← Chapters

အစွမ်းထက်ဆုံးလူများ ပေါင်းစည်းလိုက်သောအခါဝယ်

Vol. 9 Ch. 831

အစွမ်းထက်ဆုံးလူများ ပေါင်းစည်းလိုက်သောအခါဝယ်

Vol. 9 Ch. 831

သရဲကြီးဘုရင်သည် အတွေ့အကြုံရင့်ကျက်သော အကြံသမားတစ်ယောက်ဖြစ်သည်သာမက စနစ်တကျ ဗျူဟာချမှတ်တတ်သူတစ်ယောက်ဆိုလည်း မမှားပေ။ ထိုအကြောင်းကို သရဲကြီးမြို့တော်၌ မဟာမျိုးနွယ်စုသုံးစုနှင့် ကစားပွဲတွင် သိသာထင်ရှားစွာ တွေ့မြင်နိုင်သည်။

ပိုင်ရှောင်ချန်းသည် ကြောက်ရွံ့စိတ်များဖြင့် ရင်တဒိန်းဒိန်းခုန်နေပြီး တိုက်ပွဲကွင်းပြင်တွင် မည်သို့ဖြစ်ပျက်နေမည်ကို သိရှိရန် နောက်လှည့်ကြည့်လိုက်သည်။ ထို့နောက် သရဲကြီးဘုရင်က သူ့ကိုယ်သူ ဒုက္ခရောက်အောင် ပျော်ပျော်ကြီးပြုလုပ်လိမ့်မည်မဟုတ်ကြောင်း သူတွေ့လိုက်ရသည်။

"ငါ့မိတ်ဆွေ သရဲကြီးကတော့ တကယ့်မြေခွေးအိုကြီးပဲ "

သူက တီးတိုးရေရွတ်လိုက်သည်။ သို့သော် သရဲကြီးဘုရင်က ပုံမှန်ထက် ပို၍ ဥာဏ်များနေစေရန် သူ မျှော်လင့်နေတော့သည်။ ထိုသို့မဟုတ်လျှင် သူ၏သနားစရာအသက်ကလေး ဆုံးရှုံးသွားလိမ့်မည်မှာ သေချာသည်။

သူက ဖြစ်နိုင်သမျှရလဒ်များကို တွက်ဆနေစဉ်မှာပင် သရဲကြီးဘုရင်၏ တည်ငြိမ်အေးဆေးသောအသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွား၏။

" မင်းရဲ့အမြန်နှုန်း ဘယ်လိုနေလဲ"

သူ့ပါးစပ်မှ စကားလုံးများ ထွက်ကျလာသည်နှင့် ကလေးမလေး၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး မျက်နှာပျက်သွားတော့သည်။ သရဲကြီးဘုရင်၏ အဖျက်အဆီးစွမ်းအားအပြည့်ပါဝင်သော မည်းမှောင်နေသည့် နေလုံးကြီးကို စုပ်ယူလိုက်စဉ် သူမမှာ ခန္ဓာကိုယ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ သူမ အသက်ရှင်ခဲ့သော်လည်း ထိုစွမ်းအားအကုန်လုံးကို မစုပ်ယူနိုင်လိုက်ပေ။ ရလဒ်အနေဖြင့် ယခုအခါ သူမက ယခင်ကထက် များစွာနှေးကွေးသွားသည်။

ထို့ပြင် ယခု သူမက သွေးပင်လယ်အသွင် ပြန့်ကျဲသွားရာ နေရာမှာပင် ပိတ်လှောင်ခံလိုက်ရသည့်အလား ဖြစ်သွားသည်။ မူလအတိုင်းပြန်ဖြစ်ရန် အချိန်ကြာလိမ့်မည် မဟုတ်သော်လည်း ယခု သူမက မည်သည့်နေရာမှ မသွားနိုင်တော့ပေ။ သူမ ချုပ်နှောင်ခံထားရလေပြီ။

