အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း ၁၂၉ - ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်
“မင်းကွာ... ယဉ်ကျေးမှု လုံးဝ မရှိပါ့လား”
ဝူယီဖန်သည် မြေကြီးပေါ်သို့ လဲကျသွားပြီး ၊ သူ့နောက်မှ စကားပြောလိုက်သော သူသည် အထင်အမြင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။
ဝူယီဖန်သည် တုန်လှုပ်သော အမူအရာဖြင့် ရှိနေသည်။ စောစောက သူ့၏ အားကုန်ထုတ်ထားသော လက်သီးချက်မှာ တစ်ဖက်လူ၏ ခန္ဓာကိုယ်အနားသို့ပင် မကပ်နိုင်ခဲ့ဘဲ ၊ တစ်ဖက်လူသည် လက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူသည် မြေကြီးပေါ်တွင် ဖိနှိပ်ခံလိုက်ရသည်။
သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်သည် အဆင့်တစ်ဆယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ၊ သူ အားကုန်ထုတ်ထားသော လက်သီးတစ်ချက်သည် စစ်မှန်အင်မော်တယ် အထွတ်အထိပ် အဆင့်ပင် တားဆီးနိုင်မည် မဟုတ်ကြောင်း သင် သိထားရမည်။
“ခင်ဗျားက ဘယ်သူလဲ... ဘာလို့ ကျွန်တော့်ကို ဒီနေရာကို ခေါ်လာတာလဲ”
ဝူယီဖန်သည် အသက်ပြင်းပြင်း ရှုလိုက်ပြီး တစ်ဖက်လူကို ကြည့်ကာ ပြောလိုက်သည်။
တစ်ဖက်လူတွင် သူ့ကို သတ်ဖြတ်လိုစိတ် မရှိကြောင်း ဝူယီဖန် မြင်တွေ့လိုက်ရသည်။ သို့မဟုတ်ပါက စောစောက တစ်ဖက်လူ၏ နည်းလမ်းများအရ သူသည် ယခုထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဝူယီဖန်မှ ကောင်းမွန်စွာ စကားပြောလာသဖြင့် ကျေနပ်သော အမူအရာ ပြသလိုက်သည်။ စိတ်တစ်ချက် ညွှတ်ရုံဖြင့် ၊ ဝူယီဖန်အပေါ် ကျရောက်နေသော ဖိအားကို ဖယ်ရှားပေးလိုက်ပြီး ပြုံးကာ ပြောလိုက်၏။
“ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရရင်... ငါ့နာမည်က လုယွီ... မင်း ငါ့ကို ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်လို့ ခေါ်နိုင်တယ်”
တစ်ဖက်လူ၏ စကားကို ကြားလိုက်ရသဖြင့် ဝူယီဖန်၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။
မထူးဆန်းတော့ဘူး... ဒါ့ကြောင့် တစ်ဖက်လူက စိတ်တစ်ချက် ညွှတ်လိုက်ရုံနဲ့ သူ့ကို ဖိနှိပ်နိုင်တာ အင်မော်တယ်ဧကရာဇ် ဖြစ်နေလို့ပဲ... လက်ရှိ သူ မပြောနဲ့... သူ့ရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာ အဆင့်(၁၂) ကို ရောက်ရင်တောင်မှ တစ်ဖက်လူကို ထိနိုင်မှာ မဟုတ်ဘူး...
(T/N - အင်မော်တယ် မဟာဧကရာဇ် မဟုတ်တာကို သင် သိထားရမည် )
သို့သော် သေချာ ကြည့်ပြီးနောက် ဝူယီဖန်သည် တစ်ဖက်လူမှာ စောစောက ပလ္လင်ပေါ်တွင် ထိုင်နေသော အမျိုးသား ဖြစ်ကြောင်း နားလည်လိုက်သည်။
ဝူယီဖန်၏ အတွေးများကို အာရုံခံမိသကဲ့သို့ ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်သည် ပြုံးလိုက်ပြီး ပြောလိုက်၏။
“ငါ မိတ်ဆက်ပြီးပြီဆိုတော့ မင်းနာမည်ကို ပြောပြသင့်တယ် မဟုတ်လား”
“စီနီယာ... ကျွန်တော့်ကို ဝူယီဖန်လို့ပဲ ခေါ်ပါ”
