အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
အခန်း (၁၀၉) - သွေးဝိညာဉ်ဂိုဏ်းကို သတိထား
“ ဟွမ့်သွမ် မဟာဧကရာဇ်ဆိုတဲ့အတိုင်း… ကျွန်တော့်ကို တကယ်ပဲ ရှာတွေ့နိုင်တယ်”
ဝူဟောက်သည် သူ့ရှေ့ရှိ ဟွမ့်သွမ် မဟာဧကရာဇ်ကို အနည်းငယ် လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
သူသည် လျှိုထျန်း ရွှေအင်မော်တယ် တစ်ပါး ဖြစ်သော်လည်း ၊ ဟွမ့်သွမ် မဟာဧကရာဇ်၏ ထောက်လှမ်းခြင်းကို ခံလိုက်ရသည်။ သို့ဖြစ်ပါက ၊ ဟွမ့်သွမ် မဟာဧကရာဇ်၏ လက်ရှိ ခွန်အားသည် မည်မျှ ရှိသနည်း။
“တာအိုရောင်းရင်းကတော့ နောက်နေပါပြီ… အသက်တစ်ထောင် မပြည့်ခင် ဒီလိုအဆင့်ကို ရောက်လာနိုင်တာ… တာအိုရောင်းရင်းက ရိုးရှင်းတဲ့သူ မဟုတ်ဘူးပဲ”
ဟွမ့်သွမ် မဟာဧကရာဇ်၏ အမူအရာမှာလည်း လေးနက်နေသည်။ အကယ်၍ ဝူဟောက်သည် သူ၏ အရှိန်အဝါအနည်းငယ်ကို မတော်တဆ ထုတ်လွှတ်လိုက်ခြင်း မရှိပါက ၊ သူသည် ဝူဟောက်၏ တည်ရှိမှုကို တွေ့ရှိနိုင်မည် မဟုတ်ချေ။
သို့သော် သူ့ကို အတုန်လှုပ်စေဆုံးအရာမှာ ဝူဟောက်၏ ကျင့်ကြံမှု ဖြစ်သည်။ အသက်တစ်ထောင် မပြည့်မီ မဟာဧကရာဇ် နယ်ပယ်၏ အထက်သို့ ရောက်ရှိရန်မှာ သူတောင်မှ ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော အောင်မြင်မှုများကို မရယူနိုင်ခဲ့သည်ကို သင်ဘသိထားရမည်။
အပြန်အလှန် စကားသံများအဆုံးတွင် ၊ သေမင်းတမန် တိတ်ဆိတ်မှုက သူတို့နှစ်ဦးကြားတွင် ကျရောက်လာသည်။ အတော်တန်ကြာပြီးနောက် ဝူဟောက်သည် နောက်ဆုံးတွင် စကားစလိုက်ပြီး သူ၏ လေသံတွင် စူးစမ်းလိုသော အရိပ်အယောင်များ ပါဝင်နေသည်။
“ကျွန်တော် အတော်လေး သိချင်မိတယ်… ကြီးမြတ်လှတဲ့ ဟွမ့်သွမ် မဟာဧကရာဇ်က အထက်ဘုံကို တက်လှမ်းသွားပြီးနောက် ဘယ်နယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့လဲ”
ထိုစကားကို ကြားပြီးနောက် ၊ ဟွမ့်သွမ် မဟာဧကရာဇ်သည် တိတ်ဆိတ်သွားပြီး အတော်တန်ကြာပြီးနောက် သူသည် သက်ပြင်းချကာ ပြောလိုက်၏။
“ငါလည်း မသိဘူး… ငါ့ရဲ့ မူလခန္ဓာကိုယ်နဲ့ အဆက်အသွယ် ပြတ်သွားတာ ကြာပြီ… ဒါပေမဲ့ အဆက်အသွယ် မပြတ်ခင်တုန်းကတော့ ငါ့ရဲ့ မူလခန္ဓာကိုယ်က အင်မော်တယ် အရှင်မြတ် အထွတ်အထိပ် အဆင့်မှာ ရှိတယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝူဟောက်၏ အတွင်းစိတ်ထဲတွင် တုန်လှုပ်သွားသည်။
အင်မော်တယ် အရှင်မြတ် အထွတ်အထိပ် ဟုတ်လား။
သူ၏ လက်ရှိ အခြေအနေသည် လျှိုထျန်း ရွှေအင်မော်တယ် အလယ်အလတ်အဆင့်၌သာ ရှိသေးကြောင်း သင် သိထားရမည်။ စွမ်းအားအပြည့်အဝ ထုတ်သုံးလိုက်ပါက အင်မော်တယ် ဘုရင် တစ်ပါးကို ပြန်လည် တိုက်ခိုက်နိုင်သော်လည်း ၊ သို့သော် အင်မော်တယ် အရှင်မြတ် တစ်ပါးကို ရင်ဆိုင်နိုင်သည့်အထိ မဟုတ်သေးချေ။
