← Chapters

ငရဲဧကရာဇ်ရောက်ရှိလာခြင်း

Vol. 9 Ch. 834

ငရဲဧကရာဇ်ရောက်ရှိလာခြင်း

Vol. 9 Ch. 834

သရဲကြီးဘုရင်၊ စစ်အောင်ဘုရင်နှင့် သောကကင်းဝေးကိုးသွယ်ဘုရင်သာမက ရှိသမျှလူတိုင်းမှာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူတို့သည် အားကုန်သုံး၍ အသံလှိုင်းတိုက်ကွက်ကို ခုခံနေကြရသော်လည်း သူတို့၏ မျက်နှာများအပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်ပေါက်လာသေးသည်။ ဤသည်က မည်သူ အသက်ရှင် လွတ်မြောက်ပြီး မည်သူသေဆုံးခြင်းနှင့် အဆုံးသတ်မည်ကို မပြောနိုင်သော သေရေးရှင်ရေး အဆုံးအဖြတ် တိုက်ပွဲတစ်ခု ဖြစ်သည်။

လူတိုင်းမှာ ထူးဆန်းသော ကလေးမလေးကြောင့် မယုံကြည်နိုင်ဖွယ် ဖိအားများကို ခံစားနေရပြီး မည်သည့်ဆိုးဝါးသော အကျိုးဆက်များက အခြေအနေများကို ပြောင်းလဲသွားနိုင်ကြောင်း သိချင်နေကြသည်။

သို့ရာတွင် ထိုသို့ မောဟိုက်ပင်ပန်းစွာ ရုန်းကန်နေရသည့် အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းကား လိပ်ခွံအောက်တွင် လေးဖက်ထောက်သွားရင်း ဟန်လုပ်ထားသောပုံစံဖြင့် အော်ဟစ်နေသည်။ ထိုအဖြစ်က လူတိုင်းကို လုံးလုံးလျားလျား အံအားသင့်သွားစေ၏။

သရဲကြီးဘုရင်မှာ လျှာထွက်သွားပြီး ဝိညာဥ်ခရီးဘုရင်၏ပါးစပ်ကြီး ပြဲလန်သွား၏။ မဟာကောင်းကင်သခင် မည်မျှအံသြသွားသည်ကို ဖော်ပြရန်ပင် မလိုတော့ပေ။

မျက်လုံးများအားလုံးက သရဲကြီးဘုရင်ထံ နီးသထက် နီးလာသော ပိုင်ရှောင်ချန်းနှင့် သူ၏ လိပ်ခွံကို မမှိတ်မသုန်ကြည့်နေကြသည်။

" ပိုင်... "

သရဲကြီးဘုရင်က အစချီ၏။ သို့သော်လည်း သူ မည်သည့်စကားပြောရန် မတွေးနိုင်လိုက်ခင်မှာပင် ပိုင်ရှောင်ချန်းက သူ့ခြေထောက်ကို ဆွဲလိုက်ပြီး လှည့်ကာ သူ့ကို ဆွဲခေါ်သွားတော့သည်။

သရဲကြီးဘုရင်မှာ အားနည်းနေပြီ ဖြစ်သည်။ ပိုင်ရှောင်ချန်းက သူ့ကို ဆွဲခေါ်သောအခါ ခုခံမနေတော့ပေ။ သူက ရှိသမျှ လူတိုင်း၏ရှေ့မှောက်တွင် လုံခြုံရာဆီသို့ မနားမနေ ဆွဲခေါ်ခံနေရသော ရုပ်တုတစ်ရုပ်အလား။

" အား အီး ။ ဒီကိစ္စမှာ ကျုပ်သေသွားရင်တောင်မှ ခင်ဗျား ဒီကနေ လွတ်စေရမယ် ယောက္ခကြီးရေ။ အိုး အိုး "

