← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅) - နောက်ဆုံးစာရင်း၊ ချောမွေ့စွာ အဆင့်တက်ခြင်း

အချိန်ကာလများ ကုန်ဆုံးလာသည်နှင့်အမျှ သူတော်စင်လေးပါးပြိုင်ပွဲသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေပြီ။ ဤအဆင့်၌ သူတော်စင်လေးပါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော ပါရမီရှင်များသည် ကံတရားတစ်ခုတည်းကိုသာ အားကိုး၍ အနိုင်ယူရန် မဖြစ်နိုင်တော့ဘဲ သူတို့၏ စစ်မှန်သော ကိုယ်ပိုင်စွမ်းအားများကို ထုတ်ဖော်ပြသကြရတော့သည်။

ဝူမိသားစုဝင်များအတွက်မူ သူတို့၏ ကိုယ်ပိုင်စွမ်းအားများမှာ မဆိုးရွားလှသည့်အပြင် နက်ရှိုင်းသော နောက်ခံအင်အားများပါ ပိုင်ဆိုင်ထားကြသဖြင့် သူတော်စင်လေးပါးပြိုင်ပွဲတွင် ဆူးငြောင့်ခလုတ်များကို ဖြတ်ကျော်ကာ ထိပ်ဆုံး အယောက်တစ်ရာ စာရင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြသည်။

နန်ကုန်းယာ အတွက်မူ ၊ ခွန်အားသည် တစ်ပိုင်း၊ ကံတရားသည် တစ်ပိုင်း ဖြစ်ပြီး သူမသည်လည်း ထိပ်ဆုံး အယောက်တစ်ရာ စာရင်းသို့ ဝင်ရောက်သွားခဲ့၏။

“ဟုတ်ပြီဟေ့… စီနီယာအစ်မ နန်ကုန်းယာ ထိပ်ဆုံး အယောက်တစ်ရာထဲ ဝင်သွားပြီကွ”

နန်ကုန်းယာသည် ထိပ်ဆုံး အယောက်တစ်ရာ စာရင်းထဲ ဝင်ရောက်သွားသည်ကို မြင်သောအခါ ဝူလီသညမ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ဘေးနားရှိ ချိုက်ထျန်းကွန်းသည်လည်း ထိုနည်းတူစွာပင်။ သူတို့ ကျန့်ထျန်းဂိုဏ်းမှ လူငါးဦး စေလွှတ်ခဲ့ရာ သူနှင့် နန်ကုန်းယာ အပါအဝင် အခြားတောင်ထိပ်များမှ မဟာသူတော်စင် ပါရမီရှင် သုံးဦး ပါဝင်ခဲ့သည်။ သို့သော်လည်း ထိုသုံးဦးမှာ စောစီးစွာပင် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ကျန့်ထျန်းဂိုဏ်းသို့ ပြန်သွားကြပြီ ဖြစ်ရာ ဤနေရာတွင် သူတို့နှစ်ဦးသာ ကျန်ရစ်တော့သည်။

နန်ကုန်းယာ ကိုယ်တိုင်ပင်လျှင် သူမသည် ထိပ်ဆုံး အယောက်တစ်ရာ စာရင်းထဲသို့ ဝင်ရောက်သွားသည့်အတွက် အလွန် အံ့အားသင့်နေမိ၏။ သူမ၏ မူလအစီအစဉ်အရဆိုလျှင် သူမအနေဖြင့် ထိပ်ဆုံး အယောက်တစ်ရာထဲသို့ ဝင်နိုင်စွမ်း မရှိသင့်ပေ။

သို့သော် စာရင်းထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည့်အတွက် သူမအနေဖြင့် အကောင်းဆုံး ဆက်လက် ကြိုးစားသွားရမည် ဖြစ်သည်။

လင်းဇီရှင်းနှင့် မဟာမြင့်မြတ်နယ်မြေကြီး လေးခုမှ စေလွှတ်လိုက်သော အခြားပါရမီရှင်များသည်လည်း ကံကောင်းထောက်မစွာဖြင့် ထိပ်ဆုံး အယောက်တစ်ရာ စာရင်းသို့ ဝင်ရောက်သွားကြပြီး ၊ ဖရိုဖရဲလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခွင့် အရည်အချင်းများ ရရှိသွားကြသည်။

