အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
Chapter 77
~
အခန်း ၇၇
~
" ဘာ..ချောင်ပိုင်ဖူ ထောင်ထဲရောက်သွားတာလား.."
ရှန်းချင်ဟယ် က အိမ်တော်ထိန်းအား အံ့သြတကြီး မေးလိုက်၏ ။
" သခင်ကြီးက ဒီရက်ပိုင်း အခန်းအောင်းပြီး စာဖတ်နေတာဆိုတော့ ကျုပ်လည်း အပြင်မထွက်မိလိုက်ဘူး.. "
" ဒီနေ့မနက် စျေးကိုသွားတော့မှာ ဒီအကြောင်းကို သိလာခဲ့တာ.."
အိမ်တော်ထိန်းက ရှန်းချင်ဟယ်အား ကြည့်ပြီး ရှင်းပြလိုက်သည် ။
ရှန်းချင်ဟယ်သည် ဤရက်များအတွင်း ဝိညာဥ်ဒဏ်ရာနှင့် ပက်သက်သည့် အကြောင်းအရာများကို ရှာဖွေရင်း စာအုပ်ပုံထဲတွင် နစ်မြုပ်နေ၏ ။
" ဒါ.. ငါ့အမှားပါ.."
ရှန်းချင်ဟယ်က ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည် ။ သူ၏ တရားဝင်ရာထူးမှာ အဆင့် ၇ တရားသူကြီး ဖြစ်သော်လည်း သူထောက်ခံလိုက်သည့်သူမှာ ထောင်ထဲသို့ ရောက်နေကြောင်းကို သူ မသိ ။
" ဒါပေမဲ့ ဒီချောင်ပိုင်ဖူက ဘာလို့ ဒီလောက်တောင် ပြဿနာ ရှာနေရတာလဲ.. လူကြားထဲမှာ ဧကရာဇ်ကို ဝေဖန်တာ မသင့်တော်ဘူးဆိုတာကို သူ မသိဘူးလား.."
ရှန်းချင်ဟယ် ဆိုသည်က အမှန်နှင့်အမှားကိုသာ ဂရုစိုက်သည့် ဖြောင့်မတ်သူတစ်ဦးဖြစ်သည် ။ ထို့ကြောင့် အဆင့် ၅ ရာထူးမှ အဆင့် ၇ အရာရှိအဖြစ် ရာထူးချထားခြင်းကို ခံခဲ့ရသူဖြစ်၏ ။
သူ ချောင်မူအား ခြောက်ပေါက်ဂိတ်တွင် လူဆိုးထိန်းအဖြစ် ခန့်အပ်ခဲ့ခြင်းမှာ ဝမ်စုန့်ဟဲ ကို ယုံကြည်မှုကြောင့်သာမက ချောင်ပိုင်ဖူ၏ သိုင်းအဆင့်မှာ မြင့်လွန်းနေသောကြောင့်ဖြစ်သည် ။ ချောင်ပိုင်ဖူသာ အရည်အချင်းမရှိပါက မည်သည့်နည်းနှင့်မျှ ကူညီမည်မဟုတ်ချေ ။
" သခင်ကြီး.. ကျုပ်တို့ ထောင်ထဲကို လိုက်သွားသင့်လား.. "
ဤ အိမ်တော်ထိန်းသည် ငါးပျံအစောင့်တပ်ဖွဲ့မှ သူလျှို တစ်ယောက်ဖြစ်၏ ။ ယခု ပြောကြားနေသည်မှာလည်း ယုံဟဲဧကရာဇ်က အမိန့်ပေးထားသည့်အတိုင်း ရှန်းချင်ဟယ်၏ တုန့်ပြန်မှုကို စမ်းသပ်ရန်ဖြစ်သည် ။
" မင်းက သူ့ကို သွားကယ်မလို့လား ...ဟမ့်.."
