← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း ၁၃၇ - မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ခြင်း

“ဟူး… နောက်ဆုံးတော့ ရောက်လာပြီပဲ”

သူ့ရှေ့ရှိ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေကို ကြည့်ရင်း ဝူယီဖန်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။

အထက်ဘုံသို့ တက်လှမ်းခြင်း ပြုလုပ်ပြီးနောက် ဝူယီဖန်သည် ကျောက်နီ အင်မော်တယ်ဧကရာဇ်၏ မှတ်ဉာဏ်များကို လိုက်၍ သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာအကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျင့်ကြံမှု အဆင့်ဆယ့်နှစ်အထိ ရောက်ရှိခြင်းက အဆုံးသတ် မဟုတ်ပေ။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ အဆင့်ဆယ့်နှစ် အထက်တွင် ပို၍ စွမ်းအားကြီးမားသော ခန္ဓာကိုယ်တစ်ခု ရှိနေသေးသည်။ ၎င်းမှာ မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာပင် ဖြစ်သည်။

၎င်းကို ဖန်ဆင်းခြင်း အစောပိုင်းကာလများတွင် အစွမ်းအထက်ဆုံး ခန္ဓာကိုယ်အဖြစ် ဆိုစမှတ် ပြုကြသော်လည်း ၊ နောက်ပိုင်းတွင် ကမ္ဘာကြီးက ထိုမျှ စွမ်းအားကြီးသော ခန္ဓာကိုယ်ကို ဆက်လက် မထိန်းသိမ်းနိုင်တော့သဖြင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာ အဖြစ်သို့ အားနည်းသွားစေခဲ့သည်။

မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာတွင် ဖွံ့ဖြိုးမှု အဆင့် ငါးဆင့် ရှိသည်။ ကနဦးအဆင့်၊ စောပိုင်း အောင်မြင်မှုအဆင့် ၊ မဟာယနအဆင့်၊ အထွတ်အထိပ်အဆင့်နှင့် ပြီးပြည့်စုံခြင်းအဆင့် တို့ ဖြစ်သည်။

အငယ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်သည်နှင့် တစ်ပြိုင်နက် အင်မော်တယ်ဧကရာဇ် အဆင့်ရှိ တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်နိုင်သည်။ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေတွင် မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာအတွက် ကျင့်ကြံခြင်း နည်းလမ်းများ ရှိသည်။

သို့သော်လည်း မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာကို ကျင့်ကြံရန် အလွန်ပင် ခက်ခဲကြောင်း ကျောက်နီ အင်မော်တယ်ဧကရာဇ်၏ မှတ်ဉာဏ်များမှတစ်ဆင့် ဝူယီဖန် သိရှိခဲ့ရသည်။

ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေတွင်ပင် သခင်မြတ် တစ်ပါးတည်းသာ မွေးကင်းစ အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။

ဝူယီဖန်သည် ခေါင်းခါယမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်၍ မတွေးတော့ဘဲ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

ဝူယီဖန် ရောက်ရှိလာခြင်းက အချိန်ကိုက် ဖြစ်နေသလား သို့မဟုတ် အမည်မသိ ကြားဝင်စွက်ဖက်မှု တစ်ခုခုကြောင့်လား မသိရသော်လည်း၊ ထိုအချိန်တွင် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေသည် တပည့်များ လက်ခံနေသော အချိန်ဖြစ်သည်။

ထို့ကြောင့် ဝူယီဖန်သည် တောင်ပေါ်သို့ တက်ရောက်လာချိန်တွင် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေဆီသို့ ဦးတည်သွားနေကြသော တာအိုရောင်းရင်း အများအပြားကို မြင်တွေ့လိုက်ရသည်။ သူတို့ထဲတွင် လူသားအင်မော်တယ်များပင် ပါဝင်သည်။

မည်သို့ပင်ဖြစ်စေ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေသို့ ဝင်ရောက်နိုင်သရွေ့ အင်မော်တယ်ဧကရာဇ်ကို ရန်မစသမျှ ကာလပတ်လုံး အထက်ဘုံတွင် သင် လုပ်ချင်တာမှန်သမျှ လုပ်နိုင်ပေသည်။

မကြာမီ ရောက်ရှိလာတော့မည့် စာမေးပွဲနှင့် ပတ်သက်၍ ဘာဆက်လုပ်ရမည်ကို ဝူယီဖန် တွေးတောနေစဉ်မှာပင် သူ့အနောက်မှ အလွန်ပင် ကျေနပ်နေသော အသံတစ်သံကို ကြားလိုက်ရသည်။

“တာအိုရောင်းရင်း… မင်းလည်း ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ တပည့်လက်ခံတဲ့ အခမ်းအနားကို ပါဝင်ဖို့ ရောက်လာတာလား”

