အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
အခန်း။ ၁၂၁
ဓားဆရာကြီး ကူယဲ့က ဆက်လက်၍ "ငါ့ဆီမှာက တော်တော်လေး အေးချမ်းတယ်။ အထူးသဖြင့် အိမ်နောက်ဘက်က ဝိညာဉ်ဥယျာဉ်ဆိုရင် တစ်နှစ်ပတ်လုံး ဒီအဘိုးကြီးကလွဲလို့ ဘယ်သူမှ လာတာမဟုတ်ဘူး။
ကဲ... အခုရော မင်း ကျေနပ်ပြီလား"
သူ၏ စကားလုံးများထဲတွင် ရွဲ့တဲ့တဲ့နိုင်သော အငွေ့အသက်နှင့် လှောင်ပြောင်လိုသော သဘောများ ပါဝင်နေသည်။ အမှန်စစ်စစ်တွင် မည်သည့် သွေးကြွနေသော ဓားကျင့်ကြံသူကမှ လယ်ယာစိုက်ပျိုးသည့်အလုပ်ကို လုပ်ကိုင်လိုကြမည် မဟုတ်ပေ။
သူကိုယ်တိုင်မှာမူ ဆေးအဆိပ်အတောက်ကြောင့် ရှေ့ဆက်တိုးရန် မစွမ်းသာတော့သဖြင့် သူ့ကိုယ်သူ နှိမ့်ချကာ ဤဝိညာဉ်စိုက်ခင်းကို ပြုစုပျိုးထောင်နေခြင်းပင်။ နောင်လာနောက်သားများမှာ သူ့ကဲ့သို့ နေ့ညမပြတ် ဆေးအဆိပ်ဒဏ်ကို မခံစားရစေရန်အတွက် ပိုမိုကောင်းမွန်သော ဆေးနည်းများကို ဖော်စပ်နိုင်ရန် သူ မျှော်လင့်နေခြင်းပင်။
သို့သော် စုန်ယန်ကမူ ခြေလှမ်းကို ပြင်လိုက်ပြီး "ဟုတ်ကဲ့ပါ ဆရာ ကျေနပ်ပါတယ်" ဟု တုံ့ပြန်လိုက်သည်။
စုန်ယန်က တကယ်ပင် သဘောတူလိုက်သည်ကို ကြားသောအခါ ဓားဆရာကြီး ကူယဲ့မှာ အကြောင်းပြချက်မရှိဘဲ ဒေါသထွက်လာကာ သူ၏ မုတ်ဆိတ်များပင် တုန်ခါသွားပြီး ဟိုဟိုဒီဒီ လမ်းလျှောက်နေတော့သည်။ ရုတ်တရက် သူသည် နှာခေါင်းကို ရှုံ့လိုက်ရာ တစ်စုံတစ်ခု လောင်ကျွမ်းနေသော အနံ့ကို ရလိုက်သည်။ ကြည့်လိုက်သောအခါ ထိုအနံ့မှာ ဆေးအိုးကြီးထဲမှ ထွက်ပေါ်နေခြင်း ဖြစ်၏။
ဓားဆရာကြီးမှာ ဒေါသတကြီး ခုန်ပေါက်တော့သည်။
တောက်... ဒီကောင်လေးကြောင့်နဲ့ ငါ စိတ်အာရုံလွင့်သွားပြီး ဆေးကျိုတဲ့အချိန်ကိုတောင် မေ့သွားတယ်။ မဟုတ်ရင် အခုလောက်ဆို ဆေးက ရနေပြီ။
သူသည် တွေးလေလေ ပို၍ စိတ်တိုလာလေဖြစ်ကာ အော်ဟစ်လိုက်တော့သည်။
"ထွက်သွားစမ်း ထွက်သွား မင်းလို ကောင်စုတ်လေး ခွေးကောင်လေး…."
"ဟုတ်ကဲ့ပါ ဆရာ"
စုန်ယန်၏ လေသံမှာ တည်ငြိမ်နေဆဲပင်။ သူသည် ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။
သူသည် ဤအစီအစဉ်ကို တကယ့်ကို ကျေနပ်မိသည်။ သူ ဤနေရာသို့ လာရခြင်းမှာ ရေနောက်နေသည်ကို အခွင့်ကောင်းယူရန်အတွက်ပင်။
ဓားဆရာကြီး ကူယဲ့မှာ ကြက်သွေးရောင်နန်းတော်၏ အစောပိုင်းအဆင့်မှာပင် သက်တမ်းကုန်ဆုံးတော့မည့် အခြေအနေရှိနေသည်မှာ သိသာလှပြီး ဤနေရာလေးမှာမူ စုန်ယန်အတွက် အတော်ဆုံးပင်။
နောက်တစ်နေ့တွင်...
