အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
အခန်း ၁၃၃ - ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းတဲ့ အကြည့်လဲ
နောက်တစ်စက္ကန့်တွင် ရွှယ်ယွမ်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး မဝေးလှသော နေရာရှိ ဝူဟောက်ကို လှမ်းကြည့်လိုက်သည်။
ရွှယ်ယွမ်သည် ဝူဟောက်ကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် သူ၏ နှလုံးသားသည် ထိန်းမနိုင်သိမ်းမရ တုန်ခါသွား၏။
အကြောင်းရင်းကို မသိနိုင်သော်လည်း သူသည် ဝေးလှသော နေရာရှိ ဝူဟောက်ထံမှ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အောက်ဘုံမှာ ဒီလောက်ထိ စွမ်းအားကြီးတဲ့ စွမ်းအားရှင်တစ်ယောက် ရှိနေတာလား... ဒီပုဂ္ဂိုလ်က အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့် ဒါမှမဟုတ် နတ်ဘုရားတစ်ပိုင်းအဆင့်တောင် ရောက်နေလောက်တယ် မဟုတ်ဘူးလား”
ရွှယ်ယွမ်သည် အလွန်တရာ ထိတ်လန့်သွားပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူသည် အထိတ်တလန့်ဖြင့် ထိုနေရာမှ အမြန် ထွက်ခွာလာခဲ့သည်။
အကယ်၍ သူသည် နေရာတွင် ဆက်နေဦးမည်ဆိုပါက ၊ ဝူဟောက်သည် သူ့ကို တိုက်ခိုက်လာနိုင်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကို ထည့်မဆိုခင် ၊ သူ့အနေဖြင့် အင်မော်တယ်ဧကရာဇ်ကိုပင် အနိုင်ယူနိုင်စွမ်း မရှိချေ။
ထွက်ပြေးသွားသော ရွှယ်ယွမ်ကို ကြည့်ရင်း ဝူဟောက်၏ မျက်နှာထက်တွင် မည်သည့် အမူအရာမျှ မရှိသော်လည်း စိတ်ထဲတွင်မူ အနည်းငယ် ထိတ်လန့်နေမိသည်။ လက်ရှိအချိန်တွင် သူသည် အင်မော်တယ်အရှင်မြတ်အဆင့်အောက် နိမ့်ကျသော အားနည်းသူများကိုသာ အနိုင်ယူနိုင်စွမ်း ရှိ၏။ အကယ်၍ ရွှယ်ယွမ်နှင့်သာ ရင်ဆိုင်ရမည်ဆိုပါက ၊ လတ်တလောတွင် သူသည် သေချာပေါက် ယှဉ်နိုင်မည် မဟုတ်ချေ။
“ဒါပေမဲ့ လက်ရှိ အခြေအနေအရ ၊ သွေးဝိညာဉ်ဂိုဏ်းက နတ်သင်္ချိုင်းတောင်ကြားထဲမှာ ပိတ်လှောင်ခံထားရပြီး အင်မော်တယ်ဧကရာဇ်အဆင့်ရှိ စွမ်းအားရှင်တွေတောင် ထွက်လာလို့ မရနိုင်ဘူး... သေချာတာက သူတို့ကိုယ်တိုင် မထွက်လာချင်တာလည်း ဖြစ်နိုင်တယ်”
“သူတို့ အခု ချက်ချင်း ထွက်မလာတာက ငါ့အတွက် သတင်းကောင်းပဲ... နောက်ထပ် နှစ်ငါးရာလောက် အချိန်ပေးလိုက်ရင်... အဲ့အချိန်ကြ သူတို့တွေ ထွက်လာနိုင်လောက်တယ် “
ဝူဟောက်သည် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ရာ ၊ ဝူတုံသည် ထိုမြင်ကွင်းကြောင့် သိချင်သွားသည်။
“ဘိုးဘေးကြီး... ဘာတွေ လုပ်နေတာလဲ”
“ဘာမှ မဖြစ်ပါဘူး... စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာ တစ်ချို့ကို တွေးမိသွားလို့ပါ... ကဲ... မင်းရဲ့ ဖခင်က ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဆိုတော့ မင်းတို့ နှစ်ယောက် သူနဲ့ စကားပြောလို့ ရပြီ”
စကားပြောပြီးနောက် ဝူဟောက်သည် ကောင်းကင်ယံရှိ ဝူယီဖန်ကို မော့ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ဝူယီဖန်သည် တောက်ပသော အလင်းရောင်များဖြင့် လွှမ်းခြုံခံထားရပြီး အထက်ဘုံဆီသို့ တက်လှမ်းရန် ရွေ့လျားနေလေသည်။
