အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း (၁၀၁ )- ဒီကောင်လေးက ဘယ်လိုလုပ်ပြီး အစီအရင်ကို ချိုးဖျက်နိုင်မှာလဲ
လင်းရွှေရိုနှင့် အခြားသူများသည် အလွန် လေးနက်တည်ကြည်သော အမူအရာများဖြင့် ရှိနေကြသည်ကို မြင်ပြီးနောက် သွေးဝိညာဉ်ဂိုဏ်းမှ တမန်တော် ငါးဦးမှာ မနေနိုင်မထိုင်နိုင် တုန်လှုပ်သွားကြသည်။
သို့သော်လည်း သူတို့သည် တစ်စုံတစ်ခုကို လျင်မြန်စွာ တွေးမိလိုက်ပြီး မထိတထိ ပြုံးလိုက်ကြ၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ရွှမ်ထျန်းကမ္ဘာမှာ မဟာဧကရာဇ် ဆိုတာ လုံးဝ မရှိဘူး… ဒီအစီအရင်ကို မဟာဧကရာဇ် အလယ်အလတ်အဆင့် စွမ်းအားနဲ့မှ ချိုးဖျက်နိုင်မှာ… မင်းတို့အတွက် အခွင့်အရေး မရှိဘူး”
“ဟုတ်တယ်… မင်းတို့သာ ဒီအစီအရင်ကို ချိုးဖျက်နိုင်ရင် ငါ့ကိုယ်ငါ ဒီနေရာမှာတင် အဆုံးစီရင်ပစ်လိုက်မယ်”
သွေးဝိညာဉ်ဂိုဏ်း၏ တမန်တော်များအနက် တစ်ဦးသည် မောက်မာစွာဖြင့် ပြောဆိုလာသောကြောင့် အတွင်းဘက်ရှိ ရွှမ်ထျန်းကမ္ဘာမှ ကျင့်ကြံသူများမှာ အရှက်တကွဲ ဖြစ်သည်ဟု ခံစားလိုက်ရသည်။ သူတို့သည် ယခုချက်ချင်း အစီအရင်အပြင်သို့ ထွက်ကာ ထိုတမန်တော်ကို ဆွဲဖြဲပစ်ချင်နေကြသည်။
“ ဒါက ဘယ်လိုတောင် ယုတ်မာတဲ့အကြံအစည်လဲ… မင်းတို့သာ သတ္တိရှိရင် ငါ့ကို အပြင်ပေးထွက်ပြီး တစ်ယောက်ချင်း ယှဉ်ချမလား “
“ဟုတ်တယ်… မင်းတို့ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေက ညစ်ပတ်တဲ့ နည်းလမ်းတွေကိုပဲ သုံးတတ်တာလား… မင်းတို့ ကြောက်နေတာလား”
“ဒါပေါ့… မင်းတို့ ကြောက်နေရင်လည်း မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေက ညစ်ပတ်တဲ့ နည်းလမ်းတွေကိုပဲ သုံးတတ်ပါတယ်လို့ သတ္တိရှိရှိ ဝန်ခံလိုက်စမ်းပါ… ဒါဆိုရင် ငါတို့ မင်းတို့ကို ဗွေမယူတော့ဘူး”
အစီအရင်အတွင်းရှိ ရွှမ်ထျန်းကမ္ဘာမှ ကျင့်ကြံသူများသည် ဒေါသတကြီး ပြောဆိုကာ ရန်စသည့် နည်းဗျူဟာများကို အသုံးပြုကြသော်လည်း ကံဆိုးစွာဖြင့် အပြင်ဘက်ရှိ လူငါးဦးမှာ တုပ်တုပ်မှမလှုပ်ချေ။
သူတို့အတွက် နောက်ဆုံးရလဒ်သာ အရေးကြီးသည်။ အနိုင်ရရန် မည်သည့်နည်းလမ်းကိုပင် အသုံးပြုရပါစေ ကိစ္စမရှိချေ။ နောက်ဆုံးတွင် အောင်နိုင်သူကသာလျှင် စကားပြောခွင့် ရှိပေသည်။
လူတိုင်း စိတ်ပျက်အားငယ်နေချိန်တွင် နောက်တစ်စက္ကန့်၌ အစီအရင်၏ အထက်တွင် လူရိပ်တစ်ခု ပေါ်ထွက်လာ၏။ သူ၏ မာန်ဝင့်သော ဟန်ပန်က လူတိုင်းကို မော့ကြည့်မိစေသည်။
ထိုသူမှာ ဝူဟောက်၏ ညွှန်ကြားချက်ဖြင့် ထွက်လာသော ဝူယီဖန်မှလွဲ၍ အခြားသူ မဟုတ်ချေ။
သို့သော်လည်း ထွက်လာသူမှာ အဓိပတိ အထွတ်အထိပ်အဆင့်မျှသာ ဖြစ်သည်ကို မြင်လိုက်ရသဖြင့် လူတိုင်း မျှော်လင့်ချက်ကင်းမဲ့သွားကြသည်။ မဟာသခင်မြတ်ကြီး သုံးပါးသည်ပင် ဤအကျပ်အတည်းကို မဖြေရှင်းနိုင်လျှင် သာမန် အဓိပတိ အထွတ်အထိပ်အဆင့်က ဖြေရှင်းနိုင်မည်လော။
လင်းရွှေရိုနှင့် အခြားသူများသည် ဝူယီဖန် ထွက်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် တွန့်ကွေးသွားကြသည်။ ဝူယီဖန်၏ ကျင့်ကြံမှုမှာ အဓိပတိ အထွတ်အထိပ်အဆင့်တွင်သာ ရှိသေး၏။
