← Chapters

ဆုတ်ခွာခြင်း

Vol. 5 Ch. 64

ဆုတ်ခွာခြင်း

Vol. 5 Ch. 64

ဘာသာပြန် - အားသစ်

လင်းဖုန်းသည် သူ၏ လက်ရှိအခြေအနေကို နားလည်သွားခဲ့ပြီဖြစ်သည်။ ဤသည်မှာ မျိုးရိုးဗီဇကန့်သတ်ချက် ငါးခုရှိသည်နှင့် အလားသဏ္ဍာန်တူသည်။ သူသည် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်ရန်အတွက် ထိုကန့်သတ်ချက် ငါးခုစလုံးကို ချိုးဖျက်ရမည် ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ကြီးကျယ်သော ခွန်အားကို ရရှိလာသည်နှင့်အမျှ တစ်ချိန်တည်းမှာပင် တစ်ခုခုကို ပြန်လည် ပေးဆပ်ရပေမည်။ လောကကြီးက မျှတပေသည်။ လင်းဖုန်းသည် အခြားသားရဲ လေးကောင်၏ မျိုးရိုးဗီဇကို အသုံးချကာ သာလွန်လူသားအဆင့်အောက်တွင် အသန်မာဆုံးသူ ဖြစ်လာခဲ့သည်။ သူသည် တူညီသော အဆင့်ရှိ သိုင်းသမားများကြားတွင် မယုံနိုင်စရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားပြီး လူအများ လေးစားအားကျရသည့် အောင်မြင်မှုနှင် ဂုဏ်သရေကိုလည်း ရရှိထားသည်။ ထို့ကြောင့် သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုလျှင် အခြားသော သိုင်းသမားများထက် ပို၍ ကြိုးစားရမည်သာ ဖြစ်သည်။

မျိုးရိုးဗီဇကန့်သတ်ချက် ငါးခုဆိုသည်မှာ ထင်သလောက်တော့ ကြောက်စရာ မကောင်းပေ။ အနည်းဆုံးတော့ လင်းဖုန်းသည် ထိုကန့်သတ်ချက်များထဲမှ တစ်ခုကို မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။ ကျန်ရှိနေသည်မှာ သားရဲ လေးကောင်၏ မျိုးရိုးဗီဇကန့်သတ်ချက်များသာ ဖြစ်သည်။

မည်သည့် ကြမ်းကြုတ်သားရဲမျှ မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်ဖူးသော်လည်း ၎င်းတို့မှာ မျိုးရိုးဗီဇကန့်သတ်ချက်များသာ ဖြစ်သဖြင့် လူသားနှင့် သားရဲကြားတွင် ထူးထူးခြားခြား ကွဲပြားမှု ရှိလိမ့်မည်မဟုတ်ဟု လင်းဖုန်း ခံစားနေရသည်။

အကယ်၍ သူသည် ကျန်သားရဲ လေးကောင်၏ မျိုးရိုးဗီဇကန့်သတ်ချက်များကို ချိုးဖျက်လိုလျှင် ပထမဦးစွာ ထိုသားရဲများ၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံနိုင်ရန် လိုအပ်သည်။ မည်သို့လုပ်ဆောင်ရမည်ကိုတော့ လင်းဖုန်းတွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို တစ်ကြိမ် အာရုံခံခဲ့ဖူးသည့် အတွေ့အကြုံ ရှိနှင့်ပြီးသား ဖြစ်သည်။ အခြားသော သားရဲများ၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံရန်မှာ မည်မျှ ခက်ခဲပါမည်နည်း။

ထို့ကြောင့် လင်းဖုန်း ချက်ချင်းပင် လုပ်ဆောင်လိုက်သည်။ သူသည် ယခင်က သူကျရောက်သွားခဲ့ဖူးသော အမှောင်ထုကို ဆက်တိုက် ပြန်လည် တွေးတော‌နေသည်။ ထိုစဉ်က သူသည် လူသားပုံစံဖြင့် ပေါ်လာခဲ့ခြင်း ဖြစ်ရာ ယင်းမှာ လူသားမျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံမိခဲ့ခြင်း ဖြစ်သည်။

