည်ဟု ဆိုရမည်။ မည်သို့ပင်ဆိုစေ စစ်ဝစ်ဇ် စက်မှုဇုန် တစ်ခုလုံးမှာ မိစ္ဆာဘုရင်အသစ်အကြောင်း ဇာတ်လမ်းများနှင့် ဆူညံပွက်လောရိုက်နေခဲ့ပြီ ဖြစ်သည်။ ထိုသို့သာဆိုလျှင် သူတို့ထံသို့ လွဲမှားသော သတင်းအချက်အလက်အချို့ ပေးလိုက်ခြင်းမှာ မဆိုးလှပေ။
ကျနော်က ဟန်ကြီးပန်ကြီးဖြင့် လေသံကို ခပ်တင်းတင်းထားကာ ပြောလိုက်သည်။
“မင်းတို့လည်း ရိပ်မိပြီးသား ဖြစ်မှာပါ”
ကျနော်က ယူဂျွန်ဟော့ ၏ လေယူလေသိမ်းအတိုင်း ပြောလိုက်ရာ ဆီလော့ခ် ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။ သူက သူ၏ အတွေးများ မှန်ကန်သည်ဟု ယူဆကာ ကျနော့်ကို ယဉ်ကျေးပျူငှာစွာ ခေါင်းညိတ်ပြရင်း ပြောလာသည်။
“မြင့်မြတ်တဲ့ မိစ္ဆာကြီးခင်ဗျား... ကျနော်မျိုးတို့ နှုတ်ဆက်ဖို့ နောက်ကျသွားခဲ့ပါတယ်။ ခင်ဗျားက ဂီလိုဘတ် စက်မှုဇုန် ကနေ လာရောက်လည်ပတ်တာလား”
“ခင်ဗျားရဲ့ နားတွေကတော့ အလုပ်ကောင်းကောင်း လုပ်သားပဲ”
“ဒါပေမဲ့ ဒီနယ်မြေကို လာရောက်မယ့်အကြောင်း ဘာသတင်းမှ မရရှိထားလို့ပါ...”
“ငါသွားမယ့် လမ်းကြောင်းကို မင်းလိုကောင်မျိုးကို ပြောပြနေဖို့ လိုလို့လား”
“အဲဒါကလေ... တောင်းပန်ပါတယ်ခင်ဗျာ”
ကျနော်၏ တိုတောင်းသော အဖြေစကားကြောင့် သူက အပြည့်အဝ ယုံကြည်သွားခဲ့သည်။
「 ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လွတ်လပ်စွာ သွားလာခွင့်။ သူက အနည်းဆုံးတော့ အမတ် အဆင့်ရှိတဲ့သူ ဖြစ်ရမယ် 」
「 ဂီလိုဘတ် စက်မှုဇုန် နဲ့ ပတ်သက်မိလို့ ဘာမှ ကောင်းလာမှာ မဟုတ်ဘူး 」
ကြီးမားစွာအထင်လွဲမှုခံလိုက်ရပြီးနောက် ဆီလော့ခ် က ကျနော့်ကို ဦးညွှတ်ပြကာ မီလန် ကို တံတောင်ဖြင့် တွန်းလိုက်သည်။
“သွားကြစို့”
“ဟင်... ဒါပေမဲ့...”
