အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အခန်း ၁၄၇ - အင်မော်တယ်အရှင်မြတ်၊ ကံကြမ္မာရွေးချယ်ခံရသူ အသစ် ပေါ်ထွက်လာခြင်း
အထက်ဘုံသို့ ရောက်ရှိပီး မကြာမီမှာပင် ၊ ဝူယီဖန်သည် စစ်မှန်အင်မော်တယ်အဆင့်သို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ ဝူဟောက်သည်လည်း ဤထိတ်လန့်ဖွယ် ကောင်းသော တုံ့ပြန်မှုအောက်တွင် နယ်ပယ်၏ နောက်ဆုံးအလွှာကို ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး အင်မော်တယ်အရှင်မြတ် နယ်ပယ်သို့ တရားဝင် တက်လှမ်းသွားခဲ့သည်။
“ဒါပေမဲ့ ငါက အင်မော်တယ်အရှင်မြတ်အဆင့်ကို ရောက်သွားရင်တောင် အထက်ဘုံ တစ်ခုလုံးမှာ သိပ်ပြီး ထူးခြားမှာ မဟုတ်လောက်ဘူး... ဘာပဲဖြစ်ဖြစ် အဲ့တုန်းက အင်မော်တယ်ဧကရာဇ် တစ်ရာကျော်တောင် ရှိခဲ့တာလေ... အင်မော်တယ်အရှင်မြတ် ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး... ငါ အေးအေးဆေးဆေး နေဖို့ လိုသေးတယ်”
အင်မော်တယ်အရှင်မြတ် အဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီးနောက် ၊ ဝူဟောက်သည် အနည်းငယ် ကြွားဝါချင်စိတ် ဖြစ်ပေါ်လာခဲ့သော်လည်း ထိုနေ့က ဝူယီဖန်သည် အင်မော်တယ်ဧကရာဇ် စွမ်းအားရှင် အများအပြားနှင့်အတူ ထွက်ပေါ်လာခဲ့ကြောင်းကို သတိရသွားပြီး ထိုအတွေးကို စွန့်လွှတ်လိုက်သည်။
ကောင်းကင်ဧကရာဇ်၏ လမ်းစဉ်တစ်သောင်း ကျမ်းစာသည် အလွန်ပင် စွမ်းအားကြီးမားသော်လည်း ၊ ဝူဟောက်တွင် လက်တွေ့ တိုက်ပွဲ အတွေ့အကြုံ သိပ်မရှိသဖြင့် သူ၏ ကိုယ်ပိုင် စွမ်းအားကို အပေါ်ယံမျှသာ နားလည်ထားသည်။
သူ ရင်ဆိုင်ခဲ့ရသော ရန်သူများ အားလုံးမှာ သူ့ထက် နယ်ပယ် နိမ့်ကျသူများသာ ဖြစ်ပြီး သူတို့အားလုံးကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။
အခြား စွမ်းအားကြီးမားသော နယ်ပယ်ရှိသူများနှင့် ရင်ဆိုင်ရမည့်အချိန်မှသာ ဝူဟောက်သည် သူ၏ ကိုယ်ပိုင် စွမ်းအားကို အမှန်တကယ် သဘောပေါက်လာနိုင်ပေလိမ့်မည်။
“ဒါပေမဲ့ တစ်နေ့ကျရင် ငါ့ရဲ့ ဝူမိသားစုက အထက်ဘုံကို သွားရမှာပဲ... အဲ့အချိန်ကျရင် ငါ့အနေနဲ့ ပြိုင်ဘက်ကင်းတဲ့ စွမ်းအားတွေ ရှိလာဖို့ မျှော်လင့်တယ်”
ဝူဟောက်သည် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်မတွေးတော့ချေ။
ဝူယိတောက်သည် ရွှမ်ထျန်းကမ္ဘာရှိ ဧကရာဇ်တာအို ဥပဒေသများ၏ စည်းတံဆိပ်ကို ချိုးဖျက်ပြီးနောက် ၊ လင်းရွှေရိုနှင့် ကျန်သူများသည် မဟာဧကရာဇ်အဆင့်သို့ တစ်ယောက်ပြီးတစ်ယောက် ထိုးဖောက်ဝင်ရောက်လာကြသည်။
လင်းထျန်းရီနှင့် ပတ်သက်၍ ၊ သူသည် မကြာသေးမီကမှ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ခဲ့သဖြင့် မဟာဧကရာဇ် တစ်ပါး ဖြစ်လာရန် အချိန်အနည်းငယ် လိုအပ်သေးသည်။
“ယောကျ်ား...ကျွန်မ ဧကရာဇ်တစ်ပိုင်းအဆင့်ကို ထိုးဖောက်ဝင်ရောက်ဖို့ နီးစပ်နေပြီလို့ ခံစားရတယ်”
