← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း ၁၃၁ - အငြိုးကြီးသော ရန်သူ

“ချီးတဲ့မှပဲ... လူသားအင်မော်တယ် အထွတ်အထိပ်ကို ရောက်ရောက်ချင်း ဘာလို့ ထပ်ပြီး အလိုက်ခံနေရပြန်ပြီတုန်း...”

ဝူယီဖန်သည် သူ့နောက်မှ အဆက်မပြတ် လိုက်လံဖမ်းဆီးနေသော သွေးရုပ်သေးကို ကြည့်၍ ကျိန်ဆဲ‌နေလေ၏။

မူလက သူသည် လူသားအင်မော်တယ်အဆင့်သို့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ပြီး ၊ ထို့အပြင် စစ်မှန်အင်မော်တယ်နယ်ပယ်အဆင့်ရှိ သူ၏ ခန္ဓာကိုယ်နှင့် ကျောက်နီ အင်မော်တယ်ဧကရာဇ်မင်း၏ အမွေအနှစ်များကို ပေါင်းစပ်လိုက်မည်ဆိုပါက ၊ သူသည် ရွှေအင်မော်တယ်ကိုပင် အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့သည်။

ထို့အပြင် ကျောက်နီ အင်မော်တယ်ဧကရာဇ်မင်းက သူ့အား အင်မော်တယ်လက်နက်များ၊ ဆေးလုံးများနှင့် အခြားအရာများစွာ ပေးအပ်ထားခဲ့သဖြင့် လျှိုထျန်းရွှေအင်မော်တယ်နှင့် ရင်ဆိုင်ရလျှင်ပင် ၊ ဝူယီဖန်အနေဖြင့် တိုက်ခိုက်၍ မနိုင်လျှင်တောင် အနည်းဆုံးတော့ ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု ယုံကြည်ထားသည်။

ယခု သူ့နောက်ကို လိုက်နေသည်မှာ အခြားသူ မဟုတ်ဘဲ လျှိုထျန်းရွှေအင်မော်တယ်အဆင့်ရှိ သွေးရုပ်သေး တစ်ရုပ် ဖြစ်ပြီး ၊ ထိုအရာသည် ရွှယ်ယွမ်မှ ဝူယီဖန်ကို ဖမ်းဆီးရန် စေလွှတ်လိုက်သော တာအိုအရိပ်ပင် ဖြစ်သည်။

တစ်ဖက်လူမှ စတင် လှုပ်ရှားလိုက်သည်နှင့်၊ သူသည် တဖက်လူ၏ ပြိုင်ဘက် မဟုတ်ကြောင်း သိရှိလိုက်သဖြင့် တွန့်ဆုတ်ခြင်းမရှိ ထွက်ပြေးရန် ရွေးချယ်လိုက်သည်။

ဝူယီဖန်သည် ကျောက်နီ အင်မော်တယ်ဧကရာဇ်မင်း၏ အမွေအနှစ်များကို အပြည့်အဝ အသုံးမချနိုင်သေးပေ။ သို့သော်လည်း ဤကျယ်ပြောလှသော နတ်သင်္ချိုင်းတောင်ကြားထဲတွင် ဝူယီဖန်အနေဖြင့် ဘယ်ကိုများ ထွက်ပြေးနိုင်မည်နည်း။

သွေးရုပ်သေးမှာလည်း သူ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုဖြင့် ဝူယီဖန်ကို အလွယ်တကူ ဖမ်းဆီးနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ၊

သို့သော် ထိုသကောင့်သား၏ နောက်စေ့တွင် မျက်လုံး ပါနေသည့်အတိုင်း သူ၏ တိုက်ကွက်များကို ရှောင်တိမ်းသွားနိုင်မည်ဟု မျှော်လင့်မထားခဲ့ချေ။

သူသည် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်သာ ရှိသေးသော ကောင်လေးတစ်ယောက်ကို ယခုထိတိုင် မဖမ်းဆီးနိုင်သေးပေ။ထိုအတိုင်းဆက်သွားမည်ဆိုပါက ၊ ရန်သူသည် လွတ်မြောက်သွားနိုင်ပြီး သူ၏ သခင်သည် သေချာပေါက် ‌ဒေါသထွက်မည်ကို သူသိသည်။

ထို့ကြောင့် သွေးရုပ်သေးသည် ထိုသတင်းကို ရွှယ်ယွမ်ထံသို့ ပြန်လည်လျှောက်တင်ခဲ့ပြီး ၊ ဝူယီဖန်ကို အနီးကပ် စောင့်ကြည့်နေခဲ့ရာ ဝူယီဖန်မှာ ပို၍ စိုးရိမ်ပူပန်လာရသည်။

တစ်ချိန်တည်းမှာပင် သွေးဝိညာဉ်ဂိုဏ်းအတွင်း၌ မျက်လုံးမှိတ်၍ အနားယူနေသော ရွယ်ယွမ်သည် ရုတ်တရက် မျက်လုံးများ ဖွင့်လာခဲ့ပြီး ၊ သူ၏ မျက်ဝန်းများတွင် ဒေါသများဖြင့် ပြည့်နှက်နေ၏။