နောက်တစ်စက္ကန့်တွင် ဝူဟောက်သည် လှုပ်ရှားလိုက်၏။
ဝူဟောက်သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ၊ ဝူယီဖန်နှင့် ကောင်းကင်တာအိုတို့၏ ဆက်သွယ်မှုကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်သည်။ကောင်းကင်တာအိုသည် ဝူယီဖန်ကို အာရုံမခံနိုင်တော့သဖြင့် ၊ ၎င်းအား အထက်ဘုံသို့ စေလွှတ်မည့်လုပ်ငန်းစဉ်ကို ရပ်တန့်လိုက်ရတော့သည်။
ဝူယီဖန်သည် မူလက ဇနီးနှင့် သားဖြစ်သူကို နှုတ်ဆက်ခွင့် မရလိုက်သဖြင့် ဝမ်းနည်းနေခဲ့သော်လည်း တွန်းကန်အားများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီးနောက် ၊ အလွန်အမင်း ဝမ်းမြောက်သွားသည်။
ထို့နောက် သူသည် မဝေးလှသော နေရာတွင် ရှိနေသည့် ဝူဟောက်၊ ဇနီးနှင့် သားဖြစ်သူတို့ကို မြင်လိုက်ရသည်။ ဤအခိုက်အတန့်တွင် သူ့ကို ကယ်တင်ခဲ့သူမှာ ဘိုးဘေးကြီး ဖြစ်ကြောင်း ဝူယီဖန် သိလိုက်သည်။
“ဘိုးဘေး ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဝူယီဖန်သည် တည်ကြည်လေးနက်သော အမူအရာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဝူဟောက်သည် သူ၏ လက်ကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်ရုံသာ ပြုလိုက်၏။
“မင်းရဲ့ ဇနီးနဲ့ သားကို နှုတ်ဆက်လိုက်ပါဦး... ငါ့ရဲ့ စွမ်းအားက တစ်ရက်အတွင်း ပျောက်ကွယ်သွားလိမ့်မယ်... တစ်ရက်ကြာရင်တော့ အထက်ဘုံကို တက်လှမ်းခြင်း ဆက်လက် ပြုလုပ်ရလိမ့်မယ်”
ဝူဟောက်၏ စကားကို ကြားသောအခါ ဝူယီဖန်မှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လေးလံစွာ ခေါင်းညိတ်လိုက်သည်။
ဝူဟောက်သည် ကျန်ရှိသော အချိန်များတွင် ဝင်မပါတော့ဘဲ အရာအားလုံးကို ဝူယီဖန်နှင့် သူတို့ နှစ်ယောက်အတွက် ချန်ထားရစ်ပေးခဲ့၏။
မကြာမီမှာပင် တစ်ရက်တာ အချိန် ကုန်ဆုံးလုနီးပါး ဖြစ်လာသည်။ မထွက်ခွာမီ ဝူယီဖန်သည် မိသားစု စကားပြောချက်ထဲတွင် သူသည် လူသားအင်မော်တယ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် အထက်ဘုံသို့ တက်လှမ်းတော့မည် ဖြစ်ကြောင်း အတိုချုံး မက်ဆေ့ချ် ပို့လိုက်သည်။
ဝူရူလုံ။ ။ တကယ်ကြီးလား... ငါတို့ ဝူမိသားစုထဲက တစ်ယောက်ယောက်က လူသားအင်မော်တယ်အဆင့်ကို ဒီလောက် မြန်မြန် ထိုးဖောက်ဝင်ရောက်နိုင်သွားပြီလား
ဝူချန်ခွန်း။ ။ အဖေ... အဖိုးကို မေ့နေတာလား
ဝူရူလုံ။ ။ မင်း ဘာတွေ ပြောနေတာလဲ... မင်းရဲ့ ဘိုးဘေးကြီးက ငါတို့ ဝူမိသားစုကို တည်ထောင်ခဲ့တဲ့သူပဲ... သေချာပေါက် သူ့ကို ထည့်တွက်လို့ မရဘူးလေ
ဝူယိတောက်။ ။ သားတော်ယီဖန် အထက်ဘုံဆီ တက်လှမ်းခြင်းအတွက် ဂုဏ်ယူပါတယ်
ဝူလီ။ ။ သားတော် ယီဖန် အထက်ဘုံဆီ တက်လှမ်းခြင်းအတွက် ဂုဏ်ယူပါတယ်
ဝူရှန်းနီ ဝူမိုဝူ။ ။ သားတော် ယီဖန် အထက်ဘုံဆီ တက်လှမ်းခြင်းအတွက် ဂုဏ်ယူပါတယ်
…
