အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
အခန်း ၁၃၉ - သူတော်စင်အဖြစ် သတ်မှတ်ခြင်း
“ဘာ… ကိုးချက် ဟုတ်လား”
“သောက်ကျိုးနည်း… ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေမှာတောင် ကိုးချက်မြည်တာမျိုး တစ်ခါမှ မပေါ်ဖူးဘူး မဟုတ်လား”
“အဲဒါက လောကကြီး အကြီးအကျယ် ပြောင်းလဲတော့မယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား”
ပါရမီစမ်းသပ်ခေါင်းလောင်း မှ ကိုးချက်မြည်သွားသည်ကို မြင်ပြီးနောက် ထိုနေရာတွင် ရှိနေသူ အားလုံး၏ အမူအရာများသည် အကြီးအကျယ် ပြောင်းလဲသွားကြ၏။
သူတို့ မတုံ့ပြန်နိုင်မီ နောက်တစ်စက္ကန့်တွင် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာမှ စာလုံးစီရင် တစ်ခု ထွက်ပေါ်လာပြီး ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
၎င်းသာမကသေးဘဲ ထိတ်လန့်ဖွယ် ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည့် ပုံရိပ် အများအပြားသည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေမှ ထွက်ပေါ်လာကြသည်။
တားမြစ်နယ်မြေများမှ ခေါင်းတလားများ ထွက်ပေါ်လာပြီး ၊ ဤနေရာဆီသို့ ပြေးဝင်လာကြသည်။ မကြာမီမှာပင် စာမေးပွဲ ရင်ပြင်တစ်ခုလုံး၏ အထက် ကောင်းကင်ယံ၌ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေမှ အကြီးအကဲများဖြင့် ပြည့်နှက်သွားလေသည်။
သူတို့ထဲတွင် အားအနည်းဆုံးသူပင်လျှင် အင်မော်တယ်အရှင်မြတ် နယ်ပယ်သို့ ရောက်ရှိနေပြီး အင်မော်တယ်ဧကရာဇ်အဆင့်ရှိ စွမ်းအားရှင် အချို့ပင် ပါဝင်နေသေး၏။
“ဘယ်သူလဲ… ခေါင်းလောင်းကို ကိုးချက်မြည်အောင် လုပ်လိုက်တာ ဘယ်သူလဲ”
နောက်တစ်စက္ကန့်တွင် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သခင်မြတ်သည် ဝူယီဖန်နှင့် အခြားသူများရှေ့သို့ ရောက်ရှိလာပြီး ဝူယီဖန်ကို စိတ်လှုပ်ရှားစွာ ကြည့်၍ ပြောလိုက်သည်။
“မိတ်ဆွေလေး… ရှေးဟောင်းကန္တာရ ခေါင်းလောင်းကို ကိုးချက်မြည်အောင် လုပ်လိုက်တာ မင်းလား”
“ကျွန်တော်ပါ… ပြီးတော့ လူကြီးမင်းက…”
ဝူယီဖန်သည် သူ့ရှေ့က လူ၏ အဆင့်အတန်းကို သိချင်နေသော်လည်း ၊ ဘေးတွင် ရပ်နေသော တွမ့်သယ်က သူ့ကို မှတ်မိနေပြီး ဖြစ်ရာ ဝူယီဖန်၏ နားအနီးသို့ ကပ်ကာ ထိတ်လန့်သော အမူအရာဖြင့် တီးတိုး ပြောလိုက်၏။
“အစ်ကိုကြီး… သူက ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ သခင်မြတ် လီဖန်ထျန်းပဲ… အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့် စွမ်းအားရှင်ကြီး..”
