အခန်း (၃၈၅-၃၈၆)
Vol. 20 Ch. 385-386
အပိုင်း(၃၈၅) လန်ယွဲ့ဟွာနှင့် ထပ်မံတိုက်ခိုက်ခြင်း
လင်းယွမ်က လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံးကို ဖြုတ်လိုက်ပြီး ရွှေကြေးခွံအကာအကွယ် သင်္ကေတကျောက်တုံးတစ်ခုကို ထပ်မံ လဲလှယ်တပ်ဆင်လိုက်၏။
ရွှေကြေးခွံအကာအကွယ် သင်္ကေတကျောက်တုံးက ချက်ချင်းဆိုသလို အသက်ဝင်လာပြီး မူလ ရွှေရောင်အကာအကွယ်ထက် နှစ်ဆ၊ သုံးဆခန့် ပိုကြီးမားသော ရွှေရောင်အကာအကွယ်တစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။
လင်းယွမ်က သေချာစွာ လေ့လာကြည့်လိုက်သောအခါ ဤသင်္ကေတ၏ အာနိသင်က သင်္ကေတကျောက်တုံးကို ကြီးမားသွားစေခြင်း မဟုတ်ဘဲ တိတိကျကျ ပြောရလျှင် စွမ်းအင်ကျောက်တုံး၏ အသုံးချနိုင်စွမ်းကို မြှင့်တင်ပေးခြင်း ဖြစ်ကြောင်း တွေ့ရှိသွားရ၏။
အကယ်၍ ယခင် ပုံမှန်အခြေအနေတွင် စွမ်းအင်ကျောက်တုံးမှ ပေါက်ကွဲထွက်လာမည့် စွမ်းအင်ပမာဏက ၁ ဖြစ်နေမည်ဆိုပါက ဤသင်္ကေတ၏ အလင်းရောင်အောက်တွင် စွမ်းအင်ကျောက်တုံးမှ ပေါက်ကွဲထွက်လာမည့် စွမ်းအင်ပမာဏက ၂ မှ ၃ အထိ ဖြစ်သွားပေလိမ့်မည်။
စွမ်းအင်ကျောက်တုံး အတွင်းရှိ စွမ်းအင်များကို ချက်ချင်းဆိုသလို အဆပေါင်းများစွာ ပေါက်ကွဲထွက်စေခြင်းဖြင့် စွမ်းအင်ကျောက်တုံးပေါ်တွင် ရေးဆွဲထားသော သင်္ကေတ၏ အာနိသင်ကလည်း သဘာဝကျကျပင် ချက်ချင်းဆိုသလို နှစ်ဆမှ သုံးဆအထိ ကြီးမားသွားပေလိမ့်မည်။
သေချာပေါက်ပင်... ၎င်း၏ ပေးဆပ်ရမည့် တန်ဖိုးကတော့ ဤစွမ်းအင်ကျောက်တုံး၏ သက်တမ်းက များစွာ တိုတောင်းသွားမည် ဖြစ်သည်။
ယင်းက အလွန် ပုံမှန်ဖြစ်သော ကိစ္စရပ်တစ်ခုပင်... အသုံးချနိုင်စွမ်း မြင့်တက်လာသော်လည်း စွမ်းအင်ကျောက်တုံး၏ စုစုပေါင်း စွမ်းအင်ပမာဏက အကန့်အသတ်ဖြင့်သာ ရှိသောကြောင့် အသုံးပြုလိုက်သည်နှင့် အနည်းငယ် လျော့နည်းသွားမည် ဖြစ်၏။
သို့သော် ဤကဲ့သို့ အသုံးချနိုင်စွမ်း မြင့်တက်လာခြင်းက သင်္ကေတ၏ စွမ်းအား မြင့်တက်လာခြင်းနှင့် တိုက်ရိုက် သက်ဆိုင်နေပေသည်။
ဤစွမ်းအင်ကျောက်တုံး၏ အသုံးချနိုင်စွမ်းကို မြှင့်တင်ပေးသော သင်္ကေတက အမျိုးမျိုးသော သင်္ကေတ နည်းပညာများထဲတွင် အလွန် ကျယ်ပြန့်သော အသုံးဝင်မှု ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။
လင်းယွမ်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားပြီး "ဒီရက်ပိုင်း လေ့လာခဲ့တာတွေထဲမှာ ရွှေကြေးခွံအကာအကွယ် သင်္ကေတပဲဖြစ်ဖြစ် ချိတ်ပိတ် သင်္ကေတပဲဖြစ်ဖြစ်... အခု သင်္ကေတနဲ့ မယှဉ်သာဘူးပဲ"
သူက ထိုသင်္ကေတကို အလျင်အမြန် လေ့လာနားလည်သွားပြီးနောက် သူ၏ ဂုဏ်သတ္တိကို ကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်းပင်... အစွမ်းများ စာရင်းတွင် သင်္ကေတအသစ်တစ်ခု ပေါ်လာခဲ့ပြီ ဖြစ်၏။
အမည် - [အလင်းရောင်] အလင်းဓာတ် အစွမ်း
အဆင့် - အစိမ်းရောင်
လိုအပ်ချက် - စိတ်စွမ်းအင် ၁၀ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၈ မှတ်၊ အလင်းဓာတ် သန္ဓေပြောင်းစွမ်းအင်
အစွမ်းအာနိသင် - အလင်းရောင် ဖြာကျနေသော ဧရိယာအတွင်း သန္ဓေပြောင်းစွမ်းအင် အသုံးချနိုင်စွမ်းကို ၁ ဆမှ ၃ ဆအထိ တိုးမြှင့်ပေးသည်။
"နောက်ထပ် အစိမ်းရောင်အဆင့် သင်္ကေတတစ်ခု ထပ်ရပြန်ပြီပဲ"
"အလင်းဓာတ် အစွမ်း သင်္ကေတ တစ်ခုလား"
လင်းယွမ်က စနစ်၏ အစွမ်းဖော်ပြချက်ကို ကြည့်ရင်း စိတ်ထဲတွင် အံ့အားသင့် ဝမ်းသာသွားရသည်။
ဤရွှေချပ်ဝတ်စစ်သင်္ဘောပေါ်ရှိ သင်္ကေတများက အစိမ်းရောင်အဆင့် သင်္ကေတများ ဖြစ်နေကြ၏။
ယင်းကို ကြည့်ခြင်းအားဖြင့် ကွမ်ဖူဘက်မှ အစွမ်းပိုင်ရှင်များက သန္ဓေပြောင်းစွမ်းအင် အပေါ် လေ့လာမှုမှာ အမှန်တကယ်ပင် အလွန် နက်ရှိုင်းနေပြီ ဖြစ်ကြောင်း သိမြင်နိုင်ပေသည်။
ထိုဘက်ရှိ သန္ဓေပြောင်းစွမ်းအင် တိုးတက်မှု အခြေအနေက ထိုက်ယန်တောင်ထက် ခြေတစ်လှမ်း ပိုမြန်နေမည်ကိုပင် စိုးရိမ်ရ၏။
ယင်းက လင်းယွမ်၏ အစိမ်းရောင် သင်္ကေတကို ရရှိလိုက်၍ ဝမ်းသာနေသော စိတ်ကို ချက်ချင်းပင် တစ်ဝက်ခန့် အေးစက်သွားစေသည်။
ဘိုးဘေးများက စကားပုံတစ်ခုကို စောစီးစွာကပင် ပြောခဲ့ဖူး၏။
နောက်ကျကျန်ရစ်သူက အနိုင်ယူခံရလိမ့်မည်။
အကယ်၍ ထိုက်ယန်တောင် ခိုလှုံရေးစခန်းသာ ကွမ်ဖူဘက်ရှိ အဖွဲ့အစည်းကြီးများထက် နောက်ကျကျန်ရစ်နေမည်ဆိုပါက နောင်တစ်ချိန် အချင်းချင်း ထိတွေ့ဆက်ဆံရသောအခါ အနိုင်ယူခံရမည့်ဘက်မှ ဖြစ်သွားရန် အလွန် လွယ်ကူပေလိမ့်မည်။
အကယ်၍ ကွမ်ဖူမှ လူများကသာ ထိုက်ယန်တောင်ကို တွေ့ရှိသွားပြီး ထိုက်ယန်တောင်တွင် စွမ်းအင်ကျောက်တုံး သတ္တုတွင်း ရှိနေကြောင်းကိုပါ သတိထားမိသွားမည် ဆိုပါက... ထိုက်ယန်တောင်၏ သင်္ကေတနည်းပညာကလည်း ဤမျှ နောက်ကျကျန်ရစ်နေသေး၏။
ထိုက်ယန်တောင် ရင်ဆိုင်ရမည့် ကံကြမ္မာက ကမ္ဘာသစ်ကဲ့သို့ပင် တူညီသော ကံကြမ္မာမျိုး ဖြစ်လာမည်ကို စိုးရိမ်ရပေသည်။
ယခုက ရေလွှမ်းမိုးသည့် ကမ္ဘာပျက်ကပ် ကာလဖြစ်ရာ လင်းယွမ်က ကွမ်ဖူမှ လူများ သနားကြင်နာတတ်လိမ့်မည်ဟု မည်သည့်အခါကမျှ မျှော်လင့်ထားခြင်း မရှိပေ။
ကမ္ဘာပျက်ကပ် ရောက်လေလေ... လူတို့၏ စိတ်က ပို၍ အမှောင်ကျလာလေလေပင်။
ဤအချက်ကို မိန်တုဥယျာဉ်တွင် ရှိနေစဉ်ကတည်းက လင်းယွမ်က နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်၏။