ရှန်းချင်ဟယ်၏ အမူအရာမှာ တည်ငြိမ်သွားပြီ ဖြစ်သည် ။ သူ့ မျက်နှာတွင် မည့်သည့် စိတ်ခံစားချက်မျှ မရှိ ။
" ဝမ်....ဆရာဝမ် သူ့ကို အကြံပေးစာထဲမှာ ရေးထားတာက သူ့စရိုက်ကို ပြောင်းလဲနိုင်အောင် ကူညီဖို့လေ .. ငါက ဘာလို့ သွားကယ်ရမှာလဲ.. "
" သူ အမှားလုပ်မိရင် သူကိုယ်တိုင် တာဝန်ယူရမယ်.. အတွေ့အကြုံ ဆိုတာ ဒုက္ခရောက်မှ ကိုယ်တိုင် သိမြင်လာတာမျိုး.. "
ရှန်းချင်ဟယ်က ပြောပြီးနောက် အရာရှိ ဝတ်စုံကို လဲဝတ်ပြီး ထွက်ခွာရန် ပြင်လိုက်၏ ။
" မကယ်ဘူးဆိုရင် သခင်ကြီး ဘယ်သွားမလို့လဲ.. "
အိမ်တော်ထိန်းက မေးလိုက်သည် ။
ရှန်းချင်းဟယ်က ချက်ချင်းပြန်ဖြေလိုက်၏ ။
" အမှုတွဲ သွားကြည့်ရမယ်လေ.. အဲ့တာမှ ချောင်ပိုင်ဖူ ဘာအမှားလုပ်မိတာလဲ သေချာသိရမှာ.. "
………
ဆယ့်ငါးမိနစ်အကြာတွင် ...
ရှန်းချင်ဟယ်က အမှုတွဲကို ဖတ်ရင်း သူ့ပေါင်သူ အားရပါးရ ရိုက်လိုက်မိသည် ။
" ကောင်း...."
ရှန်းချင်ဟယ်က ကောင်းတယ်ဟု အားရပါးရ အောလိုက်ချင်သော်လည်း တခြားအရာရှိများက သူ့အား ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်နေသည်ကိုမြင်လျှင် စကားပြောင်း ပြောလိုက်သည် ။
" ရဲရင့်လိုက်တဲ့ကောင်..."
( မဟုတ်တာ လုပ်ရဲလို့ ပြောတာမျိုးဗျ )
ထို့နောက် ရှန်းချင်ဟယ်က သူ့ကိုယ်သူ ထိန်းချုပ်ရန် မနည်းကြိုးစားနေရတော့၏ ။ သူ ချောင်ပိုင်ဖူအား အာချောင်ရုံဟုသာ ထင်ခဲ့ပြီး ယခုကဲ့သို့ ကောင်းမွန်သော စကားများ ပြောခဲ့မည်ဟု ထင်မထားမိ ။
' ဧကရာဇ်က သာမန်ပြည်သူတွေကို ကျွဲလိုနွားလို သဘောထားတာလား.. ကောင်းလိုက်တဲ့ စကား.. သူ ဒီလိုတောင် ပြောရဲတယ်.. ငါသူ့ကို လျော့တွက်မိတာပဲ.. "
ရှန်းချင်ဟယ်က ချောင်မူ၏ စကားများကို နှလုံးသားထဲတွင် ထပ်ခါတလဲလဲ ရေရွတ်နေမိ၏ ။ သူ၏ နှလုံးသားတစ်ခုလုံး တဆက်ဆက် တုန်ရီနေသည် ။
ရှန်းချင်ဟယ် အဆင့် ၅ ရာထူးဖြင့် မြို့တော်တွင် တာဝန်ထမ်းဆောင်ခဲ့စဥ်က အခေါင်းထမ်းပြီး ဧကရာဇ်အား ဝေဖန်သည့် ဝမ်စုန့်ဟဲ၏ ရဲစွမ်းသတ္တိအား အလွန်လေးစားမိခဲ့သည် ။
ယခု ချောင်ပိုင်ဖူတွင်လည်း ဝမ်စုန့်ဟဲ၏ သွေးကိုမြင်နေရ၍ သူ အလွန်သဘောကျနေ၏ ။
' ငါသူ့ကို ဘယ်နည်းနဲ့မှ အသေခံလို့ မဖြစ်ဘူး.. '
ရှန်းချင်းဟယ်သည် ဝမ်စုန့်ဟဲ၏ ထောက်ခံစာ တစ်ခုထဲဖြင့်ဆိုလျှင် ဂရုစိုက်မည်မဟုတ်သော်လည်း ယခု မတူတော့ပေ ။ သူ ချက်ချင်းပင် အိမ်သို့ ပြန်၍ အဝတ်အစားလဲကာ အုပ်ချုပ်ရေးမှူး လော့၏ အိမ်တော်သို့ ထွက်လာခဲ့သည် ။
