အကြောင်းရင်း
Vol. 5 Ch. 63
ဘာသာပြန် - အားသစ်
လင်းဖုန်း ပုံရိပ်ယောင် တိုက်ပွဲခန်းမထဲမှ ထွက်လာသောအခါ ဖုန်းရှို၏ စိတ်အားထက်သန်နေသော အကြည့်များကို ချက်ချင်း မြင်လိုက်ရသည်။
“အစ်ကိုဖုန်း... အစ်ကိုက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ နတ်ဆိုးဘုရင် တုန်ဖန်းရှန်ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်။ အခုဆို အစ်ကိုဖုန်းက ပုံရိပ်ယောင် တိုက်ပွဲခန်းမရဲ့ နံပါတ်တစ် ဖြစ်သွားပြီ။ တကယ့်ကို ဂုဏ်ယူစရာပဲ ဟားဟားဟား...”
ယခုအချိန်အထိ ဖုန်းရှို့သည် စိတ်လှုပ်ရှားနေဆဲပင်။ နောင်တစ်ချိန်တွင် တစ်စုံတစ်ယောက်က ပထမနေရာမှာရှိသူကို စိန်ခေါ်သည့်အခါ ၎င်းမှာ လင်းဖုန်း ဖြစ်နေသည်ကို သိသွားလျှင် မည်မျှ တုန်လှုပ်သွားမည်နည်းဟု သူ တွေးနေမိသည်။
ယခု သူသည် လင်းဖုန်းနောက်သို့ လိုက်နေခြင်းဖြစ်ရာ နောင်တစ်ချိန်တွင် သူသည်လည်း လူပြောများသည့် ခေါင်းစဉ်တစ်ခု ဖြစ်လာနိုင်ပေသည်။
လင်းဖုန်း၏ ခံစားချက်ကတော့ အလွန် ရှုပ်ထွေးနေသည်။ သူ စိတ်လှုပ်ရှားခြင်းမရှိသလို အောင်မြင်ကျော်ကြားမှုအရသာကိုလည်း ခံစားလိုစိတ်ရှိမနေပေ။ ထိုအစား သူ သက်ပြင်းအရှည်ကြီး တစ်ချက်သာ ချလိုက်မိသည်။ ဤသည်မှာ သူ၏ အတိတ်က နောင်တတစ်ခုကို ပြန်လည် ကုစားလိုက်ခြင်းဟုလည်း ဆိုနိုင်ပေသည်။
ယခုအခါ သူသည် ပုံရိပ်ယောင် တိုက်ပွဲခန်းမကို စိန်ခေါ်ပြီးပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်စွမ်ူရည်များကလည်း ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ခန္ဓာကိုယ်ကို ဆက်လက် လေ့ကျင့်နေခြင်းမှာလည်း အဓိပ္ပာယ် များများစားစား မရှိတော့ပေ။ ထို့အပြင် သူ့တွင် သက်တမ်း တစ်နှစ်သာ ကျန်တော့သည် မဟုတ်ပါလား။
ထို့ကြောင့် လင်းဖုန်းတွင် ယခု ရည်မှန်းချက်တစ်ခုသာ ရှိတော့သည်။ သူ ထိုရည်မှန်းချက်တစ်ခုတည်းကိုသာ တစိုက်မတ်မတ် လုပ်ဆောင်တော့မည် ဖြစ်သည်။ ဤသည်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်ပင်။
“ဖုန်းရှို့... ငါ ဒီကာလအတွင်း အပြင်ထွက်တော့မှာ မဟုတ်ဘူး။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ ကြိုးစားကြည့်တော့မယ်။ မင်း ငါ့အတွက် မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်တာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အားလုံးကို ရနိုင်သလောက် စုဆောင်းပေးပါဦး”
ဖုန်းရှိုက စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြပြီး “စိတ်မပူပါနဲ့ အစ်ကိုဖုန်း။ အစ်ကိုက ပုံရိပ်ယောင် တိုက်ပွဲခန်းမရဲ့ နံပါတ်တစ် ဖြစ်သွားပြီဆိုတော့ နောင်တရစရာ ဘာမှ မရှိတော့ပါဘူး။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ကပဲ အစ်ကို့ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ် ဖြစ်သင့်တာပါ။ ကျွန်တော် အစ်ကို့အတွက် သတင်းအချက်အလက်တွေ စုဆောင်းပေးပါ့မယ်”