"ဒီတစ်ခေါက် ပြန်ရောက်ရင်တော့... သင်္ကေတ နည်းပညာကို အားသွန်ခွန်စိုက် တိုးတက်အောင် လုပ်ရမယ်... သန္ဓေပြောင်းစွမ်းအင် ဖော်ထုတ်တဲ့ အရှိန်ကိုလည်း တိုးမြှင့်ပြီး သန္ဓေပြောင်းစွမ်းအင် လက်နက်တွေ လေ့လာထုတ်လုပ်မှုမှာ ပိုပြီး ရင်းနှီးမြှုပ်နှံရမယ်"
"ပြီးတော့ စွမ်းအင်ကျောက်တုံး သတ္တုတွင်းကိုလည်း အမြန်ဆုံး တူးဖော်ရမယ်"
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားသည်... သူ့ထံတွင် ပစ္စည်းသိုလှောင်ခန်း ရှိနေရာ စွမ်းအင်ကျောက်တုံး သတ္တုတွင်းကို တူးဖော်ပြီးနောက် သူ၏ ပစ္စည်းသိုလှောင်ခန်းထဲတွင် သိမ်းဆည်းထားနိုင်ပေသည်။
ထိုသို့ဆိုလျှင် ရန်သူများ လုယူသွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
မည်သို့ပင်ဆိုစေကာမူ လက်ထဲသို့ ရောက်လာသော စွမ်းအင်ကျောက်တုံးများကသာ ကိုယ့်ပိုင်ဆိုင်မှု ဖြစ်ပေသည်။
အတွေးများကို ရုပ်သိမ်းလိုက်ပြီးနောက် လင်းယွမ်က ချိတ်ပိတ်မြှား အစီအရင် တည်ဆောက်မှုကို ဆက်လက် လေ့လာလိုက်၏။
ဤသို့ လေ့လာနေခြင်းက နောက်တစ်နေ့အထိ ကြာမြင့်သွားခဲ့သည်။
"ကိုလင်းယွမ်... ကိုလင်းယွမ်"
ဟန်ရှန်းမန်က ကင်းစောင့်မျှော်စင် အောက်မှနေ၍ အော်ခေါ်လိုက်ရာ သူမ၏ အသံထဲတွင် အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေဟန် ပါဝင်နေ၏။
လင်းယွမ်က အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး အောက်ဘက်ရှိ ဟန်ရှန်းမန်ကို ကြည့်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
"ချိုးရင်ယွဲ့နဲ့ ဘုရင်မသင်္ဘောက လူတွေ ပြဿနာဖြစ်ပြီး ဘုရင်မသင်္ဘောက လူတွေ ဖမ်းသွားကြပြီ" ဟန်ရှန်းမန်က အလျင်အမြန် အော်ပြောလိုက်၏။
လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး ခန္ဓာကိုယ်ကို ခုန်ပျံလိုက်ကာ ကင်းစောင့်မျှော်စင် အပေါ်မှနေ၍ တိုက်ရိုက် ခုန်ဆင်းလာခဲ့သည်။
သူ မြေပြင်ပေါ်သို့ မကျရောက်သေးခင်မှာပင် သံသယဖြင့် မေးလိုက်၏။ "ဖမ်းသွားတယ်... လင်းယာက အဲဒီလောက် အစွမ်းအစ ရှိလို့လား"
"လင်းယာ မဟုတ်ဘူး... ဘုရင်မသင်္ဘောက သင်္ဘောကပ္ပတိန် လန်ယွဲ့ဟွာဆိုတဲ့ မိန်းမ ပြန်ရောက်လာတာ" ဟန်ရှန်းမန်က အလျင်အမြန် ပြောလိုက်သည်။
လင်းယွမ်က ထိုစကားကို ကြားသောအခါ မျက်နှာထက်တွင် ချက်ချင်းပင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး "စိတ်ဝင်စားစရာပဲ... ပြန်ရောက်ရောက်ချင်းပဲ ချိုးရင်ယွဲ့ကို ဖမ်းတယ်ဆိုတော့ ဒါက ငါတို့ကို ပညာပေးချင်နေတဲ့ သဘောပေါ့"
ဟန်ရှန်းမန်ကလည်း ဆက်ပြောလိုက်သည်။ "အရင်က သူတို့လူတွေကို ကျွန်မတို့ ဖမ်းထားတယ်ဆိုတာ ကြားပြီး စိတ်ထဲ မကျေနပ်လို့ လက်ပါလာတာ ဖြစ်ရမယ်"
"ဟက်ဟက်... ဒါက တကယ်ကို အဲ့မိန်းမရဲ့ စရိုက်ပဲ"
လင်းယွမ်က ပြီးခဲ့သည့်အကြိမ် မိန်တုဥယျာဉ်တွင် ဤအမျိုးသမီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က ဤအမျိုးသမီးက အကြောင်းစုံကို မမေးမြန်းဘဲ သူနှင့် တိုက်ရိုက် လက်ပါခဲ့သည့် မြင်ကွင်းကို ပြန်လည် အမှတ်ရသွား၏။
ဤလန်ယွဲ့ဟွာက အငြိုးအတေး ကြီးတတ်သော စံပြ အကျင့်စရိုက်မျိုး ရှိသူဖြစ်ကြောင်း သိသာထင်ရှားနေပေသည်။
"သွားမယ်... သွားကြည့်ရအောင်"
လင်းယွမ်၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း မျက်လုံးများထဲတွင်တော့ အေးစက်သော အရိပ်အယောင်များ ပါဝင်နေသည်။
လန်ယွဲ့ဟွာ အပေါ် သူ၏ စိတ်ထဲတွင် မည်သည့် သဘောကျမှုမျှ မရှိပေ။
ဒီမိန်းမက သူ့ကို အစွမ်းပြ အနိုင်ကျင့်ချင်နေမှတော့ ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့။
သူက ချက်ချင်းပင် ဟန်ရှန်းမန်ကို ခေါ်ကာ သင်္ဘောအစွန်းဘက်သို့ အလျင်အမြန် သွားရောက်လိုက်၏။
သုံးရက် အချိန်ကြာမြင့်ပြီးနောက် မြူခိုးများက ထပ်မံ ပျံ့နှံ့လာကာ ရေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။
အကွာအဝေး သိပ်မဝေးလှသော်လည်း သင်္ဘောနှစ်စင်းကြားတွင် တစ်စင်းနှင့်တစ်စင်း မမြင်ရသေးပေ။
တစ်ဖက်မှ ဒေါသတကြီး ဆဲဆိုသံများ လွင့်ပျံလာသည်ကိုသာ တိုးတိတ်စွာ ကြားနေရ၏။
လင်းယွမ်က သေချာစွာ နားထောင်ကြည့်လိုက်ရာ လင်းဝူနှင့် ချင်ဇီဟန်တို့ ဆဲဆိုနေခြင်း ဖြစ်လောက်ပေသည်။
ဟန်ရှန်းမန်က မေးလိုက်သည်။ "ချိတ်ပိတ်မြှား အစီအရင်ကို သုံးမလား"
လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။ "မလိုပါဘူး... သူက ငါတို့နဲ့ အသေအကြေ တိုက်ခိုက်ရလောက်တဲ့အထိ မအလောက်ဘူး"
"ပြီးတော့ သူတို့ကို ရင်ဆိုင်ဖို့အတွက် ချိတ်ပိတ်မြှားကို ဖြုန်းတီးစရာ မလိုပါဘူး"
စကားသံ အဆုံးတွင် လင်းယွမ်က လက်ဝါးနှစ်ဖက်ကို ဆန့်တန်းလိုက်ရာ လက်မောင်းပေါ်ရှိ အလင်းရောင် သင်္ကေတက လင်းလက်သွားပြီး တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇများက ပြောင်းလဲသွားကာ တစ်စိတ်တစ်ပိုင်းက အလင်းဓာတ် မျိုးရိုးဗီဇအဖြစ် ဖြစ်တည်သွားပြီး ကျန်တစ်စိတ်တစ်ပိုင်းကတော့ မီးဓာတ် မျိုးရိုးဗီဇအဖြစ် ဖြစ်တည်သွား၏။
ဤအရာက မျိုးရိုးဗီဇမျိုးစေ့ကို မနိုးထမီကဆိုလျှင် လင်းယွမ် အနေဖြင့် လုပ်ဆောင်နိုင်စွမ်း မရှိသော ကိစ္စရပ်ပင် ဖြစ်သည်။
