← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း ၁၁၇ - မဟာဧကရာဇ်ထက် သာလွန်သော အရှိန်အဝါ

“ဒါပေမဲ့ နတ်သင်္ချိုင်းတောင်ကြားထဲက ကြမ်းကြုတ်တဲ့ သားရဲတွေက ကိုယ်ပိုင် အသိစိတ် ပျောက်ဆုံးနေသလိုပဲ... သတ်ဖြတ်ဖို့ သက်သက်ပဲ တည်ရှိနေကြသလိုမျိုးပဲ”

ဝူယီဖန်သည် သူ သတ်ဖြတ်ခဲ့သော ကြမ်းကြုတ်သည့် သားရဲ ဆယ်ကောင်ကို ပြန်တွေးရင်း သူ၏ အမူအရာမှာ အလွန် လေးနက်နေသည်။

ကြမ်းကြုတ်သော သားရဲများနှင့် မိစ္ဆာသားရဲများ အကြား ကွာခြားချက်များစွာ ရှိသည်။ အရေးကြီးဆုံး နှစ်ချက်မှာ - ပထမအချက် အနေဖြင့် မိစ္ဆာသားရဲများသည် အာရုံခံစားမှု ရှိကြသော်လည်း ကြမ်းကြုတ်သော သားရဲများသည် သတ်ဖြတ်ခြင်းကိုသာ သိကြသည်။

ဒုတိယအချက် အနေဖြင့် ကြမ်းကြုတ်သော သားရဲများသည် ကြောက်ရွံ့မှုကို မခံစားရပေ။ မည်သည့် သတ္တဝါမဆို စွမ်းအားကြီးသော ဖြစ်တည်မှု တစ်ခုနှင့် တွေ့ဆုံရပါက ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ ခံစားရပြီး ဆုတ်ခွာလိုစိတ် ဖြစ်ပေါ်လာတတ်သော်လည်း ကြမ်းကြုတ်သော သားရဲများမှာမူ ထိုသို့ မဟုတ်ပေ။

အင်မော်တယ် ဧကရာဇ် တစ်ပါးမှ သူတို့ရှေ့ ပေါ်လာလျှင်ပင် သူတို့သည် ရှေ့သို့ တိုးဝင်တိုက်ခိုက်ကြမည် ဖြစ်သည်။

“ထားလိုက်ပါတော့... ဆက်ရှာကြည့်တာပေါ့... လူတွေ ဘာလို့ နတ်သင်္ချိုင်းတောင်ကြားထဲ ဝင်ဖို့ ဒီလောက်ထိ စိတ်အားထက်သန်နေကြလဲ ဆိုတာ ငါ နားမလည်ဘူး... ငါ့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့သာ မဟုတ်ရင် ငါ နတ်သင်္ချိုင်းတောင်ကြားထဲ ဝင်ချင်မှ ဝင်မှာ”

ထိုသို့ တွေးလိုက်ရင်း ဝူယီဖန်သည် နတ်သင်္ချိုင်းတောင်ကြားကို ဆက်လက် စူးစမ်းရှာဖွေနေခဲ့သည်။

သူ မသိခဲ့သည့်အရာမှာ မဟာဧကရာဇ် အဆင့်ထက် သာလွန်သော နယ်ပယ်ရှိသည့် ကြမ်းကြုတ်သော သားရဲ တစ်ကောင်သည် သူ ရှိရာအရပ်သို့ ဦးတည်လာနေပြီ ဖြစ်သည်။

“တပည့်... မင်း ဟွမ်သွမ့် မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို တကယ် ရခဲ့တာလား”

ထျန်းဝူတောင်ပေါ်တွင် သိုင်းသူတော်စင် နာ့သည် ဝူယိတောက်မှ ဟွမ်သွမ့် မဟာဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့ကြောင်း သိရှိသွားပြီးနောက် သူ၏ မျက်လုံးများသည် တောက်ပလာပြီး ရင်ထဲတွင် အတိုင်းထက်အလွန် ပျော်ရွှင်သွားသည်။

ဝူယိတောက်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။

“ကျွန်တော် ကံကောင်းလို့ ဟွမ်သွမ့် မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရခဲ့တာပါ”

“ဒါ ကံကောင်းရုံ သက်သက် မဟုတ်ဘူး... ဟွမ်သွမ့် မဟာဧကရာဇ်က ငါတို့ ရွှမ်ထျန်းကမ္ဘာ သမိုင်းမှာ အစွမ်းအထက်ဆုံး ပါရမီရှင်ပဲ... သူ့ရဲ့ အမွေအနှစ်ကို ကံတရား တစ်ခုတည်းနဲ့ ရယူလို့ မရဘူး... ဒါက မင်းနဲ့ ထိုက်တန်လို့ ရတာပါ”

သိုင်းသူတော်စင် နာ့သည် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။ သူ၏ တပည့်အတွက် ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ဝမ်းသာမိသည်။

သို့သော် ထိုအခိုက်အတန့်တွင် ဝူယိတောက်၏ အမူအရာမှာ လေးနက်နေပြီး တိုးညှင်းစွာ ပြောလိုက်သည်။