စုချောင်ရန်သည် ဝူဟောက်ကို တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ဝူဟောက်သည် စုချောင်ရန်၏ အခြေအနေကို စစ်ဆေးကြည့်ရာ အမှန်တကယ် ဖြစ်နေကြောင်း တွေ့လိုက်ရသဖြင့် လက်ကို ဝှေ့ယမ်းကာ စုချောင်ရန်အား အသင့်ပြင်ဆင်စေသည်။
လက်ရှိတွင် ဝူမိသားစု၌ ဝူချီထျန်း တစ်ယောက်တည်းသာ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သေးသည်။ ကျန်သူများမှာ အခြေခံအားဖြင့် သူတော်စင်နယ်ပယ်နှင့် အဓိပတိနယ်ပယ်ကြားတွင်သာ ဝဲလည်နေကြ၏။
ဝူဟောက်သည် အတင်းအကျပ် တွန်းအားမပေးချင်ဘဲ ဖြည်းဖြည်းချင်း သွားရန်သာ ရွေးချယ်ခဲ့သည်။ မဟာဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်စေရန် သွေးဧကရာဇ် ဆေးလုံးကို တိုက်ရိုက် ပေးနိုင်သော်လည်း ၊ ထိုသို့ ပြုလုပ်ခြင်းသည် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေလိမ့်မည်။
ဝူဟောက်သည် ဝူမိသားစု၏ အနာဂတ်အတွက် အစီအစဉ်ဆွဲနေစဉ်မှာပင် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး မျက်မှောင်အနည်းငယ် ကြုတ်ကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။ သူ ပြန်ပေါ်လာသောအခါ ပဉ္စမမြောက်မြေးဖြစ်သူ ဝူဝမ်တောက်၏ နေအိမ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ၊ ဝူဝမ်တောက်၏ နေအိမ်၌ ဝူဝမ်တောက်သည် မျက်မှောင်ကြုတ်လျက် မီးဖွားခန်းရှေ့တွင် စိုးရိမ်တကြီး ရပ်နေသည်။ ဝူဟောက် စကားပြောလိုက်မှသာ ဝူဟောက် ရောက်နေကြောင်းကို သူ သတိပြုမိသွားသည်။
“ဘာဖြစ်လို့လဲ”
“အဘိုး”
ဝူဟောက်ကို မြင်ပြီးနောက် ဝူဝမ်တောက်မှာ ခဏတာ မှင်သက်သွားသော်လည်း ၊ အလျင်အမြန်ပင် အံ့အားသင့်သည့် အမူအရာဖြင့် ပြောလိုက်သည်။
“အဘိုး... ရှောင်ရွှယ်က ကလေးမွေးတော့မယ်... ဒါပေမဲ့ သူမရဲ့ အခြေအနေက သိပ်မကောင်းဘူး... ကျွန်တော် နည်းနည်း စိုးရိမ်နေတယ်”
ကျင့်ကြံသူများအတွက် မီးဖွားစဉ် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်ခြေ အလွန် နည်းပါးသော်လည်း လုံးဝ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ မီးမဖွားမီ သူ၏ ဇနီး ပြသခဲ့သော ထူးဆန်းသည့် အမူအကျင့်များနှင့် ပေါင်းစပ်လိုက်သောအခါ ဝူဝမ်တောက်မှာ အမှန်တကယ်ပင် စိုးရိမ်ပူပန်လာခဲ့သည်။
ဝူဟောက်၏ အမူအရာကလည်း အလွန်ပင် လေးနက်နေသည်။ မြေးချွေးမ၏ ဝမ်းဗိုက်ထဲရှိ ကလေးငယ်မှာ သာမန် ကလေးငယ် တစ်ယောက် မဟုတ်ဘဲ နောက်ထပ် ကံကြမ္မာရွေးချယ်ခံရသူ တစ်ဦး ဖြစ်နိုင်ကြောင်း သူ အာရုံခံမိနေသည်။
“စိတ်မပူနဲ့... အရာအားလုံး အဆင်ပြေသွားမှာပါ “