သို့သော်လည်း ဝူယီဖန်၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် ကိုးဆင့်မြောက်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကိုမူ သူတို့ လုံးဝ သတိမထားမိခဲ့ကြပေ။ ဝူယီဖန်သည် သူ၏ အရှိန်အဝါကို အလွန်အမင်း ထိန်းချုပ်ထားသဖြင့် ဧကရာဇ်တပိုင်း အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင်များပင်လျှင် အာရုံမခံနိုင်ပေ။ သူတို့နှင့် တိုက်ခိုက်ခြင်း မပြုသရွေ့ ဝူယီဖန်၏ ထူးခြားမှုကို မည်သူမျှ သိရှိနိုင်မည် မဟုတ်ချေ။
“ဟားဟား… အဓိပတိ အထွတ်အထိပ်အဆင့်က ရှေ့ထွက်လာတာလား… မင်းတို့ဆီမှာ တကယ်ပဲ လူကုန်သွားပြီလား”
သွေးဝိညာဉ်ဂိုဏ်း မှ တမန်တော်တစ်ဦးသည် လှောင်ပြောင် ပြောဆိုလိုက်သည်။
ဝူယီဖန်သည် တည်ငြိမ်သော အမူအရာဖြင့် ပခုံးတွန့်လိုက်၏။
“အဓိပတိ အထွတ်အထိပ်အဆင့် ဖြစ်တော့ရော ဘာဖြစ်လဲ… အဓိပတိ အထွတ်အထိပ်အဆင့် ဖြစ်တာနဲ့ပဲ အခွင့်အရေး မရှိဘူးလို့ မဆိုလိုဘူး… ပြီးတော့ အဓိပတိ အထွတ်အထိပ်အဆင့်က ဒီအစီအရင်ကို မချိုးဖျက်နိုင်ဘူးလို့လည်း မဆိုလိုဘူး”
ဝူယီဖန်၏ စကားကို ကြားသည်နှင့် သွေးဝိညာဉ်ဂိုဏ်းမှ တမန်တော် ငါးဦးသည် ဗိုက်နှိပ်၍ ရယ်မောလိုက်ကြသည်။
“ဟားဟား… မင်းသာ ဒီအစီအရင်ကို ချိုးဖျက်နိုင်ရင် ငါ မင်းရှေ့မှာတင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြမယ်”
“မင်းသာ ချိုးဖျက်နိုင်ရင် ငါ ဒီနေရာမှာတင် ဒူးထောက်ပြီး မင်းကို ဆရာအဖြစ် အသိအမှတ်ပြုမယ်… နှမြောစရာပဲကွာ… ဂုဏ်သရေရှိ အဓိပတိ အထွတ်အထိပ်အဆင့် တစ်ယောက်က အရူးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထင်မထားဘူး”
သွေးဝိညာဉ်ဂိုဏ်းမှ တမန်တော် ငါးဦး၏ စကားများကို ကြားပြီးနောက် ရွှမ်ထျန်းကမ္ဘာရှိ လူတိုင်း မျက်နှာများ ပူထူသွားကြသည်။ ဤအခြေအနေထိ ရောက်ရှိသည့်တိုင် ၊ တစ်စုံတစ်ယောက်သည် ရှေ့ထွက်လာပြီး သူတို့ကို မျက်နှာပျက်အောင် လုပ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
လင်းရွှေရိုနှင့် အခြားသူများသည် ဝူယီဖန်ကို ကြည့်ကာ အလျင်အမြန် ပြောလိုက်ကြသည်။
“ဝူယီဖန်… မင်းရဲ့ ပါရမီနဲ့ဆိုရင် အနာဂတ်မှာ မဟာဧကရာဇ် ဖြစ်လာဖို့က ပြဿနာ မဟုတ်ပေမဲ့ လက်ရှိမင်းက ဒီပြဿနာကို လုံးဝ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး… ဒါကြောင့် မြန်မြန်… ဘုရားရေ…”
လင်းရွှေရို စကားမဆုံးမီမှာပင် ၊ ကောင်းကင်ယံ၌ ရပ်နေသော ဝူယီဖန်သည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် သူ၏ ညာလက်သီးကို ဆုပ်၍ အစီအရင်ဆီသို့ တိုက်ရိုက် ပစ်သွင်းလိုက်သည်ကို တွေ့လိုက်ရသည်။
ပုံမှန်ဟု ထင်ရသော ထိုလက်သီးချက်သည် အရာအားလုံးကို ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားများကို သယ်ဆောင်ထားသကဲ့သို့ အစီအရင်ကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်၏။
ဤမြင်ကွင်းကို မြင်လိုက်ရသော လင်းရွှေရိုနှင့် အခြားသူများသည် နေရာမှာပင် ကြောင်အမ်းသွားကြပြီး ၊ သူတို့၏ လောကအမြင်များသည် ပြိုလဲပျက်စီးသွားခဲ့လေသည်။
