အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
Chapter 71
~
အခန်း ၇၁
~
ဟဲရန်မြို့မှ ချောင်မိသားစုသည် လွန်ခဲ့သော ခြောက်လခန့်က ဖျက်ဆီးခံခဲ့ရ၏ ။
ချောင်မိသားစု ဖျက်ဆီးခံရပြီးနောက် ထိုမြေနေရာပေါ်တွင် အင်မော်တယ် ဂိတ်တစ်ခုဖြစ်သော ရွှမ်ထျန်းဂိုဏ်းက အခြေချ နေထိုင်ခဲ့ပြီး ဌာနချုပ်အဖြစ် တည်ဆောက်ခဲ့၏ ။
ဟဲရန်မြို့ ဒေသခံများသည် တန်ခိုးကြီးသည့် ကျင့်ကြံသူများအကြောင်း နားလည်ရန် အချိန်ခြောက်လရခဲ့သည် ။
လက်ထောက်ချန်ကဲ့သို့ အဆင့်နိမ့် အရာရှိလေးပင် ရွှမ်ထျန်း ဂိုဏ်းအကြောင်း အထိုက်အသင့် သိထားသည် ။
" ဘာလို့ ရွှမ်ထျန်းဂိုဏ်းထဲ ဝင်လို့မရတာလဲ.. "
ချောင်မူက တိုးတိုးလေး မေးလိုက်ပြီး ...
" ကျုပ်တို့က မဟာယန်အင်ပါယာက တရားဝင် ခန့်အပ်ထားတဲ့ လူဆိုးထိန်းတွေပါ ..ရွှမ်ထျန်းဂိုဏ်းက ကျင့်ကြံသူတွေ ဥပဒေကို ချိုးဖောက်ရင် ဖမ်းလို့ မရဘူးလို့ ကျုပ်ကိုလာပြောနေတာလား.. "
ထိုစကားကိုကြားလျှင် လက်ထေက်ချန်က ချောင်မူကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး...
" ခေါင်းဆောင်ချောင်.. ခင်ဗျား အသက်လည်း ကြီးနေပြီ.. ဘာလို့ ဒီလို အတွေးအခေါ်အားနည်း နေသေးတာလဲ..."
လက်ထောက်ချန်က ချောင်မူအား ငတုံးဟု ပြောလိုက်ချင်သော်လည်း လက်ထဲမှ ငွေစများကို သတိရကာ ဖော့ပြောလိုက်ပြီး...
" မျိုးနွယ်ခြားတွေ ဆိုတာ အင်မော်တယ်တွေလေ သာမန်လူတွေ ဘာမှ လုပ်နိုင်တာ မဟုတ်ဘူး..မဟာယန်ရဲ့ ဥပဒေက လူတွေကို အုပ်ချုပ်ဖို့လေ ရွှမ်ထျန်းဂိုဏ်းက အင်မော်တယ်တွေကို ဘယ်လိုလုပ် အုပ်ချုပ်နိုင်မှာလဲ.. "
ချောင်မူက ထိုသည်ကို ကြားလိုက်လျှင် ရင်တစ်ချက်ခုန်သွားပြီး...
