← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇) - အထဲသို့ဝင်ရောက်ခြင်း

အချိန်များ ကုန်ဆုံးသွားပြီး မကြာမီတွင် ဖရိုဖရဲလျှို့ဝှက်နယ်မြေ ပွင့်မည့်နေ့သို့ ရောက်ရှိလာခဲ့သည်။ သူတော်စင်လေးပါးပြိုင်ပွဲ၏ ထိပ်ဆုံး အယောက်တစ်ရာ စာရင်းတွင် အောင်ပွဲခံခဲ့ကြသော ပါရမီရှင်များ၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုများ ၊ မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နှက်နေသည်။

သို့သော် သူ့နေရာကို ဆန္ဒအလျောက် စွန့်လွှတ်ခဲ့သော ချင်းလျန်မြင့်မြတ်နယ်မြေမှ ပါရမီရှင် တစ်ဦးကလွဲ၍ ….

သို့သော် ထိုကဲ့သို့ အနစ်နာခံပေးသည့်အတွက် လီထိုက်ပိုင်သည် သူ့ကို ဧကရာဇ်တပိုင်း နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်အောင် သေချာပေါက် ကူညီပေးမည်ဟု ကတိပေးခဲ့သဖြင့် တစ်ဖက်လူသည် ကျေကျေနပ်နပ် သဘောတူခဲ့သည်။

ထို့ပြင် သွေးဧကရာဇ် ဆေးလုံး၏ အကူအညီဖြင့် ချင်းလျန်မြင့်မြတ်နယ်မြေတွင် မဟာဧကရာဇ် တစ်ပါး ထွက်ပေါ်လာရန် ကြာမြင့်တော့မည် မဟုတ်ပေ။ မဟာဧကရာဇ် တစ်ပါး၏ အကူအညီဖြင့် ချင်းလျန်မြင့်မြတ်နယ်မြေ၏ အဆင့်အတန်းသည် သေချာပေါက် မြင့်တက်လာပေတော့မည်။

“ဖရိုဖရဲလျှို့ဝှက်နယ်မြေ ပွင့်လာပြီ”

သူ့နေအိမ်တွင် ဝူဟောက်သည် ခုတင်ပေါ်၌ လှဲလျောင်းရင်း မျက်လုံးဖွင့်ကာ ဖရိုဖရဲလျှို့ဝှက်နယ်မြေ ရှိရာအရပ်သို့ လှမ်းကြည့်လိုက်သည်။ ကြီးမားကျယ်ပြန့်သော ဟင်းလင်းပြင်ကို ဖြတ်ကျော်ကြည့်လိုက်လျှင်ဖြင့် ၊ အလယ်ပိုင်းဒေသ၏ ဗဟိုတောင်တန်း၌ ကြီးမားသော ဟင်းလင်းပြင် တံခါးပေါက်ကြီး တစ်ခု ဖြည်းညင်းစွာ ပွင့်လာနေပြီး အပြင်ဘက်ရှိ အတားအဆီးများလည်း လိုက်ပါ ပျောက်ကွယ်သွားသည်ကို ဝူဟောက် မြင်တွေ့နေရသည်။

ဖရိုဖရဲလျှို့ဝှက်နယ်မြေ ပွင့်လာပြီးနောက် လင်းရွှေရိုနှင့် အခြားသူများသည် ဝူဟောက်၏ ရှေ့မှောက်သို့ ရောက်လာကြသည်။

“စီနီယာဝူ… ဖရိုဖရဲလျှို့ဝှက်နယ်မြေ ပွင့်လာပါပြီ… စီနီယာများ…”

“အင်း… သွားကြစို့”

ဝူဟောက်သည် မတ်တတ်ထရပ်လိုက်ပြီး လင်းရွှေရိုနှင့် အခြားသူများကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။

ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်မည့် သူ၏ ရည်ရွယ်ချက်ကို လင်းရွှေရိုနှင့် မဟာသခင်မြတ်ကြီး လေးပါးမှလွဲ၍ အခြား မည်သူ့ကိုမျှ သူ မပြောပြခဲ့ချေ။ အကယ်၍ စုချောင်ရန်နှင့် အခြားသူများသာ ဤကိစ္စကို သိသွားခဲ့လျှင်ဖြင့် ကိုယ့်ကိုယ်ကိုယ် သွေးတိုးစမ်း လေ့ကျင့်သည့် အကျိုးသက်ရောက်မှုသည် ပျောက်ဆုံးသွားနိုင်သည်။

ခေါင်းညိတ်ပြီး နောက်တစ်စက္ကန့်တွင် ဝူဟောက်သည် လင်းရွှေရိုနှင့် အခြားသူများ၏ ရှေ့မှောက်မှ ပျောက်ကွယ်သွားသည်။ သူ ပြန်လည် ပေါ်လာချိန်တွင် ဖရိုဖရဲလျှို့ဝှက်နယ်မြေ၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူ့ရှေ့မှ ကြီးမားသော ဟင်းလင်းပြင် တံခါးပေါက်ကြီးကို ကြည့်ရင်း ၊ ဝူဟောက်သည် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ခြင်း ဖြစ်သည်။