ဤအခိုက်အတန့်တွင် တွမ့်သယ်မှာ အကြီးအကျယ် ထိတ်လန့်နေခဲ့ပြီ ဖြစ်သည်။ ဝူယီဖန်အနေဖြင့် ပါရမီစမ်းသပ်ခေါင်းလောင်းကို အများဆုံး ခုနစ်ချက် သို့မဟုတ် ရှစ်ချက်ခန့်သာ မြည်အောင် လုပ်နိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည် ၊ သို့သော် ကိုးချက်အထိ မြည်လာလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
ဂိုဏ်းတည်ထောင်သူ ဘိုးဘေးပင်လျှင် ထိုအဆင့်ထိ မရောက်ခဲ့ဖူးပေ။
တစ်ချိန်တည်းမှာပင် တွမ့်သယ်သည် သူ၏ ကိုယ်ပိုင် တွေးခေါ်မှုအတွက် မယုံကြည်နိုင်လောက်အောင် ကံကောင်းသည်ဟု ခံစားလိုက်ရပြီး ၊ ဝူယီဖန်ကို တွယ်ကပ်ရန် မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ခဲ့ကြောင်း သတိပြုမိသွား၏။
ဝူယီဖန်နှင့် မိတ်ဆွေဖွဲ့ခြင်းသည် ကိုယ်ပိုင်တပည့် တစ်ယောက် ဖြစ်လာခြင်းထက် အများကြီး ပိုကောင်းသည်။
ဝူယီဖန်သည် လီဖန်ထျန်း၏ အဆင့်အတန်းကို သိရှိသွားပြီးနောက် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
သူသည် မည်သူဖြစ်ကြောင်း သိပြီးနောက်တွင်ပင် ၊ ဝူယီဖန်၏ တည်ငြိမ်အေးဆေးသော အမူအရာကို မြင်သောအခါ လီဖန်ထျန်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ဤလူငယ်လေးသည် ထူးခြားသော စိတ်နှလုံးသဘာဝကို ပိုင်ဆိုင်ထားပုံရပြီး ထိုကဲ့သို့သော သူမျိုးက သူတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သူတော်စင် ဖြစ်လာရန် ထိုက်တန်ပေသည်။ထို့ကြောင့် လီဖန်ထျန်းသည် ဝူယီဖန်အား ချက်ချင်း ဖိတ်ခေါ်လိုက်သည်။
“မိတ်ဆွေလေး… ငါတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ သူတော်စင် ဖြစ်လာဖို့ ဆန္ဒရှိလား”
လီဖန်ထျန်း၏ စကားသံအဆုံးတွင် ၊ ကြည့်ရှုနေသူများကြားတွင် နောက်တစ်ဖန် ပွက်လောရိုက်သွားပြန်သည်။
“ဘာ… ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ သူတော်စင် ဟုတ်လား… တကယ်ကြီးလား ငါ ခုထိ မယုံနိုင်ဘူး”
“အမ်… ဒါ တကယ်ပဲလား…”
“မင်းတို့ သိချင်မှ သိကြလိမ့်မယ်… ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့တုန်းက ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေမှာ သူတော်စင် တစ်ပါး ရှိကြောင်း ရှေးဟောင်း အင်မော်တယ်ဧကရာဇ်က ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်… ဒါပေမဲ့ ပါရမီစမ်းသပ်ခေါင်းလောင်းကို ကိုးချက်မြည်အောင် လုပ်နိုင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်သာလျှင် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ သူတော်စင် ဖြစ်လာနိုင်မယ်တဲ့လေ”
“ဒါကြောင့် ဒီအခြေအနေကို သတ်မှတ်ပြီးကတည်းက ပါရမီစမ်းသပ်ခေါင်းလောင်းကို ကိုးချက်မြည်အောင် ဘယ်သူမှ မလုပ်နိုင်ခဲ့လို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ သူတော်စင် ဘွဲ့က အဓိပ္ပာယ်မဲ့ သွားခဲ့တာ… ပြောရရင် ဘယ်သူမှ သူတော်စင် မဖြစ်လာနိုင်ခဲ့ဘူးပေါ့”
“ဝိုး… ဒါဆို ဝူယီဖန်က ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ ပထမဆုံး သူတော်စင် ဖြစ်လာပြီပေါ့”
“မဟုတ်ဘူး… ပထမဆုံး မဟုတ်ဘူး… နောက်ဆုံး ဖြစ်ကောင်း ဖြစ်နိုင်တယ်”
ကြည့်ရှုနေသူများ၏ အသံများကို နားထောင်ရင်း ၊ ဝူယီဖန်သည် တစ်ခဏမျှ တွေးတောလိုက်ပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ဆန္ဒရှိပါတယ်”
မည်သို့ပင်ဖြစ်စေ သူ၏ ကိုယ်ပိုင် ရည်မှန်းချက်မှာ ရှေးဟောင်းကန္တာရ တာအိုခန္ဓာ၏ ကျင့်ကြံခြင်း နည်းလမ်းကို ရယူရန်သာ ဖြစ်ပြီး ၊ သူတော်စင် ဖြစ်လာခြင်းက ၎င်းကို ရရှိရန် ပို၍ လွယ်ကူစေမည် ဖြစ်သည်။
ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေသည် သူ့အပေါ်တွင် တစ်စုံတစ်ရာ အကြံအစည် ရှိလာမည်ကို မစိုးရိမ်ချေ ။ သူ့တွင် ဘိုးဘေးကြီး တစ်ယောက်လုံး ရှိနေသည် မဟုတ်လော။
“ဟတ်ချိုး… ဒါ ဘာဖြစ်တာလဲ”
ဤအခိုက်အတန့်တွင် ဝူမိသားစု၌ ရှိနေသော ဝူဟောက်သည် နှာချေလိုက်ပြီး အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။
သူသည် ယခု အင်မော်တယ်ဧကရာဇ် တစ်ပါး ဖြစ်ပြီး ၊ စွမ်းအားကြီးမားသော တည်ရှိမှု ဖြစ်သည်။ သူ့ကို မည်သူကများ တစ်စုံတစ်ခု လုပ်နိုင်မည်နည်း။
“ဒါပေမဲ့ သားတော် ယီဖန် ဒီရက်ပိုင်း ဘယ်လိုနေလဲ မသိဘူး… သူ အထက်ဘုံမှာ တည်ဆောက်ရေးတွေ လုပ်နေပြီလား… ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း ကိစ္စကိုရော သူ လုပ်ဆောင်ပြီးပြီလား မသိဘူး”
.....