“ဘာ... အဲဒီကောင်လေးက အင်မော်တယ်ဧကရာဇ်တစ်ပါးရဲ့ အမွေအနှစ်ကို ရသွားတယ်ဟုတ်လား... ပြီးတော့ မင်းက သူ့ကို အခုထိ မမီသေးဘူးပေါ့... စောင့်နေ... ငါ အခု ချက်ချင်း လာခဲ့မယ်”

ထိုသို့ ပြောပြီးနောက် နောက်တစ်စက္ကန့်တွင် ရွှယ်ယွမ်သည် သွေးဝိညာဉ်ဂိုဏ်းထဲမှ ပျောက်ကွယ်သွားသည်။ သွေးရုပ်သေး၏ အာရုံခံနိုင်စွမ်းကို ခြေရာခံ၍ ရွယ်ယွမ်သည် နောက်မှ လိုက်သွားခဲ့ပြီး ၊ သူ၏ အမြန်နှုန်းသည် သွေးရုပ်သေးထက် များစွာ သာလွန်သည်။

ထိုအခိုက်တွင် သွေးရုပ်သေး၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသော ဝူယီဖန်မှာ အလွန်အန္တရာယ်ရှိသော ခံစားချက်တစ်ခုကို အာရုံခံမိလိုက်သည်။ ကံကြမ္မာရွေးချယ်ခံရသူ တစ်ဦးအနေဖြင့် ဝူယီဖန်သည် သူ၏ ဆဋ္ဌမအာရုံကို အလွန် ယုံကြည်မှု ရှိသည်။

“ဒီကောင်က သားရဲဆိုး မဟုတ်လောက်ဘူး... သွေးဝိညာဉ်ဂိုဏ်းက ဖြစ်ဖို့များတယ်... ငါက ကျောက်နီ အင်မော်တယ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရထားတာသိပြီး သူက သွေးဝိညာဉ်ဂိုဏ်းက စွမ်းအားရှင်တစ်ယောက်ယောက်ကို ဆက်သွယ်လိုက်ပြီနဲ့ တူတယ် ... သွေးဝိညာဉ်ဂိုဏ်းက စွမ်းအားရှင်တွေ ရောက်လာဖို့သာ စောင့်နေရရင် ကျောက်နီ အင်မော်တယ်ဧကရာဇ်ရဲ့ အမွေအနှစ် ရှိနေရင်တောင် ငါ လွတ်နိုင်တော့မှာ မဟုတ်ဘူး”

ထိုအကြောင်းကို တွေးမိပြီး ဝူယီဖန်၏ မျက်နှာသည် ပို၍ မည်းမှောင်သွား၏။ ကျောက်နီ အင်မော်တယ်ဧကရာဇ်မင်း၏ အမွေအနှစ်များကို စုပ်ယူထားခဲ့သဖြင့် သူက သဘာဝကျကျပင် သိရှိနေသည်။

သွေးဝိညာဉ်ဂိုဏ်းသည် ကျဆင်းနေပြီ ဖြစ်သော်လည်း ၊ အိပ်မောကျနေသည့် အင်မော်တယ်ဧကရာဇ် စွမ်းအားရှင် အချို့ ရှိနေဆဲပင် ဖြစ်သည်။

နောက်ထပ် ဘာဆက်လုပ်ရမည်ကို ဝူယီဖန် တွေးတောနေစဉ်မှာပင် ၊ ကြီးမားသော အန္တရာယ်ကြီး တစ်ခုကို ခံစားမိလိုက်သည်။ မသိစိတ်အရ ဝူယီဖန်သည် သူရပ်နေသော နေရာမှ ချက်ချင်းလက်ငင်း ရှောင်ထွက်သွားခဲ့သည်။

မျက်စိတမှိတ်အတွင်းမှာပင် ဧရာမ လက်ဝါးကြီး တစ်ခုက ဝူယီဖန် ရှိနေခဲ့သော နေရာကို လွှမ်းခြုံသွားသည်။ အကယ်၍ ဝူယီဖန်သာ အစောကတည်းက ထွက်မသွားခဲ့လျှင်ဖြင့် သူသည် သေချာပေါက် သေဆုံးရပေတော့မည်။

“ဘာ... တကယ်ကို ထိတ်လန့်စရာကောင်းတဲ့ ဖိအားကြီးပဲ”

ဝူယီဖန်၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။ ဤဖိအားသည် လျှိုထျန်းရွှေအင်မော်တယ်ထက် များစွာ သာလွန်နေပြီး အနည်းဆုံး အင်မော်တယ်ဘုရင် အဆင့်... မဟုတ်သေးဘူး... အနည်းဆုံး အင်မော်တယ်ဧကရာဇ် အဆင့်အထိ ရောက်ရှိနေကြောင်း သူ အာရုံခံမိလိုက်၏။

“အိုး... စိတ်ဝင်စားစရာပဲ... မင်း အင်မော်တယ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရယူနိုင်တာ အံ့သြစရာ မရှိတော့ဘူး တကယ်ကို ထူးခြားတဲ့သူပဲ”

