အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အခန်း ၁၁၁ - ဧကရာဇ်တပိုင်းအဆင့်သို့ တက်လှမ်းခြင်း
အင်မော်တယ် ဓား၏ ကောင်းချီးပေးမှုနှင့်အတူ လင်းဇီရှင်းသည် ရေထဲရောက်သွားသော ငါးတစ်ကောင်ကဲ့သို့ လွတ်လပ်ပေါ့ပါးစွာဖြင့် သားရဲများကို ဝင်ရောက် တိုက်ခိုက်နေခဲ့သည်။
ဧကရာဇ်တပိုင်းအဆင့်ရှိ ကြမ်းကြုတ်သော သားရဲနှင့် ရင်ဆိုင်ရလျှင်ပင် သူမသည် ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ်နိုင်စွမ်း ရှိသည်။
ဧကရာဇ်လက်နက်၏ အထောက်အပံ့ဖြင့် ဤအဆင့်ထိ စွမ်းဆောင်နိုင်သည် ဆိုပါက ၊ ဧကရာဇ်လက်နက်ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ် ဓားနှင့်သာဆိုလျှင်ဖြင့် ပြောနေစရာပင် မလိုတော့ချေ။
ထို့ကြောင့် စက္ကန့်ပိုင်းအတွင်းမှာပင် သားရဲအုပ်ကြီးထဲမှ ဧကရာဇ်တပိုင်းအဆင့်ရှိ ကြမ်းကြုတ်သော သားရဲများသည် လင်းဇီရှင်း၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည်။
ဧကရာဇ်တပိုင်းအဆင့်ရှိ သားရဲများကို သတ်ဖြတ်ပြီးနောက် ၊ လင်းဇီရှင်းသည် တုံ့ဆိုင်းခြင်းမရှိ အဓိပတိအဆင့်ရှိ သားရဲများ ရှိရာသို့ တိုးဝင်သွားပြီး ထို့နောက် အဓိပတိအဆင့်ရှိ ပါရမီရှင်များကို ညွှန်ကြားလိုက်သည်။
“မင်းတို့က သူတော်စင်ဘုရင် အဆင့်ရှိတဲ့ သားရဲတွေကို သွားရှင်းလိုက်... ကျန်တဲ့သူတွေကိုတော့ မဟာသူတော်စင် အဆင့် သားရဲတွေနဲ့ ရင်ဆိုင်ခိုင်းလိုက်”
“နားလည်ပါပြီ”
အဓိပတိအဆင့်ရှိ ပါရမီရှင် သုံးဦးသည် ခေါင်းညိတ်လိုက်ကြသည်။ သူတော်စင်ဘုရင် အဆင့်ရှိသော သားရဲများသည် မရေမတွက်နိုင်အောင် ရှိနေသော်လည်း သို့သော် သူတို့သည် အဓိပတိ အဆင့်များ ဖြစ်ကြသဖြင့် ချက်ချင်း အသေသတ်နိုင်ခြင်း မရှိလျှင်တောင်မှ အနိုင်ယူနိုင်စွမ်း ရှိကြပေသည်။
လင်းဇီရှင်းသည် ဧကရာဇ်တပိုင်းအဆင့်ရှိ သားရဲများကို သတ်ဖြတ်လိုက်သဖြင့် သားရဲအုပ်ကြီး၏ ဖိအားသည် များစွာ လျော့ကျသွားသည်။ အခြားသော ပါရမီရှင်များသည် သားရဲများနှင့် ရင်ဆိုင်ရာတွင် ဒဏ်ရာများရရှိကြသော်လည်း အလွန်အမင်း ဖရိုဖရဲ ဖြစ်မသွားချေ။
မကြာမီတွင် သောင်းနှင့်ချီသော မိစ္ဆာသားရဲများဖြင့် ဖွဲ့စည်းထားသည့် သားရဲအုပ်ကြီးသည် ဝူယီဖန်၏ ခန္ဓာကိုယ်အနားသို့ပင် မကပ်နိုင်လိုက်ဘဲ လင်းဇီရှင်းနှင့် အခြားသူများ၏ ဟန့်တား ရှင်းလင်းခြင်းကို ခံလိုက်ရလေသည်။
သားရဲများ ရှင်းလင်းပြီးသည့် အခိုက်အတန့်တွင် မနီးမဝေးရှိ ဝူယီဖန်ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်ပေါ်လာရာ လူတိုင်း တုန်လှုပ်သွားကြသည်။
ဤသည်မှာ အလွန်တရာမျှ ကြောက်စရာ ကောင်းလှသည်။ ဝူယီဖန်ထံမှ ကျော်လွှားနိုင်ခြင်း မရှိသည့် ဖိအားတစ်မျိုးကို သူတို့ ခံစားလိုက်ရပြီး ၊ အသိသာဆုံး ခံစားလိုက်ရသူမှာ လင်းဇီရှင်း ဖြစ်သည်။
သူမသည်လည်း ဧကရာဇ်တပိုင်း ကနဦးအဆင့်တွင် ရှိနေသော်လည်း ဝူယီဖန်၏ အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ ဤသည်ကို ကြည့်လျှင် ဝူယီဖန်၏ အခြေခံအုတ်မြစ်သည် မည်မျှ နက်ရှိုင်းကြောင်း ပြသရန် လုံလောက်ပေသည်။