အုပ်ချုပ်ရေမှူး လော့သည် ရှန်းချင်ဟယ် ၏ အတိတ်မှ မိတ်ဆွေဟောင်းတစ်ဦး ဖြစ်၏ ။ သို့သော်လည်း ယခုအခါတွင်မူ တစ်ယောက်က အဆင့်မြင့် အဆင့် ၄ ရာထူးဖြင့် အုပ်ချုပ်သူတစ်ယောက်ဖြစ်နေပြီး ကျန်တစ်ယောက်မှာ အဆင့်နိမ့် အဆင့် ၇ ရာထူးဖြင့် လက်အောက်ခံတစ်ယောက် ဖြစ်နေလေပြီ ။
ရှန်းချင်ဟယ်သည် ခေါင်းမာပြီး ဂုဏ်သိက္ခာကို ဂရုစိုက်တက်သည့် သူဖြစ်၍ အုပ်ချုပ်သူလော့နှင့် နီးကပ်သည့် ဆက်ဆံရေး ရရန် မကြိုးစားခဲ့ချေ ။
ယခုအခါတွင်မတော့ သူ မည်သည်ကိုမှ ဂရုမစိုက်နိုင်တော့ ။
ရှန်းချင်ဟယ်က အိမ်တော်တံခါးဝသို့ ရောက်လျှင် အစောင့်များအား ကြည့်ပြီး တွန့်ဆုတ်နေမိ၏ ။ သူ အလည်လာသည်ဟု အကြောင်းကြားပေးရန် ပြောချင်သော်လည်း စကားလုံးများက လည်ပင်းတွင် တစ်ဆို့နေသည် ။
ရှန်းချင်ဟယ်သည် တရားသူကြီးအဖြစ် နှစ်ပေါင်းများစွာကြာအောင် တာဝန်ထမ်းဆောင်လာခဲ့ပြီး ပြင်းထန်သော ရာဇဝတ်ကောင်များစွာကို တွန့်ဆုတ်ခြင်းမရှိ အမိန့်ချမှတ်ခဲ့သူဖြစ်၏ ။ ယခုအခါသည်က သူ မည်သို့ စကားပြောရမည်ကို မသိသော ပထမဆုံးအကြိမ်ဖြစ်သည် ။
ရှန်းချင်ဟယ် တွန့်ဆုတ်တွန့်ဆုတ် လုပ်နေသည်ကို အစောင့်များက သတိထားမိသွားသည် ။ ထိုအခါမှ ရှန်းချင်ဟယ် က သက်ပြင်းချလိုက်ပြီး ပြုံးရွှင်နေသော မျက်နှာထားဖြင့် စကားပြောရန် ရှေ့သို့ ဆက်သွားလိုက်သည် ။
……
" ရှန်းချင်ဟယ်လား.. "
အုပ်ချုပ်ရေးမှူး လော့က စာကြည့်ခန်းထဲတွင် လက်ရေးလှ လေ့ကျင့်နေ၏ ။ စုတ်တံကို မှင်ထဲတွင် နှစ်လိုက်ပြီး ဖြန့်ခင်းထားသော စက္ကူအချောပေါ်တွင် ထာဝရ ဟူသော စာလုံးကို ရေးလိုက်သည် ။ အစောင့် သတင်းလာပို့သောအခါ သူက ကျေနပ်စွာဖြင့် အားရပါးရ ရယ်မောလိုက်၏ ။
" ဟားဟားဟားးးး.. နောက်ဆုံးတော့ ခေါင်းမာနေတဲ့လူ ခေါင်းဘယ်လိုငုံ့ရမယ်ဆိုတာကို သိသွားပြီပဲ.. "
သူ ချောင်ပိုင်ဖူ၏ အမှုကို သိ၏ ။ ချောင်ပိုင်ဖူ၏ စကားလုံးများက ပြင်းထန်လွန်းသဖြင့် ချောင်ပိုင်ဖူ၏ နောက်ခံကို စစ်ဆေးခဲ့သည် ။ သူ မထင်ထားသည်က ဤလူသည် ရှန်းချင်ဟယ် ထောက်ခံထားသောလူ ဖြစ်နေခြင်းပင် ။
ထို့ကြောင့် ချောင်ပိုင်ဖူကို မသတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ရက်အနည်းငယ် ချုပ်နှောင်ထားခဲ့သည် ။ ခေါင်းမာတက်ပြီး သူများ၏ စကားကို နားမထောင်တက်သူ ရှန်းချင်ဟယ်က မည်သို့ လုပ်မည်ကို သူ သိချင်၏ ။
" ငါ သူ့ကို မတွေ့ချင်သေးဘူး.. "
အုပ်ချုပ်ရေးမှူးလော့က လက်ယမ်းလိုက်ပြီး...