" အဲ့တာဆို ကျုပ်တို့ လူဆိုးထိန်းတွေတောင် အဲ့ဌာနချုပ်ထဲ ဝင်မိရင် အန္တရာယ်ရှိတာပေါ့.. "
" ခေါင်းဆောင်ချောင်... နားမလည်ချင်ယောင် ဆောင်မနေနဲ့တော့.. မပြောလည်း သိရမယ့် အချက်လေးတွေ ရှိတာပဲကို.. "
ချန်က ပြုံးပြီး ပြောလိုက်သည် ။
' လက်ထောက်ချန်က စကားပြောရတာအဆင်ပြေသားပဲ သူ့ကို ထပ်မေးရမယ်.. '
ချောင်မူ တွေးလိုက်သည် ။ လက်ထောက်ချန်၏ အမည်ရင်းမှာ ချန်ချန် ဖြစ်ပြီး အသက် ၃၀ ကျော်သာ ရှိသေး၏ ။ နှာဖူးအနည်းငယ် ပြောင်နေသဖြင့် ချောင်မူထက် အသက်ကြီးပုံ ပေါ်နေသည် ။ ဖော်ရွေတက်သူ တစ်ယောက်ဖြစ်သည် ။
ချောင်မူက သူသေရန် နီးကပ်နေမှန်းသိ၍ ချန်ချန်နှင့် နီးစပ်အောင် နေမည်မဟုတ် ။ ငွေကြေးဖြင့်သာ ဆက်ဆံရန် ဆုံးဖြတ်ထား၏ ။
ဝမ်စုန့်ဟဲတို့ ယန်မြို့စားအီမ်တော်မှ လုယက်ခဲ့သည် များထဲတွင် လက်ဝတ်ရတနာနှင့် အဖိုးတန် ရှေးဟောင်းပစ္စည်းများပါ ပါ၏ ။ ချောင်မူက အလျင်စလို ထွက်လာသဖြင့် ငွေတုံးများသာ ယူလာခဲ့သည် ။
" လက်ထောက်ချန်.. ကျုပ်ကို အဲ့ဂိုဏ်းအကြောင်း ပြောပြအုံး.. "
" လူဆိုးထိန်းချုပ် က အစည်းအဝေးလုပ်နေတာလေ ..ပြီးမှ ပြောပြမယ်.. "
ချောင်မူက ခဏစဥ်းစားလိုက်ပြီး ငွေစအချို့ ထပ်မံထုတ်ယူလိုက်၏ ။
" အဟွတ်ဟွတ်.. ကျုပ်တို့က အချင်းချင်းပဲ ခင်ဗျား သိချင်ရင် ပြောပြရမှာပေါ့.. "
ချန်ချန်က ချောင်မူအား နွေးထွေးမှုအပြည့်ဖြင့် ကြည့်လိုက်သည် ။ ခေါင်းဆောင်ချောင်သည် တခြားဒေသမှလာသော်လည်း ရုတ်တရက် အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့၏ ။ အကောင်ကြီးတစ်ကောင်ကောင်၏ ဆွေမျိုးဟုလည်း ကောလဟာလ ထွက်ပေါ်နေသည် ။ ထို့ကြောင့် ချန်ချန်သည် ချောင်မူနှင့် ရင်းနှီးရသည်က မဆိုးဟု ယူဆထားသည် ။
လူဆိုးထိန်းချုပ်၏ ရာထူးမှာ အဆင့် ၉ အရာရှိ အဆင့်ပင် မရှိသည့်အပြင် လစာလည်း နည်းလှ၏ ။ ချန်ချန်သည်လည်း အရင်က အဆင့်၉ သိုင်းပညာရှင် ဖြစ်သဖြင့် လူဆိုးထိန်းချုပ် ဖြစ်ခဲ့ဖူးလေသည် ။ ယခုမှသာ ခွန်အား လျော့နည်းလာသဖြင့် လက်ထောက်ချန် ဖြစ်သွားခြင်းပင် ။
ယခု ချောင်မူက ငွေကြေးသုံးစွဲနိုင်နေ၍ ချမ်းသာသည့် မိသားစုနောက်ခံ ရှိပုံပေါ်၏ ။ ထို့ကြောင့်....
ချန်ချန်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့်...