ဝူဟောက်၏ လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် အတွင်းသို့ မဝင်ဘဲနှင့်ပင် ရွှမ်ထျန်းကမ္ဘာရှိ လျှို့ဝှက်နယ်မြေ အများစု၏ အတွင်းပိုင်း အခြေအနေကို သူ မြင်တွေ့နိုင်သည်။

ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်း၌ စောင့်ကြပ်နေကြသော မဟာမြင့်မြတ်နယ်မြေကြီး လေးခုမှ ဧကရာဇ်တပိုင်းအဆင့် အကြီးအကဲများကို ကြည့်ပြီးနောက် ဝူဟောက်သည် အပိုစကားမပြောဘဲ ဟင်းလင်းပြင် တံခါးပေါက် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

ဝူဟောက်၏ ကျင့်ကြံမှုနှင့်ဆိုလျှင် သူ၏ အရှိန်အဝါကို တက်ကြွစွာ ထုတ်ဖော်မပြသရွေ့ ရွှမ်ထျန်းကမ္ဘာရှိ မည်သူမျှ သူ၏ တည်ရှိမှုကို လုံးဝ ထောက်လှမ်းနိုင်မည် မဟုတ်ချေ။

ဝူဟောက်သည် ဟင်းလင်းပြင် တံခါးပေါက် အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူ၏ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ တွန့်လိမ်သွားသည်။ သို့သော် စက္ကန့်အနည်းငယ် အကြာတွင် အရာအားလုံ ငြိမ်သက်သွားသော်လည်း ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ကွာခြားသွားပြီ ဖြစ်သည်။

ဝူဟောက်သည် ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ပြီးနောက် ဝူဟောက်၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားကြီးမားသော ဝိညာဉ်အာရုံသည် ပတ်ဝန်းကျင်သို့ တိုက်ရိုက် လွှမ်းခြုံသွားလေသည်။ ချက်ချင်းဆိုသလိုပင် ဝူဟောက်သည် ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်းရှိ အရာအားလုံးကို မြင်တွေ့ခဲ့ရသည်။

မနီးမဝေးတွင် သူ့ဇနီးသည် စုချောင်ရန်သည် သူတို့၏ သား ဝူရူလုံ၊ မြေးများ ဖြစ်ကြသော ဝူချန်ကွန်းနှင့် ဝူချီထျန်းတို့ကို ဦးဆောင်၍ အဓိပတိအဆင့် မိစ္ဆာသားရဲ တစ်ကောင်နှင့် တိုက်ခိုက်နေသည်ကို သူ တွေ့လိုက်ရသည်။ စွမ်းအားကြီးမားသော ပစ္စည်းကိရိယာများနှင့် နက်ရှိုင်းသော အခြေခံအုတ်မြစ်တို့ ရှိနေသဖြင့် အဓိပတိအဆင့် မိစ္ဆာသားရဲကို ဖြိုလှဲရန်မှာ အနှေးနဲ့အမြန်သာ ဖြစ်သည်။

ဝူယီဖန်သည် လင်းဇီရှင်းကို ခေါ်ဆောင်၍ ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်း၌ အလွန် အေးဆေးသော ဟန်ပန်ဖြင့် ကစားနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ ဧကရာဇ်တပိုင်းအဆင့် ကြမ်းကြုတ်သော သားရဲများပင်လျှင် ဝူယီဖန်အတွက် ဘာမျှ မဟုတ်ပေ။ လက်ဝါးတစ်ချက် ရိုက်ချလိုက်ရုံဖြင့် သတ်ဖြတ်နိုင်သော အရာများသာ ဖြစ်သည်။

ဟွမ့်သွမ် မဟာဧကရာဇ်ပင်လျှင် အသက်တစ်ထောင်အောက် လူတစ်ယောက်သည် ဤမျှ စွမ်းအားကြီးမားသော အတိုင်းအတာအထိ ကျင့်ကြံနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့မည် မဟုတ်ချေ။

ဤနေရာ၌ စွမ်းအား ဆိုသည်မှာ ဝူယီဖန်ကို အတိအကျ ရည်ညွှန်းခြင်း ဖြစ်ပြီး ၊ လင်းဇီရှင်းကို ဆိုလိုခြင်း မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ရွှမ်ထျန်းကမ္ဘာ၏ ဧကရာဇ် တာအို ဥပဒေသများသည် ပိတ်လှောင်ခံထားရသည်။ ဟွမ့်သွမ်ဧကရာဇ်ပင်လျှင် နတ်သင်္ချိုင်းတောင်ကြား အတွင်းသို့ ဝင်ရောက်ပြီးမှသာလျှင် လူသားအင်မော်တယ် အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီး အထက်ဘုံသို့ တက်လှမ်းသွားနိုင်ခဲ့ခြင်း ဖြစ်သည်။

ဖရိုဖရဲလျှို့ဝှက်နယ်မြေသည် ဟွမ့်သွမ် မဟာဧကရာဇ် နတ်သင်္ချိုင်းတောင်ကြားတွင် ရှိနေစဉ်က ပုံဖော်ခဲ့ခြင်း ဖြစ်ပြီး ၊ သူ အထက်ဘုံသို့ မတက်လှမ်းမီ ရွှမ်ထျန်းကမ္ဘာတွင် ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။