အသံလားရာဆီသို့ လှည့်ကြည့်လိုက်သောအခါ ပြာလဲ့လဲ့ ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူဝကြီး တစ်ယောက် က သူ့အနောက်တွင် ရပ်လျက် ပြုံးပြ နှုတ်ဆက်နေသည်ကို မြင်လိုက်ရ၏။ ဝူယီဖန်သည် အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“မင်းကရော ဒီနေ့ ဒီကို ရောက်လာတာ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ တပည့်လက်ခံပွဲကို ပါဝင်ဖို့ မဟုတ်လို့လား”

ဤစကားကို ကြားသောအခါ လူဝကြီးသည် ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်ပြီး ဆက်၍ ပြောလေသည်။

“တာအိုရောင်းရင်း… မင်း တစ်ယောက်တည်း ဖြစ်နေတာကို မြင်တော့ ငါတို့ အတူတူ သွားကြမလား… ငါ့နာမည်က တွမ့်သယ် ပါ… ဒီနှစ်ဆို အသက် တစ်သောင်း ပြည့်ပြီ ပြီးတော့ ငါ့ကျင့်ကြံမှုအဆင့်က လူသားအင်မော်တယ်ပါ”

တွမ့်သယ်သည် ထိုသို့ပြောရင်း ၊ သူ၏ မျက်နှာ၌ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေ၏။ အမှန်တကယ်ပင် အထက်ဘုံ တစ်ခုလုံး၌ အသက် တစ်သောင်းအရွယ်တွင် လူသားအင်မော်တယ်အဆင့်သို့ ကျင့်ကြံနိုင်ခြင်းသည် တကယ့်ကို ပါရမီရှင် တစ်ဦးပင် ဖြစ်သည်။

ပြုံးနေသော မျက်နှာကို မည်သူကမှ မရိုက်နှက်ကြပေ။ ဝူယီဖန်သည်လည်း ထိုလူကို သိကျွမ်းရန် စိတ်ဝင်စားသွားပြီး အချိန်သိပ်မကြာမီမှာပင် ပြောလိုက်သည်။

“ဝူယီဖန်…”

“ဝူ တာအိုရောင်းရင်းကိုး… အဲဒီလိုဆိုရင်လည်း ရှေ့ဆက်ရမယ့် လမ်းကို အတူတူ လျှောက်ကြတာပေါ့”

ထိုသို့ ပြောပြီးနောက် တွမ့်သယ်သည် ဝူယီဖန်ကို ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေဆီသို့ ဆွဲခေါ်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် တွမ့်သယ်သည် သူသိထားသမျှကို တတွတ်တွတ် ပြောဆိုနေခဲ့၏။

တွမ့်သယ်ထံမှ တစ်ဆင့် ဝူယီဖန်သည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၌ တပည့်များ လက်ခံရန်အတွက် လိုအပ်သော အချက်အလက်များကိုပါ သိရှိခဲ့ရသည်။

“ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေမှာ ပါရမီစမ်းသပ်ခေါင်းလောင်း တစ်လုံး ရှိတယ်… ပါရမီစမ်းသပ်ခေါင်းလောင်းပေါ် လက်တင်လိုက်ရုံနဲ့ အဲဒါက မြည်လာလိမ့်မယ်… ဒါပေမဲ့ နှစ်ချက် မြည်ပြီးမှသာ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေက တပည့်အဖြစ် လက်ခံမှာ”

“ နှစ်ချက်နဲ့ သုံးချက်က အပြင်စည်းတပည့်… လေးချက်နဲ့ ငါးချက်က အတွင်းစည်းတပည့်… ပြီးတော့ ခြောက်ချက်က ကိုယ်ပိုင်တပည့်ပေါ့”

“ခုနစ်ချက်ကရော ဘာလဲ”

တွမ့်သယ်သည် ထပ်၍ ဘာမှမပြောတော့သော်လည်း ၊ ဤအရာသည် ကျောက်နီ အင်မော်တယ်ဧကရာဇ်၏ အမွေအနှစ်ထဲတွင် မပါဝင်သောကြောင့် ဝူယီဖန်သည် သိချင်စိတ် ပြင်းပြသွားကာ မေးမြန်းလိုက်သည်။

ဝူယီဖန်၏ စကားကို ကြားသောအခါ တွမ့်သယ်မှာ တစ်ခဏမျှ မှင်တက်သွားသော်လည်း ၊ ထို့နောက် ခါးသက်သက် ပြုံးကာ ပြောလိုက်၏။

“ခုနစ်ချက်လား… ခုနစ်ချက်ဆိုတာ သခင်မြတ်နဲ့ အင်မော်တယ်ဧကရာဇ်အဆင့် မိစ္ဆာအိုကြီးတွေတောင် အလုအယက် လိုချင်ကြတဲ့ အဆင့်တစ်ခုပဲ…ကြားထဲ မျှော်လင့်မထားတဲ့ ကိစ္စတွေသာ မဖြစ်ခဲ့ဘူးဆိုရင် ဒီခုနစ်ချက်မြည်တဲ့သူက အင်မော်တယ်ဧကရာဇ် ဖြစ်လာလိမ့်မယ်လို့ ဆိုနိုင်တယ်”