မိသားစု စကားပြောချက်ထဲတွင် ဝူယီဖန် တက်လှမ်းခြင်း ပြုလုပ်တော့မည်ကို သိရှိပြီးနောက် အားလုံးက ရိုးသားစွာ ကောင်းချီးပေးခဲ့ကြပြီး သားတော် ယီဖန်အား အထက်ဘုံ၌ သတိထားရန် အကြံပြုခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ထျန်းဝူတောင်အတွင်း၌ ဝူယိတောက်သည် သူ၏ ဖုန်းကို ချလိုက်ပြီး ၊ သူ၏ အမူအရာမှာ အလွန်တရာ တည်ကြည်လေးနက်နေ၏။
“သားတော် ယီဖန်က ဒီလောက် မြန်မြန် လူသားအင်မော်တယ်အဆင့်ကို ရောက်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... တက်လှမ်းတော့မယ်တဲ့လား... ဒါပေမဲ့ သူက မဟာဧကရာဇ်အဆင့်ကို ထိုးဖောက်ဝင်ရောက်ခဲ့တယ် ဆိုပေမယ့် ရွှမ်ထျန်းကမ္ဘာရဲ့ ဧကရာဇ်တာအို ဥပဒေသတွေက ပြန်လည် နိုးထလာတာမျိုး မရှိဘူး၊ ကြည့်ရတာ.. သူ က ရွှမ်ထျန်းကမ္ဘာမှာ ထိုးဖောက်ခဲ့တာ မဖြစ်နိုင်ဘူး”
ထိုစကားများ ပြောပြီးနောက် ၊ ဝူယိတောက်သည် ကျင့်ကြံခြင်းထဲသို့ ထပ်မံ နစ်ဝင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ချီအငွေ့အသက်က သူ အာဏာရှင် အထွတ်အထိပ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေလေသည်။
ဝူလီ၏ အမူအရာကလည်း ထိုနည်းတူစွာ တည်ကြည်လေးနက်နေ၏။ အဆုံးတွင် သူသည် သူ၏ ဝိညာဉ်အမြစ်ကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်နိုင်ခဲ့ပြီး သူ့ညီအစ်ကိုနှင့် ကွာခြားချက်ကို အမီလိုက်နိုင်ခဲ့သည်။ သို့သော် ဝူယီဖန်သည် ဤမျှ မြန်မြန် တက်လှမ်းခြင်း ပြုလုပ်တော့မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
“ငါ ထပ်ပြီး ကြိုးစားဖို့ လိုနေသေးပုံပဲ... အရင်ဆုံး သူတော်စင်နယ်ပယ်ကို ထိုးဖောက်ဝင်ရောက်ရမယ်”
“ဘာ... ဒီလောက် မြန်တာလား... အဲ့တာက အရင်တုန်းက ပါရမီရှင်ဖြစ်တဲ့ ငါ့ထက်တောင် အများကြီး ပိုမြန်နေသေးတယ်”
မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် ဝူရှန်းနီမှာလည်း ထိတ်လန့်သွားပြီး ချက်ချင်း မတ်တတ်ထရပ်လိုက်၏။ သို့သော်လည်း သူ၏ စကားက ဝူမိုဝူကို သံသယ ဝင်သွားစေသည်။
“ဘာ အရင်တုန်းကလဲ”
ဝူရှန်းနီသည် သူ၏ အတိတ်ဘဝကို ထုတ်ဖော်ပြောဆိုမိလုနီးပါး ဖြစ်သွားကြောင်း သတိပြုမိသွားပြီး ချောင်းဟန့်ကာ ပြောလိုက်သည်။
“ငါ ဆိုလိုတာက... သူက ငါ့ထက် အများကြီး ပိုပြီး ပါရမီရှင် ဆန်တယ်လို့ ပြောတာပါ... မူလက အသက် နှစ်ရာ မပြည့်ခင် ငါ တက်လှမ်းခြင်း ပြုလုပ်နိုင်မယ်လို့ ထင်ထားခဲ့တာ... ဒါပေမဲ့ သားတော် ယီဖန်က ဒီလောက် မြန်မြန် တက်လှမ်းနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး”
“ဟွန့်... အဲ့တာက ဘာမှ မဟုတ်ပါဘူး... အသက် တစ်ရာ့ငါးဆယ်အရွယ်မှာ တက်လှမ်းခြင်း ဆိုတာ ဘယ်လိုမျိုးလဲ မင်းကို ငါ ပြမယ်”
ဝူမိုဝူသည် တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သော်လည်း ၊ ဝူရှန်းနီ၏ ဖြတ်ပြောခြင်းကို ခံလိုက်ရ၏။
ဝူရှန်းနီသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထပ်မံ အလေးပေး ပြောလိုက်သည်။
“ငါ ထပ်ပြောမယ်... ငါက အစ်ကို၊ မင်းက ညီမ... မင်းက အသက် တစ်ရာ့ငါးဆယ် မပြည့်ခင် တက်လှမ်းနိုင်ရင် ငါက အသက် တစ်ရာမှာတင် တက်လှမ်းနိုင်တယ်”
