← Chapters

အခန်း (၁၂၀၁-၁၂၀၂)

Vol. 121 Ch. 1201-1202

အခန်း (၁၂၀၁-၁၂၀၂)

Vol. 121 Ch. 1201-1202

အခန်း (၁၂၀၁) အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်

ဆူယာသခင်မနဲ့ ကျိထျန်းတုတို့ဟာ ချက်ချင်း ထွက်ခွာသွားခြင်း မရှိသေးပါဘူး။

သူတို့ မထွက်ခွာခင်မှာ မသေမျိုးဈေးတန်းထဲမှာ ခဏလောက် ထပ်နေခဲ့ကြပါသေးတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ တာ့ဟွမ်မသေမျိုး လှုပ်ရှားလာတာကို တွေ့ရပါတယ်။

ဒါပေမဲ့ တစ်နာရီလောက် ကြာသွားတာတောင်မှ ဝိညာဉ်သုတ်သင်ရေးဌာနက ဌာနမှူးအချို့ကို ရှာမတွေ့ခဲ့ပါဘူး။

လွတ်လပ်သောမသေမျိုးအချို့ဟာ မသေမျိုးဈေးတန်းကနေ အမြန်ထွက်ခွာပြီး လိုက်လံဖမ်းဆီးသွားကြပါတယ်။

အဲဒီဌာနမှူးတွေဟာ ဒီနေရာကနေ ထွက်သွားပြီလို့ သူတို့ ခန့်မှန်းလိုက်ပုံရပါတယ်။

"ထျန်းတု... နင့်ရဲ့ ဒီလုပ်ရပ်က နည်းနည်းတော့ ပိုသွားပြီ"

ဆူယာသခင်မက မျက်မှောင်ကြုတ်ရင်း ပြောလိုက်ပါတယ်

"တကယ်လို့ အဲဒီဌာနမှူးတွေက တစ်ခုခုရိပ်မိသွားပြီး ဟွမ်ချင်းကျွဲ ဆီမှာ သွားတိုင်လိုက်ရင် ငါတို့အတွက် ထိခိုက်နိုင်တယ်"

ကျိထျန်းတုက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက် အေးအေးဆေးဆေးပဲ ပြောလိုက်တယ်

"သူတို့ တာ့ဟွမ်မသေမျိုးက ဝိညာဥ်နတ်ဘုရားဂိုဏ်းဝင်မှန်း သိဖို့ မဖြစ်နိုင်ပါဘူး တကယ်လို့ သိနေရင်လည်း ဒီနေရာကို လာရဲမှာ မဟုတ်ဘူး နင် စိုးရိမ်နေတဲ့ ကိစ္စက ဖြစ်လာမှာ မဟုတ်ပါဘူး"

"အရင်တစ်ခါ နင် ဟွမ်ချင်းကျွဲ ကို သွားတွေ့တုန်းက သူပြောတဲ့စကားတွေက နင့်ကို စိတ်ဆိုးအောင် လုပ်လိုက်လို့လား "

ဆူယာသခင်မရဲ့ မျက်လုံးတွေက လှုပ်ရှားသွားပါတယ်။

ကျိထျန်းတုက ရယ်မောလိုက်ပြီး

"စိတ်ဆိုးစရာ ဘာရှိမှာလဲ ကျုပ်က သူ့ဆီမှာ အကူအညီ တောင်းနေရတဲ့သူပဲလေ သူ စကားပြော မယဉ်ကျေးတာကလည်း သဘာဝပါပဲ မရီး... ကျုပ် ဒီနေ့ လုပ်လိုက်တာက တကယ်ပဲ မှားသွားတယ်လို့ ထင်နေတာလား "

ဆူယာသခင်မဟာ ကျိထျန်းတုရဲ့ အပြုံးထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ အရိပ်အယောင်တစ်ခုကို မြင်လိုက်ရတာကြောင့် ပြောမယ့်စကားကို ပြောင်းလိုက်ပါတယ်

"ဝိညာဉ်သုတ်သင်ရေးဌာနက ငါ့ယောင်္ကျားရဲ့ အလုပ်တွေကို တကယ်ပဲ အနှောင့်အယှက် ပေးနေတာဆိုတော့ သူတို့ကို သင်ခန်းစာပေးတာကလည်း သင့်တော်ပါတယ် ဒီကိစ္စက ငါတို့ကို မထိခိုက်ဘူးဆိုရင် ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်မယ် တကယ်လို့ တစ်ခုခု ထိခိုက်လာရင်တော့ ငါ့ ယောင်္ကျားကို အမှန်အတိုင်း ပြောပြရလိမ့်မယ်"

"ရပါတယ်"

ကျိထျန်းတုက ရယ်နေပေမဲ့ အဲဒီအပြုံးက အေးစက်စပြုနေပါတယ်။

...

ဖန့်ချန်တို့ ငါးယောက်ရဲ့ အရှိန်က အလွန်မြန်ပါတယ်။

အနီးဆုံးမှာရှိတဲ့ တည်နေရာ ကူးပြောင်းခြင်း အစီရင် ဆီကို အပြေးအလွှား သွားနေကြတာပါ။

ပန်းတိုင်က ပိုပိုနီးကပ်လာပြီး အစီရင် ရဲ့ ပုံသဏ္ဌာန်ကို ဝေဝါးစွာ မြင်နေရပြီ ဖြစ်ပါတယ်။

"ဒီတစ်ခါတော့ ငါ ပေါ့ဆသွားတယ် ချင်းဖုန်းက ငါ့ရဲ့ အဆင့်အတန်းကို သိနေပြီး မသေမျိုးလောကငယ်နဲ့ ပတ်သက်နေမယ်လို့ မထင်ထားမိဘူး"

"ဒါပေမဲ့... ဘာလို့ မသေမျိုးလောကငယ်က ငါတို့ကို သစ္စာဖောက်ရတာလဲ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက သူတို့က လူလွှတ်ပြီး မြေဝက်ဝံဂြိုဟ်ကိစ္စအတွက် ချင်းကျွဲ သခင်လေးနဲ့ လာညှိနှိုင်းခဲ့သေးတာပဲ"