“ငါတို့ ရသင့်တာ ရပြီပဲ”
မီလန် မှာ သူ၏ အထက်လူကြီး၏ တည်ငြိမ်သော ဆုံးဖြတ်ချက်ကို ခေါင်းညိတ် လက်ခံလိုက်တော့သည်။ မီလန် က အိုင်လင်း ထံမှ ဒင်္ဂါး ၅၀၀၀၀ ကို ယူလိုက်ပြီး ခက်ထန်သော အသံဖြင့် သတိပေးလိုက်သည်။
“ဒီတစ်ခါတော့ နင် ကံကောင်းသွားတယ်လို့ မှတ်လိုက်။ နောက်တစ်ခါတော့ ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်နဲ့တော့။ အိုင်လင်း”
မိစ္ဆာအရာရှိ နှစ်ဦးမှာ နာရီဆိုင်ထဲမှ ထွက်ခွာသွားကြသည်။ ဆီလော့ခ်က ဤအကြောင်းကို သူ၏ အထက်လူကြီးထံ ချက်ချင်း သတင်းပို့ပေလိမ့်မည်။ သို့သော် ထိုအချက်မှာ ကျနော့်အတွက် အရေးမကြီးလှပေ။ ကျနော်က ထိုကိစ္စအထိ ခေါင်းထဲထည့်ပြီး မစဉ်းစားနိုင်သေးချေ။
မုန်တိုင်းအပြီး ငြိမ်သက်သွားသည့်နှယ် နာရီဆိုင်လေးမှာ ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူမှာ ချောမောသော ကောင်လေးပင် ဖြစ်သည်။
“...ဒါက အတော်လေးကို ကြီးကျယ်တဲ့ ကိစ္စပဲ။ ခင်ဗျားက ဘယ်သူလဲ”
သူက ကျနော့်ကို တောက်ပသော မျက်လုံးများဖြင့် မော့ကြည့်လာရာ ကျနော်က တည်ငြိမ်စွာပင် ပြုံးပြလိုက်သည်။
“ဘာပြင်ချင်လို့ပါလဲ။ ဝယ်သူတော်ကြီး”
အိုင်လင်း က ယခုမှ သတိပြန်ဝင်လာကာ ကျနော့်ကို မေးမြန်းလာသည်။
“ဒါနဲ့... ရှင်က တကယ်ပဲ မိစ္ဆာစော်ဘွား တစ်ယောက်လား”
မိစ္ဆာများက အထင်လွဲသွားကြသော်လည်း အိုင်လင်း အနေဖြင့်မူ အထင်လွဲစရာ အကြောင်းမရှိပေ။
ကျနော်က ခေါင်းယမ်းပြလိုက်သည်။
“ငါက မိစ္ဆာစော်ဘွား တစ်ယောက် မဟုတ်ပါဘူး”
“ဒါဆိုရင်...”
ကျနော်က အဖြေပေးသည့်အနေဖြင့် ကျနော့် ဝတ်ရုံကို တိတ်ဆိတ်စွာ ချွတ်လိုက်သည်။ လျှပ်စစ်မီးပွားများ ပေါ်လာပြီး ကျိုးပဲ့နေသော ဇာတ်လမ်း အပိုင်းအစများမှာ အောက်သို့ မြေခကုန်သည်။ ကျနော့် ကိုယ်ခန္ဓာကို စစ်ဆေးကြည့်လိုက်သော အိုင်လင်း ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်ပေါက်လာခဲ့၏။
“...ထုတ်ပယ်ခံရသူလား။ ဒါဆိုရင် အခုအထူးအော်ဒါမှာတာက...”
“အမှန်ပဲ”
ကျနော့်၏ ဇာတ်လမ်း အတိုင်းအတာကို တစ်ချက်ကြည့်ရုံဖြင့် ခန့်မှန်းနိုင်သွားသော အိုင်လင်း ၏ မျက်နှာမှာ ဖြူလျော့သွားခဲ့သည်။
“ကျ-ကျမ ဒီလောက်ကြီးမားတဲ့ ဇာတ်လမ်းမျိုးကို တစ်ခါမှ မကိုင်တွယ်ဖူးဘူး”
“ဒါကို နင် တစ်ယောက်ပဲ လုပ်နိုင်တာပါ။ နင်က စစ်ဝစ်ဇ် စက်မှုဇုန် ရဲ့ 'ဇာတ်လမ်းကျွမ်းကျင်သူ' ပဲလေ။ ဟုတ်တယ်မလား”
ကျနော့်၏ ‘ဇာတ်လမ်းကျွမ်းကျင်သူ’ ဟူသော စကားလုံးကြောင့် အိုင်လင်း ၏ မျက်နှာအမူအရာမှာ တုန်လှုပ်သွားခဲ့သည်။ ကျနော့် အသိစိတ်များ စတင်ပြိုလဲလာသည်နှင့်အမျှ ကျနော်က အိုင်လင်း ၏ ပုခုံးကို ဆွဲကိုင်လိုက်ပြီး ထပ်လောင်းပြောဆိုလိုက်သည်။
“ငါ့ကို ပြင်ပေးပါ... အိုင်လင်း မိတ်ကာဖီးလ်”
…………………………………………………………………………………………..