လင်းဖုန်း ခေါင်းငြိမ့်ပြလိုက်ပြီး လှည့်ထွက်ကာ သူ၏ အခန်းသို့ ပြန်လာခဲ့သည်။
မျိုးရိုးဗီဇကန့်သတ်ချက်နှင့် ပတ်သက်၍ သီအိုရီများစွာ ရှိသည်။ ထို့အပြင် အနန္တလမ်းစဉ်အကယ်ဒမီ၏ အွန်လိုင်းအရောင်းဆိုင်တွင် သာလွန်လူသား ကျွမ်းကျင်သူများ၏ မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်ခဲ့သော အတွေ့အကြုံမှတ်တမ်းတချို့လည်း ရှိသည်။
သဘာဝကျစွာပင် ထိုအရာအားလုံးကို ဝယ်ယူရန် အမှတ်များ လိုအပ်သည်။ ထိုအတွေ့အကြုံမှတ်တမ်းများမှာ အလွန် ဈေးကြီးလှသည်။
ဥပမာအားဖြင့် အတွေ့အကြုံမှတ်တမ်းစာအုပ် တစ်အုပ်တည်းကိုပင် ၁၀ မှတ်ကျော် ပေးရသည်။
သို့သော် လက်ရှိ လင်းဖုန်းအတွက်မူ ၁၀ မှတ်ဆိုသည်မှာ ဘာမှ မဟုတ်ပေ။ သူသည် သာလွန်လူသား ကျွမ်းကျင်သူများ၏ မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်ခဲ့သော အတွေ့အကြုံမှတ်တမ်းစာအုပ်ပေါင်း ဒါဇင်ဝက်ခန့်ကို တစ်ပြိုင်နက်တည်း ဝယ်ယူလိုက်သည်။
ထို့အပြင် လင်းဖုန်း တစ်ယောက်တည်း ဝယ်နေခြင်း မဟုတ်ပေ။ ဖုန်းရှို့ကလည်း လင်းဖုန်းအတွက် စုဆောင်းပေးနေသည်။ နှစ်ရက်၊ သုံးရက်အတွင်းမှာပင် လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်ခြင်းနှင့် ပတ်သက်သော သတင်းအချက်အလက် အမြောက်အမြားကို စုဆောင်းမိသွားသည်။
လင်းဖုန်းသည် ထိုအချက်အလက်အားလုံးနီးပါးကို ဖတ်ရှုခဲ့သည်။ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို မည်သို့ ချိုးဖျက်ရမည်ဆိုသည်ကိုလည်း သူ့စိတ်ထဲတွင် တိုက်ရိုက် နားလည်သွားခဲ့ပြီ ဖြစ်သည်။
မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်မှာ ကန့်သတ်ချက်ကို မြင်တွေ့ရန်လိုအပ်သည်။ ယင်းမှာ မိမိ၏ ကိုယ်ပိုင် မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံနိုင်ရန် ဖြစ်သည်။ ထို့နောက် မိမိ၏ ခန္ဓာကိုယ် အရည်အသွေးမှာ အဆင့်တစ်ခုသို့ ရောက်ရှိနေရမည် ဖြစ်သည်။ ထို့ပြင် ခိုင်မာသော စိတ်ဆန္ဒလည်းရှိရမည်ဖြစ်ကာ ထိုအချက်အားလုံးပြည့်စုံလျှင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မည် ဖြစ်သည်။
ဤလုပ်ငန်းစဉ်တွင် ခက်ခဲမှုဟူ၍ မရှိသလောက်ပင်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို မြင်တွေ့နိုင်သရွေ့ ချိုးဖျက်နိုင်မည် ဖြစ်သည်။ ချိုးဖျက်ပြီးနောက်တွင် ချက်ချင်း အသွင်ပြောင်းသွားမည် မဟုတ်ဘဲ အသွင်ပြောင်းလဲမှု ဖြစ်စဉ်အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်သည်။