“ဝူယီဖန် ဟုတ်လား... မင်းက နတ်သင်္ချိုင်းတောင်ကြားထဲ ဝင်လာနိုင်ပြီး ဒီဧကရာဇ်ရဲ့ နန်းတော်ကို ရှာတွေ့နိုင်တယ် ဆိုတော့ မင်းရဲ့ ဇစ်မြစ်က သာမန် မဖြစ်နိုင်ဘူး... ဒီဧကရာဇ်ရဲ့ အမွေအနှစ်ကို လက်ခံချင်လား”
ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်က လိုရင်းကို တန်းပြောလိုက်သည်။ သူသည် နန်းတော်ထဲတွင် သူ့အမွေအနှစ်ကို ထားခဲ့ပြီး ကံပါသောသူ ရောက်လာမည်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ယခု ဝူယီဖန်သည် ဤနေရာကို ရှာတွေ့ခဲ့ပြီ ဖြစ်ရာ ဝူယီဖန်သည် ထိုကံပါသောသူ ဖြစ်ကြောင်း ထင်ရှားနေသည်။
ထို့ပြင် ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်သည် ဝူယီဖန်၏ ပါရမီကိုလည်း အလွန် တန်ဖိုးထားသည်။ ဝူယီဖန်သည် နှစ်ရာ မပြည့်ခင်မှာပင် ဧကရာဇ်တစ်ပိုင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ပြီး၊ သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာမှာလည်း အဆင့်(၁၀)သို့ ရောက်ရှိနေပြီမှန်း မြင်တွေ့ခဲ့သည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် အဆင့်(၁၂) သို့ တက်လှမ်းနိုင်မှသာလျှင် အင်မော်တယ်ဧကရာဇ်နှင့် ယှဉ်ပြိုင်နိုင်သော်လည်း ၊ ၎င်းသည် မွေးကင်းစ ခန္ဓာကိုယ်ပုံစံတစ်ခု ဖြစ်နေဆဲပင်။ အကယ်၍ အခွင့်အရေးရှိပါက ခန္ဓာကိုယ်တစ်ခု ဖြစ်လာနိုင်သည်။
ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်၏ ဖိတ်ခေါ်မှုကို ကြားလိုက်ရသဖြင့် ဝူယီဖန်မှာ သဘာဝကျကျပင် အလွန် စိတ်လှုပ်ရှားသွားသည်။ အင်မော်တယ်ဧကရာဇ် တစ်ပါး၏ အမွေအနှစ် ဖြစ်ပြီး ၊ ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်မှာလည်း အားနည်းပုံ မရပေ။ အကယ်၍ သူသာ အမွေအနှစ်ကို လက်ခံရရှိပါက သူ့အတွက် သေချာပေါက် အကူအညီများစွာ ဖြစ်စေလိမ့်မည်။
သို့သော် ဝူယီဖန်သည် သေချာ စဉ်းစားပြီးနောက် ချက်ချင်း သဘောမတူလိုက်ပေ။
ယင်းအစား သူသည် ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်ကို ကြည့်ကာ လေးနက်သော မျက်နှာထားဖြင့် မေးလိုက်၏။
“စီနီယာ... ခင်ဗျားက အခု အင်မော်တယ် ကျဆုံးခြင်း အခြေအနေမှာ ရှိနေတာ မဟုတ်လား... ကျွန်တော် အရမ်း သိချင်တာက ခင်ဗျား ဘာလို့ ဒီနေရာမှာ ကျဆုံးခဲ့ရတာလဲ”
ဝူယီဖန်၏ စကားကို ကြားလိုက်ရသဖြင့် ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်၏ မျက်နှာတွင် လွမ်းဆွေးမှုများ ပြည့်နှက်သွားပြီး ကမ္ဘာလောက တစ်ခုလုံးက ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်၏ ဝမ်းနည်းမှုကို ခံစားလိုက်ရသကဲ့သို့ ဝမ်းနည်းနေပုံရသည်။
အတန်ကြာမှ ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်က အပေါ်သို့ လက်ညှိုးထိုးပြပြီး မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များဖြင့် ပြန်ပြောလိုက်၏။
“အဲ့တာက ငါကိုယ်တော် ဒီနေရာမှာ ကျဆုံးရတဲ့ အကြောင်းရင်းပဲ”
“ဘာ...”
ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်၏ ညွှန်ပြမှုအတိုင်း ၊ ဝူယီဖန်သည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ ကောင်းကင်၏ အမြင့်ဆုံး နေရာတွင် ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်၏ ပုံရိပ်ကို ရှင်းလင်းစွာ တွေ့လိုက်ရသည်။
သို့သော် သူ့ကို တုန်လှုပ်စေခဲ့သော အချက်မှာ အထက်တွင် ခမ်းနားထည်ဝါသော ပုံရိပ် ငါးခု ရှိနေပြီး ၊ ထိုခမ်းနားထည်ဝါသော ပုံရိပ် ငါးခု၏ ဆန့်ကျင်ဘက်တွင် သွေးရောင်မြူခိုးများ ဖုံးလွှမ်းနေသဖြင့် ရုပ်သွင်အမှန်ကို မမြင်နိုင်သော ပုံရိပ်တစ်ခု ရှိနေခြင်းပင် ဖြစ်သည်။
ဝူယီဖန်၏ အတွေးများကို အာရုံခံမိသကဲ့သို့ ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်က မဲ့ပြုံး ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဟိုးအရင်တုန်းက အထက်ဘုံမှာ သွေးဝိညာဉ်ဂိုဏ်း လို့ခေါ်တဲ့ အားကောင်းတဲ့ မိစ္ဆာအင်အားစု တစ်ခု ပေါ်လာခဲ့တယ်... သွေးဝိညာဉ်ဂိုဏ်းရဲ့ လုပ်ရပ်တွေက အထက်ဘုံ တစ်ခုလုံးမှာ ဆိုးရွားလွန်းခဲ့ပြီး နောက်ဆုံးမှာတော့ အထက်ဘုံက အင်အားစု အားလုံးရဲ့ မကျေနပ်မှုကို ဖြစ်စေခဲ့တယ်”
“မဟာမြင့်မြတ်နယ်မြေ ငါးခုက ဘိုးဘေးကြီးတွေ ဦးဆောင်ပြီး သွေးဝိညာဉ်ဂိုဏ်းကို စစ်ဆင်နွှဲဖို့ ငါတို့ကို ခေါ်ဆောင်သွားခဲ့တယ်... ငါကိုယ်တော်က အဲ့ဒီတိုက်ပွဲမှာ ကျဆုံးခဲ့တယ်.. ငါကိုယ်တော်ရဲ့ အမွေအနှစ်ကို ချန်ထားရစ်ဖို့ အတွက် ငါ ဒီလောက်ထိကြာအောင် တောင့်ခံထားခဲ့တာ”
“ဒါပေမဲ့ အဲဒီတိုက်ပွဲမှာ ငါတို့ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးမပစ်နိုင်ခဲ့ဘူး... သွေးဝိညာဉ်ဂိုဏ်း သခင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ ကြားက သွေးဝိညာဉ်ဂိုဏ်းနဲ့ အထက်ဘုံရဲ့ ထောင့်တစ်နေရာကို ယူပြီး ထွက်ပြေးသွားခဲ့တယ်”
“ဒါပေမဲ့ သွေးဝိညာဉ်ဂိုဏ်း ထွက်ပြေးသွားတာနဲ့ မဟာမြင့်မြတ်နယ်မြေ ငါးခုက ဘိုးဘေးကြီးတွေ ပူးပေါင်းပြီး အဲဒီနယ်မြေကို တားမြစ်စည်း ခတ်လိုက်ကြတယ်... အထဲက သက်ရှိတွေ အပြင်ထွက်မလာနိုင်အောင်ပေါ့”
“အဲဒီနယ်မြေကို နတ်သင်္ချိုင်းတောင်ကြား လို့ ခေါ်တယ်”
ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်၏ စကားများကို ကြားလိုက်ရသည်နှင့် ၊ ဝူယီဖန်၏ ရင်ထဲတွင် မိနစ်ပိုင်းအတွင်း လွန်စွာ တုန်လှုပ်သွားခဲ့ရသည်။
ဘိုးဘေးဖြစ်သူမှ သူ့ကို ဖျက်ဆီးခိုင်းခဲ့သော အင်အားစုသည် ဟိုးယခင်က အထက်ဘုံ တစ်ခုလုံးရှိ စွမ်းအားရှင်များ ပေါင်းစည်း၍ပင် အနိုင်မယူနိုင်ခဲ့သော အရာဖြစ်နေမှန်း သူ အိပ်မက်ပင် မမက်ဖူးခဲ့ပေ။
“အဲဒီတိုက်ပွဲပြီးတဲ့နောက် သွေးဝိညာဉ်ဂိုဏ်းလည်း အလွန် အားနည်းသွားပြီး နေရာတိုင်းကို ထွက်ပြေးနေခဲ့ရတယ်... ငါကိုယ်တော်လည်း အဲဒီတိုက်ပွဲမှာ ကျဆုံးပြီးနောက် နတ်သင်္ချိုင်းတောင်ကြားထဲမှာ အမွေအနှစ်ကို ထားခဲ့တယ်... မင်း အပြင်မှာ တွေ့ခဲ့တဲ့ အရိုးစုတွေက ငါကိုယ်တော်ရဲ့ ယုံကြည်ကိုးကွယ်သူတွေပဲ”
“ ငါကိုယ်တော် အရည်အချင်း မရှိလို့ သူတို့ကို ခေါ်မထုတ်နိုင်ခဲ့ဘူး”
ထိုစကားများကို ပြောရင်း ၊ ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်၏ ရင်ထဲတွင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်သွားသည်။
ထိုတိုက်ပွဲတွင် သူ့၏ နှလုံးသားနီဂိုဏ်းမှ လူတိုင်းနီးပါး သေဆုံးခဲ့ကြရပြီး ၊ သူကဲ့သို့သော ဘိုးဘေးကြီးပင်လျှင် ထိုတိုက်ပွဲတွင် သေဆုံးခဲ့ရသည်။ အထက်ဘုံရှိ နှလုံးသားနီဂိုဏ်းသည် လက်ရှိတွင် မည်သို့သော အခြေအနေဖြင့် ရှိနေသည်ကို သူလည်း မသိတော့ပေ။
