ဖုန်းရှို့၏ အကူအညီတောင်းခံသံ
Vol. 5 Ch. 69
ဘာသာပြန် - အားသစ်
“ဖုန်းရှို့လား... ဘာဖြစ်လို့လဲ၊ ငါ့ကို သေချာပြောစမ်း”
အသံကို ကြားလိုက်ရသည်နှင့် ၎င်းမှာ ဖုန်းရှို့မှန်း လင်းဖုန်း သိလိုက်သည်။ နဂါးကျောက်တုံးမြို့သို့ ဆုတ်ခွာလာကတည်းက ဖုန်းရှို့သည် ဇက်ကြိုးပြတ်နေသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။ သူသည် ရက်အနည်းငယ်ဆက်တိုက် ပျောက်ချက်သားကောင်းနေပြီး ဘယ်နေရာတွေမှာ သွားပျော်ပါးနေမှန်း မည်သူမျှ မသိကြပေ။
မမျှော်လင့်ဘဲ ယခုတော့ သူ ဒုက္ခရောက်နေပြီ ဖြစ်သည်။
“အစ်ကိုဖုန်း... ကျွန်တော့်ကို ကယ်ပါဦးဗျ။ ကျွန်တော် သူငယ်ချင်းတွေနဲ့ ဘားမှာ အရက်သောက်နေတုန်း ရုတ်တရက် တီကောင်သားရဲတွေ ပေါ်လာတာ။ ကျွန်တော် တတ်နိုင်သမျှ တချို့ကို သတ်ခဲ့ပေမဲ့ ဘားအပြင်ဘက်မှာ တီကောင်သားရဲတွေ အများကြီး ရှိနေတာကို တွေ့လိုက်ရတယ်။ ကျွန်တော်တို့ အခု အဝိုင်းခံထားရပြီ။ တီကောင်သားရဲတွေ အများကြီးပဲ၊ အဲဒီထဲမှာ အရှင်သခင်အဆင့် သားရဲတွေတောင် ပါနေပုံပဲ။ ကံကောင်းလို့ ကျွန်တော်တို့ထဲမှာ အခြေစိုက်စခန်းက သိုင်းသမား အချို့ပါနေလို့ပေါ့၊ မဟုတ်ရင် ဘားထဲကလူတွေ အားလုံး အသက်အန္တရာယ်ရှိနေပြီ”
လင်းဖုန်းလည်း အခြေအနေကို နားလည်လိုက်သည်။ ဖုန်းရှိုသည် အမှန်တကယ်ပင် ဘေးကျပ်နံကျပ် အခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထို့အပြင် ဖုန်းရှို့ကဲ့သို့ အစွမ်းထက်သူတစ်ဦးပင် ဘေးကင်းအောင် မဖောက်ထွက်နိုင်လျှင် ထိုနေရာတွင် တီကောင်သားရဲ အရေအတွက်မှာ အလွန်များပြားနေမည်မှာ သေချာလှသည်။
“မင်း ဘယ်မှာလဲ... လိပ်စာပြော”
“အရှေ့ဘက်လမ်းက အန်နီဘားမှာ”
လင်းဖုန်း သူ၏ ဆက်သွယ်ရေးကိရိယာကို ပိတ်လိုက်ပြီး အရှေ့ဘက်လမ်းဆီသို့ သူ တတ်နိုင်သမျှ အမြန်ဆုံး အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။
ဘားအတွင်း၌ အော်ဟစ်သံများနှင့် ငိုယိုသံများ ပြည့်နှက်နေသည်။ အတွင်းရှိ လေထုမှာ အရက်နံ့၊ ရေမွှေးနံ့နှင့် သွေးနံ့များ ရောနှောနေသဖြင့် အလွန် ရွံရှာစက်ဆုတ်ဖွယ်ကောင်းနေခဲ့သည်။
ဟော့ဟော့ရမ်းရမ်း ဝတ်ဆင်ထားသော မိန်းကလေး အများအပြားမှာ ထောင့်များတွင် ကုပ်ကုပ်လေးနေရင်း ဘား၏ ထွက်ပေါက်ကို ကြည့်ကာ တုန်ရီနေကြသည်။
ဖုန်းရှို့နှင့် သိုင်းသမား ငါးဦး၊ ခြောက်ဦးခန့်သည် တံခါးဝကို ပိတ်ဆို့ထားကြသည်။ အပြင်ဘက်တွင် တီကောင်သားရဲများစွာကို ရေးရေးမျှ မြင်နေရသည်။ အကယ်၍ သူတို့သာ တံခါးကို ဖောက်ထွက်ပြီး ဘားထဲသို့ အတင်းဝင်လာပါက ဘားအတွင်းရှိ လူရာပေါင်းများစွာမှာ အဆုံးစီရင်ခြင်း ခံရပေလိမ့်မည်။
