အခန်း (၃၈၁-၃၈၂)
Vol. 20 Ch. 381-382
အပိုင်း(၃၈၁) သင်္ဘောချင်းကပ်၍ တိုက်ခိုက်ခြင်း
လင်းယွမ်နှင့် ချိုးရင်ယွဲ့တို့က မန်ချင်၏ ရေပေါ်ကျွန်းအကြောင်း ဖော်ပြချက်ကို နားထောင်ရင်း နေရာမှာတင် ကြက်သေသေသွားကြသည်။
ရေပေါ်ကျွန်းက ဒီလောက်တောင် ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ နေရာတွေ ရှိနေတာလား။
လင်းယွမ်က နောက်ထပ် မေးခွန်းအချို့ကို မေးမြန်းလိုက်ပြီးမှ မန်ချင်ကို ဆင်းသွားခွင့်ပြုလိုက်သည်။
မန်ချင် ထွက်သွားပြီးနောက် ဘေးနားရှိ ချိုးရင်ယွဲ့က မနေနိုင်ဘဲ နှုတ်ဟ၍ မေးမြန်းလိုက်သည်။
"ကိုလင်းယွမ်... မြူခိုးမြို့တော်က သူပြောတဲ့ ရေပေါ်ကျွန်းများ ဖြစ်နေမလားလို့ သံသယရှိနေတာလား"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "သံသယရှိတာ မဟုတ်ဘူး... အခြေခံအားဖြင့်တော့ သေချာသလောက်ပဲ"
"မင်းက အရင်တုန်းက မြူခိုးမြို့တော်ပေါ် တကယ် မရောက်ဖူးဘူးလား"
ချိုးရင်ယွဲ့က ခေါင်းကို တရစပ် ခါယမ်းလိုက်သည်။ "မရောက်ဖူးပါဘူး... ကျွန်မက အဖေ အထဲမှာ ခြေကုပ်ယူနိုင်ဖို့အတွက် အပြင်ကနေ သန္ဓေပြောင်းစွမ်းအင်ကျောက်တုံးတွေနဲ့ တခြားပစ္စည်းတွေကို ရှာဖွေပေးရတဲ့ တာဝန်ယူထားရတာပါ"
"ပြီးခဲ့တဲ့အကြိမ် ဆက်သွယ်တုန်းကတော့ အဖေက မြူခိုးမြို့တော်မှာ အခြေခံအားဖြင့် ခြေကုပ်ရနေပြီလို့ ပြောပါတယ်... ဒါကြောင့် ကျွန်မလည်း သူ့ကိုလာရှာဖို့ စီစဉ်လိုက်တာပါ"
"မင်းအဖေ့ရဲ့ စာထဲက အကြောင်းအရာတွေမှာ ပြဿနာရှိနေမယ်လို့ မစိုးရိမ်ဘူးလား"
"ကျွန်မအဖေ့ရဲ့ လက်ရေးကို ကျွန်မ မှတ်မိပါတယ်" ချိုးရင်ယွဲ့က မကျေမနပ်ဖြင့် ပြောလိုက်သည်။
လင်းယွမ်က ခေါင်းခါလိုက်သည်။ "သန္ဓေပြောင်းအစွမ်းတွေတောင် ပေါ်လာနေပြီပဲ... မင်းက လက်ရေးဆိုတဲ့ အရာမျိုးကို အလွယ်တကူ ယုံကြည်နေတုန်းပဲလား"
သူက ဆက်မပြောတော့ဘဲ ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို လည်ပတ်စေလိုက်ရာ မျက်လုံးအစုံတွင် သင်္ကေတများ တလက်လက် တောက်ပသွားသည်။
"အမိန့်ပေးလိုက်... စစ်သင်္ဘောကို ဘယ်ဘက်ကွေ့မယ်"
ချိုးရင်ယွဲ့က ကြက်သေသေသွားပြီး သံသယဖြင့် မေးလိုက်သည်။ "ဒီနေရာက နေရာတိုင်းမှာ မြူခိုးတွေ ဖုံးလွှမ်းနေတာကို... ကိုလင်းယွမ်က လမ်းမှတ်မိလို့လား"
လင်းယွမ်က ပြုံးလိုက်ပြီး ပြောလိုက်သည် "မင်းနဲ့ မင်းအဖေဆုံဖို့ချိန်းထားတဲ့ နေရာမျိုးရှိလို့လား"
"တကယ်လို့ မရှိဘူးဆိုရင်လည်း ငါပြောတဲ့အတိုင်းပဲ လုပ်လိုက်"
ချိုးရင်ယွဲ့က ထိုစကားကို ကြားသောအခါ ခေါင်းခါလိုက်သည်။ "အဲ့လိုနေရာမျိုး မရှိဘူး... ကိုလင်းယွမ်မှာ နည်းလမ်းရှိနေမှတော့ ကိုလင်းယွမ် ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်"
သင်္ဘောက ဘယ်ဘက်သို့ ဦးတည်ကာ တစ်လျှောက်လုံး ခုတ်မောင်းသွားသည်။
သုံးမိနစ်ခန့်ပင် မကြာလိုက်ဘဲ လင်းယွမ်က ထပ်မံ အော်ပြောလိုက်သည်။ "ညာဘက်ကို ၃၀ ဒီဂရီ ချိုးမယ်"
ရွှေချပ်ဝတ်စစ်သင်္ဘောက ဦးတည်ရာကို တစ်ဖန် ပြန်ပြောင်းလိုက်ပြီး ညာဘက် ၃၀ ဒီဂရီသို့ ဆက်လက် ချီတက်သွားသည်။
ပတ်ဝန်းကျင်ရှိ မြူခိုးများက ပိုမို ထူထပ်လာပြီး မြင်ကွင်းက အလွန် မှုန်ဝါးလာသည်။
"ဒုန်း"
ရုတ်တရက် ရွှေချပ်ဝတ်စစ်သင်္ဘောက တစ်စုံတစ်ရာနှင့် ဝင်တိုက်မိသွားသကဲ့သို့ ကျယ်လောင်သော တိုက်မိသံကြီး ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ ရေလှိုင်းများက တဝုန်းဝုန်း မြည်ဟည်းသွားပြီး တစ်ဖက်ရှိ မြူခိုးများ လှုပ်ခတ်သွားသည်နှင့် တစ်ချိန်တည်းမှာပင် လူတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။
"နောက်ထပ် သင်္ဘောတစ်စီး ဝင်လာပြန်ပြီ"
"သတိထား... သမ္မတ ၇ က လူတွေများလား"
"တိုက်ခိုက်ဖို့ ပြင်ထား... တိုက်ခိုက်ဖို့ ပြင်ထား"
"ပေါ်"
တစ်ဖက် မြူခိုးများထဲမှ အမျိုးသမီးများ၏ အသံများစွာ ထွက်ပေါ်လာသည်။
ထို့နောက် ဥသြဆွဲသံ အမျိုးမျိုးလည်း ထွက်ပေါ်လာသေးသည်။
လင်းယွမ်တို့ဘက်ရှိ ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်မှ လူအားလုံးမှာလည်း ချက်ချင်းပင် သတိဝီရိယ ရှိသွားကြသည်။
လင်းယွမ်က ချက်ချင်းပင် အော်ဟစ်လိုက်သည်။ "အကာအကွယ် သင်္ကေတအစီအရင်ကို ဖွင့်လိုက်"
ကင်းစင်္ကြံပေါ်တွင် ရပ်နေသော ဟန်ရှန်းမန်က ကြားသည်နှင့် ချက်ချင်း အော်ဟစ်လိုက်သည်။ "အစီအရင်ကို ဖွင့်လိုက်"
"ဝုန်း"
ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်တွင် အလင်းတန်းများ တစ်ခုပြီးတစ်ခု လင်းလက်လာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သင်္ဘောတစ်စီးလုံးကို ရွှေရောင် အလင်းလွှာတစ်ခုက ဖုံးလွှမ်းသွားသည်။
၎င်းက သင်္ဘောကိုယ်ထည်ပေါ်တွင် ရေးထွင်းထားသော ရွှေချပ်ဝတ် အစီအရင် ဖြစ်သည်။
လင်းယွမ်က အရင်ကတည်းက စမ်းသပ်ထားပြီးဖြစ်ရာ ကာကွယ်နိုင်စွမ်းက အလွန် အားကောင်းပြီး သတ္တုဓာတ် အကာအကွယ် သင်္ကေတများဖြင့် တည်ဆောက်ထားသော အစီအရင် ဖြစ်သည်။
သူက လမ်းတစ်လျှောက်လုံး ထောက်လှမ်းရေး သင်္ကေတနှင့် ချိတ်ပိတ် သင်္ကေတများကိုသာ လေ့လာရာတွင် အချိန်ကုန်ဆုံးခဲ့သဖြင့် ဤရွှေချပ်ဝတ် သင်္ကေတများကို လေ့လာရန် အချိန်မရှိခဲ့ပေ။
သို့သော် သူက မန်ချင်မှတစ်ဆင့် ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်ရှိ ယန္တရား ဒီဇိုင်းအမျိုးမျိုးကို အပြည့်အဝ နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။
ထို့ကြောင့် ရွှေချပ်ဝတ် အကာအကွယ်ကို ချက်ချင်း အသက်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ချပ်ဝတ်အလင်းများ လင်းလက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ မြူခိုးများလည်း တုန်ခါသွားကာ ကွဲကွာသွားသည်။
ထူထပ်သော မြူခိုးများက လှုပ်ခတ်လွင့်စင်သွားပြီး တစ်ဖက်ရှိ အခြေအနေကို အကြမ်းဖျင်း မြင်တွေ့လိုက်ရသည်။
တစ်ဖက်တွင် ရွှေချပ်ဝတ်စစ်သင်္ဘောထက် နှစ်ဆမက ကြီးမားသော ဧရာမ ခရီးသည်တင် သင်္ဘောကြီး တစ်စီး ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုခရီးသည်တင်သင်္ဘောပေါ်ရှိ ဆေးသားများက အသစ်စက်စက်ဖြစ်ပြီး အပေါ်တွင် အဖြူရောင် ဆေးဖြင့် ရေးသားထားသော စာသားများကို ဝေဝေဝါးဝါး မြင်တွေ့နေရသည်။
"လင်ကျောင်းတက္ကသိုလ် သင်္ဘောတည်ဆောက်ရေးကျောင်း ခရီးသည်တင်သင်္ဘော CNL-191..."
