အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
အခန်း ၁၂၁ - ရွှမ်ထျန်းကမ္ဘာ၏ အပြင်ဘက်
"အဲဒီ ကြမ်းကြုတ်တဲ့ သားရဲက ရွှမ်ထျန်းကမ္ဘာက မဟုတ်ဘူးပဲ..."
အမှန်တကယ်တွင် ဝူဟောက်သည် လူသား အင်မော်တယ် အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခဲ့စဉ် ကတည်းက ထိုမိစ္ဆာသားရဲ၏ တည်ရှိမှုကို အာရုံခံမိပြီး ဖြစ်သော်လည်း ဝူယိတောက်သည် ထျန်းဝူတောင်တွင် ရှိနေသောကြောင့် သူသည် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။
ဝူဟောက်၏ အမြင်တွင် အရာရာတိုင်း၌ တည်ရှိနေရခြင်း အကြောင်းရင်း ရှိသည်။ ဥပမာအားဖြင့် ပိတ်လှောင်ခံထားရသော ကြမ်းကြုတ် သားရဲ၏ ဖြစ်တည်မှုသည် ဝူယိတောက်အတွက် ခြေနင်းတုံး တစ်ခု ဖြစ်လာပေလိမ့်မည်။ ဝူဟောက်သည် ဝူယိတောက်နှင့် အခြားသူများအတွက် ချောချောမွေ့မွေ့ သွားလာနိုင်စေရန် လမ်းကြောင်းဖောက်လုပ်ပေးမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ၊ သွေးတိုးစမ်း လေ့ကျင့်ခြင်း၏ အဓိပ္ပာယ်မှာ ပိုမို သန်မာလာစေရန် ဖြစ်သည်။ အကယ်၍ သူတို့သည် ဖန်လုံအိမ်ထဲမှ ပန်းပွင့်လေးများ ဖြစ်လာကြပါက ၊ ဝူယိတောက်နှင့် အခြားသူများကို ထိခိုက်နစ်နာစေရုံသာ ရှိပေလိမ့်မည်။
"အဲဒီကောင်ရဲ့ နယ်ပယ်က မဟာဧကရာဇ် နှောင်းပိုင်းအဆင့်မှာ ရှိတယ်... ပြင်ပကမ္ဘာကနေ ရွှမ်ထျန်းကမ္ဘာထဲကို လမ်းမှား ရောက်လာတာ ဖြစ်လောက်တယ်... ပြီးတော့ စွမ်းအား တစ်ခုခုရဲ့ ညစ်ညမ်းစေမှုကို ခံထားရပုံ ရတယ်... အရင်တုန်းကတော့ အစီအရင် တစ်ခုနဲ့ ဖိနှိပ်ထားခဲ့ပေမယ့် အခု အဲဒီ အစီအရင်က သူ့ကို ဖိနှိပ်ထားနိုင်စွမ်း မရှိသလောက် ဖြစ်နေပြီ... နှစ် ငါးထောင်လောက် ကြာရင် ထွက်လာလိမ့်မယ်လို့ ခန့်မှန်းရတယ်”
ကြမ်းကြုတ်သားရဲ၏ ဇာစ်မြစ်ကို ရှင်းပြနေသော ဘိုးဘေးဖြစ်သူ၏ စကားများကို နားထောင်ရင်း ဝူယိတောက်သည် ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ ထိုအကောင်၏ နယ်ပယ်အဆင့်ကို သူသည် အကြမ်းဖျင်း ခန့်မှန်းမိပြီး ဖြစ်သော်လည်း ၊ သူသည် ဝူဟောက်ထံမှ အတည်ပြုချက် ရယူလိုက်ခြင်းသာ ဖြစ်သည်။
ဝူယိတောက်သည် တစ်စုံတစ်ခုကို တွေးမိကာ ထပ်မံ မေးမြန်းလိုက်သည်။
"ဘိုးဘေး... ရွှမ်ထျန်းကမ္ဘာ အပြင်ဘက်က ကမ္ဘာကြီးက အတော်ကြီးလား”
ဝူယိတောက်သည် ဟွမ်သွမ့် မဟာဧကရာဇ်၏ အမွေအနှစ်ကို ရရှိထားပြီး မဟာဧကရာဇ် အထက် နယ်ပယ်များအကြောင်း သိရှိထားသော်လည်း ၊ ဟွမ်သွမ့်မဟာဧကရာဇ်၏ အမွေအနှစ်ထဲတွင် ပြင်ပကမ္ဘာနှင့် ပတ်သက်သော မိတ်ဆက်ခြင်းမျိုး မပါဝင်သဖြင့် ဝူယိတောက်သည် ပြင်ပကမ္ဘာအကြောင်း အလွန် သိချင်နေမိသည်။