သို့သော် သူတို့ တုံ့ပြန်ရန် အချိန်မရမီမှာပင် မျက်စိတစ်မှိတ် အတွင်း၌ လျှို့ဝှက်နယ်မြေ၏ ကောင်းကင်သည် မည်းမှောင်သွားလေသည်။ မော့ကြည့်လိုက်သောအခါ ထူထပ်မည်းမှောင်နေသော မိုးကြိုးကပ်ဘေး တိမ်တိုက်ကြီးကို တွေ့လိုက်ရသည်။
“ဧကရာဇ်တပိုင်းအဆင့် မိုးကြိုးကပ်ဘေးပဲ... မိုးကြိုးကပ်ဘေး ရိုက်ခတ်မှု မခံရအောင် ငါတို့ အရင် ရှောင်နေကြစို့”
လင်းဇီရှင်းသည် လူတိုင်းကို ကြည့်လိုက်ပြီးနောက် ထိုနေရာမှ ခပ်ဝေးဝေးသို့ ခေါ်ဆောင်သွားလေသည်။
သူတို့ ထွက်ခွာသွားပြီး နောက်တစ်စက္ကန့်တွင် အချင်း တစ်ကီလိုမီတာခန့် ရှိသော မိုးကြိုးလျှပ်စီးကြောင်းကြီး တစ်ခုသည် ရုတ်တရက် ပစ်ချလိုက်ပြီး ဝူယီဖန်ထံသို့ တည့်တည့် ဦးတည်သွားသည်။
ထိုအချိန်တွင် ဝူယီဖန်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ကျဆင်းလာသော မိုးကြိုးကပ်ဘေးကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ တိုက်ရိုက် ပြေးတက်သွားလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကြောက်မက်ဖွယ်ရာ မိုးကြိုးကပ်ဘေးသည် ဝူယီဖန်ကို တိုက်ရိုက် လွှမ်းခြုံသွားသည်။ အဝေးမှ ဤမြင်ကွင်းကို ကြည့်နေကြသော လင်းဇီရှင်းနှင့် အခြားသူများသည် စိုးရိမ်ပူပန်စွာဖြင့် ရှ်ိနေကြသည်။
“သူ အဆင်ပြေပါ့မလား”
“အဆင်ပြေမှာပါ... သူ့ရဲ့ လက်ရှိ ရုပ်ခန္ဓာက မဟာဧကရာဇ် တစ်ပါးနဲ့ ယှဉ်လို့ ရနေပြီ... ဒီလောက် အဆင့်ရှိတဲ့ မိုးကြိုးကပ်ဘေးက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး”
စုချောင်ရန်၏ အမူအရာမှာ တည်ငြိမ်နေပြီး သူမ၏ လေသံတွင် စိုးရိမ်မှု များစွာ မပါဝင်ချေ။
ဝူဟောက်၏ ဇနီးသည် အနေဖြင့် ၊ စုချောင်ရန်သည် ဝူယီဖန်၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာမှာ ကိုးဆင့်မြောက်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိထားသည်။ ဤသည်မှာ ဧကရာဇ်တပိုင်းအဆင့်ရှိ မိုးကြိုးကပ်ဘေးမျှသာ ဖြစ်၍ ဝူယီဖန်ကို လုံးဝ ထိခိုက်စေနိုင်မည် မဟုတ်ချေ။
သို့တိုင်အောင် လင်းဇီရှင်း၏ ရင်ထဲမှ စိုးရိမ်မှုများကို ဖုံးကွယ်ထားရန် ခက်ခဲနေဆဲ ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် စုချောင်ရန်၏ ရင်ထဲတွင် ကျေနပ်နေမိသည်။ သူမ၏ မြစ်နှင့် မြစ်ချွေးမတို့သည် အဆင်ပြေနေကြဟန်တူသည်။
လင်းဇီရှင်း အလွန်အမင်း စိုးရိမ်နေချိန်တွင် ၊ ဝူယီဖန်၏ ကျင့်ကြံမှုသည် မိုးကြိုးကပ်ဘေး၏ နှစ်ခြင်းပေးမှုအောက်တွင် တိုးတက်မှု ပြသသော ဂရပ်မျဉ်းကဲ့သို့ တစ် မှ တစ်ရာသို့ လျင်မြန်စွာ တိုးတက်နေသည်။
နောက်ဆုံးတွင် တစ်ရာသို့ ရောက်ရှိသွားသောအခါ ဝူယီဖန်၏ ပိတ်ဆို့နေသော အဆင့်သည် ကျိုးပျက်သွားပြီး သူ၏ ကျင့်ကြံမှုသည် ဧကရာဇ်တပိုင်း ကနဦးအဆင့်တွင် လုံးဝ တည်ငြိမ်သွားတော့သည်။
မိုးကြိုးကပ်ဘေး ကွယ်ပျောက်သွားသည့် အခိုက်အတန့်တွင် ကောင်းကင်ယံ၌ မျက်စိကျိန်းမတတ် အလင်းရောင်များ ပေါ်ထွက်လာပြီး ဝူယီဖန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ဤအခိုက်အတန့်တွင် ဝူယီဖန်သည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရား တစ်ပါးကဲ့သို့၊ လူ့လောကတွင် တစ်ပါးတည်းသော စစ်မှန်သည့် အင်မော်တယ် တစ်ပါးကဲ့သို့ ဖြစ်နေသည်။