ဘုန်း…..
ဓားဆရာကြီး ကူယဲ့သည် စာအုပ်ငယ်တစ်အုပ်ကို ပစ်ပေးလိုက်ရင်း "ကိုယ့်ဘာသာကိုယ် ကြည့်ထား ငါ့ရဲ့ အဖိုးတန်ပန်းတွေနဲ့ အပင်တွေကိုတော့ ဖျက်ဆီးမပစ်နဲ့ဦး" ဟု ပြောလိုက်သည်။
သူသည် စုန်ယန်ဘက်သို့ လှည့်ကြည့်ရန်ပင် စိတ်မပါတော့ချေ။
စုန်ယန်သည် ထိုစာအုပ်ငယ်ကို ကောက်ယူကြည့်လိုက်ရာ မျက်နှာဖုံးတွင် ထူးကဲဆေးမြက်များအား တစ်ရာအကြိမ်မြောက် ဆန်းစစ်ခြင်းဟု ရေးသားထားသည်ကို တွေ့ရသည်။ ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ ဆေးမြက်များ၏ ပုံသဏ္ဌာန်၊ ဆေးဖက်ဝင် အာနိသင်များမှသည် ၎င်းတို့နှင့် တွဲဖက်ဖော်စပ်နိုင်သော ဆေးရည်များအထိ အသေးစိတ် ဖော်ပြထားသည်ကို တွေ့ရှိရ၏။
သူ ပထမဆုံး မြင်လိုက်ရသည့် အကြောင်းအရာမှာ သူနှင့် ရင်းနှီးပြီးသားဖြစ်သော ဆေးမြက်တစ်မျိုး ဖြစ်သည်။
[လရောင်မြက်: သဘာဝအရ အရသာချိုမြိန်သည်။ ထူးကဲချီကြောများရှိရာ မြင့်မားသော အရပ်ဒေသများတွင် ပေါက်ရောက်လေ့ရှိပြီး ထူးကဲချီများကို ၎င်း၏ ပင်စည်နှင့် သစ်ရွက်များအတွင်း စုဆောင်းထားတတ်သည်။ ၎င်းကို လက်ဖက်ရည်ကဲ့သို့ ခပ်၍သောက်နိုင်သလို ဆေးဖော်စပ်ရန်အတွက်လည်း နေလှန်း၍ အသုံးပြုနိုင်သည်။ ဤမြက်သည် အအေးဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း အပူဒဏ်ကို မခံနိုင်ချေ။ ဆောင်းရာသီတွင် စိုက်ပျိုး၍ နွေရာသီတွင် ရိတ်သိမ်းရသည်]
စာအုပ်၏ နောက်ပိုင်းစာမျက်နှာများတွင် ပါဝင်သော ဆေးလုံးဖော်စပ်နည်းများမှာ ထူးကဲဝိညာဉ်ဆေးလုံးအငယ်၊ ထူးကဲဝိညာဉ်ဆေးလုံးအကြီးနှင့် ထူးကဲအရည်ဆေးလုံးအငယ် တို့ဖြစ်ကြပြီး စုန်ယန်အတွက်မူ ထိုဆေးလုံးများမှာ အကျွမ်းတဝင်ရှိနေပြီးသား ဖြစ်သည်။
စာမျက်နှာများကို ဆက်လက် လှန်ကြည့်လိုက်သည့်အခါ မန်ကျီမြက်နှင့် ခရမ်းရောင်ကျီးကန်းမြက်တို့အကြောင်းကိုပါ ဖော်ပြထားသည်ကို တွေ့ရသည်။
ဤထူးကဲဆေးမြက်များအား တစ်ရာအကြိမ်မြောက် ဆန်းစစ်ခြင်းစာအုပ်မှာ ဓားဆရာကြီး ကူယဲ့ကိုယ်တိုင် စာအုပ်ပေါင်းစုံမှ အချက်အလက်များနှင့် သူ၏ နှစ်ပေါင်းများစွာသော အတွေ့အကြုံများကို ပေါင်းစပ်ပြုစုထားခြင်းဖြစ်ကြောင်း သိသာလှသည်။
စုန်ယန်သည် အမြဲတမ်း စိတ်ရှည်တတ်သူဖြစ်ရာ ထိုစာအုပ်ငယ်ကို လက်ထဲတွင်ကိုင်လျက် ဘေးရှိစားပွဲ၌ ထိုင်ကာ အလေးအနက် လေ့လာ၍ ဖတ်နေတော့သည်။