ဝူဟောက်သည် တစ်ခဏမျှ ကြောင်အမ်းသွားသော်လည်း လေးနက်သော အမူအရာဖြင့် အလျင်အမြန် ပြောလိုက်သည်။
"ရွှမ်ထျန်းကမ္ဘာ အထက်မှာ အထက်ဘုံ ရှိတယ် ဆိုတာ မင်း သိတယ်မလား... ငါတို့ ရွှမ်ထျန်းကမ္ဘာကြီး ဘယ်လောက် ကြီးမားတယ် ဆိုတာ မကြည့်နဲ့... အထက်ဘုံ တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် ငါတို့ ရွှမ်ထျန်းကမ္ဘာက ရွှမ်ထျန်းကမ္ဘာထဲက ငါတို့ ဝူမိသားစုလောက်ပဲ ရှိတယ်”
"ပြီးတော့ ငါတို့ ရွှမ်ထျန်းကမ္ဘာနဲ့ တူညီတဲ့ ကမ္ဘာတွေ မရေမတွက်နိုင်အောင် ရှိသေးတယ်... ဘိုးဘေးတောင်မှ ကမ္ဘာအားလုံးကို သိတယ်လို့ မပြောရဲဘူး”
ထိုစကားများကို ကြားပြီးနောက် ဝူယိတောက်၏ ရင်ထဲတွင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်သွားသော်လည်း ၊ ၎င်းနှင့်အတူ ကြီးမားသော ရည်မှန်းချက် တစ်ခု ပေါက်ဖွားလာခဲ့သည်။
"ဘိုးဘေး... ကျွန်တော် ဆုံးဖြတ်လိုက်ပြီ... ကျွန်တော် ကြိုးစားမယ်... ကမ္ဘာတိုင်းကို သွားလည်မယ်... ကမ္ဘာအားလုံးကို တစ်ချက်တည်းနဲ့ မြင်နိုင်မယ့် နယ်ပယ်အထိ ကျွန်တော် ကျင့်ကြံမယ်”
ဝူဟောက် တစ်ခဏမျှ ကြောင်အမ်းသွားသော်လည်း ကျေနပ်သော အမူအရာကို အလျင်အမြန် ပြသလိုက်သည်။
"ဟားဟားဟား... ကလေးကောင်း... ဒီလိုဆိုရင်တော့ အဲဒီနေ့ ရောက်လာမှာကို ဘိုးဘေး စောင့်မျှော်နေမယ်”
ဝူဟောက်ထံမှ သူ သိလိုသော သတင်းအချက်အလက်များကို ရရှိပြီးနောက် ဝူယိတောက်သည် မိဘများကို နှုတ်ဆက်ရန် ပြန်သွားပြီး ဝူမိသားစုမှ ထပ်မံ ထွက်ခွာခဲ့သည်။
သို့သော် သူသည် ထျန်းဝူတောင်သို့ ပြန်မသွားဘဲ ရုပ်ဖျက်ကာ ရွှမ်ထျန်းကမ္ဘာ အတွင်း၌ မိမိကိုယ်ကို စတင် သွေးတိုးစမ်း လေ့ကျင့်လေသည်။ ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ၊ မဟာဧကရာဇ် အဆင့်သို့ တတ်လှမ်းနိုင်ရန်အတွက ရွှမ်ထျန်းကမ္ဘာ၏ ဧကရာဇ် တာအို ဥပဒေသများကို ပြန်လည် နိုးထလာစေရန် ပြင်ဆင်မှု အချို့ ပြုလုပ်ရန် လိုအပ်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဆယ်နှစ် ကုန်လွန်သွားလေသည်။
ဆယ်နှစ် အတွင်း ဝူဟောက် ပေးသော အင်မော်တယ် ဧကရာဇ် အမွေအနှစ်ကို လက်ခံရရှိထားသော ဝူမိသားစုဝင်များသည် သူခိုးလမ်းကြောင်း သုံးထားသကဲ့သို့ အတော်လေး တိုးတတ်မှု ရှိကြသည်။
မည်သို့ပင်ဆိုစေကာမူ ၊ ပုံမှန်လူတစ်ယောက် အနေဖြင့် ဆယ်နှစ် အတွင်း အဓိက နယ်ပယ် အများအပြားကို မည်သို့ ကျော်ဖြတ် ချိုးဖျက်ဝင်ရောက်နိုင်မည်နည်း။