သို့သော် ယခု မျိုးရိုးဗီဇမျိုးစေ့ နိုးထလာပြီး မျိုးရိုးဗီဇ အသွင်တစ်ရာ ပင်ကိုယ်အစွမ်းကို ရရှိထားပြီ ဖြစ်၏။
လင်းယွမ်က သူ၏ မျိုးရိုးဗီဇကို အခြေခံအားဖြင့် ထိန်းချုပ်နိုင်နေပြီ ဖြစ်ကာ ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇ ဖွဲ့စည်းတည်ဆောက်ပုံကို စိတ်ကြိုက် ပြောင်းလဲနိုင်နေပြီ ဖြစ်သည်။
သန္ဓေပြောင်းစွမ်းအင်၏ ဓာတ်သဘာဝများကလည်း ချက်ချင်းဆိုသလို အပြောင်းအလဲများစွာ ဖြစ်ပေါ်နိုင်ပေသည်။
ယခုအခါ သူ၏ သန္ဓေပြောင်းစွမ်းအင် အလားအလာများကို စဉ်ဆက်မပြတ် ဖော်ထုတ်လာသည်နှင့်အမျှ မတူညီသော ဓာတ်သဘာဝ နှစ်မျိုးရှိသည့် မျိုးရိုးဗီဇများကိုပင် တစ်ပြိုင်နက်တည်း ပြောင်းလဲနိုင်စွမ်း ရှိလာပြီး မိမိ၏ ခန္ဓာကိုယ်တွင်း၌ မတူညီသော ဓာတ်သဘာဝရှိသည့် သန္ဓေပြောင်းစွမ်းအင်များကို တည်ရှိနေစေနိုင်ပြီ ဖြစ်၏။
"မီးနဂါး... သွားစမ်း"
လင်းယွမ်က ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပြီး လက်ဝါးနှစ်ဖက်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဝှစ်ခနဲ အသံနှင့်အတူ ဧရာမ မီးတောက်မီးလျှံ မီးနဂါးကြီး နှစ်ကောင်က လေထဲသို့ ပျံတက်သွား၏။
မီးတောက်များက အရှေ့ဘက်ရှိ ကောင်းကင်ယံအပြည့် ဖုံးလွှမ်းနေသော မြူခိုးများကို ချက်ချင်းပင် လွှမ်းခြုံသွားပြီး အလင်းရောင် သင်္ကေတ၏ ထောက်ပံ့မှုအောက်တွင် မီးနဂါးအက အစွမ်း၏ အာနိသင်က တိုက်ရိုက်ပင် နှစ်ဆမှ သုံးဆအထိ ကြီးမားသွားခဲ့သည်။
ဧရာမ မီးနဂါးကြီး နှစ်ကောင်က ကောင်းကင်ယံအပြည့် ဖုံးလွှမ်းနေသော မြူခိုးများကို မျိုချပစ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် မြူခိုးများကို ရှင်းလင်းသွားစေကာ မီးပင်လယ်ကြီး တစ်ခုအဖြစ် ဖြစ်တည်သွားစေ၏။
ခဏအကြာတွင် တစ်ဖက်ရှိ ဘုရင်မသင်္ဘောကလည်း မီးပင်လယ်ကြီးထဲတွင် ထင်ရှားစွာ ပေါ်ထွက်လာတော့သည်။
ဘုရင်မသင်္ဘော၏ သင်္ဘောဝမ်းပြား အနီးတွင် ရှိနေသော သင်္ဘောသားများကလည်း ချက်ချင်းပင် တစ်ယောက်ပြီးတစ်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
အမျိုးသမီး အစွမ်းပိုင်ရှင် အများအပြား၏ ဆံပင်များပင် မီးလောင်ကျွမ်းသွားပြီး စူးရှစွာ အော်ဟစ်ရင်း အလျင်အမြန် ဆုတ်ခွာသွားကြသည်။
ထိုအချိန်မှာပင် လင်းယာက အလျင်အမြန် ရှေ့တက်လာပြီး လက်ဝါးနှစ်ဖက်ကို ဟင်းလင်းပြင်ဆီသို့ ဖိချလိုက်ကာ အော်ပြောလိုက်၏။ "ရပ်လိုက်ပါ... မြန်မြန် ရပ်လိုက်ပါ... ကိုလင်းယွမ်... နားလည်မှုလွဲတာပါ"
သူမ၏ လက်ဝါးပြင်ထဲတွင် သန္ဓေပြောင်းစွမ်းအင် အလင်းရောင်များ တောက်ပလာသည်။
ထိုဟင်းလင်းပြင်ထဲရှိ လေထုက သူမ၏ သန္ဓေပြောင်းစွမ်းအင် ထောက်ပံ့မှုအောက်တွင် လေထုနံရံ တစ်ခုကဲ့သို့ပင် တောင့်တင်းခိုင်မာလာလေ၏။
လင်းယာ၏ အစွမ်းက မာကျောအစွမ်း ဖြစ်ပြီး ရန်ဆန်းမင်၏ ထက်မြက်ခြင်း အစွမ်းနှင့် အနည်းငယ် ဆင်တူပေသည်။
အမျိုးမျိုးသော အရာဝတ္ထုများကို ပိုမို ခိုင်မာလာစေရန် ပြုလုပ်ပေးနိုင်စွမ်း ရှိ၏။
ယခင်က သူမသည် ပုံသဏ္ဍာန်ရှိသော ရုပ်ဝတ္ထုပစ္စည်းများကိုသာ ခိုင်မာစေရန် ပြုလုပ်နိုင်ခဲ့သော်လည်း ယခုအခါ လေထုကိုပါ တိုက်ရိုက် ခိုင်မာစေရန် ပြုလုပ်နိုင်နေပြီ ဖြစ်သည်။
သို့သော် အချက်တစ်ချက်ကိုတော့ သူမ မှားယွင်းစွာ တွေးထင်ထားခဲ့မိသည်... ခိုင်မာအောင် ပြုလုပ်ထားသော လေထုဖြစ်နေပါစေ ထိုအရာက လေထုပင် ဖြစ်နေသေး၏။
လေထုဖြစ်နေသရွေ့ မီးတောက်များ၏ လောင်ကျွမ်းပျံ့နှံ့မှုကို ခံရမည်သာ ဖြစ်သည်။
ထို့ကြောင့် လေထုနံရံက ဝှစ်ခနဲ အသံနှင့်အတူ တိုက်ရိုက်ပင် မီးတောက်နံရံတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ပတ်ဝန်းကျင်ရှိ လေထုက အပူဒဏ်ကြောင့် ပြန့်ကားသွားပြီး မြူခိုးများက တိုက်ရိုက် အငွေ့ပျံ လွင့်စင်သွားကာ ကြီးမားသော ရှင်းလင်းသည့် ဧရိယာတစ်ခု ပေါ်ထွက်လာ၏။
လင်းယာက မီးဟပ်ခံလိုက်ရသဖြင့် မျက်နှာပျက်သွားကာ အလျင်အမြန် နောက်ဆုတ်သွားသည်။
ထိုအချိန်တွင် လူအုပ်ထဲမှ အမျိုးသမီး သုံးယောက်က ပြေးထွက်လာပြီး တစ်ပြိုင်နက်တည်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြ၏။
သူမတို့ သုံးယောက်က လက်ဝါးရမ်းလိုက်သည်နှင့် ကြီးမားသော ရေလှိုင်းကြီးများက လိမ့်တက်လာပြီး မီးနဂါးကို အလျင်အမြန် တားဆီးကာ ရေနံရံတစ်ခုအဖြစ် ဖြစ်တည်သွားသည်ကို တွေ့လိုက်ရသည်။
မကြာမီမှာပင် မီးနဂါးနှင့် ရေနံရံက အချင်းချင်း တိုက်မိသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။
ရေငွေ့များ အငွေ့ပျံသွားပြီး မီးတောက်များက ရစ်ပတ်လောင်ကျွမ်းနေသည်။
နှစ်ခုစလုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားကြ၏။
လင်းယွမ်က ကုန်းပတ်ပေါ်တွင် ရပ်နေရင်း သူ၏ ဤမီးနဂါးအက၏ စွမ်းအားကို ခံစားလိုက်ကာ စိတ်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ဤမီးနဂါးအက တစ်ချက်က ယခင်ကထက် စွမ်းအားများစွာ ပိုမို အစွမ်းထက်နေပြီ ဖြစ်၏။
သို့သော် ကုန်ဆုံးသွားသော သန္ဓေပြောင်းစွမ်းအင် ပမာဏကလည်း ရုတ်တရက် အများအပြား တိုးလာခဲ့သည်။
သူက ခေါင်းမော့ကာ တစ်ဖက်ရှိ ဘုရင်မသင်္ဘော၏ ကုန်းပတ်ပေါ်သို့ ကြည့်လိုက်၏။
