ဒဏ္ဍာရီသစ်
Vol. 5 Ch. 61
ဘာသာပြန် - အားသစ်
စစ်သေနာပတိချုပ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်သောအခါ အခြားသော သာလွန်လူသား ကျွမ်းကျင်သူများအားလုံးလည်း ဘာဖြစ်သွားသနည်းဟု တွေးကာ လုံကျိုးအား စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။
လုံကျိုးက ပြုံးလျက် “ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။ ကောင်လေးတစ်ယောက် ပုံရိပ်ယောင် တိုက်ပွဲခန်းထဲမှာ တုန်ဖန်းရှန်ကို စိန်ခေါ်နေလို့ပါ”
“တုန်ဖန်းရှန်ကို စိန်ခေါ်တယ် ဟုတ်လား။ ငါတို့ နဂါးတောင်အခြေစိုက်စခန်းမှာ အဲဒီလို လုပ်နိုင်စွမ်းရှိတဲ့ သိုင်းသမား ရှိလို့လား”
“ဟက်... ငါထင်တာ မမှားဘူးဆိုရင် အဲဒါ လင်းဖုန်း ဖြစ်ရမယ် ဟုတ်တယ်မလား။ သူက ငါတို့ နဂါးတောင်အခြေစိုက်စခန်းရဲ့ သူရဲကောင်းပဲလေ။ ဒီကောင်လေး တစ်ယောက်ပဲ စစ်သေနာပတိချုပ် လုံကျိုးဆီကနေ ဒီလောက်အာရုံစိုက်ခံရနိုင်တာ”
“လင်းဖုန်းလား။ သူက ကြမ်းကြုတ်သားရဲဘုရင် နှစ်ကောင်ကိုတောင် သတ်နိုင်ခဲ့တာဆိုတော့ တကယ့်ကို ထူးခြားတဲ့သူပဲ။ သူ တုန်ဖန်းရှန်ကို အနိုင်မယူနိုင်ရင်တောင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ကတော့ ဘာပြဿနာမှရှိမယ် မထင်ဘူးကွ”
အမှန်တကယ်တွင် လူအများစုက လင်းဖုန်းအား နဂါးတောင်အခြေစိုက်စခန်း၏ (၁၇) ယောက်မြောက် သာလွန်လူသား ကျွမ်းကျင်သူအဖြစ် ရှုမြင်ထားကြသည်။ မည်သို့ပင်ဆိုစေကာမူ ပရော်ဖက်ရှင်နယ် သိုင်းသမားအဆင့်ဖြင့် ကြမ်းကြုတ်သားရဲဘုရင်ကို သတ်ဖြတ်နိုင်သော သိုင်းသမားဆိုသည်မှာ အလွန် ရှားပါးလှသည်။ အနန္တလမ်းစဉ်အကယ်ဒမီ၏ သမိုင်းတစ်လျှောက်လုံးတွင်ပင် သူသည် ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်သည်။
ဒီလိုလူမျိုးပင်လျှင် မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်ရင် ဘယ်သူကများ ချိုးဖျက်နိုင်တော့မည်နည်း။
“မင်းတို့အားလုံး သေချာ ကြည့်ကြ။ ပုံရိပ်ယောင် တိုက်ပွဲခန်းမထဲက မြင်ကွင်းကို ငါ တိုက်ရိုက်ထုတ်လွှင့်ပေးမယ်”
လုံကျိုးသည် နဂါးတောင်အခြေစိုက်စခန်းတွင် အလွန် မြင့်မားသော လုပ်ပိုင်ခွင့်အာဏာ ရှိသည်။ သဘာဝကျစွာပင် သူသည် ပုံရိပ်ယောင် တိုက်ပွဲခန်းမ၏ မြင်ကွင်းကို တိုက်ရိုက် ထုတ်လွှင့်နိုင်ပေသည်။
မကြာမီမှာပင် အစည်းအဝေးခန်းမရှိ ဖန်သားပြင်ကြီးပေါ်တွင် လင်းဖုန်းနှင့် တုန်ဖန်းရှန်တို့၏ ပုံရိပ်များ ပေါ်လာသည်။
သာလွန်လူသား ကျွမ်းကျင်သူများပင်လျှင် ဤကဲ့သို့သော ပါရမီရှင်နှစ်ဦး၏ တိုက်ပွဲကို စိတ်ဝင်စားနေကြသည်။ ထို့ကြောင့် သူတို့အားလုံး တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို စိတ်ဝင်တစား စိုက်ကြည့်နေကြသည်။
