အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
Chapter 75
~
အခန်း ၇၅
~
ပြတင်းပေါက်တွင် စိုက်ထားသည့် သံချောင်းများကြောင့် ဖြာကျနေသောလရောင်အား လေးပိုင်းခွဲထားသလို ဖြစ်နေ၏ ။
ချောင်မူက လရောင်အောက်တွင် ထိုင်နေပြီး အပျင်းကြောတစ်ချက်ဆန့်လိုက်ရာ သံကြိုးသံများ ထွက်ပေါ်လာသည် ။
" ဘာလို့လဲဟ.. ငါအခုထိ မသေရသေးပါလား.. "
ချောင်မူ စိတ်သိပ်မရှည်တော့ ။ ယခု တတိယညသို့ပင် ရောက်ရှိနေလေပြီ ။
ထောင်စောင့် များက သူ့အား ကွဲပြားစွာ ဆက်ဆံနေကြောင်း ခံစားမိ၏ ။ အထူးအခွင့်အရေး ပေးခြင်းမျိုးလည်း မဟုတ်ပေ ။
သို့သော်လည်း အစာပုံမှန် ပို့နေသဖြင့် သူ့အတွက် ပြသနာ မရှိချေ ။ အရိုက်အပုတ်မခံရခြင်းကပင် ကျေးဇူးတင်စရာ ကောင်းနေ၏ ။
ဘေးအခန်းမှ အဘိုးကြီးက ဤသည်ကို ကြည့်ပြီး အံ့သြနေလေသည် ။ ဧကရာဇ်အား စော်ကားသော်လည်း ထောင်ထဲတွင် သက်တောင့်သက်သာ ဖြတ်သန်းနေလေရာ မည်သို့သော နောက်ခံမျိုး ပိုင်ဆိုင်ထားပါ၏နည်း ။
ချောင်မူသည် အကျဥ်းထောင်ထဲတွင် အချိန်ဖြုန်းစရာမရှိ၍ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင်း အဘိုးကြီးနှင့် အဓိပ္ပါယ်မရှိသည့် အကြောင်းအရာများကို ပေါက်တက်ကရ ပြောနေ၏ ။
" အဟွတ်..အဟွတ်ဟွတ်.."
အဘိုးကြီးက ချောင်းတစ်ချက်တစ်ချက် ထဆိုးနေသည် ။ ထောင်ထဲတွင် နှစ်ပေါင်းများစွာ ကြာလာပြီဖြစ်၍ သူ၏ ခန္ဓာကိုယ်က အားအင်ကုန်ခမ်းသွားလေပြီ ။
" ညီလေး.. တကယ်တော့ ကျုပ်က သာမန် သူခိုးမဟုတ်ဘူး.. လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ကျော်ကြားခဲ့တဲ့ သူခိုးသူတော်စင် ရဲ့ မျိုးဆက်ပဲ.. "
" သူခိုးသူတော်စင်ရဲ့ ကိုယ်ဖော့သိုင်းက သိုင်းလောကမှာ အကောင်းဆုံးပဲ ..မင်း ငါ့ကို အပြင် ထုတ်ပေးနိုင်သရွေ့.."
အဘိုးကြီး၏ စကားမဆုံးလိုက် ။ ချောင်မူက ဖြတ်ပြောလိုက်သည် ။
" ဟုတ်လား.. ကျုပ်မှာလဲ လျှို့ဝှက် တစ်ခုရှိတယ်.. တကယ်တော့ ကျုပ်က လူဆိုးထိန်းမဟုတ်ဘူး.. အရင် မင်းဆက်ရဲ့ တည်ထောင်သူ ဧကရာဇ်ပဲ.. "
အဘိုးကြီး.... " ...."
