← Chapters

ကျူးကျော်ဝင်ရောက်လာခြင်း

Vol. 5 Ch. 70

ကျူးကျော်ဝင်ရောက်လာခြင်း

Vol. 5 Ch. 70

ဘာသာပြန် - အားသစ်

မည်သည့်လူသားမဆို သေခြင်းတရားကို ကြောက်ရွံ့ကြစမြဲပင်။ ဖုန်းရှို့သည်လည်း ခြွင်းချက်မဟုတ်ပေ။ ရုတ်တရက် တီကောင်သားရဲ၏ လက်တံများဖြင့် ရိုက်ပုတ်ခံလိုက်ရကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့မည့်အလား သူ ခံစားလိုက်ရသည်။ သူသည် လေထဲသို့ လွင့်စင်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။

အနန္တလမ်းစဉ်အကယ်ဒမီတွင် ရှိစဉ်က သူသည် အလွန်ပင် ကြီးကျယ်ကာ ဝံ့ကြွားတတ်သူတစ်ဦး ဖြစ်ခဲ့သည်။ သွားလေရာတွင် လူအများက ဝန်းရံနေကြပြီး အလွန်တရာ မာနထောင်လွှားခဲ့သူ ဖြစ်သည်။

လင်းဖုန်းနှင့် တွေ့ဆုံပြီးနောက် ပြင်းပြင်းထန်ထန် ရှုံးနိမ့်ခဲ့ရကာ သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများပင် ရစရာမရှိအောင် ပျက်စီးသွားခဲ့ရသည်။ ထို့ပြင် သူသည် လင်းဖုန်းနှင့်အတူ အန္တရာယ်ရှိသော ရှေ့တန်းစစ်မျက်နှာသို့ပင် လိုက်ပါခဲ့ရသေးသည်။

နောက်ဆုံးတွင် ရှေ့တန်းသို့ ရောက်ရှိလာသောအခါမှသာ သူသည် လူသစ်တစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားခဲ့ရသည်။ ရှေ့တန်းတွင် တိုက်ပွဲဝင်ခဲ့ရသော အတွေ့အကြုံသာ မရှိခဲ့ပါက သိုင်းသမားတစ်ဦး ဖြစ်ရခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို သူ မည်သည့်အခါမျှ နားလည်နိုင်လိမ့်မည် မဟုတ်ပေ။

ရှေ့တန်းသို့ မလာရောက်မီက သူသည် လူတစ်ယောက်ကိုပင် မသတ်ဖူးသလို ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲများကိုလည်း မကြုံဖူးခဲ့ပေ။ သိုင်းသမားများ၏ အရေးပါမှုကိုလည်း သူ နားမလည်ခဲ့ပေ။ အကယ်၍ သူသာ အနန္တလမ်းစဉ်အကယ်ဒမီတွင် ဆက်လက်နေထိုင်ခဲ့ပါက ၅ နှစ်ပြည့်သည့်တိုင် မျိုးရိုးဗီဇကန့်သတ်ချကိကို ချိုးဖျက်နိုင်မည် မဟုတ်ဘဲ စိတ်ပျက်အားငယ်စွာဖြင့် အကယ်ဒမီမှ ထွက်ခွာသွားရုံသာ ရှိတော့သည်။

ဖြစ်နိုင်သည်မှာ သူသည် မိသားစုစီးပွားရေးကို ဆက်ခံပြီး သူ၏ လက်ကျန်ဘဝတစ်လျှောက်လုံးကို သာမန်လူတစ်ယောက်အဖြစ် ဖြတ်သန်းသွားရပေလိမ့်မည်။

သို့သော် ယခုအခါ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် သိုင်းသမားတစ်ဦး ဖြစ်ချင်သလို မျိုးရိုးဗီဇကန့်သတ်ချက်ကိုလည်း ချိုးဖျက်လိုစိတ် ရှိလာခဲ့သည်။ သူ့ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာတွင် အစွမ်းထက်သော သိုင်းသမားတစ်ဦး ဖြစ်လာရန် ရည်မှန်းချက် ရှိလာခဲ့ပြီ ဖြစ်သည်။