ထိုအသံ ထွက်ပေါ်လာသည်နှင့် ဝူယီဖန်သည် အသံလားရာဆီသို့ လှမ်းကြည့်လိုက်ရာ တောက်ပသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ဧရာမ လက်ဝါးကြီးပေါ်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

တစ်ဖက်လူသည် ဝူယီဖန်အား အံ့သြသည့် မျက်ဝန်းများဖြင့် ကြည့်နေသည်။ ဝူယီဖန်သည် အင်မော်တယ်အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင် တစ်ဦး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့လိမ့်မည်ဟု သူ မျှော်လင့်မထားသည်မှာ သေချာသည်။

ဝူယီဖန်သည် တစ်ဖက်လူကို ကြည့်လိုက်သောအခါ ကြက်သီးမွေးညင်းများပင် ထသွား၏။ သူ ဘယ်သောအခါမှ အနိုင်မယူနိုင်သည့် စွမ်းအား အငွေ့အသက်ကို အာရုံခံမိလိုက်သည်။

သို့သော်လည်း ဝူယီဖန်သည် တစ်ဖက်လူမှာ မည်သူဖြစ်ကြောင်းကို အလျင်အမြန် မှတ်မိသွားပြီး သူ၏ မျက်နှာထက်တွင် ထိတ်လန့်သွားသော အမူအရာများဖြင့် ပြည့်နှက်သွားသည်။

“မင်းက သွေးဝိညာဉ်ဂိုဏ်းရဲ့ သားတော် ရွှယ်ယွမ်ပဲ”

“အိုး... စိတ်ဝင်စားဖို့ ကောင်းသားပဲ... မင်း ငါ့ကို သိနေလိမ့်မယ်လို့ မထင်ထားဘူး... မင်းက ငါ့ကို သိနေမှတော့ ငါ ဘယ်လောက် စွမ်းအားကြီးလဲဆိုတာလည်း သိမှာပေါ့... အခု ငါ့ရဲ့ ကျွန်အဖြစ် ခံယူလိုက်... ဒါဆို ငါ မင်း အသက်ကို ချမ်းသာပေးပြီး အင်မော်တယ်အရှင်မြတ် ဖြစ်လာမယ့် အခွင့်အရေးကို ပေးမယ်”

ရွယ်ယွမ်အနေဖြင့် အတန်ငယ် အံ့သြသွားသော်လည်း ၊မောက်မာသော အမူအရာအဖြစ် ချက်ချင်း ပြောင်းလဲကာ ဝူယီဖန်အပေါ် ကျေးဇူးပြုသည့်ဟန်ဖြင့် ပြောဆိုလိုက်သည်။

သူ၏ အမြင်တွင် ၊ သွေးဝိညာဉ်ဂိုဏ်းသို့ ဝင်ရောက်ခြင်းက ဝူယီဖန် အသက်ရှင်နိုင်မည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်ဟု ယူဆသည်။

ဝူယီဖန်သည် အင်မော်တယ်ဧကရာဇ် တစ်ပါး၏ အမွေအနှစ်များကို ရရှိထားသော်လည်း ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူ ယုံကြည်သည်။

ထိုအခိုက်အတန့်တွင် ဝူယီဖန်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ သူသည် ရွှယ်ယန်၏ ပစ်မှတ်ထားခြင်းကို ခံရလောက်အောင် ကံဆိုးလိမ့်မည်ဟု လုံးဝမှ မျှော်လင့်မထားခဲ့ပေ။

ဝူယီဖန်သည် ကျောက်နီ အင်မော်တယ်ဧကရာဇ်၏ အမွေအနှစ်မှတစ်ဆင့် ရွှယ်ယွမ်အကြောင်းကို သိရှိခဲ့ခြင်း ဖြစ်သည်။ အတိအကျဆိုရလျှင်ဖြင့် ရွှယ်ယွမ်သည် သွေးဝိညာဉ်ဂိုဏ်းနှင့် အထက်ဘုံတို့ကြားက တိုက်ပွဲတွင် အလွန်ပြောင်မြောက်သော စွမ်းရည်များကို ပြသခဲ့ဖူးသည်။

ရွှယ်ယွမ်သည် အထက်ဘုံရှိ အင်မော်တယ်အရှင်မြတ် စွမ်းအားရှင်များ၏ သုံးပုံတစ်ပုံခန့်ကို သူတစ်ကိုယ်တည်း တားဆီးထားနိုင်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ဝူယီဖန်သည် ရွှယ်ယွမ်ကို မြင်လိုက်ရသည်နှင့် ၊ သူ့အနေဖြင့် ရှုံးနိမ့်ဖို့ သေချာသလောက် ရှိနေကြောင်း သိလိုက်သည်။

ထိုဖြစ်နိုင်ချေသည် မြင့်မားသော်လည်း ၊ သို့သော် ရလဒ်သည် မသေချာပေ။ ထိုကြောင့် သူ အသက်ရှင်ရန် အခွင့်အရေး ရှိနေသေးကြောင်း ဝူယီဖန် သေချာပေါက် ယုံကြည်ထားသည်။

“ ငါ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာက မင်းပဲ”