ဆိုလိုသည်မှာ ဟွမ့်သွမ် မဟာဧကရာဇ်၏ မူလခန္ဓာကိုယ်သာ လူကိုယ်တိုင် ရောက်ရှိလာပါက သူသည် ၎င်း၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
သို့သော်လည်း အင်မော်တယ် အရှင်မြတ် အထွတ်အထိပ် အဆင့်ရှိသော ဟွမ့်သွမ်မဟာဧကရာဇ်ပင် စိန်ခေါ်ခံလိုက်ရကြောင်း ကြားလိုက်ရသဖြင့် ဝူဟောက်၏စိတ်ထဲတွင် အံ့အားသင့်သွားပြီး သူ၏ အမူအရာမှာ အနည်းငယ် လေးနက်သွားသည်။ ဤသည်က သူ၏ အဓိကမစ်ရှင်နှင့် သက်ဆိုင်နေသလော။
အဓိကမစ်ရှင် - ဟွမ့်သွမ် မဟာဧကရာဇ်ကို ကယ်တင်ပြီး နောက်ကွယ်မှ လျှို့ဝှက်ချက်ကို စုံစမ်းပါ ။
အကြောင်းတစ်ခုခုကြောင့် ဤအတွေးသည် ဝူဟောက်၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။
“ဟွမ့်သွမ် မဟာဧကရာဇ် ဘာကြောင့် အဆက်အသွယ် ပြတ်သွားရတာလဲ ဆိုတာ သိလား”
ဝူဟောက်သည် သိလိုစိတ်ဖြင့် မေးလိုက်ရာ သူ့ရှေ့ရှိ ဟွမ့်သွမ် မဟာဧကရာဇ်သည် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။
“ငါလည်း မသိဘူး… ဘာလို့လဲဆိုတော့ ငါက နတ်အာရုံတစ်မျှင်ပဲလေ… မူလခန္ဓာကိုယ်က တက်ကြွစွာ ထုတ်ဖော်မပြသရွေ့ ငါ ဘာမှ သိနိုင်မှာ မဟုတ်ဘူး”
ဤသည်ကို ကြားသောအခါ ဝူဟောက်သည် သက်ပြင်းချလိုက်သည်။ သူ့ရှေ့ရှိ နတ်အာရုံထံမှ မည်သည့် သတင်းအချက်အလက်မျှ ရရှိနိုင်မည်ပုံမပေါ်ချေ။ ထို့ကြောင့် သူသည် တစ်ဆင့်ချင်း သွားရပေတော့မည်။
သို့သော် ထိုအချိန်တွင် ဝူဟောက်သည် တစ်စုံတစ်ခုကို သတိရသွားပြီး လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
“ဒါဆို သွေးဝိညာဉ်ဂိုဏ်းအကြောင်း တစ်ခုခုများ သိလား”
“သွေးဝိညာဉ်ဂိုဏ်းလား… ငါ နည်းနည်းတော့ သိတယ်… ဒါက အထက်ဘုံက အင်အားစု တစ်ခုပဲ… အဲ့မှာ အင်မော်တယ် ဧကရာဇ် အဆင့် စွမ်းအားရှင်တွေတောင် ရှိခဲ့ဖူးတယ်… ဒါပေမဲ့ သူတို့ အထွတ်အထိပ် ရောက်နေတဲ့အချိန်မှာ အမည်မသိ အကြောင်းရင်းတစ်ခုခုကြောင့် ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားခဲ့တယ်”
ဟွမ့်သွမ် မဟာဧကရာဇ်၏ အမူအရာမှာလည်း လေးနက်နေသည်။ သူသည် သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို သူ၏ စိတ်ထဲ၌ အချိန်အကြာကြီး ရှာဖွေခဲ့ရသည်။
ထိုစကားများကို ကြားပြီးနောက် ၊ ဝူဟောက်သည် အနည်းငယ် တုန်လှုပ်သွားသည်။ သွေးဝိညာဉ်ဂိုဏ်းတွင် အင်မော်တယ် ဧကရာဇ် အဆင့် စွမ်းအားရှင်များ အမှန်တကယ်ပင် ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
သူသည် လောလောဆယ်တွင် သွေးဝိညာဉ်ဂိုဏ်းဆီသို့ မဆင်မခြင် သွားရောက်ခြင်းမပြုဘဲ ဝူယီဖန်နှင့် အခြားသူများကိုသာ ဖြေရှင်းခိုင်းရမည့်ပုံ ပေါ်သည်။
မည်သို့ပင်ဖြစ်စေ ၊ ကံတရား၏ သားတော်များသည် ဘာလုပ်လုပ် သေမည်မဟုတ်။
“ဘာဖြစ်လို့လဲ… တာအိုရောင်းရင်းမှာ သွေးဝိညာဉ်ဂိုဏ်းနဲ့ ရန်ငြိုးရန်စ တစ်ခုခု ရှိနေလို့လား”
ဟွမ့်သွမ် မဟာဧကရာဇ်သည် အနည်းငယ် သိချင်သွားသော်လည်း ၊ ဝူဟောက်သည် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။
