အခန်း (၂၄၂)
Vol. 25 Ch. 242
အခန်း။ ၂၄၂
"ချင်းဟုန်... ငါတို့ရဲ့ ကောင်လေးတွေကို ဗီလာဆီ ခေါ်သွားလိုက်တော့"
ဗီလာဆိုသည့် စကားလုံးကို ကြားလိုက်သည်နှင့် ကျားမလေး၏ ရွှေရောင်မျက်ဝန်းအစုံမှာ ရေခဲမုန့်များကို မြင်ယောင်ကာ တောက်ပသွားတော့သည်။ သူမသည် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ခေါင်းဆောင်ကာ အယောက်နှစ်ဆယ်ပါသော ထိုအုပ်စုကို ရှေ့ဆုံးမှ ဦးဆောင်၍ ထွက်ခွာသွားသည်။
တစ်ချိန်တည်းမှာပင် သားရဲတိုက်ခိုက်ရေးကွင်း၏ ပွဲကြည့်စင်ပေါ်မှ လူအုပ်ကြီးမှာလည်း ပုရွက်ဆိတ်အုပ်များကဲ့သို့ လူစုခွဲသွားကြသည်။ သူတို့သည် နဂိုကတည်းက သက်သောင့်သက်သာရှိလှသော အခန်းများအတွင်းသို့ ဝင်ရောက်ကာ ခရီးဆောင်အိတ်များကို သိမ်းဆည်းပြီးနောက် သူတို့၏ နည်းပြများနောက်မှ လိုက်ပါကာ လေ့ကျင့်ရေးနယ်မြေဆီသို့ ဦးတည်သွားကြတော့သည်။
"အင်း... ငါတို့က အများသုံးဆောင်မှာပဲ နေရတော့မှာပေါ့..."
"အများသုံးဆောင်မှာ နေရတာလည်း မဆိုးပါဘူး ကိစ္စမရှိပါဘူး။ ကြားတာတော့ ညစ်ညမ်းနယ်မြေထဲ ရောက်သွားရင် တစ်လခွဲလောက်အထိ အိပ်ရမှာတောင် မဟုတ်ဘူးတဲ့။ အခုကတည်းက ကျင့်သားရအောင် လုပ်ထားတာ ကောင်းပါတယ်"
"ဘာပဲဖြစ်ဖြစ်... ဟူး..."
"ဒါပေမဲ့လည်း အဆောင်ရပြီး အများသုံးဆောင်မှာ တစ်နှစ်ခွဲလောက် နေရတာက ကျေနပ်စရာပါပဲ။ ငါ့ရဲ့ သွေးစွမ်းအင်က အခုဆို တစ်နေ့ကို အမှတ် ၁၀၀ နှုန်း တိုးနေပြီလေ။ ပုံမှန်ဆိုရင် တစ်နှစ်မှ ၃၆,၀၀၀ ပဲ တိုးမှာ အခုတော့ တစ်နှစ်ကို ၈၂,၀၀၀ တောင် ဖြစ်သွားပြီ"
"ငါ အမြန်ဆုံး သန်မာလာတော့မှာပဲ"
"ဟဲဟဲ... ငါကတော့ မင်းနောက် နည်းနည်းလေး ပြတ်ကျန်ခဲ့တာပေါ့"