အသွင်ပြောင်းလဲမှု အပြည့်အဝ ဖြစ်ပေါ်ရန်အတွက် နှစ်လ၊ သုံးလမှသည် အမြန်ဆုံး ဆယ်ရက်၊ ဆယ့်ငါးရက်ခန့်အထိ ကြာမြင့်နိုင်သည်။ အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသည်နှင့် သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ဖြစ်လာမည်ဖြစ်ပြီး မျိုးရိုးဗီဇများ ပြန်လည် ဖွဲ့စည်းသွားကာ အသက်အနှစ်သာရမှာ ဆင့်ကဲပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။ အရာအားလုံးချောချောမွေ့မွေ့ပြီးဆုံးသွားပြီးလျှင် သာမန်လူသားများထက် များစွာသာလွန်သော သာလွန်လူသားအဖြစ်သို့ အပြည့်အဝရောက်ရှိသွားမည် ဖြစ်သည်။
သို့သော် မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်ခြင်းဆိုင်ရာ အဆင့်ဆင့်ကို ပိုမိုလေ့လာလေလေ လင်းဖုန်း ပို၍ ဇဝေဇဝါ ဖြစ်လာလေလေပင်။ အချက်အလက်မှတ်တမ်းများအရ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို အမှန်တကယ် မြင်တွေ့ခဲ့ပြီး ဖြစ်သည်။
သို့သော် သူသည် အသွင်ပြောင်းလဲမှုကို မခံစားရသေးပေ။ ဤသည်မှာ အလွန်ပင် ထူးဆန်းလှသည်။
စစ်သေနာပတိချုပ် လုံကျိုးကလည်း ဤအကြောင်းကို ပြောခဲ့ဖူးသည်။ တစ်စုံတစ်ယောက်က မျိုးရိုးဗီဇကန့်သတ်ချက်ကို မြင်တွေ့သွားသည်နှင့် သူတို့သည် တဖြည်းဖြည်းချင်း အသွင်ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုလုပ်ငန်းစဉ်တွင် မည်သည့် ခက်ခဲမှုမျှ ရှိမည်မဟုတ်ပေ။ သို့သော် လင်းဖုန်းတွင်မူ အဘယိ့ကြောင့် ထိုသို့ မဟုတ်ရသနည်း။
လင်းဖုန်းသည်လည်း ထိုအကြောင်းရင်းကို ရှာဖွေနေခဲ့သည်။
“မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်တာက ကိုယ့်ရဲ့ အလားအလာကို လှုံ့ဆော်ပေးတာပဲ။ လူသားတွေရဲ့ မျိုးရိုးဗီဇ ကွင်းဆက်မှာ မယုံနိုင်စရာ ကောင်းတဲ့ စွမ်းအားတွေ ရှိနေပေမဲ့ အဲဒါတွေက မျိုးရိုးဗီဇကန့်သတ်ချက်နောက်မှာ ပိတ်မိနေတာ။ ဒါကြောင့် အဲဒီကန့်သတ်ချက်ကို ချိုးဖျက်ရမယ်။ ဒါပေမဲ့ ငါကတော့ ကွဲပြားနေတယ်။ ငါက သားရဲမျိုးရိုးဗီဇတွေကို ပေါင်းစပ်ထားလို့များ ဖြစ်နေမလား”
လင်းဖုန်း ပိုပြီး စဉ်းစားလေလေ ၎င်းမှာ သားရဲမျိုးဗီဇများကို ပေါင်းစပ်ထားသောကြောင့် ဖြစ်နိုင်ချေ ပိုများလေလေဟု ခံစားရလေသည်။ မည်သို့ပင်ဆိုစေ သူ ပေါင်းစပ်ထားသော သားရဲမျိုးဗီဇများမှလွဲ၍ ကျန်အချက်များတွင် သူသည် အခြားသော သိုင်းသမားများနှင့် မည်သို့မျှ မခြားနားပေ။
“ငါက သားရဲမျိုးရိုးဗီဇတွေနဲ့ ပေါင်းစပ်ထားတာပဲ၊ ပြီးတော့ အပြည့်အဝကို ပေါင်းစပ်ထားတာ။ တစ်နည်းအားဖြင့် ပြောရရင် ငါ့ရဲ့ လက်ရှိ မျိုးရိုးဗီဇတွေက လူသားမျိုးရိုးဗီဇ သက်သက် မဟုတ်တော့ဘူးပေါ့။ ငါ မျိုးရိုးဗီဇကန့်သတ်ချက်ကို မြင်နိုင်တယ်ဆိုတာက ငါ့ရဲ့ မူလ လူသားမျိုးရိုးဗီဇကန့်သတ်ချက်ပဲ ဖြစ်လိမ့်မယ်။ အခြား သားရဲမျိုးရိုးဗီဇတွေမှာလည်း မျိုးရိုးဗီဇကန့်သတ်ချက်တွေ ရှိနေတာလား”
လင်းဖုန်း ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသည်။ လူသားများတွင် မျိုးရိုးဗီဇကန့်သတ်ချက် ရှိနေလျှင် ကြမ်းကြုတ်သားရဲများတွင်လည်း မျိုးရိုးဗီဇကန့်သတ်ချက် ရှိနေမည်လား။