" ခေါင်းဆောင်ချောင်က လူကဲခတ် တော်သားပဲ.. ဒီလို အကြောင်းတွေဆိုတာ တခြားသူတွေက ကျုပ်လောက်သိမှာ မဟုတ်ဘူး.. "
" ကျုပ်ကို မြန်မြန်ပြောပြ.. "
ချောင်မူက ရင်တဒိတ်ဒိတ် ခုန်လာ၏ ။
" လွန်ခဲ့တဲ့ ခြောက်လလောက်က ဟဲရန်မြို့မှာ ချောင်မိသားစု တစ်ခုလုံး အရှင်းခံလိုက်ရတယ်.. ကောလဟာလတွေအရ သိုင်းသူတော်စင် ကိုယ်တိုင် လာတိုက်ခိုက် သွားတာတဲ့.. အဲ့ကိစ္စ ပြီးတော့ ချောင်မိသားစုပိုင် မြေနေရာတွေက စွန့်ပစ်နေရာဖြစ်သွားပြီး ပတ်ဝန်းကျင် အိမ်ခြံမြေတွေတောင် ၄၀ % လောက်အထိ စျေးကျသွားတယ်.. "
" ဟဲရန်မြို့ မြောက်ဘက်ပိုင်းက ချမ်းသာတဲ့ ရပ်ကွက်တွေပဲလေ ..အဲ့တာကို ၄၀ % လောက် စျေးကျသွားပေမဲ့ ဘယ်သူမှ မဝယ်ရဲကြဘူး.. "
ချန်ချန်က ယုံကြည်မှု အပြည့်ဖြင့် ပြုံးလိုက်ပြီး...
" ဒါပေမဲ့ တခြားသူတွေ ကြောက်ပေမဲ့ ကျုပ်မကြောက်ဘူး.. "
" ကျုပ်မှာ ဘာမှ မရှိပေမဲ့ အမြင်ကောင်းကောင်းရှိတော့ စျေးအနိမ့်ဆုံးအထိ ကျသွားတဲ့ အချိန်မှာ အိမ်တစ်လုံး ဝယ်ထားလိုက်တယ် .."
" အဲ့နောက် ဘယ်သူ ထင်ထားမှာလဲ အင်မော်တယ်ဂိတ် ရွှမ်ထျန်းဂိုဏ်းက ချောင်မိသားစုပိုင် မြေနေရာမှာ ဌာနချုပ် တည်ခဲ့တယ်လေ.. ခုဆို ကျုပ်ဝယ်ထားတဲ့ အိမ်တောင် စျေးသုံးဆလောက် တက်နေပြီ.. "
ချန်ချန်က ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောလိုက်၏ ။ သူ့ကိုယ်သူ ချီးကျူးနေသည် ။ အမှန်တကယ်တော့ သူ ထိုအိမ်ကို ဝယ်ခဲ့ခြင်းမှာ ဆင်းရဲသောကြောင့်ပင် ။ မြို့၏ အခွန်နှုန်းထားမှာ ပိုပိုတိုးလာပြီး သူ၏ အသက်မှာလည်း သုံးဆယ်ကျော်လာပြီဖြစ်၏ ။ သိုင်းပညာရှင်များ၏ အထွတ်အထိပ်ကာလမှာ အသက် ၂၀ နှင့် ၃၀ ကြားဖြစ်သဖြင့် သူ၏ အကောင်းဆုံးအချိန်ကို ကျော်လွန်လာလေပြီ ။ နောက်ထပ် နှစ်များမှာ သူ၏ ခွန်အား တစတစလျော့နည်း လာမည်ဖြစ်၍ အံကြိတ်ကာ အိမ်တစ်လုံးဝယ်ခဲ့သည် ။
" ရှေးစကားပုံ တစ်ခုလိုပဲလေ.. တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုးတဲ့ .. ခု ကျုပ်တို့မိသားစုက အင်မော်တယ်တွေရဲ့ အနားမှာ နေ နေတာဆိုတော့ ကျုပ်သမီးမှာ အင်မော်တယ်တွေရဲ့ အရိပ်အယောင်လွှမ်းခြုံပြီး အင်မော်တယ်ဖြစ်လာနိုင်လောက်တယ်.. ဟီးဟီး.."
ချန်ချန်က ရယ်ပြီး ပြောလိုက်၏ ။
ချောင်မူက အနည်းငယ် မျက်မှောင် ကြုတ်လိုက်ပြီး..
" ခင်ဗျား ပြောတဲ့ အတွင်းသတင်းက ဘယ်မှာလဲ.. "
ချန်ချန်က...
