← Chapters

ယောက္ခမကြီး ကယ်ပါဦး

Vol. 9 Ch. 828

ယောက္ခမကြီး ကယ်ပါဦး

Vol. 9 Ch. 828

ကုန်းစွန်းဝမ်အာက ပိုင်ရှောင်ချန်းရှိရာဘက် ကြည့်လိုက်သည့်အခိုက်အတန့်တွင် သူက ကောင်းကင်လေသင်္ဘောနှင့် ပျံသန်းနေရင်း ကီလိုမီတာ တစ်သောင်းအကွာသို့ ရောက်နေသည်။ ရုတ်တရက် သူ ကျောချမ်းသွားပြီး ခေါင်းလှည့်ကြည့်လိုက်၏။ မည်သည့်အရာကိုမှ သူ မမြင်ရသော်လည်း သူ့ကျောရိုးထဲတွင် ဖြတ်ပြေးသွားသည့် အေးစက်မှုအရ ကုန်းစွန်းဝမ်အာ သူ့ကို ကြည့်နေကြောင်း အခိုင်အမာဆိုနိုင်သည်။

" သူလာနေပြီ "

သူ မျက်နှာပျက်သွားပြီး သတိလစ်နေသော သခင်မလေးဟုန်ချိန်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သတင်းပို့ကျောက်စိမ်းပေလွှာတစ်ခုကို ဆွဲထုတ်လိုက်သည့်တိုင် ယခုထက်ထိ အလုပ်မလုပ်သေးကြောင်းသာ တွေ့လိုက်ရသည်။

ထိုအခိုက်အတန့်တွင် သူသည် ပျာယာခတ်နေပြီး စိုးရိမ်လာသည်။ မြေခဓားကမ္ဘာချောက်ထဲကဖြစ်စေ၊ ဝင်္ကပါထဲကဖြစ်စေ အဖြစ်အပျက်များကြောင့် သူသည် ကုန်းစွန်းဝမ်အာဖြစ်သည့် ရက်စက်သောတစ္ဆေကို လုံးဝကြောက်ေနသည်။

အားလုံးအထဲ အဆိုးဆုံးမှာ သူမ၏ကျင့်ကြံခြင်းအခြေခံအဆင့် အမှန်ကို မပြောနိုင်ခြင်းပင်။ အစပိုင်းတွင် သူမသည် အစွမ်းနိမ့်ကျသော်လည်း ကျင့်ကြံသူများစွာကို စားသုံးသည်နှင့်အမျှ မယုံကြည်နိုင်ဖွယ် အဆင့်တစ်ခု ရောက်သည်အထိ ပို၍ စွမ်းအားကြီးလာတော့သည်။

သူမက သခင်မလေးဟုန်ချိန်ကို အေးအေးလူလူ အနိုင်ယူခဲ့ပြီး သူမ၏ဝှက်ဖဲ ပိတ်လှောင်ခြင်းအတတ်မှပင်လျှင် လွတ်မြောက်ခဲ့လေသည်။ ပိုင်ရှောင်ချန်းမှာ သူမ အစွမ်းထက်လာသည်နှင့်အမျှ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း တွေးသာ ကြည့်နိုင်တော့သည်။

" သူ ဘယ်က လာတာတုန်းကွာ။ မြေခဓားကမ္ဘာချောက်မှာ ပေါ်လာတုန်းက တခြားအဆိပ်ဝိညာဥ်တွေလိုပါပဲ။ သူ ငါ့ဆေးလုံးတစ်လုံးလေးပဲ စားလိုက်တာပါ "

ယခုအခါ ထိုအကြောင်းအရာအားလုံးကြောင့် သူ့နှလုံးသားထဲ၌ နောင်တများ ပြည့်ကြပ်နေပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကို ဆင့်ခေါ်လိုက်ရင်း ကောင်းကင်လေသင်္ဘောကို ပို၍လျင်မြန်သော အရှိန်ဖြင့် ရှေ့ဆက်သွားစေလိုက်သည်။

သို့သော် ထိုမျှ မြန်သော အရှိန်နှင့်ပင် သူ့နောက်မှ ခပ်တိုးတိုးရယ်သံကို ကြားလိုက်ရသည်။ ၄င်းက အစတွင် ခပ်သဲ့သဲ့သာဖြစ်သော်လည်း ပို၍ ထင်ရှားပြတ်သားလာသည်။

