ဒုတိယမြောက်တိုက်ကွက်
Vol. 9 Ch. 832
နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူအမြောက်အမြားက ထိုကဲ့သို့ အတူတကွ တိုက်ခိုက်ကြသည်ကို မြင်ဖူးသည်မှာ ပိုင်ရှောင်ချန်းအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး သူမျှော်လင့်ထားခဲ့သည့် အရာမဟုတ်ပေ။ ဗဟိုဧကရာဇ်နိုင်ငံရှိ နိုင်ငံရေးအခြေအနေမှာ အလွန်အထိအရှလွယ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများအားလုံးအကြားတွင် အဖုအထစ်များရှိသည် မဟုတ်ပါလော။
ပြင်ပရန်သူတစ်ယောက်ကို တိုက်ခိုက်ရန် သူတို့အားလုံး အလျင်အမြန်ပူးပေါင်းလိမ့်မည်ဟု သူတစ်ခါမှ မတွေးနိုင်ခဲ့ပေ။ တကယ်တမ်းဆိုလျှင် သရဲကြီးဘုရင်မှာ အခြားသူများ အနိုင်ရစေရန်အတွက် ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။
ထို့နောက် စစ်အောင်ဘုရင်နှင့် သောကကင်းဝေးကိုးသွယ်ဘုရင်မှာ သူတို့၏ရန်သူကို တခဏကြာ အချိန်ဆွဲရန်အတွက် အကူအညီနေရာမှ ဆောင်ရွက်လိုက်ကြသည်။ သူတို့က ထိုသို့လုပ်ရန် အထိအခိုက်ခံစွန့်စားလိုက်ကြ၏။သူတို့ရန်သူ၏အင်အားကို သိရှိရန် တခဏကြာသည်အထိ အစွမ်းကုန်တိုက်ခိုက်ခဲ့သည်။ မြေရိုင်းဒေသတွင် သြဇာတိက္ကမအကြီးဆုံး မဟာကောင်းကင်သခင်ပင်လျှင် ရန်သူအားချေမှုန်းရန် သူ၏အစွမ်းထက်ဆုံးတိုက်ကွက်ကို တုံဆိုင်းခြင်းအလျဥ်းမရှိ ထုတ်လွှတ်လိုက်သည်။
တိုက်ပွဲက အလွန်လျင်မြန်စွာ ဖြစ်ပျက်နေဟန်တူသော်လည်း သိသာထင်ရှားစွာပင် ထိုနတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများကြား၌ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်ခြင်းတစ်ခု ရှိ၏။ နိုင်ငံရေးပြိုင်ဆိုင်မှုများ၌ သူတို့အားလုံးတွင် ရည်ရွယ်ချက်ပန်းတိုင်အသီးသီးရှိကြသော်လည်း အပြင်လူတစ်ယောက်ကို တိုက်ခိုက်ရာနှင့်ပတ်သက်လျှင် သူတို့အားလုံးကား တူညီသောစာမျက်နှာပေါ်မှာ ဖြစ်ကြသည်။
ပိုင်ရှောင်ချန်းမှာ စိတ်နှလုံးလှုပ်ရှားသွားသည်သာမက တက်တက်ကြွကြွလည်း ဖြစ်သွားသည်။ သူ့ပတ်လည်ရှိ အရာအားလုံး တုန်ခါနေပြီး ထစ်ခြုန်းမြည်ဟည်းနေကာ သွေးရောင်လက်များ ပြိုကွဲသွားသဖြင့် ကလေးမလေး၏ စူးစူးဝါးဝါးအော်ဟစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အချုပ်အနှောင်အမှတ်အသားက သွေးပင်လယ်အပေါ်သို့ နိမ့်ဆင်းသွားလေသည်။
မြေငလျင်များ လှုပ်ခတ်သွားသည့်တိုင် သက်ရောက်မှုများက အတန်ငယ်ဝေးသောနေရာအထိ မပြန့်လိုက်ပေ။ မဟာကောင်းကင်းသခင်က သက်ရောက်မှုများကို တည်ငြိမ်စေရန် အရာအားလုံးကို ပြီးပြည့်စုံစွာ ထိန်းချုပ်ထားသည်။ သို့ရာတွင် ဖြစ်ပေါ်လာသော တုန်ခါလှိုင်းကား ပတ်ဝန်းကျင်ရှိ သဘာဝပေါက်ပင်များအားလုံးကို ဖျက်စီးရင်း မီတာတစ်သောင်းအထိ ရိုက်ခတ်သွားသေး၏။