“သိပ်တော့ မဟုတ်ပါဘူး… သွေးဝိညာဉ်ဂိုဏ်းက ရွှမ်ထျန်းကမ္ဘာမှာ ပေါ်လာပြီး ရွှမ်ထျန်းကမ္ဘာရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေလို့ပါ”
“ဘယ်လို… သွေးဝိညာဉ်ဂိုဏ်းက ရွှမ်ထျန်းကမ္ဘာမှာ တကယ် ပေါ်လာတာလား… အဲ့တာဆိုရင် တာအိုရောင်းရင်း အနေနဲ့ အထူး ဂရုစိုက်ဖို့ လိုပြီ… နှမြောစရာကောင်းတာက ငါ့ရဲ့ ဒီနတ်အာရုံတစ်မျှင်က ထွက်သွားလို့ မရသလို မဟာဧကရာဇ် အဆင့် တိုက်ခိုက်ရေး စွမ်းအားလောက်ပဲ ရှိတာ… မဟုတ်ရင် တာအိုရောင်းရင်းကို အကူအညီ တစ်ခုခု ပေးနိုင်မှာ”
ဟွမ့်သွမ် မဟာဧကရာဇ်၏ အမူအရာသည် လွန်စွာ လေးနက်သွားသော်လည်း နောက်ဆုံးတွင် သူသည် သက်ပြင်းချရင်းဖြင့်သာ ပြောနိုင်ခဲ့သည်။
ဝူဟောက်က လက်ကာပြလိုက်သည်။
“ရပါတယ်… သာမန် သွေးဝိညာဉ်ဂိုဏ်းလေးပါ… ကျွန်တော် စိတ်ထဲ မထားပါဘူး… ဒါ့အပြင် လောလောဆယ်တော့ သွေးဝိညာဉ်ဂိုဏ်းက တစ်ခုခုရဲ့ ကန့်သတ်ခြင်း ခံထားရပုံရပြီး ရွှမ်ထျန်းကမ္ဘာ အတွင်းမှာ မလှုပ်ရှားနိုင်သေးဘူး”
ထိုအခါမှသာ ဟွမ့်သွမ် မဟာဧကရာဇ်သည် အနည်းငယ် စိတ်သက်သာရာ ရသွားပုံပေါ်သည်။ သူ၏ မူလခန္ဓာကိုယ်မှ ဝင်ရောက်စွက်ဖက်မည် ဆိုပါက ၊ သွေးဝိညာဉ်ဂိုဏ်းသည် သူ၏ ပြိုင်ဘက် မဟုတ်ချေ။
ထို့နောက်တွင် ဝူဟောက်သည် ဟွမ့်သွမ်မဟာဧကရာဇ်နှင့် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ၊ ပြန်သွားရန် ဟန်ပြင်လိုက်သည်။ ဟွမ့်သွမ် မဟာဧကရာဇ်ထံမှ ရရှိသော သတင်းအချက်အလက်များသည် အကန့်အသတ် ရှိသဖြင့် ဤနေရာတွင် ဆက်နေမည်ဆိုပါက အချိန်ဖြုန်းရာ ကျပေမည်။
ထို့ပြင် အဆက်အသွယ် မပြတ်တောက်မီ ဟွမ့်သွမ် မဟာဧကရာဇ်သည် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ် ကျင့်ကြံမှုအဆင့်တွင် ရှိခဲ့သည်။ ဆိုလိုသည်မှာ ဝူယိတောက်သည် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ် အဆင့် အမွေအနှစ်ကို ရရှိနိုင်မည် ဖြစ်သည်။
ထိုအတိုင်းသာဆိုလျှင်ဖြင့် ဝူဟောက်သည် အင်မော်တယ် ဧကရာဇ် အဆင့်ရှိ အမွေအနှစ်များကို ရရှိနိုင်ပေလိမ့်မည်။
“တာအိုရောင်းရင်း… အဲဒီလူက တာအိုရောင်းရင်းနဲ့ ဘယ်လို ပတ်သက်လဲ ဆိုတာ မေးလို့ ရမလား”
ဝူဟောက် ပြန်တော့မည်ကို မြင်သောအခါ ဟွမ့်သွမ်မဟာဧကရာဇ်သည် မနေနိုင်မထိုင်နိုင် ဦးညွှတ်၍ မေးလိုက်သည်။
ဝူဟောက်က လှည့်မကြည့်ဘဲ တည်ငြိမ်စွာ ပြောလိုက်၏။
“မအောင်မြင်သေးတဲ့ ကျွန်တော့်ရဲ့ ဂျူနီယာ တစ်ယောက်ပါ… တာအိုရောင်းရင်း အနေနဲ့ သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်”
ဤသည်ကို ကြားသောအခါ ဟွမ့်သွမ် မဟာဧကရာဇ်၏ နှုတ်ခမ်းများသည် တွန့်ကွေးသွားပြီး အတွင်းစိတ်ထဲ၌ ‘ဒါကို မအောင်မြင်သေးဘူးလို့ ခေါ်တာလား’ ဟု ညည်းတွားလိုက်မိသည်။
