အခန်း (၁၉၇-၁၉၈)
Vol. 14 Ch. 197-198
အခန်း ၁၉၇
- အပိုင်း ၃၇ - မိစ္ဆာနယ်မြေ၏ ရှုခင်း (၄)
၇၃ ခုမြောက် မိစ္ဆာဘုရင် ဖြစ်လာမည်ဟူသော ယူဂျွန်ဟော့၏ မှတ်ချက်မှာ Ways of Survival ထဲမှ စာသားတစ်ကြောင်း ဖြစ်သည်။
ကျနော်က ကောင်စီဝင်များ၏ တုံ့ပြန်မှုကို အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေမိသည်။
“အဲဒါက... ဆိုလိုတာက...”
ထူးဆန်းနေသည်။ Ways of Survival ထဲတွင်မူ လူတိုင်းက “အိုးးး” ဟု အော်ဟစ်ကာ အလေးအမြတ်ပြုခဲ့ကြသော်လည်း ယခုတော့ ကျနော် မျှော်လင့်ထားသလို ဇာတ်ရှိန်တက်ဖွယ် တုံ့ပြန်မှုမျိုးကို မည်သူမှ မပြကြပေ။
ထိုစဉ် အသံတစ်ခုကို ကျနော် ကြားလိုက်ရသည်။
「 ၇၃ ခုမြောက် မိစ္ဆာနယ်မြေရဲ့ မိစ္ဆာဘုရင်။ ထိုစကားမျိုး ပြောခဲ့ဖူးသည့် လူတစ်ယောက် ရှိခဲ့ဖူး၏။ အိုင်လင်းနှင့် တခြား အရပ်ဘက်ကောင်စီဝင်တွေသည် ထိုလူ၏စကားကြောင့် အကြီးအကျယ် တုန်လှုပ်သွားခဲ့ကြဖူးလေသည်။ 」
ဒီကောင်က ဘယ်တုန်းက နိုးလာတာပါလိမ့်။ အိပ်ချင်တယ်ဆိုပြီး ပျောက်သွားတာ မဟုတ်ဘူးလား...
「 တစ်ဖက်တွင်တော့ ကင်ဒေါ့ဂျာဟာ တစ်ခုခုကို ပိုပြီး ခိုင်မာသွားသလို ခံစားလိုက်ရ၏ 」
...ဟမ်
「 ထိုအကျင့်က ကျောင်းတက်တုန်းကတည်းက သူ့ထံတွင်ရှိခဲ့သော အကျင့်တစ်ခုပင်။ သူ့ဘဝ၏ အရေးကြီးသော အခိုက်အတန့်တွေ သို့မဟုတ် သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းနေသော အချိန်တွေတွင် ကင်ဒေါ့ဂျာက ‘ငါက ယူဂျွန်ဟော့ပဲ’ဟု ပြောလေ့ရှိပေသည်။ 」
ကျနော့်၏ အတိတ်က အရှက်ရစရာတွေကို လိုက်ဖော်နေသည့် Fourth Wall ၏ နှောင့်ယှက်မှုကို အောင့်အည်းသည်းခံနေရသည်။
ချီး... ဒီကောင့်ကို ငါ ဘာမှလုပ်လို့မရပါလား။
“ကောင်စီဝင်တွေ ခဏလောက် အပြင်ထွက်ပေးကြပါ။ ကျမ သူနဲ့ ခဏလောက် စကားပြောဖို့ လိုတယ်”
အိုင်လင်းက တစ်ခုခုကို စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည်။ ဂျန်ဟာယောင်း နှင့် အရပ်ဘက်ကောင်စီဝင်များသည် တံခါးအပြင်ဘက်သို့ ပျောက်ကွယ်သွားကြသည်။ အိုင်လင်းက ကျနော့်၏ ခွဲစိတ်ကုသကုတင်ဆီသို့ ကုလားထိုင်တစ်လုံးကို ဆွဲယူလာခဲ့သည်။
ကျနော်က အိုင်လင်းကို မေးလိုက်သည်။
“ဒါတွေကို အရင်ဆုံး ဖြုတ်ပေးလို့ ရမလား။ ငါ စကားပြောလို့ရတဲ့ အခြေအနေမှာ မရှိလို့ပါ”
သို့သော်လည်း အိုင်လင်းက ကျနော့်ကို ချည်နှောင်ထားသည့် ကြိုးများကို မဖြည်ပေးခဲ့ပေ။ ထိုသို့မဖြည်ပေးခြင်းမှာ အိုင်လင်းက ကျနော့်ကို မယုံကြည်သေးဟု အဓိပ္ပာယ်ရသည်။
“ရှင်က မိစ္ဆာဘုရင် ဖြစ်လာမယ်လို့ ပြောခဲ့တယ်နော်”
“ဟုတ်တယ်”
ကျနော်က တစ်ချက် ခေါင်းငြိမ့်ပြလိုက်သည်။
“အဲဒါက ဘာကို ဆိုလိုတာလဲဆိုတာ ရှင်သိရဲ့လား”
“၇၃ ခုမြောက် မိစ္ဆာနယ်မြေရဲ့ ဘုရင်ဖြစ်လာမယ်လို့ ဆိုလိုတာပါ”
“ပြီးတော့ကော”
“ကျန်တဲ့ မိစ္ဆာဘုရင် ၇၂ ပါးဆီကနေ အလွန်အကျွံ အာရုံစိုက်တာကို ခံရမယ်လို့ ဆိုလိုတာပါ”
တကယ်တော့ ကျနော် အနည်းငယ် စိတ်ပူနေမိသည်။ ကျနော်နှင့် မိစ္ဆာဘုရင်များကြားတွင် ယခုအထိ ကောင်းမွန်သော ဆက်ဆံရေးမျိုး မရှိသေးပေ။
အိုင်လင်းက ကျနော့်မျက်နှာကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ရှင့်ကို ကုသပေးနေတုန်းက ရှင့်ရဲ့ ဇာတ်လမ်းတွေကို ကျမ တစ်ချက် လှမ်းကြည့်မိတယ်... ရှင် ဘာတွေ တွေးနေလဲဆိုတာ ကျမ လုံးဝ နားမလည်နိုင်တော့ဘူး”
“ဘာပြဿနာရှိလို့လဲ”
“...စော်ဘွား စစ်ဝစ်ဇ်က သန်မာတယ်။ ရှင်ထင်ထားတာထက်တောင် ပိုပြီး သန်မာနိုင်တယ်”
အိုင်လင်း၏ လေသံမှာ အစောပိုင်းက ဇဝေဇဝါဖြစ်နေသော ပုံစံနှင့်မတူဘဲ တည်ငြိမ်နေသည်။ မိစ္ဆာနယ်မြေထဲတွင် အိုင်လင်းတစ်ယောက် ဤအချိန်အထိ အသက်ရှင်နေထိုင်နိုင်ခဲ့ခြင်းမှာ အကြောင်းရင်းရှိပေသည်။
“ဒါက သဘာဝကျပါတယ်၊ သူက စော်ဘွားတစ်ယောက်ပဲလေ”
မိစ္ဆာနယ်မြေတွင် စော်ဘွားများမှာ မိစ္ဆာဘုရင်များပြီးလျှင် အစွမ်းအထက်ဆုံး တည်ရှိမှုများ ဖြစ်ကြသည်။
၎င်းတို့မှာ မိစ္ဆာနယ်မြေ၏ အထက်တန်းလွှာများဖြစ်ပြီး အချို့မှာ ဒဏ္ဍာရီလာအဆင့် နက္ခတ်များ၏ အမြင့်ဆုံးအဆင့်အထိ ချဉ်းကပ်နိုင်သော စွမ်းအားများ ရှိကြသဖြင့် ပေါ့သေးသေး ပြိုင်ဘက်များ မဟုတ်ကြသည်မှာ သေချာသည်။ အိုင်လင်း၏ အကဲဖြတ်ချက်မှာ မှန်ကန်လှသည်။
“ရှင့်ရဲ့ ယုံကြည်မှုကို ကျမ နားလည်ပါတယ်။ ရှင့်ဆီမှာ အံ့ဩဖို့ကောင်းတဲ့ ဇာတ်လမ်းတွေ ရှိနေတာကို ကျမ အတည်ပြုပြီးသားပါ”