“ဒါပေမဲ့ ခုနစ်ချက်မြည်တာ မပေါ်လာတာ အတော်ကြာပြီ… နောက်ဆုံး အကြိမ် ပေါ်လာခဲ့တာက လွန်ခဲ့တဲ့ နှစ်သန်းငါးဆယ်လောက်က ထင်တယ်”

“ဒါဆို အမြင့်ဆုံး ဖြစ်နိုင်ခြေက ခုနစ်ချက်ပဲပေါ့”

ဝူယီဖန်သည် အခြား တစ်စုံတစ်ခုကို တွေးမိသွားပြီး မေးမြန်းလိုက်သည်။

“မဟုတ်ဘူး… တကယ်တော့ အဲ့ခေါင်းလောင်းက ရှေးဟောင်း သခင်မြတ် ချန်ရစ်ခဲ့တဲ့ အဆင့်ကိုး အင်မော်တယ်ဧကရာဇ် လက်နက်တစ်ခုလို့ ပြောကြတယ်… သူက ပါရမီကို စမ်းသပ်နိုင်ရုံသာမကဘဲ ရန်သူတွေကို ဖိနှိပ်တာနဲ့ အရာအားလုံးကို သန့်စင်တဲ့ အာနိသင်တွေပါ ရှိတယ်… ဒါပေမဲ့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေက အဲ့ခေါင်းလောင်းကို သုံးဖို့ မလိုတော့လို့ တပည့်လက်ခံတဲ့ နေရာမှာပဲ ချန်ထားခဲ့တာ”

ပါရမီစမ်းသပ်ခေါင်းလောင်းက အများဆုံး ကိုးချက်အထိ မြည်နိုင်တယ်… ဒါပေမဲ့ သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်က ရှစ်ချက်တည်းပဲ ရှိသေးတယ်… အဲဒီနောက်တော့ သူက ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ သခင်မြတ် ဖြစ်လာခဲ့တာပဲ”

ဤစကားကို ကြားသောအခါ ဝူယီဖန်သည် နက်ရှိုင်းသော အတွေးထဲ နစ်မြောသွားပြီး ၊ သူသည် ကိုးချက် မြည်အောင် လုပ်နိုင်လေမလားဟု တွေးတောနေမိ၏။

ဝူယီဖန်၏ အတွေးကို သိနေသည့်အလား တွမ့်သယ်သည် ခါးသက်သက် ပြုံးလိုက်ရင်း ၊ ထို့နောက် သူက ပြောလိုက်သည်။

“ငါတို့လို လူတွေက အဲ့လို ကိစ္စတွေကို အိပ်မက်တောင် မမက်သင့်ဘူး… ငါ့ရဲ့ ပါရမီအရဆိုရင် ပါရမီစမ်းသပ်ခေါင်းလောင်းကို အများဆုံး ငါးချက် မြည်အောင် လုပ်နိုင်မယ်လို့ပဲ ငါ ယုံကြည်မှု ရှိတယ်… စကားမစပ် ဝူ တာအိုရောင်းရင်း… မင်းရဲ့ နယ်ပယ်နဲ့ အသက်ကို ငါ မသိရသေးဘူးနော်”

“လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်… အသက် ၁၉၈ နှစ်”

ဝူယီဖန်သည် ဘာမျှ ဖုံးကွယ်မထားဘဲ တိုက်ရိုက် ပြောလိုက်၏။ မည်သို့ပင်ဖြစ်စေ သူ၏ အစွမ်းအထက်ဆုံး အရာမှာ သူ၏ ကျင့်ကြံမှု နယ်ပယ် မဟုတ်ဘဲ သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာသာ ဖြစ်သည်။

“အိုး… အသက် ၁၉၈ နှစ်အရွယ် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်ပေါ့… နေပါဦး… အသက် ဘယ်လောက်…”

တွမ့်သယ်မှာ တစ်ခဏမျှ မှင်သက်သွားသော်လည်း ၊ ချက်ချင်းဆိုသလို သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်သွား၏။

ဝူယီဖန်သည် စကားများများ မပြောတော့ဘဲ သူ၏ နယ်ပယ်ကို ပြသလိုက်ပြီး တွမ့်သယ်အား သူ၏ အရိုးသက်တမ်းကို အာရုံခံခွင့် ပေးလိုက်သည်။

ဤအခိုက်အတန့်တွင် တွမ့်သယ်၏ လောကအမြင်မှာ လုံးဝ ရိုက်ချိုးခံလိုက်ရလေသည်။

အသက် ၁၉၈ နှစ်အရွယ် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် ဟုတ်လား…ဒါက ဘယ်လို မိစ္ဆာမျိုးလဲ…