ဝူယီဖန်သည် ဧကရာဇ်တပိုင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် စွမ်းအားကြီးမားသော ခွန်အား တစ်ရပ်သည် ဝူဟောက်ထံသို့လည်း ပြန်လည် ပေးဆပ်ခြင်း ခံလိုက်ရပြီး ၊ ဝူဟောက်၏ ကျင့်ကြံမှုကို လျှိုထျန်း ရွှေအင်မော်တယ် အလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ တိုးတက်သွားစေခဲ့ပြီး အင်မော်တယ် ဘုရင် အဆင့်နှင့် ခြေတစ်လှမ်းနီးကပ်သွားပြီ ဖြစ်သည်။
“ဒါက ဧကရာဇ်တပိုင်း အဆင့် ကျင့်ကြံမှုလား... ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် သွေးဝိညာဉ်ဂိုဏ်းကို ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေး ရှိမလား မသိဘူး... ထားလိုက်ပါတော့... ဘိုးဘေးက သွေးဝိညာဉ်ဂိုဏ်းကို ငါ့အတွက် စမ်းသပ်မှု တစ်ခုအနေနဲ့ ချန်ထားပေးခဲ့တာ ဆိုတော့ သွေးဝိညာဉ်ဂိုဏ်းက အဲဒီလောက် ရိုးရှင်းမှာ မဟုတ်ဘူး... မဟာဧကရာဇ် အဆင့် ရောက်မှပဲ သွေးဝိညာဉ်ဂိုဏ်းကို သွားတော့မယ်”
ဝူယီဖန်သည် သူ့ခန္ဓာကိုယ် အတွင်းမှ လှိုင်းထန်နေသော စွမ်းအားများကို ခံစားရင်း တွေးလိုက်သော်လည်း မကြာမီ ခေါင်းခါလိုက်သည်။
ကံတရား၏ သားတော် ဆိုသည်မှာ မဆင်မခြင် လုပ်တတ်သူ မဟုတ်ပေ။ ထို့ကြောင့် လုံးဝ သေချာမှု မရှိမချင်း ဝူယီဖန်သည် သွေးဝိညာဉ်ဂိုဏ်းသို့ လွယ်လွယ်ကူကူ သွားရောက်မည် မဟုတ်ချေ။
သို့သော် ဝူယီဖန် ခေါင်းမော့လိုက်သည့် အခိုက်အတန့်တွင် လင်းဇီရှင်းသည် သူ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် တိုးဝင်ဖက်ထားလိုက်သည်။ ဤရုတ်တရက် ဖြစ်ရပ်ကြောင့် ဝူယီဖန်မှာ အနည်းငယ် ကြောင်အမ်းသွားသော်လည်း သူသည် လင်းဇီရှင်း၏ ကျောပြင်ကို ဖွဖွလေး ပုတ်ပေးရင်း ပြောလိုက်သည်။
“ကဲပါ... ဘာဖြစ်လို့လဲ... ဘယ်သူ မင်းကို အနိုင်ကျင့်ပြန်ပြီလဲ... ပြော... ကိုယ် မင်းအတွက် လက်စားချေပေးမယ် “
သို့သော် လင်းဇီရှင်းသည် ဘာမှ မပြောဘဲ ဝူယီဖန်ကိုသာ တိတ်ဆိတ်စွာ ဖက်ထားလေသည်။
ဤသည်ကို မြင်သောအခါ ဘေးနားရှိ ပါရမီရှင်များသည်လည်း အလိုက်တသိဖြင့် ထွက်ခွာသွားကြသည်။
မုချဧကန်ပင် သူတို့ ထွက်ခွာသွားကြသောအခါ သားရဲ အလောင်းအချို့ကို ယူဆောင်သွားရန် မမေ့ခဲ့ကြပေ။ မည်သို့ပင်ဆိုစေကာမူ သားရဲ အလောင်းများတွင် အလွန် ကြွယ်ဝသော သွေးချီစွမ်းအင်များ ပါဝင်နေပြီး စားသုံးလိုက်ပါက သူတို့၏ ရုပ်ခန္ဓာများကို တိုးတက်စေရန် များစွာ အထောက်အကူ ပြုပေလိမ့်မည်။
ဝူယီဖန်ကို အတန်ကြာ ဖက်ထားပြီးနောက် စုချောင်ရန်သည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ချောင်းဟန့်လိုက်သည်။
“အဟမ်း... ဒီမှာ လူတွေ ရှိနေသေးတယ်နော်”
ထိုအခါမှသာ လင်းဇီရှင်းသည် ဓာတ်လိုက်သွားသကဲ့သို့ ဝူယီဖန်၏ အနားမှ ခုန်ထွက်သွားသည်။ ဘာကြောင့်မှန်း သူမ မသိသော်လည်း ဝူယီဖန် မိုးကြိုးကပ်ဘေးကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်သည်ကို မြင်လိုက်ရပြီးနောက် သူမ၏ ရင်ထဲမှ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ သတိလက်လွတ်ဖြစ်ကာ ဝူယီဖန်ကို ဖက်လိုက်မိသည်။
