သရဲအသွင် အသက်ဓာတ်စုပ်ယူခြင်းအတတ်
Vol. 9 Ch. 829
မျက်လုံးဖြင့် မမြင်နိုင်သော ဧရာမလက်ကြီးတစ်ချောင်းက ကောင်းကင်ယံကို ဆုတ်ဖြဲလိုက်သည်။ ထို့နောက် သရဲကြီးဘုရင်ကိုယ်တိုင် ပေါ်ထွက်လာပြီး ဒေါသတကြီး အော်ဟစ်သံတစ်သံပါ ပဲ့တင်ထပ်လာတော့သည်။
သူသည် တစ်ယောက်ထဲ ရောက်လာသည် မဟုတ်ပေ။ သူ၏ ဘေးနှစ်ဖက်တွင် နယ်စားကြီး သေမင်းအော်သံ၊ ပိုင်မျိုးနွယ်စုနှင့် ချန်မျိုးနွယ်စုမှ ခေါင်းဆောင်ကြီးနှစ်ယောက်ပါ ရှိနေသည်။ ထိုခေါင်းဆောင်ကြီးနှစ်ယောက်မှာ ပုန်ကန်မှုအပြီးတွင် သရဲကြီးဘုရင်၏ ထိန်းချုပ်မှုအောက်သို့ ငြိမ်ဝပ်ပိပျားစွာ ပြန်လည်ရောက်ရှိသွားခဲ့သည်မှာ အသေအချာပင်။
အနောက်ဘက်တွင် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူခြောက်ယောက်နှင့် ထိုလူများ၏ အနောက်တွင် သာမန် ဝိညာဥ်ကျင့်ကြံသူ ထောင်သောင်းများစွာရှိနေသည်။ ထိုတပ်ဖွဲ့မှာ သရဲကြီးမြို့တော်၏ လျှို့ဝှက်အင်အားစုပင် ဖြစ်သည်။ သရဲကြီးဘုရင်မှာ အင်အား အပြည့်ဖြင့် ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။
သူသည် မကြာသေးမီက သူ၏သမီးကို ခြေရာခံနိုင်ရန် ကြိုးပမ်းခဲ့သည်။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း လူတစ်ယောက်ထဲ ဖြစ်နေသေးသည်မဟုတ်ပါလော။ ထို့ကြောင့် သူ၏ လက်အောက်ငယ်သား အချို့ကိုပါ လာရောက်ပူးပေါင်းရန် အမိန့်ပေးခဲ့သည်။
ဗဟိုဧကရာဇ်မြို့တော်ထဲတွင် ပိုင်ရှောင်ချန်းရှာသွားခဲ့သည့် ပြဿနာများကြောင့် သရဲကြီးဘုရင်မှာ သူ့အား ပို၍ စိတ်ဝင်စားသွားပြီး သူ၏ရှာဖွေမှုကို အရှိန်မြှင့်တင်ခဲ့သည်။ သူတစ်ယောက်ထဲနှင့် ဤကိစ္စကို မကိုင်တွယ်နိုင်မည်စိုးသဖြင့် သူ၏ လက်အောက်ငယ်သား အားလုံးကိုပါ ခေါ်ဆောင်ခဲ့ပြီး သူတို့၏ နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များကိုသုံး၍ သူ၏ စွမ်းအားကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။
သရဲကြီးဘုရင် ရောက်လာသည်နှင့် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏တန်ခိုးများ ထိုနေရာတစ်ခွင် သက်ရောက်သွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေပြင်ရှိ အရာအားလုံး တုန်ရီသွားကြတော့သည်။ ထို့အပြင် အလင်းဖောက်တစ်ဝက်၊ ပိတ်တစ်ဝက်ဖြစ်နေသော အလင်းရောင်ဒိုင်းကာတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး အက်ကွဲစပြုလာသဖြင့် ကြေးမုံပြင်အက်ကွဲသည့် အသံတစ်သံလည်း ပေါ်ထွက်လာသည်။ ထို့နောက် ထိုဒိုင်းကာမှာ ပေါက်ကွဲသွားတော့သည်။