အသက် ၁၉၈ နှစ်အရွယ်ဖြင့် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် ရောက်ရှိသည်ကို ထည့်မဆိုခင် ၊ အသက် ၁၉၈၀ အရွယ်ဖြင့် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိရုံဖြင့် မြင့်မြတ်နယ်မြေ၌ ‌ဆူညံပွက်လောရိုက်သွားနိုင်သည်။

နောက်တစ်စက္ကန့်တွင် တွမ့်သယ်သည် ဝူယီဖန်၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဝူ တာအိုရောင်းရင်း… မဟုတ်ဘူး… ညီအစ်ကို ဝူ… ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ညီအစ်ကိုပဲ… တစ်ခါ ညီအစ်ကို ဖြစ်ရင် အမြဲတမ်း ညီအစ်ကိုပဲကွ”

“အဲ့လို မလုပ်ပါနဲ့… မင်း အစောက မောက်မာနေတဲ့ ပုံစံလေးကိုပဲ ငါ က ပိုသဘောကျသေးတယ်”

ဝူယီဖန်မှာ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ရယ်တစ်ဝက် ငိုတစ်ဝက်ဖြင့် ပြောလိုက်၏။

တွမ့်သယ်သည် အတော်လေး စကားနားထောင်သည်။ ချက်ချင်းဆိုသလို ၊ သူ၏ ယခင်က အခြေအနေသို့ ပြန်လည် ပြောင်းလဲသွားရာ ၊ ဝူယီဖန်ကို ပို၍ သက်သောင့်သက်သာ ဖြစ်သွားစေခဲ့သည်။

သူသည် မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်မပြောခြင်းမှာ အခြားသူများက ထိုအကြောင်းရင်းများကြောင့် သူ့ကို ခပ်ခွာခွာ နေသွားမည်ကို မလိုလားသောကြောင့် ဖြစ်သည်။

သူသည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ရသည့် အကြောင်းရင်းမှာ သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်ကို မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာအဖြစ်သို့ ပြောင်းလဲချင်သောကြောင့်သာ ဖြစ်၏။

သို့မဟုတ်ပါက ၊ ဝူယီဖန်သည် သူ၏ ဘိုးဘေးကြီး၏ နာမည်ကို တိုက်ရိုက် ထုတ်သုံးပေလိမ့်မည်။ ဝူဟောက်သည် ထိုအရာကို လိုချင်သည်ဟု ပြောလိုက်ရုံဖြင့် ၊ ဝူဟောက်၏ စွမ်းအားအရ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေပင်လျှင် သူ့ကို မျက်နှာသာ ပေးရမည် ဖြစ်သည်။

ဝူဟောက်။ ။ ဆွံ့အ…

မကြာမီမှာပင် ဝူယီဖန်သည် တွမ့်သယ်နောက်မှ လိုက်၍ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ အရှေ့ဘက်ရှိ စာမေးပွဲ ရင်ပြင်ဆီသို့ ရောက်ရှိသွားခဲ့သည်။ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ စာမေးပွဲ ရင်ပြင်တွင် လူများဖြင့် ပြည့်နှက်နေပြီး သူတို့ထဲမှ အများစုမှာ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ရန် ရောက်လာကြသူများ ဖြစ်၏။

“ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေက ဆယ်နှစ် တစ်ကြိမ် တပည့်လက်ခံတဲ့ အခမ်းအနားကို ကျင်းပလေ့ရှိပြီး တစ်ကြိမ်ကို လဝက် ကြာမြင့်တယ်… ဒီလဝက်အတွင်း ဒီကို လာပြီး တန်းစီရတယ်… ပြီးတော့ ပါရမီစမ်းသပ်ခေါင်းလောင်းကို မြည်အောင် မင်းရဲ့ လက်ကို တင်နိုင်သရွေ့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေကနေ တပည့်အဖြစ် လက်ခံလိမ့်မယ်”

တွမ့်သယ်သည် ဝူယီဖန်ကို ရှင်းပြလိုက်ပြီး၊ ဝူယီဖန်သည် သဘောတူသည့်အနေဖြင့် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏။

ထို့နောက် သူသည် တွမ့်သယ်နောက်မှ လိုက်၍ တန်းစီရာတွင် ဝင်ရောက် နေရာယူလိုက်ကြလေသည်။

အခန်း ၁၃၈ - ကိုးချက်

“ချိုက်ရွှီခွင်… ငါးချက်… မင်း ငါတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေကို အတွင်းစည်းတပည့် အဖြစ် ဝင်ရောက်ဖို့ ဆန္ဒရှိလား…”

စာမေးပွဲစစ်ဆေးသူ အကြီးအကဲက သူ့ရှေ့ရှိ အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

ချိုက်ရွှီခွင်၏ မျက်လုံးများသည် အရောင်လက်သွားပြီး သဘောတူသည့်အနေဖြင့် အလျင်အမြန် ခေါင်းညိတ်ပြလိုက်၏။

