အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
အခန်း ၁၂၇ - ရှေးဟောင်းမြင့်မြတ်ခန္ဓာ အဆင့်တစ်ဆယ်
ချန်ဖျင်အန်း: ???
မဟုတ်သေးဘူး... မင်း တကယ်ကြီး သူတော်စင်ဘုရင် ကနဦးအဆင့်ကို ရောက်သွားတာလား...
မူလက လင်းချီယဲ့ကို လိမ်ညာရန်အတွက် နယ်ပယ်အဆင့်ကို အတုလုပ်နိုင်သော လျှို့ဝှက်နည်းလမ်းတစ်ခုကို ပေးထားခဲ့ပြီး ၊ ချိုက်ထျန်းကွန်းကို ခေါ်၍ ဟန်ဆောင်ခိုင်းရန် ချန်ဖျင်အန်းကိုယ်တိုင် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ချိုက်ထျန်းကွန်းသည် သူတော်စင်ဘုရင် အဆင့်သို့ အမှန်တကယ်ပင် တက်လှမ်းသွားခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
လူတိုင်း၏ တုန်လှုပ်နေသော မျက်နှာများကို မြင်လိုက်ရသဖြင့် ချိုက်ထျန်းကွန်းသည် ကျေနပ်သွားသည်။
မထင်ထားဘူး မဟုတ်လား... ဒီအဖေကြီးက တကယ်ပဲ သူတော်စင်ဘုရင် ကနဦးအဆင့်ကို ရောက်သွားပြီကွ...
ချန်ဖျင်အန်းမှာ ဘာဖြစ်သွားမှန်း မသိသော်လည်း ချောင်းဟန့်လိုက်ပြီး တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်၏။
“ဂိုဏ်းချုပ်... ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲလေ... ချိုက်ထျန်းကွန်း သူတော်စင်ဘုရင် အဆင့်ကို တက်လှမ်းသွားလို့ စောစောက မိုးကြိုးကပ်ဘေး ကျရောက်လာတာပါ... ဒါမှမဟုတ် ကျုပ် က မဟာဧကရာဇ် အဆင့်ကို တက်လှမ်းသွားပြီလို့ ထင်နေတာလား”
ထင်မှတ်မထားသည်မှာ လင်းချီယဲ့နှင့် အခြားသူများသည် ဤကိစ္စ၏ ဖြစ်နိုင်ချေကို လေးလေးနက်နက် စဉ်းစားလိုက်ကြပြီး တည်ကြည်စွာဖြင့် ပြောလိုက်ကြခြင်းပင်။
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
ချန်ဖျင်အန်း: ...
သို့သော် နောက်ဆုံးတွင် ချန်ဖျင်အန်း၏ ထပ်တလဲလဲ ရှင်းပြမှုကြောင့် လင်းချီယဲ့နှင့် အခြားသူများမှာ စောစောက လှုပ်ခတ်မှုသည် သူတော်စင်ဘုရင် အဆင့်သို့ တတ်လှမ်းသွားသော ချိုက်ထျန်းကွန်းကြောင့် ဖြစ်ရမည်ဟု အင်တင်တင်ဖြင့် ယုံကြည်လိုက်ရသည်။
လင်းချီယဲ့နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် ချန်ဖျင်အန်းသည် သက်ပြင်းချလိုက်သည်။ ထိုစဉ် ချိုက်ထျန်းကွန်းက လူလစ်တုန်း ကပ်မေးလိုက်သည် ။
“ဆရာ... ဒါဆို စောစောက မိုးကြိုးကပ်ဘေးက တကယ်ပဲ ဆရာ မဟာဧကရာဇ် အဆင့်တက်သွားလို့လား”
ချိုက်ထျန်းကွန်း၏ အမြင်တွင် ဆရာသည် စောစောက မိုးကြိုးကပ်ဘေး၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် အသည်းအသန် ကြိုးစားနေသဖြင့် မိမိ၏ ဆရာသည် မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းသွားကြောင်း ယုံကြည်နေသည်။
အကယ်၍ မိမိ၏ ဆရာသခင်သည် မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းသွားပါက ယနေ့မှစ သူသည် ဤရွှမ်ထျန်းကမ္ဘာတွင် ဂုဏ်ယူဝံ့ကြွားစွာ လျှောက်လှမ်းနိုင်ပေတော့မညိ။
ဒါပေမဲ့ ဝူမိသားစုကို သွားရန်စမိတာမျိုးတော့ မလုပ်နဲ့ပေါ့...