ဓားဆရာကြီး ကူယဲ့သည် စုန်ယန်အား စာအုပ်ငယ်ကို ပစ်ပေးပြီးနောက် နောက်ပိုင်းတွင် ခိုးကြည့်လိုက်ရာ ထိုကောင်စုတ်လေးမှာ တကယ့်ကို အလေးအနက် ဖတ်ရှုနေသည်ကို တွေ့လိုက်ရသဖြင့် ပြောစရာ စကားလုံးပင် ပျောက်ရှသွားတော့သည်။
ဓားကျင့်ကြံသူတစ်ဦးအတွက် ဆေးဖော်စပ်ခြင်း ပညာရပ်တွင် နစ်မွန်းနေခြင်းမှာ စိတ်ရှည်မှုကို စမ်းသပ်ခြင်းဖြစ်သလို မိမိ၏ အနာဂတ်ကို ဖျက်ဆီးပစ်နေခြင်းနှင့်လည်း ဆင်တူသည်။
ဓားဆရာကြီး ကူယဲ့မှာ စိတ်ထဲမှ သက်ပြင်းချမိတော့သည်။
ဒီကောင်လေး ရက်အနည်းငယ်ကြာရင် ပျင်းလာမှာပါ အဲဒီကျရင်တော့ အခြေအနေကောင်းပြီ။
အဲဒီအခါကျမှ သူ့ကို အကြီးအကဲချုပ်ဆီ ထောက်ခံပေးရမယ်....
တစ်နှစ်လောက် လူသူမသိဘဲ နေခဲ့ပြီးမှ ရုတ်တရက် ဉာဏ်အလင်းပွင့်လာတာ ငါ့ရဲ့ဓားကို တစ်ချက်ကြည့်ရုံနဲ့ လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်းကို နားလည်သွားတာက တကယ့်ကို ရှားပါးတဲ့ကိစ္စပဲ။
ဒီလို ပါရမီမျိုး ဒီလို အသက်အရွယ်မျိုးနဲ့တော့ ဒီအဘိုးကြီးနားမှာ အချိန်ဖြုန်းနေဖို့ မသင့်တော်ပါဘူး….
...
...
လဝက်ခွဲခန့် ကြာပြီးနောက်...
စုန်ယန်သည် ထူးကဲဆေးမြက်များအား တစ်ရာအကြိမ်မြောက် ဆန်းစစ်ခြင်း စာအုပ်ကို လေ့လာနေရုံတင်မကဘဲ ဝါးအိမ်နောက်ဘက်ရှိ ထူးကဲစိုက်ခင်းကိုလည်း အလေးအနက် ပြုစုပျိုးထောင်နေပြီ ဖြစ်သည်။
သူသည် ငွေရောင်ဓားဝတ်ရုံကို ချွတ်လိုက်ပြီး မီးခိုးရောင် အလုပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် သစ်ရွက်နီကျွန်း၏ အစွန်ဆုံး ညာဘက်ခြမ်းရှိ စိုက်ခင်းအတွင်း၌ ခါးကုန်းကာ ပေါင်းမြက်များကို ဆွဲနုတ်နေသလို တစ်ဖက်မှလည်း ငှက်မိစ္ဆာများနှင့် ကြွက်မိစ္ဆာများကို မောင်းနှင်နေတော့သည်။
ထိုငှက်မိစ္ဆာများကို မြူစာကလေးဟု ခေါ်ဆိုကြပြီး အဆင့်နိမ့် မိစ္ဆာသားရဲများထဲတွင်ပင် အနိမ့်ဆုံးအဆင့် ဖြစ်ကြသည်။ သူတို့၏ စွမ်းအားမှာ အားနည်းသော်လည်း အရေအတွက်မှာမူ အလွန်များပြားလှသည်။ ထိုငှက်များသည် ထူးကဲချီကြောစိမ့်မြေများတွင် နေထိုင်လေ့ရှိပြီး နေ့ဘက်တွင် အိပ်စက်ကာ ညဘက်တွင် လှုပ်ရှားတတ်ကြသည်။