ယခု သတိပြန်ဝင်လာချိန်၌ ၊ ဧကရာဇ်တပိုင်း အဆင့်ထိ ရောက်ရှိနေသော လင်းဇီရှင်းမှာ မျက်နှာတစ်ခုလုံး နီမြန်းနေလေ၏။
ဤမြင်ကွင်းကို မြင်သောအခါ စုချောင်ရန်၏ ရင်ထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။ ဤသည်မှာ လူငယ်ဘဝပင် မဟုတ်လော။ သူမနှင့် ဝူဟောက်သည်လည်း ငယ်ရွယ်စဉ်က အလားတူ အတွေ့အကြုံမျိုး ရှိခဲ့ဖူးသော်လည်း ၊ ယခုအခါ သူတို့ နှစ်ဦးစလုံး အသက်ကြီးနေပြီ ဖြစ်ကာ ထိုကဲ့သို့သော လှပသော အတွေ့အကြုံမျိုး မရှိတော့ချေ။
“ကဲ... လျှို့ဝှက်နယ်မြေထဲက ကြမ်းကြုတ်တဲ့ သားရဲ အများစုက ခုနတုန်းက ဒီနေရာကို ဆွဲဆောင်ခံလိုက်ရပြီ ဆိုတော့ လျှို့ဝှက်နယ်မြေက အခုလောက်ဆို ဘေးကင်းလောက်ပြီ... ဒါဆိုရင် ငါတို့ အရင် သွားနှင့်တော့မယ် “
ထိုသို့ ပြောပြီးနောက် ၊ စုချောင်ရန်သည် ဝူရူလုံနှင့် အခြားသူများကို ခေါ်ဆောင်၍ ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် လင်းဇီရှင်းသည် တစ်စုံတစ်ခုကို သတိရသွားပုံ ရသည်။ သူမသည် စုချောင်ရန်၏ ရှေ့မှောက်သို့ အလျင်အမြန် ရောက်လာပြီး အင်မော်တယ် ဓားကို တိုက်ရိုက် ထုတ်ပေးလိုက်သည်။
“ဘေးအဘွား... သားရဲအုပ်ကြီး ရှင်းပြီးပြီ ဆိုတော့... ဒီ အင်မော်တယ် ဓားကို ပြန်သိမ်းလိုက်ပါဦး”
လင်းဇီရှင်းအတွက် ဤအင်မော်တယ် ဓား၏ တန်ဖိုးမှာ ကြီးမားလွန်းသဖြင့် သူမ ကိုင်တွယ်ထားနိုင်စွမ်း မရှိချေ။
သို့သော် စုချောင်ရန်သည် လင်းဇီရှင်းကို ပေးပြီး ဖြစ်၍ ပြန်ယူရန် ဆန္ဒ လုံးဝ မရှိပေ။ သူမသည် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်ပြီး ပြောလိုက်သည်။
“ယူထားလိုက်ပါ... အဲဒီတုန်းက မင်းအတွက် အိမ်ဝင်လက်ဆောင် မပြင်ဆင်ပေးခဲ့ရဘူး... ဒီ အင်မော်တယ် ဓားက မင်းအတွက် အိမ်ဝင်လက်ဆောင်လို့ သတ်မှတ်လိုက်”
ဘေးနားရှိ ဝူရူလုံသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏မျက်နှာ တစ်ခုလုံးတွင် ‘အားကျတယ်’ နှင့် ‘လိုချင်တယ်’ ဟူသော စာလုံးများကို အထင်းသား ရေးထိုးထားသကဲ့သို့ ဖြစ်နေသည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းဇီရှင်း၏ စိတ်ထဲတွင် တွန့်ဆုတ်နေပြီး ငြင်းပယ်ရန် ပြင်နေဆဲ ဖြစ်သော်လည်း ၊ ထိုအချိန်တွင် စုချောင်ရန်က နောက်ထပ် အင်မော်တယ် ဓား ဆယ်လက်ကို တစ်ပြိုင်နက် ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။
“ဒီအဆင့် ဓားတွေက ငါ့အတွက် အရမ်း တန်ဖိုးကြီးတယ်လို့ မထင်လိုက်နဲ့... တကယ်တော့ ငါ့ဆီမှာ နောက်ထပ် အများကြီး ရှိသေးတယ်”
စုချောင်ရန်သည် သူမ၏ ကြွယ်ဝချမ်းသာမှုကို ချပြသလိုက်သဖြင့် လင်းဇီရှင်းမှာ မတတ်သာတော့ဘဲ လက်ခံလိုက်ရတော့သည်။
ဝူရူလုံမှာမူ မနေနိုင်တော့ချေ။ သူသည် စုချောင်ရန်၏ ဘေးနားသို့ ကပ်သွားပြီး မျက်နှာချိုသွေးသော အမူအရာဖြင့် ပြောလိုက်သည်။
“အဟမ်း... မေမေ... သားလည်း တစ်ချောင်းလောက် လိုချင်လို့...”