လင်းယွမ်က ထိုစာသားများကို မြင်လိုက်ရသောအခါ မျက်ခုံးများ ပင့်တက်သွားသည်။
"လင်ကျောင်းတက္ကသိုလ်ရဲ့ နမူနာသင်္ဘောလား"
သူ၏ ခေါင်းထဲတွင် ပြီးခဲ့သည့်အကြိမ်က ရေအောက်ရှိ လင်ကျောင်းတက္ကသိုလ် သင်္ဘောတည်ဆောက်ရေးကျောင်းကို စူးစမ်းလေ့လာခဲ့စဉ်က သင်္ဘောအားလုံးကို တစ်စုံတစ်ယောက်က ယူဆောင်သွားကြောင်း တွေ့ရှိခဲ့ရခြင်းကို ချက်ချင်း ပြန်အမှတ်ရသွားသည်။
သူ၏ မျက်စိရှေ့ရှိ ဤခရီးသည်တင်သင်္ဘောက လင်ကျောင်းတက္ကသိုလ်၏ သင်္ဘောဖြစ်ကြောင်း အလွန် သိသာထင်ရှားနေသည်။
"ဘုန်း... ဘုန်း... ဘုန်း"
ဤအချိန်တွင် တိုက်ခိုက်မှု ဒါဇင်ပေါင်းများစွာက ရွှေချပ်ဝတ်စစ်သင်္ဘော၏ အကာအကွယ်ဒိုင်းပေါ်သို့ ကျရောက်လာသည်။
ရွှေချပ်ဝတ်စစ်သင်္ဘော၏ စွမ်းအင်အကာအကွယ်က တုန်ခါသွားသော်လည်း ထိခိုက်ပျက်စီးသွားခြင်း မရှိပေ။
ဟန်ရှန်းမန်က ကင်းစင်္ကြံပေါ်ရှိ ချိတ်ပိတ်မြှားများကို ချက်ချင်း လှည့်လိုက်ပြီး ဤခရီးသည်တင်သင်္ဘောကို ချိန်ရွယ်လိုက်သည်။
"ဒုန်း"
ချိတ်ပိတ်မြှားတစ်စင်းက ပြင်းထန်စွာ ထွက်ပေါ်လာပြီး တစ်ဖက်ရှိ ခရီးသည်တင်သင်္ဘော ကုန်းပတ်ဆီသို့ လေခွင်းသံနှင့်အတူ ဝင်တိုက်သွားသည်။
ထိုခရီးသည်တင်သင်္ဘောပေါ်တွင် တောင့်တင်းသော ခန္ဓာကိုယ်ရှိသည့် အမျိုးသမီး အစွမ်းပိုင်ရှင်တစ်ဦးက ဤသည်ကို မြင်သောအခါ စကားတစ်ခွန်းမှ မဆိုဘဲ သံဖြူပုံးတစ်ပုံးကို ဆွဲယူကာ ကောင်းကင်ယံရှိ ချိတ်ပိတ်မြှားဆီသို့ အားကုန်လွှဲပေါက်လိုက်သည်။
"ဝုန်း"
သံဖြူပုံးနှင့် ချိတ်ပိတ်မြှားတို့ တစ်နေရာတည်းတွင် ဝင်တိုက်မိသွားပြီး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။
ခဏချင်းအတွင်းမှာပင် ချိတ်ပိတ်မြှားပေါ်မှ အလင်းတန်းများ ဖြာထွက်လာပြီး ဤခရီးသည်တင်သင်္ဘော၏ ကောင်းကင်ယံတွင် ဧရာမ ချိတ်ပိတ် အစီအရင်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။
ချိတ်ပိတ် အစီအရင် ဖုံးလွှမ်းထားသော နယ်ပယ်အတွင်းရှိ အစွမ်းပိုင်ရှင် အားလုံး၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသော အမူအရာများ ချက်ချင်း ထွက်ပေါ်လာသည်။
သူမတို့၏ ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို ထုတ်သုံး၍ မရတော့ကြောင်းကို ထိတ်လန့်တကြား တွေ့ရှိလိုက်ရသည်။
ဤအချိန်တွင် ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်ရှိ လင်းဝူက လူအများကို ညွှန်ကြားကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "ပစ်"
"ဝှစ်... ဝှစ်... ဝှစ်"
ချိတ်ပိတ်မြှား ဒါဇင်ပေါင်းများစွာ ပစ်ခတ်လိုက်ရာ ဤလူများ၏ ပခုံးများ၊ ပေါင်များစသည့် နေရာများသို့ ချက်ချင်းပင် စိုက်ဝင်သွားကြသည်။
ဤချိတ်ပိတ်မြှားများပေါ်တွင်လည်း ချိတ်ပိတ် သင်္ကေတများ ပါရှိသော်လည်း အာနိသင်က ကင်းစင်္ကြံပေါ်ရှိ အကြီးစား ချိတ်ပိတ်မြှား အစီအရင်လောက် မကောင်းပေ။
ဤအသေးစား ချိတ်ပိတ်မြှားများက သွေးနှင့် ထိတွေ့ပြီးမှသာ အသက်ဝင်လာနိုင်ခြင်း ဖြစ်သည်။
တစ်ဖက်မှ လူအများအပြား မြှားမှန်သွားသည်နှင့်အမျှ အခြေခံအားဖြင့် ချက်ချင်းပင် တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားကြသည်။
ဤအချိန်အထိရောက်မှ လင်းယွမ်က နှုတ်ဟလိုက်သည်။ "သင်္ဘောချင်းကပ်ပြီး တိုက်"
ချိုးရင်ယွဲ့က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ ချင်ဇီဟန်အပါအဝင် အခြားသော အစွမ်းပိုင်ရှင်များကို ခေါ်ဆောင်၍ ရွက်တိုင်ပေါ်ရှိ ကြိုးများကို ဖမ်းဆုပ်ကာ တစ်ဖက်သို့ တိုက်ရိုက် လွှဲခုန်သွားကြသည်။
အစွမ်းထက်မြက်သူများက သင်္ဘောဘေးဘောင်ကို ခြေတစ်ဖက်ဖြင့် ဆောင့်ကန်လိုက်ပြီး ပေလေးဆယ်ခန့် အကွာအဝေးကို ခုန်ကျော်ကာ တစ်ဖက်ရှိ သင်္ဘောပေါ်သို့ ပြေးတက်သွားကြသည်။
ချိုးရင်ယွဲ့အတွက်ကတော့ ပို၍ပင် လွယ်ကူနေပြီး ကိုယ်ကို တစ်ချက်ခုန်လိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးများ လက်ခနဲ ဖြစ်သွားကာ မျက်စိတစ်မှိတ်အတွင်း တစ်ဖက်ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားသည်။
ဤအချိန်တွင် ကောင်းကင်ယံရှိ ချိတ်ပိတ် သင်္ကေတအစီအရင်၏ အလင်းရောင်များကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သန္ဓေပြောင်းစွမ်းအင်များကို ချိတ်ပိတ်ထားသည့် အာနိသင်လည်း ပျောက်ကွယ်သွားသည်။
သို့သော် မြှားမှန်ထားသော အစွမ်းပိုင်ရှင်များကတော့ မြှားပေါ်ရှိ ချိတ်ပိတ် သင်္ကေတများ၏ သက်ရောက်မှုကို ခံနေရဆဲဖြစ်ရာ သန္ဓေပြောင်းစွမ်းအင်များကို အသုံးမပြုနိုင်ကြပေ။
ထို့ကြောင့် သင်္ဘောချင်းကပ်၍ တိုက်ခိုက်မှုအောက်တွင် တစ်ဖက်သတ် ဖမ်းဆီးမှုကြီး ဖြစ်သွားတော့သည်။
မကြာမီမှာပင် ချိုးရင်ယွဲ့က လူများကို ခေါ်ဆောင်ကာ ဤအပျော်စီးသင်္ဘောပေါ်ရှိ လူအားလုံးကို ဖမ်းဆီးလိုက်သည်။
ထိုအထဲတွင် အစောပိုင်းက ချိတ်ပိတ်မြှား အစီအရင်ကို ခုခံရန် ဆီပုံးဖြင့် ပေါက်ခဲ့သော တောင့်တင်းသည့် အမျိုးသမီးလည်း လက်ထိတ် ခတ်ခံလိုက်ရသည်။