ဝူယိတောက်ဘက်တွင်မူ ၊ သူသည် ထျန်းဝူတောင်မှ ပါရမီရှင် လေးဦးကို ဦးဆောင်၍ ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်း၌ စမ်းသပ်မှုများကို ဖြတ်ကျော်နေသည်။ ထျန်းဝူတောင်မှ ပါရမီရှင် လေးဦးမှာ ကံကောင်းသည်ဟု ဆိုရမည်။ သူတို့အားလုံး ထိပ်ဆုံး အယောက်တစ်ရာ စာရင်းထဲတွင် ပါဝင်ခဲ့ကြပြီး ဝူယိတောက်နှင့်အတူ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။

ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်းရှိ အခြေအနေကို လေ့လာပြီးနောက် ဝူဟောက်သည် သူ၏ ဝိညာဉ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ ဟွမ့်သွမ်ဧကရာဇ်၏ အမွေအနှစ်သည် မည်သည့်နေရာတွင် ရှိကြောင်း သူ သိရှိသွားပြီ ဖြစ်သည်။

ဤအချက်ကို တွေးမိပြီးနောက် ဝူဟောက်သည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး နေရာမှာတင် ပျောက်ကွယ်သွားလေသည်။

ဖရိုဖရဲလျှို့ဝှက်နယ်မြေသည် ကြီးထွားမှုပုံစံ လျှို့ဝှက်နယ်မြေ တစ်ခုအဖြစ် လူသိများသည်။ ဆိုလိုသည်မှာ ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်းရှိ ‌ကောင်းကင်ရတနာများသည် ကြီးထွားလာမည် ဖြစ်ပြီး သို့သော် မိစ္ဆာသားရဲများ သို့မဟုတ် အခြားအရာများသည် ကြီးထွားလာမည် မဟုတ်ပေ။

ထို့ကြောင့် ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်း၌ ဧကရာဇ်အဆင့်ရှိ ကောင်းကင်ရတနာ များစွာ ရှိပြီး အင်မော်တယ်အဆင့်ရှိ ကောင်းကင်ရတနာများပင် ရှိသည်။

သို့သော် ဧကရာဇ်အဆင့်နှင့် အင်မော်တယ်အဆင့်ရှိ ကောင်းကင်ရတနာများစွာ တည်ရှိနေသော်လည်း ၊ ကျင့်ကြံခြင်းလောက၏ နိယာမများအရ ကောင်းကင်ရတနာများ၏ ပတ်ဝန်းကျင်တွင် သက်ဆိုင်ရာ စောင့်ရှောက်သူ သားရဲများ ရှိနေတတ်သည်။

မိစ္ဆာသားရဲများသည် မဟာဧကရာဇ် အဆင့်အထိ ကြီးထွားလာမည် မဟုတ်သော်လည်း ယေဘုယျအားဖြင့် အဓိပတိအဆင့်များ ဖြစ်ကြသည်။ သို့သော် ဧကရာဇ်တပိုင်းအဆင့်ရှိ မိစ္ဆာသားရဲများလည်း ရှိနေတတ်သည်။ ထို့ကြောင့် တန်ဖိုးကြီးသော ကောင်းကင်ရတနာများကို ရယူရန်မှာ ရိုးရှင်းသော ကိစ္စ မဟုတ်ချေ။

သို့သော် ဝူဟောက်အတွက် ထိုအရာသည် ဘာမှ မဟုတ်ပေ။ ထို့ကြောင့် သူသွားလိုရာ နေရာသို့ ဦးတည်သွားနေစဉ် ၊ ဝူဟောက်သည် သူဖြတ်သန်းသွားသော နေရာတိုင်းရှိ မိစ္ဆာသားရဲများနှင့် ကောင်းကင်ရတနာများကို အလွတ်မပေးခဲ့ချေ။ ဖရိုဖရဲလျှို့ဝှက်နယ်မြေ တစ်ခုလုံးရှိ ကောင်းကင်ရတနာများသည် ဝူဟောက်၏ ရိတ်သိမ်းခြင်းကို ခံလိုက်ရသည်ဟု ဆိုနိုင်သည်။

သက်ဆိုင်ရာ မိစ္ဆာသားရဲများသာလျှင် ထိုနေရာတွင် ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ကြသည်။ ဟွမ့်သွမ် မဟာဧကရာဇ် သတ်မှတ်ထားသော အစီအစဉ်ကြောင့် သူတို့သည် နေရာမှာတင်သာ ဆက်နေနိုင်ပြီး ကံပါလာသောသူ ရောက်လာမည့်အချိန်ကို တုံးအစွာဖြင့် စောင့်ဆိုင်းနေကြရသည်။

ကောင်းကင်ရတနာ အားလုံးကို ယူဆောင်ပြီးနောက် ဝူဟောက်သည် မကြာမီ ဖရိုဖရဲလျှို့ဝှက်နယ်မြေ၏ အနောက်တောင်ဘက်ရှိ ကြီးမားသော တောင်ကြီး တစ်လုံးသို့ ရောက်ရှိလာခဲ့သည်။