ဟွမ့်သွမ် မဟာဧကရာဇ်၏ အမြင်တွင် ဝူယိတောက်သည် သူ့ထက် ပို၍ ပါရမီမြင့်သည်။ မျှော်လင့်မထားသော အရာများ မဖြစ်ပေါ်ပါက ဝူယိတောက်သည် အသက် သုံးရာ မပြည့်မီ မဟာဧကရာဇ် ဖြစ်လာနိုင်ဖွယ် ရှိသည်။
သို့သော် ဝူယိတောက်ထက် ပိုမို ကြောက်မက်ဖွယ် ကောင်းသော ဖြစ်တည်မှု တစ်ခု ဖြစ်သည့် ဝူဟောက်အကြောင်း တွေးလိုက်သောအခါ သိပ်ပြီး မထူးဆန်းတော့သလို ရှိသွားသည်။
ဝူဟောက် ထွက်ခွာသွားပြီးနောက် ၊ ဟွမ့်သွမ် မဟာဧကရာဇ်သည် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းသို့ ဝင်ရောက်သွားလေသည်။
ဝူယိတောက်မှ အမွေအနှစ်ကို ရရှိသည်နှင့် သူသည် အလိုအလျောက် အာရုံခံမိပြီး နိုးထလာမည် ဖြစ်သည်။
အမွေအနှစ် မြေနေရာမှ ထွက်ခွာပြီးနောက် ဝူဟောက်သည် သူ၏ နောက်ဆက်လုပ်မည့် ကိစ္စများကို စတင် စဉ်းစားလိုက်သည်။
ဖရိုဖရဲလျှို့ဝှက်နယ်မြေသည် ပွင့်ပြီး ငါးနှစ်အကြာတွင် အလိုအလျောက် ပိတ်သွားမည် ဖြစ်ပြီး ၊ ထိုအချိန်ကျလျှင် လူတိုင်း အလိုအလျောက် ပြန်လည် ပို့ဆောင်ခြင်း ခံရမည် ဖြစ်သည်။
သို့သော်ငြားလည်း ၎င်းသည် အမွေအနှစ်ကို ဆက်ခံမည့်သူ မပေါ်ခင်အချိန်တွင်သာ ဖြစ်သည်။ အကယ်၍ အမွေအနှစ်ကို ရယူပြီးပါက ၊ ဖရိုဖရဲလျှို့ဝှက်နယ်မြေသည် အလိုအလျောက် ပိတ်သွားပြီး ပျောက်ကွယ်သွားမည် ဖြစ်ကာ နောက်တစ်ကြိမ် ဘယ်တော့မှ ပေါ်လာတော့မည် မဟုတ်ချေ။
ဤသည်မှာ အမွေအနှစ် လျှို့ဝှက်နယ်မြေ တစ်ခု၏ ကံတရား ဖြစ်သည်။ ၎င်းသည် အမွေအနှစ်အတွက်သာ အလုပ်အကျွေး ပြုသည်။ အမွေအနှစ် မရှိတော့သည့်အခါ လျှို့ဝှက်နယ်မြေသည် ဆက်တည်ရှိစရာ အကြောင်းမရှိတော့ချေ။
“ယိတောက် အမွေအနှစ် ရဖို့ ငါးနှစ်ဆို လုံလောက်ပါတယ်နော်… ယိတောက် အရင် မဟာဧကရာဇ် ဖြစ်မလား… ဝူယီဖန် အရင် မဟာဧကရာဇ် ဖြစ်မလား ဆိုတာတော့ ငါလည်း မပြောတတ်တော့ဘူး”
ဝူဟောက်သည် သူ့ဘာသာ တွေးလိုက်ရင်း ၊ ဝူယီဖန် ရှိနေသည့် အရပ်သို့ ကြည့်လိုက်ရာ သူ၏ အမူအရာမှာ ပြောင်းလဲသွားသည်။
ဝူယီဖန်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ လေးနက်သော အမူအရာဖြင့် လင်းဇီရှင်းကို ပြောလိုက်သည်ကို သူ တွေ့လိုက်ရသည်။
“ဇီရှင်း… ငါ ဧကရာဇ်တပိုင်း နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်တော့မယ်”
ပြောပြီးသည်နှင့် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ဝူယီဖန်သည် နေရာမှာတင် တိုက်ရိုက် ထိုင်ချလိုက်သည်။ သူ၏ ကိုယ်ပေါ်ရှိ ကြီးမားသော အရှိန်အဝါသည်လည်း လိုက်ပါ မြင့်တက်လာပြီး ၊ လျှို့ဝှက်နယ်မြေ တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များသည် ဝူယီဖန်ထံသို့ လှိုင်းလုံးသဖွယ် တိုးဝင်လာကြသည်။
အခန်း (၁၁၀) - ဝူယီဖန် ဧကရာဇ်တပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ခြင်း၊ ဝူယိတောက် အမွေအနှစ် ရရှိခြင်း
“ကြောက်စရာကောင်းလိုက်တဲ့ အရှိန်အဝါ… ရတနာ တစ်ခုခု ပေါ်လာတာများလား”