“ထွက်သွားစမ်း... ဒီဆရာသာ တကယ်ပဲ မဟာဧကရာဇ် အဆင့်တက်သွားရင် မင်းကို ဂိုဏ်းကနေ အရင်ဆုံး ထုတ်ပစ်မယ်”
ချန်ဖျင်အန်းသည် စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်ပြီး လှည့်ထွက်သွား၏။
ချန်ဖျင်အန်း၏ လုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် မိမိ၏ ဆရာသခင်သည် မဟာဧကရာဇ် အဆင့်သို့ တတ်လှမ်းသွားခြင်း မဟုတ်မှန်း သိလိုက်သော်လည်း ၊
သို့သော် ဆရာသည် အဘယ့်ကြောင့် မိုးကြိုးကပ်ဘေး၏ အမှန်တရားကို ဖုံးကွယ်လိုမှန်း သိလိုသဖြင့် နောက်မှ လိုက်ပါသွားလေသည်။
ချိုက်ထျန်းကွန်း သည် မိမိနောက်မှ လိုက်လာသည်ကို မြင်သော်လည်း မကန့်ကွက်ခဲ့ပေ။ သူ့တပည့်တစ်ယောက် ဖြစ်လာရန်အတွက် ၎င်းတို့၏ စရိုက်နှင့် အရာအားလုံးကို ချန်ဖျင်အန်း အကဲဖြတ်ပြီးသား ဖြစ်သည်။
ထို့ပြင် ချိုက်ထျန်းကွန်းနှင့် နန်ကုန်းယာတို့ နှစ်ယောက်စလုံးမှာ ထိပ်တန်းအဆင့်ရှိ ဝိညာဉ်အမြစ် ပိုင်ရှင်များ ဖြစ်ကြသဖြင့် ၊ သူတို့ကို ကံတရား အဓိပတိဆေးလုံးကို ပေးလိုက်မည်ဆိုတောင် သိပ်ထူးခြားမည် မဟုတ်ပေ။
မကြာမီ သူတို့သည် ဝူလီ၏ နေထိုင်ရာ အဆောင်သို့ ရောက်ရှိလာကြသည်။
ဝူလီသည် အခန်း၏အလယ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏အရှိန်အဝါမှာ နက်နဲ၍ လျှို့ဝှက်ဆန်းကြယ်နေသည်ကို သူတို့အားလုံး တွေ့လိုက်ရသည်။
သူသည် ဝိညာဉ်အမြစ်ကို ထိပ်တန်းအဆင့်သို့ မြှင့်တင်နေသည်မှာ ထင်ရှားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချန်ဖျင်အန်းမှာ ဝူမိသားစု၏ လျှို့ဝှက် ဘိုးဘေးကြီးသည် ဝူလီကို ကံတရား အဓိပတိဆေးလုံးကို ဖော်စပ်ရာတွင် ကူညီပေးခဲ့သည်မှာ သေချာသွားသည်။
သို့မဟုတ်ပါက ဝူလီ၏ ဆေးပညာစွမ်းရည်အရ ၊ မိုးကြိုးကပ်ဘေး ကျရောက်စေနိုင်သော ကံတရား အဓိပတိဆေးလုံးမျိုးကို လုံးဝ ဖော်စပ်နိုင်မည် မဟုတ်ပေ။
ဘေးတွင် ရှိနေသော ချိုက်ထျန်းကွန်းလည်း ဤမြင်ကွင်းကို မြင်လိုက်ရပြီး တုန်လှုပ်သော မျက်နှာထားဖြင့် ပြောလိုက်၏။
“ဆရာ... ဒါဆို စောစောက မိုးကြိုးကပ်ဘေးက ဂျူနီယာညီလေးကြောင့် ဖြစ်လာတာပေါ့”
“ဟုတ်တယ်... မင်းရဲ့ ဂျူနီယာညီလေးက ကံကောင်းခြင်းတွေ ရရှိပြီး သူ့ရဲ့ ဝိညာဉ်အမြစ်ကို ထိပ်တန်းအဆင့် မြှင့်တင်နိုင်ခဲ့တယ်... စောစောက မိုးကြိုးကပ်ဘေးက မင်းရဲ့ ဂျူနီယာညီလေးကြောင့် ဖြစ်လာတာ”
ချန်ဖျင်အန်းသည် ခေါင်းညိတ်လိုက်သည်။ ကျန်သည့်ကိစ္စများကို ချန်ဖျင်အန်း ပြောစရာ မလိုဘဲ ချိုက်ထျန်းကွန်း နားလည်လိုက်သည်။ ဆရာသည် ဤကိစ္စ ပေါက်ကြားသွား၍ လူအများအပြားက မိမိ၏ ဂျူနီယာညီလေးအား လာရောက် ရှာဖွေကြမည်ကို စိုးရိမ်နေဟန် ရ၏ ။