" အတွင်းသတင်းက ရွှမ်ထျန်းဂိုဏ်းရဲ့ အနီး မှာ အိမ်အလွတ်တစ်လုံး ကျန်သေးတာ ကျုပ်သိထားတယ်.. ခေါင်ဆောင်ချောင် လိုအပ်ရင် ကျုပ်လိုက်ကူညီပေးမယ်.. "
' ဒီလူက အိမ်ပွဲစား လုပ်ချင်နေတာလား.. '
ချောင်မူက မှား၍ပျော်နေမိသည့်အတွက် ဆွံ့အသွား၏ ။ သူ တစ်ခုခု ပြောရန် ကြံရွယ်လိုက်သော်လည်း လူဆိုးထိန်းချုပ်က သူ့ထံသို့ လျှောက်လာနေသည်ကို မြင်လိုက်ရသည် ။
ချန်ချန်က ခေါင်းငုံ့ကာ အသံတိတ်သွား၏ ။
ချောင်မူ သည်တော့ တည်ငြိမ်နေသည် ။ အဆင့်၆ မြို့စားအား သတ်ခဲ့ဖူးသဖြင့် လူဆိုးထိန်းချုပ် တစ်ယောက်အား ရန်မခုန်တော့ ။
" ခေါင်းဆောင်ချောင်မှာ ဒီအမှုနဲ့ ပက်သက်ပြီး ယူဆချက်တွေရှိမယ်ထင်တယ်.. ခု ရှင်တို့ အသေးစိတ်ဆွေးနွေးနေကြတာ ဆိုတော့... ရှင့်အမြင်ကို အားလုံးသိအောင် ပြောပေးပါလား.. "
လူဆိုးထိန်းချုပ်က မေးစေ့ကို အနည်းငယ်မော့ထားပြီး ဖီနစ်မျက်လုံးသဖွယ် သူမ၏ စူးရှရှ အကြည့်ဖြင့် ချောင်မူအား စိုက်ကြည့်လိုက်သည် ။
Chapter 72
~
အခန်း ၇၂
~
လူဆိုးထိန်းချုပ်၏ အသက်က သုံးဆယ်ခန့်ရှိပြီး ရင့်ကျတ်သော အလှကို ပိုင်ဆိုင်ထား၏ ။ ယခု စိုက်ကြည့်နေသော အမူအရာလေးကပင် သူမတူသော နူးညံဟန်ရှိနေ၍ ချန်ချန်က ချောင်မူနှင့် နေရာလဲချင်စိတ် တဖွားဖွားပေါ်နေ၏ ။
" ကျုပ်မှာ ဘာ ယူဆချက်မှ မရှိပါဘူး.. "
ချောင်မူက တည်ငြိမ်စွာ ပြောလိုက်သည် ။ သူမ ပြောသည်ကို သူ တစ်လုံးမှ နားမထောင်ခဲ့၍ ဘာပြောလိုက်မှန်းပင်မသိ ။
လူဆိုးထိန်းချုပ်က မျက်မှောင်ကြုတ်လိုက်ပြီး ချောင်မူကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်ကာ...
" အဲ့တာဆိုလည်း တိတ်တိတ်နေလေ.. ရှင့်ကို ဘယ်သူက ဒီ ခြောက်ပေါက်ဂိတ်ထဲ ထည့်ပေးထားတာလဲ ကျွန်မ မသိပေမဲ့.. ဒီတံခါးကို ကျော်ပြီး အထဲရောက်လာရင် ကျွန်မ အမိန့်အတိုင်းပဲ နာခံရမယ်.."
ချန်ယင်းရွှယ်သည် လူဆိုးထိန်းချုပ် ဖြစ်လာသည်အထိ မည်သူ့ကိုမှ မမှီခိုဘဲ တစ်ကိုယ်တည်း ကြိုးစားခဲ့သော အမျိုးသမီးတစ်ယောက်ဖြစ်၏ ။ ထို့ကြောင့် ချောင်မူကဲ့သို့သော ခွေးတိုးပေါက်မှ ဝင်သူများကို သူမ ကြည့်မရ ။
သို့သော်လည်း ချောင်မူက ထိုစကားကိုကြားလျှင် မည်သည့် တုန့်ပြန်မှုမှ မရှိ ။ သူ ဤမြို့သို့ လာသည်က လူဆိုးထိန်းလုပ်ရန် မဟုတ်ပေ ။ သေလမ်းရှာရန်သာ ဖြစ်သည် ။
ထို့ကြောင့် ချောင်မူက တည်ငြိမ်စွာဖြင့်...