“ဆရာ... ကျွန်တော်တို့ ထျန်းဝူတောင် အောက်ခြေမှာ ဘာတွေ ရှိနေတာလဲ”

သိုင်းသူတော်စင် နာ့သည် အစပိုင်းတွင် လန့်ဖျပ်သွားသော်လည်း အလျင်အမြန်ပင် ခါးသက်သော အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်သည်။

“မင်း သတိထားမိသွားပြီလား”

“ဟုတ်ကဲ့... အရင်တုန်းက ကျွန်တော် သတိမထားမိခဲ့ဘူး... ဒါပေမဲ့ ဟွမ်သွမ့် မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရပြီး ပြန်လာတော့မှ ခံစားမိလိုက်တာ”

ဝူယိတောက်သည် ခေါင်းညိတ်လိုက်သည်။ ဟွမ်သွမ့် မဟာဧကရာဇ်၏ အမွေအနှစ်ကို ရရှိပြီး ထျန်းဝူတောင်သို့ ပြန်လာပြီးနောက် ထျန်းဝူတောင် အောက်ခြေမှ စွမ်းအားကြီးမားသော အရှိန်အဝါ တစ်ခုကို သူ အာရုံခံမိလိုက်သည် ။ဤသည်မှာ မဟာဧကရာဇ် တစ်ပါးထက် သာလွန်သော အရှိန်အဝါ တစ်ခု ဖြစ်သည်။

သိုင်းသူတော်စင် နာ့သည် သက်ပြင်းချလိုက်သည်။

“ကောင်းပြီ... မင်း သိသွားမှတော့ ဒီအကြောင်း မင်းကို ပြောပြဖို့ အချိန်တန်ပြီပေါ့... ဘာပဲဖြစ်ဖြစ် ငါ မင်းကို ပြောပြရမှာပဲ... နည်းနည်း စောသွားတာပဲ ရှိတာပါ”

“ငါ့ ထျန်းဝူတောင် အောက်ခြေမှာ ငါတို့ ရွှမ်ထျန်းကမ္ဘာက မဟုတ်တဲ့ စွမ်းအားကြီးမားတဲ့ မိစ္ဆာသားရဲ တစ်ကောင်... ပြောရရင် တခြားကမ္ဘာက မိစ္ဆာသားရဲ တစ်ကောင် ရှိနေတယ်”

ပြောနေရင်းဖြင့် သိုင်းသူတော်စင် နာ့၏ အမူအရာမှာ အလွန် လေးနက်လာသည်။ ထို့နောက်တွင် ဝူယိတောက်သည် သိုင်းသူတော်စင် နာ့ထံမှ ဖြစ်ရပ်အပြည့်အစုံကို သိရှိလိုက်ရသည်။

လွန်ခဲ့သော နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် ကြာမြင့်ချိန်က ထျန်းဝူတောင်ရှိ ဧကရာဇ်တပိုင်း အဆင့်ရှိ စွမ်းအားရှင်များသည် မဟာမြင့်မြတ်နယ်မြေကြီး လေးခုထက်ပင် ပိုမို များပြားခဲ့သည်။ ထိုအချိန်က သူတို့သည် မဟာမြင့်မြတ်နယ်မြေကြီး လေးခုအပြင် ပဉ္စမမြောက် မဟာမြင့်မြတ်နယ်မြေအဖြစ် ရပ်တည်ခဲ့သည်။

သို့သော် တစ်နေ့တွင် ထျန်းဝူတောင် အထက်ရှိ ကောင်းကင်သည် ပြဲထွက်သွားပြီး မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ ရှိသည့် မိစ္ဆာသားရဲ တစ်ကောင်သည် ထျန်းဝူတောင် အထက်တွင် ပေါ်ထွက်လာခဲ့သည်။

ဤမြင်ကွင်းကို ရွှမ်ထျန်းကမ္ဘာရှိ ကျင့်ကြံသူ အားလုံး အာရုံခံမိခဲ့ကြသည်။ မဟာမြင့်မြတ်နယ်မြေကြီး လေးခုမှ သခင်မြတ်များသည် သူတို့၏ ဧကရာဇ် လက်နက်များကို ယူဆောင်လျက် ထျန်းဝူတောင်သို့ ချက်ချင်း အကူအညီ လာပေးခဲ့ကြသော်လည်း ရွှမ်ထျန်းကမ္ဘာ အနေဖြင့် ကြီးမားသော တန်ကြေးကို ပေးဆပ်ခဲ့ရပြီး ၎င်းကို ချေမှုန်းရန် ပျက်ကွက်ခဲ့ကြသည်။

နောက်ဆုံးတွင် အခြား ရွေးချယ်စရာ မရှိတော့သဖြင့် မဟာအစီအရင် ပညာရှင် တစ်ဦးက ဝင်ရောက် ကိုင်တွယ်ကာ ထျန်းဝူတောင်တွင် ကြီးမားသော အစီအရင် တစ်ခု တည်ဆောက်ပြီး ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံး၏ အင်အားကို စုစည်းကာ ထိုမိစ္ဆာသားရဲကို ပိတ်လှောင်ခဲ့ရသည်။