လင်းယွမ်က ဤတိုက်ပွဲကို အထူးတလည် အာရုံစိုက်မနေခဲ့ပေ... ချိတ်ပိတ်မြှားများ ရှိနေသည့် အခြေအနေမျိုးတွင် ရလဒ်ကို သူက စောစောစီးစီးကတည်းက ခန့်မှန်းပြီးသား ဖြစ်သည်။
သူ၏ အကြည့်များက ပတ်ဝန်းကျင်ရှိ မြူခိုးများပေါ်တွင်သာ အမြဲတမ်း ကျရောက်နေသည်။
"ကိုလင်းယွမ်... ဘာတွေ ကြည့်နေတာလဲ"
ချိုးရင်ယွဲ့ ပြန်ရောက်လာချိန်တွင် လင်းယွမ်က ပတ်ဝန်းကျင်ရှိ မြူခိုးများကို ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယွမ်က စဉ်းစားနေသော အမူအရာကို ပြသလိုက်ပြီး ပြောလိုက်သည်။ "ချိတ်ပိတ် အစီအရင်ရဲ့ အလင်းရောင် ထိုးကျတဲ့ နေရာမှာ... မြူခိုးတွေ ချက်ချင်း လွင့်စင်သွားတာကို မင်း သတိထားမိလိုက်လား"
"တခြားနေရာတွေမှာကျတော့ တိုက်ပွဲ ဘယ်လောက်ပဲ ပြင်းထန်ပါစေ... မြူခိုးတွေက လှုပ်ခတ်သွားတာ ဒါမှမဟုတ် ရွေ့လျားသွားတာမျိုးပဲ ရှိပြီး မြူခိုးတွေ ပျောက်ကွယ်သွားတာမျိုး မရှိဘူး"
ချိုးရင်ယွဲ့က တစ်ဖက်ရှိ ခရီးသည်တင်သင်္ဘောကို ကြည့်လိုက်ရာ ကောင်းကင်တွင် ရှင်းလင်းနေသော ဧရိယာကြီးတစ်ခု တကယ်ပဲ ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုဧရိယာက အစောပိုင်းက ချိတ်ပိတ်မြှား အစီအရင်၏ အလင်းရောင်များ ဖုံးလွှမ်းသွားသော ဧရိယာပင် ဖြစ်သည်။
သို့သော် ဤကိစ္စတွင် ဘာပြဿနာရှိနေသလဲဆိုတာကို ချိုးရင်ယွဲ့က သိပ်နားမလည်ပေ။
သူမက အလိုအလျောက်ပင် မေးလိုက်သည်။ "ဒါက ဘာကို ပြောတာလဲ"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ပြောလိုက်သည်။ "ဒါက ဒီမြူခိုးတွေ သဘာဝအတိုင်း ဖြစ်ပေါ်လာတာ မဟုတ်ဘဲ... သန္ဓေပြောင်းစွမ်းအင်တွေနဲ့ ဖန်တီးထားတဲ့ မြူခိုးတွေ ဖြစ်နိုင်တယ်ဆိုတာကို ပြနေတာပဲ"
ချိုးရင်ယွဲ့က ကြက်သေသေသွားပြီး နားမလည်သေးပေ။ "ဒါက သာမန်ပါပဲ... ရေပေါ်ကျွန်းပေါ်မှာ အစကတည်းက စွမ်းအင်တွေ သိပ်သည်းလွန်းနေတော့ မြူခိုးတွေလိုမျိုး ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာတာလည်း ပုံမှန်ပဲ မဟုတ်ဘူးလား"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည်။ "ဖြစ်နိုင်ပါတယ်"
အကယ်၍ မြူခိုးမြို့တော်တွင် မူလကတည်းက ရှိနေသော မြူခိုးများသာဆိုလျှင်တော့ ပြဿနာမရှိပေ။
လင်းယွမ် စိုးရိမ်နေသည်က ဤမြူခိုးများကို အစွမ်းပိုင်ရှင် တစ်ယောက်ယောက်ကများ ဖန်တီးထားသလားဆိုသည်ကိုပင်။
တစ်ကျွန်းလုံးကို ဖုံးလွှမ်းနိုင်သည့် မြူခိုးများကို ဖန်တီးနိုင်သော အစွမ်းပိုင်ရှင်သာဆိုလျှင် သူ၏ စွမ်းရည်က ဘယ်လောက်တောင် ကြောက်စရာကောင်းနေလိမ့်မည်နည်း။
သေချာပေါက် ဤသည်က လင်းယွမ်၏ စိတ်ကူးထဲမှ ခန့်မှန်းချက်သာဖြစ်ပြီး အမှန်တကယ် ဟုတ်ချင်မှ ဟုတ်မည်ဖြစ်သည်။
သို့သော် ဤကိစ္စက လင်းယွမ်၏ သတိဝီရိယရှိမှုကိုတော့ ဟန့်တားနိုင်ခြင်း မရှိပေ။
"သွားရအောင်... ဒီသင်္ဘောက ဘာတွေ ဖြစ်နေလဲဆိုတာ သွားကြည့်ကြတာပေါ့"
လင်းယွမ်က ပြောလိုက်ပြီး ချိုးရင်ယွဲ့နှင့်အတူ တစ်ဖက်ရှိ ခရီးသည်တင်သင်္ဘောပေါ်သို့ တက်သွားသည်။
"ဒီက ခေါင်းဆောင်က ဘယ်သူလဲ" လင်းယွမ်က မေးလိုက်သည်။
ချိုးရင်ယွဲ့က ခေါင်းခါလိုက်သော်လည်း သူမ၏ အကြည့်များက လက်ထိတ် ခတ်ခံထားရသော တောင့်တင်းသည့် အမျိုးသမီးဆီသို့ ရောက်သွားသည်။
"ဒီအမျိုးသမီးက ဒီအမျိုးသမီးတွေထဲမှာ အဆင့်ပိုမြင့်တဲ့သူ ဖြစ်လိမ့်မယ်... စောစောက တိုက်ပွဲဖြစ်တုန်းက သူက တခြားသူတွေကို ညွှန်ကြားနေတာ"
လင်းယွမ်က ချိုးရင်ယွဲ့၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။
အမျိုးသမီးက ဂျင်းဘောင်းဘီ အကြပ်ကို ဝတ်ဆင်ထားပြီး အပေါ်ပိုင်းတွင် အပြာရောင် ကွက်ကျားအင်္ကျီကို ဝတ်ဆင်ထားကာ ဆံပင်တိုတိုနှင့် ဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်က ဆွဲဆောင်မှုရှိပြီး ပွယောင်းနေသော ကွက်ကျားအင်္ကျီကလည်း သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို မဖုံးကွယ်နိုင်ပေ။
လင်းယွမ်က ဤအမျိုးသမီးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် မနေနိုင်ဘဲ ကြက်သေသေသွားသည်။
"ဟင်... မင်းပဲ"
မြေပြင်ပေါ်တွင် ဒူးထောက်နေရသော လင်းယာက အသံကို ကြားသောအခါ ခေါင်းမော့၍ လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ကြက်သေသေသွားသည်။
လင်းယွမ်၏ ရင်းနှီးနေသော မျက်နှာက လွန်ခဲ့သော လအနည်းငယ်က မိန်တုဥယျာဉ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သူမအား ချက်ချင်း ပြန်လည် အမှတ်ရသွားစေသည်။
ထိုစဉ်က သူမ ရေချိုးခန်းထဲတွင် ရေချိုးနေချိန် သူမ၏ မျက်စိရှေ့ရှိ ဤအမျိုးသားက ရုတ်တရက် လသာဆောင် ပြတင်းပေါက် အပြင်ဘက်မှ ဝင်လာပြီး သူမအိမ်၏ မျက်နှာကြက်ကို ဝင်တိုက်ကာ ဖျက်ဆီးပစ်ခဲ့သည်။
ထို့နောက် ဤလူက ဟေးလန်၊ ဆစ်ဆစ်တို့နှင့်ပါ လက်ပါခဲ့သေးပြီး အကယ်၍ ယွဲ့ဟွာသာ အချိန်မီ ရောက်မလာခဲ့ပါက ဆစ်ဆစ်နှင့် ဟေးလန်တို့ ပူးပေါင်းလျှင်တောင် ဤလူကို ဖမ်းဆီးနိုင်မည် မဟုတ်ပေ။