ချိုက်ရွှီခွင်နောက်မှ အခြား စာမေးပွဲဖြေဆိုသူများမှာ သုံးချက် သို့မဟုတ် နှစ်ချက်သာ မြည်အောင် လုပ်နိုင်ခဲ့သဖြင့် စာမေးပွဲစစ်ဆေးသူ၏ အမူအရာသည် အနည်းငယ် ရုပ်ဆိုးသွားလေသည်။

မကြာသေးမီ နှစ်များအတွင်း ၊ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေမှ လက်ခံရရှိသော တပည့်များ၏ အရည်အသွေးသည် ဤမျှ ညံ့ဖျင်းနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

အစောက ဖော်ပြခဲ့သော ချိုက်ရွှီခွင် အမည်ရှိ တပည့်မှလွဲ၍ ကျန်သူများမှာ အခြေခံအားဖြင့် အပြင်စည်းတပည့်များသာ ဖြစ်ကြပြီး၊ ထို့အပြင် ပါရမီ မလုံလောက်မှုကြောင့် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေသို့ မဝင်ရောက်နိုင်ခဲ့သော စာမေးပွဲဖြေဆိုသူ အများအပြားပင် ရှိနေသေး၏။

“အခြေအနေက ဒီလိုမျိုးလေ… ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ အပြင်ဘက်မှာ မြင့်မြတ်နယ်မြေကို ဝင်ချင်နေကြတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိတယ်… ဒါပေမဲ့ သူတို့အားလုံးက ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ ငြင်းပယ်တာကို ခံခဲ့ရတယ်… ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ပါရမီက အဲဒီလောက်ပဲ ရှိတာဆိုတော့ သူတို့ကို မြင့်မြတ်နယ်မြေထဲမှာ နေခွင့်ပေးလိုက်တာက မြင့်မြတ်နယ်မြေရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ကျဆင်းသွားစေပြီး အရင်းအမြစ်တွေကို ဖြုန်းတီးရာပဲ ရောက်လိမ့်မယ်”

“ဒါပေမဲ့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ အပြင်စည်းတပည့် တစ်ယောက် ဖြစ်လာနိုင်ရင်တောင် အနိမ့်ဆုံး အောင်မြင်မှုက လူသားအင်မော်တယ်ပဲ… အတွင်းစည်းတပည့် ဒါမှမဟုတ် ကိုယ်ပိုင်တပည့် တစ်ယောက် ဖြစ်လာနိုင်ရင်တော့ လျှိုထျန်းရွှေအင်မော်တယ်အဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ သေချာသလောက် ရှိနေပြီလို့ ပြောလို့ရတယ်”

တွမ့်သယ်သည် ဝူယီဖန်၏ အနားသို့ ကပ်၍ တီးတိုး ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ ဝူယီဖန်သည် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ၊ မကြာမီမှာပင် တွမ့်သယ်၏ အလှည့်သို့ ရောက်လာခဲ့သည်။ တွမ့်သယ်သည် ဝူယီဖန်၏ ရှေ့တွင် ရှိနေခြင်း ဖြစ်၏။

တွမ့်သယ်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် သူ၏ လက်ကို ပါရမီစမ်းသပ်ခေါင်းလောင်းပေါ်သို့ တင်လိုက်သည်။ နောက်တစ်စက္ကန့်တွင် ပါရမီစမ်းသပ်ခေါင်းလောင်းသည် ဖြည်းညင်းစွာ လှုပ်ခါလာလေသည်။

ဒေါင်ခနဲ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ရပ်တန့်မသွားခဲ့ပေ။ မကြာမီမှာပင် ဒုတိယအချက်၊ တတိယအချက်နှင့် စတုတ္ထအချက်တို့ ထွက်ပေါ်လာ၏။ စာမေးပွဲစစ်ဆေးသူမှာ ကျေနပ်သည့် အရိပ်အယောင်များကို မဖုံးနိုင်အောင်ပင် ဖြစ်နေသည်။ ကောင်းမွန်သော ပါရမီရှိသူ နောက်ထပ် တစ်ယောက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

မကြာမီ ပဉ္စမမြောက် အသံ ထွက်ပေါ်လာသော်လည်း ထိုနေရာတွင် ရပ်တန့်မသွားခဲ့ပေ။

ဆဋ္ဌမမြောက် အသံ ထွက်ပေါ်လာသောအခါ အကြီးအကဲ၏ အမူအရာသည် တောက်ပသွားပြီး အလျင်အမြန် ပြောလိုက်သည်။

“မိတ်ဆွေလေး… မင်း နာမည် ဘယ်လိုခေါ်လဲ… ငါ့ရဲ့ ကိုယ်ပိုင်တပည့် ဖြစ်လာဖို့ ဆန္ဒရှိလား… ငါ့ကိုယ်ငါ အရင် မိတ်ဆက်ပေးပါရစေ… ငါ့နာမည်က ကောင်းချောင်… ကျင့်ကြံမှုအဆင့်က အင်မော်တယ်ဘုရင်ပါ”