သူသည် ကျောက်နီ အင်မော်တယ်ဧကရာဇ်၏ အမွေအနှစ်ထဲမှ ထိုအရာကို ဤမျှ မြန်မြန် အသုံးပြုရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

ဝူယီဖန်သည် ကျောက်နီ အင်မော်တယ်ဧကရာဇ်မင်း၏ သိုလှောင်ကွင်းအတွင်းမှ ကြောက်ခမန်းလိလိ ဖိအားများ ပါဝင်နေသည့် အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။

နောက်တစ်စက္ကန့်တွင် ဝူယီဖန်သည် သူ၏ အင်မော်တယ်စွမ်းအင်များကို ထိုအဆောင်အတွင်းသို့ တိုက်ရိုက် ထည့်သွင်းလိုက်ရာ ၊ နတ်သင်္ချိုင်းတောင်ကြား၏ အထက် ကောင်းကင်ယံ တစ်ခုလုံး စတင် တုန်ခါလာခဲ့သည်။

“ဒုက္ခပဲ”

ရွှယ်ယွမ်၏ အမူအရာသည် အတော်လေးကြည့်ရဆိုးသွားသည်။ သူသည် သွေးရုပ်သေးကို သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြန်လည် ဆင့်ခေါ်လိုက်ပြီး သူ၏ သိုလှောင်ကွင်းထဲမှ မည်းမှောင်သော မီးခိုးများ ထွက်ပေါ်နေသည့် ဧရာမ သုံးချောင်းထောက် တစ်လုံးကို ဆင့်ခေါ်ကာ သူ့ရှေ့တွင် ကာကွယ်ထားလိုက်သည်။

တစ်ပြိုင်နက်တည်းမှာပင် ၊ မီတာ တစ်ရာခန့် အရွယ်အစားရှိသည့် ဧရာမ လက်ဝါးကြီး တစ်ခုသည် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာပြီး ရွှယ်ယွမ်ကို တိုက်ခိုက်လာ၏။

၎င်းသည် ဧရာမ သုံးချောင်းထောက်အိုးပေါ်သို့ ကျရောက်သွားသည်နှင့် ၊ ရွယ်ယွမ်သည် ထိုလက်ဝါးရိုက်ချက် တစ်ချက်တည်းနှင့် အဝေးသို့ လွင့်ထွက်သွားသည်။

ဤမြင်ကွင်းကို မြင်သည်နှင့် ဝူယီဖန်သည် လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ နောက်ကိုလှည့်ကာ အသားကုန် ထွက်ပြေးလေတော့သည်။ ရွှယ်ယွမ်ကို သူ မသတ်နိုင်မှန်း ကောင်းစွာ သိရှိထားသဖြင့် ၊ ထွက်ပြေးခြင်းကသာ သူ အသက်ရှင်နိုင်မည့် အခွင့်အရေးကို ရရှိနိုင်မည် ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ရွှယ်ယွမ်မှာ အဝေးသို့ လွင့်ထွက်သွားသော်လည်း ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်။

“ခွေးကောင်လေး... မင်း သေချင်နေတာပဲ”

ရွှယ်ယွမ်၏ ဒေါသသည် အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ ယခင်တိုက်ပွဲ ပြီးကတည်းက သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်မယ့်သူ ရှိလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

အထူးသဖြင့် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်သာ ရှိသေးသော ကျင့်ကြံသူ၏ လက်ချက်ဖြင့် သူသည် ဒဏ်ရာရရှိခဲ့သည်။ ဝူယီဖန်ကို တွေ့တွေ့ချင်း ချက်ချင်း မတိုက်ခိုက်ခဲ့မိသည်ကို နောင်တရနေမိသည်။

ရွှယ်ယွမ်သည် အခြေအနေကို သိလိုက်ချိန်တွင် ဝူယီဖန်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သို့သော်လည်း ဤသည်က ရွှယ်ယွမ်အတွက် ပြဿနာကြီး တစ်ခု မဟုတ်ချေ။ သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး တစ်စက္ကန့်အကြာတွင် သူ၏ ဤစကားများကို ဆိုလိုက်သည်။

“မင်းကို တွေ့ပြီ”

အခန်း ၁၃၂ - ထွက်ခွာချိန်တွင် တက်လှမ်းခြင်း နီးကပ်လာပြီလား

“ချီးတဲ့မှပဲ... ငါ့ကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ”

စက္ကန့် အနည်းငယ်အတွင်း ၊ သူ့ကို ပြန်ရှာတွေ့သွားသော ရွှယ်ယွမ်ကြောင့် ဝူယီဖန်၏ မျက်နှာအမူအရာမှာ ထိတ်လန့်မှုများ ရှိနေခဲ့သည်။

သို့သော်လည်း သူသည် တုံ့ဆိုင်းနေရန် အချိန်မရှိပေ။ ကျောက်နီ အင်မော်တယ်ဧကရာဇ်မင်း မှ ချန်ရစ်ခဲ့သော နည်းလမ်းများကို မဆိုင်းမတွ အသုံးပြုရန်မှတစ်ပါး သူ့တွင် အခြား ရွေးချယ်စရာ မရှိချေ။

