ကပ်ပါးပြုခြင်း
Vol. 5 Ch. 66
ဘာသာပြန် - အားသစ်
“ဘာဖြစ်တာလဲ”
လင်းဖုန်း အပေါ်ထပ်မှ အလျင်စလို ပြေးဆင်းလာသော ခြေသံများကို ကြားလိုက်ရသည်။ သူနာပြုများနှင့် လူနာများစွာမှာ အထိတ်တလန့် ပြေးဆင်းလာကြသည်။ သူတို့၏ မျက်နှာအမူအရာများအရ အလွန် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသည်မှာ သေချာလှသည်။
“မြန်မြန်... လုံခြုံရေးဌာနကို ဖုန်းဆက်။ အပေါ်မှာ... အပေါ်မှာ သတ္တဝါဆိုးကြီးတွေ ရှိတယ်” ဆရာဝန်တစ်ဦးက အမောတကော ပြောလိုက်သည်။
“သတ္တဝါဆိုးကြီးတွေ ဟုတ်လား... ဘာသတ္တဝါဆိုးတွေလဲ”
အောက်ထပ်ရှိ လူများမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပြီး ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကိုလည်း နားမလည်နိုင်ကြပေ။ လုံခြုံရေးဌာနမှ ဝန်ထမ်းများ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လင်းဖုန်း အကဲခတ်ကြည့်လိုက်ရာ သူတို့အားလုံးမှာ အဆင့်မြင့် ပရော်ဖက်ရှင်နယ် သိုင်းသမားများ ဖြစ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ဆေးရုံဆိုသည်မှာ သာမန်နေရာ မဟုတ်ပေ။ လုံခြုံရေးလည်း အတော်လေး တင်းကျပ်သည်။ နဂါးတောင်အခြေစိုက်စခန်းမှ ဒဏ်ရာရသူ အများအပြားကို ဤနေရာသို့ ပြောင်းရွှေ့ထားသဖြင့် ပုံမှန်ထက်ပင် ပို၍ တင်းကျပ်နေသည်။
လုံခြုံရေးဌာနမှ လူများကို စတင် ရွှေ့ပြောင်းပေးပြီးနောက် အပေါ်ထပ်သို့ လူအချို့ စေလွှတ်လိုက်သည်။
ဘန်း... ဘန်း...
အပေါ်ထပ်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားသော်လည်း တိုက်ပွဲမှာ မကြာမီ ရပ်တန့်သွားသည်။ သိုင်းသမား အများအပြားသည် သွေးသံရဲရဲဖြင့် အောက်ထပ်သို့ ပြန်လည် ဆုတ်ခွာလာကြပြီး သူတို့၏ မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
“သ... သတ္တဝါဆိုးကြီးတွေ”
ဆေးရုံမှာ စောစောကတည်းက လူများကို ရွှေ့ပြောင်းပေးနေပြီ ဖြစ်သည်။ လုံခြုံရေးဌာနမှ သိုင်းသမားများ ဆုတ်ခွာလာသည်နှင့်အမျှ ဒုတိယထပ်တွင် ကမောက်ကမဖြစ်စေခဲ့သော သတ္တဝါဆိုးများ နောက်ဆုံးတွင် ပေါ်လာတော့သည်။
အဖြူရောင် လူနာဝတ်စုံနှင့် လူနာတစ်ယောက် ရှိနေပြီး ယောက်ျားလား မိန်းမလားဆိုသည်ကိုပင် ခွဲခြား၍ မရတော့ပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ဒုတိယထပ်မှ ယိုင်တိုင်တိုင် ဆင်းလာသည်။ သူ၏ မျက်နှာအမူအရာမှာ အလွန် ကြောက်မက်ဖွယ်ကောင်းနေပြီး သူ၏ အကြည့်များမှာလည်း အသက်မပါတော့ပေ။ သို့သော် သူ၏ လက်တစ်ဖက်မှာ တစ်စုံတစ်ရာကို လှမ်းဆွဲရန် ကြိုးစားနေသကဲ့သို့ ဆန့်တန်းထားဆဲပင်။