" မိန်းကလေး.. ကျုပ်အကြောင်း မစပ်စု ချင်ပါနဲ့.. စပ်စုချင်စိတ်က ပြဿနာကို လက်ယက်ခေါ်တက်တယ်.. "
" ကျုပ်ဦးလေးနဲ့ အတူ စျေးထဲမှာ ငါးရောင်းရင်း ငါးသတ်လာတာ ဆယ်နှစ်တောင်.. ကျုပ်နှလုံးသားက အေးခဲနေပါပြီ လာမဆွပါနဲ့တော့.. "
ချန်ယင်းရွှယ်.... " ....."
သူမ က ချောင်မူကို မျက်မှောင်ကြုတ်ပြီး ကြည့်နေ၏ ။ ချောင်မူ၏ ထူးဆန်းသော စကားများကြောင့် ဆွံ့အနေပြီး အနားမှ ထွက်သွားသည် ။
ချောင်မူ သက်ပြင်းချလိုက်သည် ။ ယန်မြို့၌ ပြဿနာများ ကြုံခဲ့ရပြီးနောက် သူ နားလည်လာခဲ့၏ ။ အမျိုးသမီးများသည် သူ၏ သေလမ်းရှာခြင်းကို အနှောက်အယှက် ဖြစ်စေသည် ။ အမျိုးသားများလည်း အတူတူပင် ။
ထို့ကြောင့် ချောင်မူသည် မည်သည့် ရင်းနှီးမှုကိုမှ အလိုမရှိတော့ ။ သူ့တွင် အားနည်းချက် မရှိပါမှ အသန်မာဆုံး ဖြစ်နိုင်ပေမည် ။
" ခေါင်းဆောင်ချောင်.. ခင်ဗျား..."
ချန်ချန်က ယခုမှသာ စကားပြောရဲသည် ။
" တပ်ချုပ်က စည်းကမ်းတင်းကြပ်ပြီး ဖြောင့်မတ်တယ်.. သူ ဒီလို လာပြောတယ်ဆိုပေမဲ့ သူက ကျုပ်တို့ရဲ့ အထက်လူကြီးလေ.. "
" စည်းကမ်းတင်းကြပ်ပြီး ဖြောင့်မတ်တယ်တဲ့လား.. အဲ့တာဆို ကျုပ်နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ.. "
ချောင်မူက လေးနက်စွာ ပြောလိုက်သည် ။ သူသည် တရားမျှတမှုကို ရှာဖွေရင်း သေဆုံးမည် ဖြစ်သဖြင့် သူ့လိုလူမျိုးအား ချန်ယင်းရွှယ် စိတ်ဝင်စားသွားမည်ကို စိုးသည် ။ ချောင်မူက တပ်ချုပ် အဝေးသို့ ထွက်သွားသည်ကို ကြည့်ရင်း စိတ်သက်သာရာ ရသွား၏ ။
ထိုအခိုက် အသက်၂၀ အရွယ် မိန်းကလေးတစ်ယောက်ကို သယ်လာသော စက္ကူကြိုးကြာတစ်ကောင် ပျဲသန်းလာ၏ ။
မြေပြင်သို့ ရောက်လျှင် စက္ကူကြိုးကြာက တဖြည်းဖြည်း ကျုံ့သွားပြီး ထိုမိန်ကလေးက ဖမ်းယူကာ အဝတ်ထဲ ထိုးထည့်လိုက်သည် ။
" ရွှမ်ထျန်းဂိုဏ်းက အင်မော်တယ် မင်ယွဲ့ ရောက်ပါပြီ.. "
" ခေါက်ထားတဲ့ စက္ကူကြိုးကြာက လေပေါ်ပျံလို့ ရတာလား.. မှော်ဆန်လိုက်တာ.. "
လူဆိုးထိန်းများက လေးစားအားကျစွာ ချီးကျူးလိုက်ကြ၏ ။
" ရွှမ်ထျန်းဂိုဏ်းက ဒီကို ဘာလို့လာတာလဲ.. "