ရွှမ်ထျန်းကမ္ဘာတွင် ဝိညာဉ်အမြစ်ကို လူလုပ်နည်းဖြင့် အဆင့်မြှင့်တင်ရာ၌ အဆင့်မြင့် အဆင့်ထိသာ အများဆုံး ရရှိနိုင်ပြီး ၊ ထိပ်တန်းအဆင့် ဆိုသည်မှာ စိတ်ကူးယဉ် သက်သက်သာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဝူမိသားစုထံ ပြန်ရောက်လာသော ဝူဟောက်သည် ဝူမိသားစုဝင် အားလုံးကို အင်မော်တယ် ဖန်ဆင်းဆေးလုံးကို မျိုချခိုင်းလိုက်၏။ သူတို့၏ ကျင့်ကြံမှု အရှိန်အဟုန်သည် ဝူဟောက်၏ နောက်ပိုင်း တိုးတက်မှုကို အကျိုးသက်ရောက်စေသောကြောင့် ဖြစ်သည်။
ဝူမုန့်သယ်နှင့် အခြားသူများမှာ ဝူမိသားစု၏ အစောင့်တပ်ဖွဲ့ ဖြစ်သဖြင့် ကျင့်ကြံမှုအဆင့် မြင့်မားလေ ပိုကောင်းလေ ဖြစ်ရာ သူတို့လည်း ပါဝင်သည်။
စုချောင်ရန်မှာလည်း အလိုက်တသိဖြင့် ဆေးလုံးများကို မည်သို့ ရရှိခဲ့ကြောင်း ဝူဟောက်ကို မမေးမြန်းပေ။ ဝူဟောက်အနေဖြင့် ပြောပြလိုပါက ၊ သူမ မမေးလည်း ပြောပြမည် ဖြစ်သည်။
အချိန်များ ကုန်ဆုံးသွားပြီး နောက်ထပ် ငါးနှစ် ကြာသွားခဲ့၏။
“ဒီအဖေကြီးအတွက် တောင့်ထားစမ်း”
ဝူယီဖန်သည် နန်းတော် အတွင်းပိုင်း၌ ကြီးမားသော ဖိအားအောက်တွင် ရှေ့သို့ တိုးဝင်နေသည်။ ဤအချိန်တွင် ဖိအားမှာ ကြီးမားလွန်းသဖြင့် ဝူယီဖန်၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
ရွှေရောင်အလင်းတန်းများသည် ဝူယီဖန် ကိုယ်ပေါ်မှ အက်ကွဲကြောင်းများကြားမှ ထွက်ပေါ်လာပြီး ထူးခြားသော နတ်ဘုရား အရည်အသွေးကို ပေးစွမ်းနေသည်။
ယခုအချိန်တွင် ဝူယီဖန်၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာမှာ အဆင့်တက်ရန် အရေးကြီးဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဝူယီဖန်၏ ဘေးပတ်လည်ရှိ အရိုးစု အရေအတွက်မှာ အလွန် နည်းပါးသွားပြီး လက်တစ်ဆုပ်စာသာ ရှိတော့သော်လည်း ၊ ၎င်းတို့ထံမှ ဖိအားမှာ ဝူယီဖန် ယခင်က ကြုံတွေ့ခဲ့ရသော အရိုးစုများ အားလုံးပေါင်းထက် ပိုမို များပြားနေသည်။
“ဒီအရိုးစု ငါးခုက လျိုထျန်း ရွှေအင်မော်တယ် အဆင့်နဲ့ အတိုင်းအဆမရှိ နီးကပ်နေတာ ဖြစ်မယ်... မဟုတ်ရင် ငါ့ကျင့်ကြံမှုနဲ့ ခုခံဖို့ ခုလို ခဲယဉ်းနေမှာ မဟုတ်ဘူး”
ဝူယီဖန်သည် သူ့ရှေ့မှ အရိုးစု ငါးခုကို ရင်ဆိုင်လိုက်၏။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ အသားနှင့် သွေးများ ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်ပြီး ရွှေရောင်တောက်ပနေသော အရိုးစုများသာ ကျန်ရှိတော့သည်။
သို့သော် ဖိအားမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။ ထိပ်သီးစွမ်းအားရှင်များသည် အသက်ရှိနေစဉ် သူတို့၏ ဖိအားကို ထိန်းချုပ်နိုင်သည်။ သို့သော် သေဆုံးပြီးနောက်တွင် ထိန်းချုပ်မှု မရှိတော့သဖြင့် ဖိအားများ အဆုံးစွန်ထိ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ဝူယီဖန်အနေဖြင့် သူ့၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာမှာ ထိန်းချုပ်၍ မရနိုင်လောက်အောင် ဖိနှိပ်ခံနေရကြောင်း ခံစားလိုက်ရသည်။ သူ့အနေဖြင့် အံကြိတ်၍ တောင့်ခံထားရုံသာ ရှိပြီး ၊ သွေးတစ်စက်သည် ပါးစပ်ထောင့်မှ စီးကျလာသည်။
ကျွတ်... ကျွတ်...