" အရင်မင်းဆက်ဧကရာဇ်က ကွယ်လွန်သွားတာ နှစ်တစ်ထောင်ကျော်ပြီ မဟုတ်ဘူးလား.. "
" အဲ့တာက အရေးမကြီးဘူး .. အရေးကြီးတာက ခင်ဗျားကျုပ်ကို ရွှေဒင်္ဂါး ၅၀ ပေးရင် ..ကျုပ်ထောင်က ထွက်တာနဲ့ ခင်ဗျားကို စစ်သူကြီး ရာထူး ခန့်ပေးမယ်.. "
" မင်း... မင်း.. ငါ့ကို လှောင်ပြန်ပြီး.. "
" ခင်ဗျား ကျုပ်ကို အရင် စလိမ်တာလေ.. "
ချောင်မူက ဤအဘိုးကြီးကို မယုံ ။ ထောင်ထဲရောက်သည်နှင့် ထိုကဲ့သို့ အမွေဆက်ခံသူတစ်ယောက်နှင့် ဆုံရမည်ဆိုပါက တိုက်ဆိုင်လွန်းနေသည် မဟုတ်လော ။ ထို့အပြင် အဘိုးကြီး၏ ကျင့်စဥ်မှာ သာမန်အဆင့်သာဖြစ်ပြီး အကောင်းဆုံး အခြေအနေမှာပင် အဆင့် ၈ လောက်သာ ဖြစ်နိုင်၏ ။
" အကောင်ပေါက်လေး.. ငါ့သားကလည်း မင်းနဲ့ ရွယ်တူလောက် ပဲ.. မင်းလို ညဏ်ကောင်းရင် ကောင်းမှာပဲ.. "
" ကံမကောင်းတာက သူက မင်းလို ညဏ်မကောင်းဘူး.. မင်းလို ဟာသတွေလဲ မပြောတက်ဘူး.. "
အဘိုးကြီး၏ ခံစားချက်များ ရှုပ်ထွေးသွားပုံရ၏ ။ သူက ခေါင်းလှည့်လိုက်ပြီး ချောင်မူနှင့် စကားမပြောတော့ချေ ။ အဘိုးကြီးက အားနည်းနေ၍ သံကြိုးခတ် မခံထားရ ။
" မြောင်...."
ရုတ်တရက် ကြောင်အော်သံ ပေါ်ထွက်လာ၏ ။
ချောင်မူ မော့ကြည့်လိုက်ရာ ပြတင်းပေါက် မှ တိုးဝင်လာသော ဖြူဝါနက် ကြား ကြောင်ပေါက် လေးကို တွေ့လိုက်ရ၏ ။ ပြတင်းပေါက်တွင် သံတိုင်များ စိုက်ထား၍ သေးငယ်သည့် အပေါက်လေးထဲမှ အထဲသို့ ရောက်အောင်ဝင်နိုင်သဖြင့် သူ အံ့အောသွားသည် ။
' ကြောင်တွေ အပေါက်ဝင် စကေးကတော့ တကယ်ကို မိုက်တယ်.. '
" ကလေး... ရှုးရှုး.. သွား.. ဒီနေရာက မင်းနေလို့ မရဘူး.. "
အဘိုးကြီး က လက်ဝှေ့ယမ်းပြီး ကြောင်ပေါက်လေးကို ခြောက်ထုတ်နေ၏ ။ ထောင်အတွင်း အနံ့အသတ် မကောင်းသည့်အပြင် ညစ်ပတ်သည့် အရာများစွာ ရှိ၍ ကြောင်ပေါက်လေး စားမိပါက နေမကောင်းဖြစ်စေနိုင်သည် ။
အဘိုးကြီးက လက်ဝှေ့ယမ်းပြီးနောက် မောပန်းသွား၏ ။ သူ အိပ်စက်ရန် အိပ်ရာဆီသို့ သွားလိုက်စဥ် တစ်လှမ်းနှစ်လှမ်း လှမ်းလိုက်ပြီးနောက် ရေခဲတမျှ အေးစက်နေသည့် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည် ။
' အမ်..ဒီလူ ဘာဖြစ်သွားတာလဲ.. ခလုတ်တိုက်တာလား.. ဟန်ဆောင်နေတာလား ..'
