အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
အခန်း ၁၄၅ - နိုးထလာသော သွေးဝိညာဉ်ဂိုဏ်းချုပ်
တစ်ချိန်တည်းမှာပင် ဟွာ အကြီးအကဲသည် သွေးဝိညာဉ်ဂိုဏ်းမှ အင်မော်တယ်ဧကရာဇ်အောက်ရှိ အကြီးအကဲများကို သွေးပိုးအိမ်ရှေ့သို့ ခေါ်ဆောင်လာခဲ့ပြီး ၊ သူတို့၏ အမူအရာများမှာ အလွန်ပင် တည်ကြည်လေးနက်နေကြသည်။
“အကြီးအကဲ... ဒါဆို ဂိုဏ်းချုပ်ကို ဘယ်လို နှိုးရမလဲ”
အင်မော်တယ်အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိ အကြီးအကဲ တစ်ဦးက ဟွာ အကြီးအကဲကို ကြည့်၍ မေးလိုက်သည်။
“ရွှယ်ယွမ်က ဂိုဏ်းချုပ်ကို နှိုးဖို့ အမိန့်ပေးလိုက်ပြီ... အဲ့လိုမှ မဟုတ်ရင် သွေးဝိညာဉ်ဂိုဏ်းက အထက်ဘုံ စစ်သည်တွေရဲ့ လက်ချက်နဲ့ ပျက်စီးသွားလိမ့်မယ်”
အခြေအနေသည် အရေးပေါ် ဖြစ်နေပြီး၊ သူတို့အနေဖြင့် စုံစမ်းမေးမြန်းရန် အချိန်မရှိတော့သဖြင့် ဟွာ အကြီးအကဲနောက်မှ လိုက်၍ ဧရာမ ပိုးအိမ်ကြီးဆီသို့ ရောက်ရှိလာခဲ့ကြသည်။
ဧရာမ ပိုးအိမ်ကြီးဆီသို့ ရောက်ပြီးမှသာ ဟွာ အကြီးအကဲကို ကြည့်၍ မေးခွန်းထုတ်ရန် အချိန်ရကြတော့သည်။
ဟွာ အကြီးအကဲသည် သက်ပြင်းတစ်ချက် ချကာ နေရာတွင် ရှိနေကြသော အကြီးအကဲများကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။
“လွယ်ပါတယ်... ဂိုဏ်းချုပ်ကို နှိုးဖို့ မင်းတို့ရဲ့ ကိုယ်ပိုင် သွေးကို သုံးရုံပဲ”
“ဘာ... အားလုံးပဲ ထွက်ပြေးကြ”
ဟွာ အကြီးအကဲ၏ စကားကို ကြားလိုက်ရသည်နှင့် ၊ ထိုနေရာတွင် ရှိနေကြသော အကြီးအကဲများသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိသော ဟွာ အကြီးအကဲကို သူတို့ လုံးဝ မယှဉ်နိုင်ကြပေ။
မျက်စိတမှိတ်အတွင်းမှာပင် ၊ ဟွာ အကြီးအကဲ၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရပြီး ဧရာမ ပိုးအိမ်ကြီးဆီသို့ ပို့ဆောင်ခံလိုက်ရသည်။ ဧရာမ ပိုးအိမ်ကြီးသည် ၎င်းတို့အား လုံးဝ စုပ်ယူသွားခဲ့သည်။
အင်မော်တယ်အရှင်မြတ်အဆင့်ရှိ အကြီးအကဲ ဒါဇင်ပေါင်းများစွာ၏ သွေးများကို စုပ်ယူပြီးနောက် ထိတ်လန့်ဖွယ် ကောင်းသော စွမ်းအင်လှိုင်းများသည် သွေးပိုးအိမ်ထံမှ ဖြာထွက်လာသည်။ ရွှယ်ယွမ်နှင့် တိုက်ခိုက်နေသော လီဖန်ထျန်းနှင့် အခြားသူများမှာ တစ်စုံတစ်ခုကို အာရုံခံမိပြီး မျက်မှာပျက်သွားကြသည်။
“တစ်ခုခု မှားနေပြီ... သွေးဝိညာဉ်ဂိုဏ်းရဲ့ အနက်ရှိုင်းဆုံး နေရာမှာ လှုပ်ရှားမှု တစ်ခု ရှိနေတယ်... မင်းတို့ ဒီမှာ စောင့်နေ... ငါ သွားကြည့်လိုက်မယ်”
ထိုသို့ ပြောပြီးနောက် လီဖန်ထျန်းသည် ရှေးဟောင်းကန္တာရ ခေါင်းလောင်းကို ထိန်းချုပ်ကာ သွေးဝိညာဉ်ဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေသည်။
သွေးဝိညာဉ်ဂိုဏ်းရှိ အင်မော်တယ်ဧကရာဇ် အကြီးအကဲများသည် ဤမြင်ကွင်းကို မြင်ပြီး တားဆီးချင်ကြသော်လည်း ၊ တားဆီးနိုင်စွမ်း မရှိကြပေ။ သူတို့ အားလုံးသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အလုပ်ရှုပ်နေကြပြီး ဂိုဏ်းချုပ်၏ နိုးထမှုကိုသာ မျှော်လင့်နိုင်တော့၏။
တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ် ဖြစ်သူ နိုးထလာတော့မည်ကို မြင်ပြီးနောက် ဟွာ အကြီးအကဲသည် လှည့်၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သူမသည် သားတော်နှင့် အခြားသူများကို အားဖြည့်ကူညီရန် အလျင်အမြန် သွားရမည် ဖြစ်ပြီး ၊ သို့မဟုတ်ပါက လီဖန်ထျန်းနှင့် အခြားသူများ၏ တိုက်ခိုက်မှုကြောင့် ဂိုဏ်းချုပ်၏နိုးထလာမှုတွင် ပြသနာရှိလာနိုင်သည်။
ဟွာ အကြီးအကဲ လှည့်လိုက်စဉ်မှာပင် ၊ သူမဆီသို့ လာရောက်နေသော လီဖန်ထျန်းကို မြင်လိုက်ရသည်။
“ဒုက္ခပဲ”
ဟွာ အကြီးအကဲသည် စိတ်ထဲကနေ ရေရွတ်မိလိုက်သည်။
“ဂိုဏ်းချုပ်က အခု ပြန်လည် သက်သာလာဖို့ အရေးအကြီးဆုံး အဆင့်ကို ရောက်နေတာ... သူ့ကို ဆုံးရှုံးလို့ လုံးဝ မဖြစ်ဘူး”
ထိုသို့ တွေးမိသည်နှင့် ၊ ဟွာ အကြီးအကဲသည် ပြတ်သားစွာဖြင့် ရှေ့သို့ ပြေးထွက်သွားပြီး လီဖန်ထျန်းနှင့် ချက်ချင်းပင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲလေတော့သည်။
“ဖယ်စမ်း...”
လီဖန်ထျန်းသည် အလွန်အမင်း ဒေါသထွက်နေသည်။ သူသည် ရှေးဟောင်းကန္တာရ ခေါင်းလောင်းကို ထိန်းချုပ်၍ ဟွာ အကြီးအကဲထံ ပစ်လွှတ်လိုက်သည်။ ဟွာ အကြီးအကဲတွင် အဆင့်ကိုး အင်မော်တယ်ဧကရာဇ် လက်နက်၏ အထောက်အပံ့ မရှိသဖြင့် ၊ သူမသည် လီဖန်ထျန်း၏ ပြိုင်ဘက်ခဲ့ပေ။
သို့သော်လည်း သူမအနေဖြင့် ဂိုဏ်းချုပ်ဖြစ်သူ ပြန်လည် သက်သာလာစေရန် လီဖန်ထျန်းကို အချိန်အနည်းငယ် ကြန့်ကြာအောင် လုပ်နိုင်သေး၏။
လီဖန်ထျန်းသည် ရှေးဟောင်းကန္တာရ ခေါင်းလောင်းကို အသုံးပြု၍ ဟွာ အကြီးအကဲကို နောက်ဆုတ်သွားစေပြီးနောက် ၊ သွေးဝိညာဉ်ဂိုဏ်းချုပ်၏ ပြန်လည် ရှင်သန်လာမှုကို နှောင့်ယှက်ရန် ရည်ရွယ်ချက်ဖြင့် သွေးပိုးအိမ်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ သို့သော် ထိုအခိုက်အတန့်မှာပင် ၊ သွေးပိုးအိမ်ထံမှ ထိတ်လန့်ဖွယ် ကောင်းသော အငွေ့အသက် တစ်ခု ထွက်ပေါ်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် သွေးပိုးအိမ်ထဲမှ လက်သီးတစ်လုံး ထွက်ပေါ်လာပြီး လီဖန်ထျန်းထံ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ လီဖန်ထျန်းမှာ ထိတ်လန့်တကြား ဖြစ်သွားသည်။ ထိုလက်သီးမှ ကြောက်ခမန်းလိလိ အငွေ့အသက် တစ်ခု ဖြာထွက်နေသည်ကို သူ ခံစားလိုက်ရသည်။
ခုခံရုံသာ တတ်နိုင်တော့သဖြင့် လီဖန်ထျန်းသည် ရှေးဟောင်းကန္တာရ ခေါင်းလောင်းကို ထိန်းချုပ်ကာ သူ့ရှေ့တွင် ကာကွယ်ထားလိုက်သည်။ သို့သော်လည်း ၎င်းသည် တဖက်လူ၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ဘဲ လူတစ်ကိုယ်လုံး အဝေးသို့ လွင့်ထွက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝူမိသားစုအတွင်းရှိ ဝူဟောက်၏ အမူအရာသည် မည်းမှောင်သွား၏။ သူသည် သွေးဝိညာဉ်ဂိုဏ်းရှိ အခြေအနေကို သတိပြုမိသွားပြီး သူ၏ ကံဆိုးမှုကို စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
လီဖန်ထျန်းတို့ အဖွဲ့သာ မနိုင်ခဲ့ရင် ငါ ဝူမိသားစုကို ခေါ်ပြီး ထွက်ပြေးရတော့မှာပဲ...