သို့သော် အစီအရင်၏ အူတိုင်မှာ ထျန်းဝူတောင်၏ ဆက်ခံသူ သခင် အသီးသီး ဖြစ်ကြသည်။ ထို့ကြောင့်ပင် ဝူယိတောက် အန္တရာယ် ကြုံတွေ့ရချိန်၌ သိုင်းသူတော်စင် နာ့သည် မည်မျှပင် စိုးရိမ်ပူပန်နေပါစေ ထျန်းဝူတောင်မှ ထွက်ခွာ၍ မရခဲ့ခြင်း ဖြစ်သည်။

“ဒါဆို ဆရာ... ရွှမ်ထျန်းကမ္ဘာက လူတွေက ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဘာလို့ မသိကြတာလဲ”

ဝူယိတောက်သည် တစ်စုံတစ်ခုကို တွေးမိပြီး လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။

မဟာဧကရာဇ်ထက် သာလွန်သော မိစ္ဆာသားရဲ တစ်ကောင်သည် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်။ ပုံမှန် အခြေအနေများတွင် သူတို့ လုံးဝ မသိနားမလည်ဘဲ မနေသင့်ပေ။

ထိုအမေးကြောင့် သိုင်းသူတော်စင် နာ့သည် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။

“အဲဒီတုန်းက ရွှမ်ထျန်းကမ္ဘာက ကျင့်ကြံသူတွေကို ငြိမ်းချမ်းစွာ ကျင့်ကြံခွင့် ရစေဖို့အတွက် ငါတို့ ထျန်းဝူတောင်၊ မဟာမြင့်မြတ်နယ်မြေကြီး လေးခုနဲ့ ထိပ်တန်း အင်အားစုတွေ ပူးပေါင်းပြီး ဒီကိစ္စကို ဖုံးဖိထားခဲ့ကြတာ... ပြီးတော့ နှစ်ပေါင်း သုံးသန်း ကြာလာတဲ့အခါ အဲ့အချိန်က ဖြစ်ရပ်တွေကို လူတိုင်း မေ့လျော့ကုန်ကြပြီး ငါတို့ ထျန်းဝူတောင်ရဲ့ ဆက်ခံသူ သခင်တွေကပဲ မှတ်မိနေကြတော့တယ်”

“ပြီးတော့ အရေးအကြီးဆုံးက အဲဒီ အစီအရင်က မိစ္ဆာသားရဲကို သိပ်မကြာခင် ထိန်းချုပ်ထားနိုင်တော့မှာ မဟုတ်ဘူးလို့ ငါ အာရုံခံမိနေတယ်... အကယ်၍ အတားအဆီး ပျက်သွားရင် ငါတို့ ထျန်းဝူတောင် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှု ဖြစ်မှာကို ငါ ကြောက်မိတယ်”

ဆရာ၏ စကားကို ကြားသောအခါ ဝူယိတောက်သည် တိတ်ဆိတ်သွားသည်။ အတော်ကြာပြီးနောက် သူသည် ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။

“ဆရာ... အဲဒီ မိစ္ဆာသားရဲကို ဘယ်လောက်ကြာကြာ ဆက်ပြီး ဖိနှိပ်ထားနိုင်မလဲ”

သိုင်းသူတော်စင် နာ့သည် အစပိုင်းတွင် လန့်ဖျပ်သွားသော်လည်း အမှန်အတိုင်း ဖြေကြားလိုက်သည်။

“နှစ် ငါးထောင်လောက်ပဲ... နှစ် ငါးထောင် ကြာရင် ငါ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး... မိစ္ဆာသားရဲက အတားအဆီးကို ချိုးဖျက်ထွက်လာလိမ့်မယ်”

“နှစ် ငါးထောင်... ကျွန်တော် နားလည်ပြီ... နှစ် ငါးထောင် အတွင်းမှာ မဟာဧကရာဇ် နယ်ပယ် အထက်ကို ကျွန်တော် ချိုးဖျက်ဝင်ရောက်ပါ့မယ်... အဲဒီအချိန်ကျရင် မိစ္ဆာသားရဲကို ကျွန်တော် ကိုင်တွယ်မယ်”

ဝူယိတောက်သည် ဦးစွာ ခေါင်းငုံ့၍ စဉ်းစားလိုက်ပြီးနောက် ပြတ်သားစွာ ပြောလိုက်သည်။

နှစ် ငါးထောင် အတွင်း လူသား အင်မော်တယ် နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် သူသည် ယုံကြည်ချက် အပြည့်အဝ ရှိသည်။ အစီအရင်ကြောင့် မိစ္ဆာသားရဲ၏ နယ်ပယ်ကို သူ မသိသော်လည်း ၊ ရွှမ်ထျန်းကမ္ဘာ သမိုင်း စတင်ကတည်းက ဟွမ်သွမ့် မဟာဧကရာဇ်မှလွဲ၍ အခြား မဟာဧကရာဇ်များ မရှိခဲ့ချေ။