အခန်း ၁၁၂ - ဖရိုဖရဲ အမွေအနှစ်ကို ရယူခြင်း
မုချဧကန်ပင် စုချောင်ရန်သည် ဝူရူလုံ၏ တောင်းဆိုမှုကို ငြင်းပယ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ၊ ဝူရူလုံ၏ လက်ရှိ ကျင့်ကြံမှုဖြင့် ဝူဟောက်သည် သူ့အတွက် သွန်းလုပ်ပေးထားသော ဧကရာဇ်ဓားနှင့်ပင် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။
ဝူရူလုံသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း ဘာမျှ မပြောတော့ချေ။ ဤအတွက် သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။
စုချောင်ရန်သည် သူတို့ကို ခေါ်ဆောင်၍ ထွက်ခွာတော့မည့်ဆဲဆဲတွင် ဝူချန်ကွန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏ အမူအရာမှာ အလွန်တရာ လေးနက်သွားသည်။
“ဒါနဲ့... ယိတောက်ရော”
ဝူချန်ကွန်း၏ စကားကိုကြားပြီးမှသာ ဝူယိတောက်သည် စောနက ဤနေရာတွင် ပေါ်မလာခဲ့ကြောင်းကို လူတိုင်း သတိပြုမိလိုက်သည်။
“သူ့မှာ အရေးကြီးတဲ့ ကိစ္စ ရှိလို့ နေမှာပါ... မဟုတ်ရင် လာကြည့်မှာ သေချာတယ်”
ဝူယီဖန်က ဝင်ပြောလိုက်သည်။
သို့သော် သူ၏စကားသံ ဆုံးသွားသည့် အခိုက်အတန့်တွင် ၊ လျှို့ဝှက်နယ်မြေ၏ အနောက်တောင်ဘက် အစွန်ဆုံးမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါ တစ်ခု ထွက်ပေါ်လာသဖြင့် ဝူယီဖန်နှင့် အခြားသူများသည် ထိုဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
ဝူယီဖန်နှင့် လင်းဇီရှင်းတို့၏ အမူအရာများသည် မသိမသာ ပြောင်းလဲသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုအရပ်မျက်နှာမှ ယခုလေးတင် ပြန်လာခဲ့ကြသောကြောင့် ဖြစ်သည်။
“ဒါက ဘယ်လို အရှိန်အဝါမျိုးလဲ”
ဝူရူလုံသည် လေးနက်သော အမူအရာဖြင့် မေးလိုက်ပြီး သူ၏ ရင်ထဲတွင် လေးလံနေခဲ့သည်။
ဝူယီဖန်က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။ ထိုအရှိန်အဝါ၏ စွမ်းအားကို သူ ခံစားမိသည်။ ဤသည်မှာ သူတောင်မှ ယှဉ်နိုင်မည့် ပြိုင်ဘက်မျိုး မဟုတ်လောက်ပေ။
တစ်စုံတစ်ခုကို သတိထားမိလိုက်သကဲ့သို့ ဝူယီဖန်နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ တူညီသော အဖြေတစ်ခုသည် သူတို့၏ စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။ နောက်တစ်စက္ကန့်တွင် သူတို့သည် ပြိုင်တူ ရေရွတ်လိုက်ကြသည်။
“ဟွမ်သွမ့် မဟာဧကရာဇ်ရဲ့ အမွေအနှစ်ပဲ”
ဟွမ်သွမ့် မဟာဧကရာဇ်၏ အမွေအနှစ် ဖြစ်ကြောင်း အတည်ပြုပြီးနောက် ၊ ဝူယီဖန်သည် တုံ့ဆိုင်းမနေတော့ဘဲ လူတိုင်းကို ဦးဆောင်၍ အမွေအနှစ် တည်ရှိရာ နေရာသို့ ချက်ချင်း ထွက်ခွာသွားလေသည်။
ထွက်ခွာသွားကြသော အခြား ပါရမီရှင်များသည်လည်း ထိုအရှိန်အဝါကို အာရုံခံမိကြပြီး ဖရိုဖရဲလျှို့ဝှက်နယ်မြေ၏ အနောက်တောင်ဘက်သို့ အပြေးအလွှား သွားရောက်ကြလေသည်။