ကျောက်နီ အင်မော်တယ်ဧကရာဇ်မင်း၏ လျှို့ဝှက်ပညာရပ်များဖြင့် အချိန်ဆွဲရင်း ဝူယီဖန်သည် ရွှယ်ယွမ်၏ လက်ထဲမှ အကြိမ်ကြိမ် လွတ်မြောက်နိုင်ခဲ့သည်။

သို့ရာတွင် ကျောက်နီ အင်မော်တယ်ဧကရာဇ် ချန်ရစ်ခဲ့သော အမွေအနှစ်များမှာ အကန့်အသတ် ရှိသည်။ အမွေအနှစ်များ တဖြည်းဖြည်း လျော့ပါးလာသည်နှင့်အမျှ ၊ ဝူယီဖန်မှာ ပို၍ စိုးရိမ်ပူပန်လာခဲ့သည်။

သို့သော်လည်း ဝူယီဖန်သည် တစ်စုံတစ်ခုကို အလျင်အမြန် သတိပြုမိသွားပြီး သူ၏ မျက်ဝန်းများမှာ အရောင်လက်သွားသည်။

“နောက်ဆုံးတော့ ထွက်ပေါက်ကို ရောက်ပြီ”

သူသည် နတ်သင်္ချိုင်းတောင်ကြားမှ ဝင်ရောက်လာခဲ့သော နေရာသို့ ပြန်ရောက်နေကြောင်း သတိထားမိခဲ့သည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားသဖြင့်ရွှယ်ယွမ်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

အကယ်၍ ဝူယီဖန်သာ ထွက်ပြေးလွတ်မြောက်သွားခဲ့မည်ဆိုပါက ၊ ရေတိုအတွင်း သူ့အနေဖြင့် ဝူယီဖန်ကို ဖြေရှင်းနိုင်တော့မည် မဟုတ်ချေ။

“သောက်ကျိုးနည်း... မင်း ဒီကနေ ထွက်သွားခွင့် မရှိဘူး”

ရွှယ်ယွမ်သည် ဟိန်းဟောက်လိုက်သည်။ သူ၏ လွှမ်းမိုးနိုင်သော ဖိအားသည် ဝူယီဖန်ထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ရွှယ်ယွမ်၏ ခန္ဓာကိုယ်မှ ထူထပ်သော သွေးမြူခိုးများ ထွက်ပေါ်လာသည်။

ရွှယ်ယွမ်သည် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်နှင့် မရေမတွက်နိုင်သော သွေးမြူစက်များသည် မီတာ တစ်ရာခန့် အရွယ်အစားရှိသော အနီရောင် အလုံးကြီးအဖြစ် စုစည်းသွားကာ ဝူယီဖန်ထံ အသားကုန် ပြေးဝင်သွားခဲ့သည်။

“ဒုက္ခပဲ”

ဝူယီဖန်၏ မျက်လုံးသူငယ်အိမ်များမှာ တုန်ယင်သွားသည်။ ဤတိုက်ခိုက်မှုသည် အင်မော်တယ်ဧကရာဇ် ကနဦးအဆင့်ရှိ စွမ်းအားများ ဖြစ်ကြောင်း သူ အာရုံခံမိသည်။

လက်ရှိ အခြေအနေအရ ၊ သူသည် ထိုအရာကို ကာကွယ်နိုင်ခဲ့လျှင်တောင် ပြင်းထန်စွာ ဒဏ်ရာရနိုင်သည် သို့မဟုတ် သေဆုံးသွားနိုင်သည်။

“ဒါပေမဲ့ အခု ငါ့မှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး”

ပြတ်သားသော ကြိုးစားအားထုတ်မှုနှင့်အတူ ဝူယီဖန်သည် ကျောက်နီ အင်မော်တယ်ဧကရာဇ်၏ လျှို့ဝှက်ချက် အားလုံးကို ဖော်ထုတ်လိုက်သည်။

ဝူယီဖန်သည် ကျောက်နီ အင်မော်တယ်ဧကရာဇ်၏ ရတနာသိုက်ထဲမှ အင်မော်တယ်အရှင်မြတ်အဆင့်ရှိ အဆောင် သုံးခုကို ဆင့်ခေါ်၍ သူ့ရှေ့တွင် ကာကွယ်ထားလိုက်၏။ ထို့နောက် သူသည် အင်မော်တယ်ဧကရာဇ် ကနဦးအဆင့်ရှိသော နောက်ဆုံး အဆောင်တစ်ခုကို ဆင့်ခေါ်လိုက်သည်။

ဝူယီဖန်သည် ဤအရာအားလုံးကို ပြုလုပ်ပြီးသည်နှင့် ရွှယ်ယွမ်၏ အစွမ်းကုန် တိုက်ခိုက်မှုသည် အင်မော်တယ်အရှင်မြတ် အဆောင်များရှေ့သို့ ရောက်ရှိလာသည်။