ဖုန်းရှို့နှင့် အခြားသူများမှာ အလွန်အစွမ်းထက်သော်လည်း သားရဲများ၏ အရေအတွက်ကို မယှဉ်နိုင်ကြပေ။ သူတို့အားလုံးမှာ သိသိသာသာ ဒဏ်ရာရထားကြသည်။ ဖုန်းရှို့၏ လက်မောင်းတွင်လည်း ဒဏ်ရာအနည်းငယ် ရထားသော်လည်း သူ ဆက်လက် တောင့်ခံထားနိုင်သည်။
“ဖုန်းရှို့... မင်းက စီနီယာလင်းဖုန်းကို တကယ် သိတာလား”
“ဟဲဟဲ... မပူပါနဲ့။ အစ်ကိုဖုန်း သေချာပေါက် လာလိမ့်မယ်။ ငါတို့ ခဏလောက် ထပ်တောင့်ခံထားဖို့ပဲ လိုတယ်”
ဖုန်းရှို့သည် ဆေးလိပ်သောက်တတ်သူ မဟုတ်သော်လည်း ယခုအခါ စိုးရိမ်စိတ်ဝင်နေသဖြင့် ပါးစပ်တွင် ဆေးလိပ်တစ်လိပ် ခဲထားလိုက်သည်။ မီးခိုးငွေ့များကြားတွင် သူနှင့် လင်းဖုန်းတို့ အခြေစိုက်စခန်း၌ သားရဲများကို မည်သို့ သုတ်သင်ခဲ့ကြောင်း ကြွားလုံးထုတ်နေခဲ့သည်။
“ဖုန်းရှို့... မင်းရဲ့ဒဏ်ရာက တကယ်ပဲ အဆင်ပြေရဲ့လား။ ဘာလို့ ပိုးဝင်နေသလို ဖြစ်နေရတာလဲ”
အမှန်တကယ်ပင် ဖုန်းရှို၏ လက်မောင်းပေါ်ရှိ ဒဏ်ရာလေးမှာ အဖြူရောင် အဖုလေးတစ်ခု ပေါ်လာပြီး ဖောင်းကြွနေသည်။ ၎င်းမှာ အနည်းငယ် ရွံစရာကောင်းလှသည်။
“ဒီဒဏ်ရာကို ပြောတာလား... ဒါက ဒဏ်ရာအသစ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အဆုံးအဖြတ် တိုက်ပွဲတုန်းက ရခဲ့တာ။ ဘာမှ မဖြစ်ပါဘူး” ဖုန်းရှိုက ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါလိုက်သည်။
အပြင်ဘက်တွင် တီကောင်သားရဲများ ပို၍ ပို၍ ပေါ်လာခဲ့သည်။ ဖုန်းရှို့လည်း အတော်ပင် စိတ်ပျက်နေမိသည်။ သူသည် အခက်အခဲများစွာကြားမှ စည်ကားသော မြို့ပြသို့ ပြန်ရောက်လာခဲ့ပြီး သူငယ်ချင်းအချို့နှင့် အနားယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူသည် ရှေ့တန်းတွင် အချိန်တိုင်း စိတ်ဖိစီးနေခဲ့ရသည်။ ယခု မြို့သို့ ပြန်ရောက်လာပြီ ဖြစ်ရာ သူ ကောင်းကောင်း အနားယူချင်ခဲ့သည်။
သူသည် သူငယ်ချင်းများနှင့်အတူ ဘားသို့ လာခဲ့ပြီး လှပသော အမျိုးသမီးအချို့နှင့်ပင် စကားပြောခဲ့သေးသည်။ သူတို့ ပျော်ပါးရန် ပြင်နေစဉ်မှာပင် ဘားအတွင်းရှိ လူတစ်ယောက်သည် ရုတ်တရက် တီကောင်သားရဲအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် ပရမ်းပတာ ဖြစ်သွားတော့သည်။ မရေမတွက်နိုင်သော တီကောင်သားရဲများ ပေါ်လာခဲ့သည်။ ဘားသည် ရုတ်တရက်ဆိုသလို ကမ္ဘာပျက်ကပ်တစ်ခုသို့ ရောက်သွားပုံရသည်။ ဖုန်းရှို့အနေဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သော်လည်း သူသည် မနည်း တောင့်ခံနေရုံသာ တတ်နိုင်တော့သည်။