တစ်ချိန်တည်းမှာပင် ကျွင်းရှောင်ယောင်နှင့် အခြားသူများသည် အဝေးသို့ လွင့်ထွက်သွားသော လီဖန်ထျန်းကို မြင်ပြီးနောက် ၊ အလွန် လေးနက်သွားကြသည်။
လီဖန်ထျန်းသည် အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့်သာ ရှိသော်လည်း သူ၏ မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာကြောင့် အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်ပင်လျှင် သူ၏ ပြိုင်ဘက် မဖြစ်နိုင်ကြောင်း သူတို့ သိထားကြသည်။
သို့သော်လည်း သူသည် အဝေးသို့ လွင့်ထွက်သွားခဲ့သည်။
ဤမြင်ကွင်းကို မျက်မြင်တွေ့ပြီးနောက် ရွှယ်ယွမ်နှင့် အခြားသူများသည် အော်ဟစ်လိုက်ကြသည်။
“အားလုံးပဲ အချိန်နည်းနည်းလောက် တောင့်ခံထားကြ... ဂိုဏ်းချုပ်က ပြန်လည် သက်သာလာပြီ... သူတို့ သေဖို့ နီးနေပြီ”
ကျွင်းရှောင်ယောင်နှင့် အခြားသူများသည် လီဖန်ထျန်းကို အလျင်အမြန် ထူပေးလိုက်ကြသည်။ ထိုနေရာတွင် ရှိနေသော စွမ်းအားရှင်များသည် သွေးဝိညာဉ်ဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာဆီသို့ လှမ်းကြည့်လိုက်ရင်း ၊ မျက်နှာအမူအရာများသည် အလွန်ပင် တင်းမာနေကြသည်။
ထို့နောက် နောက်တစ်စက္ကန့်တွင် ၊ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သွေးဝိညာဉ်ဂိုဏ်းချုပ်သည် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ပြီး စကားနားထောင်သော ဟွာ အကြီးအကဲက သူ၏ ဘေးတွင် ရပ်နေလေ၏။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
ထိုနေရာတွင် ရှိနေသော သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲများသည် ဤမြင်ကွင်းကို မြင်သည်နှင့်၊ အခြားအရာအားလုံးကို လျစ်လျူရှုကာ သွေးဝိညာဉ်ဂိုဏ်းချုပ်ရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်ကြသည်။
သွေးဝိညာဉ်ဂိုဏ်းချုပ်သည် သဘောတူသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ရွှယ်ယွမ်သည်လည်း သွေးဝိညာဉ်ဂိုဏ်းချုပ်၏ အနားသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။
“အဖေ”
“အင်း... ငါ မရှိတဲ့ အချိန်အတွင်း မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်”
သွေးဝိညာဉ်ဂိုဏ်းချုပ်၏ အသိအမှတ်ပြု ခံရခြင်းကြောင့် ရွှယ်ယွမ်၏ မျက်နှာထက်တွင် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်သွားသည်။
လီဖန်ထျန်းနှင့် အခြားသူများမှာ ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရသော်လည်း ၊ သို့သော် သူတို့ ထွက်ခွာရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ အသေအကြေ တိုက်ခိုက်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
“မင်းတို့က အဲ့တိုက်ပွဲကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကျင့်ကြံသူတွေပေါ့... အသက်ဆက်ရှင်ဖို့ မကြိုးစားဘဲ ငါ့ရဲ့ သွေးဝိညာဉ်ဂိုဏ်း ပိုင်နက်ထဲကို လာရဲတယ်ပေါ့... မင်းတို့က သေရမှာကို မကြောက်ဘူးလား”
“ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး... တိုက်ချင်ရင် တိုက်လိုက်... သွေးဝိညာဉ်ဂိုဏ်းချုပ်... သွေးဧကရာဇ်”