"ဟော်ယွမ်တို့လို ထိပ်တန်းပါရမီရှင်တွေဆိုရင် တစ်နှစ်ကို ၁၀၀,၀၀၀ တောင် တိုးနိုင်မှာနော် သူတို့ဆိုရင် ကုန်းမြင့်အဆင့်ကို ကျော်ပြီး တောင်တန်းအဆင့်ကိုတောင် တိုက်ရိုက် ရောက်သွားနိုင်တယ်။ တစ်နှစ်ကြာရင် သူတို့ရဲ့ သွေးစွမ်းအင်က ၂၀၀,၀၀၀ လောက်အထိ ဖြစ်သွားမှာ"
"တကယ်ကို ကြောက်စရာပဲ။ အကွာအဝေးကတော့ အံ့မခန်း ဖြစ်သွားတော့မှာပဲ"
"သန်မာတဲ့သူတွေက ပိုပြီး သန်မာလာဦးမှာ"
"တစ်နှစ်ကြာရင် ရွှီရန်ရဲ့ အင်အားက ဘယ်လောက်အထိ ဖြစ်နေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
"ငါသိတာတစ်ခုကတော့ သူ့ရဲ့ အဆောင်က တကယ့်ကို နတ်ဘုရားဖန်တီးတဲ့ လက်နက်ဆန်းကြီးဆိုတာပဲ"
"သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကရော နတ်ဘုရားအဆင့် မဟုတ်ဘူးလား"
"ဒါပေါ့... ဒါပေမဲ့ ငါကတော့ အဲဒါကို မခံစားနိုင်ဘူးလေ။ အဆောင်ရဲ့ အကျိုးကျေးဇူးကတော့ လက်တွေ့ကြီးကို ခံစားနေရတာ ဟဲဟဲ"
လူအုပ်ကြီးမှာ တစီစီနှင့် အသံများ ထွက်ပေါ်နေကြသည်။
သူတို့သည် ချီယွန်းတောင်ခြေရှိ တောအုပ်၏ အခြားတစ်ဖက်သို့ ဝင်ရောက်သွားကြသည်။ ထိုကျယ်ပြောလှသော တောအုပ်ကြီးမှာ နောင်တွင် ကျောင်းသားများအတွက် အမဲလိုက်ကွင်းကြီး ဖြစ်လာပေတော့မည်။
သုံးလအကြာတွင် ကျင်းပမည့် အကဲဖြတ်ပွဲ၌ ထိပ်တန်းပါရမီရှင် ၂၁၀ ဦးမှအပ ကျန်ရှိသူအားလုံးကို ဖယ်ထုတ်သွားမည်ဖြစ်သည်။ ထိုသို့ ဖယ်ထုတ်ရာတွင် တိုက်ခိုက်ရေးစွမ်းရည် တစ်ခုတည်းကိုသာ ကြည့်မည်မဟုတ်ဘဲ အဘက်ဘက်မှ ပြည့်စုံမှုကိုလည်း ထည့်သွင်းစဉ်းစားသွားမည် ဖြစ်သည်။
တိုက်ခိုက်ရေး ကျွမ်းကျင်သူများမှာ အမာခံအဖြစ် ရှိနေရမည် ဖြစ်သလို ဒိုင်းအစွမ်း သုံးနိုင်သူများနှင့် ကုသရေးစွမ်းရည် ကျွမ်းကျင်သူများအတွက်လည်း သီးခြားအကဲဖြတ်စနစ် ရှိနေမည်ဖြစ်ရာ မည်သည့်ပါရမီရှင်မျှ နစ်နာသွားလိမ့်မည် မဟုတ်ပေ။
ကျောင်းသားများသည် လေ့ကျင့်ရေးတောအုပ်အတွင်းသို့ နေရာပြောင်းရွှေ့ ဝင်ရောက်သွားကြသည်။
...