ချောင်မူ တွေးလိုက်သည် ။ အင်မော်တယ်စွမ်းရည်များကိုသာ လေ့ကျင့်ပြီး မကျင့်ကြံသော ဝမ်စုန့်ဟဲမှ လွဲ၍ ကျင့်ကြသူတစ်ယောက်အား သူ ပထမဆုံး မြင်ဖူးခြင်းပင် ။ ဤမိန်းကလေး ကြည့်ရသည်မှာ နွေးထွေးပြီး ဖော်ရွေ၏ ။
ချောင်မူက သေလမ်းရှာလိုသော်လည်း တိုက်ခိုက်လိုစိတ်မရှိ ။ အနှီမိန်းကလေးအား ကြည့်ရသည်မှာ သားသတ်သမားကျန့်လို့ သွေးဆာတက်ပုံမပေါ် ။
" ခေါင်းဆောင် ချောင်.. ဒါမျိုး မမြင်ဖူးဘူးလား.. "
ချန်ချန်က ဆွံ့အနေသော ချောင်မူကို ကြည့်ပြီး ပြောလိုက်၏ ။
" မမြင်ဖူးဘူး.. အသေးစိတ်ရှင်းပြအုံး.. "
ချောင်မူက ငွေစထုတ်ယူရန် အိတ်ထဲ လက်နှိုက်လိုက်၏ ။
" ဒီကိစ္စက အသေးအမွှားပါ.. မလိုဘူး ရတယ်.. "
ချန်ချန်က လက်ကာပြလိုက်ပြီး...
" အင်မော်တယ် မင်ယွဲ့က ဝိညာဥ်ဖမ်းသားရဲ ကိစ္စနဲ့ ကျုပ်တို့ဆီကို မကြာခဏ လာလေ့ရှိတယ်လေ.. "
" ဟဲရန် မြို့ထဲမှာ မိစ္ဆာသားရဲ ပေါ်လာသေးတယ်. အင်မော်တယ်မင်ယွဲ့ ရဲ့ အဆိုအရ အဲ့မိစ္ဆာကို ဝိညာဥ်ဖမ်းသားရဲလို့ ခေါ်ပြီး လူသားတွေရဲ့ သေမင်းစွမ်းအင်ကို စားသုံးတယ်တဲ့.. ထူးဆန်းပြီး အန္တရာယ်များတဲ့ သားရဲ ပဲ.. "
" သူပေါ်လာတိုင်း လူတစ်ယောက်ကို သတ်လေ့ရှိတယ်.. အဲ့တာကြောင့် ဒဏ္ဍာရီထဲက မြေအောက်လောက တမန်တော် ဝိညာဥ်ဖမ်းသူနဲ့တူလို့ ဝိညာဥ်ဖမ်းသားရဲလို့ နာမည်ပေးထားတာ.. "
လူတစ်ယောက်၏ အသတ်အား အလွယ်တကူ နှုတ်ယူနိုင်သည်လော ။ ချောင်မူ စိတ်ဝင်စားသွား၏ ။ သူ ပျင်းရိသော လူဆိုးထိန်းဖြစ်ရန် ဆုံးဖြတ်ထားသော်လည်း ယခုအခါတွင်မတော့ အနည်းငယ် စပ်စုချင်လာသည် ။
သေခြင်းတရားနှင့် အန္တရာယ်အပြည့်ရှိသည့်နေရာသည် သူ့အတွက်သာ ဖြစ်သည် ။
' လူဆိုးထိန်းတစ်ယောက် အနေနဲ့ ငါ သားရဲ ဖမ်းရမလား.. "
ချောင်မူ ဝေခွဲမရ ။ သူသည် အဆင့်ခြောက် သိုင်းပညာရှင် ဖြစ်၏ ။ ထိပ်တန်းအဆင့် ကျင့်စဥ်များကို တက်မြောက်ထားသည် ။ သာမန် လူဆိုးထိန်းအများစုမှာ သိုင်းပညာရှင်ပင် မဟုတ်ကြဘဲ ချန်ချန်ကဲ့သို့ လက်ထောက်အရာရှိ ပင်လျှင် အဆင့်၉ သာ ရှိ၏ ။ လူဆိုးထိန်းတစ်ဖွဲ့လုံးတွင် ချောင်မူ၏ အကြည့်တစ်ချက်နှင့် ထိုက်တန်သူမှာ အဆင့်၇ သို့မဟုတ် အဆင့်၈တွင်ရှိသော တပ်ချုပ် ချန်ယင်းရွှယ်သာ ရှိ၏ ။ သို့ရာတွင် အကြည့် တစ်ချက်တည်းသာ ထိုက်တန်ပေသည် ။ ဒုတိယအကြိမ် လှည့်မကြည့် ။