ဆိုလိုသည်မှာ ထိုမိစ္ဆာသားရဲသည် မဟာဧကရာဇ် အလယ်အလတ်အဆင့် သို့မဟုတ် နှောင်းပိုင်းအဆင့်တွင်သာ ရှိ‌နိုင်သည်။ သို့မဟုတ်ပါက လူသားအင်မော်တယ် အဆင့်သာ ဆိုလျှင်ဖြင့် ၊ ဧကရာဇ် လက်နက် ကိုင်ဆောင်ထားသော ဧကရာဇ်တပိုင်း ပင် မဆိုနှင့် ၊ ဧကရာဇ် လက်နက် ကိုင်ဆောင်ထားသော စစ်မှန်သည့် မဟာဧကရာဇ်ပင်လျှင် ပိတ်လှောင်ထားဖို့ နေနေသာသာ လုံးဝ တောင့်ခံနိုင်မည် မဟုတ်ချေ။

ထိုစကားကို ကြားလိုက်ရချိန်တွင် သိုင်းသူတော်စင် နာ့သည် လွမ်းဆွတ်မှု တစ်ခုကို ခံစားလိုက်ရပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ဆက်ကြိုးစား... မင်းကို ငါ ယုံကြည်တယ်”

ရည်မှန်းချက် ထားရှိပြီးနောက် ဝူယိတောက်သည် ပိုမို ကြိုးစား ကျင့်ကြံရန် ပြန်သွားလေသည်။ သိုင်းသူတော်စင် နာ့သည် ထွက်ခွာသွားသော ဝူယိတောက်၏ ကျောပြင်ကို ကြည့်ရင်း လွမ်းဆွတ်မှုကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် ချန်ဝူရွှမ်သည် သူ၏ ဘေးနားတွင် ပေါ်ထွက်လာပြီး မျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်ဖြင့် ပြောလိုက်သည်။

“ဂိုဏ်းချုပ်... ဂိုဏ်းချုပ်မှာလည်း သက်တမ်း နှစ် ငါးထောင်ပဲ ကျန်တော့တယ် ဆိုတာကို သူတော်စင်ကို တကယ် ပြောပြဖို့ မလိုဘူးလား”

“ပြောပြဖို့ မလိုဘူး... ပြောပြလိုက်ရင် သူ့ကို ပူပန်မှုတွေ တိုးစေရုံပဲ ရှိလိမ့်မယ်... ဒါဟာ ငါ့ကံတရားပဲ... ပြင်ဆင်ထားလိုက်... ဒီ နှစ် ငါးထောင် အတွင်းမှာ မင်းကို ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့် ရောက်အောင် ငါ အမြန်ဆုံး ကူညီပေးမယ်... အဲ့နောက် မင်းက ငါ့တာဝန်ကို လွှဲယူရမယ်”

သိုင်းသူတော်စင် နာ့သည် လက်ကို ဖြည်းညင်းစွာ ဝှေ့ယမ်းကာ ပြောလိုက်သည်။

ချန်ဝူရွှမ်သည် တိတ်ဆိတ်သွားပြီးနောက် ၊ လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ကျွန်တော် နားလည်ပါပြီ ဂိုဏ်းချုပ်”

“အင်း”

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မကြာမီ နှစ်နှစ်ခွဲ ကုန်လွန်သွားလေသည်။

ဤနှစ်နှစ်ခွဲ အတွင်း ဝူဟောက်၏ ကျင့်ကြံမှုသည် လျှိုထျန်း ရွှေအင်မော်တယ် နှောင်းပိုင်းအဆင့်မှ အထွတ်အထိပ် အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ ဤသည်မှလွဲ၍ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် အခြား မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့ချေ။

အရေးကြီးဆုံး အရာမှာ ချင်းလျန်မြင့်မြတ်နယ်မြေနှင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေတို့သည် သူတို့၏ သက်ဆိုင်ရာ အင်အားစုများတွင် မဟာဧကရာဇ် တစ်ပါး ပေါ်ထွက်လာခြင်းကို ဂုဏ်ပြုရန်အတွက် ရွှမ်ထျန်းကမ္ဘာရှိ အင်အားစု အားလုံးကို ဖိတ်ကြား၍ ဧည့်ခံပွဲ ကျင်းပခဲ့ခြင်းသာ ဖြစ်သည်။

နတ်သင်္ချိုင်းတောင်ကြားတွင်မူ ဝူယီဖန်သည် နောက်ဆုံးတွင် မတောင့်ခံနိုင်တော့ဘဲ မဟာဧကရာဇ် နယ်ပယ်ထက် သာလွန်သော ကြမ်းကြုတ်သည့် သားရဲ တစ်ကောင်နှင့် တွေ့ဆုံခဲ့ရသည်။

အခန်း ၁၁၈ - ပြိုင်ဘက်ကင်း ဖြစ်ပြီး မကြာခင်မှာပင် အလိုက်ခံနေရခြင်း ၊ အင်မော်တယ် ဘုရင်