သားရေဂျာကင်ကို ဝတ်ဆင်ထားပြီး အနည်းငယ် ယောက်ျားဆန်ဆန် ဝတ်စားဆင်ယင်ထားသော အမျိုးသမီးတစ်ယောက် လူအုပ်ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမက သားရေဖိနပ်ကို စီးထားပြီး မျက်နှာအမူအရာက အေးစက်နေကာ မှိုင်းညို့နေသော မျက်လုံးများဖြင့် လင်းယွမ်ကို စိုက်ကြည့်နေ၏။
သူမ၏ ဘေးတွင်တော့ ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး အသားမည်းမည်းနှင့် ဝဝဖိုင့်ဖိုင့် အမျိုးသမီးတစ်ယောက်က လင်းဝူကို ဖိချုပ်ထားသည်။
နောက်ထပ် ချိုသာသော ရုပ်ရည်ရှိသည့် ဆံပင်နှစ်ဖက်ချည်ထားသော မိန်းကလေးတစ်ယောက်ကတော့ ဓားမြှောင်တစ်လက်ကို ကိုင်ထားကာ ချင်ဇီဟန်၏ လည်ပင်းတွင် ထောက်ထား၏။
ချိုးရင်ယွဲ့ကတော့ ဒေါသတကြီးဖြင့် ကုန်းပတ်ပေါ်တွင် ပိတ်လှောင်ခံထားရပြီး မျက်လုံးများက မမြင်ရတော့သည့်အလား နေရာတွင်ပင် လှည့်ပတ်နေသည်။
လင်းယွမ်က သူမ၏ အခြေအနေကို ကြည့်လိုက်သည်နှင့် ချိုးရင်ယွဲ့မှာ စိတ်ဝိညာဉ် ထင်ယောင်ထင်မှား အစွမ်း၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရကြောင်း နားလည်သွား၏။
လန်ယွဲ့ဟွာ၏ အဖွဲ့ထဲတွင် စိတ်ဝိညာဉ် ထင်ယောင်ထင်မှား အစွမ်းပိုင်ရှင် ရှိနေသည်မှာ ထင်ရှားပေသည်။
ထိုအရာအတွက် လင်းယွမ်က မည်သည့် ထိတ်လန့်မှုမျှ မဖြစ်မိပေ။
သူက တစ်ဖက်ရှိ လူများကို အေးစက်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ပြီး နောက်ဆုံးတွင် လင်းယာကို ကြည့်ကာ ခပ်အေးအေး ပြောလိုက်သည်။ "လင်းယာ... အိမ်နီးချင်းတွေ ဖြစ်နေတာကို ထောက်ထားပြီး အရင်တုန်းက မင်းကို ခက်ခဲအောင် မလုပ်ခဲ့ဘူး... ဘယ်လိုလဲ... အခု မင်းတို့ရဲ့ သင်္ဘောကပ္ပတိန် ပြန်ရောက်လာတော့ ငါ့ကို ပညာပေးချင်နေတာလား"
လင်းယာက စိုးရိမ်တကြီးဖြင့် အလျင်အမြန် အော်ပြောလိုက်၏။ "ကိုလင်းယွမ်... နားလည်မှုလွဲတာပါ... ကျွန်မ သဘောက အဲဒီလို မဟုတ်ပါဘူး... ကျွန်မက"
"အာ..."
လင်းယာက စိုးရိမ်တကြီးဖြင့် ခြေဆောင့်လိုက်ပြီး ဘေးနားရှိ လန်ယွဲ့ဟွာကို ကြည့်ကာ အော်ပြောလိုက်သည်။ "ယွဲ့ဟွာ... မြန်မြန် ချိုးရင်ယွဲ့တို့ကို လွှတ်ပေးလိုက်ပါ... သူတို့က လူဆိုးတွေ မဟုတ်ပါဘူး"
လန်ယွဲ့ဟွာက မျက်မှောင်ကြုတ်သွားပြီး လင်းယာကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "အမယာ... ကျွန်မရဲ့ စည်းကမ်းကို အမ သိသင့်တယ်... ကျွန်မရဲ့ ဘုရင်မသင်္ဘောပေါ်မှာ ယောက်ျားတွေက ဒူးထောက်နေရမယ်... ဘာဆွေးနွေးစရာမှ မရှိဘူး"
"အော်... အစွန်းရောက်မိန်းမဝါဒသမားပဲ"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် အေးစက်စွာ ရယ်မောလိုက်သည်။
"ဝုန်း"
နောက်တစ်စက္ကန့်တွင် လင်းယွမ်၏ ခန္ဓာကိုယ်က ခုန်ပျံတက်သွားပြီး ခြေဖဝါးအောက်ရှိ မီးစင်္ကြာ နှစ်ခုက ပေါက်ကွဲထွက်သွား၏။
ခဏအတွင်းမှာပင် သူက မီးတောက်မျဉ်းကြောင်း အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ တစ်ဖက်ရှိ ဘုရင်မသင်္ဘော၏ ကုန်းပတ်ပေါ်သို့ ကျဆင်းသွားတော့သည်။
ကုန်းပတ်ပေါ်တွင် ရပ်နေရင်း လင်းယွမ်က အေးစက်သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ "အခု ငါ ဒီသင်္ဘောပေါ်မှာ ရပ်နေပြီ... ငါ့ကို ဒူးထောက်ခိုင်းဖို့ မင်းမှာ ဘာအရည်အချင်းများ ရှိနေလဲ ဆိုတာ ကြည့်ရအောင်"
လန်ယွဲ့ဟွာ၏ မျက်နှာထက်တွင် ချက်ချင်းပင် အလွန်အမင်း ဒေါသထွက်နေသော အရိပ်အယောင်များ ပေါ်လာ၏။
သူမက မည်သည့် စကားပိုကိုမျှ မပြောတော့ဘဲ တိုက်ရိုက်ပင် အော်ဟစ်လိုက်သည်။ "သေချင်နေတာပဲ"
သူမက လက်ချောင်းကို ပြင်းထန်စွာ ခေါက်လိုက်သည်နှင့် ရွှပ်ခနဲ အသံနှင့်အတူ လေဆာရောင်ခြည်တန်း တစ်ခုက လင်းယွမ်ဆီသို့ ရုတ်တရက် ပစ်ခတ်သွားသည်ကို တွေ့လိုက်ရ၏။
လင်းယွမ်က ထိုမြင်ကွင်းကို တွေ့သောအခါ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်များ တောက်ပသွားပြီး ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ရွှေရောင် သင်္ကေတများ လင်းလက်လာသည်။
"ဝီ"
အလွှာလိုက် ရွှေရောင်အကာအကွယ်များက တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏... ရွှေကြေးခွံအကာအကွယ်။
ခဏအတွင်းမှာပင် လင်းယွမ်၏ တစ်ကိုယ်လုံးက ရွှေရောင်အကာအကွယ်ကို ဝတ်ဆင်ထားသော စစ်သည်တော် တစ်ယောက်အလား ဖြစ်သွားတော့သည်။
"ဒေါင်"
လေဆာရောင်ခြည်၏ အလျင်က အလွန် မြန်ဆန်လှရာ လန်ယွဲ့ဟွာ လက်ချောင်း မြှောက်လိုက်သည့် အချိန်မှာပင် လေဆာရောင်ခြည်တန်းက လင်းယွမ်၏ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်၏။
လင်းယွမ်အတွက် တုံ့ပြန်ရန် အချိန်က အလွန် တိုတောင်းလှရာ သူ့ကို ရွှေကြေးခွံအကာအကွယ် အသက်သွင်းရန်သာ အချိန်ရစေခဲ့သည်။
လေဆာရောင်ခြည်နှင့် ရွှေရောင်အကာအကွယ်တို့ တိုက်မိသွားပြီး သတ္တုများ တုန်ခါသွားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
သို့သော် ရွှေရောင်အကာအကွယ်က ကွဲကြေသွားခြင်း မရှိဘဲ လေဆာရောင်ခြည်တန်းက လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်မိပြီးနောက် ချက်ချင်းပင် နောက်ပြန် ကန်ထွက်သွားသည်။
ဝီခနဲ အသံတစ်သံနှင့်အတူ အနီးအနားရှိ သင်္ဘောဝမ်းပြားကို ဖြတ်ကျော်သွားကာ ဘုန်းခနဲ ပေါက်ကွဲသွားပြီး သင်္ဘောဝမ်းပြားမှ သံတုံးများက ချက်ချင်းပင် အရည်ပျော်ကာ မည်းတူးသွားတော့သည်။
ဆက်ရန်...