ဝူယီဖန်၏ အရိုးအဆစ်များမှ ကြွပ်ဆတ်သော အသံများ ထွက်ပေါ်လာသည်။ သူ့ခြေထောက်များမှာ ကျိုးကြေလုမတတ် ဖြစ်နေသော်လည်း အံကြိတ်၍ တောင့်ခံထားဆဲပင်။
“တောက်... ဒီအဖေကြီးက ဝူမိသားစုဝင်ကွ... ငါ့မိဘတွေကိုပဲ ဒူးထောက်တယ်... ဒီအဖေကြီးအတွက် ထစမ်း”
ဝူယီဖန်သည် ထပ်မံ ဟိန်းဟောက်လိုက်ရာ ကြောက်မက်ဖွယ် ဖိအားတစ်ခုသည် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူ့ကိုယ်ပေါ်မှ အသားနှင့် သွေးများလည်း ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။
ဝူယီဖန်သည် ဉာဏ်အလင်းပွင့်သော အခြေအနေသို့ ရောက်သွားသကဲ့သို့ ဖြစ်သွားပြီး ထိုနေရာတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာမှာလည်း အဆင့်တစ်ဆယ်သို့ တက်လှမ်းသွားခဲ့သည်။
ဤဖိအားပမာဏသည် ဝူယီဖန်ကို ဒူးထောက်အောင် မလုပ်နိုင်တော့ပေ။
မကြာမီ ဝူယီဖန်သည် မျက်လုံးများကို ဖွင့်လိုက်ရာ သူ့အကြည့်များသည် ကြည်လင်နေပြီး ၊ ရှေ့မှ အရိုးစု ငါးခုကို ဦးညွှတ်လိုက်သည်။
“ကူညီပေးကြတဲ့ စီနီယာငါးယောက်ကို ကျေးဇူးတင်ပါတယ်”
ဝူယီဖန် ဦးညွှတ်လိုက်သည်နှင့် နောက်တစ်စက္ကန့်တွင် ကြွပ်ဆတ်သော အက်ကွဲသံများသည် အရိုးစု ငါးခုထံမှ ထွက်ပေါ်လာပြီး ဝူယီဖန်၏ တုန်လှုပ်သော မျက်လုံးများရှေ့တွင်ပင် တစစီ ပြိုကျသွားကြသည်။
ဝူယီဖန်: ???
သို့သော် သူသည် အများကြီး တွေးမနေတော့ပေ။ သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို အဆင့်တစ်ဆယ်သို့ ရောက်အောင် ကူညီပေးပြီးနောက် အရိုးစု ငါးခု၏ စွမ်းအားများလည်း ကုန်ခန်းသွားသဖြင့် ပြိုကျသွားခြင်း ဖြစ်မည်ဟု ယူဆလိုက်သည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် အဆင့်တစ်ဆယ်သို့ ရောက်ရှိပြီးနောက်တွင် ၊ ဝူယီဖန်သည် နန်းတော် အတွင်းပိုင်းသို့ ဆက်လက် လျှောက်လှမ်းသွား၏။ သို့သော် ဤအရိုးစု ငါးခုမှလွဲ၍ အခြား အရိုးစုများ မရှိတော့သဖြင့် ဝူယီဖန် အနည်းငယ် စိတ်ပျက်သွားသည်။
သို့သော် စဉ်းစားကြည့်လျှင် လျိုထျန်း ရွှေအင်မော်တယ်များသည် မသေမျိုးများ ဖြစ်ကြသည်။ အကယ်၍ လျိုထျန်း ရွှေအင်မော်တယ် အရိုးစုများပင် ဤနေရာတွင် ဆက်ရှိနေပါက၊ နောက်ဆက်တွဲ တွေ့ရမည့် အရာများသည် သူ ကိုင်တွယ်နိုင်မည့် အရာများ ဟုတ်ချင်မှ ဟုတ်မည်။
မကြာမီ ဝူယီဖန်သည် နန်းတော် အတွင်းပိုင်းသို့ ရောက်ရှိသွားသည်။ သို့သော် နန်းတော် အတွင်းပိုင်းတွင် ရှိနေသည့် အရာကို မြင်လိုက်ရချိန်တွင် ဝူယီဖန်၏ မျက်ဝန်းအိမ်မှာ ကျဉ်းမြောင်းသွားပြီး ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားလေသည်။
အခန်း ၁၂၈ - ပလ္လင်ပေါ်မှ လူ
“ဘိုးဘိုး... ဝူယီဖန် ဘယ်ရောက်သွားလဲ သိလား... အဆက်အသွယ် မရတာ ကြာနေပြီမို့ စိတ်ပူလို့ပါ”