“ဒါဆို ငါက အသက် ကိုးဆယ်ပေါ့”
“ငါက အသက် ရှစ်ဆယ်”
နှစ်ယောက်သား တစ်ခွန်းမကျန် ပြန်လည် ငြင်းခုံကြပြန်လေတော့သည်။
သူတို့၏ ငြင်းခုံမှု ပြီးဆုံးသွားသောအခါ နှစ်ယောက်စလုံး နောက်တစ်ဖန် တိတ်ဆိတ်သွားကြ၏။ ယခု သူတို့ နှစ်ယောက်စလုံးသည် သူတော်စင် အထွတ်အထိပ်အဆင့်၌ ရှိနေကြပြီး ၊ ရွှမ်ထျန်းကမ္ဘာ၏ ဧကရာဇ်တာအို ဥပဒေသများ ပိတ်လှောင်ခံထားရသည်ကို သူတို့သည်လည်း အာရုံခံမိသည်။
တစ်ချိန်က အင်မော်တယ်ဧကရာဇ်များ ဖြစ်ခဲ့ကြသော သူတို့သည် ယခင်က အတွေ့အကြုံများအရ ၊ ဧကရာဇ်တာအို ဥပဒေသများ၏ တံဆိပ်ကို ချိုးဖျက်ရန် နည်းလမ်းများကို သဘာဝကျကျ ရှာဖွေနိုင်ကြသည်။
သို့သော်လည်း တံဆိပ်၏ ထိရောက်မှုကိုမူ ၊ သူတို့လည်း သေချာ မသိကြပေ။ ရွှမ်ထျန်းကမ္ဘာ၏ ဧကရာဇ်တာအို ဥပဒေသများကို ချမှတ်ခဲ့သော စွမ်းအားရှင်သည် ယခုထိတိုင် ရှိနေသေးသလော။
အကယ်၍ သူတို့သည် ရွှမ်ထျန်းကမ္ဘာ၏ တံဆိပ်ကို ဖွင့်လိုက်ပါက အနည်းဆုံး အင်မော်တယ်ဘုရင် တစ်ပါးနှင့် ရင်ဆိုင်ရနိုင်သည်။
ယခင်ဘဝက အထွတ်အထိပ် ကာလအတွင်း ရှိခဲ့စဉ်က ၊ အင်မော်တယ်ဘုရင်သည် သူတို့အတွက် ပြိုင်ဘက် မဟုတ်ခဲ့ချေ။ အင်မော်တယ်ဘုရင်သည် သူတို့၏ ကျွန်အဖြစ် ခံယူရန် အရည်အချင်းပင် မရှိသည်ဟု ပြောလျှင်ပင် ၊ ဤသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
သို့သော်လည်း လူတိုင်းတွင် သူတို့၏ အထွတ်အထိပ် ကာလကိုယ်စီ ရှိခဲ့ကြပြီး ၊ ယခု ကျဆင်းသွားပြီ ဖြစ်ရာ အတိတ်ကို ပြန်လည် ယူဆောင်လာ၍ မရနိုင်တော့ချေ။
“ဒါပေမဲ့ သားတော် ယီဖန်က ရွှမ်ထျန်းကမ္ဘာရဲ့ ဧကရာဇ်တာအို ဥပဒေသတွေကို ပြန်လည် မနိုးထစေဘဲ လူသားအင်မော်တယ် တစ်ပါး ဖြစ်လာနိုင်မှတော့... ငါလည်း သူ လုပ်သလို လိုက်လုပ်လို့ ရလောက်တယ်”
ဝူရှန်းနီနှင့် ဝူမိုဝူတို့မှာ စိတ်ထဲတွင် လျှို့ဝှက်စွာ တွေးတောလိုက်ကြ၏။ သို့သော်လည်း ၊ သူသည် မည်သည့်နေရာတွင် လူသားအင်မော်တယ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း မက်ဆေ့ချ်ပို့၍ မေးမြန်းရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝူယီဖန်သည် မက်ဆေ့ချ်များကို လက်ခံရရှိနိုင်ခြင်း မရှိတော့ချေ။
သူ၏ ဖုန်းကို သိမ်းဆည်းလိုက်ပြီးနောက် ဝူယီဖန်သည် လှည့်ကာ တက်လှမ်းခြင်းကို ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။
မထွက်ခွာမီ ၊ ဝူယီဖန်သည် လင်းဇီရှင်းနှင့် ဝူတုံတို့ကို ကြည့်၍ လေးနက်စွာဖြင့် ကတိပေးစကား ဆိုလိုက်၏။
“ငါ့ကို စောင့်နေပါ... နှစ်တစ်သောင်းအတွင်း လျှိုထျန်းရွှေအင်မော်တယ်အဆင့် ရောက်အောင် ကျင့်ကြံပြီး အထက်ဘုံဆီ တက်လှမ်းဖို့ မင်းတို့ကို လာခေါ်မယ်လို့ ငါ ကတိပေးတယ်”
ဝူယီဖန်သည် လူသားအင်မော်တယ်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း၊ နောက်ပိုင်းနယ်ပယ်များကို ကျင့်ကြံ၍ တိုးတက်ရန်မှာ ပို၍ ခက်ခဲလာလေသည်။ သက်တမ်း တိုးလာသည်နှင့်အမျှ ၊ ထိုးဖောက်ဝင်ရောက်နိုင်မှု အခက်အခဲမှာလည်း သဘာဝကျကျပင် မြင့်တက်လာခဲ့သည်။