သူကိုယ်တိုင်ပင် ပိတ်မိနေပြီး ဘားထဲမှ ဖောက်ထွက်နိုင်စွမ်း မရှိတော့ပေ။
“တကယ်လို့ အစ်ကိုဖုန်းသာ အချိန်မီ ရောက်လာရင် သားရဲတွေ ဘယ်လောက်ပဲ များနေပါစေ ငါတို့ သေချာပေါက် ဘေးကင်းကင်းနဲ့ ဖောက်ထွက်နိုင်မှာပါ” ဖုန်းရှိုက အခြား သိုင်းသမားများကို အားပေးလိုက်သည်။
ဒုန်း
ဘားတစ်ခုလုံး၏ မြေပြင်မှာ တုန်ခါသွားခဲ့ပြီး ဘားတံခါးကို တီကောင်သားရဲများက ပြင်းထန်စွာ ဝိုင်းရံတိုက်ခိုက်လာကြသည်။
ဖုန်းရှို့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူက ဟိန်းဟောက်လိုက်ပြီး “တောင့်ထားကြ။ ငါတို့ မဖြစ်မနေ တောင့်ထားရမယ်။ အဲ့အကောင်တွေကို အတင်းဝင်လာခွင့် မပေးနဲ့။”
ဖုန်းရှို့သည် မိမိကိုယ်ကိုယ် ကိုယ်ကျိုးစွန့်သူတစ်ဦးဟု မမှတ်ယူသော်လည်း သိုင်းသမားတစ်ဦးအနေဖြင့် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော သားရဲများစွာနှင့် ရင်ဆိုင်ရချိန်တွင် သာမန်လူများကို ကာကွယ်ရန် ရှေ့သို့ ထွက်လာရမည်မှာ သူ၏ တာဝန်ပင် ဖြစ်သည်။
သိုင်းသမားများ၏ တာဝန်မှာ လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ ဤသည်မှာ လူတိုင်း ငယ်စဉ်ကတည်းက သင်ကြားလာခဲ့ရသော အရာဖြစ်ပြီး ဤသားရဲကပ်ဘေး ဖြစ်ပွားလာချိန်တွင်လည်း မရေမတွက်နိုင်သော သိုင်းသမားများမှာ ရှေ့သို့ ထွက်လာခဲ့ကြသည်။
ရုတ်တရက် ဧရာမ တီကောင်သားရဲကြီးတစ်ကောင် အတွင်းသို့ အတင်းတိုးဝင်လာသည်။ ၎င်းသည် သွေးအလိမ်းလိမ်းနှင့် ပါးစပ်ကြီးကို ဟကာ သိုင်းသမားတစ်ဦး၏ ခေါင်းကို ကိုက်လိုက်သည်။
ထိုသိုင်းသမားမှာ တီကောင်သားရဲ၏ ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရသည်။ ထိုသူမှာ အဆင့် ၇ ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦး ဖြစ်သော်လည်း တိုက်ခိုက်မှု တစ်ချက်ကိုပင် မကာကွယ်နိုင်ခဲ့ပေ။
“သားရဲအရှင်သခင်”
ဧရာမ သားရဲကြီးကို ကြည့်ပြီး ၎င်းမှာ အရှင်သခင်အဆင့် သားရဲတစ်ကောင်ဖြစ်ကြောင်း ဖုန်းရှို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ သာမန် သားရဲအရှင်သခင်များသည် အဆင့် ၉ ပရော်ဖက်ရှင်နယ် သိုင်းသမားများနှင့် အဆင့်အတန်း တူညီကြသည်။ အထူးသဖြင့် တီကောင်သားရဲများအတွက်ဆိုလျှင် ၎င်းတို့မှာ သာမန် သားရဲအရှင်သခင်ပင် မဟုတ်ပေ။