သံသယဖြစ်စရာပင် မလိုချေ။ အင်မော်တယ်အရှင်မြတ်အဆင့်ရှိ အဆောင် သုံးခုစလုံးသည် ရွှယ်ယွမ်၏ အစွမ်းကုန် တိုက်ခိုက်မှုကို မခံနိုင်ဘဲ စက္ကန့် အနည်းငယ်အတွင်းမှာပင် အက်ကွဲ ပျက်စီးသွားကြသည်။

သို့သော်လည်း ၎င်းသည် သူ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ကာကွယ်နိုင်ခဲ့သေးသဖြင့် ၊ အင်မော်တယ်ဧကရာဇ် အဆောင်အတွက် အသုံးဝင်ခဲ့ပေသည်။

အင်မော်တယ်ဧကရာဇ် ကနဦးအဆင့်ရှိ အဆောင်နှင့် ထိတွေ့သွားသည့် အခိုက်အတန့်တွင် ၊ ရွှယ်ယွမ်၏ အစွမ်းကုန် တိုက်ခိုက်မှု အရှိန်သည် ပျောက်ကွယ်လုနီးပါး တဖြည်းဖြည်း အားနည်းသွားခဲ့သည်။

သို့သော်လည်း ထိုအခိုက်မှာပင် ရွှယ်ယွမ်သည် သူ၏ စွမ်းအားကို နောက်တစ်ကြိမ် ထပ်မံ ထုတ်ဖော်လိုက်ပြီး ၊ အင်မော်တယ်ဧကရာဇ် ကနဦးအဆင့်ရှိ အဆောင်၏ စွမ်းအားကို ဖျက်ဆီးရန်ကြိုးပမ်းလိုက်သည်။

“ဒုက္ခပဲ”

ဝူယီဖန်မှာ စိတ်ထဲမှ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသော်လည်း ၊ သူ၏ အရှိန်ကို မလျှော့ချဘဲ နတ်သင်္ချိုင်းတောင်ကြား၏ ထွက်ပေါက်ဆီသို့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။

ဝူယီဖန်သည် နတ်သင်္ချိုင်းတောင်ကြား၏ ထွက်ပေါက်ဆီသို့ ရောက်ရှိသွားချိန်မှာပင် ၊ ရွှယ်ယွမ်၏ အစွမ်းကုန် တိုက်ခိုက်မှုသည် အင်မော်တယ်ဧကရာဇ် ကနဦးအဆင့်ရှိ အဆောင်၏ တိုက်ခိုက်မှုကို အပြီးသတ် အနိုင်ယူသွားနိုင်ခဲ့၏။

အဆောင်၏ စွမ်းအားများသည် လုံးဝ ကုန်ဆုံးသွားခဲ့ပြီး ၊ ရွှယ်ယွမ်၏ အစွမ်းကုန် တိုက်ခိုက်မှုမှာလည်း စွမ်းအင် အနည်းငယ်သာ ကျန်ရှိတော့သည်။

၎င်းသည် ဝူယီဖန်ပေါ်သို့ ကျရောက်သွားချိန်၌ ၊ ဝူယီဖန်ကို တိုက်ရိုက် သေဆုံးမသွားစေဘဲ ပြင်းထန်စွာ ဒဏ်ရာရစေရုံသာ ဖြစ်စေကာ နတ်သင်္ချိုင်းတောင်ကြား၏ နယ်မြေအပြင်ဘက်သို့ လွင့်ထွက်သွားစေခဲ့သည်။

“မဖြစ်ဘူး... ဝူယီဖန်”

ဝူယီဖန်သည် နတ်သင်္ချိုင်းတောင်ကြားမှ ထွက်ခွာသွားသည်ကို မြင်လိုက်ရချိန်တွင် ရွှယ်ယွမ်မှာ အကြီးအကျယ် ဒေါသထွက်သွားပြီး သွေးတစ်ပွက် အန်ချလိုက်လေသည်။

သူသည် သွေးဝိညာဉ်ဂိုဏ်း၏ ရွေးချယ်ခံရသူ ဖြစ်ပြီး နှစ်တစ်သိန်း မပြည့်မီမှာပင် အင်မော်တယ်အရှင်မြတ် တစ်ပါး ဖြစ်လာခဲ့သူ ဖြစ်၏။ ငယ်စဉ်ကတည်းက သူသည် တစ်ကြိမ်တစ်ခါမျှ အရှုံးနှင့် မရင်ဆိုင်ခဲ့ဖူးချေ။

ယခင်က သွေးဝိညာဉ်ဂိုဏ်းနှင့် အထက်ဘုံတို့၏ တိုက်ပွဲတွင်ပင် သူသည် အခြေအနေကို အလွယ်တကူ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။

သို့သော်လည်း ယခုတွင်မူ လူသားအင်မော်တယ် တစ်ယောက်ကိုမျှ အနိုင်မယူနိုင်သည့်အပြင် ဒဏ်ရာ အနည်းငယ်ပင် ရရှိခဲ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ဤအရာကို ရွှယ်ယွမ်အနေဖြင့် မည်သို့ သည်းခံနိုင်မည်နည်း။