သာမန်လူဆိုးထိန်းများသည် ဒေသခံလူဆိုးများကဲ့သို့ အသေးအဖွဲများကိုသာ ကိုင်တွယ်ကြပြီး အဆင့်မြင့်လူဆိုးများ နှင့် သားရဲများကို မတိုက်ခိုက်နိုင်ပေ ။
" ကျုပ်တို့ မလုပ်နိုင်လို့ အင်မော်တယ်မင်ယွဲ့က လာကူညီတာ.. "
ချန်ချန်က မင်ယွဲ့ကို ကြည့်ပြီး အားကျမှု အပြည့်နှင့်ပြောလိုက်၏ ။ အင်မော်တယ်ဖြစ်လျှင် ထာဝရအသက်ရှင်နိုင်သည်ဟု လူတိုင်းကပြောကြသည် ။ မည်သူ မလိုချင်ဘဲ နေမည်နည်း ။
မင်ယွဲ့ ပြုံးပြီး ပြောလိုက်သည် ။
" ဒီတာဝန်အတွက် ရုံးတော်က လူဆိုးထိန်းတွေရဲ့ အကူအညီကို ကျွန်မ လိုအပ်မယ်ထင်တယ်.. "
" ဒါပေမဲ့ သားရဲက အစွမ်းထက်တော့ ရှင်တို့ ဝင်ပြီး တိုက်ခိုက်စရာမလိုပါဘူး အရိပ်အယောင်မြင်တာနဲ့ ကျွန်မကို လှမ်းအကြောင်းကြားပါ.. "
" အင်မော်တယ်က ကြင်နာတက်လိုက်တာ.. ကျုပ်တို့ သာမန်လူသားတွေကို စိတ်ပူပေးနေတယ်.. "
လူဆိုးထိန်းများက ထိုမှသာ သက်ပြင်းချနိုင်ကြသည် ။ သူတို့က သားရဲနှင့် မတိုက်ခိုက်ရဲချေ ။
ကျင့်ကြံသူ မင်ယွဲ့က ပြုံးပြီး ဆက်ပြောလိုက်သည် ။
" ဒီသားရဲက သေမင်းစွမ်းအင်ကို စားသုံးတာဆိုတော့ ဆေးခန်းတွေနားနဲ့ သေလုမျောပါး ဖြစ်နေတဲ့သူတွေအနားမှာ ပေါ်လာနိုင်တယ်.. အားလုံးပဲ သတိထားကြပါ.. "
" ပြီးတော့ အဲ့သားရဲကို တွေ့ရင် မသတ်ကြပါနဲ့.. အရှင်ဖမ်းနိုင်အောင် ကြိုးစားရမယ်.. "
" ဟမ်...ဘာ..ဘာလို့လဲ.. "
လူဆိုးထိန်းခေါင်းဆောင် တစ်ဦးက မရဲတရဲ မေးလိုက်၏ ။
" ဘာလို့လဲ ဆိုတော့ ကောင်းကင်အောက်က သတ္တဝါတွေ အားလုံးအတွက် တူညီတဲ့ ဂရုဏာတရား ရှိရမယ်.. ဒီသတ္တဝါက ဆိုးသွမ်းနေပေမဲ့ သတ်တာထက် ဂိုဏ်းဆီခေါ်သွားပြီး အပြစ်ပေးတာက ပိုကောင်းတယ်.. ဒါမှသာ အပြစ်တွေကို ဖြည်းဖြည်းချင်း ပြန်ဆပ်နိုင်မှာပေါ့.. "
ကျင့်ကြံသူ မင်ယွဲ့က ဖြေလိုက်သည် ။
လူဆိုးထိန်းများ တိတ်ဆိတ်သွားကြ၏ ။
" ဟုတ်တယ်.. ကောင်းကင်ဘုံက သတ္တဝါတွေ အားလုံးကို ကြင်နာမှုပေးတယ်.. "
" အင်မော်တယ် ပြောတာ မှန်လိုက်တာ.. "
" အဟမ်း...အဟမ်း..."