“ဒါက အဲ့နေရာ ဖြစ်လောက်တယ်… ငါ့အာရုံခံစားမှုအရ ဟွမ့်သွမ် မဟာဧကရာဇ်ရဲ့ အမွေအနှစ်က ဒီနေရာမှာပဲ”

ဝူဟောက်သည် စိတ်ထဲတွင် တွေးလိုက်သည်။ ဤနေရာရှိ ဟင်းလင်းပြင် အရှိန်အဝါသည် ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်းရှိ အခြားနေရာများမှ ဟင်းလင်းပြင် အရှိန်အဝါနှင့် မတူညီကြောင်း သူ အာရုံခံမိသည်။

ထို့ကြောင့် ဤနေရာသည် ဟွမ့်သွမ် မဟာဧကရာဇ်၏ အမွေအနှစ် တည်ရှိရာ နေရာဖြစ်နိုင်ကြောင်း သူ ခန့်မှန်းလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဤတောင်ကြီးသို့ ရောက်ရှိပြီးနောက် သူ၏ ဝိညာဉ်အာရုံဖြင့် ဖြန့်ကျတ်ရှာဖွေလိုက်ရာ ဂူပေါက်ဝတစ်ခုကို လျင်မြန်စွာ တွေ့ရှိခဲ့သည်။

“တကယ်ပဲ… ဟွမ့်သွမ် မဟာဧကရာဇ်ရဲ့ အမွေအနှစ်က ဒီနေရာမှာ ရှိနေသင့်တယ်… နောက်တစ်ဆင့်အနေနဲ့ ငါ ယိတောက်ကို ဒီနေရာရောက်အောင် လမ်းပြပေးသင့်တယ်”

ဂူအတွင်းရှိ အရာအားလုံးကို အာရုံခံကြည့်ပြီးနောက် ဝူဟောက်၏ အမူအရာသည် လေးနက်နေပြီး သူ့ဘာသာ တွေးလိုက်မိသည်။

ဖရိုဖရဲလျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာသော ကံတရား၏ သားတော် နှစ်ဦး ရှိသော်လည်း၊ ဝူယိတောက် တစ်ဦးတည်းသာလျှင် ဟွမ့်သွမ် မဟာဧကရာဇ်နှင့် တူညီသော ဖရိုဖရဲ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

ဝူယိတောက်သည် သူကိုယ်တိုင် ဖန်တီးထားသော ဖရိုဖရဲကျမ်းကို ပြောင်းလဲကျင့်ကြံနေသော်လည်း ၊ ဖရိုဖရဲလမ်းစဉ်သည် အနည်းနှင့်အများ တူညီမှု အချို့ ရှိနေပေလိမ့်မည်။

အကယ်၍ သူသာ ဟွမ့်သွမ် မဟာဧကရာဇ်၏ အမွေအနှစ်ကို ရယူနိုင်ပါက ဝူယိတောက်၏ ကိုယ်ပိုင် ဖရိုဖရဲကျမ်း ဖန်တီးရာ လမ်းကြောင်းပေါ်တွင် ကြီးမားသော အထောက်အကူ ပေးနိုင်မည်မှာ သေချာသည်။

ဤအချက်ကို တွေးမိပြီးနောက် ဝူဟောက်သည် တောင်ကြီးမှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။ ဝူယိတောက်သည် လျိုရူယန်နှင့် အခြားသူများကို ဦးဆောင်၍ ဤနေရာနှင့် မနီးမဝေးတွင် ရှိနေကြောင်း အာရုံခံမိလိုက်သဖြင့် သူ့အတွက် လှုပ်ရှားရန် အဆင်ပြေသွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် ဝူဟောက်သည် အင်မော်တယ် ဓားကို တိုက်ရိုက် ထုတ်ယူလိုက်ရာ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ တစ်ခုသည် ပတ်ဝန်းကျင်သို့ တိုက်ရိုက် လွှမ်းခြုံသွားလေသည်။

ကံတရား၏ သားတော်များ ဖြစ်ကြသည့်အလျောက် ဝူယီဖန်နှင့် ဝူယိတောက် နှစ်ဦးစလုံးသည် သူတို့၏ ရင်ထဲတွင် တစ်စုံတစ်ခုကို ချက်ချင်း ခံစားလိုက်ရပြီး ကံတရား၏ သားတော်များ၏ ရတနာရှာကြွက်သဖွယ် စွမ်းရည်များကို ထုတ်ဖော်ကာ အင်မော်တယ် ဓား ရှိရာအရပ်သို့ လှမ်းကြည့်လိုက်ကြသည်။

“ဝူယီဖန်… ဘာဖြစ်လို့လဲ”

ဝူယီဖန်၏ ပုံမှန်မဟုတ်သော အမူအရာကို လင်းဇီရှင်းသည် သတိပြုမိလိုက်ပြီး အနည်းငယ် စူးစမ်းလိုသော အမူအရာဖြင့် မေးလိုက်သည်။