သူတို့ ရောက်ရှိလာချိန်တွင် တစ်ချိန်က တောင်ကြီး တစ်လုံး ဖြစ်ခဲ့သော နေရာတွင် မတ်မတ်ရပ်တည်နေသည့် ကြီးမားသော မျှော်စင်ကြီး တစ်ခု တစ်နည်းအားဖြင့် ဟွမ်သွမ့် မဟာဧကရာဇ်၏ အမွေအနှစ် မျှော်စင်ကို တွေ့လိုက်ရသည်။
သို့သော် သူတို့ အနားကပ်သွားသောအခါ သူတို့၏ ရှေ့တွင် လျိုရူယန်နှင့် အခြားသူများကို တွေ့လိုက်ရသည်။
ဤအချိန်၌ လျိုရူယန်နှင့် အခြားသူများ၏ မျက်နှာများတွင် စိတ်ပျက်အားငယ်နေသော အမူအရာများဖြင့် ရှိနေကြသည်။ သူတို့သည် အကဲဖြတ်မှု တစ်ခုတွင် ပါဝင်ခဲ့ကြသော်လည်း၊ ဒုတိယထပ်သို့သာ ရောက်ရှိနိုင်ခဲ့ပြီး အဆုံးတွငိ ပြန်လည် ပို့ဆောင်ခြင်း ခံလိုက်ရသည်။
“မင်းတို့ပါလား... ယိတောက်ရော”
နောက်တစ်စက္ကန့်တွင် ဝူယီဖန်သည် စုချောင်ရန်နှင့် အခြားသူများနှင့်အတူ လျိုရူယန်တို့ အဖွဲ့၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
ဝူယီဖန်သည် ဝူယိတောက်နှင့်အတူ ဝင်ရောက်လာကြသော ထျန်းဝူတောင်မှ ပါရမီရှင်များကို သဘာဝကျကျ မှတ်မိနေသဖြင့် သူတို့ကို မြင်သည်နှင့် မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
ဝူယီဖန်၏ မေးခွန်းကို ကြားပြီးနောက် လျိုရူယန်နှင့် အခြားသူများသည် ဝူယိတောက်နှင့်အတူ ဟွမ်သွမ့်မဟာဧကရာဇ်၏ အမွေအနှစ်ကို လက်ခံရယူရန် အမွေအနှစ် နေရာသို့ မည်သို့ ဝင်ရောက်ခဲ့ကြကြောင်း ပြန်လည် ပြောပြခဲ့သည်။
လျိုရူယန်၏ စကားကို ကြားပြီးနောက် ဝူယီဖန်၏ မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသော အမူအရာတစ်ခု ပေါ်လာသည်။
“ဒါကြောင့်ကိုး... စောစောက ငါ ဒီနေရာကို ရောက်တုန်းက ရင်းနှီးနေတဲ့ အရှိန်အဝါ တစ်ခု ဘာလို့ ရှိနေရတာလဲလို့ တွေးနေတာ... ယိတောက်လည်း ဒီနေရာမှာ ရှိနေခဲ့တာကိုး”
“ဒီလိုဆိုရင်တော့ ယိတောက်က အမွေအနှစ်ကို ရရှိသွားလို့ ဟွမ်သွမ့် မဟာဧကရာဇ်က မင်းတို့ အားလုံးကို အပြင် ပြန်ပို့လိုက်တာ ဖြစ်ရမယ်”
ဝူယီဖန်သည် လျိုရူယန်နှင့် အခြားသူများကို ရှင်းပြလိုက်သည်။ ဤဖြစ်နိုင်ခြေကို သူတို့ ခန့်မှန်းမိကြသော်လည်း အမှန်တကယ် သိလိုက်ရသောအခါ စိတ်ပျက်မှုကို ခံစားနေရဆဲပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ၊ ဟွမ်သွမ့်မဟာဧကရာဇ်၏ အမွေအနှစ်ကို ရယူပြီး ထင်ရှားကျော်ကြားလာရန် မည်သူက စိတ်ကူးမယဉ်ဖူးဘဲ နေမည်နည်း။
သို့သော် ဟွမ်သွမ့် မဟာဧကရာဇ်၏ အမွေအနှစ်သည် သာမန်လူများ၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည် မဟုတ်။
ဝူယိတောက်မှ အမွေအနှစ် ရရှိသွားကြောင်း သိလိုက်ရသော်လည်း ၊ ဝူယီဖန်နှင့် အခြားသူများသည် မနာလို မဖြစ်ကြချေ။ သူတို့၌ ကိုယ်ပိုင် တာအိုလမ်းစဉ် ရှိပြီး ဟွမ်သွမ့် မဟာဧကရာဇ်၏ တာအိုသည် သူတို့နှင့် မသင့်လျော်ပေ။
