← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း ၁၄၁ - မဟာမြင့်မြတ်နယ်မြေကြီး ငါးခု ပူးပေါင်းခြင်း၊ အင်မော်တယ်ဧကရာဇ် ရာနှင့်ချီ၍ စုရုံးခြင်း

တစ်ချိန်တည်းမှာပင် ၊ သခင်မြတ်၏ အဆောင်မှ ထွက်ခွာလာပြီးနောက် လီဖန်ထျန်းသည် ရှေးဟောင်းကန္တာရ

မြင့်မြတ်နယ်မြေရှိ အင်မော်တယ်ဧကရာဇ်အဆင့်ရှိ အကြီးအကဲများ အားလုံးကို အလျင်အမြန် စုရုံးလိုက်ပြီး သွေးဝိညာဉ်ဂိုဏ်း အကြောင်း ပြန်လည် ပြောပြခဲ့သည်။

သွေးဝိညာဉ်ဂိုဏ်း ပြန်လည် ပေါ်ထွက်လာပြီ ဖြစ်ကြောင်း ကြားသိလိုက်ရချိန်တွင် ၊ ထိုနေရာတွင် ရှိနေကြသော အကြီးအကဲ အားလုံး၏ မျက်နှာ အမူအရာများသည် ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားကြသည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် ၊ အတိတ်က သွေးဝိညာဉ်ဂိုဏ်းသည် သူတို့ကို မည်မျှ ကြီးမားသော ထိုးနှက်ချက် ပေးခဲ့ကြောင်း ဖော်ပြနေပေသည်။

“သခင်မြတ်... သတင်းက ယုံကြည်ရတယ်ဆိုတာ သေချာရဲ့လား”

အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့်ရှိ အကြီးအကဲ တစ်ဦးက တည်ကြည်လေးနက်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။

လီဖန်ထျန်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။

“သတင်းက သူတော်စင်ဆီက လာတာဆိုတော့ အတုဖြစ်နိုင်စရာ အကြောင်းမရှိဘူး... ငါလည်း စစ်ဆေးကြည့်ပြီးပြီ... ရွှမ်ထျန်းကမ္ဘာထဲမှာ သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အမှန်တကယ် ရှိနေတယ်”

“အဲ့လိုဆိုရင် သခင်မြတ်က ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ”

ထိုနေရာတွင် ရှိနေသော အကြီးအကဲများက လီဖန်ထျန်းကို ကြည့်လိုက်ကြသည်။ လီဖန်ထျန်းသည် တုံ့ဆိုင်းခြင်းမရှိ မတ်တတ်ထရပ်လိုက်ပြီး ပြတ်သားသော လေသံဖြင့် ပြောဆိုလိုက်သည်။

“အဲ့တိုက်ပွဲမှာ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေက ငါတို့ ဘိုးဘေးတွေ မရေမတွက်နိုင်အောင် ကျဆုံးခဲ့ရပြီး ၊ အဲ့အတွက်ကြောင့် အထက်ဘုံ တစ်ခုလုံးလည်း ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတယ်... ဒါတောင် ငါတို့တွေ သွေးဝိညာဉ်ဂိုဏ်းကို ခက်ခက်ခဲခဲ တံဆိပ်ခတ်နိုင်ခဲ့တာပဲ ရှိတယ်... အခု သွေးဝိညာဉ်ဂိုဏ်းကို ငါတို့ ရှာတွေ့ပြီဆိုတော့ သူတို့ကို ပြန်လည် နိုးထလာဖို့ အခွင့်အရေး လုံးဝ ပေးလို့ မရဘူး”

“ဒါကြောင့် သခင်မြတ်ဖြစ်တဲ့ ငါက အထက်ဘုံမှာရှိတဲ့ အင်မော်တယ်ဧကရာဇ် စွမ်းအားရှင် အားလုံးကို စုရုံးပြီး သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးဖို့ နတ်သင်္ချိုင်းတောင်ကြားဆီ သွားဖို့ ရည်ရွယ်ထားတယ်”

လီဖန်ထျန်း၏ စကားကို ကြားသည်နှင့် ၊ ထိုနေရာတွင် ရှိနေကြသော အကြီးအကဲများသည် ခဏတာ ချီတုံချတုံ ဖြစ်သွားကြပြီး ထို့နောက် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

“နတ်ဆိုးကို ဖယ်ရှားပြီး တာအိုကို ကာကွယ်ရမှာက ငါတို့ရဲ့ တာဝန်ပဲ... ပြီးတော့ သွေးဝိညာဉ်ဂိုဏ်းက အတိတ်တုန်းက ငါတို့ အထက်ဘုံအပေါ် ကြီးမားတဲ့ ထိုးနှက်ချက်ကြီး တစ်ခု ပေးခဲ့သေးတယ်”

“မှန်တယ် သခင်မြတ်... သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးပစ်ရမှာက ငါတို့ရဲ့ တာဝန်ပါပဲ”

“သခင်မြတ်... ငါတို့ရဲ့ စစ်ဆင်ရေးကို မြန်နိုင်သမျှ မြန်မြန် စတင်လိုက်ကြရအောင်”