ဝူယီဖန်၏ အမူအရာမှာ လေးနက်နေပြီး အတော်ကြာမှ စကားပြောလာသည်။

“အဲ့ဘက်မှာ တစ်ခုခုကို ငါ အာရုံခံမိတယ်… ငါ့ကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုပဲ”

ဤသည်ကို ကြားသောအခါ လင်းဇီရှင်း၏ မျက်လုံးများမှာ တောက်ပလာသည်။ ဝူယီဖန်သည် မဟာဧကရာဇ် တစ်ပါး၏ တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဝူယီဖန်ကို ဆွဲဆောင်နိုင်သော အရာသည် မည်သို့ သာမန်ဖြစ်မည်နည်း။

“ဒါဆို ငါတို့ အခု ဘယ်လိုလုပ်မလဲ”

“သွားကြည့်ရအောင်… ငါ့အာရုံကို ဆွဲဆောင်နိုင်တဲ့ အရာက သေချာပေါက် သာမန် မဟုတ်ဘူး… ငါသာ အဲဒါကို ရလိုက်ရင် ငါ့အတွက် သိသာထင်ရှားတဲ့ အကူအညီ ပေးနိုင်မှာ သေချာတယ်”

ဝူယီဖန်သည် ထိုသို့ ပြောပြီးသည်နှင့် လင်းဇီရှင်းကို ခေါ်ဆောင်၍ လျှို့ဝှက်နယ်မြေ၏ အနောက်တောင်ဘက် အရပ်သို့ တိုက်ရိုက် ပြေးထွက်သွားလေသည်။

အခန်း (၁၀၈) - ဝူယိတောက် ဦးစွာ ရောက်ရှိခြင်း

“သူတော်စင်… ဘာဖြစ်လို့လဲ…”

လျိုရူယန်သည် ဝူယိတောက်၏ ပုံမှန်မဟုတ်သော အမူအရာကို ဦးစွာ သတိထားမိပြီး တိုးညှင်းစွာ မေးလိုက်သည်။

လျိုရူယန်၏ စကားကို ကြားသောအခါ ဝူယိတောက်သည် သတိပြန်ဝင်လာပြီး ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။ သူ၏ မျက်လုံးများက လေးနက်သော အရိက်အမြွက်များ ရှိနေပြီး အနောက်တောင်ဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်၏။

“စိတ်ဝင်စားစရာ ကောင်းတဲ့ တစ်စုံတစ်ခုကို ခုနက ငါ အာရုံခံမိလိုက်တယ်… သွားကြစို့”

ထိုသို့ပြောပြီးသည်နှင့် သူသည် အနောက်တောင်ဘက်သို့ အလျင်အမြန် ထွက်ခွာသွားရာ လျိုရူယန်နှင့် အခြားသူများလည်း လျင်မြန်စွာ လိုက်ပါသွားကြသည်။

သူတော်စင်ဘုရင် ကနဦးအဆင့်ထိ ရောက်ရှိထားသော ဝူယိတောက်သည် ဖရိုဖရဲ ခန္ဓာ၏ ကူညီထောက်ပံ့မှုအောက်တွင် သူသည် အဓိပတိ ကနဦးအဆင့်ကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သည်။

မကြာမီတွင် အမွေဆက်ခံသူ တစ်ယောက် အနေဖြင့် ဝူယိတောက်သည် အမွေအနှစ် တောင်သို့ ဦးစွာ ရောက်ရှိလာခဲ့သည်။

အမွေအနှစ် တောင်သို့ ရောက်ရှိပြီးနောက် ၊ အမှောင်ထုထဲမှ တစ်စုံတစ်ခုသည် ဝူယိတောက်အားး ကံပါလာသော ဂူဆီသို့ လမ်းပြခေါ်ဆောင်‌နေသကဲ့သို့ ဆွဲဆောင်နေခဲ့သည်။

ကျီပေါ်တာသည် ဝူယိတောက်၏ နောက်မှ လိုက်ပါလာရင်း အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။ မဟာသူတော်စင် နှောင်းပိုင်းအဆင့်ရှိ သူတို့သည် ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမျှ အာရုံမခံမိသော်လည်း သို့သော် သူတော်စင်သည် သူတို့ကို အဘယ်ကြောင့် ဤနေရာသို့ ခေါ်လာခဲ့သနည်း။

သို့သော် ကျီပေါ်တာ မမေးမြန်းမီမှာပင် ၊ နောက်တစ်စက္ကန့်တွင် ဂူပေါက်တစ်ခုသည် သူတို့ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ထိုမြင်ကွင်းကို မြင်သည်နှင့် ဝူယိတောက်သည် လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ အတွင်း၌ မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိသော အရာတစ်ခု ရှိနေသကဲ့သို့ ချက်ချင်း ဝင်ရောက်သွားလေသည်။

“သူတော်စင်…”

ဝူယိတောက်သည် သူတို့ရှေ့မှ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရချိန်တွင် ကျီပေါ်တာနှင့် အခြားသူများသည် စိုးရိမ်သွားကြသည်။ အကယ်၍ သူတို့ရှေ့တွင် ဝူယိတောက် တစ်ခုခု ဖြစ်သွားပါက ၊ သူတို့ ပြန်ထွက်သွားနိုင်လျှင်ပင် သိုင်းသူတော်စင် နာ့သည် သူတို့ကို လုံးဝ ခွင့်လွှတ်ပေးမည် မဟုတ်‌ချေ။