မြေအောက်အောင်းကြွက်ဟု အမည်ရသော ကြွက်မိစ္ဆာများမှာမူ မြူစာကလေးများထက်ပင် အဆင့်နိမ့်သော်လည်း သူတို့တွင် ထူးခြားသော စွမ်းရည်တစ်ခု ရှိသည်။ ၎င်းမှာ မြေကြီးထဲတွင် မလှုပ်မယှက် ပုန်းကွယ်နေပါက ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲခြင်းပင်။ သူတို့သည်လည်း နေ့ဘက်တွင် အိပ်စက်ကာ ညဘက်၌ လှုပ်ရှားကြပြီး မြေအောက်သို့ တွင်းတူးကာ ထူးကဲပန်းနှင့် ထူးကဲမြက်များ၏ အမြစ်များကို ပြောင်စင်အောင် စားသောက်ရသည်ကို အလွန်နှစ်သက်ကြသည်။
ဤအကောင်နှစ်မျိုးမှာ အမြစ်ပြတ်အောင် ရှင်းလင်းရန် မဖြစ်နိုင်သလောက်ပင်။ "ပေါင်းပင်ကို အမြစ်မနုတ်ဘဲ ဖြတ်လိုက်လျှင် နွေဦးလေပြည် တိုက်ခတ်လာသည်နှင့် ပြန်လည် ပေါက်လာစမြဲ" ဟူသည့်အတိုင်းပင်။
ကြက်သွေးရောင်နန်းတော်အဆင့်ရှိသည့် ဓားဆရာကြီး ကူယဲ့ပင်လျှင် ထိုအကောင်များကြောင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ထို့ကြောင့် သူသည် အဖိုးတန်သော ထူးကဲပန်းနှင့် ထူးကဲမြက်များကို သီးသန့်စိုက်ပျိုးရန် စိုက်ခင်းအတွင်း၌ အထူးအကာအကွယ်တစ်ခုကို တည်ဆောက်ခဲ့ပြီး အရေးမကြီးသော အပင်များကိုမူ အပြင်ဘက်
တွင်သာ ထားရှိခဲ့သည်။ ထို့နောက် အချိန်အပိုင်းအခြားအလိုက် ငှက်မိစ္ဆာသတ်ပွဲ၊ ကြွက်မိစ္ဆာနှိမ်နင်းပွဲစစ်ဆင်ရေးများကို လုပ်ဆောင်လေ့ရှိသည်။
သို့သော် ဓားဆရာကြီး ကူယဲ့ စိုက်ပျိုးထားသော အပင်များမှာ ရှားပါးပြီး စွမ်းအင်သိပ်သည်းမှု မြင့်မားလွန်းသောကြောင့် ဤမိစ္ဆာသားရဲ နှစ်မျိုးတင်မကဘဲ အခြားသော ထူးဆန်းသည့် သတ္တဝါများကိုပါ ဆွဲဆောင်နေတော့သည်။ အမျိုးအမည်စုံလှသော ထိုသတ္တဝါများထဲတွင် အထူးဆန်းဆုံးမှာ အမြီးထူး အရိပ်ကြွက်ဟု ခေါ်သည့် အကောင်ပင်။
ဤထူးဆန်းသော သတ္တဝါကို အလယ်အလတ်အဆင့် မိစ္ဆာသားရဲအဖြစ် သတ်မှတ်ထားပြီး သူ၏ အနှစ်သက်ဆုံး ဝါသနာမှာ သူများစိုက်ခင်းကို တူးဆွခြင်း၊ သူများအပင်များကို စားသောက်ခြင်းနှင့် မည်သည့်နေရာမှ ရလာမှန်းမသိသော အစေ့များကို တိတ်တဆိတ် ပြန်လည်
စိုက်ပျိုးခဲ့ခြင်းပင်။ ထိုအစေ့များကို စိုက်ခင်းပိုင်ရှင်က ပြုစုပေးရန် မျှော်လင့်ထားပြီး အပင်ကြီးထွားလာသည့်အခါမှ ပြန်လာ၍ ခိုးယူစားသောက်တတ်ကြသည်။ အမှန်တကယ်ပင် စက်ဆုပ်
ဖွယ်ကောင်းသော အပြုအမူပင်။
တစ်ခါက ဓားဆရာကြီး ကူယဲ့ သတိမထားမိခင်မှာပင် စိုက်ခင်းအတွင်း၌ ထူးဆန်းသော အပင်တစ်ပင် ပေါက်လာခဲ့ဖူးရာ သူသည် ဒေါသအလွန်အမင်း ထွက်ခဲ့ရဖူးသည်။
