အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း ၁၄၃ - မဟာဧကရာဇ်အဖြစ် တက်လှမ်းခြင်း၊ အင်မော်တယ်ဧကရာဇ်များ ဆင်းသက်လာခြင်း
ဝူယိတောက်၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး လောကတစ်ခုလုံးကို လင်းထိန်သွားစေသည်။
ဤအခိုက်အတန့်တွင် ၊ ရွှမ်ထျန်းကမ္ဘာရှိ သက်ရှိအားလုံးသည် ကြီးမားသော ဝမ်းသာစရာ ကိစ္စကြီး တစ်ခုကို ကြုံတွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားနေကြသည်။
ဒါနဲ့တင် မပြီးသေးချေ။ ဝူယိတောက်သည် မဟာဧကရာဇ် တစ်ပါး ဖြစ်လာပြီးနောက် ၊ ရွှမ်ထျန်းကမ္ဘာရှိ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင် အားလုံးတို့သည်လည်း မိမိတို့၏ ချုပ်နှောင်မှုများမှာ ချိုးဖျက်ခံလိုက်ရသကဲ့သို့ အက်ကွဲသံ တစ်သံကို ကြားလိုက်ရသည်။
ထိုနေရာတွင် ရှိနေကြသော ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင်များသည် မယုံနိုင်သော အကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
“အစောက ရုန်းရင်းဆန်ခတ်မှုကြီးက ဝူယိတောက် မဟာဧကရာဇ် ဖြစ်သွားလို့လား... ဒါဆို အခု ငါတို့လည်း မဟာဧကရာဇ်အဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်ပြီပေါ့”
လင်းရွှေရိုသည် လီထိုက်ပိုင်နှင့် လေဝမ်ယွင်တို့ကို လှမ်းကြည့်လိုက်ပြီး ချီတုံချတုံ လေသံဖြင့် ပြောလိုက်သည်။
လီထိုက်ပိုင်က ခေါင်းညိတ်ပြလိုက်၏။
“ဖြစ်နိုင်ခြေ များတယ်... ငါတို့ ပြန်ရောက်တဲ့အခါ မဟာဧကရာဇ်အဆင့်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားကြည့်သင့်တယ်..အံ့သြဖွယ် ကောင်းတဲ့ အကျိုးသက်ရောက်မှု တစ်ခုတော့ ရှိနိုင်တယ်”
ထိုသို့ ပြောပြီးနောက် ၊ လူတိုင်းက ဝူယိတောက် ရှိရာ အရပ်ဆီသို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ ၊ ဝူယိတောက်သည် မဟာဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ရုံသာ ရှိသေးပြီး မိုးကြိုးကပ်ဘေး၏ သန့်စင်မှုကို ခံယူပြီးမှသာ မဟာဧကရာဇ်နယ်ပယ်တွင် အပြည့်အဝ တည်ငြိမ်သွားမည် ဖြစ်သည်။
ဝူယိတောက်သည် မဟာဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်သွားသည့် အခိုက်အတန့်မှာပင် ၊ ရွှမ်ထျန်းကမ္ဘာ၏ အထက် ကောင်းကင်ယံ တစ်ခုလုံးသည် မည်းမှောင်သွားပြီး ဖိနှိပ်ထားသော လေထုကြောင့် ထိုနေရာတွင် ရှိနေသူ အားလုံး အသက်ရှူရ ခက်ခဲလာကြသည်။ ကောင်းကင်ဘုံ၏ စွမ်းအားသည် လွှမ်းမိုးနိုင်လွန်းပြီး ကျော်လွှားရန် မဖြစ်နိုင်ပေ။
သေချာသည်မှာ သူတို့ အားလုံးသည် အားနည်းလွန်းသောကြောင့် ဖြစ်ပြီး ၊ ဝူဟောက်တို့ဘက်တွင်မူ လုံးဝ သက်ရောက်မှု မရှိခဲ့ချေ။
ဝူမိသားစုတွင် မည်သူကမျှ သက်ရောက်မှု မခံရပေ။ ဝူဟောက်သည် အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ၊ ဝူဟောက်၏ သွေးကြော ကောင်းချီးများကြောင့် သာမန် ဖိအားများက ဝူမိသားစုအပေါ်တွင် သက်ရောက်မှု အနည်းငယ်သာ ရှိနိုင်သည်။