တရားထိုင်ရန် ပြင်နေသော ချောင်မူက မျက်လုံးပြန်ဖွင့်ကြည့်လိုက်၏ ။
အဘိုးကြီးက မြေပေါ်တွင် မလှုပ်မယှက် လဲနေသည် ။
ချောင်မူသည် အမြင်အာရုံ ကောင်းမွန်သဖြင့် အဘိုးကြီး၏ အောက်တွင် သွေးမရှိဘဲ ပြင်ပဒဏ်ရာ ရရှိသွားခြင်း မဟုတ်ကြောင်း သိလိုက်သည် ။
" ဒီလူ.. ချွမ်..."
ချောင်မူက အခန်းကာရံထားသည့် နေရာသို့ သွားရန် ပြင်လိုက်သောလည်း သံကြိုးက တင်းသွားပြီး ရှေ့တိုးမရချေ ။
" အစောင့်တွေ အစောင့်တွေ.. တစ်ယောက်ယောက် လာပါအုံးဟ.. ချွမ်ချွမ်ချွမ်..."
ချောင်မူက သံကြိုးများကို အားပြင်းပြင်း လှုပ်လိုက်ရာ ဆူညံသွား၏ ။
အပြင်မှ ထောင်စောင့်များက ဒေါသထွက်စွာ ပြေးလာကြသော်လည်း ဆူညံအောင် ပြုလုပ်နေသူက ချောင်မူဖြစ်ကြောင်းမြင်လျှင် တည်ငြိမ်သွားကြပြီး...
" ဟေး ..ချောင်ပိုင်ဖူ.. ခင်ဗျား ပြဿနာ ရှာမနေနဲ့.. ခင်ဗျားလည်း လူဆိုးထိန်း ဖြစ်ခဲ့ဖူးတာပဲ ဝန်ထမ်းအချင်းချင်း ကိုယ်ချင်းစာမှပေါ့.. "
ချောင်မူက ထောင်စောင့် ပြောသည်ကို ဂရုမစိုက်ဘဲ အဘိုးကြီး ကိုသာ လက်ညိုးထိုးပြလိုက်ပြီး...
" ဟိုအဘိုးကြီး မေ့လဲ သွားပြီ..."
အစောင့်များက ချောင်မူ ပြသည့်ဘက်ကို ကြည့်လိုက်၏ ။
" သြော်.. "
" သူ့ကို မြန်မြန်ကယ် ကြပါဟ.. "
" ဘာလို့ စိုးရိမ်နေတာလဲ.. သူက မင်းအဖေလား.. "
အစောင့်က အဖော်များကို ခေါ်လိုက်ပြီး တံခါးဖွင့်လိုက်၏ ။ အထဲသို့ ရောက်သည်နှင့် အဘိုးကြီးကို အနည်းငယ် စစ်ဆေးကြည့်ကာ အိပ်ရာထဲသို့ မရွေ့လိုက်ကြသည် ။ ထို့နောက် ရေတစ်ခွက် ဖြည့်လိုက်ပြီး ပြန်ထွက်သွားကြ၏ ။
သူ့တို့ လုပ်ကိုင်နေသည့် တချိန်လုံး အဘိုးကြီးက သတိပြန်မဝင်သေးပေ ။
" ဒါပဲလား.."