“ဘာလို့လဲတော့ မသိဘူး… ငါ တစ်ခုခုကို မေ့နေသလိုလို အမြဲတမ်း ခံစားနေရတယ်”
ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သူတော်စင် ဖြစ်လာပြီးနောက် ၊ဝူယီဖန်သည် မျက်မှောင်ကြုတ်လိုက်၏။ သူသည် တစ်စုံတစ်ခုကို မေ့နေသကဲ့သို့ ခံစားနေရသော်လည်း ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး ထိုအကြောင်း ဆက်မတွေးတော့ချေ။
လက်ရှိအချိန်တွင် အရေးအကြီးဆုံးအရာမှာ မြန်နိုင်သမျှ မြန်မြန် စွမ်းအားကြီးလာရန် ဖြစ်ပြီး ထို့နောက် မဟာတာအို ဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ၏ ကျင့်ကြံခြင်း နည်းလမ်းကို ရယူရန်ပင် ဖြစ်သည်။
တွမ့်သယ်နှင့် ပတ်သက်၍ ၊ သခင်မြတ်နှင့် စကားပြောပြီးနောက် သူသည် ဝူယီဖန်၏ အနားတွင် နေခွင့်ရခဲ့ပြီး သူ၏ အခွင့်အရေးများမှာ ကိုယ်ပိုင်တပည့် တစ်ယောက်ထက် များစွာ ကောင်းမွန်ခဲ့သည်။ ကိုယ်ပိုင်တပည့်များထက် ၊ သူတော်စင်၏ ညီအစ်ကိုသည် တစ်ယောက်တည်းသာ ရှိနိုင်သည် မဟုတ်လော။
“ဒါနဲ့… ငါ သွေးဝိညာဉ်ဂိုဏ်းအကြောင်းကို သခင်မြတ်ဆီ ပြောပြလို့ရလောက်တယ်… သခင်မြတ်က သိပြီးသား ဖြစ်လောက်မယ်”
ဝူယီဖန်သည် စိတ်ထဲတွင် တွေးလိုက်သည်။
သွေးဝိညာဉ်ဂိုဏ်း၏ အဖြစ်အပျက်များ ပြီးဆုံးသွားခဲ့သည်မှာ မရေမတွက်နိုင်သော ခေတ်ကာလများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည် ။ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သခင်မြတ်မှာလည်း အကြိမ်များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော်လည်း ၊ သို့သော် သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သတ်၍ တစ်စုံတစ်ရာ သိရှိထားနိုင်သည်။
သူသည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သူတော်စင် ဖြစ်လာခဲ့သည်မှာ ငါးနှစ်နီးပါး ရှိနေပြီ ဖြစ်ရာ ၊ မဟာတာအို ဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ ဖွင့်လှစ်ခြင်းအတွက် ကျင့်ကြံခြင်း နည်းလမ်းကို သွားရောက် တောင်းခံရန် အချိန်တန်ပြီ ဖြစ်၏။
မကြာမီမှာပင် ဝူယီဖန်သည် လီဖန်ထျန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။
“သခင်မြတ်”
“သားတော် ယီဖန်… ဘာကိစ္စရှိလို့လဲ”
ဝူယီဖန်သည် သူ့ထံသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ လီဖန်ထျန်းသည် ရယ်မော၍ မေးမြန်းလိုက်သည်။
ရှေးဟောင်းကန္တာရ ခေါင်းလောင်းကို ရှစ်ချက်မြည်အောင် လုပ်နိုင်ပြီးနောက် ၊ သူသည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သခင်မြတ် ဖြစ်လာခဲ့သည်။ ကိုးချက်မြည်အောင် လုပ်နိုင်ခဲ့သော ဝူယီဖန်၏ အောင်မြင်မှုသည် သူ၏ အောင်မြင်မှုထက်ပင် ပို၍ မြင့်မားနေမည်မှာ သေချာပေသည်။ ယခု သူသည် ဝူယီဖန်ကို လေးစားမှု မပြလျှင် ဘယ်အချိန်မှ ပြရမည်နည်း။