ထိုသို့ ပြောပြီးနောက် ၊ လီဖန်ထျန်းသည် အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စွမ်းအားရှင် လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော ကျွင်းရှောင်ယောင်ထံ စိတ်ချင်းဆက်သွယ်၍ သတင်းစကား ပေးပို့လိုက်၏။
သူတို့ လေးယောက်ကို ဘေးမှနေ၍ သွေးဧကရာဇ်ကို ဟန့်တားထားရန် ပြောလိုက်သည်။ သွေးဧကရာဇ်သည် ယခုမှ ပြန်လည် ရှင်သန်လာခြင်း ဖြစ်သောကြောင့် သူတို့အနေဖြင့် ၎င်းနှင့် တိုက်ပွဲဆင်နွှဲနိုင်လောက်သည်။
တစ်ချိန်တည်းမှာပင် ၊ ကျန်ရှိနေသော အင်မော်တယ်ဧကရာဇ် စစ်သည်များထံသို့ သတင်းစကား ပေးပို့လိုက်ပြီး ၊ ထိုနေရာတွင် ရှိနေသော သွေးဝိညာဉ်ဂိုဏ်း စစ်သည်များကို အလျင်အမြန် သုတ်သင်ရှင်းလင်းပြီး သူတို့ကို လာရောက် ကူညီရန် ညွှန်ကြားလိုက်၏။
လီဖန်ထျန်းနှင့် အခြားသူများအနေဖြင့် မျှော်လင့်မထားခဲ့သည်မှာ သွေးဧကရာဇ်သည် သူတို့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် လုံးဝ မရှိခြင်းပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သွေးဧကရာဇ်သည် ယခုမှ ပြန်လည် ရှင်သန်လာခြင်း ဖြစ်ပြီး ၊ နယ်ပယ်သည် နတ်ဘုရားတစ်ပိုင်းအဆင့်သာ ရှိသေး၏။ သူသည် လီဖန်ထျန်းနှင့် အခြားသူများ၏ စွမ်းအားကို အာရုံခံမိသဖြင့် အကယ်၍ တိုက်ပွဲ ဖြစ်ပွားခဲ့မည်ဆိုပါက ၊ သူ၏ မျိုးဆက်များကို သူ ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။
အရေးအကြီးဆုံးမှာ သူ့အနီးအနားတွင် လှုပ်ရှားမှု တစ်ခု ရှိနေသည်ကို သူ အာရုံခံမိနေခြင်း ဖြစ်သည်။ စွမ်းအားကြီးမားသော ချီအငွေ့အသက်များကို ပိုင်ဆိုင်ထားသော ထိုအနှီလူသည် သူ၏ မိတ်ဆွေလား ရန်သူလား မသိနိုင်ပေ။
အကယ်၍ တစ်ဘက်လူက လှုပ်ရှားလာခဲ့လျှင်ဖြင့် ၊ လက်ရှိ အခြေအနေကို ပို၍ ဆိုးရွားသွားစေရုံသာ ဖြစ်လိမ့်မည်။
ထို့ကြောင့် အရေးအကြီးဆုံးမှာ သွေးဝိညာဉ်ဂိုဏ်းနှင့်အတူ ဤနေရာမှ အရင် ထွက်ခွာသွားရန် ဖြစ်ပြီး ၊ တရားဝင် နတ်ဘုရား တစ်ပါးအဖြစ် အင်မော်တယ်ဧကရာဇ် အထက်ရှိ တည်ရှိမှု တစ်ခု ဖြစ်လာပြီးမှသာလျှင် သူတို့နှင့် အကြွေးရှင်းပေတော့မည်။
သွေးဧကရာဇ်၏ ကိုယ်ပိုင် ခံယူချက်အရ ၊ နတ်ဘုရား တစ်ပါး ဖြစ်လာရန် နှစ်တစ်သောင်းသာ ကြာမြင့်မည် ဖြစ်သည်။ ထိုအချိန်ကြ အထက်ဘုံတွင် မည်သူကမျှ သူ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။
“ကောင်းပြီလေ... ဒီတစ်ကြိမ်တော့ မင်းတို့ကို ငါ လွှတ်ပေးလိုက်မယ်... ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်တော့ မင်းတို့ ဒီလောက်ထိ ကံကောင်းမှာ မဟုတ်ဘူး”
ထိုသို့ ပြောပြီးနောက် ၊ သွေးဧကရာဇ်သည် လက်တစ်ချက် ဝှေ့ယမ်းကာ ရွှယ်ယွမ်နှင့် အခြားသူများကို ခေါ်၍ ထွက်ခွာသွားလေသည်။ ရှေးဟောင်း သခင်မြတ်နှင့် အခြားသူများသည် ပြန်လည် ရှင်သန်လာသော သွေးဧကရာဇ်အတွက် ဘာမှမဟုတ်သော ဖြစ်တည်မှုများသာ ဖြစ်သည်။
သွေးဧကရာဇ် ထွက်ခွာသွားသည်ကို ကြည့်ရင်း လီဖန်ထျန်းနှင့် အခြားသူများသည်လည်း စိတ်သက်သာရာ ရသွားကြသည်။ အကယ်၍ သွေးဧကရာဇ်သာ အမှန်တကယ် လှုပ်ရှားခဲ့မည်ဆိုပါက ၊ သူတို့ အားလုံး ပူးပေါင်းခဲ့လျှင်တောင် သူ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။
အခန်း ၁၄၆ - မဟာသခင်မြတ် ငါးပါး၏ အမူအရာများ ပြောင်းလဲသွားခြင်း
“သောက်ကျိုးနည်း... သွေးဧကရာဇ်က ကျန်တဲ့ သွေးဝိညာဉ်ဂိုဏ်းသားတွေနဲ့အတူ လွတ်မြောက်သွားပြီလား...”