အကြီးအကဲများသည် ဤမျှ စိတ်အားထက်သန်နေကြသည်ကို မြင်ပြီးနောက် ၊ လီဖန်ထျန်းသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

“အခြား မဟာမြင့်မြတ်နယ်မြေကြီး လေးခုရဲ့ သခင်မြတ်တွေကို ငါ ဆက်သွယ်ပြီးပြီ... ဒီကိစ္စရဲ့ အရေးကြီးပုံကိုလည်း သူတို့ကို ပြောပြပြီးပြီ... သူတို့ မကြာခင် ရောက်လာကြလိမ့်မယ်”

လီဖန်ထျန်း၏ စကားအဆုံးတွင် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ အထက် ကောင်းကင်ယံ၌ အလွန်တရာမျှ ထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက် လေးခု ထွက်ပေါ်လာသည်။

၎င်းမှာ အခြားသူများ မဟုတ်ဘဲ မဟာမြင့်မြတ်နယ်မြေကြီး လေးခု၏ သခင်မြတ်များပင် ဖြစ်သည်။

လီဖန်ထျန်းသည် သွေးဝိညာဉ်ဂိုဏ်း အကြောင်းကို သိရှိသွားကြောင်း ကြားသိပြီးနောက် ၊ သူတို့သည် တွေးတောရန်ပင် အချိန်မရှိတော့ဘဲ ဤနေရာသို့ အလျင်အမြန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ညီအစ်ကို ဖန်ထျန်း... သွေးဝိညာဉ်ဂိုဏ်း အကြောင်းကို မင်း သိထားတာ သေချာရဲ့လား”

မကြာမီမှာပင် ၊ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေမှ အကြီးအကဲများ အားလုံး နေရာမှ ထွက်ခွာသွားကြပြီး အခြား မဟာမြင့်မြတ်နယ်မြေကြီး လေးခု၏ သခင်မြတ်များနှင့် ပြောဆိုဆွေးနွေးရန် လီဖန်ထျန်း တစ်ယောက်တည်းသာ နေရာတွင် ကျန်ရစ်ခဲ့သည်။

ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ သခင်မြတ် ဖြစ်သူ ကျွင်းရှောင်ယောင်က စတင် စကားပြောလာပြီး ၊ သူသည် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

မဟာသခင်မြတ် ငါးပါးသည် အလွန် ကောင်းမွန်သော ဆက်ဆံရေးများ ရှိကြသဖြင့် သူတို့ကြားတွင် ဟန်ဆောင်မှုများ မလိုအပ်ပေ။

“မှန်တယ်... သွေးဝိညာဉ်ဂိုဏ်း အကြောင်းကို ငါ ကြားခဲ့တယ်.. ပြီးတော့ သူတို့ တည်ရှိတဲ့ နေရာကိုပါ ရှာတွေ့ထားပြီးပြီ”

လီဖန်ထျန်းသည် တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

ဤစကားများကို ကြားလိုက်ရချိန်တွင် ၊ ကျွင်းရှောင်ယောင်နှင့် အခြားသူများ အားလုံး၏ မျက်နှာများမှာ မည်းမှောင်သွားကြ၏။ သွေးဝိညာဉ်ဂိုဏ်းသည် သူတို့အပေါ်တွင် အရိပ်မည်းများစွာ ချန်ရစ်ခဲ့သည်။

သွေးဝိညာဉ်ဂိုဏ်း ရှိနေသရွေ့ သူတို့၏ စိတ်နှလုံးများသည် ဘယ်သောအခါမှ ငြိမ်းချမ်းမည် မဟုတ်။

“အဲ့လိုဆိုရင်တော့ ညီအစ်ကို ဖန်ထျန်း... ငါတို့ကို ဒီခေါ်လိုက်တာက သွေးဝိညာဉ်ဂိုဏ်းကို ဘယ်လို အရေးယူရမလဲ ဆိုတာ ဆွေးနွေးဖို့ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား”

ဓာတ်ကြီးငါးပါး မြင့်မြတ်နယ်မြေ၏ သခင်မြတ် ဖြစ်သူ ချင်းဇီကျွင်းက လီဖန်ထျန်းကို ကြည့်၍ မေးလိုက်၏။

လီဖန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။

“မှန်တယ်... ရှေးဟောင်းခေတ်တုန်းက သွေးဝိညာဉ်ဂိုဏ်းကို တိုက်ခိုက်ဖို့ အထက်ဘုံ တစ်ခုလုံးမှာရှိတဲ့ အစွမ်းအထက်ဆုံး စစ်သည်တွေကို စုဆောင်းခဲ့တဲ့ မဟာမြင့်မြတ်နယ်မြေကြီး ငါးခုရဲ့ တည်ထောင်သူ ဘိုးဘေးတွေတောင် အဲ့လို အခြေအနေမျိုးနဲ့ အဆုံးသတ်ခဲ့ရတာ... အခု သွေးဝိညာဉ်ဂိုဏ်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာဆိုတော့ ငါတို့ လှုပ်ရှားဖို့ အကောင်းဆုံး အချိန်ပဲ”

