အဆုံးသတ်တွင် အချည်းနှီးသာ
Vol. 5 Ch. 62
ဘာသာပြန် - အားသစ်
“အ... အောင်မြင်သွားပြီ။ ဟားဟားဟား... အစ်ကိုဖုန်းက နတ်ဆိုးဘုရင်ကို အနိုင်ယူပြီး အနန္တလမ်းစဉ်အကယ်ဒမီရဲ့ ဒဏ္ဍာရီသစ် ဖြစ်လာပြီဟေ့”
ဖုန်းရှိုသည် အမှတ် ၁၀ မှတ် အသုံးပြုကာ လင်းဖုန်းနှင့် နတ်ဆိုးဘုရင် တုန်ဖန်းရှန်တို့၏ တိုက်ပွဲတစ်ခုလုံးကို ကြည့်ရှုခဲ့သည်။ သူသည် လင်းဖုန်းအပေါ် ယုံကြည်မှုရှိသော်လည်း နတ်ဆိုးဘုရင်ဆိုသည်မှာ ဆယ်စုနှစ်များစွာကြာအောင် မည်သူမျှ အနိုင်မယူနိုင်ခဲ့သော အနန္တလမ်းစဉ်အကယ်ဒမီ၏ ဒဏ္ဍာရီလာ ပုဂ္ဂိလ်တစ်ဦး မဟုတ်ပါလား။
သို့သော် ယခုမူ လင်းဖုန်းက နတ်ဆိုးဘုရင်ကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့ပြီ။ ဖုန်းရှိုသည် ဝမ်းသားတလဲ အော်ဟစ်ရယ်မောပြီး လူတိုင်းကို လိုက်ပြောချင်နေသော်လည်း ကံမကောင်းစွာဖြင့် ပုံရိပ်ယောင် တိုက်ပွဲခန်းမထဲတွင် သူတစ်ယောက်တည်းသာ ရှိနေခဲ့သည်။ သူ ကြွားဝါချင်လျှင်ပင် ကြွားစရာ လူမရှိပေ။
သို့သော် ဘာပဲဖြစ်ဖြစ် လင်းဖုန်းနောက်သို့ လိုက်ပါခြင်းသည် နောင်တစ်ချိန်တွင် သူ့အတွက် အကန့်အသတ်မဲ့ အခွင့်အရေးများ ဆောင်ကြဉ်းပေးမည်ကို ဖုန်းရှို့ ကောင်းကောင်း သိထားသည်။ သူ အနည်းငယ်ပင် ဂုဏ်ယူမိနေသေးသည်။ ထိုစဉ်က လင်းဖုန်း သူ့ကို ပညာပေးခဲ့သည်မှာ တကယ့်ကို ကံကောင်းခြင်းပင်။ သို့မဟုတ်ပါက ယခုကဲ့သို့ လင်းဖုန်းနောက်သို့ လိုက်ခွင့်ရမည့် အခွင့်အရေးမျိုး ဘယ်မှာရနိုင်ပါမည်နည်း။
လင်းဖုန်း၏ ဆုံးမခြင်းကို ခံခဲ့ရသည့်အတွက် ရှိခဲ့သော မကျေနပ်ချက်များမှာလည်း ဟိုးအရင်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။ ယခုအခါ သူ့တွင် လင်းဖုန်းအပေါ် အကြွင်းမဲ့ ကြည်ညိုလေးစားမှုသာ ရှိတော့သည်။ လက်ရှိလင်းဖုန်းသည် အသက်ရှင်နေသော ဒဏ္ဍာရီတစ်ဦးပင်။
ဖုန်းရှို့တစ်ယောက်တည်း မဟုတ်ပေ။ အစည်းအဝေးခန်းမရှိ လူများစွာသည်လည်း လင်းဖုန်းနှင့် တုန်ဖန်ရှန်းတို့ တိုက်ပွဲ၏ ရလဒ်ကို မြင်တွေ့ခဲ့ကြသည်။
တိုက်ပွဲအပြီးတွင် အစည်းအဝေးခန်းမအတွင်း၌ အလွန် တိတ်ဆိတ်သွားခဲ့သည်။ လင်းဖုန်းက လက်သီးတစ်ချက်တည်းဖြင့် တုန်ဖန်းရှန်ကို အနိုင်ယူလိုက်သည်ကို မြင်ပြီးနောက် လူတိုင်း၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားကြသည်။
