← Chapters

သူက ပိုင်ရှောင်ချန်း မဟုတ်ဘူး

Vol. 9 Ch. 830

သူက ပိုင်ရှောင်ချန်း မဟုတ်ဘူး

Vol. 9 Ch. 830

ထို ဧရာမ အချုပ်အနှောင် မန္တန်ကြီး အထက်ကောင်းကင်ယံတွင် ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် သရဲကြီးဘုရင်သည် အော်ဟစ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအင်အားလုံးကို ဝှက်ဖဲတစ်ချပ်အသွင် ထုတ်လွှတ်လိုက်တော့သည်။

" သရဲကြီး ကမ္ဘာမြေအဆုံးသတ်ခြင်း "

သူသည် သူ၏ဧရာမလက်နှစ်ဖက်စလုံးကို လေပေါ်သို့မြှောက်လိုက်သောအခါ အနက်ရောင် နေမင်းတစ်စင်းပေါ်ထွက်လာတော့သည်။

ထိုနေလုံးကြီးထဲတွင် ကောင်းကင်နှင့် ကမ္ဘာမြေပြင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသည်။ နတ်တစ်ပါးဖြစ်စေ၊ နတ်ဘုရားတစ်ပိုင်းဖြစ်စေ ထိုနေလုံးကြီးကိုမြင်လိုက်ရသူတိုင်း သူတို့၏ ဝိညာဥ်များထဲအထိ တုန်လှုပ်သွားကြမည်သာ ဖြစ်သည်။

သရဲကြီးဘုရင်သည် အရာအားလုံးကို စွန့်စားနေပြီး ထိုတိုက်ကွက်ကြောင့် သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးတွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို လုံးဝ လျစ်လျူရှုထားသည်။ ဤထူးခြားဆန်းကြယ်သောပြိုင်ဘက်ကို သူ မနှိမ်နင်းနိုင်ပါက အကျိုးဆက်များမှာ သူ၏ ဝှက်ဖဲတိုက်ကွက်ကြောင့် ဤကမ္ဘာကြီး ဖျက်ဆီးသွားနိုင်သည့် ဖြစ်နိုင်ချေထက်ပင် ပို၍ပြင်းထန်ဆိုးရွားနေမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ အလွန်အမင်း အံ့အားသင့်နေသဖြင့် ပါးစပ်ပင် မဖွင့်နိုင်တော့ပေ။ သရဲကြီးဘုရင်၏ ရင်သပ်ရှုမောဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည်မှာ ဖော်ပြ၍မရနိုင်လောက်အောင်ဖြစ်နေပြီး သူ့ထံမှပေါ်ထွက်နေသည့် အငွေ့အသက်ထဲတွင် ဒေါသများပါဝင်နေကြောင်း ပိုင်ရှောင်ချန်းက အာရုံခံမိလေသည်။ အနက်ရောင် နေလုံးကြီးကိုမူ ဖော်ပြနေရန်ပင် မလိုတော့ပေ။

ထိုနေလုံးကို ပိုင်ရှောင်ချန်း ကြည့်မိလိုက်သောအခါ ပူဆွေးသောကများ၊ သေခြင်းတရားများနှင့် ပြည့်ဝကာ လောင်ကျွမ်းမည်းပြာနေသည့် အဆုံးမရှိသော မြေပြင်များကို မြင်လိုက်ရသည်။

ထိုနေလုံးကြီးသား မြေပြင်ပေါ်သို့ ကျဆင်းလာပါက မည်သို့ဆက်ဖြစ်မည်ကို သူသေချာမသိနိုင်ပါသော်လည်း မြေရိုင်းဒေသ၏ ကြီးမားသောအစိတ်အပိုင်းတစ်ခု အပြီးတိုင်ပျက်စီးသွားမည်ဖြစ်ကြောင်း သိသည်။

" ဘယ်၊ ဘယ်လိုတောင် ဒီလိုတွေ ဖြစ်နေရတာလဲ " သူသည် ဖြူဆုတ်နေသည့်မျက်နှာဖြင့် တွေးနေတော့သည်။ သရဲကြီးဘုရင်၏ အလွန်အံ့အားသင့်ဖွယ်ကောင်းသော ရွေးချယ်မှုကြောင့် သူ မှင်တက်နေပြီး နှလုံးခုန်နှုန်းများမြန်လာကာ သတင်းတစ်ခု လှမ်းပို့လိုက်သည်။

