← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃) - ခင်ဗျား ဝင်ပြိုင်နေလို့လည်း အဓိပ္ပာယ် ရှိမှာ မဟုတ်ဘူး

“အဟမ်း… လူတိုင်းပဲ… ထားလိုက်ကြပါတော့… ကျွန်တော် ဝူက အရမ်း သစ္စာရှိတဲ့ လူတစ်ယောက်ပါ… ခင်ဗျားတို့ရဲ့ စေတနာကို လုံးဝ လက်ခံမှာ မဟုတ်ပါဘူး”

မလှမ်းမဝေး တစ်နေရာမှ အေးစက်သော အငွေ့အသက်များနှင့် မနာလိုသော အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် ဝူယီဖန်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။

ချောင်းဟန့်လိုက်ပြီးနောက် ၊ မယားငယ် ရာပေါင်းများစွာ လက်ထပ်ယူရန် အကြံပြုချက်ကို ငြင်းပယ်လိုက်သော်လည်း တကယ်တန်းတွင် ဝူယီဖန်၏ ရင်ထဲ၌ လိုချင်နေမိသည်။

ငြင်းပယ်ခံလိုက်ရသော်လည်း ၊ လူတိုင်း အတင်းအကျပ် မတိုက်တွနပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ ရည်ရွယ်ချက်မှာ ဝူယီဖန်နှင့် မိတ်ဆွေဖွဲ့ရန် ဖြစ်ပြီး ရန်သူလုပ်ရန် မဟုတ်ချေ။

ထိုအချိန်တွင် လင်းရွှေရို သည် ရှေ့ထွက်လာလေသည်။ သူမ ရှေ့မထွက်ပါက ၊ သူမ၏ သားမက်ကောင်းလေးကို အလုခံရနိုင်သည်။

လင်းရွှေရိုသည် ချောင်းဟန့်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိ ပြောကြားလိုက်သည်။

“လူတိုင်းပဲ… ကျွန်မ အမြင်အရဆိုရင် ဝူယီဖန် အနေနဲ့ အခု သူတော်စင် လေးပါး ပြိုင်ပွဲမှာ ဝင်ပြိုင်နေဖို့ လုံးဝ မလိုအပ်တော့ဘူး… ဝူယီဖန်ရဲ့ ခွန်အားနဲ့ဆိုရင် ဒီတစ်ခေါက် ဝင်ပြိုင်ကြတဲ့ ပါရမီရှင်တွေ ထားလိုက်ပါဦး… ကျွန်မတို့ သုံးယောက်တောင် သူ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး… ဘယ်လို သဘောရကြလဲ”

စောနက တိုက်ခိုက်မှုတွင် ဝူယီဖန်သည် စွမ်းအားအပြည့်အဝ ထုတ်သုံးခဲ့ခြင်း ရှိမရှိကို သူတို့ မသိကြသော်လည်း ၊ သို့သော် ပြသသွားခဲ့သည်များကို အခြေခံကြည့်လျှင် ဝူယီဖန်သည် သူတို့ ရွှမ်ထျန်းကမ္ဘာတွင် ငြင်းမရနိုင်သော အသန်မာဆုံးသူ ဖြစ်ကြောင်း သိမြင်ရန် လုံလောက်ပေသည်။

လီထိုက်ပိုင်နှင့် လေဝမ်ယွင်တို့သည်လည်း ရှေ့ထွက်လာပြီး ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။ အထူးသဖြင့် ထိုစဉ်က ဝူယီဖန်၏ သနားညှာတာမှုကို ရရှိခဲ့သည့်အတွက် အလွန်တရာမျှ ကျေးဇူးတင်မိနေသော လေဝမ်ယွင်ပင် ဖြစ်သည်။

လက်ရှိ ခွန်အားကို ကြည့်မည်ဆိုလျှင် ဝူယီဖန်သည် သူ့သားကို ဖိခြေသတ်ဖြတ်ခဲ့မည်ဆိုတောင် သူသည် ဝူယီဖန်ကို ပြုံးပြပြီး တောင်းပန်ရနိုင်သည်။

သူ့သားနှင့် ယှဉ်လျှင် ၊ ထိုကောင်စုတ်လေးမှာ အမှိုက်သရိုက်သာ ဖြစ်သည်။

မဖြစ်ဘူး… နောက်မှ ပြန်ရောက်ရင် သူ့ကို ကောင်းကောင်းကြီး သင်ခန်းစာပေးရမယ်

ထိုအချိန်၌ မိုးကြိုးမြင့်မြတ်နယ်မြေတွင် ဒဏ်ရာ ကုသနေသော လေကျင်းကျန့်မှာ အကြောင်းပြချက် မရှိဘဲ နှာချေလိုက်မိသည်။

“အဖေ ငါ့ကို သတိရနေတာလား… မဖြစ်ဘူး… ငါ ပိုသန်မာလာအောင် ကြိုးစားရမယ်… ဇီရှင်းကို ပြန်လုယူရမယ်… အဲဒီနေ့တုန်းက ဇီရှင်း ငါ့အတွက် ဝင်ပြောပေးခဲ့တာဆိုတော့ ဇီရှင်း ငါ့ကို ကြိုက်နေတုန်းပဲ”