“ဒါကြောင့် သွေးဝိညာဉ်ဂိုဏ်းကို တိုက်ခိုက်ဖို့ အထက်ဘုံမှာရှိတဲ့ အင်မော်တယ်ဧကရာဇ် စွမ်းအားရှင် အားလုံးကို စုရုံးပြီး ..သူတို့ကို ဘာအခွင့်အရေးမှ မပေးဖို့ ငါ စီစဉ်ထားတယ်”

ဤစကားကို ကြားသည်နှင့် ၊ ကျွင်းရှောင်ယောင်သည် တုံ့ဆိုင်ခြင်းမရှိ ပြန်ဖြေလိုက်၏။

“ညီအစ်ကို ဖန်ထျန်းရဲ့ ဆုံးဖြတ်ချက်ကို ငါ ကန့်ကွက်စရာ မရှိဘူး... ဘာပဲဖြစ်ဖြစ် သွေးဝိညာဉ်ဂိုဏ်းက နတ်ဆိုးလမ်းစဉ် အဖွဲ့အစည်း တစ်ခုပဲ... ပြီးတော့ အဲ့တုန်းက အထက်ဘုံက သွေးဝိညာဉ်ဂိုဏ်းအပေါ် ဆက်ဆံခဲ့တဲ့ ပုံစံရယ် သွေးဝိညာဉ်ဂိုဏ်း လုပ်ကိုင်တဲ့ ပုံစံရယ်ကို ကြည့်မယ်ဆိုရင် ...သူတို့က အထက်ဘုံကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး.. သေချာပေါက် ပြန်ပြီး လက်စားချေမှာ ဒါကြောင့် ငါတို့ဘက်က အရင် စတင် တိုက်ခိုက်တာက ပိုကောင်းတယ်”

“ကောင်းပြီလေ... ဒီကိစ္စကို ဓာတ်ကြီးငါးပါး မြင့်မြတ်နယ်မြေကလည်း တာဝန်ယူမယ်”

ချင်းဇီကျွင်းက ခေါင်းညိတ်၍ ထိုကိစ္စကို သဘောတူလိုက်သည်။

အချိန်နှင့် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ၏ သခင်မြတ် လုရန် နှင့် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ၏ သခင်မြတ် ကျန်းကျဲတို့ကလည်း မည်သည့် ကန့်ကွက်မှုမှ မရှိဘဲ ခေါင်းညိတ်သဘောတူခဲ့သည် ။

ထို့နောက် မဟာမြင့်မြတ်နယ်မြေကြီး ငါးခု၏ ခေါ်ယူမှု နှင့် ကြေညာချက်များအရ ၊ အထက်ဘုံရှိ အင်အားစုများသည် သွေးဝိညာဉ်ဂိုဏ်း၏ တည်ရှိမှုကို သိရှိသွားကြပြီး ကြီးကြီးမားမား ပွက်လောရိုက်ခတ်သွားခဲ့သည်။

“ဘာ... အထက်ဘုံကို ဒီလောက်ထိ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တဲ့ စွမ်းအားကြီးမားတဲ့ နတ်ဆိုးလမ်းစဉ် အဖွဲ့အစည်းကြီးက ခုထိ ရှိနေသေးတာလား”

“ဘာတွေ ထပ်ပြောနေစရာ လိုသေးလို့လဲ... မဟာမြင့်မြတ်နယ်မြေကြီး ငါးခုက ဦးဆောင်နေမှတော့ သူတို့နဲ့ ပူးပေါင်းဖို့က ငါတို့ရဲ့ တာဝန်ပဲလေ”

“ဘာပြောစရာ လိုသေးလို့လဲ... လုပ်သာလုပ်လိုက်”

မကြာမီမှာပင် ၊ အင်မော်တယ်ဧကရာဇ် အဆင့်ရှိ စွမ်းအားရှင် အများအပြားသည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေသို့ ရောက်ရှိလာကြပြီး၊ သွေးဝိညာဉ်ဂိုဏ်းကို ဝိုင်းဝန်းတိုက်ခိုက်ရာတွင် လီဖန်ထျန်းတို့ အဖွဲ့နှင့် ပူးပေါင်းရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုလာကြ၏။

လီဖန်ထျန်းမှာ အတော်လေး ကျေနပ်နေမိသည်။ လူပိုများလေ ပိုကောင်းလေပင် ဖြစ်သည်။

လက်ရှိတွင် အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့် စွမ်းအားရှင် ဆယ်ယောက် ရှိနေပြီး ၊ မဟာမြင့်မြတ်နယ်မြေကြီး ငါးခုစီတိုင်းတွင် အဆင့်ကိုး အင်မော်တယ်ဧကရာဇ် လက်နက် တစ်ခုစီ ပိုင်ဆိုင်ထားကြသည်။

ထို့အပြင် သွေးဝိညာဉ်ဂိုဏ်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသဖြင့် အားနည်းနေသော သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးပစ်ရန်မှာ ပြဿနာ မရှိနိုင်ချေ။