" အရှင်မင်းမြတ်ခင်ဗျား။ သူပေါက်ကွဲပြီဆိုရင် သတိထားနော်။ ပေါက်ကွဲသွားရင် သူက အသက်ဓာတ်တွေစုပ်ယူတဲ့ သွေးအရိပ်တစ်ခုအသွင် ပြောင်းလဲသွားတာ "

သရဲကြီးဘုရင်သည် ထိုစကားများကို ကြားလိုက်သည့် အရိပ်အယောင်မပေါ်သော်လည်း သူ၏မျက်ဝန်းများမှာ အနည်းငယ်မျှ အရောင်လက်သွားသည်။

ကုန်းစွန်းဝမ်အာပင် ပင့်သက်ရှိုက်သွားပြီး သူမ၏မျက်နှာပေါ်တွင် အလွန်တည်ကြည်သော အမူအရာတစ်ခု ပေါ်ထွက်လာတော့သည်။

" နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုတော့ ဒီလောက်က မဆန်းပါဘူး။ တစ်ခဏလေးနဲ့ ငါ့ရဲ့ တစ်ခုထဲသော အားနည်းချက်ကိုရှာတွေ့သွားတာပဲ "

သူမ၏မျက်ဝန်းများမှာ တုန်လှုပ်မှုကြောင့် အရွယ်အစားသေးငယ်သွားပါသော်လည်း ယခင်ကရှိနေသည့် လောဘဖုံးနေသည့် အရိပ်အယောင်ကိုမူ မြင်နေရဆဲပင်။ သူမသည် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ပြီး လေပေါ်သို့ခုန်တက်၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ သူမ၏ လက်ဝါးထဲတွင် လည်ပတ်နေသည့် အနက်ရောင်လေပွေတစ်ခု ပေါ်ထွက်လာသည်။

" ငါက မပျက်စီးနိုင်တဲ့ ဝိညာဥ်ကွ။ ဘယ်သူမှ ငါ့ကိုမသတ်နိုင်ဘူး။ နတ်ဘုရားစွမ်းရည်တွေနဲ့ သက်ရှိတွေအားလုံးဆိုတာ ငါ့အတွက်တော့ အစားအစာထက် မပိုဘူး။ ငါက တိုက်ပွဲတစ်ခုပြီးတိုင်း ပိုပြီးသန်မာလာတာ။ ငါ့ကိုသတ်ဖို့ တစ်ခုထဲသော နည်းလမ်းက ငါပေါက်ကွဲသွားစေနိုင်လောက်တဲ့အထိများပြားတဲ့ စွမ်းအင်ပမာဏကို ငါစုပ်ယူမိအောင် လုပ်မှပဲ ရမှာ။ ကောင်းပြီလေ၊ ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့။ ငါ့အားနည်းချက်ကိုသိပြီး ငါ့ကိုသတ်နိုင်မလား၊ ဒါမှမဟုတ် ငါ့ရဲ့ အဲဒီအားနည်းချက်ကြီးကို ပျောက်ပျက်သွားအောင် ကူညီပေးနိုင်မလားဆိုတာ "

သူမ၏ မျက်နှာပေါ်တွင် ကောက်ကျစ်ဉာဏ်များသော အပြုံးတစ်စပေါ်လာပြီး သူမသည် ရှေ့သို့ပျံသန်းကာ အနက်ရောင်နေလုံးကြီးကို တည့်မတ်စွာဝင်တိုက်လိုက်တော့သည်။

သူမနှင့် ထိုနေလုံးကြီးတို့ ထိတွေ့သွားသောအခါတွင် အနက်ရောင်နေလုံးကြီးထံမှ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများသည် သူမ၏ လက်ဖဝါးထဲရှိ အနက်ရောင်လေပွေထဲသို့ စုပ်ယူခံလိုက်ရတော့သည်။

ထိုအခါ ကုန်းစွန်းဝမ်အာမှာ တုန်ရီသွားပြီး

နောက်ဘက်သို့ အဆက်အပြတ် တွန်းထုတ်ခံလိုက်ရသည်။ သို့သော်လည်း သူမသည် ထိုအဖျက်စွမ်းအားကို စုပ်ယူနေဆဲဖြစ်ပြီး သူမ၏ မျက်ဝန်းများမှာလည်း ထူးခြားဆန်းပြားသော အလင်းရောင်များဖြင့် တောက်ပနေတော့သည်။