ဒုန်း
ရုတ်တရက် ထိုလူနာ၏ ခေါင်းမှာ ပေါက်ကွဲထွက်သွားပြီး သွေးများ နေရာအနှံ့ လွင့်စင်သွားသည်။ ဧရာမ တီကောင်ကြီးတစ်ကောင်က သူ၏ ခေါင်းထဲမှ ဖြည်းညင်းစွာ တွားသွား ထွက်လာသည်။ ထို့အပြင် တီကောင်ကြီး ပေါ်လာသည်နှင့် ချက်ချင်းပင် ပါးစပ်ကို ဟကာ လူနာ၏ အလောင်းကို မျိုချလိုက်တော့သည်။ ၎င်း၏ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ကြီးထွားလာသည်။
“တီကောင်သားရဲလား”
လင်းဖုန်း ဤအရာအားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။ သူပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်လုံးအစုံမှာလည်း ပြူးကျယ်ကာ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
တီကောင်သားရဲများကို သူ မရင်းနှီးဘဲ မနေပေ။ သူသည် မရေမတွက်နိုင်သော တီကောင်သားရဲများကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ဖူးသည်။ တီကောင်သားရဲဘုရင်ပင် လင်းဖုန်း၏ လက်အောက်တွင် သေဆုံးခဲ့ရသည် မဟုတ်ပါလား။
လင်းဖုန်းသည် တီကောင်သားရဲများ၏ ပုံပန်းသဏ္ဍာန်ကို ဤဘဝတွင် ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။ သို့သော် သူ့ရှေ့တွင် ဖြစ်ပျက်နေသည်မှာ အဘယ်နည်း။ ဤသည်မှာ တီကောင်သားရဲများ မွေးဖွားလာပုံပင်။ လူတစ်ယောက်၏ ခေါင်းထဲမှ ထွက်လာခြင်းလော။
ဤသည်မှာ စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ပြွတ်... ပြွတ်... ပြွတ်...
ထိုအချိန်တွင် အခြား တီကောင်အချို့ လှေကားပေါ်မှ ဆင်းလာကြသည်။ ၎င်းတို့အားလုံးမှာ လင်းဖုန်း ရှေ့တန်းတွင် တွေ့ခဲ့ရသော တီကောင်သားရဲများထက် အများကြီး သေးငယ်ကြသည်။ သို့သော် သူတို့က အလောင်းတစ်လောင်းကို မျိုချလိုက်တိုင်း သူတို့၏ ခန္ဓာကိုယ်များမှာ တဖြည်းဖြည်း ကြီးထွားလာကြသည်။
“သောက်ကျိုးနည်း... သေစမ်း”
လင်းဖုန်း၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။ ဤသားရဲများ မည်သို့ကြောင့် လူ့ဦးခေါင်းထဲမှ ထွက်လာပါစေ ဤရက်စက်ကြမ်းကြုတ်သော သားရဲများကို ရင်ဆိုင်ရချိန်တွင် လင်းဖုန်း၏ သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်သို့တိုင် မြင့်တက်လာခဲ့သည်။ သူသည် တီကောင်သားရဲများထံသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။
နဂါးကျောက်တုံးမြို့၊ သုတေသနဌာန၏ ယာယီ သုတေသန စက်ရုံတစ်ခုတွင်...