ကျောင်းအုပ်ကြီးများမှာမူ ရုံးခန်းအတွင်း၌ အစည်းအဝေးတစ်ခု စုဝေးပြုလုပ်နေကြသည်။
"ရွှီရန်က ဒီရွေးချယ်ရေးပြိုင်ပွဲမှာ ပါဝင်ဖို့တောင် လိုအပ်လို့လား"
"သူ့ရဲ့ အင်အားအဆင့်နဲ့ဆိုရင် ဒါက ကလေးတွေကို လိုက်နှိပ်စက်နေသလို ဖြစ်မနေဘူးလား။ ငါပြောတာကို ထောက်ခံလား"
“ကျွန်တော်လည်း ထောက်ခံပါတယ်”
“ထောက်ခံတယ်ဗျာ”
“ဒါပေါ့... သဘောတူတာပေါ့”
ဝိုင်းဝန်းထောက်ခံသံတွေ ဆူညံသွားတာကြောင့် ကျောင်းအုပ်ကြီး ချန်ချီဟာ ချက်ချင်းပဲ ထရပ်လိုက်ပြီး “ဘာဖြစ်လို့လဲဗျ သူကလည်း အသက်ရှစ်နှစ်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက် မဟုတ်လား” လို့ အံ့သြတကြီး မေးခွန်းထုတ်သည်။
“အဲလိုမဟုတ်ဘူးလေဗျာ ကျွန်တော်တို့ဆိုလိုတာက ချန်ပီယံဘွဲ့ကို သူ့ကိုပဲ တိုက်ရိုက်ပေးလိုက်သင့်တယ်လို့ ပြောတာပါ။ သူ့ရဲ့ ပြန်လည်ရှင်သန်ခြင်း အတတ်ပညာနဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ အစွမ်းတွေကို ဘယ်သူကများ ယှဉ်နိုင်ဦးမှာလဲ။ သူ့ကို အနိုင်တိုက်နိုင်မယ့်သူ တစ်ဦးတစ်ယောက်မှ မရှိနိုင်ဘူးဗျ”
“ဟုတ်ပါတယ်... သူက ချန်ပီယံဖြစ်ဖို့ ထိုက်တန်ပြီးသားပါ။ ဒါဟာ နှစ်ပေါင်း ၁၅၀ အတွင်းမှာ ပြိုင်ပွဲတောင် မစရသေးဘူး။ လူတိုင်းက တညီတညွတ်တည်း အသိအမှတ်ပြုလိုက်ရတဲ့ ပထမဦးဆုံးသော ချန်ပီယံအဖြစ် သမိုင်းတွင်သွားမှာပဲ”
ထိုနေရာရှိ ကျောင်းအုပ်ကြီးများသည် အမြော်အမြင်ရှိသူများ ဖြစ်ကြသည်။ ရွှီရန် ကိုယ်တိုင်
ပင်လျှင် ထိုဓားသိုင်းကွက်ကို မတားဆီးနိုင်ခဲ့သည်ကို သူတို့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
ငါတို့ တပည့်တွေ သူ့ကိုတိုက်ခိုက်နိုင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။
သူတို့၏ တပည့်များတွင် ရွှီရန်ကဲ့သို့ ပြန်လည်ရှင်သန်ခြင်း အတတ်ပညာများလည်း မရှိကြချေ။
“တကယ်ပါဗျာ... သူ့ကို ပြိုင်ပွဲထဲမှာ ပေးမပါသင့်တော့ဘူး။ သူက အရှိန်လျှော့ပြီး တိုက်
ရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ မတော်တဆများ လက်လွန်သွားရင် ကျွန်တော်တို့ရဲ့ ကျောင်းသားတွေ သေအောင် အရိုက်ခံရကုန်မှာဗျ”
ကျောင်းအုပ်ကြီးများသည် သူ ချန်ပီယံဆု ရယူသွားမည်ကို စိုးရိမ်နေကြခြင်း မဟုတ်ပေ။ ရွှီရန်၏ ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်မှုကိုသာ ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။
ကျောင်းအုပ်ကြီး ချန်ချီက “မင်းတို့ ပြောတာလည်း အကျိုးအကြောင်း ဆီလျော်ပါတယ်။ ဒါပေမဲ့ ချန်ပီယံ ဂုဏ်ထူးဆောင်ဘွဲ့ကိုတော့ တရားဝင် အပ်နှင်းရမှာပေါ့။ မနက်ဖြန်မှာတင် ချီးမြှင့်လိုက်ရင်ရော ဘယ်လိုရှိမလဲ” လို့ အကြံပြုသည်။