“ ကြောက်စရာကောင်းလိုက်တဲ့ အရှိန်အဟုန်ပဲ… ဟွမ့်သွမ် မဟာဧကရာဇ်ရဲ့ အမွေအနှစ် ပေါ်လာတာများလား”
“သောက်ကျိုးနည်း… တကယ်လို့ ဟွမ့်သွမ် မဟာဧကရာဇ်ရဲ့ အမွေအနှစ်သာ ဆိုရင် ငါ ချန်ဟန်ရှန်းလည်း ဝေစုတစ်ခု ရမှ ဖြစ်မယ်”
ဝူယီဖန်၏ ဧကရာဇ်တပိုင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခြင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဟုန်သည် နေရာအနှံ့ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် ဖရိုဖရဲလျှို့ဝှက်နယ်မြေ တစ်ခုလုံးရှိ စွမ်းအားကြီး ကျင့်ကြံသူ အားလုံးသည် ၎င်းကို အာရုံခံမိလိုက်ကြပြီး ၊ သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကာ ဝူယီဖန် ရှိရာအရပ်သို့ အပြေးအလွှား သွားရောက်ကြလေသည်။
လင်းဇီရှင်းသည် ၎င်းတို့၏ ရောက်ရှိလာခြင်းကို လျစ်လျူရှုထားသည်။ မည်သို့ပင်ဆိုစေကာမူ ၊ သူတို့သည် ပုရွက်ဆိတ် တစ်သိုက်သာ ဖြစ်သည်။ သူတို့ အားလုံး ပေါင်းတိုက်လျှင်ပင် သူမ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။
ဤအခိုက်အတန့်တွင် သူမသည် ဝူယီဖန် ရှိရာအရပ်သို့ ကြည့်နေပြီး သူမ၏ မျက်လုံးများထဲ၌ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ဝူယီဖန်သည် မည်ကဲ့သို့သော ဘီလူးမျိုး ဖြစ်သနည်း။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဧကရာဇ်တပိုင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပြီး မဟာဧကရာဇ် အဆင့် ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။
မူလက လင်းဇီရှင်းသည် ဝူယီဖန်ကို ကျင့်ကြံမှုအပိုင်းတွင် ဖိနှိပ်ထားနိုင်သော်လည်း ယခုအခါ ကျင့်ကြံမှုပင် ဖြစ်စေ၊ ရုပ်ခန္ဓာပင် ဖြစ်စေ သူမသည် ဝူယီဖန်၏ အောက်တွင် ဖိနှိပ်နင်းချေခြင်း ခံရတော့မည် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ စုချောင်ရန်နှင့် အခြားသူများသည်လည်း ပြင်းထန်သော အရှိန်အဝါကို အာရုံခံမိကြသဖြင့် ဝူရူလုံနှင့် အခြားသူများကို ခေါ်ဆောင်ကာ ဤအရပ်သို့ ဦးတည်လာနေကြသည်။
ဝူယီဖန် ကိုယ်တိုင်မှာမူ ဧကရာဇ်တပိုင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခြင်း လုပ်ငန်းစဉ်တွင် လုံးဝ နစ်မြုပ်နေသည်။ သို့သော် ဤလုပ်ငန်းစဉ်သည် မြန်ဆန်ခြင်း မရှိဘဲ အချိန်အနည်းငယ် လိုအပ်သဖြင့် ဝူယီဖန်သည် ဤအချိန်အတောအတွင်း မလှုပ်ရှားနိုင်ဘဲ အသတ်ခံရရန် စောင့်ဆိုင်းနေရသကဲ့သို့ ဖြစ်နေသည်။
သို့ဆိုတောင် ၊ သူသည် မလှုပ်မယှက် ရပ်နေပြီး လျှို့ဝှက်နယ်မြေ တစ်ခုလုံးရှိ လူတိုင်း သူ့ကို ဝိုင်းတိုက်လျှင်ပင် သူတို့သည် ဝူယီဖန်၏ ခံစစ်ကို ချိုးဖျက်နိုင်မည် မဟုတ်ချေ။