“ဒါဆို ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ... သွေးဧကရာဇ်က ရှေးဟောင်းခေတ်တုန်းက မဟာမြင့်မြတ်နယ်မြေကြီး ငါးခုနဲ့တောင် ယှဉ်တိုက်နိုင်ခဲ့တာ... အကယ်၍ တကယ့် တိုက်ပွဲသာ ဖြစ်လာရင် ငါတို့က သွေးဧကရာဇ်ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး”
“ဒါပေမဲ့ ချက်ချင်း စစ်ပွဲမစဖို့ သွေးဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်အရ ၊ သူ့အခြေအနေက ငါတို့ ထင်ထားတာထက် ပိုဆိုးနေတယ် ဆိုတာကို ပြသနေတာပဲ မဟုတ်လား”
ထိုနေရာတွင် ရှိနေသော အင်မော်တယ်ဧကရာဇ် စွမ်းအားရှင်များမှာ သွေးဧကရာဇ်သည် ရွှယ်ယွမ်နှင့် အခြားသူများကို ခေါ်၍ ထွက်ခွာသွားသည်ကို မြင်ပြီးနောက် ၊ စိတ်သက်သာရာ ရသွားကြသော်လည်း တစ်စုံတစ်ခုကို အလျင်အမြန် သတိပြုမိသွားကြပြီး သံသယများစွာဖြင့် ပြောဆိုလိုက်ကြသည်။
လီဖန်ထျန်းနှင့် အခြားသူများသည် ထိုအရာများကို ဂရုမစိုက်ချေ။ သွေးဧကရာဇ် ထွက်ခွာသွားခြင်းကြောင့် သူတို့သည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေကြသည်။ ယခု သွေးဧကရာဇ်ကို မသတ်နိုင်ခဲ့ပါက ၊ သွေးဧကရာဇ် ပြန်လည် အင်အားပြည့်ဝလာချိန်တွင် သူတို့ အားလုံး ဝိုင်းဝန်းတိုက်ခိုက်ကြမည်ဆိုတောင် ၎င်း၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
သို့သော်လည်း ယခုအချိန်၌ သူတို့တွင် အခြား ရွေးချယ်စရာ မရှိပေ။ သွေးဧကရာဇ်၏ ဆုံးဖြတ်ချက်ကို သူတို့ တားဆီးနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် သက်ပြင်းတစ်ချက် ချပြီးနောက် လီဖန်ထျန်းသည် ထိုနေရာတွင် ရှိနေသော အင်မော်တယ်ဧကရာဇ်များဘက်သို့ လှည့်၍ ပြောလိုက်သည်။
“အားလုံးပဲ ပြန်ကြတော့... သွေးဧကရာဇ်က လှုပ်ရှားလာနိုင်တယ်... ဒီရက်ပိုင်း အထူး သတိထားကြ... သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်းတစ်ခုခု ကြားတာနဲ့ ငါတို့ကို မြန်နိုင်သမျှ မြန်မြန် ဆက်သွယ်ပေးပါ”
ဤစကားကို ကြားပြီးနောက် ၊ ထိုနေရာတွင် ရှိနေကြသော အင်မော်တယ်ဧကရာဇ် စွမ်းအားရှင်များသည် ခေါင်းညိတ်လိုက်ကြပြီး ရွှမ်ထျန်းကမ္ဘာမှ ထွက်ခွာကာ အထက်ဘုံသို့ ပြန်သွားကြလေသည်။
ထို့နောက် လီဖန်ထျန်းသည် ကျွင်းရှောင်ယောင်နှင့် အခြားသူများကို ကြည့်၍ ဦးညွှတ်လိုက်သည်။
“မိတ်ဆွေတို့... သွေးဧကရာဇ်က ဒီနေ့ အချိန်မတိုင်ခင် ပြန်လည် နိုးထလာခဲ့တာ ဖြစ်ရမယ်... ဒါကြောင့် သူ့အခြေအနေက အထွတ်အထိပ်မှာ မရှိသေးလို့ ငါတို့ကို မတိုက်ခိုက်ခဲ့တာပဲ... မဟုတ်ရင် သူကလွဲပြီး ကျန်တဲ့ သွေးဝိညာဉ်ဂိုဏ်းသားတွေ အားလုံး သေဆုံးသွားလိမ့်မယ်... ဒါက သူ ထွက်သွားရတဲ့ အကြောင်းရင်း ဖြစ်ရမယ်”
ထိုသို့ ပြောပြီးနောက် ၊ လီဖန်ထျန်းသည် သူ မြင်တွေ့ခဲ့သော အရာများကို ပြန်လည် ပြောပြခဲ့ရာ ကျွင်းရှောင်ယောင်နှင့် အခြားသူများ၏ အမူအရာသည် အလွန် တည်ကြည်လေးနက်သွားလေသည်။
အတန်ကြာပြီးနောက် ကျန်းကျဲက သက်ပြင်းချကာ ပြောလိုက်၏။
“အတိုချုပ်ပြောရရင် ငါတို့ သတိထားနေဖို့ လိုအပ်တယ်... တစ်ခုခု မှားယွင်းနေပြီလို့ ထင်တာနဲ့ ကျန်တဲ့ မြင့်မြတ်နယ်မြေတွေကို အမြန်ဆုံး ဆက်သွယ်ရမယ်... အခု သွေးဧကရာဇ်က ပြန်လည် ရှင်သန်လာပြီ ဆိုတော့ ငါတို့ အထက်ဘုံက နောက်ထပ် ကပ်ဘေးကြီး တစ်ခုကို ရင်ဆိုင်ရနိုင်တယ်”