ချောင်မူက ထွက်သွားသော အစောင့်များ၏ နောက်ကျောကို ကြည့်ကာ မကျေမနပ် ရေရွတ်လိုက်သည် ။
" သူတို့ ဘာလုပ်ပေးဖို့ မျှော်လင့်နေတာလဲ.. အဘိုးကြီးချန်က ပြစ်မှုအကြီးကြီး လုပ်ထားတာ မဟုတ်ဘူး.. သူ့ကို ငွေပေးပြီး ထုတ်ပေးမယ့်သူ မရှိလို့ ထောင်ထဲမှာ နေနေရတာ.. "
တခြားအခန်းမှ အကျဥ်းသားများ က ဝင်ပြောလိုက်ကြသည် ။
" အပြင်လောက မှာတောင် အသက် ၇၀ ဆိုတာ မြင်ဖူးလို့လား.. အဘိုးကြီးချန်က အသက်၇၀ နီးနေပြီ.. ထောင်ထဲမှာ ဒီလောက် အသက်ရှည်ရှည်နေနိုင်တာ အံ့သြစရာပဲ.. "
" သူ့ကျန်းမာရေးက ဘယ်တုန်းကမှ ကောင်းတာမဟုတ်ဘူး.. ခုတော့... "
အကျဥ်းသားများက နီးစပ်ရာအချင်းချင်း စကားပြောနေကြ၏ ။ ရုတ်တရက် အကျဥ်းသားအိုကြီးတစ်ယောက် ပျောက်ကွယ်သွားသည်ကို အနည်းငယ် ဝမ်းနည်းမိကြသော်လည်း ဤသည်က အကျဥ်းထောင်ထဲတွင် မဆန်းပေ ။
ချောင်မူက ခဏတာ တိတ်ဆိတ်စဥ်းစားလိုက်ပြီးနောက် ပြန်ထရပ်ကာ အခန်းတံခါးဆီသို့ လမ်းလျှောက်သွား၏ ။ သူ့နောက်မှ သံကြိုးများက တဖန်တောင့်တင်းသွားပြန်သည် ။
အဆင့်၆ သိုင်းပညာရှင်၏ အတွင်းအားများက ပေါက်ကွဲထွက်လာပြီး သံကြိုးကို တင်းတင်းဆွဲလိုက်လျှင် တဂျိဂျိ နှင့် အသံထွက်လာ၏ ။
ဆူညံနေသော အကျဥ်းသားများ တိတ်ဆိတ်သွားကြသည် ။
" ဘာ..ဘာလုပ်မလို့လဲ.. "
အနီးခန်းမှ အကျဥ်းသားက အံ့သြတကြီး မေးလိုက်၏ ။
' ဟဟ.. ငါဘာလုပ်ရမှာလဲ.. '
ချောင်မူသည် ဘာလုပ်ရမည်ကို ရှင်းရှင်းလင်းလင်းမသိ ။ အိမ်နီးချင်းတစ်ယောက် အန္တရာယ် ကျရောက်နေ၍ သွားကြည့်ချင်ယုံသာ ရှိသည် ။ သူနှင့် သိပ်မရင်းနှီးသော်လည်း ဤသည်က အကြောင်းမဟုတ် ။
ချောင်မူက အသက်ပြင်းပြင်း ရှူလိုက်ပြီး...
" ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း ..."
" ချွမ်းးး..."
သံကြိုးများက ချက်ချင်း ပြတ်ထွက်သွား၏ ။
တခြားအကျဥ်းသားများ၏ ဆွံ့အနေသည့် အကြည့်အောက်တွင် ချောင်မူက တံခါးကို ကန်ဖွင့်လိုက်ပြီး ထွက်မပြေးဘဲ အဘိုးကြီး ချန်၏ တံခါးကို ကန်ဖွင့်ပြီး အတွင်းသို့ ပြေးဝင်သွားသည် ။
Chapter 76
~
အခန်း ၇၆
~
ချောင်မူက ဆေးပညာကို နားမလည်သဖြင့် အဘိုးကြီးချန်၏ အသက်ရှူနှုန်း အားနည်းနေပြီး စွမ်းအင် ကုန်ဆုံးသွားသည်ကိုသာ သိ၏ ။
" ခင်ဗျားတို့ ထဲမှာ ဆေးပညာအကြောင်း သိတယ့်လူ ရှိလား.. "
ချောင်မူ၏ အသံက အကျဥ်းထောင်တစ်ခုလုံး ဟိန်းထွက်သွား၏ ။ မည်သူမှ ပြန်မပြောကြ ။ သူတို့ ဆွံ့အနေဆဲပင် ။
" ဆေးဆရာ မရှိဘူးလား .."
