← Chapters

ဆေးရုံ

Vol. 5 Ch. 65

ဆေးရုံ

Vol. 5 Ch. 65

ဘာသာပြန် - အားသစ်

“နေဦး... ယွီရှန်း ဆုတ်ခွာသွားပြီလား”

အခြေစိုက်စခန်းအတွင်း လူများစွာ သွားလာနေကြပြီး အာကာသယာဉ်ပေါ်သို့ တက်နေကြသည်ကို မြင်သောအခါ လင်းဖုန်းသည် ယွီရှန်းကို ရုတ်တရက် သတိရသွားခဲ့သည်။

“ယွီရှန်း ဟုတ်လား... အစ်ကိုဖုန်း ပြောတာက အကျိုးပြုမှတ်အဆင့်ဇယားမှာ အဆင့် ၃ ရှိတဲ့ ယွီရှန်းဆိုရင်တော့ သူ ဆုတ်ခွာသွားလောက်ပြီဗျ။ ဆေးရုံက ဒဏ်ရာရတဲ့သူတွေကို ပထမဆုံးအသုတ်အနေနဲ့ ရွှေ့ပြောင်းပေးလိုက်တာလေ။ ကျွန်တော်တို့က ဒုတိယအသုတ်ထဲမှာ ပါတာ”

လင်းဖုန်း ခေါင်းငြိမ့်လိုက်ပြီး “ဒါဆိုရင်တော့ ကောင်းတာပေါ့။ နဂါးကျောက်တုံးမြို့ကို ရောက်ရင် ဆေးရုံမှာ သူ့ဆီ သွားတွေ့ရမယ်”

နဂါးတောင်အခြေစိုက်စခန်း တစ်ခုလုံးတွင် ရွှေ့ပြောင်းရန် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။ လူအများစုမှာ ဤနေရာမှ ဆုတ်ခွာရန် နှမြောတသ ဖြစ်နေကြသော်လည်း ဤသည်မှာ အမိန့်ဖြစ်သဖြင့် မည်သူမျှ မနာခံဘဲ မနေရဲကြပေ။ ထိုသိုင်းသမားများထဲတွင် အချို့မှာ စွန့်စားသူများဖြစ်ပြီး အချို့မှာ မိမိတို့၏ သိုင်းပညာ ရည်မှန်းချက်အတွက် လာကြသူများ ဖြစ်ကာ အချို့မှာမူ ကြမ်းကြုတ်သားရဲများကို သတ်ဖြတ်ပြီး မိသားစုကို ထောက်ပံ့ရန် ငွေရှာနေကြသော ရိုးရှင်းသည့် စီးပွားရေးသမားများသာ ဖြစ်ကြသည်။

သို့သော် ယခုလက်ရှိကဲ့သို့ ကြမ်းကြုတ်သားရဲများ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသောအခါ သူတို့အားလုံး ဆုတ်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

အမှန်တကယ်တန်းတွင် လူသားများသည် ကြမ်းကြုတ်သားရဲများအပေါ် ယေဘုယျအားဖြင့် အသာစီးရနေဆဲ ဖြစ်သည်။ ယခုကဲ့သို့ ရှေ့တန်းအခြေစိုက်စခန်းတစ်ခုလုံး နောက်တန်းရှိ မြို့များဆီသို့ ဆုတ်ခွာရခြင်းမှာ အလွန် ရှားပါးလှသော ဖြစ်ရပ်တစ်ခုပင်။

တိုတောင်းသော သုံးနာရီမျှ အချိန်အတွင်းမှာပင် အခြေစိုက်စခန်းရှိ လူအားလုံး အာကာသယာဉ်များပေါ်သို့ တက်ရောက်ပြီးသွားပြီ ဖြစ်သည်။ အချို့သော သုတေသနဌာနများနှင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးသော သာလွန်လူသား ကျွမ်းကျင်သူတချို့သာ ကျန်ရစ်ခဲ့တော့သည်။