ဤသည်မှာ သာလွန်လူသားအဆင့်အောက်ရှိ တိုက်ပွဲတစ်ခုသာ ဖြစ်သော်လည်း နတ်ဆိုးဘုရင်ဆိုသည်မှာ သာမန်လူ မဟုတ်ပေ။ ထိုစဉ်က နတ်ဆိုးဘုရင် တုန်ဖန်းရှန်သည် ပြိုင်ဘက်ကင်း အနှိုင်းမဲ့ဂုဏ်သရေရှိသူဖြစ်ပြီး အခြေခံအားဖြင့် အနန္တလမ်းစဉ်အကယ်ဒမီ၏ အထူးချွန်ဆုံး ကျောင်းသားများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။
ယခု လင်းဖုန်းက သူ့ကို ထိပ်တိုက် အနိုင်ယူလိုက်ခြင်းမှာ သူတို့အပေါ် ရိုက်ခတ်မှု အလွန် ကြီးမားလွန်းလှသည်။
“ကိုးဆင့်ခန္ဓာကိုယ်ကျင့်စဉ်... ငါထင်တာမမှားရင် အဲဒါ တတိယအဆင့်ပဲ ဖြစ်ရမယ်”
“ပရော်ဖက်ရှင်နယ် သိုင်းသမားအဆင့်နဲ့ ကိုးဆင့်ခန္ဓာကိုယ်ကျင့်စဥ်ရဲ့ တတိယအဆင့်ကို တကယ် တတ်မြောက်နိုင်တဲ့သူ ရှိနေတာပဲ။ မယုံနိုင်စရာပဲ... တကယ်ကို မယုံနိုင်စရာပဲ”
“လင်းဖုန်းရဲ့ ပါရမီက အံ့ဩဖို့ကောင်းလိုက်တာ။ သူက ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်တဲ့ ခွန်အားတွေ ရှိနေရတာလဲ”
“သူ့မှာလည်း အထူးစွမ်းရည်တွေ ရှိနေတာ ဖြစ်နိုင်တယ်။ သူ့ရဲ့ အထူးစွမ်းရည်က ခွန်အားနဲ့ ပတ်သက်နေတာ ဖြစ်လိမ့်မယ်။ အခု လင်းဖုန်းက တုန်ဖန်းရှန်းကို အနိုင်ယူလိုက်ပြီဆိုတော့ သူက အတိတ်က တုန်ဖန်းရှန်ထက်တောင် ပိုပြီး ထူးချွန်နေနိုင်တယ်။ ဒါက အနန္တလမ်းစဉ်အကယ်ဒမီအတွက် တကယ့် ကောင်းချီးတစ်ခုပဲ”
“လင်းဖုန်းသာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ရင် သူ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလာမလဲ မသိဘူး။ ငါတို့အားလုံး သူ့ကို အလေးပေးပြီး ပြုစုပျိုးထောင်ပေးရမယ်”
အားလုံးမှာ စိတ်လှုပ်ရှားနေကြသည်။ ယခင်က လင်းဖုန်း ကြမ်းကြုတ်သားရဲဘုရင်တွေကို သတ်ခဲ့စဉ်က ဤသာလွန်လူသား ကျွမ်းကျင်သူများကို အံ့အားသင့်ရုံသာ ဖြစ်စေခဲ့ပြီး လင်းဖုန်းအား အလွန်တရာ ထူးချွန်ထက်မြတ်သော ပါရမီရှင်တစ်ဦးဟုသာ ထင်မြင်ယူဆခဲ့ကြသည်။
ယခုတွင်မူ လင်းဖုန်းက အနန္တလမ်းစဉ်အကယ်ဒမီ၏ မရှုံးနိမ့်နိုင်သော ဒဏ္ဍာရီ တုန်ဖန်းရှန်ကို အနိုင်ယူလိုက်ခြင်းမှာ သူတို့ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။ အမှန်တကယ်တွင် ဤတုန်လှုပ်မှုမှာ လင်းဖုန်း ကြမ်းကြုတ်သားရဲဘုရင်များကို သတ်ခဲ့စဉ်ကထက်ပင် ပိုမိုကြီးမားနေသည်။
ဘာကြောင့်လဲ။
အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ တုန်ဖန်းရှန်သည် ဒဏ္ဍာရီတစ်ခု ဖြစ်သောကြောင့်ပင်။ သူသည် ပရော်ဖက်ရှင်နယ် သိုင်းသမားအဆင့်တွင်သာ ဒဏ္ဍာရီဖြစ်ခဲ့သည်မဟုတ်ဘဲ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက်တွင်လည်း ပို၍ကြီးကျယ်သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
တုန်ဖန်းရှန်၏ လက်ရှိ အောင်မြင်မှုများမှာ သူတို့ထက် များစွာ သာလွန်နေပြီဖြစ်ကာ သူတို့ နားမလည်နိုင်အောင် နက်နဲဆန်းကြယ်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ လင်းဖုန်းတွငိ ထိုကဲ့သို့သော ပါရမီမျိုး ရှိနေနိုင်သည့် အခွင့်အလမ်း အနည်းငယ်မျှ ရှိနေလျှင်ပင် ၎င်းမှာ ကြီးကျယ်သော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။
ချက်ချင်းပင် နဂါးတောင်အခြေစိုက်စခန်းရှိ သာလွန်လူသား ကျွမ်းကျင်သူများအားလုံးသည် လင်းဖုန်းအပေါ် အာရုံစိုက်မှုကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်လိုက်သည်။
“စစ်သေနာပတိချုပ်... အရှင်ရော ဘယ်လိုထင်လဲ။ ဒီအခြေအနေကို အကယ်ဒမီရဲ့ အထက်လူကြီးတွေဆီကို အစီရင်ခံသင့်လား”
တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။ သူ့ရည်ရွယ်ချက်မှာ ရိုးရှင်းသည်။ အကယ်ဒမီ၏ အထက်လူကြီးများ၊ အထူးသဖြင့် အစွမ်းထက်သော အထက်လူကြီးများ လင်းဖုန်းကို အာရုံစိုက်လာစေရန် ဖြစ်သည်။ လင်းဖုန်းကို တပည့်အဖြစ် လက်ခံလိုက်မည်ဆိုပါက ပို၍ပင် ကောင်းမွန်မည်ဖြစ်သည်။ ဤသည်မှာ လင်းဖုန်းအတွက် အနာဂါတ်ကောင်းသို့ လမ်းညွှန်မှုပေးခြင်းဖြင့် ကျေးဇူးပြုရာလည်း ရောက်ပေသည်။
သို့သော် စစ်သေနာပတိချုပ် လုံကျိုးမှာ တည်ငြိမ်နေဆဲပင်။ သူက အေးဆေးစွာဖြင့် “အခုလက်ရှိ အရေးအကြီးဆုံးက နဂါးတောင်အခြေစိုက်စခန်းကနေ ဆုတ်ခွာဖို့ပဲ။ လင်းဖုန်းရဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ လောလောဆယ် အကယ်ဒမီ အထက်လူကြီးတွေဆီ အစီရင်ခံဖို့ မလိုသေးဘူး။ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးမှပဲ ငါတို့ ဆွေးနွေးကြတာပေါ့”
အားလုံးမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။ အတိတ်က ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီ တို့ကဲ့သို့ ပါရမီရှင်များနှင့် တွေ့ဆုံသည့်အခါတိုင်း စစ်သေနာပတိချုပ် လုံကျိုးသည် ထိုသူတို့အပေါ် အမြဲတမ်း ဂရုတစိုက်ရှိပြီး ကာကွယ်ပေးတတ်သူ ဖြစ်သည်။ လင်းဖုန်းနှင့် ပတ်သက်လာလျှင်မူ လုံကျိုးသည် ဘာကြောင့် တွေဝေနေကာ အလေးအနက် မထားသကဲ့သို့ ဖြစ်နေရသနည်း။