သိပ်မကြာမီမှာပင် ၊ လက်သည်မ က ကလေးငယ် တစ်ယောက်ကို ပွေ့ချီကာ စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ ဝူဝမ်တောက်သည် ကလေးချီရန် ပြင်ဆင်လိုက်သော်လည်း လက်သည်မ သည် မမျှော်လင့်ဘဲ ချော်လဲကျသွားပြီး လက်လွတ်သွားကာ ကလေးကို လွှင့်ပစ်လိုက်သလို ဖြစ်သွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ဝူဝမ်တောက်၏ အမူအရာမှာ ပြောင်းလဲသွားသည်။ မြင့်မြတ်နယ်မြေမှ လက်သည်မ တစ်ယောက်သည် အဘယ်ကြောင့် ချော်လဲကျသည်ကို မတွေးနိုင်တော့ဘဲ ကလေးကိုသာ လှမ်းဖမ်းရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ဝူဝမ်တောက် မလှုပ်ရှားခင်မှာပင် ၊ ကလေးငယ်သည် ဝူဟောက်၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ အဘိုးဖြစ်သူသည် သူ၏သားကို ဖမ်းဆွဲနိုင်ခဲ့သဖြင့် ဝူဝမ်တောက်မှာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဝူဟောက်၏ အနားသို့ ရောက်လာခဲ့သည်။
လက်သည်မ သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဝူဝမ်တောက်ထံ ချဉ်းကပ်လာကာ တောင်းပန်လိုက်သည်။
“သခင်ကြီး... ကျွန်မလည်း ဘာဖြစ်သွားမှန်း မသိဘူး... အစောက ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ ချော်လဲကျသွားတာပါ”
“ထပ်ပြောနေစရာ မလိုတော့ဘူး... ဝူမိသားစုထဲကနေ မင်းဘာသာ ထွက်သွားလိုက်တော့... ဒါမှမဟုတ်ရင် မင်း ဘာဖြစ်သွားမလဲ ဆိုတာ သိတယ် မလား”
ဝူဝမ်တောက်၏ အမူအရာမှာ အတော်လေး ကြည့်ရဆိုးနေသည်။ သူတော်စင်နယ်ပယ် အဆင့်ရှိသော လူတစ်ယောက်က မည်သို့ ချော်လဲကျနိုင်မည်နည်း။
ဝူဝမ်တောက်၏ စကားကို ကြားသောအခါ လက်သည်မ မှာ ထိတ်လန့်သွားပုံ ရသည်။ သူမသည် တစ်ခုခု ပြောရန် ဟန်ပြင်လိုက်စဉ် ၊ ဝူဟောက်က ဝင်ပြောလိုက်သည်။
“ တော်တော့ ဝမ်တောက်... ဒါက သူမနဲ့ ဘာမှ မဆိုင်ဘူး”
ဝူဟောက်၏ စကားကြောင့် ဝူဝမ်တောက်သည် စိတ်မရှည်စွာဖြင့် ပြန်ဖြေလိုက်သည်။
“မြန်မြန် ထွက်သွားတော့... အဘိုးက မင်းဘက်က ပြောပေးလို့သာ မင်းကို လွှတ်ပေးလိုက်တာ... နောက်တစ်ခါဆိုရင်တော့ မင်း အသက်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ်”
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ် သခင်ကြီး... ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး”
ထိုသို့ ပြောပြီးနောက် လက်သည်မ သည် ကျေးဇူးတင်စွာဖြင့် ထွက်ခွာသွားလေသည်။
လက်သည်မ ထွက်ခွာသွားပြီးနောက် ဝူဝမ်တောက်သည် ဝူဟောက်ထံ ချဉ်းကပ်လာပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“အဘိုး... ကျွန်တော့် ကလေးမှာ တစ်ခုခု မှားနေလို့လား”
“အင်း... ပြဿနာ တစ်ခုတော့ ရှိတယ်... ဒါပေမဲ့ ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး”
ထိုအခိုက်အတန့်တွင် သူ၏ ရင်ခွင်ထဲရှိ ကလေးငယ်၏ အချက်အလက်များ ထွက်ပေါ်လာခဲ့သည်။
[အမည် - ယာယီ]
[လိင် - ကျား]
[ကံကြမ္မာ - ကံကြမ္မာရွေးချယ်ခံရသူ]
[ပါရမီ - မရှိ]
[ခန္ဓာကိုယ် - ကပ်ဘေးတစ်သောင်းခန္ဓာ]
“တကယ်ကြီး ကပ်ဘေးတစ်သောင်းခန္ဓာလား”