အပိုင်း(၃၈၆) လန်ယွဲ့ဟွာအား ရက်ရက်စက်စက် နှိပ်စက်ခြင်း
လန်ယွဲ့ဟွာ၏ မျက်လုံးအိမ်များက ချက်ချင်း ကျုံ့ဝင်သွားပြီး အော်ဟစ်လိုက်သည်။
"ဆစ်ဆစ်"
ချစ်စရာကောင်းသော ရုပ်ရည်ရှိသည့် ဆံပင်နှစ်ဖက်ချည်ထားသော မိန်းကလေးက ချက်ချင်း ပြန်ထူးလိုက်သည်။
"ကျွန်မ လာပြီ"
နောက်တစ်ခဏတွင် စိတ်စွမ်းအင်တစ်ခုက အလျင်အမြန် ပျံ့နှံ့လာကာ လင်းယွမ်ဆီသို့ ဖုံးလွှမ်းသွားသည်။
သို့သော် လင်းယွမ်က အေးစက်စက် ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး သူ၏ ကြီးမားလှသော စိတ်စွမ်းအင်များက ပြင်းထန်စွာ တန်ပြန် ရိုက်ခတ်သွားသည်။
"အား"
စိတ်စွမ်းအင် ရိုက်ခတ်မှု တစ်ချက်က လျှိုဆစ်ဆစ်၏ စိတ်ပင်လယ်ကို ပြင်းထန်စွာ ဝင်တိုက်သွားပြီး ချက်ချင်းပင် လျှိုဆစ်ဆစ်၏ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ပန်းထွက်လာကာ စူးရှစွာ အော်ဟစ်လိုက်ရသည်။
ပြီးခဲ့သည့်အကြိမ်က သူမ၏ အာရုံငါးပါး ပိတ်ပင်ခြင်း အစွမ်းက လင်းယွမ်အပေါ် အာနိသင် သက်ရောက်နိုင်ခဲ့သေးသည်။
သို့သော် လအနည်းငယ် ကြာပြီးနောက်တွင်တော့ လင်းယွမ်၏ စိတ်စွမ်းအင်က အမှတ် ၅၀ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ယခုဆိုလျှင် မျိုးရိုးဗီဇမျိုးစေ့၏ ကန့်သတ်ချက်ကိုပင် ဖောက်ထွက်သွားခဲ့ပြီဖြစ်ရာ အချိန်မရွေး ဆက်လက် မြင့်တက်လာနိုင်သေးသည်။
လျှိုဆစ်ဆစ်၏ စိတ်စွမ်းအင်က အနည်းငယ် မြင့်တက်လာခဲ့သည် မှန်သော်လည်း လင်းယွမ်နှင့် နှိုင်းယှဉ်လိုက်ပါက ကွာဟချက် အတော်လေး ကြီးမားနေဆဲ ဖြစ်သည်။
ထို့ကြောင့် လင်းယွမ်၏ စိတ်စွမ်းအင် ရိုက်ခတ်မှု တစ်ချက်က အဖြူရောင်အဆင့် ပညာရပ်သာ ဖြစ်နေခဲ့လျှင်တောင် သူမ၏ စိတ်ပင်လယ်ကို ချက်ချင်း တုန်လှုပ်သွားစေပြီး ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ပန်းထွက်သွားစေနိုင်သည်။
"ဆစ်ဆစ်"
လန်ယွဲ့ဟွာက လန့်ဖျပ်သွားပြီး လင်းယွမ်အား ကြည့်လာသည့် သူမ၏ အကြည့်များတွင် အလွန်တရာ ဒေါသထွက်နေသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။
သူမက ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သူ့ကို သတ်ကြ"
လင်းယာက အလျင်စလို အော်ဟစ်လိုက်သည်။
"ယွဲ့ဟွာ... စိတ်လိုက်မာန်ပါ မလုပ်နဲ့လေ"
သို့သော် လန်ယွဲ့ဟွာမှာ ဒေါသထွက်လွန်း၍ မီးတောက်လုမတတ် ဖြစ်နေခဲ့ပြီဖြစ်ရာ လင်းယာ၏ တားဆီးမှုကို လုံးဝ နားမထောင်ဘဲ ချက်ချင်းပင် ပြေးဝင် တိုက်ခိုက်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ အခြားသော အမျိုးသမီး အစွမ်းပိုင်ရှင်များကလည်း အသီးသီး ဝင်ရောက် တိုက်ခိုက်လာကြပြီး ရေမြှားများ၊ မီးဓားများ မြောက်မြားစွာက ပြင်းထန်စွာ ပျံဝဲလာကြသည်။
ဟေးလန်ဟု ခေါ်သော ဝဝဖြိုးဖြိုးနှင့် အရပ်ရှည်ရှည် အမျိုးသမီးကြီးကလည်း ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူမ၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော သွေးသားခွန်အားများ ပေါက်ကွဲထွက်လာကာ မျက်လုံးများ နီရဲလျက် လင်းယွမ်ဆီသို့ အရှိန်ဖြင့် ပြေးဝင်လာသည်။
မျက်နှာချင်းဆိုင် မိသည်နှင့် လင်းယွမ်က ထိုအသားမည်းမည်းနှင့် ဝဝဖြိုးဖြိုး အမျိုးသမီးကြီးကို လက်တစ်ဖက်တည်းဖြင့် ဆွဲယူကာ အားကုန် လွှဲပစ်လိုက်သည်။
"ဝုန်း"
ဧရာမ ဝဝဖြိုးဖြိုး အမျိုးသမီးကြီးက မျက်နှာချင်းဆိုင်မှ ပြေးဝင်လာသည့် အခြားသော အမျိုးသမီး အစွမ်းပိုင်ရှင် အချို့အပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားသည်။
ချက်ချင်းပင် အသားတောင်ကြီး တစ်တောင် ဖိချလိုက်သကဲ့သို့ ဖြစ်သွားပြီး အမျိုးသမီး အစွမ်းပိုင်ရှင် အချို့မှာ စူးရှစွာ အော်ဟစ်လိုက်ကြရသည်။
ထိုအချိန်မှာပင် စိတ်အာရုံ လှည့်စားသည့် အစွမ်းတစ်ခုက လင်းယွမ်ဆီသို့ အလျင်အမြန် လွှမ်းခြုံလာပြီး လင်းယွမ်၏ စိတ်ပင်လယ်ကို နှောင့်ယှက်ရန် ကြိုးစားလာသည်။
သို့သော် လင်းယွမ်က နောက်သို့ ပြင်းထန်စွာ လှည့်ကြည့်လိုက်ပြီး ဒေါသတကြီး စိုက်ကြည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်များက ဒေါသမီးတောက်တစ်ခု အသွင်သို့ ပြောင်းလဲသွားသည်။
ဝုန်းခနဲ မြည်သံနှင့်အတူ ထိုစိတ်စွမ်းအင် ပိုင်ရှင်မှာ ချက်ချင်း စူးရှစွာ အော်ဟစ်လိုက်ရပြီး သူမ၏ ခေါင်းကို ကိုင်ကာ ငိုယို အော်ဟစ်နေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယာက လန့်ဖျပ်သွားပြီး အော်ဟစ်လိုက်သည်။
"ယွင်ရှီ"
သူမက အလျင်စလို ပြေးသွားကာ ရှန်ယွင်ရှီကို ဖက်ထားလိုက်ပြီး သူမ၏ လက်ကို ဆန့်ထုတ်ကာ ရှန်ယွင်ရှီ၏ ခေါင်းပေါ်သို့ ဖိထားလိုက်သည်။
မာကျောအစွမ်းကို အသုံးပြုလိုက်ပြီး သူမ၏ စိတ်ပင်လယ်ကို တည်ငြိမ်စေရန် ကူညီပေးကာ လင်းယွမ် အသုံးပြုလိုက်သည့် စိတ်ဝိညာဉ် မီးတောက်ကို ကာကွယ်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမက အသံကျယ်ကျယ်ဖြင့် တောင်းပန်လိုက်သည်။
"ကိုလင်းယွမ်... နားလည်မှုလွဲတာပါ... တောင်းပန်ပါတယ်... သူ့ကို အန္တရာယ် မပေးပါနဲ့ရှင်"
လင်းယွမ်က သူမကို ဂရုစိုက်ဖို့ အချိန်မရှိပေ။ သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး အမျိုးသမီး အုပ်စုထဲသို့ ပြေးဝင်သွားသည်။
လင်းယွမ်က လက်တစ်ဖက်ကို လေထဲသို့ ဖိချလိုက်ရာ လက်ဖဝါးပြင်မှ အလင်းထုတ်လွှတ်ခြင်း အစွမ်းက လင်းလက်သွားသည်။ ထိုခဏမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင်များက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လက်ဖဝါးပြင်တွင် စုစည်းထားပြီးဖြစ်သော ချိတ်ပိတ် သင်္ကေတ က ပြင်းထန်စွာ လင်းလက်လာသည်။