အခန်း ၁၃၄ - မင်းကို တာဝန်တစ်ခု ပေးမယ်၊ အလွန်အမင်း ထိတ်လန့်သွားသော ရွှယ်ယွမ်
လင်းဇီရှင်းသည် သဘောတူသည့်အနေဖြင့် ခေါင်းကို လေးလံစွာ ညိတ်ပြလိုက်ပြီး ဝူတုံကလည်း တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“အဖေ... ကျွန်တော့်ကို နှစ်ကာလ နှစ်ရာလောက် အချိန်ပေး... အထက်ဘုံကို တက်လှမ်းပြီး အဖေ့ကို လာရှာမယ်”
“ကောင်းပြီ... မင်း လုပ်နိုင်မယ်ဆိုတာ ငါ ယုံတယ်”
ဝူယီဖန်သည် ပြုံးလိုက်ပြီး ဝူတုံ၏ ပခုံးကို ပုတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် သူ့ထက် ပါရမီမြင့်မားသော ဝူတုံ၏ အရည်အချင်းကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။
အကယ်၍ သူသည် ကံကောင်းသော အခွင့်အရေးအချို့ကို မရရှိခဲ့လျှင်ဖြင့် ၊ လူသားအင်မော်တယ်အဆင့်သို့ ဤမျှမြန်မြန် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့မည် မဟုတ်ပေ။
ဇနီးနှင့် သားဖြစ်သူတို့ကို နှုတ်ဆက်စကား ပြောကြားပြီးနောက် ဝူယီဖန်သည် ဝူချန်ခွန်း၊ ဝူရူလုံနှင့် ဝူဟောက်တို့ထံ ချဉ်းကပ်သွားခဲ့သည်။
ဝူယီဖန်သည် တက်လှမ်းခြင်း ပြုလုပ်နိုင်သည့် ပထမဆုံးသော ဝူမိသားစုဝင် ဖြစ်လာသောကြောင့် ဝူမိသားစု တစ်ခုလုံးအတွက် ဤကိစ္စသည် အလွန် အရေးပါသော အရာဟု
သတ်မှတ်ထားသည်။
လေ့ကျင့်ရေးဆင်းနေပြီး ခေတ္တမျှ ပြန်မလာနိုင်သေးသော မိသားစုဝင်များမှလွဲ၍ ဝူမိသားစုရှိ လူတိုင်းသည် ဝူယီဖန်၏ တက်လှမ်းခြင်းကို စောင့်ကြည့်ရန် စုရုံးနေကြသည်ဟု ဆိုနိုင်ပေသည်။
“အဖေ... အဖိုး... ကျွန်တော် မရှိတော့ဘူး ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ”
ဝူယီဖန်သည် ဝူရူလုံနှင့် အခြားသူများကို တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ သို့သော်လည်း ဝူဟောက်သည် ဝူယီဖန်၏ စကားထဲတွင် တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားမိသဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သို့သော်လည်း ယခုအချိန်၌ ထိုအရာအတွက် စိုးရိမ်ပူပန်နေရန် အချိန်မရှိပေ။ ဝူယီဖန်သည် မကြာမီအချိန်အတွင်း ရွှမ်ထျန်းကမ္ဘာသို့ ပြန်လာနိုင်မည် မဟုတ်ချေ။ လက်ရှိ တိုးတက်မှု အခြေအနေအရ ၊ ဝူယိတောက်သည် ရွှမ်ထျန်းကမ္ဘာရှိ ဧကရာဇ်တာအို ဥပဒေသများ၏ စည်းတံဆိပ်ကို သိပ်မကြာခင်အတွင်း ဖျက်သိမ်းနိုင်ပေလိမ့်မည်။
ဝူတုံ နှင့် လင်းဇီရှင်းတို့၏ ပါရမီအရ ၊ သူတို့၏ တက်လှမ်းနိုင်မှုသည် ဝူယီဖန်ထက်ပင် ကျော်လွန်သွားဖွယ်ရာ ရှိသည်။
“ကောင်းပြီ... ငါတို့ နားလည်ပါတယ်... အထက်ဘုံမှာ ငါတို့ ဝူမိသားစုက လူတွေ တစ်ယောက် မရှိသေးဘူး... အဲ့နေရာကို ရောက်သွားတဲ့အခါ မင်း သတိထားရမယ်... ပြီးတော့ တစ်ခုခု မလုပ်ခင် သေချာ စီစဉ်ဖို့ မမေ့နဲ့”
ဝူချန်ခွန်း၏ စကားများတွင် သက်ကြီးရွယ်အို ဖခင်တစ်ဦး၏ စိုးရိမ်ပူပန်မှုများ ပါဝင်နေသဖြင့် ဝူယီဖန်၏ စိတ်နှလုံးသားသည် နက်ရှိုင်းစွာ ထိရှသွားသည်။