ဝူယီဖန်သည် လက်နှစ်ဖက် ယှက်၍ ဦးညွှတ်လိုက်ပြီးနောက် တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“သခင်မြတ်… မဟာတာအို ဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာရဲ့ ကျင့်ကြံခြင်း နည်းလမ်းကို တောင်းခံဖို့ ကျွန်တော် ရောက်လာတာပါ”
ဝူယီဖန်၏ စကားကို ကြားသောအခါ လီဖန်ထျန်းမှာ ခဏတာ မှင်သက်သွားသော်လည်း ၊ အလျင်အမြန် ပြန်လည် သတိဝင်လာပြီး စူးစမ်းလိုသော လေသံဖြင့် မေးလိုက်၏။
“သားတော် ယီဖန်… မဟာတာအို ဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာရဲ့ ကျင့်ကြံခြင်း နည်းလမ်းကို မင်း ဘာလုပ်ဖို့ လိုတာလဲ… မင်းဆီမှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ရှိနေတာများလား”
စကားပြောနေစဉ် လီဖန်ထျန်း၏ အသက်ရှူနှုန်းများ မြန်ဆန်လာလေသည်။ သူသည်လည်း ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ၊ သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကို မဟာတာအို ဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ၏ ငယ်ရွယ်သော အဆင့်ထိ အောင်မြင်စွာ တိုးတက်စေခဲ့သူ ဖြစ်၏။
လီဖန်ထျန်း မေးသောအခါ ဝူယီဖန်သည် မငြင်းဘဲ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ် သခင်မြတ်… ကျွန်တော့်မှာ အမှန်တကယ်ပဲ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ရှိပါတယ်”
ဝူယီဖန်၏ ဝန်ခံမှုကို ကြားသောအခါ လီဖန်ထျန်းသည် အသံထွက်ကာ ရယ်မောလိုက်လေသည်။
“ဟားဟားဟား… မဆိုးဘူး… တကယ်ကို မဆိုးဘူးပဲ… ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ သူတော်စင် ပီသပါပေတယ်… မင်းကလည်း ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားတာပဲ”
ထိုသို့ ပြောပြီးနောက် နောက်တစ်စက္ကန့်တွင် လီဖန်ထျန်းသည် ဝူယီဖန်ရှေ့သို့ ရောက်ရှိလာပြီး ဝူယီဖန်၏ လက်ကို ဆုပ်ကိုင်ကာ ဝူယီဖန်၏ အခြေအနေကို စတင် စစ်ဆေးလေတော့သည်။
ဝူယီဖန်သည် အသက် နှစ်ရာအရွယ်မျှဖြင့် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားပြီး ၊ သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို အဆင့်(၁၀)ထိ တိုးမြင့်ထားပြီး ဖြစ်ကြောင်း သိလိုက်ရချိန်တွင် လီဖန်ထျန်းမှာ ပို၍ပင် ကျေနပ်သွားတော့၏။
အခန်း ၁၄၀ - လီဖန်ထျန်း၏ အမူအရာ ပြောင်းလဲသွားခြင်း
“မဟာတာအို ဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာရဲ့ ကျင့်ကြံခြင်း နည်းလမ်းကို အခု ချက်ချင်း မင်းကို ပေးလို့ မရသေးဘူး… မင်းရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကို အဆင့်(၁၂) ထိ ချိုးဖျက်ပြီးမှ ငါ့ဆီ ပြန်လာခဲ့… အဲဒီအခါကျရင် ရှေးဟောင်းကန္တာရ တာအိုခန္ဓာရဲ့ ကျင့်ကြံခြင်း နည်းလမ်းကို မင်းကို ငါ ပေးမယ်”
လီဖန်ထျန်းသည် ဝူယီဖန်ကို တည်ကြည်လေးနက်စွာ ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ် မဟာတာအို ဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာရဲ့ ကျင့်ကြံခြင်း နည်းလမ်းက ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ တစ်ခုလုံးမှာ အရေးအကြီးဆုံး လျှို့ဝှက်ချက် ဖြစ်တယ်… ဒါကြောင့် အလွယ်တကူ ဖြန့်ဝေလို့ မရဘူး”