ယခုအချိန်တွင် လင်းဇီရှင်းသည် ဝူတုံနှင့်အတူ ဝူဟောက်ထံသို့ ရောက်ရှိလာသည်။ သူမ၏ မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
ဝူတုံကလည်း တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်၏။
“ဘိုးဘိုး... အဖေက ဒီလောက်ကြာအောင် အဆက်အသွယ် မလုပ်ဘဲ မနေဖူးဘူး”
အချိန်များ ကုန်ဆုံးသွားပြီးနောက် ဝူတုံသည် ယခုအခါ ကပ်ဘေးဖြတ်ကျော်ခြင်း ကနဦးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ၊ သူ့ပါရမီမှာ ဝူယီဖန်ထက်ပင် ကောင်းကင်ဘုံကို အန်တုနိုင်စွမ်း ရှိနေသည်။
ကံတရားသားတော်ရဲ့ သားသမီးတွေထဲမှာ သာမန်ဖြစ်နေတဲ့သူ ဘယ်သူရှိလို့လဲ...
ဘေးတွင် ရှိနေသော စုချောင်ရန်ကလည်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
“ဟုတ်တယ် ယောကျ်ား... ဝူယီဖန်ကို မတွေ့တာ ကြာပြီ... ဝူယီဖန် ဘယ်ရောက်သွားလဲ သိလား”
ဝူယီတောက်ပင်လျှင် ရံဖန်ရံခါ စကားပြောချက်ထဲတွင် ပေါ်လာတတ်သော်လည်း ၊ ဝူယီဖန်သည် လွန်ခဲ့သော နှစ်အနည်းငယ်က နတ်သင်္ချိုင်းတောင်ကြားသို့ ဝင်သွားပြီးကတည်းက လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ လုံးဝ အသံတိတ်နေခဲ့သည်။
လင်းဇီရှင်း၏ မျှော်လင့်အားကိုးသော အမူအရာကို ကြည့်ရင်း ဝူဟောက်သည် သက်ပြင်းချလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“ဝူယီဖန်က နတ်သင်္ချိုင်းတောင်ကြားထဲ ဝင်သွားတယ််”
“ဘယ်လို”
ဝူဟောက်၏ စကားကို ကြားလိုက်ရသဖြင့် စုချောင်ရန်၏ မျက်လုံးများမှာ ဝေဝါးသွားပြီး မူးမေ့လဲလုနီးပါး ဖြစ်သွားသည်။ သူမ၏အမြင်တွင် နတ်သင်္ချိုင်းတောင်ကြား ဆိုသည်မှာ မည်ကဲ့သို့သော နေရာဖြစ်သနည်း။
တားမြစ်နယ်မြေ လေးခုထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းသော နေရာဖြစ်သည်။ တားမြစ်နယ်မြေထဲသို့ ဝင်သွားလျှင် ပြန်ထွက်လာနိုင်ချေ ရှိသေးသော်လည်း ၊ နတ်သင်္ချိုင်းတောင်ကြားထဲ ဝင်ရောက်သွားခဲ့မည်ဆိုပါက ၊ ပြန်လာနိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပေ။
ဘေးတွင် ရှိနေသော ဝူတုံမှာလည်း လန့်ဖျပ်သွားပြီး ၊ လင်းဇီရှင်းကို အမြန် တွဲကူလိုက်ရသည်။
“အမေ... စိတ်မလှုပ်ရှားပါနဲ့ဦး... အဖေ မသေပါဘူး”
ဝူတုံ၏ စကားကို ကြားလိုက်ရသဖြင့် လင်းဇီရှင်းမှာ အသက်ကယ် ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲမိသကဲ့သို့ ဖြစ်သွားပြီး ဝူဟောက်ကို အသနားခံလိုသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်၏။
“ဘိုးဘေး... ဝူယီဖန် ဘာမှ မဖြစ်ဘူး မဟုတ်လား”
“စိတ်မပူပါနဲ့... သူ ကောင်းကောင်း ရှိပါတယ်... နတ်သင်္ချိုင်းတောင်ကြားထဲမှာ လမ်းပျောက်နေရုံပါ... သူ့ရဲ့ လက်ရှိ ကျင့်ကြံမှုနဲ့ဆိုရင်တော့ မကြာခင် ပြန်ထွက်လာနိုင်ဦးမှာ မဟုတ်ဘူး”