အဆင့် ၉ အမြင့်ဆုံးအဆင့် သိုင်းသမားများပင်လျှင် တီကောင်သားရဲများထဲမှ အရှင်သခင်အဆင့်သားရဲကို အနိုင်ယူရန် ခက်ခဲနိုင်ပေသည်။
လင်းဖုန်းနှင့် ရွှေယွမ်ရှန်းတို့ကဲ့သို့ လူများမှာ သားရဲအရှင်သခင်များကို အလွယ်တကူ သတ်ဖြတ်နိုင်ပုံ ပေါ်သော်လည်း သာမန် အဆင့် ၉ သိုင်းသမားများအတွက်မူ အရှင်သခင်အဆင့် သားရဲတစ်ကောင်နှင့် တွေ့ဆုံခြင်းမှာ ကြီးမားသော အန္တရာယ်ပင် ဖြစ်သည်။
တီကောင်သားရဲအရှင်သခင်မှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသည်။ သိုင်းသမားတစ်ဦးနှင့် သာမန်လူအချို့ကို ဝါးမြိုပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှာ ပို၍ပင် ကြီးမားလာခဲ့သည်။
တီကောင်သားရဲများသည် သာမန်လူများနှင့် သိုင်းသမားများ၏ ခန္ဓာကိုယ်ကို ဝါးမြိုခြင်းဖြင့် သူတို့၏ ခွန်အားကို လျင်မြန်စွာ မြှင့်တင်နိုင်ပုံရသည်။ သို့သော် အဆုံးအဖြတ် တိုက်ပွဲ၏ စစ်မြေပြင်တွင်မူ တီကောင်သားရဲများသည် အလောင်းများကို မည်သည့်အခါမျှ မဝါးမြိုခဲ့ကြပေ။ ငတုံးတစ်ယောက်ပင်လျှင် သူတို့၏ ယခင်နှင့် ယခု အပြုအမူ ကွဲပြားခြားနားနေပုံကို သိနိုင်ပေသည်။
တီကောင်သားရဲများသည် ဤအရာကို တမင်တကာ လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသလဲဆိုသည်ကိုမူ ဖုန်းရှို့ မသေချာပေ။ ဖြစ်နိုင်သည်မှာ တီကောင်သားရဲများ၏ အကြံဆိုး တစ်ခုခုပင် ဖြစ်ပေလိမ့်မည်။ လက်ရှိ သာဓကအနေဖြင့် နဂါးကျောက်တုံးမြို့ တစ်မြို့လုံး ပရမ်းပတာ ဖြစ်နေခြင်းကို ကြည့်ပါလေ။
ဖုန်းရှို့သည်လည်း အဆင့် ၉ အမြင့်ဆုံးအဆင့် သိုင်းသမားတစ်ဦးဖြစ်ပြီး အနန္တလမ်းစဉ်အကယ်ဒမီ ၏ ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။ လင်းဖုန်း၏ အနောက်တွင် အချိန်အတော်ကြာ လိုက်ပါခဲ့ပြီးနောက် သူသည် ရမှတ်များစွာ ရရှိခဲ့ပြီး ထိုရမှတ်များကို ခွန်အားအဖြစ် ပြောင်းလဲခဲ့သည်။
အနည်းဆုံးတော့ သူ လေ့ကျင့်ထားသော သိုင်းပညာရပ်များမှာ ယခင်ကထက် ပို၍ အစွမ်းထက်လာခဲ့သည်။
ဝှစ်
ဖုန်းရှို့ သူ၏ ဓားဖြင့် သားရဲအရှင်သခင်ကို ခုတ်ချလိုက်သည်။ သူ၏ ဓားအလင်းမှာ သားရဲအရျင်သခင်၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ထိမှန်သွားပြီး သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာကြီးတစ်ခု ဖြစ်သွားစေသည်။
တီကောင်သားရဲကြီးမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မရေမတွက်နိုင်သော လက်တံများဖြင့် ဖုန်းရှို့ကို ရိုက်ပုတ်လေသည်။
ဘန်း... ဘန်း... ဘန်း...