မကြာမီတွင် သူတော်စင်လေးပါးပြိုင်ပွဲ ပြီးဆုံးသွားလေသည်။ ထင်ထားသည့်အတိုင်း ဝူယီဖန်သည် ပထမနေရာကို ရရှိခဲ့ပြီး ၊ ဒုတိယနေရာကို လင်းဇီရှင်းက ရရှိသွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ လင်းဇီရှင်းသည် ဧကရာဇ်တပိုင်းအဆင့် ရှိ ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး သူမကို ယှဉ်နိုင်သူ အနည်းငယ်သာ ရှိသည်။ ဝူရူလုံနှင့် အခြားသူများသည်ပင် သူမနှင့် ရင်ဆိုင်ရပါက ထိုအတိုင်းပင် ဖြစ်ပေလိမ့်မည်။

လင်းဇီရှင်းသည် ဝူယီဖန်၏ တာအိုလက်တွဲဖော် ဖြစ်သောကြောင့် သူတို့အနေဖြင့် ဧကရာဇ်လက်နက်များကို ထုတ်သုံး၍ လင်းဇီရှင်းကို အနိုင်ကျင့်မည် မဟုတ်ချေ။

သူတော်စင်လေးပါးပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် ၊ အလယ်ပိုင်းဒေသရှိ ဖရိုဖရဲလျှို့ဝှက်နယ်မြေသည် လဝက်ခန့်အတွင်း ပွင့်လာတော့မည် ဖြစ်ကြောင်း ဝူဟောက် အာရုံခံမိလိုက်သည်။ လဝက်အကြာတွင် သူတို့သည် ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်းသို့ တိုက်ရိုက် ဝင်ရောက်နိုင်ကြတော့မည် ဖြစ်သည်။

“ ဒါနဲ့ အထဲကို ငါ ဝင်ကြည့်လို့ရနိုင်မလား… ဖရိုဖရဲလျှို့ဝှက်နယ်မြေက ကျင့်ကြံမှုအဆင့် ကန့်သတ်ချက်တော့ မရှိလောက်ဘူးမလား”

ဝူဟောက်က ဆိုလိုက်သည်။

ဖရိုဖရဲလျှို့ဝှက်နယ်မြေတွင် လိုအပ်ချက် တစ်ခုသာ ရှိပြီး ၊ ၎င်းမှာ အသက် တစ်ထောင်အောက် ကျင့်ကြံသူများသာ ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ ဝင်ရောက်နိုင်သည့် လူအရေအတွက်မှာမူ ၊ လူအ‌ယောက်တစ်ရာ ဟူ၍ သတ်မှတ်ထားသည်။

ထိုအချက်ကြောင့်ပင် သူတော်စင်လေးပါးပြိုင်ပွဲကို မဟာမြင့်မြတ်နယ်မြေကြီး လေးခုမှ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ အကယ်၍ မဟာမြင့်မြတ်နယ်မြေကြီး လေးခုသည် ဖရိုဖရဲလျှို့ဝှက်နယ်မြေကို အမြဲတစေ လက်ဝါးကြီးအုပ်ထားပါက ၊ အချိန်ကြာလာသည်နှင့်အမျှ အခြားအင်အားစုများ၏ မကျေနပ်မှုကို ဖြစ်ပေါ်စေမည်မှာ သေချာသည်။

ဤအချက်ကို တွေးမိပြီးနောက် ဝူဟောက်သည် ချက်ချင်း လှုပ်ရှားရန် ဆုံးဖြတ်လိုက်သော်လည်း ဖရိုဖရဲလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခွင့်ကို မည်သူကများ ဆန္ဒအလျောက် စွန့်လွှတ်ပေးမည်နည်း။

ဝူဟောက်သည် ရက်စက်တတ်သူ မဟုတ်သဖြင့် အခြားအင်အားစု တစ်ခုခုကို အကြောင်းမဲ့ ဖျက်ဆီးပစ်ပြီး သူတို့၏ ပါရမီရှင်နေရာကို အစားထိုး ဝင်ရောက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ချေ။

ထို့အပြင် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြု၍ တစ်စုံတစ်ယောက်အား ဝင်ရောက်ခွင့် စွန့်လွှတ်ရန် ဖိအားပေးမည် မဟုတ်ချေ။

“စီနီယာ… ရှင် ဖရိုဖရဲလျှို့ဝှက်နယ်မြေထဲ ဝင်မလို့ စီစဉ်နေတာလား”

လင်းရွှေရိုနှင့် အခြားသူများသည် ဝူဟောက်၏ စကားကို ကြားသည်နှင့် မျက်လုံးများ ပြူးကျယ်သွားကြပြီး မယုံကြည်နိုင်စွာ ပြောလိုက်ကြသည်။