ထိုဒိုင်းကာမှာ အပြင်ဘက်မှ ဆက်သွယ်မှုများနှင့် အနှောင့်အယှက်များကို တားဆီးရန်အတွက် ကုန်းစွန်းဝမ်အာအသုံးပြုခဲ့သည့် အချုပ်အနှောင်နည်းလမ်းတစ်ခုဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူ၏ပုခုံးပေါ်မှ ကြီးမားသော အလေးချိန်တစ်ခု လျော့ကျသွားသည့်အလား ခံစားလိုက်ရတော့သည်။
ပိုင်ရှောင်ချန်းမှာ စိတ်ဓာတ်များ တက်ကြွလာချိန်တွင် ကုန်းစွန်ဝမ်အာ၏ မျက်နှာ အလွန်အမင်းတည်ကြည်သွားတော့သည်။ သို့သော် သူမ၏ မျက်ဝန်းများထဲရှိ လောဘကြီးနေသော အရိပ်အယောင်များမှာ ပျောက်ကွယ်မသွားသေးပေ။ သူမသည် အရသာရှိသော အဆာပြေစားစရာတစ်ခုကို ကြည့်နေသည့်အလား နှုတ်ခမ်းကို လျှာနှင့်ပင် သပ်လိုက်သေးသည်။
" အာ၊ နောက်ဆုံးတော့ လာပြီပေါ့ "
သူမသည် ထူးခြားစွာ တုန်ရီနေသည့် လေသံဖြင့် ဆိုလိုက်သည်။
“ နောက်ဆုံးတော့ ငါးကြီးကြီးတစ်ကောင် မိပြီပဲ " ထို့နောက် သူမသည် သရဲကြီးဘုရင်ရှိရာဘက်သို့ ပြေးသွားတော့သည်။
ကုန်းစွန်းဝမ်အာသည် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို မျက်နှာချင်းဆိုင်၍ တိုက်ခိုက်ရန်အထိ အတင့်ရဲနေသည်ကို ပိုင်ရှောင်ချန်းက ကြည့်၍ မှင်တက်နေတော့သည်။ သူ၏ အတွေးများမှာ ဂယောက်ခြောက်ခြားဖြစ်သွားပြီး မကြာသေးမီကမှ သူ၏ရင်ထဲတွင်ပေါ်ထွက်လာခဲ့သည့် မျှော်လင့်ချက်အသစ်များ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
" ယောက္ခမကြီး၊ သတိထား "
သူကလှမ်းအော်ကာ သတိပေးလိုက်သည်။
" အဲဒီ သတ္တဝါကြီးက တော်တော်ထူးခြားဆန်းကြယ်ပြီး တကယ့်ကို စွမ်းအားကြီးတာ "
သရဲကြီးဘုရင်၏မျက်လုံးများ မှေးသွားပြီး သူ၏စိတ်နှလုံးမှာ အမျက်ဒေါသများဖြင့် တောက်လောင်နေတော့သည်။ သတိလစ်မေ့မျောကာ လဲနေသည့် သူ့သမီးနှင့် သူမ၏အရှေ့တွင် အကာအကွယ်ပေးရန် မတ်တတ်ရပ်နေသည့် ပိုင်ရှောင်ချန်းတို့အား လှမ်းမြင်လိုက်ရသောအခါ သူ၏ဒေါသမှာ ပို၍ကြီးထွားလာတော့သည်။
သို့သော် ယခုတွင် သူသည် အနည်းငယ်မျှ အာရုံထွေပြား၍မရပေ။ သူရောက်ရှိလာချိန်မှစ၍ ကုန်းစွန်းဝမ်အာထံမှ ပေါ်ထွက်နေသည့် စွမ်းအားကြီး အခိုးအငွေ့များနှင့် သူ့ကိုပင်ကြောက်စိတ်များ ဝင်စေနိုင်လောက်သည်အထိစွမ်းသော အငွေ့အသက်တစ်ခုကို အာရုံခံမိခဲ့သည်။