ဝူရူလုံနှင့် ပတ်သက်၍မူ ၊ ပြောစရာ သိပ်မရှိချေ။ ဝူယီဖန်ကို သတိထားရန် ပြောလိုက်ရုံဖြင့် အရာအားလုံး ပြီးပြည့်စုံသွားပြီ ဖြစ်၏။
ဝူဟောက်၏ အလှည့်သို့ ရောက်သောအခါ ၊ ဝူဟောက်သည် တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါ မင်းကို တာဝန်တစ်ခု ပေးမယ်”
“ဘိုးဘေး... ပြောပါ”
ဘိုးဘေးသည် သူ့အား တာဝန်တစ်ခု ပေးအပ်တော့မည်ကို ကြားပြီးနောက် ၊ ဝူယီဖန်သည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် မေးလိုက်၏။
ဝူဟောက်သည် တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
“ငါတို့ရဲ့ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းက ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးမှာ အကြီးဆုံး ကုန်သည်ကြီးများအသင်း ဖြစ်လာခဲ့ပြီ... ငါတို့ရဲ့ နောက်ထပ် အစီအစဉ်က အထက်ဘုံ တစ်ခုလုံးမှာ အကြီးဆုံး ကုန်သည်ကြီးများအသင်း ဖြစ်လာဖို့ပဲ... ဒါကြောင့် တက်လှမ်းခြင်း ပြုလုပ်ပြီးသွားရင် အထက်ဘုံမှာ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း တည်ထောင်ဖို့ မင်းကို စတင် ပြင်ဆင်စေချင်တယ်... ငါတို့ ဝူမိသားစုဝင်တွေ အထက်ဘုံကို ရောက်လာတဲ့အခါ မင်းကို ရှာဖို့ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းဆီ သွားလိမ့်မယ်... မင်း လုပ်နိုင်မလား”
“နားလည်ပါပြီ ဘိုးဘေး... အထက်ဘုံမှာ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းကို နာမည်ကျော်ကြားတဲ့ အသင်းကြီး တစ်ခု ဖြစ်လာအောင် ကျွန်တော် လုပ်ပေးပါ့မယ်”
ဝူယီဖန်သည် တစ်ခဏမျှသာ တိတ်ဆိတ်နေပြီးနောက် တုံ့ဆိုင်ခြင်းမရှိ သဘောတူလိုက်၏။
ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းသည် မည်သို့ လည်ပတ်သည်ကို ဝူယီဖန်အနေဖြင့် တော်တော်များများ လေ့လာထားပြီး ဖြစ်သည်။
အထက်ဘုံသို့ ရောက်ရှိပြီးနောက် ၊ သူသည် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းကို ဖန်တီးရန်မှာ အံ့သြစရာ မဟုတ်ချေ။ ထို့အပြင် သူသည် မဟာမြင့်မြတ်နယ်မြေကြီး ငါးခုကို ရှာဖွေပြီး သွေးဝိညာဉ်ဂိုဏ်းသည် ရွှမ်ထျန်းကမ္ဘာ၌ ရှိနေကြောင်းကို ပြောပြရန် လိုအပ်သေးသည်။
ကျောက်နီ အင်မော်တယ်ဧကရာဇ်မင်း၏ အမွေအနှစ်အရ ၊ မဟာမြင့်မြတ်နယ်မြေကြီး ငါးခုသည် သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးမပစ်နိုင်ခဲ့ခြင်းအတွက် ယခုထိတိုင် အငြိုးအတေးများ ကျန်ရှိနေသေးပြီး ၊ ယခုအချိန်က သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးပစ်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်၏။
ထိုအခိုက်အတန့်မှာပင် ကောင်းကင်ယံမှ အလင်းတန်း တစ်ခု ကျဆင်းလာပြီး ဝူယီဖန်ပေါ်သို့ တိုက်ရိုက် ကျရောက်လာခဲ့သည်။ နောက်တစ်စက္ကန့်တွင် ဝူယီဖန်သည် လူတိုင်း၏ ရှေ့မှောက်တွင် ပျောက်ကွယ်သွားပြီး အထက်ဘုံသို့ တက်လှမ်းသွားလေသည်။