သုတေသနဌာနမှ သုတေသီများသည် အချက်အလက်မှတ်တမ်းမှတ်ရာများနှင့် စက်ကိရိယာများကို သိမ်းဆည်းနေကြသည်။ ထိုပစ္စည်းကိရိယာများမှာ အလွန် တန်ဖိုးရှိပြီး မည်သည့်အရာကိုမျှ ချန်ထားခဲ့၍ မဖြစ်ပေ။ ဆုတ်ခွာခြင်း ဖြစ်သဖြင့် လူတိုင်း ထွက်ခွာရမည် ဖြစ်သည်။ သုတေသနဌာနမှ သုတေသီများ တက်ရောက်ရန်အတွက် အာကာသယာဉ်တစ်စင်းကို သီးသန့်ပင် ပြင်ဆင်ပေးထားသည်။

စစ်သေနာပတိချုပ် လုံကျိုးသည်လည်း သုတေသနဌာနသို့ ရောက်လာသည်။ ပရော်ဖက်ဆာ ဝေယွမ်သည် ကွန်ပျူတာရှေ့တွင် အလုပ်ရှုပ်နေဆဲဖြစ်ပြီး ရှုပ်ထွေးသော ဒေတာအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနေပုံရသည်။

“ပရော်ဖက်ဆာ ဝေ... ထွက်ခွာဖို့ အချိန်တန်ပါပြီ”

လုံကျိုးက တိုးညှင်းစွာ ပြောလိုက်သည်။ ပရော်ဖက်ဆာ ဝေယွမ်ကို ဗဟိုသိပ္ပံအကယ်ဒမီမှ ဖိတ်ခေါ်ရန် သူ အတော်ပင် ကြိုးစားခဲ့ရသည်။ နှစ်ပေါင်းများစွာအတွင်း ပရော်ဖက်ဆာဝေသည် နဂါးတောင်အခြေစိုက်စခန်းအတွက် အကူအညီများစွာ ပေးခဲ့သူ ဖြစ်သည်။

ပရော်ဖက်ဆာ ဝေယွမ်မှာ အလွန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ သူ၏ မျက်စိအစုံမှာ သွေးရောင်ဆိုးထားသကဲ့သို့ နီမြန်းနေသော်လည်း သူ၏ အကြည့်များမှာမူ တက်ကြွနေဆဲပင်။ လုံကျိုး ကိုယ်တိုင် ရောက်လာသည်ကို မြင်သောအခါ သက်ပြင်းအရှည်ကြီး ချကာ ပြောလိုက်သည်။

“နောက်ထပ် ခဏလေးပဲ... ကျွန်တော့်ကို ၅ ရက် မဟုတ်ဘူး ၃ ရက်လောက်ပဲ ထပ်ပေးပါ။ ဒီသားရဲအသစ်အကြောင်းကို ကျွန်တော် သေသေချာချာ သုတေသနလုပ်နိုင်မှာပါ”

လုံကျိုးက စိတ်မကောင်းစွာ ပြုံးလိုက်ပြီး “ပရော်ဖက်ဆာ ဝေ... ပရော်ဖက်ဆာ သုတေသနမှာ အောင်မြင်မယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ အခုက အချိန်မရှိတော့ဘူးဗျ။ ကျုပ်တို့ ချက်ချင်း ဆုတ်ခွာရမယ်။ နဂါးကျောက်တုံးမြို့ကို ရောက်တာနဲ့ ပရော်ဖက်ဆာ ကြိုက်သလောက် သုတေသနလုပ်လို့ ရပါတယ်၊ အခုတော့ မဟုတ်သေးဘူး”

လုံကျိုးတစ်ဦးတည်းသာ ပရော်ဖက်ဆာ ဝေယွမ်ကို ဖျောင်းဖျနိုင်သည်။ ထို့ကြောင့် ပရော်ဖက်ဆာ ဝေယွမ်သည် သုတေသနဌာနမှ ထွက်ခွာရန် ငြင်းဆန်နေကြောင်း ကြားလိုက်ရသည့်အခါ သူကိုယ်တိုင် လာရောက် ဖျောင်းဖျရခြင်း ဖြစ်သည်။

ဝေယွမ်သည် နှမြောတသ ဖြစ်နေကာ ဆုတ်ခွာရန် ဝန်လေးနေဆဲပင်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး

“ကျွန်တော့်ရဲ့ သုတေသနမှာ တိုးတက်မှုအချို့ ရှိနေပြီဗျ။ ဒီသားရဲအသစ်က ထင်သလောက် မရိုးရှင်းဘူး... အင်း၊ နှမြောစရာပဲ၊ အခု စမ်းသပ်ချက် ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ အချိန်မရတော့ဘူး။ ကောင်းပြီလေ... ကျွန်တော် အခြေစိုက်စခန်းကနေ အရင် ထွက်ပါ့မယ်။ နဂါးကျောက်တုံးမြို့ကို ပြန်ရောက်ရင်တော့ အကောင်းဆုံးဖြစ်အောင် လေ့လာမယ်”

နောက်ဆုံးတွင် ပရော်ဖက်ဆာ ဝေယွမ်သည် နှမြောတသဖြစ်စွာဖြင့် စမ်းသပ်ချက် ဒေတာများကို သိမ်းဆည်းပြီး သုတေသနဌာနမှ အဖွဲ့ဝင်များကို ဦးဆောင်ကာ အာကာသယာဉ်ပေါ်သို့ တက်ရောက်သွားသည်။

လုံကျိုးသည်လည်း အာကာသယာဉ်ပေါ်သို့ တက်လိုက်သည်။ သူသည်လည်း အောက်ဘက်ရှိ နဂါးတောင်အခြေစိုက်စခန်းကို နှမြောတသဖြစ်စွာဖြင့် ငေးကြည့်နေမိသည်။ သူသည် အလွန်အစွမ်းထက်သော သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း အခြေစိုက်စခန်းတစ်ခုကို ကြီးကြပ်ကွပ်ကဲရန် သူ အတော်ပင် အားထုတ်ခဲ့ရသည်။

ဤကဲ့သို့သော ကမန်းကတန်းဆုတ်ခွာရမှုကြောင့် ယခင်က ကြိုးစားအားထုတ်ခဲ့ရသမျှ အရာအားလုံးမှာ ပျက်စီးသွားပေလိမ့်မည်။ နောင်တစ်ချိန်တွင် သူသည် အဓိက နယ်မြေတစ်ခုကို ပြန်လည် အုပ်ချုပ်ခွင့်ရပါ့မလားဆိုသည်မှာ ပြောရန် ခက်ခဲလှသည်။ သို့သော် သူသည် ဤခက်ခဲသော ဆုံးဖြတ်ချက်ကို မချဘဲ မနေနိုင်ခဲ့ပေ။ အကယ်၍ နဂါးတောင်အခြေစိုက်စခန်းသာ ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပါက သူ ပို၍ တာဝန်ရှိလာပေလိမ့်မည်။

အာကာသယာဉ်များသည် ချက်ချင်းပင် စတင် ထွက်ခွာလာပြီး နဂါးတောင်အခြေစိုက်စခန်းမှ အဖွဲ့ဝင်များကို နဂါးကျောက်တုံးမြို့ဆီသို့ ဦးတည်တင်ဆောင်မောင်းနှင်သွားသည်။

နဂါးတောင်အခြေစိုက်စခန်း ဆုတ်ခွာသည့် သတင်းမှာ နဂါးကျောက်တုံးမြို့ကို တုန်လှုပ်သွားစေသည်။ သို့သော် အစိုးရက အကြောင်းရင်းကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ ၎င်းမှာ နဂါးတောင်အခြေစိုက်စခန်းက ကြမ်းကြုတ်သားရဲများ၏ တိုက်ခိုက်မှုကို မခံနိုင်၍ မဟုတ်ဘဲ မဟာဗျူဟာမြောက်ဆုတ်ခွာခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ဤမဟာဗျူဟာမြောက် ဆုတ်ခွာခြင်းဆိုသည်မှာ အဘယ်နည်းဆိုသည်ကို အစိုးရမှ ကျွမ်းကျင်သူအချို့က သဘာဝကျစွာ ရှင်းပြကြလိမ့်မည်။ သို့သော် နဂါးတောင်အခြေစိုက်စခန်း၏ အထက်လူကြီးများသာ စစ်မှန်သော အကြောင်းရင်းကို သိကြသည်။

နဂါးတောင်အခြေစိုက်စခန်းမှ သိုင်းသမားများပင် အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်း မသိကြပေ။ သူတို့သည် ရှေ့တန်းရှိ အဆုံးအဖြတ် တိုက်ပွဲတွင် ပါဝင်ခဲ့ကြသော်လည်း အမှန်တကယ်တွင် သူတို့ အနိုင်ရခဲ့ပုံ ပေါ်နေပြီး ရှုံးနိမ့်ခဲ့သည့် အရိပ်အယောင်ပင် မရှိပေ။ သူတို့ အနိုင်ရခဲ့ပါလျက်နှင့် ဘာကြောင့် ဆုတ်ခွာရသနည်း။