“ကောင်းပြီ... ဒီလိုဆိုမှတော့ ငါတို့ ဒီနေရာမှာ ယိတောက်အတွက် တာအိုစောင့်ရှောက်သူတွေ အဖြစ် နေပေးကြတာပေါ့... ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က ဟွမ်သွမ့် မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို လိုချင်တပ်မက်နေမှာပဲ... ယိတောက် အမွေအနှစ် ရသွားတာကို မြင်ပြီး ယိတောက်ကို လုပ်ကြံဖို့ ကြိုးစားလာနိုင်တယ်”
ဝူယီဖန်သည် စုချောင်ရန်နှင့် အခြားသူများကို ပြောလိုက်ပြီးနောက် နေရာမှာတင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
စုချောင်ရန်နှင့် အခြားသူများသည်လည်း လိုက်ပါ လုပ်ဆောင်ကြသည်။ ဤကိစ္စသည် အလွန် အရေးကြီးသည်။ အကယ်၍ ဝူယိတောက်သာ အမွေအနှစ်ကို ရရှိနိုင်ခဲ့ပါက သူ၏ ကျင့်ကြံမှုသည် သေချာပေါက် တစ်ဟုန်ထိုး တိုးတက်လာမည် ဖြစ်ပြီး ဝူမိသားစုအတွက် ကြီးမားသော အကျိုးကျေးဇူးများ ဖြစ်လာပေမည်။
သို့သော် ဝူယီဖန်နှင့် အခြားသူများသည် အတွေးလွန်နေကြခြင်း ဖြစ်သည်။ အကယ်၍ ထိုလူများသာ ဝူယိတောက်မှ အမွေအနှစ် ရရှိသွားကြောင်း သိရှိသွားပါက သူ့ကို လက်ဖျားနှင့်ပင် ထိရဲကြမည် မဟုတ်ချေ။
ဟွမ်သွမ့်မဟာဧကရာဇ်၏ အမွေအနှစ်သည် ဆွဲဆောင်မှု ရှိသော်လည်း ရင့်ကျက်လာရန် အချိန်လိုအပ်သည်။ ထို့အပြင် ဝူမိသားစုတွင် မဟာဧကရာဇ် တစ်ပါး ရှိနေသည်မှာ ထင်ရှားနေသဖြင့် မဟာဧကရာဇ် တစ်ပါးကို ဆန့်ကျင်ရဲသူမှာ အရူးသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ပါရမီရှင်များရောက်ရှိလာပြီး ဝူယီဖန်နှင့် အခြားသူများ တင်ပျဉ်ခွေ ထိုင်နေကြသည်ကို တွေ့လိုက်ရသောအခါ ရေအေးတစ်ပုံးနှင့် အလောင်းခံလိုက်ရသကဲ့သို့ သူတို့၏ စိတ်လှုပ်ရှားနေသော နှလုံးသားများမှာ အေးစက်သွားသည်။
သတင်းကောင်း အနေဖြင့် ဟွမ်သွမ့်မဟာဧကရာဇ်၏ အမွေအနှစ်သည် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ သတင်းဆိုး အနေဖြင့် ၎င်းကို ဝူမိသားစုက ပိုင်ဆိုင်သွားပြီ ဖြစ်ရာ ၊ သူတို့ ရယူနိုင်တော့မည် မဟုတ်ချေ။
ထို့ကြောင့် ဝူယီဖန်နှင့် အခြားသူများကို မြင်လိုက်ရသည်နှင့် ၊ ပါရမီရှင်များသည် အလိုက်တသိဖြင့် ထွက်ခွာသွားကြသည် တစ်ခဏချင်းပင် ပတ်ဝန်းကျင်သည် ခြောက်ခြားဖွယ်ရာ ကောင်းလောက်အောင် တိတ်ဆိတ်သွားလေသည်။
“ယိတောက် အမွေအနှစ် ရဖို့ ဘယ်လောက်ကြာမလဲ မသိဘူး”
ဝူယီဖန်သည် သူ့ဘာသာသူ တွေးလိုက်မိသည်။ ထို့နောက် သူ၏ အကြည့်သည် ရှေ့က အမွေအနှစ် မျှော်စင်ဆီသို့ ရောက်ရှိသွားကာ သူ၏ ဝိညာဉ်အာရုံကို လှမ်း၍ ဖြန့်ကျက်လိုက်သည်။ သို့သော် အမွေအနှစ် မျှော်စင်နှင့် ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် ပိတ်ဆို့ခံလိုက်ရသည်။
ထားပါတော့လေ... ဝူယိတောက် ပြန်ထွက်လာမယ့် အချိန်ကိုပဲ စောင့်ဆိုင်းရတော့မယ်နဲ့တူတယ်..