ထိုသို့ ပြောပြီးနောက် အကြီးအကဲကောင်းသည် တွမ့်သယ်ကို မျှော်လင့်တကြီး မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ မည်သို့ပင်ဖြစ်စေ ယခုအချိန်၌ ကိုယ်ပိုင်တပည့် တစ်ယောက် ရှာတွေ့ရန်မှာ မလွယ်ကူချေ။ သူ့အနေဖြင့် အလျင်အမြန် လက်မခံလိုက်ပါက၊ ထိုမိစ္ဆာအိုကြီးများက သူ့ကို လာရောက် လုယူကြပေတော့မည်။

တွမ့်သယ် စကားမပြောနိုင်မီမှာပင် ၊ ကောင်းကင်ယံမှ စွမ်းအားကြီးမားသော ဖိအားများ ထွက်ပေါ်လာပြီး ထိုနေရာရှိ စာမေးပွဲဖြေဆိုသူများကို မှင်တက်သွားစေခဲ့သည်။

အကြီးအကဲကောင်း၏ အမူအရာသည် အတော်လေး ကြည့်ရဆိုးသွားသည်။ ထိုလူအိုကြီးများသည် ဤမျှ မြန်မြန် ရောက်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

“ဘယ်သူလဲ… ပါရမီစမ်းသပ်ခေါင်းလောင်းကို ခြောက်ချက်မြည်အောင် လုပ်နိုင်တာ ဘယ်သူလဲ… မိတ်ဆွေလေး… မင်းလား”

“မိတ်ဆွေလေး… ငါက ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ အတွင်းစည်းအကြီးအကဲ တစ်ယောက်ပါ… ငါ့ကို ခွမ်း အကြီးအကဲလို့ ခေါ်နိုင်တယ်… ငါ့ကျင့်ကြံမှုအဆင့်က အင်မော်တယ်ဧကရာဇ် ကနဦးအဆင့်ပါ”

“ မင်း ငါ့ရဲ့ တပည့်ဖြစ်လာဖို့ ဆန္ဒရှိလား”

“ဖယ်စမ်းပါ သူခိုးအိုကြီးရာ… မိတ်ဆွေလေး… ငါ့ကျင့်ကြံမှုအဆင့်က အင်မော်တယ်ဧကရာဇ်အဆင့် နှောင်းပိုင်းအဆင့်ပါ”

“ငါ့ကို တီဖာ အကြီးအကဲလို့ ခေါ်နိုင်တယ်… ငါ့ရဲ့ တပည့်ဖြစ်လာဖို့ ဆန္ဒရှိလား”

ကောင်းကင်ယံ၌ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေမှ အကြီးအကဲများ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြသည်။ တွမ့်သယ်မှာ ရွေးချယ်စရာများပြားလွန်းသဖြင့် မည်သူ့ကို ရွေးချယ်ရမည်မှန်း မသိအောင် ဖြစ်နေလေသည်။

မူလက ပါရမီစမ်းသပ်ခေါင်းလောင်းကို ငါးချက်သာ မြည်အောင် လုပ်နိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ခြောက်ချက်အထိ မြည်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

ပါရမီစမ်းသပ်ခေါင်းလောင်းသည် ခြောက်ချက် အထိ မြည်တမ်းလာပါက ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ ကိုယ်ပိုင်တပည့် ဖြစ်လာမည် ဖြစ်သည်။

ကိုယ်ပိုင်တပည့် ဆိုသည်မှာ အဘယ်နည်း။ အပြင်စည်းတပည့်နှင့် အတွင်းစည်းတပည့်များဟူသည် အဘယ်နည်း။

ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေတွင် အပြင်စည်းတပည့်များအတွက် နှစ်စဉ် အင်မော်တယ်ဘုရင် အကြီးအကဲများက တာအိုတရားများ လာရောက် ဟောကြားပေးကြပြီး နယ်ပယ်အလိုက် လစဉ် သက်ဆိုင်ရာ လစာများကို ရရှိနိုင်ပေသည်။

သေချာသည်မှာ အပြင်စည်းတပည့်များသည် တစ်လလျှင် ဂိုဏ်း၏ တာဝန် သုံးခုကို ပြီးမြောက်အောင် ထမ်းဆောင်ရမည် ဖြစ်သည်။

အတွင်းစည်းတပည့်များသည် တစ်လလျှင် တစ်ကြိမ် အင်မော်တယ်ဘုရင် အကြီးအကဲ၏ တရားဟောကြားမှုကို နာယူနိုင်ပြီး ၊ ပြီးမြောက်ရမည့် လျှို့ဝှက်တာဝန် အရေအတွက်မှာလည်း တစ်လလျှင် တစ်ခုသို့ လျော့ကျသွားသည်။