ဤအချက်ကို တွေးမိပြီးနောက် လျိုရူယန်သည် အံကြိတ်ကာ ဦးစွာ လိုက်ပါသွားသည်။ ကျီပေါ်တာလည်း အလျင်အမြန် လိုက်ပါသွားပြီး ခန်းရှီဖုနှင့် ရှီးရီကျိတို့ကလည်း သူတို့နောက်မှ အပြေးလိုက်သွားကြသည်။

မကြာမီ သူတို့ ငါးဦးစလုံးသည် ဂူထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။

သူတို့ ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် ဝူယီဖန်သည် လင်းဇီရှင်းနှင့်အတူ တစ်နေရာသို့ ရောက်ရှိသွားသည်။ သူ ရောက်ရှိလာသည့် အခိုက်အတန့်တွင် ဝူယီဖန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ထူးဆန်းတယ်… ငါ့ရဲ့ အာရုံခံစားမှုအရ ဒီနေရာမှာ ရှိနေသင့်တာ… ဘာလို့ ပျောက်သွားရတာလဲ”

သို့သော်လည်း အကြိမ်ကြိမ် စုံစမ်းစစ်ဆေးပြီးနောက် ဝူယီဖန်သည် ရှာမတွေ့နိုင်ခဲ့သဖြင့် စိတ်ပျက်လက်ပျက် အမူအရာဖြင့် လင်းဇီရှင်းနှင့်အတူ လှည့်ထွက်သွားခဲ့သည်။

ဤကဲ့သို့သော အရာများသည် ကံတရားနှင့် သက်ဆိုင်သည်။ ကံတရား၏ သားတော် ပိုင်ဆိုင်သည့် အရာကို အခြားသူတစ်ဦးက အရင် ရှာတွေ့ခဲ့မည်ဆိုတောင် ယူဆောင်သွားနိုင်မည် မဟုတ်ချေ။ ကံတရား၏ သားတော်သာလျှင် ရယူနိုင်မည် ဖြစ်သည်။

ဥပမာအားဖြင့် ချောက်ကမ်းပါးပေါ်မှ ခုန်ချခြင်း နှင့် တူသည်။ လူတစ်ရာတွင် တစ်ယောက်သာ အသက်ရှင်နိုင်သည့်အပြင် ဆရာတစ်ဆူထံမှ အမွေအနှစ်ကိုပါ ရရှိနိုင်မည် ဖြစ်ပြီး ကျန် ကိုးဆယ့်ကိုးယောက်မှာမူ တစ်စစီ ကြေမွသွားပေလိမ့်မည်။ ဤသည်မှာ ကံတရား၏ ကြိုတင်သတ်မှတ်ချက် ဖြစ်သည်။

ဝူယိတောက်သည် အမွေအနှစ် မြေနေရာသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ အမှောင်ထဲတွင် ပုန်းခိုနေသော ဝူဟောက်သည် ကျေနပ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

“ဟွမ့်သွမ်မဟာဧကရာဇ်ရဲ့ အမွေအနှစ်… သူ ဘာတွေ ရလာမလဲ ဆိုတာ သိချင်မိတယ်”

ဝူဟောက်သည် သူ့ဘာသာသူ တွေးလိုက်သည်။

ထိုအချိန်၌ ဝူယိတောက်သည် ဂူထဲသို့ ဝင်ရောက်လိုက်သည့် အခိုက်အတန့်တွင် ဂူအတွင်းရှိ ဟင်းလင်းပြင် အစီအရင်ဖြင့် အခြားနေရာတစ်ခုဆီသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။

သူ့ရှေ့ရှိ ခမ်းနားထည်ဝါသော ရွှေရောင် ခန်းမကြီးကို ကြည့်ရင်း ဝူယိတောက်၏ ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။ သူသည် ထူးခြားဆန်းပြားသော အရာတစ်ခုကို အမှန်တကယ် ရှာတွေ့ခဲ့ပုံရသည်။

ဝူယိတောက် ရောက်ရှိပြီး သိပ်မကြာခင်မှာပင် လျိုရူယန်နှင့် အခြားသူများသည်လည်း ခန်းမကြီးထဲ၌ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြသည်။ ဝူယိတောက်ကို မြင်မှသာလျှင် သူတို့ခမျာ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြသည်။

သို့သော် သူတို့၏အာရုံကို ပတ်ဝန်းကျင်ရှိ အရာအားလုံးက လျင်မြန်စွာ ဖမ်းစားနိုင်ခဲ့သည်။ ကျီပေါ်တာသည် တစ်စုံတစ်ခုကို တွေးမိလိုက်သကဲ့သို့ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“ဒီနေရာက ဟွမ့်သွမ် မဟာဧကရာဇ်ရဲ့ အမွေအနှစ် မြေနေရာ ဖြစ်နိုင်မလား…”