ဝူဟောက်သည် စိတ်မလုံမခြုံမှုကို ခံစားလိုက်ရသည်။ ကပ်ဘေးတစ်သောင်းခန္ဓာ ဟု ခေါ်သော အရာသည် ဝူမုန့်သယ်၏ ဘေးအန္တရာယ်ခန္ဓာထက်ပင် ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်။ ဝူမုန့်သယ်၏ တည်ရှိမှုက သူမ၏ အနီးနားရှိ လူများကိုသာ သက်ရောက်မှု ရှိနိုင်သော်လည်း ကပ်ဘေးတစ်သောင်းခန္ဓာသည် အောက်ဘုံ တစ်ခုလုံး... မဟုတ်သေး... အထက်ဘုံကိုပင် သက်ရောက်မှု ရှိနိုင်သည်ဟု ဆိုနိုင်ပေသည်။
ထို့ကြောင့်ပင် လက်သည်မသည် သူတော်စင် တစ်ပါး ဖြစ်သော်လည်း မတော်တဆ ချော်လဲကျသွားခဲ့ရခြင်း ဖြစ်သည်။ ၎င်းမှာ ကပ်ဘေးတစ်သောင်းခန္ဓာ၏ လွှမ်းမိုးမှုကြောင့်ပင် ဖြစ်သည်။
သို့သော်လည်း ဝူဝမ်တောက်သည် ဤပြဿနာများကို မသိထားချေ။ သူသည် ကလေးငယ်တွင် ပြဿနာ မရှိကြောင်း သိလိုက်ရမှသာလျှင် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
ဖခင် တစ်ယောက်အနေဖြင့် သားဖြစ်သူသည် ဝူယီဖန်ကဲ့သို့ ဖြစ်လာရန် မမျှော်လင့်ပေ။ သားဖြစ်သူကို အေးချမ်းပြီး ဘေးကင်းလုံခြုံသော ဘဝတစ်ခုတွင် နေထိုင်သွားစေလိုသော စိတ်ဆန္ဒသာ ရှိသည်။
ခဏတာ တွေးတောပြီးနောက် ဝူဟောက်သည် သူ၏ သိုလှောင်ကွင်းထဲမှ ဆွဲကြိုးတစ်ကုံးကို ထုတ်ယူကာ ကလေးငယ်၏ လည်ပင်းတွင် ဆွဲပေးလိုက်သည်။ ဆွဲကြိုး ဆွဲပြီးနောက်၊ ကပ်ဘေးတစ်သောင်းခန္ဓာ၏ အကျိုးသက်ရောက်မှုများသည် သိသိသာသာ ပိတ်ပင်ခံလိုက်ရသည်။
၎င်းသည် ဝူဟောက် အားလပ်ချိန်တွင် ဖန်တီးထားသော ပစ္စည်းငယ်လေး တစ်ခု ဖြစ်သည်။ ၎င်းတွင် ခန္ဓာကိုယ်ကို ဖိနှိပ်ပေးနိုင်သော အာနိသင် ရှိသည်။ လက်ရှိ ကပ်ဘေးတစ်သောင်းခန္ဓာမှာ အပြည့်အဝ အသုံးချနိုင်ခြင်း မရှိသေးသဖြင့် အလွန် လွယ်ကူစွာ ဖိနှိပ်ထားနိုင်သေးသည်။
ထိုအခိုက်အတန့်တွင် ဝူဝမ်တောက်က စကားပြောလာသည်။
“အဘိုး... ဒီရောက်နေပြီ ဆိုတော့... ကျွန်တော့် သားကို နာမည် ပေးပါလား”
“ငါ ပေးရမှာလား... အဲ့လိုဆိုရင်တော့ သူ့ကို ဝူကျန်းအဲ့ လို့ ခေါ်ကြတာပေါ့”
သူ၏ မြစ်ဖြစ်သူသည် ကပ်ဘေးတစ်သောင်းခန္ဓာကို သူ၏ ကိုယ်ပိုင်အဖြစ် ပြောင်းလဲနိုင်ပြီး ၎င်း၏ သက်ရောက်မှုကို မခံရဘဲ နေနိုင်မည်ဟု မျှော်လင့်ကာ ဤနာမည်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
နာမည်ကို ကြားပြီးနောက် ၊ ဝူဝမ်တောက်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဝူမိသားစုတွင် ဝူဟောက် နာမည်ပေးခဲ့သူ တော်တော်များများ ရှိသော်လည်း ခြွင်းချက်မရှိ သူတို့အားလုံးသည် ပါရမီရှင်များ ဖြစ်လာခဲ့ကြသည်။ သူ၏ သားသည်လည်း အနာဂတ်တွင် ပါရမီရှင် တစ်ဦး ဖြစ်လာမည်မှာ သေချာပေသည်။
သို့သော်လည်း ဝူဟောက်သာ မရှိခဲ့လျှင်ဖြင့် ၊ ဝူကျန်းအဲ့ ၏ လွှမ်းမိုးမှုအောက်တွင် ဝူမိသားစုသည် ရက်အနည်းငယ်အတွင်း အမျိုးမျိုးသော ကပ်ဘေးများနှင့် ရင်ဆိုင်ရပြီးနောက် အချိန်မြစ်အတွင်းသို့ ပျောက်ကွယ်သွားပေလိမ့်မည်။
အခန်း ၁၄၈ - ကျွန်တော် ဧကရာဇ်လှံကို လိုချင်တယ်