“ကောင်းပြီ... အားလုံးပဲ အခု လူစုခွဲကြတော့... ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံဖို့ ကြိုးစားကြ... ပြီးတော့ သားတော် ယီဖန်ရဲ့နောက်ကို မြန်နိုင်သမျှ မြန်မြန် မီအောင် လိုက်ကြ”
ဝူရူလုံသည် ထိုနေရာတွင် ရှိနေသော ဝူမိသားစုဝင်များကို ပြောကြားလိုက်ပြီးနောက် ၊ ကျင့်ကြံရန် လှည့်ပြန်သွားခဲ့သည်။ သူသည် သူတော်စင်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ၊ အဓိပတိအဆင့် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့၏။
သူသည် အဓိပတိအဆင့်သို့ ရောက်ရှိလာမည့်နေ့သည် လီမျိုးနွယ် မင်းဆက် ကျဆုံးမည့် နေ့ ဖြစ်လာပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ၊ နတ်သင်္ချိုင်းတောင်ကြား၌ ရွှယ်ယွမ်သည် အထိတ်တလန့်ဖြင့် သွေးဝိညာဉ်ဂိုဏ်းဆီသို့ ပြန်လည် ထွက်ပြေးလာခဲ့ရာ သွေးဝိညာဉ်ဂိုဏ်း၏ အကြီးအကဲများသည်ပင် အံ့အားသင့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ရွှယ်ယွမ်သည် ဤမျှ ထိတ်လန့်နေသည်ကို သူတို့ ဘယ်သောအခါမှ မမြင်တွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။
သွေးဝိညာဉ်ဂိုဏ်းသို့ ပြန်ရောက်ရောက်ချင်း ၊ ရွှယ်ယွမ်သည် စကားတစ်ခွန်းမျှ မဆိုဘဲ သွေးဝိညာဉ်ဂိုဏ်း၏ အကြီးအကဲ အားလုံးကို ချက်ချင်း စုရုံးလိုက်သည်။
“သားတော်... ကျွန်တော်တို့ကို စုရုံးခိုင်းလိုက်တာ အရေးကြီးတဲ့ ကိစ္စ တစ်ခုခု ရှိလို့လား”
အင်မော်တယ်အရှင်မြတ် ကနဦးအဆင့်ရှိ အကြီးအကဲ တစ်ဦးက ချီတုံချတုံဖြင့် မေးလိုက်သည်။
ရွှယ်ယွမ်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ၊ ထိုနေရာတွင် ရှိနေသော အကြီးအကဲများကို တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“လူကြီးမင်းတို့... သွေးနတ်ဘုရား အပြည့်အဝ ပြန်လည် သက်သာလာဖို့ အချိန် ဘယ်လောက် ကြာဦးမလဲ”
“အရှင့်သားတော်... သွေးနတ်ဘုရား ပြန်လည် နိုးထလာဖို့ ခန့်မှန်းခြေ နှစ် ၁၅၀ လောက် ကြာဦးမယ်... တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ”
သွေးနတ်ဘုရားကို ပြန်လည် နိုးထစေရန် တာဝန်ယူထားသည့် အကြီးအကဲ တစ်ဦးက ရှေ့သို့ ထွက်လာခဲ့သည်။ ဤအခိုက်အတန့်တွင် အလွန် အရေးကြီးသော ကိစ္စ တစ်ခုခု ဖြစ်ပွားခဲ့ခြင်း ဖြစ်ရမည်ဟု သူတို့အားလုံး သတိပြုမိသွားကြသည်။
သို့မဟုတ်ပါက ၊ ရွှယ်ယွမ်သည် သွေးနတ်ဘုရား၏ ပြန်လည် နိုးထလာမှုနှင့် ပတ်သက်၍ ရှားရှားပါးပါး ဂရုစိုက်နေမည် မဟုတ်ပေ။
“ဟူး... ရွှမ်ထျန်းကမ္ဘာမှာ အင်မော်တယ်ဧကရာဇ် တစ်ပါးနဲ့ ငါ ဆုံခဲ့တယ်... ပြီးတော့ ငါ ထင်တာ မမှားဘူးဆိုရင် သူကလည်း ငါ့အဖေလို နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်ရမယ်”
ရွှယ်ယွမ်၏ အမူအရာသည် အလွန်တရာ မည်းမှောင်နေပြီး ၊ ထို့နောက် အစောက ဖြစ်ပျက်ခဲ့သမျှ ကိစ္စတိုင်းကို လူတိုင်းအား ပြန်လည် ပြောပြလိုက်သည်။
“ဘာ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သာမန် ရွှမ်ထျန်းကမ္ဘာလောက်က နတ်ဘုရားတစ်ပိုင်းအဆင့်ကို ဘယ်လိုလုပ် မွေးထုတ်နိုင်မှာလဲ”
