← Chapters

အခန်း (၂၄၅)

Vol. 25 Ch. 245

အခန်း (၂၄၅)

Vol. 25 Ch. 245

အခန်း။ ၂၄၅

ဤကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင် ရွှီရန်သည် သူတို့အားလုံးကို စိတ်ပျက်အားငယ်စေရန် ဖိနှိပ်ထားသည့် တောင်ကြီးတစ်လုံးအလား ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူတို့သည် ပြည်နယ်အသီးသီးရှိ မူကြိုကျောင်းတော်များမှ ရွေးချယ်ထားသည့် အကောင်းဆုံးသော ပါရမီရှင်များ၊ ပါရမီရှင်များထဲမှပင် ထူးချွန်ထက်မြက်သူများ ဖြစ်ကြသော်လည်း ဆိုရိုးစကားတစ်ခု ရှိသည်။

အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး နတ်ဘုံသို့ ရောက်ရှိသွားသူများသည်ပင်လျှင် ကောင်းကင်ဘုံနှင့်အမျှ တန်ခိုးကြီးသော မျောက်မင်းကို ဝိုင်းရံပိတ်ဆို့ရသည့် သိန်းချီသော နတ်စစ်သည်များထဲမှ တစ်ဦးမျှသာ ဖြစ်သွားတတ်သည်။

ရွှီရန်သည် သူတို့အတွက် ထိုမျောက်မင်းကဲ့သို့ပင် ခံစားရစေသည်။

“ဟူး...”

တစ်စုံတစ်ဦးက သက်ပြင်းချလိုက်သည်။

ရွှီရန် ရှိနေသရွေ့ သူတို့သည် လမင်းကြီး၏ ဘေးနားရှိ မှေးမှိန်သော ကြယ်ပွင့်ကလေးများကဲ့သို့သာ ဖြစ်နေရတော့မည်ဟု ကံကြမ္မာက သတ်မှတ်ထားသကဲ့သို့ပင်။

မရေမတွက်နိုင်သော အကြည့်များအောက်တွင် ရွှီရန်သည် ပြတင်းပေါက်ပေါင်း ၃၀ ကျော်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် ကျင်းပြည်နယ်ဟူသော တံဆိပ်ကပ်ထားသည့် ပြတင်းပေါက်ကို တွေ့ရှိသွားကာ လူတစ်စုကို ဦးဆောင်၍ လျှောက်သွားတော့သည်။

ရွှီရန်ကို မြင်လိုက်ရသည်နှင့် ဦးလေးကျောက်သည် တက်ကြွလှသော အမူအရာဖြင့် သူ၏ အမြဲတမ်း စကားသံဖြစ်သော“ဟေး ဟေး ဟေး ရှောင်ရွှီ... ဒီနေ့တော့ မင်း တကယ်ကို အံ့ဩစရာကောင်းတယ်။ လူတိုင်းက မင်းရဲ့ အနှိုင်းမဲ့စွမ်းအားတွေအကြောင်းပဲ ပြောနေကြတာ” ဟု အော်ဟစ်ကာ နှုတ်ဆက်ရှာသည်။

ရွှီရန်က ပြုံးလျက် “ဦးလေးကျောက်ကလည်း မြှောက်ပင့်လွန်းနေပါပြီ” ဟု ပြန်ပြောလိုက်သည်။

“ကျွန်တော့်အတွက် စားဖို့တစ်ခု ပေးပါဦးခင်ဗျာ”

ဦးလေးကျောက်က “ကောင်းပြီဗျာ... မင်းအတွက် အဆင်သင့် ပြင်ထားပြီးသားပါ။ ဟေး ဟေး ဟေး” ဟု ပြောသည်။

“ကျားမလေး... လာဦးလေ ဒီမှာ မင်းအတွက် နွေဦးနတ်ရေစင်နို့ နှစ်ပုလင်း၊ ပုလင်းအကြီးကြီးကို ယူသွားလိုက်ဦး ဟေး ဟေး ဟေး”

ကျားမလေးကလည်း ရဲရဲဝံ့ဝံ့ပင်“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဦးလေးကျောက်” ဟု ပြောကာ ယူလိုက်သည်။

စားသောက်ဆောင်အတွင်း၌ ရွှီရန်သည် နေ့လယ်စာကို အားရပါးရ စားသုံးလိုက်ရာ ဗိုက်ဆာနေသည့် ခံစားချက်များ ပျောက်ကွယ်သွားပြီး တစ်ကိုယ်လုံး နေသာထိုင်သာ ရှိသွားတော့သည်။

......