" သူ့ကို အပြင်မှာ ရက်နည်းနည်းလောက် စောင့်ခိုင်းထားလိုက်.. "
ထို့နောက် လက်ရေးလှ ပြန်လေ့ကျင့် နေလိုက်သည် ။ သူ အလျင်လိုစရာ အကြောင်းမရှိ ။ ထောင်ထဲသို့ ရောက်နေသူက သူ့လူ မဟူတ်ပေ ။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာပြီး နေဝင်ချိန်သို့ပင် ရောက်ရှိလာခဲ့သည် ။
ဤအချိန်တွင် အစေခံတစ်ဦးက စာကြည့်ခန်းတံခါးဝသို့ ရောက်လာပြန်၏ ။
" ဘာလဲ ရှန်းချင်ဟယ်က အိမ်တော်အပြင်ဘက်မှာ စောင့်နေတုန်းပဲလား.. "
အုပ်ချုပ်ရေးမှူးလော့က စုတ်တံကို ချလိုက်ပြီး ပြုံး၍ မော့ကြည့်လိုက်၏ ။
တံခါးဝတွင် ရပ်နေသူက အစေခံအပြင် နားထင်များဖောင်းကားနေပြီး အေးစက်စက်အကြည့်ဖြင့် လူတစ်ယောက်ပါ ရောက်နေသည် ။
" အရှင်လော့.. "
အစောင့်ချူးက ငါးပျံအစောင့်တံဆိပ်ပြားကို ပြလိုက်ပြီး..
" ကျုပ် အရှင်ဧကရာဇ်ရဲ့ အမိန့်ကို ယူလာတာပါ.. "
" နိုင်ငံရေး အကြောင်း ဆွေးနွေးလို့ အဖမ်းခံထားရတဲ့ လူဆိုးထိန်းခေါင်းဆောင် ချောင်ပိုင်ဖူကို ပြစ်မှုမှ လွတ်ကင်းစေ.. "
အုပ်ချုပ်ရေးမှူးလော့၏ မျက်လုံးထောင့်များက တဆက်ဆက်တုန်ရီသွား၏ ။
Chapter 78
~
အခန်း ၇၈
~
နေညိုချိန် ရောက်နေသဖြင့် အနောက်ဘက်အရပ် ကောင်းကင်ယံမှ နီဆွေးနေ၏ ။
ရှန်းချင်ဟယ်က စံအိမ်တော်အပြင်တွင် အချိန်အတော်ကြာအောင် ရပ်နေခဲ့ပြီး မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာ၏ ။
အုပ်ချုပ်ရေးမှူးက နေမကောင်း၍ အိပ်နေဆဲဟု ဆင်ခြေပေးနေသော်လည်း သူသည် ငတုံးမဟုတ် ။ ဤအပေါင်းအသင်းဟောင်း၏သဘောကို သူ နားလည်သည် ။
" ထားလိုက်ပါတော့ ..ငါ အကောင်းဆုံး ကြိုးစားပြီးပြီပဲ.. အဆင်မပြေတာ ငါ ဘာတက်နိုင်မှာလဲ.. "
သူ လှည့်ထွက်ရန် ပြင်လိုက်စဥ် စံအိမ်တော် အဓိကတံခါးဝက တကျွိကျွိ မြည်ပြီး ပွင့်လာ၏ ။
" အဟားဟားဟား.. မိတ်ဆွေကြီးရှန် ..ခင်ဗျား နောက်ဆုံးတော့ ကျုပ်အိမ်ကို လာလည်ဖို့ အချိန်ရပြီပေါ့.. "
အုပ်ချုပ်ရေးမှူးလော့က အိမ်ပြင်သို့ ပြုံးရွှင်နေသော မျက်နှာဖြင့် အမြန်ထွက်လာပြီး ရှန်းချင်ဟယ်၏ လက်ကိုဆွဲ၍ အိမ်တော်ထဲသို့ ခေါ်လာခဲ့သည် ။