ကျနော် အသိစိတ် လွတ်တချက်မလွတ်တချက်ဖြစ်နေစဉ်မှာပင် အိုင်လင်း နှင့် လူစိမ်းအချို့ ရှိနေခြင်းကို အာရုံခံမိနေသည်။ ကျနော့်နောက်မှ အသံအချို့လည်း လိုက်ပါလာခဲ့၏။
“ကိုယ်စားလှယ် တစ်ယောက်က ဒီလောက်အထိ ကြီးမားတဲ့ ဇာတ်လမ်းမျိုးကို ဘယ်လိုများ ပိုင်ဆိုင်ထားနိုင်ရတာလဲ...”
“သူက ဘယ်သူလဲ”
“...ပုံမှန်နဲ့မကိုက်ညီတဲ့ ဇာတ်လမ်းတွေ အများကြီး ရောနှောနေတာပဲ။ ဘုရားရေ... ဒါက ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်း မဟုတ်ဘူးလား”
“ဒါက တကယ်ပဲ ကိုယ်စားလှယ် တစ်ယောက်လား။ ကိုယ်စားလှယ် တစ်ယောက်ရဲ့ အဆင့်အတန်းမျိုး မဟုတ်ဘူးလို့ ကျနော် ထင်တယ်”
“ဒီလောက် အန္တရာယ်များတဲ့ အပိုင်းအစတွေကို စားသုံးပြီးတာတောင် အသက်ရှင်နေသေးတယ်ဆိုပဲ...”
လာမာ့ခ်၏ သစ်ကုလားအုတ် စွမ်းရည်အဆင့်သာ ပိုမြင့်ခဲ့ပါက ကျနော် ဤမျှအထိ ဒုက္ခရောက်မည် မဟုတ်ပေ။ စုပ်ယူနိုင်စွမ်းနှုန်းသာ မြင့်မားခဲ့လျှင် ဇာတ်လမ်းအပိုင်းအစများ ရောနှောမှုကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို ပြေလျော့သွားစေရန် လုပ်ဆောင်နိုင်ခဲ့မည် ဖြစ်သည်။
သို့သော်လည်း လက်ရှိအခြေအနေမှာ ထိုသို့မဟုတ်ပေ။ လူသားတို့၏ ကိုယ်ခံအား တုံ့ပြန်မှုကဲ့သို့ပင် မတူညီသော ဇာတ်လမ်းများသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြသည်။
“ဒါကို အမြန်ဆုံး တည်ငြိမ်သွားအောင် လုပ်ဖို့ လိုတယ်...”
အိုင်လင်း ၏ အသံမှာ တင်းမာနေ၏။
အိုင်လင်း မိတ်ကာဖီးလ်...။ Ways of Survival အရ သူသည် လင်းဘာ့ဂ် ဂြိုဟ်မှ မှော်အင်ဂျင်နီယာ တစ်ဦးဖြစ်သည်။ သူသည် အချိန်အတော်ကြာအောင် လေ့လာသင်ယူခဲ့ပြီးနောက် ဤကမ္ဘာကြီး၏ အနှစ်သာရမှာ ‘ဇာတ်လမ်း’ ဖြစ်ကြောင်း သိရှိခဲ့သူ ဖြစ်သည်။
အိုင်လင်း သည် အဆင့်ကျော်လွန်ခြင်းသို့ မရောက်ရှိသေးသော်လည်း ‘ဇာတ်လမ်းကျွမ်းကျင်သူ’ ဝိသေသ လက္ခဏာကို ပိုင်ဆိုင်ထားသည့် ရှားပါးသော ကိုယ်စားလှယ်များထဲမှ တစ်ဦးဖြစ်၏။
ကျနော့် အသိစိတ်မှာ အကြိမ်အနည်းငယ်မျှ ထပ်မံ ဝေဝါးသွားခဲ့သည်။ ထို့နောက် ကျနော့် ခန္ဓာကိုယ်ထဲသို့ ခွန်အားများ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာခဲ့၏။ ထုတ်ပယ် ပြစ်ဒဏ်ခတ်မှုကြောင့် ဖြစ်ပေါ်နေသည့် ချမ်းစိမ့်မှုများမှာ လျော့ပါးသွားပြီး ခန္ဓာကိုယ်၏ နာကျင်မှုများလည်း သက်သာသွားခဲ့သည်။
‘နွမ်းပါးသော ဓားသခင်၏ ညာလက်ရုံး’ နှင့် ‘နုပျိုသော ရွှေနဂါး၏ ကျိုးပဲ့နေသော နှလုံးသား’ တို့သည် အခြားသော ဇာတ်လမ်းများနှင့် ထိတိုက်မှု မရှိတော့ဘဲ ကျနော့်ခန္ဓာကိုယ်ထဲသို့ ဘေးကင်းစွာ ပျံ့နှံ့ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