လီဖန်ထျန်းသည် သူ့အား ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ အဆင့်(၁၂) သို့ မရောက်မချင်း ကျင့်ကြံခြင်း နည်းလမ်းကို ပေးအပ်မည် မဟုတ်ပေ။
ဤစကားကို ကြားသောအခါ ဝူယီဖန်သည် ခဏတာ ချီတုံချတုံ ဖြစ်သွားသော်လည်း အဆုံးတွင် သဘောတူလိုက်လေသည်။ မည်သို့ပင်ဖြစ်စေ ၊ သူ၏ လက်ရှိ အခြေအနေအရ ရှေးဟောင်းမြင့်မြတ်ခန္ဓာ အား နောက်ထပ် အဆင့်နှစ်ခု ချိုးဖျက်ရန်မှာ နှစ်ငါးရာပင် ကြာမည် မဟုတ်ချေ။
နောက်တစ်စက္ကန့်တွင် လီဖန်ထျန်းသည် ဝူယီဖန်ထံ သိုလှောင်ကွင်း နှစ်ကွင်း ပေးအပ်လိုက်၏။
“ဒါတွေက ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ အဆင့်(၁၁) နဲ့ အဆင့်(၁၂)ကို ချိုးဖျက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေပဲ… ရှေးဟောင်းမြင့်မြတ်ခန္ဓာကို မြန်နိုင်သမျှ မြန်မြန် အဆင့်(၁၂)ထိ ချိုးဖျက်ခဲ့ “
ဝူယီဖန်သည် အနည်းငယ် ခေါင်းညိတ်ပြလိုက်သော်လည်း ထို့နောက် တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။
“သခင်မြတ်… ရှေးဟောင်းမြင့်မြတ်ခန္ဓာ နောက်တစ်ဆင့်ကို တက်ဖို့ ဘာလို့အဆင့်တွေ ချိုးဖျက်ရတာလဲ”
ဤစကားကို ကြားသောအခါ လီဖန်ထျန်းမှာ ခဏတာ ကြောင်အမ်းသွားပြီးနောက် ၊ သူ၏ အမူအရာသည် တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ အလွန်တရာ လေးနက်သွားလေသည်။
အတန်ကြာပြီးနောက် သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဝူယီဖန်ကို တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်၏။
“မင်းက မဟာတာအို ဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာရဲ့ ကျင့်ကြံခြင်း နည်းလမ်းအတွက် ငါ့ဆီ သဘာဝကျကျ ရောက်လာနိုင်မှတော့ ငါတို့ရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာက မဟာတာအို ဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာအဖြစ် တိုးတက်သွားနိုင်တယ် ဆိုတာကို မင်း သိရမယ်… တကယ်တော့ ဟိုးယခင်ခေတ်တုန်းက ငါတို့ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပိုင်ရှင်တွေဟာ မွေးလာကတည်းက အင်မော်တယ်ဧကရာဇ် ကျင့်ကြံမှုအဆင့်နဲ့ မွေးဖွားလာကြတာ”
“အားစိုက်ထုတ်မှု အနည်းငယ်နဲ့တင် မဟာတာအို ဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာအဖြစ် တိုးတက်သွားနိုင်တယ်… ဒါပေမဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသတွေ ပြောင်းလဲသွားချိန်မှာတော့ ငါတို့ရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာဟာ ကောင်းကင်ဘုံကို အံတုလွန်းတဲ့အတွက် အဆက်မပြတ် ဆုတ်ယုတ်လာခဲ့ပြီး အဆင့်(၁)ကနေ အဆင့်(၁၂)ထိ ဖြစ်ပေါ်လာခဲ့တာပဲ”