သရဲကြီးဘုရင်သည် ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူ၏ အမူအရာ ပြောင်းလဲသွားသည်။ သို့သော်လည်း သူ၏မျက်ဝန်းထဲတွင် အေးစက်စက်အပြုံးတစ်စ ပေါ်ထွက်လာပြီး လက်နှစ်ဖက်စလုံးကို သူ၏ရှေ့တွင် ဝှေ့ယမ်းလိုက်တော့သည်။

" မင်းက ဒီလောက်ကြိုက်နေမှတော့ မင်းစိတ်ကြိုက် စုပ်ယူနိုင်ဖို့ ငါက ကူညီပေးရတာပေါ့ "

ထိုသို့ဆိုကာ သူသည် အနက်ရောင်နေလုံးကြီးကို သူမထံသို့တွန်းလိုက်တော့သည်။ တချိန်ထဲမှာပင် သူ၏ခန္ဓာကိုယ်ထဲမှ အနက်ရောင်မီးခိုးများ ထွက်လာပြီး နေလုံးကြီးထဲသို့ ပေါင်းစည်းသွားကာ ၎င်းအား စွမ်းအားများထပ်မံ ပေးစွမ်းနေသည်။

ထိုဖြစ်စဥ်ကြောင့် သရဲကြီးဘုရင်၏ အရွယ်အစားမှာ ကျုံ့သွားသည်။ သို့သော် နေလုံးကြီးကို ပို၍ စွမ်းအားကြီးအောင် ပြုလုပ်လိုသော သူ၏ဆန္ဒမှာ ပြည့်ဝသွားသည်။ ပြင်းထန်ကျယ်လောင်သော တဂျုန်းဂျုန်း မြည်ဟည်းသံများ ပျံ့နှံ့ထွက်ပေါ်လာသဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့မှာ မည်းမှောင်သွားပြီး လေပြင်းတစ်ချက် တိုက်ခတ်လာ၏။ ထိုနေရာတစ်ဝိုက်ရှိ တိုက်ပွဲကိုကြည့်ရှုနေကြသူအားလုံးမှာ ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေသည့် ဖြူဆုတ်နေသောမျက်နှာများဖြင့် နောက်သို့ဆုတ်ခွာသွားကြသည်။

အဝေးမှကြည့်လျှင် သရဲကြီးဘုရင်မှာ အရွယ်အစား ပို၍ သေးငယ်သွားပြီး အနက်ရောင်နေလုံးကြီးမှာ ပို၍ ကြီးမားလာသည်ကို မြင်နိုင်သည်။ မျက်စိတစ်မှိတ်အတွင်း ထိုနေလုံးကြီး၏ အချင်းမှာ မီတာထောင်နှင့်ချီ၍ ရှိသွားပြီး သရဲကြီးဘုရင်မှာ သာမန်လူတစ်ယောက်၏ အရွယ်အစားခန့် ပြန်ဖြစ်သွားကာ နေလုံးကြီးကို ကုန်းစွန်းဝမ်အာဆီသို့ တွန်းနေတော့သည်။

ကုန်းစွန်းဝမ်အာ၏ ပါးစပ်မှ အော်ဟစ်သံတစ်သံ လွှတ်ခနဲ ထွက်လာသည်။ အဖျက်စွမ်းအားများစွာ စုပြုံဝင်ရောက်လာမှုကြောင့် သူမ၏ခန္ဓာကိုယ်မှာ ဖောင်းကားနေပြီး သူမကိုယ်သူမ ထိန်းချုပ်နိုင်ရန် ရုန်းကန်နေစဥ် ပိုင်ရှောင်ချန်း၏ ပုံပန်းသွင်ပြင်ကို မထိန်းထားနိုင်တော့ပေ။

သူမ၏မျက်နှာပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီးနောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူမခန္ဓာကိုယ်၏ အပေါ်ယံမှာ မှန်တစ်ချပ်အလား အစိတ်စိတ်အမြွှာမြွှာ ကြေမွကွဲအက်သွားတော့သည်။

ထိုအပိုင်းအစများ ကွာကျသွားသောအခါ ပိုင်ရှောင်ချန်း၏ မျက်နှာမှာ ပျောက်ကွယ်သွားပြီး သူမသည် အမျိုးသားတစ်ဦးမဟုတ်ပဲ ချောမောလှပသော မိန်းမပျိုတစ်ဦးဖြစ်နေကြောင်း ပေါ်ထွက်လာတော့သည်။