လင်းဖုန်းသည် ယခုလက်ရှိတွင် သူနှင့် တုန်ဖန်းရှန်းတို့၏ တိုက်ပွဲမှာ သာလွန်လူသား ကျွမ်းကျင်သူ ၁၆ ဦး၏ အာရုံစိုက်မှုကို ရရှိနေပြီ ဖြစ်ကြောင်း မသိခဲ့ပေ။ သူသည် သူ့ရှေ့ရှိ တုန်ဖန်းရှန်၏ ပုံရိပ်ယောင်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။
ပြီးခဲ့သည့်အကြိမ်က သူသည် မည်သည့် မျှော်လင့်ချက်မျှ မရှိဘဲ ရှုံးနိမ့်ခဲ့ရသည်။ အမှန်တကယ် မကွယ်ဝှက်စတမ်းပြောရလျှင် သူသည် အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိဘဲ အပြတ်အသတ် ချေမှုန်းခံခဲ့ရခြင်းပင်။
သို့သော် ယခင်အကြိမ်က လင်းဖုန်းသည် ပုံရိပ်ယောင် တိုက်ပွဲခန်းမတွင် ပထမနေရာ၌ ရှိနေသော နတ်ဆိုးဘုရင်၏ အစစ်အမှန် ခွန်အားကိုသာ မြင်တွေ့လိုခဲ့ခြင်း ဖြစ်သည်။ သူတို့ကြားမှ ကွာဟချက်ကိုသာ သိချင်ခဲ့သည်။
သို့သော် ယခုမူ လင်းဖုန်းသည် အစစ်အမှန် စိန်ခေါ်သူတစ်ဦးအနေဖြင့် ဤနေရာသို့ ရောက်ရှိနေခြင်းပင်။ သူ၏ စိတ်နေသဘောထားမှာလည်း သဘာဝကျစွာပင် အလွန် ကွာခြားနေခဲ့ပြီ ဖြစ်သည်။ သူ့တွင် ရည်မှန်းချက် တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ တုန်ဖန်းရှန်ကို အနိုင်ယူရန်ပင်။
“အေးခဲစေ”
ရုတ်တရက် တုန်ဖန်းရှန် စတင် လှုပ်ရှားလိုက်သည်။ ယခင်ကဲ့သို့ပင် သူသည် အံ့မခန်း မြန်ဆန်နေဆဲ ဖြစ်သည်။ လင်းဖုန်း၏ မျက်လုံးထဲတွင်တော့ သူသည် မှိန်ပျပျ အရိပ်တစ်ခုသဖွယ် ဖြစ်နေသည်။
သို့သော် အတိတ်က လင်းဖုန်းသည် တုန်ဖန်းရှန်၏ လှုပ်ရှားမှုသိုင်းပညာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။ လက်ရှိအချိန်တွင်လည်း သူ သေချာ မမြင်ရသေးသော်လည်း သူ၏ ထက်မြက်သော အာရုံခံစားမှုက တုန်ဖန်းရှန်၏ လှုပ်ရှားမှုကို တိတိကျကျ အာရုံခံနိုင်နေပြီ ဖြစ်သည်။
ဝှစ်
သူ ချက်ချင်းပင် လက်ကို လှုပ်ရှားကာ လက်သီးတစ်ချက် ထိုးချလိုက်သည်။
“ဝဲကယက်စွမ်းအား ပထမအဆင့်”
ဘန်း
ဝဲကယက်စွမ်းအား တစ်ခုတည်း ဖြစ်သော်လည်း ၎င်းတွင် ခွန်အား တန် ၄၀ ကျော် ပါဝင်နေသည်။ ယင်းမှာ လင်းဖုန်း အနန္တလမ်းစဉ်အကယ်ဒမီ၌ တုန်ဖန်းရှန်ကို စိန်ခေါ်ခဲ့စဉ်ကထက် များစွာ ပိုမို အစွမ်းထက်နေပြီ ဖြစ်သည်။
ယခင်ကကဲ့သို့ပင် လင်းဖုန်းသည် သူ၏ လက်မောင်းမှတစ်ဆင့် အေးစက်သော အငွေ့အသက်များ စီးဆင်းလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အေးခဲသွားစေရန် ကြိုးစားနေကြောင်း ခံစားလိုက်ရသည်။ ဤသည်မှာ တုန်ဖန်းရှန်၏ ရေခဲအထူးစွမ်းရည် ဖြစ်ကြောင်း သူ သိသည်။
သို့သော် သူ၏ လက်မောင်းကို တစ်ချက် ခါယမ်းလိုက်သည်နှင့် အစွမ်းထက်သော ခွန်အားများ လျင်မြန်စွာ ထွက်ပေါ်လာသည်။ သူ၏ လက်မောင်းအတွင်းရှိ အေးစက်သော အငွေ့အသက်များမှာလည်း သူ၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း လွင့်ထွက်သွားပြီး လင်းဖုန်းအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိတော့ပေ။