ဇာတ်လိုက်၏ ဇနီးသည်နှင့် တစ်ဦးတည်းသော တာအိုလက်တွဲဖော် အဖြစ် စုချောင်ရန်သည်လည်း ဝူဟောက်ကို စိတ်ပျက်စေခြင်း မရှိခဲ့ချေ။ အချိန်တိုအတွင်း သူမသည် သူတော်စင်ဘုရင် အလယ်အလတ်အဆင့်မှ အဓိပတိ ကနဦးအဆင့်သို့ တိုက်ရိုက် တတ်လှမ်းနိုင်ခဲ့သည်။ ဝူဟောက်၏ အမြင်တွင် ဤသည်မှာ အလွန် အထင်ကြီးစရာ ကောင်းသော တိုးတက်မှု ဖြစ်နေပြီ ဖြစ်သည်။
၎င်းတို့အနက် ကြောက်စရာ အကောင်းဆုံးမှာ ဝူမုန့်သယ် ဖြစ်သည်။ ဝူဟောက် ကိုယ်တိုင်ပင် အကြောင်းရင်းကို မသိနိုင်ခဲ့ပေ။ ဝူမုန့်သယ်သည် သွေးဧကရာဇ် ဆေးလုံး သောက်သုံးပြီးမှသာ မဟာဧကရာဇ် ကနဦးအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သော်လည်း သူပေးသော ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်နှင့် အင်မော်တယ် ဧကရာဇ် အမွေအနှစ်ကို ရရှိပြီးနောက် ၊ သူမသည် အချိန်တိုအတွင်း မဟာဧကရာဇ် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
"ဒီကောင်... သူလည်း ရိုးရှင်းပုံမရဘူး”
ဝူဟောက်၏ အမူအရာမှာ အနည်းငယ် လေးနက်နေသော်လည်း အတွင်းစိတ်ထဲ၌ အလွန်အမင်း စိုးရိမ်ပူပန်နေခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေ ဝူမုန့်သယ်သည် သူ၏ လက်အောက်ငယ်သား ဖြစ်သည်။ သူမ ပိုမို သန်မာလာလေ ၊ သူ ဝင်ပါရမည့် ကိစ္စနည်းပါးလေ ဖြစ်သည်။ အနည်းဆုံးတော့ လက်ရှိ ရွှမ်ထျန်းကမ္ဘာတွင် ဝူဟောက် အနေဖြင့် သူကိုယ်တိုင် လှုပ်ရှားရန် မလိုအပ်သေးပေ။
ဤဆယ်နှစ် အတွင်း ဝူဟောက်သည်လည်း အင်မော်တယ် ဘုရင် ကနဦးအဆင့်မှ အင်မော်တယ် ဘုရင် နှောင်းပိုင်းအဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီး သူ၏ ကိုယ်ပိုင် လုံခြုံရေး စွမ်းရည်အပေါ် ယုံကြည်မှု ပိုမို နက်ရှိုင်းလာခဲ့သည်။
ဝူယိတောက်သည် အဓိပတိ နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ခဲ့သည်။ ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် နှစ်ယောက်စလုံးက ပူးကပ်စွာဖြင့် ရှိနေသောကြောင့် အလွန်အမင်း လျင်မြန်စွာ ချိုးဖျက်ဝင်ရောက်ရန် မဝံ့ရဲသော်လည်း ၊ မဟာသူတော်စင် အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကြပြီး ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် မဟာသူတော်စင် အဆင့်သို့ အမြန်ဆုံး ချိုးဖျက်ဝင်ရောက်နိုင်မှု စံချိန်ကို တိုက်ရိုက် ချိုးဖျက်ခဲ့ကြသည်။
သို့သော် လက်ရှိ အခြေအနေအရ သူတို့သည် ရွှမ်ထျန်းကမ္ဘာရှိ စံချိန်အားလုံးကို ချိုးဖျက်နိုင်ဖွယ် ရှိသည်။
ဘုန်း...