ထိုသို့တွေးရင်း ၊ လေကျင်းကျန့်၏ သန်မာလာလိုစိတ်ဓာတ်များသည် တစ်ဖန် ပြင်းထန်လာပြန်သည်။

အခြားတစ်ဖက်တွင်မူ ၊ လင်းဇီရှင်းသည် လေကျင်းကျန့် မှာ ယခုထိတိုင် သူမအပေါ်တွင် တမ်းတမ်းစွဲ ဖြစ်နေသေးသည်ကို မသိရှာပေ။ ဤအခိုက်အတန့်တွင် သူမသည် လူအုပ်ကြီး ဝိုင်းနေသော ဝူယီဖန်ကို ကြည့်ရင်း ၊သူမ၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။ ဤသည်မှာ သူမ လင်းဇီရှင်း၏ အမျိုးသား၊ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်ပေသည်။

လင်းရွှေရို၏ အဆိုပြုချက်ကြောင့် လူတိုင်းသည် ဝူယီဖန်ကို တိုက်ရိုက် အဆင့်တက်ခွင့်ပြုရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရမှသာလျှင် သူတော်စင် လေးပါး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားကြမည့် ပါရမီရှင်များမှာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။ အကယ်၍ သူတို့သာ ဝူယီဖန်နှင့် ရင်ဆိုင်ရပါက သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။

လူတိုင်း၏ စိတ်အားထက်သန်သော အကြံပြုချက်ကို ရင်ဆိုင်ရသောအခါ ဝူယီဖန်သည် မလွဲမရှောင်သာသော အမူအရာဖြင့် ပခုံးတွန့်ကာ သက်ပြင်းချလိုက်ပြီး သဘောတူလိုက်လေသည်။

“ကောင်းပါပြီ… ခင်ဗျားတို့က ဒီလောက်ထိ အတင်းအကျပ် ပြောနေမှတော့ ကျွန်တော်လည်း မတတ်သာဘဲ သဘောတူရုံပေါ့”

ဤကိစ္စကို ဆုံးဖြတ်ပြီးသွားသောအခါ ၊ လူတိုင်းသည် ယခင်က ကိစ္စများကို ပြန်တွေးမိပြီး ၊ သူတို့၏ အမူအရာများမှာ ခါးသီးစွာဖြင့် ရှိနေကြသည်။

သို့သော် ယခုအချိန်သည် ဤအကြောင်းကို ဆွေးနွေးရန် အချိန်မဟုတ်သေးပေ။ ထို့အပြင် သူတို့ထဲတွင် သွေးဝိညာဉ်ဂိုဏ်းအကြောင်း အသိဆုံးလူမှာ ဝူယီဖန် တစ်ယောက်တည်းသာ ရှိသည်။ သို့သော် ဝူယီဖန်သည် ၎င်းကို ထုတ်ဖော်ပြောကြားရန် ရည်ရွယ်ချက် မရှိကြောင်း ထင်ရှားနေသည်။

ထို့ကြောင့် လင်းရွှေရိုနှင့် အခြားသူများသည် နောက်မှ ဝူယီဖန်ကို သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်သော သတင်းအချက်အလက် အချို့ကို သီးသန့် မေးမြန်းရန် စီစဉ်လိုက်ကြသည်။ ရန်သူ့အကြောင်းကို ကြိုသိထားမှသာ တိုက်ပွဲတိုင်း၌ အနိုင်ရနိုင်သည် မဟုတ်လော။

အထူးသဖြင့် နတ်သင်္ချိုင်းတောင်ကြားတွင် ရှင်သန်နိုင်သော သွေးဝိညာဉ်ဂိုဏ်းကဲ့သို့သော အင်အားစုမျိုးအတွက် ဖြစ်သည်။

ဤကြားဖြတ် ဇာတ်လမ်း ပြီးသွားပြီးနောက် ၊ လူတိုင်း လေးလံသော စိတ်နှလုံးများဖြင့် သူတော်စင် လေးပါး ပြိုင်ပွဲ ကွင်းပြင်မှ ထွက်ခွာသွားကြသည်။

ဟွမ့်သွမ် မဟာဧကရာဇ်၏ အမွေအနှစ်သည် လူတိုင်းအတွက် ဆွဲဆောင်မှု ကြီးမားနေဆဲ ဖြစ်သောကြောင့် ပြိုင်ပွဲကို ဆက်လက် ကျင်းပရန် လိုအပ်ပေသည်။

ဝူယီဖန်သည်လည်း မဟာမြင့်မြတ်နယ်မြေကြီး လေးခုမှ ကြိုတင် ပြင်ဆင်ပေးထားသော တည်းခိုဆောင်သို့ ဝူဟောက်တို့နှင့်အတူ ပြန်လာခဲ့သည်။

ဝူဟောက်နှင့် အခြားသူများ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။

“စီနီယာ… ကျွန်တော်တို့ ဝင်ခဲ့လို့ ရမလား”

“ဝင်ခဲ့ပါ”