ပိုင်ရှောင်ချန်းကား အဆက်မပြတ်အော်ဟစ်လျက် သရဲကြီးဘုရင်ကို ဆွဲခေါ်သွားလေသည်။

" ဘာဖြစ်ဖြစ် အလုပ်ဖြစ်တယ်ဟ "

ထိုသည်မှာ အသံလှိုင်းကန်ကြီး၏ အပြင်မှာရှိစေ၊ အတွင်းမှာရှိစေ လူတိုင်း တွေးတောနေသောအရာ ဖြစ်သည်။ ကလေးမလေး၏ မျက်လုံးများကား အံသြမှုများဖြင့် ဗလာကျင်းသွား၏။ လူတစ်ယောက်ကို ဘေးကင်းရာဆီ ဆွဲခေါ်ရန် ထိုကဲ့သို့ နည်းလမ်းတစ်ခုကို ပိုင်ရှောင်ချန်း သုံးလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မစဥ်းစားခဲ့ဖူးပေ။

သရဲကြီးဘုရင်ကိုသာ သူ ကယ်လျှင် ရေးကြီးခွင်ကျယ်မဟုတ်ပေ။ သို့သော် သူက အသံလှိုင်းကန်ကြီး၏ အစပ်နား ချဥ်းကပ်နေစဥ် ကုန်လွန်သွားသည့် အချိန်တိုင်း၌ တဖြည်းဖြည်း ကျုံ့လာနေသော ဝိညာဥ်ခရီးဘုရင်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး အော်လိုက်သည်။

" ပိုင်ဟောက် ဟို... ငါ့ကိုလဲ ဆွဲထုတ်ပေးပါလားကွာ "

ကြည့်ရှုနေကြသူများ၏ မျက်နှာများအပေါ်ရှိ အံ့ဩမှင်သက်နေသော အမူအရာများမှာ ပို၍ပင် သိသာသွားပြီး လူများစွာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော ခါးသီးနာကြည်းဖွယ်နှင့် ဝမ်းနည်းဖွယ်ကောင်းသော ခံစားချက်များ ရှိနေသေးသော်လည်း တစတစပျောက်ကွယ်လာနေပြီ ဖြစ်သည်။

ပိုင်ရှောင်ချန်းက ဝိညာဥ်ခရီးဘုရင်ကို လျစ်လျူရှုထား၏။ သူတတ်နိုင်မျှ အမြန်နှုန်းဖြင့် ရှေ့တက်သွားရင်း အံသြနေဆဲဖြစ်သော သရဲကြီးဘုရင်ကို အသံလှိုင်းကန်ကြီးအပြင်ဘက်သို့ ပစ်ထုတ်လိုက်သည်။ သခင်မလေးဟုန်ချိန်က ရှေ့သို့ စိတ်လှုပ်တရှား အပြေးအလွှားသွား၍ သူ့ကို ဖမ်းလိုက်သည်။

ယခု သရဲကြီးဘုရင် အန္တရာယ်ကင်းသွားသည်ကို မြင်သောအခါ ပိုင်ရှောင်ချန်းက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး ဘေးကင်းရာဆီ လေးဖက်ထောက်ထွက်ရန် ပြင်လိုက်သည်။

" ဟေး ပိုင်ဟောက်။ အမ် ဟို.... မင်း ရှန်ရှန်ကို သတိမရဘူးလား။ သူ မင်းကို ဝိညာဥ်ခရီးမြို့တော်မှ စောင့်နေတာ "

ကြည့်ရှုနေသူများ၏ မျက်နှာများအပေါ်တွင် ပို၍ အရုပ်ဆိုးသော အမူအရာများ ပေါ်လာ၏။ ပိုင်ရှောင်ချန်းမှာ အတော်လေး စိတ်ပျက်သွားရင်းမှ လိပ်ဒယ်အိုးအောက်မှ ဝိညာဥ်ခရီးဘုရင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက သရဲကြီးဘုရင်အား ကယ်ရာတွင် မည်သည့်အရာမှ မတားဆီးခဲ့သည်ကို ပြန်တွေးလိုက်ကာ အံတင်းတင်းကြိတ်ရင်း နောက်လှည့်၍ ပြန်ဝင်လိုက်သည်။