ဤအချက်ကို အာရုံစိုက်သူ အလွန် နည်းပါးသည်။ သာမန် လူသားသိုင်းသမားများသည် သူတို့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မည်လား ဆိုသည်ကိုသာ စိတ်ဝင်စားကြသည်။ မည်သူမျှ ထိုကဲ့သို့သော သီအိုရီများကို ဂရုမစိုက်ကြသလို ကြမ်းကြုတ်သားရဲများ၏ အခြေအနေကို အာရုံစိုက်ရန်လည်း စိတ်မဝင်စားကြပေ။
သို့သော် လင်းဖုန်းအတွက်မူ အခြေအနေမတူပေ။ သူသည် သားရဲမျိုးရိုးဗီဇများနှင့် ပေါင်းစပ်ကာ ကြီးမားသော ခွန်အားများကို ရရှိထားခြင်းဖြစ်သဖြင့် ကြမ်းကြုတ်သားရဲများ၏ မျိုးရိုးဗီဇ အခြေအနေကိုလည်း နားလည်ထားရန် လိုအပ်သည်။
ထို့ကြောင့် လင်းဖုန်းသည် အွန်လိုင်းတွင် ရှာဖွေကြည့်လိုက်သည်။ အထူးသဖြင့် ဇီဝဗေဒ ပရော်ဖက်ဆာ အချို့၏ စာတမ်းများကို ရှာဖွေခဲ့သည်။
ဤအရာများအားလုံးမှာ အွန်လိုင်းတွင် လူသိရှင်ကြား ဖော်ပြထားခြင်း ဖြစ်သည်။ ထိုဗဟုသုတများမှာ နက်နဲသော်လည်း သေသေချာချာ လေ့လာမိသည့်အခါ အံ့ဩစရာ ကောင်းလှသည်။ ကြမ်းကြုတ်သားရဲများသည်လည်း မျိုးရိုးဗီဇကန့်သတ်ချက်နှင့်အတူ မွေးဖွားလာကြခြင်း ဖြစ်သော်လည်း ကြမ်းကြုတ်သားရဲများ၏ မျိုးရိုးဗီဇကန့်သတ်ချက်မှာ လူသားများ၏ ကန့်သတ်ချက်နှင့် မတူကွဲပြားသည်။
အခြေခံအားဖြင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်စွမ်းမှာ ကြမ်းကြုတ်သားရဲများအတွက် မွေးရာပါ ဖြစ်သည်။ ဥပမာအားဖြင့် နတ်ဆိုးများသည် နတ်ဆိုးများအဖြစ် မွေးဖွားလာကြခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူတို့သည် မွေးကတည်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ပြီး သာမန် ကြမ်းကြုတ်သားရဲများထက် သာလွန်နေကြခြင်း ဖြစ်သည်။
သာမန် ကြမ်းကြုတ်သားရဲများအတွက်မူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် ကြိုးစားခြင်းမှာ အလွန် ခက်ခဲလှသည်။ အနည်းဆုံးတော့ လူသားများသည် ထိုကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးပေ။
သို့သော် ကြမ်းကြုတ်သားရဲများသည်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်သည်ဟု ယုံကြည်ကြသော ပရော်ဖက်ဆာ အချို့ ရှိသည်။ ကြမ်းကြုတ်သားရဲများသည် ဉာဏ်ရည် သိပ်မရှိကြသလို လူသားများကဲ့သို့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် အထူးရည်ရွယ်သော သိုင်းပညာရပ်များကိုလည်း ဖန်တီးနိုင်ခြင်း မရှိကြခြင်းကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် သာမန် ကြမ်းကြုတ်သားရဲများအဖို့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်မှာ အခြေခံအားဖြင့် အလွန် ခက်ခဲလှသည်။ သို့သော် ၎င်းမှာ ကြမ်းကြုတ်သားရဲများအတွက် မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်ရန် လုံးဝ မဖြစ်နိုင်ဟု မဆိုလိုပေ။
ဤအရာများမှာ ခန့်မှန်းချက်များသာ ဖြစ်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော် လင်းဖုန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။