အိုင်လင်း ဆီကို လာဖို့ ဆုံးဖြတ်ခဲ့တာ တကယ်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ။
ခန္ဓာကိုယ်၏ အခြေအနေကို စစ်ဆေးပြီးနောက် မျက်လုံးကို ဖြည်းညှင်းစွာ ကျနော်ဖွင့်လိုက်သည်။ ကျနော့်ရှေ့တွင် လှပသော ယောက်ျားလေး တစ်ဦး၏ မျက်နှာ ရှိနေ၏။
အရင်ကတည်းက ခံစားမိခဲ့သော်လည်း သူက တကယ်ကို ချောမောလှပလွန်းသည်။ သူ့ရုပ်ရည်ကို ယောက်ျားလေး တစ်ယောက်ထက် မိန်းကလေး တစ်ယောက်အဖြစ် ဖော်ပြခြင်းက ပို၍ သင့်လျော်ပေလိမ့်မည်။
“လဖွတ်”
အံ့အားသင့်သွားသော ထိုလူငယ်က ရုတ်တရက် အော်ဟစ်လိုက်သည်။
ကျနော် ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ထူပြီးထရန် ကြိုးစားသော်လည်း လှုပ်ရှား၍ မရပေ။ အနီးကပ်ကြည့်လိုက်တော့ ကျနော့်ခန္ဓာကိုယ်မှာ ခွဲစိတ်ကုတင်နှင့် ချည်နှောင်ခံထားရသည်။ ဇာတ်လမ်း၏ စွမ်းအားကို နှိမ်နင်းရန် အသုံးပြုသည့် နည်းစနစ်တစ်ခု ဖြစ်ဟန်တူ၏။
ကျနော် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ထိုကောင်လေး တစ်ယောက်တည်းသာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ကျနော် ချည်နှောင်ခံထားရသည်ကို သိလိုက်၍ စိတ်အနည်းငယ် အေးသွားပုံရသော ထိုကောင်လေးက စကားစလိုက်သည်။
“ဟေ့... ခင်ဗျားက ဘာကောင်လဲ”
မဟုတ်သေးဘူး... ဒီအခြေအနေက ပိုပြီး အဆင်ပြေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေနဲ့ အချိန်အနည်းငယ်လောက် အတူတူရှိနေဖို့ ငါ လိုအပ်နေတာပဲ။
ကျနော်က သူ့ကို ပြန်ပြောလိုက်သည်။
“မင်းကော ဘယ်လိုထင်လဲ။ မင်းက ဉာဏ်စမ်းပဟေဠိတွေကို ကြိုက်တယ်မလား”
“...ကျုပ်က ဉာဏ်စမ်းပဟေဠိတွေကိုကြိုက်မှန်း ခင်ဗျားကို ဘယ်သူပြောပြတာလဲ”
“ဘာပဲဖြစ်ဖြစ်... ခန့်မှန်းကြည့်ပါဦး”
ကောင်လေး၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှုများ ပြည့်နှက်သွားသည်။ ခန့်မှန်းခဲ့သည့်အတိုင်းပင် သူက စွဲဆောင်မှုကောင်းသော လူတစ်ယောက်ပင်။ လူငယ်က ခဏမျှ စဉ်းစားပြီးနောက် ကျနော့်ကို မေးလိုက်သည်။
“ခင်ဗျားက ပြန်လာသူ လား”
“ပြန်လာသူ ဟုတ်လား... ဘာလို့ အဲဒီလို ထင်တာလဲ”
“မိစ္ဆာနယ်မြေ ရဲ့ သာမန်နိုင်ငံသား တစ်ယောက်မှာ ဒီလောက်အထိ များပြားတဲ့ ငွေကြေးပမာဏ ရှိနေတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးလေ”
“ကောင်းပြီလေ... ဆက်ပြောပါဦး”
“ခင်ဗျားက မိစ္ဆာတစ်ကောင် မဟုတ်ဘူးလို့ ပြောခဲ့တယ်၊ ပြီးတော့ ငါ့အမြင်မှာတော့ ခင်ဗျားက သာမန် ကိုယ်စားလှယ် တစ်ယောက်လည်း မဟုတ်ဘူး။ ခင်ဗျားက ရှားပါးတဲ့ ဇာတ်လမ်းတွေ အများကြီးကိုလည်း ပိုင်ဆိုင်ထားသလို အတော်လေးလည်း သန်မာပုံရတယ်။ ဒါဆိုရင် အဖြေက တစ်ခုပဲ ရှိတယ်”
“ဟ...”