တုန်ဖန်းရှန် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ၎င်းမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေသည့်တိုင် သူ၏ မျက်လုံးထဲတွင် အံ့ဩသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ မည်သူကမျှ သူ၏ အထူးစွမ်းရည်ကို ဤမျှ လွယ်ကူစွာ ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ဖူးပေ။
လင်းဖုန်း၏ လက်သီးချက်မှာ တုန်ဖန်းရှန်၏ လက်သီးနှင့် အကြမ်းဖျင်း လက်ရည်တူ ဖြစ်နေသည်။ ယခုအခါ သူ့တွင် ယုံကြည်မှု အချို့ ရှိနေပြီ ဖြစ်သည်။
“ငါ ထင်ထားတဲ့အတိုင်းပဲ၊ ငါ အရင်ကထက် အများကြီး ပိုသန်မာလာပြီ။ သူ့ကို တန်ပြန်နိုင်မယ့် အထူးစွမ်းရည်တွေ ငါ့ဆီမှာ မရှိရင်တောင် ငါ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်နဲ့ အစွမ်းထက်တဲ့ ခွန်အားတွေကြောင့် တုန်ဖန်းရှန်ရဲ့ အထူးစွမ်းရည်ကို ကြောက်နေစရာ မလိုတော့ဘူး”
လင်းဖုန်း၏ အကြည့်များက စူးရှနေသည်။ တစ်ခဏအတွင်းမှာပင် သူသည် ယုံကြည်မှုများဖြင့် ပြည့်နှက်သွားသည်။ မည်သို့ပင်ဆိုစေ သူသည် ဝဲကယက်စွမ်းအား တစ်ခုတည်းကိုသာ ထုတ်သုံးထားရသေးသည် မဟုတ်ပါလား။
“မီးတောက်”
တုန်ဖန်းရှန်တွင် ရေခဲနှင့် မီး ဟူ၍ အထူးစွမ်းရည် နှစ်ခု ရှိသည်။ ရေခဲစွမ်းရည်မှာ သိုသိပ်ပြီး အန္တရာယ်များကာ ကာကွယ်ရန် မဖြစ်နိုင်သလောက်ပင်။ သို့သော် အကြမ်းစားအင်အားနှင့် ပေါက်ကွဲအား အရ ကြည့်လျှင် ရေခဲစွမ်းရည်သည် မီးစွမ်းရည်ထက် များစွာ နိမ့်ကျနေသေးသည်။
တုန်ဖန်းရှန်၏ မီးစွမ်းရည် ပေါက်ကွဲထွက်လာသည်နှင့် ၎င်းသည် ချော်ရည်ပူများသဖွယ် လှိမ့်တက်လာပြီး ရူးသွပ်စွာ ပေါက်ကွဲထွက်လာသည်။ ကြမ်းတမ်းသော မီးတောက်များက လင်းဖုန်းအား ပြာကျသွားစေတော့မည့်အလား ထင်ရသည်။
လင်းဖုန်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ သူ၏ မျက်နှာထက်တွငိ မည်သည့် အကြောက်တရား အရိပ်အယောင်မျှ မပြဘဲ အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်သည်။
“ဝဲကယက်စွမ်းအား ဒုတိယအဆင့်”
တန် ၆၀ ကျော်ရှိသော ခွန်အားများ ပေါက်ကွဲထွက်လာသည်။ ပုံရိပ်ယောင် တိုက်ပွဲခန်းမအတွင်းရှိ ပုံစံတူ ဖန်တီးထားသော လေထုပင်လျှင် ထိုကြီးမားသော ခွန်အားကြောင့် ဖိသိပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ အစပိုင်းတွင် မီးတောင်ပေါက်ကွဲသကဲ့သို့ တက်ကြွနေသော တုန်ဖန်းရှန်၏ ကြီးမြတ်လှသော မီးစွမ်းရည်မှာ ယခုလက်ရှိတွင် လင်းဖုန်း၏ အစွမ်းထက်သော ခွန်အားကြောင့် အတင်းအဓမ္မ ဖိနှိပ်ခံလိုက်ရသည်။