" ဒီရက်ပိုင်း သိပ်နေမကောင်းလို့ နေ့ခင်းတုန်းက အိပ်ပျော်သွားတယ်.. ကျုပ်အစေခံ တွေက မိတ်ဆွေကြီးကို အပြစ်ပြုမိရင် ဗွေမယူပါနဲ့ ကျုပ်သူတို့ကိုယ်စား တောင်းပန်ပါတယ်.. "
" အာ.. မဟုတ်ပါဘူး.. ရပါတယ်.. အုပ်ချုပ်ရေးမှူးလော့ကို ဒုက္ခလာပေးတာက ကျုပ်ပါ.. "
ရှန်းချင်ဟယ်က ပြုံးရန် မနဲကြိုးစားလိုက်ရသည် ။ အခြေအနေပြောင်းလဲမှုကို သူ ရှုပ်ထွေးနေသော်လည်း မေးခွန်းထုတ်ရမည့် အချိန်မဟုတ်၍ ငြိမ်နေလိုက်၏ ။
အုပ်ချုပ်ရေးမှူး ဆိုသည်က တရားဝင်ရာထူး မဟုတ်ဘဲ လေးစားသောအားဖြင့် ခေါ်ဆိုသော နာမည်ဖြစ်သည် ။ ယန်နန်းတော်၏ အစဥ်အလာအရ မြို့စားအဆင့် ရာထူးနှင့် သိုင်းပညာရှင်အဆင့် ပြည့်မီသော လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသူများကို အုပ်ချုပ်ရေးမှူးဟု ရည်ညွှန်းကြ၏ ။ တရားဝင် ရာထူးမှာ မြို့စား ဖြစ်သော်လည်း ဤ ဒေသတစ်ခုလုံး၏ ဘုရင်ခံ ဟု ခေါ်ဆိုလျှင်လည်း မမှားပေ ။
ရှန်းချင်ဟယ် သည် အုပ်ချုပ်ရေးမှူးလော့နှင့် အိမ်တော်ဧည့်ခန်းသို့ ရောက်လာပြီနောက် အလာပ သလာပများကို အချိန်အတော်ကြာအောင် သည်းခံပြောပြီးမှ ချောင်ပိုင်ဖူ၏ အကြောင်းသို့ ရောက်သွားကြသည် ။
" ဒီကိစ္စအတွက် အကိုရှန်း စိတ်ပူ နေစရာမလိုဘူး.. "
အုပ်ချုပ်ရေးမှူးလော့က နွေးထွေးစွာ ပြုံးလိုက်ပြီး...
" ချောင်ပိုင်ဖူက ရဲရင့်ပြီး ဖြောင့်မတ်တယ် အမှန်တရားကို ပြောရဲတယ့်လူဆိုတော့ ကျုပ်သူ့ကို တကယ်လေးစားမိပါတယ်.. ဒါပေမဲ့ အတိုင်ခံရ ထားတော့ ကျုပ်လည်း အရေးမယူလို့ မရဘူးလေ.. အဲ့တာကြောင့် ရက်နည်းနည်းလောက် ဖမ်းထားပြီးမှ ပြန်လွှတ်ပေးမယ်လို့ တွေးထားတာ.. "
" အိုးးး..."
ရှန်းချင်ဟယ်က အလွန်အမင်း အံ့အားသင့်ဟန် ပြလိုက်ပြီး..
" အဲ့တာဆို အုပ်ချုပ်ရေးမှူးလော့ကလည်း လက်ရှိဧကရာဇ်က သေမှာ ကြောက်နေတယ်လို့ ထင်တယ်ပေါ့.. "
" အဟွတ်..."
အုပ်ချုပ်ရေးမှူးလော့ သောက်နေသည့် ရေနွေးကြမ်း သီးမလို ဖြစ်သွား၏ ။ သူ ရင်များ တဒိတ်ဒိတ် ခုန်သွားသည် ။ ဧကရာဇ်၏ အနီးကပ် ငါးပျံ သက်တော်စောင့်ထွက်သွားသည်မှာ မကြာသေး ။ ငါးပျံအစောင့်များသည် ဧကရာဇ်၏ သက်တော်စောင့်တပ်ဖွဲ့ ဖြစ်ရုံသာမက အရာရှိများကို စောင့်ကြည့်ရသည့် တာဝန်ကိုပါ ယူထား၏ ။ သူတို့ ယခုပြောနေသည့် စကားများကို ကြားသွားပါက....