ရင်တဒိန်းဒိန်းခုန်နေလျက် သူ ခေါင်းလှည့်ကြည့်လိုက်သည်တွင် ခပ်လှမ်းလှမ်းရှိ အနက်ရောင်အခိုးအငွေ့စီးကြောင်း တစ်ခုကို မြင်လိုက်ရ၏။ အခိုးအငွေ့များ တလိပ်လိပ်ထ ဆူပွက်လာကာ နောက်ဆုံးတွင် ပိုင်ရှောင်ချန်း၏ မျက်နှာအသွင် ပြောင်းသွားလေသည်။

၎င်းက ေကြာက်မက်ဖွယ်ပြုံးကာ ချဥ်းကပ်လာနေ၏။ ၎င်းကိုကြည့်ရသည်မှာ မိစ္ဆာသရဲတစ်ကောင်အလား ထင်မှတ်ရသည်။

" ေဩာ်၊ အချစ်ကလေးက ဒီမှာ ပုန်းနေတာလား "

ကြောက်မက်ဖွယ်ကောင်းသော ခပ်တိုးတိုး ရယ်သံတစ်သံ ပျံ့လွင့်လာ၏။

" ငါက မင်း အချစ်ကလေးမဟုတ်ဘူးကွ "

ပိုင်ရှောင်ချန်းက တုန်ရီနေသော အသံဖြင့် ပြောသည်။

“ အဲ၊ မင်း အမြင်မှားနေတာ "

အစောပိုင်းနတ်အဆင့်ကို နင်းခြေပစ်နိုင်သည့် တိုက်ခိုက်စွမ်းရည် ရှိလင့်ကစား သူသည် ထူးဆန်းသော ကုန်းစွန်းဝမ်အာအတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်ကြောင်း အခိုင်အမာယုံကြည်နေသည်။

" အမြင်မှားတယ်ဆိုတာ ဘာသဘောလဲ။ အချစ်လေးကို ခြေရာခံဖို့ တော်တော်ကြိုးစားခဲ့ရတာ။ အဲဒါကို အချစ်လေးက ဝက်ဝံရုပ်လေးကို ဖျက်စီးပစ်တယ်။ ပြန်လျော်ပေး "

အနက်ရောက်အခိုးအငွေ့မျက်နှာကြီးက ကောင်းကင်လေသင်္ဘောနောက် မီတာ ရာဂဏန်းမျှသာ ကွာဝေးတော့သည်အထိတိုင်အောင် အရှိန်တင်လိုက်ရင်း အဆက်မပြတ် ရယ်မောနေလေသည်။

၎င်းကို အနီးကပ်မြင်ရသည်မှာ ပိုင်ရှောင်ချန်းအား ရူးမတတ် ကြောက်လန့်သွားစေသည်။ သူ၏ ဦးခေါင်းခွံမှာ ပြင်းပြင်းထန်ထန် စပ်ဖျဥ်းလာကာ ခေါင်းမွှေးများပင် ထောင်လုနီးပါးဖြစ်သွားပြီး အမှန်တွင် ခြေချောင်းများ အထိ တုန်ရီနေလေသည်။

" အာ မဟုတ်ဘူး။ မင်း အမြင်မှားနေတာ "

ရုတ်တရက် သူက နေရာတစ်ခုကို လက်ညှိုးထိုးလိုက်၏။

" ဟို၊ ဟိုလေ ဗဟိုဧကရာဇ်မြို့တော်က အဲဒီနားမှာ။ အဲဒီမှာ ချန်ဟောက်စုန့်ဆိုတဲ့ လူရှိတယ်။ အဲဒီလူက မင်းရှာနေတဲ့ လူပဲ။ ေဩာ်၊ ကျောက်ရှောင်လင်းဆိုတဲ့ တစ်ယောက်လဲ ရှိသေးတယ်။ သူက တကယ် တောင့်တာနော်။ မင်း တစ်ချက်ကြည့်လိုက်တာနဲ့ သူက လုံးဝသင့်တော်တဲ့ဝက်ဝံရုပ်မှန်း သိလိမ့်မယ်။ မင်း သူ့ကို မြန်မြန် သွားရှာသင့်တယ်နော် "