ယန်ယွမ်ဝူက ပန်းတိုင်ကို ရောက်တော့မယ်ဆိုတာ သိလိုက်တာကြောင့် စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး လူတိုင်းကို လေးနက်တဲ့ အမူအရာနဲ့ ကြည့်ကာ ပြောလိုက်ပါတယ်။

"မမေ့နဲ့... သူတို့က ဝိညာဥ်နတ်ဘုရားဂိုဏ်းနဲ့လည်း ပူးပေါင်းထားတာပဲလေ ငါတို့ကို သစ္စာဖောက်တယ်ဆိုမှတော့ သူတို့က ဝိညာဥ်နတ်ဘုရားဂိုဏ်းနဲ့ ပိုပြီး ရင်းနှီးတယ်လို့ ဆိုလိုတာပဲ"

"ဒီနေရာကနေ ထွက်သွားရင်တော့ ဒီကိစ္စကို ချင်းကျွဲသခင်လေးကို သေချာပေါက် အသိပေးရမယ် မသေမျိုးလောကငယ်က ငါတို့အပေါ် မကောင်းတဲ့ စိတ်ထားရှိနေတာကို သူ သိထားသင့်တယ်"

စကားပြောနေရင်းနဲ့ သူတို့ဟာ တည်နေရာ ကူးပြောင်းခြင်း အစီရင် ဆီကို ရောက်လာကြပါတယ်။

အစီရင် ကနေတစ်ဆင့် ရှန်းရွှီဂြိုဟ်ကနေ ထွက်ခွာဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ အထဲကနေ လူရိပ်တစ်ခု ထွက်လာပါတယ်။

မြစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ တာ့ဟွမ်မသေမျိုးပါပဲ။

"မိတ်ဆွေတို့ရဲ့ အရှိန်က နည်းနည်းတော့ နှေးနေသလားလို့ ကျုပ်ကတော့ ဒီမှာ စောင့်နေတာ ကြာပါပြီ"

တာ့ဟွမ်မသေမျိုးက ပြုံးပြီး ပြောလိုက်ပါတယ်။

ယန်ယွမ်ဝူတို့ တစ်ကိုယ်လုံး ကြက်သီးထသွားပါတယ်။

တစ်ဖက်လူက ခုနလေးတင် မသေမျိုးဈေးတန်းထဲမှာ ရှိနေခဲ့တာကို အခုတော့ သူတို့ထက် အရင် ဒီကို ရောက်နေပါပြီ။

ဒါဟာ အဆင့် ၅ မသေမျိုးရဲ့ အရှိန်လား

"စီနီယာက ကျုပ်တို့ကို စောင့်နေတာလား ဘာဖြစ်လို့လဲ "

ငါးယောက်လုံးဟာ ထူးခြားတဲ့ ပုံစံမျိုး မပြကြပါဘူး။

ယန်ယွမ်ဝူက ဘာမှမသိသလို ဟန်ဆောင်ပြီး ဇဝေဇဝါ ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ မေးလိုက်ပါတယ်။

တာ့ဟွမ်မသေမျိုး ပေါ်လာပြီးကတည်းက သူတို့ ငါးယောက်လုံးကို အကဲခတ်နေတာပါ။

ယန်ယွမ်ဝူက စကားပြန်ပြောတဲ့အချိန်အထိ သူဟာ ဝိညာဥ်နတ်ဘုရားဂိုဏ်းကလူမှန်း တစ်ဖက်လူတွေ သိနေတဲ့ အရိပ်အယောင် လုံးဝမပြပါဘူး။

တကယ်လို့ တစ်ဖက်လူတွေကသာ ဒီကိစ္စကို မသိဘူးဆိုရင် ဘာလို့ နတ်ဘုံဆွေးနွေးပွဲ မပြီးသေးခင်မှာတင် မသေမျိုးဈေးတန်းကနေ အလျင်အမြန် ထွက်လာခဲ့ကြတာလဲ

ပြီးတော့ သူနဲ့ ကျိထျန်းတုတို့ တွေ့ဆုံပြီးတဲ့နောက်မှာမှပေါ့

တာ့ဟွမ်မသေမျိုးက ရယ်မောလိုက်ပြီး

"မိတ်ဆွေတို့ ကျုပ်ရဲ့ နောက်ခံကို သိကြသလား"

ယန်ယွမ်ဝူက ရိုရိုသေသေနဲ့

"စီနီယာက တာ့ဟွမ်မသေမျိုးပါ ဒီတစ်ခေါက် နတ်ဘုံဆွေးနွေးပွဲကို စီနီယာကိုယ်တိုင် ဦးစီးတာ မဟုတ်လား"

"ဟုတ်တယ်၊ နတ်ဘုံဆွေးနွေးပွဲကို ကျုပ် ဦးစီးတာပါ ကျုပ်က တိုက်တိုက်ဆိုင်ဆိုင်ပဲ မိတ်ဆွေတို့ လောလောလောလောနဲ့ ထွက်သွားတာကို တွေ့လိုက်မိလို့ အဲဒါကြောင့် ဒီတစ်ခေါက် နတ်ဘုံဆွေးနွေးပွဲက မိတ်ဆွေတို့ကို စိတ်ပျက်စေလို့လားလို့ မေးချင်တာပါ"

တာ့ဟွမ်မသေမျိုးက ပြုံးရင်း

"မဟုတ်ရင် ဘာလို့ ဒီလောက် စောစော ထွက်သွားကြတာလဲ "

"ကျုပ်တို့ နတ်ဘုံဆွေးနွေးပွဲကို လာတဲ့ ရည်ရွယ်ချက်က ပြည့်စုံသွားပါပြီ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင်လို့ စောစော ထွက်လာခဲ့တာပါ စီနီယာ နားလည်မှု မလွဲပါနဲ့၊ ဒီတစ်ခေါက် ပွဲက တကယ့်ကို အောင်မြင်ပါတယ် ကျုပ်တို့လည်း တခြားမိတ်ဆွေတွေနဲ့ တာအိုဆွေးနွေးခွင့်ရလို့ အများကြီး အကျိုးရှိခဲ့ပါတယ်"