“သောက်ကျိုးနည်း... ဒါ ရွှမ်ထျန်းကမ္ဘာ ဟုတ်သေးရဲ့လား... မဟာဧကရာဇ် အထက်က သတ္တဝါတွေကိုတောင် ဘယ်လိုလုပ် ဆွဲထုတ်လာနိုင်တာလဲ”

နောက်ကနေ ရူးမိုက်စွာ လိုက်လာသော ကြမ်းကြုတ်သည့် သားရဲကို ကြည့်ရင်း ၊ ဝူယီဖန်သည် ကျိန်‌ဆဲနေလေ၏။

အဘယ်ကြောင့်ဆိုသော် သူ့နောက်မှ ကြမ်းကြုတ်သည့် သားရဲ၏ အင်အားသည် မဟာဧကရာဇ် အထက် အဆင့်၊ လူသား အင်မော်တယ် အဆင့်သို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။

လက်ရှိ ဝူယီဖန်သည် မဟာဧကရာဇ်များ အကြားတွင် ပြိုင်ဘက်ကင်း ဖြစ်နိုင်သော်လည်း ၊ လူသား အင်မော်တယ် တစ်ပါးနှင့် တွေ့ဆုံရသည့်အခါ လေ့ကျင့်မှု ပိုမို လိုအပ်နေသေးကြောင်း ထင်ရှားသည်။

ထို့ကြောင့် လူသား အင်မော်တယ် အဆင့်ရှိ ကြမ်းကြုတ်သည့် သားရဲ ပေါ်လာသည့် အခိုက်အတန့်တွင် ဝူယီဖန်၏ ပင်ကိုယ်အသိစိတ်သည် ဝူယီဖန်ကို ထွက်ပြေးရန် လှုံ့ဆော်ပေးခဲ့သည်။ ဤသို့ဖြင့် လူသား အင်မော်တယ် အဆင့်ရှိ ကြမ်းကြုတ်သည့် သားရဲ၏ လိုက်လံဖမ်းဆီးမှု မှ ဝူယီဖန်တစ်ယောက် ထွက်ပြေးစရာ မြေနေရာမရှိ ဖြစ်ခဲ့ရလေသည်။

“ဒီလိုဆို မဖြစ်ဘူး... ပြီးတော့ နတ်သင်္ချိုင်းတောင်ကြားထဲ ဝင်ပြီးကတည်းက လမ်းပျောက်နေတာ... လုံးဝ ပြန်ထွက်လို့ မရတော့ဘူး”

ဝူယီဖန်သည် တဖြည်းဖြည်း နီးကပ်လာနေသော ကြမ်းကြုတ်သည့် သားရဲကို လှည့်ကြည့်ရင်း စိတ်ထဲတွင် တွေးလိုက်သည်။

နတ်သင်္ချိုင်းတောင်ကြားတွင် ကောင်းကင်နှင့် နေကို ဖုံးလွှမ်းထားသော သွေးရောင် မြူခိုးများ ရှိနေသည့်အပြင် ဝိညာဉ်အာရုံကိုလည်း ဟန့်တားထားသဖြင့် နတ်သင်္ချိုင်းတောင်ကြား အတွင်းရှိ ဝူယီဖန်၏ ဝိညာဉ်အာရုံသည် ပုံမှန် စွမ်းဆောင်ရည်၏ ဆယ်ပုံတစ်ပုံသာ အလုပ်လုပ်နိုင်သည်။

မုချဧကန်ပင် ကြမ်းကြုတ်သည့် သားရဲများသည် တိုက်ခိုက်ရန်သာ သိကြပြီး ကိုယ်ဖော့ပညာ သို့မဟုတ် ကျင့်စဉ်များကို မကျင့်ကြံကြသဖြင့် ဝူယီဖန်ကို ချက်ချင်း မမီနိုင်သော်လည်း ၊ သို့သော် သူ့ကို ဖမ်းမိနိုင်မည်မှာ အနှေးနဲ့အမြန်သာ ဖြစ်သည်။

“အဲ့တာက ဘာလဲ”

ထွက်ပြေးနေစဉ်တွင် ဝူယီဖန်သည် တစ်စုံတစ်ခုကို မြင်လိုက်ရပုံပေါ်ကာ သူ၏ မျက်လုံးများသည် တောက်ပသွားသည်။ သူ့ အနေဖြင့် သိပ်ဂရုမစိုက်နိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့သည် ဖြစ်၍ ၊ သူ့နောက်မှ ကြမ်းကြုတ်သည့် သားရဲ၏ ဆွဲဖြဲခြင်း ခံရသည်ထက်တော့ ပိုကောင်းမည်မှာ သေချာသည်။