“မှန်တယ်... နတ်ဘုရားတစ်ပိုင်းအဆင့်သာ ပေါ်လာခဲ့မယ်ဆိုရင် အရှင့်သားတော်က ဘယ်လိုလုပ်ပြီး လွတ်မြောက်လာနိုင်မှာလဲ”
“အရှင့်သားတော်... နားလည်မှု လွဲနေတာ ဖြစ်ရမယ်... တကယ်လို့ နတ်ဘုရားတစ်ပိုင်းအဆင့်သာ ဖြစ်နေမယ်ဆိုရင် ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ အစီအစဉ်က သေချာပေါက် အချည်းနှီး ဖြစ်သွားလိမ့်မယ်”
အင်မော်တယ်အရှင်မြတ် အကြီးအကဲ တစ်စု၏ စကားများထဲမှ သံသယများကို ကြားပြီးနောက် ၊ ရွှယ်ယွမ်၏ အမူအရာသည် မယုံကြည်နိုင်လောက်အောင် မည်းမှောင်သွားပြီး နောက်တစ်စက္ကန့်တွင် သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“ပါးစပ် ပိတ်ထားစမ်း... မင်းတို့က ငါကိုယ်တော်ကို မေးခွန်းထုတ်နေတာလား”
ရွှယ်ယွမ်သည် သူ၏ အင်မော်တယ်အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိ စွမ်းအားကို ထုတ်ဖော်လိုက်သဖြင့် အကြီးအကဲ အားလုံး ချက်ချင်း တိတ်ဆိတ်သွားကြသည်။
လက်ရှိ သွေးဝိညာဉ်ဂိုဏ်းတွင် အိပ်မောကျနေသော အင်မော်တယ်ဧကရာဇ် သုံးပါး မှတပါး၊ မည်သည့် အကြီးအကဲကမျှ ရွှယ်ယွမ်၏ ပြိုင်ဘက် မဟုတ်ချေ။
သူတို့အားလုံး တိတ်ဆိတ်သွားသည်ကို မြင်ပြီးနောက် ရွှယ်ယွမ်သည် ဆက်ပြောလိုက်သည်။
“ငါ့ရဲ့ ကျင့်ကြံမှုအဆင့်အရ သူ့ဆီက အငွေ့အသက်က ငါ့အဖေဆီက အငွေ့အသက်နဲ့ တစ်ပုံစံတည်း တူနေတယ်... ဒါကြောင့် သူက အနည်းဆုံးတော့ နတ်ဘုရားတစ်ပိုင်းအဆင့်ပဲ... တစ်ဘက်လူက ငါ့ကို ဂရုစိုက်ပုံ မပေါ်လို့သာပေါ့... မဟုတ်ရင် ငါ လုံးဝ ထွက်ပြေးနိုင်ခဲ့မှာ မဟုတ်ဘူး”
“ဒါပေမဲ့ အစီအစဉ်ရဲ့ လုံခြုံရေးအတွက် ငါတို့တွေ အရှိန်မြှင့်ကြရမယ်”
“မှန်လှပါ အရှင့်သားတော်”
ထိုနေရာတွင် ရှိနေသော အကြီးအကဲများသည် ဘာမှပြန်မပြောတော့ဘဲ သဘောတူလိုက်ကြပြီး ထို့နောက် နေရာမှ ထွက်ခွာသွားကြ၏။
သူတို့အားလုံး ထွက်ခွာသွားပြီးနောက် ၊ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဟွာ အကြီးအကဲသည် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။
“ဒီတိုင်းသာဆို ၊ သူက နတ်ဘုရားတစ်ပိုင်းအဆင့်ဆိုတာ မင်း တကယ်ပဲ သေချာလို့လား”
ဟွာ အကြီးအကဲသည် တည်ကြည်လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ရွှယ်ယွမ်၏ အမူအရာသည် အလွန်ကြည့်ရဆိုးနေပြီး အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်၏။
“ဘာလဲ... သားတော်ဖြစ်တဲ့ ငါက မှားနေတယ်လို့ မင်းကပါ သံသယဝင်နေတာလား”
“မဟုတ်ပါဘူး... မင်းကို ထပ်ပြီး သေချာအောင် လုပ်ခိုင်းချင်ရုံပါ”
ဟွာ အကြီးအကဲ၏ အမူအရာသည် တည်ကြည်လေးနက်နေဆဲပင် ဖြစ်သည်။
ရွှယ်ယွမ်သည် သူ့ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။ သူသည် ဤကိစ္စနှင့် ပတ်သတ်၍ ဆက်မပြောလိုတော့ပေ။
“စကားမစပ်... သွေးနတ်ဘုရားရဲ့ နတ်ဘုရားစွမ်းအင်က အဆင်သင့် မဖြစ်သေးဘူးလား... မဟာသခင်မြတ် ငါးပါး ချန်ထားခဲ့တဲ့ ပိတ်ပင်မှုကို ချိုးဖျက်နိုင်ဖို့အတွက် အဖေ ပြန်လည် ရှင်သန်လာတဲ့အထိ ငါတို့တွေ စောင့်နေရတော့မှာလား”