ဝူဟောက်သည် အလွန် ငယ်ရွယ်ပုံပေါက်သော်လည်း ၊ သို့သော် ရွှမ်ထျန်းကမ္ဘာတွင် ရုပ်ရည် မအိုမင်းသော သူများစွာ ရှိသည့်အပြင် ဝူဟောက်၏ စွမ်းအားကြီးမားသော ကျင့်ကြံမှုကြောင့် ဝူဟောက်သည် ငယ်ရွယ်သေးမည်ဟု သူတို့ မထင်ခဲ့ကြချေ။

သို့သော် ယခု ဝူဟောက်သည် သူ အသက်တစ်ထောင် မပြည့်သေးကြောင်း ပြောလာသည်။ ဤအချက်ကို မည်သူက ယုံကြည်နိုင်မည်နည်း။

သို့သော် ဝူဟောက်၏ လေးနက်သော အမူအရာကို ကြည့်ပြီးနောက် သူတို့သည် ထပ်မံ မမေးရဲတော့ချေ။ အကယ်၍ ဝူဟောက်ကို စိတ်ဆိုးမိအောင်လုပ်မိပြီး ချေမှုန်းခံလိုက်ရလျှင်ဖြင့် မည်သို့ လုပ်မည်နည်း။

“အမ်… စီနီယာ… ကျွန်တော့် လက်အောက်က တပည့်တစ်ယောက်က ဖရိုဖရဲလျှို့ဝှက်နယ်မြေကို ဝင်ရောက်ဖို့ သူ့ဆန္ဒအလျောက် စွန့်လွှတ်ချင်နေပါတယ်… ဒီလိုဆိုမှတော့ စီနီယာပဲ သူ့အစား ဝင်လိုက်ပါ့လား “

မျက်စိတစ်မှိတ် အတွင်းမှာပင် ၊ လီထိုက်ပိုင်က ဦးစွာ ထပြောလိုက်သည်။ မိမိ၏ စကားကို ဖြတ်လုယူခံလိုက်ရသဖြင့် လေဝမ်ယွင်သည် မြေခွေးအိုကြီးဟု စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။

ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ပြီး ပြန်ထွက်လာပါက ၊ အနိမ့်ဆုံး အောင်မြင်မှုမှာ ဧကရာဇ်တပိုင်း အဆင့် ဖြစ်သော်လည်း အကင်းပါးသူ မည်သူမဆို ဖရိုဖရဲလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခြင်းထက် ၎င်းတို့ရှေ့မှောက်ရှိ ဝူဟောက်နှင့် မိတ်ဆွေဖွဲ့ခြင်းက ပိုမို အရေးကြီးကြောင်း သိမြင်ကြပေသည်။

အကယ်၍ ဝူဟောက်သာ ပျော်ရွှင်သွားပြီး သူတို့ကို မဟာဧကရာဇ် အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ကူညီပေးခဲ့လျှင်ဖြင့် သူတို့သည် ကြီးမားသော အမြတ်အစွန်းကို ရရှိ‌ပေတော့မည်။

လီထိုက်ပိုင်၏ စကားကို ကြားပြီးနောက် ဝူဟောက်သည် သက်ပြင်းချလိုက်သည်။ ထို့နောက် အနည်းငယ် တုံ့ဆိုင်းစွာဖြင့် မေးလိုက်၏။

“တကယ်ပဲ အဆင်ပြေရဲ့လား… ခင်ဗျားအတွက် အခက်အခဲ ဖြစ်စေမှာလား… ခင်ဗျား သဘောမကျရင် ငြင်းလို့ ရပါတယ်”

ဝူဟောက်၏ ပုံစံကို ကြည့်ပြီး ဝူဟောက်သည် အင်အားသုံး၍ အနိုင်ကျင့်နေသည်ဟု လီထိုက်ပိုင်၏ ရင်ထဲတွင် ခံစားနေရသော်လည်း ၊ သူသည် ကြင်နာသော အပြုံးတစ်ခုကို အတင်းလုပ်ယူကာ ပြုံးလိုက်ရင်း အလျင်အမြန် ပြောလိုက်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… စီနီယာက ကျွန်တော်တို့ ရွှမ်ထျန်းကမ္ဘာရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်လေ… စီနီယာ အဆင်ပြေရင်ကို ရပါပြီ “

“ကောင်းပြီ… ငါက အင်အားသုံးပြီး သူတပါးကို အနိုင်ကျင့်တတ်တဲ့သူ မဟုတ်ဘူး… ခင်ဗျားတို့ ချင်းလျန်မြင့်မြတ်နယ်မြေက လူတစ်ယောက်က ဖရိုဖရဲလျှို့ဝှက်နယ်မြေ ဝင်ခွင့်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိတယ် ဆိုမှတော့… ဒီဆေးလုံးကို လျော်ကြေးအဖြစ် ခင်ဗျားတို့ ချင်းလျန်မြင့်မြတ်နယ်မြေကို ပေးမယ် “