“စီနီယာ... တကယ်လို့ ကျွန်တော် ခင်ဗျားရဲ့ အမွေအနှစ်ကို လက်ခံလိုက်ရင် ကျွန်တော့်ဘက်က ဘာလုပ်ပေးဖို့ လိုမလဲ”
ဝူယီဖန်သည် ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်ကို ကြည့်ကာ အလွန် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။
ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်သည် ခေါင်းကို ဖြည်းညင်းစွာ ယမ်းလိုက်သည်။
“ မင်း ဘာမှ လုပ်ပေးဖို့ မလိုပါဘူး... ငါကိုယ်တော်ရဲ့ အမွေအနှစ်ကို ဆက်လက် သယ်ဆောင်သွားပေးပြီး အထက်ဘုံ ရောက်တဲ့အခါ နှလုံးသားနီဂိုဏ်း ကျန်ရှိနေသေးရင် သူတို့ကို နည်းနည်းပါးပါး ကူညီပေးပါ”
“နားလည်ပါပြီ... ဒါပေမဲ့ စီနီယာ... ခင်ဗျားအတွက် လက်စားချေဖို့ သွေးဝိညာဉ်ဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးပစ်ပေးရမလား “
ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ် အနေဖြင့် ထင်မှတ်မထားသည်မှာ သွေးဝိညာဉ်ဂိုဏ်း၏ အင်အားကို သိရှိပြီးနောက်မှတောင် ဝူယီဖန်သည် တုန်လှုပ်သွားခြင်း မရှိခဲ့ပေ။
အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ ဝူယီသည် မူလက အနည်းငယ် ကြောက်ရွံ့ခဲ့သော်လည်း သူသည် လျင်မြန်စွာပင် စိတ်ကို ခိုင်မာအောင် လုပ်လိုက်သည်။
ဘာကြောက်စရာ ရှိလို့လဲ... ဘိုးဘေးတစ်ယောက်လုံး ငါ့နောက်မှာ ရှိနေတာပဲ... သွေးဝိညာဉ်ဂိုဏ်းလောက်က ကြောက်စရာ မလိုဘူး...
ဘိုးဘေးရ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးလို့ရတယ် ပြောမှတော့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ကံကြမ္မာက ငါ့လက်ထဲမှာ ပျက်စီးဖို့ပဲ ရှိတော့တယ်...
ဝူဟောက်: ရှယ်ပဲ...
ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်သည် တစ်ခဏမျှ ကြောင်အမ်းသွားသော်လည်း လျင်မြန်စွာ ပြုံးလိုက်ပြီး ပြောလိုက်၏။
“အတတ်နိုင်ဆုံး ကြိုးစားပါ”
အမှန်တကယ်တွင် ဝူယီဖန်၌ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးနိုင်စွမ်း ရှိသည်ဟု ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ် မထင်ပေ။ ထိုစဉ်က သွေးဝိညာဉ်ဂိုဏ်းသည် အထက်ဘုံ တစ်ခုလုံးက အားကောင်းသူများကို စုစည်းထားသော အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်ငါးဦးသည်ပင် မဖျက်ဆီးနိုင်ခဲ့သော ဖြစ်တည်မှု ဖြစ်ရာ ဝူယီဖန်လောက်နှင့် မည်သို့ ဖျက်ဆီးနိုင်မည်နည်း။
အချိန်ကသာ ဝူယီဖန်၌ ဤအရာကို လုပ်ဆောင်နိုင်စွမ်း အမှန်တကယ် ရှိကြောင်း သက်သေပြလိမ့်မည် ဖြစ်သော်လည်း ၊ ဤအရာအားလုံးမှာ နောက်ပိုင်းမှ ဖြစ်လာမည့် ကိစ္စများသာ ဖြစ်ပြီး ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ် အနေဖြင့် သိနိုင်မည်မဟုတ်။
အခန်း ၁၃၀ - စွမ်းအားများ မိုးထိအောင် မြင့်တက်လာခြင်း
ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်သည် တုံ့ဆိုင်းမနေတော့ဘဲ သူ့အမွေအနှစ်ကို ဝူယီဖန်၏ စိတ်အာရုံထဲသို့ တိုက်ရိုက် ပို့လွှတ်လိုက်သည်။
[ဒင်! ပိုင်ရှင်၏ မျိုးဆက်သည် အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့်ရှိ အမွေအနှစ်တစ်ခုကို ရရှိခဲ့ပါသည် ဂုဏ်ယူပါတယ်! အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့်ရှိ အမွေအနှစ် တစ်သန်းကို ပိုင်ရှင်ထံ ပြန်လည် ပေးအပ်လိုက်ပါသည်၊ ပေါင်းစပ်လိုပါသလား]
“ဘာကြီး...”