ဒေါသတကြီးဖြင့် ရှေ့သို့ ပြေးထွက်ကာ ဝူယီဖန်ကို သတ်ဖြတ်ပစ်ချင်သော်လည်း ၊ နတ်သင်္ချိုင်းတောင်ကြား၏ အစွန်းတွင် ရောက်ရှိနေသောကြောင့် သူ့ကို မျက်စိဖြင့် မမြင်နိုင်သော အတားအဆီး တစ်ခုက ပိတ်ဆို့ထားခဲ့သည်။

သူ၏ တိုက်ခိုက်မှု ခံလိုက်ရပြီးနောက် ဝူယီဖန်သည် သေဆုံးသွားလိမ့်မည်ဟု မျှော်လင့်ရုံမှတပါး အခြားမရှိတော့ချေ။ သို့သော်လည်း ထိုသို့ဖြစ်လာမည် မဟုတ်ကြောင်း သေချာပေသည်။

ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း ဝူယီဖန်မှာ သတိလည်နေဆဲပင် ဖြစ်သည်။ ရွှမ်ထျန်းကမ္ဘာ၏ အငွေ့အသက်ကို အာရုံခံမိပြီးနောက် ဝူယီဖန်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။

သို့သော်လည်း ထို့နောက် သူသည် တစ်စုံတစ်ခုကို အလျင်အမြန် သတိရသွားကာ နတ်သင်္ချိုင်းတောင်ကြားဆီသို့ လှည့်ကြည့်လိုက်သည်။

ရွှယ်ယွမ် ထွက်မလာသည်ကို မြင်ပြီးမှသာလျှင် မြေပြင်ပေါ်သို့ လဲကျသွားကာ အမောတကော အသက်ရှူနေတော့သည်။

ကျောက်နီ အင်မော်တယ်ဧကရာဇ်၏ အမွေအနှစ်ကို ရရှိကတည်းက သူသည် အဆက်မပြတ် စိတ်ဖိစီးမှုအောက်တွင် ရှိနေခဲ့ပြီး ယခုမှသာ ကောင်းကောင်း အသက်ရှူနိုင်တော့၏။

သို့သော်လည်း ဝူယီဖန်သည် အချိန်ကြာကြီး ငြိမ်သက်မနေနိုင်ခဲ့ချေ။ တစ်စုံတစ်ခုကို အလျင်အမြန် သတိပြုမိသွားပြီး သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။

“ဒုက္ခပဲ”

ဝူယီဖန်သည် ခေါင်းမော့ကြည့်လိုက်သည့် အခိုက်အတန့်မှာပင် မိုးကြိုးကပ်ဘေး တစ်ခုက အရှိန်အဟုန်ဖြင့် ကျဆင်းလာ၏။ ရွှမ်ထျန်းကမ္ဘာ၏ ကောင်းကင်တာအိုက ဝူယီဖန်ကို ငြင်းပယ်လိုက်ပြီး အထက်ဘုံသို့ စေလွှတ်ချင်နေခြင်း ဖြစ်သည်။

ဝူယီဖန်သည် သူ့လက်ကို ဆန့်ထုတ်ကာ မိုးကြိုးကပ်ဘေး၏ တိုက်ခိုက်မှုကို တိုက်ရိုက် ပိတ်ဆို့ ကာကွယ်လိုက်သော်လည်း ၊ ၎င်းက ဝူယီဖန်၏ ပြင်းထန်နေပြီဖြစ်သော ဒဏ်ရာကို ပို၍ ဆိုးရွားသွားစေပြီး သွေးများ အန်ထွက်လာခဲ့သည်။

သို့သော် ဝူယီဖန်သည် အရှုံးမပေးခဲ့ချေ။ သူသည် မတ်တတ်ထရပ်ကာ မိုးကြိုးကပ်ဘေးကို မော့ကြည့်ရင်း ဟိန်းဟောက်လိုက်၏။

“ငါက ဝူယီဖန်ကွ... သာမန် မိုးကြိုးကပ်ဘေးလောက်က ငါ့ကို ဘာလုပ်နိုင်မှာလဲ”

ထိုသို့ ပြောပြီးနောက် မိုးကြိုးကပ်ဘေးကို ဂရုမစိုက်ဘဲ ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ဝူမိသားစုအတွင်း၌ ဝူဟောက်သည် ရုတ်တရက် မျက်လုံးများ ဖွင့်လာခဲ့ပြီး ၊ သူ၏ အမူအရာမှာ တည်ကြည်လေးနက်နေ၏။ နောက်ထပ် တွေးတောမနေတော့ဘဲ သူသည် လင်းဇီရှင်း၊ ဝူတုံတို့နှင့်အတူ ဝူမိသားစုထဲမှ ချက်ချင်း ထွက်ခွာခဲ့သည်။

ဝူဟောက်သည် ရုတ်တရက် သူတို့ကို ခေါ်ထုတ်လာသဖြင့် လင်းဇီရှင်းနှင့် ဝူတုံတို့ နှစ်ယောက်စလုံးမှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားကြသော်လည်း ၊ ပြန်မေးခွန်းမထုတ်ခဲ့ချေ။

သူတို့၏ အမြင်တွင်၊ ဝူဟောက်အနေဖြင့် ဤသို့ ပြုလုပ်ရခြင်းမှာ သူ့အကြောင်းနှင့်သူ ရှိမည် ဟု ယုံကြည်ထားသည်။