ယန်ယွမ်ဝူက ပြောပါတယ်။

သူက ခဏရပ်ပြီး

"စီနီယာမှာ တခြား အမိန့်ရှိတာ မရှိတော့ရင် ကျုပ်တို့ အရင် သွားခွင့်ပြုပါဦး"

"သွားကြလေ"

တာ့ဟွမ်မသေမျိုးက ပြုံးပြီး ခေါင်းညိတ်ပြပါတယ်။

ယန်ယွမ်ဝူက ဒါကိုမြင်တော့ လူတိုင်းကို ဦးဆောင်ပြီး တည်နေရာ ကူးပြောင်းခြင်း အစီရင်စုထဲကို ဝင်လိုက်ပါတယ်။

အစီရင် စတင်တဲ့ အချိန်မှာတော့ သူတို့အားလုံး စိတ်သက်သာရာ ရသွားကြပါတယ်။

သူတို့တွေဟာ ဖန့်ချန်ရဲ့ သတင်းအချက်အလက် မှန်မမှန်ကို သံသယ မရှိခဲ့ကြပါဘူး။

တာ့ဟွမ်မသေမျိုးက အကြောင်းပြချက်မရှိဘဲ ဒီမှာ လာစောင့်နေတာကတင် ဒီကိစ္စက မှန်ကန်နေကြောင်း သက်သေပြဖို့ လုံလောက်နေပါပြီ။

တခြား အထောက်အထားတွေ အများကြီး မလိုတော့ပါဘူး။

အခုကြည့်ရတာတော့ တစ်ဖက်လူက သူတို့ဟာ ထူးခြားတဲ့ အခြေအနေကို မသိဘူးလို့ ထင်သွားတာကြောင့် တိုက်ခိုက်ဖို့ အစီအစဉ် မရှိတော့ပုံပါပဲ။

ဒါကလည်း ဖြစ်နိုင်ပါတယ်။

တကယ်လို့ တာ့ဟွမ်မသေမျိုးက ဝိညာဥ်နတ်ဘုရားဂိုဏ်းဝင်မှန်း လူသိရှင်ကြား ဖြစ်သွားရင် နောက်တစ်ခါ နတ်ဘုံဆွေးနွေးပွဲ လုပ်တဲ့အခါ ဘယ်လွတ်လပ်သောမသေမျိုးကမှ လာတက်မှာ မဟုတ်တော့ပါဘူး။

နတ်ဘုံဆွေးနွေးပွဲ တစ်ခါလုပ်ရင် လူတစ်ယောက်ဆီကနေ ဝင်ကြေးအဖြစ် မသေမျိုးကျောက်တုံး တစ်တုံး ရတာပါ။

အများကြီး စုမိရင် ဒါက မသေးငယ်တဲ့ စီးပွားရေးတစ်ခု ဖြစ်သလို ဂုဏ်သိက္ခာအပေါ်မှာ အခြေခံတာ ဖြစ်ပါတယ်။

လူတိုင်း သိကြတဲ့အတိုင်း ဝိညာဥ်နတ်ဘုရားဂိုဏ်းဟာ လူ့လောကနယ်မြေကိုးခုမှာ နာမည်ကြီးတယ် ဆိုပေမဲ့ အဲဒီနာမည်ကြီးမှုတွေက အဆိုးဘက်ကချည်းပါပဲ။

ဝိညာဥ်နတ်ဘုရားဂိုဏ်းက ဖော်စပ်တဲ့ သွေးဝိညာဉ်နတ်ဆေးလုံး ကို ဝယ်ယူသုံးစွဲနေတဲ့ လွတ်လပ်သောမသေမျိုးတွေတောင်မှ သူတို့အပေါ်မှာထားတဲ့ အမြင်က အလွန်ဆိုးရွားလှပါတယ်။

"ဟော... ကျုပ် ရုတ်တရက် သတိရသွားတယ် ဒီအစီရင် က ဟွမ်ရှဂြိုဟ် ကို သွားတာပဲ ကျုပ်လည်း အဲဒီကို သွားစရာ ရှိတာနဲ့ အတော်ပဲ၊ မိတ်ဆွေတို့နဲ့အတူ လိုက်ခဲ့ပါ့မယ်"

တာ့ဟွမ်မသေမျိုးက ရုတ်တရက် တည်နေရာကူးပြောင်းခြင်း အစီရင် ထဲကို ဝင်လာပြီး လူတိုင်းကို ပြုံးပြလိုက်ပါတယ်။

ဒီအချိန်မှာ အစီရင် က စတင်နေပြီမို့လို့ အပြင်ကို ပြန်ထွက်ဖို့ အချိန်မမီတော့ပါဘူး။

ယန်ယွမ်ဝူနဲ့ ဖန့်ချန်တို့အားလုံးဟာ ထူးခြားတဲ့ အမူအရာမျိုး မပြခဲ့ကြပါဘူး။

အလင်းတန်းတွေ ဖျတ်ခနဲ လက်သွားပါတယ်။

ခဏချင်းအတွင်းမှာတင် သူတို့ ခြောက်ယောက်လုံးဟာ ရှန်းရွှီဂြိုဟ်နဲ့ အလွန်ဝေးကွာတဲ့ ဟွမ်ရှဂြိုဟ် ကို ရောက်ရှိသွားကြပါတယ်။

ကောင်းကင်တစ်ခုလုံးမှာ သဲနီတွေ လွင့်ပျံနေပြီး ဒီနေရာမှာ မြေဓာတ်စွမ်းအား က အလွန်သိသာထင်ရှားနေပေမဲ့ ကျန်တဲ့ ဓာတ်လေးပါးကတော့ အလွန်အားနည်းနေပါတယ်။

ဒါဟာ ဓာတ်ကြီးငါးပါး မျှတမှု မရှိတဲ့ နေရာတစ်ခုဖြစ်လို့ ဒီလိုနေရာမျိုးမှာ ကျင့်ကြံသူကြီးတွေ ပေါ်ထွက်လာဖို့ အလွန်ခက်ခဲပါတယ်။