သူသည် လင်းဖုန်းကို အလွန်ပင် ကျေးဇူးတင်မိသည်။ သို့သော် ယခုအခါ သူ သေဆုံးရတော့မည် ဖြစ်သည်။ တီကောင်သားရဲများ၏ အကိုက်အခဲခံရခြင်း သို့မဟုတ် ဝါးမြိုခြင်းခံရခြင်းမှာ သိုင်းသမားတစ်ဦးအနေဖြင့် သူ၏ ကံကြမ္မာပင် ဖြစ်ပေလိမ့်မည်။

ရက်စက်ကြမ်းကြုတ်သော တီကောင်သားရဲများသည် တံခါးကို ဖောက်ထွက်ကာ အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာကြပြီ ဖြစ်သည်။ သိုင်းသမားအချို့မှာ သားရဲများ၏ ဆွဲဖြဲဝါးမြိုခြင်းကို ခံလိုက်ရသည်။ ဘားတစ်ခုလုံးတွင် သွေးနံ့များ ပြည့်နှက်သွားခဲ့သည်။

“ငါ့အတွက်တော့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ အခွင့်အရေး မရှိတော့ဘူးပဲ။ ဒါပေမဲ့ ရှေ့တန်းကို လာခဲ့ရတာကိုတော့ ငါနောင်တမရပါဘူး...”

သေခါနီးအချိန်တွင် ဖုန်းရှို့၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဝှစ်

ရုတ်တရက် မှောင်မည်းနေသော ဘားအတွင်း၌ လျှပ်စီးလက်သွားသကဲ့သို့ အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ ၎င်းမှာ အလွန်ပင် လျင်မြန်လှသဖြင့် မည်သူမျှ သေချာပင် မမြင်လိုက်ရပေ။

လျှပ်စီးတန်း ပေါ်လာသည်နှင့်အတူ တံခါးဝကို ပိတ်ဆို့ထားသော သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ခန္ဓာကိုယ်များ နှစ်ခြမ်းကွဲကာ မြေပြင်ပေါ်သို့ ဒုန်းခနဲ လဲကျသွားကြသည်။ တီကောင်သားရဲအရှင်သခင်ပင်လျှင် ၎င်း၏ ခေါင်းမှာ နှစ်ခြမ်းကွဲသွားခဲ့သည်။

ခေါင်းနှစ်ခြမ်းကွဲသွားပြီးနောက် သားရဲအရှင်သခင်အနေဖြင့် ဆက်လက် အသက်ရှင်ရန် မဖြစ်နိုင်တော့ပေ။ မည်သို့ပင်ဆိုစေ သားရဲတိုင်းမှာ သားရဲဘုရင်အဆင့်နှင့် မယှဉ်နိုင်ကြပေ။ ဤသည်မှာ ၎င်းအတွက် သေစေနိုင်သော ဒဏ်ရာပင် ဖြစ်သည်။

သို့သော် ဤမျှနှင့် မပြီးသေးပေ။ လူတိုင်း မြင်လိုက်ရသည်မှာ လျှပ်စီးတန်းအလား လျင်မြန်သော ပုံရိပ်တစ်ခုသည် လက်ထဲတွင် ဓားမော့တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ ဓားကိုမြှောက်ကာ ခုတ်ချလိုက်တိုင်း မည်သည့်သားရဲမျှ တိုက်ခိုက်မှု တစ်ချက်ကိုပင် တောင့်မခံနိုင်ကြပေ။

မြေပြင်ပေါ်တွင် သားရဲအလောင်းများမှာ တောင်ပုံရာပုံ ဖြစ်သွားခဲ့သည်။ ဘားအတွင်းရှိ လူတိုင်းမှာ မှင်သက်သွားကြသည်။ တစ်ချိန်တည်းမှာပင် ဘေးဒုက္ခမှ လွတ်မြောက်ခဲ့ရသဖြင့် သက်ပြင်းချနိုင်ခဲ့ကြသည်။