ကျောင်းအုပ်ကြီးများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်
“အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် ရွှီရန်ရဲ့ အင်အားက အကန့်အသတ်အားလုံးကို ကျော်လွန်နေပြီပဲ။ ဒီနေ့ မွန်းလွဲပိုင်းမှာ တခြားပါရမီရှင်တွေကို တစ်ချက် မေးကြည့်ဦးမယ်လေ။ ကန့်ကွက်မယ့်သူ မရှိရင်တော့ သူ့ကို ချန်ပီယံဘွဲ့ တိုက်ရိုက် ပေးလိုက်ကြတာပေါ့”
ကျောင်းအုပ်ကြီးများအားလုံး လက်ခံသဘောတူလိုက်ကြသည်။ ၎င်းမှာ ရွှီရန်ကြောင့် ရရှိလာသော အဆောင်အတတ်ပညာများအတွက် ကျေးဇူးတရားကို အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။ အစောပိုင်းက ထိပ်တန်းပါရမီရှင်တစ်ဦးသည် တစ်နှစ်လျှင် သွေးစွမ်းအင် ၃၀,၀၀၀ ကျော်သာ တိုးတက်နိုင်သော်လည်း ယခုအခါ ၈၀,၀၀၀ မှ ၁၀၀,၀၀၀ ကျော်အထိ တိုးတက်လာနိုင်ပြီ ဖြစ်သည်။
ထို့အပြင် ရွှီရန်၏ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်နှင့် ယှဉ်ပြိုင်နေရန်မှာလည်း အကြောင်းမရှိတော့ချေ။ အပြတ်အသတ် အရေးနိမ့်ခြင်းမှာ ကျောင်းသားများ၏ ယုံကြည်မှုကို ပျက်ပြားစေနိုင်သဖြင့် ဤ ငါးမန်းကြီးရွှီရန်အား ပြိုင်ပွဲကွင်းပြင်မှ အမြန်ဆုံး ထွက်ခွာစေခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ကျောင်းအုပ်ကြီး ချန်ချီသည် ရင်ထဲတွင် အတိုင်းမသိ ဝမ်းမြောက်နေသော်လည်း မျက်နှာတွင်မူ မတတ်သာသည့်ဟန်ဖြင့် “ကောင်းပြီ... ကောင်းပြီဗျာ။ မင်းတို့ အလိုရှိတဲ့အတိုင်းပဲ ဆောင်ရွက်ကြတာပေါ့” လို့ ပြောကာ သဘောတူလိုက်သည်။
သမိုင်းတစ်လျှောက် အမြန်ဆုံးသော ချန်ပီယံ…
ဘယ်သူ ရှိဦးမှာလဲ။
ဤသည်မှာ ရက်ပေါင်း ၂၀၀ ကြာမှ ရရှိသည့် ချန်ပီယံဆုထက် အဆပေါင်းများစွာ ပိုမိုခန့်ညားထည်ဝါလှသည်။ နှစ်ပေါင်း ၁၅၀ အတွင်း ပထမဦးဆုံးသော ထူးခြားဖြစ်ရပ်ပင်။
“ဟားဟားဟားဟား ရှန်ပိန်တွေတောင် နောက်ကျကုန်ပြီဟေ့”
မူလကတော့ ပြိုင်ပွဲတစ်ဝက်လောက်ရောက်မှ ရှန်ပိန်ဖောက်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့... ရွှီရန်က ဒီလောက်အထိ ကြမ်းလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ကျောင်းအုပ်ကြီး၏ ပါးစပ်ကတော့ နားရွက်တက်ချိတ်မတတ် ပြုံးဖြဲနေတော့သည်။
အစည်းအဝေး ပြီးဆုံးသွားသောအခါ ကျောင်းအုပ်ကြီးများသည်လည်း အချိန်ဆွဲမနေတော့ဘဲ အဆောင်များကို အမြန်ဆုံး သွားရောက်ခွဲဝေပေးကြတော့သည်။
ကျောင်းသားများ၏ ကျောပြင်ပေါ်တွင် အဆောင်သုံးစောင်ကို ကပ်လိုက်သည့်အခါ နေထိုင်ရာ နယ်မြေတစ်ခုလုံး၌ တောရိုင်းသားရဲများအလား အော်ဟစ်သံများဖြင့် ဖုံးလွှမ်းသွားတော့သည်။
“အူးဝူးးးးးး…”
“ဝါးးး ဝါးးး ဝါးးး….”