သူမ၏အသားရေမှာ ချောမွေ့ဖြူဆွတ်နေပြီး သူမ၏မျက်ဝန်းထဲတွင် စူးရှသော အလင်းတစ်ခုက နေရာယူထားသည်။ အနီးကပ် သေသေချာချာ ကြည့်ရှုလိုက်ပါက သူမ၏ မျက်ဆံများအတွင်းမှာ အရွယ်အစားသေးငယ်သော ဒုတိယမျက်ဆံတစ်စုံ ရှိနေသည်ကို မြင်ရမည်ဖြစ်သည်။

ဘေးပတ်ပတ်လည်ရှိ ကြည့်ရှုနေကြသူအားလုံးမှာ တအံ့တသြဖြစ်ကာ မှင်တက်သွားကြသည်။

" သူက ပိုင်ရှောင်ချန်း မဟုတ်ပါလား "

" ဘယ်သူတုံးဟ "

ယခုတွင် သခင်မလေးဟုန်ချိန်မှာ သတိပြန်ရလာပြီဖြစ်ပြီး ကုန်းစွန်းဝမ်အာ၏ ထူးခြားဆန်းကြယ်သော အချင်းအရာကြောင့် သူမ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ဖုံးလွှမ်းနေသည်။

သူ မဟုတ်ကြောင်းကို လူတိုင်းက သိသွားပြီဖြစ်သဖြင့် ပိုင်ရှောင်ချန်းသည် စိုးရိမ်တကြီးနှင့် ကုန်းစွန်းဝမ်အာကို မော့ကြည့်လိုက်သည်။

အနက်ရောင် နေလုံးကြီးမှာ လျင်မြန်စွာ အရွယ်အစား သေးငယ်သွားသဖြင့် ပြင်းထန်ကျယ်လောင်သော ထစ်ချုန်းသံများ ပဲ့တင်ထွက်လာတော့သည်။ သရဲကြီးဘုရင်သည် နေလုံးကြီး၏ အဖျက်စွမ်းအားများ အားလုံး၏ ဆုံချက်ကို ကုန်းစွန်းဝမ်အာအပေါ်သို့ ကျရောက်စေရန် ပြုလုပ်နေပြီး သူမ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အတင်းအကြပ် စုပ်ယူခိုင်းနေတော့သည်။

ခဏအကြာတွင် နေလုံးကြီး၏အချင်းမှာ မီတာ သုံးထောင့်ကိုးရာမျှသာ ရှိတော့ပြီး ဘောလုံးတစ်လုံးကဲ့သို့ ဖောင်းကားနေပြီဖြစ်သော ကုန်းစွန်းဝမ်အာမှာ အပြင်းအထန် တုန်ရီနေပြီဖြစ်သည်။ သူမ၏ မျက်နှာ၊လည်ပင်းနှင့် ခန္ဓာကိုယ်တို့ပေါ်တွင် အက်ကွဲကြောင်းများ ထပ်ပေါ်လာပြီး သူမသည် အက်ကွဲနေသည့် မှန်တစ်ချပ်အလား ထပ်မံ ကြေမွသွားပြန်သည်။ တစ်ခဏအကြာတွင် သူမသည် စူးရှကျယ်လောင်စွာ မြည်တမ်း၍ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတော့သည်။

ယခုအကြိမ်တွင် ထိုအစိတ်အပိုင်းများ လွင့်စင်သွားသောအခါ အခြားအရာတစ်ခု ပေါ်ထွက်လာသည်။ သွေးမရှိတော့သည့်အလား ဖြူဆုတ်နေသော မျက်နှာတစ်ခုကိုပိုင်ဆိုင်ထားသည့် အနီရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် ကလေးမလေးတစ်ယောက်ပင် ဖြစ်သည်။

ထိုကလေးမလေး ပေါ်လာသည်နှင့် တစ်ကမ္ဘာလုံးမှာ ပို၍အေးစက်သွားသည့်အလား။ ထို့အပြင် နေရာတိုင်းတွင်ရေခဲများပေါ်ထွက်လာပြီး ခံစား၍မရနိုင်လောက်အောင် အေးစက်သွားသဖြင့် လူအုပ်ထဲရှိ လူတိုင်းမှာ တဆတ်ဆတ် တုန်ရီသွားကြသည်။

" သူ့မှာ နောက်ထပ် ခန္ဓာကိုယ်တစ်ခု ရှိသေးတာပဲ "