သုတေသနဌာနတွင် အမြဲတမ်း လူအင်အား မလုံလောက်မှုများ ရှိနေတတ်သည်။ ဝန်ထမ်းအများစုမှာ ပရော်ဖက်ဆာ ဝေယွမ်အတွက် ရောက်လာကြသူများ ဖြစ်သည်။ ထိုလူအားလုံးနီးပါးမှာ သူ၏ ကျောင်းသားများ ဖြစ်ကြပြီး မဟာဘွဲ့ရ ကျောင်းသားများနှင့် ပါရဂူဘွဲ့ရ ကျောင်းသားများလည်း ပါဝင်သည်။
ဝေယွမ်သည် ပညာရပ်ပိုင်းဆိုင်ရာတွင် မြင့်မားသော အဆင့်အတန်းရှိပြီး စမ်းသပ်မှုများ ပြုလုပ်ရာတွင်လည်း အလွန် တင်းကျပ်သူ ဖြစ်သည်။ လွန်ခဲ့သော သုံးရက်က နဂါးကျောက်တုံးမြို့သို့ ရောက်ရှိလာသောအခါ သူသည် ယာယီ သုတေသန စက်ရုံတစ်ခု တည်ဆောက်ရန် နေရာတစ်ခုကို ချက်ချင်း ရှာဖွေခဲ့ပြီး စက်ပစ္စည်းများကို ပြောင်းရွှေ့ကာ အလုပ်စတင်ခဲ့သည်။
ဝေယွမ်သည် သုံးရက်သုံးညတိုင်တိုင် သုတေသနကိုသာ ဆက်တိုက်အာရုံစိုက်နေခဲ့ရာ အနားယူချိန် စုစုပေါင်း ဆယ်နာရီပင် မပြည့်ပေ။ သူသည် သိုင်းသမားတစ်ယောက် မဟုတ်သကဲ့သို့ အပျော်တန်းအဆင့်ပင် မဟုတ်ပေ။ သူ၏ ခွန်အားမှာ အကန့်အသတ်ရှိပြီး သုံးရက်ဆက်တိုက် အလုပ်လုပ်ပြီးနောက်တွင် ပြိုလဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
သို့သော် ဝေယွမ်သည် ဓာတ်ခွဲခန်းထဲတွင်သာ ဆက်နေရန် တင်းခံထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရလဒ်များ မကြာမီ ထွက်လာတော့မည် ဖြစ်သောကြောင့်ပင်။ အမှန်တကယ်တွင် ဤသားရဲအသစ် အမျိုးအစားသည် သူ ယခင်က သိဖူးသမျှ အမဲလိုက်သားရဲများအားလုံးထက် ပို၍ ကြောက်စရာကောင်းနိုင်သည်ဟု သူ့မသိစိတ်က အမြဲတမ်း ကြိုတင်ခံစားနေခဲ့ရသည်။
“ပရော်ဖက်ဆာ... ရလဒ်တွေ ထွက်လာပါပြီ။ ဘုရားရေ... ဒါ မဖြစ်နိုင်ဘူး။ ကျွန်တော် ဒီလို သားရဲမျိုး တစ်ခါမှ မမြင်ဖူးဘူး...”
သုတေသနဌာနမှ ပါရဂူတစ်ဦးသည် စမ်းသပ်ချက် အစီရင်ခံစာကို ကြည့်ရင်း ဖြူရော်သွားသည်။
ဝေယွမ်သည် သူ့ထံမှ စမ်းသပ်ချက် အစီရင်ခံစာကို ယူလိုက်သည်။ ထိုအပေါ်ရှိ ရှည်လျားသော ဒေတာအချက်အလက်များကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာလည်း စက္ကူတစ်ရွက်လို ဖြူလျော့သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပင်လျှင် တုန်ရီနေခဲ့သည်။
“ဒီဒေတာတွေက တိကျတယ်ဆိုတာ သေချာလား”
“ပရော်ဖက်ဆာ... လုံးဝ မမှားနိုင်ပါဘူး။ ဒါသာ အမှန်ဆိုရင်တော့...”
