အခန်း (၁၉၉-၂၀၀)
Vol. 14 Ch. 199-200
အခန်း ၁၉၉
- အပိုင်း ၃၈ - အတုအယောင် တော်လှန်ရေးသမား (၁)
[တစ်စုံတစ်ယောက်က 'တော်လှန်ရေး ကြေညာချက်' ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။]
မိစ္ဆာနယ်မြေရှိ ဇာတ်ဝင်ခန်း အမြောက်အမြားထဲတွင် တော်လှန်ရေး ဇာတ်ဝင်ခန်း၏ အဆင့်အတန်းမှာ မြင့်မားလှသည်။ စက်မှုဇုန်၏ အမြင့်ဆုံးနေရာတွင် ထိုင်နေသော စော်ဘွားများကို ခြိမ်းခြောက်နိုင်သည့် တစ်ဦးတည်းသော တည်ရှိမှုမှာ တော်လှန်ရေးသမားပင် ဖြစ်သည်။
တော်လှန်ရေးသမား ဟူသော တည်ရှိမှုသည် နိုင်ငံသားများအတွက် မျှော်လင့်ချက်နှင့် ဒဏ္ဍာရီ ဖြစ်သလို တစ်ချိန်တည်းမှာပင် စိတ်ပျက်အားငယ်မှုလည်း ဖြစ်သည်။
ထို့ကြောင့် ကျနော် စကားပြောလိုက်သည့် ခဏတွင် ဘေးပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လူများမှာ အသက်ရှူရန်ပင် မေ့လျော့သွားကြသည်။ သူတို့ကြားလိုက်ရသည်မှာ မှန်ရဲ့လားဟု သံသယဖြစ်နေသည့် မျက်နှာများဖြင့် ကြည့်နေကြသည်။
“ဘာလို့ ဒီလောက်တောင် လန့်သွားကြတာလဲ။ မင်းတို့ ရှာနေတာ တော်လှန်ရေးသမား မဟုတ်ဘူးလား”
ကျနော်၏ အရှက်မရှိသော စကားကြောင့် လူတို့၏ မျက်နှာပေါ်မှ ဇဝေဇဝါ ဖြစ်မှုများမှာ ထိတ်လန့်တုန်လှုပ်မှု အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအချိန်မှာပင် ကျနော် တစ်ဦးတည်းသာ ကြားနိုင်သည့် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။
[သင်သည် 'တော်လှန်ရေးသမား' မဟုတ်ပါ။]
၎င်းမှာ ထင်ရှားသော မက်ဆေ့ချ်တစ်ခု ဖြစ်သည်။ လက်ရှိတွင် ကျနော်က ဇာတ်ဝင်ခန်း ပြင်ပသို့ ရောက်ရှိနေသည့် ထုတ်ပယ်ခံရသူ တစ်ဦး ဖြစ်သည်။ ဇာတ်ဝင်ခန်းပင် မရှိသည့် ကျနော့်အနေဖြင့် မိစ္ဆာနယ်မြေ၏ ပင်မဇာတ်ဝင်ခန်းတွင် အဓိကကျသော 'တော်လှန်ရေးသမား' တစ်ဦး မဖြစ်နိုင်ပေ။ ထိုသို့သာ ဖြစ်သင့်သည်။
[သင်၏ ကြေညာချက်သည် စစ်ဝစ်ဇ် စက်မှုဇုန်၏ ပင်မဇာတ်ဝင်ခန်းအပေါ် သက်ရောက်မှု ရှိသွားခဲ့သည်။]
လူတိုင်း သိကြသည့်အတိုင်း ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုတွင် အရေးကြီးဆုံးအရာမှာ 'ဖြစ်နိုင်စွမ်း' ပင် ဖြစ်သည်။
[တော် လှန် ရေး သမား ဟုတ် လား]
တံစဉ်ကြီးကို ရစ်ပတ်ထားသော ထူထဲသည့် သံကြိုးများ ပေါ်ထွက်လာသည်။ ကွပ်မျက်သူက ရှေ့သို့ တစ်လှမ်း တိုးလာသဖြင့် ကျနော် စိုးရိမ်စိတ်ကို မနည်းထိန်းထားရသည်။
အမှန်အတိုင်း ပြောရလျှင် လက်ရှိတွင် ကျနော့်တွင် ကွပ်မျက်သူကို သတ်နိုင်သည့် နည်းလမ်းမရှိပေ။ သို့သော်လည်း ကျနော် နောက်မဆုတ်ခဲ့။ ဤနေရာတွင် ဤသို့လုပ်ဆောင်ရန် လိုအပ်သည်။
“ဟုတ်တယ်၊ ငါက တော်လှန်ရေးသမားပဲ”
[ဘာ ကြောင့် လူ လုံး ထွက် ပြ တာ လဲ]
“ငါသာ ငြိမ်နေရင် တခြား တစ်ယောက်ယောက် သေသွားမှာမလို့ပေါ့”
ဂျန်ဟာယောင်းနှင့် အခြားသော နိုင်ငံသားများမှာ ပါးစပ်အဟောင်းသားဖြင့် ကျနော့်ကို စိုက်ကြည့်နေကြသည်။ ချဉ်းကပ်လာသော ကွပ်မျက်သူကို ကြည့်ရင်း စိုးရိမ်တကြီးဖြင့် ကျနော် စောင့်ဆိုင်းနေသည်။
... အကျိုးသက်ရောက်မှု ပေါ်လာမယ့် အချိန်တန်ပြီ။
[နိုင်ငံသား အများအပြားက သင်၏ သတ္တိကို ချီးကျူး အားကျနေကြပါသည်။]
ဒါပဲ။
[သင်၏ မြင့်မြတ်သော သတ္တိသည် ဇာတ်ဝင်ခန်း၏ ဖြစ်တည်မှုအပေါ် သက်ရောက်မှု ရှိပါသည်။]
[သင်သည် ဇာတ်ဝင်ခန်းအပေါ် ကြီးမားသော သြဇာသက်ရောက်မှု ဖြစ်စေခဲ့သည်။]
[ဇာတ်ဝင်ခန်းက သင့်အား ယာယီအဆင့်အတန်းတစ်ခု သတ်မှတ်ပေးမည် ဖြစ်သည်။]
[သင်သည် 'ကိုယ်တိုင်ကြေညာသော တော်လှန်ရေးသမား' ဖြစ်လာပါသည်။]
[အကယ်၍ လက်ရှိတော်လှန်ရေးသမား သေဆုံးသွားပါက ထိုရာထူးကို သင့်အား ပေးအပ်မည် ဖြစ်သည်။]
ဤသည်က ကျနော့်အတွက် ဇာတ်ဝင်ခန်းထဲသို့ ဝင်ရောက်နိုင်ရန် ခြေလှမ်းသစ်တစ်ခုပင် ဖြစ်သည်။
[ဝှက်ထားသော ဇာတ်ဝင်ခန်း 'ကိုယ်တိုင်ကြေညာသော တော်လှန်ရေးသမား' ကို ရရှိသွားပါပြီ။]
ဇာတ်ဝင်ခန်းတစ်ခု ရရှိသည့် မက်ဆေ့ချ်မှာ ယခုလောက်အထိ ဝမ်းသာစရာကောင်းနေသည်မှာ ပထမဆုံးပင် ဖြစ်သည်။ အဓိကဇာတ်ဝင်ခန်း မဟုတ်ဘဲ ဝှက်ထားသော ဇာတ်ဝင်ခန်း ဖြစ်နေသော်လည်း လက်ရှိအချိန်အတွက်မူ လုံလောက်ပေသည်။
၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ ဝှက်ထားသော ဇာတ်ဝင်ခန်း ဖြစ်သည်။ ယူဂျွန်ဟော့၏ မရေမတွက်နိုင်သော ကျရှုံးမှုများသာ မရှိခဲ့လျှင် ဤလျှို့ဝှက်ချက်ကို ကျနော် သိရှိနိုင်မည် မဟုတ်ပေ။
"မင်းက….. ခဏနေဦး။ မင်းက တကယ်ပဲ တော်လှန်ရေးသမားလား"
"ဟေ့"
လူများသည် သူတို့၏ ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်ဘဲ အော်ဟစ်နေကြသည်။ သို့သော်လည်း အချိန်အခါက မကောင်းလှပေ။ နောက်ဆုံးတွင် ကွပ်မျက်သူက စတင်လှုပ်ရှားလာပြီ ဖြစ်သည်။ ကွပ်မျက်သူ၏ ပါးစပ်မှ မဟူရာမီးခိုးများ ထွက်ပေါ်လာပြီး ကျနော့် ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။
[စစ်ဝစ်ဇ် ကွပ်မျက်သူက သင့်အပေါ်တွင် မရဏအမှတ်အသား ပြုလုပ်လိုက်ပါသည်။]