ယခုမူ လင်းဖုန်းသည် သားရဲများ၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံလိုသဖြင့် သူ၏ ပထမဆုံး ပစ်မှတ်မှာ သဘာဝကျစွာပင် နွားရိုင်း၏ မျိုးရိုးဗီဇကန့်သတ်ချက်ပင်။ ဤသည်မှာ သူ ပထမဆုံး ပေါင်းစပ်ခဲ့သော သားရဲမျိုးရိုးဗီဇ အမျိုးအစားဖြစ်ပြီး သူ အနက်ရှိုင်းဆုံး နားလည်ထားသော သားရဲမျိုးရိုးဗီဇလည်း ဖြစ်သည်။

အထူးသဖြင့် လင်းဖုန်းသည် နွားရိုင်း မျိုးရိုးဗီဇကို ကောင်းစွာ နားလည်သဘောပေါက်ထားသူ ဖြစ်သည်။ မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်ခြင်း ရှုထောင့်မှကြည့်လျှင် လင်းဖုန်း၏ ကိုယ်ပိုင်ဗီဇပြီးလျှင် နွားရိုင်း၏ မျိုးရိုးဗီဇကန့်သတ်ချက်မှာ ချိုးဖျက်ရန် အလွယ်ကူဆုံး ဖြစ်သင့်ပေသည်။

လင်းဖုန်းသည် သတင်းအချက်အလက်များ စုဆောင်းရန် သုံးရက်ကြာ အချိန်ပေးခဲ့ပြီး နောက်ဆုံးတွင် သူ အသွင်မပြောင်းနိုင်ရခြင်း၏ အကြောင်းရင်းကို ရှာတွေ့သွားခဲ့သည်။

စတုတ္ထမြောက်နေ့တွင် သူသည် တစ်နေ့လုံး နွားရိုင်း၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံရန်သာ အဓိကဦးစား‌ပေးနေခဲ့သည်။

လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံသည့် အတွေ့အကြုံ တစ်ကြိမ် ရှိဖူးပြီးသား ဖြစ်သည်။ ယခုအကြိမ်တွင် နွားရိုင်း၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံနေရခြင်း ဖြစ်သော်လည်း လင်းဖုန်းအတွက်တော့ ထူးထွေပြီး ခက်ခဲမနေပေ။

သူ အကြိမ်ကြိမ်ထပ်ခါတလဲလဲ ကြိုးစားကြည့်သည်။ ထို့သို့ ယောင်ဝါးဝါး ဖြစ်နေစဉ်မှာပင် လင်းဖုန်းသည် သူကိုယ်တိုင် မထိန်းချုပ်နိုင်သော အံ့ဩစရာကောင်းကာ အိပ်မက်ဆန်သည့် ခံစားချက်တစ်ခုထဲသို့ ကျရောက်သွားသည်။

သူ့ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်နေသည်ကို ခံစားနေရသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပိန်းပိတ်အောင် မှောင်မည်းနေသည်။ သူ၏ စိတ်ထဲတွင် ထိတ်လန့်မှု၊ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ရူးသွပ်စွာ ပြေးလွှားချင်စိတ်သာ ရှိတော့သည်။ အဘယ့်ကြောင့် ပြေးနေရသလဲဆိုသည်ကိုပင် သူ မသိသော်လည်း သူကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

လေတိုက်သံများက ပို၍ ပို၍ ကျယ်လောင်လာသည်။ လင်းဖုန်း ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ သူ အောက်ကို ငုံ့ကြည့်လိုက်သောအခါ သူသည် နွားရိုင်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။ သို့မဟုတ်လျှင် သူကိုယ်တိုင်ကပင် နွားရိုင်းတစ်ကောင် ဖြစ်နေခြင်း ဖြစ်ပေလိမ့်မည်။

နွားရိုင်းသည် မှောင်မိုက်နေသော တောရိုင်းမြေပြင်ထက်တွင် တရကြမ်း ပြေးလွှားနေသည်။ သူ၏ စိတ်ထဲတွင် ပြင်းပြသော ဆန္ဒတစ်ခုသာ ရှိသည်။ ယင်းမှာ လွတ်လပ်မှုကို တောင့်တခြင်းပင်။

ဝှစ်

မည်မျှကြာသွားသည်မသိ လင်းဖုန်း မျက်စိအစုံကို ဖွင့်ကြည့်လိုက်သည်။ လက်ရှိတွင် သူ အခန်းထဲမှာပင် ရှိနေဆဲ ဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် အပြင်ဘက်မှာမူ ညဉ့်နက်နေပြီ ဖြစ်သည်။

“ဒါဆို နွားရိုင်းရဲ့ မျိုးရိုးဗီဇကန့်သတ်ချက်ဆိုတာ သူ့ရဲ့ အလိုဆန္ဒပဲပေါ့။ သူ့ရဲ့ စိတ်ထဲမှာ လွတ်လပ်မှုကို တောင့်တနေတာပဲ...”