အချို့လူများမှာ ဆက်ပင် မပြောနိုင်တော့ပေ။
“ဒါသာ အမှန်ဆိုရင် လူသားမျိုးနွယ်အတွက် ကပ်ဘေးတစ်ခုပဲ”
ဝေယွမ် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ဤဒေတာ အစီရင်ခံစာက ဘာကိုဆိုလိုသလဲဆိုသည်ကို သူ ကောင်းကောင်း သိသည်။
“ငါ စစ်သေနာပတိချုပ်ဆီ ချက်ချင်း သွားလိုက်မယ်။ မင်းတို့အားလုံး ဓာတ်ခွဲခန်းထဲမှာ ဆက်နေပြီး သုတေသနကို ဆက်လုပ်ကြ။ အမှားအယွင်း မရှိစေနဲ့။ ငါတို့ ကြိုးစားရမယ်... သူတို့ရဲ့ အားနည်းချက်ကို ရှာတွေ့ဖို့ အစွမ်းကုန် ကြိုးစားရမယ်”
သို့သော် ဤသားရဲများ၏ အားနည်းချက်ကို ရှာတွေ့ရန်မှာ မည်မျှ ခက်ခဲကြောင်း ဝေယွမ် သိနေသည်။
ဝေယွမ် ဓာတ်ခွဲခန်းထဲမှ အလျင်အမြန် ထွက်လာခဲ့သည်။ သူသည် နဂါးတောင်အခြေစိုက်စခန်း၏ စစ်သေနာပတိချုပ် လုံကျိုးထံသို့ အမြန်ဆုံး သွားလေသည်။
လက်ရှိအချိန်တွင် လုံကျိုးသည် နဂါးကျောက်တုံးမြို့မှ အစိုးရ အရာရှိများနှင့် နောက်ဆက်တွဲ ကိစ္စရပ်များကို ဆွေးနွေးနေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ နဂါးတောင်အခြေစိုက်စခန်းသည် အနည်းဆုံး အချိန်အတိုင်းအတာတစ်ခုအထိ နဂါးကျောက်တုံးမြို့တွင် လည်ပတ်နေရမည် ဖြစ်သည်။ နဂါးကျောက်တုံးမြို့မှ ဒေသခံ အရာရှိများနှင့် အဆင်ပြေပြေ နေထိုင်ရန် အလွန် အရေးကြီးလှသည်။
“စစ်သေနာပတိချုပ်... သေရေးရှင်ရေး အရေးကြီးတဲ့ ကိစ္စတစ်ခု သတင်းပို့စရာ ရှိပါတယ်”
တရားဝင် အခမ်းအနား ဖြစ်နေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဝေယွမ်သည် အစည်းအဝေးခန်းမထဲသို့ စိုးရိမ်တကြီး ပြေးဝင်လာသည်။
အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘာတွေဖြစ်နေမှန်း မသိကြပေ။ သို့သော် ပရော်ဖက်ဆာ ဝေယွမ်ကို သိကြသဖြင့် မည်သူမျှ ဘာမှမပြောကြပေ။ ယင်းအစား သူတို့က လုံကျိုးကိုသာ ကြည့်လိုက်ကြသည်။
လုံကျိုးက ပြုံးလိုက်ပြီး “ပရော်ဖက်ဆာ ဝေ... ဘာတွေများဖြစ်လို့လဲ”
“စစ်သေနာပတိချုပ်... သားရဲအသစ်တွေနဲ့ ပတ်သက်တဲ့ စမ်းသပ်ချက် အစီရင်ခံစာပါ။ ကျွန်တော်တို့ အဲဒီသားရဲတွေရဲ့ သဘာဝကို အပြည့်အဝ နားလည်သွားပါပြီ၊ ဒါပေမဲ့ ရလဒ်တွေက...”