“ဒါ ငါတို့ကို ကယ်ဖို့ ရောက်လာတဲ့ သာလွန်လူသား ကျွမ်းကျင်သူလား”

“ငါလည်း မသိဘူး။ သာလွန်လူသား ကျွမ်းကျင်သူတစ်ယောက် ဖြစ်မှာပါ။ မဟုတ်ရင် ဒီလောက် အစွမ်းထက်တဲ့ သားရဲတွေကို ဘယ်လိုလုပ် အလွယ်တကူ သတ်နိုင်မှာလဲ”

ဘားအတွင်းရှိ လူတိုင်းမှာ အံ့အားသင့်နေကြသည်။ သူတို့မျက်စိထဲတွင် ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်လှသော ဤသားရဲများမှာ ဤမျှလောက်ထိ အားနည်းနိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ ဤသည်မှာ တစ်ဖက်သတ် သတ်ဖြတ်မှုတစ်ခုပင် ဖြစ်သည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဖုန်းရှို့ တစ်ဦးတည်းသာ အားရပါးရ ရယ်မောလိုက်ပြီး “ဟားဟား... အစ်ကိုဖုန်းပဲ။ အစ်ကိုဖုန်း ရောက်လာပြီ”

မကြာမီမှာပင် သားရဲအားလုံးကို သုတ်သင်လိုက်ပြီး ဖြစ်သည်။ လင်းဖုန်းသည် သူ၏ ဓားကို ပြန်သိမ်းလိုက်ပြီး ဖုန်းရှို့ထံသို့ အလျင်အမြန် လာခဲ့သည်။ ဖုန်းရှို့၏ ဒဏ်ရာများကို ကြည့်လိုက်ပြီးနောက်မှ သူ သက်ပြင်းချနိုင်တော့သည်။

“ငါ အချိန်မီ ရောက်လာလို့ တော်သေးတာပေါ့။ ဒီလောက် ဒဏ်ရာလေးနဲ့တော့ မင်း မသေပါဘူး”

ဖုန်းရှို့သည် လင်းဖုန်းနှင့်အတူ အနန္တလမ်းစဉ်အကယ်ဒမီမှ ရှေ့တန်းသို့ လိုက်ပါလာခဲ့သူ ဖြစ်သည်။ အကယ်ဒမီတွင် ရှိစဉ်က သူတို့နှစ်ဦးမှာ ခင်မင်သူများ မဟုတ်ခဲ့ကြသလို လင်းဖုန်းကပင် ဖုန်းရှိုကို ရှေ့တန်းသို့ လိုက်လာရန် ခြိမ်းခြောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှေ့တန်းတွင် အချိန်အတော်ကြာ အတူရှိနေခဲ့ပြီးနောက် သူတို့နှစ်ဦးကြားတွင် ခိုင်မာသော သံယောဇဉ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လင်းဖုန်းသည် အန္တရာယ်ကြုံနေသော ဖုန်းရှို့ကို ပစ်ပယ်ထားလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ဘားဆီသို့ သူ တတ်နိုင်သမျှ အမြန်ဆုံး အရှိန်ဖြင့် ပြေးလာခဲ့ခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူ အချိန်မနှောင်းခဲ့ပေ။

“အစ်ကိုဖုန်း... အစ်ကို ကျွန်တော့်အသက်ကို ထပ်ပြီး ကယ်တင်လိုက်ပြန်ပြီ။ ရှေ့တန်းမှာတင် အစ်ကို ကျွန်တော့်ကို ဘယ်နှစ်ခါ ကယ်ခဲ့လဲဆိုတာ ကျွန်တော် မမှတ်မိတော့ဘူး။ ကျွန်တော်...”