အုပ်ချုပ်ရေးမှူးလော့ ဇောချွေးများ ပြန်လာ၏ ။ အနှီ ရှန်းချင်ဟယ်သည် ကြောက်စရာကောင်းလှသည် ။ ဤမျှ ကြီးမားသော ဘေးဒုက္ခဆိုးကြီးအား သူ၏ အိမ်သေးသေးလေးက လက်မခံနိုင်ချေ ။
အုပ်ချုပ်ရေးမှူးလော့က စကားလမ်းကြောင်းလွှဲ ရန် မနည်းကြိုးစားလိုက်ရသည် ။
" ဒါဆို ချောင်ပိုင်ဖူ ဟဲရန်မြို့ကို ရောက်လာတော့ သူရဲ့ အိမ်ထောင်စုမှတ်ပုံတင်ကို အကိုရှန်း လုပ်ပေးထားတာပေါ့.. "
" ဒီ ရဲရင့်တဲ့သူက ဘယ်ကလာလဲဆိုတာ ကျုပ်သိချင်နေတာ.. "
ရှန်းချင်ဟယ် ရင်တစ်ချက် ခုန်သွား၏ ။ သူ သံသယဖြစ်နေသော ကိစ္စမှာ ရှင်းလင်းသွားလေပြီ ။ အုပ်ချုပ်ရေးမှူး လော့ပင် ချောင်ပိုင်ဖူ၏ နောက်ခံကို အတော်လေး သတိထားနေပုံရ၏ ။ ချောင်ပိုင်ဖူတွင် သူထင်ထားသည်ထက် ပိုနေသော နောက်ခံ ရှိနေသည်လော ။
………………..
ဟဲရန်မြို့ အကျဥ်းထောင်အတွင်း...
တစ်ကိုယ်လုံး လေးလံသည့် သံကြိုးများ တင်းကြပ်စွာ ချည်နှောင်ခံထားရသော ချောင်မူသည် လှုပ်ရှားရန်ပင် မနည်းရုန်းကန်နေရ၏ ။
ကြောင်ပေါက်လေးသည်တော့ ပြတင်းပေါက်မှ ခုန်ထွက်သွားသည်မှာ ကြာလေပြီ ။
'' ကြောင်စုတ်.. ငါ့ကို သောက်ခွက်ပြောင်ရဲတယ်.. ငါသာ လှုပ်ရှားနိုင်လို့ကတော့ ဖျင်ကို နာနာ ရိုက်ပေးလိုက်မှာ.. "
ချောင်မူက စိတ်ပျက်လက်ပျက် ညီးညူလိုက်၏ ။
ထိုအခိုက် အခန်းတံခါးပွင့်လာပြီး လူဆယ်ယောက်ကျော် ဝင်လာသည် ။
ရင်းနှီးသော အစောင့်အနည်းငယ်အပြင် သူ မသိသည့် တရားဝင် ဝတ်စုံများ ဝတ်ဆင်ထားသည့် လူအနည်းငယ်လည်း ပါ၏ ။
" ဒီလို ကြီးကျယ်ခမ်းနားတဲ့ လူအုပ်ကြီးနဲ့ ဆိုတော့ ကျုပ် သေရတော့မယ်ပေါ့ .."
ချောင်မူက ပျင်းရိနေသဖြင့် စနောက်လိုက်၏ ။
" ကျုပ်ကို ဘယ်လို သတ်ဖို့ စီစဥ်ထားလဲဆိုတာ အသေးစိတ်ပြောပြပါလား.. မြို့လည်လား.. စျေးမှာလား.. ကျုပ်အကြိုက် ကတော့ လူများတဲ့နေရာပဲ.. "
" ခေါင်းဆောင်ချောင်.. ကျုပ်ကို မနောက်ပါနဲ့ဗျာ.."