ထိပ်တန်းပါရမီရှင် အများအပြားမှာ အဆောင်အတွင်း ဆူညံပွက်လောရိုက်နေသည့် ကျောင်းသားများကဲ့သို့ပင် ခုန်ပေါက်ကာ အော်ဟစ်နေကြသည်။
“မိုက်လိုက်တာဗျာ ခံစားချက်က တကယ့်ကို အလန်းစားပဲ”
“ဒါ... ဒါက ပထမတန်းစား ပါရမီရှင်တွေရဲ့ ကျင့်ကြံမှုအရှိန်မျိုးလား”
“ငါတော့ ကောင်းကင်ပေါ်အထိ ပျံတက်သွားနိုင်တော့မယ် ထင်တယ်”
“ဒါဆို ငါလည်း ပထမတန်းစား ပါရမီရှင် ဖြစ်သွားပြီပေါ့ ဟုတ်လား ငါ့ရဲ့ တိုးတက်မှုနှုန်းက အရမ်းမြန်နေပြီ”
“အရင်က ပထမတန်းစားတွေနဲ့ ယှဉ်ရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ အခုက ပထမတန်းစားတွေရဲ့ အရှိန်ကလည်း နှစ်ဆတိုးသွားပြီဆိုတော့ မင်းရဲ့အဆင့်ကတော့ ပြောင်းလဲမှာမဟုတ်ဘူးဟ”
“ဒါပေမဲ့ သမိုင်းတစ်လျှောက်က တခြားပါရမီရှင်တွေနဲ့ ယှဉ်ရင်တော့ ငါတို့က တကယ့်ကို ကံကောင်းတဲ့သူတွေပဲဗျ”
“ဒါတွေ အားလုံးက ငါတို့ရဲ့ အစ်ကိုရွှီရန် ကျေးဇူးကြောင့်ပေါ့”
...
“သူတို့တွေ ဘာတွေအော်နေကြတာလဲ”
ဗီလာဇုန်အတွင်း၌မူ ကျားမလေးမှာ အေးစိမ့်နေသည့် စတော်ဘယ်ရီကိတ်မုန့်တစ်ချပ်ကို အားရပါးရ စားသုံးပြီးသွားသည်။
သူမသည် မုန့်ပန်းကန်ကို ပြောင်စင်အောင် လျက်လိုက်ပြီးနောက် ရွှေရောင်မျက်ဝန်းများ တလက်လက်တောက်ပလျက် ရေခဲသေတ္တာကို ထပ်မံဖွင့်လိုက်ပြန်သည်။
“အကုန်လုံး ၂၃ ခု ရှိတာ... ငါ တစ်ခု စားလိုက်ပြီ။ မူကြိုကျောင်းက သူငယ်ချင်းတွေ တစ်ယောက်တစ်ခုစီ စားရင် ငါ့မှာ နှစ်ခု ကျန်သေးတာပေါ့”
“ကဲ... အားလုံးပဲ တစ်ယောက်တစ်ခုစီ ယူကြနော်။ ဘယ်သူမှ မစားချင်ကြဘူးလား မစားရင်တော့ ငါ့ဗိုက်ထဲပဲ အကုန်ရောက်ကုန်မှာနော်”
“ငါကတော့ ခြောက်ချပ်စားရင် တော်ပြီ။ ကျန်တာ မင်းတို့ပဲ ခွဲဝေစားလိုက်ကြတော့။ ဘယ်သူမှ ကန့်ကွက်စရာ မရှိဘူးမလား”
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး “ကန့်ကွက်စရာ မရှိပါဘူး” ဟု ပြိုင်တူဖြေလိုက်ကြသည်။
သူတို့အားလုံးက ကလေးတွေပဲလေ။ ကိတ်မုန့်နဲ့ အချိုပွဲကို မကြိုက်တဲ့ကလေး ဘယ်မှာရှိမှာလဲ။
သို့သော် ကျားမလေး၏ ရှေ့၌ သူတို့အားလုံး အနည်းငယ် ကြောက်ရွံ့နေမိကြသည်။
ရွှီရန်က လှမ်းကြည့်လိုက်ပြီး “မင်းက သုံးချပ်ပဲ စားမှာလား”