ဝူဟောက် က ပြောလိုက်၏။ ဝူယီဖန်၏ အခြေအနေသည် သူ့လက်ထဲတွင်သာ ရှိသည်။ ဝူယီဖန်ထံမှ ရရှိသော ကျင့်ကြံမှု ပြန်လည်ပေးအပ်ခြင်းများသည် တစ်ကြိမ်မှ ရပ်တန့်သွားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ဝူယီဖန်တွင် ပြသနာမရှိကြောင်း ထင်ရှားသည်။
ထို့အပြင် ဝူယီဖန်မှာ ကံတရား၏ သားတော် ဖြစ်သည်။ အလွယ်တကူ သေဆုံးသွားမည် ဆိုပါက ၊ ကံတရား၏ သားတော် ဖြစ်လာမည် မဟုတ်ပေ။
ဝူယီဖန် ဘာမှမဖြစ်ကြောင်း ကြားလိုက်ရသဖြင့် လင်းဇီရှင်းမှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။ ဇာတ်လိုက်မင်းသမီး အနေဖြင့် လင်းဇီရှင်းသည် ဝူယီဖန်အပေါ် စိတ်ရောကိုယ်ပါ ပုံအပ်ထားပြီးသား ဖြစ်သည်။ သူမ၏ ခပ်စွာစွာ အကျင့်ကြောင့် ထုတ်မပြောဖြစ်ခဲ့သော်လည်း အမှန်တကယ်တွင် ထိုသို့ပင် ဖြစ်သည်။
“ဘိုးဘေး... ကျွန်တော် ဝင်ပြီး အဖေ့ကို သွားရှာလို့ ရမလား”
အမေဖြစ်သူ အဆင်ပြေသွားသည်ကို မြင်ပြီးနောက် ဝူတုံသည် မတ်တတ်ရပ်လိုက်ပြီး အလွန် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။
သို့သော် ဝူဟောက် စကားမပြောရသေးခင်မှာပင် လင်းဇီရှင်းက ချက်ချင်း ဖြတ်ပြောလိုက်သည်။
“မရဘူး... နင့်အဖေက အနည်းဆုံးတော့ မဟာဧကရာဇ် အဆင့်ရှိတယ်... အဲ့တာတောင် အထဲမှာ လမ်းပျောက်နိုင်သေးတာ... နင်ဝင်သွားပြီး တစ်ခုခု ဖြစ်သွားရင် ငါက ဘယ်လိုလုပ်ရမလဲ”
“ဟုတ်တယ်... မင်းက မင်းအဖေနဲ့ မတူဘူး... မင်းအဖေမှာက အနည်းဆုံးတော့ ကာကွယ်ပေးနိုင်တဲ့ ကျင့်ကြံမှုစွမ်းအား ရှိတယ်... ဧကရာဇ်တစ်ပိုင်းအဆင့် မရောက်မချင်း နတ်သင်္ချိုင်းတောင်ကြားထဲ ဝင်ဖို့ စကားစတောင် မဟနဲ့”
ဝူဟောက်ကလည်း မဆိုင်းမတွ ပြောလိုက်သည်။ ဝူယီဖန်မှာ ကံတရား၏ သားတော် ဖြစ်သဖြင့် သေမည် မဟုတ်သောကြောင့် ဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် ဝူတုံမှာ မတူချေ။ သမိုင်းတစ်လျှောက်တွင် ကံတရားသားတော်များ၏ သားသမီးများ သေဆုံးခဲ့ဖူးသည်မှာ တစ်ယောက်နှစ်ယောက် မကတော့သဖြင့် သူသည် ဝူတုံကို လုံးဝ ဝင်ခွင့်ပြုမည် မဟုတ်ပေ။
မ်ိခင်ဖြစ်သူနှင့် ဘိုးဘေး၏ စကားကို ကြားပြီးနောက် ၊ ဝူတုံသည် ထိုအတွေးများကို ဖိနှိပ်ထားလိုက်ရသည်။ သူသည် အားနည်းနေသေးပြီး ပိုမို အားကောင်းသော ခွန်အားများ လိုအပ်နေသေးသည်မှာ အမှန်ပင် ဖြစ်သည်။
ထို့ကြောင့် အမေဖြစ်သူ၏ စိတ်ခံစားချက် တည်ငြိမ်သွားပြီးနောက် ဝူတုံသည် ကြိုးစား ကျင့်ကြံရန် ပြန်သွားလေသည်။
လင်းဇီရှင်းမှာ ဝူဟောက်နှင့် ကျန်ရစ်ခဲ့ပြီး အသနားခံလိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
“ဘိုးဘေး... ဝူယီဖန်ကို ခေါ်ထုတ်ပေးလို့ ရမလား”