မကြာမီ ပထမဆုံး ကံကောင်းသော ပရိသတ်သည် ဤနေရာသို့ ရောက်ရှိလာသော်လည်း ၊ ဝူယီဖန်ကို မြင်လိုက်ရချိန်တွင် ရေအေးတစ်ခွက်ဖြင့် ပက်ခံလိုက်ရသကဲ့သို့ သူ၏ စိတ်လှုပ်ရှားနေသော နှလုံးသားသည် နောက်ဆုံးတွင် ငြိမ်းသက်သွားသည်။
လင်းဇီရှင်းသည် သူ့ရှေ့တွင် ပေါ်ထွက်လာပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ထွက်သွား… ဒီမှာ ဖြစ်ပျက်နေတာတွေကို မင်း ဝင်စွက်ဖက်စရာ မလိုဘူး”
“ဟုတ်ကဲ့ပါ… သူတော်စင်မ”
လင်းဇီရှင်းကို မြင်ပြီး သူမ၏ ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို အာရုံခံမိပြီးနောက် ထိုပါရမီရှင်သည် လှည့်ပြန်ရန် ပြင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ပုံရိပ်အများအပြားသည် ဘေးပတ်ပတ်လည်တွင် ပေါ်ထွက်လာကြသည်။ ၎င်းတို့သည် ဤနေရာမှ အရှိန်အဝါကို အာရုံခံမိပြီးနောက် အပြေးအလွှား ရောက်လာကြသော ပါရမီရှင်များပင် ဖြစ်သည်။ သို့သော် အဆင့်တက်နေသော ဝူယီဖန်ကို မြင်လိုက်ရသဖြင့် သူတို့၏ စိတ်လှုပ်ရှားနေသော နှလုံးသားများသည် ချက်ချင်း အေးစက်သွားကြသည်။
လင်းဇီရှင်း စကားမပြောမီ သူတို့သည် ထွက်ခွာရန် ပြင်လိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဝူယီဖန်နှင့် ရန်ငြိုးရန်စ မရှိသဖြင့် ဝူယီဖန်၏ အောင်မြင်မှုကို မနာလိုဖြစ်ပြီး သူ၏ အဆင့်တက်ခြင်းကို နှောင့်ယှက်စရာ အကြောင်း မရှိချေ။
ထို့ပြင် သူတို့ အားလုံး ပေါင်းတိုက်လျှင်ပင် ဤနေရာတွင် ကျားတစ်ကောင်ကဲ့သို့ စောင့်ကြည့်နေသော လင်းဇီရှင်း ရှိနေသေးသည်။ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာသော ကျင့်ကြံသူများအနက် ဧကရာဇ်တပိုင်း အဆင့်ရှိသော ကျင့်ကြံသူမှာ လင်းဇီရှင်း တစ်ဦးတည်းသာ ရှိပြီး ၊ သူတို့ အားလုံး ပေါင်းတိုက်လျှင်ပင် သူမ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။
သို့သော် သူတို့ ထွက်ခွာတော့မည့်ဆဲဆဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါများသည် ဟိန်းဟောက်သံများနှင့် ရောနှောလျက် မနီးမဝေးဆီမှ ပြေးဝင်လာကြသည်။
သူတို့ တုံ့ပြန်ရန် အချိန်မရမီမှာပင် မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် သားရဲအုပ်စုသည် မနီးမဝေးဆီမှ ပြေးဝင်လာကြသည်။ ၎င်းတို့အနက် အများစု၏ ကျင့်ကြံမှု အဆင့်မှာ သူတော်စင်ဘုရင်နှင့် အဓိပတိ အဆင့်များ ဖြစ်ကြပြီး ၊ ၎င်းတို့အုပ်စုထဲတွင် ဧကရာဇ်တပိုင်း အဆင့်ရှိသော သားရဲများလည်း ရှိကြောင်း လင်းဇီရှင်း အာရုံခံမိလိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်နှာများမှာ ဖြူဖျော့သွားကြသည်။ သူတို့သည် အဆင့်တက်ခြင်း လုပ်ငန်းစဉ်တွင် ရှိနေဆဲ ဖြစ်သော ဝူယီဖန်ကို လှည့်ကြည့်လိုက်ကြသည်။
အကယ်၍ ဝူယီဖန်သာ မလှုပ်ရှားပါက သူတို့အားလုံး ပေါင်းစည်းတိုက်ခိုက်မည်ဆိုတောင် ၊ သူတို့ရှေ့ရှိ သားရဲအုပ်ကြီးကို ခုခံနိိုင်မည် မဟုတ်ချေ။