မွန်းလွဲပိုင်း ၂ နာရီ ၃၀ မိနစ် အချိန်သို့ ရောက်ရှိလာသောအခါ မိုးအကုန် ဆောင်းအကူး ဆောင်းဦးနံနက်ခင်း၏ မွှေးပျံ့လှသော သစ်ခွပန်းရနံ့တို့ကြားဝယ် လေ့ကျင့်ရေးတောအုပ်၏ အပြင်ဘက်ရင်ပြင်၌ ကျောင်းသားအားလုံး စုဝေးရောက်ရှိနေကြသည်။

ကျောင်းအုပ်ကြီးသည် ရင်ပြင်အလယ်၌ ရပ်တန့်ကာ ခန့်ညားသော အသံဖြင့်..

“ကျောင်းသားတို့... ရွှီရန်ရဲ့ အင်အားက သာမန်အတိုင်းအတာထက် များစွာကျော်လွန်နေတဲ့အတွက် ရှေ့ဆက်လုပ်ဆောင်မယ့် လေ့ကျင့်ရေးအစီအစဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျောင်းအုပ်ကြီး ၃၂ ဦးက ဒီလို ဆုံးဖြတ်ချက်ချလိုက်ပါတယ်...”

မြို့တော်ကျောင်းအုပ်ကြီးသည် စီမံကိန်းအသစ်ကို ချပြပြီးနောက် ပရိသတ်ကို ဝေ့ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

“ဒီဆုံးဖြတ်ချက်အပေါ် မကျေနပ်တဲ့သူ ရှိလား။ ရှိရင် ရွှီရန်ကို ထွက်ပြီး စိန်ခေါ်နိုင်တယ်”

ရင်ပြင်တစ်ခုလုံးသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။ ပြင်းထန်သော အသက်ရှူသံအချို့မှလွဲ၍ မည်သည့်အသံမျှ ထွက်ပေါ်မလာချေ။

မကျေနပ်ဘူးလား။

ပါးစပ်ကပြောရန် လွယ်ကူသော်လည်း လက်တွေ့စိန်ခေါ်ရန်မှာမူ အသက်နှင့်လဲရမည့်ကိစ္စပင်။ လက်သီးတစ်ချက်တည်းနှင့်ပင် ဘုရားခုနစ်ဆူ အဖူးအမြော် လွှတ်လိုက်နိုင်သည်ကို သူတို့ ကောင်းစွာ သိရှိကြသည်။

အစွမ်းအထက်ဆုံး ပါရမီရှင်အချို့ စုပေါင်းကာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးပြီး သွေးထွက်သံယိုဖြစ်သည်အထိ မှန်ရိပ်ရွှီရန်ကို ဖန်တီးခဲ့ကြသော်လည်း မူလ ရွှီရန်ကို မနိုင်ခဲ့သည်မှာ အထင်အရှားပင်။ ထိုတိုက်ပွဲကို မြင်တွေ့ခဲ့ရသူ မည်သူမဆို ရွှီရန်အား ဆန့်ကျင်ရန် ဝံ့ရဲကြတော့မည် မဟုတ်ချေ။ ၎င်းအပြင် ထိုတိုက်ပွဲအတွင်းမှာပင် ရွှီရန်သည် အရှိန်အဟုန်ဖြင့် ထပ်မံတိုးတက်သွားခဲ့သေးသည်။

ဒီလိုလူက ဘယ်သူကစိန်ခေါ်ရဲမှာလဲ။

ထို့ကြောင့်ပင် မည်သူတစ်ဦးတစ်ယောက်မျှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။

မြို့တော်ကျောင်းအုပ်ကြီးသည် အံ့ဩဟန်မရှိသော မျက်နှာထားဖြင့် “ကောင်းပြီ... ရွှီရန်ရဲ့ အစွမ်းက အမှန်တကယ်ပဲ အကန့်အသတ်တွေကို ကျော်လွန်နေတဲ့အတွက် သူ့ကို ဒီလေ့ကျင့်ရေးစခန်းရဲ့ ပြိုင်ပွဲဝင်စာရင်းကနေ ဖယ်ထုတ်လိုက်ပါမယ်။ သူ့ကို ကျောင်းသားတွေကို တိုက်ခိုက်ရေးနည်းစနစ်တွေနဲ့ ကိုယ်ပိုင်ဖန်တီးထားတဲ့ မှော်အတတ်တွေကို သင်ကြားပေးမယ့် နည်းပြအဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်”

“ချန်ပီယံဆုကိုတော့ မနက်ဖြန် ဖွင့်ပွဲအခမ်းအနားမှာ သူ့ကို အပ်နှင်းသွားမှာပါ”

“နှစ်ပေါင်း ၁၅၀ အတွင်း အတောင့်တင်းဆုံး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရွှီရန်အတွက် ဂုဏ်ယူပါတယ်”

ရင်ပြင်တစ်ခုလုံး၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော လက်ခုပ်သံများ ဟိန်းထွက်သွားတော့သည်။ ထို့နောက်တွင် အခမ်းအနားကို ရုပ်သိမ်းလိုက်တော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ရက်တာ အချိန်ကာလသည် ကုန်ဆုံးသွားခဲ့သည်။

...