ဝူဟောက်မှာ စုချောင်ရန်နှင့် ချစ်ရည်လူးပြီးကာစ သူမကို ဖက်အိပ်နေစဉ် ၊ စနစ်၏ အသံကြောင့် နိုးလာပြီး အနည်းငယ် တုန်လှုပ်သွားသည်။
ဝူယီဖန်သည် နတ်သင်္ချိုင်းတောင်ကြားထဲ တစ်ခေါက်ဝင်ရုံဖြင့် အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့်ရှိ ပညာရှင်တစ်ဦး၏ အမွေအနှစ်ကို ရရှိသွားခဲ့လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ သို့သော် ဝူဟောက်ကို အတုန်လှုပ်စေဆုံး အချက်မှာ နတ်သင်္ချိုင်းတောင်ကြားထဲတွင် အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့် ရှိ အမွေအနှစ်များ ရှိနေခြင်း ဖြစ်သည်။
“ဒီသွေးဝိညာဉ်ဂိုဏ်း ဇာတ်လမ်းပိုင်းရဲ့ အဆင့်က မြင့်လွန်းနေတယ်... ဝူယီဖန်အတွက် လေ့ကျင့်ပေးဖို့က နည်းနည်း များလွန်းနေမလား”
ဝူဟောက်သည် ဤအချိန်တွင် တွန့်ဆုတ်နေမိသည်။ ထိုသူမှာ အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့်ရှိ စွမ်းအားရှင်တစ်ဦး ဖြစ်သော်လည်း နတ်သင်္ချိုင်းတောင်ကြားထဲတွင် သေဆုံးခဲ့ရသည်။ ဤအချက်ကို ထောက်ဆကြည့်လျှင်ဖြင့် သွေးဝိညာဉ်ဂိုဏ်း၏ အဆင့်အတန်းမှာ လုံးဝ မနိမ့်ကျကြောင်း ပြသနေသည်။
သို့သော် ဝူဟောက်သည် ခေါင်းယမ်းလိုက်ပြီး သူ့အတွေးကို ဖယ်ရှားလိုက်သည်။ ဝူယီဖန်သည် ကံတရား၏ သားတော် ဖြစ်သည်။
သာမန် သွေးဝိညာဉ်ဂိုဏ်းလောက်ကတော့ ကြောက်စရာ ဘာမှမရှိဘူး...
“စနစ်... ပေါင်းစပ်လိုက်”
[ဒင်! အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ အမွေအနှစ် တစ်သောင်းကို ပေါင်းစပ်ပြီး ဖြစ်ပါသည်]
ဝူဟောက်: သုံးလို့မကုန်ဘူး... အင်မော်တယ်ဧကရာဇ် အမွေအနှစ်တွေက သုံးလို့ကို မကုန်နိုင်ဘူး... အင်မော်တယ်ဧကရာဇ် ကနဦးအဆင့် အမွေအနှစ်တွေတောင် မကုန်သေးဘူး... အခု အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့် အမွေအနှစ်တွေ ရောက်လာပြန်ပြီ...
အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ အမွေအနှစ်အဖြစ် အဆင့်မြှင့်တင်ပြီး ဖြစ်သော်လည်း ၊ သို့သော် ဝူဟောက်သည် လောလောဆယ် သူ့ဇနီးသည်နှင့် အခြားသူများကို ပေးရန် အစီအစဉ် မရှိသေးပေ။ စုချောင်ရန်နှင့် အခြားသူများ အတွက် လက်ရှိတွင် အင်မော်တယ်ဧကရာဇ် ကနဦးအဆင့်ရှိ အမွေအနှစ်က လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။
အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ အမွေအနှစ်၏ အသုံးဝင်မှုမှာ သူတို့အတွက် သိပ်မများလှပေ။
ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်၏ အမွေအနှစ်ကို စုပ်ယူပြီးနောက် ၊ ဝူယီဖန်၏ အရှိန်အဝါမှာ သိသိသာသာ မြင့်တက်လာပြီး ဧကရာဇ်တစ်ပိုင်း နှောင်းပိုင်းအဆင့်မှ မဟာဧကရာဇ် အဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားကာ ထိုနေရာတွင် ရပ်တန့်မသွားဘဲ လူသားအင်မော်တယ် အထွတ်အထိပ် အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားမှ ရပ်တန့်သွားသည်။