“ကောင်းပြီ... အားလုံးပဲ ဂရုစိုက်ကြပါ... ဖရိုဖရဲ မြင့်မြတ်နယ်မြေက တပည့်တွေကို အထူး သတိထားဖို့ ငါ ပြန်ပြောလိုက်ပါ့မယ်”
ထိုသို့ ပြောပြီးနောက် ၊ ကျွင်းရှောင်ယောင်သည် ဦးညွှတ်၍ ရွှမ်ထျန်းကမ္ဘာမှ ထွက်ခွာသွားလေသည်။ လုရန်၊ ကျန်းကျဲနှင့် ချင်းဇီကျွင်းတို့သည်လည်း နှုတ်ဆက်ထွက်ခွာသွားကြပြီး ၊ မကြာမီ ရွှမ်ထျန်းကမ္ဘာတွင် လီဖန်ထျန်း တစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့သည်။
သူ့ရှေ့ရှိ နတ်သင်္ချိုင်းတောင်ကြားကို ကြည့်ရင်း လီဖန်ထျန်းသည် သက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏ အစွမ်းကုန် တိုက်ခိုက်မှုတစ်ခုဖြင့် နတ်သင်္ချိုင်းတောင်ကြား တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။
သွေးဧကရာဇ်ကို မသတ်နိုင်ခဲ့သော်လည်း ၊ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးပစ်ခြင်းဖြင့် သူ၏ ဒေါသကို ဖြေဖျောက်ရပေတော့မည်။
“အဲ့လိုဆိုရင်လည်း သူတော်စင်ကို ငါတို့နဲ့အတူ ပြန်ခေါ်သွားတာပေါ့... ဖြစ်နိုင်ရင် သူတော်စင်ရဲ့ မိသားစုကိုပါ အထက်ဘုံဆီ ခေါ်သွားရမယ်”
ထိုသို့ ပြောပြီးနောက် လီဖန်ထျန်းသည် ဝူယီဖန် ရှိရာ အရပ်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။ အင်မော်တယ်ဧကရာဇ် တစ်ပါး အနေဖြင့် မိသားစုဝင်များကို အထက်ဘုံသို့ ခေါ်ဆောင်သွားရန်မှာ မခက်ခဲပေ။ လီဖန်ထျန်းကဲ့သို့သော စွမ်းအားရှင် တစ်ဦးသာဆိုလျှင်ဖြင့် ထည့်ပြောနေစရာပင် မလိုချေ။
တစ်ချိန်တည်းမှာပင် ၊ ဝူမိသားစု၌ စုချောင်ရန်သည် ပြန်ရောက်လာသော ဝူဟောက်ကို ကြည့်ကာ သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ယောကျ်ား... စောစောက ဘယ်သွားတာလဲ”
“ဘယ်မှ မသွားပါဘူး... အပြင်ထွက်ပြီး ပွဲသွားကြည့်တာပါ”
ဝူဟောက်သည် လက်ကို ဝှေ့ယမ်းကာ အကြောင်းအရာပြောင်းလိုက်သည်။
“စကားမစပ်... မင်း အထက်ဘုံကို တန်းသွားဖို့ ရည်ရွယ်ထားတာလား”
ဝူဟောက်သည် တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် စုချောင်ရန်ကို ကြည့်ကာ မေးလိုက်သည်။
ဝူဟောက်သည် ဤကိစ္စကို ထုတ်ပြောလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့သဖြင့် စုချောင်ရန်မှာ အံ့အားသင့်သွားသော်လည်း အနည်းငယ် ခေါင်းခါပြလိုက်သည်။
“ယောကျ်ား... အခု ငါတို့ ကောင်းကောင်းမွန်မွန် နေနေတာပဲလေ... ဝူမိသားစုက ရွှမ်ထျန်းကမ္ဘာမှာ ကြီးပြင်းလာတာ ဆိုတော့ ဒီမှာ ငါတို့ရဲ့ ခြေရာတွေ ချန်ထားခဲ့သင့်တာ သဘာဝကျပါတယ်... ပြီးတော့ ငါတို့ရဲ့ ပါရမီတွေနဲ့ဆိုရင် တက်လှမ်းခြင်းအဆင့် ရောက်ဖို့ဆိုတာ သိပ်မခက်လောက်ပါဘူး”
“ကောင်းပြီ... ကိုယ် နားလည်ပါပြီ”
ဝူဟောက်သည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သို့သော်လည်း စုချောင်ရန်မှာ အနည်းငယ် သိချင်စိတ် ဖြစ်သွားပြီး ထပ်မေးလိုက်သည်။
“ဒါဆို ယောကျ်ား... တစ်ခုခု ဖြစ်တော့မှာမို့လို့ ရှင် ဒါကို မေးနေတာလား”
“ဘာမှမဖြစ်ပါဘူး... လာ အပြင်ထွက်ပြီး ဧည့်သည်တွေကို သွားတွေ့ကြတာပေါ့”
ထိုသို့ ပြောပြီးနောက် ဝူဟောက်သည် အပြင်ဘက်သို့ လျှောက်သွားပြီး ၊ စုချောင်ရန်ကလည်း ဝူဟောက် နောက်မှ လိုက်ပါလာခဲ့သည်။