အိုင်လင်းမှာ ကျနော့် ဇာတ်လမ်းများကို ပြုပြင်ပေးခဲ့သူဖြစ်သဖြင့် ကျနော့် အစွမ်းအစကို တစ်ထောင့်တစ်နေရာမှ ခန့်မှန်းမိထားပုံ ရသည်။ ကျနော် ဝှက်ထားသော ဇာတ်လမ်းအားလုံးကို အိုင်လင်းက အချိန်တိုအတွင်း မသိနိုင်သော်လည်း ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်းအချို့ကိုတော့ အနည်းဆုံး မြင်တွေ့ခဲ့ပုံရသည်။ ဤသို့ ကျနော့်ဆီလာတွေ့ခြင်းမှာလည်း ကျနော့် ဇာတ်လမ်းများထဲမှ ဖြစ်နိုင်ခြေအချို့ကို မြင်တွေ့ခဲ့သောကြောင့် ဖြစ်နိုင်ပေသည်။
အိုင်လင်းက တည်ငြိမ်စွာပင် ဆက်ပြောသည်။
“ပထမဆုံးအနေနဲ့၊ ရှင်ဟာ ယုံကြည်ထိုက်တဲ့သူ ဖြစ်၊ မဖြစ် ကျမ သိဖို့လိုတယ်”
“‘တည်ရှိမှု ကတိသစ္စာ’ ငါပြုပါ့မယ်”
“ကျမတို့ ဒီမှာ ပြောသမျှ အရာတွေက အပြင်ကို ပေါက်ကြားလို့ မရဘူး”
ကျနော်နှင့် အိုင်လင်းတို့မှာ လက်ချင်းဆိုင်ကာ ‘တည်ရှိမှု ကတိသစ္စာ’ ပြုလိုက်ကြသည်။ ထိုကတိသစ္စာမှာ ဝိညာဉ်ကို တိုင်တည်၍ ပြုသော ကတိသစ္စာ ဖြစ်သည်။ ဤကတိကို ဖောက်ဖျက်သူမှာ ဝိညာဉ်လောင်ကျွမ်းပြီး သေဆုံးရမည်သာ။ ယခင်ကလည်း ယူဂျွန်ဟော့နှင့် ဤကတိသစ္စာမျိုးကို ကျနော် ပြုခဲ့ဖူးသည်။
ကျနော် စကားဆက်လိုက်သည်။
“ငါ့ရဲ့ အထောက်အထားနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်သူ့ကိုမှ မပြောစေချင်ဘူး”
“အဲဒါကို ကျမ သိပါတယ်။ စိတ်မပူပါနဲ့။ ပြုပြင်ရေးမှာ ပါဝင်ခဲ့တဲ့ ကောင်စီဝင်အားလုံးကလည်း ဒီကတိသစ္စာကို အတူတူ ခံယူထားကြတယ်”
အိုင်လင်းက သက်ပြင်းအနည်းငယ်ချလိုက်ပြီးနောက် တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ကျမတို့ အရပ်ဘက်ကောင်စီဟာ ထုတ်လုပ်ရေးလုပ်ငန်းခွင်ကို ဖျက်ဆီးပစ်ဖို့ အခွင့်အရေးကို စောင့်နေခဲ့တာ ကြာပါပြီ”
ထုတ်လုပ်ရေးလုပ်ငန်းခွင်မှာ စက်မှုဇုန်၏ အဓိကဗဟိုချက်ဖြစ်ပြီး စွမ်းအားရှင်များ၏ ကျောရိုးလည်း ဖြစ်သည်။ ထိုနေရာကို ဖျက်ဆီးရန် ကြိုးပမ်းခြင်းမှာ သိသာထင်ရှားသော ရည်မှန်းချက်တစ်ခု ဖြစ်ပေသည်။
Ways of Survival ထဲတွင် ဤအကြောင်းကို ဖတ်ခဲ့ဖူးသော်လည်း တိုက်ရိုက်မေးရန် ကျနော်ဆုံးဖြတ်လိုက်သည်။ Ways of Survival ကို ချက်ချင်းပြန်ဖတ်ရန် နည်းလမ်းမရှိသဖြင့် အချက်အလက်များကို တိုက်ရိုက်ရယူရန်မှာ အရေးကြီးပေသည်။
“ရှင်က အရာရှိတွေကို မောင်းထုတ်ဖို့ ကြံနေတာလား” ဟု အိုင်လင်းက မေးလိုက်သည်။
“ဟုတ်တယ်”
“ရှင်က ပြန်လာသူတစ်ယောက်ပဲ။ ဘာလို့ မိစ္ဆာနယ်မြေရဲ့ ဂေဟစနစ်ကို ဝင်ရှုပ်ဖို့ ကြိုးစားနေတာလဲ”
“ငါက ပြန်လာသူ မဟုတ်ဘူး”
တစ်နည်းအားဖြင့် ပြောရလျှင် ထိုစကားထက် ပိုမှန်သောစကား မရှိပေ။
“ဪ... သိပြီ”
ပြန်လာသူတိုင်းက ဒိုင်မင်းရှင်း ကူးပြောင်းခြင်း ဇာတ်ဝင်ခန်းကို အောင်မြင်ပြီး မိမိတို့၏ မွေးရပ်မြေသို့ ပြန်နိုင်ကြသည်တော့ မဟုတ်ပေ။ အချို့သော ပြန်လာသူများမှာ ဇာတ်ဝင်ခန်းတွင် ရှုံးနိမ့်ခဲ့ကြပြီး အချို့မှာမူ ၎င်းတို့၏ နေအိမ်များကို မုန်းတီးသွားကြသည်။ မိမိတို့၏ အိမ်သို့ ပြန်ရန် လက်လျှော့လိုက်ကြသူများသည် အိမ်အသစ်တစ်ခုကို ဖန်တီးကြရသည်။ ထိုနေရာက မည်မျှပင် ဆိုးရွားပါစေ၊ သူတို့မှာ ထိုနေရာတွင်ပင် နေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။
“အရင်ကလည်း စော်ဘွားကို သတ်ဖို့ ကြိုးစားခဲ့ကြတာ အကြိမ်ကြိမ်ပါပဲ” ဟု အိုင်လင်းက ကျနော့်ကို ပြောပြသည်။
“အခုထိ သူ အသက်ရှင်နေသေးတယ်ဆိုတော့ အရင်လူတွေ ကျရှုံးခဲ့ကြတာပေါ့နော်”
“... သတ်ဖို့ကြံစည်ခဲ့ကြတဲ့လူတွေရဲ့ အစီအစဉ်တွေက မဆိုးပါဘူး။ အားလုံး ကျရှုံးသွားခဲ့တာကလွဲရင်ပေါ့။ သူတို့ထဲက တချို့ဆိုရင် ပထမဆုံး မူရင်လောကက သခင်တွေ ဖြစ်သလို၊ တချို့ဆိုရင် သူတို့ဂြိုဟ်မှာ အစွမ်းအထက်ဆုံး လူတွေပါ”
“အဲဒီလူတွေကို နင် ဘယ်လို စုဆောင်းခဲ့တာလဲ”
“ရှင့်ရဲ့ အခြေအနေနဲ့ ဆင်တူပါတယ်။ သူတို့တွေဟာ ဇာတ်ဝင်ခန်းမှာ ရှုံးနိမ့်ခဲ့ကြတဲ့လူတွေဖြစ်ရင်ဖြစ်၊ မဟုတ်ရင် သူတို့ရဲ့ မွေးရပ်မြေ ဇာတ်ဝင်ခန်းကနေ ထုတ်ပယ်ခံခဲ့ရသူတွေဖြစ်ကြတာလေ”
ထိုအချက်က ကျနော် သိပြီးသား အချက်တစ်ချက် ဖြစ်သည်။ အိုင်လင်းက ‘ထုတ်ပယ်ခံရသူများ’ ကို အဘယ်ကြောင့် ကူညီပေးနေသလဲဆိုသည့် အကြောင်းရင်းမှာ ဤအချက်ကြောင့်ပင် ဖြစ်သည်။ စစ်ဝစ်ဇ် စက်မှုဇုန်၏ အုပ်စိုးသူကို တိုက်ခိုက်ရန် ပိုမိုအစွမ်းထက်သည့် နိုင်ငံသားများကို စုဆောင်းနေခြင်းသာ။ အိုင်လင်းသည် သူ၏ ‘ဇာတ်လမ်းကျွမ်းကျင်သူ’ ဝိသေသ လက္ခဏာကို ဤပုံစံဖြင့် အသုံးပြုနေခြင်း ဖြစ်သည်။
အိုင်လင်းက ပင်ပန်းနွမ်းနယ်နေသော အမူအရာဖြင့် ခေါင်းခါယမ်းလိုက်သည်။
“အများစုက စော်ဘွားဆီကို မရောက်နိုင်ကြခင်မှာပဲ သူ့ရဲ့ အစောင့်အရှောက်တွေလက်ထဲမှာတင် ဇာတ်သိမ်းသွားခဲ့ကြတာ”