[သင့်အား ည၏ ယဇ်ကောင်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။]
ကျနော့် ပတ်ပတ်လည်တွင် အမှတ်အသား ပေါ်လာသည်ကို လူများ မြင်သွားကြပြီး "လမ်းဖယ်ပေးကြ" ဟု အော်ဟစ်ကြသည်။
"ဟာ"
ပျက်စီးသွားသော စားပွဲအစအနများမှာ လေထဲတွင် လွင့်စင်သွားပြီး ကွပ်မျက်သူ၏ တံစဉ်ကြီးက ရှေ့ရှိ ဟင်းလင်းပြင်ကို ပိုင်းဖြတ်လိုက်သည်။ ထိုတံစဉ်ကို သီသီလေး ကျနော် ရှောင်တိမ်းလိုက်သည်။ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ထားခြင်း မရှိပါက ရှောင်ရန် ခက်ခဲလိမ့်မည် ဖြစ်သော်လည်း ယခုမူ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။
[ထုတ်ပယ်ခံရသူ၏ ပြစ်ဒဏ်မှာ အနည်းငယ် လျော့ပါးသွားသည်။]
ကျနော် ရှူထုတ်လိုက်သော အသက်ရှူသံတိုင်းတွင် နွေးထွေးမှုတစ်ခု ပါဝင်နေသည်။ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ငြိမ်သက်သော စွမ်းအင်တစ်ခု ရှိနေပြီး အအေးဓာတ်မှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ကွပ်မျက်သူ၏ တိုက်ကွက်များကို ဆက်တိုက် ကျနော် ရှောင်တိမ်းနေခဲ့သည်။ အမှန်တကယ်ပင် ဇာတ်ဝင်ခန်း ရှိခြင်းနှင့် မရှိခြင်း၏ ကွာခြားချက်မှာ ကြီးမားလှသည်။ ဝှက်ထားသော ဇာတ်ဝင်ခန်း ဖြစ်နေသော်လည်း ဇာတ်လမ်းတစ်ပုဒ် ရှိနေခြင်းက ကျနော်၏ ဖြစ်တည်မှုကို ပိုမိုရှင်သန် လန်းဆန်းစေသည်။
[တော် လှန် ရေး သမား ဟုတ် လား]
ကျနော်၏ လှုပ်ရှားမှုများကြောင့် ကွပ်မျက်သူမှာ အနည်းငယ် အံ့အားသင့်သွားပုံရပြီး သူ၏ တိုက်ခိုက်လိုစိတ်မှာလည်း ပြောင်းလဲသွားခဲ့သည်။
[ဟင်းလင်းပြင်ကို ယာယီပိတ်ဆို့လိုက်ပြီ ဖြစ်သည်။]
[သင့်အနေဖြင့် အရက်ဆိုင်အတွင်းမှ ထွက်ပြေးနိုင်မည် မဟုတ်ပါ။]
ကျနော် ခါးသက်သက် ပြုံးလိုက်သည်။ ဤသည်မှာ စက်မှုဇုန်အတွင်းရှိ အစွမ်းထက်သူ အမြောက်အမြားက ကွပ်မျက်သူကို အဘယ်ကြောင့် မခုခံနိုင်ရသနည်းဟူသော အကြောင်းရင်းပင် ဖြစ်သည်။ စက်မှုဇုန်အတွင်း၌ ကွပ်မျက်သူ၏ လက်မှ လွတ်မြောက်နိုင်မည့် လမ်းစမရှိပေ။
ဒီလောက်ပဲလား။
"ဒေါ့ဂျာ။ ခင်ဗျား ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ" ဟု ဂျန်ဟာယောင်းက အော်ပြောလိုက်စဉ်မှာပင် ကွပ်မျက်သူ၏ တံစဉ်မှ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
「 စက်မှုဇုန်ရှိ မည်သည့်နိုင်ငံသားမျှ ကွပ်မျက်သူကို ခုခံနိုင်စွမ်းမရှိပေ။ 」
[ကွပ်မျက်ခြင်းကို စတင်ဆောင်ရွက်မည် ဖြစ်သည်။]
ကွပ်မျက်သူ၏ သီးသန့်စွမ်းရည်ဖြစ်သော 'မိစ္ဆာသုတ်သင်ခြင်း' က ပြိုင်ဘက်၏ ခံစစ်ကို လျစ်လျူရှုပြီး သေစေလောက်သော ထိုးနှက်ချက်ကို ပေးစွမ်းနိုင်သည်။ နိုင်ငံသားများ မည်မျှပင် သန်မာပါစေ၊ ကွပ်မျက်သူ၏ တံစဉ်မှ တိုက်ခိုက်မှုတစ်ချက်ကိုပင် မည်သူမျှ မတောင့်ခံနိုင်ကြပေ။
ကွပ်မျက်သူ၏ တံစဉ်က ကျနော့် ခန္ဓာကိုယ်ကို ပိုင်းဖြတ်တော့မည့် ဆဲဆဲတွင် လက်ထဲရှိ 'ယုံကြည်မှု'ဓါး က ပြင်းထန်စွာ မြည်ဟိန်းလာသည်။
"စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ငါက နိုင်ငံသား မဟုတ်ဘူးကွ"
ရွှေနဂါး၏ အူတိုင်မှ မှော်စွမ်းအင်များ ထွက်ပေါ်လာပြီး 'အသန့်စင်ဆုံးဓါးစွမ်းအင်' က ကျနော့် လက်ချောင်းထိပ်များတွင် ရစ်ပတ်သွားသည်။
"ငါက တော်လှန်ရေးသမားလို့ ပြောပြီးပြီလေ "
အမှန်တကယ်တန်းတွင် ကျနော်သည် 'ကိုယ်တိုင်ကြေညာသော' တော်လှန်ရေးသမား အဆင့်သာ ရှိသေးသည်။ တောက်ပသော အပြာရောင်နှင့် အဖြူရောင် ရောယှက်နေသော စွမ်းအင်များက ကွပ်မျက်သူ၏ တံစဉ်နှင့် ရိုက်ခတ်မိရာမှ ပြင်းထန်သော မီးပွားများ လွင့်စင်သွားသည်။ ထိုတောက်ပသော သက်ရောက်မှုများကြားတွင် မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာသည်။
[သင်သည် အဓိကဇာတ်ဝင်ခန်းတွင် ပါဝင်သူတစ်ဦး မဟုတ်ပါ။]
[သင်သည် နိုင်ငံသားတစ်ဦး မဟုတ်ပါ။]
[သင်သည် ထုတ်ပယ်ခံရသူ ဖြစ်သည်။]
[သင့်အပေါ်တွင် ဇာတ်ဝင်ခန်း၏ 'ကွပ်မျက်ခြင်း' အာနိသင် သက်ရောက်နေပါသည်။]
မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
[ 'ကွပ်မျက်ခြင်း' အာနိသင်ကို ချေဖျက်လိုက်ပြီ ဖြစ်သည်။]
တံစဉ်၏ ထိုးနှက်ချက်ကို ကျနော် တားဆီးလိုက်သည့်အခါ ဘေးပတ်ဝန်းကျင်ရှိ ကိုယ်စားလှယ်များက အော်ဟစ်လိုက်ကြ၏။
"သူ... သူက ကွပ်မျက်သူရဲ့ တိုက်ကွက်ကို တားလိုက်နိုင်တာလား"
"သူက တကယ်ပဲ တော်လှန်ရေးသမားလား"
ကျနော် မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိကြသူများက မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် အခြေအနေကို စောင့်ကြည့်နေကြသည်။
[သင်၏ ဇာတ်ဝင်ခန်း ပါဝင်ကူညီမှုနှုန်း မြင့်တက်လာပါသည်။]
ကွပ်မျက်သူက ကျနော့်ကို အထင်အမြင်လွဲမှားသွားပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
[ရိုင်း လိုက် လေ]
သူ့ကို ရန်စလိုက်သည့်အလား ကျနော် ပြောလိုက်သည်။
"လျှောက်ကစားမနေစမ်းနဲ့။ မင်းက ညဘက်ကျမှပဲ သန်မာတာဆိုတာ ငါသိတယ်"
[ဘာ ပြော တယ်]
"ဒီည ကုန်ဆုံးသွားတာနဲ့ မင်း သေရမှာပဲ"