ဝူဟောက်သည် ထိုသို့ ပြောပြီးသည်နှင့် စနစ်ဟင်းလင်းပြင်ထဲမှ ဆေးလုံးတစ်လုံးကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

ထိုဆေးလုံး ပေါ်လာသည့် အခိုက်အတန့်တွင် နေရာတွင်ရှိနေကြသော မဟာမြင့်မြတ်နယ်မြေ သခင်လေးဦးစလုံး၏ အသက်ရှူသံများမှာ မြန်ဆန်သွားကြသည်။

သူတို့အားလုံးသည် ဧကရာဇ်တပိုင်း အဆင့်ရှိ ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ဝူဟောက်လက်ထဲမှ ဆေးလုံးသည် သူ့တို့ကို ပြင်းပြင်းထန်ထန် ဆွဲဆောင်‌‌နေခဲ့သည်။

ထိုခံစားချက်သည် အားနည်းသူများသည် သန်မာသောအင်အားကို တောင့်တသော ခံစားချက်မျိုးနှင့် တူညီသည်။

တံတွေးတစ်လုပ် မျိုချလိုက်ပြီးနောက် ၊ လီထိုက်ပိုင်နှင့် အခြားသူများသည် သူတို့၏ ရင်ထဲမှ ဆန္ဒများကို ဖိနှိပ်လိုက်ကြပြီး ဝူဟောက်ကို ကြည့်ကာ မေးလိုက်ကြ၏။

“စီနီယာ… ဒါက ဘာလဲ”

“ဒီဆေးလုံးက သွေးဧကရာဇ် ဆေးလုံးပဲ… နာမည်အတိုင်းပါပဲ… မျိုချပြီး သန့်စင်လိုက်တာနဲ့ မဟာဧကရာဇ် ဖြစ်လာနိုင်တယ်… ဒါပေမဲ့ အနာဂတ် ကျင့်ကြံခြင်းအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်ပြီး အခြေခံအုတ်မြစ်ကိုတောင် ထိခိုက်စေနိုင်တယ်… ဒါကြောင့် မလိုအပ်ရင် မမျိုချဖို့ ငါကိုယ်တော် အကြံပြုလိုတယ်”

သွေးဧကရာဇ် ဆေးလုံးသည် အခြေခံအုတ်မြစ်ကို ထိခိုက်စေပြီး အနာဂတ် ကျင့်ကြံခြင်းကို သက်ရောက်မှု ရှိနိုင်သော်လည်း၊ ကျင့်ကြံမှုလမ်းကြောင်းကို လုံးဝ ပိတ်ဆို့သွားမည် မဟုတ်ကြောင်း ဝူဟောက်က ရှင်းပြလိုက်သည်။

သို့သော် ဝူဟောက်သည် ဝူမိသားစုဝင်များကို သွေးဧကရာဇ် ဆေးလုံး မျိုချခွင့်ပေးမည် မဟုတ်ပေ။ သွေးဧကရာဇ် ဆေးလုံးထက်စာလျှင် ဝူမိသားစုဝင်များကို မဟာဧကရာဇ် အဆင့်သို့ တစ်ဆင့်ချင်း ကျင့်ကြံသွားစေလိုပြီး သို့မှသာ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားသည် ပို၍ သန်မာလာမည် ဖြစ်သည်။

ဝူဟောက်၏ စကားကို ကြားသောအခါ လီထိုက်ပိုင်နှင့် အခြားသူများ၏ မျက်လုံးများသည် တောက်ပသွားကြသည်။

သူတို့အတွက် မဟာဧကရာဇ် အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်းကပင် အလွန် ကောင်းမွန်သော ကိစ္စရပ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။ အခြေခံအုတ်မြစ်နှင့် အနာဂတ် ကျင့်ကြံခြင်းကို ထိခိုက်စေမည့် ကိစ္စနှင့် ပတ်သက်၍ ၊ သူတို့သည် မဟာဧကရာဇ် အဆင့်သို့ပင် မရောက်နိုင်ကြသေးရာ အနာဂတ် ကိစ္စများကို မည်သို့ စိတ်ပူနိုင်မည်နည်း။

“ကျေးဇူးတင်ပါတယ် စီနီယာ… အနာဂတ်မှာ စီနီယာ လိုအပ်တာ တစ်ခုခု ရှိရင် ကျွန်တော်တို့ ချင်းလျန်မြင့်မြတ်နယ်မြေက စီနီယာ့ကို ကူညီဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်”