“အစောင့်အရှောက်တွေက အများကြီးရှိလို့လား”
“ထုတ်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ ရွာစားတွေနဲ့ အဆင့်နိမ့်အရာရှိတွေ ရာနဲ့ချီ ရှိတယ်။ နယ်စား ၁၀ ယောက်နဲ့ အမတ် ၂ ယောက်လည်း ရှိသေးတယ်”
အစောင့်အရှောက် များပြားနေခြင်းက ပြဿနာတစ်ခုပင်။
အဆင့်နိမ့် အရာရှိတစ်ကောင်သည်ပင် သာမန် ကိုယ်စားလှယ်များထက် ပိုမိုအစွမ်းထက်၏။ ထို့အပြင် နယ်စားအဆင့်နှင့် အထက်ရှိသူအားလုံးသည် ဇာတ်လမ်း၏ စွမ်းအားကို အသုံးပြုနိုင်ကြလေသည်။ အကြီးမားဆုံး ပြဿနာမှာ စော်ဘွားတစ်ယောက်တည်း၏ အစွမ်းသည်ပင် အစောင့်အရှောက်အားလုံး ပေါင်းထားသည်ထက် ပိုမိုသန်မာနေခြင်း ဖြစ်သည်။
ကျနော် အရေးမစိုက်သလိုပင် ပြန်ပြောလိုက်သည်။
“စမ်းကြည့်ရတာ တန်ပါတယ်”
“အရင်တုန်းကတွေ့ခဲ့တဲ့ ထုတ်ပယ်ခံရသူတွေလည်း ဒီလိုပဲ ပြောခဲ့ကြတာပဲ”
“ငါက သူတို့ထက် ပိုသန်မာလို့ပါ”
ယူဂျွန်ဟော့ဆိုလျှင် ဤကဲ့သို့ပင် ပြောပေလိမ့်မည်။ လက်ရှိတွင် ကျနော်ကိုယ်တိုင်ကလည်း ယူဂျွန်ဟော့ ဖြစ်နေသည် မဟုတ်ပေလော။ သို့သော် အိုင်လင်းကမူ ယူဂျွန်ဟော့မှာ မည်သူမှန်း မသိပေ။
“ရှင်သာ တကယ်သန်မာရင် ဇာတ်ဝင်ခန်းမှာ ရှုံးနိမ့်ခဲ့မှာ မဟုတ်ဘူး”
ယခုအချိန်တွင် ထိုစကားကို ပြန်လည်ချေပရန် နည်းလမ်းမရှိသေးပေ။ အခြေအနေများမှာ ရှင်းပြရန် အလွန်ရှုပ်ထွေးလွန်းလှသည်။ သို့သော်ငြားလည်း အိုင်လင်းမှာ ကျနော့်အပေါ် မျှော်လင့်ချက် အချို့ရှိနေဆဲ ဖြစ်သည်။
“အရင်ဆုံး ရှင့်ရဲ့ အရည်အချင်းကို သက်သေပြစေချင်တယ်”
“ဒီလိုမျိုးလား”
ကျနော်သည် စောင့်ဆိုင်းနေခဲ့သလိုပင် မိမိကိုယ်ပေါ်ရှိ ချည်နှောင်ထားသော ကြိုးများကို ဖြုတ်ချလိုက်သည်။ ကြိုးများမှာ ကျယ်လောင်သော အသံနှင့်အတူ ပြတ်တောက်သွားကြသည်။ အိုင်လင်းမှာ အံ့သြသွားပုံရသော်လည်း ထိတ်လန့်ခြင်းမရှိပေ။
“... အရင်က ထုတ်ပယ်ခံရသူတွေလည်း ဒီလိုပဲ လုပ်ခဲ့ကြတာပဲ။ ရှင်က နယ်စားစော်ဘွားတွေကို ရင်ဆိုင်နိုင်မလားဆိုတာ ကျမ သေချာအောင် လုပ်ရမယ်”
“ဘာလုပ်စေချင်တာလဲ”
“စစ်ဝစ်ဇ်ဆီကို သင့်တော်တဲ့ ပြိုင်ဘက်တစ်ယောက် ရောက်နေတယ်”
“ဂီလိုဘတ် စက်မှုဇုန်က လာတဲ့ သံတမန်ကို ပြောတာလား”
“ဟုတ်တယ်”
ကျနော် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“နင် ဘာတွေးနေလဲဆိုတာ ငါ သိပြီ”
အိုင်လင်းက ခေါင်းငြိမ့်ပြလိုက်သည်။
“အားနာပေမဲ့ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ”
၇၃ ခုမြောက် မိစ္ဆာနယ်မြေသည် လက်ရှိအချိန်တွင် မိစ္ဆာဘုရင်နှင့် ပတ်သက်သည့် ကောလဟာလများကြောင့် ရှုပ်ထွေးနေသည့် အခြေအနေတွင် ရှိနေသည်။ စစ်ဝစ်ဇ် စက်မှုဇုန်နှင့် ဂီလိုဘတ် စက်မှုဇုန်တို့ တွေ့ဆုံခြင်းမှာ ထိုရှုပ်ထွေးမှုများကို ငြိမ်သက်သွားစေရန် ရည်ရွယ်ခြင်း ဖြစ်၏။
“အန္တရာယ်အရှိဆုံး ရန်သူဆိုတာ အနီးကပ်ဆုံး မဟာမိတ်ပဲ”
အကယ်၍ ထိုအခွင့်အရေးကို အသုံးချပြီး မဟာမိတ်ကို ဖျက်ဆီးပစ်နိုင်မည်ဆိုလျှင် စစ်ဝစ်ဇ် စက်မှုဇုန်ကို အကွဲအပြဲဖြစ်အောင် လုပ်ဆောင်ရန် ဖြစ်နိုင်ပေသည်။ အိုင်လင်းမှာ ရေရှည်အတွက် ကြည့်နေခြင်းဖြစ်ပြီး ဤအခွင့်အရေးကို လက်မလွှတ်လိုပေ။ အစီအစဉ် ကျရှုံးသွားလျှင်ပင် ကြီးမားသော ထိခိုက်မှု ရှိလာမည် မဟုတ်သည်က သေချာသည်။
သို့သော် ကျနော့်ထံတွင် ထိုအခွင့်အရေးကိုအရယူရန် ရည်ရွယ်ချက် မရှိပေ။
“အရင်ဆုံး သဘောတူညီချက်တစ်ခု လုပ်ရအောင်”
“ကောင်းပြီလေ။ ရှင့်ဘက်က ဘာတွေတောင်းဆိုချင်လို့လဲ”
“ငါ တောင်းဆိုတိုင်း ငါ့ရဲ့ ခန္ဓာကိုယ်ကို ပြုပြင်ပေးပါ။ အခမဲ့ပဲ ဖြစ်ရမယ်”
ကျနော့် ကိုယ်ခန္ဓာမှာ ပိုမိုသန်မာမလာမချင်း ဇာတ်လမ်း အပိုင်းအစများကို အစဉ်တစိုက် စားသုံးနေရမည် ဖြစ်သည်။ ဇာတ်လမ်းများအကြား တိုက်မိမှုများ မည်သည့်အချိန်တွင် ဖြစ်ပွားလာမည်ကို မသိနိုင်ပေ။ ထို့ကြောင့် လတ်တလောတွင် အိုင်လင်း၏ အကူအညီမှာ လိုအပ်သည်။
“ရှင်သာ အောင်မြင်ရင် ဒါက ဘာမှ မဟုတ်ပါဘူး။ ဒါပဲလား”
“နောက်ထပ် တစ်ခုရှိသေးတယ်”
အမှန်စင်စစ် ဤအချက်မှာ ပဓာနအကျဆုံး ဖြစ်သည်။
“ငါ့ကို ‘ဇာတ်ဝင်ခန်း’ တစ်ခု ပေးပါ”
“... ဇာတ်ဝင်ခန်း ဟုတ်လား”
ထိုအချက်က ကျနော် စစ်ဝစ်ဇ် စက်မှုဇုန်ကို ပထမဆုံးအကြိမ် လာရောက်ရသော အကြောင်းရင်းပင် ဖြစ်သည်။
“နင့်ဆီက တော်လှန်ရေး ဇာတ်ဝင်ခန်းကို ငါလိုအပ်တယ်”
.................................................................................................................