ထိုသည်က သရဲကြီးဘုရင်၏အစီအစဉ်ဖြစ်ပေသည်။ ပြိုင်ဘက်က အစွမ်းထက်လွန်းပြီး လက်ဖျားခါရလောက်အောင် လျင်မြန်သည်။ ထိုမျှသာမက သူမ၏ဇစ်မြစ်ကို စဉ်းစားတွေးတောကြည့်လိုက်လျှင်လည်း ကြောက်မက်ဖွယ်ကောင်းလွန်းနေ၏။ သူမကို အနိုင်ယူရန် သာမန်နည်းလမ်းများကို အသုံးပြု၍ မရကြောင်း သူသိခဲ့သည်ဖြစ်ရာ အတော်လေးစွန့်စားခဲ့ရသည်။ ထို့ကြောင့် သူက ကမ္ဘာချေမှုန်း နေဝန်းကြီးကို ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။ အကယ်၍ နေမင်းကြီးသာ သူမကို ဖျက်ဆီးနိုင်ခဲ့လျှင် ကောင်းမွန်ပေသည်။ အကယ်၍ သူမကို လုံးဝအနိုင်မယူနိုင်ခဲ့ပါက သူ့အနေဖြင့် အကူအညီ လိုအပ်လာပေလိမ့်မည်။

အမှန်တကယ်တော့ သရဲကြီးဘုရင်က နတ်ဘုရားတစ်ပိုင်း လျှို့ဝှက်မှော်အတတ်ကိုသုံးကာ မဟာကောင်းကင်သခင်ထံသို့ အချိန်အတော်ကြာကတည်းက သတင်းပို့ခဲ့ပြီးဖြစ်သည်။

သို့ဖြစ်၍ သူ့အနေဖြင့် မဟာကောင်းကင်းသခင်က စစ်ကူများဖြင့် ရောက်လာမည့်အချိန်ထိ အချိန်ဆွဲထားရန်သာ လိုအပ်သည်။ အကယ်၍ သူသာ ကလေးမလေးကို တစ်နေရာတည်းတွင် အတော်ကြာကြာ ထိန်းချုပ်ထားနိုင်ခဲ့လျှင် သူ၏မဟာမိတ်များ ရောက်လာပြီးနောက် အတူပူးပေါင်းကာ သူမကို ချေမှုန်းနိုင်လိမ့်မည်။

ထိုအခြေအနေထိတိုင် အရာအားလုံးက သူ့အစီအစဉ်တစ်ခုလုံး၏ သုံးပုံနှစ်ပုံသာ ရှိသေးသည်။

အစီအစဉ်၏ နောက်ဆုံးအဆင့်အား ယခုထက်ထိ မထုတ်ရသေးပေ။ ထိုစဉ် သရဲကြီးဘုရင်က ရုတ်ချည်းလှုပ်ရှားလိုက်ပြီး ဆင့်ခေါ်လိုက်ရာ နောက်ထပ်ဧရာမသရဲလက်ကြီးထွက်ပေါ်လာပြီး ကောင်းကင်ယံမှ သွေးပင်လယ်ကြီးဆီသို့ ထိုးဆင်းသွားသည်။

သရဲကြီးဘုရင် မည်သို့ပြုမူလာသည်ကို ရုတ်တရက် ရိပ်စားမိလိုက်သဖြင့် ကလေးမလေး၏မျက်နှာပေါ်တွင် အရုပ်ဆိုးအကျဉ်းတန်သော အမူအရာတစ်ခု ပေါ်လာသည်။ သူမမှာ ရှက်လည်းရှက်၊ ဒေါသလည်းထွက်လာကာ စူးစူးဝါးဝါးအော်ဟစ်လိုက်လေရာ သွေးပင်လယ်သည် အမြှုပ်တစီစီဆူပွက်လာပြီး သရဲလက်ကြီးထံသို့ တလိပ်လိပ်တက်သွား၏။

ထိုအဖြစ်အပျက်များအားလုံးကို ပိုင်ရှောင်ချန်းကစောင့်ကြည့်နေပြီး စောစောက သရဲကြီးဘုရင်၏စကားကြောင့် စိတ်သက်သာသာရာရကာ သက်ပြင်းချလိုက်တော့သည်။

"သရဲကြီးဘုရင်က တကယ့်ကို နာမည်ကြီးလောက်ပါတယ် "

သူက စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည်။ ပတ်ဝန်းကျင်ရှိ လူတိုင်းမှာလည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာပုံရသည်။ တခဏကြာသော် ပုံရိပ်လေးခုက လေထဲမှ ရုတ်တရက် ထွက်ပေါ်လာ၏။