လင်းယွမ်ကလည်း "အစ်မယာ" ဟုခေါ်သော ဤအမျိုးသမီးကို စိတ်ဝင်တစား ကြည့်နေလိုက်သည်။
ဤအမျိုးသမီးက ရေချိုးခန်းထဲမှ ထွက်လာပြီး အဖြူရောင် ရေချိုးသဘက်ကို ပတ်ထားသည့် ဆွဲဆောင်မှုရှိသော မြင်ကွင်းကို သူက ယခုအချိန်အထိ မှတ်မိနေသေးသည်။
သေချာပေါက် သူ၏ စိတ်ထဲတွင် အစွဲလန်းဆုံး ဖြစ်စေခဲ့သည်က ဤအမျိုးသမီး၏ သန္ဓေပြောင်းအစွမ်းပင် ဖြစ်သည်။
သူမက ရေချိုးသဘက် တစ်ထည်ကို သံဖြူပြားကဲ့သို့ မာကျောသွားအောင် လုပ်နိုင်ပြီး ထိုစဉ်က ပထမဆုံးအကြိမ် တွေ့ဆုံချိန်တွင် သူမက ကိုယ်ပေါ်ရှိ ရေချိုးသဘက်ကို ခုခံအကာအကွယ် လက်နက်အဖြစ် အသုံးပြုခဲ့သည်။
ထိုစဉ်က သူ၏ စိတ်စွမ်းအင်မှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်နေပြီဖြစ်ရာ ထိုရေချိုးသဘက်အောက်ရှိ ကြီးမားပြည့်ဖြိုးနေမှုများကို ရှင်းလင်းစွာ လေ့လာနိုင်ခဲ့သည်။
လအနည်းငယ် ကြာပြီးနောက် ဤအမျိုးသမီးကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လွန်ခဲ့သော လအနည်းငယ်နှင့် နှိုင်းယှဉ်ပါက ဤအမျိုးသမီး၏ ပုံပန်းသဏ္ဍာန်က ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။
ဝတ်စားဆင်ယင်မှုကို ထည့်မတွက်လျှင်ပင် လင်းယွမ်က သူမ တခြားအဝတ်အစားများ ဝတ်ဆင်ထားသည့် ပုံစံကိုလည်း မမြင်ဖူးခဲ့ပေ။
သို့သော် သူမ၏ ဆံပင်ပုံစံက သိသိသာသာ ပြောင်းလဲသွားသည်။
တစ်ချိန်က နက်မှောင်လှပသော ဆံပင်ရှည်များရှိခဲ့သည့် သူမက အသိပညာကြွယ်ဝသည့် အလှတရားများဖြင့် ပြည့်နှက်နေခဲ့သည်။
ယခုအခါတွင်တော့ နားထက်အထိ ဆံပင်တိုတို ညှပ်ထားပြီး တောင့်တင်းသော ခန္ဓာကိုယ်ကလည်း ယခင်ကထက် တစ်ပတ်စာလောက် ပိန်သွားသည်။
မပိန်သွားသည့် တစ်ခုတည်းသော အရာကတော့ မို့မောက်နေသော ရင်သားများပင် ဖြစ်သည်။
လင်းယွမ်က သူမ၏ ရှေ့သို့ လျှောက်သွားပြီး ပြုံးကာ ပြောလိုက်သည်။ "မတွေ့တာတောင် ကြာပြီပဲ"
လင်းယာကလည်း တစ်ချိန်က တစ်ခေါက်ဆုံဖူးသည့် ဤအမျိုးသားနှင့် ဤနေရာတွင် ပြန်ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမက မနေနိုင်ဘဲ မေးလိုက်သည်။ "ရှင်က ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ... အရင်တုန်းက ရှင်နဲ့ လူတစ်စု သစ်သားဖောင်စီးပြီး မိန်တုဥယျာဉ်ကနေ ထွက်သွားတာကို ကျွန်မ ကိုယ်တိုင် မျက်စိနဲ့တပ်အပ် မြင်ခဲ့တာ... ရှင်က ဘယ်လိုလုပ် မြူခိုးမြို့တော်ကို ရောက်နေတာလဲ"
လင်းယွမ်က ရယ်မောလိုက်သည်။ "မင်းက ငါ့ကို မှတ်မိနေသေးမယ်လို့ မထင်ထားဘူး... လင်းဝူ... ဒီအမျိုးသမီးကို လွှတ်ပေးလိုက်... နာမည်ဘယ်လိုခေါ်လဲ"
"လင်းယာပါ"
လင်းယာက မြေပြင်ပေါ်မှ မတ်တတ်ရပ်လိုက်ပြီး သူမကိုယ်တိုင် လက်ထိတ် ခတ်ခံထားရဆဲဖြစ်ကြောင်း ပြသရန် လက်ကို ဆန့်ထုတ်လိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး လင်းဝူကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "လက်ထိတ်ကို ဖြုတ်ပေးလိုက်ပါ"
လင်းဝူက အနည်းငယ် တွေဝေသွားပြီး ပြောလိုက်သည်။ "ဆရာလင်း... အခုချက်ချင်းလား"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ဒီအထဲမှာ နားလည်မှုလွဲတာလေးတွေ ရှိနေမယ်ထင်တယ်... ဒီအမျိုးသမီးက တစ်ချိန်တုန်းက ငါနဲ့ အိမ်ရာတစ်ခုတည်းမှာ နေခဲ့ဖူးတာဆိုတော့ တွက်ကြည့်မယ်ဆိုရင် အိမ်နီးချင်းတွေလို့လည်း ဆိုလို့ရပါတယ်... ဟုတ်တယ်မလား... မလင်းယာ"
လင်းယာက အတင်းအကြပ် ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "တကယ်ကို နားလည်မှုလွဲတာပါ... ကျွန်မတို့က ရှင်တို့ကို သမ္မတ ၇ က လူတွေလို့ ထင်လိုက်မိလို့ လက်ပါသွားခဲ့တာပါ... ဒီကိစ္စအတွက် ကျွန်မတို့မှာ အဓိက တာဝန်ရှိပါတယ်"
သူမက ထိုသို့ပြောလိုက်ခြင်းကြောင့် လင်းဝူနှင့် ချိုးရင်ယွဲ့တို့ပင် အနည်းငယ် သဘောကျသွားကြသည်။
ထို့နောက် ချိုးရင်ယွဲ့က ရှေ့သို့ တက်သွားပြီး တစ်ဖက်လူအတွက် လက်ထိတ်ကို ကိုယ်တိုင် ဖြုတ်ပေးလိုက်သည်။
လက်ထိတ်အတွင်းတွင် ဆူးများ ပါရှိပြီး ခတ်ထားပြီးနောက် တစ်ဖက်လူ၏ အရေပြားကို ထိုးဖောက်သွားကာ လက်ထိတ်ပေါ်ရှိ ချိတ်ပိတ် သင်္ကေတများကို အသက်ဝင်လာစေသည်။
ယခုအခါ လက်ထိတ်ကို ဖြုတ်လိုက်ပြီဖြစ်ရာ လင်းယာက ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင်များ သွက်လက်လာသည်ကို ချက်ချင်း ခံစားလိုက်ရပြီး သူမက မနေနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်သည်။
ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်လိုက်သော အကြည့်များတွင်လည်း ကျေးဇူးတင်စိတ် အနည်းငယ် ပိုလာပြီးနောက် ပြောလိုက်သည်။ "ကျွန်မရဲ့ သင်္ဘောသားတွေကိုရော လွှတ်ပေးလို့ ရနိုင်မလား"
လင်းယွမ်က ချိတ်ပိတ်မြှားမှန်ပြီးနောက် လက်ထိတ်ခတ်ခံထားရသော ပတ်ဝန်းကျင်ရှိ လူများကို ကြည့်လိုက်ကာ ပြုံးပြီး ပြောလိုက်သည်။ "မလောပါနဲ့... မလင်းယာ... အဆင်ပြေမယ်ဆိုရင် ဒီက အခြေအနေတွေကို မင်းဆီကနေ အရင်ဆုံး နားလည်အောင် လုပ်ချင်သေးတယ်"
ဆက်ရန်...