ထိုအကြောင်းကြောင့် ဤကာလအတွင်း နဂါးကျောက်တုံးမြို့တွင် တစ်ယောက်တစ်ပေါက် ပြောဆိုမှုများစွာ ရှိနေခဲ့သည်။ ၎င်းတို့မှာ နဂါးတောင်အခြေစိုက်စခန်း ဆုတ်ခွာရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းများအကြောင်း ဖြစ်သည်။ အမျိုးမျိုးသော ထင်မြင်ချက်များ ရှိနေသော်လည်း ကောလာဟလများတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် အစိုးရသည် နည်းလမ်းမျိုးစုံဖြင့် အရေးယူထားသောကြောင့် ဖြစ်သည်။ ကောလာဟလ ဖြန့်သူအားလုံးကို ချက်ချင်းဖမ်းဆီးထားပြီး တရားစီရင်မှုကို စောင့်ဆိုင်းနေရစေသည်။

ဤရှုထောင့်တွင်တော့ အစိုးရသည် အလွန်ပင် ထိရောက်မှု ရှိလှသည်။

နာရီအနည်းငယ် ကြာပြီးနောက် အာကာသယာဉ် ဒါဇင်ပေါင်းများစွာသည် နဂါးကျောက်တုံးမြို့သို့ ဆင်းသက်လာသည်။ သိုင်းသမား များစွာမှာ အချိန်အတော်ကြာ ကွဲကွာနေပြီးနောက် နောက်ဆုံးတွင်မှ လူသားမြို့ပြသို့ ပြန်လည် ရောက်ရှိလာခဲ့ကြခြင်း ဖစမသည်။ ရှေ့တန်းတွင် ကြမ်းကြုတ်သားရဲများနှင့် တိုက်ခိုက်နေရစဉ်အတွင်း သူတို့အားလုံး စိတ်ဖိစီးမှုဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရသည်။ ယခု ဆုတ်ခွာလာနိုင်ပြီ ဖြစ်သောကြောင့် သူတို့ ကောင်းကောင်း အနားယူနိုင်ကြပြီ ဖြစ်သည်။

လင်းဖုန်းနှင့် ဖုန်းရှို့တို့သည်လည်း အာကာသယာဉ်ပေါ်မှ ဆင်းလာခဲ့ကြပြီး အနန္တလမ်းစဉ်အကယ်ဒမီ၏ ယာယီတည်းခိုဆောင်တွင် နေထိုင်ရန် စီစဉ်ပေးထားသည်။ ဖုန်းရှို့က စိတ်လှုပ်ရှားစွာဖြင့်

“အစ်ကိုဖုန်း... အရာအားလုံး ပြီးဆုံးပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ နောက်တန်းကို ပြန်ရောက်လာပြီ‌ပေါ့ဗျာ။ ဒီနေရာက ရှေ့တန်းထက် အများကြီး ပိုကောင်းတယ်။ အပြင်ထွက်ပြီး ပျော်ပါးဦးမလား။ ကျွန်တော့် သူငယ်ချင်းတချို့ ဒီ နဂါးကျောက်တုံးမြို့မှာ ရှိတယ်...”

လင်းဖုန်းသည် ဖုန်းရှို ပြောနေသည့် ကျန်စကားများကို နားမထောင်တော့ပေ။ သူ ခေါင်းခါပြလိုက်ပြီး “မင်းပဲ သွားပြီး ပျော်လိုက်ပါ။ ငါတော့ ငါ့အခန်းကို အရင် ပြန်တော့မယ်”

ထိုသို့ပြောပြီး လင်းဖုန်း တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။ ဖုန်းရှို့ အံကြိတ်လိုက်မိသည်။ လင်းဖုန်းသည် ဇွဲနပဲကြီးစွာ ကြိုးစားသူတစ်ဦး ဖြစ်ကြောင်း သူ သိသော်လည်း သူ့တွင် ထိုကဲ့သို့သော ဇွဲမျိုး မရှိပေ။