ကျနော့် လက်ထဲက 'မကျိုးပဲ့နိုင်သောယုံကြည်မှု'ဓါး ကို လွှဲယမ်းရင်း ပြောလိုက်သည်။
"ငါ မင်းကို သေချာပေါက် သတ်မယ်"
ကွပ်မျက်သူ၏ တံစဉ်က ကျနော့်ထံသို့ အကြိမ်ပေါင်းများစွာ ပြေးဝင်လာသည်။ 'ကွပ်မျက်ခြင်း' အာနိသင်က အလုပ်မဖြစ်ရုံနှင့် ကွပ်မျက်သူသည် အားနည်းသွားသည်တော့ မဟုတ်ပေ။ ကျနော့်ကို အပြတ်ရှင်းရန် အချိန်ပိုပေးရုံသာ ရှိပေမည်။
ထို့ကြောင့် အခြေအနေ ကောင်းသွားပြီဟု ပြောရန်မှာ စောလွန်းနေသေး၏။
" လူတိုင်းကို ငါ မကာကွယ်ပေးနိုင်ဘူး၊ ဒါကြောင့် ဒီကနေ ထွက်သွားကြပါ"
ကျနော်မှလွဲ၍ ကျန်သူအားလုံးသည် 'အမှတ်အသား' ၏ အကျိုးသက်ရောက်မှုကို မခံရသဖြင့် ဤနေရာမှ လွတ်မြောက်နိုင်ကြသည်။ အရက်ဆိုင်ထဲမှ ပြေးထွက်သွားကြသူများထဲတွင်ရှိနေသော ဂျန်ဟာယောင်းက ကျနော့်ကို လှည့်ကြည့်နေသည်အား တွေ့လိုက်ရသည်။
ဂျန်ဟာယောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် 'စာမှတ်' ကို ကျနော် အသုံးပြုလိုက်သည်။
"စတုတ္ထမြောက် စာမှတ် 'လိုင်ခါယွန် အစ်စပါရန်' ကို ရွေးချယ်ပါတယ်"
[သီးသန့်စွမ်းရည် 'လေ၏လမ်းစဉ် အဆင့် ၁၀ (+၁)' အသက်ဝင်လာပါပြီ။]
ပဉ္စမမြောက် စာမှတ်ဖြစ်သော ကိုင်ရီယော့စ်ကို အသုံးပြုလျှင် အနိုင်ရရန် ပိုလွယ်ကူမည် ဖြစ်သော်လည်း ဤတိုက်ပွဲတွင် အနိုင်ရရန်မှာ ကျနော်၏ ပထမဦးစားပေး ရည်မှန်းချက် မဟုတ်ပေ။ မဟုတ်သေး၊ အမှန်တကယ်တော့ အနိုင်ရရန်လည်း မဖြစ်နိုင်ပေ။
[ပစ်မှတ်သည် သင်၏တိုက်ခိုက်မှုဒဏ်ကို မခံရပါ။]
[ညအချိန် မကုန်ဆုံးမချင်း မည်သူမျှ ကွပ်မျက်သူကို မသတ်နိုင်ပါ။]
ကျနော့် ဓားက ကွပ်မျက်သူ၏ ကော်လံကို ပိုင်းဖြတ်လိုက်သော်လည်း ထိုမက်ဆေ့ချ်သာ ပြန်လည်ထွက်ပေါ်လာသည်။ ကွပ်မျက်သူ၏ ကွပ်မျက်ခြင်းက ကျနော့်အပေါ် မသက်ရောက်သော်လည်း ကျနော်၏ တိုက်ခိုက်မှုများကလည်း ညအချိန်အတွင်း၌ ကွပ်မျက်သူကို မထိခိုက်စေနိုင်ပေ။
အစီအစဉ်ကို ပြောင်းလဲရမည်။ ပျက်စီးနေသော အရက်ဆိုင် ပတ်ဝန်းကျင်တွင် လေထုစွမ်းအင်များ စတင်ဆူပွက်လာသည်။ လေပြင်းများ တိုက်ခတ်လာသောအခါ လေထဲတွင် ဝဲပျံနေသော တံစဉ်အရိပ်ပေါင်းများစွာမှာ နှောင့်နှေးသွားကြသည်။
တစ်ဖက်တွင်မူ ကျနော့် လှုပ်ရှားမှုများက ပို၍သွက်လက်လာသည်။ အရှိန်အဟုန်၏ ဟန်ချက်မှာ ပျက်ပြားသွားခဲ့ပြီ ဖြစ်သည်။ ကွပ်မျက်သူ၏ လှုပ်ရှားမှုများသည် ကျနော့်ထက် အမြဲနှေးကွေးနေပြီး ကျနော်ကမူ အမြဲတမ်း တစ်လှမ်းဦးနေ၏။
ဤသည်မှာ အကန့်အသတ်သို့ ရောက်ရှိနေသည့် 'လေ၏လမ်းစဉ်' ၏ အနှစ်သာရပင် ဖြစ်သည်။ ထိုစွမ်းအားသည် ဟင်းလင်းပြင်အတွင်းရှိ အရှိန်မြှင့်တင်မှု အားလုံးကို ထိန်းချုပ်ထားနိုင်သည်။
"မင်းက ခရုတစ်ကောင်လို နှေးကွေးနေတာပါလား"
[ဂါးးးးးးး]
ဒေါသထွက်နေသော ကွပ်မျက်သူ၏ တံစဉ်သည် လေထဲတွင် ရမ်းသန်းလှုပ်ရှားလာသည်။ ပုံမှန်ဆိုလျှင် ကျနော်သည် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို အထိခံမည် မဟုတ်ပေ။ သို့သော်လည်း ကံတရားက ကျနော့်ကို လှောင်ပြောင်နေသယောင် ရှိပြီး တံစဉ်တစ်ခုက တိုက်ခိုက်မှု အကွာအဝေးအတွင်းသို့ မတော်တဆ ရောက်ရှိလာသည်။
"အင့်"
မမျှော်လင့်ထားသော ရိုက်ချက်က နံဘေးကို ထိမှန်တော့မည့် ဆဲဆဲတွင် ကျနော့် ညာဘက်လက်မောင်းက ထူးဆန်းသော ပုံစံဖြင့် ရုတ်တရက် လိမ်သွားပြီး ထိုတိုက်ခိုက်မှုကို ခုခံလိုက်သည်။
[သင်၏ ညာဘက်လက်မောင်းတွင် ကိန်းအောင်းနေသော ဓားသခင်၏ ပါရမီက တောက်ပနေပါသည်။]
ကျနော် ကိုယ်တိုင်လည်း အံ့အားသင့်သွားရသည်။ ဇာတ်လမ်းအစအနများက ဤကဲ့သို့ အလုပ်လုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
[မပြည့်စုံသော ဇာတ်လမ်းကို အသုံးပြုမှုကြောင့် သင်၏ ခန္ဓာကိုယ် အခြေအနေသည် မတည်မငြိမ် ဖြစ်နေပါသည်။]
[သင်သည် အလွန်အကျွံ ဆက်လက် တိုက်ခိုက်နေပါက သင်၏ ဇာတ်လမ်းများမှာ အန္တရာယ်ရှိလာနိုင်ပါသည်။]
ကျနော် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ အေးစက်သော ခံစားချက်က တစ်ဖက်ပြန်လည် ရောက်ရှိလာပြန်သည်။ ဝှက်ထားသော ဇာတ်ဝင်ခန်းတစ်ခုကို ကျနော် ရရှိထားသော်လည်း ကွပ်မျက်သူကို ရင်ဆိုင်ရာတွင် အင်အားကို အလွန်အကျွံ မသုံးစွဲနိုင်ပေ။
တိုက်ပွဲကို ဆက်လက် မဆင်နွှဲသင့်တော့ပေ။ တတ်နိုင်သမျှ ရှောင်တိမ်းရင်း အချိန်ဆွဲထားရမည်။ အနည်းဆုံးတော့ ဤကျိန်စာသင့် ညအချိန် ကုန်ဆုံးသွားသည်အထိပေါ့။
[မင်း သေ ရ မယ်]
ကျနော် ဘာမှပြန်မပြောဘဲ 'လေ၏လမ်းစဉ်' ကိုသာ ဆက်လက် အသုံးပြုနေလိုက်သည်။ ဤနေရာတွင် ယူဂျွန်ဟော့သာ ရှိနေလျှင် ကောင်းမည်ဟု တွေးမိသည်။ အကယ်၍ အဆင့်ကျော်လွန်သူ တစ်ယောက်၏ အကူအညီသာ ရရှိပါက ရှည်လျားလှသော ဤညကို အလွယ်တကူ ဖြတ်ကျော်နိုင်ပေမည်။
သို့သော်လည်း ဤနေရာတွင် မည်သူမျှ ရှိမနေပေ။
ဖျက်ဆီးခြင်း၏ တရားသူကြီး ယောင်ဟီဝန်
သံမဏိဓား လီဟန်းဆောင်
ပင်လယ်ရေတပ်ဗိုလ်ချုပ် လီဂျီဟယ်
ချစ်စရာကောင်းသော ကလေးများဖြစ်သည့် လီဂီယောင်နှင့် ရှင်ယူဆောင်း
ဟန်ဆိုယောင်း...