လုံကျိုးက ရှင်းပြခြင်း မရှိပေ။ သူသည် စိတ်ထဲတွင်သာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လင်းဖုန်း၏ အခြေအနေကို အခြားသူများ မသိသော်လည်း သူကမူ ကောင်းကောင်း သိထားသည်။ ပြီးခဲ့သည့်အကြိမ်က လင်းဖုန်း သတိလစ်နေစဉ်အတွင်း ဆရာဝန်က လင်းဖုန်းအား ခန္ဓာကိုယ်တစ်ခုလုံး စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ ထိုစစ်ဆေးချက် အစီရင်ခံစာကို လုံကျိုးတစ်ယောက်တည်းသာ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
လင်းဖုန်းတွင် ရှိနေသော ထူးဆန်းသည့်ရောဂါကြောင့် သူ့သက်တမ်းမှာ တစ်နှစ်သာ ကျန်တော့မည်ဟု ဆရာဝန်က ခန့်မှန်းထားသည်။
တစ်နှစ်အတွင်းတွင် လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကိုပင် ချိုးဖျက်နိုင်မည် မဟုတ်ပေ။ သူ့မှာ ဘယ်လောက်ပဲ ကြီးမားတဲ့ ပါရမီရှိပါစေ အဆုံးသတ်မှာ ဘာတွေများ ဖြစ်လာမှာတဲ့လဲ။
ထို့ကြောင့် လုံကျိုးသည် လင်းဖုန်းအား အနှောင့်အယှက်များစွာ မဖြစ်စေချင်ပေ။ လင်းဖုန်းအနေဖြင့် ဤကျန်ရှိနေသော တစ်နှစ်တာကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားနိုင်ရန်သာ သူ မျှော်လင့်မိသည်။
“နှမြောစရာကောင်းလိုက်တာ။ တုန်ဖန်းရှန်နဲ့ တန်းတူအဆင့်ရှိတဲ့ ပါရမီရှင်တစ်ယောက်မှာမှ ဘာလို့ ဒီလို ထူးဆန်းတဲ့ရောဂါမျိုး ဖြစ်နေရတာလဲ”
လုံကျိုး နှမြောတသ ဖြစ်မိသော်လည်း လင်းဖုန်း၏ ရောဂါအကြောင်းကို မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ပေ။ ပြောပြလျှင်ပင် လင်းဖုန်းအတွက် မည်သည့် အကျိုးကျေးဇူးမျှ ရှိမည်မဟုတ်သောကြောင့်ပင်။
“ကဲ... ဒါဆိုရင် ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြတာပေါ့။ အားလုံးပဲ ပြင်စရာရှိတာ သွားပြင်ကြတော့”
လုံကျိုးက လက်ဝှေ့ယမ်းလိုက်သည်။ အစည်းအဝေးခန်းမရှိ လူအားလုံး ထွက်သွားကြပြီး အဆုံးတွင် ပရော်ဖက်ဆာဝေ တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
“ပရော်ဖက်ဆာဝေ... ပြောပါဦး။ ခင်ဗျားတို့ ဘာတွေများ စိုးရိမ်နေကြတာလဲ”
လုံကျိုးသည် ပရော်ဖက်ဆာဝေကို ကောင်းကောင်း သိသည်။ ပရော်ဖက်ဆာဝေသည် စောစောက အရာအားလုံးကို ထုတ်မပြောခဲ့သည်မှာ ထင်ရှားလှသည်။