အမွေအနှစ် မျှော်စင်၏ ဟင်းလင်းပြင် အတွင်း၌ ဝူယိတောက်သည် ဟွမ်သွမ့် မဟာဧကရာဇ်၏ မျှော်လင့်ချက်ကို ရိုက်ချိုးမပစ်ခဲ့ပေ။ တစ်လ အတွင်းမှာပင် သူသည် ပဉ္စမထပ်သို့ ရောက်ရှိခဲ့ပြီး ၊ ပဉ္စမထပ်ရှိ ကြေးမုံ စမ်းသပ်မှုကို လွယ်လင့်တကူ အောင်မြင်ခဲ့သည်။
ကြေးမုံ စမ်းသပ်မှုသည် အခက်ခဲဆုံး စမ်းသပ်မှုအဖြစ် ကျော်ကြားသည်ကို သင် သိထားရမည်။ အကြောင်းရင်းမှာ ကြေးမုံပုံရိပ်များသည် မူလပိုင်ရှင်နှင့် တူညီသော ကျင့်ကြံမှုနှင့် စဉ်းစားတွေးခေါ်မှု ဖြစ်စဉ်များကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ မိမိကိုယ်ကို ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်သည်။
လူတစ်ယောက် အနေဖြင့် မိမိကိုယ်ကို ပြန်လည် အနိုင်ယူရန်မှာ အလွန် ခက်ခဲသောကြောင့် လူများစွာသည် ကြေးမုံ စမ်းသပ်မှုတွင် ကျရှုံးတတ်ကြသည်။
သို့သော် ဟွမ်သွမ့် မဟာဧကရာဇ် မသိခဲ့သည့်အရာမှာ ဝူယိတောက်၏ ကိုယ်ပိုင် တာအိုသည် ပုံတူကူး၍ မရနိုင်သော တာအိုကို သွန်းလုပ်ထားခြင်း ဖြစ်ပြီး ၊ ထို့ကြောင့်ပင် ကြေးမုံပုံရိပ်သည် သူ့အတွက် ပြိုင်ဘက် မဟုတ်ခဲ့ပေ။
ပဉ္စမထပ် စမ်းသပ်မှုကို ပြီးမြောက်ပြီးနောက် ဝူယိတောက်သည် ဟွမ်သွမ့် မဟာဧကရာဇ်၏ ရှေ့မှောက်သို့ ပို့ဆောင်ခံလိုက်ရသည်။
ဟွမ်သွမ့် မဟာဧကရာဇ်၏ မျက်နှာတွင် မျှော်လင့်တောင့်တသော အမူအရာများဖြင့် ပြည့်နှက်နေပြီး ဝူယိတောက်ကို ကျေနပ်သော အပြုံးဖြင့် ကြည့်ရှုနေသည်။
“ကောင်းပြီ... မင်းက ဒီအရှင်သခင်ရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီ ဆိုတော့ ဒီအရှင်သခင်ရဲ့ အမွေအနှစ်ကို သဘာဝကျကျ ရယူနိုင်ပြီ... ဒါ့အပြင် ဒီအရှင်သခင်က မင်းကို အပ်နှံစရာ တစ်ခု ရှိသေးတယ်... တကယ်လို့ မင်း အထက်ဘုံကို တက်လှမ်းရောက်ရှိခဲ့ရင် ဒီအရှင်သခင်ကို ရှာဖွေပေးနိုင်မလား”
ထို့နောက်တွင် ဟွမ်သွမ့် မဟာဧကရာဇ်သည် သူ၏ မူလခန္ဓာကိုယ်နှင့်အထက်ဘုံတွင် မည်သို့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ပြန်လည် ပြောပြခဲ့သည်။
ဟွမ်သွမ့် မဟာဧကရာဇ်သည် အမှန်တကယ်တွင် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ဝူယိတောက်မှာ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ ဟွမ်သွမ့် မဟာဧကရာဇ်သည် ဤမျှ ကျင့်ကြံမှုမြင့်မားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မည်ဟု သူ ထင်မထားခဲ့သည်မှာ ထင်ရှားသည်။
သို့တိုင်အောင် ဝူယိတောက်၏ ရင်ထဲတွင် ကြောက်ရွံ့ခြင်း မရှိချေ။ သူ့ကို အချိန်အတိုင်းအတာ တစ်ခုထိ ပေးခဲ့မည်ဆိုပါက ၊ ဟွမ်သွမ့် မဟာဧကရာဇ် ဖြစ်နေရင်တောင်မှ သူသည် ကျော်ဖြတ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် ဝူယိတောက်သည် ခေါင်းညိတ် သဘောတူလိုက်သည်။
ဝူယိတောက် သဘောတူသည်ကို မြင်သောအခါ ဟွမ်သွမ့် မဟာဧကရာဇ်သည် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“လူငယ်လေး... မင်းက ဒီအရှင်သခင်ရဲ့ ဖရိုဖရဲ တာအိုကို ကျင့်ကြံနေပုံ မရဘူး... မင်းကိုယ်ပိုင် ဖရိုဖရဲ တာအိုကို သွန်းလုပ်ထားပုံ ရတယ်... အဲ့တာဆိုရင်တော့ မင်းအနေနဲ့ ဒီအရှင်သခင်ရဲ့ ဖရိုဖရဲ တာအိုကို မကျင့်ကြံရဘူး... ဒါပေမဲ့ အဲဒီကနေ ကိုးကားချက် အချို့တော့ ရယူနိုင်တယ်”
“ကဲ... လူငယ်လေး... ဒါကို လက်ခံဖို့ အဆင်သင့် ပြင်ထားလိုက်တော့”
ထိုသို့ပြောပြီးသည်နှင့် ဟွမ်သွမ့် မဟာဧကရာဇ်သည် သူ၏လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် အလင်းအစုအဝေး တစ်ခုသည် ဟွမ်သွမ့် မဟာဧကရာဇ်၏ လက်ချောင်းထိပ်မှ ပျံသန်းထွက်ခွာလာပြီး ဝူယိတောက်၏ စိတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့လေသည်။