အေးပါလေ။ ဟန်ဆိုယောင်းကတော့ ဒီမှာရှိနေရင်တောင် ကူညီမှာ မဟုတ်လောက်ဘူး။
ဤနေရာတွင် ကျနော် တစ်ယောက်တည်းသာ ရှိသည်။ ကျနော်သည် မိမိသိထားသော သတင်းအချက်အလက်များနှင့် မိမိတည်ဆောက်ထားသော ဇာတ်လမ်းများကိုသာ ယုံကြည်သည်။ မိမိကိုယ်ကိုလည်း ယုံကြည်သည်။
ကွပ်မျက်သူ၏ လှုပ်ရှားမှုများက အနည်းငယ် ထိုင်းမှိုင်းလာသည်နှင့်အမျှ စိုးရိမ်တကြီး ကြည့်နေကြသော လူများထံမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကျနော်က ကွပ်မျက်သူကို စတင် လှောင်ပြောင်လိုက်သည်။
"ဘာလဲ၊ မင်း ပင်ပန်းနေပြီလား"
ဤကဲ့သို့သော မနှိုင်းယှဉ်သာသည့် ပုဂ္ဂိုလ်မျိုးသည် မည်သည့်အခါမျှ မောပန်းနွမ်းနယ်မည် မဟုတ်သည်ကို ကျနော် သိသည်။ မောပန်းခြင်းထက် စိတ်အနှောင့်အယှက် ဖြစ်ရခြင်းမျိုးသာ ဖြစ်ပေမည်။ ကျနော့် စကားလုံးများမှာ အမှန်တကယ်တော့ မိမိ၏ အခြေအနေကို ဖုံးကွယ်ရန်အတွက်သာ ဖြစ်သည်။
[စာမှတ် အသုံးပြုနိုင်သည့် ကြာမြင့်ချိန် ကုန်ဆုံးတော့မည် ဖြစ်ပါသည်။]
‘လေ၏လမ်းစဉ်’ ကို ကျနော် အသုံးပြုနိုင်သည့် အချိန်မှာ အလွန်ဆုံး မိနစ် ၃၀ သာ ဖြစ်သည်။ မူလကပင် ‘စာမှတ်’ ဆိုသည်မှာ အချိန်အကြာကြီး ခံသည့် စွမ်းရည်မျိုး မဟုတ်ခဲ့။
ထိုအချိန်တွင် ကွပ်မျက်သူက လှောင်ရယ်နေလေသည်။ ကြောက်မက်ဖွယ်ကောင်းသော အသံများနှင့်အတူ ကွပ်မျက်သူ ဒါဇင်ပေါင်းများစွာ ပေါ်ထွက်လာသည်။ ‘ည’ ၏ အဆိုးရွားဆုံး အချက်မှာ ကွပ်မျက်သူ တစ်ယောက်တည်း ရှိနေခြင်း မဟုတ်ပေ။ စစ်ဝစ်ဇ် စက်မှုဇုန်အတွင်းရှိ ကွပ်မျက်သူ အားလုံးသည် ဤအရက်ဆိုင်လေးထဲတွင် စုရုံးရောက်ရှိလာပြီး ကျနော့်ကို စိုက်ကြည့်နေကြသည်။
[မင်း ရဲ့ အ မှား ပဲ]
သူသည် သူ၏ လုပ်ဖော်ကိုင်ဖက်များကို စုစည်းရန် တမင်တကာ အချိန်ဆွဲခဲ့ခြင်း ဖြစ်သည်။ ဤ ‘ည’ အတောအတွင်း ကျနော့်ကို အသေအချာ သတ်ဖြတ်ရန်အတွက်ပင် ဖြစ်သည်။
ကျနော်သည် မိမိကို ဝိုင်းရံထားသော ကွပ်မျက်သူများ၏ လှုပ်ရှားမှုကို အကဲခတ်ရင်း ကိုယ်ဟန်အနေအထားကို ပြင်လိုက်သည်။ ရှောင်လွှဲ၍ မရနိုင်တော့ပေ။ ‘လေ၏လမ်းစဉ်’ ကို အသုံးပြုလျှင်ပင် သူတို့ထံမှ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်တော့။
“မဟုတ်ဘူး၊ မင်းတို့ကမှ အမှားလုပ်လိုက်တာ”
သို့သော်လည်း ကျနော့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် မိနစ် ၃၀ ဆိုသည်မှာ လုံလောက်သော အချိန်ဖြစ်သည်။ ဝင်ရောက်လာသော တံစဉ်များကို ကြည့်ရင်း လက်နှစ်ဖက်ကို ကျနော်ဖြန့်လိုက်သည်။
မြောက်မြားစွာသော တံစဉ်များသည် လေထုကို ခွဲထွက်ကာ ကျနော့် ခန္ဓာကိုယ်ထံသို့ ဦးတည်လာသည်။ အချို့သော ကိုယ်စားလှယ်များသည် မျက်လုံးများကို မှိတ်ထားကြပြီး စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်ကြသည်။ မကြာမီမှာပင် ထိုအသံများသည် အံ့အားသင့်သော ဟစ်အော်သံများအဖြစ် ပြောင်းလဲသွားကြ၏။
ကျနော့်ကို အသေအချာ ထိုးဖောက်ပြီး အပိုင်းပိုင်း စုတ်ဖြတ်ပစ်ရမည့် တံစဉ်များသည် လေထဲတွင် ရပ်တန့်သွားသည်။
[ဘာ ဖြစ် တာ လဲ]
ဇဝေဇဝါ ဖြစ်နေသော ကွပ်မျက်သူများသည် လေထဲရှိ လက်နက်များကို အူကြောင်ကြောင် မျက်လုံးများဖြင့် ကြည့်နေကြသည်။ ထိုစဉ် Ways of Survival ထဲမှ စာသားတစ်ခုကို ရုတ်တရက် ကျနော်သတိရမိသွားသည်။
「 စက်မှုဇုန်ထဲက 'ည' ကို ကြံ့ကြံ့ခံနိုင်တဲ့ နည်းလမ်း နှစ်မျိုး ရှိတယ် 」
「 တစ်မျိုးကတော့ 'ည' ကုန်ဆုံးတဲ့အထိ ကွပ်မျက်သူတွေဆီကနေ အဆုံးထိ ထွက်ပြေးနေဖို့ပဲ 」
「 နောက်တစ်မျိုးကတော့... 」
“မင်းတို့ မေ့နေတာလား။ ဒီဇာတ်ဝင်ခန်းထဲမှာ တော်လှန်ရေးသမားနဲ့ ကွပ်မျက်သူပဲ ရှိတာ မဟုတ်ဘူးလေ”
ထို့နောက် ကျနော့် နားထဲတွင် မက်ဆေ့ချ်တစ်ခု ကြားလိုက်ရ၏။
[တစ်စုံတစ်ယောက်သည် သင့်ကို ကာကွယ်ရန် ၎င်းတို့၏ ဇီဝစွမ်းအားကို အသုံးပြုနေပါသည်။]
「 'ည' တွင် ရှင်သန်နိုင်မည့် ဒုတိယမြောက် နည်းလမ်းမှာ 'အစောင့်အရှောက်' ၏ အကူအညီကို ရယူခြင်းပင် ဖြစ်သည်။ 」
မျှော်လင့်ထားသည့်အတိုင်းပင်။ ဤအခြေအနေမျိုးသည် ဖုံးကွယ်နေသော ‘အစောင့်အရှောက်’ ကို ထွက်လာစေရန် တွန်းအားပေးလိမ့်မည်ဟု ကျနော် ထင်ထားခဲ့သည်။ တော်လှန်ရေးသမားက မည်သူမည်ဝါဖြစ်ကြောင်း ကောင်စီအဖွဲ့ဝင်များပင် မသိရှိကြဟု အိုင်လင်းက ပြောခဲ့ဖူးသည်။
ဆိုလိုသည်မှာ အခြားသော ကိုယ်စားလှယ်များသည် တော်လှန်ရေးသမား မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိကြခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် တော်လှန်ရေးသမားက မည်သူမှန်း မသိဘဲ သူတို့အနေဖြင့် တော်လှန်ရေးသမားကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။
သို့သော် ကျနော်ကိုယ်တိုင်သာ တော်လှန်ရေးသမားဖြစ်ကြောင်း ကြေညာလိုက်လျှင်ကော။
[အစောင့်အရှောက်သည် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီး မရဏအမှတ်အသားကို ဖယ်ရှားလိုက်ပါပြီ။]
ကွပ်မျက်သူသည် တစ်ညလျှင် မရဏအမှတ်အသားကို တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ ယခုအခါ အမှတ်အသားကို ဖယ်ရှားလိုက်ပြီဖြစ်၍ ယနေ့အတွက် ကွပ်မျက်မှုမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။
ကွပ်မျက်သူက ရက်စက်ကြမ်းကြုတ်သော အသံဖြင့် ပြောလိုက်သည်။
[…မင်း ကံ ကောင်း သွား တယ်]
“မင်းလည်း သတိထားနေတာ ကောင်းလိမ့်မယ်။ နောက်တစ်ခါ ငါတို့တွေ့တဲ့အခါကျရင် နေ့ဘက်ဖြစ်ချင်ဖြစ်နေမှာနော်”
ကွပ်မျက်သူများသည် အံကြိတ်ရင်း တစ်ယောက်ပြီးတစ်ယောက် လူစုခွဲကာ ထွက်ခွာသွားကြသည်။ စူးရှသော ပုလွေသံများ ပျောက်ကွယ်သွားပြီး အမှောင်ထုသည်လည်း ဒီရေကျသကဲ့သို့ ဆုတ်ခွာသွားတော့သည်။
အရက်ဆိုင်အပြင်ဘက်တွင် ကိုယ်စားလှယ်များသည် စိတ်အားထက်သန်သော မျက်လုံးများဖြင့် အတွင်းဘက်သို့ စိုက်ကြည့်နေကြသည်။ မာနကြီးသော ဂျန်ဟာယောင်းသည်ပင် မှင်သက်နေသော မျက်လုံးများဖြင့် ကျနော်ဘက်သို့ လှမ်းကြည့်နေသည်။ ကျနော်သည် တစ်ခုခုပြောရန် စဉ်းစားလိုက်သော်လည်း ပုခုံးတွန့်ပြကာ လက်ယမ်းပြလိုက်ရုံသာ ပြုလုပ်လိုက်သည်။
“တ-တော်လှန်ရေးသမားအသစ်။ တော်လှန်ရေးသမားအသစ် ပေါ်လာပြီ”
မြို့သူမြို့သားများ၏ ဟစ်အော်သံများနှင့်အတူ တိုတောင်းလှသော ‘ည’ သည် နောက်ဆုံးတွင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျနော်သည် မြို့သူမြို့သားများကို ကြည့်ရင်း အတွေးတစ်ခု ဝင်လာသည်။
သူတို့ထဲမှ တစ်ယောက်သည် ‘အစောင့်အရှောက်’ ဖြစ်နေပေလိမ့်မည်။ နောင်လာမည့် ဇာတ်ဝင်ခန်းများကို ထိုအစောင့်အရှောက်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရမည်။
ကျနော် ကောင်းကင်ကို မော့ကြည့်လိုက်ရာ မှောင်မိုက်နေဆဲပင် ဖြစ်သည်။ တစ်ခါတစ်ရံ ကြယ်အချို့ကို မြင်တွေ့ရသော်လည်း အလွန်မှိန်လွန်းသဖြင့် သေချာမမြင်ရပေ။
နတ်ခေါင်ချုပ် ယူရီအယ်၊ ကောင်းကင်တစ်မျှ မဟာပညာရှိ...