ပရော်ဖက်ဆာဝေ၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည်။ “စစ်သေနာပတိချုပ်... ဆုတ်ခွာမှုကို အရှိန်မြှင့်ဖို့ လိုအပ်ပါတယ်။ ဒီသားရဲအသစ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်းကို ဆိုးဆိုးဝါးဝါး စိတ်ထင့်နေတယ်။ အဲ့ကောင်တွေက အမဲလိုက်သားရဲတွေထက်တောင် ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်”
“စိတ်ထင့်တယ် ဟုတ်လား”
“လုံးဝအတိအကျကြီးတော့ မဟုတ်ပါဘူး။ သူတို့က ကျွန်တော် အရင်က လေ့လာဖူးတဲ့ ဘယ်အမဲလိုက်သားရဲနဲ့မှ မတူဘူး။ အဲဒါကြောင့် စစ်သေနာပတိချုပ်ကို သတိမပေါ့စေချင်တာပါ”
လုံကျိုးက ခေါင်းငြိမ့်ပြပြီး “ပရော်ဖက်ဆာဝေ... ဒီ တီကောင်သားရဲတွေကို သုတေသနလုပ်ရင်း တစ်ခုခု တွေ့တာနဲ့ ကျွန်တော့်ကို ချက်ချင်း အကြောင်းကြားပေးပါ”
“နားလည်ပါပြီ”
ထိုသို့ပြောပြီးနောက် ပရော်ဖက်ဆာဝေသည် ထရပ်ကာ အစည်းအဝေးခန်းမမှ ထွက်ခွာသွားသည်။
လုံကျိုးသည် ခေါင်းခါယမ်းလိုက်သော်လည်း စိတ်ထဲတွင်တော့ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။ နဂါးတောင်အခြေစိုက်စခန်း၏ မတည်ငြိမ်မှုနှင့် လင်းဖုန်း၏ ကိစ္စတို့ ပေါင်းလိုက်သောအခါ သူ၏ စိတ်အခြေအနေမှာ အလွန် ဆိုးဝါးနေသည်။ မည်သည့် မတော်တဆမှုမျှ မရှိဘဲ အမြန်ဆုံး ဆုတ်ခွာနိုင်ရန်သာ သူ မျှော်လင့်မိတော့သည်။
...
ကျယ်ပြောလှသော တောင်တန်းကြီးများအတွင်းရှိ ကြီးမားသော မြေအောက်လိုဏ်ခေါင်းတစ်ခုထဲတွင် ချော်ရည်ပူများမှာ တလှုပ်လှုပ်နှင့် ဆူပွက်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အလား ပူပြင်းလှသည်။
သို့သော်လည်း ဝတ်လစ်စလစ်ဖြစ်နေသော အမျိုးသားတစ်ဦးသည် ထိုချော်ရည်ပူများထဲသို့ ခုန်ဆင်းသွားသည်။
ချော်ရည်ပူများ၏ ကြောက်မက်ဖွယ် အပူချိန်မှာ သံမဏိတုံးတစ်တုံးကိုပင် တစ်ခဏအတွင်း အရည်ပျော်သွားစေနိုင်သည်ဖြစ်ရာ သွေးသားခန္ဓာကိုယ်တစ်ခုဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
သို့သော် ထိုအမျိုးသားမှာမူ ခုန်ဆင်းသွားပြီးနောက် ပျော်ရွှင်နေပုံရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချော်ရည်ပူများထဲသို့ နစ်မြုပ်နေပြီး ခေါင်းသာ ပေါ်နေခဲ့သည်။ ထို့အပြင် သူ၏ မျက်နှာအမူအရာမှာလည်း အလွန် တည်ငြိမ်နေခဲ့သည်။
တစ်နာရီ... နှစ်နာရီ... သုံးနာရီ...