နွားရိုင်းများသည် ပြင်ပနယ်မြေတွင် အလွန် အားနည်းသော သားရဲအမျိုးအစားများသာ ဖြစ်သည်။ သူတို့ကို ကြမ်းကြုတ်သားရဲဟုပင် မသတ်မှတ်နိုင်ပေ။ အခြားသော ကြမ်းကြုတ်သားရဲများက နွားရိုင်းများကို အမဲလိုက်ကြသလို လူသားများကလည်း သူတို့ကို စားသုံးကြသည်။

နွားရိုင်းများသည် နေ့စဉ်နေ့တိုင်း အသက်ဘေးမှ လွတ်မြောက်ရန် ပြေးလွှားနေကြရသည်။ သူတို့သည် နေ့တိုင်း ရူးသွပ်စွာ ပြေးနေကြရသော်လည်း သူတို့၏ စိတ်အတွင်းထဲတွင်မူ လွတ်လပ်မှုကို ဆာလောင်နေကြခြင်း ဖြစ်သည်။

ဤပြင်းပြသော ဆာလောင်မှုမှာ နွားရိုင်း၏ မျိုးရိုးဗီဇများအတွင်း အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။ သေဆုံးသွားပြီး လင်းဖုန်း၏ မျိုးရိုးဗီဇများအတွင်း ပေါင်းစပ်သွားခဲ့သော်လည်း ဤအလိုဆန္ဒမှာ အမြဲတမ်း ခိုင်မြဲနေဆဲပင်။

“မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ချုပ်နှောင်မှုတွေကို ချိုးဖျက်တာပဲ။ အခု ငါ နားလည်သွားပြီ”

လင်းဖုန်း နားလည်သွားခဲ့ပြီ။ သူ အမှန်တကယ် နားလည်သွားခဲ့ပြီ။ အတိတ်က သူ၏ ကိုယ်ပိုင် မျိုးရိုးဗီဇကန့်သတ်ချက်ကို မြင်တွေ့ခဲ့စဉ်ကပင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ဘာကြောင့် ချိုးဖျက်နိုင်သလဲဆိုသည်ကို သူ ဝေဝေဝါးဝါးသာ သိခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ သိုင်းသမား အများစုအတွက်လည်း ထိုနည်းတူပင် ဖြစ်လိမ့်မည်။ သူတို့သည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ဘာကြောင့် ချိုးဖျက်ချင်ရသလဲ၊ ဘာကြောင့် ချိုးဖျက်နိုင်သလဲဆိုသည့် အကြောင်းရင်းကို သိုင်းသမား အများစုပင် သိကြလိမ့်မည် မဟုတ်ပေ။

သို့သော် လင်းဖုန်းသည် နွားရိုင်း၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို မြင်တွေ့ပြီးနောက်တွင် နားလည်သွားသည်။ ယခုအချိန်တွင် ကန့်သတ်ချက် ငါးခုကို ချိုးဖျက်ရန်မှာ သူ ထင်ထားသလောက် မခက်ခဲတော့ကြောင်း သူ သိလိုက်ရသည်။

လင်းဖုန်း အကြာကြီး နားမနေတော့ပေ။ သူသည် မှုန်ဝါးဝါး အခြေအနေထဲသို့ ထပ်မံ ကျရောက်သွားပြန်သည်။ ဤတစ်ကြိမ်တွင် သူသည် ယူနီကွန်းအဖြစ် ပြောင်းလဲသွားသည်။

ယူနီကွန်းများသည် သူတို့၏ ဦးချိုကို အလွန် အမြတ်တနိုးထားကြသည်။ သူတို့သည် နေ့တိုင်းပင် သူတို့၏ ချိုကို တယုတယထိန်းသိမ်းနေတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ သူတို့၏ အမာကြောဆုံး လက်နက်ဖြစ်သလို ရန်သူများကို မောင်းထုတ်နိုင်သော ကိရိယာလည်း ဖြစ်သောကြောင့်ပင်။

လင်းဖုန်းသည် ယူနီကွန်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတွင်လည်း ပြင်းပြသော အလိုဆန္ဒ တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ သူ၏ ချိုကို ကောင်းမွန်စွာ ကာကွယ်ရန်ပင် ဖြစ်သည်။