ခွန်အားများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မီးတောက်များမှာ အနီးနားသို့ပင် မကပ်နိုင်တော့ပေ။
ဘုန်း
ဤတစ်ကြိမ်တွင်မူ လုံးဝ ထိပ်တိုက် ရင်ဆိုင်မိခြင်းပင် ဖြစ်သည်။ မီးတောက်များ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး လင်းဖုန်းနှင့် တုန်ဖန်းရှန်တို့ ချက်ချင်း နောက်ဆုတ်လိုက်ကြရသည်။ သို့သော် တုန်ဖန်းရှန်မှာ ပို၍ ခက်ခဲသော အခြေအနေတွင် ရှိနေသည်မှာ ထင်ရှားလှသည်။
လင်းဖုန်းက ဝဲကယက်စွမ်းအား နှစ်ခုကိုသာ ထုတ်သုံးထားသော်လည်း တုန်ဖန်းရှန်မှာမူ အနိုင်နိုင် တောင့်ခံနေရပြီ ဖြစ်သည်။
“ရေခဲမီးတောက် ကြာပန်း”
တုန်ဖန်းရှန်သည် သူ၏ လက်များကို ဖြန့်လိုက်သည်။ သူ၏ လက်မောင်းနှစ်ဖက်ပေါ်တွင် လုံးဝကွဲပြားခြားနားသော ရေခဲနှင့် မီး စွမ်းအားနှစ်ခု ပေါ်လာသည်။ ထို့အပြင် ထိုကွဲပြားခြားနားသော စွမ်းအားနှစ်ခုမှာ အလွန် မတည်ငြိမ်သည့်အလား ဖြည်းညင်းစွာ ပေါင်းစပ်လာကြသည်။
ဤလှုပ်ရှားမှုဖြင့်ပင် တုန်ဖန်းရှန်သည် ကြမ်းကြုတ်သားရဲဘုရင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး ပုံရိပ်ယောင် တိုက်ပွဲခန်းမ၏ ပထမနေရာကို အချိန်ကြာမြင့်စွာ လွှမ်းမိုးထားနိုင်ခဲ့ခြင်း ဖြစ်သည်။ လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော အထူးစွမ်းရည် နှစ်ခုကို ပေါင်းစပ်နိုင်ခြင်းပင်။ ဤသည်ကို မြင်သောအခါ လင်းဖုန်းပင်လျှင် စိတ်ထဲတွင် တုန်လှုပ်အံ့ဩသွားမိသည်။
သို့သော် လင်းဖုန်းသည် ယုံကြည်မှုများဖြင့် ပြည့်နှက်နေဆဲပင်။ သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူ့ခွန်အားအလုံးစုံကို ဆက်လက် ထိန်းချုပ်မထားတော့ပေ။ ယင်းအစား သူ၏ ပြင်းထန်ပြီး ပြိုင်ဘက်ကင်းသော ခွန်အားများကို အပြည့်အဝ ထုတ်ဖော်လိုက်တော့သည်။
“ဝဲကယက်စွမ်းအား တတိယအဆင့်”
တန် ၈၀ ကျော်သော ခွန်အားမှာ ရိုးရိုးရှင်းရှင်းပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ၎င်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားနှင့် အလွန် နီးစပ်နေပြီ ဖြစ်သည်။ ခွန်အားသက်သက်ကိုသာ ကြည့်လျှင် ကြမ်းကြုတ်သားရဲဘုရင်များပင် လင်းဖုန်းထက် များစွာ နိမ့်ကျနေသေးသည်။
ခွန်အားနှစ်ခုစလုံး တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည်။ သို့သော်လည်း ပထမဆုံးအကြိမ်အဖြစ် တုန်ဖန်းရှန်၏ မျက်နှာထက်တွင် ထိတ်လန့်သွားသည့် အမူအရာ ပေါ်လာသည်။ လင်းဖုန်း တိုက်ခိုက်လိုက်သည့် အချိန်မှာပင် သူသည် ရလဒ်ကို သိနှင့်နေခဲ့ပြီး ဖြစ်သည်။
ဘန်း
တစ်စုံတစ်ယောက်၏ ခွန်အားသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသောအခါ သိုင်းပညာနည်းစနစ် အားလုံးကို လျစ်လျူရှုပစ်နိုင်စွမ်း ရှိသွားသည်။