လဝက်ခန့် အချိန်ကာလသည် အလျင်အမြန် ကုန်ဆုံးသွားခဲ့ပြီး ၊ ဤအချိန်ကာလအတွင်း အင်မော်တယ်ဧကရာဇ် စွမ်းအားရှင် တစ်ရာကျော်ခန့်သည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေသို့ ရောက်ရှိလာကြကာ ၊ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးရာတွင် သူတို့လည်း ပူးပေါင်းလိုကြောင်း ထုတ်ဖော် ပြောဆိုလာကြသည်။

လီဖန်ထျန်းသည် ဤကမ်းလှမ်းမှုကို သဘာဝကျကျပင် ကျေကျေနပ်နပ် သဘောတူခဲ့သည် ။ သူတို့အားလုံး မထွက်ခွာမီ ၊ ဝူယီဖန်သည် သူတို့ထံသို့ ရောက်ရှိလာခဲ့သည်။

“သခင်မြတ်... ကျွန်တော့်ကိုရော ခေါ်သွားလို့ ရမလား... ကျွန်တော် အိမ်ပြန်ပြီး မိသားစုကို ဝင်တွေ့ချင်လို့ပါ”

ဝူယီဖန်၏ ပြောဆိုချက်ကို လီဖန်ထျန်းသည် တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သော်လည်း၊ သူသည် တစ်စုံတစ်ခုကို အလျင်အမြန် တွေးမိသွားပြီး တည်ကြည်လေးနက်စွာ ပြောလိုက်၏။

“မင်းရဲ့ မိသားစု တစ်ခုလုံးကို အထက်ဘုံဆီ ခေါ်လာရင် ဘယ်လိုလဲ... ဘာပဲဖြစ်ဖြစ် ရွှမ်ထျန်းကမ္ဘာမှာ နေတာက ငါတို့ တိုက်ပွဲရဲ့ သက်ရောက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်”

လီဖန်ထျန်း၏ စကားကို ကြားသောအခါ ဝူယီဖန်သည် အစပိုင်းတွင် မှင်သက်သွားသော်လည်း ထို့နောက် အလျင်အမြန် ခေါင်းခါလိုက်သည်။

“မလိုပါဘူး သခင်မြတ်... သွေးဝိညာဉ်ဂိုဏ်းက ကျွန်တော်တို့ ဝူမိသားစုရဲ့ ပြိုင်ဘက် မဟုတ်ဘူး”

“အင်း... ကောင်းပြီ‌လေ”

ဝူယီဖန်၏ နောက်ခံကြောင့် လီဖန်ထျန်းသည် အနည်းငယ် အံ့သြသွားသော်လည်း အဆုံးတွင် ဆက်၍ မစုံစမ်းတော့ပေ။ လက်ရှိအချိန်တွင် အရေးအကြီးဆုံးအရာမှာ သွေးဝိညာဉ်ဂိုဏ်းကို အရင် ဖျက်ဆီးပစ်ရန်သာ။

လီဖန်ထျန်းသည် စုရုံးနေသော အင်မော်တယ်ဧကရာဇ် စစ်တပ်ဆီသို့ ချဉ်းကပ်သွားပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“လူကြီးမင်းတို့... ဒီတိုက်ပွဲက အတော်လေး အန္တရာယ် များနိုင်ပေမဲ့ ငါတို့ သွားရမယ့် အကြောင်းရင်းတွေ ရှိတယ်... သွေးဝိညာဉ်ဂိုဏ်းရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကြည့်ရင် ၊ ငါတို့သာ မသွားရင် သွေးဝိညာဉ်ဂိုဏ်းက လက်လျှော့မှာ မဟုတ်သလို ငါတို့ကို ဖျက်ဆီးပစ်မယ့် သူတို့ရဲ့ အကြံအစည်ကိုလည်း ပြောင်းလဲမှာ မဟုတ်ဘူး”

“အကယ်၍ ဒီတိုက်ပွဲကို ငါတို့ မတိုက်ရင် ငါတို့ရဲ့ မျိုးဆက်တွေက နောင်လာမယ့် ခေတ်အဆက်ဆက် တိုက်ခိုက်နေရလိမ့်မယ်... မင်းတို့ အဲ့လို ဖြစ်စေချင်လို့လား... ဒါကြောင့် ဒီတိုက်ပွဲမှာ ငါတို့ နိုင်ကို နိုင်ရမယ်... ရှုံးလို့ လုံးဝ မဖြစ်ဘူး... နားလည်လား”

“နိုင်ကို နိုင်ရမယ်... ရှုံးလို့ လုံးဝ မဖြစ်ဘူး...”

“နိုင်ကို နိုင်ရမယ်... ရှုံးလို့ လုံးဝ မဖြစ်ဘူး...”

“နိုင်ကို နိုင်ရမယ်... ရှုံးလို့ လုံးဝ မဖြစ်ဘူး...”