မိစ္ဆာနယ်မြေဆိုတာ ရှေးယခင်ကတည်းက နက္ခတ်များအကြား ရေပန်းမစားသော နယ်မြေတစ်ခု ဖြစ်သည်။
နက္ခတ်များနှင့် မိစ္ဆာဘုရင်များအကြား ဆိုးရွားသော ဆက်ဆံရေးကြောင့် ရေပန်းမစားရခြင်း ဖြစ်၏။ ပထမဦးဆုံးအနေဖြင့် မိစ္ဆာနယ်မြေထဲကို ဝင်ရောက်လာကြသော ကိုယ်စားလှယ် အများစုဟာ ‘ရှုံးနိမ့်သူများ’ သာ ဖြစ်ကြလေသည်။
ကျနော် ခွဲစိတ်ခန်းထဲကနေ ထွက်လာပြီးနောက် ပထမဆုံး မြင်လိုက်ရသည်က မြို့ခံလူထုတွေ စုဝေးနေကြတဲ့ အရက်ဆိုင်ပင် ဖြစ်သည်။
“ချီး... ဒီအရက်က ချဉ်စုတ်စုတ်ကြီးပါလား”
အရပ်မျက်နှာ အနှံ့အပြားကနေ မြို့ခံတွေ၏ သက်ပြင်းချသံတွေ ထွက်ပေါ်လာသည်။ အချိန်က ညနေစောင်းနေပြီ ဖြစ်သည်။
စက်ရုံမှာ တစ်နေကုန် အလုပ်လုပ်ပြီး ပြန်လာကြသော အလုပ်သမားတွေနှင့် ကိုယ်စားလှယ်တွေသည် သောက်စားရင်း စုဝေးနေကြ၏။ ခါးသက်သော အရသာကြောင့် သူတို့၏မျက်နှာတွေသည် ရှုံ့မဲ့နေကြသည်။ မိစ္ဆာနယ်မြေ၏ အရက်က ကမ္ဘာမြေထက် ပိုပြီး ခါးသည်။ Ways of Survival ထဲတွင် ခါးသက်သောအရသာနှင့် ပတ်သက်ပြီး ဖတ်ခဲ့ရခြင်းကို ကျနော် ပြန်လည်အမှတ်ရမိသွားသည်။
「 ကင်ဒေါ့ဂျာ တွေးနေမိသည် - သူတို့ထဲမှာ ဘယ်သူက တော်လှန်ရေးသမား ဖြစ်မလဲ 」
မိစ္ဆာနယ်မြေမှာလည်း ဇာတ်ဝင်ခန်းတွေက ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုသည် မည်သည့်နယ်မြေ၏ ဇာတ်လမ်းကိုမှ လျစ်လျူမရှုခဲ့ပေ။ အထူးသဖြင့် ဤနေရာ၏ အဓိက ဇာတ်ဝင်ခန်း တစ်ခုဖြစ်သော ‘တော်လှန်ရေး ဇာတ်ဝင်ခန်း’မှာ မိစ္ဆာနယ်မြေက စော်ဘွားတွေပါ စောင့်ကြည့်နေကြသည့် ဇာတ်ဝင်ခန်းတစ်ခု ဖြစ်သည်။
– ရှင်က အဲဒီဇာတ်ဝင်ခန်းအကြောင်း ဘယ်လိုသိနေတာလဲတော့ ကျမ မသိဘူး။ ဒါပေမဲ့ ရှင်ကို ချက်ချင်း ကူညီဖို့တော့ ခက်လိမ့်မယ်။ ဘယ်သူက ‘တော်လှန်ရေးသမား’ လဲဆိုတာ ကျမလည်း မသိလို့ပါ
တော်လှန်ရေးသမားက မည်သူမည်ဝါဖြစ်ကြောင်းကို မသိဘဲနဲ့ ဇာတ်ဝင်ခန်းကို လွှဲပြောင်းပေးဖို့ မဖြစ်နိုင်ပေ။
– နင့်ဆီမှာ ဘာသတင်းအချက်အလက်မှ မရှိဘူးလား
– ကျမ သတင်းရခဲ့ရင်တောင် တော်လှန်ရေးသမားဆိုတာ လတိုင်း ပြောင်းလဲနေတာလေ။ အမှန်အတိုင်းပြောရရင် ဘယ်သူက တော်လှန်ရေးသမားပါလို့ ဝန်ခံမှာလဲ။ ဘယ်သူက သူလျှိုလဲဆိုတာတောင် သိနိုင်တာမဟုတ်ဘူးရှင့်
ထိုစကားတွေက အိုင်လင်း ပြောခဲ့တဲ့ စကားတွေ ဖြစ်သည်။ သို့သော် ကျနော့် ခန့်မှန်းချက်သာ မှန်ကန်ခဲ့မည်ဆိုလျှင် တော်လှန်ရေးသမားက သူတို့ထဲမှာ သေချာပေါက် ရှိနေရမည်။
「 တော်လှန်ရေး ဇာတ်ဝင်ခန်းသည် မိစ္ဆာနယ်မြေ၏ အဓိက ဇာတ်ဝင်ခန်း ဖြစ်သည်။ ဇာတ်ဝင်ခန်း အမှတ်စဉ်သည် အကြိမ်တိုင်း ပြောင်းလဲနေတတ်သော်လည်း ဇာတ်ဝင်ခန်း ဖြစ်ရပ်ကို ကြိုဆိုကြသူများမှာမူ သတ်မှတ်ထားပြီးသား ဖြစ်သည်။ သူတို့မှာ မိစ္ဆာနယ်မြေ၏ အုပ်ချုပ်သူ လူတန်းစားများပင် ဖြစ်သည်။ 」
ယခုလိုအချိန်တွင် Fourth Wall ရှိနေသည်မှာ ကံကောင်းသည်ဟု ကျနော်ခံစားလိုက်ရသည်။ ကျနော့်ဆီတွင် Ways of Survival ဖိုင် မရှိတော့သော်လည်း Fourth Wall က ကျနော့်မှတ်ဉာဏ်တွေကို ပြန်လည် အမှတ်ရစေသည်။
– ဒီက မြို့ခံတွေက နောက်ဆုံး တော်လှန်ရေးသမားလို့ ကြေညာခဲ့တဲ့လူ ဘာဖြစ်သွားလဲဆိုတာကို မှတ်မိနေကြတုန်းပဲ။ အဲဒါကြောင့် လူတွေကို လိုက်မမေးနဲ့။ အားလုံး စိုးရိမ်ကုန်ကြဦးမယ်
အိုင်လင်းက ကျနော့်ကို သတိပေးသော်လည်း ကျနော် အချိန်ဆွဲမနေနိုင်ပေ။ ကျနော့် ခန္ဓာကိုယ်က ပြန်လည် ကောင်းမွန်လာပြီဖြစ်ပြီး ထုတ်ပယ်ခြင်းပြစ်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိနေပြီ ဖြစ်သော်လည်း ထိုသို့ခံနိုင်ရည်ရှိခြင်းက ရက်အနည်းငယ်အတွက်သာ ဖြစ်သည်။
「 ကင်ဒေါ့ဂျာ တွေးနေမိသည် - မူရင်း ဇာတ်ဝင်ခန်းဆီ ပြန်သွားနိုင်ဖို့အတွက် တော်လှန်ရေး ဇာတ်ဝင်ခန်းကို ငါ ရအောင်ယူရမယ် 」
ထိုစဉ် ထူးဆန်းသော အသံတစ်ခု ကျနော့် နားထဲကို တိုးဝင်လာခဲ့သည်။
“ဟိုလေ…. မင်းကို အရင်ကမတွေ့ဖူးဘူး”
အခန်း ၁၉၈
- အပိုင်း ၃၇ - မိစ္ဆာနယ်မြေ၏ ရှုခင်း (၅)
ကျနော် နောက်သို့ လှည့်ကြည့်လိုက်သောအခါ အရက်ဆိုင်ပိုင်ရှင်က စူးစမ်းသော မျက်လုံးများဖြင့် ကျနော့်ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ တတ်နိုင်သမျှ သဘာဝကျကျပင် ကျနော် ပြန်ဖြေလိုက်သည်။
“ကျနော် မနေ့ကမှ ရောက်တာပါ”
“တွေ့ရတာ ဝမ်းသာပါတယ်။ စက်မှုဇုန်ထဲက ဘဝက ခက်ခဲပေမဲ့ ငါတို့ စိတ်ထားတွေကတော့ ကောင်းကြပါတယ်။ မင်း ဘယ်ကလာသလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ ဒီနေရာက အခြေချဖို့ မဆိုးပါဘူး။ အရက်တစ်ခွက်လောက် သောက်မလား”
“ဟင့်အင်း၊ ကျနော် အရက်မသောက်တတ်ဘူး”
“ဟားဟား။ အရက်မသောက်တတ်ဘဲ ဒီလိုနေရာမျိုးကို လာတာလား။ မင်းကတော့ တော်တော် ကံမကောင်းတဲ့ကောင်ပဲ”
ထိုစကားကို ကြားလိုက်ရသောအခါ ကျနော် Mino Soft သို့ ပထမဆုံး စတင်ဝင်ရောက်ခဲ့စဉ်က အချိန်ကို ပြန်လည် အမှတ်ရမိသွားသည်။ စားသောက်ဆိုင်တွင် ကျနော် အရက်မသောက်တတ်ကြောင်း ပြောလိုက်စဉ်က ဟန်မြုံအိုကလည်း ယခုကဲ့သို့ပင် ပြောခဲ့ဖူးသည်။
တွေးကြည့်မှပဲ... ယခု ဟန်မြုံအို ဘယ်ရောက်နေပါလိမ့်။ သူက မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ်၏ ကျိန်စာကို ခံထားရသူ ဖြစ်သဖြင့် သူ သေသလား ရှင်သလား ဆိုသည်ကို အတည်ပြုရန် နည်းလမ်းမရှိပေ။
ပင်ပန်းနွမ်းနယ်ဖွယ် ထိုနေ့ရက်များကို ပြန်လည် အမှတ်ရမိသောအခါ ကျနော် တစ်နည်းတစ်ဖုံ စိတ်မကောင်း ဖြစ်သွားမိသည်။
“ကျနော် အရက်မကြိုက်ပေမဲ့ အရက်နဲ့အတူကျွေးတဲ့ အမြည်းတွေကိုတော့ ကြိုက်တယ်။ အမြည်းတွေပဲ မှာလို့ ရမလား”
“ရတာပေါ့။ ငါတို့ဆီမှာ မိစ္ဆာလက်သည်းကြော်ရှိတယ်၊ မိစ္ဆာအူစုံကြော် ရှိတယ်၊ ပြီးတော့...”