ကုန်းစွန်းဝမ်အာက ပြုံးလိုက်၏။ အေးစက်သော အပြုံးက ပိုင်ရှောင်ချန်း ခေါင်းထဲတွင် ကြောက်ရွံ့ခြင်းလှိုင်းတံပိုးများ ရိုက်ခတ်သွားစေသည်။ ထိုအချိန်တွင် ဧရာမမျက်နှာကြီး၏ ပါးစပ်ပွင့်လာပြီး အခိုးအငွေ့များ တပွက်ပွပ်ထလာကာ မျက်နှာကြီးက ပို၍လျင်မြန်စွာ ကြီးထွားလာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက မီတာထောင်ပေါင်းများစွာ မြင့်မားသွားပြီး ကောင်းကင်လေသင်္ဘောတစ်စင်းလုံးကို စားပစ်တော့မည့်အလား ရှေ့တို့ ပြေးတက်လာ၏။

ရှေ့တက်လာသောမျက်နှာကြီးသည် မိုးကောင်းကင်နှင့် ပထဝီမြေကြီးကို အစားထိုးဝင်ရောက်သွားဟန်တူသည်။ ပါးစပ်ကြီးက ကောင်းကင်လေသင်္ဘောနား နီးကပ်လာသောကြောင့် ပိုင်ရှောင်ချန်းမှာ ငယ်သံပါအောင် အော်ဟစ်ရင်း သခင်မလေးဟုန်ချိန်ကို ဆွဲလိုက်ပြီးတဟုန်ထိုးထွက်ပြေးလိုက်သည်။

မလှမ်းမကမ်းမှ ကောင်းကင်လေသင်္ဘောမှာ အလွန်သေးငယ်လွန်း၍ ဧရာမပါးစပ်ပေါက်ကြီးထဲ ဝင်ရောက်နေသည့် ချိုမြိန်သော အစာသွပ်မုန့်လေးသဖွယ်။ ထို့နောက် တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာကာ ကောင်းကင်လေသင်္ဘော အစိတ်စိတ်အမြွှာမြွှာဖြစ်သွားလေပြီ။

ပိုင်ရှောင်ချန်းမှာမူ သခင်မလေးဟုန်ချိန်ကို ပွေ့ရင်း ဆန့်ကျင်ဘက်အရပ်သို့ လှစ်ခနဲထွက်ပြေးသွား၏။

" ဟမ့်၊ အချစ်လေးက အရမ်းဆိုးတာပဲ။ ဘာလဲ၊ တူတူပုန်းတမ်း ကစားချင်နေတာလား " ကုန်းစွန်းဝမ်အာထံမှ ခပ်တိုးတိုးရယ်သံများ ပိုင်ရှောင်ချန်းနားထဲရောက်လာသည်တွင် ကြက်သီးမွေးညင်းများ ထသွားတော့သည်။ သူက အရှိန်တင်ရန် ကြိုးစားလိုက်သော်လည်း ဧရာမမျက်နှာကြီးက ကောင်းကင်လေသင်္ဘောအား ဖျက်စီးပစ်လိုက်ပြီးနောက်တွင် ၄င်းက မီတာ ၃၀၀၀၀တိတိ အမြင့်အထိ ပိုမို ကြီးထွားလာ၏။

မီတာ ၃၀၀၀၀ဟူသည် စကားလုံးများနှင့် ဖော်ပြရလွယ်သော်လည်း အမြင်အားဖြင့် ဖော်ပြရန်မှာ မတူညီသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ မျက်နှာကြီးသည် အံ့သြတုန်လှုပ်ဖွယ်ကောင်းလှပြီး ကောင်းကင်နှင့်မြေပြင်ရှိအရာအားလုံးထက် ကျော်လွန်နေသည်။ ၄င်းက ပါးစပ်ကြီးကို အဆမတန်ဖြဲလျက် ပိုင်ရှောင်ချန်းထံ တိုးဝင်လာ၏။

တချိန်တည်းမှာပင် အံသြတုန်လှုပ်ဖွယ် ဆွဲငင်အားတစ်ခု ပေါ်ပေါက်လာရာ ပတ်ဝန်းကျင်ရှိ အရာမှန်သမျှ တုန်ခါလာတော့သည်။ တောင်ကုန်း၊တောင်တန်းများပင်လျှင် မြေပြင်မှ ကျွတ်ထွက်လာကြ၏။