ထိုသူများ ကြည့်ရှုနေမည်ဆိုပါက ကောင်းပေလိမ့်မည်။ သို့သော် ကံမကောင်းစွာဖြင့် မည်သည့် မက်ဆေ့ချ်မှ တက်မလာခဲ့ပေ။ သို့သော်လည်း ယနေ့အတွက်တော့ ဤမျှနှင့်ပင် ကျေနပ်သင့်လှသည်။
[ယနေ့ညတွင် မည်သူမျှ သေဆုံးခြင်း မရှိပါ။]
အခန်း ၂၀၀
- အပိုင်း ၃၈ - အတုအယောင် တော်လှန်ရေးသမား (၂)
စစ်ဝစ်ဇ် စော်ဘွား၏ ရုံးခန်းရှေ့တွင် ဖြစ်သည်။ မိစ္ဆာနယ်စား ဆီလော့ခ်သည် စိုးရိမ်ပူပန်သော စိတ်ဖြင့် ထိုရုံးခန်းရှေ့တွင် ရပ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ‘ဟန်’ အမည်ရှိ နယ်စားက တံခါးစောင့်တစ်ဦးကဲ့သို့ ရုံးခန်းကို စောင့်ကြပ်နေသောကြောင့် ဖြစ်သည်။
‘ဟန်’
သူ၏ နာမည်ရင်းကို မည်သူမျှ မသိကြပေ။ လူတိုင်းက သူ့ကို ဟန်ဟုသာ ခေါ်ကြသည်။ သူသည် ဆီလော့ခ်ကဲ့သို့ပင် ‘နယ်စား’ တစ်ဦး ဖြစ်သော်လည်း အလွန် ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ၃၂ ခုမြောက် မိစ္ဆာနယ်မြေမှ အက်စ်မိုးဒီအက်စ်နှင့် ဆက်သွယ်ထားသောကြောင့်ပင်။ စစ်ဝစ်ဇ် စော်ဘွားက ဤအချက်ကို သိထားသဖြင့် သူ့ကို အနားတွင် ထားရှိခြင်းလည်း ဖြစ်နိုင်သည်။
ဆီလော့ခ်သည် စိတ်ထဲတွင် တင်းကျပ်နေမိသော်လည်း နောက်ဆုံးတွင် ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။
"စော်ဘွားကြီးနဲ့ ပြောစရာ ရှိလို့ပါ"
"ငါ့ကို ပြောခဲ့လိုက်။ ငါ ပြန်ပြောပေးမယ်"
"မင်းကိုပြောပြဖို့ကတော့ ခက်လိမ့်မယ်"
"စော်ဘွားကြီးက အခု ဂီလိုဘတ် သံတမန်နဲ့ အရေးပေါ် အစည်းအဝေး လုပ်နေတယ်"
"ဘယ်တော့လောက် ပြီးမလဲ"
"ငါ မသိဘူး"
ဆီလော့ခ်က လျှာဖြင့် နှုတ်ခမ်းကိုသပ်လိုက်သည်။ အကယ်၍ ဤကောင့်ကို ပြောပြလိုက်လျှင် ဟန်က အမှတ်အားလုံးကို ယူသွားမည်မှာ ထင်ရှားလှ၏။ ထို့ကြောင့် ဆီလော့ခ်က ပြန်ဖြေသည်။
"ရပါတယ်။ အရေးကြီးတာ မဟုတ်လို့ ငါ စောင့်နေလိုက်ပါ့မယ်"
ထိုစကားကြောင့် ဟန်၏ မျက်ခုံးများ လှုပ်ရှားသွားသည်။ ဆီလော့ခ်သည် ဤအမူအရာကို မြင်တွေ့ရသည်ကို သဘောကျမိ၏။
‘ခွေးမသား။ ငါဘာပြောစရာရှိနေတာလဲဆိုတာကို ဆက်ပြီးတော့သာ တွေးနေလိုက်တော့’
ဆီလော့ခ် သတင်းပို့လိုသော အချက်အလက်မှာ ရိုးရှင်းပေသည်။ ဂီလိုဘတ်၏ အမတ်တစ်ဦးဟု ယူဆရသော အရပ်သားတစ်ဦး လူမြင်ကွင်းတွင် ပေါ်လာခြင်းပင် ဖြစ်သည်။
မှန်ပေသည်၊ ထိုကိစ္စက မဆိုးလှသော်လည်း ပို၍ စဉ်းစားလေလေ အရာအားလုံးက ထူးဆန်းနေလေလေ ဖြစ်သည်။ ဆီလော့ခ်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် စော်ဘွား၏ ရုံးခန်းကို သေချာ စိုက်ကြည့်လိုက်သည်။
"အထဲမှာ ဂီလိုဘတ်က အမတ် ရောက်နေတာလား"
"ဟုတ်တယ်"
"သူက တခြား ဘယ်မှ မသွားဘဲ ဒီကို တန်းလာတာ မဟုတ်လား"
"အဲဒီအတိုင်းပဲ"
ဆီလော့ခ်သည် ထိုအဖြေကို ကြားလိုက်ရသဖြင့် ဝမ်းသာသွားမိသည်။
‘တကယ်ပဲ၊ ငါ့ရဲ့ မှန်းဆချက်က မှန်နေတာပဲ’
သူက အသေအချာတော့ မသိသော်လည်း ဂီလိုဘတ် သံတမန်အဖွဲ့တွင် အမတ် နှစ်ဦး မရှိသင့်ပေ။ အမတ်အဆင့်ရှိသူက သံတမန်အဖွဲ့၏ ခေါင်းဆောင် ဖြစ်သင့်သည်။ သူတွေ့ခဲ့သော အရပ်သားသည် ဂီလိုဘတ်၏ အမတ် မဟုတ်ဘဲ မိစ္ဆာမျိုးနွယ် အရာရှိတစ်ဦးအဖြစ် ဟန်ဆောင်နေခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။
ဤအချက်တစ်ခုတည်းနှင့်ပင် သတင်းပို့ရန် ထိုက်တန်ပေသည်။ ကြီးမားသော ကိစ္စမဟုတ်နိုင်သော်လည်း သူ၏ စွမ်းဆောင်ရည်မှာ အကဲဖြတ်ချက်အတွက် အထောက်အကူ ဖြစ်လာလိမ့်မည်။
ဟန်က ဝေခွဲမရဖြစ်နေသော ဆီလော့ခ်ကို ကြည့်ပြီး ပြောလိုက်သည်။
"မင်းက ဒီနားမှာ ဝေ့လည်ကြောင်ပတ်တာဆိုတော့ နောက်ထပ် မိစ္ဆာဘုရင် ဘယ်သူဖြစ်မလဲဆိုတာကို မင်းလည်း သိချင်နေတာထင်တယ်"
"အာ…အင်း…ဟုတ်ပါတယ်"
သူဒီကိုရောက်လာသည့်ကိစ္စမှာ မိစ္ဆာဘုရင်မည်သူဖြစ်မလဲကို သိချင်၍ရောက်လာသည်ဟု အထင်လွဲသွားခြင်း ဖြစ်သော်လည်း ဤအထင်လွဲမှုကို အခွင့်ကောင်းယူ၍ မေးမြန်းခြင်းက မဆိုးလှပေ။
"မိစ္ဆာဘုရင် ပေါ်လာတော့မယ်ဆိုတဲ့ ကောလဟာလတွေကြောင့် ဂီလိုဘတ် သံတမန်အဖွဲ့က လာရောက်တာလား"
"ငါ အသေးစိတ်တော့ ပြောလို့မရဘူး၊ ဒါပေမဲ့ ဟုတ်တယ်လို့တော့ ပြောလို့ရတယ်"
"မိစ္ဆာဘုရင်အကြောင်းက နည်းနည်းတော့ ရယ်စရာကောင်းတယ်... မင်းရော အဲဒီလို မထင်ဘူးလား"
ကောလဟာလ၏ မြစ်ဖျားခံရာကို မသိရသေးသော်လည်း ဤကောလဟာလများသည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေတစ်ခုလုံးကို လှုပ်ခတ်စေခဲ့သည်။
ဆီလော့ခ်သည် ဤအခြေအနေကို စိတ်ထဲတွင် ရယ်ချင်မိသည်။
စစ်ဝစ်ဇ်။
ဂီလိုဘတ်။
မဲလ်လီဒွန်။
ဘာကန်။
လွန်ခဲ့သော နှစ်ပေါင်း ရာချီကတည်းက ၇၃ ခုမြောက် မိစ္ဆာနယ်မြေကို ဤစော်ဘွား လေးဦးက စနစ်တကျ ထိန်းညှိပေးခဲ့သည်။ ရာစုနှစ်ပေါင်းများစွာ တည်တံ့ခဲ့သော ငြိမ်းချမ်းရေးသည် ယခုအခါ ကောလဟာလတစ်ခုကြောင့် လှုပ်ခတ်နေရသည်။ ထိုကောလဟာလမှာ လက်တွေ့မဆန်သော ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်သည်။
သို့သော် ဟန်က ဆီလော့ခ်၏ စကားကို သဘောမတူပေ။