ဒါက အဓိပတိ အထွတ်အထိပ်အဆင့်တဲ့လား… ဒါ မဟာဧကရာဇ် အဆင့်ကိုတောင် ရောက်နေလောက်ပြီ မဟုတ်လား…
“ယောက္ခမ… ခင်ဗျား ဘာပြောလိုက်တာလဲ”
ဝူယီဖန်သည် သူ့လက်သီးကို ပြန်ရုတ်သိမ်းလိုက်ပြီး နားမလည်ဟန်ဖြင့် လင်းရွှေရိုကို လှမ်းမေးလိုက်သည်။
လင်းရွှေရိုမှာမူ စကားတစ်ခွန်းကို ထစ်အထစ်အဖြင့် ပြောလိုက်၏။
“ဘာ… ဘာမှ မဟုတ်ပါဘူး… မင်းလို သားမက်မျိုး ရထားတာ ငါ့အတွက် တကယ့်ကို ကံကောင်းခြင်းပဲလို့ ပြောလိုက်တာပါ”
“အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ယောက္ခမ”
ဝူယီဖန်သည် ပြုံး၍ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်၌ လင်းရွှေရိုနှင့် အခြားသူများ၏ စိတ်နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်နေကြသည်။ အဓိပတိ အထွတ်အထိပ်အဆင့်၌သာ ရှိသေးသော ဝူယီဖန်သည် သူတို့ မဟာသခင်မြတ် သုံးပါး အစွမ်းကုန် ထုတ်သုံးတာတောင် မချိုးဖျက်နိုင်ခဲ့သည့် အစီအရင်ကို ချိုးဖျက်နိုင်လိမ့်မည်ဟု ထင်မှတ်မထားကြသည်မှာ ထင်ရှားသည်။
ယခုအခါ ဝူဟောက်အနေဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မရှိရင်တောင်မှ ၊ သူတို့ မဟာမြင့်မြတ်နယ်မြေကြီး လေးခုစလုံးသည် ဝူယီဖန် တစ်ယောက်တည်းကို ပြန်လည် ခုခံနိုင်လိမ့်မည် မဟုတ်ဟု ဆိုလိုခြင်းပင်လော။
သို့သော်လည်း အချို့သောလူများက ဝူယီဖန် လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်အတွင်းမှ များပြားလှသော သက်စောင့်စွမ်းအားများကို အာရုံခံမိခဲ့ကြသည်။
သူ၏ သက်စောင့်စွမ်းအားသည် နဂါးတစ်ကောင်ကဲ့သို့ သန်မာပြီး နေမင်းပမာ တောက်ပနေသည်ဟုသာ ဆိုရပေမည်။ ဧကရာဇ်တပိုင်း အထွတ်အထိပ်အဆင့်ရှိသော သူတို့၏ခန္ဓာကိုယ်များပင်လျှင် ဝူယီဖန်၏ ရှေ့မှောက်၌ ကြယ်ရောင်နှင့် လမင်းပမာ ကွာခြားလွန်းပေသည်။
“ရှေးဟောင်းမြင့်မြတ်ခန္ဓာ… သူ က ကိုးဆင့်မြောက်ကို ချိုးဖျက်သွားပြီလား… ဝူယီဖန်ရဲ့ ပါရမီက ဒီလောက်ထိ ကြောက်စရာ ကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး… ငါတို့ ရေမြင့်မြတ်နယ်မြေက ရတနာတစ်ပါးကို ရှာတွေ့လိုက်ပုံပဲ”
မူလက လင်းရွှေရိုသည် သူမ၏ သမီးနှင့် မြေးကို လက်လွှတ်လိုက်ရသည့်အတွက် အနည်းငယ် နာကျင်နေမိသော်လည်း ၊ ယခုအခါ နောက်ဆုံးကျန်ရှိနေသော နာကျင်မှုများသည်ပင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မဟာဧကရာဇ်အဆင့်ရှိ သားမက်တစ်ယောက်ကို ရရှိလိုက်ခြင်းသည် ရေမြင့်မြတ်နယ်မြေအတွက် ကြီးမားသော အမြတ်အစွန်းပင် ဖြစ်သည်။
ထို့ပြင် သူမ မှတ်မိသလောက် ၊ ဝူယီဖန်၏ အသက်သည် နှစ်တစ်ရာ ဝန်းကျင်သာ ရှိသေးသည် မဟုတ်လော။ အသက်တစ်ရာနှင့် မဟာဧကရာဇ်တစ်ပါး ဖြစ်နိုင်ပြီး အထက်ဘုံထိ တတ်လှမ်းနိုင်မည်ဟု သူမ ယုံကြည်သည်။ ဝူယီဖန်၏ အနာဂတ်အလားအလာမှာ အရမ်းကို မြင့်မားလွန်းပေသည်။
ဝူယီဖန်သည် လက်သီးတစ်ချက်တည်းဖြင့် အစီအရင်ကို ချိုးဖျက်ပစ်လိုက်သည့် မြင်ကွင်းကို မြင်တွေ့ပြီးနောက် ၊ လူတိုင်း တုံ့ပြန်မှုမရှိဘဲ အတော်တန် ကြာအောင် ကြောင်ငေးနေမိသည်။ ဤအခြေအနေကို မည်သို့ ဖော်ပြရမည်နည်း။