"ဝီ"
ချိတ်ပိတ် သင်္ကေတ က သန္ဓေပြောင်းစွမ်းအင် ပြင်းအား၏ လွှမ်းမိုးမှုကြောင့် အနီးနားရှိ အလင်းရောင် လင်းလက်နေသည့် နေရာများအားလုံးကို ချိတ်ပိတ် သင်္ကေတ ဖြင့် လွှမ်းခြုံထားလိုက်သည်။
ချက်ချင်းပင် လင်းယွမ်အား တိုက်ခိုက်နေသည့် အစွမ်းပိုင်ရှင်များက သူတို့အားလုံး၏ အစွမ်းများကို အသုံးပြု၍ မရတော့ကြောင်းကို ထိတ်လန့်တကြား တွေ့ရှိလိုက်ရသည်။ မူလက ပစ်လွှတ်ထားသည့် မီးတောက်များ၊ ရေမြှားများ စသည့် အစွမ်းဖြင့် တိုက်ခိုက်မှုများက အသီးသီး ပျောက်ကွယ်သွားကြသည်။
လန်ယွဲ့ဟွာ ပစ်လွှတ်လိုက်သည့် လေဆာရောင်ခြည်တန်း အချို့ပင်လျှင် ချိတ်ပိတ် သင်္ကေတ ၏ နယ်ပယ်အတွင်းသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်၌ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"ဘာ"
"ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ"
"ဒါက ဘာအစွမ်းလဲ"
"ငါ့အစွမ်းကို ဘာလို့ သုံးလို့မရတော့တာလဲ"
"မြန်မြန် ဆုတ်ကြ... တစ်ခုခု မှားနေပြီ"
အမျိုးသမီးများအားလုံး စူးရှစွာ အော်ဟစ်ရင်း နောက်သို့ ဆုတ်လိုက်ကြသည်။
လင်းယွမ်က အခြားလူများကို ဂရုမစိုက်ဘဲ သူ၏ အကြည့်များက လန်ယွဲ့ဟွာကိုသာ တိုက်ရိုက် ပစ်မှတ်ထားလိုက်သည်။
သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကြွက်သားများ ပေါက်ကွဲထွက်လာမှုအောက်တွင် ချက်ချင်းပင် ပေလေးဆယ်ခန့်အထိ အရှိန်ဖြင့် ပြေးထွက်သွားသည်။
သူ၏ အမှတ် ၅၀ ရှိသော ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် သန္ဓေပြောင်းစွမ်းအင် မရှိလျှင်တောင် သူ၏ ခန္ဓာကိုယ် အရည်အသွေးကို ချိတ်ပိတ် သင်္ကေတ က ကန့်သတ်ထားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာနေဆဲ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူက လန်ယွဲ့ဟွာ၏ အရှေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
လန်ယွဲ့ဟွာ၏ အုံ့မှိုင်းနေသော မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့် ထိတ်ပျာဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။
သူမက အလျင်စလို နောက်သို့ ဆုတ်လိုက်သော်လည်း သန္ဓေပြောင်းစွမ်းအင်၏ ပံ့ပိုးမှု မပါရှိပါက သူမ၏ ခန္ဓာကိုယ် အရည်အသွေးက လင်းယွမ်၏ ခန္ဓာကိုယ် အရည်အသွေးနှင့် မည်သို့လုပ် ယှဉ်နိုင်မည်နည်း။
လက်တစ်ဖက်က လေထုကို ဖြတ်သန်းသွားပြီး ဖြန်းခနဲ မြည်သံနှင့်အတူ လန်ယွဲ့ဟွာ၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သည်။
"အား"
လန်ယွဲ့ဟွာ၏ ခန္ဓာကိုယ်က ချက်ချင်း တစ်ပတ်လည်သွားပြီး လင်းယွမ်၏ ပါးရိုက်ချက်ကြောင့် ဘေးတိုက် လွင့်စင်သွားသည်။
သို့သော် သူမ မြေပြင်ပေါ်သို့ မကျရောက်ခင်မှာပင် လင်းယွမ်က ခြေတစ်လှမ်း အရင် လှမ်းလိုက်ပြီး ယောကျ်ားတစ်ယောက်လို ကေတို ညှပ်ထားသော သူမ၏ ဆံပင်များကို ဆွဲဖမ်းလိုက်သည်။
ကြီးမားသော လက်ကြီးက သူမ၏ လည်ပင်းကို ဖိထားလိုက်ပြီး ကြက်ပေါက်လေး တစ်ကောင်ကို ဆွဲမလိုက်သကဲ့သို့ သူမကို အမြင့်သို့ ပြင်းထန်စွာ ဆွဲမလိုက်သည်။
နောက်တစ်ခဏတွင် သူ၏ ဒူးကို မြှောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဒူးတိုက်ချက် တစ်ချက်ဖြင့် တိုက်ရိုက် တိုက်ချလိုက်သည်။
"ဒုန်း"
ဒီတစ်ချက်က အရမ်းကို ရက်စက်လွန်းလှသည်။ လန်ယွဲ့ဟွာ၏ ခန္ဓာကိုယ်က နှစ်ပိုင်း ကျိုးလုမတတ် တိုက်ခံလိုက်ရသည်။
သူမ၏ ပါးစပ်ထောင့်မှ သွေးများ ပန်းထွက်လာပြီး မျက်လုံးများက ပြူးကျယ်ကာ မျက်ဖြူလန်လုမတတ် ဖြစ်သွားသည်။
ဘုန်းခနဲ မြည်သံနှင့်အတူ သူမ တစ်ကိုယ်လုံးက သေနေသော ငါးတစ်ကောင်လို မြေပြင်ပေါ်သို့ ပျော့ခွေ ကျသွားသည်။
လင်းယွမ်က သူမ၏ သိပ်မကြီးမားလှသော ရင်သားပေါ်သို့ ခြေတစ်ဖက်ဖြင့် နင်းထားလိုက်ပြီး သူ၏ အကြည့်များက အေးစက်ကာ ကြောက်မက်ဖွယ် ကောင်းနေသည်။
"မင်းလို အဆင့်မျိုးနဲ့များ မိန်းမဝါဒတွေ လာလုပ်ချင်သေးတယ်"
လန်ယွဲ့ဟွာက သူမ၏ ကိုယ်တွင်းအင်္ဂါငါးခုစလုံး ပေါက်ကွဲထွက်သွားတော့မလို ခံစားလိုက်ရသည်။
တစ်ဖက်လူ၏ ထိုဒူးတိုက်ချက်က သူမ၏ အဆုတ်နှင့် အူများကို စုတ်ပြတ်သွားလုမတတ် တိုက်ချလိုက်ခြင်း ဖြစ်သည်။
သူမက နာကျင်လွန်း၍ သတိလစ်လုမတတ် ဖြစ်သွားသော်လည်း လင်းယွမ်၏ အသံကို ကြားလိုက်ရသောအခါ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး နာကြည်းမုန်းတီးမှု အကြည့်များဖြင့် လင်းယွမ်အား ကြောက်မက်ဖွယ်ကောင်းစွာ ကြည့်လိုက်သည်။
"ထွီ... အဟွတ်... အဟွတ်... သတ္တိရှိရင်... ငါ့ကို သတ်လိုက်"
လန်ယွဲ့ဟွာက အားနည်းစွာဖြင့် အော်ဟစ်လိုက်ပြီး အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။
ဒီကျိန်စာသင့်နေတဲ့ ကမ္ဘာပျက်ကပ်ကြီးမှာ သူမက စောစောစီးစီးကတည်းက အသက်မရှင်ချင်တော့ပေ။
သေခြင်းတရားက သူမအတွက်တော့ ကြောက်စရာ မဟုတ်ပေ။
နှမြောစရာကောင်းတာက သူမအနေနဲ့ ဒီကမ္ဘာပေါ်က ခွေးထီးတွေကို အကုန်လုံး မသတ်ပစ်နိုင်ခဲ့တာပဲ။
လင်းယွမ်ကလည်း အေးစက်စက် ပြုံးလိုက်သည်။
"ငါက မသတ်ရဲဘူးလို့ မင်း ထင်နေတာလား"
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ရွှမ်းခနဲ မြည်သံနှင့်အတူ လက်ဖဝါးပြင်တွင် မီးတောက်တစ်ခုက လောင်ကျွမ်းလာသည်။
နောက်တစ်ခဏတွင် လန်ယွဲ့ဟွာ၏ ခေါင်းဆီသို့ ဖိချလိုက်တော့မည့် အချိန်တွင်...