နောက်တစ်နေ့ နံနက်ခင်း။

လူငယ်ဘဝ၏ ၃,၁၅၀ ရက်မြောက်သော နေ့ရက်။

နံနက် ၆ နာရီတိတိ၌ ရွှီရန်သည် အချိန်မှန်ပင် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းအစုံမှာ ကြည်လင်တောက်ပနေသည်။

“နောက်ဆုံးတော့... အဲဒီနေ့ကို ရောက်လာခဲ့ပြီပဲ”

လေဟာနယ်ထဲ၌ ဆိုင်းငံ့ထားသော အကာအကွယ်နံရံပေါ်မှ ရွှီရန်သည် အောက်သို့ ခုန်ဆင်းလိုက်ပြီး သူ၏ အချက်အလက်များကို တစ်ချက်ကြည့်ရှုလိုက်သည်။

[သွေးစွမ်းအင် : ၆၇,၈၃၅ အမှတ်]

(စိတ်ဝိညာဉ်စွမ်းအား : ၄,၅၃၂ အမှတ်]

တစ်နေ့လျှင် သွေးစွမ်းအင် ၃၁၅ အမှတ်နှုန်းဖြင့် တိုးတက်နေသော ရွှီရန်၏ အရှိန်အဟုန်မှာ သိသိသာသာပင် မြင့်တက်နေကာ အကယ်၍ ပါရမီအရိုးအဆစ်ကို ရရှိလိုက်မည်ဆိုပါက တစ်နေ့လျှင် ၄၀၀ အမှတ်အထိပင် ရောက်ရှိသွားနိုင်သည်။

ထိုသို့ဆိုလျှင် ရက်ပေါင်းအနည်းငယ်အတွင်းမှာပင် သူသည် တောင်ကုန်းနယ်ပယ်သို့ လှမ်းတက်နိုင်တော့မည် ဖြစ်သည်။ ကျင့်စဉ်အဆင့် မြင့်မားလာသည်နှင့်အမျှ သူ၏ ကျင့်ကြံမှုအရှိန်မှာလည်း နှင်းဘောလုံး လိမ့်ဆင်းလာသည့်အလား ပိုမိုမြန်ဆန်လာမည်ဖြစ်ရာ... နောက်ထပ် ရက်ပေါင်း ၁၀၀ ကြာပြီးနောက်တွင်မူ ယွဲ့နယ်ပယ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိလာပေလိမ့်မည်။

ထို့အပြင် သူသည် မှန်ရိပ်အရှင်သခင် ချင်ယီဟိုးထံမှ နတ်ဘုရားအဆင့် အပိုင်းအစ သုံးခုကိုလည်း ရရှိထားသေးသည်။

ရွှီရန်သည် ထိုအပိုင်းအစလေးများကို ထုတ်ယူကာ ကြည့်ရှုလိုက်သည်။ ရှည်လျားကာ အပိုင်းပိုင်းကွဲအက်နေသော ထိုအပိုင်းအစများပေါ်တွင် ရွှီရန်၏ ခန့်ညားလှသော ပုံရိပ်များစွာမှာ ထင်ဟပ်နေသည်။

“ချင်ယီဟိုးရဲ့ ပါရမီအရိုးအဆစ်က ကြက်သွေးရောင်ရွှေတံဆိပ်အဆင့်ရဲ့ အနားသတ်ကို ထိတွေ့နေပြီလို့ ပြောလို့ရတယ်”

“ငါ... ကိုယ့်ကိုကိုယ် စည်းကမ်းထိန်းသိမ်းတဲ့ဘုရင် အသည်းအသန် ကြိုးစားသူ ရွှီရန်ကတော့... နောက်ဆုံးမှာ ကြက်သွေးရောင်ရွှေတံဆိပ် ပါရမီအရိုးအဆစ်ကို တကယ်ကြီး ပိုင်ဆိုင်ရတော့မယ်”

“ဒီအရိုးအဆစ်နဲ့ဆိုရင် ငါက တကယ့်ကို အနှိုင်းမဲ့စွမ်းအားရှင် ဖြစ်လာတော့မှာပဲ”