နောက်တစ်ဆင့်တွင် လင်းဖုန်းသည် နှာမောင်းရှည်သားရဲအဖြစ် ပြောင်းလဲသွားသည်။ နှာမောင်းရှည်သားရဲများသည် အလွန် သန်မာကြသော်လည်း သူတို့၏ စိတ်နေသဘောထားမှာ အလွန်ပင် နူးညံ့သိမ်မွေ့ကြသည်။ သူတို့သည် လောကကြီးရှိ ခက်ခဲမှုအားလုံးကို သူတို့၏ ကြီးမားသော ခွန်အားနှင့် ရှည်လျားသော နှာမောင်းများဖြင့် ကျော်လွှားနိုင်ရန် မျှော်လင့်ကြသည်။

သုံးရက်အတွင်းမှာပင် လင်းဖုန်းသည် သားရဲ သုံးမျိုး၏ မျိုးရိုးဗီဇကန့်သတ်ချက်များကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သူသည် ထိုကန့်သတ်ချက်များကို ချိုးဖျက်ရန် မကြိုးစားသေးပေ။ အဘယ်ကြောင့်ဆိုသော် မလိုအပ်သေးသောကြောင့်ပင်။ နောက်ဆုံး သားရဲ၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံနိုင်သည်နှင့် သူသည် ကန့်သတ်ချက် ငါးခုစလုံးကို တစ်ပြိုင်နက်တည်း ချိုးဖျက်နိုင်မည် ဖြစ်သည်။

ဤနည်းလမ်းဖြင့်သာ သူ၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မည်ဖြစ်ပြီး စစ်မှန်သော အသွင်ပြောင်းလဲမှုကို စတင်နိုင်မည် ဖြစ်သည်။ ထိုအချိန်မှသာ သူ၏ မျိုးရိုးဗီဇများကို ပြန်လည် ဖွဲ့စည်းကာ သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပေလိမ့်မည်။ လင်းဖုန်းသည် ယခုကဲ့သို့ အသွင်ပြောင်းလဲမှုနှင့် တစ်ခါမျှ နီးစပ်ခဲ့ဖူးခြင်း မရှိပေ။ ယင်းမှာ လက်တစ်ကမ်း အကွာအဝေးမှာပင် ရှိနေပြီ ဖြစ်သည်။

သူသည် ကန့်သတ်ချက် ငါးခုကို ချိုးဖျက်နိုင်သည်နှင့် သူ၏ ကိုယ်ပိုင် လူသားမျိုးဗီဇ အသွင်ပြောင်းလဲမှုကြောင့် ရရှိလာမည့် အံ့မခန်း ခွန်အားများအပြင် အခြားသော သားရဲ လေးကောင်၏ မျိုးရိုးဗီဇများက သူ့အတွက် မည်ကဲ့သို့သော အထူးစွမ်းရည်များကို ဆောင်ကြဉ်းပေးမလဲဆိုသည်ကို လင်းဖုန်း မျှော်လင့်နေမိသည်။

လင်းဖုန်းသည် ခြောက်ရက်တိုင်တိုင် သူ၏ အခန်းထဲတွင်သာ နေသည်။ နောက်ဆုံး သားရဲ၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံရန်မှာ အခြား သုံးမျိုးထက် ပို၍ ခက်ခဲနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ကြမ်းကြုတ်သားရဲအမျိုးအစားသစ် ဖြစ်နေသောကြောင့်ပင်။ လင်းဖုန်းသည် ၎င်း၏ အမည်ကိုပင် မသိရှိသေးပေ။ ထို့ကြောင့် အချိန် ပို၍ ကြာမြင့်နေခြင်း ဖြစ်ပေလိမ့်မည်။

လင်းဖုန်းသည် နောက်ဆုံး သားရဲ၏ မျိုးရိုးဗီဇများကို မည်သို့ အာရုံခံရမည်ကို လေ့လာနေစဉ်မှာပင် ဖုန်းရှိုက သူ့ထံ ရောက်လာခဲ့သည်။

“အစ်ကိုဖုန်း... အဆင်သင့် ဖြစ်ပြီလား။ ငါတို့ ဆုတ်ခွာကြတော့မယ်”

“ဆုတ်ခွာမယ် ဟုတ်လား။ အဲဒါ ဘယ်တုန်းက ဆုတ်ခွာခိုင်းတာလဲ”