“ဒါကြောင့် မဟာတာအို ဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ အဖြစ် တိုးတတ်နိုင်ဖို့ ငါတို့က ရှေးဟောင်းမြင့်မြတ်ခန္ဓာကို (၁၂)ဆင့် ချိုးဖျက်ဖို့ လိုအပ်တာပဲ”
သခင်မြတ်၏ စကားကို ကြားသောအခါ ဝူယီဖန်၏ အမူအရာသည် တောက်ပသွားသည်။ သခင်မြတ်၏ စကားများမှတစ်ဆင့် ရှေးဟောင်းခေတ်၏ ဘုန်းအသရေအကြောင်းကို သူ သိရှိခဲ့ရသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် အင်မော်တယ်ဧကရာဇ် တစ်ပါးအဖြစ် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိရန် မည်မျှ ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ဘုန်းကျက်သရေ ရှိခဲ့မည်နည်း။
သိုလှောင်ကွင်းကို ယူပြီးနောက် ဝူယီဖန်သည် နောက်လှည့်၍ ကျင့်ကြံရန် ပြန်သွားပြီး အရင်ဆုံး စစ်မှန်အင်မော်တယ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူ ထွက်ခွာတော့မည့်ဆဲဆဲတွင် သူ၏ ထိုကိစ္စကို သတိရသွားပြီး လီဖန်ထျန်းကို တည်ကြည်လေးနက်သော အမူအရာဖြင့် ပြန်လှည့်ကြည့်လိုက်၏။
“သားတော် ယီဖန်… ဘာဖြစ်လို့လဲ”
ဝူယီဖန် စကားမပြောလာမီ လီဖန်ထျန်းက ဝေခွဲမရစွာဖြင့် မေးလိုက်သည်။
“သခင်မြတ်… သွေးဝိညာဉ်ဂိုဏ်း တည်ရှိနေတယ် ဆိုတာကို လူကြီးမင်း သိလား”
ဝူယီဖန်ထံမှ “သွေးဝိညာဉ်ဂိုဏ်း” ဟူသော စကားလုံးများ ထွက်လာချိန်တွင် ၊ လီဖန်ထျန်းသည် တစ်ခဏမျှ ရပ်တန့်သွားသော်လည်း တစ်စုံတစ်ခုကို အလျင်အမြန် မှတ်မိသွားပြီး အလွန်တရာ တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
“ငါ သိတာပေါ့… ဒါပေမဲ့ မင်းက ဘယ်ကနေ သိလာတာလဲ… သွေးဝိညာဉ်ဂိုဏ်း တည်ရှိနေသေးလို့လား”
မည်သို့ပင်ဖြစ်စေ ရှေးဟောင်းခေတ် ဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်း မည်မျှက တည်ရှိခဲ့ကြောင်းကို မည်သူမျှ မသိကြပေ။ လက်ရှိ အထက်ဘုံတွင် ရှေးဟောင်းခေတ်မှတိုင် အသက်ရှင်ကျန်ရစ်ခဲ့သော မိစ္ဆာအိုကြီးများသာ ထိုအကြောင်းကို သိရှိကြသည်။ အသက် သုံးရာပင် မပြည့်သေးသော လူငယ်လေး ဝူယီဖန်သည် သွေးဝိညာဉ်ဂိုဏ်း တည်ရှိနေကြောင်းကို မည်သို့ သိရှိလာသနည်း။
“ရိုးရိုးသားသား ပြောရရင် ကျွန်တော်က အောက်ဘုံမှာရှိတဲ့ နတ်သင်္ချိုင်းတောင်ကြားတစ်ခုထဲမှာ သွေးဝိညာဉ်ဂိုဏ်းနဲ့ ဆုံခဲ့တာပါ… အဲဒီအချိန်တုန်းက ကျွန်တော့်မှာ စီနီယာ တစ်ယောက်ရဲ့ အမွေအနှစ် ရှိခဲ့ပြီး သွေးဝိညာဉ်ဂိုဏ်း တည်ရှိနေတဲ့ အကြောင်းကို သိခဲ့ရတာ”
ဝူယီဖန်၏ စကားကို ကြားလိုက်ရချိန်တွင် လီဖန်ထျန်း၏ စိတ်နှလုံးသားသည် တုန်လှုပ်သွားပြီး ၊ အတန်ကြာပြီးနောက် သူသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်ကာ ပြောလိုက်၏။
“မင်းက စီနီယာ တစ်ယောက်ရဲ့ အမွေအနှစ်ကို ရရှိထားမှတော့ မင်းလည်း သိသင့်တယ်… သွေးဝိညာဉ်ဂိုဏ်းက ငါတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေနဲ့ အထက်ဘုံ တစ်ခုလုံးအတွက် ဘယ်လောက်တောင် ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်ခဲ့လဲ ဆိုတာကိုပေါ့.. အဲ့တုန်းက တိုက်ပွဲအပြီးမှာ ငါတို့ မဟာမြင့်မြတ်နယ်မြေကြီး ငါးခုရဲ့ သခင်မြတ်တွေ ပျောက်ကွယ်သွားခဲ့ရတယ်”