ထိုအမျိုးသားသည် ချော်ရည်ပူများထဲတွင် နေရသည်ကို နှစ်သက်နေပုံရသည်။ သူသည် ထိုနေရာတွင် နာရီပေါင်းများစွာ နေထိုင်နေခဲ့ပြီး ပြန်တက်ရန် အစီအစဉ်ရှိပုံမရသည်။
ရုတ်တရက် မြေအောက်လိုဏ်ခေါင်းထဲမှ အလျင်စလို လျှောက်လာသော ခြေသံများ ကြားလိုက်ရသည်။ မီးတောက်နီရောင် သံချပ်ကာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဝင်လာပြီး ချော်ရည်ပူထဲရှိ လူအား တလေးတစား ပြောလိုက်သည်။
“ခေါင်းဆောင်... ပုံရိပ်ယောင် တိုက်ပွဲခန်းမထဲမှာ ကောင်လေးတစ်ယောက်က ခေါင်းဆောင်ကို အနိုင်ယူသွားတယ်ဗျ”
“ငါ့ကို အနိုင်ယူတယ် ဟုတ်လား”
ချော်ရည်ပူထဲရှိ အမျိုးသားသည် ရုတ်တရက် မျက်လုံးများ ဖွင့်ကြည့်လိုက်ရာ သူ့ပတ်ဝန်းကျင်ရှိ ချော်ရည်ပူများမှာ ပြင်းထန်စွာ ဆူပွက်လာသည်။
“ဟုတ်ပါတယ်... လင်းဖုန်းလို့ ခေါ်တဲ့ ကောင်လေးတစ်ယောက်ပါ”
“လင်းဖုန်း ဟုတ်လား... စိတ်ဝင်စားစရာပဲ။ သူ့အကြောင်း သတင်းအချက်အလက်တွေ စုဆောင်းလိုက်ပါ။ ငါ့ရဲ့ အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်တဲ့ ရေခဲမီးတောက် ကြာပန်းကို အနိုင်ယူနိုင်တယ်ဆိုမှတော့ သူက တကယ်ကို အလားအလာရှိတဲ့သူပဲ ဖြစ်ရမယ်”
“ခေါင်းဆောင်... ဒီတစ်ခါတော့ ခန့်မှန်းချက် မှားသွားပြီ ထင်တယ်။ သူက တကယ်ပဲ ပါရမီရှိတာ မှန်ပေမဲ့ ကျွန်တော့်ရဲ့ စုံစမ်းချက်အရ သူက အခု အခက်အခဲကြီးနဲ့ ရင်ဆိုင်နေရတယ်။ သူက ငယ်ငယ်ကတည်းက ထူးဆန်းတဲ့ရောဂါတစ်ခု ခံစားနေရတာပါ။ နဂါးတောင်အခြေစိုက်စခန်းမှာ သားရဲတွေကို အသက်စွန့် တိုက်ခိုက်ခဲ့ပြီးနောက်မှာ သူ့ရဲ့ သက်တမ်းက တစ်နှစ်ပဲ ကျန်တော့ဖို့ များပါတယ်”
“အာ... ထူးဆန်းတဲ့ရောဂါ ဟုတ်လား... နှမြောစရာပဲ။ အင်း... အကယ်လို့ သူသာ မျိုးရိုးဗီဇကန့်သတ်ချက်ကိုသာ မချိုးဖျက်နိုင်ဘူးဆိုရင် အဲဒီအရာအားလုံးက အဆုံးသတ်မှာ အချည်းနှီး ဖြစ်သွားမှာပဲ”
ထိုသို့ပြောပြီးနောက် အမျိုးသားသည် မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ချော်ရည်ပူများထဲတွင် တိတ်ဆိတ်စွာ ပြန်လည် နစ်မြုပ်သွားခဲ့တော့သည်။