“ဘယ်လိုလဲ... ကျုပ်ရဲ့ ချင့်ချိန်နိုင်စွမ်း က မှန်ရဲ့လား”
တောက်ပနေသော သူ၏ မျက်လုံးများကို ကြည့်ရင်း ကျနော် တစ်နည်းနည်းဖြင့် သူ့ကို စနောက်ချင်စိတ် ပေါ်လာသည်။
“မင်းရဲ့ ချင့်ချိန်မှုက မှန်ပေမဲ့ အချက်တစ်ခုတော့ လိုအပ်နေသေးတယ်”
“ဘာအချက်လဲ”
“ပြန်လာသူ အားလုံးက သန်မာကြတယ်ဆိုတဲ့ အချက်ပဲ”
ကျနော့်စကားကြောင့် လှပသော လူငယ်၏ အမူအရာမှာ ထူးဆန်းသွား၏။
“ခင်ဗျား ဘာကို ဆိုလိုတာလဲ။ ပြန်လာသူ ဆိုတာ ဘာလဲဆိုတာ ခင်ဗျားမသိဘူးလား။ သူတို့တွေက တခြား ဒိုင်မင်းရှင်း ဒါမှမဟုတ် တခြားဂြိုဟ်တွေကနေ အားကောင်းတဲ့ ခွန်အားတွေ ရရှိပြီးမှ ကိုယ့်ဂြိုဟ်ကို ပြန်လာကြတဲ့သူတွေ။ အဲဒီလိုလူတွေက ဘယ်လိုလုပ် အားနည်းနိုင်မှာလဲ”
“မင်းက ကမ္ဘာပေါ်မှာရှိတဲ့ ပြန်လာသူ အားလုံးနဲ့မှ မဆုံဖူးတာ။ ဟုတ်တယ်မလား”
“အဲဒါကတော့...”
“ဥပမာဆိုရင်ကွာ... ပြန်လာသူ အချို့က ကိုယ့်ဂြိုဟ်ကို မုန်းလွန်းလို့ ပြန်မလာချင်ကြတာမျိုးလည်း ရှိနိုင်တာပဲ”
ကောင်လေး၏ အမူအရာမှာ တင်းမာသွားခဲ့သည်။
“မင်းက တခြား ဒိုင်မင်းရှင်း တွေကို အကြိမ်ကြိမ် ကူးပြောင်းခဲ့ပေမဲ့ စွမ်းအားအများကြီး မရခဲ့လို့ စိတ်ပျက်နေတာပဲ”
“...”
“ခန္ဓာကိုယ်အသစ်တစ်ခုတော့ ရခဲ့ပါရဲ့... ဒါပေမဲ့ မင်းက ဘာပါရမီမှ မရှိဘူး”
“...နေဦး”
“ပါရမီမရှိတာကို စိတ်ပျက်ပြီး တစ်နေရာထဲမှာပဲ ငြိမ်ငြိမ်လေးနေရင်း သာမန်ဘဝနဲ့ နေထိုင်ဖို့ မင်းဆုံးဖြတ်လိုက်တာမလား”
“...တကယ်ပဲ။ ခင်ဗျားက ဘယ်သူလဲ”
ကျနော် ပြုံးလိုက်ပြီး စကားဆိုလိုက်သည်။
“ဟာယောင်း... မိစ္ဆာနယ်မြေထဲက မင်းရဲ့ဘဝကို မင်းတကယ်ပဲ စိတ်တိုင်းကျရဲ့လား”
“ဘာ”
[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ အသက်ဝင်လာပါပြီ။]
[ဇာတ်ကောင် ခြုံငုံသုံးသပ်ချက်]
အမည်
ဂျန်ဟာယောင်း (အက်စလန် မိတ်ကာဖီးလ်)
အသက်
၂၃ နှစ် (၁၅ နှစ်)
ထောက်ပံ့သူ
မရှိပါ
သီးသန့် ဝိသေသ လက္ခဏာ
ဒိုင်မင်းရှင်း ကူးပြောင်းသူ (သူရဲကောင်း)၊ မွေးရပ်မြေကို စိမ်းကားသူ (ရှားပါး)၊ တံတိုင်းသခင် (ဒဏ္ဍာရီလာ)
သီးသန့် စွမ်းရည်
အမည်မသိတံတိုင်း အဆင့် ၁၊ မုန်းတီးဖွယ်ကောင်းသော လျှာ အဆင့် ၃၊ မြည်တွန်တောက်တီးခြင်း အဆင့် ၅၊ ပျင်းရိခြင်း အဆင့် ၃၊ လေးကန်ခြင်း အဆင့် ၃၊ နုံးချည့်ခြင်း အဆင့် ၄...