" မင်းက တန်ခိုးရှင်တစ်ယောက်ရဲ့ ဝိညာဥ်ကိုယ်ပွားပဲဖြစ်ရမယ်။ အေး၊ မင်းက ဒီကောင်းကင်နဲ့ ကမ္ဘာမြေကြီးကနေ ရောက်လာတာဖြစ်ဖြစ်၊ ဒီကမ္ဘာကြီးရဲ့အလွန် အခြားတစ်နေရာကနေ ရောက်လာတာပဲ ဖြစ်ဖြစ် ဒီမှာ မင်းထင်တိုင်းကျဲခွင့် မရှိဘူးကွ "
သရဲကြီးဘုရင်က ထိုသို့ပြောဆိုနေစဥ် သူ၏စကားလုံးများမှာ မှော်သင်္ကေတတစ်လုံးအသွင် ပြောင်းလဲသွားပြီး ပြင်းထန်ကျယ်လောင်သော ထစ်ချုန်းသံများနှင့်အတူ ကုန်းစွန်းဝမ်အာဆီသို့ ပြေးဝင်သွားတော့သည်။
တချိန်ထဲမှာပင် သရဲကြီးဘုရင်သည် ရှေ့သို့လှမ်းလိုက်ပြီး ညာလက်ကိုဆန့်ထုတ်လိုက်သောအခါ ကောင်းကင်နှင့် ကမ္ဘာမြေပြင် မည်းမှောင်သွားတော့သည်။ ဧရာမ သရဲလက်ကြီးတစ်ချောင်းက ဖျက်ဆီးနိုင်စွမ်းအပြည့်ဖြင့် ကောင်းကင်ယံမှ ကျဆင်းလာပြီး ကုန်းစွန်းဝမ်အာဆီသို့ ဦးတည်သွားကာ တပြိုက်နက်ထဲမှာပင် ထိုနေရာတစ်လုံးကို ပိတ်လှောင်လိုက်တော့သည်။
ဤစွမ်းအားမှာ နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ထက်များစွာသာလွန်ပြီး ဖြစ်တည်မှုတိုင်းကို အပြင်းအထန် တုန်ရီသွားစေနိုင်သည်။ နတ်အဆင့် ကျင့်ကြံသူများသည် သူတို့၏ စိတ်ဆန္ဒများကို ကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲသို့ ထည့်သွင်းကာ ကောင်းကင်၏ စိတ်ဆန္ဒ နေရာသို့ ဝင်ရောက်နိုင်သည်။ သို့သော် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများမှာ ကောင်းကင်၏ စိတ်ဆန္ဒကို ကျော်လွှားနိုင်ပြီး သူတို့၏ လိုအင်ဆန္ဒအတိုင်း လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ သူတို့သည် နေမင်းနှင့် လမင်းတို့၏ နေရာကိုပင် အစားထိုးနိုင်ပြီး သူတို့၏ကိုယ်ပိုင် ဖန်တီးမှုပုံစံအသစ်များကို ဖန်ဆင်းနိုင်စွမ်းရှိကြသည်။
နတ်အဆင့်ကျင့်ကြံသူများကိုပင် ဖျက်ဆီးနိုင်လောက်သည့် စွမ်းအားများဖြင့် ပြည့်နှက်နေသည့် လျှပ်စီးတန်း ဒါဇင်ပေါင်းများစွာ ပေါ်ထွက်လာသဖြင့် ရှိသမျှလူတိုင်း၏ နားထဲတွင် ပြင်းထန်ကျယ်လောင်သော ထစ်ချန်းသံများ မခံမရပ်နိုင်လောက်အောင် မြည်ဟည်းနေကြတော့သည်။ ထို့နောက် ထိုလျှပ်စီးတန်းများမှာ ကုန်းစွန်းဝမ်အာဆီသို့ ဦးတည်သွားကြတော့သည်။