ကျနော် ပြုံးရင်း ပြောလိုက်သည်။
“ကျနော့်ကို နောက်မနေပါနဲ့တော့”
“ဟားဟား၊ ရိပ်မိသွားပြီလား”
“ခင်ဗျားဆီမှာ အကောင်းဆုံးရှိတာကိုပဲ ပေးပါ။ ဘယ်လောက်လဲ”
“ဒင်္ဂါး ၅ ပြားပဲ”
မယုံနိုင်လောက်အောင် သက်သာသော ဈေးနှုန်း ဖြစ်သည်။ ငြိမ်းချမ်းမြေမှ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်ပင် ပေးချေနိုင်သော ဈေးမျိုး ဖြစ်၏။ ကျနော် ခေတ္တမျှ စဉ်းစားပြီးမှ မေးလိုက်သည်။
“ကျနော် နှစ်ဆပေးရင် နှစ်ဆ ပိုကောင်းအောင် လုပ်ပေးနိုင်မလား”
“ဟားဟား၊ သုံးဆ ပိုကောင်းအောင်တောင် လုပ်ပေးလို့ ရတယ်”
ကျနော်က ဘာစကားမှ မပြောဘဲ ဒင်္ဂါး ၅၀ ကို ကမ်းပေးလိုက်ရာ ဆိုင်ပိုင်ရှင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“...၁၀ ဆဆိုရင်တော့ နည်းနည်း ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ ငါ ကြိုးစားကြည့်ပါ့မယ်”
ခက်ခဲမည်ဟုဆိုသော်ငြားလည်း ဆိုင်ပိုင်ရှင်ထံမှ နှစ်သက်ဖွယ် အနံ့အသက်များ ထွက်ပေါ်နေသဖြင့် သူသည် ကျွမ်းကျင်သော စားဖိုမှူးတစ်ဦး ဖြစ်ပုံရသည်။ အစားအသောက် အစစ်အမှန်ကို စားရတော့မည်ဟု တွေးလိုက်မိသောအခါ ကျနော့် မျှော်လင့်ချက်များက အနည်းငယ် မြင့်တက်လာသည်။
ကျနော်၏ ဝမ်းဗိုက်ထဲမှ ဆာလောင်မှုကို ခေတ္တ လျစ်လျူရှုလိုက်ရင်း သက်ပြင်းချလိုက်မိသည်။ ကျနော် တောက်လျှောက် အလုပ်ကြိုးစားခဲ့ရသဖြင့် ယခုလို အနားယူရခြင်းမှာ ခက်ခဲသောအလုပ် မဟုတ်ပေ။
“တကယ်ကို ကောင်းလိုက်တာ။ အဲဒါ ကမ္ဘာမြေလို့ ခေါ်တဲ့ နေရာလား”
ကိုယ်စားလှယ် တစ်စုသည် အရက်ဆိုင်၏ အပေါ်ဘက်တွင် ချိတ်ဆွဲထားသော ဖန်သားပြင်ကို စိုက်ကြည့်နေကြသည်။
ဒိုကဲဘီ ချန်နယ်တစ်ခုမှ ဗီဒီယိုမှတ်တမ်း တစ်ခု ပြနေခြင်းဖြစ်သည်။ ရင်းနှီးနေသော မြင်ကွင်းတစ်ခု ဖြစ်ပြီးနောက် ရင်းနှီးနေသော အသံတစ်ခု စတင်ထွက်ပေါ်လာသည်။
– ဦးလေးကြီး
ထိုမြင်ကွင်းမှာ ဆိုးလ်ဒေသ ဇာတ်ဝင်ခန်းမှ မြင်ကွင်းတစ်ခု ဖြစ်သည်။ ဒသမမြောက် ဇာတ်ဝင်ခန်းဖြစ်သည့် ၇၃ ယောက်မြောက် မိစ္ဆာဘုရင်၏ မှတ်တမ်း ဖြစ်သည်။ ဖန်သားပြင်မှ ထွက်ပေါ်လာသော ရှင်ယူဆောင်း၏ အသံကို ကြားလိုက်ရသောအခါ ကျနော့် ရင်ထဲတွင် တစ်နေရာရာမှ နာကျင်သွားရသည်။
မျက်နှာကို တစ်ဝက်ခန့် ဖုံးအုပ်သွားစေရန် အင်္ကျီကော်လံကို ကျနော်မြှင့်တင်လိုက်ပြီး ဗီဒီယိုကို ဆက်ကြည့်နေလိုက်သည်။
“ဇာတ်ဝင်ခန်းရဲ့ ရိုက်ခတ်မှုကတော့ အလန်းစားပဲ။ ကောလဟာလတွေအတိုင်း မဟုတ်ပါလား”
“ဒါက အခုတလော လူကြိုက်အများဆုံး ဇာတ်ဝင်ခန်း နယ်မြေလို့ မင်းမထင်ဘူးလား”
“အဲဒီနားက ကိုယ်စားလှယ်တွေတော့ တော်တော်လေး အခြေအနေ ကောင်းကြမှာပဲ”
မိစ္ဆာနယ်မြေရှိ လူထုဆက်သွယ်ရေး နယ်ပယ်အားလုံးနီးပါးသည် အကျိတ်နှင့်လူများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
အကျိတ်နှင့်လူများသည် ဒိုကဲဘီများကဲ့သို့ တိုက်ရိုက် ချန်နယ်များ မဖွင့်နိုင်ကြသဖြင့် လှူဒါန်းမှုများမှတစ်ဆင့် ဝင်ငွေ မရရှိနိုင်ကြပေ။ ထို့အစား ၎င်းတို့သည် မှတ်တမ်းတင်ထားသော အချက်အလက်များကို ခိုးယူကာ ကမ္ဘာအနှံ့သို့ ဖြန့်ဝေကြသည်။
“ချီး… ခက်ခဲမှု အဆင့်က အဲလောက်ကြီး မြင့်မယ်လို့ ငါကတော့ မထင်ဘူး။ ငါလည်း အဲဒီလောက်တော့ လုပ်နိုင်ပါတယ်”
“ပေါက်ကရတွေ ပြောမနေနဲ့။ မင်းသာ အဲဒီမှာ ရှိနေရင် ပဉ္စမမြောက် ဇာတ်ဝင်ခန်းကိုတောင် ရောက်မှာ မဟုတ်ဘူး”
“ဟမ်၊ မရောက်နိုင်ဘူးလား”
၎င်းတို့က ဖန်သားပြင်ကို ကြည့်နေကြစဉ် ၇၃ ယောက်မြောက် မိစ္ဆာဘုရင် ဇာတ်ဝင်ခန်းမှာ တဖြည်းဖြည်း ပြောင်းလဲလာသည်။
– ယူရီအယ်၊ သိတယ်မလား။ ဒါက ဇာတ်လမ်းတစ်ပုဒ် သက်သက်ပါပဲ
မျက်နှာပြင်မှ ထွက်ပေါ်လာသော ကျနော့်အသံကို ကြားလိုက်ရသည်မှာ ကျနော့်အတွက် တကယ်ကို ထူးဆန်းနေပေသည်။
– အဲဒီအတောအတွင်း လူတွေအများကြီး သေဆုံးသွားတာကို နတ်ခေါင်ချုပ် ယူရီအယ် မြင်တွေ့ခဲ့ရမှာပါ
ထိုအချိန်မှာ နတ်ခေါင်ချုပ် ယူရီအယ် အလွန်အမင်း ဝမ်းနည်းနေခဲ့သော အချိန် ဖြစ်သည်...။
ကျနော် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ ကိုယ်စားလှယ် အချို့သည် မျက်ရည်ကျနေကြသည်ကို တွေ့လိုက်ရသည်။ ဒေါသ၊ စိတ်ပျက်အားငယ်မှု သို့မဟုတ် သက်ပြင်းချသံများ။
“ချီး။ တကယ်ကို ဝမ်းနည်းဖို့ ကောင်းလိုက်တာ...”