" သူကဘယ်သူတုံး "

ပိုင်ရှောင်ချန်းသည် သူ၏ ဦးရေခွံကို အပ်ချောင်းများဖြင့် ထိုးခံနေရသည့်အလား ခံစားလိုက်ရပြီး မှင်တက်သွားတော့သည်။ မြေခဓားချောက်နက်ထဲတွင် သူပထမဆုံး မြင်တွေ့ဖူးခဲ့သည့် အနှီကလေးမလေးကို သူ လုံးဝ မေ့နိုင်မည်မဟုတ်ပေ။

ထိုအချိန်တွင် သရဲကြီးဘုရင်၏ မျက်ဝန်းများမှာ အရောင်လက်သွားပြီး လက်နှစ်ဖက်သုံး၍ မန္တန်လက်ကွက်တစ်ခုကို အလျင်အမြန်ဖော်လိုက်ကာ မီတာသုံးထောင့်ခြောက်ရာ အချင်းရှိသော အနက်ရောင် နေလုံးကြီးကို ထိုကလေးမလေး၏ ခန္ဓာကိုယ်ထဲသို့ ကြောက်မက်ဖွယ်ကောင်းသော အားကြီးတစ်ခုဖြင့် ထိုးသွင်းလိုက်တော့သည်။

ထိုအခါ ထိုကလေးမလေးမှာ အသက်ရှူသံများမြန်လာပြီး သူမ၏မျက်ဝန်းများထဲတွင် အန္တရာယ်ပြုလိုသည့် အရိပ်အယောင်များဖြင့် တောက်ပလာသည်။ ထို့နောက် သူမသည် ရှိသမျှလူတိုင်း၏ ဝိညာဥ်များကိုပင် တုန်ရီသွားစေနိုင်သည့် အသံကြီးဖြင့်အော်ဟစ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တတိယအကြိမ်အဖြစ် အက်ကွဲကြောင်းများ ထပ်မံပျံ့နှံ့သွားတော့သည်။

တချိန်ထဲမှာပင် အနက်ရောင် နေလုံးကြီးမှာ ဆက်လက်ကျုံ့ဝင်သွားနေဆဲ။ ခဏအကြာတွင် ၎င်းသည် မီတာတစ်ထောင့်ငါးရာမျှသာ ရှိတော့သည်။ ထို့နောက် မီတာတစ်ထောင့်နှစ်ရာ၊ မီတာကိုးရာ၊ မီတာသုံးရာ၊ မီတာတစ်ရာ့ငါးဆယ် အထိဖြစ်သွားတော့သည်။ မီတာသုံးဆယ်မျှသာ ရှိတော့သောအခါတွင် သရဲကြီးဘုရင်သည်အော်ဟစ်လိုက်ပြီး ၎င်းကို အားပိုသုံး၍ ရှေ့သို့တွန်းလိုက်တော့သည်။

ကလေးမလေးမှာ အပြင်းအထန် တုန်ရီသွားပြီး သူ့ခန္ဓာကိုယ်၏အပေါ်ယံတွင် အက်ကွဲကြောင်းများပျံ့နှံ့သွားပြီးနောက် အဆုံးတွင် ပြိုကွဲသွားတော့သည်။

ထိုကြေမွနေသည့် အစိတ်အပိုင်းများ၏အောက်တွင် အသွေးအသားများ စုစည်းနေသည့်အရာတစ်ခုနှင့်တူသည့် မသဲမကွဲ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ချက်ချင်းပင် ထိုသွေးများသည် ပင်လယ်တစ်စင်းအဖြစ်ပေါက်ကွဲသွားပြီး စက်ဆုပ်ဖွယ်ကောင်းသည့် အငွေ့အသက်များထုတ်လွှတ်၍ အရပ်မျက်နှာအနှံ့သို့ စီးဆင်းသွားတော့သည်။

သရဲကြီးဘုရင်မှာ ထိုတိုက်ကွက်၏ ဒဏ်ကို သိမ်းကျုံး ခံစားလိုက်ရသည်။ သူ့ထံတွင် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံ ရှိနေပါသော်လည်း သွေးတစ်ပွက်အန်ထွက်လာပြီး နောက်သို့လျင်မြန်စွာ ပျံသန်းဆုတ်ခွာသွားတော့သည်။

" ဒီနေရာကနေ ဝေးဝေးသွားကြ "