မကြာမီ ကြီးမားသော နန်းတော် တစ်ခုသည် ဝူယီဖန်၏ မျက်စိရှေ့တွင် ပေါ်ထွက်လာသည်။ နန်းတော်၏ ဇာစ်မြစ်ကို ထည့်မတွက်ဘဲ ဝင်လိုက်သည်နှင့် ဘေးကင်းသွားလိမ့်မည်ဟူသော နှိုးဆော်ချက်က သူ၏ ရင်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ထို့ကြောင့် ဝူယီဖန်သည် တုံ့ဆိုင်းခြင်းမရှိ နန်းတော် တံခါးပေါက် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ ဝူယီဖန် ဝင်သွားပြီး နောက်တစ်စက္ကန့်တွင် ထိုလူသား အင်မော်တယ်အဆင့်ရှိ ကြမ်းကြုတ်သည့် သားရဲသည်လည်း လိုက်ပါ ရောက်ရှိလာသည်။ ၎င်း၏ မျက်လုံးများသည် နီရဲနေပြီး အတွင်းသို့ အတင်း တိုးဝင်လိုက်သည်။

သို့သော် တံခါးပေါက်ကို ဖြတ်ကျော်လိုက်သည့် အခိုက်အတန့်တွင် ကြောက်မက်ဖွယ် စွမ်းအား တစ်ခုသည် ကြမ်းကြုတ်သည့် သားရဲ၏ ကိုယ်ပေါ်သို့ တိုက်ရိုက် သက်ရောက်သွားပြီး ပေါက်ကွဲသွားစေသည်။

ဝူယီဖန်သည် သူ့နောက်မှ မြင်ကွင်းကို ကြောင်အမ်းစွာဖြင့် ကြည့်နေမိသည်။

“သိပ်... သိပ်စွမ်းတာပဲ...”

ဝူယီဖန်သည် မျက်လုံးများ ပြူးကျယ်လျက် ရေရွတ်လိုက်သည်။

သူတောင်မှ မဖြေရှင်းနိုင်သော ဖြစ်တည်မှု တစ်ခုသည် ယခုအခါ ဘာဖြစ်သွားမှန်း မသိလိုက်ဘဲ ဖြေရှင်းခံလိုက်ရသဖြင့် ဝူယီဖန်၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ အလိုအလျောက် စတင် ဖြစ်ပေါ်လာသည်။

ဒါက ဘယ်လို သရဲခြောက်တဲ့ နေရာမျိုးလဲ..ငါ ပြန်လာဖို့ စောင့်နေတဲ့ မိသားစု ရှိသေးတယ်..ဒီလိုမှန်းသိရင် ရွှမ်ထျန်းကမ္ဘာမှာပဲ နေခဲ့သင့်တာ.. အဆင့်တက်နှုန်း နည်းနည်း နှေးပေမဲ့ အသက်အန္တရာယ်တော့ မရှိဘူးလေ..

သို့သော် ယခုအခါ နောင်တရရန် အခွင့်အရေး မရှိတော့သည်မှာ ထင်ရှားသည်။

“ငါ ဝင်လာတုန်းက ဘာမှ ထူးခြားမှု မရှိပေမဲ့ ကြမ်းကြုတ်တဲ့ သားရဲက ဝင်လာတာနဲ့ ပေါက်ကွဲသွားတယ်... ဆိုတော့ ဒီနေရာမှာ ကြမ်းကြုတ်တဲ့ သားရဲတွေအတွက် အတားအဆီး ရှိနေပြီး သူတို့ကို ဝင်ခွင့်မပေးတာ ဖြစ်နိုင်တယ်”

“ဒါမှမဟုတ် စည်းမျဉ်း ပြဿနာလည်း ဖြစ်နိုင်တယ်... မဂဏန်း အရေအတွက် ဝင်လာရင် ပေါက်ကွဲတဲ့ ယန္တရား မလုပ်ဆောင်ဘဲ စုံဂဏန်း ဝင်လာရင် တိုက်ရိုက် ပေါက်ကွဲတာမျိုးပေါ့”

အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက် ဝူယီဖန်သည် နောက်ဆုံးတွင် တည်ငြိမ်သွားပြီး လက်ရှိ အခြေအနေကို စတင် စဉ်းစားလိုက်သည်။

သူ့အနေဖြင့် ရမ်းသမ်း မမှန်းဆရဲသော်လည်း မည်သို့ပင်ဖြစ်စေ လောလောဆယ် နန်းတော်ထဲတွင် နေထိုင်ခြင်းသည် သူ့အတွက် အလုံခြုံဆုံး ဆုံးဖြတ်ချက် ဖြစ်ကြောင်း ထင်ရှားသည်။

အပြင်ဘက်တွင် လူသား အင်မော်တယ် နှင့် လူသား အင်မော်တယ် အထက် အဆင့်ရှိ ကြမ်းကြုတ်သည့် သားရဲများပင် ပေါ်ထွက်လာနိုင်သည်။ စစ်မှန်အင်မော်တယ် အဆင့်ရှိ ကြမ်းကြုတ်သည့် သားရဲများ မရှိကြောင်း မည်သူကများ အာမခံနိုင်မည်နည်း။