ဝူဟောက်က ပြောလိုက်သည်။

နောက်တစ်စက္ကန့်တွင် လင်းရွှေရိုနှင့် အခြားသူများ ဝင်ရောက်လာကြ၏။ လင်းရွှေရိုအပြင် လီထိုက်ပိုင်၊ လေဝမ်ယွင် နှင့် လင်းထျန်းရီ တို့လည်း ပါဝင်ကြသည်။

စုချောင်ရန်နှင့် ဝူယီဖန်မှလွဲ၍ ထိုလေးဦးကို မြင်သောအခါ ဝူရူလုံနှင့် အခြားသူများသည် ဦးစွာ ထွက်ခွာပေးရန် ပြင်လိုက်ကြသည်။ နောက်ဆက်တွဲ ကိစ္စများကို သူတို့ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။ သို့သော် ဝူဟောက်သည် သူတို့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

“မင်းတို့ ထွက်သွားစရာ မလိုပါဘူး… နောက်ဆက်တွဲ ကိစ္စတွေက ဘာလျှို့ဝှက်ချက်မှ မဟုတ်တာ…”

ဤစကားကို ကြားသောအခါ ဝူရူလုံနှင့် အခြားသူများသည် ခြေလှမ်းများကို ရပ်တန့်၍ ဆက်နေလိုက်ကြသည်။

ဤသည်ကို မြင်သောအခါ လင်းရွှေရိုက ဦးစွာ စကားစလိုက်ပြီး ဝူဟောက်ကို ကြည့်ကာ မေးလိုက်၏။

“စီနီယာ… သွေးဝိညာဉ်ဂိုဏ်း ဆိုတာ ဘယ်လို အင်အားစုမျိုးလဲ”

ဝူဟောက်က ဝူယီဖန်ကို တစ်ချက်ကြည့်လိုက်ရာ ဝူယီဖန်သည် ချက်ချင်း နားလည်လိုက်သည်။ သူသည် ရှေ့သို့ တိုးလာပြီး သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်၍ သူ သိထားသော သတင်းအချက်အလက်များကို ဖြည်းညင်းစွာ မျှဝေလိုက်သည်။

သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ကြားသိပြီးနောက် လင်းရွှေရိုနှင့် အခြားသူများ၏ အမူအရာများသည် အလွန်တရာ လေးနက်သွားကြသည်။

နတ်သင်္ချိုင်းတောင်ကြားတွင် ရှင်သန်နိုင်သော အင်အားစု တစ်ခုသည် စွမ်းအားကြီးမည်ဟု သူတို့ မှန်းဆထားပြီး ဖြစ်သော်လည်း ဤအဆင့်ထိ စွမ်းအားကြီးလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိကြချေ။

အပြင်လောကတွင် အလွန် ရှားပါးသော ဧကရာဇ်တပိုင်း အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင်များနှင့် ဧကရာဇ် လက်နက်များသည် သွေးဝိညာဉ်ဂိုဏ်း အတွင်း၌ မရေမတွက်နိုင်အောင် များပြားသည်ဟု ဖော်ပြနိုင်ပြီး၊ သွေးဝိညာဉ်ဂိုဏ်း၏ အခြေခံအုတ်မြစ်သည် မည်မျှ နက်ရှိုင်းသည်ကို သိနိုင်သည်။ဤသည်မှာ သူတို့ ရွှမ်ထျန်းကမ္ဘာရှိ မည်သည့် အင်အားစုမဆို ခုခံနိုင်သည့် အရာ မဟုတ်ချေ။

သွေးဝိညာဉ်ဂိုဏ်းသာ အင်အားအကုန် ထုတ်သုံးပြီး ထွက်လာခဲ့မည်ဆိုပါက ၊ ရွှမ်ထျန်းကမ္ဘာရှိ အင်အားစု အားလုံး ပေါင်းစည်းလိုက်ရင်တောင်မှ သွေးဝိညာဉ်ဂိုဏ်း၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ကြောင်း သေချာသည်။

“စီနီယာ… ရှင်က သွေးဝိညာဉ်ဂိုဏ်းရဲ့ ပြိုင်ဘက် ဖြစ်နိုင်မလား”

တစ်စုံတစ်ခုကို တွေးမိလိုက်သဖြင့် လီထိုက်ပိုင်သည် ဝူဟောက်ကို မနေနိုင်မထိုင်နိုင် ကြည့်လိုက်ပြီး ၊ သူ၏ မျက်လုံးများထဲ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။လင်းရွှေရိုနှင့် အခြားသူများလည်း ထိုနည်းတူစွာပင်။

မည်သို့ပင်ဆိုစေကာမူ ဝူဟောက်သည် ဝူယီဖန်၏ ရှေးဘိုးဘေး ဖြစ်သည်။ ဝူယီဖန်၏ ခွန်အားသည်ပင် မဟာဧကရာဇ် အဆင့်သို့ ရောက်ရှိနေပြီ ဆိုလျှင်ဖြင့် ဝူဟောက်၏ ခွန်အားသည် ဝူယီဖန်ထက် ပို၍သာ သန်မာသင့်ပေသည်။