လင်းဇီရှင်းသည်လည်း သူမရှေ့ရှိ မြင်ကွင်းကို မြင်တွေ့ခဲ့ပြီး ၊ သူမ၏ အမူအရာမှာ အနည်းငယ် ခက်ခဲနေပုံရသည်။
“ဝူယီဖန် အဆင့်တက်တဲ့ အရှိန်အဝါကြောင့် လျှို့ဝှက်နယ်မြေထဲက ကြမ်းကြုတ်တဲ့ သားရဲတွေ ဆွဲဆောင်ခံလိုက်ရတာလား… အခြေအနေက ခက်ခဲမယ့်ပုံပဲ”
သူမရှေ့ရှိ သားရဲအုပ်ကြီးထဲတွင် ဧကရာဇ်တပိုင်း အဆင့်ရှိ မိစ္ဆာသားရဲ အများအပြား ရှိနေကြောင်းကို လင်းဇီရှင်း အာရုံခံမိသည်။ အကယ်၍ တစ်ကောင်တည်းသာ ဆိုလျှင် သူမအနေဖြင့် ရင်ဆိုင်တိုက်ခိုက်ကာ ကျန်ရှိသော မိစ္ဆာသားရဲများကို ဖြေရှင်းနိုင်ပေမည်။
သို့သော် အကောင်ရေ အများအပြား ရှိနေပြီး ၎င်းတို့နှင့် ရင်ဆိုင်ရပါက ၊ ပြသနာကို ဖြေရှင်းနိုင်မည် မဟုတ်သည့်အပြင် ကျဆုံးမည့် အန္တရာယ်နှင့်ပင် ရင်ဆိုင်ရနိုင်သည်။
ထိုအချိန်တွင် စုချောင်ရန်နှင့် အခြားသူများသည် လင်းဇီရှင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။
“အဖေ… အဘိုး… ရောက်လာကြပြီလား”
စုချောင်ရန်နှင့် အခြားသူများကို မြင်ပြီးနောက် လင်းဇီရှင်း၏ ရင်ထဲမှ အလုံးကြီးမှာ ကျမသွားသေးပေ။ မည်သို့ပင်ဆိုစေကာမူ ၊ စုချောင်ရန်သည်ပင် သူတော်စင်ဘုရင် အလယ်အလတ်အဆင့် ကျင့်ကြံမှုသာ ရှိသေးသည်။
စုချောင်ရန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ၊ မနီးမဝေးမှ တလိပ်လိပ် ပြေးတက်လာသော သားရဲအုပ်ကြီးကို ကြည့်ရင်း သူမ၏ သိုလှောင်လက်စွပ်ထဲမှ အင်မော်တယ် ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။
“ရှေးဘိုးဘေး… ဒါက…”
စုချောင်ရန် ထုတ်ယူလိုက်သော အင်မော်တယ် ဓားကို မြင်ပြီးနောက် လင်းဇီရှင်း၏ အသက်ရှူသံများမှာ မြန်ဆန်လာခဲ့သည်။ ရေမြင့်မြတ်နယ်မြေ၏ သူတော်စင်မ အနေဖြင့် သူမသည် သဘာဝကျကျ ဗဟုသုတ ကြွယ်ဝသူ ဖြစ်ပြီး အင်မော်တယ် ဓားကို မြင်လိုက်သည့် အခိုက်အတန့်တွင် ၎င်း၏ ထူးခြားမှုကို တန်းပြီး သိရှိခဲ့သည်။
စုချောင်ရန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ရှင်းပြနေဖို့ အချိန်မရှိဘူး… မင်း ဒါကို ယူပြီး အရင် သုံးလိုက်… မင်းရှေ့က သားရဲအုပ်ကြီးကို အမြန်ဆုံး ဖြေရှင်းရမယ်”
စုချောင်ရန်၏ လက်ထဲမှ အင်မော်တယ် ဓားကို ယူလိုက်ရင်း ၊ လင်းဇီရှင်းမှာ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ စုချောင်ရန်သည် သူမကို ဤမျှ အဆင့်မြင့်သော လက်နက်မျိုး ပေးလိမ့်မည်ဟု သူမ ထင်မထားခဲ့သည်မှာ ထင်ရှားသည်။ ဤမျှ အဆင့်မြင့်သော လက်နက်မျိုးသည် ရှေးဘိုးဘေး၏လက်ထဲတွင် တစ်လက်တည်းသာ ရှိပေလိမ့်မည်။
ဤအချက်ကို တွေးမိပြီး လင်းဇီရှင်းသည် ဖုံးကွယ်မထားနိုင်သော စိုးရိမ်ပူပန်မှုများဖြင့် မေးလိုက်သည်။
“ရှေးဘိုးဘေး… ကျွန်မကို လက်နက် ပေးလိုက်တော့… ရှေးဘိုးဘေးကျတော့ရော…”
“ငါလား… ရပါတယ်”