ယခုအခိုက်တွင် ဓားဆရာကြီး ကူယဲ့သည် သူ၏အလုပ်ကို ခေတ္တရပ်နားလိုက်ပြီး ထူးကဲစိုက်ခင်းဘက်သို့ တိတ်တဆိတ် ကြည့်လိုက်ကာ သူ၏ နတ်ဘုရားအာရုံကို လွှတ်တင်လိုက်သည်။
သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားရတော့သည်။
"မပြေးနဲ့"
"အဲဒီမှာ ရပ်နေစမ်း"
ဖုန်တောထဲတွင် မီးခိုးရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူလေးမှာ အင်္ကျီလက်ကို မတင်လျက် စိုက်ခင်းထဲ၌ ရပ်နေသည်။ သူသည် မြူစာကလေးများကို ဓားဖြင့် လိုက်လံမောင်းနှင်နေခြင်း ဖြစ်၏။ သို့သော် မြူစာကလေးများမှာ အရေအတွက် များပြားလွန်းလှပြီး အုပ်စုလိုက် ဆင်းသက်လာလိုက်၊ အုပ်စုလိုက် ပြန်တက်သွားလိုက်နှင့် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းနေတော့သည်။
သို့သော် စုန်ယန် ဤနေရာတွင် ရှိနေသဖြင့် ထိုမြူစာကလေးများမှာ မည်သည့်အခွင့်အရေးမျှ မရရှိဘဲ ထွက်ပြေးကြရတော့သည်။ စုန်ယန်မှာမူ ဓားကို ထိန်းချုပ်ကာ သူတို့ကို တမင်တကာ လိုက်လံတိုက်ခိုက်နေသည်။ မြူစာကလေးများမှာ မြေပြင်ပေါ်သို့ ဝဲဆင်းသွားကြသော်လည်း အများအပြားမှာ လွတ်မြောက်သွားကြဆဲပင်။
စုန်ယန်သည် ဓားကိုစီးနင်းကာ ကောင်းကင်ပေါ်သို့ ပျံတက်ပြီး "ရပ်စမ်း ငါ့အတွက် ရပ်နေစမ်း" ဟု အော်ဟစ်ကာ ဇွဲနပဲဖြင့် လိုက်လံဖမ်းဆီးနေတော့သည်။
အခန်း။ ၁၂၂
“ငါတော့လေ...”
ဓားဆရာကြီး ကူယဲ့သည် သူ၏မျက်လုံးများကို လက်ဖြင့်အသာအုပ်လိုက်မိသည်အထိ ထိုမြင်ကွင်းကို ဆက်မကြည့်ရက်တော့ချေ။
ညနေစောင်း၌ စုန်ယန်တစ်နေ့တာ အလုပ်ရှုပ်ပြီးနောက် ဓားဆရာကြီးက သူ့ကို ပြန်ခေါ်ကာ အလေးအနက် ပြောလိုက်သည်။
“ရှို့ဟု... မင်းရဲ့ ပါရမီကို ဒီမှာ လာပြီး အလဟဿ အဖြစ်မခံပါနဲ့။ အတိတ်က ကိစ္စတွေက ပြီးသွားပါပြီ။ အနာဂတ်... အဲဒါကိုပဲ မင်း တန်ဖိုးထားသင့်တယ်”
စုန်ယန်က ကြည်လင်သော မျက်ဝန်းများဖြင့် မော့ကြည့်ကာ “ဆရာ... တပည့် သေချာ စဉ်းစားပြီးပါပြီ။ ဆရာတောင်မှ ကြက်သွေးရောင်နန်းတော် အဆင့်မှာပဲ ရပ်တည်ပြီး ဓားဂိုဏ်းရဲ့ မျိုးဆက်သစ်တွေအတွက် တစ်ဘဝလုံး မြှုပ်နှံထားနိုင်သေးတာပဲ။ တပည့်ကရော ဘာလို့ မလုပ်နိုင်ရမှာလဲ”
ဓားဆရာကြီး ကူယဲ့က “အဲဒါက ဘာလို့လဲဆိုတော့...”