ကျားမလေးက မျက်တောင်တခတ်ခတ်ဖြင့် “အကုန်လုံး ယူချင်ပေမဲ့လည်း မယူနိုင်ပါဘူး။ အဲလိုမျိုးတော့ ညီမလေး မလုပ်ချင်ပါဘူး”
ရွှီရန်သည် ကျားမလေး၏ အမူအရာကို ကြည့်ရှုကာ မအောင့်နိုင်ဘဲ ရယ်မောလိုက်ပြီး
“မင်းက တကယ်ကြီး အဲဒီလိုမျိုး တွေးလိုက်တာလား” ဟု မေးမြန်းလိုက်သည်။
ကျားမလေးသည် ဘလူးဘယ်ရီကိတ်မုန့်တစ်ချပ်ကို ယူ၍ ရွှီရန်၏ ဘေး၌ ဝင်ထိုင်လိုက်ပြီးနောက် ပါးစပ်အပြည့် ကိုက်ဝါးနေသည့်ကြားမှပင် “ခဏလောက်တော့ စဉ်းစားမိသား။ ဒါပေမဲ့... ရေခဲသေတ္တာထဲမှာ နေ့တိုင်း မုန့်တွေ ပြန်ဖြည့်ပေးမှာ မဟုတ်လားဟင်” ဟု ပြန်ဖြေလိုက်သည်။
ရွှီရန်က သူမအား တစ်ချက်စောင်းကြည့်လိုက်ပြီး “ဖြည့်ပေးမှာပေါ့” ဟု ပြောလိုက်သည်။
ကျားမလေး၏ မျက်နှာထက်၌ ကျေနပ်အားရမှုများ ပြည့်နှက်သွားပြီး “ဒါဆိုရင်တော့ ရှယ်ပဲ ညီမလေးအတွက် ဒီရေခဲသေတ္တာကြီး ရအောင် အနိုင်ယူပေးတဲ့ အစ်ကိုရွှီရန်ကို တကယ်ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။
ရွှီရန်က “ငါနိုင်ခဲ့တာက ဗီလာကြီးပါဟ” ဟု ပြန်လည်ပြင်ဆင်ပေးလိုက်သော်လည်း
ကျားမလေးကမူ “အရေးအကြီးဆုံးက ရေခဲသေတ္တာပဲလေ” ဟုသာ အခိုင်အမာ ပြောတော့သည်။
ပြောပြောဆိုဆိုနှင့်ပင် သူမသည် ထပ်မံထရပ်၍ ကိတ်မုန့်အသစ်တစ်ချပ်ကို ထပ်မံယူပြန်သည်။ ထိုအခါ ရွှီရန်က ခပ်ပြုံးပြုံးဖြင့် “ငါ့ဝေစုကိုလည်း မင်းပဲ စားလိုက်တော့” ဟု ပြောလိုက်သည်။
သိပ်မကြာမီမှာပင် ကိတ်မုန့်နှစ်ချပ် ထပ်မံစားသုံးပြီးနောက် ကျားမလေးသည် ဝမ်းဗိုက်ကလေး အနည်းငယ် ပူထွက်လာသည်အထိ အဝစားလိုက်ရသဖြင့် အလွန်ပင် ကျေနပ်သွားပုံရသည်။
“ဒါမျိုးမှပေါ့ အခုမှပဲ ကျင့်ကြံဖို့အတွက် အားအင်တွေ ပြည့်လာတော့တယ်”
ကျားမလေးသည် ရွှီရန်၏ ပုခုံးပေါ်သို့ မှီချလိုက်ရင်း တဟဲဟဲနှင့် ရယ်မောနေသည်။ ရွှီရန်က “ကျန်တဲ့ နှစ်ချပ်ကို မစားတော့ဘူးလား” ဟု မေးရာ ကျားမလေးသည် ကိုယ်ကိုမတ်မတ်ပြန်ထိုင်ကာ တည်ကြည်သော မျက်နှာထားဖြင့် “ညကျမှ စားဖို့ ချန်ထားတာ။ ညီမက အရင်လို ကလေးမလေး မဟုတ်တော့ဘူး။ ဘဝကို ဘယ်လိုခံစားရမလဲဆိုတာ သင်ယူထားပြီးသား။ အခု နှစ်ချပ်စားတယ် ညကျရင် နှစ်ချပ်စားမယ်... ဒါက ပျော်ရွှင်မှုပဲပေါ့” ဟု ဖြေလိုက်သည်။
“ပျော်ရွှင်မှုဆိုတာ အသေးအဖွဲလေးတွေထဲမှာ ရှိတာလေ”