သူတောင်းစားတစ်ယောက်သည် ရုတ်တရက်ပင် မဟာဧကရာဇ်အဆင့်ရှိ စွမ်းအားရှင်တစ်ဦးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ထိတ်လန့်ဖွယ် ရာ ကောင်းလွန်းသည်ဟုသာ ဆိုရပေမည်။
မကြာမီတွင် ထိုနေရာ၌ နားစည်ကွဲမတတ် ဟစ်ကြွေးသံများ ပေါက်ကွဲထွက်ပေါ်လာလေသည်။
“ဘုရားရေ… သောက်ရမ်း မိုက်တာပဲ”
“ဝူယီဖန်က သိပ်မိုက်တယ်… မဟာသခင်မြတ်ကြီး လေးပါးတောင် မဖြေရှင်းနိုင်တဲ့ ပြဿနာကို ဝူယီဖန်က ဖြေရှင်းနိုင်လိမ့်မယ်လို့ မထင်ထားဘူး… ဒါဆို အခု ဝူယီဖန် တစ်ယောက်တည်းက မဟာမြင့်မြတ်နယ်မြေကြီး လေးခုကို တစ်ကိုယ်တော် ရင်ဆိုင်နိုင်ပြီလို့ ဆိုလိုတာလား”
“အတိုချုပ်ပြောရရင် ရွှမ်ထျန်းကမ္ဘာမှာ ပါရမီရှင်လို့ ခေါ်ထိုက်တဲ့သူ တစ်ယောက်ပဲ ရှိတယ်… အဲဒါက ငါ ဝူယီဖန်ပဲလို့ ကြေညာလိုက်တာပဲ မဟုတ်လား “
ရွှမ်ထျန်းကမ္ဘာ ဘက်ခြမ်းမှ စိတ်လှုပ်ရှားကာ ပျော်ရွှင်နေကြသော သူများနှင့် ယှဉ်လျှင် ၊ သွေးဝိညာဉ်ဂိုဏ်းမှ တမန်တော် ငါးဦး၏ မျက်နှာအမူအရာများမှာ အတော်လေး ကြည့်ရဆိုးနေခဲ့သည်။ ဤမျှ ကြီးမားသော အပြောင်းအလဲကြီး ဖြစ်ပေါ်လာလိမ့်မည်ဟု သူတို့အားလုံး ထင်မထားခဲ့သည်မှာ ထင်ရှားသည်။
သို့သော် ယခုအခါ သူတို့သည် ကျန်ရှိသောကိစ္စများကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့၏ အစီအစဉ်သည် ကျရှုံးသွားပြီ ဖြစ်သောကြောင့် ထွက်ပြေးရန်သာ ရှိတော့သည်။ မဟာဧကရာဇ် အလယ်အလတ်အဆင့် သို့မဟုတ် ထိုထက်မြင့်သော စွမ်းအားဖြင့်သာ ဖျက်ဆီးနိုင်သည့် အစီအရင်ကို လက်သီးတစ်ချက်တည်းဖြင့် ချိုးဖျက်နိုင်ခဲ့သော ဝူယီဖန်နှင့် ရင်ဆိုင်ရမည်ဆိုပါက ၊ သူတို့ အနိုင်ရနိုင်မည်မထင်။
အမှန်အတိုင်းဆိုရလျှင်ဖြင့် ဝူယီဖန် မရှိခဲ့ရင်တောင်မှ သူတို့သည် ဧကရာဇ်လက်နက် ကိုင်ဆောင်ထားသော သခင်မြတ်များကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
ဤအချက်ကို တွေးမိလိုက်သည်နှင့် သွေးဝိညာဉ်ဂိုဏ်း မှ တမန်တော် ငါးဦးသည် တုံ့ဆိုင်းခြင်းမရှိ ချက်ချင်း ထွက်ပြေးလေသည်။
လင်းရွှေရိုနှင့် အခြားသူများသည် အစီအရင် ပျက်စီးသွားကတည်းက သွေးဝိညာဉ်ဂိုဏ်းမှ တမန်တော်များ၏ လှုပ်ရှားမှုကို အနီးကပ် စောင့်ကြည့်နေခဲ့ကြသည်။ သူတို့ ထွက်ပြေးတော့မည်ကို မြင်သည်နှင့် မည်သည့် စကားတစ်ခွန်းမှ မဆိုဘဲ ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။
ဝူယီဖန်သည် မီးမောင်းထိုးပြမှုကို အများကြီး ခိုးယူသွားခဲ့ပြီး ဖြစ်ရာ ၊ နောက်ဆက်တွဲ ကိစ္စများအတွက် သူတို့သည် ဝူယီဖန်ကို နေရာလုယူခွင့်ပေးတော့မည် မဟုတ်ချေ။
အခန်း (၁၀၂) - ဝူယီဖန် ဟုတ်လား ၊ ငါ မင်းကို မှတ်ထားလိုက်ပြီ
မဟာသခင်မြတ်ကြီး သုံးပါးသည် အစီအရင်ကို ချိုးဖျက်ရာတွင် စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့သော်လည်း ၊ သို့သော် သွေးဝိညာဉ်ဂိုဏ်း မှ တမန်တော် ငါးဦးကို ရင်ဆိုင်ရာတွင် အသာလေး ကိုင်တွယ်နိုင်ပေသည်။
မိနစ်အနည်းငယ် အတွင်းမှာပင် သွေးဝိညာဉ်ဂိုဏ်းမှ တမန်တော် ငါးဦးသည် လင်းရွှေရိုနှင့် အခြားသူများ၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး လူအများ ရှေ့မှောက်သို့ ခေါ်ဆောင်လာခြင်း ခံလိုက်ရသည်။