သူ၏ နှုတ်ခမ်းများမှာ လှုပ်ရှားသွားသော်လည်း သူ၏ သေဆုံးခါနီး အခြေအနေကို တွေးမိကာ “ငါ့မှာ ဆေးအဆိပ်တွေ ရှိနေလို့” ဟု ဆက်မပြောတော့ဘဲ သက်ပြင်းရှည်ကြီး တစ်ချက်ကိုသာ ချလိုက်တော့သည်။ ထို့နောက် သူက ပြုံးလျက် “နေချင်ရင်လည်း နေပေါ့လေ ဘာပဲဖြစ်ဖြစ် ဒီဥယျာဉ်ကလည်း ဂရုစိုက်မယ့်သူ လိုအပ်နေတာပဲ။
မဟုတ်ရင်လည်း ဒီအဘိုးကြီး တစ်နေ့နေ့ ထွက်သွားတဲ့အခါ ငါ့ရဲ့ အတွေ့အကြုံတွေ အများကြီးက ဒီအတိုင်း ပျောက်ကွယ်သွားလိမ့်မယ်။ နောက်ဆုံးကျမှ တပည့်အများကြီး လိုက်ရှာနေမယ့်အစား မင်း ရှိနေတာက ပိုကောင်းပါတယ်။
ငါက ကြက်သွေးရောင်နန်းတော် အဆင့်မှာပဲ ရှိနေပေမဲ့ ငါ့ရဲ့ စိတ်ထဲမှာတော့ မာန်မာန တစ်ခုရှိတယ်။ ငါ့ရဲ့ ပညာရပ်တွေကို သာမန်ပါရမီရှိတဲ့ တပည့်တွေကို အလွယ်တကူ လက်ဆင့်မကမ်းပေးချင်ဘူး။ မင်း ရောက်လာတဲ့ အချိန်နဲ့ အခု အခြေအနေနဲ့ဆိုရင်တော့... ကောင်းပြီ ကောင်းပြီ... မင်းနဲ့ ငါနဲ့က ရေစက်ရှိလို့ ဆုံကြတာပဲ”
ထိုနေ့မှစ၍ ဓားဆရာကြီး ကူယဲ့သည် စုန်ယန်အား အကြီးအကဲချုပ်ထံ ပို့ဆောင်ရန် သို့မဟုတ် အဝေးသို့ နှင်ထုတ်ရန် မကြိုးစားတော့ပေ။ ၎င်းအစား ဆေးမြက်များ၏ ဂုဏ်သတ္တိများကို ခွဲခြားတတ်စေရန် စိတ်ရှည်လက်ရှည် သင်ကြားပေးတော့သည်။
စုန်ယန်သည်လည်း အလွန်ပင် စိတ်အားထက်သန်စွာ လေ့လာသင်ယူခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် လဝက်ခန့် ကုန်ဆုံးသွားခဲ့ပြန်သည်။ တစ်နေ့တွင် ဓားဆရာကြီး ကူယဲ့က စုန်ယန်ကို ခေါ်လိုက်ပြီး "ဒီနေ့တော့ ငါ မင်းကို ဆေးဖော်စပ်နည်း သင်ပေးမယ်" ဟု ဆိုလိုက်၏။
စုန်ယန်က စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
ဓားဆရာကြီး ကူယဲ့က "မင်း ဘာရှာနေတာလဲ" ဟု မေးရာ စုန်ယန်က "ဆေးဖော်စပ်နည်း လမ်းညွှန်စာအုပ်ရှိမယ်လို့ ထင်လို့ပါ ဆရာ" ဟု ပြန်ဖြေသည်။
ဓားဆရာကြီး ကူယဲ့က ရယ်မောလိုက်ပြီး "ဆေးဖော်စပ်ခြင်းဆိုတာ အချိန်ကိုက်လုပ်ဆောင်မှုပေါ်မှာ အဓိကမူတည်တာကွ။ ကျန်တာကတော့ ဆေးနည်းပဲ။ ဆေးနည်းတစ်ခု ဖြစ်ပေါ်လာဖို့ဆိုတာ ဆေးဝါးဗေဒနဲ့ စမ်းသပ်မှု ရလဒ်တွေအပေါ်မှာ အခြေခံတာ။ လမ်းညွှန်စာအုပ်ဆိုတာ ဘယ်မှာ ရှိမှာလဲ
စာအုပ်ကို ကြည့်ပြီး လုပ်ရုံနဲ့ ဆေးဖော်စပ်တတ်မယ်လို့ မင်း ထင်နေတာလား"
စုန်ယန်က "ဒါပေမဲ့ ဆေးဝါးဗေဒ ဆိုတာရှိသေးတယ် မဟုတ်လား" ဟု ပြန်မေးလိုက်သည်။
ဓားဆရာကြီး ကူယဲ့၏ မျက်နှာအိုကြီးမှာ အနည်းငယ် နီမြန်းသွားပြီး "ငါ အရင်ဆုံး မင်းကို အချိန်ကိုက်လုပ်ဆောင်နည်းကို သင်ပေးမယ်။ မင်း ကိုယ်တိုင် ထူးကဲဝိညာဉ်ဆေးလုံးအငယ်ကို ဖော်စပ်နိုင်ပြီဆိုမှ ငါ ဆေးဝါးဗေဒကို သင်ပေးမယ်" ဟု အမြန်ပြောလိုက်တော့သည်။
"ဟုတ်ကဲ့ပါ ဆရာ"