ဝူဟောက် ပေးလိုက်သော ဆေးလုံးကို ယူပြီးနောက် လီထိုက်ပိုင်သည် ကိုးဆယ်ဒီဂရီ ဦးညွှတ်လိုက်ပြီး အလွန်တရာမျှ ရိုးသားစစ်မှန်သော သဘောထားဖြင့် ပြောလိုက်သည်။

ဤသည်မှာ ဝူဟောက်အပေါ် သစ္စာစောင့်သိမှုကို ပြသရမည့် အချိန်ဖြစ်သည်။ အကယ်၍ ဝူဟောက် မဖြေရှင်းနိုင်သော ကိစ္စရပ်တစ်ခု အမှန်တကယ် ပေါ်ပေါက်လာပါက ၊ သူတို့ ချင်းလျန်မြင့်မြတ်နယ်မြေသည်လည်း သေချာပေါက် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း လီထိုက်ပိုင် သိထားသဖြင့် သူသည် နှုတ်မှ ဝတ်ကျေတန်းကျေ ပြောဆိုလိုက်ခြင်းသာ ဖြစ်သည်။

ဝူဟောက်သညိ ဂရုမစိုက်ပေ။ လက်အောက်ငယ်သား များလေ ပိုကောင်းလေ‌ မဟုတ်လော။

ဘေးနားရှိ လင်းရွှေရို အပါအဝင် သုံးဦးတို့သည် လီထိုက်ပိုင်၏ လက်ထဲမှ သွေးဧကရာဇ် ဆေးလုံးကို တောင့်တသော မျက်လုံးများဖြင့် ကြည့်နေကြသော်လည်း ၊ ဝူဟောက် ရှိနေသောကြောင့် စကားပြောရန် ရှက်ရွံ့နေကြသည်။

လီထိုက်ပိုင်သည် သွေးဧကရာဇ် ဆေးလုံးကို သိမ်းဆည်းလိုက်ပြီး ဂုဏ်ယူဝင့်ကြွားသော မျက်လုံးများဖြင့် သူတို့ကို ပြန်ကြည့်နေသည်ကို ဒီတိုင်းကြည့်ရုံသာ တတ်နိုင်တော့သည်။

အခန်း (၁၀၆) - ဇနီးသည်၏ နောက်ခံကလည်း မရိုးရှင်းဘူး

သွေးဧကရာဇ် ဆေးလုံးကို ရရှိပြီးနောက် လီထိုက်ပိုင်သည် လက်ထဲမှ ဆေးလုံးကို အလုခံရမည်ကို စိုးရိမ်သဖြင့် မရပ်မနားဘဲ ချင်းလျန်မြင့်မြတ်နယ်မြေဆီသို့ ချက်ချင်း ပြေးပြန်သွားလေသည်။

ချင်းလျန်မြင့်မြတ်နယ်မြေ အတွင်း၌ သက်တမ်းကုန်ဆုံးလုနီးပါး ဖြစ်နေသော ဧကရာဇ်တပိုင်းအဆင့် ရှိ ရှေးဘိုးဘေး အများအပြား ရှိနေသည်။ လီထိုက်ပိုင်၏ အကြံအစည်မှာ သူတို့ကို သွေးဧကရာဇ် ဆေးလုံးကို စားသုံးစေပြီး မဟာဧကရာဇ် အဆင့်သို့ ချိုးဖျက်ဝင်ရောက်စေရန် ဖြစ်သည်။

သို့မှသာ သူတို့ ချင်းလျန်မြင့်မြတ်နယ်မြေသည် မဟာမြင့်မြတ်နယ်မြေကြီး လေးခုကြားတွင် ယာယီအားဖြင့် အစွမ်းထက်ဆုံး ဖြစ်လာနိုင်မည် ဖြစ်သည်။

ဘာကြောင့် ယာယီလို့ ပြောရတာလဲ…

အဘယ်ကြောင့်ဆိုသော် လင်းရွှေရိုသည် သူမ၏ သမီးကို ဝူယီဖန်နှင့် လက်ထပ်ပေးထားသောကြောင့် ဖြစ်သည်။ ဤကဲ့သို့ ပတ်သတ်မှုလေးဖြင့် ရေမြင့်မြတ်နယ်မြေသည် သူတို့ ချင်းလျန်မြင့်မြတ်နယ်မြေထက် သာလွန်သော အကျိုးကျေးဇူးများကို ဝူမိသားစုထံမှ ရရှိလိမ့်မည်။

ထို့ကြောင့် နောက်ပိုင်းတွင် ရေမြင့်မြတ်နယ်မြေမှ မဟာဧကရာဇ် တစ်ပါး ပေါ်ထွက်လာမည်ဆိုပါက မထူးဆန်းပေ။