ထိုနေရာတွင် ရှိနေသော အင်မော်တယ်ဧကရာဇ် အားလုံးသည် တစ်ပြိုက်နက် အော်ဟစ်ကြလေရာ၊ ထိတ်လန့်ဖွယ်ကောင်းသော အသံကြီးသည် အထက်ဘုံ တစ်ခုလုံး၌ ပဲ့တင်ထပ်သွားတော့သည်။

ဤမြင်ကွင်းကို မြင်ပြီးနောက် ၊ လီဖန်ထျန်းသည် နောက်ဆုံးတွင် ကျေနပ်သော အမူအရာကို ပြသလိုက်ပြီး ထို့နောက် ဟစ်အော်လိုက်သည်။

“သွားကြစို့... ငါတို့ရဲ့ ဦးတည်ရာက သွေးဝိညာဉ်ဂိုဏ်းပဲ”

အခန်း ၁၄၂ - ရွှမ်ထျန်းကမ္ဘာရှိ ဧကရာဇ်တာအို ဥပဒေသများ၏ ထိုးဖောက်ဝင်ရောက်ခြင်း

“ဟူး... နောက်ဆုံးတော့ အဆင်သင့် ဖြစ်ပြီ”

သူ့ရှေ့ရှိ ပစ္စည်းများကို ကြည့်ရင်း ဝူယိတောက်က ကျေနပ်နေဟန်ရှိသည်။ အချိန်အတော်ကြာ ပြင်ဆင်ပြီးနောက် ၊ ဝူယိတောက်သည် နောက်ဆုံးတွင် သူ လိုအပ်သော ပစ္စည်းများကို အပြည့်အစုံ စုဆောင်းနိုင်ခဲ့သည်။

“ဒီတိုင်းဆိုရင် နောက်တစ်ဆင့်က ငါ မဟာဧကရာဇ်အဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်အောင် ကူညီပေးဖို့ ... ပတ်ဝန်းကျင်မှာရှိတဲ့ ဝိညာဉ်ချီတွေ အားလုံးကို ဆွဲဆောင်နိုင်မယ့် အစီအရင်တစ်ခုကို ပြင်ဆင်ဖို့ပဲ လိုတော့တယ်...”

“ တစ်ချိန်တည်းမှာပဲ ရွှမ်ထျန်းကမ္ဘာရဲ့ ဧကရာဇ်တာအို ဥပဒေသတွေထဲမှာ အပေါက်တစ်ခုကို ဖန်တီးမယ်... ငါ လုပ်ဖို့ လိုတာက ရွှမ်ထျန်းကမ္ဘာရဲ့ ဧကရာဇ်တာအို ဥပဒေသတွေရဲ့ စည်းတံဆိပ်ကို ဖျက်ဆီးပြီး အပေါက်တစ်ခု ဖန်တီးလိုက်ရုံပဲ... ပြီးတော့ ငါ မဟာဧကရာဇ်အဆင့်ကို ထိုးဖောက်ဝင်ရောက်မယ်”

“ဒီတိုင်းသာဆိုရင် ရွှမ်ထျန်းကမ္ဘာရဲ့ ဧကရာဇ်တာအို ဥပဒေသတွေက အပြည့်အဝ ပွင့်သွားလိမ့်မယ်... ပြီးတော့ လူတိုင်း မဟာဧကရာဇ်အဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး အထက်ဘုံဆီ တက်လှမ်းနိုင်ကြလိမ့်မယ်”

ထိုသို့ပြောပြီးနောက် ဝူယိတောက်သည် အစီအရင်ကြီး တစ်ခုကို ချက်ချင်း တည်ဆောက်လိုက်ပြီး ၊ ထိုအထဲတွင် ဝင်ထိုင်လိုက်သည်။

ဝူယိတောက်မှ အမိန့်ပေးလိုက်သည်နှင့် ၊ အစီအရင်သည် စတင် အသက်ဝင်လာပြီး နောက်တစ်စက္ကန့်တွင် အလယ်ပိုင်းဒေသ တစ်ခုလုံးရှိ ဝိညာဉ်ချီများသည် ဝူယိတောက် ရှိရာ အရပ်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာတော့သည်။

ဤမျှ ကြီးမားသော ရုန်းရင်းဆန်ခက်မှုသည် စွမ်းအားရှင် အများအပြား၏ အာရုံစိုက်မှုကို သဘာဝကျကျပင် ဆွဲဆောင်နိုင်ခဲ့သည်။

“တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းပါ့လား... ဝိညာဉ်ရတနာ တစ်ခုခု ပေါ်လာတာများလား”

“ငါတော့ အဲဒီလို မထင်ဘူး... တစ်ယောက်ယောက်က ဧကရာဇ်တစ်ပိုင်းအဆင့်ကို ထိုးဖောက်ဝင်ရောက်သွားတာ ဖြစ်နိုင်တယ်”

“ဧကရာဇ်တစ်ပိုင်းအဆင့်... မင်း နောက်နေတာလား... ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်တောင် ဒီအဆင့်ထိ မရောက်နိုင်ဘူး မဟုတ်ဘူးလား”