"‘မိစ္ဆာဘုရင်’ ရဲ့ နိမိတ်လက္ခဏာတွေက စတင်ပေါ်ပေါက်နေပြီ"
"ဟမ်။ မင်းက အဲဒါကို ဘယ်လိုသိတာလဲ"
"ဝေဒက မဲလ်လီဒွန် စက်မှုဇုန်နဲ့ လက်တွဲလိုက်ပြီလို့ ငါ ကြားတယ်"
"ဝေဒ ဟုတ်လား"
ထိုနာမည်မှာ ဆီလော့ခ် ရင်းနှီးသော နာမည်တစ်ခု ဖြစ်သည်။ သူသာ ထိုနာမည်ကို သိမနေမှသာ ထူးဆန်းပေလိမ့်မည်။ ထိုနာမည်သည် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုအတွင်း ဘေးကင်းစွာ နေထိုင်နိုင်ရန်အတွက် မဖြစ်မနေ သိထားရမည့် နာမည်များထဲမှ တစ်ခု ဖြစ်၏။
ထို့ကြောင့် ဆီလော့ခ်မှာ အံ့အားသင့်သွားရသည်။
"...နက်ဗျူလာတွေက တိုက်ရိုက် လှုပ်ရှားနေတာလား"
"အတိအကျ ပြောရရင် ဝေဒက ဒဏ္ဍာရီလာအဆင့် နက္ခတ်တစ်ပါးက မဲလ်လီဒွန်နဲ့ ဆက်သွယ်ထားတာ"
နက္ခတ်များနှင့် မိစ္ဆာဘုရင်များ၏ ရန်ငြိုးမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုတွင် နာမည်ကြီးသည်။ ယခုအခါ နက္ခတ်များသည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်နေကြပြီ ဖြစ်သည်။ အတိုင်းအတာမှာ မကြီးမားသေးသော်လည်း အကယ်၍ နက်ဗျူလာတစ်ခုသာ အမှန်တကယ် ပါဝင်လာပါက အခြေအနေများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပေလိမ့်မည်။
"နက်ဗျူလာတွေက စိတ်ဝင်စားနေကြတာလား။ ဒါဆို မိစ္ဆာဘုရင်က တကယ်ပဲ ပေါ်လာတော့မှာပေါ့..."
ဆီလော့ခ်သည် မိန်းမောနေသော အမူအရာဖြင့် ရေရွတ်လိုက်သည်။ ဤသည်မှာ မိစ္ဆာဘုရင် ဖြစ်သည်။ ဆီလော့ခ်သည် မိစ္ဆာနယ်မြေတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သော်လည်း ဤအရာက သူ့အတွက် လက်တွေ့မဆန်သေးပေ။
သို့သော် အနည်းဆုံး အချက်တစ်ခုကိုတော့ သိလိုက်ရသည်။
"...ဒါကြောင့်လည်း စော်ဘွားကြီးက ဒီလောက် အလုပ်ရှုပ်နေတာကိုး"
"သူက အခု မိစ္ဆာဘုရင် ဖြစ်လာဖို့ အနီးစပ်ဆုံးလူပဲ"
မိစ္ဆာမျိုးနွယ်အရာရှိတစ်ဦးက မိစ္ဆာဘုရင် ဖြစ်လာမည်မှာ ထင်ရှားလှသည်။ အခြားသော မိစ္ဆာဘုရင် ၇၂ ပါး၏ ဖြစ်ရပ်များကို ကြည့်ပါက မိစ္ဆာမဟုတ်သော ဖြစ်တည်မှုတစ်ခုက ထီးနန်းတက်နိုင်ခြင်းမှာ အလွန်ပင် ရှားပါးလှသည်။
ထိုစဉ် စက်ရုံအတွင်းမှ အလင်းရောင်ရှိသော သတိပေးသံ တစ်ချက် ထွက်ပေါ်လာပြီး မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။
[အဓိကဇာတ်ဝင်ခန်းအသစ် ဖွင့်လှစ်လိုက်ပါပြီ။]
[၂၄ ကြိမ်မြောက် 'တော်လှန်ရေးဂိမ်း' စတင်ပါပြီ။]
ရုတ်တရက် ပေါ်လာသော မက်ဆေ့ချ်ကြောင့် ဆီလော့ခ် လန့်သွားသော်လည်း ဟန်၏ အံ့အားသင့်နေသော အမူအရာကို မြင်သောအခါ တည်ငြိမ်ချင်ယောင် ဆောင်လိုက်သည်။ ဟန်က အရင်မေးသည်။
"ဒီမက်ဆေ့ချ်က ဘာလဲဟ"
"အို၊ မင်းက ဒီကို ရောက်ခါစဆိုတော့ မသိတာ မဆန်းပါဘူး။ ဒါမျိုးက တစ်ခါတလေ ဖြစ်တတ်ပါတယ်။ ဒါက ဒီနေရာရဲ့ အဓိကဇာတ်ဝင်ခန်းပဲ။ တော်လှန်ရေးဂိမ်းလေ"
"တော်လှန်ရေးဂိမ်း ဟုတ်လား"
"တော်လှန်ရေးသမားက ပုန်းနေတုန်းမှာ ကွပ်မျက်သူရဲ့ ဖမ်းမိတာကို ခံလိုက်ရတာ ဖြစ်မယ်။ ကံမကောင်းတဲ့ လူတစ်ယောက်ပါပဲ"
တော်လှန်ရေးဂိမ်း စတင်ခြင်းမှာ ပုန်းအောင်းနေသော ‘တော်လှန်ရေးသမား’ ပေါ်လာခြင်းကို ဆိုလိုသည်။ သို့သော် ဤစက်မှုဇုန်တွင် တော်လှန်ရေးသမား မရှိနိုင်ပေ။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ က နောက်ဆုံး တော်လှန်ရေးသမား ပေါ်လာစဉ်က မည်သို့ဖြစ်ခဲ့သည်ကို လူတိုင်းက ရှင်းရှင်းလင်းလင်း မှတ်မိနေကြသည်။
ဆီလော့ခ်က ပြုံးလိုက်ပြီး ထပ်ပြောသည်။
"မစိုးရိမ်ပါနဲ့၊ ဒါက ကိစ္စကြီး မဟုတ်ပါဘူးကွာ။ ခဏလောက် စောင့်ကြည့်လိုက်ရင် ကွပ်မျက်သူက သူ့ခေါင်းကို ဖြတ်ယူသွားပါလိမ့်မယ်။ ကြည့်လို့ကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်မှာပါ"
သို့သော် မည်မျှပင် စောင့်သော်လည်း ဂိမ်းပြီးဆုံးကြောင်း ကြေညာသည့် မက်ဆေ့ချ်ကို မကြားရပေ။ ထို့နောက် အဆင့်နိမ့် အရာရှိတစ်ဦး ပေါ်လာသဖြင့် တစ်ခုခု မှားယွင်းနေပြီဟု သူ တွေးလိုက်မိသည်။
ဆီလော့ခ်သည် ထိုသူမှာ မည်သူဖြစ်သည်ကို ချက်ချင်း သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ပုန်းကွယ်နေသော ကွပ်မျက်သူများထဲမှ တစ်ဦး ဖြစ်သောကြောင့်ပင်။ သူက ရုံးခန်းဆီသို့ အပြေးအလွှား လာသောအခါ ဆီလော့ခ်က အရင်မေးလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ"
"တစ်ယောက်ယောက်က သူကိုယ်သူ တော်လှန်ရေးသမားလို့ ကြေညာလိုက်ပြီ"
ဆီလော့ခ်သည် မိုက်မဲသော မေးခွန်းဖြစ်မှန်း သိသော်လည်း သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။
"ဘာ… ဘယ်သူလဲ"
"တော်လှန်ရေးသမား အသစ်ပဲ"
"ဒါဆို သူ့နာမည်က ဘယ်သူလဲ"
အဆင့်နိမ့်အရာရှိက နာမည်တစ်ခုကို ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။ ထိုနာမည်မှာ ဆီလော့ခ် မသိသော နာမည်တစ်ခု ဖြစ်သည်။ မထင်မှတ်ဘဲ ပျင်းရိနေပုံရသော ဟန်က အလောသုံးဆယ်ပုံစံဖြင့် ဝင်ပြောသည်။
"နေဦး။ မင်း ခုနက ဘာပြောလိုက်တာလဲ"
"ဟုတ်ကဲ့။ တော်လှန်ရေးသမားအသစ်ရဲ့နာမည်က ယူဂျွန်ဟော့ပါ..."