အပိုင်း (၃၈၂) လင်းယာနှင့် ထပ်မံတွေ့ဆုံခြင်း
လင်းယာက ထိုစကားကို ကြားသောအခါ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း လင်းယွမ်က သူတို့အပေါ် သတိထားနေဆဲ ဖြစ်ကြောင်းကိုလည်း သိရှိနေသည်။
လောလောဆယ် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း အခြေအနေအရ သူမအနေဖြင့် တောင်းဆိုပိုင်ခွင့် မရှိမှန်း သိထားသည်။
လင်းယာက အတင်းပြုံးလိုက်ပြီး "နာမည် ဘယ်လိုခေါ်လဲ မသိရသေးဘူးနော်"
လင်းယွမ်က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။ "လင်းယွမ်ပါ... လောလောဆယ်တော့ ရွှေချပ်ဝတ်စစ်သင်္ဘောရဲ့ သင်္ဘောကပ္ပတိန်ပေါ့"
သူက ချိုးရင်ယွဲ့ကို လက်ညှိုးထိုးပြကာ ဆက်ပြောသည်။ "ဒါကတော့ ကျွန်တော့်ရဲ့ မိတ်ဆွေ... ချိုးရင်ယွဲ့"
လင်းယာက ချိုးရင်ယွဲ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် "မင်္ဂလာပါရှင်... ရှင်တို့ ဘာတွေများ သိချင်လို့လဲ"
လင်းယွမ်က မြူခိုးမြို့တော် အကြောင်းကို တိုက်ရိုက် မမေးဘဲ ဤသင်္ဘော၏ အခြေအနေကို အရင်မေးလိုက်သည်။
"ဒီသင်္ဘောက လင်ကျန်းတက္ကသိုလ် သင်္ဘောတည်ဆောက်ရေးကျောင်းရဲ့ သင်ကြားရေးသုံး သင်္ဘောမလား... ဘယ်လိုလုပ် ခင်ဗျားလက်ထဲ ရောက်နေတာလဲ... ခင်ဗျားက ဒီသင်္ဘောရဲ့ ကပ္ပတိန်လား"
လင်းယာက ခေါင်းယမ်းလိုက်ပြီး "ကျွန်မက ကပ္ပတိန် မဟုတ်ပါဘူး... ဒီသင်္ဘောရဲ့ ကပ္ပတိန်က လန်ယွဲ့ဟွာပါ... သူက ကျွန်မနဲ့ တိုက်တစ်တိုက်တည်းမှာ နေတာလေ... ရှင်လည်း သူ့ကို မြင်ဖူးပါတယ်"
လင်းယွမ်၏ ခေါင်းထဲတွင် လက်ချောင်းများမှ လေဆာတန်းများ ထုတ်လွှတ်နိုင်သော အေးစက်စက် အမျိုးသမီးကို ချက်ချင်း ပြေးမြင်သွားသည်။
"လက်ချောင်းတွေကနေ လေဆာတန်းတွေ ပစ်လွှတ်နိုင်တဲ့ မိန်းမကို ပြောတာလား"
လင်းယာက ထိုစကားကို ကြားသောအခါ အနည်းငယ် ကြောင်အမ်းသွားသည်။ တကယ်တမ်းတော့ လန်ယွဲ့ဟွာ လေဆာတန်း ပစ်လွှတ်နိုင်သည့် နေရာမှာ လက်ချောင်းလေးတွေတင် မကပေ။
သေချာသည်က သူမအနေဖြင့် အများကြီး ရှင်းပြနေစရာ မလိုသဖြင့် ခေါင်းသာ ညိတ်ပြလိုက်သည်။
လင်းယွမ်က သဘောပေါက်သွားသည်။ အစောပိုင်းက တိုက် (၈၇) တွင် ထိုအမျိုးသမီးနှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့စဉ်က လင်းယာပဲ ဖြစ်ဖြစ်၊ အာရုံငါးပါးကို ရုပ်သိမ်းနိုင်သည့် ကောင်မလေးပဲ ဖြစ်ဖြစ် အားလုံးက ထိုအမျိုးသမီးကိုသာ ဦးဆောင်သူအဖြစ် သဘောထားခဲ့ကြသည်။
အခုကြည့်ရသလောက် ထိုအမျိုးသမီးက သူတို့အဖွဲ့၏ ခေါင်းဆောင် ဖြစ်လာခဲ့ပုံရသည်။
"ဒါဆို ခင်ဗျားတို့ရဲ့ ဒီသင်္ဘောက ဘယ်ကရလာတာလဲ" လင်းယွမ်က မေးလိုက်သည်။
လင်းယာက ဖြေသည်။ "လင်ကျန်းတက္ကသိုလ် သင်္ဘောတည်ဆောက်ရေးကျောင်းထဲကနေ လုယူလာခဲ့တာပါ"
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး သူထင်ထားသည့်အတိုင်းပင် ဖြစ်နေကြောင်း စိတ်ထဲမှ ရေရွတ်လိုက်ကာ မေးလိုက်သည်။
"အဲဒီတုန်းက သင်္ဘော စုစုပေါင်း ဘယ်နှစီး ရှိတာလဲ... ခင်ဗျားတို့က ဒီတစ်စီးတည်းကိုပဲ လုလာခဲ့တာလား"
"သင်္ဘောကြီး သုံးလေးစီးလောက် ရှိပါတယ်... ကျွန်မတို့က နည်းနည်း ပိုသစ်တဲ့ ဒီတစ်စီးကို ရွေးချယ်ခဲ့တာပါ"
"အဲဒီတုန်းက ဒီသင်္ဘော ရေမမြုပ်သွားဘူးလား"
"မမြုပ်ပါဘူး... အဲဒီအချိန်တုန်းက ကျွန်မတို့ သင်္ဘောတည်ဆောက်ရေးကျောင်းကို ရောက်သွားတော့ ဒီသင်္ဘောတွေက ရေပေါ်မှာ ပေါလောပေါ်နေပြီး အထဲမှာလည်း လူတွေ ရှိနေကြပြီလေ"
"ကျန်တဲ့ သင်္ဘောတွေကိုရော ဘယ်သူတွေ လုသွားကြသေးလဲ"
"ကုန်တင်သင်္ဘော တစ်စီးကိုတော့ မိန်တုဥယျာဉ်ထဲကနေ ကျွန်မတို့နောက်ကို လိုက်လာတဲ့ အဖွဲ့တစ်ဖွဲ့က လုသွားကြတယ်"
"နောက်ထပ် ခရီးသည်တင်သင်္ဘော တစ်စီး ရှိသေးပေမယ့်... သိပ်မသစ်တော့လို့ အနီးနားက ကျောင်းတစ်ကျောင်းက လူတစ်စု လုသွားကြတယ်"
လင်းယွမ်က လန်ယွဲ့ဟွာတို့ နောက်မှ လိုက်လာသည့် အဖွဲ့မှာ အစ်ကိုဟော်တို့အဖွဲ့ ဖြစ်မည်ဟု ချက်ချင်း ခန့်မှန်းမိလိုက်သည်။
အစ်ကိုဟော်တို့က ကုန်တင်သင်္ဘောကို လုယူပြီးနောက် ဖီးနစ် ဟု နာမည်ပြောင်းကာ ရေပြင်ပေါ်တွင် နေရာအနှံ့ လှည့်လည်၍ ပစ္စည်းများကို စတင် လုယက်ကြတော့သည်။
သူက လင်းယာဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ခင်ဗျားတို့က ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ"
လင်းယာက သက်ပြင်းချလိုက်ပြီး... "ကျွန်မတို့ ဘုရင်မသင်္ဘောကို ရပြီးတဲ့နောက် မြစ်တစ်လျှောက်ကနေ မြေမျက်နှာပြင်မြင့်တဲ့ ကွမ်ဖူဘက်ကို သွားဖို့ ပြင်ဆင်ခဲ့ကြတာပါ... ဒါပေမဲ့ မြစ်ဝကို ရောက်ရောက်ချင်းမှာပဲ သမ္မတ ၇ ဆိုတဲ့ ဧရာမ အပျော်စီးသင်္ဘောကြီး တစ်စီးနဲ့ သွားဆုံလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"ဒီသင်္ဘောကြီးရဲ့ ပိုင်ရှင်က လင်ကျန်းဟီလို့ ခေါ်တဲ့ စိတ်မမှန်တဲ့ လူတစ်ယောက်ပဲ.. မိန်းမတွေကို ကစားစရာလို သဘောထားပြီး ပျော်ပါးတတ်တဲ့သူပေါ့... ကျွန်မတို့ရဲ့ ဘုရင်မသင်္ဘောနဲ့ ဆုံမိသွားတော့ သူက အနောက်ကနေ အသေအလဲ လိုက်တော့တာပဲ"
"လွန်ခဲ့တဲ့ တစ်လကျော်လောက်က ကျွန်မတို့လည်း တခြား ရွေးချယ်စရာ မရှိတော့လို့ ဒီမြူခိုးတွေထဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတာ... ဒါပေမဲ့ ဒီနေရာမှာ ရေပေါ် ပေါလောမျောနေတဲ့ မြို့တော်ကျွန်း တစ်ကျွန်းကို တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး"
"ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ကျွန်း ဟုတ်လား" လင်းယွမ်က မျက်လုံးများ ကျဉ်းမြောင်းသွားကာ မေးလိုက်သည်။
"ဟုတ်ပါတယ်... ကျွန်မတို့ရဲ့ ခရီးသည်တင် သင်္ဘောက မြူခိုးတွေ ဖုံးလွှမ်းနေလို့ လမ်းကို သေချာ မမြင်ရဘဲ... ဒီနေရာမှာ မတော်တဆ ကျောက်ဆောင်နဲ့ တိုက်မိပြီး သင်္ဘောကိုယ်ထည် ကပ်သွားတာ"
"ကံကောင်းတာက သမ္မတ ၇ က လူတွေလည်း မြူခိုးတွေ ဖုံးလွှမ်းနေလို့ လမ်းကို မခွဲခြားနိုင်ဘဲ ကျွန်မတို့ကို အခုထိ ရှာမတွေ့သေးဘူး"
"တစ်ခါတလေ ဒီနေရာကို စမ်းတဝါးဝါးနဲ့ ရောက်လာတဲ့ လူအနည်းအကျဉ်းကိုလည်း... ကျွန်မတို့ ချက်ချင်း ရှင်းလင်းပစ်ခဲ့ပါတယ်"
"သမ္မတ ၇..."