ဝူဟောက်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ သွေးဝိညာဉ်ဂိုဏ်း အတွင်းပိုင်း အခြေအနေကို သူ မသိသော်လည်း ဝူဟောက်သည် ယခုအခါ လျှိုထျန်းရွှေအင်မော်တယ် တစ်ပါး ဖြစ်နေပြီ ဖြစ်၍ ၊ ရွှမ်ထျန်းကမ္ဘာ၌ အခိုင်အမာ ခြေကုပ်ယူထားသော သွေးဝိညာဉ်ဂိုဏ်းကို ကိုင်တွယ်ရန်မှာ လွယ်ကူလှသည်။

သို့သော် ဆိုရိုးစကားအတိုင်း ဝူဟောက်သည် ကံကြမ္မာ၏ ရွေးချယ်မှုများကို လွယ်လွယ်ကူကူ ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။ သွေးဝိညာဉ်ဂိုဏ်းသည် ကံတရား၏ သားတော်အတွက် ခြေနင်းတုံး ဖြစ်လာရန် ကံပါလာပြီး ဖြစ်၍ ဝူဟောက်သည် သွေးဝိညာဉ်ဂိုဏ်းနှင့် ဝူယီဖန်တို့၏ တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

ဝူယီဖန်အနေဖြင့် တောင့်မခံနိုင်သည့် အချိန်ကျမှသာ သူသည် ဝင်ရောက်စွက်ဖက်မည် ဖြစ်သည်။

ထို့ကြောင့် ခေါင်းညိတ်ပြီးနောက် ဝူဟောက်သည် ခေါင်းပြန်ခါလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်၏။

“သွေးဝိညာဉ်ဂိုဏ်းကို ငါ ဖြေရှင်းနိုင်ပေမဲ့ ငါ လှုပ်ရှားမှာ မဟုတ်ဘူး… ဝူယီဖန်… ဒီကိစ္စက မင်းနဲ့ သွေးဝိညာဉ်ဂိုဏ်း ကြားက ကိစ္စပဲ… အဘိုး ဒီကိစ္စကို ဖြေရှင်းဖို့ မင်းကို တာဝန်လွှဲပေးလိုက်မယ်… ဒါက မင်းအတွက် စမ်းသပ်မှု တစ်ခုပဲ… မင်း လက်ခံလား”

ဝူဟောက်၏ စကားကို ကြားသည်နှင့် ဝူယီဖန်၏ မျက်လုံးများမှာ တောက်ပလာသည်။ သူသည် မူလက သာမန် သွေးဝိညာဉ်ဂိုဏ်းအတွက်ဖြင့် အဘိုးကိုယ်တိုင် လှုပ်ရှားရန် မလိုအပ်ကြောင်းနှင့် သူကိုယ်တိုင် ဖြေရှင်းနိုင်ကြောင်း ပြောရန် စီစဉ်ထားခဲ့သည်။ ယခု ဝူဟောက်က ပြောလာသဖြင့် သူသည် သဘာဝကျကျ ငြင်းဆန်မည် မဟုတ်ပေ။

ထို့ကြောင့် ဝူယီဖန်သည် လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်သဘောတူလိုက်သည်။

“အဘိုး… စိတ်မပူပါနဲ့… ကျွန်တော် နှစ်တစ်ထောင် အတွင်းမှာ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးပြီး အဘိုးကို‌ ဖြေရှင်းချက်ပေးပါ့မယ်”

ထိုစကားကို ကြားသောအခါ ဝူဟောက်သည် အတွင်းစိတ်ထဲ၌ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသော်လည်း သူသည် ခေါင်းညိတ်လိုက်ပြီး ဘာမှ မပြောချေ။

သူသည် လျှိုထျန်းရွှေအင်မော်တယ် တစ်ပါး ဖြစ်သော်လည်း သွေးဝိညာဉ်ဂိုဏ်း အတွင်းရှိ သဲလွန်စ အချို့ကို မြင်တွေ့နေရဆဲ ဖြစ်သည်။ ဥပမာအားဖြင့် နတ်သင်္ချိုင်းတောင်ကြားရှိ အနီရောင် မီးခိုးငွေ့များသည် သူ၏ လျှိုထျန်းရွှေအင်မော်တယ် အဆင့်ရှိ ဝိညာဉ်အာရုံကို ဟန့်တားနိုင်သည်။

လက်ရှိ ဝူယီဖန်တွင် မဟာဧကရာဇ် အဆင့်ရှိ တိုက်ခိုက်ရေး စွမ်းအား ရှိနေခြင်းနှင့် ပေါင်းစပ်လိုက်လျှင် ဇာတ်လမ်းသွားသည် အလွန်မြန်ဆန်စွာ တိုးတက်နေသည်။ ကိစ္စများသည် ဤမျှ ရိုးရှင်းလိမ့်မည် မဟုတ်သည်မှာ သေချာသည်။

ထို့ကြောင့် ဝူဟောက်၌ ရဲရင့်သော ခန့်မှန်းချက် တစ်ခု ရှိနေသည်။ ၎င်းမှာ သွေးဝိညာဉ်ဂိုဏ်းသည် ရွှမ်ထျန်းကမ္ဘာမှ ပေါက်ဖွားလာသော အင်အားစု တစ်ခု မဟုတ်ဘဲ အထက်ဘုံမှ လာခြင်း ဖြစ်ပေလိမ့်မည်။