ဝူယီဖန်၏ လွှမ်းမိုးမှုကြောင့် ဝူဟောက်၏ မျက်နှာထားမှာလည်း ရုတ်ခြည်း ပြောင်းလဲသွားပြီး နောက်တစ်စက္ကန့်တွင် အခန်းထဲမှ တိုက်ရိုက် ပျောက်ကွယ်သွား၏။
ဝူဟောက် ပြန်ပေါ်လာသော အချိန်တွင် သူ၏အရှိန်အဝါမှာ အင်မော်တယ်ဘုရင် နှောင်းပိုင်းအဆင့်မှ အင်မော်တယ်ဘုရင် (အထွတ်အထိပ်) အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားပြီး အင်မော်တယ်ဧကရာဇ် အဆင့်သို့ ချိုးဖျက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
“အင်မော်တယ်ဧကရာဇ် အမွေအနှစ်က ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား... ဝူယီဖန်ကို နယ်ပယ်အများကြီး တိုက်ရိုက် ချိုးဖျက်သွားစေတာပဲ”
ဝူဟောက်သည် တုန်လှုပ်သော မျက်နှာထားဖြင့် စိတ်ထဲတွင် တွေးလိုက်မိသည်။ အရင်က ဟွမ်သွမ့် မဟာဧကရာဇ်မင်း၏ အမွေအနှစ်ကို ဝူယီတောက် စုပ်ယူခဲ့စဉ်က ၊ ဝူယီတောက်၏ နယ်ပယ်အဆင့်သည် ထိုးတတ်မသွားခဲ့ပေ။
အကြောင်းမှာ ဟွမ်သွမ့်မဟာဧကရာဇ် ချန်ထားရစ်ခဲ့သည်မှာ မှတ်ဉာဏ် အမွေအနှစ် ဖြစ်ပြီး ၊ ဝူယီတောက်ကို တိုက်ခိုက်ရေးနှင့် ကျင့်ကြံခြင်း အတွေ့အကြုံများကိုသာ လက်ဆင့်ကမ်းပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်မှ ချန်ထားရစ်ခဲ့သည်မှာ သူ့အမွေအနှစ် တစ်ခုလုံး ဖြစ်သည်။ ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်၏ သေဆုံးမှုမှာ ပြန်ပြင်ဆင်၍ မရတော့သဖြင့် သူ လုပ်နိုင်သမျှ အရာအားလုံးကို လက်ဆင့်ကမ်းပေးခဲ့ခြင်း ဖြစ်သည်။
ဤအချက်က ဝူယီဖန်ကို ဧကရာဇ်တစ်ပိုင်း နှောင်းပိုင်းအဆင့်မှ လူသားအင်မော်တယ် အထွတ်အထိပ် အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားစေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဝူယီဖန်သည် နယ်ပယ်အများကြီး ချိုးဖျက်သွားခဲ့သော်လည်း ဝူဟောက်ကို နယ်ပယ်ကြီးတစ်ခု ချိုးဖျက်သွားအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။ ဝူဟောက်မှာ လက်ရှိတွင် အင်မော်တယ်ဘုရင် တစ်ပါး ဖြစ်နေပြီး နယ်ပယ်ကြီးတစ်ခု ချိုးဖျက်ရန် လိုအပ်သော ကျင့်ကြံမှုမှာ ကြီးမားလွန်းလှသည်။
သို့ဆိုတောင် ဝူဟောက်သည် အတော်လေး ကျေနပ်နေမိသည်။ အချိန်အတိုင်းအတာနှင့် တွက်ကြည့်ရင် ၊ သူသည် နှစ်တစ်ထောင် မပြည့်ခင်မှာပင် အင်မော်တယ်ဧကရာဇ် ဖြစ်လာနိုင်သည်။ သို့သော် နောက်ပိုင်း နယ်ပယ်အဆင့်များနှင့် ပတ်သတ်၍ ဝူဟောက် မခန့်မှန်းနိုင်ပေ။ အကြောင်းမှာ လိုအပ်သော ကျင့်ကြံမှုသည် ယခုထက် အများကြီး ပိုများသွားနိုင်သည်။
တစ်ဆင့်ချင်းပဲ သွားရုံပေါ့..