“ပြောစမ်း… မင်းတို့ နောက်ကွယ်မှာ ဘယ်သူ ရှိနေတာလဲ… ဧကရာဇ်တပိုင်း အထွတ်အထိပ်အဆင့်ရှိတဲ့ သတ္တဝါကောင်တွေကို မွေးမြူပေးနိုင်တယ် ဆိုတော့ မင်းတို့ နောက်ကွယ်က အင်အားစုက သာမန် မဟုတ်လောက်ဘူး ဟုတ်တယ်မလား”
လင်းရွှေရိုနှင့် အခြားသူများသည် သွေးဝိညာဉ်ဂိုဏ်းမှ တမန်တော်များကို အလွန်တရာမျှ အေးစက်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ အကယ်၍ သူတို့သာ သွေးဝိညာဉ်ဂိုဏ်း၏ တည်ရှိမှုကို သိရှိခဲ့ပါက ၊ နည်းလမ်းမျိုးစုံဖြင့် သွေးဝိညာဉ်ဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်မည်မှာ သေချာသည်။
သွေးဝိညာဉ်ဂိုဏ်းမှ တမန်တော်သည် ဤအချက်ကို တွေးမိပုံရသဖြင့် မထိတထိ ပြုံးလိုက်ပြီး ပြောလိုက်၏။
“ ငါတို့ဆီက သတင်းလည်း ရချင်သေးတယ် ဒါက မင်းတို့ရဲ့လေသံလား… မင်းတို့ရဲ့ လေသံသာ ပိုကောင်းမယ် ဆိုရင် မင်းတို့ သိချင်တာ အကုန်လုံးကို ငါ ပြောပြချင် ပြောပြမိမှာ… ဒါပေမဲ့…”
သို့သော် ၎င်း၏ စကားမဆုံးမီမှာပင် ၊ သွေးဝိညာဉ်ဂိုဏ်းမှ တမန်တော်သည် ဝူယီဖန်၏ လက်သီးတစ်ချက်ကြောင့် နေရာမှာတင် အသတ်ခံလိုက်ရသည်။
ဤရုတ်ခြည်း ဖြစ်ပျက်သွားသော မြင်ကွင်းကြောင့် အခြားလေးယောက်မှာ လန့်ဖျပ်သွားကြသည်။ ဝူယီဖန် ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
လင်းရွှေရိုနှင့် အခြားသူများက နားမလည်နိုင်သော အကြည့်များဖြင့် ကြည့်နေသောကြောင့် ဝူယီဖန်က ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
“သူတို့ ပါးစပ်ကနေ သတင်းအချက်အလက်ကို ရယူနေဖို့ မလိုဘူး… သူတို့ရဲ့ ဇာစ်မြစ်ကို ကျွန်တော် သိတယ်… သူတို့က သွေးဝိညာဉ်ဂိုဏ်းလို့ ခေါ်တဲ့ နေရာတစ်ခုက တမန်တော်တွေပဲ… သွေးဝိညာဉ်ဂိုဏ်းက နတ်သင်္ချိုင်းတောင်ကြားထဲမှာ တည်ရှိတယ်… ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဇီရှင်းနဲ့ ကျွန်တော့်ကို လုပ်ကြံခဲ့တဲ့သူတွေကလည်း သွေးဝိညာဉ်ဂိုဏ်းက တမန်တော်တွေပဲ… ပြီးတော့ လက်ရှိ အခြေအနေအရ သွေးဝိညာဉ်ဂိုဏ်းထဲက အသန်မာဆုံး ပုဂ္ဂိုလ်က မဟာဧကရာဇ် အထက်က ထိပ်တန်းစွမ်းအားရှင်တစ်ဦး ဖြစ်နိုင်တယ်”
ဝူယီဖန်ထံမှ တုန်လှုပ်ဖွယ်ရာ သတင်းအချက်အလက်များကို ကြားပြီးနောက် လူတိုင်း နှုတ်ဆိတ်သွားကြသည်။
ယနေ့ မတိုင်ခင်အထိ ၊ သူတို့သည် မဟာဧကရာဇ် တစ်ပါး၏ တည်ရှိမှုကိုပင် မမြင်ဖူးခဲ့ကြပေ။ ယခုအခါ မဟာဧကရာဇ် အထက် အဆင့်ရှိသော သတ္တဝါများ ပေါ်ထွက်လာကြပြီး ထို့အပြင် သူတို့၏ ရန်သူများပင် ဖြစ်နေကြသည်။
အခြားသော သွေးဝိညာဉ်ဂိုဏ်းမှ တမန်တော် လေးဦးသည် ထိုစကားများကို ကြားလိုက်ရချိန်တွင် လန့်ဖျပ်သွားကြသည်။ ဝူယီဖန်သည် သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သတ်သော သတင်းအချက်အလက်များကို သိနေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။
သူတို့သည် တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝူယီဖန်က ဆက်ပြောလိုက်သည်။