ဝူယိတောက်သည် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရသည့်တိုင် သူ၏ အမူအရာသည် တုန်လှုပ်ခြင်း မရှိသည့်အပြင် ၊ သူ၏ မျက်ဝန်းများသည် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များပင် ရှိနေ၏။
နောက်တစ်စက္ကန့်တွင် မိုးကြိုးကပ်ဘေးသည် အရှိန်အဟုန်ဖြင့် ကျဆင်းလာသော်လည်း၊ ဝူယိတောက်၏ ဝိညာဉ်ချီများက ၎င်းကို ပိတ်ဆို့ထားခဲ့သည်။ မိုးကြိုးကပ်ဘေးသည် ဝူယိတောက်၏ ဝိညာဉ်ချီများကိုပင် မထိုးဖောက်နိုင်ခဲ့ချေ။
ထိုနေရာတွင် ရှိနေသော ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ စွမ်းအားရှင်တိုင်း ထိတ်လန့်သွားကြသည်။ အကယ်၍ သူတို့သည် ထိုကပ်ဘေး ဖြတ်ကျော်ရမည် ဆိုပါက ၊ အခြေအနေသည် အလွန် ဆိုးရွားနိုင်ပြီး အပြည့်အဝ ပြင်ဆင်ထားမှသာလျှင် အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း သိထားကြသည်။
သို့သော်လည်း ဝူယိတောက်ထံတွင် မည်သည့် ကမောက်ကမဖြစ်မှုကိုမျှ မမြင်တွေ့ခဲ့ရပေ။ သူတို့ အားလုံး မြင်တွေ့ခဲ့ရသည်မှာ ဝူယိတောက်၏ မြင့်မားသော စိတ်ဓာတ်နှင့် အနိုင်မခံ အရှုံးမပေးလိုသော အမူအရာသာ ဖြစ်သည်။
နောက်ဆုံးမိုးကြိုးကပ်ဘေး လျော့ကျသွားသည်နှင့် ၊ ဝူယိတောက်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ရှိ စွမ်းအားရှင်များကို ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“လူကြီးမင်းတို့... ဧကရာဇ်တာအို ဥပဒေသတွေ ပျက်စီးသွားပြီ... ဒီနေ့ကစပြီး ဘယ်သူမဆို မဟာဧကရာဇ်အဆင့်ကို အတားအဆီးမရှိ တတ်လှမ်းနိုင်ပြီ”
ဝူယိတောက်၏ စကားကို ကြားလိုက်ရချိန်တွင် ၊ ထိုနေရာတွင် ရှိနေကြသော ပုဂ္ဂိုလ်တိုင်း ထိတ်လန့်သွားကြသည်။ သူတို့သည်လည်း ယခုမှစ မဟာဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်တော့မည် မဟုတ်လော။
နောက်တစ်စက္ကန့်တွင် ထိုနေရာတွင် ရှိနေကြသော စွမ်းအားရှင်များသည် ရိုသေလေးစားစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် ဝူ ဧကရာဇ်...”
“ကျေးဇူးတင်ပါတယ် ဝူ ဧကရာဇ်...”
“ကျေးဇူးတင်ပါတယ် ဝူ ဧကရာဇ်...”
သို့သော်လည်း ထိုနေရာတွင် ရှိနေသော စွမ်းအားရှင်များ၏ စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်ရလျှင် ၊ သွေးဝိညာဉ်ဂိုဏ်းအတွင်းမှ ရွှယ်ယွမ်၏ အမူအရာမှာ အတော်လေး ကြည့်ရဆိုးနေသည်။
အင်မော်တယ်အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိသူ တစ်ယောက်အနေဖြင့် ၊ သူသည် အပြင်ဘက်ရှိ အခြေအနေကို သဘာဝကျကျပင် အာရုံခံနိုင်သည်။
“သောက်ကျိုးနည်း... ငါ့အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်တာ ဘယ်သူလဲ... ငါလုပ်ထားတာတွေကို ဘာလို့ တစ်ယောက်ယောက်က ဖျက်ဆီးပစ်ရတာလဲ”
ရွှယ်ယွမ်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ၊ သူ၏ ဟိန်းဟောက်သံသည် နတ်သင်္ချိုင်းတောင်ကြား တစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။