ခြောက်ယောက်လုံး တည်နေရာ ကူးပြောင်းခြင်း အစီရင် ကနေ ထွက်လာတာနဲ့ ယန်ယွမ်ဝူက အရင်ဆုံး စတင်တိုက်ခိုက်လိုက်ပါတော့တယ်။

သူဟာ အစိမ်းပုပ်ရောင် ကြေးအိုးကြီး တစ်လုံးကို ထုတ်လိုက်ပါတယ်။

ဟိန်းဟောက်နေတဲ့ မသေမျိုးစွမ်းအား တွေက ရူးသွပ်စွာ စီးဆင်းလာပြီး အထဲကနေ အစိမ်းပုပ်ရောင် နတ်အလင်းတန်းတစ်ခု ပန်းထွက်လာကာ ကောင်းကင်ယံ ကွန်ရက်ကြီးတစ်ခုလို တာ့ဟွမ်မသေမျိုးကို လွှမ်းခြုံပိတ်ဆို့လိုက်ပါတယ်။

"ဒီလူအိုကြီးက ငါတို့ကို သတ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးပြီ ငါ့ရဲ့ ဒီမှော်လက်နက်က သူ့ကို ခဏတော့ ထိန်းထားနိုင်လိမ့်မယ်၊ လူခွဲပြီး ထွက်ပြေးကြတော့ "

ယန်ယွမ်ဝူရဲ့ အသံက လူတိုင်းရဲ့ နားထဲမှာ ဟိန်းထွက်သွားပါတယ်။

တာ့ဟွမ်မသေမျိုးကတော့ အံ့သြခြင်း မရှိပါဘူး။

သူ့ခန္ဓာကိုယ်ကို အနည်းငယ် ကုန်းလိုက်ပြီး မှုန်ဝါးနေတဲ့ မျက်လုံးတွေထဲမှာတော့ လှောင်ပြောင်ရယ်မောချင်တဲ့ အရိပ်အယောင်တွေ ပြည့်နေပါတယ်။

"ဟက်..."

သူက အထင်သေးစွာနဲ့ နှာခေါင်းရှုံ့လိုက်ပြီး လက်ညှိုးနဲ့ အစိမ်းပုပ်ရောင် နတ်အလင်းတန်းကို အသာအယာ တို့လိုက်ပါတယ်။

ခဏချင်းအတွင်းမှာတင် နတ်အလင်းတန်းဟာ ကြေမွသွားပြီး အရှိန်အဟုန်က အစိမ်းပုပ်ရောင် ကြေးအိုးကြီးဆီကို ပျံ့နှံ့သွားပါတယ်။

ဒီ ကောင်းကင်အဆင့် မှော်လက်နက်ဟာ အဲဒီစွမ်းအားအောက်မှာ တစ်စက္ကန့်တောင် မခံလိုက်ပါဘူး။

အရင်ဆုံး အက်ကြောင်းတွေ အထပ်ထပ် ပေါ်လာပြီးနောက်မှာတော့ ချက်ချင်း ကြေမွသွားပါတော့တယ်။

အစိတ်အပိုင်းတွေက ကြောက်မက်ဖွယ် ကောင်းတဲ့ အရှိန်နဲ့ ယန်ယွမ်ဝူရဲ့ ခန္ဓာကိုယ်ကို ဆန်ခါပေါက်ဖြစ်အောင် ဖောက်ထွက်သွားပါတယ်။

နှစ်ဖက်လုံးရဲ့ တိုက်ခိုက်မှုက လျှပ်စီးလက်သလို မြန်ဆန်လှပါတယ်။

ယန်ယွမ်ဝူ တိုက်ခိုက်လိုက်တာကနေ သူ ရှုံးနိမ့်ပြီး ဆန်ခါပေါက် ဖြစ်သွားတဲ့အထိ ချူကျားတို့အဖွဲ့ဟာ ပေ ၁၀၀ တောင် မပြေးရသေးပါဘူး။

ယန်ယွမ်ဝူ ဒီလိုဖြစ်သွားတာကို မြင်တော့ လူတိုင်းရဲ့ စိတ်ထဲမှာ နာကျင်ခံပြင်းသွားကြပါတယ်။

ဒါပေမဲ့ ယန်ယွမ်ဝူဟာ သူတို့ ထွက်ပြေးနိုင်ဖို့အတွက် အခွင့်အရေး ဖန်တီးပေးခဲ့တာမှန်း သူတို့ သိကြပါတယ်။

ဒီအခွင့်အရေးက အလွန်သေးငယ်လွန်းပေမဲ့လည်း သူတို့ အလဟဿ အဖြစ်မခံနိုင်ပါဘူး။

လူတိုင်းက လမ်းခွဲပြီး ထွက်ပြေးကြပါတယ်။

ဒါပေမဲ့ ထွက်ပြေးနေရင်းနဲ့ပဲ လူရိပ်တစ်ခုကတော့ မလှုပ်မယှက်ဘဲ အဲဒီနေရာမှာ ရပ်နေတာကို ဝေဝါးစွာ မြင်လိုက်ကြရပါတယ်။

"ဖန့်ဌာနမှူးက ဘာလို့ မပြေးတာလဲ "

"ထားလိုက်ပါတော့... ယန်မိတ်ဆွေ ဖန်တီးပေးခဲ့တဲ့ အခွင့်အရေးကတော့ အလဟဿ ဖြစ်သွားပြီပဲ၊ နှမြောစရာကောင်းလိုက်တာ"

တာ့ဟွမ်မသေမျိုးက အဆင့် ၅ မသေမျိုးပါ။

အဲဒီမှာ ကျန်ခဲ့တယ်ဆိုတာ အသက်ရှင်ဖို့ လမ်း လုံးဝမရှိတော့ပါဘူး။

အခန်း (၁၂၀၂) ရန်တိုက်ပေးခြင်း

ယန်ယွမ်ဝူဟာ အဆင့် ၂ လွတ်လပ်သောမသေမျိုး ဖြစ်တာကြောင့် သူ့ရဲ့ သက်တမ်းဟာ ရှည်လျား သင့်ပေမဲ့ အခုတော့ မျက်နှာတစ်ခုလုံး ဖြူလျော့နေပြီး မျက်လုံးထဲက သက်စောင့်အားတွေဟာ တဖြည်းဖြန်း ပျောက်ကွယ်လို့ နေပါတယ်။