ရွှီရန်၏ မျက်နှာသည် ဝင်းပသွားပြီး “မင်းကတော့ တကယ့် အစားအသောက်ကျွမ်းကျင်သူ ဖြစ်နေပြီပဲ။ ဒဿနတွေဘာတွေတောင် နားလည်နေပြီလား” ဟု ပြောလိုက်သည်။
ကျားမလေးက ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့လိုက်ရင်း “ဒါပေါ့” ဟု ပြန်ဖြေသည်။
ရွှီရန်သည် သူမအား တစ်ချက်စောင်းကြည့်လိုက်ပြီးနောက် ကျန်ရှိသော အဖွဲ့ဝင်များအား
“ကဲ... အားလုံးပဲ ကိုယ်ကြိုက်တဲ့ အခန်းကို ရွေးကြတော့။ အခန်းတိုင်းမှာ အိပ်ခန်းနဲ့ ရေချိုးခန်း ပါပြီးသား။ ဒါပေမဲ့ ဧည့်ခန်းကတော့ အများသုံးဖြစ်တဲ့အတွက် သန့်သန့်ရှင်းရှင်း ထားကြနော်။ နောက်ထပ် ခြောက်လလောက်အထိ ငါတို့ ဒီမှာပဲ နေရတော့မှာ” ဟု ညွှန်ကြားလိုက်သည်။
ရွှီရန်၏ စကားအဆုံးတွင် သူသည် ခရီးဆောင်အိတ်ကို ဆွဲယူကာ အခန်းတစ်ခန်းသို့ ဝင်ရောက်သွားပြီး အခြားသူများလည်း အသီးသီး နေရာယူလိုက်ကြသည်။ သိပ်မကြာမီမှာပင် ကျောင်းအုပ်ကြီးသည် ထိုနေရာသို့ ရောက်ရှိလာသည်။
“ရှောင်ရွှီ... မင်းကို ပြောစရာ ရှိလို့”
ရွှီရန်သည် အံ့အားသင့်သွားကာ “ဘာကိစ္စလဲဗျ” ဟု မေးမြန်းလိုက်သည်။
ကျောင်းအုပ်ကြီးက “ကျောင်းအုပ်ကြီးတွေအားလုံး တညီတညွတ်တည်း အဆိုပြုထားတာကတော့... မင်းကိုပဲ ချန်ပီယံဆု ပေးလိုက်ဖို့ပဲ။ ဒီနေ့ မွန်းလွဲပိုင်းမှာ တခြားပါရမီရှင်တွေကို မေးကြည့်မယ်။ ဘယ်သူမှ ကန့်ကွက်မယ့်သူ မရှိရင်တော့ မင်းက ၄၉ ယောက်မြောက် ချန်ပီယံ ဖြစ်လာမှာပဲ” ဟု ပြောလိုက်သည်။
“ပြီးတော့ ဒီရက်ပေါင်း ၂၀၀ မှာ မင်းက နည်းပြ အဖြစ် တာဝန်ယူရမယ်။ မင်းရဲ့ အဖွဲ့ဝင်တွေကိုလည်း မင်းကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ မင်းရွေးတဲ့သူတွေကလည်း သဘောတူဖို့တော့ လိုတာပေါ့လေ”
ကျောင်းအုပ်ကြီး၏ စကားကို ကြားလိုက်ရသောအခါ ရွှီရန်၏ မျက်ခုံးများသည် အသာအယာ မြင့်တက်သွားရသည်။
ဒါ... တိုက်ရိုက်ကြီး ချန်ပီယံ ဖြစ်သွားတော့မှာလား။ တကယ်လို့သာ အဲဒီအတိုင်း ဖြစ်လာရင် ငါက ရွှေရောင်အောင်မြင်မှုမှတ်တိုင်ဖြစ်တဲ့ လူငယ်အရှင်သခင်ဘွဲ့ကို ရက်ပေါင်း ၂၀၀ တိတိ စောပြီး ရသွားမှာပေါ့။
ဆိုလိုသည်မှာ သူသည် ပါရမီအရိုးအဆစ်ကိုလည်း ရက်ပေါင်း ၂၀၀ စော၍ ပိုင်ဆိုင်ခွင့် ရရှိတော့မည် ဖြစ်သည်။