ချောင်မူက သတိလစ်နေသော အဘိုးကြီးချန်ကို ပွေ့ချီလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည် ။
သို့သော်လည်း သူ အပြင်အထိ ထွက်နိုင်မည်ကို မသေချာပေ ။ သံကြိုးအားဖြတ်နိုင်သော်လည်း အကျဥ်းထောင်အတွင်းမှ အဘိုးကြီး တစ်ဦးအား ချီပြီး လမ်းလျှောက်၍ ထွက်ချင်သည်ဆိုပါက ဟဲရန်မြို့ကို လျော့တွက်လွန်းရာ ကျနေသည် ။
ထိုအခိုက် အကျဥ်းသားတစ်ဦးက အော်ပြောလိုက်၏ ။
" ကျုပ် ဆေးပညာတက်တယ်.. "
ချောင်မူက တွန့်ဆုတ်ခြင်း မရှိဘဲ ထိုအခန်းကို ကန်ဖွင့်လိုက်ပြီး အဘိုးကြီးချန်အား သွေးခုန်နှုန်း တိုင်းခိုင်းလိုက်သည် ။
" သွေးခုန်နှုန်းက အရမ်းအားနည်းနေတယ်.. သွေးနဲ့ချီလည်း ကုန်ဆုံးနေပြီ ..ကျုပ်အမြင်အရ ရောဂါမဝတု်ဘူး.. အသက်ကြီးလာလို့ စွမ်းအင်ကုန်သွားတဲ့ သဘောပဲ.. "
ဆေးဆရာ အကျဥ်းသားက ပြောလိုက်သည် ။
" ဒါပေမဲ့ ဒီရက်တွေမှာ ကျုပ်နဲ့ သူ စကားပြောနေတုန်းက ပုံမှန်ပဲလေ.. ဒီလောက်အထိ ဖြစ်နိုင်လို့လား.. "
ချောင်မူက မေးလိုက်သည် ။
ဆေးဆရာက ခေါင်းခါပြီး...
" အသက်ကြီးသွားရင် လဲလို့ မရတော့ဘူး.. တစ်ခါ လဲလိုက်တာနဲ့ အသက်ပါသွားရော .."
" ရှင်သန်ခြင်းနဲ့ မွေးဖွားခြင်းဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ.. ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီတဲ့.. သူ ဒီထောင်ထဲမှာ ဒီအသက်အရွယ်အထိ နေနိုင် တာကပဲ အံ့သြစရာကောင်းနေပြီ.."
" ဒါဆို ဆေးကုလို့ မရတော့ဘူးလား.."
ချောင်မူက ထပ်မေးလိုက်သည် ။
ဆေးဆရာ အကျဥ်းသားက ခဏတာ စဥ်းစားလိုက်ပြီး...
" သူ့ကို ထောင်အပြင်ထုတ်ပြီး သေသေချာချာ ပြုစုစောင့်ရှောက်ရင်တော့ ဆယ်ရက် ဆယ့်ငါးရက်လောက် အသက်ဆွဲဆန့်ထားနိုင်မယ်ထင်တယ်.. "
ချောင်မူက ဘာမှ ထပ်မပြောတော့ပေ ။
ထိုအချိန်မှာပင် အပေါ်ထပ်မှ ခြေသံများ ပေါ်ထွက်လာပြီး တံခါးဖွင့်သံများ ထွက်ပေါ်လာ၏ ။ ထို့နောက် အကျဥ်းသားအခန်းများဆီသို့ အစောင့်များ ပြေးဝင်လာကြသည် ။
" ဒီအကျဥ်းသားက ဘယ်လိုလုပ် လွတ်သွားတာလဲ.. "
" သံကြိုးတွေ ပြတ်နေပါလား.. "
" သူ့ကို ပိုချည်ထားလိုက်.. "