ထိုရိုက်ခတ်မှုအား ရင်ဆိုင်ရသည့်အခါ ပိုင်ရှောင်ချန်းနှင့် သူ့အနီးအနားရှိအခြားလူများမှာ အနောက်ဝေးဝေးသို့ပင် ဆုတ်သွားတော့သည်။ တချိန်တည်းမှာပင် သူက ကလေးမလေး ချေမှုန်းခံရ၊ မခံရကြည့်ရန် စိုးရိမ်တကြီး လည်ဆန့်လိုက်လေသည်။
သူလှမ်းကြည့်လိုက်ချိန်မှာပင် မဟာကောင်းကင်းသခင်၏ အချုပ်အနှောင်အမှတ်အသား တစ်သိန်းက သွေးပင်လယ်ကို အစိတ်စိတ်အမြွှာမြွာ ကွဲကြေသွားစေ၏။ သို့သော် ထိုသို့ဖြစ်ပျက်သွားစဥ် ပိုင်ရှောင်ချန်း၏ စိတ်ခံစားချက်များကို ချာချာလည်သွားစေသည့် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ပေါ်ထွက်လာတော့သည်။
မဟာကောင်းကင်သခင်၏ မျက်နှာပျက်သွားပြီး သရဲကြီးဘုရင်၊ စစ်အောင်ဘုရင်၊ သောကကင်းဝေးကိုးသွယ်ဘုရင်နှင့် ကောင်းကင်နယ်စားဆယ်ဦးတို့၏မျက်နှာများသည်လည်း အလားတူပင်။
တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူတို့အားလုံး နောက်ဆုတ်ရန် ပြင်လိုက်၏။ သို့သော် နောက်မဆုတ်နိုင်ခင်မှာပင် မရေမတွက်နိုင်သော အသံမျိုးစုံပေါင်းစည်းထားဟန်တူသည့် ချောက်ချားစဖွယ် အေးစက်စက်အသံကြီးတစ်သံ ပျံ့နှံ့လာလေသည်။
" ကံမကောင်းလိုက်တာ၊ မင်းတို့အားလုံး အောင်မြင်အောင် မလုပ်နိုင်ပါလား " အသံမြည်ဟည်းသွားစဥ် သွေးပင်လယ်ကြီး ပေါက်ကွဲသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက တစတစကြီးမားလာသော သွေးစက်လုံးတစ်လုံးအလား တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ထစ်ခြုန်းမြည်ဟည်းသံများကား မြေရိုင်းဒေသတစ်ခုလုံး ပျက်စီးသွားတော့မည့်အလား ပဲ့တင်ထပ်လျက် ပျံ့နှံ့သွားသည်။
အတန်ငယ်ဝေးကွာသည့်တိုင် ပိုင်ရှောင်ချန်း၏ပါးစပ်မှ သွေးများပန်းထွက်လာပြီး သူ့ပတ်လည်ရှိလူတိုင်းလည်း အလားတူ ဖြစ်ပျက်သွားသည်။ သရဲကြီးဘုရင်မှာမူ အလွန်အကျွံ အားအင်ကုန်ခမ်းထားခဲ့၍ များစွာအားနည်းနေသောကြောင့် သူ့ပါးစပ်မှ သွေးများပန်းထွက်ကာ နောက်သို့လွင့်ထွက်သွားသည်။
စစ်အောင်ဘုရင်နှင့် သောကကင်းဝေးကိုးသွယ်ဘုရင်တို့၏ပါးစပ်မှ သွေးများစီးကျလာပြီး မဟာကောင်းကင်းသခင်တစ်ယောက်သာလျှင် ထိခိုက်မှုနည်းဟန်တူသည်။ သို့သော် သူသည်လည်း ၄င်းအား ခက်ခက်ခဲခဲရင်ဆိုင်နေရပြီး သူ့မျက်နှာမှာ ဆွတ်ဆွတ် ဖြူနေတော့သည်။
သို့သော် ပေါက်ကွဲနေသော သွေးစက်လုံးကြီးက ရုတ်တရက် ပြန်ကျုံ့သွား၏။ မကြာမီ ၄င်းသည် သွေးပင်လယ်ထပ်မံဖြစ်သွားပြီးနောက် ယခင်အရွယ်အစား၏တစ်ဝက်ရှိလာသည်။ သို့ရာတွင် ၄င်းကား ယခင်ကထက်ပို၍ အဆမတန် ရက်စက်ကြမ်းကြုတ်လာ၏။