“ရှူး... တစ်ယောက်ယောက်က မဟာဧကရာဇ်အဆင့်ကို ထိုးဖောက်ဝင်ရောက်သွားတာများလား”

တစ်ချိန်တည်းမှာပင် ၊ မြင့်မြတ်နယ်မြေ၌ လင်းထျန်းရီသည် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီးကာစ ဖြစ်ပြီး ၊ ပန်းတစ်သောင်း မြင့်မြတ်နယ်မြေနှင့် မဝေးလှသော နေရာ၌ ဖြစ်ပေါ်နေသော ကြီးမားသော လှုပ်ရှားမှုကို သတိပြုမိကာ သူ၏ အမူအရာသည် တည်ကြည်လေးနက်သွားလေသည်။

“ငါ့ရဲ့ ပန်တစ်သောင်း မြင့်မြတ်နယ်မြေ အနီးတစ်ဝိုက်မှာ ဘယ်သူကများ ဒီလိုလုပ်ရဲတာလဲ”

ထိုသို့ ပြောပြီးနောက် လင်းထျန်းရီသည် ဝူယိတောက် တံခါးပိတ် ကျင့်ကြံနေသော နေရာဆီသို့ ထွက်ခွာသွားခဲ့သည်။

လင်းထျန်းရီ ရောက်ရှိသွားချိန်တွင်၊ အဓိပတိအဆင့် အများအပြားနှင့် ဧကရာဇ်တစ်ပိုင်းအဆင့်များပင် ထိုနေရာ တစ်ဝိုက်၌ ရောက်ရှိနေကြပြီ ဖြစ်၏။

၎င်းတို့သည် ပြိုင်ဘက်ကင်း ဝိညာဉ်ရတနာ တစ်ခုခု ပေါ်ထွက်လာခြင်း ဖြစ်ရမည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ၊ သို့သော် အစီအရင်ထဲတွင် ထိုင်နေသော ဝူယိတောက်ကို မြင်လိုက်ရသဖြင့် ကြောင်အမ်းသွားကြသည်။

ဝူယိတောက်သည် ထိုးဖောက်ဝင်ရောက်နေသည်ကို မြင်ပြီးနောက် ၊ လင်းထျန်းရီမှာ အံ့အားသင့်သွားခဲ့ရသည်။

ဝူယိတောက်၏ နယ်ပယ်ကို ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးရှိ လူတိုင်းနီးပါး သိရှိကြသည်။ သူသည် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့် ဖြစ်၏။ အကယ်၍ နောက်တစ်ဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့လျှင်ဖြင့် ၊ သူသည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာပေတော့မည်။

ထိုနေရာတွင် ရှိနေကြသော အဓိပတိအဆင့် နှင့် ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ ကျင့်ကြံသူတိုင်း ဤအရာကို တွေးမိပုံရကာ စိတ်လှုပ်ရှားစွာဖြင့် ဝူယိတောက်၏ ထိုးဖောက်ဝင်ရောက်နေမှုကို ဘေးမှနေ၍ ကြည့်ရှုနေကြသည်။

ယခင်က ဝူယီဖန်သည် သူ၏ခန္ဓာကိုယ်အဆင့်တိုးတတ်မှုကြောင့် မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ တက်လှမ်းခြင်းသည် နတ်သင်္ချိုင်းတောင်ကြားမှနေ၍ တိုက်ခိုက် ထွက်ပြေးလာခြင်းဖြင့် အောင်မြင်ခဲ့သည်ဟု ဆိုကြ၏။

သို့သော်လည်း ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် နတ်သင်္ချိုင်းတောင်ကြားထဲသို့ ဝင်ရောက်ပြီး တိုက်ခိုက် ထွက်ပြေးနိုင်လောက်အောင် ဝူယီဖန်ကဲ့သို့ စွမ်းအားကြီးမားသူ မည်သူများ ရှိမည်နည်း။

ထို့ကြောင့် ရွှမ်ထျန်းကမ္ဘာတွင် ဝူယီဖန်၏ စံနမူနာကို လိုက်၍ နတ်သင်္ချိုင်းတောင်ကြားထဲသို့ ဝင်ရောက်ပြီး တိုက်ခိုက် ထွက်ပြေးမည့် အရူးသည် လက်ချိုးရေတွက်လို့ ရန်ိုင်သည်။

အကယ်၍ ဝူယိတောက်သည် သူတို့၏ မျက်စိရှေ့တွင် မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်ဖြင့် ၊ ရွှမ်ထျန်းကမ္ဘာ၏ မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်သည့် လမ်းကြောင်းသည် ပြတ်တောက်မသွားဘဲ သူတို့သည်လည်း မဟာဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်တော့မည် မဟုတ်လော။

ထို့ကြောင့် သတင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ၊ ရွှမ်ထျန်းကမ္ဘာရှိ ထင်ရှားကျော်ကြားသူ အားလုံးက ဝူယိတောက်၏ ထိုးဖောက်ဝင်ရောက်မည့် လုပ်ငန်းစဉ်ကို လေ့လာစောင့်ကြည့်ရန် ရောက်ရှိလာကြ၏။