လင်းဇီရှင်း၏ မျက်လုံးထဲတွင် ၊ ဝူဟောက်မှာ ဝူမိသားစု တစ်ခုလုံး၌ ခန့်မှန်းရ အခက်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ အကယ်၍ ဝူဟောက်သာ ဝင်ရောက်စွက်ဖက်မည် ဆိုပါက ၊ ဝူယီဖန်ကို အပြင်သို့ ခေါ်ထုတ်လာနိုင်လောက်သည်။
သို့သော် ဝူဟောက်သည် ငြင်းပယ်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
“ဒါက ဝူယီဖန် ကြုံတွေ့ရမယ့် ကိစ္စပဲ... ငါ သူ့ကို ခေါ်ထုတ်ပေးနိုင်ပေမဲ့ သူ့ရဲ့ အနာဂတ် ကြီးထွားမှုကို ထိခိုက်စေလိမ့်မယ်... စိတ်မပူပါနဲ့... သူ အဆင်ပြေမှာပါ... ငါ သူ့ဆီမှာ ကာကွယ်ပေးနိုင်တဲ့ တားမြစ်အစီအရင်တစ်ခု ထားခဲ့တယ်... ရွှေအင်မော်တယ်တောင် သူ့ကို ဒုက္ခမပေးနိုင်ဘူး... ဒါကြောင့် စိတ်ချပါ”
ဝူဟောက်၏ စကားကို ကြားလိုက်ရသဖြင့် လင်းဇီရှင်းမှာ စိုးရိမ်နေသေးသော်လည်း ခေါင်းညိတ် သဘောတူလိုက်ရသည်။ ဝူယီဖန် ဘာမှမဖြစ်သရွေ့ လုံလောက်သည်။
“ဟက်ချိုး...ဘယ်သူများ ငါ့ကို သတိရနေပါလိမ့်”
ဝူယီဖန်သည် နှာချေလိုက်သော်လည်း ခေတ္တမျှ စဉ်းစားကြည့်ပြီး အဖြေမရသဖြင့် ခေါင်းယမ်းကာ ရှေ့မှ မြင်ကွင်းကို လေးနက်သော မျက်နှာထားဖြင့် တစ်ဖန် ပြန်ကြည့်လိုက်သည်။
သူ့ရှေ့တွင် ပလ္လင်တစ်ခု ရှိနေပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးနှင့် သဟဇာတ မဖြစ်ဘဲ ကွဲပြားနေသည်။
ထိုပလ္လင်ပေါ်တွင် အမျိုးသားတစ်ဦး ထိုင်နေသည်။ ထိုအနှီအမျိုးသားတွင် အသက်ဓာတ် မရှိတော့ကြောင်း အာရုံမခံမိပါက ၊ တဖက်လူမှာ အသက်ရှင်နေသေးသည်ဟု ထင်မိသွားနိုင်သည်။
သို့ဆိုတောင် ဝူယီဖန်သည် သတိမပေါ့ဆရဲပေ။ သူ၏ ခရီးလမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးသည် ဤနန်းတော်၏ ထူးခြားဆန်းကြယ်မှုကို ပြောပြနေသည်။ ပလ္လင်ပေါ်တွင် ထိုင်နေသော ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် မျက်လုံးဖွင့်လာမည်ဆိုတောင် ၊ သူ အံ့သြမိမည် မဟုတ်ပေ။
ဝူယီဖန် ထင်မထားခဲ့သည်မှာ ပလ္လင်ဆီသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားနေစဉ် နောက်တစ်စက္ကန့်တွင် မည်သည့် သတိပေးချက်မှ မရှိဘဲ ပလ္လင်ပေါ်မှ အမျိုးသားရုပ်သွင်သည် ရုတ်တရက် မျက်လုံးဖွင့်လာပြီး ဝူယီဖန်ကို ကြည့်လိုက်ခြင်း ဖြစ်သည်။
ဝူယီဖန်သည် ရင်ထိတ်သွားပြီး လှုပ်ရှားရန် ပြင်ဆင်လိုက်၏။
သို့သော် သူ မတုံ့ပြန်နိုင်မီ နောက်တစ်စက္ကန့်တွင် ပတ်ဝန်းကျင် အနေအထားသည် ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်မှာ ခြောက်သွေ့သော ကန္တာရတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ၊ ကောင်းကင်ယံမှာ မည်းမှောင်နေကာ အလွန် ထူးဆန်းပြီး ဆိုးရွားသော ပုံစံ ပေါက်နေသည်။