၎င်းမှာ သူ၏ ဘဝအနှစ်သာရကို ပြန်လည်မွေးဖွားသန့်စင်လိုက်သကဲ့သို့ပင်။

ရွှီရန်သည် ခပ်ပါးပါးလေး ပြုံးလိုက်မိသည်။

ဖွင့်ပွဲအခမ်းအနား စတင်ရန် အချိန်အနည်းငယ် လိုသေးသည်ဖြစ်ရာ ရွှီရန်သည် လေ့ကျင့်ရေးအခန်း၏ အပြင်ဘက်၌ တစ်ကိုယ်တည်း စည်းကမ်းတကျ လေ့ကျင့်နေသည်။

ဓားကိုဝှေ့ယမ်း၍ စူပါပေါက်ကွဲအားပါသောဓားချက်ကို လေ့ကျင့်ခြင်း၊ ဒူးကစားခြင်းနှင့် အဆောင်များကို ထုဆစ်ခြင်းတို့ကို တစ်ခုပြီးတစ်ခု လုပ်ဆောင်နေတော့သည်။

သိပ်မကြာမီမှာပင် အခြားသော ကျောင်းသားများသည်လည်း နိုးကြားလာကြပြီး စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ဘဲ ပြင်းထန်သော လေ့ကျင့်ခန်းများကို စတင်ကြသည်။ ၎င်းမှာ သူတို့၏ အဆောင်များအတွင်းရှိ စိတ်ဝိညာဉ်ဆိုင်ရာ လှုံ့ဆော်မှုများကြောင့်ပင်။

ရွှီရန်သည် သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် သူ၏ လေ့ကျင့်မှုအပေါ်သို့သာ အာရုံပြန်စိုက်လိုက်သည်။

လွန်ခဲ့သော နှစ်ရက်အတွင်း သူသည် အားလပ်ချိန်များကို အသုံးပြု၍ သန့်စင်ခြင်းရတနာအဆောင်ငယ် စုစုပေါင်း ၈၀၀ ခန့်ကို ဖန်တီးခဲ့ပြီး ဖြစ်သည်။ သူ၏ ကျွမ်းကျင်မှု မြင့်မားလာသည်နှင့်အမျှ အဆောင်တစ်စောင် ရေးဆွဲရန်အတွက် ယခင်က နှစ်မိနစ်ခန့် ကြာမြင့်သော်လည်း ယခုအခါ တစ်မိနစ်နှင့် စက္ကန့်နှစ်ဆယ်မျှသာ ကြာမြင့်တော့သဖြင့် လုပ်ဆောင်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

သို့သော်လည်း ဤအဆောင်၏ ရှုပ်ထွေးနက်နဲမှုကြောင့် တစ်မိနစ်နှင့် စက္ကန့်နှစ်ဆယ်ဆိုသည်မှာ အမြန်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤထက် ပိုမိုမြန်ဆန်လိုပါက လင်းလက်သော လိပ်ခွံ၏ ချက်ချင်းဖန်တီးနိုင်စွမ်းကို အသုံးပြုမှသာ ဖြစ်နိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူသည် သူ၏ ကန့်သတ်ချက်ကို မရောက်သေးဘူးဟု ယူဆကာ ဆက်လက်၍ အားသွန်ခွန်စိုက် ကြိုးပမ်းနေဆဲပင်။

နှစ်နာရီခန့် ကြာပြီးနောက် နံနက်ခင်း စည်းကမ်းတကျ လေ့ကျင့်မှုများ ပြီးဆုံးသွားသည်။

နံနက် ၈ နာရီတိတိတွင် ဝင်းအတွင်းရှိ အသံချဲ့စက်မှ ဆူညံစွာ အသံထွက်ပေါ်လာတော့သည်။

“ကျောင်းသားများအားလုံး နံနက်စာ စားသုံးပြီးပါက နံနက် ၉ နာရီတိတိတွင် လေ့ကျင့်ရေးတောအုပ်ရင်ပြင်သို့ ဖွင့်ပွဲအခမ်းအနားအတွက် အရောက်လာပေးကြပါရန်...”

“ကျောင်းသားများအားလုံး နံနက်စာ စားသုံးပြီးပါက...”

ထိုအသံမှာ ဝင်းအတွင်း၌ ပဲ့တင်ထပ်သွားသည်။

“သွားစားကြစို့လေ”

ကျားမလေးနှင့် အခြားသူများသည် လေ့ကျင့်မှုကို ရပ်နားကာ ရွှီရန်၏ အနားသို့ ရောက်ရှိလာကြသည်။

“သွားကြစို့”

ရွှီရန်က ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်ပြီးနောက် သူ၏ ကိုယ်ဟန်မှာ လျှပ်စီးပမာ ရှေ့သို့ ပြေးထွက်သွားကာ စားသောက်ဆောင်ဆီသို့ ဦးဆောင်၍ ထွက်ခွါခဲ့သည်။

All Chapters