ထိုအရာက သူတို့၏ အနာဂတ်အတွက် ကြီးမားသော အကူအညီ တစ်ခု ဖြစ်လာပေလိမ့်မည်။

ဝူယိတောက်သည် သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သဘာဝကျကျ သိရှိနေသော်လည်း၊ ၎င်းကို ဖုံးကွယ်ထားရန် သူ တစ်ခါမှ မရည်ရွယ်ထားပေ။

ရွှမ်ထျန်းကမ္ဘာရှိ ဧကရာဇ်တာအို ဥပဒေသများ၏ စည်းတံဆိပ်ကို ချိုးဖျက်ခြင်းသည် အတော်လေး ဆူညံပွက်လောရိုက်သွားမည်ကို သူ သိသည်။

ထို့အပြင် သူသည် ရွှမ်ထျန်းကမ္ဘာ၏ အောင်မြင်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်ထားသောကြောင့် သူ၏ ထိုးဖောက်ဝင်ရောက်မှု လုပ်ငန်းစဉ်ကို လူတိုင်းအား လေ့လာစောင့်ကြည့်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၊ ဝူမိသားစု၌ ဝူဟောက်၏ ရင်ခွင်ထဲတွင် မှီ၍ တစ်တော့ ကြည့်နေသော စုချောင်ရန်သည် တစ်စုံတစ်ခုကို မြင်လိုက်ရသဖြင့် သူမ၏ မျက်လုံးများသည် အရောင်လက်သွားပြီး အလျင်အမြန် အော်ဟစ်လိုက်၏။

“ယောကျ်ား... ကြည့်စမ်း... ယိတောက်က မဟာဧကရာဇ် နယ်ပယ်ကို ထိုးဖောက်ဝင်ရောက်တော့မှာလား”

ဝူဟောက်သည် တစ်တော့ပေါ်ရှိ ဘလော့ဂါ တစ်ဦး တင်ထားသော ဗီဒီယို တစ်ခုကို မြင်လိုက်ရသည်။

ဝူမိသားစု ပါရမီရှင် ဝူယိတောက် ၊ မဟာဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်တော့မည်ဟု သံသယရှိ။

“မှန်တယ်... ယိတောက်က မဟာဧကရာဇ်အဆင့်ကို ထိုးဖောက်ဝင်ရောက်တော့မယ်... ပြီးရင် မင်းလည်း မဟာဧကရာဇ်အဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်ပြီ”

ဝူဟောက်သည် ခေါင်းညိတ်ပြလိုက်သည်။ ထိုဘက်ရှိ အခြေအနေသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

ဤစကားကို ကြားလိုက်ရချိန်တွင် စုချောင်ရန်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သိလိုစိတ် ပြင်းပြကာ မေးလိုက်သည်။

“ဒါဆို ယောကျ်ားက ရွှမ်ထျန်းကမ္ဘာရဲ့ ဧကရာဇ်တာအို ဥပဒေသတွေရဲ့ စည်းတံဆိပ်ကို ဖြည်နိုင်တာပေါ့”

“အင်း...မင်း ခန့်မှန်းကြည့်လေ”

ဝူဟောက်သည် ပြုံး၍ လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။ စုချောင်ရန်သည် ဝူဟောက်၏ ခါးကို ဖမ်းဆွဲကာ အသားကို လိမ်ဆွဲလိုက်သည်။

ရုတ်တရက် ကျဉ်ခနဲ ဖြစ်သွားသော ခံစားချက်ကြောင့် ဝူဟောက်မှာ သနားညှာတာပေးရန် မိန်းမဖြစ်သူအား တောင်းပန်ရတော့သည်။

“အား... အား... အား... ရပ်ပါတော့ မိန်းမရာ”

“အင်း... ဒါဆို မြန်မြန် ပြော... ဖြည်နိုင်လား”

စုချောင်ရန်သည် သဘောတူသည့်အနေဖြင့် အသံပြုလိုက်ပြီးနောက် ဆက်မေးလိုက်သည်။

ထိုအရာအတွက် ပြဿနာမရှိနိုင်ကြောင်း သူမ သိထားသော်လည်း ၊ သို့သော် ဝူဟောက် ကိုယ်တိုင် အတည်ပြုသည်ကို သူမ ကြားချင်နေသေး၏။

အခြား ရွေးချယ်စရာ မရှိတော့သဖြင့် ၊ ဝူဟောက်သည် သက်ပြင်းတစ်ချက် ချလိုက်ရင်း။

“ဟုတ်တယ်... အဲ့တာက ဧကရာဇ်တာအို ဥပဒေသတွေရဲ့ စည်းတံဆိပ်ပဲ... ငါ့အတွက် အလွယ်တကူ ချိုးဖျက်နိုင်တယ် ဆိုပေမယ့် ၊ ဒါပေမဲ့ ဒါက စမ်းသပ်မှု တစ်ခုလေ... ယိတောက်က အဲ့တာကို ချိုးဖျက်နိုင်စွမ်း ရှိမှတော့ ယိတောက်ကိုပဲ ချိုးဖျက်ခိုင်းလိုက်ပါ... ပြီးတော့ ဘာပဲဖြစ်ဖြစ် မင်းက မဟာဧကရာဇ်အဆင့်ကို အဲဒီလောက် မြန်မြန် ထိုးဖောက်ဝင်ရောက်နိုင်မှာမှ မဟုတ်တာ”