လင်းယွမ်က သံသယဖြစ်စွာဖြင့် ဘေးရှိ ချိုးရင်ယွဲ့ကို ကြည့်လိုက်သည်။ "မင်းရော ကြားဖူးလား"
ချိုးရင်ယွဲ့က ခေါင်းယမ်းလိုက်သည်။ "မကြားဖူးပါဘူး"
လင်းယာက ရှင်းပြသည်။ "သမ္မတ ၇ ဆိုတာ သမ္မတစီးရီး အပျော်စီးသင်္ဘောတွေထဲက တစ်စီးပဲ... ရေလွှမ်းမိုးဘေးကြီး မတိုင်ခင်ကတည်းက အရမ်း နာမည်ကြီးခဲ့တာပါ... ချန်ကျန်းမြစ်ရဲ့ ဆန်းရှာ မြစ်ဝှမ်းဒေသ တစ်လျှောက်မှာ အမြဲတမ်း ပြေးဆွဲလေ့ရှိတယ်"
"ဒီ သမ္မတ ၇ ဆိုတာ လင်ကျန်းဟီ ကိုယ်တိုင် ပေးထားတဲ့ နာမည် မဟုတ်ဘူး... ရေလွှမ်းမိုးဘေးကြီး မတိုင်ခင်ကတည်းက ရှိနေခဲ့တဲ့ နာမည်တစ်ခုပဲ"
"သူနဲ့ သမ္မတ ၈ က ညီအစ်မ သင်္ဘောတွေပေါ့... အပျော်စီး သင်္ဘောတွေကြားမှာ အတော်လေး နာမည်ကြီးပါတယ်"
လင်းယွမ်က ခဏတာ တိတ်ဆိတ်သွားသည်။ ရေလွှမ်းမိုး ကမ္ဘာပျက်ကပ် မတိုင်ခင်က သူသည် အပျော်စီး သင်္ဘောကြီးဆိုသည်ကို ထားလိုက်၊ သာမန် အပျော်စီး သင်္ဘောငယ်ကိုတောင် စီးဖူးခဲလှသည်။
သာမန် အလုပ်သမား တစ်ယောက်အနေဖြင့် အပျော်စီးသင်္ဘောပေါ် တက်ပြီး ဇိမ်ခံဖူးခြင်း လုံးဝ မရှိခဲ့ချေ။ ဤသို့သော ဧရာမ အပျော်စီးသင်္ဘောကြီးဆိုလျှင် ပို၍ပင် ဝေးသေးသည်။
လင်းယာကတော့ သာမန် အလုပ်သမား တစ်ယောက် မဟုတ်မှန်း သိသာလှသည်။ ရေလွှမ်းမိုးဘေး မတိုင်ခင်က သူမ၏ လူမှုအဆင့်အတန်းမှာလည်း နိမ့်ကျမည် မဟုတ်ဘဲ အနည်းဆုံးတော့ အထက်တန်းလွှာထဲမှ ဖြစ်ပေလိမ့်မည်။
မဟုတ်လျှင် အပျော်စီးသင်္ဘော ကဲ့သို့သော အရာမျိုးကို ဤမျှလောက် အသေးစိတ် သိနေမည် မဟုတ်ပေ။
လင်းယွမ်က အပျော်စီးသင်္ဘော ကိစ္စနှင့် ပတ်သက်ပြီး အများကြီး ခေါင်းမရှုပ်တော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။ "ခင်ဗျားတို့က ဒီ လင်ကျန်းဟီကို မယှဉ်နိုင်ဘူးလား"
"မယှဉ်နိုင်ဘူး" လင်းယာက သက်ပြင်းချကာ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။
လင်းယွမ်က စိတ်ဝင်စားသွားသည်။ လန်ယွဲ့ဟွာ၊ လျှိုဆစ်ဆစ် နှင့် လင်းယာတို့ကဲ့သို့ အမျိုးသမီးများမှာ သာမန်လူတွေ မဟုတ်ကြပေ။ ဤလင်ကျန်းဟီ ဆိုသူနှင့် ရင်ဆိုင်ရချိန်တွင် တစ်လမ်းလုံး ထွက်ပြေးခဲ့ရသည်ဆိုတော့...
"ဟိုဘက်က လူအရမ်းများလို့လား" လင်းယွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"လင်ကျန်းဟီ လက်အောက်က လူတွေက သိပ်မများပါဘူး... ဒါပေမဲ့ သူ ဖမ်းချုပ်ထားတဲ့ မိန်းမတွေကတော့ အများကြီးပဲ... ပြီးတော့ သူ့ကို သီးသန့် ပြုစုပေးရတဲ့ အစေခံမိန်းကလေးတွေလည်း မနည်းဘူး"
"သမ္မတ ၇ တစ်စီးလုံးက သူ့တစ်ယောက်တည်းအတွက် ဝန်ဆောင်မှု ပေးနေရတာလေ"
လင်းယွမ်က အံ့သြစွာဖြင့် "သူ့လက်အောက်မှာ လူသိပ်မများဘူးဆိုရင် ခင်ဗျားတို့က ဘာဖြစ်လို့ နည်းနည်းလေးတောင် ပြန်မခုခံနိုင်ရတာလဲ"
လင်းယာက အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် အမှန်အတိုင်းပင် ပြောပြလိုက်သည်။ "လင်ကျန်းဟီရဲ့ အစွမ်းက အရမ်း ထူးခြားတယ်... သူက ခန္ဓာကိုယ် တစ်ခုလုံးကို သတ္တုအဖြစ် ပြောင်းလဲနိုင်ပြီး ကာကွယ်နိုင်စွမ်းကလည်း အရမ်း မြင့်တယ်"
လင်းယွမ်က မျက်ခုံးပင့်လိုက်သည်။ "ခန္ဓာကိုယ် တစ်ခုလုံးကို သတ္တုအဖြစ် ပြောင်းလဲနိုင်တာ... ဒါပဲလား"
ယန်ဆန်းတွင် ခန္ဓာကိုယ် တစ်ခုလုံး သတ္တုအဖြစ် ပြောင်းလဲနိုင်သူ နှစ်ယောက်တောင် ရှိနေပြီ ဖြစ်သည်။ ချန်ကျန့်ဖုန်း နှင့် ရှမင် တို့နှစ်ဦးစလုံးမှာ သတ္တုကိုယ်ထည် အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။
သို့သော် တိုက်ခိုက်ရေးစွမ်းရည်ပိုင်းကို ကြည့်မည်ဆိုလျှင် ထိုနှစ်ယောက်မှာ ထိပ်တန်းစာရင်းထဲ လုံးဝ မပါဝင်ပေ။
ထို့ကြောင့် လင်းယွမ်၏ အမြင်တွင် သတ္တုအဖြစ် ပြောင်းလဲနိုင်သော အစွမ်းမှာ အလွန်အမင်း အစွမ်းထက်လှသည်ဟု မထင်ထားပေ။
ဤသို့သော သတ္တုအဖြစ် ပြောင်းလဲနိုင်သည့် အစွမ်းက ဓာတ်စင်အဖြစ် တိုက်ရိုက် ပြောင်းလဲနိုင်စွမ်း မရှိလျှင်ပေါ့လေ။
လင်းယာက ခါးသီးစွာ ပြုံးလိုက်သည်။ "ကိုလင်းယွမ် လင်ကျန်းဟီရဲ့ သတ္တုပြောင်းလဲနိုင်တဲ့ အစွမ်းကို အထင်မသေးနဲ့... သူအသွင်ပြောင်းတဲ့ သတ္တုက သာမန်သတ္တု မဟုတ်ဘူး... ရွှေအဖြစ် ပြောင်းလဲသွားတာ"
"သူ့ရဲ့ အစွမ်းကို ကျွန်မတို့က ရွှေကိုယ်ထည် လို့ ခေါ်ကြတယ်"
"သူက ရွှေကိုယ်ထည် အစွမ်းကို အသုံးပြုလိုက်တာနဲ့ ကာကွယ်နိုင်စွမ်းက စိတ်ကူးနဲ့တောင် မှန်းဆလို့မရအောင် အားကောင်းသွားတာ"
"ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက သူ့ကို ဘာမှ မလုပ်နိုင်ရုံတင် မကဘူး... စိတ်စွမ်းအင် တိုက်ခိုက်မှုတွေတောင် သူ့ရဲ့ ခန္ဓာကိုယ် မျက်နှာပြင်ကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း မရှိဘူး"
"ရွှေကိုယ်ထည် အခြေအနေမှာ သူ့ရဲ့ ခွန်အားနဲ့ အလျင်က အဆမတန် တိုးလာတယ်... ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်တွေကြားမှာတောင် သူက ထိပ်တန်းအဆင့်မှာ ရှိနေတာ"
လင်းယွမ်က လင်းယာ၏ ပြောစကားများကို နားထောင်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
စိတ်စွမ်းအင် တိုက်ခိုက်မှုတွေတောင် အရာမထင်တဲ့ သတ္တုပြောင်းလဲနိုင်တဲ့ အစွမ်း ဟုတ်လား...