သူက နာနာကျင်ကျယ်အော်ဟစ်လျက် ဝိညာဥ်ခရီးဘုရင်နားကပ်သွားပြီးနောက် သရဲကြီးဘုရင်ကို လုပ်ခဲ့သည့်အတိုင်း သူ၏ခြေထောက်ကို ဖမ်းဆွဲလိုက်သည်။ တိုက်ခတ်နေသော အသံလှိုင်းများ၏အလယ်တွင် သူသည် ဝိညာဥ်ခရီးဘုရင်ကို ကန်၏အစပ်နားဆွဲခေါ်သွားပြီးနောက် ပစ်ထုတ်လိုက်သည်။

တချိန်လုံး လိပ်ဒယ်အိုးအောက်ဝယ် ပြစ်တင်ဆဲဆိုသံများ ပဲ့တင်ထပ်နေခဲ့သည်။

" ဝိညာဥ်ခရီးဘုရင် ခင်ဗျား.. အိုး.။ ခင်ဗျားက ဝလိုက်တာ။ ဝိတ်နည်းနည်းလောက် မကျနိုင်ဘူးလား။ ကျုပ် ခင်ဗျားကို မနည်းရွှေ့နေရတာ၊ အိုး "

ဝိညာဥ်ခရီးဘုရင်မှာ ထိုအသံများကြောင့် အလွန်ရှက်နေခဲ့ရသည်။ သို့သော် သူသည် သွားနေသည့်လမ်းတစ်လျှောက် သာမန်လူတစ်ယောက်အရွယ်အစားအထိ ဆက်လက်ကျုံ့လာခဲ့၏။ ထိုနည်းအားဖြင့် ပိုက်ရှောင်ချန်းက သူ့ကို အသံလှိုင်းကန်ကြီးအပြင်ဘက် ပစ်ထုတ်ခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်နယ်စားဆယ်ဦးမှာ အလွန်စိုးရိမ်သောကရောက်နေလေပြီ။ သူတို့၏ ကျင့်ကြံခြင်းအခြေခံမှာ အလွန်နိမ့်ကျလွန်းရာ စကားတစ်ခွန်းပင် မဆိုနိုင်ကြပေ။ သူတို့အားလုံး လုပ်နိုင်သည်မှာ ပိုင်ရှောင်ချန်းကို သနားစဖွယ် တောင်းပန်နေသောအကြည့်များဖြင့် ကြည့်နေခြင်းသာဖြစ်သည်။ ထိုသည်ကို မြင်သောအခါ ပိုင်ရှောင်ချန်း၏နှလုံးသား နူးညံ့သွားသည်။

" အာ ဘာပဲဖြစ်ဖြစ်ကွာ။ မင်းတို့ကောင်တွေ ငါ့ကို မုန်းကြပေမယ့် ငါက သဘောထားကြီးတဲ့ လူတစ်ယောက်ပဲ။ ` သိုးကျောင်းတဲ့အခါ အပြန်ကို တစ်အုပ်လုံးစုရမယ် ’ ဆိုတဲ့ ရှေးဆိုးရိုးစကားလည်း ရှိသေးတာပဲ မဟုတ်လား "

သူ့တာဝန် မည်မျှ အရေးကြီးကြောင်းတွေးကာ သက်ပြင်းချလိုက်ရင်း အသံလှိုင်းကန်ကြီးကို ဖြတ်၍ အဆက်မပြတ်အော်ဟစ်မြည်တမ်းကာ ရှေ့သွားနောက်ပြန် လေးဖက်ထောက်သွားနေတော့သည်။ များမကြာမီ သူသည် ကြက်သေသေနေသော မဟာကောင်းကင်သခင်နှင့် မာနကြီးထောင်လွှားသော စစ်အောင်ဘုရင်သာမက ချန်ဟောက်စုန့်နှင့် အခြားနတ်များအားလုံးကို ဆွဲထုတ်ပြီးသွားလေပြီ။