ပထမတစ်ယောက်က ဧရာမပုဆိန်ကြီးတစ်ခုကို ကိုင်စွဲထားသည်။ သူသည် ထောင်ထောင်မောင်းမောင်းဖြစ်ပြီး သူ့ထံမှထိတ်လန့်ချောက်ချားဖွယ် အသတ်အဖြတ်အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ သူက အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး တစ်ဖက်တစ်ချက်စီတွင် ထိုးထွက်နေသော ရှည်လျားကွေးကောက်သည့် ဦးချိုနှစ်ခုနှင့် ခမောက်ကို ဆောင်းထားသည်။ သူသည် သူသွားသည့်နေရာတိုင်း သူ့ပတ်လည်ရှိအရာအားလုံးကို ကွဲကြေသွားစေနိုင်သည့် လူစားမျိုးဖြစ်သည်။

သူသည်ကား သောကကင်းဝေးကိုးသွယ်ဘုရင်ကလွဲ၍ တခြားမဟုတ်ပေ။

ဒုတိယပုဂ္ဂိုလ်မှာ အဆီတဝင်းဝင်းနှင့် အသားတုံးကြီးအလား။ သို့သော် ထိုသည်က သူ၏လျင်မြန်ဖျတ်လက်မှုကို လျော့နည်းသွားစေသည့်ပုံ မပေါ်ပေ။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းက သူ့ပတ်လည်တွင် လေပြင်းများ တဝေါဝေါတိုက်ခတ်သွားစေသည်။ ကောင်းကင်ဘုံ၏စိတ်ဆန္ဒက သူသွားသည့်နေရာတိုင်း သူ့ကို ဦးညွှတ်၍ သူ့အတွက် လမ်းရှင်းပေးမည့်အလား ထင်မှတ်ရသည်။

ထိုလူသည်ကား ရွှီရှန်၏အဖေ ဝိညာဉ်ခရီးဘုရင်ကလွဲ၍တခြားမဟုတ်ပေ။

တတိယမြောက်ပုဂ္ဂိုလ်က အံ့မခန်းအမြန်နှုန်းဖြင့် ရွေ့လျားလာပြီး သူ့ထံမှ တိုက်ခိုက်သတ်ဖြတ်နေသည့်အငွေ့အသက်များ ထွက်ပေါ်နေသည်။ ကမ္ဘာများကို ချေမှုန်းပစ်နိုင်စွမ်းရှိသည့် မရေမတွက်နိုင်သော ဓားအရိပ်များက သူ့ကို ဝန်းရံထားသည်။ အရပ်မျက်နှာတစ်ခွင် ထစ်ခြုန်းသံများမြည်ဟည်းနေပြီး ထိုအသံအားလုံး၏အစပြုရာဗဟိုချက်တွင် အစိမ်းရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ရှိသည်။ သူက ယောက်ျားပီသကာ ချောမောခန့်ညားသူဖြစ်ပြီး ကုန်းစွန်းရီကဲ့သို့ အရပ်ရှည်သူဖြစ်သည်။ ထိုလူသည်ကား စစ်အောင်ဘုရင်မှလွဲ၍ တခြားလူ မဟုတ်ပေ။

လေးယောက်မြောက်ပုဂ္ဂိုလ်ကားဗဟိုဧကရာဇ်မြို့တော်မှ လာ၏။ သူ့မှာ ဖြူဆွတ်နေသော ဆံပင်ရှည်များရှိပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ ရှိနေသည့်တိုင် သူ၏အရှိန်အဝါက တခြားလေးယောက်ထက် သာလွန်နေသည်။ သူ၏လုပ်ဆောင်မှုတိုင်း၊ အတွေးတိုင်းက မြေရိုင်းဒေသတစ်ခွင် တုန်ခါသွားစေနိုင်သောလူဖြစ်သည်။ သူကား မဟာကောင်းကင်သခင် ဖြစ်ပေသည်။

မဟာကောင်းကင်သခင်၏နောက်တွင် ချန်ဟောက်စုန့်အပါအဝင် ကောင်းကင်နယ်စားဆယ်ဦးရှိသည်။ သူတို့အားလုံးက တင်းမာခက်ထန်သောအမူအရာများဖြင့် ရှေ့တက်လာကြသည်။

လွန်ခဲ့သော အချိန်အနည်းငယ်က သူတို့၏နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားစေသည့် သတင်းနှင့်အတူ မဟာကောင်းကင်သခင်ထံမှ စာများလက်ခံရရှိခဲ့သည်။

" ကောင်းကင်အလွန်ကလို့ ယူဆရတဲ့ ဝိညာဉ်တစ်ကောင် ပေါ်လာတယ်။ သူ့မှာ ကြောက်ခမန်းလိလိ စုပ်ယူခြင်းနဲ့ စားသုံးခြင်းစွမ်းအားတွေ ရှိတယ်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတွေကိုတောင် စားသုံးနိုင်တယ်တဲ့ ခန့်မှန်းရခက်တဲ့ ကျင့်ကြံခြင်းအခြေခံရှိတယ် "