စုန်ယန်က ခေါင်းညိတ်လိုက်၏။
ဤသို့ဖြင့် အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးမှာ တစ်ဦးက သင်ကြားပေးပြီး တစ်ဦးက သင်ယူရင်းဖြင့် အချိန်များကို ကုန်လွန်စေခဲ့ကြသည်။
အဘိုးအိုက သူသိသမျှ အတတ်ပညာအားလုံးကို စေတနာအပြည့်ဖြင့် စိတ်ရောကိုယ်ပါ နှစ်
မြှုပ်သင်ကြားပေးသလို လူငယ်ကလည်း အလွန်ပင် ဉာဏ်ရည်ထက်မြက်လှပြီး တစ်ခုကိုသင်လျှင် ဆယ်ခုကို နားလည်နိုင်စွမ်း ရှိသည်။
မကြာမီမှာပင် ညနေဆည်းဆာအချိန်သို့ ရောက်ရှိလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံ၌ ကြယ်တာရာများ ပြည့်နှက်သွားတော့သည်။
မြူပင်လယ်ပေါ်တွင် မြူခိုးများ စတင်ထွက်ပေါ်လာပြီး ပါးလွှာဖြူဖွေးသော မြူငွေ့များက သစ်ရွက်နီကျွန်းကို ထိုမြူပင်လယ်ကြီးအတွင်း နက်ရှိုင်းစွာ နစ်မြုပ်သွားစေရာ လက်ချောင်းကိုပင် မမြင်နိုင်လောက်အောင် ဖြစ်သွားတော့သည်။ ထိုအခါမှသာ နှစ်ဦးသားမှာ ဆက်လက်သင်ယူလိုစိတ် ရှိနေကြသော်လည်း မတတ်သာဘဲ ရပ်နားလိုက်ကြရသည်။
ဓားဆရာကြီး ကူယဲ့က “မင်းက သင်ယူတာ အရမ်းမြန်တာပဲ။ ငါ့နှလုံးသားထဲမှာတော့... တကယ်ကို နှမြောမိတယ်။ မင်းရဲ့ ပါရမီနဲ့ဆိုရင်... အဲဒီအကြောင်းတွေ ဆက်မပြောတာပဲ ကောင်းပါတယ်လေ” ဟု ပြောလိုက်သည်။
စုန်ယန်က “ဒါက တပည့်ရဲ့ ရွေးချယ်မှုပါ ဆရာ” ဟု ပြန်လည်လျှောက်တင်လိုက်၏။
ထို့နောက် သူသည် သူ၏ စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်ရာ ကျင့်စဉ်ကဏ္ဍတွင် လောကီမီးဖြင့် ဆေးဖော်နည်းနှင့် မှော်အတတ်ကဏ္ဍတွင် ဆေးနည်းဖြစ်သည့် ထူးကဲဝိညာဉ်ဆေးလုံးအငယ်ဟု ပြသနေသည်ကို တွေ့ရသည်။ ထို့နောက် သူသည် ဆရာဖြစ်သူကို နှုတ်ဆက်ကာ သူ့အခန်းသို့ ပြန်လာခဲ့သည်။
အခန်းထဲသို့ ရောက်သည်နှင့် သူသည် သူ၏ သက်တမ်း ၁၀ နှစ်ကို အသုံးပြုကာ ထူးကဲဝိညာဉ်ဆေးလုံးအငယ်ဆေးနည်း၏ ကျွမ်းကျင်မှုကို အခြေခံအဆင့်မှ ပြီးပြည့်စုံသောအဆင့်သို့ ပြောင်းလဲလိုက်သည်။
သို့သော်လည်း ဆေးနည်းဆိုသည်မှာ မှော်အတတ်မဟုတ်သည့်အတွက် မိစ္ဆာထူးကဲအမြစ်
ကြောင့် ထူးခြားသော အသွင်ပြောင်းလဲမှုဖြစ်ပေါ်ရန် အခွင့်အလမ်းမရှိဘဲ ဤအဆင့်မှာပင် ရပ်တန့်သွားသည်။
သံသယဖြစ်ဖွယ်မရှိသည်မှာ လောကီမီးဖြင့် ဆေးဖော်နည်းသည် ထူးကဲချီလမ်းညွှန်ကျင့်စဉ်
ကဲ့သို့ပင် သိရုံဖြင့် အသုံးပြုနိုင်သောနည်းစနစ်မျိုးဖြစ်ပြီး အဓိကမှာ စိတ်ကူးပုံဖော်သည့် အရာဝတ္ထုများနှင့် ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် မီးအမျိုးအစားပေါ်တွင်သာ မူတည်သည်။ မီးအမျိုးအစား မတူညီပါက ထိန်းချုပ်ပုံချင်းလည်း မတူညီကြချေ။ ယခု စုန်ယန် တတ်မြောက်ထားသည်မှာ အခြေခံအကျဆုံးဖြစ်သော လောကီမီးသာ ဖြစ်သည်။
...