အပြင်ပန်းက ကြည့်ရင်တော့ သူ့ဒဏ်ရာဟာ သိပ်မပြင်းထန်သလိုပါပဲ၊ ခန္ဓာကိုယ်မှာ အပေါက် ရာဂဏန်းလောက် ပေါက်သွားတာပဲ ရှိတာပါ။

လွတ်လပ်သောမသေမျိုးတွေအတွက်တော့ ဒါဟာ အခြေခံကို မထိခိုက်သရွေ့ အလွယ်တကူ ကုသလို့ရတဲ့ ဒဏ်ရာမျိုးပါ။

ဒါပေမဲ့ ခုနက မှော်လက်နက် အစိတ်အပိုင်းတွေဟာ သာမန်အားအင်တွေ မဟုတ်ဘဲ အထဲမှာ ပြင်းထန်လှတဲ့ မသေမျိုးစွမ်းအား တွေ ပါဝင်နေတာပါ။

ဒီစွမ်းအားဟာ ယန်ယွမ်ဝူရဲ့ ခန္ဓာကိုယ်ကိုတင် ဒဏ်ရာရစေတာ မဟုတ်ဘဲ သူ့ရဲ့ အခြေခံ ကိုပါ တစ်ခဏချင်းအတွင်း အပြင်းအထန် ပျက်စီးသွားစေခဲ့တာ ဖြစ်ပါတယ်။

"အဆင့် ၂ လောက်နဲ့တင် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် အချိန်ဆွဲပေးနိုင်မယ်လို့ ထင်နေတာလား "

တာ့ဟွမ်မသေမျိုးက ယန်ယွမ်ဝူကို လှောင်ပြောင်သလို ကြည့်လိုက်ပြီး

"ဝိညာဉ်သုတ်သင်ရေးဌာနက ဝိညာဥ်နတ်ဘုရားဂိုဏ်းကို ဘာလို့ အမြဲတမ်း မနိုင်ရတာလဲ သိလား မင်းတို့ စိတ်ထဲမှာရှိတဲ့ ဒီလို ရယ်စရာကောင်းတဲ့ အတွေးအခေါ်တွေကြောင့်ပဲ တကယ်လို့ မင်းသာ ခုနက ချက်ချင်း ထွက်ပြေးခဲ့ရင် ငါ့မှာ လက်နှစ်ဖက်ပဲ ရှိတာ၊ တစ်ခါတည်းနဲ့ အများဆုံး နှစ်ယောက်ပဲ သတ်နိုင်မှာ၊ မင်းအလှည့် ရောက်ချင်မှ ရောက်မှာလေ"

ပြောပြီးတာနဲ့ သူဟာ သေအံ့ဆဲဆဲ ဖြစ်နေတဲ့ ဒီပိုးကောင်လေးကို ဂရုမစိုက်တော့ဘဲ ဖန့်ချန်ဆီကို အကြည့်လွှဲလိုက်ပါတယ်

"မင်းက ဘာလို့ မပြေးတာလဲ၊ သူ့ကို အဖော်လုပ်ပေးဖို့ ကျန်ခဲ့တာလား"

ယန်ယွမ်ဝူက အားအင်မရှိတဲ့ မျက်လုံးတွေနဲ့ ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး မျက်နှာမှာ ခါးသီးတဲ့ အပြုံးတစ်ခု ပေါ်လာပါတယ်။

ဒီ ရှန်းရွှီဂြိုဟ် ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ဌာနမှူးအသစ်လေးဟာ ဒီတစ်ခါတော့ သူ့ကြောင့် ဒုက္ခရောက်ရရှာပြီလို့ တွေးနေမိတာပါ။

"ယန်ယွမ်ဝူက ငါတို့ကို သစ္စာဖောက်ခဲ့တဲ့သူလို့ ငါ ထင်နေခဲ့တာ"

ဖန့်ချန်က ယန်ယွမ်ဝူကို တစ်ချက်ကြည့်ပြီး

"ကြည့်ရတာ သူ မဟုတ်ဘူးပဲ"

ယန်ယွမ်ဝူ ကြောင်သွားပါတယ်။

ဒါပေမဲ့ သူ နားလည်ပေးလို့ ရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် သူတို့ရဲ့ အဆင့်အတန်း ပေါ်သွားတာဟာ သူ့အပေါ်မှာ တာဝန်ရှိတာကြောင့် သံသယဝင်တာက သဘာဝကျပါတယ်။

ဒါပေမဲ့ သံသယရှိတာ ရှိတာပဲ၊ ဒီလူက ဘာလို့ မပြေးတာလဲ

တာ့ဟွမ်မသေမျိုးက ဖန့်ချန်နဲ့ စကားအများကြီး ပြောမနေတော့ဘဲ သူ့ကို လက်ညှိုးနဲ့ အသာတို့လိုက်ပြီး ကျန်တဲ့ သုံးယောက်နောက်ကို လိုက်ဖို့ ပြင်လိုက်ပါတယ်။

အဆင့် ၅ အသားနဲ့ဝိညာဉ် မသေမျိုးမိစ္ဆာ ရှေ့မှာ အဆင့် ၁ လွတ်လပ်သောမသေမျိုး သုံးယောက် ထွက်ပြေးဖို့ ကြိုးစားတာဟာ တကယ်ကို ခက်ခဲလွန်းလှတဲ့ အလုပ်ပါ။

ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေဟာ ဖန့်ချန် ရပ်နေတဲ့ နေရာမှာတင် တဒင်္ဂချင်း ပေါက်ကွဲသွားပါတယ်။

တာ့ဟွမ်မသေမျိုးက ထွက်သွားဖို့ ပြင်လိုက်ပေမဲ့ တစ်ခုခု မှားနေတယ်လို့ ခံစားလိုက်ရတာကြောင့် ဘာမှမရှိတော့တဲ့ မြေကျင်းကြီးကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။