“ဟိုလေ… စီနီယာဝူ… ကျွန်တော်တို့ မိုးကြိုးမြင့်မြတ်နယ်မြေမှာလည်း ဖရိုဖရဲလျှို့ဝှက်နယ်မြေထဲ ဝင်ဖို့ အစီအစဉ် မရှိတဲ့ တပည့်နှစ်ယောက် ရှိပါတယ်… စီနီယာဝူ အနေနဲ့ ကျန်တဲ့ ဝူမိသားစုဝင်တွေကို ဖရိုဖရဲလျှို့ဝှက်နယ်မြေထဲ ဝင်ခိုင်းဖို့ ရည်ရွယ်ထားသေးလား မသိဘူး”

လေဝမ်ယွင်သည် ဝူဟောက်၏အနားသို့ တိုးကပ်သွားပြီး မျက်နှာချိုသွေးသော အပြုံးဖြင့် ပြောလိုက်သည်။

သို့သော် ဝူဟောက်သည် လက်ကာပြလိုက်ပြီး တိုက်ရိုက် ငြင်းပယ်လိုက်၏။

“ထားလိုက်ပါတော့… ကျန်တဲ့ ငါ့ဝူမိသားစု ကျင့်ကြံသူတွေက ဖရိုဖရဲလျှို့ဝှက်နယ်မြေထဲ ဝင်ဖို့ အစီအစဉ် မရှိကြဘူး… နောက်တစ်နေ့ အခွင့်အရေး ရရင် ပြောကြတာပေါ့”

ဝူဟောက် ငြင်းပယ်လိုက်သော်လည်း လေဝမ်ယွင်သည် စိတ်မပျက်သွားပေ။ ဝူဟောက်နှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်နိုင်သရွေ့ လုံလောက်ပေသည်။

ဖရိုဖရဲလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ရန် နေရာရရှိပြီးနောက် ၊ ဝူဟောက်သည် ဝူမိသားစု နေအိမ်သို့ ပြန်လာခဲ့သည်။

သို့သော် ပြန်ရောက်ပြီး သိပ်မကြာခင်မှာပင် လင်းထျန်းရီထံမှ သတင်းစကား တစ်စောင် ရောက်ရှိလာသည်။

“အမ်… ဝူဟောက်… သွေးဧကရာဇ် ဆေးလုံးများ ရှိသေးလား မသိဘူး… ငါ့မိတ်ဆွေ တစ်ယောက်က မင်းဆီကနေ နှစ်လုံးလောက် တောင်းချင်လို့တဲ့”

လင်းထျန်းရီ ပေးပို့လိုက်သော သတင်းစကားကို ကြည့်ပြီး ဝူဟောက်သည် မျက်ခုံးပင့်လိုက်မိသည်။

စုချောင်ရန်၏ မွေးစားဖခင် ဖြစ်သူ လင်းထျန်းရီကို ဝူဟောက် အလွန် လေးစားဆဲ ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူမှ အလွန်အကျွံ တောင်းဆိုမှုမျိုး မပြုလုပ်သရွေ့ ဝူဟောက်သည် ငြင်းပယ်မည် မဟုတ်ချေ။

ထို့ကြောင့် ဝူဟောက်သည် သူ့ဆီမှာ ရှိကြောင်းနှင့် မကြာခင် ပို့ပေးလိုက်မည် ဖြစ်ကြောင်း ပြန်စာပို့လိုက်သည်။

ထို့ပြင် ဝူဟောက်သည် လင်းထျန်းရီထံမှ စုချောင်ရန်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရယူကာ စုချောင်ရန်၏ မွေးမိဘအရင်းများကို ရှာဖွေနိုင်မလား ဆိုသည်ကိုလည်း စုံစမ်းရန် စီစဉ်လိုက်သည်။

မကြာမီ ဝူဟောက်သည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ အတွင်းသို့ ရောက်ရှိလာပြီး မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော လင်းထျန်းရီကို တွေ့လိုက်ရသည်။

လင်းထျန်းရီသည် ဝူဟောက်ကို မြင်သောအခါ သူ၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုများသည် ပို၍ တိုးပွားလာသည်။

“ဝူဟောက်… မင်း ရောက်လာပြီပဲ… လာ… မြန်မြန် ထိုင်ပါဦး”