ရှုံးနိမ့်ပြီးနောက် သွေးဝိညာဉ်ဂိုဏ်း၏ စွမ်းအားရှင်များသည် ပြင်းထန်သော ဒဏ်ရာများကြောင့် ပြန်လည် သက်သာလာစေရန် အိပ်မောကျသွားခဲ့ကြသဖြင့် ၊ သွေးဝိညာဉ်ဂိုဏ်း၏ ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းရန် ရွှယ်ယွမ်ထံသို့ လွှဲပြောင်းပေးခဲ့ရသည်။
ရွှယ်ယွမ်သည် နတ်သင်္ချိုင်းတောင်ကြားမှတစ်ဆင့် ရွှမ်ထျန်းကမ္ဘာကို ရှာဖွေတွေ့ရှိခဲ့၏။ ဧကရာဇ်တာအို ဥပဒေသများက ရွှမ်ထျန်းကမ္ဘာကို တံဆိပ်ခတ်ထားပြီး ဖြစ်ရာ ၊ မည်သူမျှ လုပ်ကြံခံရခြင်း မရှိသရွေ့ သူနှင့် သွေးဝိညာဉ်ဂိုဏ်းသည် ဤနေရာ၌ ပုန်းအောင်းနေသည်ကို မည်သူကမျှ သိရှိမည် မဟုတ်ပေ။
ရွှမ်ထျန်းကမ္ဘာ၏ ဧကရာဇ်တာအို ဥပဒေသများပေါ်ရှိ စည်းတံဆိပ်ကို တစ်ယောက်ယောက်က ချိုးဖျက်ခဲ့လိမ့်မည်ဟု သူ တစ်ခါမှ မျှော်လင့်မထားခဲ့ချေ။ ဝူယီဖန်သည် အထက်ဘုံသို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သော်လည်း ၊ သွေးဝိညာဉ်ဂိုဏ်းသည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
အကယ်၍ ရွှမ်ထျန်းကမ္ဘာ၏ ဧကရာဇ်တာအို ဥပဒေသများသာ ပျက်စီးသွားပါက ၊ ရွှမ်ထျန်းကမ္ဘာသည် အထက်ဘုံ၏ အာရုံစိုက်မှုကို သေချာပေါက် ခံရနိုင်သည်။ သွေးဝိညာဉ်ဂိုဏ်း၏ တည်ရှ်ိမှုကို ရှာတွေ့သွားခဲ့မည်ဆိုပါက ၊ သွေးဝိညာဉ်ဂိုဏ်း၏ လက်ရှိ အခြေအနေအရ သူတို့သည် ဤနေရာမှ ထွက်ခွာရန်အတွက် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ရနိုင်သည်။
“သောက်ကျိုးနည်း... အဖေသာ နိုးလာခဲ့ရင် ငါ ဒီလောက် ကြောက်နေမှာ မဟုတ်ဘူး... အခုတော့ အဆိုးဆုံးအတွက် ပြင်ဆင်ပြီး အဖေ့ကို အချိန်မတိုင်ခင် နှိုးရတော့မှာပဲ”
ရွှယ်ယွမ်၏ အမူအရာသည် မည်းမှောင်နေပြီး စိတ်ထဲတွင် တွေးတောလိုက်သည်။
သို့သော် ကိစ္စများသည် အဆိုးရွားဆုံး အခြေအနေသို့ မရောက်သေးပေ။ အကယ်၍ နောက်ထပ် နှစ်တစ်ရာ အချိန်ရခဲ့မည်ဆိုပါက ၊ သူ၏ ဖခင်သည် အပြည့်အဝ နိုးထလာနိုင်မည် ဖြစ်ပြီး ၊ သူ၏ စွမ်းအားဖြင့် လက်ရှိ ပြဿနာ အများစုကို သေချာပေါက် ဖြေရှင်းနိုင်ပေလိမ့်မည်။
ရွှယ်ယွမ်သည် ဤသို့ တွေးနေစဉ်မှာပင် ၊ နောက်တစ်စက္ကန့်တွင် ရွှမ်ထျန်းကမ္ဘာ၏ အချိန်နှင့် ဟင်းလင်းပြင် တစ်ခုလုံးသည် ရပ်တန့်သွားဟန်ရှိသည်။
လူတိုင်း လှုပ်ရှား၍ မရဖြစ်သွားပြီး ၊ ဧကရာဇ်တစ်ပိုင်းအဆင့် အထက်ရှိ စွမ်းအားရှင်များသာလျှင် ထိုအခြေအနေကို အာရုံခံနိုင်သည်။ ထိုသူများ၏ မျက်နှာထက်တွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
တစ်ချိန်တည်းမှာပင် ၊ ဝူမိသားစုဝင် ဖြစ်သော ဝူဟောက်၏ မျက်နှာထက်တွင်လည်း အံ့သြသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“အိုး... စိတ်ဝင်စားစရာပဲ... ဒါက... အင်မော်တယ်ဧကရာဇ်တွေ ရောက်လာတာလား”
ဝူဟောက်၏ အမူအရာသည် တည်ကြည်လေးနက်နေခဲ့သည်။ သူသည် အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့်သာ ရှိသေးသော်လည်း ၊ ကျူးကျော်လာသူများသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထို့အပြင် တစ်ယောက်ထက်မက ရှိနေသည်ကို အာရုံခံစားမိသည်။