အခန်း( ၁၀၄ )- ဝူယိတောက်၏ မျှော်လင့်မထားသော တက်လှမ်းခြင်း

သွေးဝိညာဉ်ဂိုဏ်း ကိစ္စကို သူ ဖြေရှင်းနိုင်ကြောင်း ဝူဟောက်၏ အဖြေကို ရရှိပြီးနောက်၊ လူတိုင်းသည် နောက်ဆုံးတွင် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ကြပြီး ၊ သူတို့၏ စိတ်နှလုံးများမှာ ငြိမ်သက်သွားကြသည်။

“စီနီယာဝူ… ဒါဆိုရင် ကျွန်တော်တို့ အရင် ပြန်နှင့်ပါရစေ… အော် ဟုတ်သားပဲ… ကျွန်တော်တို့ ချင်းလျန်မြင့်မြတ်နယ်မြေက သူတော်စင်မတွေက အတော်လေး ထူးချွန်ကြတယ်… ဝူမိသားစုထဲမှာ အိမ်ထောင်မပြုရသေးတဲ့ ထူးချွန်တဲ့ ပါရမီရှင်တွေ ရှိရင် ကျွန်တော်တို့ ချင်းလျန်မြင့်မြတ်နယ်မြေက လူကြီးမင်းတို့နဲ့ မဟာမိတ် ဖွဲ့လိုပါတယ်”

လီထိုက်ပိုင်သည် ထွက်ခွာတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ၊ ဝူဟောက်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ဘေးနားရှိ လေဝမ်ယွင်သည်လည်း ထိုအတွေးရှိပေသည်။ မည်သို့ပင်ဆိုစေကာမူ ရေမြင့်မြတ်နယ်မြေ၏ သူတော်စင်မသည် ဝူမိသားစု၏ ဝူယီဖန်နှင့် လက်ထပ်လိုက်သည့် ကိစ္စသည် သူတို့ကို အတော်လေး မနာလိုဖြစ်စေသည်။

သူတို့၏ မြင့်မြတ်နယ်မြေမှ သူတော်စင်မ သို့မဟုတ် သူတော်စင်သည် ဝူမိသားစုနှင့် လက်ထပ်ထိမ်းမြားနိုင်မည်ဆိုပါက ၊ သူတို့၏ မြင့်မြတ်နယ်မြေအတွက် ဂုဏ်ယူဝင့်ကြွားစရာများ ဖြစ်လာပေတော့မည်။

ဝူယီဖန်လောက် မထူးချွန်ရင်တောင်မှ ဝူမိသားစုနှင့် ပတ်သက်ဆက်နွှယ်မှု ထူထောင်နိုင်သရွေ့ လုံလောက်ပေသည်။

ဤသည်ကို ကြားသောအခါ ဝူဟောက်က ပြုံးလိုက်ပြီး လက်ကာပြကာ ပြောလိုက်၏။

“လူငယ်မျိုးဆက်တွေကို သူတို့ ကိစ္စ သူတို့ဘာသာ ဆုံးဖြတ်ကြပါစေ… ငါကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး”

ဝူဟောက်သည် ငြင်းလည်း မငြင်း၊ သဘောလည်း မတူသည်ကို မြင်သောအခါ လီထိုက်ပိုင်နှင့် လေဝမ်ယွင်တို့၏ ရင်ထဲတွင် စိတ်လှုပ်ရှားသွားကာ အလျင်အမြန် နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။

သူတို့၏ မြင့်မြတ်နယ်မြေမှ ထူးချွန်သော ပါရမီရှင်များကို တောင်ပိုင်းဒေသသို့ ဦးတည်သွားရန် အမြန်ဆုံး ညွှန်ကြားရပေမည်။ ဝူမိသားစုမှ တစ်စုံတစ်ယောက်နှင့်သာ လက်ထပ်နိုင်ခဲ့မည်ဆိုပါက ၊ မိမိတို့မြင့်မြတ်နယ်မြေ၏ အင်အားကို မြှင့်တင်ရန် အခွင့်အရေး တစ်ရပ် ဖြစ်လာမည်မှာ သေချာပေသည်။

ဝူဟောက်သည် လိမ်ညာနေခြင်း မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ၊ သူတို့သည် လူယုတ်မာများ မဟုတ်သရွေ့ လူငယ်မျိုးဆက်သစ်များ၏ အိမ်ထောင်ရေးကို သူသည် သိပ်ပြီး ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။

ဝူမိသားစုတွင် ကျင့်ကြံသူ အရေအတွက်သည် များပြားလွန်းသည်။ ဝူဟောက် မထိန်းချုပ်ရင်တောင်မှ သူတို့၏ ကျင့်ကြံမှုသည် နေ့စဉ်နှင့်အမျှ ထိန်းချုပ်မရနိုင်အောင် တိုးတက်နေသည်။

လက်ရှိ တိုးတက်မှုကို အခြေခံ၍ သူသည် နှစ်တစ်ရာ အတွင်း အင်မော်တယ်ဘုရင် ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။