ထူးဆန်းစွာပင် ကုန်းစွန်းဝမ်အာမှာ ရှောင်တိမ်းရန် မကြိုးစားပေ။ သူမသည် ထိုကောင်းကင် လျှပ်စီးတန်းများ၏ ပစ်ခတ်ခြင်းကိုခံလိုက်ပြီး ဧရာမ သရဲလက်ကြီးကိုလည်း သူမအပေါ်သို့ ကျဆင်းခွင့်ပေးလိုက်လေသည်။
သူမ၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော အစိတ်အပိုင်းများစွာအဖြစ် ကြေမွသွားသဖြင့် အုန်းခနဲအသံတစ်သံ မြည်ဟည်းသွားသည်။
ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားရသည်။ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်ပုံကို သူမြင်ဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်မဟုတ်သော်လည်း သူကြုံတွေ့ဖူးခဲ့သမျှအရာတိုင်းထက် များစွာ သာလွန်နေသည်။
နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများဆိုသည်မှာ ဝှက်ဖဲအဆင့်ပင်မရှိသော တိုက်ကွက်တစ်ကွက်ထဲနှင့် နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ကို သုတ်သင်ပစ်နိုင်သူများ ဖြစ်သည်။
သို့သော်လည်း ဤကိစ္စရပ်မှာ ထိုမျှ ရိုးရှင်းနေမည်မဟုတ်ဟု ပိုင်ရှောင်ချန်း ခံစားနေရသည်။ ကုန်းစွန်းဝမ်အာ အလွယ်တကူ သုတ်သင်ခံလိုက်ရသည်ဆိုသောအချက်မှာ လုံးဝ အဓိပ္ပါယ် မရှိပေ။
သူက ထိုသို့ တွေးတောနေစဥ်တွင်ပင် သရဲကြီးဘုရင်၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူ၏မျက်ဝန်းများမှာ တောက်ပလာတော့သည်။ ထိုအချိန်တွင် သရဲကြီးလက်ထဲတွင် အနီရောင်ကြွက်သားမျှင်များနှင့်တူသော အရာများ ကြီးထွားလာသည်ကို မြင်နေရပြီဖြစ်သည်။
ထိုကြွက်သားများမှာ လက်အတွင်း ကြီးထွားနေသည့်ပုံစံပေါ်နေပါသော်လည်း ၎င်းတို့ တွန့်လိမ်သွားသောအခါတွင် ထိုသရဲလက်တစ်ချောင်းလုံးမှာ ခြောက်ကပ်စပြုလာတော့သည်။
" အတင့်ရဲလှပါလား "
သရဲကြီးဘုရင်က အော်ပြောလိုက်သည်။ ထို့နောက် သူသည် မန္တန်လက်ကွက်တစ်ခု ဖော်၍ လက်ညှိုးထိုးလိုက်သောအခါ သရဲလက်ကြီးမှာ ပေါက်ကွဲသွားသည်။ ထိုပေါက်ကွဲမှု၏ တုန်ခါမှုလှိုင်း ပျံ့နှံ့သွားသောအခါတွင် တခစ်ခစ်ရယ်မောသံများနှင့်အတူ ပိုင်ရှောင်ချန်းပုံစံ ဟန်ဆောင်ထားသည့် ကုန်းစွန်းဝမ်အာမှာ ဒဏ်ရာ အနည်းငယ်လေးပင် မရဘဲ ပြန်လည်ထွက်ပေါ်လာတော့သည်။
သူမသည်ဒဏ်ရာမရရှိရုံတင်သာမကပဲ သန်သန်မာမာ ရှိနေသည့် ပုံစံပင်ပေါ်နေသေးသည်။ ထို့အပြင် သူမ၏မျက်ဝန်းထဲရှိ လောဘများဖုံးလွှမ်းနေသည့် အလင်းရောင်မှာ ကျန်ရှိနေဆဲပင်။ သူမသည် နှုတ်ခမ်းကို လျှာဖြင့် လျက်၍ ရေရွတ်လိုက်သည်။