နောက်တစ်စက္ကန့်တွင်၊ ရွှမ်ထျန်းကမ္ဘာပေါ်၌ ပုံရိပ် ရာနှင့်ချီ၍ ထွက်ပေါ်လာသည်။ ထိုအနှီပုံရိပ်များ အပြည့်အဝ ဆင်းသက်လာပြီးနောက်တွင် ၊ ရွှမ်ထျန်းကမ္ဘာရှိ သက်ရှိသတ္တဝါတိုင်း သတိပြန်ဝင်လာကြပြီး ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။
သူတို့သည် လေထဲတွင် ရပ်နေရုံသာ ဖြစ်သော်လည်း ၊ သူတို့ထံမှ ဖြာထွက်နေသော အငွေ့အသက်များသည် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို လွှမ်းမိုးထားပြီး ဟင်းလင်းပြင်ကို တစ်လက်မချင်း အက်ကွဲသွားစေသည်။
သို့သော်လည်း ဟင်းလင်းပြင်၏ ပျက်စီးမှုများက အလျင်အမြန် ပြန်လည် ကောင်းမွန်လာခဲ့သည်။
ရွှမ်ထျန်းကမ္ဘာ၏ ကောင်းကင်တာအိုသည်ပင် ထိတ်လန့်တကြား ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ ၊ သာမန် အောက်ဘုံလေး တစ်ခုဖြစ်သော သူ့ပိုင်နက်တွင် ဤမျှ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များ လာရောက်လည်ပတ်စေရန် သူသည် မည်သည့် ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့လေသနည်း ။
ထို့အပြင် ၎င်းတို့အားလုံးသည် သူ့အနေဖြင့် ထိုးဖောက်၍ မမြင်နိုင်သော နယ်ပယ်အဆင့်များကို ပိုင်ဆိုင်ထားကြသည်။
ထို့ကြောင့် လက်ရှိ ရွှမ်ထျန်းကမ္ဘာ၏ ကောင်းကင်တာအိုအနေဖြင့် ၊ သူတို့သည် မိမိ၏ ရွှမ်ထျန်းကမ္ဘာကို ဖျက်ဆီးရန်ရောက်ရှိလာခြင်း မဟုတ်ပါစေနှင့်ဟုသာ ဆုတောင်းနိုင်တော့သည်။ သို့မဟုတ်ပါက ၊ သူသည် သေမည့်အချိန်ကို စောင့်နေရုံသာ ရှိတော့သည်။
“တကယ်ပဲ သွေးဝိညာဉ်ဂိုဏ်းပဲ”
ဤသည်မှာ လီဖန်ထျန်းတို့ အဖွဲ့ ရောက်ရှိလာခြင်း ဖြစ်သည်။ ရွှမ်ထျန်းကမ္ဘာသို့ ဝင်ရောက်လာပြီးနောက် ၊ သူတို့ အားလုံးသည် နတ်သင်္ချိုင်းတောင်ကြားဆီသို့ တည်ကြည်လေးနက်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
အချိန်များစွာ ကုန်လွန်သွားခဲ့သော်လည်း ၊ အထက်ဘုံအပေါ် ကျူးလွန်နှိပ်စက်ခဲ့သည့် သွေးဝိညာဉ်ဂိုဏ်း၏ ညှဉ်းပန်းမှုများကို သူတို့ ဘယ်သောအခါမှ မေ့ပျောက်သွားမည် မဟုတ်။
“သခင်မြတ်... အဲ့လိုဆိုရင်လည်း ကျွန်တော် မိသားစုဆီ အရင် ပြန်သွားလိုက်ဦးမယ်”
တစ်ချိန်တည်းမှာပင် ၊ ဝူယီဖန်သည် လီဖန်ထျန်းကို ဦးညွှတ်၍ ထွက်ခွာသွားခဲ့သည်။ လီဖန်ထျန်းသည် သူ့ကို မတားဆီးခဲ့ချေ။ မည်သို့ပင်ဖြစ်စေ ၊ ဝူယီဖန်ကို နတ်သင်္ချိုင်းတောင်ကြားထဲသို့ ခေါ်သွားခြင်းသည် အလွန် အန္တရာယ် များသည်။
“လူကြီးမင်းတို့... ဒီလိုဆိုမှတော့ အားလုံး အတူတကွ တိုက်ခိုက်ကြစို့”
ထိုသို့ ပြောပြီးနောက် ၊ လီဖန်ထျန်းသည် ထိုနေရာတွင် ရှိနေသော အင်မော်တယ်ဧကရာဇ် စစ်သည်များကို ဦးဆောင်၍ နတ်သင်္ချိုင်းတောင်ကြားဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေသည်။
ဤအခိုက်အတန့်တွင် ၊ နတ်သင်္ချိုင်းတောင်ကြားအတွင်းမှ ရွှယ်ယွမ်သည် လီဖန်ထျန်းနှင့် အင်မော်တယ်ဧကရာဇ်တို့၏ တည်ရှိမှုကို သဘာဝကျကျပင် အာရုံခံမိသွားပြီး ၊ သူသည် ဤစကားလုံး နှစ်လုံးကို ရေရွတ်လိုက်သည်။
“ သေစမ်း...”