ကျီပေါ်တာ၏ စကားသံ ဆုံးသွားသည်နှင့် နောက်တစ်စက္ကန့်တွင် အလင်းစက်များသည် မြေပြင်မှ ထွက်ပေါ်လာပြီး ဝူယိတောက်နှင့် အခြားသူများထံသို့ ပျံသန်းသွားကြသည်။

စက္ကန့်အနည်းငယ် အတွင်းမှာပင် ၊ မရေမတွက်နိုင်သော အလင်းစက်များဖြင့် ဖွဲ့စည်းထားသည့် မယုံနိုင်လောက်အောင် ကြီးမားသော ဝိညာဉ်ပုံရိပ် တစ်ခုသည် သူတို့ရှေ့တွင် ဖြစ်ပေါ်လာသည်။

“ကလေးတို့… မင်းတို့က ကံပါလာတဲ့သူတွေ ဖြစ်လောက်တယ်… ငါ့ရဲ့ အမွေအနှစ် မြေနေရာကနေ ကြိုဆိုပါတယ်”

စေတနာ မေတ္တာအပြည့်ဖြင့် ပြုံးနေသော ဝိညာဉ်ပုံရိပ်သည် ဝူယိတောက်နှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။

အမှန်တကယ်တွင် သူသည် ဝူယိတောက်နှင့် အခြားသူများကို ပြောနေသည်ထက် ဝူယိတောက် တစ်ဦးတည်းကိုသာ ပြောနေသည်နှင့် ပိုတူသည်။ အဘယ်ကြောင့်ဆိုသော် ဝူယိတောက် ဝင်ရောက်လာသည့် အခိုက်အတန့်တွင် ဝူယိတောက်သည် သူနှင့် တူညီသော ချီစွမ်းအင် ဖြစ်သည့် ဖရိုဖရဲ ခန္ဓာကို ပိုင်ဆိုင်ထားကြောင်း သူ အာရုံခံမိသောကြောင့် ဖြစ်သည်။

ခန်းရှီဖု၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေပြီး မျှော်လင့်ချက် အရိပ်အယောင်များ ပါဝင်သော လေသံဖြင့် ပြောလိုက်သည်။

“စီနီယာ… ခင်ဗျားက ဟွမ့်သွမ် မဟာဧကရာဇ်လား”

“မှန်တယ်… ဒီအရှင်သခင်က ဟွမ့်သွမ် မဟာဧကရာဇ်ပဲ… ဒါပေမဲ့ ဒီအရှင်သခင်က ဟွမ့်သွမ် မဟာဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ နတ်အာရုံတစ်မျှင် ဖြစ်တယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်”

သူတို့ရှေ့ရှိ ဟွမ့်သွမ် မဟာဧကရာဇ်သည် သူ၏ ကိုယ်ပိုင်လက္ခဏာကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

သူတို့ရှေ့ရှိ ပုဂ္ဂိုလ်မှာ အမှန်တကယ်ပင် ဟွမ့်သွမ် မဟာဧကရာဇ် ဖြစ်ကြောင်း သိလိုက်ရသောအခါ လျိုရူယန် အပါအဝင် လေးဦး (ဝူယိတောက် မပါ) သည် စိတ်လှုပ်ရှားလွန်းသဖြင့် ကိုယ့်ကိုယ်ကိုယ် သတိလက်လွတ်လုနီးပါး ဖြစ်သွားကြသည်။

မည်သို့ပင်ဖြစ်စေ ဟွမ့်သွမ် မဟာဧကရာဇ်သည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် ရွှမ်ထျန်းကမ္ဘာကို နှစ်ပေါင်း တစ်သောင်းတိတိ ဖိနှိပ်ထားခဲ့ဖူးသည်။ အကယ်၍ သူသာ အထက်ဘုံသို့ မတက်လှမ်းခဲ့လျှင် ရွှမ်ထျန်းကမ္ဘာ၏ ပါရမီရှင်များသည် မည်သည့်အချိန်တွင် တောက်ပခွင့် ရရှိကြမည်ကို မည်သူ သိနိုင်မည်နည်း။

လူများစွာသည် ဟွမ့်သွမ် မဟာဧကရာဇ်ကို ထန်ယန်နှင့် နှိုင်းယှဉ်ခဲ့ကြသော်လည်း ၊ သူတို့နှစ်ဦးသည် မတူညီသော ခေတ်ကာလများတွင် နေထိုင်ခဲ့ကြသဖြင့် ထိုကဲ့သို့ နှိုင်းယှဉ်မှုသည် အဓိပ္ပာယ် မရှိချေ။

သို့သော် သူတို့၏ လူသိရှင်ကြား အောင်မြင်မှုများကို အခြေခံကြည့်လျှင် ဟွမ့်သွမ် မဟာဧကရာဇ်သည် ပို၍ ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။