"တာ့ဟွမ်မသေမျိုး... ခင်ဗျား အသက်ကြီးလို့ မျက်စိမှုန်နေပြီလား၊ ဒီလောက်လေးတောင် မထိအောင် ပစ်တာလား "

ဖန့်ချန်ဟာ မြေကျင်းကြီးနဲ့ ပေ ၁၀၀ လောက် ဝေးတဲ့ နေရာမှာ ရပ်နေပါတယ်။

တာ့ဟွမ်မသေမျိုးက သူ့လက်ကို ထပ်ပြီး မြှောက်လိုက်ပါတယ်။

နောက်ထပ် မြေကျင်းတစ်ခု ထပ်ပေါ်လာပြန်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခါတော့ သူကိုယ်တိုင် မျက်မြင်တွေ့လိုက်ရတာက ဖန့်ချန်ရဲ့ ကိုယ်ထည်ဟာ တစ်ခဏချင်းအတွင်းမှာ ပျောက်ကွယ်သွားတာပါ။

ဒါဟာ ထူးဆန်းတဲ့ တည်နေရာရွှေ့ပြောင်းခြင်း အတတ် တစ်ခုလိုပါပဲ။

"ပိုးကောင်လေး"

တာ့ဟွမ်မသေမျိုးက အမူအရာမပျက်ဘဲ ထပ်ပြီး တိုက်ခိုက်ပါတယ်။

နှစ်ဖက်လုံး ဆယ်ကွက်မက အပြန်အလှန် ရင်ဆိုင်ပြီးတဲ့နောက်မှာတော့ ပတ်ဝန်းကျင်မှာ မြေကျင်းတွေ တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။

တာ့ဟွမ်မသေမျိုးဟာ တစ်ဖက်လူက သူ့ကို ကစားနေတယ်လို့ စတင် ခံစားလာရပါတယ်။

"မင်းရဲ့ ဒီရွှေ့ပြောင်းခြင်း အတတ်က စိတ်ဝင်စားစရာပဲ၊ မင်း ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

နှစ်ယောက်သား တိုက်ရင်းနဲ့ ဝေးရာကို ရောက်သွားကြပါတယ်။

လွင့်ပျံနေတဲ့ သဲဝါတွေကြားမှာတော့ ယန်ယွမ်ဝူ တစ်ယောက်တည်း မြေပြင်မှာ ထိုင်နေပြီး သူ့ရဲ့ သက်စောင့်အားတွေဟာ တစတစ ကုန်ခမ်းနေကာ သေမယ့်အချိန်ကိုပဲ စောင့်နေရပါတော့တယ်။

"ဒါတွေက ဝိညာဉ်ခေါ်မီးအိမ် တွေပဲ ခုနက ငါ မင်းကို စိတ်ချင်းဆက်ပြီး ပြောပြထားတဲ့ ယင်လောကသွားနည်း ကို မှတ်မိသေးလား"

လူရိပ်တစ်ခုဟာ ယန်ယွမ်ဝူရဲ့ ဘေးမှာ ရုတ်တရက် ပေါ်လာပြီး သူ့ပတ်ပတ်လည်မှာ ဝိညာဉ်ခေါ်မီးအိမ် လေးလုံး ချထားလိုက်ပါတယ်။

ယန်ယွမ်ဝူက ဖန့်ချန်ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်ပြီး

"ယင်လောက သွားတာက တကယ်ပဲ ထူးဆန်းပါတယ် ဒါပေမဲ့... ငါ့ရဲ့ သက်စောင့်အားက ကုန်သွားပြီ နောက်ထပ် လက်ဖက်ရည် တစ်ခွက်စာ အချိန်လောက်ဆိုရင် အသက်ပျောက်တော့မှာ ယင်လောကသွားနိုင်ရင်တောင် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး"

ဒီလို ပြောနေရင်းနဲ့ သူဟာ ဖန့်ချန်ရဲ့ ထူးဆန်းတဲ့ ရွှေ့ပြောင်းခြင်း အတတ်အကြောင်းကို မမေးဘဲ အောင့်အီးထားလိုက်ပါတယ်။

အဆင့် ၅ မသေမျိုး တစ်ယောက်ကို ပတ်ချာလည်အောင် ကစားထားနိုင်တဲ့အပြင် ဒီနေရာကိုတောင် အချိန်လုပြီး ပြန်လာနိုင်တာက အံ့သြစရာပါပဲ။

"ယင်လောက သွားမှသာ မင်းအတွက် တစ်ခုတည်းသော အခွင့်အရေး ရှိမှာ လူ့လောကက ခန္ဓာကိုယ် သေသွားလည်း ဘာမှမဖြစ်ဘူး မင်း နတ်ဘုရားဝိညာဥ်လမ်းစဉ် ကို ပြောင်းလဲကျင့်ကြံလို့ ရတယ် တာ့ဟွမ်မသေမျိုး အခုချက်ချင်း ပြန်ရောက်လာတော့မှာ မင်းမှာ အချိန်သိပ်မရှိဘူး"

ဖန့်ချန်က ပြောပါတယ်။

ယန်ယွမ်ဝူဟာ ချက်ချင်း မျက်လုံးမှိတ်လိုက်ပြီး ယင်လောက သွားနည်း ကို စတင် ကျင့်ကြံပါတယ်။

သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေက အပေါက်တွေ ဖြစ်နေသလို တာ့ဟွမ်မသေမျိုး ချန်ထားခဲ့တဲ့ မသေမျိုးစွမ်းအားတွေကြောင့် သူ့ရဲ့ စွမ်းအားစီးဆင်းမှုဟာ အနှောင့်အယှက် အတားအဆီးတွေ အများကြီးနဲ့ ကြုံနေရပါတယ်။

ကံကောင်းတာက ယင်လောကသွား နည်းဟာ မခက်ခဲပါဘူး၊ လွတ်လပ်သောမသေမျိုး တစ်ယောက်အတွက်ဆိုရင် ဒီအတတ်ဟာ အလွန် ရိုးရှင်းလှပါတယ်။