"သူ့ကိုယ်သူ ယူဂျွန်ဟော့လို့ ခေါ်တာလား"
ဆီလော့ခ်က အလျင်အမြန် မေးလိုက်သည်။
"မင်းက သူ့ကို သိလို့လား"
" သိတယ်"
ဟန်၏ မျက်နှာအမူအရာက ဝင်းလက်သွားသော်လည်း မျက်နှာအမူအရာမှာ တစ်မျိုးတစ်ဖုံ ပုံပျက်နေသော အပြုံးမျိုး ဖြစ်သည်။ မိစ္ဆာတစ်ဦးဖြစ်သည့် ဆီလော့ခ်ပင်လျှင် ထိုအပြုံးကိုကြည့်ပြီး ကြက်သီးထမိသွားသည်။ ဟန်က မေးလိုက်သည်။
"သူ ဘယ်နားမှာ ပေါ်လာတာလဲ"
…………………………………………………………………………………………….
ညတာကုန်ဆုံးသွားပြီးနောက် အိုင်လင်းထံသို့ ကျနော် ပြန်ရောက်သွားသည်။
အတိအကျပြောရလျှင် အတင်းအဓမ္မ ဆွဲခေါ်သွားခြင်း ခံရခြင်းဖြစ်သည်။
ကျနော့် ကြေညာချက်ကြောင့် လမ်းမများမှာ ဇောက်ထိုးမိုးမျှော် ဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။ 'တော်လှန်ရေးသမားအသစ် ပေါ်လာပြီ' ဆိုသည့် စကားများဖြင့် လမ်းမထက်တွင် ဆူညံနေတော့သည်။ အကယ်၍ အိုင်လင်းသာ ရုတ်တရက်ပေါ်လာပြီး ကျနော့်ကို ဆွဲမသွားခဲ့လျှင် ကျနော်သည် လူအုပ်ကြားထဲတွင် ညပ်နေဦးမည်သာ ဖြစ်သည်။ အိုင်လင်းက စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင် ဖြစ်နေစဉ် ကျနော်ကတော့ လျှို့ဝှက်ဇာတ်ဝင်ခန်း၏ အချက်အလက်များကို တည်ငြိမ်စွာဖြင့် စစ်ဆေးနေလိုက်သည်။
[လျှို့ဝှက်ဇာတ်ဝင်ခန်း - အတုအယောင် တော်လှန်ရေးသမား]
အမျိုးအစား
လျှို့ဝှက်
ခက်ခဲမှုအဆင့်
SS
အောင်မြင်ရန် လိုအပ်ချက်များ
သင်သည် တော်လှန်ရေးသမားတစ်ဦးအဖြစ် ဟန်ဆောင်ခြင်းဖြင့် မိမိကိုယ်ကိုယ် တော်လှန်ရေးသမားဟု ကြေညာခဲ့သည်။ သတ်မှတ်ထားသော အချိန်အတွင်း အစစ်အမှန် တော်လှန်ရေးသမားကို သတ်ဖြတ်ပြီး သူ၏ ရာထူးကို ရယူပါ။ သို့မဟုတ်ပါက ကြောက်မက်ဖွယ်ကောင်းသော အဆုံးသတ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အချိန်ကန့်သတ်ချက်
ရက်ပေါင်း ၃၀
ဆုလာဘ်
၁၅၀,၀၀၀ ဒင်္ဂါး၊ အဓိကဇာတ်ဝင်ခန်းအသစ်သို့ ဝင်ရောက်ခွင့်။
ကျရှုံးမှု
သေဆုံးခြင်း
အဓိကဇာတ်ဝင်ခန်းကို ဘယ်လိုရယူရမလဲဆိုတာ ကျနော် အကြမ်းဖျင်း သိထားပြီးသားဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အစစ်အမှန် တော်လှန်ရေးသမားကိုတော့ ရှာရမည်ဖြစ်၏။
ကျနော်က အိုင်လင်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ဒါဆို စလိုက်ကြရအောင်"
"…ရှင် ရူးနေတာလား"
အိုင်လင်းက မယုံနိုင်စရာကောင်းသော အမူအရာဖြင့် မေးလိုက်သည်။
"ရှင် ဘာတွေလုပ်နေလဲဆိုတာ သိရဲ့လား"
"တော်လှန်ရေး လုပ်နေတာလေ"
"တော်လှန်ရေးသမားမရှိဘဲ ဘာတော်လှန်ရေးလဲ။ ရှင်က အတုကြီးလေ"
"ဟုတ်လို့လား"
"မဖြစ်နိုင်တာ… မဟုတ်မှလွဲရော…"
အိုင်လင်း၏ မျက်နှာတွင် ချစ်စဖွယ်ကောင်းသော အမူအရာတစ်ခု ပေါ်လာသည်။ ကျနော်က ပခုံးကို အသာအယာတွန့်ပြလိုက်သောအခါ အိုင်လင်း၏ မျက်နှာမှာ မျှော်လင့်ချက်ကင်းမဲ့သွားသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
"လုံးဝ မဖြစ်နိုင်တာ။ ရှင် ဘာတွေ လျှောက်လုပ်နေတာလဲ။ အခုတော့ အားလုံး ပြီးသွားပြီ"
ကျနော်က အရှက်မရှိဘဲ ပြန်ဖြေလိုက်သည်။
"ဒါ နင်အလိုရှိခဲ့တဲ့အရာပဲလေ။ တော်လှန်ရေးရယ်၊ စော်ဘွားရဲ့ သေဆုံးခြင်းရယ်လေ"
"ကျမ ဒီလိုမျိုး အလိုမရှိခဲ့ဘူး။ ဒါက လိမ်လည်မှုပဲ"
"အစစ်အမှန် တော်လှန်ရေးက ဘယ်လိုလုပ် လိမ်လည်မှု ဖြစ်မှာလဲ။ ငါက အဲဒါကို အစစ်အမှန်ဖြစ်အောင် လုပ်မှာ"
"တော်လှန်ရေးဆိုတာ အဲဒီလို နောက်ပြောင်စရာ မဟုတ်ဘူး"
"ငါလည်း နင်ပြောတာကို သဘောတူပါတယ်။ ငါက တော်လှန်ရေးသမားလို့ ပေါ့ပေါ့ဆဆ ကြေညာခဲ့တာ မဟုတ်ဘူး။ ဒီစက်မှုဇုန်ကို လွတ်မြောက်စေရမယ်ဆိုတာကို ငါလည်း သဘောတူတယ်"
"ရှင့်ပါးစပ်ကနေ အဲဒီလို လွယ်လွယ်ကူကူ ပြောနိုင်တာကိုက ရှင့်ရဲ့ စိတ်ဆန္ဒက ပေါ့ပျက်နေတယ်ဆိုတဲ့ သက်သေပဲ"
အိုင်လင်း၏ အသံထဲတွင် ပြင်းထန်သော ဒေါသများ ပါဝင်နေသည်။
"ရှင်က တော်လှန်ရေးကို တစ်ယောက်ထဲ လုပ်ဖို့ ရည်ရွယ်ထားတာလား"
"…"
"ကျမ ဒီစက်မှုဇုန်မှာ တော်လှန်ရေးတွေ အများကြီး မြင်ဖူးတယ်။ ဘယ်နှစ်ကြိမ်တောင် တော်လှန်ရေးတွေ ကျရှုံးခဲ့ပြီး သွေးတွေ ဘယ်လောက်တောင် မြေကျခဲ့ရလဲ။ ပြီးတော့…"
"အတိတ်က ကျရှုံးမှုတွေကို ကျမ်းစာလိုမျိုး တန်ဖိုးမထားပါနဲ့။ ဘာမှမလုပ်ရင် ဘာအပြောင်းအလဲမှ ရှိလာမှာ မဟုတ်ဘူး"
"ဒါက ရှင့်အနေနဲ့ ဘယ်လိုမှ မလုပ်နိုင်တဲ့ ဇာတ်ဝင်ခန်းပဲ"
အိုင်လင်း၏ ခံစားချက်ကို ကျနော် နားလည်သည်။ အမှန်တကယ်တော့ တော်လှန်ရေးသမား ဇာတ်ဝင်ခန်းမှာ စက်မှုဇုန်တွင် အလွန်ကျော်ကြား၏။ တော်လှန်ရေးသမားမှာ ဇာတ်ဝင်ခန်းအရ ခွင့်ပြုထားသော တစ်ခုတည်းသော ပုန်ကန်မှု နမူနာပုံစံပင်။ သို့သော်လည်း စက်မှုဇုန်၏ နိုင်ငံသားများသည် ဤဂိမ်းကို စွန့်လွှတ်ခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အနိုင်ရရန် အခွင့်အရေး မရှိသောကြောင့် ဖြစ်၏။ ထို့ကြောင့် ဤဇာတ်ဝင်ခန်းမှာ ဇာတ်ဝင်ခန်းတစ်ခုအနေဖြင့် တန်ဖိုးမဲ့သွားခဲ့သည်။