“စကားတွေ အများကြီး မပြောနဲ့ဦး။ မင်းဒဏ်ရာက မသေနိုင်ပေမဲ့ အချိန်မီ ကုသဖို့တော့ လိုတယ်။ ငါ မင်းကို ဆေးရုံကို ချက်ချင်း ခေါ်သွားပေးမယ်”

“အစ်ကိုဖုန်း... ဘားထဲက လူတွေကိုရော ဘယ်လိုလုပ်မလဲ”

လင်းဖုန်း ဘားအတွင်းရှိ လူများကို တစ်ချက်ကြည့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ဒီက သားရဲအားလုံးကို ငါ ရှင်းလိုက်ပြီ။ ဒါပေမဲ့ ဒီနေရာက သိပ်မလုံခြုံသေးဘူး။ ခင်ဗျားတို့ အမြန်ဆုံး ထွက်သွားပြီး အိမ်ပြန်ကြတာ ပိုကောင်းလိမ့်မယ်။ အိမ်ထဲကနေ အပြင်ကို အလွယ်တကူ မထွက်ကြပါနဲ့”

“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်”

“ကယ်တင်ရှင်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဘယ်လို ခေါ်ရမလဲခင်ဗျာ။ နောက်နောင် ကျေးဇူးဆပ်ခွင့် ပြုပါဦး”

“အများကြီး ကျေးဇူးတင်ပါတယ်ရှင်”

ဘားအတွင်းရှိ လူများသည် အလုအယက် ထွက်ခွာသွားကြသည်။ အချို့က လင်းဖုန်း၏ နာမည်ကို သိချင်ကြသော်လည်း သူက ငြင်းပယ်ခဲ့သည်။ သူသည် လူပေါင်းများစွာကို ကယ်တင်ခဲ့ပြီးဖြစ်ကာ သူတို့၏ ကျေးဇူးဆပ်မှုကို မလိုအပ်ပေ။

လင်းဖုန်းသည် ပြင်းထန်စွာ ဒဏ်ရာရထားသော ဖုန်းရှိုကို ပွေ့ချီလိုက်ပြီး ဆေးရုံသို့ ခေါ်သွားရန် ပြင်ဆင်လိုက်သည်။

လမ်းလျှောက်နေစဉ် ဖုန်းရှို့က “အစ်ကိုဖုန်း... ဒီသားရဲတွေ ဘာဖြစ်နေတာလဲဆိုတာ အစ်ကို သိလား”

“ငါလည်း သေချာတော့ မသိဘူး။ ဒီသားရဲတွေက လူသားတွေရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်လာတာ။ ငါ ထင်တာ မမှားဘူးဆိုရင် သူတို့က ကပ်ပါးကောင်တွေပဲ ဖြစ်ရမယ်”

ဖုန်းရှိုကလည်း ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်၊ ကပ်ပါးကောင်တွေ ဖြစ်ရမယ်။ ဒီအစုတ်ပလုတ် တီကောင်သားရဲတွေက ကပ်ပါးပြုနိုင်စွမ်း ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ သူတို့တွေ ရှေ့တန်းက အဆုံးအဖြတ် တိုက်ပွဲတုန်းကတည်းက လူတွေကို ကပ်ပါးပြုထားခဲ့ကြတာ နေမှာ”

စကားကို ခဏရပ်လိုက်ပြီး ဖုန်းရှို့က ဝေခွဲမရဟန်ဖြင့် မေးလိုက်သည်။ “အစ်ကိုဖုန်း... ကျွန်တော်လည်း ကပ်ပါးပြုခံထားရနိုင်တယ်လို့ အစ်ကို ထင်လား”

လင်းဖုန်း အနည်းငယ် မှင်သက်သွားသည်။ အမှန်တကယ်ပင် တီကောင်သားရဲများ၏ ကပ်ပါးပြုပုံနှင့် ကူးစက်ပုံမှာ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ အဆုံးအဖြတ် တိုက်ပွဲတွင် ပါဝင်ခဲ့သူ မည်သူမဆို ကပ်ပါးပြုခံထားရနိုင်ပေသည်။