အခန်း ၁၄၄ - တိုက်ပွဲ စတင်ခြင်း၊ အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်
တစ်ချိန်တည်းမှာပင် ဝူယိတောက်နှင့် အခြားသူများသည်လည်း ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြ၏။ ဝူယိတောက်သည် ဟွမ်သွမ့် မဟာဧကရာဇ်၏ အမွေအနှစ်ကို ရရှိထားခဲ့သဖြင့် သူတို့ရှေ့က ပုဂ္ဂိုလ်များသည် အင်မော်တယ်အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိသော စွမ်းအားရှင်များဖြစ်ပြီး ၊ ဟွမ်သွမ့် မဟာဧကရာဇ်ထက် ပို၍ စွမ်းအားကြီးမားကြောင်းကို သဘာဝကျကျပင် သူ သိရှိထားသည်။
“အစ်ကို ယီဖန်... အစောကဟာတွေက ဘာတွေလဲ”
ဝူယီဖန် ရောက်လာသည်ကို မြင်သောအခါ ဝူယိတောက်သည် တည်ကြည်လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
ပတ်ဝန်းကျင်ရှိ ဧကရာဇ်တစ်ပိုင်းအဆင့် ရှိ စွမ်းအားရှင်များသည်လည်း ဝန်းရံလာကြပြီး အစောက တွေ့လိုက်ရသော စွမ်းအားရှင်များ၏ အထောက်အထားကို သိချင်နေကြ၏။
ဝူယီဖန်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
“သူတို့က သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးဖို့ ဒီနေရာကို ရောက်လာကြတဲ့ အင်မော်တယ်ဧကရာဇ်တွေပဲ”
“အင်မော်တယ်ဧကရာဇ် ဟုတ်လား... အဲဒါက ဘယ်လို နယ်ပယ်မျိုးလဲ”
“ သူတို့က ငါ့ကို အတွေးတစ်ချက်တည်းနဲ့တင် သတ်ပစ်နိုင်တယ်လို့ ငါ ခံစားနေရတယ်”
ထိုနေရာတွင် ရှိနေကြသော ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ စွမ်းအားရှင်များသည် စိတ်ထဲတွင် ရေရွတ်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် မည်သူကမျှ ရွှမ်ထျန်းကမ္ဘာကို အကဲဖြတ်ခြင်း မရှိခဲ့ဖူးသဖြင့် ဧကရာဇ်တာအို အထက်ရှိ နယ်ပယ်ကို မည်သူမှ မသိကြပေ။
ဤစကားကို ကြားပြီးနောက် ဝူယိတောက်၏ အမူအရာသည် အလွန် လေးနက်သွားသည်။ ဟွမ်သွမ့် မဟာဧကရာဇ်၏ အမွေအနှစ်ကို လက်ခံပြီးနောက် ၊ သူသည် ဟွမ်သွမ့် မဟာဧကရာဇ်၏ အကြောင်းကို သိရှိခဲ့ရသည်။
ဟွမ်သွမ့် မဟာဧကရာဇ်သည် နတ်သင်္ချိုင်းတောင်ကြားထဲသို့ မတော်တဆ ဝင်ရောက်သွားခဲ့ပြီး ၊ နောက်ပိုင်းတွင် နတ်သင်္ချိုင်းတောင်ကြားမှ ထွက်လာကာ တက်လှမ်းခြင်း ပြုလုပ်နိုင်ခဲ့သည်။
သို့သော်လည်း ဟွမ်သွမ့် မဟာဧကရာဇ်သည် ထိုအချိန်က မှတ်ဉာဏ်များကို တမင်သက်သက် ဖျက်ပစ်ခဲ့ပုံရသည်။ ဝူယိတောက်ပင်လျှင် ဘာဖြစ်ခဲ့ကြောင်းကို မသိသဖြင့် ထိုအကြောင်းကို ဆက်မတွေးရန်သာ ဆုံးဖြတ်လိုက်သည်။
“ကောင်းပြီ... အရင် အိမ်ပြန်ကြစို့... သွေးဝိညာဉ်ဂိုဏ်းကိစ္စနဲ့ ပတ်သက်ပြီး ဘိုးဘေးကြီးရဲ့ အကူအညီကို ငါတို့ လိုအပ်လောက်တယ်”
ထိုသို့ ပြောပြီးနောက် ၊ ဝူယီဖန်သည် ဝူယိတောက်ကို ခေါ်၍ ဝူမိသားစုဆီသို့ ပြန်လာခဲ့သည်။ ထိုနေရာတွင် ရှိနေသော ရွှမ်ထျန်းကမ္ဘာမှ ဧကရာဇ်တစ်ပိုင်းအဆင့်များကလည်း အသီးသီး ထွက်ခွာလာခဲ့ကြသည် ။
သူတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပြန်ရောက်ပြီးနောက် မဟာဧကရာဇ်အဆင့်ကို ထိုးဖောက်ရန် ကြိုးပမ်းလေတော့သည်။ ဝူယိတောက်သည် သူတို့ရှေ့တွင် မဟာဧကရာဇ်အဆင့်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ယခုမှစ၍ သူတို့လည်း မဟာဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝူမိသားစုအတွင်းရှိ ဝူဟောက်၏ အမူအရာကလည်း အလွန်ပင် ထူးဆန်းနေခဲ့သည်။ အထူးသဖြင့် ဝူယိတောက်သည် မဟာဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီးနောက် ၊ သူသည်လည်း အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့်မှ အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။