ငါးစက္ကန့်၊ ခြောက်စက္ကန့်လောက် ကြာပြီးနောက်မှာတော့ ယန်ယွမ်ဝူဟာ ယင်လောက ကို အောင်မြင်စွာ သွားနိုင်ခဲ့ပါတယ်။

ဝိညာဉ်ဟာ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားပြီး ဟွမ်ရှဂြိုဟ်နဲ့ ဆက်နွှယ်နေတဲ့ ဖူထူလောက ရဲ့ နယ်မြေထဲကို ရောက်သွားပါတယ်။

"ဒါက ဘွဲ့နှင်းခြင်း ပဲ မင်း အတားအဆီး မလုပ်နဲ့"

ယန်ယွမ်ဝူရဲ့ နားထဲမှာ ဖန့်ချန်ရဲ့ အသံ ကြားလိုက်ရပါတယ်။

ယန်ယွမ်ဝူ သတိမဝင်ခင်မှာတင် ဘွဲ့နှင်းခြင်း အလင်းတန်းတစ်ခုဟာ သူ့အပေါ်ကို ကျရောက်လာပါတယ်။

သူဟာ သဘာဝအရ ဒီစွမ်းအားကို ခုခံဖို့ ကြိုးစားမိပေမဲ့ ဖန့်ချန်ရဲ့ စကားကို သတိရတာကြောင့် အောင့်အီးပြီး လက်ခံလိုက်ပါတယ်။

မကြာခင်မှာပဲ ယန်ယွမ်ဝူဟာ သူ့ရဲ့ ဝိညာဉ်ခန္ဓာကိုယ်ဟာ ထူးခြားလာတာကို သတိထားမိလိုက်ပါတယ်။

သူ့အပေါ်မှာ ရွှေရောင်အလင်းတန်းလေးတွေ စီးဆင်းနေတာကို ဝေဝါးစွာ မြင်နေရပါတယ်။

"ဒီမှာ ခဏစောင့်နေဦး၊ ငါ တာ့ဟွမ်မသေမျိုးကို ဟွမ်ရှဂြိုဟ်တစ်ပတ်လောက် လိုက်ပို့လိုက်ဦးမယ်"

ဖန့်ချန်က မှာကြားပြီး ဖူထူလောကထဲကနေ ပျောက်ကွယ်သွားပါတယ်။

"ဖန့်ဌာနမှူးမှာ... တကယ်ပဲ နားမလည်နိုင်အောင် ထူးဆန်းတဲ့ နည်းလမ်းတွေ ရှိနေတာပဲ"

ယန်ယွမ်ဝူရဲ့ မျက်နှာဟာ ထူးဆန်းသွားပြီးနောက် ငြိမ်ငြိမ်လေးပဲ အဲဒီနေရာမှာ စောင့်နေပါတော့တယ်။

သူ့ခေါင်းထဲမှာ ဘာမှ မတွေးတော့ပါဘူး။

သူ ခန့်မှန်းတာ မမှားဘူးဆိုရင် နောက်ထပ် ခဏနေရင် သူ့ရဲ့ လူ့ခန္ဓာကိုယ် သေသွားတာနဲ့ သူဟာ လေလွင့်ဝိညာဉ် တစ်ခု ဖြစ်သွားတော့မှာပါ။

သာမန် လေလွင့်ဝိညာဉ် တစ်ခုဟာ ဝိညာဉ်လောကမှာ ဘာလုပ်နိုင်မှာလဲ

လူ့လောကနယ်မြေကိုးခုက သာမန်လူတွေလိုပဲ အစွမ်းထက်သူတွေရဲ့ ရှေ့မှာတော့ ခြင်လေး၊ ပိုးကောင်လေး တစ်ကောင်လိုပါပဲ။

ဒါပေမဲ့ ယန်ယွမ်ဝူဟာ စောင့်ရင်း စောင့်ရင်းနဲ့ ဘာမှ ဖြစ်မလာတာကို တွေ့ရပါတယ်။

အဲဒီအစား သူ့ရဲ့ ခန္ဓာကိုယ်နဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ ဆက်နွှယ်မှုကြီးဟာ ပြတ်တောက်သွားတာကို ခံစားလိုက်ရပါတယ်။

ဒါဟာ ခန္ဓာကိုယ် လုံးဝ သေဆုံးသွားပြီဆိုတာကို သက်သေပြလိုက်တာပါ။

ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံဆင့်ကတော့ ကျဆင်းမသွားဘဲ အရင်အတိုင်း ရှိနေဆဲပါပဲ

"ဖန့်ဌာနမှူး ခုနက နတ်ဘုရားဝိညာဥ်လမ်းစဉ် လို့ ပြောသွားတယ်... နတ်ဘုရားဝိညာဥ်... နတ်ဘုရားဝိညာဥ်.."

ယန်ယွမ်ဝူဟာ အဲဒီစကားလုံးနှစ်လုံးရဲ့ အဓိပ္ပာယ်ကို တစ်တွတ်တွတ် ရွတ်ဖတ်ရင်း စဉ်းစားနေမိပါတယ်။

...

တာ့ဟွမ်မသေမျိုးရဲ့ မျက်နှာဟာ အလွန်အမင်း အုံ့မှိုင်းနေပါတယ်။

ဖန့်ချန်နဲ့ သူဟာ မိုင်အနည်းငယ်လောက် ဝေးတဲ့ နေရာမှာ ရှိနေကြတာပါ။

အခုတော့ သူက ဆက်ပြီး မတိုက်ခိုက်တော့သလို ဖန့်ချန်ကလည်း မပြေးဘဲ ငြိမ်ငြိမ်လေး ရပ်နေပါတယ်။

ငါးရက်တောင် ကြာသွားခဲ့ပါပြီ။

ငါးရက်လုံးလုံး သူဟာ ဒီပိုးကောင်လေးနောက်ကို လိုက်နေခဲ့တာပါ။

အလွယ်တကူ ဖမ်းလို့ရမယ်လို့ ထင်ထားပေမဲ့ ငါးရက်ကြာတဲ့အထိ ဘာမှ တိုးတက်မလာတဲ့အပြင် သူ့ရဲ့ စိတ်ဓာတ်ဟာလည်း အပြင်းအထန် ဒေါသထွက်စပြုလာပါပြီ။