သူသည် ရှေ့တန်းတွင် လပေါင်းများစွာကြာသည့်တိုင် နေမထိထိုင်မသာဖြစ်နေခဲ့ရသည်။ ယခုအခါ စည်ကားသော မြို့ပြသို့ ပြန်ရောက်လာပြီ ဖြစ်ရာ ပျော်ပါးရန် အခွင့်အရေးကို သူ မည်သို့ လက်လွှတ်ခံပါမည်နည်း။

ထို့ကြောင့် ဖုန်းရှို့သည် သူငယ်ချင်းများနှင့်အတူ ပျော်ပါးရန် သူ၏ ယာယီတည်းခိုဆောင်မှ ချက်ချင်း ထွက်ခွာသွားတော့သည်။

လင်းဖုန်းသည် အမှန်တကယ်ပင် ဝီရိယထားကာ ကြိုးစားနေသူ ဖြစ်သော်လည်း ဤသည်မှာ သူ့တွင် အခြားရွေးချယ်စရာ မရှိသောကြောင့် ဖြစ်သည်။ သူ့တွင် အချိန် များများစားစား မကျန်တော့ပေ။ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို အမြန်ဆုံး ချိုးဖျက်ပြီး သူ၏ မျိုးရိုးဗီဇများကို ပြန်လည် ဖွဲ့စည်းရမည် ဖြစ်သည်။

ထို့အပြင် သူသည် သားရဲ သုံးမျိုး၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံခဲ့ပြီး ဖြစ်သည်။ ယခုအခါ နောက်ဆုံး သားရဲမျိုးရိုးဗီဇ အမျိုးအစားတစ်မျိုးသာ ကျန်တော့သည်။ သူ ထိုသားရဲမျိုးရိုးဗီဇကန့်သတ်ချက်ကို အမြန်ဆုံး အာရုံခံနိုင်ရန် လိုအပ်သည်။

သို့သော် နောက်ဆုံး သားရဲဖြစ်သော တီကောင်သားရဲ၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံရန်မှာ အနည်းငယ် ခက်ခဲနေခဲ့သည်။ လင်းဖုန်းသည် ယခင် အာရုံခံနည်းလမ်းများကို အသုံးပြုခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

အကြောင်းမှာ သူသည် တီကောင်သားရဲအကြောင်းကို သိပ်မသိသောကြောင့် ဖြစ်သည်။ ဤသားရဲများတွင် အလွန် အစွမ်းထက်သော ပြန်လည်ရှင်သန်နိုင်စွမ်း ရှိသည်ဟူသော အချက်မှလွဲ၍ သူ ဘာမှ မသိဟု ပြောလျှင်ပင် အပိုပြောခြင်းမဟုတ်ပေ။

ကျန်ရှိသော အချက်အလက်များနှင့် ပတ်သက်၍ လင်းဖုန်း ဘာမှ မသိပေ။

အခန်းထဲတွင် သုံးရက်ဆက်တိုက် နေထိုင်ခဲ့သော်လည်း လင်းဖုန်းသည် တီကောင်သားရဲ၏ မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံနိုင်ခြင်း မရှိသေးပေ။ သူသည် အနည်းငယ် စိုးရိမ်စိတ်ဝင်လာပြီး ရလဒ်အနေဖြင့် စိတ်ပျက်အားလျော့မှုများ ဖြစ်ပေါ်လာသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို အာရုံခံရန်မှာ ပို၍ပင် ခက်ခဲလှသည်။

အကြောင်းရင်းတချို့ကို သေချာစဉ်းစားပြီးနောက် လင်းဖုန်းသည် နဂါးကျောက်တုံးမြို့သို့ သွားရောက်လည်ပတ်ရန် သူ၏ တည်းခိုဆောင်မှ ထွက်လာခဲ့သည်။ သူ ယွီရှန်းကို သွားမတွေ့ရသေးပေ။ သူ၏ အမြင်တွင် ယွီရှန်းသည် သူနှင့်အတူ အသက်ဘေးမှ အတူတူ လွတ်မြောက်လာခဲ့ကြသော မိတ်ဆွေကောင်း အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။ သူတို့ကဲ့သို့ သေခြင်းတရားကို အတူတူ ရင်ဆိုင်ခဲ့ရသော သံယောဇဉ်မျိုးမှာ မေ့ပျောက်ရန် မဖြစ်နိုင်ပေ။