“နောက်တစ်ဆင့်က အင်မော်တယ်အရှင်မြတ်အဆင့်ကို ထိုးဖောက်ဝင်ရောက်ဖို့ ပြင်ဆင်ရမှာပဲ... ဒါပေမဲ့ လက်ရှိ တိုးတက်မှု အခြေအနေကို ကြည့်ရင် ရေတိုအတွင်း အင်မော်တယ်အရှင်မြတ်အဆင့်ကို ထိုးဖောက်ဝင်ရောက်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး”
ဝူဟောက်သည် စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ဝူယီဖန် ပြန်ရောက်လာသည့် သတင်းကို လင်းဇီရှင်းနှင့် ဝူတုံတို့ကို ပြောပြလိုက်သည်။ ထိုသတင်းကို ကြားသည်နှင့် လင်းဇီရှင်း၏ အမူအရာသည် တောက်ပသွားပြီး သူမသည် တံခါးပိတ် ကျင့်ကြံနေရာမှ ထွက်လာခဲ့၏။
ဝူယိတောက်သည် ဧကရာဇ်တာအို ဥပဒေသများကို ချိုးဖျက်ခဲ့ခြင်းကြောင့်လား မသိနိုင်သော်လည်း ၊ လင်းဇီရှင်းသည် ဧကရာဇ်တစ်ပိုင်း အလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ မဟာဧကရာဇ် တစ်ပါး ဖြစ်လာရန် အလှမ်းဝေးနေသေးသော်လည်း သာမန် ပါရမီရှင် တစ်ယောက်ထက်တော့ များစွာ ပိုမြန်သည်ဟု ဆိုရမည်။
ထိုအချိန်၌ ဝူတုံမှာ မဟာသူတော်စင် အထွတ်အထိပ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီးကာစ ဖြစ်ပြီး ၊ ဖခင်ဖြစ်သူ ပြန်ရောက်လာသည့် သတင်းကို ကြားရသောအခါ ဝူမိသားစုဆီသို့ အလျင်အမြန် ပြေးလာခဲ့၏။
ဝူယီဖန်သည် သူတို့ကို ပြုံးရွှင်စွာဖြင့် ကြည့်ရင်း ပြောလိုက်သည်။
“ဇီရှင်း... သား... ကိုယ် ပြန်ရောက်ပြီ”
ထိုသို့ ပြောပြီးနောက် ဝူယီဖန်သည် လင်းဇီရှင်းကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရာ ၊ ဝူဟောက်နှင့် အခြားသူများမှာ လိမ္မာပါးနပ်စွာဖြင့် ခေါင်းလွှဲလိုက်ကြသည်။
အချိန်အတော်ကြာပြီးနောက်မှ ဝူယီဖန်သည် လင်းဇီရှင်းနှင့် အလွမ်းသယ်၍ ပြီးသွားခဲ့ပြီး ဝူဟောက်ထံသို့ ချဉ်းကပ်လာခဲ့သည်။
လင်းဇီရှင်းနှင့် အခြားသူများကလည်း ဝူယီဖန် အထက်ဘုံ၌ ရှိနေစဉ် ဆယ့်ငါးနှစ်တာ ကာလအတွင်း ဘာတွေ တွေ့ကြုံခဲ့ရသည်ကို သိရှိသွားကြပြီး ၊
အထူးသဖြင့် ဝူယီဖန်သည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သူတော်စင် ဖြစ်လာခဲ့ကြောင်း သိလိုက်ရချိန်တွင် သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ထို့အပြင် ဝူယီဖန်သည် သွေးဝိညာဉ်ဂိုဏ်းကို အရေးယူရန် ရည်ရွယ်ချက်ဖြင့် ရွှမ်ထျန်းကမ္ဘာသို့ ရာနှင့်ချီသော အင်မော်တယ်ဧကရာဇ် စွမ်းအားရှင်များကို ခေါ်ဆောင်လာခဲ့ကြောင်း သိရှိပြီးနောက် ၊ လူတိုင်း၏ အမူအရာများသည် ဖော်ပြ၍ မရအောင်ပင် အံ့အားသင့်သွားကြသည်။
“ဘိုးဘေး... တကယ်လို့များ သခင်မြတ်နဲ့ အခြားသူတွေက နောက်ကျရင် သွေးဝိညာဉ်ဂိုဏ်းက လူတွေနဲ့ ပြိုင်ဘက် မဟုတ်ခဲ့ရင် ဘိုးဘေးအနေနဲ့ ကူညီပေးနိုင်မလား”
ဝူယီဖန်သည် ခဏတာ ချီတုံချတုံ ဖြစ်သွားပြီးနောက် ၊ ဝူဟောက်ကို ကြည့်ကာ ပြတ်သားစွာ မေးကြည့်လိုက်သည်။
ဝူဟောက်သည် ထိုစကားကို ကြားလိုက်ရချိန်တွင် ခဏတာ အံ့အားသင့်သွားသည် ။
ငါက အင်မော်တယ်ဧကရာဇ်တွေနဲ့ တိုက်ရမှာလား... တကယ်ကြီးလား...