ထိုအချိန်တွင် ဝူဟောက်သည် အသက် သုံးရာအောက် အင်မော်တယ်ဘုရင် တစ်ပါး တစ်နည်းအားဖြင့် အသက်အငယ်ဆုံး အင်မော်တယ်ဘုရင် တစ်ပါး ဖြစ်လာပေလိမ့်မည်။

မကြာမီတွင် ခြံဝင်းတစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ သူ၏ ရည်မှန်းချက်ကို ချမှတ်ပြီးနောက် ဝူယီဖန်သည် ကျင့်ကြံရန် ပြန်သွားခဲ့ပြီး ၊ ဝူရူလုံ၊ ဝူချန်ကွန်းနှင့် ဝူချီထျန်းတို့သည်လည်း ဝူယီဖန်အနေဖြင့် ထိုမျှ အစွမ်းထက်သော အင်အားစုကို ရင်ဆိုင်မည်ကို သိရှိထားသဖြင့် တစ်ဖက်တစ်လမ်းမှ အကူအညီ ပေးနိုင်ရန် မျှော်လင့်ချက်ဖြင့် သူတို့၏ ကျင့်ကြံခြင်းကို အာရုံစိုက်လိုက်ကြသည်။

လူတိုင်း ထွက်ခွာသွားပြီးမှသာ စုချောင်ရန်သည် ဝူဟောက်၏ ရင်ခွင်ထဲသို့ မှီတွယ်လိုက်ရင်း စိုးရိမ်ပူပန်သော လေသံဖြင့် ပြောလိုက်သည်။

“ယောကျ်ား… သွေးဝိညာဉ်ဂိုဏ်းက တကယ်ပဲ အဲဒီလောက် စွမ်းအားကြီးတာလား”

အခြားသူများ သတိမထားမိနိုင်သော်လည်း ၊

စုချောင်ရန်သည် ဝူဟောက်နှင့် အတူနေလာသည်မှာ ကြာပြီ ဖြစ်သည်။ စောနက ဝူဟောက်၏ ပုံမှန်မဟုတ်မှုသည် တဒင်္ဂမျှသာ ဖြစ်သော်လည်း သို့သော် စုချောင်ရန်သည် ကောင်းကောင်း သတိထားမိသည်။

ထိုမေးခွန်းကို ကြားပြီးနောက် ဝူဟောက်သည် ပြုံးလိုက်သည်။

“ ဟုတ်တယ်… သွေးဝိညာဉ်ဂိုဏ်းက တကယ်ပဲ နည်းနည်းတော့ ခက်ခဲတယ်… ဒါပေမဲ့ ဝူယီဖန်နဲ့ အခြားသူတွေအတွက်တော့ ဘာမှ မဟုတ်ဘူး… ဘာပဲဖြစ်ဖြစ် ဝူယီဖန်နဲ့ အခြားသူတွေက အံ့ဖွယ်အမှုတွေ ဖန်တီးဖို့ သီးသန့် မွေးဖွားလာကြတာလေ”

“အင်း… ကျွန်မ သူတို့ကို ယုံကြည်ပါတယ်… ဒါပေမဲ့ ကျွန်မက ရှင့်ကို ပိုပြီး ယုံကြည်ချင်တယ်”

စုချောင်ရန်သည် ပြုံးလိုက်ပြီးနောက် ၊ ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် ဝူဟောက်ကို ကြည့်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ၊ သူမသည် အစပိုင်းကတည်းက ဝူဟောက်၏ ပါရမီကြောင့် လက်ထပ်ခဲ့ခြင်း မဟုတ်ဘဲ သူမအပေါ် တွင် ထားရှိသော ဝူဟောက်၏ ချစ်မြတ်နိုးမှုကြောင့် ဖြစ်သည်။

ထို့ပြင် ဝူယီဖန်၏ ပါရမီမှာ ကြောက်မက်ဖွယ် ကောင်းပြီး ၊ သူသည် အသက်တစ်ရာ ဝန်းကျင်ဖြင့် မဟာဧကရာဇ်အဆင့်ရှိ တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ဝူဟောက်သည် ဝူယီဖန်ထက် အသက် သိပ်မကြီးသေးဘဲ မဟာဧကရာဇ် နယ်ပယ်အထက် ရောက်ရှိနေပြီဖြစ်ကြောင်း စုချောင်ရန် သိရှိထားသည်။

စုချောင်ရန်သည် သူ့ရင်ခွင်ထဲတွင် မှီတွယ်ကာ ဆွဲဆောင်မှုရှိရှိ ညို့ယူဖမ်းစားနေသဖြင့် ဝူဟောက် တစ်ယောက် စိတ်လှုပ်ရှားသွားကာ ခေါင်းငုံ့လိုက်ပြီး စုချောင်ရန်၏ နှုတ်ခမ်းသားများကို နမ်းရှိုက်လိုက်သည်။

ဝူဟောက်သည် ရုတ်တရက် နမ်းရှိုက်လာမည်ဟု ထင်မထားခဲ့သဖြင့် စုချောင်ရန်သည် တစ်ခဏမျှ ကြောင်အမ်းသွားသော်လည်း ထို့နောက် သူမသည်လည်း တက်ကြွစွာ ပြန်လည်နမ်းရှုံ့လိုက်သည်။