၄င်းမှာ မဟာကောင်းကင်သခင်ကို အလွန်တုန်လှုပ်သွားစေသော ကိစ္စတစ်ခုဖြစ်သည်။ ပိုင်ရှောင်ချန်းအသွင် ဆောင်ထားသော ထိုလူက အလွန်အစွမ်းထက်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးထားခဲ့ပေ။ သရဲကြီးဘုရင်ထံမှ တင်ပြချက်ရရှိပြီးနောက် သူသည် တခဏလေးပင် အချိန်ဖြုန်းမနေဘဲ အခြေအနေကို သွားရောက်ရင်ဆိုင်ရန် အစွမ်းထက်ဆုံးပညာရှင်များအားလုံးကို ဆင့်ခေါ်ခဲ့သည်။

ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာသွားသော်လည်း သူတို့အားလုံး ရောက်လာသည့်အခိုက်အတန့်မှာပင် သရဲကြီးဘုရင်က ကလေးမလေးအား နောက်တစ်ဖန် စတင်တိုက်ခိုက်တော့သည်။ တိုက်ပွဲထဲ ပထမဆုံးရောက်လာသူမှာ မဟာကောင်းကင်သခင်မဟုတ်ဘဲ ကြောက်မက်ဖွယ်ဓားစွမ်းအင်များနှင့် စစ်အောင်ဘုရင်ဖြစ်သည်။

ဓားတစ်လက်က လေကိုခွင်း၍ အပေါက်တစ်ပေါက်ဖန်တီးလိုက်ကာ သူက ထိုမှတစ်ဆင့် ဝင်ရောက်သွား၏။ သူပထမဆုံးမြင်လိုက်သည့်အရာမှာ အောက်ဖက်တွင် သွေးပင်လယ်အသွင်ဖြင့် ချုပ်နှောင်ခံထားသော ကလေးမလေးဖြစ်သည်။

" မလောက်လေးမလောက်စားဝိညာဉ်မ၊ ရာရာစစ ဗဟိုဧကရာဇ်နိုင်ငံမှာ ပြဿနာလာရှာတယ်ပေါ့လေ "

စစ်အောင်ဘုရင်၏အသံသည် ရေခဲတမျှအေးစက်နေပြီး စကားပြောနေရင်းသူ၏ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် သူ့နောက်ရှိ ကောင်းကင်မှာ ဝေဝါးသွားပြီးနောက် ဧရာမအစိမ်းရောင်မဟာဓားကြီးတစ်ချောင်း ဖြစ်တည်လာကာ သူက ဖမ်းဆွဲ၍ သွေးပင်လယ်ကို ခုတ်ပိုင်းချလိုက်၏။

အသက်ရှိသည့် မည်သည့်ဖြစ်တည်မှုကိုမဆို အဆုံးသတ်ပစ်နိုင်ဟန်တူသော ရွှေရောင်ဓားအလင်းရောင်တစ်ခု ပေါ်လာသည်။ ကျင့်ကြံခြင်းအခြေခံမည်သို့ပင်ဖြစ်စေကာမူ ၄င်းကို မြင်လိုက်ရသည့် မည်သူမဆို တုန်လှုပ်သွားရမည်သာ ဖြစ်သည်။ နတ်အဆင့်ကျင့်ကြံသူများပင် အလားတူ ခံစားသွားရလိမ့်မည်။ သူတို့သာ ထိုဓားကို ရင်ဆိုင်ရပါက ခုခံနိုင်စွမ်းမရှိဘဲ သေချာပေါက် ဇီဝိန်ချုပ်သွားရမည်ဖြစ်ကြောင်း သူတို့အားလုံးသိသည်။

သရဲကြီးဘုရင်က မခိုးမခန့်ရယ်လိုက်သည်။ အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ခြင်းကြောင့်သူ၏မျက်နှာ ဖြူဖပ်ဖြူလျော်ဖြစ်နေပါသော်လည်း ရန်သူကိုတိုက်ခိုက်ရန် စစ်အောင်ဘုရင်နှင့် ပူးပေါင်းလိုက်၏။