မြည်တွန်တောက်တီးခြင်း၊ ပျင်းရိခြင်း၊ လေးကန်ခြင်း၊ နုံးချည့်ခြင်း...
ဒီကောင်လေးရဲ့ အချက်အလက်တွေကို မြင်ပြီး Ways of Survival ရဲ့ ဒုတိယမြောက် ဇာတ်လိုက် လို့ ဘယ်သူမှထင်လောက်မှာ မဟုတ်ဘူး။ ယူဂျွန်ဟော့ သာ ဒါကို မြင်ရင် သူ့နာမည်က ဇာတ်လိုက်စာရင်းထဲမှာ ဒီကောင်လေးနဲ့ အတူတူရှိနေတဲ့ အချက်ကြောင့်တင် သူ့မာန ထိခိုက်သွားလိမ့်မယ်။
“ခ-ခင်ဗျားက ဘယ်လိုလုပ်...”
သို့သော် ဂျန်ဟာယောင်းသည် မူလက ယခုလိုမျိုး မဟုတ်ခဲ့ပေ။ သူသည် ထပ်ခါတလဲလဲ ကြိုးစားခဲ့သော်လည်း ရလဒ်ကောင်းများ မထွက်ပေါ်လာခဲ့ချေ။ ကြီးမားသော ‘တံတိုင်း’ ကြီးတစ်ခုက သူ့ကို အမြဲတမ်း ပိတ်ဆို့ထားခဲ့၏။ ကြိုးစားမှုနှင့် ရလဒ်များက ကိုက်ညီမှု မရှိခဲ့ပေ။
“ဪ... မင်းက ဒီမှာ နာမည်အရင်း မသုံးဘူးပဲ။ အက်စလန် လို့ ခေါ်ရမလား”
“ခင်ဗျားက ကျုပ်နာမည်အရင်းကို ဘယ်လိုလုပ် သိတာလဲ”
အံ့အားသင့်သွားသော ဂျန်ဟာယောင်းသည် တံတိုင်းဘက်သို့ နောက်ဆုတ်သွားသည်။
ကျနော် ဂျန်ဟာယောင်းကို ကြည့်ရင်း ဟောင်းနွမ်းနေသော အတိတ်မှတ်ဉာဏ်များကို ပြန်လည်အမှတ်ရမိသည်။
— စာရေးဆရာကြီး... ဇာတ်ကောင်အသစ်တစ်ယောက် ထပ်တိုးလိုက်တာ ပိုကောင်းမယ် ထင်တယ်...
အကယ်၍ ထိုစဉ်က ကျနော်သာ ထိုမှတ်ချက်ကို မပေးခဲ့လျှင်...
ယနေ့ကမ္ဘာမှာ ဂျန်ဟာယောင်း ဆိုတာ တည်ရှိနေပါဦးမလား။
— နောက်ပြီး အဲဒီဇာတ်ကောင်က ချောမောလှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ရင် ပိုကောင်းမယ်...
ထို့ကြောင့်ပဲ ကျနော် ဂျန်ဟာယောင်းအပေါ် တာဝန်ရှိသလို ခံစားနေရခြင်း ဖြစ်နိုင်သည်။ စာရေးဆရာက ကျနော့်ကြောင့် ဤဇာတ်ကောင်ကို ဖန်တီးခဲ့သလား မသိသော်လည်း...