အကယ်၍ စစ်မှန်အင်မော်တယ် အဆင့်ရှိ ကြမ်းကြုတ်သည့် သားရဲနှင့် တွေ့ဆုံရပါက ဝူယီဖန်၏ လက်ရှိ ကျင့်ကြံမှုဖြင့် အဆင့်အမြင့်ဆုံး ကိုယ်ဖော့ပညာ ရှိလျှင်ပင် ထွက်ပြေးလွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ချေ။ ဤသည်မှာ အင်အား ကွာခြားချက်ကြောင့် ဖြစ်ပေါ်လာသော အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်သည်။

“ဟူး... နန်းတော်ထဲက အခြေအနေကို အရင် လိုက်ကြည့်ရအောင်... အထဲမှာ အန္တရာယ် တစ်ခုခု ရှိမလား မသိဘူး”

ယခုအချိန်တွင် အပြင်ထွက်ရန် မဖြစ်နိုင်ပေ။ အပြင်ဘက်တွင် လူသား အင်မော်တယ် နှင့် လူသား အင်မော်တယ် အဆင့် အထက် ကြမ်းကြုတ်သည့် သားရဲများ ရှိနေနိုင်သဖြင့် သူသည် အပြင်ထွက်ပြီး စွန့်စားမည် မဟုတ်ချေ။

ယခင်က သူ၏ ဝိညာဉ်အာရုံ ဖိနှိပ်ခံထားရသဖြင့် ထိုလူသား အင်မော်တယ်အဆင့်ရှိ ကြမ်းကြုတ်သည့် သားရဲသည် သူ့အနားသို့ ကပ်လာမှသာ ဝူယီဖန်သည် အာရုံခံမိခဲ့သည်။ သို့မဟုတ်ပါက သူသည် အရင်ကတည်းက အဝေးမှ ရှောင်ရှားခဲ့ပြီး ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လက်ရှိတွင် ဝူယီဖန်၌ ရွေးချယ်စရာ တစ်ခုသာ ကျန်ရှိတော့သည်။ ၎င်းမှာ နန်းတော် အတွင်းပိုင်း အခြေအနေကို စူးစမ်းရှာဖွေခြင်း ဖြစ်သည်။

သို့သော် နတ်သင်္ချိုင်းတောင်ကြားသည် ရွှမ်ထျန်းကမ္ဘာ၏ပိုင်ဆိုင်မှု လုံးဝ မဟုတ်ကြောင်း ဝူယီဖန် ယခု သေချာသွားပြီ ဖြစ်သည်။ ရွှမ်ထျန်းကမ္ဘာသည် မဟာဧကရာဇ် အဆင့်အထိသာ လက်ခံနိုင်ပြီး မဟာဧကရာဇ်အဆင့် အထက် ဖြစ်တည်မှုများ လုံးဝ တည်ရှိ၍ မရနိုင်ပေ။

ထို့ပြင် အန္တရာယ်နှင့် အခွင့်အလမ်းသည် တန်းတူညီမျှ ဖြစ်ကြောင်းလည်း ဝူယီဖန် ယုံကြည်ထားသည်။ နတ်သင်္ချိုင်းတောင်ကြားသည် အကျပ်အတည်းများဖြင့် ပြည့်နှက်နေသကဲ့သို့ အတွင်းမှ အခွင့်အလမ်းများသည်လည်း အလွန် ကြီးမားသည်ဟု ဆိုနိုင်သည်။

အကယ်၍ သူသာ သေချာရှာဖွေမည်‌ဆိုပါက ၊ သူ ရရှိမည့် အကျိုးကျေးဇူးများသည် သေချာပေါက် အလွန် များပြားပေလိမ့်မည်။

ဤအချက်ကို တွေးမိပြီးနောက် ဝူယီဖန်သည် နန်းတော်ကို ပိုမို သတိထား၍ စူးစမ်းရှာဖွေလေသည်။

နန်းတော် အပြင်ဘက်တွင် ရွှယ်ယွမ်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ အံ့သြစွာဖြင့် ပြောလိုက်သည်။

“စိတ်ဝင်စားစရာပဲ... သွေးကမ္ဘာထဲကို တစ်ယောက်ယောက် ထပ်ဝင်သွားပြန်ပြီလား... သူ့ကို သွားရှာပြီး ငါ့ရှေ့ ခေါ်လာခဲ့... ငါ အသုံးပြုဖို့အတွက်...”

ရွှယ်ယွမ် ပြောပြီးသည်နှင့် နောက်တစ်စက္ကန့်တွင် သွေးရောင် အရိပ်တစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ကွာကျလာပြီး သွေးဝိညာဉ်ဂိုဏ်း၏ အပြင်ဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားလေသည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ရွှယ်ယွမ်သည် မတ်တတ်ရပ်လိုက်သည်။ သူ၏ ပုံရိပ် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ အခြားနေရာ တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရွှယ်ယွမ်၏ ရှေ့မှောက်တွင် ဧရာမ ပိုးအိမ်ကြီး တစ်ခု ရှိနေပြီး ၊ ၎င်းသည် အလွန်တရာမျှ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသဖြင့် ရွှယ်ယွမ်မှာ စိတ်လှုပ်ရှားသွားသည်။