“သွေးဝိညာဉ်ဂိုဏ်း အတွင်းမှာ တမန်တော်တွေက အဆင့်အနိမ့်ဆုံး သတ္တဝါတွေပဲ… သွေးဝိညာဉ်ဂိုဏ်းအတွက် အောက်ခြေသိမ်း အလုပ်တွေ လုပ်ဖို့လောက်ပဲ သုံးလို့ရတာ… ဒါကြောင့် သူတို့ ပါးစပ်ကနေ သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် သိပ်အများကြီး ရနိုင်မှာ မဟုတ်ဘူး… သူတို့ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်တာက ပိုကောင်းတယ်”
ထိုသို့ ပြောပြီးနောက် ဝူယီဖန်သည် တုံ့ဆိုင်းမနေတော့ဘဲ ကျန်ရှိနေသော သွေးဝိညာဉ်ဂိုဏ်းမှ တမန်တော် လေးဦးကို သေစေနိုင်သော လှုပ်ရှားမှုဖြင့် ထိုးနှက်လိုက်သည်။
သွေးဝိညာဉ်ဂိုဏ်း မှ တမန်တော်များသည် မဟာသခင်မြတ်ကြီး သုံးပါး၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရထားသည်ကို ထည့်မဆိုခင်၊ ပုံမှန် အခြေအနေမှာပင် ဝူယီဖန်၏ တိုက်ကွက်တစ်ကွက်ကို ယှဉ်နိုင်သူများ မဟုတ်ပေ။
သူတို့သည် သားသတ်ရုံသို့ ရောက်ရှိနေသော သိုးငယ်လေးများကဲ့သို့ပင် ဝူယီဖန်၏ လက်သီးတစ်ချက်တည်းဖြင့် တိုက်ရိုက် အသတ်ခံလိုက်ရလေသည်။ မကြာမီတွင် ဝူယီဖန်၏ လက်ချက်ဖြင့် သွေးဝိညာဉ်ဂိုဏ်း မှ တမန်တော်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြပြီး နောက်ဆုံးတွင် တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
ဝူယီဖန်၏ တိုက်ခိုက်မှုကို မြင်သောအခါ နောက်ဆုံးကျန်ရစ်သူ တစ်ဦးက ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
“သူတော်စင်… ကယ်ပါဦး”
စကားသံ ဆုံးသည်နှင့် နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးများသည် အပေါ်သို့ လှန်တက်သွားပြီး အလွန်တရာမျှ အစွမ်းထက်သော အရှိန်အဝါ တစ်ခုသည် သူ၏ ကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာရာ ၊ လူတိုင်း ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
“ နောက်ထပ် စွမ်းအားရှင်တစ်ဦး ရှိနေသေးတာလား”
ဝူယီဖန်၏မျက်ခုံးသည် အပေါ်သို့ အနည်းငယ် မြှောက်တတ်သွားသော်လည်း ၊ သူ့လက်ထဲမှ တိုက်စစ်သည် လျော့ကျမသွားဘဲ နောက်ဆုံးလက်ကျန် သွေးဝိညာဉ်ဂိုဏ်း၏ တမန်တော်ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။
ထိုအခိုက်အတန့်တွင် သွေးဝိညာဉ်ဂိုဏ်း၏ တမန်တော်သည် သူ၏ မျက်လုံးများကိုဖွင့်ကာ ဝူယီဖန်ကို တည့်တည့်ကြည့်လိုက်ပြီး၊ ဝူယီဖန်၏ လက်သီးကို သူ၏ လက်သီးဖြင့် ထိပ်တိုက်တွေ့ရန် ရွေးချယ်လိုက်၏။
ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်မှု နောက်ဆက်တွဲ ဂယက်လှိုင်းများသည် ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည်။ ဂယက်လှိုင်း၏ စွမ်းအားကို ခံစားလိုက်ရသောအခါ မဟာသခင်မြတ်ကြီး သုံးပါး၏ မျက်နှာအမူအရာများသည် သိသိသာသာ ပြောင်းလဲသွားပြီး ထိုဂယက်လှိုင်းကို ပိတ်ဆို့တားဆီးရန် သူတို့၏ ဧကရာဇ်လက်နက်များကို အလျင်အမြန် ထိန်းချုပ်လိုက်ကြသည်။
မဟာဧကရာဇ် တစ်ပါးမှလွဲ၍ ဤဂယက်လှိုင်းကို ပိတ်ဆို့တားဆီးနိုင်မည် မဟုတ်ကြောင်း သူတို့ ခံစားမိလိုက်သည်။ ဆိုလိုသည်မှာ သူတို့ရှေ့ရှိ သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် အကြောင်းတစ်ခုခုကြောင့် မဟာဧကရာဇ် နယ်ပယ်အဆင့်သို့ ချိုးဖျက် ဝင်ရောက်သွားပြီး ဝူယီဖန်နှင့်ပင် အပြန်အလှန် ယှဉ်ပြိုင် တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။