မကြာမီ လင်းဖုန်း ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။ သူ စုံစမ်းကြည့်ခဲ့ပြီး ဖြစ်သည်။ နဂါးတောင်အခြေစိုက်စခန်းမှ ဒဏ်ရာရသူ အားလုံးကို နဂါးကျောက်တုံးမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။ ထို့အပြင် လင်းဖုန်းသည် ဆေးရုံတွင် ဒဏ်ရာရထားသော သိုင်းသမား အမြောက်အမြားကို အမှန်တကယ် မြင်တွေ့ခဲ့ရသည်။

ဤဒဏ်ရာရ သိုင်းသမားများမှာ အခြေခံအားဖြင့် ရှေ့တန်းရှိ အဆုံးအဖြတ် တိုက်ပွဲတွင် ဒဏ်ရာရခဲ့ကြသူများ ဖြစ်သည်။ သူတို့၏ ဒဏ်ရာ အများစုမှာ အလွန် မပြင်းထန်ဘဲ အနည်းငယ်မျှသာ ဖြစ်သဖြင့် သူတို့၏ မျက်နှာများမှာ ပြုံးရွှင်နေကြသည်။

သို့သော် လင်းဖုန်း ယွီရှန်း၏ အခြေအနေကို မေးမြန်းသည့်အခါ ယွီရှန်းသည် ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ပြီး လွန်ခဲ့သော သုံးရက်ကတည်းက နဂါးကျောက်တုံးမြို့မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

“ယွီရှန်းက ခြေထောက်တွေ ဖြတ်ထားရတာ မဟုတ်လား။ သူ ဘာလို့ ဆေးရုံက ဆင်းသွားတာလဲ”

“ဒီလူနာက ပြန်လည် ကောင်းမွန်လာတာ တော်တော်လေး မြန်ပါတယ်ဗျ။ လူနာကိုယ်တိုင်ကလည်း ဆေးရုံဆင်းချင်စိတ် အရမ်းပြင်းပြနေတော့ ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအတိုင်း ဆေးရုံ ဆင်းပေးလိုက်တာပါ”

“ဒေါက်တာ... ဒါဆို သူ ဘယ်ကို သွားတယ်ဆိုတာ သိလား”

“ကျွန်တော် ထင်တာတော့ သူ အိမ်ပြန်ပြီး အနားယူမယ် ထင်တယ်ဗျ”

ဤသည်မှာ လင်းဖုန်း ရရှိခဲ့သော သတင်းအချက်အလက်အားလုံး ဖြစ်သည်။ သေချာစဉ်းစားကြည့်လျှင် ယွီရှန်းသည် တစ်ချိန်က ဂုဏ်ယူစရာကောင်းသော သိုင်းသမားတစ်ဦး ဖြစ်ခဲ့သည်။ ယခု ရုတ်တရက် ခြေထောက်များ ဆုံးရှုံးသွားသောအခါ သူသည် ရင်းနှီးသော အခြားသိုင်းသမားများနှင့် မရင်ဆိုင်ချင်တော့သည်မှာ သေချာလှပြီး ဆေးရုံမှ ဆင်းချင်သည်မှာလည်း သဘာဝကျလှသည်။

သို့သော် ဆေးရုံမှ ဆင်းခြင်းမှာ မကောင်းသည့် အရာတော့ မဟုတ်ပေ။ သူ အိမ်တွင် အနားယူနိုင်ပြီး ကျန်ရှိသော ဘဝသက်တမ်းကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်သည်။ နောင်တစ်ချိန်တွင် လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီး သူ၏ ထူးဆန်းသော ရောဂါ ပျောက်ကင်းသွားခဲ့လျှင် ယွီရှန်း၏ အိမ်သို့ သွားရောက်လည်ပတ်ရန် အခွင့်အရေး ရှိပါသေးသည်။

လင်းဖုန်း ဆေးရုံမှ လှည့်ထွက်မည်အပြုတွင် ရုတ်တရက် စူးရှသော အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် ဆေးရုံ၏ ဒုတိယထပ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ တစ်ခုခု ဖြစ်ပျက်နေပုံရသည်...။

All Chapters