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ၊ လက်ရှိတွင် ဝူဟောက်သည် အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ၊ သိပ်မကြာမီ အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပေတော့မည်။

သူသည် အင်မော်တယ်အရှင်မြတ် အဆင့်သို့ ထိုးဖောက်ဝင်ရောက်သွားသည်နှင့် ၊ အင်မော်တယ်ဧကရာဇ် တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နိုင်တော့မည်ဟု ယူဆထားသည်။

ထို့ကြောင့် အောက်ဘုံ၏ ဧကရာဇ်တာအို ဥပဒေသ အသေးစားလေး တစ်ခု၏ စည်းတံဆိပ်ကို ချိုးဖျက်ခြင်းသည် သူ့အတွက် အလွန် လွယ်ကူပေသည်။

လက်ရှိ ဝူမိသားစုထဲတွင် စုချောင်ရန်နှင့် ဝူချီထျန်းတို့သာ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြသေးသည်။ အခြားသူများမှာ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသေးသဖြင့် လတ်တလောတွင် အလျင်စလို လုပ်ရန် မလိုအပ်သေးပေ။

ထို့ကြောင့် ယိတောက် ကိုယ်တိုင် စည်းတံဆိပ်ဖြည်မည့် အချိန်ကို စောင့်ဆိုင်းခြင်းသည် အချိန်မနှောင်းသေးပေ။

တစ်ချိန်တည်းမှာပင် ရွှမ်ထျန်းကမ္ဘာရှိ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားရှင်များ၏ စောင့်ကြည့်မှုအောက်တွင် ၊ အလယ်ပိုင်းဒေသရှိ ဝိညာဉ်ချီများ အားလုံးသည် ဝူယိတောက်ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခံနေရသည်။

ထိုအချိန်မှာပင် အစီအရင်သည် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံး၏ စွမ်းအားများကို စုပ်ယူနေပြီး ၊ ဧကရာဇ်တာအို ဥပဒေသများ၏ စည်းတံဆိပ်ကို ချိုးဖျက်ရန် စွမ်းအင်များကို စုဆောင်းနေသည်။

နောက်ဆုံးတွင် ဝူယိတောက်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ချီများသည် ပြီးပြည့်စုံခြင်း အခြေအနေသို့ ချဉ်းကပ်လာသည်နှင့်အမျှ ၊ အစီအရင်၏ စွမ်းအင် သိုလှောင်နိုင်စွမ်းကလည်း အကန့်အသတ်သို့ ရောက်ရှိသွားခဲ့သည်။

ဝူယိတောက်သည် ရုတ်တရက် မျက်လုံးဖွင့်လာပြီး ဟိန်းဟောက်လိုက်သည်။

“သွားစမ်း...”

ပတ်ဝန်းကျင်ရှိ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားရှင်များမှာ ဝူယ်ိတောက်၏ ဆိုလိုရင်းကို နားမလည်ကြပေ။

ထို့နောက်တွင် ဝူယ်ိတောက်ကို ဝန်းရံထားသော အစီအရင် ကျောက်တုံးများမှ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ၊ သူ၏ လက်ဖဝါးထဲသို့ အလျင်အမြန် ကျရောက်သွားကာ လက်ဖဝါးအရွယ်အစားရှိသော အလင်းလုံး တစ်ခုအဖြစ် ပုံပေါ်လာခဲ့သည်။

ထို့နောက် ဝူယိတောက်သည် ထိုအလင်းလုံးကို အပြင်သို့ ပေါ့ပေါ့ပါးပါး ပစ်ပေါက်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ထိုအလင်းလုံးသည် ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင် နယ်ပယ်အတွင်းသို့ ပျောက်ကွယ်သွားခဲ့သည်။

သူ ဘာလုပ်နေတာလဲ။

ထိုနေရာတွင် ရှိနေကြသော ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ စွမ်းအားရှင်များသည် စူးစမ်းလိုသော အကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသော်လည်း ၊ အမည်မသိ အကြောင်းရင်းကြောင့် လူတိုင်း စိတ်လှုပ်ရှားလျက် ရှိနေသည်။

ထိုအခိုက်အတန့်မှာပင် ၊ ဧကရာဇ်တာအို ဥပဒေသများ၏ စည်းတံဆိပ်ထဲတွင် အပေါက်တစ်ခု ပွင့်ထွက်သွားခဲ့သည်။

ဝူယိတောက်သည် တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချုပ်နှောင်မှုများကို ချိုးဖျက်လိုက်ပြီး ၊ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်မှ မဟာဧကရာဇ်အဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့သည်။

ဝူယိတောက်သည် မဟာဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံး တုန်ခါသွားလေတော့သည်။

All Chapters