“စိတ်ဝင်စားစရာပဲ… ပူးကပ်ခံထားရတာလား”
လူအုပ်ကြီး၏ နောက်ဘက်တွင် ရှိနေသော ဝူဟောက်သည် နောက်ဆုံးလက်ကျန် ဖြစ်သော သွေးဝိညာဉ်ဂိုဏ်းမှ တမန်တော်၏ အမူအရာသည် ပြောင်းလဲသွားသည်ကို သတိထားမိခဲ့သည်။
အနည်းငယ် အာရုံခံကြည့်လိုက်ပြီးနောက် ၊ တစ်ဖက်လူမှာ တစ်စုံတစ်ဦး၏ ဝင်ရောက်ပူးကပ်ခြင်း ခံထားရကြောင်း အတည်ပြုလိုက်သည်။
သို့သော်လည်း သွေးဝိညာဉ်ဂိုဏ်း၏ ထိပ်တန်း စွမ်းအားရှင်တစ်ဦးမှ ဝင်ပူးကပ်ထားလျှင်ပင် လက်ရှိ အခြေအနေကို လုံးဝ ပြောင်းလဲနိုင်မည် မဟုတ်ချေ။ ဝူယီဖန်၏ ကိုးဆင့်မြောက် ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် မဟာဧကရာဇ်များ အကြားတွင် အသန်မာဆုံး ဖြစ်ပြီး လူသားအင်မော်တယ် နယ်ပယ်အောက်တွင် ပြိုင်ဘက်ကင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
သူ့ရှေ့ရှိ သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် ထိပ်တန်း စွမ်းအားရှင်တစ်ဦးကို ဆင့်ခေါ်ကာ ကိုယ်ခန္ဓာကို ပူးကပ်စေခြင်းဖြင့် ခွန်အားများစွာ တိုးတက်လာသော်လည်း ၊ အများဆုံးအနေဖြင့် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ကို ယှဉ်နိုင်သည့် အဆင့်သာ ရှိပြီး ဝူယီဖန်၏ ပြိုင်ဘက် လုံးဝ မဟုတ်ပေ။
သွေးဝိညာဉ်ဂိုဏ်း တမန်တော်နှင့် ခေတ္တမျှ တိုက်ခိုက်ပြီးနောက် ဝူယီဖန်သည် လက်သီးတစ်ချက်တည်းဖြင့် တိုက်ရိုက် သတ်ဖြတ်လိုက်လေသည်။
သို့သော်လည်း သွေးဝိညာဉ်ဂိုဏ်း တမန်တော် သေဆုံးသွားသည့် အခိုက်အတန့်တွင် သူ၏ မျက်လုံးများထဲ၌ ထူးဆန်းသော အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြချေ။
တစ်ချိန်တည်းမှာပင် သွေးဝိညာဉ်ဂိုဏ်းတွင်၊
သူ၏ ရှေ့မှ နေရာရွှေ့ပြောင်းခြင်း အစီအရင် ချိုးဖျက်ခံလိုက်ရသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည့် ရွှယ်ယွမ်၏ တည်ငြိမ်နေသော မျက်နှာသည် သိသိသာသာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလေသည်။
အတော်တန်ကြာပြီးနောက် သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“သေနာကောင်… ငါ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ကိစ္စကောင်းတွေကို ဖျက်ဆီးပစ်တာ ဘယ်သူလဲ… ပြီးတော့ ရွှမ်ထျန်းကမ္ဘာမှာ ဧကရာဇ် တာအို ဥပဒေသတွေကို ချိတ်ပိတ်ထားတာ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး မဟာဧကရာဇ် နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်တဲ့သူ ရှိနေရတာလဲ”
ရွှယ်ယွမ်သည် ဝူယီဖန်၏ လက်ချက်ဖြင့် သေဆုံးသွားသော နောက်ဆုံးလက်ကျန် သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ မှတ်ဉာဏ်ကို လျင်မြန်စွာ လက်ခံရရှိခဲ့သည်။
သွေးဝိညာဉ်ဂိုဏ်း၏ သူတော်စင် ဖြစ်သည့်အလျောက် ၊ သူသည် ကိစ္စများကို လုပ်ဆောင်ရာတွင် အရန်အစီအစဉ် အများအပြား ထားရှိရသည်ကို နှစ်သက်သူဖြစ်သောကြောင့် ထိုတမန်တော် ငါးဦးကို မစေလွှတ်မီက ၊ တမန်တော် တစ်ဦးပေါ်တွင် သူ၏ စွမ်းအား တစ်စွန်းတစ်စကို တမင်တကာ ချန်ထားခဲ့သည်။