ဤအချိန်တွင် ဝူယီဖန်သည် နန်းတော်ထဲ၌ ရှေ့ဆက်သွားနေဆဲ ဖြစ်သော်လည်း သူ၏ ဘေးနားရှိ အရိုးစုများသည် စစ်မှန်အင်မော်တယ် အဆင့်ရှိ အရိုးစုများ ဖြစ်လာသည်ကို သတိထားမိသည်။ ဖိအားများသည် လူသား အင်မော်တယ်များကိုပင် မသက်မသာ ဖြစ်စေနိုင်ပြီး မဟာဧကရာဇ် အဆင့်သာ ရှိသေးသော ဝူယီဖန် အဖို့ ပြောနေစရာပင် မလိုတော့ချေ။
သို့သော် ဝူယီဖန်သည် ၎င်းကို နှစ်သက်နေသည်။ မည်သို့ပင်ဆိုစေကာမူ ၊ သူ၏ ရုပ်ခန္ဓာသည် အဆက်မပြတ် သန်မာလာနေသည်။ လက်ရှိ အခြေအနေအရ အနီးနားရှိ အရိုးစုများ အားလုံးသည် ရွှေအင်မော်တယ် အဆင့်နှင့် အထက်သို့ ရောက်ရှိလာချိန်တွင် သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် အဆင့် တစ်ဆယ်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ဝူယီဖန် ခန့်မှန်းထားသည်။
"ဒါပေမဲ့ ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့လို့ ဒီလောက်များပြားတဲ့ စွမ်းအားရှင်တွေ သေဆုံးခဲ့ရတာလဲ... စစ်မှန်အင်မော်တယ် အဆင့်ရဲ့ သက်တမ်းက နှစ် ငါးသန်းအထိ ရှိတာလေ “
ဝူယီဖန်သည် နက်ရှိုင်းသော နေရာသို့ လှမ်းကြည့်လိုက်ရာ သူ၏ အမူအရာမှာ ပိုမို လေးနက်လာသည်။ နက်ရှိုင်းသော နေရာတွင် ရွှေအင်မော်တယ် အဆင့်ရှိ အရိုးစုများပင် ရှိနေပြီး ရွှေအင်မော်တယ်များတွင် သက်တမ်း နှစ် သန်းပေါင်းများစွာ ရှိကြသည်။
ဤနေရာရှိ စွမ်းအားရှင်များသည် အဘယ်ကြောင့် ဤနေရာတွင် သေဆုံးခဲ့ကြသည်ကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။ အထူးသဖြင့် သူတို့သည် ဆန္ဒရှိနေပုံရသည်။ အကယ်၍ သူတို့အနေဖြင့် ဆန္ဒမရှိပါက ၊ အဘယ့်ကြောင့် ဤကဲ့သို့ တင်ပျဉ်ခွေ ထိုင်နေကြမည်နည်း။
ခေါင်းခါလိုက်ရင်း ဝူယီဖန်သည် ဆက်မတွေးတော့ဘဲ ရှေ့ဆက် လျှောက်သွားလိုက်သည်။
ဝူလီဘက်တွင်မူ ၊ သူသည် ပြသနာအချို့နှင့် ကြုံတွေ့နေရသည်။
"ဆရာ... ဒီ တပည့်ပြိုင်ပွဲမှာ ကျွန်တော့်ကို တကယ်ပဲ ပါဝင်စေချင်တာလား”
သူ့ရှေ့ရှိ ချန်ဖျင်အန်းကို ကြည့်ရင်း ၊ ဝူလီ၏ မျက်နှာတွင် ဆင်ခြေများနှင့် ငြင်းပယ်လိုသော အရိပ်အမြွက်များ ရှိနေခဲ့သည်။
သို့သော် ချန်ဖျင်အန်းက ပြတ်သားစွာ ပြောလိုက်သည်။
"ငါ့တပည့် အနေနဲ့ မင်း နာမည်ရဖို့ လုပ်သင့်တယ်... မင်းက ကပ်ဘေးဖြတ်ကျော်ခြင်း အဆင့်မှာပဲ ရှိသေးပေမဲ့ တချို့လူတွေအတွက်တော့ ထူးချွန်တယ်လို့ ယူဆလို့ ရနေပြီ... တပည့်ပြိုင်ပွဲမှာ ပါဝင်ရင် မင်း အဆင့်ကောင်းကောင်း ရနိုင်လောက်တယ်”
ထိုစကားများကို ကြားသော်လည်း ၊ ဝူလီသည် ငြင်းပယ်ရန် ပြင်ဆင်နေဆဲ ဖြစ်သည်။ သူသည် ကြိုးစား ကျင့်ကြံလိုသော်လည်း ၊ မည်သည့် အငြင်းပွားမှုတွင်မျှ မပါဝင်လိုပေ။ ကျင့်ကြံခြင်း လမ်းကြောင်းတွင် ကံတရား အကျိုးအကြောင်းများနှင့် မပတ်သက်ခြင်းက အကောင်းဆုံးသာ ဖြစ်သည်။