— ဒီဇာတ်ကောင်ရဲ့ ဝိသေသ ကတော့... အင်း။ ယူဂျွန်ဟော့က နောက်ပြန်ဆုတ်သူ ဖြစ်နေတော့ ဇာတ်ကောင်သစ်ကို ဒိုင်မင်းရှင်း ကူးပြောင်းသူ အဖြစ် ထားလိုက်ရင် လုံလောက်ပါပြီ။
အနည်းဆုံးတော့ ကျနော်သာ အဲဒီမှတ်ချက်ကို မရေးခဲ့လျှင် ဒုတိယမြောက် ဇာတ်လိုက် ဖြစ်သူက အကြိမ်ကြိမ် ဒိုင်မင်းရှင်းတွေ ကူးပြောင်းနေစရာ လိုမည် မဟုတ်ပေ။
“မင်းက ပါရမီမရှိတာ မဟုတ်ပါဘူး။ မင်းရဲ့ ပါရမီက ဘာလဲဆိုတာ မသိသေးတာပဲ ရှိတာ”
“ဘာ... အ-အဲဒါက ဘာကို ဆိုလိုတာလဲ”
ကျနော် စကားဆက်ရန် ပါးစပ်ဟလိုက်စဉ်မှာပင် တံခါးက ဝုန်းခနဲ ပွင့်သွားသည်။
“အက်စလန်။ ဘာတွေ ဆူညံနေတာလဲ”
“အိုင်လင်း”
အိုင်လင်းသည် ဂျန်ဟာယောင်း၏ မျက်နှာကို ကြည့်ပြီးနောက် ကျနော့်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
“နင်က ဘယ်သူလဲ။ သူ့ကို ဘာလုပ်လိုက်တာလဲ”
ကျနော် ဘာမှမပြောဘဲ ပုခုံးတွန့်ပြလိုက်သည်။ အိုင်လင်း၏ နောက်ဘက်တွင် လူအချို့ကို မြင်တွေ့ရ၏။ ထိုသူများသည် စစ်ဝစ်ဇ် စည်ပင်သာယာရေးကောင်စီဝင်များ ဖြစ်နိုင်သည်။ သူတို့သည် စော်ဘွား၏ ရည်မှန်းချက်များကို ဆန့်ကျင်သောသူများထဲတွင် နောက်ဆုံးကျန်ရစ်သည့် အသိတရားရှိသောသူများပင်။ ကျနော်က ထိုသို့သောသူများကို သဘောကျသည်။
ဂျန်ဟာယောင်း၏ အရေးကို နောက်မှ ကိုင်တွယ်လို့ရ၏။ ယခုတော့ ဒီဘက်က ကိစ္စကို အရင် ဖြေရှင်းရမည်။
“စော်ဘွား စစ်ဝစ်ဇ် က...”
“ဘာဖြစ်လဲ”
“သူက ရည်မှန်းချက် ကြီးတယ်။ တခြား မိစ္ဆာနယ်မြေ က အဆင့်မြင့်ရာထူးကို ငြင်းပယ်ပြီး ဒီလို ဝေးလံခေါင်ဖျားတဲ့ နေရာကို လာခဲ့တာ”
ကျနော့်စကားကြောင့် ကောင်စီဝင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ကျနော် အိုင်လင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“မဟုတ်မှလွဲရော စော်ဘွား စစ်ဝစ်ဇ် က သူ့အတွက် ဧရာမ စစ်သည်တော်တွေ လုပ်ပေးဖို့ နင့်ကို တောင်းဆိုခဲ့တာ မဟုတ်လား။ ဟုတ်တယ်မလား”
“ဟင်”
“အဲဒီကောင်က မိစ္ဆာနယ်မြေ ကို လှည့်လည်ကြည့်ရှုတုန်းက အရသာ တွေ့သွားတာပဲ။ ဒါကြောင့်လည်း သူက အခြေအနေမသိဘဲ ဒီလို မဖြစ်နိုင်တဲ့ တောင်းဆိုမှုကို လုပ်နေတာ”
“န-နင်က ဘယ်လိုလုပ်သိနေတာလဲ”
ကျနော် သိထားသော အချက်အလက်များကြောင့် ကောင်စီဝင်များမှာ အကြီးအကျယ် ဇဝေဇဝါ ဖြစ်သွားကြသည်။ အံ့အားသင့်သွားသော အိုင်လင်းမှာလည်း တောင့်တင်းသွားပုံရ၏။ ကျနော် ထိုအခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။