သူ၏ စွမ်းအား အသက်ဝင်လာသည်နှင့် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ကိုပင် ယှဉ်ပြိုင်နိုင်သော စွမ်းအားကို ရရှိနိုင်မည် ဖြစ်သော်လည်း၊ သို့သော် ပေးဆပ်ရမည့် တန်ကြေးမှာ ထိုစွမ်းအားကို အသုံးပြုပြီးနောက် သက်တမ်းကုန်ဆုံး၍ သေဆုံးသွားမည် ဖြစ်သည်။သို့သော် သူသည် တစ်ဖက်လူ၏ မှတ်ဉာဏ်ကို လက်ခံရရှိနိုင်သည်။
အသတ်ခံလိုက်ရသော သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ မှတ်ဉာဏ်မှတစ်ဆင့် ရွှယ်ယွမ်သည် ဤကိစ္စကို ပြောင်းလဲစေခဲ့သော ကိန်းရှင်၏ အမည်ကို သိရှိလိုက်ရသည်။
“ဝူယီဖန်… ဟုတ်လား… ငါ မင်းကို မှတ်ထားလိုက်ပြီ… ငါ့ သွေးဝိညာဉ်ဂိုဏ်း တံဆိပ်ခတ်ထားရာကနေ လွတ်မြောက်လာတဲ့ တစ်နေ့ ငါ မင်းကို အရင်ဆုံး သတ်ပစ်မယ်”
“ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ သွေးက ငါကို ပိုပြီး သန်မာလာစေမယ့် ခြေနင်းကျောက်တစ်ခု ဖြစ်လာလိမ့်မယ်…..”
ရွှယ်ယွမ်၏ ဒေါသတကြီး အော်ဟစ်သံသည် နတ်သင်္ချိုင်းတောင်ကြား တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားရာ ၊ လူတိုင်း တုန်လှုပ်နေကြပြီး ရွှယ်ယွမ်ကို နှစ်သိမ့်ပေးရန် ရှေ့မတိုးဝံ့ကြချေ။
အခြားတစ်ဖက်တွင်မူ ၊ နောက်ဆုံးကျန်ရစ်သော သွေးဝိညာဉ်ဂိုဏ်း တမန်တော်ကို သတ်ဖြတ်ပြီးနောက် ဝူယီဖန်၏ အမူအရာမှာ အလွန်တရာမျှ တည်ငြိမ်နေခဲ့သည်။ သူသည် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စွမ်းအားရှင်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ၊ စိတ်ကျေနပ်နေပုံမပေါ်ချေ။
ဝူယီဖန်အတွက် စစ်မှန်သော ပါရမီရှင်များကို အနိုင်ယူမှသာ အောင်မြင်သည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။ သွေးဝိညာဉ်ဂိုဏ်း တမန်တော်များသည် သူ့အမြင်တွင် အမှိုက်သရိုက်များသာ ဖြစ်သည်။
သို့သော် အခြားသူများ၏ မျက်လုံးထဲတွင်မူ လုံးဝ ကွာခြားနေသည်။ ဤအခိုက်အတန့်တွင် ရွှမ်ထျန်းကမ္ဘာမှ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ဝူယီဖန်သည် သူတို့ နှလုံးသားထဲမှ ကယ်တင်ရှင်၊ တစ်ဦးတည်းသော ပါရမီရှင် ဖြစ်မည်မှာ သံသယ ဖြစ်ဖွယ် မရှိချေ။
ဝူယီဖန်သည် နောက်ဆုံးလက်ကျန် သွေးဝိညာဉ်ဂိုဏ်း မှ တမန်တော်ကို သတ်ဖြတ်လိုက်သည်ကို မြင်ပြီးနောက် ၊ လူများစွာသည် ဝူယီဖန်၏ ဘေးနားသို့ ရောက်ရှိလာကြပြီး မျက်နှာချိုသွေးရန် ကြိုးစားလာကြသည်။
“စီနီယာဝူက တကယ်ပဲ ကျွန်တော်တို့ ရွှမ်ထျန်းကမ္ဘာရဲ့ အသန်မာဆုံး ပါရမီရှင်ပဲ… ကျွန်တော်တို့ တကယ်ကို လေးစားမိပါတယ်”
“စီနီယာဝူ… ခင်ဗျား မယားငယ် အနည်းငယ်လောက် ထားဖို့ စိတ်ကူးမရှိဘူးလား … ကျွန်တော့်ဆီမှာ စီနီယာဝူကို လေးစားကြည်ညိုနေတာ ကြာပြီဖြစ်တဲ့ အလွန်ချောမောလှပတဲ့ မျိုးဆက်သွေးသားလေးတွေ ရှိတယ်… စီနီယာဝူ အနေနဲ့ သူတို့ကို အခွင့်အရေး ပေးနိုင်မလားလို့ပါ”
“ထွက်သွားစမ်း… အနည်းငယ်လောက်နဲ့ ဘယ်လောက်မလဲ… စီနီယာဝူအတွက် အနည်းဆုံး တစ်ဒါဇင်လောက် စီစဉ်ပေးရမှာ… မဟုတ်ဘူး… ရာနဲ့ချီပြီး စီစဉ်ပေးရမှာ”