ဝူလီ၏ အမြင်တွင် တပည့်ပြိုင်ပွဲ၌ ပါဝင်ခြင်းသည် ထင်ပေါ်ကျော်ကြားမှုကို ဆိုလိုပြီး အမုန်းပွားခံရနိုင်ကာ ဆက်တိုက် ဖြစ်ရပ်များကို ဖြစ်ပေါ်စေနိုင်သည်။ ဤသည်မှာ ဝူလီ၏ သိုသိုသိပ်သိပ် နေလိုသော အယူအဆနှင့် ဆန့်ကျင်နေသည်။
စီနီယာအစ်ကိုနှင့် စီနီယာအစ်မ နန်ကုန်းယာတို့ နောက်လိုက်ပြီး သူတော်စင်လေးပါးပြိုင်ပွဲသို့ တစ်ကြိမ် သွားရောက်ခဲ့ခြင်းသည် ဆရာ့ကို မျက်နှာသာ အများကြီး ပေးပြီးသား ဖြစ်သည်။ ဤတစ်ခေါက်တွင် ဝူလီ သည် ထပ်မံ သဘောတူမည် မဟုတ်ပေ။
ဝူလီ ငြင်းပယ်တော့မည့်ဆဲဆဲတွင် ချန်ဖျင်အန်းက ထပ်ပြောလိုက်သည်။
"ဒီတစ်ခေါက် ဂိုဏ်းချုပ်က ဖန်ဆင်းခြင်း မျိုးစေ့ ၊ အဓိပတိ လက်နက် စတာတွေကို ဆုလက်ဆောင် အဖြစ် ထုတ်ပေးထားတယ်... မင်း ပါဝင်ရင် ဖန်ဆင်းခြင်း မျိုးစေ့ကို ရကောင်း ရနိုင်တယ်”
"ဆရာ... ဆက်မပြောပါနဲ့တော့... ဒီတစ်ခေါက် တပည့်ပြိုင်ပွဲကို ကျွန်တော် ဝူလီ သေချာပေါက် ဝင်ပြိုင်ပါ့မယ်”
ဝူလီ၏ အမူအရာမှာ ခိုင်မာပြတ်သားနေပြီး တုံ့ဆိုင်းခြင်း မရှိချေ။ ယခုလေးတင် ငြင်းပယ်ရန် ပြင်ဆင်နေသူမှာ သူ မဟုတ်သကဲ့သို့ပင်။
အခန်း ၁၂၂ - ဖန်ဆင်းခြင်း အကောင်းဆုံး ဆေးလုံး
ဝူလီဘက်မှ သဘောတူသည်ကို မြင်သည်နှင့် ၊ ချန်ဖျင်အန်း၏ ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားပြီး ၊ သူသည် ဆက်ပြောလိုက်သည်။
“မင်း ဝင်ပြိုင်ဖို့ ရွေးချယ်လိုက်မှတော့ သေချာ ကြိုးစားပြီး ငါတို့ ရှောင်ယောင်တောင်ထိပ်အတွက် ပထမဆု ရအောင် ယူပေးရမယ်”
“နားလည်ပါပြီ ဆရာ... အော်... ဒါနဲ့... ဖန်ဆင်းခြင်း မျိုးစေ့က ဘယ်အဆင့်အတွက် ပေးတဲ့ ဆုလဲ”
ဝူလီသည် ခေါင်းညိတ်သဘောတူလိုက်သော်လည်း ၊ တစ်စုံတစ်ခုကို တွေးမိပြီး အလျင်အမြန် မေးလိုက်သည်။
ချန်ဖျင်အန်းသည် အစပိုင်းတွင် လန့်ဖျပ်သွားသော်လည်း အမှန်အတိုင်း ပြောပြလိုက်သည်။
“တတိယဆု... ဘာဖြစ်လို့လဲ”
“ဘာမှ မဟုတ်ပါဘူး... နားလည်ပါပြီ”
ဝူလီသည် ခေါင်းညိတ်လိုက်ပြီး တတိယနေရာကို သူ မည်သို့ ရယူသင့်သည်ကို တွက်ချက်လိုက်သည်။
ချန်ဖျင်အန်းသည်လည်း တစ်စုံတစ်ခုကို လျင်မြန်စွာ တွေးမိလိုက်ပြီး အလွန် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“မင်း ဖန်ဆင်းခြင်း မျိုးစေ့ကို လိုချင်နေတာတော့ မဟုတ်ဘူးမလား... ဖန်ဆင်းခြင်း မျိုးစေ့ကနေ တာအိုအဆင့် ဖန်ဆင်းခြင်း ပန်းတစ်ပွင့်ကို စိုက်ပျိုးနိုင်ရင် ၊ ကောင်းကင်အလိုကို ဆန့်ကျင်နိုင်တဲ့ အကျိုးသက်ရောက်မှု အပြင် ဝိညာဉ်အမြစ်ကို တိုးတက်စေနိုင်မယ် ဒါပေမဲ့ အဲ့အတွက် ကံကောင်းဖို့လည်း လိုအပ်တယ်”
“လက်ရှိ ရွှမ်ထျန်းကမ္ဘာမှာ တာအိုအဆင့် ဖန်ဆင်းခြင်း ပန်းတွေကို စိုက်ပျိုးနိုင်စွမ်း မရှိတာကို ထည့်ပြောဦး “
နှစ်ပေါင်း ၁၀၀,၀၀၀ ကျော် တည်ရှိခဲ့သော ကောင်းကင်နှင့် မြေကြီး ရတနာများသည် တာအိုအဆင့်သို့ တက်လှမ်းနိုင်သော်လည်း ၊
ရွှမ်ထျန်းကမ္ဘာ၏ ဧကရာဇ် တာအို ဥပဒေသများ၏ ပိတ်လှောင်မှုကို ခံထားရသောကြောင့် ကောင်းကင်နှင့် မြေကြီး ရတနာများသည် တာအိုအဆင့်သို့ သဘာဝကျကျ တက်လှမ်းနိုင်ခြင်း မရှိကြချေ။