တကယ်ကို ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်သည်။ ပတ်ဝန်းကျင်မှာရှိသော ကိုယ်စားလှယ်များသည် ၎င်းတို့၏ ဇာတ်ဝင်ခန်း မဟုတ်သော်လည်း ကျနော် ကြုံတွေ့ခဲ့ရသော ဇာတ်လမ်းများကို ကိုယ်ချင်းစာ ခံစားနေကြလေသည်။ ထိုကိုယ်စားလှယ်တို့၏ မျက်နှာများသည် နှစ်သိမ့်မှု တစ်ခုခုကို ရရှိထားပုံ ပေါ်သည်။
ဇာတ်လမ်းများကို လိုအပ်သည်မှာ နက္ခတ်များသာ မဟုတ်နိုင်ပေ။ ဇာတ်လမ်းများဆိုသည်မှာ လူတိုင်းအတွက် လိုအပ်သော အရာများ ဖြစ်သည်။
“... ငါတို့ရဲ့ မူရင်း ဇာတ်ဝင်ခန်းဆီ ပြန်သွားရင် အဲဒီလို လုပ်နိုင်မှာလား”
“ရမ်ပတ်၊ မင်းက ပြန်သွားချင်လို့လား”
“သွားလို့ရရင်တော့ သွားချင်တာပေါ့၊ ဒါပေမဲ့ ရမှမရဘူးပဲ”
“ဟီးဟီး။ အကျိတ်နှင့်လူကိုသာ မေးကြည့်လိုက်စမ်းပါ။ သူက မင်းကို အချိန်မရွေး ပို့ပေးလိမ့်မယ်”
“... လာနောက်နေတာလား။ ငါ့ရဲ့ ဇာတ်လမ်းဟောင်းအတွက် ငါက ကပ်ဘေးတစ်ခု မဖြစ်ချင်ဘူး”
ကပ်ဘေး။ ထိုစကားလုံး ထွက်ပေါ်လာချိန်တွင် အရက်ဆိုင်အတွင်းရှိ အငွေ့အသက်မှာ တင်းမာသွားခဲ့သည်။
သို့သော် ခဏတာမျှသာ ဖြစ်သည်။ လူတိုင်းက ဤအကြောင်းအရာကို ဆွေးနွေးရန် ဝန်လေးနေကြသဖြင့် အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်ကြသည်။
“ဒီမှာပါ၊ ၁၀ ဆ ပိုအရသာရှိတဲ့ အမြည်းတွေ လာပါပြီ”
ကျနော် အနည်းငယ် ပြုံးလိုက်ပြီး အမြည်းပန်းကန်များကို လက်ခံလိုက်သည်။ အမြည်းတွေသည် ရိုးရှင်းသည့် အာလူးကြော်နှင့် ခေါက်ဆွဲတို့သာ ဖြစ်သည်။ မွှေးကြိုင်နေသည့် အနံ့ကြောင့် မြည်းမကြည့်ရသေးခင်မှာပင် အရသာရှိသော ဟင်းလျာများဖြစ်ကြောင်း သိနိုင်ပေသည်။
ပန်းကန်များကို ကိုင်ကာ ပတ်ဝန်းကျင်ကို ကျနော်ဝေ့ကြည့်လိုက်သည်။ အခြားသူများကဲ့သို့ပင် ဖန်သားပြင်ကို အာရုံစိုက်နေသော ခေါင်းသေးသေးလေး တစ်ခုကို တွေ့လိုက်ရ၏။ သူသည် ကျနော် အနားတွင် ရှိနေသည်ကို မသိဘဲ ငိုတော့မည့်ဆဲဆဲ ဖြစ်နေလေသည်။
ကျနော် လျှာတစ်ချက်သပ်လိုက်ပြီး သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
“ဘာလဲ၊ မင်းက ဇာတ်ဝင်ခန်းကို လွမ်းနေတာလား”
“အိ”
အံ့အားသင့်သွားသော ပုံစံလေးမှာ အလွန် ချစ်စရာကောင်းလှသည်။ ကျနော် စိတ်ကူးထားသည့်အတိုင်းပင်။ ထွက်ပြေးရန် ပြင်နေသော ဂျန်ဟာယောင်း၏ ပုခုံးကို ကျနော် ဖိထားလိုက်သည်။
“အရမ်းကြီး သူစိမ်းမစိမ်းစမ်းပါနဲ့။ ငါက အတူတူ စားချင်ရုံတင်ပါ”
ဂျန်ဟာယောင်းက ကျနော့်ကို သံသယဖြစ်ဖွယ် စိုက်ကြည့်နေပြီးမှ အသာတကြည် ပြန်ထိုင်လိုက်သည်။ ပတ်ဝန်းကျင်တွင် ကိုယ်စားလှယ်များစွာ ရှိနေသဖြင့် ကျနော်က သူ့ကို အန္တရာယ် မပြုနိုင်ဟု သူက တွေးတောလိုက်ပုံရသည်။ ဂျန်ဟာယောင်းသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ စတင် စကားပြောလိုက်သည်။
“အိုင်လင်းနဲ့ စကားပြောလို့ ပြီးပြီလား”
“အေး”
“ဘာတွေ ပြောခဲ့တာလဲ”
“မင်း သိဖို့ မလိုပါဘူး”
“... ဒါနဲ့၊ အဲဒါက အထူးပြုလုပ်ထားတဲ့ ဟင်းလျာလား”
“စားချင်ရင် စားလေ”
ဂျန်ဟာယောင်းသည် စောင့်နေခဲ့သည့်အလား ခက်ရင်းကို လှုပ်ရှားလိုက်သည်။ ခေါက်ဆွဲများသည် ဂျန်ဟာယောင်း၏ ပါးစပ်အတွင်းသို့ ပျောက်ကွယ်သွားသည်။ စဉ်းစားကြည့်မှ ဤကောင်လေးသည် မရှက်တတ်လှပင်။
“အင်း၊ စားလို့တော့ တော်တော် ကောင်းသားပဲ”
ဂျန်ဟာယောင်းသည် ကျနော်၏ အမြည်းများကို မျက်စိတစ်မှိတ်အတွင်း ထက်ဝက်ကျော် ကုန်အောင် စားပစ်လိုက်သည်။
“... ဒါနဲ့၊ ခင်ဗျားက ကမ္ဘာမြေက လာတာလား”
“ဟုတ်တယ်”
ဖန်သားပြင်ပေါ်တွင် ကျနော့်မျက်နှာက သေချာ ပေါ်မလာခဲ့ပေ။ တစ်စုံတစ်ယောက်က တမင်တကာ နှောင့်ယှက်ထားသည့်အလား ကျနော့်မျက်နှာမှာ ထိုးနှက်ခံထားရသကဲ့သို့ ပုံပျက်နေခဲ့သည်။
ချီးထုတ် ဘီဟွန်းက ဘာဖြစ်လို့ ငါ့မျက်နှာကို အဲဒီလို ပြင်လိုက်တာလဲ။ ဘာပဲဖြစ်ဖြစ် ဂျန်ဟာယောင်းကတော့ ငါ့ကို မှတ်မိပုံမရဘူး။
“... ဘယ်လိုနေလဲ”
“စုတ်ပြတ်သတ်နေတာပဲ”
“အခု ဖန်သားပြင်ပေါ်မှာ ခင်ဗျားပါနေတာလား”
“ငါ ပါလာပါလိမ့်မယ်”
“ဘယ်နားမှာလဲ”
“အခု လာနေပြီ”
ဖန်သားပြင်က ယူဂျွန်ဟော့၏ ချောမောသော မျက်နှာကို အနီးကပ် ဆွဲပြလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ကျနော့် ဝတ်ရုံမှာ ညစ်ပတ်နေသဖြင့် ယူဂျွန်ဟော့၏ မဟူရာဝတ်ရုံနှင့် ဆင်တူနေလေသည်။ အတော်အသင့် ဇွတ်မှိတ်ငြင်းဆိုလိုက်ရင်တော့ သူ တကယ် ယုံသွားနိုင်လောက်၏။
သို့သော် ဂျန်ဟာယောင်း၏ အမူအရာမှာ သိပ်မကောင်းလှပေ။
“နည်းနည်းလေးမှ မတူဘူး...”