ပိုင်ရှောင်ချန်းမှာ တသိမ့်သိမ့်တုန်နေလျက် ရှေ့တက်ရန် ကြိုးစားလိုက်သော်လည်း သူမည်မျှ အရှိန်တင်စေကာမူ ဆွဲအားကို တွန်းလှန်နိုင်စွမ်းမရှိသောကြောင့် ပါးစပ်ကြီးကို ရှောင်လွှဲ၍မရဘဲ နီးကပ်လာတော့သည်။

သူ အော်ဟစ် ငိုယိုချင်နေတော့သည်။ အထူးသဖြင့် ထိုမျက်နှာကြီးက မည်သည့်ရှုထောင့်ကကြည့်သည်ဖြစ်စေ သူနှင့်တူနေသောကြောင့်ပင်။ သူ့ကိုယ်သူ ပြန်အစားခံရမည့်အတွေးမှာ ပြောပြရန်ပင် ကြောက်စရာကောင်းလှသည်။

" လုံးဝ အနိုင်ကျင့်နေတာပဲ "

သူက သခင်မလေးဟုန်ချိန်ကို တင်းတင်းကြပ်ကြပ်ပွေ့ထားရင်း မျက်လုံးများ နီရဲလျက် အော်ဟစ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သေစေနိုင်သော အန္တရာယ်ကြီး၏ ထူးဆန်းသော ခံစားချက်ကြီးက သူ့နှလုံးသားကို ဆုပ်ကိုင်သွားတော့သည်။ သူအသက်ရှင်ရန် ကံကောင်းခြင်းအပေါ်တွင် မှီခိုနေ၍မရကြောင်း သိသည့်အတွက် တွေဝေတွန့်ဆုတ်မနေတော့ပေ။ ယခုအချိန်တွင် သူသာ မစွန့်စားလိုက်ပါက သူ၏ သနားစရာကောင်းသော အသက်လေး သေချာပေါက် ဆုံးရှုံးရပေတော့မည်။

" ကိုယ်တော်ပိုင်က မင်းကိုကြောက်တယ်လို့ ထင်နေလား၊ ကုန်းစွန်းဝမ်အာ "

သူက ဟိန်းဟောက်လိုက်သည်။ သူသည် တုန်ရီနေဆဲဖြစ်သော်လည်း သူ၏ သံမဏိသွေးကြောများ ထောင်ထလာလေပြီ။ သူက သူ၏ အပြင်အားနှင့် နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံကို ဆင့်ခေါ်လိုက်သည့်အတွက် သူ၏စွမ်းအားအရိုးထဲရှိ စွမ်းအင်များ လှုပ်ရှားထကြွလာသည်။ မိုးကောင်းကင် မှေးမှိန်သွားပြီး လေပြင်းများ တဝေါဝေါ တိုက်ခတ်လာရာ ကျောက်တုံးကျောက်ခဲများ၊ ဖုန်မှုန့်များ နေရာအနှံ့မှ ပျံထွက်လာတော့သည်။ သူက နတ်တစ်ပါး မဖြစ်သေးသော်လည်း ယခုအခိုက်အတန့်တွင် သူ၏စွမ်းအင်သည် ထိုပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံ၏ စိတ်ဆန္ဒကို ဝင်ရောက်စွက်ဖက်နိုင်သည်အထိ စွမ်းအားကြီးမားနေလေပြီ။

သူက ညာလက်ကို လက်သီးဆုပ်လိုက်ရာ အနက်ရောင်လေပွေတစ်ခု ပေါ်လာပြီး သူ၏အရှိန်အဝါများအားလုံးကို ချက်ချင်း စုပ်ယူသွားသည်။ ထို့နောက် အရိပ်သဏ္ဍာန်ဧကရာဇ်၏ ပုံရိပ် သူ့နောက်တွင် ပေါ်လာ၏။

နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ စိတ်စွမ်းအားကို ပိုင်ဆိုင်ထားဟန်တူေသာ ထိုအရိပ်သဏ္ဍာန်လူကြီးကြောင့် ပြင်းထန်သော ထစ်ခြုန်းမြည်သံများ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွား၏။ ၄င်းက မိုးကောင်ကင်နှင့် ပေါင်းစပ်၍ သက်ရှိသက်မဲ့အားလုံး၏ သဘာဝနိယာမကို ပြောင်းလဲပစ်နိုင်ဟန်တူသည်။

ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာသော်လည်း ပိုင်ရှောင်ချန်းက နေရာတကျဖြစ်ရန် အချိန်တိုလေးမျှသာ ကြာလိုက်သည်။

ပိုင်ရှောင်ချန်းက ဟိန်းဟောက်ရင်း လာနေသော မီတာ ၃၀၀၀၀ အမြင့် မျက်နှာကြီးထံ ရုတ်တရက် ခုန်တက်လိုက်ပြီး တောင်တန်းများပြိုလဲ၍ ပင်လယ်တို့ ခမ်းခြောက်သွားစေသော လက်သီးတစ်လုံး ပစ်လွှတ်လိုက်သည်။

ထာဝရဧကရာဇ်လက်သီး။

သူ၏ ပုံမှန်အပြင်အားနှစ်ဆ။

အရိပ်သဏ္ဍာန် ဧကရာဇ်ကလည်း လက်သီးထိုးချလိုက်ပြီး ထွက်ပေါ်လာသည့်စွမ်းအင်က ပြင်းထန်လွန်းလှ၍ ဧကရာဇ်ပင် မှိန်ဖျော့လာသည်။ ပိုင်ရှောင်ချန်းက ထိုလက်သီးချက်အပေါ်တွင် အရာအားလုံး ပုံအောထားပြီး ဧရာမမျက်နှာကြီးထံ တည့်တည့်မတ်မတ် ထိုးချလိုက်လေသည်။

လေပြင်းများတိုက်ခတ်လာပြီး နားကွဲလုမတတ် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ ယင်းမှာ မြေကြီး၏မျက်နှာပြင်အောက်တွင် မြွေနဂါးများ လူးလွန့်လှုပ်ရှားလိုက်သည့်အလား မျက်စိတဆုံးအထိ ပြင်းပြင်းထန်ထန် ငလျင်လှုပ်ခတ်သွားသည်။

ပိုင်ရှောင်ချန်းမှာ နောက်သို့ မီတာရာပေါင်းများစွာ လွင့်ထွက်သွားကာ ပါးစပ်မှ သွေးများ ပန်းထွက်သွားလေသည်။ ထိုအချိန်တွင် သူက သူ့ကိုယ်သူ ပြန်ထိန်းလိုက်ပြီးနောက် တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးလေသည်။

မျက်နှာကြီး၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွား၏။

ထိုအပိုင်းအစများက အနက်ရောင်မီးခိုးများ ဖြစ်လာပြီး လျင်မြန်စွာ အတူတကွ ပေါင်းစပ်သွားကြကာ ပိုင်ရှောင်ချန်း အယောင်ဆောင်ထားသည့် ကုန်းစွန်းဝမ်အာ ပြန်ဖြစ်သွား၏။

သူမ၏မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းစတစ်ခု ရှိနေပြီး နားလည်ရခက်သော အပြုံးတစ်စက သူမ၏မျက်နှာပေါ်တွင် တွဲခိုနေသည်။

" အဲဒီအနံ့ကို ငါသိတာပေါ့။ မင်းဆီမှာ သေချာပေါက် အဲဒီအူကြောင်ကြောင်အဘိုးကြီးရဲ့ သဲလွန်စတွေရှိနေတယ် "

သူမက ခပ်တိုးတိုးရယ်လိုက်ရင်း လိုက်ဖမ်းရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ဖြူဖပ်နေသော မျက်နှာနှင့် ရင်တထိတ်ထိတ်ခုန်နေလျက် အားကုန်ပြေးနေသည်။

ထိုအခိုက်အတန့်တွင် ကုန်းစွန်းဝမ်အာ မျက်နှာပျက်သွားကာ ခေါင်းလှည့်ကြည့်လိုက်ရာ လေကို ခွင်း၍ သူမထံ လာနေသော ဒေါသအမျက်ချောင်းချောင်းထွက်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

" ငါ့ ချစ်သမီးလေးနဲ့ သမက်ကို ဘယ်ကောင် ထိရဲတာလဲကွ "

ယင်းကား သရဲကြီးဘုရင်က လွဲ၍ တခြားသူ မဟုတ်ပေ။

ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ပျော်ရွှင်ဝမ်းမြောက်မှုကြောင့် ပြူးကျယ်သွားပြီး ချက်ချင်း အော်လိုက်ေလသည်။

" ယောက္ခမကြီး ကယ်ပါဦး "

All Chapters