"မင်းရဲ့ ဒီရွှေ့ပြောင်းခြင်း အတတ်က မသေမျိုးစွမ်းအား ကုန်ခမ်းတာ မရှိဘူးလား "

တာ့ဟွမ်မသေမျိုးက လေးလေးပင်ပင် စကားစလိုက်ပါတယ်။

တစ်ဖက်လူ ပျောက်ကွယ်သွားတိုင်းမှာ မသေမျိုးစွမ်းအားရဲ့ လှုပ်ခတ်မှုကို သူ မခံစားရပါဘူး။

ဒါဟာ အထူးဆန်းဆုံးဖြစ်သလို သူ့ကို အကူအညီမဲ့အောင် လုပ်နေတဲ့ အချက်ပါပဲ။

တစ်ဖက်လူရဲ့ မသေမျိုးစွမ်းအားကို မခံစားရတဲ့အတွက် တစ်ဖက်လူ ဘယ်အချိန်မှာ ဒါကို သုံးမလဲဆိုတာ မသိနိုင်သလို ကြိုတင်ပြီး ပိတ်ဆို့ဖို့လည်း မရပါဘူး။

ဒီ ခွေးမသား က သူ့ရှေ့မှာ ဟိုခုန် ဒီခုန် လုပ်နေတာကိုပဲ ကြည့်နေရပါတယ်။

လက်တစ်ချက်နဲ့ အသာလေး ရိုက်သတ်နိုင်ရမယ့်အလုပ်က အခုတော့ အလွန်ခက်ခဲနေပါပြီ။

"ခင်ဗျားတောင် ကျုပ်ရဲ့ အတတ်ပညာက ထူးဆန်းတယ်လို့ ထင်နေမှတော့ ဒါက မသေမျိုးစွမ်းအား ကုန်စရာ မလိုတာ သဘာဝပေါ့"

ဖန့်ချန်က ရယ်မောလိုက်ပြီး

"ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက် သုံးယောက်ကတော့ ဟွမ်ရှဂြိုဟ်ကနေ ထွက်သွားလောက်ပြီ ထင်တယ် စီနီယာ မလိုက်တော့ဘူးလား ဟုတ်သားပဲ အခုမှ လိုက်ရင်လည်း မှီတော့မှာ မဟုတ်ပါဘူး"

"ပိုးကောင်လေး သုံးကောင်ကတော့ သတ်သတ် မသတ်သတ် ဘာမှ မဖြစ်ဘူး လွတ်သွားလည်း ကိစ္စမရှိပါဘူး အဲဒီအစား မင်းလို ပိုးကောင်လေးက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်"

တာ့ဟွမ်မသေမျိုးရဲ့ မျက်လုံးတွေက လှုပ်ရှားသွားပြီး

"ငါတို့ အရောင်းအဝယ်တစ်ခု လုပ်ကြရင် ဘယ်လိုလဲ မင်းက လူတော်တစ်ယောက်လို့ ငါ ထင်တယ် မင်း ငါတို့ဘက်ကို ပြောင်းလာခဲ့ပေါ့ ငါ မင်းကို ဝိညာဉ်သုတ်သင်ရေးဌာနမှာ ရာထူးကြီးကြီး ရအောင် ကူညီပေးမယ်"

"ဘယ်လို ကူညီမှာလဲ "

"ရိုးရိုးလေးပါ ငါ ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ အစီအစဉ်အချို့ကို မင်းကို သတင်းပေးမယ်၊ မင်းက ထွက်ပြီး ဖြေရှင်းလိုက်ပေါ့ အဲဒီလိုဆိုရင် မင်းဟာ ဝိညာဉ်သုတ်သင်ရေးဌာနမှာ ရာထူးတိုးမှာ အသေအချာပဲ"

"မင်းလို ဌာနမှူးတွေ အများကြီး ရှိပါတယ် အားလုံးက ငါ နဲ့ အဲဒီလို ပူးပေါင်းနေကြတာပဲ"

တာ့ဟွမ်မသေမျိုးက အလွယ်တကူ ပြောလိုက်ပါတယ်။

ဖန့်ချန်က ခေါင်းခါပြလိုက်တယ်

"ခင်ဗျား လိမ်နေတာပဲ ဒီလိုနည်းနဲ့ ရန်တိုက်ပေးချင်တာလား ကျုပ်တို့ ဝိညာဉ်သုတ်သင်ရေးဌာနက ဌာနမှူးတွေက ဝိညာဥ်နတ်ဘုရားဂိုဏ်းက အကောင်တွေနဲ့ ဘယ်လိုလုပ် ပူးပေါင်းမှာလဲ၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး"

'အကောင်တွေ' ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတဲ့အခါ တာ့ဟွမ်မသေမျိုးရဲ့ မျက်မှောင်တွေဟာ တွန့်သွားပါတယ်။

"ဒါနဲ့... ကျုပ်တို့ ဘာလို့ သတင်းကို ကြိုတင် သိနေရလဲဆိုတာ ခင်ဗျား သိချင်လား "

ဖန့်ချန်က မေးပါတယ်။

တာ့ဟွမ်မသေမျိုးရဲ့ မျက်ဝန်းတွေက လက်ခနဲ ဖြစ်သွားပြီး

"ဘာလို့လဲ "

"မသေမျိုးလောကငယ် လေ"

ဖန့်ချန်ဟာ ဒီစကားလုံး လေးလုံးကို ချန်ထားခဲ့ပြီး ထပ်မံ ပျောက်ကွယ်သွားပါတော့တယ်။

ဒီတစ်ခါတော့ တာ့ဟွမ်မသေမျိုးဟာ အကြာကြီး စောင့်နေခဲ့ပေမဲ့ ဖန့်ချန်ရဲ့ အငွေ့အသက်ဟာ ဟွမ်ရှဂြိုဟ်ပေါ်မှာ ထပ်ပြီး ပေါ်မလာတော့ပါဘူး။

All Chapters