" နောက်ဆုံးတော့.... ငါနည်းနည်း ဗိုက်ဝသွားပြီ... "
သရဲကြီးဘုရင်၏နှလုံးခုန်သံများ မြန်ဆန်လာပြီး သူ၏မျက်နှာအမူအရာ အနည်းငယ်ပျက်နေပြီဖြစ်သည်။ သူ၏ မျက်ဝန်းထဲတွင် အကြောက်တရားများကို မြင်နေရသည်မှာ ယခုသည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ရုတ်တရက် သူသည် အဖြစ်အပျက်အားလုံးကို ရိပ်စားမိသွားသဖြင့် ဖြည်းညင်းစွာ မေးလိုက်တော့သည်။
" အဲဒါ သရဲအသွင် အသက်ဓာတ်စုပ်ယူခြင်းအတတ် ပဲ။ မင်း ဘယ်သူလဲ "
ကုန်းစွန်းဝမ်အာမှာ သူ၏စကားကြောင့် အံ့အားသင့်သွားဟန် တူသည်။ သူမသည် သူ့ကိုအသေးစိတ်အကဲခတ်လိုက်ပြီး သူမ၏မျက်ဝန်းများမှာ တစ်ခဏမျှ နက်မှောင်သွားသည်။ ထို့နောက် ထိုအမှောင်ထုကြီး ပျောက်ကွယ်သွားပြီး သူမက ပြုံးလိုက်တော့သည်။
" ေဩာ်၊ မင်းလည်း သရဲအသွင် အသက်ဓာတ်စုပ်ယူခြင်းအတတ်ရဲ့ ပြီးပြည့်စုံမှုမရှိတဲ့ အပိုင်းတစ်ပိုင်းကို ကျင့်ကြံထားတာပါလား။ စိတ်ဝင်စားစရာပဲ...ဟီး။ ငါ့ရဲ့ သရုပ်မှန်အစစ်ဆီမှာ ငါကိုယ်တိုင်တောင် မသိသေးတဲ့ လျှို့ဝှက်ချက်တွေများ ရှိနေမလားမသိဘူး "
သူမသည် ရယ်မောလိုက်ပြီး သူမ၏မျက်ဝန်းထဲရှိ လောဘအရိပ်အယောင်များမှာ ပို၍ ကြီးထွားလာတော့သည်။
သရဲကြီးဘုရင်မှာ အမူအရာပျက်လာပြီး အသက်ရှူသံများပင် မူမမှန်တော့ပေ။ ကုန်းစွန်းဝမ်အာ ပြောလိုက်သောစကားများမှာ အလွန်အမင်း တုန်လှုပ်ဖွယ်ရာ ကောင်းနေသည်။ အမှန်တွင် သူကျင့်ကြံထားသည့် သရဲကြီး မန္တန်ကို သူ၏ဘိုးဘေးများမှနေ၍ မျိုးဆက်အလိုက် နှုတ်ဖြင့် လက်ဆင့်ကမ်းလာခဲ့သည်။ သရဲကြီး မန္တန်ကို ပထမမျိုးဆက် သရဲကြီးဘုရင်သည် ကောင်းကင်ဘုံအလွန်မှ ကျဆင်းလာသည့် ပြီးပြည့်စုံမှုမရှိသော ရှေးဟောင်းမှတ်တမ်းများကို ရှာဖွေတွေ့ရှိခဲ့ချိန်တွင် ဖန်တီးခဲ့သည် ဟူသော အမှန်တရားကို သရဲကြီးဘုရင်မှတစ်ပါး အခြားမည်သူမှ မသိပေ။
ထိုသို့ ပြီးပြည့်စုံမှု မရှိသဖြင့် ၎င်း မန္တန်တွင် အလွန်အန္တရာယ်ကြီးမားသော အပြစ်အနာအဆာတစ်ခု ပါဝင်နေရခြင်းလည်းဖြစ်သည်။ တချိန်ထဲမှာပင် သရဲကြီး မန္တန်သည် အလွန်စွမ်းအားကြီးလွန်းလှသည့်အတွက် ဗဟိုဧကရာဇ်မင်းဆက်အတွင်း သရဲကြီးဘုရင်ဟုအမည်ရသော မျိုးဆက်သစ်များကို မွေးဖွားလာစေခဲ့သည်။
" ငါလား " ကုန်းစွန်းဝမ်အာက ဆက်ပြောလိုက်သည်။