အတော်တန်ကြာပြီးနောက် ၊ စုချောင်ရန်၏ လှပသော မျက်နှာလေးသည် လုံးဝ နီရဲနေပြီး စိတ်လှုပ်ရှားနေသည်မှာ ထင်ရှားသည်။ ထိုအရာကို မြင်သည်နှင့် ဝူဟောက်သည် တုံ့ဆိုင်းမနေတော့ချေ။ သူသည် စုချောင်ရန်ကို ပွေ့ချီကာ မတ်တတ်ရပ်လိုက်ပြီး အခန်းဆီသို့ လျှောက်သွားလိုက်သည်။

“ရှင် ဘာလုပ်မလို့လဲ… ကလေးတွေက ဘေးခန်းမှာ နေကြတာ… သူတို့ ကြားသွားမှာ မကြောက်ဘူးလား”

စုချောင်ရန်သည် ဝူဟောက်၏ ရင်ဘတ်ကို ခပ်ဖွဖွ ထုရိုက်ပြီး ရှက်သွေးဖြာသော အမူအရာဖြင့် ပြောလိုက်သည်။ဝူဟောက်က ဖြောင့်မတ်သော အမူအရာဖြင့် ပြန်ပြောလိုက်၏။

“ဘာလုပ်မလို့လဲ ဟုတ်လား… ငါတို့ ဝူမိသားစုကို ပိုသန်မာအောင် လုပ်မလို့လေ… ရူလုံက မောင်နှမတွေ မရှိတော့ အရမ်း အထီးကျန်နေတာ… ရူလုံကို မောင်လေး ညီမလေးတွေ အမြန်ဆုံး ပေးနိုင်အောင် ငါတို့ ကြိုးစားရမယ်လေ”

“ဒါပေမဲ့ သူတို့ ကြားသွားရင် ဘယ်လိုလုပ်မလဲ… ရှင်က မရှက်ပေမဲ့ ကျွန်မက ရှက်တယ်”

“အော်… ရပါတယ်… သူတို့ မကြားရအောင် ငါ အတားအဆီး တစ်ခု လုပ်လိုက်မယ်လေ”

ထိုသို့ ပြောပြီးနောက် ဝူဟောက်သည် စုချောင်ရန်ကို ပွေ့ချီလျက် အခန်းထဲသို့ ဝင်ရောက်သွားပြီး လက်ကို ဝှေ့ယမ်းကာ အသံလုံသည့် အတားအဆီး တစ်ခုကို ပြုလုပ်လိုက်သည်။

သူတို့သည် ဇနီးမောင်နှံ ဖြစ်သည်မှာ ကြာပြီ ဖြစ်သော်လည်း ၊ စုချောင်ရန်သည် ပြောင်းလဲသွားခြင်းမရှိဘဲ သူမကို စတွေ့စဉ်ကလိုပင် ယခုထိတိုင် လူကို ဖမ်းစားနိုင်စွမ်း ရှိနေဆဲပင် ဖြစ်သည်။

အချိန်များ တိတ်တဆိတ် ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သွေးဝိညာဉ်ဂိုဏ်း ဖြစ်ရပ် ပြီးဆုံးသွားသော်လည်း ၊ သူတော်စင် လေးပါး ပြိုင်ပွဲမှာ ထိုကိစ္စကြောင့် ပြီးဆုံးမသွားပေ။ ယင်းအစား ပြိုင်ပွဲဝင် ပါရမီရှင်များ၏ တိုက်ခိုက်လိုစိတ်များမှာ ပို၍ပင် ကြီးထွားလာကြသည်။

မည်သို့ပင်ဆိုစေကာမူ ရွှမ်ထျန်းကမ္ဘာ၌ ဤမျှကြီးမားသော မိစ္ဆာ အင်အားစု တစ်ခု ရှိနေကြောင်း သိရှိလိုက်ရပြီးနောက် ၊ သူတို့သည် အကျပ်အတည်းကို အပြည့်အဝ အာရုံခံစားမိကြပြီး သူတော်စင် လေးပါး ပြိုင်ပွဲသည် သူတို့ကို ပိုမို သန်မာလာစေရန် အကောင်းဆုံး လမ်းကြောင်း တစ်ခု ဖြစ်သည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။

ဖရိုဖရဲ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသော ထိပ်တန်း အယောက်တစ်ရာ စာရင်းထဲသို့ မဝင်ရောက်နိုင်ခဲ့ရင်တောင် ၊ အမျိုးမျိုးသော ထူးချွန်သည့် ပါရမီရှင်များကို တိုက်ခိုက်ခြင်းသည် သူတို့၏ ခွန်အားကို တိုးတက်စေပြီး ထိုးထွင်းသိမြင်မှုများ ရရှိစေရန် အထောက်အကူ ပြုပေလိမ့်မည်။