လင်းဖုန်းသည် တစ်ချိန်လုံး မျိုးရိုးဗီဇကန့်သတ်ချက်များကို အာရုံခံနေသဖြင့် အခြေစိုက်စခန်းအတွင်း ဘာတွေ ဖြစ်ပျက်နေသလဲဆိုသည်ကို သဘာဝကျစွာပင် သတိမထားမိခဲ့ပေ။

“အစ်ကိုဖုန်း... အစ်ကို့ရဲ့ ဆက်သွယ်ရေးကိရိယာထဲမှာ မက်ဆေ့ခ်ျ မရဘူးလား။ စစ်သေနာပတိချုပ်နဲ့ တပ်စုအားလုံးရဲ့ ခေါင်းဆောင်တွေက ဆုတ်ခွာဖို့ အမိန့်ပေးထားပြီးပြီ။ နဂါးတောင်အခြေစိုက်စခန်းက မလုံခြုံတော့ဘူး။ ငါတို့ အရင်ဆုံး နဂါးကျောက်တုံးမြို့ကို ဆုတ်ခွာရမယ်။ ငါတို့ ဒီနေ့ပဲ ထွက်ခွာရမှာ။ အားလုံး ဆုတ်ခွာရမယ်”

လင်းဖုန်း ခေါင်းငြိမ့်ပြလိုက်သည်။ သူ အမှန်တကယ်ပင် သတိမထားမိခဲ့ပေ။ သို့သော် သူ့တွင် ထုပ်ပိုးစရာ ပစ္စည်း များများစားစား မရှိပေ။ ဤသည်မှာ ပြန်လည်ဆုတ်ခွာရန်ဖြစ်သဖြင့် သူသည် သဘာဝကျစွာပင် အမိန့်ကို နာခံရပေမည်။

“နားလည်ပါပြီ။ ငါ ဘာမှ ပြင်ဆင်စရာ မလိုပါဘူး၊ အချိန်မရွေး ထွက်သွားလို့ ရတယ်”

“ဒါဆို သွားကြစို့ အစ်ကိုဖုန်း”

လင်းဖုန်းသည် နောက်ဆုံး သားရဲ၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံမခံရသေးသည့်အတွက် အနည်းငယ် နှမြောနေမိသည်။ ယင်းကို အာရုံခံနိုင်သည်နှင့် သူသည် အသွင်ပြောင်းလဲမှု စတင်နိုင်ပြီး သူ၏ မျိုးရိုးဗီဇများကို ပြန်လည် ဖွဲ့စည်းနိုင်မည် ဖြစ်သည်။ ထိုအခါ သူ၏ ထူးဆန်းသော ရောဂါသည်လည်း ပျောက်ကင်းသွားပေလိမ့်မည်။

သို့သော် ဆုတ်ခွာခြင်းက အချိန်အကြာကြီး မယူနိုင်ပေ။ နဂါးကျောက်တုံးမြို့သို့ ရောက်သည်နှင့် သူသည် ထိုကြမ်းကြုတ်သားရဲ၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို ဆက်လက် အာရုံခံနိုင်ပေလိမ့်မည်။ ယခုအချိန်တွင် လင်းဖုန်းသည် အလျင်မလိုတော့ပေ။

မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ရန်မှာ သေချာသလောက် ရှိနေပြီ ဖြစ်သဖြင့် အလောတကြီး လုပ်ဆောင်ရန် မလိုအပ်တော့ပေ။

ထို့ကြောင့် လင်းဖုန်းနှင့် ဖုန်းရှိုတို့ အခန်းထဲမှ အတူတူ ထွက်လာခဲ့ကြသည်။ ရင်ပြင်တွင် သိုင်းသမား အမြောက်အမြား စုရုံးနေကြသည်ကို သူတို့ တွေ့လိုက်ရသည်။ တပ်စု ၁၆ ခုမှ သိုင်းသမားများအပြင် ရှေ့တန်းသို့ မရောက်သေးသော သိုင်းသမားများနှင့် ထောက်ပံ့ရေးဝန်ထမ်းများလည်း ရှိနေကြသည်။

ဤတစ်ကြိမ်တွင် သူတို့အားလုံး ဆုတ်ခွာကြရမည် ဖြစ်သည်။ အာကာသယာဉ် ဒါဇင်ပေါင်းများစွာမှာ အခြေစိုက်စခန်းသို့ ရောက်ရှိနေပြီဖြစ်ပြီး လူအားလုံးကို ဆက်တိုက် တင်ဆောင်နေကြပြီ ဖြစ်သည်။

All Chapters