" ရှင်းပါတယ်ကွ။ ငါက ပိုင်ရှောင်ချန်းလေ "
ထို့နောက် သူမသည် တခစ်ခစ် ရယ်မောရင်း လှစ်ခနဲလှုပ်ရှားလိုက်ပြီး သရဲကြီးဘုရင်ဆီသို့ ဦးတည်လာတော့သည်။
သူတို့နှစ်ယောက် အပြန်အလှန်ပြောဆိုခဲ့ကြသည့် စကားလုံးများမှာ ထိုနေရာတစ်ဝိုက်ရှိ သရဲကြီးဘုရင်၏ လက်အောက်ငယ်သားများအတွက် နားလည်ရန် ခက်ခဲနေပါသော်လည်း အလွန်ကြီးမားသော လျှို့ဝှက်ချက်ကြီးတစ်ခု ပါဝင်နေကြောင်းကို သူတို့က ရိပ်မိလေသည်။
ထို့အပြင် ကုန်းစွန်းဝမ်အာသည် ထိုမျှ စွမ်းအားကြီးမားနေသည့်အချက်ကြောင့် သူတို့အားလုံး အံ့အားသင့်နေရတော့သည်။
သို့သော် ပိုင်ရှောင်ချန်းမှာ ရူးသွပ်လုမတတ်ဖြစ်နေပြီး သူ၏ခံစားချက်များကို အနည်းငယ်မျှပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့လောက်အောင် ဖြစ်နေရသည်။ မကြာသေးမီက သူတို့ပြောခဲ့သော စကားများကို သူ အပြည့်အဝနားမလည်ပါသော်လည်း ထိုကလေးမလေးမှာ မြေခဓားကမ္ဘာချောက်မှ လာခဲ့သည်ဖြစ်ပြီး ထိုဓားမှာ ကောင်းကင်ဘုံအလွန်မှ ကျဆင်းလာခြင်းဖြစ်ကြောင်းကို သူကသိထားသည်။
" သူက ကောင်းကင်ဘုံအလွန်ကပဲ။ ပြီးတော့ သူ့သရုပ်အမှန်လို့ ပြောလိုက်သလားလို့ " ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားပြီး နှလုံးခုန်နှုန်းများ မြန်ဆန်လာတော့သည်။ ယခုတွင် ထိုကလေးမလေးမှာ ကောင်းကင်ဘုံအလွန်မှ ရောက်လာခြင်းဖြစ်ကြောင်း သူ အပြည့်အဝယုံကြည်သွားပြီဖြစ်သည်။ ထို့အပြင် သူမသည် မပြည့်စုံသေးဘဲ တန်ခိုးရှင်တစ်ဦး၏ ဝိညာဥ်ကိုယ်ပွားတစ်ခု ဖြစ်နေသည်။
ထိုအချင်းအရာမှာ တွေးမိရုံနှင့်ပင် တုန်လှုပ်ဖွယ်ကောင်းလှသည်။ ထို့အပြင် ထိုအချက်ကြောင့် အစောပိုင်းက ကုန်းစွန်းဝမ်အာသည် သူနှင့် သခင်မလေးဟုန်ချိန်တို့နှစ်ယောက်စလုံးကို ရင်ဆိုင်ရန်အတွက် စွမ်းအင်အပြည့်အဝ အသုံးမချခဲ့သည့် အချက်ကို ဖြေရှင်းပြီးသား ဖြစ်သွားတော့သည်။ သူမက မျှားခေါ်ေနခဲ့ခြင်းသာ ဖြစ်သည်။
ထိုအတွေးစကလေးကြောင့်ပင် သူ့တစ်ကိုယ်လုံး ကြောက်စိတ်များဖုံးလွှမ်းကာ တုန်ရီသွားရပြီး ကောင်းကင်ကိုမော့ကြည့်ကာ ၎င်း၏အလွန်တွင် မည်သည့်အရာများရှိနေမည်နည်းဟု တွေးတောနေတော့သည်။ ထိုအချိန်တွင် သရဲကြီးဘုရင်သည် သူ၏လက်များကို ရှေ့တွင် အပြင်းအထန် ဝှေ့ယမ်းလိုက်လေသည်။