ချောင်မူက မခုခံပေ ။ အိုခြင်း ၊ နာခြင်း နှင့် သေခြင်းတို့သည် လောက ဓမ္ဓတာ များဖြစ်၍ သူတက်နိုင်သည်က မရှိ ။ သူ ကူညီရန် အကောင်းဆုံး ကြိုးစားခဲ့သည်ဟု ဆိုနိုင်ပေသည် ။
ထို့နေက် အစောင့်များက ချောင်မူအား အခန်းထဲသို့ ပြန်ထည့်ထားလိုက်ကြသည် ။
တစ်ခါ ထွက်ပြေးဖူးသော အကျဥ်းသားဖြစ်သွား၍ သူ၏ အခြေအနေမှာ ယခင်လောက် မကောင်းတော့ချေ ။ ထပ်မံ ထွက်ပြေးမည်ကို စိုးရိမ်သဖြင့် သူ့အား ခေါင်းအစခြေအဆုံး သံကြိုးများစွာ ချည်နှောင်ထားကြ၏ ။ လှုပ်ရှားရန်ပင် ခက်ခဲနေလေသည် ။
" ဘာမှ မဟုတ်ဘဲ ဘာလို့ ဒုက္ခ ရှာရတာလဲ.. "
ဆေးဆရာအကျဥ်းသားက သက်ပြင်းချပြီး ခေါင်းခါမိလိုက်သည် ။
ချောင်မူ ထွက်ပြေးသည်ကို မြင်သော တခြားအကျဥ်းများသည် အံ့သြမှင်သက်နေကြဆဲပင် ။
ချောင်မူ၏ နေရာတွင် သာမန်အကျဥ်းသားတစ်ယောက်သာ ဆိုပါက သူတို့ လှောင်ပြောင်မိကြပေမည် ။ ထွက်ပြေးရာတွင် မအောင်မြင်သည့်အပြင် သံကြိုးများ ပို၍ အခတ်ခံလိုက်ရ၏ ။ ထို့အပြင် ထောင်အတွင်း အနာဂတ်နေ့ရက်များမှာ သက်တောင့်သက်သာ ရှိတော့မည် မဟုတ်ချေ ။
သို့သော်လည်း ချောင်မူ၏ သံကြိုးမှ ရုန်းထွက်ပုံသည် သူတို့၏ နှလုံးသားအတွင်းဝယ် စွဲထင်သွားသည် ။
အင်အားကြီးသူများသည် လေးစားခံရရန် ကံကြမ္မာရှိကြသည် ။ မိုက်မဲသော အရာများ လုပ်မိလျှင်ပင် လေးစားခံနေရဦးမည်ပင် ။
သတိလစ်နေသော အဘိုးကြီးက မျက်လုံးဖွင့်လိုက်ပြီး ချောင်မူကို ပြုံး၍ ကြည့်လိုက်၏ ။
" အကောင်ပေါက်လေး.. ငါ့အထင်မှားသွားတဲ့ပုံပဲ.. မင်းက ကြင်နာတက်သားပဲ.. ဒါပေမဲ့ ငါလို အဘိုးကြီး တစ်ယောက်အတွက် တန်လို့လား.. "
အဘိုးကြီးက ချောင်မူအား တင်းကြပ်စွာ ချည်ထားသော သံကြိုးများကို စိုက်ကြည့်နေသည် ။ သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများအရ ထွက်ပြေးသည့် အကျဥ်းသားများကို ထောင်မှူး မည်သို့ ဆက်ဆံတက်သည်ကို သိထား၏ ။
ချောင်မူက တည်ငြိမ်စွာ ပြန်ကြည့်လိုက်ပြီး...
" ဘဝမှာ တန်လား မတန်ဘူးလား ဆိုတာကို ဘာလို့ တွက်ချက်နေရအုံးမှာလဲ.. ကျုပ်တို့ စိတ်ထဲမှာ ဘာနောင်တမှ မရှိဘဲ စိတ်ရှင်းရှင်း လုပ်နိုင်သရွေ့ လုံလောက်ပြီပေါ့.. "
" နောင်တမရှိဘဲ စိတ်ရှင်းရှင်း လုပ်နိုင်ရင်လား.. မင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းသား.."