“နောက်ဆုံးတော့ မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်ပြီပဲ... ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ ဆရာ ဖိနှိပ်ထားတဲ့ သားရဲဆိုးကို အနိုင်ယူနိုင်မလား မသိဘူး”
ဝူယိတောက်သည် တရားထိုင်နေရာမှ မျက်လုံးများ ပွင့်လာပြီး သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။
ယခင် အကြောင်းရင်းများကြောင့် ချန်ဝူရွှမ် တစ်ယောက်တည်းသာ ထျန်းဝူတောင်တွင် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ အခြား အကြီးအကဲများမှာ ယခုထက်ထိ မတတ်လှမ်းနိုင်သေးပေ။
ပိတ်ပင်ခံထားရသောကြောင့် ဝူယိတောက်သည် သားရဲဆိုး၏ နယ်ပယ်ကို ရှင်းရှင်းလင်းလင်း စုံစမ်းထောက်လှမ်းနိုင်ခြင်း မပြုလုပ်နိုင်သောကြောင့် သက်ပြင်းချကာ သိုင်းသူတော်စင်နာ့စန်း ရှိရာ အရပ်ဆီသို့ ထွက်လာခဲ့တော့သည်။
ဆရာဖြစ်သူကို ဟန့်တားနေသော သားရဲဆိုးကို သူ မြန်မြန် ဖယ်ရှားနိုင်သရွေ့ ၊ ဆရာသခင်သည် မဟာဧကရာဇ်အဆင့်သို့ မြန်မြန် ထိုးဖောက်ဝင်ရောက်နိုင်ပေတော့မည်။
မကြာမီမှာပင် ဝူယိတောက်သည် သိုင်းသူတော်စင် နာ့စန်း၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ တပည့်ဖြစ်သူ ရောက်ရှိလာသည်ကို မြင်သောအခါ သိုင်းသူတော်စင် နာ့စန်းသည် ခဏတာ ချီတုံချတုံ ဖြစ်သွားပြီးနောက် မေးမြန်းလိုက်သည်။
“ယိတောက်... ဘာကိစ္စ ရှိလို့လဲ”
“ဆရာ... ကျွန်တော် အဆင်သင့် ဖြစ်ပြီ... သားရဲဆိုးရဲ့ ပိတ်ပင်မှုကို ဖွင့်ပေးလိုက်ပါတော့... ကျွန်တော် ရှင်းလင်းလိုက်မယ်”
ဝူယိတောက်သည် လိုရင်းကို တိုက်ရိုက် ပြောလိုက်သည်။ သိုင်းသူတော်စင် နာ့စန်း၏ အမူအရာသည် တည်ကြည်လေးနက်သွားသည်။ သူသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် မေးလိုက်သည်။
“ယိတောက်... မင်း တကယ်ပဲ အဆင်သင့် ဖြစ်ပြီလား”
ဝူယိတောက်၏ ပါရမီသည် သူ မြင်ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး ဖြစ်ကြောင်းနှင့် ရွှမ်ထျန်းကမ္ဘာ၏ စည်းတံဆိပ်သည် သူ့ကျေးဇူးကြောင့် ဖြည်လိုက်နိုင်သည်ကို ဝန်ခံသော်လည်း ၊ သို့သော် ထိုကဲ့သို့သော ပါရမီရှင်မျိုးပင်လျှင် သားရဲဆိုးကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဝူယိတောက်သည် ခေါင်းညိတ်လိုက်သည်။
သိုင်းသူတော်စင် နာ့စန်းသည် နားလည်သွားသဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
“အဲ့လိုဆိုရင်လည်း အရာအားလုံးက မင်းအပေါ်မှာပဲ မူတည်တယ်... ဒါပေမဲ့ အခု အချိန်မကျသေးဘူး... တိုက်ပွဲကြောင့် ထိခိုက်မှု မရှိအောင် တောင်ပေါ်က တပည့်တွေကို အရင် ထွက်သွားဖို့ အမိန့်ပေးရမယ်”
သိုင်းသူတော်စင် နာ့စန်းသည် ထိုသတင်းကို ဖြန့်လိုက်သည်နှင့် ၊ ထျန်းဝူတောင်မှ တပည့်များ အားလုံး၏ အမူအရာများသည်ပြောင်းလဲသွားကြသည်။ သူတို့၏ လက်ရှိ တည်နေရာအောက်တွင် ထိုကဲ့သို့သော ထိတ်လန့်ဖွယ်ကောင်းသည့် တည်ရှိမှု တစ်ခု ဖိနှိပ်ခံထားရကြောင်းကို သူတို့ လုံးဝ မသိခဲ့ကြပေ။