နှစ်ပေါင်း ၁၀၀,၀၀၀ မပြည့်မီမှာပင် အကြောင်းအမျိုးမျိုးကြောင့် ညှိုးနွမ်းပျောက်ကွယ်သွားကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ၊ တာအိုအဆင့်ရှိ ကောင်းကင်နှင့် မြေကြီး ရတနာများသည် ရွှမ်ထျန်းကမ္ဘာတွင် ပေါ်ထွက်လာတော့မည် မဟုတ်ကြောင်း လူတိုင်း သိရှိလာကြသည်။
ကောင်းကင်အလိုကို ဆန့်ကျင်နိုင်သော အကျိုးသက်ရောက်မှုများ ပါဝင်သည့် ဖန်ဆင်းခြင်း ပန်းတစ်ပွင့်ကို စိုက်ပျိုးနိုင်သော မျိုးစေ့ အနေဖြင့် ၊ အဆိုပါ ဖန်ဆင်းခြင်း မျိုးစေ့ကို လူတိုင်း လိုချင်တပ်မက်ကြသော်လည်း ရွှမ်ထျန်းကမ္ဘာတွင်ပင် ၎င်း၏ အရေအတွက်မှာ လွန်စွာ ရှားပါးသည်။
တာအိုအဆင့်နှင့် အထက် ဖန်ဆင်းခြင်း ပန်းများသာလျှင် ၊ ကောင်းကင်အလိုကို ဆန့်ကျင်နိုင်သော အကျိုးသက်ရောက်မှုများကို ပြသနိုင်သဖြင့် အချိန်ကြာလာသည်နှင့်အမျှ ၊ ဖန်ဆင်းခြင်း မျိုးစေ့၏ တန်ဖိုးသည် တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
ထိုစကားကိုကြားပြီးနောက် ၊ ဝူလီသည် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။
“အမှန်အတိုင်း ပြောရရင် ဆရာ... ကျွန်တော် ဆေးဖော်စပ်နည်း တစ်ခု ရထားတယ်... အဲ့တာက တာအိုအဆင့်ရှိတဲ့ ဖန်ဆင်းခြင်းပန်း မလိုအပ်ဘူး... ကျွန်တော့်ရဲ့ ဝိညာဉ်အမြစ်ကို ထိပ်တန်း အရည်အသွေး အဆင့်ထိ မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးတစ်လုံးကို သန့်စင်ဖို့ အဓိပတိ အဆင့်ရှိတဲ့ ဖန်ဆင်းခြင်း ပန်းတစ်ပွင့်ပဲ လိုအပ်တယ်”
ထိုသို့ ပြောပြီးနောက် ဝူလီသည် ဆေးဖော်စပ်နည်းကို ထုတ်ပြလိုက်သည်။
အချိန်အတော်ကြာ အတူနေထိုင်ပြီးနောက် ၊ သူ၏ ဆရာသည် ယုံကြည်စိတ်ချရသူ ဖြစ်ကြောင်း ဝူလီကိုယ်တိုင် သိရှိထားသည်။ ထို့အပြင် သူ၏ ဆရာသခင်သည် အဂ္ဂိရတ် ပညာရှင် တစ်ဦးလည်း ဖြစ်သောကြောင့် ဆေးဖော်စပ်နည်းကို မြင်သည်နှင့် သူ၏ ရည်ရွယ်ချက်ကို သိရှိပေလိမ့်မည်။
ဆေးဖော်စပ်နည်းက်ို လက်ခံရယူပြီးနောက် ၊ ချန်ဖျင်အန်း၏ အမူအရာသည် လေးနက်မှုမှ တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
အဓိပတိ အဂ္ဂိရတ် ပညာရှင် တစ်ဦး အနေဖြင့် ၊ သူသည် ဤဆေးဖော်စပ်နည်းမှာ မည်မျှ တန်ဖိုးရှိကြောင်း သဘာဝကျကျ မြင်တွေ့နိုင်သည်။ ထို့နောက် ချန်ဖျင်အန်းသည် ဝူလီကို လေးနက်တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဒီ ဆေးဖော်စပ်နည်းထဲက အကြောင်းအရာတွေက ဖြစ်နိုင်ချေ ရှိတယ်... ဒါပေမဲ့ မင်း ဒီ ဆေးဖော်စပ်နည်းကို ဘယ်တော့မှ ပေါက်ကြားလို့ မဖြစ်ဘူး... စီနီယာအစ်ကို နဲ့ စီနီယာအစ်မ နန်ကုန်းယာ ကိုတောင် မပြောပြရဘူး... အကယ်၍ ပေါက်ကြားသွားရင် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးက လူတွေ လှုပ်ရှားလာပြီး ရူးသွပ်သွားမှာကိုတောင် ဆရာ စိုးရိမ်မိတယ်”