အကယ်၍ တစ်လအတွင်း တာဝန် မယူပါက နောက်လသို့ ကူးပြောင်းနိုင်သော်လည်း ဆယ်နှစ်ထက်ပို၍ စုဆောင်းထားခွင့် မရှိပေ။ ဆယ်နှစ်ကြာပါက ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေမှ နှင်ထုတ်ခံရမည် ဖြစ်သည်။

ကိုယ်ပိုင်တပည့်နှင့် ပတ်သက်၍ ၊ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ မည်သည့် အကြီးအကဲကိုမဆို ဆရာအဖြစ် တောင်းဆိုနိုင်ပြီး ၊ အကြီးအကဲဘက်မှ ငြင်းပယ်ခွင့်လည်း ရှိသည်။ တာဝန်များနှင့် ပတ်သက်၍ ၊ တစ်နှစ်လျှင် တစ်ခုသာ ပြီးမြောက်ရန် လိုအပ်လေသည်။

သူ့ရှေ့ရှိ အကြီးအကဲများကို ကြည့်ရင်း တွမ့်သယ်မှာ အမှန်တကယ်ပင် သဘောတူချင်စိတ် ဖြစ်ပေါ်လာကြောင်း ဝန်ခံရမည် ဖြစ်သော်လည်း ၊ ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားပြီး သူ့အနောက်ရှိ ဝူယီဖန်ကို ကြည့်ကာ အံကြိတ်လျက် လက်နှစ်ဖက်ကို ယှက်၍ ပြောလိုက်၏။

“အကြီးအကဲတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ငါ့ညီအစ်ကိုရဲ့ ပါရမီက ဘယ်လိုရှိလဲ ဆိုတာကို အရင် ကြည့်ချင်ပါသေးတယ်… ငါ့ညီအစ်ကိုနဲ့ ဆရာ တစ်ယောက်တည်း ထားချင်လို့ပါ”

တွမ့်သယ်၏ စကားကို ကြားသောအခါ ကောင်းကင်ယံရှိ အကြီးအကဲ အများစုသည် မျက်မှောင်အနည်းငယ် ကြုတ်သွားကြသည်။

သူတို့၏ ဆုံးဖြတ်ချက်သည် ကြီးမားသော မျက်နှာသာပေးရာ ရောက်ပြီဟု ဆိုနိုင်သော်လည်း ၊ ယခု တွမ့်သယ်သည် သူ၏ ညီအစ်ကို ဆိုသူကိုပါ အဘယ်ကြောင့် ဆွဲသွင်းနေရသနည်း။

အရေးအကြီးဆုံးမှာ အကြီးအကဲများသည် တွမ့်သယ်၏ လုပ်ရပ်မှာ သူတို့ကို လုံးဝ လေးစားမှု မရှိဟု ခံစားခဲ့ရခြင်း ဖြစ်သည်။ သူတို့ ကိုယ်တိုင် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ တွမ့်သယ်အနေဖြင့် ညီအစ်ကို သံယောဇဉ်အကြောင်း ပြောနေမည့်အစား ချက်ချင်း သဘောတူသင့်ပေသည်။

ထို့ကြောင့် တွမ့်သယ်၏ စကားသံအဆုံးတွင် ၊ တွမ့်သယ်ကြောင့် ရောက်လာခဲ့သော အကြီးအကဲ အများစုမှာ တုံ့တိုင်းခြင်းမရှိ ထွက်ခွာသွားကြလေသည်။

ကျန်ရှိနေသော အကြီးအကဲများသည် တွမ့်တယ် ပြောခဲ့သည့် ဝူယီဖန်ကို စူးစမ်းလိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြ၏။ မည်သို့ပင်ဖြစ်စေ တွမ့်သယ်၏ ညီအစ်ကို ဖြစ်လာနိုင်သူမှာ သင့်တင့်လျောက်ပတ်သော ပါရမီ ရှိရမည် ဖြစ်သည်။

တွမ့်သယ်၏ စကားကို ကြားသောအခါ ဝူယီဖန်လည်း အံ့သြသွား၏။ တပည့်အဖြစ် လက်ခံရန် ပြောလာကြသည့် စွမ်းအားကြီးမားသော အင်မော်တယ်ဧကရာဇ်များနှင့် ရင်ဆိုင်ရချိန်တွင်ပင် ၊ တွမ့်သယ်သည် သူ့နောက်သို့ လိုက်လိုကြောင်း ပြောလာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

သို့သော်လည်း သေချာ ပြန်စဉ်းစားကြည့်လျှင် အံ့သြစရာတော့ မဟုတ်ချေ။ မျှော်လင့်မထားသော အခြေအနေများ မရှိခဲ့လျှင်ဖြင့် ၊ သူသည် သေချာပေါက် ကိုယ်ပိုင်တပည့် တစ်ယောက် သို့မဟုတ် သူတော်စင် တစ်ပါးပင် ဖြစ်လာနိုင်ကြောင်း တွမ့်သယ် သိနေသည်။