ထိုသို့ပြောပြီးနောက် လင်းထျန်းရီသည် ဝူဟောက်ကို ချက်ချင်း ထိုင်ခိုင်းလိုက်သည်။ သူ့ကို ဝူဟောက်ဟု တိုက်ရိုက် ခေါ်ဝေါ်ခြင်းမှာ ဝူဟောက် ကိုယ်တိုင် သဘောတူထားခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ လင်းထျန်းရီသည် စုချောင်ရန်၏ မွေးစားဖခင် ဖြစ်သည်။ သူ့ကို စီနီယာဝူဟု ခေါ်ဝေါ်စေခြင်းမှာ အလွန် စိမ်းကားလွန်းရာ ရောက်ပေလိမ့်မည်။

ထိုင်ပြီးနောက် ဝူဟောက်သည် စနစ်ဟင်းလင်းပြင်ထဲမှ သွေးဧကရာဇ် ဆေးလုံး နှစ်လုံးကို ထုတ်ယူ၍ လင်းထျန်းရီထံသို့ တိုက်ရိုက် ပေးလိုက်သည်။

လင်းထျန်းရီသည် သွေးဧကရာဇ် ဆေးလုံးများကို လက်ခံရရှိပြီးနောက်တွင် သူ၏ မျက်နှာပေါ်မှ အပြုံးကို မရပ်တန့်နိုင်တော့ချေ။ သူ၏ ခေါင်းဆောင်မှုအောက်တွင် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသည် ဤမျှ သာယာဝပြောသော အနာဂတ်မျိုးသို့ ဦးတည်သွားနိုင်မည်ဟု သူ မထင်ထားခဲ့သည်မှာ ထင်ရှားသည်။

လင်းထျန်းရီသည် သွေးဧကရာဇ် ဆေးလုံးများကို သိမ်းဆည်းလိုက်ပြီးနောက် ဝူဟောက်သည် နောက်ဆုံးတွင် စကားစလိုက်ပြီး အနည်းငယ် လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။

“ယောက္ခမ… ကျွန်တော် ခင်ဗျားကို မေးချင်လို့ပါ… ချောင်ရန်ကို ဘယ်နေရာကနေ အတိအကျ မွေးစားခဲ့တာလဲ”

ဝူဟောက်၏ စကားကို ကြားသောအခါ လင်းထျန်းရီ၏ အမူအရာမှာလည်း ပြောင်းလဲသွားပြီး ၊ တစ်စုံတစ်ခုကို ပြန်လည် သတိရလိုက်သကဲ့သို့ လွမ်းဆွတ်တမ်းတမှုများ ဖြစ်ပေါ်လာသည်။ အတော်ကြာပြီးနောက် သူသည် သက်ပြင်းချကာ ပြောလိုက်၏။

“ငါ ချောင်ရန်ကို ဖရိုဖရဲလျှို့ဝှက်နယ်မြေနားက နတ်ဘုရားသတ်တောင် အနီးမှာ တွေ့ခဲ့တာ… အဲဒီတုန်းက ငါ အပြင်မှာ လေ့ကျင့်နေရင်း ရုတ်တရက် ကလေးငိုသံကို ကြားလိုက်ရတယ်… အသံကို လိုက်ရှာကြည့်တော့ ဂူတစ်ခုထဲမှာ ကလေးငယ်လေး ချောင်ရန်ကို တွေ့ခဲ့တာပဲ”

“ပြီးတော့ ချောင်ရန်ရဲ့ ကိုယ်ပေါ်မှာ ‘စု’ ဆိုတဲ့ စာလုံး ထွင်းထားတဲ့ ကျောက်စိမ်းပြား တစ်ခုကို ငါ တွေ့ခဲ့တယ်… ဒါကြောင့် ငါ ချောင်ရန်ကို ‘စု’ ဆိုတဲ့ မျိုးရိုးနာမည် ပေးပြီး ချောင်ရန်လို့ ခေါ်ခဲ့တာ”

လင်းထျန်းရီ၏ စကားကို ကြားသောအခါ ဝူဟောက်၏ အမူအရာသည်လည်း လေးနက်သွားခဲ့သည်။ ဇနီးဖြစ်သူ၏ နောက်ခံသည် ရိုးရှင်းပုံမရချေ။

လျှိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ရွှမ်ထျန်းကမ္ဘာ အတွင်း၌ စုချောင်ရန်၏ သွေးမျိုးဆက်ကို ရှာဖွေရန် သူ ကူညီပေးဖူးသည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ဝူမိသားစုဝင်များမှလွဲ၍ ရွှမ်ထျန်းကမ္ဘာရှိ မည်သူမျှ စုချောင်ရန်နှင့် သွေးသားတော်စပ်မှု မရှိကြချေ။