ကလေးမလေး၏မျက်နှာ ပြန်ပေါ်လာပြီး သူမက အေးစက်စက်ရယ်မောလိုက်သည်။
" တကယ့်ကို သနားစရာပါလား။ ဒါပေမဲ့ မင်းတို့ကို ကျေးဇူးတင်ရမယ်။ ငါ အများကြီး စုပ်ယူလို့ရအောင် မင်းတို့ တကယ်ကူညီခဲ့တာပဲ။ ကဲ နောက်ထပ်အခွင့်အရေးတစ်ခုရှိသေးတယ်။ အဲဒါကို မယူဘူးဆိုရင်တော့ ငါ့မှာ ဘာအားနည်းချက်မှရှိမှာ မဟုတ်တော့ဘူး"
ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ ဦးခေါင်းခွံမှ ထွက်ကျမတတ်ပြူးကျယ်သွားတော့သည်။ ဖြစ်ပျက်နေသောအရာမှာ လုံးဝမယုံကြည်နိုင်ဖွယ်ပင်။
" မဟာကောင်းကင်သခင်အပါအဝင် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူလေးယောက်တောင် သူ့ကို မသတ်နိုင်ဘူးလား "
ပိုင်ရှောင်ချန်း၏စိတ်အစဥ် ချာချာလည်သွားစဥ်မှာပင် ဒဏ်ရာရထားသော သရဲကြီးဘုရင်က တလက်လက်တောက်ပနေသောမျက်လုံးများဖြင့် မော့ကြည့်သည်။ ထို့နောက် သူက လက်ကိုဆန့်ထုတ်ပြီး ကလေးမလေးထံ ချိန်ရွယ်၍ ဝှေ့ယမ်းလိုက်သည်။
သူက စကားလေးတစ်ခွန်းပင် မပြောသော်လည်း စစ်အောင်ဘုရင်၊ သောကကင်းဝေးကိုးသွယ်ဘုရင်နှင့် မဟာကောင်းကင်းသခင်ပင်လျှင် အကုန်လုံး တုံ့ဆိုင်းခြင်းမရှိဘဲ ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့် ထုတ်လွှတ်ကာ သွေးပင်လယ်ထံ ထပ်မံချီတက်သွားကြသဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့်အခိုးအငွေ့များ ပျံ့နှံ့လာတော့သည်။
အမှန်တကယ်တွင် သူတို့အားလုံးထဲ အရေးပါဆုံးနေရာရှိ မဟာကောင်းကင်သခင်သည်လည်း သူ၏ရာထူးကိုပင် အရေးမထားဘဲ ရန်သူကိုသတ်ဖြတ်ရန် လူတိုင်းနှင့်အတူ ပူးပေါင်းလိုက်ကြသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူသုံးယောက် ချဥ်းကပ်လာစဥ် သရဲကြီးဘုရင်က လက်ချောင်းကိုဝှေ့ယမ်းလိုက်သည်။ တုံ့ပြန်သည့်အနေဖြင့် သွေးရောက်လက်ကြီးများ သွေးပင်လယ်မှ ဆန့်ထွက်လာ၏။ တချိန်တည်းမှာပင် ကလေးမလေး၏မျက်နှာသည် အတွေးများ ကမောကမဖြစ်သွားသည့်အလား ရုတ်ချည်း ပြောင်းလဲသွားသည်။
သူမက ပင့်သက်ရှိုက်ရင်း သရဲကြီးဘုရင်ကို ကြည့်လိုက်သည်။
" မင်း "
နောက်ထပ် တွေဝေငေးမောမှုအရိပ်အယောင်များ သူမမျက်လုံးများထဲ ဖြတ်ပြေးသွားပြီး သူမ၏တွေးခေါ်နိုင်စွမ်းမှာ ပို၍ နှေးကွေးလာဟန်တူသည်။ အမှန်တကယ်တွင် သွေးရောင်လက်များသည်လည်း အရှိန်လျော့လာ၏။
ဤသည်မှာ မည်းနက်နေသောနေလုံးကြီးကို ထုတ်လွှတ်ပြီးနောက် သရဲကြီးဘုရင်၏အစီအစဥ်ထဲမှ တတိယမြောက်အပိုင်းဖြစ်သည်။