ပိုင်ရှောင်ချန်းက သူတို့အားလုံးကို တစ်ယောက်ပြီးတစ်ယောက်ကယ်ထုတ်သည်အား လူတိုင်း စောင့်ကြည့်နေကြသည်။ မကြာခင် ကီလိုမီတာ ၅၀၀နယ်ပယ်အတွင်း ကျန်ခဲ့သည့် တစ်ယောက်တည်းသောလူမှာ အံ့ဩမှင်သက်နေသော အသွင်ဖြင့် ရပ်နေသည့် သောကကင်းဝေးကိုးသွယ်ဘုရင် ဖြစ်သည်။

အချိန်အတော်ကြာကတည်းက သူစိတ်ထဲမှနေ၍ ဆဲဆိုနေခဲ့သည်။ သို့သော် ပိုင်ရှောင်ချန်းသည် သူ့ကို လျစ်လျူထားဟန်တူပြီး လူတိုင်းကို ကယ်နေခြင်းဖြစ်ကြောင်း အလျင်အမြန် သဘောပေါက်လိုက်သည်။

ပိုင်ရှောင်ချန်းနှင့် သူ့သား ကျိုးဟုန်ကြား ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံအား သူသိသော်လည်း ထိုအခြင်းအရာကြောင့် ဤကဲ့သို ဆက်ဆံခံရမည်ဟု သူ မတွေးထားခဲ့မိပေ။ အနည်းဆုံးတော့ သူကို အဖော်ပြုပေးရန် လူအနည်းငယ် ချန်ခဲ့သင့်သည် မဟုတ်ပါလော။

ထိုအချိန်တွင် ကလေးမလေးမှာ ရူးတော့မတတ်ဖြစ်နေပြီး သူမ၏မျက်နှာသည် အကြီးအကျယ်ဒေါသထွက်ကာ လိမ်ဖယ် ရှုံ့တွလာတော့သည်။ သူမ၏အတတ်က သူ့ကို မထိခိုက်သည့်အချက်အား သူမ လက်ခံနိုင်ပါသော်လည်း သူက အခြားလူများအားလုံးကို လာရောက်ကယ်တင်သွားသည်။

သူမက ဆောက်တည်ရာမရ ဖြစ်နေစဥ် မဟာကောင်းကင်သခင်နှင့် အခြားသူများအားလုံး တင်ပျဥ်ခွေထိုင်နေကြပြီဖြစ်ပြီး ပြန်လည်သက်သာလာကြသည်။ နတ်ဘုရားတစ်ပိုင်း လျှို့ဝှက်မှော်ပညာကို သုံးခြင်းကြောင့် ပြန်လည်ကုသနှုန်းက လျင်မြန်လာသည်။ မကြာမီ သရဲကြီးဘုရင်မှာ အားနည်းနေသည့်ပုံမပေါ်တော့သည့်အပြင် ထူထူထောင်ထောင်ဖြစ်လာ၏။

မည်သည့်အရာကမှ မနှောင့်ယှက်လျှင် နတ်ဘုရားတစ်ပိုင်းအားလုံး အပြည့်အဝတိုက်ခိုက်လာနိုင်တော့မည်မှာ ကြာတော့မည် မဟုတ်ပေ။

" ပိုင်ရှောင်ချန်း "