အပြင်ထွက်လိုက်သည်နှင့် ၊ သူတို့နှစ်ယောက်စလုံး ဝူမိသားစု၏ အထက် ကောင်းကင်ယံ၌ ထွက်ပေါ်လာသော လီဖန်ထျန်းကို မြင်လိုက်ရသည်။
“သူတော်စင်... ပြန်ရမယ့် အချိန် ရောက်ပြီ”
ဤအခိုက်အတန့်တွင် ဝူယီဖန်သည် လင်းဇီရှင်းနှင့် အလွမ်းသယ်၍ ပြီးကာစ ဖြစ်သည်။ လီဖန်ထျန်း၏ စကားကို ကြားပြီးနောက် သူသည် အတန်ငယ် တွန့်ဆုတ်နေဟန်ရသော်လည်း ၊ မတ်တတ်ထရပ်လိုက်သည်။ လီဖန်ထျန်းကို တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် လီဖန်ထျန်းက အရင် စကားစလိုက်သည်။
“သူတော်စင်... မင်းရဲ့ မိသားစုကိုလည်း အထက်ဘုံဆီ ခေါ်သွားချင်တယ် ဆိုရင် စကားတစ်ခွန်းသာ ပြောလိုက်... မင်းရဲ့ မိသားစုကို အထက်ဘုံဆီ ငါ ခေါ်သွားပေးမယ်”
ထိုစကားကို ကြားသည်နှင့် ၊ ဝူယီဖန်သည် လင်းဇီရှင်းနှင့် ဝူတုံဘက်သို့ လှည့်၍ တီးတိုး မေးလိုက်၏။
“ကိုယ်နဲ့အတူ အထက်ဘုံကို လိုက်ခဲ့ချင်လား”
ဝူဟောက်နှင့် အခြားသူများကို မမေးရခြင်းမှာ ဝူယီဖန်၏ စိတ်ထဲတွင် ဝူဟောက်သည် လီဖန်ထျန်းထက် များစွာ ပို၍ စွမ်းအားကြီးသည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။
အကယ်၍ ဝူဟောက်သာ ဆန္ဒရှိပါက ၊ ဝူမိသားစုကို အထက်ဘုံသို့ ခေါ်ဆောင်သွားခဲ့သည်မှာ ကြာလှပြီ ဖြစ်မည်။ ဝူဟောက်သည် ရွှမ်ထျန်းကမ္ဘာတွင် ဆက်နေရခြင်းမှာ သူ့ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနိုင်သည်။
လင်းဇီရှင်းနှင့် ဝူတုံတို့ကို မေးရခြင်းမှာ သူတို့သည် မိမိ၏ ဇနီးနှင့် သားဖြစ်သောကြောင့်သာ ဖြစ်ပြီး ၊ အခြား အကြောင်းပြချက် မရှိပေ။
ထိုစကားကို ကြားလိုက်ရချိန်တွင်၊ လင်းဇီရှင်းနှင့် ဝူတုံတို့သည် ခဏတာ ချီတုံချတုံ ဖြစ်သွားပြီးနောက် ပြတ်သားစွာ ခေါင်းခါလိုက်သည်။
“ ယီဖန်... အခု ရွှမ်ထျန်းကမ္ဘာက ဧကရာဇ်တာအို ဥပဒေသတွေရဲ့ စည်းတံဆိပ်ကို ဖြည်လိုက်ပြီ ဆိုတော့ ...ငါတို့ရဲ့ ပင်ကိုယ်ပါရမီနဲ့သာဆိုရင် အထက်ဘုံဆီ တက်လှမ်းဖို့က အနှေးနဲ့အမြန်ပဲ... ငါတို့ ဒီအတွေ့အကြုံကို လက်လွတ်မခံချင်ဘူး... ဒါကြောင့် စောင့်နေပါ... အထက်ဘုံကို တက်လှမ်းပြီး မင်းဆီကို မကြာခင် လာခဲ့မယ်”
ဇနီးနှင့် သားဖြစ်သူ၏ စကားကို ကြားပြီးနောက် ဝူယီဖန်မှာ ဝမ်းနည်းတွန့်ဆုတ်သွားသော်လည်း ၊ သူ့အနေဖြင့် သဘောတူရုံမှလွဲ၍ အခြား မရှိပေ။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ သူတို့၏ ကိုယ်ပိုင် ရွေးချယ်မှုပင် ဖြစ်သည်။
ဇနီးနှင့် သားဖြစ်သူကို စကားပြောပြီးနောက် ၊ ဝူယီဖန်သည် မိဘများနှင့် အဘိုးဖြစ်သူတို့ဘက် လှည့်၍ ညွှန်ကြားချက်အချို့ ပေးလိုက်ပြီး ဝူယိတောက်ထံ ချဉ်းကပ်သွားသည်။
“ဝူယိတောက်... ဒါဆိုရင် အထက်ဘုံမှာ ငါ မင်းကို စောင့်နေမယ်”
“အင်း... ငါ တက်လာခဲ့မယ်”
ဝူယိတောက်သည် အပြုံးမပျက် ပြန်ပြောလိုက်သည်။ ဧကရာဇ်တာအို ဥပဒေသများ၏ စည်းတံဆိပ်မှာ ပျက်စီးသွားပြီ ဖြစ်သောကြောင့် သူသည် မကြာမီ မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ကျင့်ကြံနိုင်တော့မည် ဖြစ်ပြီး ၊ ထို့နောက် ထျန်းဝူတောင်အောက်တွင် ဖိနှိပ်ထားသော သားရဲဆိုးကို ရှင်းလင်းပစ်ပေတော့မည်။ထိုအရာများ ပြီးဆုံးပါက အထက်ဘုံသို့ တက်လှမ်းရန် ပြင်ဆင်မည် ဖြစ်သည်။