စုချောင်ရန်၏ အမူအရာမှာ တည်ငြိမ်နေပြီးနောက် သူမ၏ သိုလှောင်လက်စွပ်ထဲမှ နောက်ထပ် အင်မော်တယ် ဓားတစ်လက်ကို ထုတ်ယူလိုက်ပြန်သည်။
လင်းဇီရှင်းသည် ရှေးဘိုးဘေး၏ ကြွယ်ဝချမ်းသာမှုကို လျှော့တွက်မိပုံရသည်။
ဝူဟောက်၏ အချစ်တော် အနေဖြင့် စုချောင်ရန်၏ ဆက်ဆံခံရမှုသည် သဘာဝကျကျ နိမ့်ကျမည် မဟုတ်ပေ။ ဝူဟောက်သည် စုချောင်ရန်ကို အင်မော်တယ် ဓားတစ်လက်ထက်ပို၍ ပေးထားသည်။ ဝူဟောက်၏ ကြွယ်ဝချမ်းသာမှုကို ထည့်တွက်လိုက်လျှင် ဝူမိသားစုဝင် တစ်ဦးစီတိုင်းတွင် အင်မော်တယ် ဓားတစ်လက်စီ ပိုင်ဆိုင်ထားခြင်းသည် အံ့ဩစရာမရှိပေ။
အင်မော်တယ် ဓားအတွင်း၌ ပါဝင်သော စွမ်းအားများကို အာရုံခံမိပြီးနောက် လင်းဇီရှင်း၏ မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှုများသည် ပျောက်ကွယ်သွားခဲ့သည်။ အင်မော်တယ် ဓား၏ စွမ်းအားဖြင့် အောင်ပွဲခံရန်မှာ မလွဲဧကန်ပင် ဖြစ်သည်။
“လူတိုင်းပဲ… ကျွန်မနောက် လိုက်ခဲ့ပြီး သားရဲအုပ်ကို အတူတကွ ခုခံကြစို့”
လင်းဇီရှင်းသည် အင်မော်တယ် ဓားကို ကိုင်စွဲကာ သားရဲအုပ်ဆီသို့ ဦးစွာ ပြေးဝင်သွားသည်။ အခြားသော ပါရမီရှင်များသည် ဤမြင်ကွင်းကို မြင်သည်နှင့် အံကြိတ်ကာ နောက်ကနေ လိုက်ပါသွားကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ယခုအခါ ဝူယီဖန်ကို ကာကွယ်ရန် သားရဲအုပ်ကြီးကို တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ အသက်ရှင်ကျန်ရစ်ခဲ့ပါက အနာဂတ်တွင် ဝူယီဖန်၏မျက်နှာသာပေးမှုကို ခံရပေလိမ့်မည်။
ဝူရူလုံနှင့် အခြားသူများသည်လည်း အတူတကွ ရှေ့သို့ ပြေးဝင်သွားကြသည်။
ဝူဟောက်သည် ကျေနပ်သော အမူအရာဖြင့် ဤမြင်ကွင်းကို အမှောင်ထဲမှ စောင့်ကြည့်နေသည်။
“ မဆိုးဘူး… ဝူယီဖန်က ရွှမ်ထျန်းကမ္ဘာမှာ လူချစ်လူခင် ပေါများပုံရတယ်”
သေချာပေါက် ဝူဟောက်အနေဖြင့် သူတို့ကို ထိခိုက်ဒဏ်ရာရခွင့် ပေးမည် မဟုတ်ချေ။ မဟာသူတော်စင် အဆင့်ရှိ ကျင့်ကြံသူများစွာ ရှိသော်လည်း သို့သော် သားရဲအုပ်ထဲတွင် ရှိနေသော သူတော်စင်ဘုရင် အဆင့်ရှိ မိစ္ဆာသားရဲ အရေအတွက်မှာ ရာပေါင်းများစွာ ရှိနေသည်။ မဟာသူတော်စင် အဆင့်ရှိ မိစ္ဆာသားရဲများသာဆိုလျှင်ဖြင့် ထည့်မဆိုနှင့်။
အကယ်၍ သူတို့ကို ဒီအတိုင်း လွှတ်ထားလိုက်ပါက မရေမတွက်နိုင်သော ထိခိုက်သေဆုံးမှုများ ရှိလာပေလိမ့်မည်။
သူတို့သည် ဤကိစ္စတွင် ဝင်ရောက်ပတ်သက်လိုသော ဆန္ဒရှိသောကြောင့် ပတ်သက်နေခြင်း မဟုတ်သော်လည်း ၊ သို့သော် သူတို့ထဲမှ မည်သူမျှ ဝူယီဖန်၏ ခံစစ်မဲ့နေသော အခြေအနေကို လျစ်လျူမရှုခဲ့ပေ။ စိတ်ခံစားမှု အရရော၊ ကျိုးကြောင်းဆီလျော်မှု အရပါ ဝူဟောက်သည် လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။
နောက်တစ်စက္ကန့်တွင် ပါရမီရှင်များသည် လင်းဇီရှင်း၏ ဦးဆောင်မှုအောက်တွင် သားရဲအုပ်ကြီးထဲသို့ ဝင်ရောက် တိုက်ခိုက်ကြလေတော့သည်။