ဝူယီဖန်၏ မျက်နှာထားမှာ အလွန် တည်ကြည်နေ၏။ ဤနေရာသည် ဘယ်နေရာဖြစ်သည် ဟု တွေးနေစဉ်မှာပင် ၊ အနောက်ဘက်မှ ဂျိန်းခနဲ မြည်သံကို ကြားလိုက်ရသည်။
ဝူယီဖန် လှည့်ကြည့်လိုက်သည့် တခဏချင်းပင် ဓားရှည်တစ်ချောင်းက သူ့ထံသို့ ထိုးစိုက် ဝင်ရောက်လာသည်။
“ဘာ... မြန်လိုက်တဲ့ ဓား”
ဝူယီဖန်၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး ၊ သူ၏ခန္ဓာကိုယ်မှာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ မျှော်လင့်ချက်မဲ့စွာဖြင့် သူ၏ မျက်လုံးများသည် အလိုအလျောက် မှိတ်သွားခဲ့သည်။
သို့သော် အတန်ကြာသည်အထိ မည်သည့် လှုပ်ရှားမှုကိုမှ မခံစားရပေ။ သူ မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်သောအခါ သူ့ရှေ့တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများစွာကို တွေ့လိုက်ရပြီး ၊ ဤအချိန်တွင် ၎င်းတို့သည် ဖရိုဖရဲ တိုက်ပွဲကြီးတစ်ခု အတွင်းသို့ ရောက်ရှိနေကြသည်။
သူ့ရှေ့တွင် ရှိနေသည်မှာ ဖြောင့်မတ်သောလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများကြား ဖြစ်ပွားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ကြောင်း ဝူယီဖန် လျင်မြန်စွာ သဘောပေါက်လိုက်သည်။
သို့သော် ဝူယီဖန်ကို တုန်လှုပ်စေခဲ့သော အချက်မှာ သူတို့အနက် အားအနည်းဆုံး ကျင့်ကြံသူပင်လျှင် သူ့အနေဖြင့် လုံးဝ ယှဉ်ပြိုင်နိုင်ခြင်း မရှိကြောင်း ခံစားလိုက်ရခြင်း ဖြစ်သည်။
“အနိမ့်ဆုံးက လျိုထျန်း ရွှေအင်မော်တယ်တွေပဲ... ဒီကောင်တွေရဲ့ မူလဇစ်မြစ်က ဘာလဲ”
ဝူယီဖန်၏ စိတ်ထဲတွင် တွေးလိုက်မိသော်လည်း ၊ လျိုထျန်း ရွှေအင်မော်တယ်များမှာ ဤစစ်ပွဲတွင် အမြောက်စာများမျှသာ ဖြစ်သည်။
သူတို့၏ အထက်တွင် မရေမတွက်နိုင်သော ပိုမို အားကောင်းသည့် ကျင့်ကြံသူများ တိုက်ခိုက်နေကြပြီး ၊ သူတို့၏ တိုက်ပွဲများသည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်ကာ ကြယ်များကို ကြွေကျစေပြီး နေမင်းကို စိတ်တိုင်းကျ ငြိမ်းသတ်နိုင်စွမ်း ရှိကြသည်။
“သူတို့က ဘယ်နယ်ပယ် အဆင့်တွေလဲ”
ဝူယီဖန်သည် ရေရွတ်လိုက်သည်။ သူတို့၏ တိုက်ပွဲ အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ၊ သူတို့သည် အနည်းဆုံး အင်မော်တယ်ဘုရင်များ ဖြစ်ကြပြီး အင်မော်တယ်ဘုရင်အဆင့်ထက်ပင် ကျော်လွန်နေနိုင်သည်။
“သူတို့လား... အင်း... သူတို့က မင်း အခု ယှဉ်ပြိုင်နိုင်တဲ့ ဖြစ်တည်မှုတွေ မဟုတ်သေးဘူး”
ထိုစဉ် ဝူယီဖန်၏ အနောက်မှ အသံတစ်ခု ထွက်ပေါ်လာသဖြင့် သူသည် အတော်လေး လန့်ဖျပ်သွားသည်။
တုံ့ဆိုင်းမနေဘဲ သူသည် နောက်သို့ လှည့်လိုက်ပြီး ၊ ကောင်းကင်ဧကရာဇ် လက်သီးတစ်ချက်ဖြင့် တဖက်လူကို ထိုးထည့်လိုက်သည်။