ကလေးမလေး၏ အမူအရာမှာ ရိပ်ခနဲဖြစ်သွားပြီး စူးစူးဝါးဝါးဟိန်းဟောက်လိုက်သည်။ သွေးပင်လယ်အတွင်းမှ သွေးရောင်လက်ကြီးနှစ်ဖက်က စစ်အောင်ဘုရင်နှင့် သရဲကြီးဘုရင်ဆီသို့ တိုးဝင်သွားရာ လှိုင်းလုံးကြီးများ တလိပ်လိပ်တက်လာသည်။

ကြောက်မက်ဖွယ်ဓားကြီးနှင့် သွေးရောင်လက်ကြီးတို့ ထိပ်တိုက်တွေ့ဆုံသွားသည်တွင် ပြင်းထန်သော ထစ်ခြုန်းမြည်ဟည်းသံများ လေထဲ ပြည့်နှက်သွား၏။ လက်ကြီးက ဓားကို ဆုပ်ကိုင်လိုက်နိုင်သော်လည်း အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားသည်။

ပိုင်ရှောင်ချန်း လွန်စွာ ထိတ်လန့်တုန်လှုပ်နေပြီး သူ့ခေါင်းတစ်ခုလုံး ထူပူနေတော့သည်။ ထိုကလေးမလေးက သူမ၏အကန့်အသတ်ကို ရောက်ပြီဟု သူ ယူဆလိုက်သည့်အချိန်တိုင်း သူမက ယခင်ထက်ပင် ပို၍ အံ့သြတုန်လှုပ်ဖွယ်ကောင်းသောအရာတစ်ခု လုပ်ပြလေသည်။ သြချရလောက်အောင်ပင် သူမကား နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ကို တိုက်ခိုက်ရန် သွေးရောင်လက်ကြီးနှစ်ဖက်ကို အသုံးပြုနေပေသည်။

" သူက မည်းနက်နေတဲ့နေလုံးကြီးကို စုပ်လိုက်ပြီး ပိုအစွမ်းထက်လာတယ်။ ထောင်ချောက်ထဲ ရောက်သွားပေမဲ့ စွမ်းအင်တွေကို စုပ်ယူနိုင်အောင်တမင်သက်သက် လုပ်ခဲ့တာများလား "

သူက သူ၏အတွေးစများကို ပုံမှန်ဖြစ်အောင် ပြုလုပ်လိုက်ပြီး မကြာသေးခင်က နိုးလာသော သခင်မလေးဟုန်ချိန်ကို ဆွဲခေါ်ကာ ထပ်ပြေးရန် ပြင်လိုက်သည်။ ထိုစဉ် သွေးပင်လယ်ကို ခုတ်ချလိုက်သော အနက်ရောင်တိုက်ပွဲဝင်ပုဆိန်ကြီးနှင့်အတူ ဟိန်းဟောက်သံတစ်သံက လေကိုခွင်း၍ ထွက်ပေါ်လာသည်။

ထိုအနက်ရောင်တိုက်ပွဲဝင်ပုဆိန်၏ စွမ်းအားကား ဖော်ပြ၍ပင်မစွမ်းသာပေ။ ၄င်းကို ကြည့်ရသည်မှာ ကောင်းကင်ကိုဖျက်ဆီး၍ကမ္ဘာမြေပြင်ကိုကို မီးလောင်တိုက်သွင်းနိုင်သော အစွမ်းရှိသည်ဟုသာ ပိုင်ရှောင်ချန်း ပြောနိုင်သည်။ ထိုပုဆိန်ထံမှ တိုက်ကွက်တစ်ကွက်ကို လက်ခံရန် ကြိုးစားသော မည်သည့်နတ်အဆင့်ကျင့်ကြံသူမဆို ခန္ဓာကိုယ်သာမက ဝိညာဉ်ပါဖျက်စီးခံလိုက်ရလိမ့်မည်။

သို့ရာတွင် ပုဆိန်က ကျဆင်းလာစဉ် သွေးပင်လယ်ထဲရှိ ကလေးမလေးက ဝိညာဉ်တုန်ခါသွားစေလုမတတ် အော်ဟစ်လိုက်ရာ သောကကင်းဝေးကိုးသွယ်ဘုရင်၏ တိုက်ကွက်ကို ရင်ဆိုင်ရန် တတိယမြောက် လက်ကြီးတစ်ဖက် မြောက်တက်လာ၏။

နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူသုံးယောက်ကား ကလေးမလေးကို တိုက်ခိုက်နေကြသည်။