ဝေယွမ် ခဏမျှ ရပ်သွားပြီး ဆက်မပြောတော့ပေ။ သို့သော် သူ၏ စိုးရိမ်နေသော မျက်နှာအမူအရာက အရာအားလုံးကို ရှင်းပြနေသည်။
လုံကျိုး၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဤသည်မှာ သတင်းကောင်း မဖြစ်နိုင်မှန်း သူ သိသဖြင့် လူတိုင်းကို နှုတ်ဆက်ကာ ပရော်ဖက်ဆာ ဝေယွမ်ကို တိတ်ဆိတ်သော အခန်းတစ်ခုဆီသို့ ကိုယ်တိုင် ခေါ်သွားခဲ့သည်။
“ပရော်ဖက်ဆာ ဝေ... ပြောပါတော့။ သုတေသနဌာနက ဘာတွေ ရှာတွေ့ခဲ့တာလဲ”
ဝေယွမ်က သူ၏ စိတ်ခံစားချက်များကို ငြိမ်သက်အောင် ထိန်းလိုက်ပြီး တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည်။ “စစ်သေနာပတိချုပ်... ကျွန်တော်တို့ ဒီရက်ပိုင်း အဲဒီသားရဲအသစ်တွေကို သုတေသနလုပ်နေခဲ့ပါတယ်။ အဲဒီကောင်တွေက အမဲလိုက်သားရဲတွေ ဖြစ်ဖို့များတယ်လို့ ကျွန်တော်တို့ ခန့်မှန်းခဲ့ကြတယ်။ အခုတော့ ဒါကို ကျွန်တော်တို့ အတည်ပြုနိုင်ပါပြီ”
“ဒါဆို သူတို့က တကယ်ပဲ အမဲလိုက်သားရဲတွေပေါ့”
ဤသည်ကို ကြားသောအခါ လုံကျိုးသည် စိတ်မကောင်းဖြစ်သွားမိသည်။
“သူတို့က သာမန် အမဲလိုက်သားရဲတွေဆိုရင် ဆိုးဝါးပေမဲ့ ကျွန်တော်တို့မှာ အမဲလိုက်သားရဲတွေကို နှိမ်နင်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိပြီးသားပါ။ ဒါပေမဲ့ ဒီတစ်ခါ အမဲလိုက်သားရဲတွေက လွယ်လွယ်နဲ့ ကိုင်တွယ်လို့ရတဲ့ ကောင်တွေ မဟုတ်ဘူး။ သူတို့ရဲ့ ဆဲလ်တွေက အရမ်း မြန်မြန် ကွဲပွားနိုင်ပြီး ဆဲလ်လှုပ်ရှားမှု အဆင့်ကလည်း အံ့ဩစရာကောင်းလောက်အောင် မြင့်မားတယ်။ ကျွန်တော်တို့ရဲ့ သုတေသနအရ မိခင်ခန္ဓာကိုယ်ကနေ ခွဲထွက်သွားပြီးရင်တောင် သူတို့ရဲ့ ဆဲလ်တွေက ၁၀ ရက်လောက် ဆက်ပြီး အသက်ရှင်နေနိုင်တယ်။ ဒါ့အပြင် စားသုံးဖို့ စွမ်းအင်သာ ရှိမယ်ဆိုရင် သူတို့က ဆက်ပြီး ကွဲပွားနိုင်ပြီး မိခင်ခန္ဓာကိုယ် အသစ်တွေတောင် ဖြစ်လာနိုင်သေးတယ်”
“ဘာကို ဆိုလိုတာလဲ”
“ကျွန်တော် ဆိုလိုတာက ဒီသားရဲတွေက ကပ်ပါးကောင်တွေပဲ”
“ကပ်ပါးကောင် ဟုတ်လား...”
လုံကျိုး၏ ရင်ထဲ တုန်လှုပ်သွားသည်။ ကပ်ပါးကောင်။ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ဝေါဟာရနည်း။ ၎င်းသည် တစ်ချိန်က သိပ္ပံရုပ်ရှင်များတွင်သာ စိတ်ကူးယဉ်ဖူးခဲ့ကြသော ကြောက်မက်ဖွယ် သားရဲအမျိုးအစား တစ်ခု ဖြစ်သည်။
“ပရော်ဖက်ဆာ ဝေ... ဒါက နောက်စရာ မဟုတ်ဘူးနော်။ အဲဒီသားရဲတွေက ကပ်ပါးကောင်တွေဆိုတာ သေချာလား”