သူတို့ကို ရှင်းပြပြီးနောက် ၊ ဝူယီဖန်သည် လီဖန်ထျန်းနှင့်အတူ အထက်ဘုံသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။ သူသည် လီဖန်ထျန်း၏ ရှေ့သို့ ရောက်ရှိသွားချိန်တွင် လီဖန်ထျန်းမှာ နေရာမှာတင် ရေခဲရုပ်အလား ရပ်တန့်နေသည်ကို တွေ့လိုက်ရသည်။
“သခင်မြတ်... ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး... သွားကြစို့”
လီဖန်ထျန်းသည် ဝူဟောက်ထံမှ သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ၊ ဝူယီဖန်နှင့်အတူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ဝူဟောက်က စကားစပြောလာသည်။
“စကားမစပ်... ယီဖန်... ငါ ပေးထားတဲ့ တာဝန်ကို ပြီးအောင် လုပ်ဖို့ မမေ့နဲ့ဦး”
ဘိုးဘေး ဖြစ်သူ၏ စကားကို ကြားလိုက်ရချိန်တွင် ၊ ဝူယီဖန်မှာ အစပိုင်းတွင် မှင်သက်သွားပြီး ထို့နောက် ရင်တဒိတ်ဒိတ် ဖြစ်သွားသည်။
ထိုအခါမှသာလျှင် ၊ ဘိုးဘေးဖြစ်သူသည် သူ့အား အထက်ဘုံတွင် ဝူမျိုးနွယ် ကုန်သည်ကြီးများ အသင်းကို စတင်တည်ထောင်ရန် ပြောခဲ့ကြောင်းကို သတိရသွားသည်။
သူသည် ထိုအကြောင်းကို မေ့သွားခဲ့လိမ့်မည်ဟု သူကိုယ်တိုင်ပင် မျှော်လင့်မထားခဲ့ချေ။ ထိုအကြောင်းကို တွေးမိလိုက်ချိန်တွင် ဝူယီဖန်သည် ချောင်းဟန့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“ဘိုးဘေးရဲ့ ကောင်းချီးကို ရရှိထားမှန်း ကျွန်တော် သိပါတယ်... ကျွန်တော် မြန်နိုင်သမျှ အမြန်ဆုံး ပြီးအောင် ဆောင်ရွက်လိုက်ပါ့မယ်”
“အင်း... အဲဒါဆိုရင် ပိုကောင်းတာပေါ့”
ဝူဟောက်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ၊ ဝူယီဖန်နှင့် လီဖန်ထျန်းတို့ကို ထွက်ခွာခွင့် ပြုလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ အထက်ဘုံသို့ တက်လှမ်းသောအခါ လုပ်စရာ မရှိဖြစ်နေမည်ကို သူ မလိုလားသောကြောင့် ဖြစ်သည်။
လီဖန်ထျန်းသည် ဝူမိသားစု ရှိရာ အရပ်ဆီသို့ လှမ်းကြည့်ကာ စိတ်ထဲကနေ တွေးနေမိသည်။
“သောက်ကျိုးနည်း...”
“ငါပဲ အတွေးလွန်နေတာလား ... သူတော်စင်ရဲ့ ဘိုးဘေးက အပြင်ပန်း ကြည့်ရသလောက် ရိုးရှင်းမနေဘူးလို့ ငါ ခံစားနေရတယ်”
သို့သော် သူသည် ထိုအကြောင်းကို များများစားစား မတွေးတော့ချေ။ မည်သို့ပင်ဖြစ်စေ ၊ သာမန် အောက်ဘုံတစ်ခုသည် အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့်ဖြစ်သော သူပင်လျှင် ထိုးဖောက်မမြင်နိုင်သည့် ကြီးမားသော တည်ရှိမှု တစ်ခုကို မည်သို့ ဖန်တီးနိုင်မည်နည်း။
သူသည် သွေးဝိညာဉ်ဂိုဏ်းကြောင့် အနည်းငယ် သံသယလွန်ကဲနေခြင်း ဖြစ်ပုံရသည်။
နတ်ဘုရားနယ်ပယ်တွင် ၊ မျက်ဝန်းတစ်စုံ ဖြည်းညင်းစွာ ပွင့်လာခဲ့ပြီး ရွှမ်ထျန်းကမ္ဘာ ရှိရာ အရပ်ဆီသို့ အဆုံးမဲ့ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ လှမ်းကြည့်ကာ စိတ်ထဲကနေ ရေရွတ်လိုက်သည်။
“အပြစ်သား ကမ္ဘာက စည်းတံဆိပ်ကို တစ်ယောက်ယောက်က ချိုးဖျက်လိုက်တာလား... ထားလိုက်ပါတော့... လက်ရှိအချိန်မှာ ငါက ကိုယ်ပွား မဖန်တီးနိုင်သေးဘူး... အားတဲ့အချိန်ကျမှ ဒီကိစ္စကို ဖြေရှင်းရမယ်”
ထိုသို့ ပြောပြီးနောက် ၊ ထိုအနှီလူသည် သူ၏ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ သူ၏ ဝင်လေထွက်လေ တစ်ချက်သည် အောက်ဘုံ အများအပြားကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။