“ပြီးတော့ အဲ့တိုက်ပွဲအပြီးမှာ အထက်ဘုံ တစ်ခုလုံး အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့် စွမ်းအားရှင်ဆိုတာ မပေါ်လာတော့ဘူး… လူတိုင်းက အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့်မှာပဲ ရပ်တန့်နေခဲ့ကြတယ်”
“တစ်ယောက်ယောက်က ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ သွေးဝိညာဉ်ဂိုဏ်း ရှိနေတယ်လို့ ဟောကိန်းထုတ်ခဲ့ဖူးတယ်… ငါတို့သာ သွေးဝိညာဉ်ဂိုဏ်းကို ရှာဖွေပြီး ဖယ်ရှားနိုင်ရင် အထက်ဘုံရဲ့ ဘုန်းအသရေကို ရှေးဟောင်းခေတ်ကလို ပြန်လည် ရရှိစေနိုင်မယ်”
“အကယ်၍ အဲဒါက တကယ်ပဲ သွေးဝိညာဉ်ဂိုဏ်း ဆိုရင် သတင်းထွက်သွားတာနဲ့ အထက်ဘုံမှာရှိတဲ့ စွမ်းအားရှင်တွေ အားလုံးက လက်နက်တွေ ကိုင်ပြီး သွေးဝိညာဉ်ဂိုဏ်းနောက်ကို လိုက်ကြလိမ့်မယ်… ဒါနဲ့ သွေးဝိညာဉ်ဂိုဏ်းက ဘယ်မှာလဲ”
“ရွှမ်ထျန်းကမ္ဘာထဲမှာပါ”
တုံ့ဆိုင်းခြင်းမရှိ ဝူယီဖန်သည် သွေးဝိညာဉ်ဂိုဏ်း၏ တည်ရှိရာ နေရာကို ထုတ်ဖော် ပြောလိုက်၏။
သို့သော် မကြာမီ ဝူယီဖန်သည် တစ်စုံတစ်ခုကို တွေးမိသွားပြီး ချီတုံချတုံ ဖြစ်သွားသော်လည်း ၊ တည်ကြည်လေးနက်သော လေသံဖြင့် ဆက်ပြောလိုက်သည်။
“သခင်မြတ်… ကျွန်တော့်မှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ်”
“ဘာလဲ”
ဝူယီဖန်က ဆက်ပြောလိုက်သည်။
“သခင်မြတ်… သွေးဝိညာဉ်ဂိုဏ်းကို ကျွန်တော့်ဘာသာ ဖြေရှင်းဖို့ လွှဲပြောင်းပေးစေချင်ပါတယ်”
“အဓိပ္ပာယ်မရှိတာ… မင်း သိရဲ့လား… သွေးဝိညာဉ်ဂိုဏ်းက ဘယ်လောက်တောင် စွမ်းအားကြီးလဲဆိုတာကို… ရှေးဟောင်းခေတ်တုန်းက မဟာမြင့်မြတ်နယ်မြေကြီး ငါးခုရဲ့ အုပ်ချုပ်သူတွေ… အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့် ရှိသူတွေ အားလုံးက အထက်ဘုံ တစ်ခုလုံးမှာရှိတဲ့ အစွမ်းအထက်ဆုံး စစ်သည်တွေကို စုဆောင်းပြီး သွေးဝိညာဉ်ဂိုဏ်းကို တိုက်ခိုက်ခဲ့တာတောင် မအောင်မြင်ခဲ့ဘူးလေ”
“အခု မင်းက လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်ပဲ ရှိသေးတယ်… ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ ကောင်းချီးတွေနဲ့ဆိုရင်တောင် မင်းက ရွှေအင်မော်တယ်လောက်ကိုပဲ ယှဉ်နိုင်မှာ… ဒါပေမဲ့ သွေးဝိညာဉ်ဂိုဏ်းရှေ့မှာတော့ မင်းက ဘာမှ မဟုတ်ဘူး… မင်းရဲ့ ပါရမီက ငါမြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး ဆိုတာကို ငါ ဝန်ခံတယ်… ပြီးတော့ မင်းက ရှေးဟောင်းကန္တာရ ခေါင်းလောင်းရဲ့ အသိအမှတ်ပြုခြင်းကိုတောင် ခံခဲ့ရတယ်”
“မင်းက အင်မော်တယ်ဧကရာဇ်… အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်အထိ ကြီးထွားလာပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာကနေ မဟာတာအို ဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာအဖြစ် ပြောင်းလဲသွားရင်တောင် အနည်းဆုံး နှစ်ပေါင်း သိန်းနဲ့ချီပြီး ကြာဦးမှာပဲ… အဲဒီအချိန်ကျရင် တစ်ခုခု ဖြစ်သွားနိုင်တယ်… ဒါကြောင့် ဒီသခင်မြတ်က မင်းရဲ့ တောင်းဆိုချက်ကို ခွင့်မပြုနိုင်ဘူး”