လင်းဖုန်းနှင့် ဖုန်းရှို့တို့သည်လည်း ခြွင်းချက်မဟုတ်ပေ။

“မဟုတ်တာ... မင်းက ဘယ်လိုလုပ် ကပ်ပါးပြုခံရမှာလဲ”

လင်းဖုန်း ခေါင်းခါလိုက်သည်။ သူ၏ ရင်ထဲတွင် လေးလံနေသော်လည်း ထိုစကားကို ထုတ်မပြောခဲ့ပေ။

ဖုန်းရှို့ကလည်း ပြုံးရင်း ပြောလိုက်သည်။ “အဲဒါကတော့ အသေအချာ မပြောနိုင်ဘူးလေ။ လူတွေ အများကြီး ကပ်ပါးပြုခံထားရတာ။ အဆင့် ၉ သိုင်းသမားတစ်ယောက် ကပ်ပါးပြုခံရတာကလည်း အံ့ဩစရာ မဟုတ်ပါဘူး။ အကယ်လို့ အဲဒီအချိန်သာ တကယ် ရောက်လာခဲ့ရင် အစ်ကိုဖုန်း... ကျွန်တော့်ကို မညှာပါနဲ့။ ကျွန်တော့်ကို သတ်ပေးပါ။ ကျွန်တော်က ဟို ဧရာမ တီကောင်ကြီးတွေလို ရွံစရာကောင်းတဲ့ အကောင်ကြီး မဖြစ်ချင်ဘူး...”

သူ စကားပြောနေရင်း လင်းဖုန်း တစ်ခုခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ ဖုန်းရှို့၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူဖျော့လာပြီး သူ၏ အသံမှာလည်း တိုးဝင်သွားသည်။ အထူးသဖြင့် သူ၏ မျက်လုံးများမှာ အနီရောင်သို့ ခပ်ဖျော့ဖျော့ ပြောင်းလဲလာသည်။

“ဖုန်းရှို့”

လင်းဖုန်း ဖုန်းရှို့ကို လှုပ်ခါလိုက်ရာ ဖုန်းရှို့၏ အကြည့်များမှာ စူးစိုက်မှု မရှိတော့သည်ကို တွေ့လိုက်ရသည်။ သို့သော် ဖုန်းရှို့ ယခုလေးတင် ရရှိခဲ့သော ဒဏ်ရာများမှာ အသက်အန္တရာယ် မရှိနိုင်ပေ။ ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

“ဖုန်းရှို့... သတိထားဦးလေ”

ဖုန်းရှို တစ်ခုခု ထူးခြားနေသည်ဟူသော ခံစားချက်မှာ လင်းဖုန်းထံတွင် ပို၍ ပို၍ ပြင်းထန်လာခဲ့သည်။ ကျောချမ်းဖွယ်ရာ အသိတစ်ခုမှာ သူ၏ စိတ်ထဲသို့ ဖျတ်ခနဲ ဝင်လာခဲ့ပြီး သူ၏ ရင်ထဲတွင်လည်း ထိတ်လန့်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ဘန်း

မည်သည့် ကြိုတင်သတိပေးချက်မျှ မရှိဘဲ ဖုန်းရှို့၏ ဦးခေါင်းမှာ ရုတ်ချည်းပေါက်ကွဲထွက်သွားသည်။ သွေးညှိနံ့များနှင့် ဦးနှောက်အစိတ်အပိုင်းများမှာ လင်းဖုန်း၏ ကိုယ်ပေါ်သို့ လွင့်စင်ပျံ့ကျဲသွားတော့သည်။

ပြင်းထန်လှသော သွေးညှိနံ့မှာ လင်းဖုန်း၏ နှာခေါင်းထဲတွင် စွဲကျန်နေဆဲပင်။ ဖုန်းရှို့၏ ခန္ဓာကိုယ်ထဲမှ တီကောင်သားရဲတစ်ကောင် ရုတ်တရက် ခုန်ထွက်လာပြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် လင်းဖုန်းကို ကိုက်ရန် တဟုန်ထိုး ပြေးဝင်လာတော့သည်။

“ထွက်သွားစမ်း”

လင်းဖုန်း လက်သီးဖြင့် ထိုးလိုက်သည်။ ယခုလေးတင် မွေးဖွားလာသော တီကောင်သားရဲမှာ လက်သီးချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။ ၎င်း၏ စိမ်းရွှေရွှေ ကလီစာများမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားခဲ့သည်။

“ဖုန်းရှို့...”