"မလုပ်ပါနဲ့"
"အစ်မယွဲ့ဟွာ"
"ရပ်လိုက်စမ်း"
အနီးနားမှ လန့်ဖျပ်စွာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ထို့နောက် ထိုဆံပင်နှစ်ဖက်ချည်ထားသော မိန်းကလေး လျှိုဆစ်ဆစ်က သူမကိုယ်သူမ ဂရုမစိုက်တော့ဘဲ လန်ယွဲ့ဟွာ၏ အပေါ်သို့ အပြင်းအထန် ခုန်အုပ်လိုက်ပြီး လင်းယွမ်၏ တိုက်ခိုက်မှုကို သူမ၏ ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးလိုက်သည်ကို မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် အဝေးရှိ လူအုပ်ထဲမှ မိန်းကလေးငယ် တစ်ယောက်ကလည်း စူးရှစွာ အော်ဟစ်လိုက်သည်။
သူမက အစကတည်းက ထိုနေရာတွင် ရှိနေပုံရသော်လည်း လင်းယွမ်က ယခင်က သူမကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
လင်းယာကလည်း သူမ၏ သူငယ်ချင်း ရှန်ယွင်ရှီကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထိတ်လန့်တကြား ပြေးလာခဲ့သည်။
လင်းယွမ်၏ လက်မောင်းက အနည်းငယ် တန့်သွားပြီးနောက် သူ၏ အကြည့်များက အေးစက်သွားကာ လျှိုဆစ်ဆစ်၏ ခန္ဓာကိုယ်ကို ခြေတစ်ဖက်ဖြင့် တိုက်ရိုက် ကန်ချလိုက်သည်။
"ဖုန်း"
ဤခြေကန်ချက်က အလွန်တရာ အားပါပြီး လေးလံလှကာ ကိုယ်လုံးကိုယ်ပေါက် သေးငယ်သော လျှိုဆစ်ဆစ်ကို ချက်ချင်းပင် ပေအတော်အလှမ်းဝေးသည့် နေရာအထိ လွင့်စင်သွားစေသည်။
"ဆစ်... ဆစ်ဆစ်"
မြေပြင်ပေါ်ရှိ လန်ယွဲ့ဟွာက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်း မျက်လုံးများ ပြူးကျယ်သွားပြီး လင်းယွမ်၏ ခြေထောက်အောက်တွင် အစွမ်းကုန် ရုန်းကန်လာတော့သည်။
သူမ၏ လက်ချောင်းများက ကွေးကောက်နေပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို အသက်သွင်းကာ လေဆာရောင်ခြည်များ ပစ်လွှတ်နိုင်ရန် အသေအလဲ ကြိုးစားနေသည်။
သို့သော် လင်းယွမ်၏ ဘယ်ဘက်လက်မှ ချိတ်ပိတ် သင်္ကေတ ၏ အလင်းရောင်က ပျောက်ကွယ်မသွားသေးဘဲ လန်ယွဲ့ဟွာ၏ သန္ဓေပြောင်းစွမ်းအင်ကို အသေအချာ ဖိနှိပ်ထားဆဲ ဖြစ်သည်။
သို့သော် လင်းယွမ်က ချိတ်ပိတ် သင်္ကေတ က သူ၏ ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို အလျင်အမြန် စားသုံးနေကြောင်းကို ထက်မြက်စွာ ခံစားလိုက်ရသည်။
ဒီအမျိုးသမီးက ရူးသွပ်စွာ ရုန်းကန်နေပြီး သန္ဓေပြောင်းစွမ်းအင်များကို အစွမ်းကုန် အသုံးပြုရန် ကြိုးစားနေခြင်းက ချိတ်ပိတ် သင်္ကေတ အတွက်လည်း အလွန်ကြီးမားသော စွမ်းအင်စားသုံးမှု တစ်ခုဖြစ်ကြောင်း ထင်ရှားနေသည်။
သို့သော် စွမ်းအင်စားသုံးမှုကို ယှဉ်ပြိုင်မည်ဆိုလျှင် လင်းယွမ်က တစ်ဖက်လူကို ဘယ်လိုလုပ် အရှုံးပေးနိုင်မည်နည်း။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ပစ္စည်းသိုလှောင်ခန်း အတွင်းမှ ချွန်ထက်သော သံချောင်းတစ်ချောင်း ထွက်ပေါ်လာပြီး လန်ယွဲ့ဟွာ၏ နဖူးဆီသို့ ချိန်ရွယ်လိုက်သည်။
လန်ယွဲ့ဟွာက အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်ကာ ဆဲရေးတိုင်းထွာလိုက်သည်။
"အသုံးမကျတဲ့ကောင်... လာလေ... သတ္တိရှိရင် ငါ့ကို သတ်လိုက်စမ်း"
"ငါ့ကို မသတ်နိုင်ရင်... နင်က ငါမွေးထားတဲ့ကောင်ပဲ"
ဒီအမျိုးသမီးက တကယ်ကို သေရမှာ မကြောက်တာပဲ။
ထို့ထက်ပင် သူမက လင်းယွမ်ကို သူမအား သတ်ဖြတ်စေချင်နေသည်။ သို့မှသာ သူက သူမ၏ အသက်ကို အခြားလူများအား ခြိမ်းခြောက်ရန် အသုံးချခြင်းမှ ကင်းဝေးမည် ဖြစ်သည်။
လင်းယွမ်က ဤရူးသွပ်နေသော အမျိုးသမီးကို ကြည့်ရင်း ရုတ်တရက် သဘောပေါက်သွားသည်။
သူမကို သတ်လိုက်ခြင်းက သူမကို လွတ်မြောက်ခွင့် ပေးလိုက်ရုံသာ ဖြစ်နိုင်ကောင်းသည်။
ဤအချက်ကို ရှင်းရှင်းလင်းလင်း တွေးမိသွားသောအခါ လင်းယွမ်က ချက်ချင်း အေးစက်စက် ပြုံးလိုက်သည်။
ထိုအချိန်တွင် လင်းယာက ပြေးလာပြီး ဒယိမ်းဒယိုင်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကာ လင်းယွမ်နှင့် ခြောက်ပေပင် မဝေးတော့သည့် အကွာအဝေးမှနေ၍ တောင်းပန်လိုက်သည်။
"ကိုလင်းယွမ်... ကိုလင်းယွမ်... တောင်းပန်ပါတယ်ရှင့်... ကျွန်မတို့ မှားသွားပါတယ်... ဒီနေ့ ကိစ္စက ကျွန်မတို့ မှားတာပါ"
"သူ့ကိုယ်စား ကျွန်မ ဆရာ့ကို တောင်းပန်ပါတယ်ရှင့်... ကျေးဇူးပြုပြီး... သူ့ကို မသတ်ပါနဲ့... ကျွန်မ တောင်းပန်ပါတယ်"
လင်းယာ၏ မျက်လုံးများက နီရဲနေပြီး မျက်ရည်များ ကျဆင်းကာ တောင်းပန်နေသည်။
လင်းယွမ်က လင်းယာကို အေးစက်စက် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"သူ ပြောတဲ့စကားကို မင်း ကြားတယ်မလား... သူ့ကို မသတ်ဘဲနဲ့ ငါ့ဒေါသက ဘယ်လိုလုပ် ပြေနိုင်မှာလဲ"
လင်းယာက အလျင်စလို ပြောလိုက်သည်။
"ဆရာ တောင်းဆိုပါ... ဘာတောင်းဆိုချက် ရှိရှိ ဆရာ တောင်းဆိုလို့ ရပါတယ်... ယွဲ့ဟွာကိုတော့ မသတ်ပါနဲ့ရှင့်... တောင်းပန်ပါတယ်"
"သူ့ကို မတောင်းပန်နဲ့... လင်းယာ... ထစမ်း... မတ်တပ်ရပ်စမ်း"
"သူ့ကို တောင်းပန်ဖို့ ခွင့်မပြုဘူး... အား"
လန်ယွဲ့ဟွာက အသည်းကွဲမတတ် အော်ဟစ်လိုက်ပြီး အသေအလဲ ရုန်းကန်နေသည်။
လင်းယွမ်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ သံချောင်းဖြင့် ဖွတ်ခနဲ မြည်သံနှင့်အတူ လန်ယွဲ့ဟွာ၏ ပခုံးစွန်းဆီသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။
ထိုခဏမှာပင် လန်ယွဲ့ဟွာက စူးရှစွာ အော်ဟစ်လိုက်ရပြီး သူမ၏ ခန္ဓာကိုယ် အထက်ပိုင်းက သင်္ဘောကြမ်းပြင်တွင် ချက်ချင်း သံမှိုစွဲခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