သို့သော်လည်း ဝူဟောက်သည် အင်မော်တယ်ဧကရာဇ်နှင့် တစ်ခါမှ မတိုက်ခိုက်ဖူးသဖြင့် သူသည် အင်မော်တယ်ဧကရာဇ်၏ ပြိုင်ဘက် ဟုတ်မဟုတ်ကို မသိနိုင်ပေ။
လတ်တလောတွင် သူသည် မဆုံးဖြတ်ရဲသောကြောင့် သက်ပြင်းတစ်ချက် ချကာ ပြန်ပြောလိုက်သည်။
“သားတော် ယီဖန်... ဘိုးဘေး ငါက သာမန်လူတွေကို ကျော်လွန်နေတဲ့ တည်ရှိမှု တစ်ခုပဲ... ကံတရားဆိုတာ အမှောင်ထဲမှာ လွတ်လွတ်လပ်လပ် စီစဉ်ထားပြီးသားလေ... တခြားသူတွေရဲ့ ကံတရားကို ငါ့စိတ်တိုင်းကျ ဝင်မစွက်ဖက်ဘူး... ဒါကြောင့် နောက်ကျရင် ငါ့ကို အတင်းအကျပ် ဖိအားပေးလာရင်တောင် ငါ ဝင်မပါလောက်ဘူး”
ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် ဝူယီဖန်မှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်သည်။
“ကျွန်တော် သိပါပြီ ဘိုးဘေး...”
ယခု ဝူယီဖန်အနေဖြင့် လုပ်နိုင်သည့်အရာမှာ လီဖန်ထျန်းနှင့် အခြားသူများ ဘေးကင်းလုံခြုံကြပါစေဟု ဆုတောင်းပေးရန်သာ ရှိတော့၏။
ဤအခိုက်အတန့်တွင် လီဖန်ထျန်းနှင့် အခြား အင်မော်တယ်ဧကရာဇ်အဆင့်ရှိ စွမ်းအားရှင်များသည် နတ်သင်္ချိုင်းတောင်ကြားသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
နတ်သင်္ချိုင်းတောင်ကြားရှိ သွေးမြူခိုးများက သူတို့အတွက် ကြီးမားသော အတားအဆီး တစ်ခု ဖြစ်နေသော်လည်း ၊ သွေးဝိညာဉ်ဂိုဏ်း၏ တည်နေရာကို အလျင်အမြန် ရှာတွေ့သွားကြသည်။
လမ်းတစ်လျှောက်တွင် အသိဉာဏ်မဲ့သော သားရဲဆိုးများက သူတို့ကို တိုက်ခိုက်လာခဲ့သည်။ သားရဲဆိုးများ၏ အမြင်တွင် အင်မော်တယ်ဧကရာဇ် ဟူ၍ မရှိ ။ သူတို့ရှေ့တွင် တစ်စုံတစ်ယောက် ပေါ်လာသရွေ့ သူတို့ ခေါင်းထဲ၌ စကားလုံး တစ်လုံးတည်းသာ ရှိသည်။
သတ်...