သုံးရက်အကြာတွင်။
စုန်ယန်သည် ထူးကဲဝိညာဉ်ဆေးလုံးအငယ်ကို ၃၀ ရာခိုင်နှုန်းသော အောင်မြင်နှုန်းဖြင့် အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။
နောက်ရက်များတွင် နေ့စဉ်နှင့်အမျှ ဆေးလုံးအောင်မြင်မှုနှုန်းမှာ တစ်ဆယ်ရာခိုင်နှုန်းစီ တိုးတက်လာပြီး နောက်ဆုံးတွင် ရှစ်ဆယ်ရာခိုင်နှုန်း၌ အတည်ဖြစ်သွားသည်။ ဤသည်မှာပင် ကြောက်ခမန်းလိလိ အောင်မြင်မှုနှုန်းဟု ဆိုရမည်။ ဓားဆရာကြီး ကူယဲ့ကိုယ်တိုင် ဆေးကျိုလျှင်ပင် ဤအဆင့်သာ ရှိသည်။
...
ထိုနေ့တွင် ဓားဆရာကြီး ကူယဲ့က စုန်ယန်ကို ခေါ်လိုက်ပြီး "မင်း ဆေးနည်းတွေရဲ့ ဆေးဝါးဗေဒကို သင်ယူချင်တယ် မဟုတ်လား" ဟု မေးသည်။
စုန်ယန်က "ဟုတ်ကဲ့ပါ ဆရာ" ဟု ဖြေ၏။
ဓားဆရာကြီး ကူယဲ့၏ မျက်နှာတွင် ပါးနပ်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာကာ "ဒါဆိုရင် ငါ မင်းကို သက်သေခံတံဆိပ်တစ်ခု ပေးမယ်။ မင်းကိုယ်တိုင် စာကြည့်ဆောင်ကို သွားပြီးတော့ လိုအပ်တာတွေကို ယူလိုက်တော့" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့"
စုန်ယန်သည် တံဆိပ်ကို ယူလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။
ဓားဆရာကြီး ကူယဲ့က သူ၏နောက်မှ "အမ်.." ဟု လှမ်းခေါ်လိုက်ပြန်သည်။
"ဘာကိစ္စရှိလို့လဲ ဆရာ"
"မင်း... တကယ်လို့..."
ဓားဆရာကြီး ကူယဲ့မှာ စကားများ ထစ်ငေါ့နေပြီးမှ "မင်း သဘောကျတဲ့ ဓားကျင့်စဉ် ဒါမှမဟုတ် ကျင့်စဉ်တစ်ခုခုကို တွေ့ခဲ့ရင်တော့ အားမနာနဲ့ ကိုယ့်ဘာသာကိုယ်ပဲ ယူခဲ့လိုက်။ စာကြည့်ဆောင်က စောင့်ကြပ်တဲ့သူက ငါ့ရဲ့ အသိဟောင်းတစ်ယောက်ပဲ။ နားလည်လား"
"နားလည်ပါပြီ ဆရာ"
စုန်ယန်သည် တစ်ကြိမ် ထပ်မံဦးညွှတ်လိုက်ပြီးနောက် ဓားကိုစီးကာ ဝေးရာသို့ ပျံသန်းထွက်ခွာသွားတော့သည်။ ဤရက်ပိုင်းအတွင်း သစ်ရွက်နီကျွန်းပေါ်တွင် ရှိနေခဲ့သဖြင့် ကျွန်းပေါ်ရှိ အဆောက်အဦးများ တည်ရှိပုံကို သူ အတော်အတန် ရင်းနှီးနေပြီ ဖြစ်သည်။
ဓားဆရာကြီး ကူယဲ့သည် ထွက်ခွာသွားသော သက်တံရောင်အလင်းတန်းကို ကြည့်ကာ မုတ်ဆိတ်ကို သပ်ရင်း စိတ်ထဲမှ တိတ်တဆိတ် ကြံစည်နေသည်။
မင်းလို ကောင်စုတ်လေးကတော့ ငါ့ကို စိတ်ပျက်အောင် မလုပ်မိစေနဲ့။
မင်း ဓားပြန်ကျင့်ဖြစ်အောင်လို့ ငါ့ရဲ့ ရန်သူဟောင်းဆီမှာတောင် မျက်နှာငယ်ခံ အကူအညီတောင်းပြီး စာကြည့်ဆောင်က ဆေးဖော်စပ်ခြင်းဆိုင်ရာ စာအုပ်တွေဘေးမှာ လျှို့ဝှက်ကျင့်စဉ်တချို့ကို တမင်သွားထားခိုင်းထားရတာ။ မင်းသာ အဲဒါတွေကို မျက်စိလျှံသွားရင်တော့ကွာ...