“စောင့်နေလိုက်... ဝူယီဖန်... ဟုတ်လား... ငါ ဒီလောက်ထိကြီးမားတဲ့ ဆုံးရှုံးမှုကို ဘယ်တုန်းကမှ မခံစားဖူးဘူး... စီမံကိန်း အောင်မြင်တဲ့အခါ၊ သွေးနတ်ဘုရား ပြန်လည် ရှင်သန်လာတဲ့အခါ၊ ငါတို့ သွေးကမ္ဘာရဲ့ အတားအဆီး ပျက်စီးသွားလိမ့်မယ်... အဲဒီအချိန်ကျရင် ငါက မင်းကို သွေးရုပ်သေး အဖြစ် သေချာပေါက် သန့်စင်ပစ်မယ်”

“ဟားး...”

ပြောရင်းဆိုရင်း ရွှယ်ယွမ်သည် အားရပါးရ ရယ်မောလိုက်သည်။ သူ၏ လေသံတွင် ယုတ်မာမှုများ ပြည့်နှက်နေသည်။

သို့သော် ဝူယီဖန်မှာ ဤအကြောင်းကို မသိရှိချေ။ ထ်ိုအချိန်၌ ဝူယီဖန်သည် နန်းတော်ကို စူးစမ်းရှာဖွေနေဆဲ ဖြစ်သည်။

အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ မကြာမီ နောက်ထပ် သုံးနှစ် ကုန်လွန်သွားပြန်သည်။ ဤသုံးနှစ် အတွင်း မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့ဘဲ ဝူမိသားစုဝင်များ၏ ကျင့်ကြံမှုသာလျှင် လျင်မြန်စွာ တိုးတက်လာသည်။

အင်မော်တယ် ဧကရာဇ် အမွေအနှစ်ကို ရရှိပြီးနောက် ဝူမိသားစုဝင် အများအပြား၏ ကျင့်ကြံမှုသည် သာမန်မျက်စိဖြင့် မြင်နိုင်လောက်သော နှုန်းဖြင့် စတင် တိုးတက်လာခဲ့သည်။ သို့သော်ငြား ၊ ဝူမိသားစုဝင် အားလုံး အင်မော်တယ် ဧကရာဇ်အဆင့်ရှိ အမွေအနှစ်ကို လက်ခံမရရှိခဲ့ပေ။

၎င်းသည် အမြဲတမ်း ပြန်လည်ရရှိနေမည့် အရင်းအမြစ် မဟုတ်ချေ။ ဝူဟောက် အနေဖြင့် အခြားသော အင်မော်တယ် အဆင့်ရှိ အမွေအနှစ်များကို မတွေ့ရှိသရွေ့ တစ်ခု သုံးလိုက်လျှင် တစ်ခု လျော့သွားမည် ဖြစ်သည်။

ထို့ကြောင့် ဝူဟောက်သည် လောလောဆယ်တွင် ဝူရူလုံ၊ တတိယမျိုးဆက်နှင့် စတုတ္ထမျိုးဆက်တို့မှလွဲ၍ ကျန်ရှိသော သူများကို အင်မော်တယ် ဧကရာဇ် အမွေအနှစ် ပေးအပ်ရန်အတွက် သူတို့၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ဆုံးဖြတ်သည်။

ဤသုံးနှစ် အတွင်း ဝူဟောက်ကို အကျေနပ်ဆုံး ဖြစ်စေခဲ့သူများမှာ ဝူရှန်းနီနှင့် ဝူမိုဝူတို့သာ ဖြစ်သည်။

ထိုနှစ်ဦးသည် ပြိုင်ဘက်များကဲ့သို့ ဖြစ်နေပြီး တစ်ယောက် အဆင့်တက်သည်ကို မြင်လျှင် နောက်တစ်ယောက်ကလည်း အဆင့်တတ်ပြန်သည်။ အဓိကအားဖြင့် မည်သူက မည်သူ့ထက် ဆရာကြီး ဖြစ်လာမည်ကို ရည်ရွယ်နေကြဟန် ရှိသည်။

ထို့ကြောင့် ကျင့်ကြံခြင်း စတင်ပြီး ဆယ်နှစ် အတွင်းမှာပင် ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် ကပ်ဘေးဖြတ်ကျော်ခြင်း အဆင့်သို့ ဆက်တိုက် ချိုးဖျက်ဝင်ရောက်ခဲ့ကြပြီး လက်ရှိအချိန်အထိ ဝူမိသားစု တစ်ခုလုံးတွင် ကြောက်စရာ အကောင်းဆုံး ပါရမီရှင်များ ဖြစ်လာခဲ့ကြသည်။

အကြီးမားဆုံး အကျိုးခံစားရသူ အနေဖြင့် ဝူဟောက်သည် နောက်ဆုံးတွင် လျှိုထျန်း ရွှေအင်မော်တယ် (အထွတ်အထိပ်) မှ အင်မော်တယ် ဘုရင် အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေသည်။

All Chapters