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
သိထားရမည်မှာ ရှမင်ပဲ ဖြစ်ဖြစ်၊ ချန်ကျန့်ဖုန်းပဲ ဖြစ်ဖြစ် သူတို့၏ သတ္တုကိုယ်ထည် အစွမ်းမှာ လင်းယွမ်ရှေ့တွင်တော့ သူ၏ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ချက်ကိုပင် တောင့်ခံနိုင်စွမ်း မရှိခဲ့ပေ။
သတ္တုအဖြစ် ပြောင်းလဲခြင်းက ခန္ဓာကိုယ်ကိုသာ ကြံ့ခိုင်စေခြင်း ဖြစ်ပြီး စိတ်စွမ်းအင်ကို မဟုတ်ပေ။
ရွှေက စိတ်စွမ်းအင် ထိုးဖောက်ဝင်ရောက်မှုကို တားဆီးပေးနိုင်လို့များလား...
လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားပြီး ပစ္စည်းသိုလှောင်ခန်းထဲမှ ရွှေလက်ကောက် တစ်ကွင်းကို ချက်ချင်း ထုတ်ယူလိုက်သည်။
အရင်တုန်းက ဟန်လုံစင်တာကို ရှင်းလင်းစဉ်က ကျိုးတဖူ ကဲ့သို့သော ရွှေဆိုင်များကို သူ အလွတ်မပေးခဲ့ပေ။
ရွှေအားလုံးကို သူ အကုန်အစင် သိမ်းကျုံးယူငင်ခဲ့သည်။
နောင်တစ်ချိန်တွင် သုံးရမည် မသုံးရမည်ကို မသိသော်လည်း လင်းယွမ်က တစ်ခုမှ လက်လွတ်မခံခဲ့ပေ။
ယခင်က ရွှေနှင့် စိတ်စွမ်းအင်ကြားတွင် ဆက်စပ်မှု ရှိနိုင်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ချေ။
အခု လင်းယာ၏ စကားအရ ရွှေက စိတ်စွမ်းအင် စူးစမ်းရှာဖွေမှုကို တားဆီးနိုင်သည် ဟူသောအဓိပ္ပာယ်လား...
သူက ချက်ချင်းပင် လက်ထဲရှိ ရွှေလက်ကောက်အတွင်းသို့ စိတ်စွမ်းအင်များကို ထိုးဖောက် ဝင်ရောက်စေလိုက်သည်။
ထိုသို့ ထိုးဖောက် ဝင်ရောက်လိုက်သည်နှင့် သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် အနည်းငယ် ပြောင်းလဲသွားသည်။
ထင်ထားသည့်အတိုင်းပင် ရွှေအပေါ် စိတ်စွမ်းအင်၏ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းက အံ့သြစရာ ကောင်းလောက်အောင်ကို ခက်ခဲနေသည်။
အကယ်၍ လေထဲတွင် စိတ်စွမ်းအင် ပျံ့နှံ့နိုင်မှု အမြန်နှုန်းက ၁၀၀ ဟု ဆိုလျှင် ရွှေထဲတွင် ပျံ့နှံ့နိုင်မှု အမြန်နှုန်းမှာ ၂၀ ခန့်သာ ရှိနေသည်။
အဆပေါင်း (၅) ဆ တိတိ ကျဆင်းသွားခြင်း ဖြစ်သည်။
ထိုခံစားချက်မှာ ရေထဲသို့ လက်ချောင်းဖြင့် အလွယ်တကူ ထိုးသွင်းနိုင်သော်လည်း ကျောက်တုံးတစ်တုံးထဲသို့ ထိုးသွင်း၍ မရနိုင်သကဲ့သို့ ဖြစ်နေသည်။
"ရွှေရဲ့ သိပ်သည်းဆက အရမ်း များနေလို့လား"
"ဒါမှမဟုတ် ရွှေက ဓာတ်ပြုမှု နည်းပါးတဲ့ အရာဝတ္ထု ဖြစ်နေလို့လား"
လင်းယွမ်၏ စိတ်ထဲတွင် ခဏတာမျှ ခန့်မှန်းချက် အများအပြား ဖြတ်ပြေးသွားသည်။
ထိုခန့်မှန်းချက်များ မှန်ကန်ကြောင်း အတည်ပြုရန်အတွက် စမ်းသပ်မှု အမြောက်အမြား ပြုလုပ်ရန် လိုအပ်ပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် ရရှိထားသော ကောက်ချက် တစ်ခုတော့ ရှိနေပြီ ဖြစ်သည်။
ရွှေသည် စိတ်စွမ်းအင် ထိုးဖောက်ဝင်ရောက်မှုကို ကာကွယ်ပေးနိုင်သည့် ဂုဏ်သတ္တိ ရှိနေသည်။
ထိုခဏလေးအတွင်းမှာပင် လင်းယွမ်က အချက်တစ်ချက်ကို ချက်ချင်း သတိပြုမိသွားသည်။
"ရွှေကသာ စိတ်စွမ်းအင် ထိုးဖောက်ဝင်ရောက်မှုကို ကာကွယ်ပေးနိုင်မယ်ဆိုရင် သူ့ရဲ့ တန်ဖိုးက အခုချက်ချင်းပဲ မြင့်တက်သွားတော့မှာပဲ"
စဉ်းစားကြည့်ရအောင်... အကယ်၍ ရွှေဖြင့် ခေါင်းဆောင်းတစ်ခု ပြုလုပ်ပြီး မိမိ၏ ဦးခေါင်းကို ဖုံးအုပ်ထားလိုက်မည် ဆိုလျှင်...
ထိုသို့ဆိုလျှင် စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်မည် မဟုတ်လား...