ကလေးမလေးက စူးစူးဝါးဝါးအော်ဟစ်လိုက်၏။ ပတ်ဝန်းကျင်ရှိလူတိုင်းမှာ သူမ၏အသံကြောင့် တစ်ကိုယ်လုံးတောင့်တင်းသွားကြပြီး ပိုင်ရှောင်ချန်းမှာ ကြောက်လန့်တုန်ရီသွားသည်။ သို့သော် မည်သည့်အရာမှ မဖြစ်ပျက်လာခင်မှာပင် မဟာကောင်းကင်သခင်၊ စစ်အောင်ဘုရင်၊ ဝိညာဥ်ခရီးဘုရင်နှင့် သရဲကြီးဘုရင်တို့က မျက်လုံးများ ဖွင့်လိုက်ကြသည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူလေးယောက်လုံး ထရပ်လိုက်ကြပြီး ကီလိုမီတာ ၅၀၀ အသံလှိုင်းကန်ကြီးကို တိုက်ခိုက်ရန် တဟုန်ထိုး ရှေ့တက်လိုက်ကြသည်။

ထိုအချိန်တွင် သောကကင်းဝေးကိုးသွယ်ဘုရင်က အဆုတ်ကွဲမတတ် အော်လိုက်ပြီး အားကုန်ထုတ်ကာ အခြား နတ်ဘုရားတစ်ပိုင်းလေးပါးနှင့် တိုက်ခိုက်ရာတွင် ပူးပေါင်းလိုက်သည်။

ကီလိုမီတာ ၅၀၀ အသံလှိုင်းကန်ကြီးသည် တုန်ရီလာပြီး ပျက်စီးလာသဖြင့် အံမခန်းလိလိ ပေါက်ကွဲသံများ အရပ်မျက်နှာတစ်ခွင် မြည်ဟီးသွားသည်။ အသက်ရှူချိန် ဆယ်ကြိမ်အတွင်း ၄င်းသည် လုံးဝ အစိတ်စိတ်အမြွှာမြွှာကွဲကြေသွား၏။ သောကကင်းဝေးကိုးသွယ်ဘုရင်၏ ပါးစပ်မှ သွေးများပန်းထွက်လာပြီး နောက်သို့ ယိမ်းယိုင်သွားကာ သိသာစွာပင် ဒဏ်ရာအပြင်းအထန်ရသွားသည်။

အသံလှိုင်းကန်ကြီး ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် မဟာကောင်းကင်သခင်နှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူလေးယောက်လုံးက နတ်ဘုရားစွမ်းရည်များ တစ်ခုပြီးတစ်ခု ထုတ်ဖော်ကာ အားအင်အပြည့် တိုက်ခိုက်လိုက်ကြသည်။ ထို့ကြောင့် ကလေးမလေးက စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး ခရမ်းရောင် သွေးခဲကြီးသည် ခြောက်ကပ်လာကာ လူပုံသဏ္ဍာန်ဖြစ်လာ၏။ ထို့နောက် ကလေးမလေးက သူမ၏ လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်လိုက်သည်။

ထိုအခါ မိုးကောင်းကင်သည် ပုံပျက်ရှုံ့တွလာပြီး ပြင်းထန်သော ထစ်ခြုန်းသံများ နေရာအနှံအပြားတွင် ပဲ့တင်ထပ်လာ၏။ သူမရှိရာဘက်သို့ အပြေးအလွှားလာနေသည့် မြေရိုင်းဒေသဝိညာဥ်များအားလုံး သူတို့၏ အမြန်နှုန်းကို အဆမတန် တင်လိုက်ကြကာ သန်းပေါင်းများစွာသော ဝိညာဥ်များသည် ကလေးမလေးအပေါ် ချဥ်းကပ်သွားကြသည်။

ကောင်းကင်က ဟိန်းဟောက်နေသော အမုန်းဝိညာဥ်များအားလုံးကြောင့် မှေးမှိန်သွား၏။ မကြာမီ ကုဋေများစွာသော ဝိညာဥ်များသည် ကလေးမလေး၏ ပတ်လည်တွင် လေဆင်နှာမောင်းအလား လှည့်ပတ်နေကြသည်။

ဝိညာဥ်များက မကြာမီ မျက်နှာတစ်ခုပုံစံဖြစ်လာ၏။ ထိုမျက်နှာသည် မိုးကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားသည်။ ၄င်းမှာ တစ်ကမ္ဘာလုံးကို တုန်ရီသွားစေသည့် အမျက်ဒေါသများ ပြည့်နှက်နေသည့် အေးစက်သော မျက်လုံးများနှင့် ကလေးမလေး ဖြစ်သည်။

" ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး "

သူမက စကားပြောရန် မရေမတွက်နိုင်သော အမုန်းဝိညာဥ်များအားလုံး၏ အသံကို ယူဆောင်ရင်း ဟိန်းဟောက်လိုက်သည်။ တချိန်တည်းမှာပင် သူမက ဝိညာဥ်မျက်နှာကြီး၏ ပါးစပ်ကို ဖွင့်လိုက်ရာ အနက်ရောင်လေမုန်တိုင်းတစ်ခု ဖြစ်တည်လာ၏။

အံသြတုန်လှုပ်ဖွယ်စွမ်းအားများ လေမုန်တိုင်းထဲတွင် ပြည့်နှက်နေသည့်အတွက် မဟာကောင်းကင်သခင်နှင့် အခြားနတ်ဘုရားတစ်ပိုင်းများအားလုံး တအံတသြ ကြည့်မိသွားရသည်။ ပိုင်ရှောင်ချန်းသည်လည်း ပင့်သက်ရှိုက်သွားပြီး နောက်ဆုတ်သွား၏။

ထိုလေက တည်ရှိသမျှ အရာခပ်သိမ်းကို ဖျက်စီးပစ်နိုင်သည့် စွမ်းအားများ သယ်ဆောင်လာသည့်တိုင် မည်သို့မျှ မဖြစ်ပျက်လာခင်မှာပင် နက်ရှိုင်းသော ရှေးဆန်သည့် သက်ပြင်းချသံတစ်သံ ပဲ့တင်ထပ်လာ၏။

လည်ပတ်နေသော အနက်ရောင်လေပြင်းများအကြားတွင် ပုံရိပ်တစ်ခု ပေါ်လာ၏။ သူသည် အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အစပိုင်းတွင် သူ့မျက်နှာကို မမြင်ရပေ။ သူသည် လွန်စွာ အသက်ကြီးသောကြောင့် သူ့ကို ကြည့်လိုက်သည့်မည်သူမဆို ရှေးခေတ်များဆီမှ ယခုလေးတင် ထွက်ပေါ်လာခဲ့သည်ဟု ချက်ချင်း ကောက်ချက်ချမိလိမ့်မည်။

" သင်္ချိုင်းစောင့်ဘိုးဘိုးကြီး "

ပိုင်ရှောင်ချန်းက မှင်သက်လျက် အော်လိုက်သည်။

" ငရဲဧကရာဇ် "

မဟာကောင်းကင်သခင်နှင့် အခြားနတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ၏မျက်နှာများထက်တွင် လေးလေးနက်နက် လေးစားကြည်ညိုသော အရိပ်အယောင်များယှက်သန်းလာကာ အော်လိုက်ကြသည်။

သချိုင်းစောင့်ကြီးအား မည်သို့ ခေါ်နေကြသည်ကို ပိုင်ရှောင်ချန်း ကြားလိုက်ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာသော်လည်း အဖြစ်အပျက်များအားလုံးက အချိန်တိုလေးအတွင်း ဖြစ်ပျက်သွားသည်။ သင်္ချိုင်းစောင့်ကြီးသည် သူ့ကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်သည့် အနက်ရောင်လေပြင်းများနှင့် မတူညီသော အရပ်မှာ တည်ရှိနေဟန်တူသည်။ သူက ကလေးမလေး၏ ဧရာမမျက်နှာကြီးရှေ့တည့်တည့် ရောက်သည့်တိုင်အောင် ရှေ့တက်လိုက်သည်။ထို့နောက် သူက သူ၏အိုမင်း ခြောက်ကပ်နေသော လက်ကို ဆန့်ထုတ်လိုက်ပြီး ၄င်းကို ဖိနှိပ်လိုက်သည်။

All Chapters