" မင်းတို့အားလုံး ဒီနေရာကနေ ထွက်သွားကြ။ ခပ်ဝေးဝေးမှာပဲနေ " လေပြင်းတစ်ချက်တိုက်ခတ်လာပြီး ပိုင်ရှောင်ချန်းအပါအဝင် သရဲကြီးဘုရင်၏ လက်အောက်ငယ်သားများအားလုံးကို အဝေးသို့ တွန်းထုတ်လိုက်တော့သည်။
ထိုအချိန်တွင် သရဲကြီးဘုရင်၏အမူအရာမှာ ယခင်အချိန်များနှင့် မတူလောက်အောင် အလွန်အမင်းတည်ကြည်နေပြီဖြစ်သည်။ သူသည် ညာခြေထောက်ကို မြှောက်၍ ဆောင့်ချလိုက်သောအခါ ပြင်းထန်ကျယ်လောင်သော အုန်းခနဲအသံကြီးတစ်သံ ပဲ့တင်ထွက်လာသည်။ တချိန်ထဲမှာပင် သူ အရွယ်အစားကြီးမားလာတော့သည်။ တစ်ခဏလေးအတွင်း သူသည် သာမန်လူတစ်ယောက်အရွယ်အစားမှ မီတာသုံးဆယ်အထိ မြင့်မားသွားသည်။ ထို့နောက် မီတာသုံးရာ၊ ထို့နောက် မီတာသုံးထောင်၊ အဆုံးတွင် မီတာ တစ်သောင်းငါးထောင်တိတိ မြင့်မားသွားတော့သည်။
ဧရာမ ဘီလူးကြီး တစ်ကောင်ဖြစ်သွားရုံသာမက သူ၏ပတ်ပတ်လည်တွင် လေပွေတစ်ခုပေါ်ထွက်လာပြီး ထိုနေရာတစ်ဝိုက်ရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီးထံမှ စွမ်းအင်များကို စုပ်ယူနေတော့သည်။
ထို့အပြင် သူ၏အရေပြားက အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး ဧရာမအစွယ်ကြီးများထွက်လာကာ သူ၏နဖူးမှလည်း ကွေးညွှတ်နေသည့် ဦးချိုနှစ်ချောင်း ထွက်လာတော့သည်။ ယခုတွင် သူသည် သူ၏အမည်ခံယူထားသော မြို့တော်ထဲရှိ ရုပ်ထုကြီးနှင့် တစ်ပုံစံထဲ ဖြစ်နေပြီဖြစ်သည်။ သူကား သရဲကြီးတစ်ကောင်နှင့် တူနေပြီဖြစ်သည်။
သူ့ကို ဝန်းရံနေသည့် ကြီးမားသောစွမ်းအင်ကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေပြင်ရှိ အရာအားလုံး တုန်ရီနေသည်။ သူ၏ခန္ဓာကိုယ်အပေါ်ယံတွင် လျှပ်စီးများ တဖျပ်ဖျပ်လက်နေသည်။ ကြောက်မက်ဖွယ် အကောင်းဆုံးသောအရာမှာကား စွမ်းအားအမြင့်ဆုံးအထိ ရောက်ရှိသွားသောအခါတွင် သူသည် သူနေထိုင်ရာကမ္ဘာကြီး၏ ကန့်သတ်ချက် အမှတ်အသားအထိ ရောက်ရှိသွားသည့်အလား ဖြစ်နေသည့် အချက်ပင်ဖြစ်သည်။
အံ့အားသင့်စရာကောင်းလောက်အောင် မရေမတွက်နိုင်သော မှော်အချုပ်အနှောင် သင်္ကေတများ ကောင်းကင်ယံတွင် ပေါ်ထွက်လာပြီး ပိုက်ကွန်တစ်ခုအသွင် ပြောင်းလဲသွားသည်။ ထိုသင်္ကေတများမှာ သွေးရောင်ကဲ့သို့ နီမြန်းနေပြီး အလွန်ကြီးမားကာ ရှေးကျသော စိတ်ဆန္ဒများ ပါဝင်နေဟန်တူသည်။
၎င်းတို့မှာ ကမ္ဘာကြီး၏ အစောင့်အရှောက်များ ဖြစ်နေသည့် အလား။
ထိုသင်္ကေတများသာ ရှိနေပါက ဤကမ္ဘာကြီးက အစဥ်အမြဲ တည်တံ့နေပေလိမ့်မည်။