အောက်ဘက်ရှိ သင်္ဘောကုန်းပတ်ပင်လျှင် လင်းယွမ်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့် အရှင်လတ်လတ် ထိုးဖောက်ခံလိုက်ရသည်။
"အား... ယွဲ့ဟွာ"
လင်းယာက လန့်ဖျပ်ပြီး ချက်ချင်း စူးရှစွာ အော်ဟစ်လိုက်ကာ ချက်ချင်းပင် တွားသွား၍ လာရန် ကြိုးစားလိုက်သည်။
လင်းယွမ်၏ အကြည့်များက စူးရှသွားပြီး သူ၏ လက်ထဲတွင် နောက်ထပ် သံချောင်းတစ်ချောင်း ထပ်မံ ထွက်ပေါ်လာသည်။
သူက လန်ယွဲ့ဟွာ၏ နဖူးကို တိုက်ရိုက် ချိန်ရွယ်လိုက်ပြီး အော်ဟစ်လိုက်သည်။
"ရှေ့ကို ထပ်တိုးကြည့်လိုက်"
လင်းယာက ချက်ချင်း လန့်ဖျပ်သွားပြီး အလျင်အမြန် ရပ်တန့်လိုက်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။
"ဟင့်အင်း... ကျွန်မ မလာတော့ဘူး... သူ့ကို အန္တရာယ် မပေးပါနဲ့... တောင်းပန်ပါတယ်ရှင့်... သူ့ကို အန္တရာယ် မပေးပါနဲ့"
လင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်။
"ငါ မင်းတို့နဲ့ ကောင်းကောင်းမွန်မွန် စကားပြောခဲ့တာပဲလေ မဟုတ်လား... အဲ့ဒီအတွက် မင်းတို့က ဘယ်လိုပြန် လုပ်ခဲ့လဲ"
"ငါ့ကို အနိုင်ကျင့်လို့ လွယ်မယ် ထင်နေတာလား... ဒီလန်ယွဲ့ဟွာက ဘာမို့လို့ ငါ့ရှေ့မှာ လာပြီး မိန်းမဝါဒီတွေဘာတွေ လာလုပ်ပြနေရတာလဲ"
"ဒီသင်္ဘောပေါ် တက်လာတဲ့ ယောကျ်ားတိုင်းက ဒူးထောက်ရမယ် ဟုတ်လား... ဟားဟားဟား... သောက်ကျိုးနည်း... ဒါက သူ့အမေပိုင်တဲ့ သင်္ဘောမို့လို့လား... ဒါ လင်ကျောင်းတက္ကသိုလ်ရဲ့ သင်္ဘောဟ"
"သူ့ရဲ့ ဒီခန္ဓာကိုယ်ဖြစ်တည်မှုတောင်မှ တစ်ဝက်ကို ယောကျ်ားတစ်ယောက်က ပေးထားတာပဲ"
"သူက ဒီနေရာမှာ မိန်းမဝါဒီကို အမြင့်မြတ်ဆုံး လာလုပ်ပြဖို့ ဘာအရည်အချင်းများ ရှိနေလို့လဲ... ဟမ်... မင်း ငါ့ကို ပြောစမ်း"
လင်းယာက လန့်ဖျပ်သွားပြီး မျက်နှာများ ဖြူရော်သွားကာ အလျင်စလို ရှင်းပြလိုက်သည်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ယွဲ့ဟွာက... သူလည်း ရေဘေးကြီး အစပိုင်းမှာ ဆိုးရွားတဲ့ ကိစ္စတွေကို အများကြီး မြင်တွေ့ခဲ့ရလို့ပါရှင်"
"သူ့ရဲ့ မူလစရိုက်က မဆိုးပါဘူး... သူ လူတွေကို အများကြီး ကယ်တင်ခဲ့ဖူးပါတယ်"
"သင်္ဘောပေါ်က ဒီမိန်းကလေးတွေကလည်း အခြားလူတွေရဲ့ အနိုင်ကျင့် စော်ကားခံရလို့ သူ သွားကယ်လာခဲ့တာတွေပါ... သူက တကယ်ကို လူကောင်း တစ်ယောက်ပါရှင့်"
လင်းယာက ငိုယိုရင်း တောင်းပန် ရှင်းပြနေသည်။
လင်းယွမ်က တုန်လှုပ်ခြင်း မရှိပေ။ တကယ်တမ်း သူ၏ စိတ်နှလုံး နက်ရှိုင်းရာ တစ်နေရာတွင်တော့ သူက အပြင်ပန်းတွင် ပြသနေသကဲ့သို့ ဒေါသထွက်နေခြင်း မဟုတ်ပေ။
ပြောင်းပြန်အားဖြင့် သူ၏ စိတ်အထဲတွင် အလွန်တရာ တည်ငြိမ်နေသည်။
ဤကမ္ဘာကြီး ပျက်စီးသွားချိန်တွင် ဘယ်လို ထူးဆန်းသည့် လူစားမျိုးတွေမဆို ပေါ်ထွက်လာနိုင်သည်။
ကမ္ဘာကြီး၏ အမှောင်ခြမ်းကို မြင်တွေ့ခဲ့ရသော အမျိုးသမီးတစ်ယောက်က အစွန်းရောက် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ တစ်ယောက်အဖြစ် ပြောင်းလဲသွားခြင်းက သူ့ကို အံ့သြစေခြင်း မရှိပေ။
သူက ဒီလောက် ပြင်းထန်တဲ့ လက်စွမ်းမျိုးကို အသုံးပြုရခြင်းက ချိုးရင်ယွဲ့ တို့အတွက် တကယ်ပဲ မခံမရပ်နိုင် ဖြစ်နေလို့ မဟုတ်ပေ။
သူ လုပ်ချင်တာက ဒီအမျိုးသမီးရဲ့ အရိုးတွေကို ချိုးနှိမ်ပစ်ပြီး ဒီ ဘုရင်မသင်္ဘောကို သူကိုယ်တိုင် အသုံးပြုနိုင်ဖို့ပဲ ဖြစ်သည်။
သို့သော် ဒီအမျိုးသမီးက ဒီသင်္ဘောပေါ်မှာ သြဇာအာဏာ အလွန်ကြီးမားပုံရသည်။ တိုက်ရိုက် သတ်ပစ်လိုက်မည် ဆိုပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်သည်ဟု မပြောနိုင်ပေ။
လင်းယာနှင့် မြေပြင်ပေါ်တွင် လဲကျနေကာ သေသည်ရှင်သည် မသိရသေးသော လျှိုဆစ်ဆစ်တို့ကို ကြည့်ရင်း လင်းယွမ်၏ အကြည့်များ နက်ရှိုင်းရာ တစ်နေရာ၌ စဉ်းစားတွေးတောနေသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
လန်ယွဲ့ဟွာက သူမ သေသေရှင်ရှင် ဂရုမစိုက်ဘူး ဆိုလျှင်တောင် ဒီလူတွေရဲ့ အသက်ကိုရော ဂရုမစိုက်ဘူးလား။
ဒီအချက်ကို တွေးမိသွားသောအခါ သူက ချက်ချင်း အေးစက်စက် အပြုံးတစ်ခုကို ပြုံးလိုက်သည်။
"မင်းက သူ့ကို လွှတ်ပေးစေချင်တာလား"
"ဟုတ်ကဲ့... ဟုတ်ကဲ့"
လင်းယာက ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်ပြီး လင်းယွမ်ကို တောင်းပန်သည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ကောင်းပြီလေ... သူ့ကို ငါ အသက်ချမ်းသာ ပေးလို့ရပါတယ်... ဒါပေမယ့် ငါ့မှာလည်း တောင်းဆိုချက် တစ်ခု ရှိတယ်"
လင်းယာက အလျင်အမြန် ပြောလိုက်သည်။
"ဆရာ ပြောပါ... ကျွန်မတို့ လုပ်နိုင်သမျှ ဆိုရင်တော့... အစွမ်းကုန် ကြိုးစားပြီး လုပ်ပေးပါ့မယ်"
လင်းယွမ်က လင်းယာကို အဓိပ္ပါယ်ပါပါ အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"မင်း သေချာပေါက် လုပ်နိုင်ပါတယ်"
"ငါ မင်းကို လိုချင်တယ်"
"ရှင်"
လင်းယာက ချက်ချင်း အံ့သြသွားပြီးနောက် သူမ၏ မျက်နှာတစ်ခုလုံး နီရဲသွားသည်။
လန်ယွဲ့ဟွာက ချက်ချင်း ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ဆဲရေးတိုင်းထွာလိုက်သည်။
"တိရစ္ဆာန်ကောင်... နင် လုံးဝစိတ်မကူးနဲ့... ငါ သေရမယ်ဆိုရင်တောင် နင့်အကြံအစီ မအောင်မြင်စေရဘူး"
(ရှေ့အပိုင်းမှာ ပါတဲ့အတိုင်းဆို ဒီ လန်ယွဲ့ဟွာဆိုတဲ့မိန်းမက အဲ့လင်းယာကို ကြိုက်နေတာတဲ့၊ လင်းယာက လိင်တူ စိတ်မဝင်စားတဲ့အတွက် အစပိုင်းက အဲ့မိန်းမကို ရှောင်နေခဲ့တာတဲ့)
ဆက်ရန်...