ဖုန်းရှို့သည် သူ၏ လျင်မြန်သော ကိုယ်ဟန်ကို အသုံးပြုကာ တီကောင်သားရဲ၏ လက်တံများကို သူ၏ ဓားဖြင့် ခုခံကာကွယ်သည်။ ထို့နောက် တီကောင်သားရဲကို သတ်ဖြတ်ရန် အခွင့်အရေးကို ရှာဖွေနေသည်။ သို့သော် တီကောင်သားရဲအရှင်သခင်၏ ပြန်လည်ကုသနိုင်စွမ်းမှာ ဖုန်းရှို့ကို အံ့အားသင့်သွားစေသည်။
သားရဲပေါ်ရှိ ကနဦး ဒဏ်ရာကြီးမှာ ဆယ်စက္ကန့်ခန့်အတွင်းမှာပင် အခြေခံအားဖြင့် လုံးဝပျောက်ကင်းသွားသည်။ ၎င်းမှာ မည်သည့်ဒဏ်ရာမျှ မရခဲ့သည့်အလားပင်။
သာမန် တီကောင်သားရဲများတွင်လည်း ပြန်လည်ကုသနိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိသော်လည်း ဤမျှ ကြောက်စရာ မကောင်းပေ။
“ကြည့်ရတာ ငါ ဒီကောင့် ခေါင်းကို ဖြတ်ပြီး သေနိုင်လောက်တဲ့ ဒဏ်ရာ ပေးနိုင်မှပဲ အသေသတ်နိုင်မှာပဲ”
ဖုန်းရှို၏ မျက်နှာအမူအရာမှာ အလွန်ပင် ခက်ထန်နေသည်။ တီကောင်သားရဲ၏ အသက်ချက်မှာ မည်သည့်နေရာတွင် ရှိသလဲဆိုသည်ကို သူ သဘာဝကျစွာပင် သိသည်။ ၎င်း၏ ခေါင်းပင် ဖြစ်သည်။
သို့သော် သားရဲအရှင်သခင်၏ ဧရာမ ခန္ဓာကိုယ်ကြီးကို ကြည့်ပြီး ၎င်း၏ ခေါင်းကို ဖြတ်ရန် ပြေးဝင်သွားခြင်းမှာ ပြောသလောက် မလွယ်ကူပေ။ ထိုလက်တံဆယ်ခုကျော်ကပင် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေရန် လုံလောက်လှသည်။
သူ ၎င်းအနီးသို့ပင် မကပ်နိုင်ပေ။
“ငါ ဘာလုပ်ရမလဲ”
ဖုန်းရှိုလည်း အနည်းငယ် စိုးရိမ်စိတ်ဝင်လာသည်။ ယခု သားရဲခေါင်းဆောင် တိုက်ခိုက်လာသည်နှင့် သူတို့ ဆက်ပြီး တောင့်မခံနိုင်တော့ပေ။ ဘားတံခါးမှာလည်း တဖြည်းဖြည်း ကျိုးပျက်လာနေသည်။ တံခါး လုံးဝ ကျိုးပျက်သွားသည်နှင့် မရေမတွက်နိုင်သော တီကောင်သားရဲများ အတွင်းသို့ အလုအယက် ဝင်လာကြပေလိမ့်မည်။ ထိုအခါ ဘားအတွင်းရှိ လူတိုင်း သေဆုံးကြရပေတော့မည်။
“အစ်ကိုဖုန်း... အစ်ကို ဘယ်မှာလဲ။ အမြန်မလာရင်တော့ ကျွန်တော့်အလောင်းကိုပဲ လာကောက်ရတော့မယ် ထင်တယ်။ မဟုတ်သေးဘူး... အလောင်းတောင် ကျန်မှာ မဟုတ်ဘူး...”
ဖုန်းရှို လုပ်နိုင်သည်မှာ လင်းဖုန်းထံသို့ သူ၏ ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ထပ်မံ ဆက်သွယ်ပြီး သူ၏ နောက်ဆုံးစကားများကို ချန်ထားခဲ့ရန်သာ ရှိတော့သည်။