“အဲဒါ ငါပဲလေ”
“မဟုတ်ဘူး။ ဖန်သားပြင်ပေါ်က အဲ့ဒီလူဟာ နတ်ဘုရားတစ်ပါးက ရက်ပေါင်း တစ်ထောင်ကြာအောင် ထုဆစ်ထားတာနဲ့တူပြီး ခင်ဗျားကတော့ ကြုံရာလူက ဝိုင်းနယ်ထားတဲ့ ဂျုံလုံးနဲ့တူတယ်”
“ငါက ထုတ်ပယ်ခံထားရတဲ့သူလေ။ ငါ့မျက်နှာပေါ်က ဇာတ်လမ်းတွေက ပြိုပျက်ကုန်ပြီ”
“ဇာတ်လမ်းတွေ ဘယ်လောက်ပဲ ဆုံးရှုံးပါစေဦး... ခင်ဗျားလိမ်မယ်ဆိုရင်လည်း အဓိပ္ပာယ်ရှိအောင် လိမ်သင့်တယ်”
...ချီး။
ကျနော် စိတ်ထဲမကောင်း ဖြစ်သွားသော်လည်း ရည်ရွယ်ချက် အောင်မြင်ရန် လိုအပ်နေသေးသည်။
“အေးပါ၊ ငါ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ကြည့်ကောင်းတယ် မဟုတ်လား”
“ဟုတ်တယ်”
“သူက မယုံနိုင်စရာကောင်းလောက်အောင်လည်း တိုက်ခိုက်နိုင်စွမ်း ရှိတယ်”
“တကယ်လား”
“ငါတို့ ကမ္ဘာမြေကို ပြန်ရောက်တဲ့အခါ သူ့ကို မင်းနဲ့ တွေ့ပေးမယ်။ ငါက သူနဲ့ အရမ်းရင်းနှီးတာ”
ကျနော် စကားကြောင့် ဂျန်ဟာယောင်း၏ မျက်လုံးများ တုန်လှုပ်သွားသည်။ ဂျန်ဟာယောင်းအနေဖြင့် တစ်ဖက်သို့ ကူးပြောင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ ရှိမည်မဟုတ်ပေ။ Ways of Survival ထဲတွင် ဂျန်ဟာယောင်းသည် ယူဂျွန်ဟော့ကို အားကျသူတစ်ဦး ဖြစ်ခဲ့သည်။ အကယ်၍ ဤကောင်လေးကို ဖျောင်းဖျပြီး ပြန်သွားလိုသည့် စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်မည်ဆိုပါက...
“ခင်ဗျားက ဘာလို့ ကျုပ်ကို သူနဲ့ တွေ့စေချင်ရတာလဲ”
“ဟမ်။ မဟုတ်ပါဘူး၊ ဒီတိုင်း...”
“ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ အဲဒီတစ်ယောက်ကို ပိုစိတ်ဝင်စားတယ်”
“ဘယ်သူ့ကိုစိတ်ဝင်စားတာလဲ”
“ဟိုမှာလေ”
မျက်နှာပြင်ပေါ်တွင် မဟူရာ မိစ္ဆာစွမ်းအင်များ ဝန်းရံထားသည့် ပုံရိပ်တစ်ခုကို ကျနော် တွေ့လိုက်ရသည်။ အမျိုးသားတစ်ဦးသည် ဝမ်းနည်းနေသော မျက်လုံးများဖြင့် သူ၏ အပေါင်းအဖော်များကို စိုက်ကြည့်နေသည်။ သူ၏ မျက်နှာကို အပြည့်အဝ မမြင်ရသော်လည်း ထိုသူမှာ မည်သူဖြစ်ကြောင်း ကျနော် ကောင်းကောင်း သိ၏။ ထိုသူမှာ ကျနော် ကိုယ်တိုင်ပင်။
ဂျန်ဟာယောင်း၏ တောက်ပနေသော မျက်လုံးများကို စိုက်ကြည့်ရင်း ဤအရာက ဘာကို ဆိုလိုတာလဲဟု ကျနော်တွေးတောမိသည်။
“မင်းက သူ့မျက်နှာကိုတောင် မမြင်ရဘူးလေ”
“မမြင်ရတော့ ဘာဖြစ်လဲ”
ကျနော် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် အရက်ဆိုင်၏ နေရာအနှံ့အပြားမှ အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဝိုးးးး”
“မဖြစ်နိုင်တာ။ မျက်လုံးဖွင့်ပါဦးကွာ။ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်”
“ချီး။ ငါ့မျက်ရည်တွေက ထိန်းလို့မရတော့ဘူး”
[၇၃ ခုမြောက် မိစ္ဆာနယ်မြေတွင် သင့်၏ ကျော်ကြားမှုမှာ ပိုမိုခိုင်မာလာပါသည်။]
[ဒင်္ဂါး ၁,၅၀၀ ရရှိပါသည်။]
မဟုတ်မှလွဲရော ငါက ဒီလောက်တောင် လူကြိုက်များနေတာလား။
ယူဂျွန်ဟော့အယောင် ဆောင်ခဲ့မိတာကို ကျနော် ရုတ်တရက် နောင်တရမိသွားသည်။ ယခုဆိုလျှင် အဲဒီလူက တကယ်တော့ ငါပါလို့ ပြောလို့မရတော့ချေ။
—ပြန်ဆုံကြတာပေါ့၊ ယူဂျွန်ဟော့။
နောက်ဆုံးတွင် ဇာတ်ဝင်ခန်းက အဆုံးသတ်သွားပြီး လူများက စတင်ငိုကြွေးကြတော့သည်။ အချို့လူများမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသဖြင့် ထိုခံစားချက်များထဲမှ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေကြသည်။
ဂျန်ဟာယောင်းက မိန်းမောနေသော အမူအရာဖြင့် ရေရွတ်လိုက်သည်။
“အား... သူက ရည်းစားရှိနေပြီဆိုတော့ နှမြောစရာပဲ”
ကျနော့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
“ဟမ်။ ဘယ်သူလဲ”
“ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်လေ။ ခင်ဗျားက သူ့ကို သိလို့လား”
“သိတော့ သိပါတယ်၊ ဒါပေမဲ့...”
ဂျန်ဟာယောင်း၏ လှပသော မျက်လုံးများကို ကြည့်ရင်း ကျနော် မျက်မှောင်ကြုတ်လိုက်မိသည်။ ကြည်လင်သော မျက်လုံးများနှင့် ဖြူဝင်းသော ပါးပြင်များ။ လှပသော ခရင်မ်ရောင် မျက်နှာလေး။ သို့သော်လည်း...
“မင်းက ယောကျ်ားလေး မဟုတ်ဘူးလား”
ကျနော် မှတ်မိသလောက်ဆိုလျှင် ဂျန်ဟာယောင်းမှာ အမျိုးသားတစ်ဦး ဖြစ်သည်။ Ways of Survival ၏ နာမည်ပျက် စာရေးဆရာသည် ကျနော့် မှတ်ချက်အားလုံးကို လက်ခံခဲ့သော်လည်း အရာတစ်ခုကိုတော့ ပြောင်းလဲခဲ့သည်။ ထိုအရာမှာ ဤကောင်လေး၏ လိင်အမျိုးအစားပင် ဖြစ်သည်။
ဂျန်ဟာယောင်းက မျက်ခုံးပင့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“အပေါ်ယံကို ကြည့်ပြီး ဆုံးဖြတ်တတ်တာ ကမ္ဘာမြေတစ်ခုတည်းမှာပဲ ရှိတာပါ”
ကျနော် ပြန်ပြောမည်အလုပ်တွင် ဆိုင်ရှင်က ရုတ်တရက် မီးများကို ပိတ်လိုက်သည်။ ထို့နောက် သူက ဆိုင်တစ်ခုလုံးကို အလွန်တိုးညှင်းသော အသံဖြင့် ကြေညာလိုက်သည်။
“ည ရောက်လာပြီ”
ထိုစကားကြောင့် ဆိုင်တစ်ခုလုံးတွင် နက်ရှိုင်းသော တိတ်ဆိတ်မှုက ပျံ့နှံ့သွားသည်။ တိတ်ဆိတ်မှုက 'ကပ်ဘေး' ဟူသော စကားလုံး ပေါ်ထွက်လာစဉ်ကထက် ပိုမိုသိသာပြီး ထက်ရှသော တိတ်ဆိတ်မှုမျိုး ဖြစ်သည်။ ဂျန်ဟာယောင်းက ကျနော့်ဘက်သို့ လှည့်ကာ သူ၏ နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်လိုက်သည်။
“ရှူးးး”
အနီးကပ် ကြည့်လိုက်သောအခါ ဤအရက်ဆိုင် တစ်ခုတည်း မဟုတ်ပေ။ လမ်းမပေါ်ရှိ အခြားသော အရက်ဆိုင်များနှင့် စတိုးဆိုင်များအားလုံးမှာလည်း တံဆိပ်များပိတ်ကာ မီးများ မှိတ်ထားကြသည်။ ရုတ်တရက် အသံအားလုံး ပျောက်ကွယ်သွားတော့သည်။
စက်မှုဇုန်တစ်ခုလုံး သမုဒ္ဒရာအောက်ခြေသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားသလိုပင်။ လူသူကင်းမဲ့သွားသော လမ်းမများပေါ်တွင် ခြောက်ခြားဖွယ်ကောင်းသော ပုလွေသံများ ထွက်ပေါ်လာသည်။ အချို့သော မြို့သူမြို့သားများမှာ ထိုအသံကို မကြားရစေရန် နားများကို ပိတ်ထားကြသည်။
ထိုအချိန်တွင် ကျနော် တစ်ခုခုကို သတိရသွားသည်။
「 မိစ္ဆာနယ်မြေတွင် ထူးခြားသော 'ည' တစ်ခု ရှိသည်။ 」
Fourth Wall ၏ ပြောစကားကို နားထောင်ရင်း Ways of Survival ထဲမှ သတ်မှတ်ချက်တစ်ခုကို ကျနော်ပြန်လည်အမှတ်ရလာခြင်း ဖြစ်သည်။
「 စက်မှုဇုန်ရှိ မြို့သူမြို့သား အားလုံးသည် စော်ဘွားများကို ကြောက်ရွံ့ကြသည်။ ထိုသို့ကြောက်ရွံ့ခြင်းမှာ စော်ဘွားများက သန်မာသောကြောင့်သက်သက် မဟုတ်ပေ။ သုံးရက်လျှင် တစ်ကြိမ် ရောက်ရှိလာတတ်သော ဤ 'ည' ကြောင့်လည်း ပါဝင်လေသည်။ 」
“ကျေးဇူးပြုပြီး ဒီအတိုင်းပဲ ဖြတ်သွားပေးပါ။ တောင်းဆိုပါတယ်...”
တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်နေသည်။ အချိန်မည်မျှ ကြာသွားသည်မသိ၊ တစ်စုံတစ်ခု လမ်းမပေါ်မှ ဖြတ်သန်းသွားချိန်တွင် ပြတင်းပေါက်များ ခဲသွားသည့် အသံကို ကြားလိုက်ရသည်။
မြို့သူမြို့သားတိုင်း အသက်ရှူပင် မဝံ့ကြဘဲ သူတို့ကိုယ်သူတို့ မမြင်နိုင်အောင် ဖျောက်ထားသကဲ့သို့ ငြိမ်သက်နေကြလေသည်။ အချို့က ကိုယ်ကိုနှိမ့်ကာ စားပွဲခုံကိုသာ စိုက်ကြည့်နေကြ၏။ ခဲနေသော ပြတင်းပေါက်ပေါ်တွင် ဧရာမ တံစဉ်ကြီးတစ်ခု၏ အရိပ်က ဖြတ်သန်းသွားသည်။
「 ညအခါတွင် စက်မှုဇုန်အတွင်း၌ ကွပ်မျက်သူ ပေါ်လာတတ်သည်။ 」
「 မြို့သူမြို့သားများတွင် တော်လှန်ရေးသမား ရှိလျှင် စော်ဘွားများတွင်လည်း ကွပ်မျက်သူ ရှိသည်။ 」
၎င်းတို့သည် မြို့သူမြို့သားများအတွက် ကြောက်ရွံ့မှု၏ အရင်းအမြစ်ဖြစ်သလို စော်ဘွားများကို မတော်လှန်နိုင်အောင် တားဆီးထားသည့် အကြောင်းရင်းလည်း ဖြစ်သည်။ ထို့အပြင် စော်ဘွားများ စက်မှုဇုန်တွင် အာဏာတည်မြဲနေရသည့် အကြောင်းရင်းမှာလည်း ဤကွပ်မျက်သူများကြောင့်ပင်။
အရက်ဆိုင်တံခါး ပွင့်သွားသည့် ခဏတွင် လူတိုင်း မျက်လုံးများကို တင်းတင်းပိတ်ထားလိုက်ကြသည်။ နက်ရှိုင်းသော အမှောင်ထုထဲမှ အက်ရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။
[ဘယ်သူက တော် လှန် ရေး သမား လဲ]
ထိုသူ၏ ပုံစံမှာ မရဏမင်းနှင့် တူနေပြီး အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးထက် နှစ်ဆခန့် ပိုကြီးသည်။ ဝတ်ရုံနက်ကြီးကြောင့် သူ၏ မျက်နှာကို မမြင်ရသော်လည်း သူ၏ထံမှ စီးထွက်နေသော ခြောက်ခြားဖွယ် အရှိန်အဝါကြောင့် သူ၏ စွမ်းအားကို ခန့်မှန်းနိုင်သည်။
[ပစ်မှတ်သည် လက်ရှိ ဇာတ်ဝင်ခန်း၏ ကာကွယ်မှုအောက်တွင် ရှိနေပါသည်။]
[ပစ်မှတ်သည် လက်ရှိတွင် မည်သည့်တိုက်ခိုက်မှုမှ မထိခိုက်နိုင်သော အခြေအနေတွင် ရှိနေပါသည်။]
စက်မှုဇုန်၏ ညအခါတွင် မည်သည့် တည်ရှိမှုကမျှ ကွပ်မျက်ခြင်းကို မခုခံနိုင်ပေ။
ကျနော့်ကို အစားအသောက် ကျွေးခဲ့သော ဆိုင်ရှင်နှင့် ဇာတ်ဝင်ခန်းကို စောင့်ကြည့်နေသူများမှာ ပင်ပန်းနွမ်းနယ်သော အမူအရာဖြင့် ကြမ်းပြင်ကိုသာ ငုံ့ကြည့်နေကြသည်။ ယနေ့တွင် ကွပ်မျက်သူက ဤအရက်ဆိုင်ကို သူ၏ ကွပ်မျက်ရာနေရာအဖြစ် ရွေးချယ်လိုက်ပြီ ဖြစ်သည်။ ဤနေရာတွင် တစ်စုံတစ်ယောက်ကတော့ သေချာပေါက် သေဆုံးရပေတော့မည်။
[ဘယ်သူက တော် လှန် ရေး သမား လဲ]
ကွပ်မျက်သူ၏ တံစဉ်ကြီး မြေပြင်ပေါ်သို့ ရိုက်ခတ်မိတိုင်း လူများမှာ ခေါင်းငုံ့နေကြလေသည်။ အခြေအနေက ပြဇာတ်တစ်ခုနှင့်ပင် တူလှ၏။ ကျနော် သေချာစွာ စိုက်ကြည့်နေစဉ် အံ့အားသင့်သွားသော ဂျန်ဟာယောင်းက ကျနော့် ကော်လံကို ဆွဲလိုက်သည်။
“မျက်လုံးချင်း မဆုံမိစေနဲ့”
ထိုအသံတိုးတိုးလေးကြောင့် ကွပ်မျက်သူက ကျနော်တို့ဘက်သို့ လှည့်ကြည့်လာသည်။
“ချီးပဲ...”
အတိအကျပြောရလျှင် ဆဲရေးလိုက်သော ဂျန်ဟာယောင်းထံသို့ ကြည့်လိုက်ခြင်း ဖြစ်သည်။ ချဉ်းကပ်လာသော ကွပ်မျက်သူကို စိုက်ကြည့်ရင်း ဂျန်ဟာယောင်းမှာ တုန်ရီလာသည်။ မိမိသေရတော့မည်ကို ဂျန်ဟာယောင်း၏ အသိစိတ်က ကြိုတင်သိရှိနေခြင်း ဖြစ်သည်။
အလွန်အမင်း ကြောက်လန့်နေသော ဂျန်ဟာယောင်း၏ ခေါင်းကို ကျနော်ပုတ်ပေးကာ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ ဂျန်ဟာယောင်းမှာ အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ကွပ်မျက်သူက ကျနော့်ကို နိမိတ်မကောင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
「 ကင်ဒေါ့ဂျာက တွေးတောနေသည် - ယူဂျွန်ဟော့သာဆိုလျှင် ဘာလုပ်မည်နည်း 」
သူသာ ဤနေရာတွင် ရှိနေပါက မည်သည့်အခါမျှ လူလုံးပြမည် မဟုတ်ပေ။ ယူဂျွန်ဟော့သည် မိမိအတွက် အကျိုးအမြတ် အများဆုံးရမည့် အခြေအနေကို မတွေ့မချင်း ပုန်းအောင်းနေမည်သာ ဖြစ်သည်။
ယူဂျွန်ဟော့သည် စက်မှုဇုန်၏ ဇာတ်ဝင်ခန်းတွင် ပါဝင်ရန်အတွက် လိုအပ်သော စုံစမ်းထောက်လှမ်းမှု အားလုံးကို အရင်လုပ်ဆောင်ပြီးမှ တော်လှန်ရေးသမားမှာ မည်သူဖြစ်ကြောင်းကို ရှာဖွေဖော်ထုတ်မည် ဖြစ်သည်။
「 ကင်ဒေါ့ဂျာက တွေးတောနေသည် - ထို့ကြောင့်လည်း ယူဂျွန်ဟော့က ရာနှင့်ချီသော အကြိမ်ရေအထိ နောက်ပြန်ဆုတ်ခဲ့ခြင်း ဖြစ်လေသည်။ 」
ကွပ်မျက်သူသည် သူ၏ တံစဉ်ကြီးဖြင့် ကျနော့်ကို ချိန်ရွယ်လိုက်ပြီး ခြောက်ခြားဖွယ် အသံဖြင့် ပြောလိုက်သည်။
[မင်းက ဘယ်သူလဲ]
အရက်ဆိုင်အတွင်းရှိ လူအားလုံး၏ အကြည့်များ ကျနော့်ထံသို့ စုပြုံရောက်ရှိလာချိန်တွင် ကျနော် ပါးစပ်ကိုဖွင့်ကာ လူတိုင်းကြားနိုင်သော အသံဖြင့် ပြောလိုက်သည်။
“ငါက တော်လှန်ရေးသမားပဲ”