ထောင်မှူးက နှဖူးမှ စီးကျလာသော ဇောချွေးများကို သုတ်ပြီး ပြောလိုက်၏ ။ ချောင်မူ ထောင်ထဲသို့ ရောက်လာသည်နှင့် စကားပြောပုံကို သူတို့ ထူးဆန်းနေကြသော်လည်း ယခုအခါတွင် နားလည်သွားကြလေပြီ ။ ဤလူက သေချာပေါက် ပြန်လွတ်မည်ကို သိသဖြင့် လုံးဝ မကြောက် ။
ဧကရာဇ်ကို ဝေဖန်၍ ထောင်ထဲသို့ ရောက်လာသော်လည်း အုပ်ချုပ်ရေးမှူး၏ တိုက်ရိုက်အမိန့်ဖြင့် ပြန်ထွက်သွားသည်က နောက်ခံလူ မည်မျှ ကြောက်စရာကောင်းကြောင်း သိသာနေသည် ။ ဤသို့ ဆိုလျှင် မည်သည့်အတွက်ကြောင့် ထောင်ထဲ ထည့်နေပါသနည်း ။ မိမိတို့အား နောက်ပြောင် ချင်ကြ၍လော ။
ထောင်မှူးက တောင်းပန်ရုံသာ တက်နိုင်တော့သည်ကို သိလိုက်၏ ။
" ဒီကိစ္စ တစ်ခုလုံးက အထင်လွဲနေကြတာပါ.. ကျုပ်တောင်းပန်ပါတယ် ခေါင်းဆောင်ချောင် စိတ်မဆိုးပါနဲ့.. "
ထို့နောက် သူက နောက်သို့ လှည့်၍ လက်အောက်ငယ်သားများကို ကြိမ်းမောင်းလိုက်၏ ။
" မင်းတို့ ဘာရပ်လုပ်နေကြတာလည်း ..သောက်တုံးတွေ..ခေါင်းဆောင်ချောင်ကို သံကြိုးဖြည်ပေးလိုက်ကြလေ.. "
ကျန် အကျဥ်းသားများက ဂဏာမငြိမ် ဖြစ်လာကြ၏ ။ ထွက်ပြေးရန် ကြိုးစားသူတစ်ယောက်ကို အရာရှိများ ဖားယားနေသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဘူးခြင်းပင် ။
" ငါ ဘာလို့ မသေနိုင်သေးတာလဲ.. "
ချောင်မူက တိုးတိုးလေး ရေရွတ်လိုက်ပြီး သက်ပြင်းချလိုက်၏ ။
သူ၏ သက်ပြင်းချသံကြောင့် ထောင်အရာရှိများ လန့်ဖြန့်သွားကြ၏ ။ မည်သို့ပင် စဥ်းစားစေကာမူ ဤသည်က သူတို့အား လှောင်နေသည်ပင် ။
'' ဘာပဲဖြစ်ဖြစ်အရှုံးမှ မရှိတာ စောင့်ရုံပဲပေါ့.. ခုလောက်ဆို ငါ့နာမည်က ဟဲရန်တစ်မြို့လုံးမှာပြန့်နေလောက်ပြီ ..''
ချောင်မူက ပွစိပွစိ ရေရွတ်ရင်း ထောင်ထဲမှ ရင်ကော့ထွက်သွားသဖြင့် အောင်ပွဲခံနေပုံ ပေါက်နေ၏ ။
ထောင်အရာရှိများနှင့် ချောင်မူ ထွက်သွားပြီးနောက် အကျဥ်းထောင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည် ။
" ချောင်ပိုင်ဖူဆိုတာ တကယ်ဘယ်သူကြီးလဲ.. "
" သူ စော်ကားတာက ဧကရာဇ်ကိုလေ.. ဒါတောင် အေးဆေးထွက်သွားတယ်ဆိုတော့ သူ့နောက်ခံက ဘယ်လောက်တောင် မြင့်နေတာလည်း.. "
" သူက ဧကရာဇ်ရဲ့ တရားမဝင်သား ဖြစ်နိုင်လား.. "
အတွေးများ ချော်ကုန်ကြ၏ ။
" သောက်တုံးလား.. သူ့အသက်အရွယ် နဲ့ဆို ဧကရာဇ်ကသာ သူ့တရားမဝင်သား ဖြစ်နိုင်တာ.."
အကျဥ်းသားများက အစောင့်များ မရှိသည်ကို အခွင့်ကောင်းယူပြီး ပြောချင်တိုင်း ပြောနေကြတော့၏ ။
…………………….