ဤသည်က လက်ရှိ လင်းဖုန်းကို ဖော်ပြနေခြင်းပင်။ သူသည် နည်းစနစ်များအားလုံးကို ကျော်လွှားရန် ခွန်အား သက်သက်ကို အသုံးပြုနိုင်သည်။ သူ၏ အစွမ်းထက်သော ခွန်အားများက လေထုကိုပင် အဆုံးအစွန်အထိ ဖိသိပ်ပစ်လိုက်သကဲ့သို့ ရှိသည်။ လက်သီးတစ်ချက်ဖြင့်ပင် တုန်ဖန်းရှန်၏ ရေခဲနှင့် မီးတောက် ကြာပန်းမှာ လင်းဖုန်းအနီးသို့ပင် မကပ်နိုင်ဘဲ တစ်စစီ ကျိုးပဲ့ပျက်စီးသွားသည်။
ရေခဲနှင့် မီးတောက် ကြာပန်းသည် အစကတည်းက အလွန် မတည်ငြိမ်ပေ။ ၎င်း ပြိုကျသွားသည်နှင့် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားမျိုး ထွက်ပေါ်လာမည်နည်း။ ရလဒ်အနေဖြင့် ကြီးမားလှသော လှိုင်းလုံးကြီးက တုန်ဖန်းရှန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်သည်။ လင်းဖုန်းသည် အနည်းငယ် ကွာဝေးသော နေရာတွင် ရှိနေပြီး တန် ၈၀ ကျော်သော ဖိနှိပ်နိုင်သည့် ခွန်အားများ ရှိနေသည့်အပြင် သူ၏ ထူးခြားသော ခန္ဓာကိုယ်ကြောင့် ဤလှိုင်းလုံး အနည်းငယ်က သူ့အား မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့ပေ။
ပေါက်ကွဲမှုအပြီးတွင် ပုံရိပ်ယောင် တိုက်ပွဲကွင်းပြင်တစ်ခုလုံး၌ လင်းဖုန်းမှလွဲ၍ မည်သူမှ မရှိတော့ပေ။
“တုန်ဖန်းရှန်... မင်းလည်း သာလွန်လူသား ကျွမ်းကျင်သူတစ်ယောက် ဖြစ်ဖို့ အများကြီး လိုသေးတာပဲ”
လင်းဖုန်း တိုးတိုးလေး ရေရွတ်လိုက်သည်။ သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးသည် သာမန် တိုက်ခိုက်မှုတစ်ခုဖြင့်ပင် ခွန်အား တန်ရာချီ၍ ထုတ်ဖော်နိုင်သည်။ လင်းဖုန်း၏ ခွန်အားမှာ ထိုကိန်းဂဏန်းနှင့် နီးစပ်နေပြီ ဖြစ်သော်လည်း သူကိုယ်တိုင်ပင် ထိုမျှခွန်အားအထိ ရောက်ရှိရန် သို့မဟုတ် ကျော်လွန်ရန် မဖြစ်နိုင်ဟု ခံစားနေရသည်။
တုန်ဖန်းရှန်သည် အနန္တလမ်းစဉ်အကယ်ဒမီ၏ ဒဏ္ဍာရီ၊ ရှုံးနိမ့်ခြင်းမရှိသော နတ်ဆိုးဘုရင်နှင့် သာလွန်လူသားအဆင့်အောက်တွင် အသန်မာဆုံးသူ ဖြစ်သည်။ အစပိုင်းတွင် လင်းဖုန်းသည် သူ့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့သော်လည်း တုန်ဖန်းရှန်သည် သူ ထင်ထားသည်ထက် များစွာ အားနည်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
စင်စစ်တွင်မူ တုန်ဖန်းရှန်က အားနည်းနေသည် မဟုတ်ချေ။ လင်းဖုန်းကသာ အလွန်တရာ သန်မာလာခဲ့ခြင်း ဖြစ်သည်။
လင်းဖုန်း၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားသည်။ သို့သော် သူ မည်မျှပင် အတွေးများနေပါစေ သူ၏ စိန်ခေါ်မှု အောင်မြင်သွားပြီ ဖြစ်သည်။ သူသည် နတ်ဆိုးဘုရင် တုန်ဖန်းရှန်ကို အနိုင်ယူပြီး သူ၏ နေရာကို အစားထိုးနိုင်ခဲ့ပြီ။ ယခုလက်ရှိ သူသည် အနန္တလမ်းစဉ်အကယ်ဒမီ၏ ဒဏ္ဍာရီသစ်တစ်ပုဒ် ဖြစ်လာခဲ့ပြီပင်။