တစ်ချိန်တည်းမှာပင် ၊ သွေးဝိညာဉ်ဂိုဏ်းအတွင်း၌ ရွှယ်ယွမ်သည် လီဖန်ထျန်းကဲ့သို့သော စွမ်းအားကြီးမားသည့် အင်မော်တယ်ဧကရာဇ်များစွာ၏ တည်ရှိမှုကို အာရုံခံမိပြီးနောက် ဤသည်မှာ ဝူယီဖန်၏လက်ချက် ဖြစ်ကြောင့် ဖြစ်ကြောင်း သဘောပေါက်သွားသည်။
အထက်ဘုံသို့ တက်လှမ်းခြင်း ရောက်ရှိသွားပြီးနောက် သူသည် လီဖန်ထျန်းနှင့် အခြားသူများအား သွေးဝိညာဉ်ဂိုဏ်း၏ တည်ရှိရာ နေရာကို ပြောပြခဲ့ခြင်း ဖြစ်နိုင်သည်။
“သောက်ကျိုးနည်း... အဲ့တုန်းက သူ့ကို အထောက်အထား မကျန်အောင် သတ်ပစ်ခဲ့သင့်တာ”
ရွှယ်ယွမ်သည် နောင်တရသွားသော်လည်း ယခုအချိန်က နောင်တရနေရမည့် အချိန် မဟုတ်ကြောင်း သူ သိထားသည်။ အရေးအကြီးဆုံးမှာ သွေးဝိညာဉ်ဂိုဏ်း၏ စွမ်းအားရှင်များကို စုရုံးပြီး သူ၏ ဖခင်ကို အတင်းအကျပ် နှိုးရန် ပြင်ဆင်ရပေတော့မည်။
ဖခင်ကို အတင်းအကျပ် နှိုးလိုက်ခြင်းသည် သူ၏ ကျင့်ကြံမှုကို အထွတ်အထိပ်အဆင့်သို့ ပြန်လည် မရောက်ရှိစေနိုင်သော်လည်း အနည်းဆုံးတော့ သူတို့၏ လက်ရှိ အခြေအနေကို ရင်ဆိုင်နိုင်အောင် ကူညီပေးနိုင်လိမ့်မည်။
ထို့ကြောင့် လီဖန်ထျန်းနှင့် အခြားသူများသည် သွေးဝိညာဉ်ဂိုဏ်းသို့ ရောက်ရှိလာချိန်၌ ၊ ရွှယ်ယွမ်သည် သွေးဝိညာဉ်ဂိုဏ်း၏ အင်မော်တယ်ဧကရာဇ် အဆင့်ရှိ စစ်သည်များကို ဦးဆောင်ကာ ထွက်လာခဲ့သည်။
ရွှယ်ယွမ်ကို မြင်လိုက်ရချိန်တွင် လီဖန်ထျန်း၏ အမူအရာမှာ အလွန်ပင် မည်းမှောင်သွားသည်။ မည်သို့ပင်ဖြစ်စေ ၊ ထိုတိုက်ပွဲတွင် ရွှယ်ယွမ်၏ ကြောက်မက်ဖွယ်ရာ တည်ရှိမှုသည် သူတို့အပေါ်တွင် နက်ရှိုင်းသော အမာရွတ်တစ်ခုကို ချန်ရစ်ထားနိုင်ခဲ့သည်။
သို့သော်လည်း ရွှယ်ယွမ်မှာ အင်မော်တယ်အရှင်မြတ် အထွတ်အထိပ်အဆင့်သာ ရှိသေးသည်ကို မြင်ပြီး လီဖန်ထျန်းသည် သက်ပြင်းတစ်ချက် ချလိုက်သည် ။
အကယ်၍ သွေးဝိညာဉ်ဂိုဏ်းသည် ယခင်ကကဲ့သို့ အားမနည်းပါက ၊ လီဖန်ထျန်းအနေဖြင့် အတော်လေး သတိထားရမည် ဖြစ်ပြီး ဤကဲ့သို့ လှုပ်ရှားရဲမည် မဟုတ်။
သို့သော်လည်း လက်ရှိ သွေးဝိညာဉ်ဂိုဏ်းသည် ထိုတိုက်ပွဲနောက်ပိုင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး ၊ ယခုထိတိုင် ပြန်လည် မသက်သာသေးချေ။ ရွှယ်ယွမ်ဘေးတွင် အင်မော်တယ်ဧကရာဇ်အဆင့်ရှိ စွမ်းအားရှင် အနည်းငယ်သာ ရှိသည်ကို မြင်ပြီးနောက် လီဖန်ထျန်းသည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။
ချက်ချင်းပင် သူသည် စကားတစ်ခွန်းမျှ မဆိုဘဲ ထိုနေရာတွင် ရှိနေသော သွေးဝိညာဉ်ဂိုဏ်း စစ်သည်များကို တိုက်ခိုက်ရန် ရှေးဟောင်းကန္တာရ ခေါင်းလောင်းကို တိုက်ရိုက် ထိန်းချုပ်လိုက်ပြီး ၊ ကျန်ရှိနေသော အင်မော်တယ်ဧကရာဇ် စစ်သည်များကလည်း ထိုနည်းတူစွာ ပြုလုပ်ခဲ့ကြသည်။
လီဖန်ထျန်းနှင့် အခြားသူများသည် မည်သည့် စကားတစ်ခွန်းမျှ မဆိုဘဲ တိုက်ခိုက်လာသဖြင့် ရွှယ်ယွမ်၏ အမူအရာမှာ အတော်လေး မှောင်မည်းနေသည်။ သူသည် မဝေးလှသော နေရာ၌ လှုပ်ရှားနေသော သွေးပိုးအိမ်ကို ကြည့်ရင်း ၊ ဖခင်ဖြစ်သူမှာ မြန်မြန်ဆန်ဆန် နိုးထလာပါစေဟုသာ မျှော်လင့်နိုင်တော့၏။