သို့သော် ယခုအချိန်သည် တုံ့ဆိုင်းနေရမည့် အချိန် မဟုတ်ပေ။ အရေးအကြီးဆုံးမှာ ထျန်းဝူတောင်မှ အရင် ထွက်ခွာသွားရန် ဖြစ်ပြီး တိုက်ပွဲကြီး ပြီးဆုံးသွားပြီးမှ ပြန်လာရန် ဖြစ်သည်။
“သူတော်စင်က သားရဲဆိုးရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မယ်လို့ မင်း ထင်လား”
“ဒါပေါ့... သူတော်စင်က မဟာဧကရာဇ် တစ်ပါး ဖြစ်နေပြီလေ... ပြီးတော့ သူက ထျန်းဝူတောင်မှာ ပါရမီအကောင်းဆုံး သူတော်စင်ပဲ... သာမန် သားရဲဆိုးလောက်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်စရာ အကြောင်းမရှိဘူး”
“သူတော်စင်က သားရဲဆိုးကို အနိုင်ယူလိုက်ပြီ ဆိုတဲ့ သတင်းကို ငါတို့ မကြာခင် ကြားရမယ်လို့ ထင်တယ်... ပြီးရင် ငါတို့ ထျန်းဝူတောင်ကို ပြန်သွားလို့ရပြီ”
ထျန်းဝူတောင်မှ ထွက်ခွာလာစဉ် ၊ တပည့်အချို့က ထိုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးနေကြပြီး နောက်ဆုံးတွင် ဝူယိတောက်သည် အနိုင်ရလိမ့်မည်ဟု သူတို့ အားလုံး သဘောတူခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ဝူယိတောက်သည် အနိုင်ရရန် သေချာမှု မရှိဘဲ လှုပ်ရှားလိမ့်မည် မဟုတ်ပေ။
မကြာမီမှာပင် ထျန်းဝူတောင်တွင် ဧကရာဇ်တစ်ပိုင်းအဆင့် အကြီးအကဲ အနည်းငယ်သာ ကျန်ရစ်ခဲ့တော့သည်။ တပည့်များမှာ အတော်လေး ဘေးကင်းလုံခြုံသော နေရာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရပြီး ထျန်းဝူတောင်ထံမှ သတင်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
“ဂိုဏ်းချုပ်... သူတော်စင်က သားရဲဆိုးကို ကိုင်တွယ်နိုင်မယ်လို့ ထင်လား”
ချန်ဝူရွှမ်သည် သိုင်းသူတော်စင် နာ့စန်းရှေ့သို့ ရောက်လာပြီး သက်ပြင်းချလိုက်သည်။ သူ၏ စကားထဲတွင် တွန့်ဆုတ်မှုနှင့် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပါဝင်နေသည်။
ဤစကားကို ကြားသောအခါ သိုင်းသူတော်စင် နာ့စန်းသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ရုံသာ ပြုလိုက်၏။
“မင်း မယုံရင်တောင် ဘာလုပ်နိုင်မှာလဲ... မင်းလည်း သိသင့်တာပေါ့... ယိတောက်က ရွှမ်ထျန်းကမ္ဘာရဲ့ စည်းတံဆိပ်ကို ချိုးဖျက်နိုင်ခဲ့တယ်လေ... သားရဲဆိုးက တစ်ခုခုရဲ့ နှိုးဆွမှုကို ခံထားရသလိုပဲ... အချိန်အကြာကြီး ဖိနှိပ်ထားလို့ ရမှာ မဟုတ်တော့ဘူးလို့ ငါ ခန့်မှန်းရတယ်... အခုတော့ ယိတောက်က သားရဲဆိုးကို ရှင်းလင်းနိုင်ပါစေလို့ပဲ ငါတို့ မျှော်လင့်နိုင်တော့တယ်”
“ဒါပေမဲ့ ယိတောက် မဖြေရှင်းနိုင်ရင်တောင် သူ့ရဲ့ ဘိုးဘေးကြီးက ဖြေရှင်းပေးနိုင်မှာပါ”
ထိုအချိန်၌ သိုင်းသူတော်စင် နာ့စန်းသည် ဝူမိသားစု ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ ချန်ဝူရွှမ်ကလည်း ထိုနည်းတူစွာ ပြုလုပ်လိုက်၏။