အိုင်လင်းက ဆက်ပြောသည်။
"ဒါကြောင့်လည်း ကျမက ပြည်နှင်ဒဏ်ခံရသူတွေကို အားကိုးနေခဲ့တာ။ ရှိပြီးသား ဇာတ်ဝင်ခန်းတွေကို သုံးပြီး စော်ဘွားကို ဘယ်တော့မှ သတ်လို့မရဘူး။ စော်ဘွားကို ထားဦး။ ကျိန်စာသင့် ကွပ်မျက်သူတွေကိုတောင် အနိုင်ရဖို့ နည်းလမ်းမရှိဘူး"
"ဇာတ်ဝင်ခန်းဆိုတာ ချိုးဖျက်ဖို့ ဖန်တီးထားတာပဲ။ သေချာရှာကြည့်ရင် အောင်မြင်နိုင်မယ့် နည်းလမ်း ရှိပါတယ်"
"ရှင့်ကြောင့် လူတွေ သေကြရတော့မယ်"
"ငါ အဲဒီလို အဖြစ်မခံပါဘူး"
"ဒါဆိုရင် ရှင်က အရင်ဆုံး သေရမယ့်သူ ဖြစ်လိမ့်မယ်"
"ငါ မသေဘူး။ အရင်ကလည်း ငါ မသေခဲ့ဘူးလေ"
"အဲ့ဒါက…"
အိုင်လင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
"အဲဒါက ကံကောင်းလို့ပါ။ အစောင့်အရှောက်က ရှင့်ကို ထပ်ပြီး ကာကွယ်ပေးမယ်လို့ ထင်နေတာလား"
"အင်း၊ အစောင့်အရှောက်တွေဟာ ငါ့ကို ကာကွယ်ပေးလိမ့်မယ်လို့ ငါ ထင်တယ်"
"ရှင် မသိလို့ပါ။ အစောင့်အရှောက်တွေဟာ သူတို့ရဲ့ ကာကွယ်မှုကို အသုံးပြုပြီးရင် သူတို့ရဲ့ ဇီဝစွမ်းအားတွေ ကုန်ခမ်းသွားရတယ်။ အဲဒါကို သုံးတိုင်း သူတို့ရဲ့ ဇီဝစွမ်းအားတွေ ဆုံးရှုံးပြီး နောက်ဆုံးမှာ သေဆုံးသွားလိမ့်မယ်။ ဘယ်သူမှ ရှင့်ကို နှစ်ခါ သုံးခါလောက် ကာကွယ်ပေးမှာ မဟုတ်ဘူး"
"ပထမဆုံးအကြိမ်က အရေးကြီးဆုံးပဲလေ"
"…"
"အိုင်လင်း၊ နင်က ဒီနေရာကို ငါ့ထက် ပိုသိပေမဲ့ ဒီမှာရှိတဲ့ လူတွေကိုတော့ နင် နားမလည်သေးဘူး"
အိုင်လင်းက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ပထမဆုံးအကြိမ်အဖြစ် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ အိုင်လင်းလည်း တစ်ခုခုကို ခံစားမိသွားခြင်း ဖြစ်နိုင်ပေသည်။
လျှို့ဝှက်အစောင့်အရှောက်က ပေါ်လာပြီး တော်လှန်ရေးသမားဖြစ်တဲ့ ငါ့ကို ကာကွယ်ပေးခဲ့တယ်။ အဲဒါက အိုင်လင်း တစ်ခါမှ မမြင်ဖူးခဲ့တာ ကြာလှပြီဖြစ်တဲ့ မြင်ကွင်းမျိုး ဖြစ်မှာပါ။ တကယ်ကို ကြာခဲ့ပါပြီ။
အိုင်လင်းဟာ တော်တော်နှင့် စကားမပြောနိုင်ဘဲ တံတွေးမြိုချနေမိပြီးမှ အသံတိုးတိုးလေးဖြင့် မေးလာသည်။
"ဒါက တကယ်ပဲ ဖြစ်နိုင်မယ်လို့ နင် ထင်လို့လား"
"ဖြစ်နိုင်ပါတယ်။ ငါ့ရဲ့ စွမ်းရည်တွေကို နင် အလုံအလောက် မမြင်ဖူးသေးဘူးလား"
ဖြစ်နိုင်ခြေက ရှိပေသည်။ မဖြစ်နိုင်သောအရာကို ဖြစ်လာအောင် ကျနော် ဖန်တီးမည်ဖြစ်၏။ အိုင်လင်းက သက်ပြင်းတစ်ချက်ချရင်း ပြန်ဖြေသည်။
"နင်က အစစ်အမှန် တော်လှန်ရေးသမား မဟုတ်ဘူးလေ"
"ဒါကြောင့်မလို့ ငါက နင့်ရဲ့ အကူအညီကို လိုတာပေါ့"
ကျနော့်စကားကြောင့် အိုင်လင်း၏ မျက်နှာအမူအရာ တုန်လှုပ်သွားသည်။
"တော်လှန်ရေးသမားမရှိတဲ့ တော်လှန်ရေးတစ်ခုကို ငါတို့ ဖန်တီးကြမယ်"
အိုင်လင်းသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီးနောက် ပြန်ပြောသည်။
"လူသူစုဆောင်းတာကို နင်လုပ်ရလိမ့်မယ်။ ဒါက တစ်ယောက်ထဲနဲ့ အနိုင်တိုက်လို့ရတဲ့ ဂိမ်းမျိုး မဟုတ်ဘူး"
"အဲဒီလိုပဲ ထင်ပါတယ်"
"အစောင့်အရှောက်ဆိုတာ ရှင်သန်ဖို့အတွက် အနည်းဆုံး လိုအပ်ချက်ပဲ။ ကွပ်မျက်သူကို ရင်ဆိုင်ဖို့အတွက် ‘တိုက်ခိုက်ရေးသမား’ရာထူးရှိသည့် တစ်ယောက်လည်း လိုအပ်သလို၊ ပုန်းအောင်းနေတဲ့ သတ်ဖြတ်သူတွေကို ရှာဖွေဖို့ ‘သူလျှို’ရာထူးရှိသည့် တစ်ယောက်လည်း လိုအပ်တယ်"
"ဖြည်းဖြည်းချင်းစီ စုဆောင်းသွားမှာပါ။ အဲ့လိုစုဆောင်းဖို့က နင်ထင်သလောက် မကြာပါဘူး"
ကျနော် အလောမတကြီးဖြစ်မိချေ။ တော်လှန်ရေး ကြေညာချက်က ပဲ့တင်ထပ်နေပြီဖြစ်ရာ သက်ဆိုင်ရာ ရာထူးများကို တာဝန်ယူရမည့်သူများက တစ်ယောက်ပြီးတစ်ယောက် သတိပြုမိလာကြပေလိမ့်မည်။ ဤကျိန်စာသင့်သော ဂိမ်းထဲတွင် သူတို့ မည်သည့်ဘက်က ရပ်တည်ရမည်ကို ကိုယ်တိုင် ဆုံးဖြတ်ကြရတော့မည်ဖြစ်သည်။
"ရာထူးတစ်ခုကတော့ စုဆောင်းပြီးသား ဖြစ်နေပြီ ထင်တယ်"
ကျနော် စကားပြောပြီးသည်နှင့် အစည်းအဝေးခန်း တံခါးမှာ ဘုန်းခနဲ ပွင့်ထွက်သွားသည်။ ဂျန်ဟာယောင်းက မျက်လုံးအပြူးသားဖြင့် ကျနော်တို့ဘက်သို့ ကြည့်နေသည်။
"ဟိုလေ... အိုင်လင်း..."
"ဘာလဲ"
"လူတစ်ယောက်က အထဲဝင်ဖို့ တောင်းဆိုနေလို့ပါ..."
"ငါ အခု အလုပ်ရှုပ်နေတယ်။ ပြန်လွှတ်လိုက်တော့"
"အဲဒါက နည်းနည်း..."
"ဘာဖြစ်လို့လဲ"
"...သူ့ကိုသူ အစောင့်အရှောက်လို့ ပြောတဲ့လူ ရောက်နေလို့ပါ"
အံ့အားသင့်သွားသော အိုင်လင်းသည် နေရာမှ ထရပ်လိုက်သည်။ ထို့နောက် ဂျန်ဟာယောင်း၏ နောက်ကွယ်တွင် ကြံ့ခိုင်သော ကိုယ်ခန္ဓာရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာသည်။
"မင်း... မင်းက တကယ်ပဲ တော်လှန်ရေးသမားလား"
အံ့သြဖွယ်ကောင်းသည်မှာ ထိုသူမှာ ကျနော် အရင်ကတည်းက သိရှိပြီးသားသူဖြစ်နေခြင်းပင်။