မည်းနက်နေသောနေလုံးကြီးထဲတွင် သရဲကြီးဘုရင်၏ ကျင့်ကြံခြင်းအခြေခံစွမ်းအား တစိတ်တပိုင်းပါဝင်သည်။ ထိုစွမ်းအားကိုစားသုံးပြီးနောက် ကလေးမလေးမှာ ၄င်းကို လျင်မြန်စွာ အစာမချေနိုင်သည်ဖြစ်ရာ သရဲကြီးဘုရင်က သရဲကြီးမန္တန်ကို ထိန်းချုပ်ရန် အသုံးပြုသော နတ်ဘုရားစွမ်းရည်ဖြစ်သည့် ပထမမျိုးဆက် သရဲကြီးဘုရင်ဖန်တီးခဲ့သည့် အထူးကျင့်စဥ်တစ်ခုကို အသုံးပြုနိုင်သည်။
ပိုင်ရှောင်ချန်းမှာ ထိုကျင့်စဥ်နှင့် မရင်းနှီးသော်လည်း အားနည်းနေသည့် သခင်မလေးဟုန်ချိန်ကတော့ ရင်းနှီး၏။ အမှန်တကယ်တော့ ၄င်းသည် ကျင့်ကြံခြင်းအခြေအဆင့်တက်ရန် ကူညီပေးနိုင်သည်ဟု သရဲကြီးဘုရင် သူမကို ပြောခဲ့သော ကျင့်စဥ်ပင်။
ယခုတွင် သခင်မလေးဟုန်ချိန်ဖြစ်ပျက်ခဲ့သည့်အတိုင်း ကလေးမလေးဖြစ်ပျက်နေလေပြီ။ ထိုမျှသာမက သရဲကြီးဘုရင်က ပို၍အားကောင်းသောထိန်းချုပ်မှုကို အသုံးချနေသည်။ သူက ကလေးမလေး၏အတွေးများအားလုံးကို ပြုစားနေသည်။
ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသောအရာ၏ အရိပ်အမြွက်မျှ သိလိုက်သဖြင့် မျက်လုံးများပြူးကျယ်သွားတော့သည်။ ကလေးမလေး၏စိတ် ပရမ်းပတာဖြစ်နေပြီး သူမ၏သွေးရောင်လက်များ အရှိန်လျော့လာချိန်မှာပင် စစ်အောင်ဘုရင်၊ သောကကင်းဝေးကိုးသွယ်ဘုရင်နှင့် မဟာကောင်းကင်သခင်တို့က ကောင်းကင်နယ်စားဆယ်ဦးနှင့်အတူ သူမကို တိုက်ခိုက်ရန် သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန် ထုတ်လွှတ်လိုက်ကြ၏။ ၄င်းမှာ ဇီဝိန်ခြွေ ဝှက်ဖဲတိုက်ကွက်ဖြစ်သည်။
သို့သော် သူတို့သာလျှင် အဆုံးသတ်တိုက်ကွက်ကို ထုတ်လွှတ်သူများမဟုတ်။
သူတို့၏နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းများအားလုံး ပူးပေါင်းခြင်းအားဖြင့် သွေးရောင်လက်များကို အစိတ်စိတ်အမြွှာမြွှာကွဲထွက်ကာ တပွက်ပွက်ဆူနေသော သွေးပင်လယ်အတွင်း ပြိုလဲကျသွားစေနိုင်လိုက်သည်။ ထိုအချိန် ရုတ်တရက် ပင်လယ်အောက်ရှိ မြေကြီးပေါ်တွင် ဧရာမအသားတောင်ကြီးတစ်တောင် ထွက်ပေါ်လာ၏။
ထိုအသားလုံးကြီးတွင် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများပါဝင်နေပြီး ၎င်းက မြေပြင်ကိုဖျက်ဆီးကာ လေထဲသို့ ဝုန်းခနဲ တက်သွားလေသည်။ မဟာကောင်းကင်သခင်၊ အခြားနတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် နတ်အဆင့်ကျင့်ကြံသူများက အပေါ်မှတိုက်ခိုက်ပြီး အသားလုံးကြီးက အောက်မှတိုက်ခိုက်လေသည်။ သွေးပင်လယ်ကြီးမှာ ထိုတိုက်ကွက်ကို မည်သည့်နည်းနှင့်မှ မရှောင်တိမ်းနိုင်ပေ။
အသားလုံးကြီးက သွေးပင်လယ်ထဲ ဝင်တိုးကာ ၄င်းအား မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပေါက်ကွဲသွားစေတော့သည်။