မဟာသခင်မြတ်ကြီး လေးပါးစလုံးသည် ဝူယီဖန် အနေဖြင့် ဖရိုဖရဲ လျှို့ဝှက်နယ်မြေသို့ တိုက်ရိုက် ဝင်ရောက်နိုင်ကြောင်း ကြေညာပြီးနောက် ၊ ဝူယိတောက်သည် ပြိုင်ဘက်ကင်းသူ တစ်ယောက်အဖြစ် ထွက်ပေါ်လာခဲ့သည်။

အသက် တစ်ရာဝန်းကျင်သာ ရှိသေးသော သူတော်စင်ဘုရင် အဆင့်ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း ၊ အဓိပတိအဆင့်ရှိ တိုက်ခိုက်ရေး စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် ဝူယိတောက်၌ ဝူဟူသော မျိုးရိုးအမည် ရှိနေခြင်းတို့သည် ဝူယိဖန်၏အမည်ကို မလွဲမသွေ စဉ်းစားမိစေသည် ။

သိသာထင်ရှားစွာပင် ဤသတင်းကို သိရှိပြီးနောက် ၊ ဝူယီဖန်သည်လည်း စင်မြင့်ပေါ်သို့ တဲ့တိုးဆန်စွာ တက်ရောက်သွားပြီး ဝူယိတောက်သည် သူ၏ ဝမ်းကွဲညီ ဖြစ်ကြောင်းနှင့် သူတို့ နှစ်ဦးစလုံးသည် ဝူမိသားစုမှ ဖြစ်ကြောင်း ကြေညာခဲ့သည်။

“ဂျူနီယာညီလေး… မင်းလည်း ဝူမိသားစုကတော့ မဟုတ်ဘူး မဟုတ်လား”

ဤသတင်းကို သိရှိပြီးနောက် ချိုက်ထျန်းကွန်းသည် ဝူလီကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ချိုက်ထျန်းကွန်းသည် ဝူရူလုံနှင့် တွေ့ဆုံခဲ့ရသဖြင့် ရှုံးနိမ့်ခဲ့ရသော်လည်း ၊ နန်ကုန်းယာမှာမူ ထိုသို့ မဟုတ်ချေ။ နန်ကုန်းယာသည်လည်း မဟာသူတော်စင်အဆင့်ရှိ ကျင့်ကြံသူ တစ်ဦး ဖြစ်၍ လက်ရှိ သူတော်စင် လေးပါး ပြိုင်ပွဲတွင် သိပ်ပြီး အားကောင်းသော ရန်သူများနှင့် မတွေ့ဆုံခဲ့ရပေ။

ဤသည်ကို ကြားသောအခါ ဝူလီသည် ကိုးရိုးကားရားဖြင့် သမ်းဝေလိုက်ပြီး ပြောလိုက်၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… စီနီယာအစ်ကို… ခင်ဗျား ကျွန်တော့်ကို ယုံရမှာပေါ့… ကျွန်တော့် ပါရမီက သာမန်ပါပဲ… ကျွန်တော်က ဘယ်လိုလုပ်ပြီး ဝူမိသားစုက ဖြစ်နိုင်မှာလဲ… ဝူယီဖန်၊ ဝူယိတောက်တို့နဲ့ ဘယ်လိုလုပ်ပြီး ဝမ်းကွဲညီအစ်ကိုတွေ ဖြစ်နိုင်မှာလဲ”

“အမ်… မင်း ပြောတာလည်း အဓိပ္ပာယ် ရှိသားပဲ… ဘာပဲဖြစ်ဖြစ် ဝူယီဖန်နဲ့ ဝူယိတောက်က အနည်းဆုံးတော့ သူတော်စင်ဘုရင် အဆင့်ရှိတဲ့ ကျင့်ကြံသူတွေလေ… မင်းက ဟင်းလင်းပြင်သန့်စင်ခြင်း အဆင့်မှာပဲ ရှိသေးတာ… ကွာခြားချက်က တော်တော်လေး ကြီးမားတာပဲ”

ဝူလီ၏ အပေါက်အလမ်းမတည့်သော အဖြေကို ကြားကြီးနောက် ချိုက်ထျန်းကွန်းသည် အံ့သြစရာ ကောင်းလောက်အောင် တုံးအစွာဖြင့် သဲလွန်စ တစ်စုံတစ်ရာကို ရှာမတွေ့ဘဲ လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

မှန်၏။ ဤသည်မှာ နန်ကုန်းယာ၏ ခေါင်းခေါက်ခြင်းကို ခံထားရသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

စီနီယာအစ်ကိုသည် သူ့ကို သံသယ မဝင်ကြောင်း ကြားလိုက်ရမှသာ ဝူလီသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။ သို့သော် သူသည် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး သူ့ရင်ထဲ နာကျင်သွားရသည်။

“ ဒီစီနီယာအစ်ကိုကတော့… သူတို့တွေက ထူးချွန်တယ်လို့ ပြောရင်ပြီးတာပဲကို … ဘာလို့ လူနဲ့ လာပြီး နှိုင်းယှဉ်နေတာတုန်း “

လက်ရှိအချိန်တွင် ဝူလီသည် ဝူယီဖန်၊ ဝူယိတောက်တို့လောက် မကောင်းမွန်သည်မှာ အမှန်ပင် ဖြစ်သည်။

All Chapters