အခြားသူများက ဤသည်မှာ ယုံကြည်စိတ်ချရမှုမရှိသော ခန့်မှန်းချက်ဟု ထင်နိုင်သော်လည်း လင်းဖုန်းကမူ ဤခန့်မှန်းချက်ကို မရေမရာ ယုံကြည်နေမိသည် ။ အမှန်တကယ်ပင် သာမန် ကြမ်းကြုတ်သားရဲများသည်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်စွမ်း ရှိကြပေလိမ့်မည်။
“ဟုတ်တယ်... အဲဒါပဲ ဖြစ်ရမယ်။ ငါ မျိုးရိုးဗီဇကန့်သတ်ချက်ကို မြင်နိုင်ပေမဲ့ အဲဒါက လူသားတစ်ယောက်အနေနဲ့ ငါ့ရဲ့ မျိုးရိုးဗီဇကန့်သတ်ချက်ပဲ ရှိသေးတာ။ ငါက ကြမ်းကြုတ်သားရဲ လေးကောင်ရဲ့ မျိုးရိုးဗီဇတွေကို ပေါင်းစပ်ထားတာလေ။ တကယ်တန်းဆို မျိုးရိုးဗီဇ ရှုထောင့်ကကြည့်ရင် ငါက လူသားစစ်စစ်တစ်ယောက် မဟုတ်တော့ဘူးလို့ ပြောလို့ရတယ်။ လူသားနဲ့ ကြမ်းကြုတ်သားရဲတွေ ပေါင်းစပ်ထားတဲ့ မျိုးစပ်သတ္တဝါ ဖြစ်နေပြီ”
“ငါက လူသားမျိုးရိုးဗီဇကန့်သတ်ချက်ကို မြင်ပြီးလို့ အသွင်ပြောင်းချင်ရင်တောင် ကျန်တဲ့ သားရဲ လေးကောင်ရဲ့ မျိုးရိုးဗီဇတွေက ငါ့ရဲ့ လူသားမျိုးရိုးဗီဇ အသွင်ပြောင်းလဲမှုကို ဟန့်တားနေလိမ့်မယ်။ ငါ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ချင်တယ်ဆိုရင် ကျန်တဲ့ သားရဲ လေးကောင်ရဲ့ မျိုးရိုးဗီဇကန့်သတ်ချက်တွေကိုပါ ချိုးဖျက်ရလိမ့်မယ်”
လင်းဖုန်း၏ မျက်လုံးများက ပို၍ တောက်ပလာသည်။ ဤသည်မှာ စိတ်ကူးယဉ်ဆန်သလို ထင်ရပေသည်။ ထို့အပြင် ဤအကြောင်းကို လူသိရှင်ကြား ပြောလိုက်မည်ဆိုလျှင် မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။ သို့သော် လင်းဖုန်းကမူ ဤခန့်မှန်းချက်မှာ သေချာသလောက် ရှိသည်ဟု ခံစားနေရသည်။
ဤသည်မှာ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံနိုင်သော်လည်း အသွင်မပြောင်းနိုင်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ပေလိမ့်မည်။
သူ အကြောင်းရင်းကို ရှာတွေ့သွားပြီ ဖြစ်သောကြောင့် ဖြေရှင်းနည်းကိုလည်း စဉ်းစားရပေမည်။ ၎င်းမှာ ကျန်ရှိသော သားရဲ လေးကောင်၏ မျိုးရိုးဗီဇကန့်သတ်ချက်များကို ချိုးဖျက်ရန် ဖြစ်သည်။ သို့သော် လင်းဖုန်းတွင် ဤရှုထောင့်နှင့် ပတ်သက်၍ မည်သည့် အတွေ့အကြုံမျှ မရှိပေ။
မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးသော သာလွန်လူသား ကျွမ်းကျင်သူများတွင်ပင် အတွေ့အကြုံ မရှိကြပေ။ မည်သို့ပင်ဆိုစေ ထိုနတ်ဆိုးများသည်ပင် မွေးရာပါ မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်နိုင်စွမ်းနှင့် မွေးဖွားလာကြခြင်း ဖြစ်သည် မဟုတ်ပါလား။
သာမန် ကြမ်းကြုတ်သားရဲများသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို မည်သို့ ချိုးဖျက်သင့်သနည်း။ ဖြစ်နိုင်သည်မှာ ကြမ်းကြုတ်သားရဲများ ကိုယ်တိုင်ပင် မည်သို့ ချိုးဖျက်ရမည်ကို သိကြလိမ့်မည် မဟုတ်ပေ...။