လီဖန်ထျန်းသည် ဝူယီဖန်၏ ပါရမီကို သူ မြင်ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံးအဖြစ် အသိအမှတ်ပြုကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သော်လည်း ၊ သို့သော် သူတို့၏ ပြိုင်ဘက်မှာ သွေးဝိညာဉ်ဂိုဏ်း ဖြစ်ပြီး ၎င်းကို သဘောတူခြင်းက ဝူယီဖန်ကို ထိခိုက်စေရုံသာ ဖြစ်လိမ့်မည်။
ဤစကားကို ကြားသောအခါ ဝူယီဖန်မှာ ခဏတာ ရပ်တန့်သွားပြီး ခေါင်းငုံ့လိုက်၏။ ထို့နောက် သူသည် တည်ကြည်လေးနက်စွာ မော့ကြည့်၍ ပြောလိုက်သည်။
“သခင်မြတ်ရဲ့ စေတနာကို ကျွန်တော် နားလည်ပါတယ်”
“ မင်း မသိလို့ပါ… သွေးဝိညာဉ်ဂိုဏ်းရဲ့ စွမ်းအားက ရှေးဟောင်းခေတ်မှာဆိုရင် အင်မော်တယ်ဧကရာဇ်အဆင့်တောင် ရှိခဲ့တာ… ငါ့လို အထွတ်အထိပ်အဆင့် စွမ်းအားရှင်တောင် အဲ့ဒီတိုက်ပွဲမှာ သေလုနီးပါး ဖြစ်ခဲ့ရတာ.. မင်းဆိုရင်တော့ ပြောမနေနဲ့တော့…”
“ ပြီးတော့ သွေးဝိညာဉ်ဂိုဏ်းက မဟာမြင့်မြတ်နယ်မြေကြီး ငါးခုရဲ့ တည်ထောင်သူ ဘိုးဘေးတွေရဲ့ ပြင်းပြင်းထန်ထန် ဖျက်ဆီးပြီး တံဆိပ်ခတ်ခြင်းကို ခံခဲ့ရုံပဲ ရှိတာ… သူတို့ထဲမှာ အင်မော်တယ်ဧကရာဇ်တွေ အများကြီး ရှိနေသေးတယ်… သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုရင် အိပ်မောကျနေရုံပဲ ရှိသေးတာ”
“ဒါကြောင့် ဒီကိစ္စကို ငါတို့လို လူတွေကိုပဲ ကိုင်တွယ်ခွင့် ပေးလိုက်ပါ”
ထိုသို့ ပြောပြီးနောက် လီဖန်ထျန်းသည် ဝူယီဖန်၏ ပခုံးကို ပုတ်၍ အောက်ထပ်သို့ ဆင်းသွားလေသည်။ သူသည် အခြား မဟာမြင့်မြတ်နယ်မြေကြီး လေးခုမှ စွမ်းအားရှင်များကို သွားရှာမည် ဖြစ်ပြီး ၊ အင်မော်တယ်ဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သော အထက်ဘုံမှ စွမ်းအားရှင်များနှင့်အတူ ပူးပေါင်း၍ သွေးဝိညာဉ်ဂိုဏ်းကို အခွင့်အရေး လုံးဝ မပေးဘဲ အတူတကွ တိုက်ခိုက်ကြမည် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ၊ နောက်ဆုံးတွင် သူတို့သည် သွေးဝိညာဉ်ဂိုဏ်း တည်ရှိရာ နေရာကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။ အကယ်၍ သွေးဝိညာဉ်ဂိုဏ်းသာ နောက်တစ်ကြိမ် လွတ်မြောက်သွားခဲ့လျှင်ဖြင့် ၊ နောက်ပိုင်းတွင် သူတို့သည် ဤမျှ ကံကောင်းမည် မဟုတ်ချေ။
သခင်မြတ်၏ အဆောင်မှ ထွက်ခွာလာပြီးနောက် ဝူယီဖန်သည် သူ၏ သူတော်စင် တောင်ထွတ်ဆီသို့ ပြန်သွားပြီး ကျင့်ကြံခြင်းကို စတင် အာရုံစိုက်လိုက်သည်။ ဘိုးဘေးကြီး ပြောခဲ့သည့် စကားကို သူ ယုံကြည်သည်။
ဘိုးဘေးကြီးသည် သူ့အား သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးရန် ပြောခဲ့သည်။ထိုကြောင့် သူတစ်ယောက်တည်းကသာ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးနိုင်မည်ဟု အခိုင်အမာ ယုံကြည်ထားလေသည်။