ဤအခြေအနေမျိုးတွင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။ စုချောင်ရန်၏ မိသားစုသည် အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိဘဲ မျိုးပြုန်းသွားခြင်း ဖြစ်နိုင်သော်လည်း ဤဖြစ်နိုင်ခြေမှာ အလွန် နည်းပါးသည်။

အဘယ်ကြောင့်ဆိုသော် ထိုစဉ်က လင်းထျန်းရီသည် အနည်းဆုံး အဓိပတိ အဆင့်ရှိ ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည်။ သူသည် စုချောင်ရန်ကို တွေ့ရှိစဉ်က သွေးသားရင်းချာများကို ရှာဖွေရန် ကူညီပေးခဲ့သော်လည်း မည်သူ့ကိုမျှ မတွေ့ခဲ့ရပေ။

ဒုတိယ ဖြစ်နိုင်ခြေမှာ စုချောင်ရန်သည် ရွှမ်ထျန်းကမ္ဘာ ဇာတိ မဟုတ်နိုင်ပေ။ ပထမအချက်နှင့် ယှဉ်လျှင် ၊ ဝူဟောက်သည် ဒုတိယအချက်က ပို၍ ဖြစ်နိုင်သည်ဟု ယူဆသည်။

အဘယ်ကြောင့်ဆိုသော် စုချောင်ရန်သည် ‘စု’ ဟူသော စာလုံး ထွင်းထားသည့် ကျောက်စိမ်းပြားကို ဝူဟောက်အား ပြသဖူးသောကြောင့် ဖြစ်သည်။ ဝူဟောက်သည် ထိုအရာမှာ စစ်မှန်သော အင်မော်တယ် လက်နက်တစ်ခု ဖြစ်ကြောင်း အာရုံခံမိသော်လည်း သို့သော် စွမ်းအားများ ကင်းမဲ့နေသည်။

ရွှမ်ထျန်းကမ္ဘာ အတွင်း၌ အင်မော်တယ် လက်နက် ပိုင်ဆိုင်သော အင်အားစု တစ်ခု တည်ရှိရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

“ဝူဟောက်… မင်း ချောင်ရန်ရဲ့ မိသားစုကို ရှာတွေ့အောင် ကူညီပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်… ဘာပဲဖြစ်ဖြစ် ချောင်ရန် တစ်ယောက်တည်း ငေးငိုင်နေပြီး မိသားစုကို တောင့်တတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို ငါ အကြိမ်ကြိမ် မြင်ဖူးတယ်”

“ငါက သူ့ကို မိသားစု မေတ္တာ ပေးခဲ့ပေမဲ့ သူ့ရင်ထဲမှာ စစ်မှန်တဲ့ မိသားစုကို တောင့်တနေတုန်းပဲ ဆိုတာ ငါ ခံစားမိတယ်”

လင်းထျန်းရီသည် ဝူဟောက်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲ၌ တောင်းပန်တိုးလျှိုးမှုများဖြင့် ပြည့်နှက်နေသည်။

ဝူဟောက်သည် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

“ယောက္ခမ… စိတ်ချပါ… ချောင်ရန်က ကျွန်တော့် မိန်းမပါ… သူ့ကို စိတ်မချမ်းသာအောင် ကျွန်တော် မထားပါဘူး”

သဘောတူပြီးနောက် ဝူဟောက်သည် ပြန်လာခဲ့သည်။ သို့သော် ယခုအချိန်သည် ဇနီးဖြစ်သူ၏ မိသားစုကို ရှာဖွေရမည့် အချိန် မဟုတ်သေးပေ။ မည်သို့ပင်ဆိုစေကာမူ ၊ ဝူဟောက်သည် ကာလတိုအတွင်း အထက်ဘုံသို့ ထပ်မံ သွားရောက်လိုခြင်း မရှိချေ။

ထို့ပြင် အထက်ဘုံ၌ ဇနီးဖြစ်သူ၏ မိသားစုသည် မည်သည့် အဆင့် အင်အားစု ဖြစ်ကြောင်းကို ဝူဟောက် မသေချာပေ။ ထို့ပြင် သူ့ဇနီးအား ဤရွှမ်ထျန်းကမ္ဘာသို့ ပို့ဆောင်ခဲ့ခြင်းကို ထောက်ရှုလျှင် စုမိသားစုသည် မကောင်းသော အဖြစ်အပျက်တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရပုံ ပေါ်သည်။

ထို့ကြောင့် လုံးဝ အစွမ်းထက်သော ခွန်အားကို မပိုင်ဆိုင်မီ ၊ ဝူဟောက်သည် မဆင်မခြင် လှုပ်ရှားမည် မဟုတ်ပေ။

All Chapters