“မင်းတို့ ဒီနေရာကို ရောက်လာကြပြီ ဆိုတော့ ဒီအရှင်သခင်ရဲ့ အမွေအနှစ်ကို ရဖို့ မျှော်လင့်ချက်နဲ့ လာကြတာ ဖြစ်မယ်… အဲ့တာဆိုရင် မင်းတို့က ဒီအရှင်သခင် သတ်မှတ်ထားတဲ့ စမ်းသပ်မှုတွေမှာ ပါဝင်ဖို့ ဆန္ဒရှိကြလား… ဒီအရှင်သခင်ရဲ့ စမ်းသပ်မှုတွေကို အောင်မြင်မှသာ ဒီအရှင်သခင်ရဲ့ အမွေအနှစ်ကို ရရှိနိုင်မှာ ဖြစ်တယ်”

ဟွမ့်သွမ် မဟာဧကရာဇ်သည် ဝူယိတောက်ကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။

လျိုရူယန်နှင့် အခြားသူများသည် တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်သဘောတူလိုက်ကြသည်။

“စီနီယာ ဟွမ်သွမ့်… ကျွန်တော်တို့ စမ်းသပ်မှုတွေမှာ ပါဝင်ဖို့ ဆန္ဒရှိပါတယ်”

ဝူယိတောက် တစ်ဦးတည်းသာ တိတ်ဆိတ်နေပြီး ခဏအကြာမှ တိုးညှင်းစွာ ပြောလိုက်သည်။

“ကျွန်တော် ဆန္ဒရှိပါတယ်”

ထိုစကားကိုကြားလိုက်ရသည်နှင့် ဟွမ့်သွမ် မဟာဧကရာဇ်၏ မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။ ရွှမ်ထျန်းကမ္ဘာ၌ သူ ချန်ထားခဲ့သော အမွေအနှစ်သည် နောက်ဆုံးတွင် အမွေဆက်ခံရတော့မည်လော။

သူသည် ဟွမ့်သွမ် မဟာဧကရာဇ်၏ နတ်အာရုံတစ်မျှင်သာ ဖြစ်သော်လည်း သူ့ရှေ့ရှိ လူငါးဦး၏ အခြေအနေကို အာရုံခံရန်မှာ ခက်ခဲသော ကိစ္စမဟုတ်ပေ။ သူ၏ အာရုံခံစားမှုအရ သူတို့ထဲတွင် ဝူယိတောက် တစ်ဦးတည်းသာ သူ၏ အမွေအနှစ်ကို ရယူနိုင်စွမ်း ရှိသည်။

ခန်းရှီဖုနှင့် အခြားသူများတွင် အခွင့်အရေး လုံးဝ မရှိချေ။

သူ့အမြင်တွင် ဝူယိတောက်သည် အသင့်လျော်ဆုံး အမွေဆက်ခံသူ ဖြစ်သော်လည်း သူသည် ပရိုဂရမ်တစ်ခုသာ ဖြစ်ပြီး အမွေအနှစ်ကို ဝူယိတောက်အား စိတ်တိုင်းကျ လွှဲပြောင်းပေး၍ မရချေ။ ထို့ကြောင့် သူသည် ဝူယိတောက်ကို အကဲဖြတ်မှုတွင် ပါဝင်ခွင့်သာ ပေးနိုင်ပြီး ၎င်းသည် ဝူယိတောက်အတွက် မခက်ခဲဘဲ အချိန်အနည်းငယ်သာ လိုအပ်မည် ဖြစ်သည်။

ငါးဦးစလုံး သဘောတူကြောင်း ခေါင်းညိတ်ပြီးနောက် ၊ ဟွမ့်သွမ် မဟာဧကရာဇ်သည် လက်ဝှေ့ယမ်းကာ သူတို့ကို သူ၏ အမွေအနှစ် မျှော်စင် အတွင်းသို့ တိုက်ရိုက် ပို့ဆောင်လိုက်သည်။

အမွေအနှစ် မျှော်စင်တွင် ငါးထပ် ရှိပြီး တစ်ထပ်စီသည် စမ်းသပ်မှု တစ်ခုကို ကိုယ်စားပြုသည်။ စမ်းသပ်မှု ငါးခုစလုံးကို အောင်မြင်မှသာ သူ၏ အမွေအနှစ်ကို ရယူနိုင်မည် ဖြစ်သည်။

ဝူယိတောက်နှင့် အခြားသူများသည် အမွေအနှစ် မျှော်စင် အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ဟွမ့်သွမ် မဟာဧကရာဇ်၏ အမူအရာသည် လေးနက်သွားသည်။ သူသည် အမွေအနှစ် ဟင်းလင်းပြင်၏ အပြင်ဘက်ကို လှမ်းကြည့်လိုက်ရင်း ပြောလိုက်သည်။

“တာအိုရောင်းရင်း… ရောက်လာမှတော့… ဝင်ခဲ့ပြီး စကားပြောကြတာပေါ့”

ဟွမ့်သွမ် မဟာဧကရာဇ်၏ စကားသံ ဆုံးသည်နှင့် နောက်တစ်စက္ကန့်တွင် ဝူဟောက်သည် ဟင်းလင်းပြင် ကန့်သတ်ချက်များကို တိုက်ရိုက် လျစ်လျူရှုကာ အမွေအနှစ် ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်လာပြီး ဟွမ့်သွမ် မဟာဧကရာဇ်၏ ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့သည်။

All Chapters