အသားလုံးကြီးက ဧရာမလူဝကြီးဖြစ်သော ဝိညာဥ်ခရီးဘုရင်အသွင်ပြောင်းရင်း လေထဲ မြင့်တက်လာသဖြင့် ထစ်ခြုန်းမြည်ဟည်းသံများ ပြည့်နှက်သွားသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများအားလုံး အတူတကွအလုပ်လုပ်နေသည်ကိုြကည့်ကာ ပိုင်ရှောင်ချန်းမှာ နောက်တစ်ဖန် တုန်လှုပ်သွားရပြီး သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။
" ဒီတစ်ကြိမ်တော့ သူ သေချာပေါက် သေတော့မယ် "
ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေချိန်မှာပင် မဟာကောင်းကင်သခင်၊ အခြားနတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် နတ်အဆင့်ကျင့်ကြသူများအားလုံးက ယခင်အတွေ့အကြုံအရ သွေးပင်လယ်ကြီးကို ကွဲထွက်သွားေစမည့်အစား ပြာကျသွားစေရန် ပြင်းထန်သောစွမ်းအားများ ထုတ်လွှတ်လိုက်ကြ၏။
သို့ရာတွင် သူတို့က သွေးကို ဖျက်စီးလိုက်ချိန်မှာပင် ရုတ်တရက် ခရမ်းရောင်သွေးစုကြီးတစ်စုက အပေါ်သို့ ရုတ်ချည်း မြောက်တက်လာပြီး အလွန်လျင်မြန်သောအရှိန်ဖြင့် ရွေ့လျားသွားရာ နောက်တွင် ပုံရိပ်များသာ ကျန်ရစ်ခဲ့လေသည်။ ၎င်းက ရွေ့လျားနေသည်နှင့်အမျှ ၎င်း၏အတွင်းထဲတွင် လက်ကဲ့သို့အရာတစ်ခု ဖြစ်တည်လာသည်။ အချိန်အနည်းငယ်ကြာသော် ထိုလက်ကြီးပျောက်ကွယ်သွားပြီး ဒေါသများဖြင့် လိမ်ဖယ်ရှုံ့တွနေသော ကလေးမလေး၏မျက်နှာ အစားထိုးဝင်ရောက်လာသည်။
" မင်းတို့အားလုံး သေမယ် "
သူမက စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ ဖော်ပြခြင်းငှာမစွမ်းသာအောင် ပြင်းထန်သော အသံလှိုင်းကြီးတစ်ခုက အရပ်မျက်နှာတစ်ခွင် ရိုက်ခတ်သွားလေသည်။
အသံကြီးမှာ သရဲတစ်ကောင်က ဆွဲဆွဲငင်ငင်ငိုကြွေး လိုက်သည့်အလား မမြင်ရသောဓားတစ်လက်က မြေရိုင်းဒေသမှ အနှီကီလိုမီတာ ငါးရာဝန်းကျင်ကို ဖြတ်တောက်လိုက်သည့်ပမာ ထိုနေရာအတွင်း အသံလှိုင်းများ ပြည့်နှက်ရိုက်ခတ်နေတော့သည်။
ထုတ်လွှတ်နေသောဖိအားကိုဆိုရလျှင် ၄င်းက ဤကမ္ဘာမှာ ဖြစ်တည်လာသော မှော်သိုင်းတစ်ခုဖြစ်ဟန်မတူပေ။ မိုးကောင်းကင်မှာ အစိတ်စိတ်အမြွှာမြွာ ကွဲထွက်လာပြီး စူးရှသောအသံကြီးက လေထုကို ပုံပျက်ရှုံ့တွသွားစေသည်။
သို့သော် ထိုသည်က ကြောက်စရာအကောင်းဆုံးအရာပင် မဟုတ်သေး။ အသံလှိုင်းဂယက်များ ပတ်ဝန်းကျင်တခွင် ပြည့်နှက်သွားစဥ် မရေမတွက်နိုင်သော အရိပ်ဝိညာဥ်များ ပေါ်ထွက်လာ၏။ ၄င်းတို့အနက် တစ်ကောင်မှ အသိဉာဏ်ရှိဟန်မတူသော်လည်း မြင့်မြတ်သောနယ်မြေတစ်ခုအလား ထိုကီလိုမီတာ ၅၀၀ အသံလှိုင်း နယ်မြေဆီသို့ အလိုအလျောက် ရွေ့လျားလာကြသည်။
အမှန်တကယ်တွင် ပိုင်ရှင် သို့မဟုတ် သခင် အထိန်းချုပ်မခံထားရသည့် မြေရိုင်းဒေသရှိ ဝိညာဥ်များအားလုံးကား တူညီသော အရပ်ဆီသို့ ပျံသန်းလာကြတော့သည်။