ထိုအခိုက် ရဲရင့်သော လူဆိုးထိန်း တစ်ဦးက ချောင်းဟန့်ရင်း ရှေ့တိုးလာ၏ ။
" မဟာယန်ရဲ့ ဥပဒေအရဆို လူသတ်မှုကျူးလွန်တဲ့သူက သေချာပေါက် သေဒဏ်ကျခံရမှာလေ.. "
" အင်မော်တယ်ကို ကျုပ်မေးစမ်းပါရစေ ..လူအများကြီး သတ်ခဲ့တဲ့ သားရဲကို ဘာလို့ အင်မော်တယ်ဂိတ်မှာ ဆက်ရှင်သန်ခွင့် ပေးနိုင်ရတာလဲ.. "
" ဒါမှမဟုတ် ဒီသားရဲထက် ကျုပ်တို့ ဟဲရန်မြို့သားတွေရဲ့ အသက်က ပိုပြီး စျေးပေါ နေတာလား .."
ကျင့်ကြံသူ မင်ယွဲ့၏ နွေးထွေးသော အပြုံးက ပျောက်ရှသွား၏ ။ သူမ ချောင်မူကို ကြည့်လိုက်ပြီး တုန့်ပြန်ရန် ပြင်လိုက်စဥ် ရုံးတော်အပြင်မှ ပြေးဝင်လာသော ခြေသံများ ထွက်ပေါ်လာသည် ။
ဓားနှင့် လှံရှည်များ ကိုင်ထားသော စစ်သည်များက ရုံးတော် တံခါးကို ကန်ဖွင့်ပြီး အထဲသို့ ဝင်လာကာ လူဆိုးထိန်းများကို ဝိုင်းရံလိုက်သည် ။
လူဆိုးထိန်းများ အလွန်အံ့သြသွားကြ၏ ။ မည်သည့်အတွက်ကြောင့် တပ်သားများ ဝင်လာကြပါသနည်း ။ ဤသည်က ရုံးတော်ဖြစ်၏ ။
" ချောင်ပိုင်ဖူ ဆိုတာ ဘယ်သူလည်း.. "
ဦးဆောင်လာသူ တပ်မှုးက ခက်ထန်စွာ မေးလိုက်၏ ။
" ကျုပ်ပါ.. "
ချောင်မူက ဖြစ်ပျက်နေသည်ကို ရိပ်မိသွား၍ ပြုံးပြီး ပြောလိုက်သည် ။
" လက်ဖက်ရည်ဆိုင်မှာ နိုင်ငံရေး အကြောင်းပြောပြီး လက်ရှိ ဧကရာဇ်ကို အပုတ်ချနေတယ်လို့ တစ်ယောက်ယောက်က သတင်းပို့ထားတယ်.. သူ့ကိုဖမ်း.."
ဤသို့သော ကိစ္စများသည် လူဆိုးထိန်းများ၏ တာဝန်ဖြစ်သော်လည်း ယခုအခါတွင်မူ လူဆိုးထိန်းအဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်နေ၍ စစ်သည်များအား စေလွှတ်လိုက်ခြင်းဖြစ်သည် ။
တပ်မှူး၏ အမိန့်ဆုံးသည်နှင့် ချောင်မူနှင့် ခင်မင်ရင်းနှီးနေသော ချန်ချန်က အခြေအနေကို သဘောပေါက်သွားပြီး ချောင်မူကို ဖမ်းရန် ပြင်လိုက်သည် ။