ဤသို့ တွေးမိသဖြင့် ဝူဟောက်သည် အများကြီး ဆက်မတွေးတော့ဘဲ အခန်းထဲသို့ တိုက်ရိုက် ပြန်ဝင်ကာ စုချောင်ရန်ကို ဖက်၍ ဆက်အိပ်လိုက်သည်။ အင်မော်တယ်ဘုရင် တစ်ပါးအနေဖြင့် မအိပ်ဘဲ နေခြင်းမှာ ပုံမှန်ကိစ္စ ဖြစ်သော်လည်း ဝူဟောက်မှာ လူတစ်ယောက်လို နေထိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသဖြင့် ယခင်ကအတိုင်း တစ်နေ့သုံးနပ်စားပြီး အိပ်စက်သည့် အလေ့အထကို လိုက်နာနေခြင်း ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
အခြားတစ်ဖက်တွင် ဝူယီဖန်သည် သူ့ မျက်လုံးများကို ဖွင့်လိုက်ပြီး ၊ ခန္ဓာကိုယ် အတွင်းရှိ အားကောင်းသော ကျင့်ကြံမှုကို ခံစားလိုက်ရသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ့ရှေ့မှ ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်သည် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် ရင်ထဲတွင် လွမ်းဆွေးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ယခင်က သူ နန်းတော်ထဲတွင် ရှိနေစဉ်ကအတိုင်း ပြန်ဖြစ်သွားသော်လည်း ပလ္လင်ပေါ်တွင် ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်၏ အရိပ်အယောင်မှာ မရှိတော့ပေ။
ဝူယီဖန်သည် ခေါင်းငုံ့၍ သူ့လက်ကို ကြည့်လိုက်ရာ ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်၏ သိုလှောင်လက်စွပ်ကို တွေ့လိုက်ရသည်။
“စီနီယာ... စိတ်ချပါ... ခင်ဗျားရဲ့ နာမည်ကို အထက်ဘုံ တစ်ခုလုံးမှာ နောက်တစ်ကြိမ် ဟိန်းထွက်လာအောင် ကျွန်တော် သေချာပေါက် လုပ်ဆောင်မယ်”
“နေဦး... ငါ အခု လူသားအင်မော်တယ် အဆင့်ကို ရောက်သွားပြီ ဆိုတော့ ရွှမ်ထျန်းကမ္ဘာကို ပြန်သွားလို့ ရသေးရဲ့လား”
သို့သော် မကြာမီ ဝူယီဖန်သည် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး သူ့မျက်နှာတွင် ဇဝေဇဝါ ဖြစ်သွားသည်။
ရွှမ်ထျန်းကမ္ဘာ ဆိုသည်မှာ အောက်ဘုံ ဖြစ်သည်။ အကယ်၍ လူသားအင်မော်တယ် တစ်ပါးသည် ရွှမ်ထျန်းကမ္ဘာတွင် ပေါ်ထွက်လာပါက ချက်ချင်း နေရာရွှေ့ပြောင်း ခံရနိုင်သည်။
သို့သော် သူသည် ယခု ထိုအရာများကို စိတ်မပူနိုင်သေးချေ။ တစ်ဆင့်ချင်း သွားရန် လိုအပ်သည်။
“တကယ်လို့ မဖြစ်မနေ လိုအပ်လာရင်လည်း ၊ အထက်ဘုံမှာ လျိုထျန်း ရွှေအင်မော်တယ် အဆင့်ထိ ကျင့်ကြံပြီးမှ ရွှမ်ထျန်းကမ္ဘာကို ပြန်သွားတော့မယ်... “
“ဘိုးဘေး ပြောဖူးတာက အထက်ဘုံကနေ ရွှမ်ထျန်းကမ္ဘာကို ပြန်လာဖို့အတွက် လျိုထျန်း ရွှေအင်မော်တယ် အဆင့်ထိ ကျင့်ကြံဖို့ပဲ လိုတာတဲ့...”
ထို့အပြင် သူ့ကျင့်ကြံမှုနှင့် လက်ရှိ အခြေအနေအရဆိုလျှင် နှစ်တစ်သိန်း မပြည့်ခင်မှာပင် လျိုထျန်း ရွှေအင်မော်တယ် အဆင့်ထိ ကျင့်ကြံနိုင်လိမ့်မည်။ ဇနီးသည်နှင့် သားဖြစ်သူ၏ ပါရမီကို ကြည့်ခြင်းအားဖြင့် ၊ သူသည် လျိုထျန်း ရွှေအင်မော်တယ် အဆင့်ထိ ကျင့်ကြံပြီးသည်အထိ သူမတို့ တောင့်ခံထားနိုင်သည်။
“ဒါပေမဲ့... ဒါက ကြာလွန်းတယ် မဟုတ်လား... တခြားနည်းလမ်းတွေ ရှိဦးမှာပါ”
ဝူယီဖန်သည် စိတ်ထဲတွင် တွေးလိုက်မိသည်။ ဤကိစ္စကို မည်သို့ ကိုင်တွယ်သင့်မှန်း စဉ်းစားနေစဉ် ၊ ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး သူ့မျက်နှာထားသည် အနည်းငယ် ပြောင်းလဲသွားသည်။