အဘိုးကြီးက မျက်လုံးမှေးကာ အနားယူရင်း ပြောလိုက်၏ ။ သူ ရေတစ်ငုံ သောက်လိုက်သော်လည်း သူ၏ နှလုံးခုန်သံက မတည်ငြိမ်နိုင်သေးပေ ။ သူကြောက်နေ၏ ။ သူ သတိလစ်နေသော်လည်း ပြင်ပမှ အသံများကို ကြားနေခဲ့သည် ။ သူ မသေချင်သေး ။ သူ အသက်ရှင်ချင်သေးသည် ။ သူ နှစ်ပေါင်းများစွာ ကြာအောင် မတွေ့ခဲ့ရသော ကလေးများ၏ အခြေအနေကို သိချင်သည် ။ အသက်ကြီးလာလျှင်ပင် လွယ်လွယ်ကူကူ မသေဆုံးချင် ။ ဤလောကတွင် အသက်မရှည်ချင်သူ မည်သူရှိပါမည်နည်း ။
ညက တဖြည်းဖြည်း မှောင်မိုက်လာ၏ ။
အိပ်တဝက် နိုးတဝက် ဖြစ်နေသည့် အဘိုးကြီးချန်သည် သူ့အပေါ်သို့ ကျဆင်းနေသည့် လရောင်ဖျော့ဖျော့လေး ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်၏ ။ သူ မျက်လုံးဖွင့်ကြည့်လိုက်လျှင် ပြတင်းပေါက်လေးမှ တိုးဝင်လာပြီး သူ့ကို ချောင်းကြည့်နေသော ကြောင်ပေါက်လေးကို တွေ့လိုက်ရသည် ။
ကြောင်ပေါက်လေးက ကြမ်းပြင်ပေါ်သို့ ပေါ့ပါးသွက်လက်စွာ တိတ်တဆိတ် ခုန်ဆင်းလာ၏ ။
သေးငယ်ပြီး ညစ်ပတ်ပေရေနေသော်လည်း ကြော့ရှင်းစွာ တစ်လှမ်းခြင်း တစ်လှမ်းခြင်း အဘိုးကြီးချန်၏ ကောက်ရိုးအိပ်ရာ ဆီသို့ ချဥ်းကပ်လာသည် ။
" သွား .. သွား..ဒီနေရာမှာ မင်းနေလို့ မရပါဘူးဆို.. "
အဘိုးကြီးချန်က မောင်ထုတ်ရန် ကြိုးစားလိုက်သော်လည်း အားမရှိတော့ ။ အသံတိုးတိုးသာ ထွက်နိုင်တော့၏ ။
သို့တိုင် ထိုကြောင်လေးက မကြောက်ဘဲ အဘိုးချန်၏ ရင်ဘက်ပေါ်သို့ တွားတက်လာပြီး ရင်ခွင်ထဲတွင် ထိုင်နေလိုက်သည် ။
အဘိုးချန်က လေးလံမှုကို မခံစားရဘဲ နွေးထွေးမှုကိုသာ ခံစားမိလိုက်၏ ။ ထိုကြောင်ပေါက်လေးက သူ၏ အမွှေးပွ လေးဖြင့် ညှင်သာစွာ ပွတ်သပ်ကာ အနွေးဓာတ်ပေးနေသည် ။ ကြောင်ပေါက်လေး၏ အသံက တိုးတိုးလေး ထွက်ပေါ်နေ၏ ။
" ဒီကောင်လေး.. မောင်းထုတ်လို့ကို မရဘူး.. ငတုံးလေး.. "
အဘိုးချန်က အားယူ၍ လက်ကိုမြှောက်ကာ ကြောက်ပေါက်လေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည် ။ သူ မသိလိုက်မိဘဲ သေခြင်းတရာအပေါ် ကြောက်ရွံ့ထိတ်လန့်မှုက တဖြည်းဖြည်း ပျောက်ကွယ်လာ၏ ။
ထောင်ထဲတွင် အထီးကျန်စွာ တစ်ကိုယ်တည်း နေခဲ့ရသော အဘိုးချန်အတွက် သူ့ဘဝ၏ အဆုံးတွင် ကလေးလေးတစ်ယောက် ရလိုက်သည်က မဆိုးပေ ။
နောက်ဆုံးတွင် အဘိုးချန်၏ ညင်သာသော ဟောက်သံများ ပေါ်ထွက်လာပြီး နှစ်နှစ်ချိုက်ချိုက် အိပ်မောကျသွားလေသည် ။
ကြောင်ပေါက်လေးက အဘိုးချန်၏ လက်မောင်းကြားသို့ ဆင်းပြီး ဝင်ခွေနေ၏ ။ ကြမ်းပြင်က အေးလွန်းသဖြင့် အမြီးကို ရှေ့လက်နှစ်ချောင်းဖြင့် ဖက်ကာ အဘိုးချန်ကို မှီပြီး မျက်လုံးများ မှိတ်ထားလိုက်တော့သည် ။
…….