ဤအခြေအနေတွင် သူ၏ အရှိန်အဝါကို မှီခိုခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ကြောင်း ရှင်းလင်းနေ၏။

“မိတ်ဆွေလေး… အဲ့လိုဆိုရင်လည်း ကျေးဇူးပြုပြီး မင်းရဲ့ ပါရမီကို လာစမ်းသပ်ပါ”

အကြီးအကဲကောင်းသည် ဝူယီဖန်ကို ကြည့်၍ အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ ဝူယီဖန်သည် ပါရမီစမ်းသပ်ခေါင်းလောင်းဆီသို့ သွားကာ သူ၏ လက်ကို တင်လိုက်၏။

နောက်တစ်စက္ကန့်တွင် ပါရမီစမ်းသပ်ခေါင်းလောင်းထံမှ ဒေါင်ခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် ဒုတိယအချက်၊ တတိယအချက်၊ စတုတ္ထအချက်နှင့် ပဉ္စမမြောက် အသံများ ထွက်ပေါ်လာ၏။

ဆဋ္ဌမမြောက် အသံ ထွက်ပေါ်လာသောအခါ မထွက်ခွာသေးသော အကြီးအကဲများသည် ပြုံးလိုက်ကြသည်။ သူတို့အနေဖြင့် အလားအလာရှိသော နောက်ထပ် ပါရမီရှင် တစ်ဦးကို ရရှိနိုင်ပေတော့မည်။

သို့သော်လည်း သတ္တမမြောက် အသံ ထွက်ပေါ်လာသောအခါ သူတို့၏ ဝမ်းသာမှုသည် ခေတ္တမျှသာ ကြာမြင့်ခဲ့လေသည်။

“ဘာ… ခုနစ်ချက်တောင်…”

ထိုနေရာတွင် ရှိနေသော အကြီးအကဲများမှာ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။ အဘယ်ကြောင့်ဆိုသော် ပါရမီစမ်းသပ်ခေါင်းလောင်းကို ခုနစ်ချက်မြည်အောင် လုပ်နိုင်သော ပါရမီရှင်မျိုး မပေါ်ထွက်လာသည်မှာ နှစ်သန်းငါးဆယ် တိုင်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။

မဝေးလှသော နေရာရှိ ချိုက်ရွှီခွင်မှာ ဤမြင်ကွင်းကို မြင်ပြီးနောက် လုံးဝ အထင်ကြီး လေးစားသွားတော့သည်။ တွမ့်သယ်သည် သူ၏ အရှိန်အဝါကို လုယူသွားသဖြင့် အစောပိုင်းက စိတ်ဆိုးနေခဲ့သော်လည်း ၊ ယခုမူ သူ၏ အရှိန်အဝါကို လုယူသွားသူမှာ ၎င်းထက် ပို၍ ပါရမီရှင် ဆန်သော ဝူယီဖန် ဖြစ်နေကြောင်း သိလိုက်ရ၏။

အကြီးအကဲများ တစ်ခုခု မပြောနိုင်မီမှာပင် ၊ အဋ္ဌမမြောက် အသံ ထွက်ပေါ်လာသည်။

ထိုနေရာတွင် ရှိနေသော အကြီးအကဲများမှာ ဆက်၍ ငြိမ်မနေနိုင်တော့ဘဲ အော်ဟစ်လိုက်ကြ၏။

“ဧရိယာ တစ်ခုလုံးကို ပိတ်ဆို့ထား… ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး”

မည်သို့ပင်ဖြစ်စေ အဋ္ဌမမြောက် အသံသည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သူတော်စင် တစ်ပါး ဖြစ်လာစေမည့် အရာ ဖြစ်သည်။ ဤနှစ်များတစ်လျှောက် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေတွင် မည်သူကမျှ သူတော်စင် ဘွဲ့ကို မရယူနိုင်ခဲ့ကြပေ။

ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေမှ လူများက သူတော်စင် မခန့်အပ်ချင်၍ မဟုတ်ဘဲ ၊ ပါရမီစမ်းသပ်ခေါင်းလောင်းကို ရှစ်ချက် မြည်အောင် လုပ်နိုင်သူသာလျှင် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သူတော်စင် ဖြစ်လာနိုင်မည် ဟူသော ဘိုးဘေးများ၏ စည်းမျဉ်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေတွင် ဤနှစ်များတစ်လျှောက် သူတော်စင် တစ်ပါးမျှ မရှိခဲ့ရာ ၊ ဝူယီဖန်၏ ပေါ်ထွက်လာမှုသည် သူတို့အား အလွန်ပင် စိတ်လှုပ်ရှားစေခဲ့သည်။

သို့သော် သူတို့ ၏ စိတ်လှုပ်ရှားမှုသည် စောလွန်းနေသေး၏။ နောက်တစ်စက္ကန့်တွင် နဝမမြောက် အသံ ထွက်ပေါ်လာလေတော့သည်။

All Chapters