သို့သော် ကိစ္စရပ်များကား ထိုမျှဖြင့် ရပ်တန့်မသွားပေ။ တိုက်ပွဲကြောင့် ကောင်းကင်ကြီး မည်းမှောင်သွားပြီး လေပြင်းများ အော်မြည်ကာ တိုက်ခတ်လာသည့်တိုင် အေးစက်စက်နှာမှုတ်သံတစ်သံက လေကိုခွင်း၍ ထွက်ပေါ်လာ၏။ သွေးပင်လယ်ထက်ပင် ပို၍ကြီးမားသော ဧရာမချုပ်နှောင်အမှတ်အသားကြီးတစ်ခု ပေါ်လာသည်။ ၄င်းက ကောင်းကင်ယံမှဆင်းသက်လာစဉ် နောက်ဆုံး၌ ကလေးမလေးသည် အလွန်လေးနက်တည်ကြည်သောအကြည့်ဖြင့် စူးစိုက်ကြည့်လိုက်၏။

အချုပ်အနှောင်အမှတ်အသားကို ရင်ဆိုင်ရန် လေးဖက်မြောက်နှင့် ငါးဖက်မြောက် သွေးရောင်လက်ကြီးများ ဆန့်ထွက်လာသဖြင့် တဂျိန်းဂျိန်းမြည်ဟည်းသံများ ပဲ့တင်ထပ်လာသည်။ ထိုစဉ် မဟာကောင်းကင်သခင်က အချုပ်အနှောင်အမှတ်အသားအတွင်းမှ အပြင်ဘက်သို့ ထွက်လာ၏။

သူရောက်ရှိလာခြင်းကြောင့် ကောင်းကင်နှင့်မြေပြင်မှာ တသိမ့်သိမ့်တုန်ခါသွားသည်။ သူက သာမန်နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သော အငွေ့အသက်များ ထုတ်လွှတ်လျက် ညာလက်ကို ဆန့်ထုတ်၍ အောက်က်ို ဖိချလိုက်ရာ မှော်ချုပ်နှောင်ခြင်းသင်္ကေတ ပုံရိပ်ပေါင်းတစ်သိန်းကျော် ဖြစ်တည်လာသည်။

" ပျက်စီးစေ "

သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြောလိုက်သည်။ ထို့နောက် သူ၏လက်ကို အောက်သို့ဖိချလိုက်ခြင်းကြောင့် အချုပ်အနှောင်အမှတ်အသားတစ်သိန်းကား တောင်တန်းများပြိုလဲ၍ ပင်လယ်တို့ခမ်းခြောက်သွားစေသော စွမ်းအားကြီးဖြင့် သွေးရောင်လက်ကြီးများထံ နိမ့်ဆင်းသွား၏။

လက်ကြီးနှစ်ဖက်က အချုပ်အနှောင်အမှတ်အသားများနှင့် တွေ့ဆုံသွားသောအခါ ချက်ချင်းပင် ကြေမွပျက်စီးသွားတော့သည်။ အချုပ်အနှောင်အမှတ်အသားများက ဖန်ခွက်တစ်ခွက်ကို ကျောက်တုံးကြီးတစ်တုံးဖြင့်ဖိချလိုက်သည့်အလား ဖျက်စီးပစ်လိုက်လေသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားမှုများဖြင့် ရင်တဒိန်းဒိန်းခုန်နေတေ့သည်။ ပထမဦးဆုံးအကြိမ်အဖြစ် နောက်ဆုံး၌ မျှော်လင့်ချက်ရောင်ခြည်သမ်းလာလေပြီ။

" သိပ်ကောင်းတယ်၊ သရဲကြီးဘုရင်ရေ။ ခင်ဗျားရဲ့ အကွက်ချနိုင်စွမ်းကတော့ လက်ဖျားခါလောက်တယ်။ ရန်သူကို လှုပ်မရအောင် ခင်ဗျားက ချောင်ပိတ်ပစ်လိုက်တယ်။ အဲဒီနောက် စစ်အောင်ဘုရင်နဲ့ သောကကင်းဝေးကိုးသွယ်ဘုရင်တို့က မီးကုန်ယမ်းကုန်တိုက်ခိုက်ပစ်တယ်။ အဲဒါကို ကိစ္စမပြတ်သေးတော့ အစွမ်းအထက်ဆုံးဖြစ်တဲ့ မဟာကောင်းကင်သခင်က ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်ကွက်နဲ့ ဝင်တိုက်လိုက်တော့တာပဲ "

All Chapters