တစ်ညတာ ကုန်လွန်သွားခဲ့သည် ။
နောက်တနေ့မနက်တွင် အစောင့်များက နေ့စဥ်စစ်ဆေးမှု အတွက် ရောက်လာသောအခါ အဘိုးချန်၏ သက်မဲ့အလောင်းကို လျင်မြန်စွာ သတိထားမိသွားကြ၏ ။
" အဘိုးကြီး သေသွားပြီလား.. ညတောင် မကျော်နိုင်ခဲ့ဘူးထင်တယ်.. "
" သူ့အတွက် အချိန်တန်နေပါပြီ.. "
" တော်ပြီ တော်ပြီ အပေါက်ပိတ်ထားကြ ..အလောင်းကို အရင် ရှင်းရအောင်.. "
" ဟ.. ဘာဖြတ်ပြေးသွားတာလည်း.. "
အစောင့်က တံခါးဖွင့်လိုက်လျှင် ကြောင်ပေါက်လေးက နိုးလာပြီး အနီးရှိ အရိပ်ထဲသို့ လျစ်ကနဲ ပြေးဝင်သွား၏ ။
အစောင့်များ ထွက်သွားသည်နှင့် အကျဥ်းခန်းက တဖန်ပြန်၍ တိတ်ဆိတ်သွားပြန်သည် ။
ကြောင်ပေါက်လေးက ပြတင်းပေါက်ပေါ်သို့ ခုန်တက်ရန် ပြင်လိုက်စဥ် သံကြိုးသံ တချွမ်ချွမ်ကို ကြားလိုက်ရ၏ ။ သူ ခေါင်းလေးမော့ကြည့်လိုက်လျှင် မနက်ခင်း အလင်းရောင်အောက်တွင် သူ့အား ငုံ့ကြည့်နေသည့် အရပ်ရှည်ရှည် ပုံရိပ်ကို တွေ့လိုက်ရ၏ ။
ကြောင်ပေါက်လေးက သံသယ ဝင်လာကာ သတိထားပြီး နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည် ။
ထို့နောက် တစ်စုံတစ်ခုကို သတိထားမိသွားပြီး နှာခေါင်းလေးကို မော့ကာ အနံ့ခံကြည့်လိုက်ရာ နှာချေလိုက်မိပြီး မျက်လုံးလေးများ ပြူးကျယ်သွား၏ ။
ထို့နောက် ရှေ့သို့ ပုတိုတို ခြေထောက်လေးများဖြင့် လျင်မြန်စွာ ပြေးလာပြီး ထိုလူ၏ ခြေရင်းသို့ ရောက်လျှင် ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားကာ လျှာတစ်လစ်ဖြင့် မေ့မျောသွားသည် ။ ကြောင်ပေါက်လေး၏ မျက်လုံးများက မူးယစ်စေသော အရာတစ်ခု စားသုံးမိလိုက်သကဲ့သို့ ရီဝေနေ၏ ။
" ဒီ ငတုံးကောင်က.. ဘာလို့ ထူးဆန်းတဲ့ပုံစံ လုပ်ပြနေတာလည်း .."
ချောင်မူက ထိုကြောင်ပေါက် ကို လျစ်လျူရှု၍ အဘိုးလီ၏ ကောက်ရိုးအိပ်ယာ ဆီသို့ လှမ်းကြည့်လိုက်သည် ။