သို့သော်လည်း ထိုကြက်သွေးရောင် သွေးပင်လယ်ကြီးမှာ သရဲကြီဘုရင်၏ အသံထက် ပို၍လျင်မြန်နေသည်။ လူတိုင်းမှာ အမြန်ဆုံးနည်းဖြင့်ဆုတ်ခွာသွားကြပါသော်လည်း မျက်စိတစ်မှိတ်အတွင်း ထိုပင်လယ်ကြီးမှာ သူတို့ကိုဖုံးလွှမ်းသွားတော့သည်။ ထိုပင်လယ်နှင့် ထိတွေ့ခံလိုက်သည့် ဝိညာဥ်ကျင့်ကြံသူတိုင်းမှာ မည်သည့် ကျင့်ကြံခြင်းအခြေခံကိုပင် ပိုင်ဆိုင်ထားစေကာမူ ခြောက်သွေ့နေသည့် အလောင်များပမာ ချက်ချင်းပြောင်းလဲသွားသည်။

သူတို့၏ သက်စောင့်အားများ၊ ကျင့်ကြံခြင်းအခြေခံများ၊ ဝိညာဥ်များနှင့် အခြားအရာအားလုံးမှာ ထိုသွေးပင်လယ်ကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ ပိုင်ရှောင်ချန်းမှာမူ အစထဲက အဝေးတစ်နေရာသို့ ရောက်ရှိနေပြီး သတိရှိရှိ နေခဲ့သဖြင့် သွေးပင်လယ်ကြီး ပေါ်ထွက်လာသည်နှင့် အမြန်ဆုံး ဆုတ်ခွာခဲ့သည်။

သို့သော် သူ့နှလုံးသားမှာ ယခင်ကထက် ပို၍များပြားသော အကြောက်တရားများနှင့် ထိတ်လန့်တုန်လှုပ်စွာ တုန်ရီနေတော့သည်။

" နတ်ဘုရားတစ်ပိုင်းအဆင့် ကျင်ကြံသူတစ်ယောက်ကတောင် သူ့ကိုမသတ်နိုင်ပါလား "

သူက သွေးလေခြောက်ခြားစွာဖြင့်တွေးတောနေတော့သည်။ ဤတစ္ဆေ ကလေးမလေးမှာ သူ့ကိုတစ်ကြိမ်ထက်မနည်း စိတ်ဝင်စားခဲ့သည်ကို သူက သိသည်။ ထိုအချင်းအရာမှာ ထူးဆန်းလှပါသော်လည်း သေသေချာချာ စိစစ်သုံးသပ်လိုက်ပါက ထိုကလေးမလေးက သူ့အား ကျေးဇူးပင်တင်သင့်သည်။

" ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်နေတယ်ပေါ့ " သူသည် သွေးပင်လယ်ထဲရှိ အလောင်းများကိုလှည့်ကြည့်ရင်း ပိုင်မျိုးနွယ်စု၏ နတ်အဆင့်ခေါင်းဆောင်ကြီးကို မြင်လိုက်ရသောအခါ တုန်ရီသွားပြီး အရှိန်တင်လိုက်တော့သည်။ သူ၏အနီးတစ်ဝိုက်ရှိ အခြားလူများမှာလည်း အလန့်တကြား ထွက်ပြေးနေကြသည်။

လူတိုင်း ထွက်ပြေးနေစဥ် အမြှုပ်တစီစီထနေသည့် သွေးပင်လယ်ကြီးထဲတွင် ဧရာမမျက်နှာကြီးတစ်ခုပေါ်လာသည်။ ၎င်းသည် ကလေးမလေး၏ မျက်နှာဖြစ်ပြီး သူမသည် ကလိမ်ကကျစ်ပြုံး၍ မျက်နှာထားတင်းမာနေသည့် သရဲကြီးဘုရင်ကို မော့ကြည့်နေသည်။

" မင်း ရှုံးပြီ "

သူမသည် အမျိုးသား၊အမျိုးသမီး၊ လူအို၊လူပျိုများ သာမက ကလေးငယ်များ၏ အသံများပါ ပေါင်းစည်းထားသည်နှင့်တူသော ထူးခြားဆန်းပြားသည့်လေသံဖြင့် ဆိုလိုက်သည်။

ထိုအခါ သရဲကြီးဘုရင်က ရုတ်တရက် ပြုံးလိုက်လေသည်။

" ေဩာ်၊ တကယ်လား "

All Chapters