“နင် သူ့ကို သုံးကြိမ်တိုင်တိုင် ငြင်းခဲ့ပြီးပြီ။ နောက်တစ်ကြိမ်ကျရင်တော့ သူ နင့်ကို အဓမ္မ ခေါ်သွားလိမ့်မယ်။ နင် အဆင်သင့်ဖြစ်ပြီလား”
ကျနော့်စကားကြောင့် အိုင်လင်း နှင့် မြို့သူမြို့သားများ၏ မျက်နှာများမှာ မဲမှောင်ကျသွားသည်။ သူတို့သည် မိမိတို့၏ ကမ္ဘာဂြိုဟ်များပေါ်တွင် အစွမ်းထက်သူများ ဖြစ်နိုင်သော်လည်း မိစ္ဆာနယ်မြေ၏ စော်ဘွားတစ်ဦးနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ပေ။
ကျနော်က ထိုတိတ်ဆိတ်မှုကို ခဏတာ အရသာခံပြီးနောက် ပြုံးလျက် ပြောလိုက်သည်။
“ငါ့ရဲ့ စည်းကမ်းချက်တွေကို နားထောင်မယ်ဆိုရင် အဲဒီစော်ဘွားကို ငါတားဆီးပေးမယ်”
သူတို့အတွက်တော့ ထူးဆန်းနေပေလိမ့်မည်။ ရုတ်တရက် ပေါ်လာသော ထုတ်ပယ်ခံရသူ တစ်ဦးက ဤအချက်အလက်များကို သိနေရုံသာမက မဖြစ်နိုင်သော ကမ်းလှမ်းချက်တစ်ခုကိုပါ တင်ပြလာသောကြောင့် ဖြစ်၏။
အိုင်လင်းသည် အံ့အားသင့်လွန်းသဖြင့် ပါးစပ်ပင် မစေ့နိုင်ဘဲ ခက်ခက်ခဲခဲ မေးလိုက်သည်။
“နင်က... နင်က ဘယ်သူလဲ”
ဟုတ်သည်။ ဒီနေရာကနေ စတင်ရမည်။
ကျနော်က ‘ကင်ဒေါ့ဂျာ’ ပါဟု ပြောချင်သော်လည်း ယခုချိန်မှာတော့ မဖြစ်နိုင်သေးပေ။ အကယ်၍ ကျနော့်နာမည်ကို ဒီမှာ ထုတ်ပြောလိုက်လျှင် ကမ္ဘာမြေပေါ်ရှိ နက္ခတ်များက ကျနော် အသက်ရှင်နေသေးကြောင်း သိသွားကြလိမ့်မည်။
ထိုသို့ဆိုလျှင်... မူရင်းဝတ္ထုအတိုင်းပဲ သွားကြရအောင်။ ဝတ္ထုထဲက ၁၁၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းကို ပြန်သတိရလိုက်ပြီး တတ်နိုင်သမျှ ဗီလိန်ဆန်သော အသံဖြင့် ကြေညာလိုက်သည်။
“ငါ့နာမည်က ယူဂျွန်ဟော့။ ၇၃ ခုမြောက် မိစ္ဆာနယ်မြေရဲ့ ‘မိစ္ဆာဘုရင်’ ဖြစ်လာဖို့ ငါဒီကို ရောက်လာတာ”
.......................................................................................................................
[သင်၏ နာမည်ဆိုးသည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေတွင် ပျံ့နှံ့နေပါသည်။]
ထိုမက်ဆေ့ချ်ကို ကြားလိုက်ရသည့် ခဏမှာပင် ယူဂျွန်ဟော့သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
“...ဘာဖြစ်တယ်”
ကောင်းကင်ကြီးကတော့ ဘာမှ ပြန်မဖြေခဲ့ပေ။ ထိုအခါ ယူဂျွန်ဟော့၏ မျက်နှာအမူအရာမှာ ထူးထူးဆန်းဆန်း ပြောင်းလဲသွားသည်။
ယူဂျွန်ဟော့သည် ခဏတာ တစ်ခုခုကို စဉ်းစားလိုက်ပြီးနောက် မယုံကြည်နိုင်ဟန်ဖြင့် ကောင်းကင်ကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ကင်ဒေါ့ဂျာ လား”