သူတို့အနေဖြင့် မေးခွန်းထုတ်ရန် မလိုအပ်ဘဲ နောက်မှ လိုက်သွားရန်သာ လိုအပ်ကြောင်း ယုံကြည်ထားကြ၏။

မကြာမီမှာပင် ဝူဟောက်သည် သူတို့ကို ဝူယီဖန်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ဝူယီဖန်သည် ကပ်ဘေး ဖြတ်ကျော်နေသည်ကို မြင်လိုက်ရချိန်တွင် လင်းဇီရှင်းနှင့် ဝူတုံတို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။

“ ယီဖန်က ကပ်ဘေး ဖြတ်ကျော်နေတာလား ဘိုးဘေး... ယီဖန်က ဘာလုပ်‌နေတာလဲ”

လင်းဇီရှင်းသည် ဝူဟောက်ကို မယုံကြည်နိုင်သည့် အသံဖြင့် မေးလိုက်ပြီး သူ့ထံမှ အဖြေတစ်ခု ရရန် မျှော်လင့်နေသည်။

ဝူဟောက်သည် ခေါင်းညိတ်လိုက်ပြီး လင်းဇီရှင်း အလိုရှိသော အဖြေကို ပေးလိုက်၏။

“မှန်တယ်... ယီဖန်က အထက်ဘုံဆီ တက်လှမ်းတော့မယ်... ဒါက သူ့ရဲ့ တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးပဲ... ယီဖန်ကို ရွှမ်ထျန်းကမ္ဘာမှာ အချိန်နည်းနည်းလောက် ပိုနေလို့ရအောင် ငါ ကြားဝင်ပေးထားမယ်.. မင်းတို့ ပြောစရာ ရှိတာတွေကိ ယီဖန်ဆီ တိုက်ရိုက် ပြောလို့ရတယ်”

ဝူဟောက်၏ ကျင့်ကြံမှုအဆင့်ဖြင့် ဝူယီဖန်ကို ရွှမ်ထျန်းကမ္ဘာတွင် ဆက်ထားရန်မှာ မခက်ခဲသော်လည်း ထိုအရာက ဝူယီဖန်အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုသာ ဖြစ်စေလိမ့်မည်။

ထို့ကြောင့် ဝူယီဖန်ကို အထက်ဘုံသို့ စေလွှတ်လိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ ဝူယီဖန်အနေဖြင့် ပို၍ ကြီးမားသော အခွင့်အရေးကို ရရှိနိုင်ပြီး ထိုးဖောက် ဝင်ရောက်နိုင်မှုကလည်း ယခုထက် ပို၍ မြန်ဆန်လာနိုင်ပေသည်။

ဝူဟောက်၏ စကားကို ကြားသောအခါ လင်းဇီရှင်းနှင့် ဝူတုံတို့ နှစ်ယောက်စလုံးသည် ခေါင်းညိတ်လိုက်ကြပြီး ၊ ဝူယီဖန်အား ဘာတွေ ပြောရမည်ကို တွေးတောနေကြ၏။

တစ်ချိန်တည်းမှာပင် အတားအဆီးဖြင့် ပိတ်ဆို့ခံထားရသည့် နတ်သင်္ချိုင်းတောင်ကြား၏ အနောက်ဘက်တွင် ရွှယ်ယွမ်သည် ဝူယီဖန်ကို လှမ်းပြီး မြင်တွေ့နေရသည်။

ဝူယီဖန်သည် ကပ်ဘေး ဖြတ်ကျော်နေသည်ကို မြင်ပြီးနောက် ရွှယ်ယွမ်မှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွား၏။ ဝူယီဖန်သည် သူ့ကြောင့် ဒဏ်ရာအပြင်းအထန်ရထားပြီး ဖြစ်ရာ ဤသို့ ကပ်ဘေး ဖြတ်ကျော်နေခြင်းက သေမင်းတံခါးဝသို့ ရောက်နေသည်ဟု ဆိုလိုခြင်းပင် မဟုတ်လော။

သို့သော်လည်း ဝူယီဖန်မှာ မိုးကြိုးကပ်ဘေးကြောင့် သေဆုံးမသွားသည့်အပြင် ကပ်ဘေး ဖြတ်ကျော်နေစဉ်အတွင်း ပို၍ပင် စွမ်းအား ကြီးမားလာသည်ကို မြင်လိုက်ရချိန်တွင် သူ၏ မျှော်လင့်နေသော အမူအရာသည် ရက်စက်ကြမ်းကြုတ်သော အမူအရာအဖြစ် ပြောင်းလဲသွားတော့သည်။

မကြာမီမှာပင် မိုးကြိုးကပ်ဘေးအောက်၌ ဝူယီဖန်၏ ကပ်ဘေး ဖြတ်ကျော်မှုသည် အောင်မြင်စွာ ပြီးဆုံးသွားပြီး၊ သူ၏ ကျင့်ကြံမှုနယ်ပယ်သည် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်တွင် တည်ငြိမ်သွားလေတော့သည်။

All Chapters