ဝူဟောက်သည် တကယ်တမ်းတွင် မလှုပ်ရှားခဲ့သော်လည်း ၊ သို့သော် ထိုနေ့က အခြေအနေကို လူတိုင်း ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ဖြစ်သည်။ ဝူမိသားစု၏ ဘိုးဘေးကြီး ဖြစ်သော ဝူဟောက်သည် ဝူမိသားစုတွင် အစွမ်းအထက်ဆုံး ဖြစ်နိုင်ပြီး ၊ ဝူယီဖန်ပင်လျှင် သူ၏ ပြိုင်ဘက် မဟုတ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။
ချန်ဝူရွှမ်နှင့် သိုင်းသူတော်စင် နာ့စန်းတို့မှာ ဤသို့ ယုံကြည်နေကြသည်။ မည်သို့ပင်ဖြစ်စေ ဝူဟောက်သည် ယခင်က ဝူယိတောက်ကို သူတို့ မျက်စိအောက်တွင်ပင် ခေါ်ဆောင်သွားခဲ့သည်။ယင်းက ဝူဟောက်၏ စွမ်းအားကို ပြသရန် လုံလောက်သည် မဟုတ်လော။
ထျန်းဝူတောင်မှ တပည့်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပြီးနောက် ဝူယိတောက်သည် သိုင်းသူတော်စင် နာ့စန်းအား သားရဲဆိုး၏ ပိတ်ပင်မှုကို ချက်ချင်း ဖွင့်မခိုင်းခဲ့ပေ။ ယင်းအစား သူသည် ဝူမိသားစုသို့ အရင် ပြန်သွားခဲ့သည်။
ဝူဟောက်သည် ဤအရာကို ကြိုတင် ခန့်မှန်းထားပုံရပြီး ၊ ဝူယိတောက်၏ ရောက်ရှိလာမှုကို အံ့အားသင့်သည့် အမူအရာ မပြခဲ့ချေ။
“ဘိုးဘေး”
ဝူဟောက်ကို ကြည့်ရင်း ဝူယိတောက်၏ အမူအရာမှာ တည်ငြိမ်နေဆဲပင် ဖြစ်သည်။
ဝူဟောက်သည် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။
“ပြောစမ်း... မင်း ဘာလိုချင်လို့လဲ”
“ဘိုးဘေး... ဧကရာဇ်လှံ တစ်လက် ကျွန်တော် လိုချင်တယ်”
တုံ့ဆိုင်းခြင်းမရှိ ဝူယိတောက်သည် သူ လာရသည့် အကြောင်းရင်းကို တန်းပြောလိုက်သည်။ ဤစကားကို ကြားသည်နှင့် ဝူဟောက်သည် ခေါင်းညိတ်လိုက်ပြီးနောက် မတ်တတ်ထရပ်လိုက်သည်။
ဝူဟောက် မတ်တတ်ထရပ်လိုက်သည့် အခိုက်အတန့်မှာပင် ၊ သူ၏ သိုလှောင်ကွင်းထဲမှ ပန်းပဲရိုက်ရန် လိုအပ်သော ပစ္စည်း အများအပြား ထွက်ပေါ်လာပြီး ဝူဟောက်၏ လက်ဖဝါးထဲရှိ အင်မော်တယ်မီးတောက်ထဲသို့ ကျရောက်သွားလေသည်။
ဘိုးဘေးဖြစ်သူ၏ လက်နက် ဖန်တီးနေသည့် မြင်ကွင်းကို ဝူယိတောက်အနေဖြင့် ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။ ဝူဟောက်၏ လက်ဖဝါးထဲရှိ အင်မော်တယ်မီးတောက်များကို ကြည့်ရင်း ၊ သူ၏ အမူအရာသည် အလွန်ပင် တည်ကြည်လေးနက်နေသည်။
ဤအင်မော်တယ်မီးတောက်သည် ရွှမ်ထျန်းကမ္ဘာ၏ ဖန်တီးမှု မဟုတ်ကြောင်း သူ ပြောနိုင်ပြီး ၊ ဘိုးဘေးဖြစ်သူသည် ဤအရာကို အထက်ဘုံမှ ယူဆောင်လာခြင်း ဖြစ်နိုင်သည်။
ဝူယိတောက်သည် ထိုအကြောင်းကို ဆက်မတွေးနိုင်ခင်မှာပင် ၊ အင်မော်တယ်မီးတောက်၏ အပူချိန်အောက်တွင် ပါဝင် ပစ္စည်းများသည် အလျင်အမြန် အရည်ပျော်သွားပြီး ပေါင်းစပ်သွားသည်ကို မြင်လိုက်ရသည်။
ဝူဟောက်၏ စိတ်စွမ်းအား ထိန်းချုပ်မှုအောက်တွင် ၊ အင်မော်တယ်မီးတောက်ထဲရှိ သတ္တုရည်များသည် ပုံသဏ္ဌာန် တစ်ခုအဖြစ် အလျင်အမြန် ပြောင်းလဲသွားပြီး ၊ အဆုံးတွင် လှံရှည် တစ်လက်၏ ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။