“အဲ့အချိန်ကျရင် ဆရာတောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
ဆရာဖြစ်သူ၏ လေသံထဲမှ စိုးရိမ်ပူပန်မှုများကို ခံစားမိသဖြင့် ဝူလီသည် ရင်ထဲတွင် နက်ရှိုင်းစွာ ခံစားလိုက်ရသည်။ သူသည် ဝူမိသားစုမှ ဆင်းသက်လာသည်ကို ဆရာသခင်သာ သိရှိသွားခဲ့လျှင်ဖြင့် ဤမျှ စိုးရိမ်လိမ့်မည် မဟုတ်ပေ။
သို့သော် ဝူမိသားစုမှ မထွက်ခွာမီ ၊ အပြင်လောကတွင် သူသည် ဝူမိသားစုမှ ဆင်းသက်လာသူဖြစ်ကြောင်း ထုတ်ဖော်မပြောရန် ဘိုးဘေးက မှာကြားထားသည်။ ဝူလီသည် ထိုမှာကြားချက်ကို စိတ်ထဲတွင် မှတ်သားထားသဖြင့် ထုတ်မပြောဘဲ ခေါင်းညိတ်လိုက်သည်။
“နားလည်ပါပြီ ဆရာ”
“ ဒီမှာပါတဲ့ ပစ္စည်းတွေ ဘယ်လောက် စုဆောင်းပြီးပြီလဲ... တစ်ခုခု လိုအပ်ရင် ဆရာ့ကို ပြော”
ချန်ဖျင်အန်း တစ်စုံတစ်ခုကို တွေးမိပြီး မေးလိုက်သည်။
ဝူလီက ပြန်ဖြေလိုက်သည်။
“ဖန်ဆင်းခြင်း ပန်းပဲ ကျန်တော့တယ်... ကျန်တဲ့ ပစ္စည်းတွေ အားလုံး ကျွန်တော် စုဆောင်းပြီးပါပြီ”
“အင်း... ဒီ တပည့်ပြိုင်ပွဲမှာ မင်း တတိယနေရာကို ရအောင် ယူပြီး ဖန်ဆင်းခြင်း မျိုးစေ့ကို ရယူရမယ်... တကယ်လို့ မရဘူး ဆိုရင် မင်း ပထမနေရာကို တိုက်ရိုက် ရည်မှန်းပြီး အဓိပတိ လက်နက်နဲ့ တတိယလူဆီက ဖန်ဆင်းခြင်း မျိုးစေ့ကို လဲလှယ်လို့ ရတယ်... ဖန်ဆင်းခြင်း မျိုးစေ့နဲ့ အဓိပတိ လက်နက် ဘယ်ဟာက ပိုအရေးကြီးလဲ ဆိုတာ သူတို့ သိမှာပါ”
ချန်ဖျင်အန်းသည် ခေါင်းညိတ်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
ဝူလီတွင် သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိသည်။ သူသည် တတိယနေရာကိုသာ သေချာပေါက် ရယူမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၊ ဖန်ဆင်းခြင်း မျိုးစေ့သည် သူ့လက်ထဲကို ရောက်ရှိမှသာလျှင် ၊ သူသည် စိတ်ချနိုင်မည် ဖြစ်သည်။
အကယ်၍ တစ်ဖက်လူသည် လဲလှယ်ရန်ဆန္ဒမရှိပါက ၊ မည်သို့ လုပ်မည်နည်း။သူ့အနေဖြင့် အတင်းအကျပ် လုယူ၍ မရနိုင်ပေ။
“ဒါနဲ့... မင်း ဒီဆေးဖော်စပ်နည်းကို ဘယ်က ရခဲ့တာလဲ”
“ဆရာ... ကျွန်တော် အခွင့်အလမ်း တစ်ခုကနေ မတော်တဆ ရခဲ့တာပါ”
ဝူလီသည် အလျင်အမြန် ဖြေဆိုလိုက်သည်။ သူသည် ချန်ဖျင်အန်းကို ပြောပြရန် ရည်ရွယ်ချက် မရှိပုံရသည်။ ချန်ဖျင်အန်းသည်လည်း ဆက်လက် တူးဖော်မေးမြန်းရန် ရည်ရွယ်ချက် မရှိချေ။
ဆေးဖော်စပ်နည်းကို ဝူလီလက်ထဲသို့ ပြန်ပေးပြီးနောက် ၊ ချန်ဖျင်အန်းသည် လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
“ကောင်းပြီ... တပည့်ပြိုင်ပွဲက လဝက်နေရင် စတော့မယ်... ဒီအချိန်အတွင်း ပြင်ဆင်ထားလိုက်... ဆရာ မင်းအတွက် စာရင်းပေးပြီးပြီ”
ချန်ဖျင်အန်း၏ စကားကို ကြားပြီးနောက် ၊ ဝူလီ၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်ကွေးသွားသည်။
စာရင်းတောင် ကြိုတင်ပေးထားပြီးပြီပဲ..ဒါများ သူ့ကို လာပြောနေသေးတယ်...