သိထားရမည်မှာ အစွမ်းပိုင်ရှင် အားလုံးထဲတွင် စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များ၏ တိုက်ခိုက်မှုက အထူးဆန်းဆုံးနှင့် အလျှို့ဝှက်ဆုံး ဖြစ်သည်။
အရင်တုန်းက တိုက်ထဲတွင် ဝမ်ကျဲပဲ ဖြစ်ဖြစ်၊ အိမ်မွေးခွေးလေး၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ် ကပ်တွယ်နေသည့် အိမ်နီးချင်း အဒေါ်ကြီးပဲ ဖြစ်ဖြစ်၊ လင်းယွမ်ကို ဒုက္ခအတော်လေး ပေးခဲ့ကြသည်။
ဝမ်ကျဲဆိုလျှင် စိတ်အာရုံထွေပြားစေသည့် အစွမ်းကို အားကိုးပြီး တိုက် (၇၆) တစ်တိုက်လုံးနီးပါးကို တိုက်ရိုက် ထိန်းချုပ်ထားနိုင်ခဲ့သည်။
အကယ်၍ လင်းယွမ်ကဲ့သို့သော အပြောင်းအလဲတစ်ခုသာ မရှိခဲ့လျှင် ဝမ်ကျဲက တိုက် (၇၆) တစ်ခုလုံးကို လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်လောက်ပြီ ဖြစ်သည်။
"ကြည့်ရတာ အခွင့်အရေး ရတာနဲ့... ရေအောက်မှာရှိတဲ့ ကုန်တိုက်ကြီးတွေက ရွှေဆိုင်တွေထဲကို ကြိုတင်ပြီး တစ်ပတ်လောက် သွားကြည့်ကြည့်ရတော့မယ်"
လင်းယွမ်က စိတ်ထဲတွင် မှတ်သားထားလိုက်ပြီးနောက် ရွှေလက်ကောက်ကို သိမ်းဆည်းလိုက်ကာ လင်းယာဘက်သို့ လှည့်ကြည့်လိုက်သည်။
"လန်ယွဲ့ဟွာရဲ့ လေဆာတန်းကရော ဒီလင်ကျန်းဟီအပေါ် အရာမထင်ဘူးလား"
လင်းယာက ခေါင်းအနည်းငယ် ယမ်းလိုက်သည်။ "အရာမထင်ဘူး... ယွဲ့ဟွာရဲ့ လေဆာတန်းက ချက်ချင်းဆိုသလို အပူချိန် အရမ်းမြင့်တက်သွားပြီး ကျောက်တုံးကိုတောင် အလွယ်တကူ ထိုးဖောက်နိုင်ပေမယ့် လင်ကျန်းဟီကိုတော့ အနာတရ မဖြစ်စေနိုင်ဘူး"
ဘေးရှိ ချိုးရင်ယွဲ့က ဝင်ပြောသည်။ "ရွှေစစ်ရင် မီးအလောင်ခံနိုင်တယ်ဆိုတဲ့ စကားလည်း ရှိတယ်လေ... တကယ်လို့ ခန္ဓာကိုယ် တစ်ခုလုံးက ရွှေအဖြစ် ပြောင်းလဲထားမယ်ဆိုရင် လေဆာရဲ့ အပူချိန် မြင့်မားမှုကို တကယ်ပဲ ကြောက်စရာ မလိုလောက်ဘူး"
လင်းယွမ်က ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ခေါင်းအနည်းငယ် ယမ်းလိုက်ပြီး "မဟုတ်သေးဘူး... ငါ မှတ်မိသလောက်ဆိုရင် ရွှေရဲ့ အရည်ပျော်မှတ်က အပူချိန် တစ်ထောင် ဒီဂရီဝန်းကျင်လောက်မှာ ရှိတယ်... ရွှေက မီးနဲ့ အရည်ဖျော်လို့ မရတာ မဟုတ်ဘူး... သာမန်မီးရဲ့ အပူချိန်က မလုံလောက်လို့သာ ဖြစ်ရတာ"
"လေဆာရဲ့ အပူချိန် ဘယ်လောက်မြင့်လဲဆိုတာ ငါ မသိပေမယ့် ကမ္ဘာပျက်ကပ် မတိုင်ခင်က နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအရဆိုရင် လေဆာလက်နက်တွေရဲ့ အပူချိန်က ရွှေရဲ့ အရည်ပျော်မှတ်ကို သေချာပေါက် ကျော်လွန်နေပြီ"
ချိုးရင်ယွဲ့က သံသယဖြစ်စွာဖြင့် မေးလိုက်သည်။ "ဒါဆိုရင် ဘာလို့ ရှင်တို့ ပြောနေတဲ့ လေဆာပစ်နိုင်တဲ့ အမျိုးသမီးက လင်ကျန်းဟီရဲ့ ရွှေကိုယ်ထည်ကို မဖောက်နိုင်ရတာလဲ"
လင်းယွမ်က ခဏတာ စဉ်းစားလိုက်ပြီးနောက် "လန်ယွဲ့ဟွာရဲ့ လေဆာတန်းက အဲဒီလောက် အပူချိန် မြင့်မားတဲ့ အဆင့်အထိ မရောက်သေးလို့ ဖြစ်နိုင်တယ်"
"ဟင်... လေဆာရဲ့ အပူချိန်က ပုံသေ မဟုတ်ဘူးလား" ချိုးရင်ယွဲ့က အနည်းငယ် ရိုးအသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
သာမန်လူများအနေဖြင့် လေဆာနှင့် ပတ်သက်ပြီး နားလည်ထားမှုမှာ အမှန်တကယ်ပင် များများစားစား မရှိပေ။
လူအများစုက လေဆာလက်နက်များ မည်သို့ အလုပ်လုပ်သည် ဆိုသည့် အခြေခံသဘောတရားကို မသိကြသလို လေဆာ၏ မူလအနှစ်သာရမှာ အဘယ်အရာ ဖြစ်သည်ကို ပို၍ပင် မသိကြပေ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် လင်းယွမ်လည်း သိပ်တော့ နားမလည်လှပေ။
သို့သော် သူ သိထားသလောက်ဆိုလျှင် လေဆာ ဆိုသည်မှာ ဖိုတွန် အစိတ်အပိုင်းဖြစ်ပြီး ၎င်းကို ထုတ်လုပ်သည့် အခြေခံသဘောတရားမှာ အက်တမ်များက လှုံ့ဆော်မှုကြောင့် ဖြာထွက်လာသော အလင်းရောင် ဖြစ်သောကြောင့် လေဆာ ဟု ခေါ်ခြင်း ဖြစ်သည်။
တကယ်တမ်းတွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။
လေဆာ ဆိုသည်မှာ အက်တမ်ထဲရှိ အီလက်ထရွန်များသည် စွမ်းအင်ကို စုပ်ယူပြီးနောက် စွမ်းအင်နိမ့်သော အဆင့်မှ စွမ်းအင်မြင့်သော အဆင့်သို့ ကူးပြောင်းသွားကာ ထိုမှတစ်ဆင့် စွမ်းအင်နိမ့်သော အဆင့်သို့ ပြန်လည် ကျဆင်းလာချိန်တွင် ထွက်ပေါ်လာသော စွမ်းအင်ကို ဖိုတွန် ပုံစံဖြင့် ထုတ်လွှတ်ခြင်း ဖြစ်သည်။
သေချာသည်က ထိုကဲ့သို့ အလွန်အမင်း နက်နဲသော ပညာရပ်ပိုင်းဆိုင်ရာ အရာများကို သာမန်လူများ သိပ်နားလည်နိုင်မည် မဟုတ်ပေ။
သို့သော် လင်းယွမ် သိထားသည့် အချက်တစ်ချက်မှာ လေဆာ၏ အပူချိန်သည် ပုံသေ မဟုတ်ဆိုခြင်းပင်။
အဘယ်ကြောင့်ဆိုသော် လေဆာကို အသုံးပြုသည့် နယ်ပယ် အများအပြား ရှိသောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် ဆေးဘက်ဆိုင်ရာ အလှအပရေးရာ အမည်းစက် ဖယ်ရှားသည့် လုပ်ငန်းများတွင်လည်း လေဆာဖြင့် အမည်းစက် ဖယ်ရှားခြင်းမျိုး ရှိသလို ထိုအရာ၏ အပူချိန်က မည်မျှအထိ မြင့်မားနိုင်မည်နည်း။
ဘယ်လိုမှ အပူချိန် တစ်ထောင် ဒီဂရီအထိ မရောက်နိုင်ပေ။ ထိုသို့သာဆိုလျှင် လူတစ်ယောက်ကို ချက်ချင်း အရည်ပျော်သွားစေမည် မဟုတ်လား။
ထို့အပြင် လင်းယွမ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြင်တွေ့ခဲ့ဖူးသော လေဆာဖြင့် ဂဟေဆော်သည့် နည်းပညာကို ယှဉ်ကြည့်လျှင် ထိုလေဆာ၏ အပူချိန်က အနည်းငယ် ပိုမြင့်မားနိုင်ပြီး သံမဏိကိုပင် အရည်ပျော်စေနိုင်သည်။
အကယ်၍ လေဆာကို လက်နက်များတွင် အသုံးပြုမည် ဆိုပါက ထိုအပူချိန်မှာ အလွန် မြင့်မားနေလောက်ပြီ ဟု ခန့်မှန်းရသည်။
အချုပ်အားဖြင့် ဆိုရလျှင် လေဆာ၏ အပူချိန်က ပြောင်းလဲ၍ ရနိုင်သည်မှာ သေချာလှသည်။
လန်ယွဲ့ဟွာက လေဆာဖြင့် ရွှေကိုယ်ထည်ကို မထိုးဖောက်နိုင်ခြင်းမှာ လေဆာ၏ အပူချိန် မလုံလောက်ခြင်းကြောင့် မဟုတ်ဘဲ အများအားဖြင့် လန်ယွဲ့ဟွာ၏ စွမ်းရည် မလုံလောက်ခြင်းကြောင့်သာ ဖြစ်နိုင်ခြေ များသည်။
ဆက်ရန်...