ချောင်မူက အကျဥ်းသား ဝတ်စုံကို ချွတ်ကာ ရေချိုးပြီးနောက် ထောင်မှူးစီစဥ်ပေးသည့် ထောင်စောင့် ဝတ်စုံအသစ်ကို ဝတ်၍ ထောင်ထဲမှ ထွက်လာခဲ့သည် ။
လုပ်စရာမရှိသည့်အတွက် တည်းခိုခန်းသို့ ပြန်၍ အရပ်ဝတ်လဲကာ ရုံးတော်သို့ ထွက်လာခဲ့၏ ။
ချောင်မူ ရုံးတော်ထဲသို့ ဝင်လိုက်သည်နှင့် လက်ထောက်ချန်က စပ်ဖြဲဖြဲ မျက်နှာနှင့် ချက်ချင်း ရောက်လာသည် ။
" ခေါင်းဆောင်ချောင် ပြန်လွတ်လာတာကို ဂုဏ်ယူပါတယ်.. "
" လက်ထောက်ချန်ရဲ့ နားက ကောင်းလိုက်တာ.. ခုပဲ လွတ်လာတာကို သတင်းချက်ချင်း ရတယ်နော်.."
ချောင်မူက စနောက်လိုက်၏ ။
ချန်ချန်၏ မျက်နှာက ချက်ချင်း ညိုးကျသွားသည် ။
" ခေါင်းဆောင်ချောင်.. ကျေးဇူးပြုပြီးတော့ ကျုပ်ကို စိတ်မဆိုးပါနဲ့.. ကျုပ်ရဲ့အိမ်မှာ ကျုပ်ကို မှီခိုနေရတဲ့ အသက် ၆၀ ကျော် အဖေနဲ့ သမီးလေးတစ်ယောက် ရှိနေလို့ပါ .."
" တော်ပြီ.. တော်ပြီ.. ရပြီ ထပ်မပြောနဲ့တော့.. "
ချောင်မူက လက်ဝှေ့ယမ်းပြီး ပြောလိုက်၏ ။ သူ ချန်ချန်ကို စိတ်မဆိုး ။ ချန်ချန်လို လူမျိုး များများ ပင် ရှိစေချင်၏ ။ ထိုမှသာ သေလမ်းရှာရန် အခွင့်အလန်းပိုများပေမည် ။
" ခေါင်းဆောင်ချောင်.. လကြည့်မျှော်စင်ကို သွားကြမလား ကျုပ်ဒကာခံမယ်.. "
ချန်ချန်က နာကျင်နေသည့်ဟန်ဖြင့် ပြောလိုက်သည် ။
" မလိုပါဘူးဆို.. "
ချောင်မူက လက်ခါပြီး ငြင်းလိုက်၏ ။
" ဒါဆို နတ်ယစ်မူး စားတော်ဆက်ကော.. "
ချန်ချန်က ပြုံးရန် အတင်းကြိုးစား နေရ၍ ပါးပြင်များ တုန်ရီနေ၏ ။ လကြည့်မျှောိစင်၏ စားဝိုင်းတစ်ဝိုင်းသည် သူ့တစ်လစာ လစာလောက်ရှိပြီး နတ်မူးယစ်စားတော်ဆက်သည်တော့ နှစ်လ သုံးလစာပင် ကုန်ကျနိုင်သည် ။
" ဆက်မပြောပါနဲ့တော့ဆို.. ကျုပ်မှာ အရေးကြီး လုပ်စရာ ရှိသေးတယ်.. "
ချောင်မူက အရက်သောက်ရန် စိတ်မပါ ။
" အဲ့..အဲ့တာဆို ယွင်ယွီဆောင်ကြာမြိုင် ကိုသွားပြီး သီချင်းနားထောင်ရင်ရော.. "
ချန်ချန်က မနည်းစဥ်းစားနေသဖြင့် မျက်ခုံးများ တွန့်ကွေးနေသည် ။
ချောင်မူက ချန်ချန်ကို ခေါင်းမော့ကြည့်လိုက်၏ ။ သူ ခေါင်းမညိတ်မခြင်း ချန်ချန်က စိတ်သက်သာရာ မရနိုင်သည်ကို သူသိလိုက်သည် ။ ဧကရာဇ်အား အပုတ်ချပြီး ထောင်ထဲမှ ပြန်ထွက်လာနိုင်သူသည် ချန်ချန် စော်ကားရန် မတက်နိုင်ပေ ။
" ဒါဆို နတ်ယစ်မူးစားတော်ဆက်ကို သွားရအောင်.. ကျုပ် ချောင်ပိုင်ဖူက သိုင်းကျမ်းတွေကို စိတ်ဝင်စားတာကလွဲလို့ ကျန်တဲ့ ဝါသနာ မရှိဘူး.. ခင်ဗျားမှာ သိုင်းကျမ်းရှိရင် ကျုပ်ကို ခဏငှားပေးလို့ ရပါတယ်.. "