အက်ကွဲသံတစ်ခုသည် သူ၏ ဘေးပတ်ပတ်လည်မှ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ဝူယီဖန် မတုံ့ပြန်နိုင်ခင်မှာပင် ၊ နန်းတော် ပတ်လည်ရှိ နံရံများသည် စတင် ပြိုကျလာသည်။ စက္ကန့်နည်းငယ် အတွင်းမှာပင် နန်းတော် တစ်ခုလုံး ပျောက်ကွယ်သွား၏။
နန်းတော် အပြင်ဘက်ရှိ သားရဲကြီးများ အားလုံးမှာ လူသားအင်မော်တယ် နယ်ပယ်တွင် ရှိကြပြီး အချို့မှာ စစ်မှန်အင်မော်တယ် အဆင့်သို့ပင် ရောက်ရှိနေကြသည်။
“သောက်ကျိုးနည်း... ငါ အရင် ပြေးမှ ဖြစ်မယ်”
ဝူယီဖန်၏ မျက်နှာထားမှာ လေးနက်နေပြီး ၊ နောက်တစ်စက္ကန့်တွင် သူသည် ချက်ချင်း ထွက်ပြေးလေတော့သည်။
သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာမှာ အဆင့်(၁၀) သို့ ရောက်ရှိနေပြီး စစ်မှန် အင်မော်တယ် တစ်ပါးကို လက်ဗလာဖြင့် ဆွဲဖြဲပစ်ရန် ကိစ္စမရှိသော်လည်း ၊ ပြဿနာမှာ ကျောက်တုံးနီ အင်မော်တယ်ဧကရာဇ်၏ အမွေအနှစ်ကို စုပ်ယူပြီးနောက် နတ်သင်္ချိုင်းတောင်ကြားရှိ သားရဲကြီးများမှာ စစ်မှန်အင်မော်တယ် အဆင့်တင် မဟုတ်ကြောင်း ဝူယီဖန် သိရှိလိုက်ခြင်း ဖြစ်သည်။
ရွှေအင်မော်တယ်နှင့် လျိုထျန်း ရွှေအင်မော်တယ် အဆင့်များပင် ရှိနေသည်။ အကယ်၍ သူသည် ဤသားရဲကြီး အုပ်စုနှင့် ငြိနေပြီး ရွှေအင်မော်တယ် သို့မဟုတ် လျိုထျန်း ရွှေအင်မော်တယ် သားရဲကြီးများကို ဆွဲဆောင်မိပါက ၊ သူသည် ဤနေရာမှ ပြန်ထွက်သွားနိုင်မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် သားရဲကြီး အုပ်စု မတုံ့ပြန်နိုင်ခင်မှာပင် ၊ ဝူယီဖန်သည် ခြေတစ်လှမ်း ဦးအောင် ထွက်ပြေးသွားနိုင်ခဲ့သည်။ သူတို့ တုံ့ပြန်လာချိန်တွင် ဝူယီဖန်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သို့သော် ဝူယီဖန် သတိမထားမိသည့် အချက်မှာ သူ ထွက်ခွာသွားပြီး မိနစ်အနည်းငယ် အကြာတွင် သွေးရောင်အရိပ်တစ်ခု က နန်းတော် အပျက်အစီးများကြားတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
ပစ်မှတ် ပေါ်လာသည်ကို တွေ့ပြီးနောက် ပတ်ဝန်းကျင်ရှိ သားရဲကြီးများသည် သွေးရောင်အရိပ်ထံ ပြေးဝင်သွားကြသည်။ သို့သော် တစ်ဖက်လူက လက်ကို ဆန့်ထုတ်၍ လက်ဖျစ်တစ်ချက် တီးလိုက်၏။
နောက်တစ်စက္ကန့်တွင် ထိုနေရာ၌ ရှိနေသော လူသားအင်မော်တယ် နယ်ပယ်အဆင့်ရှိ သားရဲ ရာပေါင်းများစွာသည် သွေးရောင်မြူခိုးများ အဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စုပ်ယူခြင်း ခံလိုက်ရသည်။
သို့သော် သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါမှာ အနည်းငယ်မျှသာ တိုးမြင့်လာသည်။
“ပစ်မှတ်က ဒီနေရာမှာ ပေါ်လာခဲ့တယ်... ဒါပေမဲ့ ဒီနေရာက အင်မော်တယ်ဧကရာဇ် တစ်ပါးရဲ့ အမွေအနှစ် နန်းတော် ဖြစ်ဖို့များတယ်..ကြည့်ရတာ တစ်ဖက်လူက အဲ့ဒီအင်မော်တယ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရသွားတာ ဖြစ်နိုင်တယ်”
“ပစ်မှတ်ကို ရှာပြီး သခင်ကြီး ဆုံးဖြတ်ဖို့ ပြန်ခေါ်သွားရမယ်”
ထိုသို့ ပြောပြီးနောက် ပုံရိပ်မှာ မြေကြီးထဲသို့ တစ်ဖန် ပြန်တိုးဝင်သွားပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော အမြန်နှုန်းဖြင့် ဝူယီဖန် ထွက်ခွာသွားသော လမ်းကြောင်းအတိုင်း လျင်မြန်စွာ လိုက်သွားတော့သည်။