သို့သော် ဝူလီသည် ဆက်လက် မတုံ့ပြန်တော့ပေ။ ပင်မတောင်ထိပ်မှ ထွက်ခွာပြီးနောက်၊ သူသည် ပြင်ဆင်မှုများ စတင်ရန် သူ၏ တာအိုကျောင်းဆောင်သို့ ပြန်လာခဲ့သည်။ ဖန်ဆင်းခြင်း မျိုးစေ့သည် အလွန် အရေးကြီးသောကြောင့် လက်လွှတ်ဆုံးရှုံးခံ၍ မဖြစ်ချေ။
“ကံတရား အဓိပတိ ဆေးလုံး... မင်းရဲ့ ဇာစ်မြစ်က ဘာလဲ “
သူ၏ တာအိုကျောင်းဆောင်သို့ ပြန်ရောက်ပြီးနောက် ၊ ဝူလီသည် ဆေးဖော်စပ်နည်းကို ပြန်လည် ထုတ်ယူကြည့်လိုက်ပြီး သူ၏ အမူအရာမှာ အလွန် လေးနက်နေခဲ့သည်။ အမှန်အားဖြင့် ၊ စောနက သူသည် ချန်ဖျင်အန်းကို တမင်သက်သက် မပြောခဲ့ခြင်း မဟုတ်ပေ။
သူသည် ဤကံတရား အဓိပတိ ဆေးလုံးဖော်စပ်နည်းကို သူတော်စင် ပုလင်း တွေ့ရှိခဲ့သည့် နေရာ၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ချန်ဖျင်အန်းကို ပြောပြလိုက်သည်နှင့် ၊ သူတော်စင် ပုလင်းအကြောင်း ပေါက်ကြားမည့် အန္တရာယ် ရှိလာနိုင်သည်။
ကံတရား အဓိပတိ ဆေးလုံးသည် ထိပ်တန်း အဆင့်ရှိ ဝိညာဉ်အမြစ်ကို ထိပ်တန်း အရည်အသွေးအဆင့်ထိသာ မြှင့်တင်ပေးနိုင်ပြီး လိုအပ်သော ပစ္စည်းများမှာ အလွန် ရှားပါးသည်။
ချန်ဖျင်အန်းသည် ထိပ်တန်း အရည်အသွေးအဆင့်ရှိ ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သောကြောင့် ၊ သူ့အနေဖြင့် ဤကံတရား အဓိပတိ ဆေးလုံးကို လိုချင်တပ်မက်ခြင်း မရှိပေ။
သို့သော် သူတော်စင် ပုလင်းမှာမူ ၊ ကွာခြားသည်။ အကယ်၍ သူတော်စင် ပုလင်းနှင့် ပတ်သတ်သော သတင်းများ ပေါက်ကြားသွားပါက ၊ ချန်ဖျင်အန်းသာမက မဟာသခင်မြတ်ကြီး လေးပါးပင်လျှင် ဤအရာကို လုယူရန် ကြိုးစားလာနိုင်သည်။
ထို့အပြင် ယခုအချိန်အထိ သူတော်စင် ပုလင်းသည် မည်သည့် အဆင့်အတန်းရှိသော ဖြစ်တည်မှု ဖြစ်သည်ကို သူ မသိသေးပေ။
“ဟူး... အမှန်တရားကို ဖော်ထုတ်ဖို့ ငါ ပိုပြီး သန်မာလာဖို့ လိုသေးတယ်... ပြီးတော့ အရာအားလုံးကို တွန်းအားပေးနေတဲ့ နောက်ကွယ်က ကြိုးကိုင်သူ တစ်ယောက် ရှိနေသလိုမျိုး ငါ အမြဲ ခံစားနေရတယ်”
ဝူလီသည် ခေါင်းခါလိုက်ပြီး ဆက်မတွေးတော့ပေ။ လက်ရှိ သူ ဦးစားပေးရမည့် အရာမှာ တတိယနေရာကို သေချာပေါက် ရရှိရန်သာ ဖြစ်သည်။
ကျန့်ထျန်းဂိုဏ်း၏ တပည့်ပြိုင်ပွဲသည် သူတော်စင် နယ်ပယ်အောက် တပည့်များအတွက် ပြိုင်ပွဲ တစ်ခု ဖြစ်ပြီး ၊ ဝူလီသည် အနည်းငယ် အသက်ကြီးနေသည်မှလွဲ၍ သတ်မှတ်ချက်များနှင့် ကိုက်ညီပေသည်။