လင်းဖုန်းသည် ဖုန်းရှို့၏ အလောင်းကို ပွေ့ချီထားဆဲ ဖြစ်သော်လည်း ဖုန်းရှို့မှာမူ ခေါင်းမရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်အတွင်းမှ သက်ရှိလက္ခဏာများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဖုန်းရှို့လည်း ကပ်ပါးပြုခံခဲ့ရခြင်း ဖြစ်သည်။ ရှေ့တန်း တိုက်ပွဲတွင် ရှိနေစဉ် ကတည်းက ဖုန်းရှို့မှာ ကပ်ပါးပြုခံခဲ့ရခြင်း ဖြစ်ပြီး ယခုမှသာ အကျိုးသက်ရောက်လာခြင်း ဖြစ်သည်။

လင်းဖုန်းနှင့် ဖုန်းရှို့တို့၏ ခင်မင်မှုမှာ အလွန်ပင် နက်ရှိုင်းလှသည်ဟု မဆိုနိုင်သော်လည်း သူ၏ မျက်စိရှေ့မှောက်တွင် ဖုန်းရှို့ သေဆုံးသွားသည်ကို ဘာမှ မလုပ်ပေးနိုင်ဘဲ ကြည့်နေရခြင်းမှာ ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့ သေဆုံးစဉ်ကကဲ့သို့ပင် အားကိုးရာမဲ့သော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

ကျိ... ကျိ... ကျိ...

ရုတ်တရက် လင်းဖုန်း၏ ဦးခေါင်းအတွင်း၌ ထူးဆန်းသော အသံတစ်ခု ပေါ်လာသည်။ ဤအသံသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သိစိတ်တစ်ခုခုကို လှုပ်နှိုးလိုက်သကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် လမ်းမများပေါ်တွင် သောင်းကျန်းနေသော တီကောင်သားရဲများသည် သူတို့၏ ရူးသွပ်စွာ သတ်ဖြတ်မှုများကို ရပ်တန့်လိုက်ကြသည်။ သူတို့သည် တစ်စုံတစ်ခုကို နားစွင့်နေသကဲ့သို့ သူတို့၏ နားများကို ထောင်လိုက်ကြသည်။

ဤအခိုက်အတန့်တွင် နဂါးကျောက်တုံးမြို့တစ်ခုလုံးမှာ တိတ်ဆိတ်သွားခဲ့သည်။

လင်းဖုန်းမှာ ဖုန်းရှို့ သေဆုံးသွားမှုအတွက် ဝမ်းနည်းပူဆွေးမှုတွင် နစ်မြောနေဆဲ ဖြစ်သော်လည်း ယခုအခါ သူ၏ မျက်နှာမှာ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

သူသည် ယခုလေးတင် ကြားလိုက်ရသော ထူးဆန်းသည့် အသံကို နားလည်နိုင်နေခဲ့သည်။ ထိုအသံမှာ တီကောင်သားရဲအားလုံးကို ခေါ်ယူနေသည့် အသံတစ်ခုပင် ဖြစ်သည်။

“လာနေပြီ... မြို့အပြင်ဘက်ကနေ သူတို့ လာနေကြပြီ...”

လင်းဖုန်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဖုန်းရှို့၏ အလောင်းကို လမ်းဘေးရှိ အိမ်တစ်အိမ်အတွင်း ထားခဲ့ကာ မြို့အပြင်ဘက်သို့ အသည်းအသန် ပြေးထွက်သွားတော့သည်။

All Chapters