အပြည့်အဝ ပုံမပေါ်သေးသော်လည်း ၊ ၎င်း၏ အပြင်ပန်းကို ကြည့်ရုံဖြင့် ဤဧကရာဇ်လှံသည် ထိတ်လန့်ဖွယ် ကောင်းလောက်အောင် စွမ်းအားကြီးမားလိမ့်မည်ဟု ဝူယိတောက် ခံစားမိသည်။
သူ မတုံ့ပြန်နိုင်ခင်မှာပင် ၊ ကောင်းကင်ယံ၌ မိုးကြိုးကပ်ဘေး တစ်ခု ထွက်ပေါ်လာပြီး ဝူဟောက်၏ လက်ဖဝါးပေါ်ရှိ ဧကရာဇ်လှံဆီသို့ တိုက်ရိုက် ကျဆင်းလာခဲ့သည်။
ဝူဟောက်သည် မတုန်မလှုပ်ဘဲ ဧကရာဇ်လှံကို ကောင်းကင်ယံသို့ ပစ်တင်လိုက်သည်။ ထို့နောက် လှံသည် မိုးကြိုးကပ်ဘေး၏ သန့်စင်မှုကို ခံယူခဲ့ပြီး ၊ မိုးကြိုးကပ်ဘေး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ လှံသည် ဝူဟောက်၏ လက်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
သို့သော် ဤလှုပ်ရှားမှုသည် ရွှမ်ထျန်းကမ္ဘာတွင် ဆူညံပွက်လော မဖြစ်စေခဲ့ချေ။ မည်သို့ပင်ဖြစ်စေ ဧကရာဇ်တာအို ဥပဒေသများ၏ စည်းတံဆိပ် ချိုးဖျက်ပြီးကတည်းက ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင်များသည် မကြာခဏဆိုသလို မဟာဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်နေကြသောကြောင့် ဖြစ်သည်။
ဧကရာဇ်လက်နက် ကြုံတွေ့ရသော မိုးကြိုးကပ်ဘေးသည် မဟာဧကရာဇ် တစ်ပါး ကြုံတွေ့ရသော မိုးကြိုးကပ်ဘေးနှင့် ဆင်တူသော်လည်း ၊ သို့သော် ဧကရာဇ်လက်နက်၏ ကပ်ဘေး ဖြတ်ကျော်မှု အောင်မြင်နိုင်ခြေက များစွာ ပိုမြင့်မားသည်။
အဘယ်ကြောင့်ဆိုသော် မဟာဧကရာဇ်သည် ဧကရာဇ်လက်နက်လောက် စွမ်းအားမကြီးမားသောကြောင့် ဖြစ်သည်။
ဘိုးဘေးကြီး၏ လက်ထဲရှိ ဧကရာဇ်လက်နက်ကို ကြည့်ရင်း၊ ဝူယိတောက်၏ရင်ထဲ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ အပြင်ပန်းသည် အလွန်တရာမျှ အေးစက်နေပုံရပြီး လူကို ညင်သာသော ဖိအား တစ်ခုကို ပေးစွမ်းနေသည်။
ဧကရာဇ်လက်နက်၏ အထောက်အပံ့သာ ရှိလျှင် ၊ လူသားအင်မော်တယ်ကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်ဟု ဝူယိတောက် ခံစားမိသည်။
“ဒီဧကရာဇ်လက်နက်က မင်းအတွက်ပဲ ဆိုတော့ မင်းဘာသာ နာမည်ပေးလိုက်တော့”
ဝူဟောက်သည် ဝူယိတောက်ကို ကြည့်ကာ ပြောလိုက်သည်။
ဝူယိတောက်က အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ၊ ဧကရာဇ်လှံကို ယူကာ တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
“ဒါက ကျွန်တော့်ရဲ့ လှံဖြစ်နေမှတော့ ဖရိုဖရဲလှံ လို့ပဲ ခေါ်ကြတာပေါ့”
[ဒင်!... ဂုဏ်ယူပါတယ် ပိုင်ရှင်... သင်သည် ဧကရာဇ်လှံ တစ်လက်ကို လက်ဆောင်ပေးခဲ့ပါသည်... ဧကရာဇ်လှံ တစ်သန်း ပြန်လည် ရရှိလိုက်ပါပြီ... သင် ဘာဆက်လုပ်ချင်ပါသလဲ]
“ပေါင်းစပ်မယ်”
[ဒင်!... ဂုဏ်ယူပါတယ် ပိုင်ရှင်... သင်သည် အဆင့်တစ် အင်မော်တယ်လှံ တစ်သောင်းကို ရရှိလိုက်ပါပြီ ]