“သူတို့က ကပ်ပါးကောင်တွေဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ သူတို့က လက်ခံကောင်ကို ကပ်ပါးပြုပြီးသွားရင် ရောဂါအစပျိုးချိန် ၇ ရက်ကနေ ၁၀ ရက်လောက် အထိ ရှိနိုင်တယ်၊ ဒါမှမဟုတ် အဲဒီထက်တောင် ပိုကြာနိုင်တယ်။ ဒါတွေအားလုံးက တိကျတဲ့ စမ်းသပ်မှုတွေ လိုအပ်ပါတယ်။ ဒါပေမဲ့ အတည်ပြုနိုင်တဲ့ အချက်တစ်ခုကတော့ သူတို့ရဲ့ ကပ်ပါးပြုနိုင်စွမ်းက အလွန် အစွမ်းထက်ပြီး လောလောဆယ် သူတို့ ဘယ်လိုနည်းလမ်းနဲ့ ကပ်ပါးပြုသလဲဆိုတာကို ကျွန်တော်တို့ မသိနိုင်သေးပါဘူး”
“၇ ရက် ကနေ ၁၀ ရက်... ဘယ်လိုလုပ် ဒီလောက် မြန်နိုင်မှာလဲ”
လုံကျိုးသည် နောက်ဆုံးတွင် သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူသည် ချက်ချင်း တည်ငြိမ်သွားပြီး ဤကိစ္စကို သေချာ စဉ်းစားလိုက်သည်။
မကြာမီမှာပင် ထိတ်လန့်ဖွယ်ကောင်းသော အတွေးတစ်ခု လုံကျိုး၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
“တကယ်လို့... တကယ်လို့ ဒါက ကပ်ပါးသားရဲတွေရဲ့ အကြံအစည်သာ ဖြစ်ခဲ့မယ်ဆိုရင်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့ ဆန္ဒအလျောက် ဆုတ်ခွာသွားခဲ့တာက လင်းဖုန်းက သူတို့ရဲ့ သားရဲဘုရင်ကို သတ်လိုက်လို့ မဟုတ်ဘဲ သူတို့ရဲ့ ကပ်ပါးပြုတဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီး ရည်မှန်းချက် အောင်မြင်သွားလို့များ ဖြစ်နေမလား။ သူတို့က နောက်တစ်ဆင့်အနေနဲ့ ငါတို့လူတွေ မြို့ထဲကို ဆုတ်ခွာသွားမယ့် အချိန်ကိုပဲ စောင့်နေခဲ့တာပေါ့။ ဒါသာ အမှန်ဆိုရင်... သေစမ်းကွာ။ နဂါးကျောက်တုံးမြို့ကို ချက်ချင်း ပိတ်ဆို့ရမယ်။ နဂါးတောင်အခြေစိုက်စခန်းက သိုင်းသမားတွေ တစ်ယောက်မှ နဂါးကျောက်တုံးမြို့ထဲကနေ ထွက်သွားလို့ မရဘူး”
လုံကျိုးသည် အဆိုးရွားဆုံး ရလဒ်ကို ချက်ချင်း တွေးမိလိုက်သည်။
ဘီ...ဘီ...
လုံကျိုး၏ ဆက်သွယ်ရေးကိရိယာမှာ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။
“စစ်သေနာပတိချုပ်... ဆေးရုံမှာ သားရဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ တီကောင်သားရဲတွေက လူနာတွေရဲ့ ခန္ဓာကိုယ်ထဲကနေ ဘယ်လိုလုပ်ပြီး ထွက်လာမှန်း မသိဘူး... အခြေအနေက အရေးပေါ်ပါပဲ၊ ပရမ်းပတာ အခြေအနေတွေလည်း ပျံ့နှံ့နေပါပြီ။ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဈေးဝယ်စင်တာတွေနဲ့ အခြေစိုက်စခန်းတွေမှာ တီကောင်သားရဲတွေကို တွေ့ရှိထားပါတယ်”
ဆက်သွယ်ရေးကိရိယာပေါ်ရှိ စာသားကို မြင်သောအခါ လုံကျိုး၏ မျက်နှာမှာ ဖြူရော်သွားသည်။ သူကဲ့သို့ သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးပင်လျှင် သတိလစ်မတတ် ဖြစ်သွားခဲ့သည်။
“ငါတို့တော့ သွားပြီ...”
ယခု လုံကျိုး၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ စိုးမိုးနေတော့သည်။ ငါတို့တော့ သွားပြီ၊ လုံးဝကို သွားပြီ...။