← Chapters

အခန်း (၃၉၃-၃၉၄)

Vol. 20 Ch. 393-394

အခန်း (၃၉၃-၃၉၄)

Vol. 20 Ch. 393-394

အပိုင်း(၃၉၃) လင်ကျန်းဟီ သေဆုံးခြင်း

လင်ကျန်းဟီက လင်းယွမ်ကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် ရူးသွပ်မှုနှင့် ပုံမှန်မဟုတ်သော ရိုင်းစိုင်းကြမ်းတမ်းမှုများ ပြည့်နှက်နေသည်။

ရွှေကိုယ်ထည်က သူ့အား ပြိုင်ဘက်ကင်းသော ကာကွယ်နိုင်စွမ်းကို ပေးစွမ်းထားပြီး ယနေ့အချိန်အထိ သူ၏ ရွှေကိုယ်ထည်ကို ထိုးဖောက်နိုင်စွမ်းရှိသည့် ပြိုင်ဘက်မျိုး သူ မတွေ့ဖူးသေးချေ။

တကယ်တမ်းတွင်လည်း သူ၏ ရွှေကိုယ်ထည် ပံ့ပိုးမှုအောက်၌ ကာကွယ်နိုင်စွမ်းမှာ ၅၀ မှတ် ဟူသော အမြင့်ဆုံး ကန့်သတ်ချက်အထိ ရောက်ရှိနေပြီ ဖြစ်သည်။

အကယ်၍ မျိုးရိုးဗီဇမျိုးစေ့ကိုသာ နိုးထနိုင်ခဲ့မည်ဆိုလျှင် သူသည် ကာကွယ်နိုင်စွမ်း ၅၀ မှတ်ကို အမှန်တကယ် ကျော်လွန်သွားနိုင်မည် ဖြစ်သည်။

သာမန် အစွမ်းပိုင်ရှင်များအနေဖြင့် သူ့ကို အမှန်တကယ် မည်သို့မျှ မတတ်နိုင်ကြပေ။

သူက ထိုနေရာတွင် ရပ်နေကာ ရန်သူများကို အတိုက်ခိုက်ခံလိုက်လျှင်ပင် ရန်သူများက သူ့အား ထိခိုက်ဒဏ်ရာရအောင် မည်သို့မျှ လုပ်နိုင်မည် မဟုတ်ချေ။

ဤသည်ကပင် လင်ကျန်းဟီ မာနထောင်လွှားနေရသည့် အဓိက အကြောင်းရင်းပင် ဖြစ်သည်။

လင်းယွမ်က သူ့ရှေ့ရှိ အလွန်အမင်း မာနထောင်လွှားနေသော သူဌေးသားလေးကို ကြည့်ရင်း ဆွံ့အသွားမိသည်။

"မင်းက တော်တော် အစွမ်းထက်တဲ့သူလို့ ထင်ထားတာ... တကယ်တော့ မင်းက ရူးနေတဲ့ ကောင်ပဲ"

"အစွမ်းလေး နည်းနည်းရှိတာနဲ့ပဲ... ကိုယ့်ကိုယ်ကိုယ် လောကကြီးမှာ ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာပဲ"

လင်းယွမ်က ဘာပြောရမှန်းမသိဖြစ်ကာ ခေါင်းခါမ်းမိလိုက်သည်။

သူ၏ ကြွက်သားပေါက်ကွဲအစွမ်း ပံ့ပိုးမှုကြောင့် ခွန်အား အရည်အသွေးမှတ်မှာ မျက်စိတစ်မှိတ်အတွင်း ၁၀၀ မှတ်အထိ နှစ်ဆ တိုးလာနိုင်သည်ကိုတော့ မပြောနှင့်ဦး။

ဤကဲ့သို့သော အခြေအနေမျိုးတွင် လင်ကျန်းဟီ၏ ရွှေကိုယ်ထည် တစ်ခုတည်းကို မဆိုထားနှင့်... တစ်ဖက်လူက မျိုးရိုးဗီဇမျိုးစေ့ နိုးထလာခဲ့လျှင်ပင်...

လင်းယွမ်က သူ့ကို အရှင်လတ်လတ် ထုထောင်းသတ်ဖြတ်ပစ်နိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိသည်။

ထို့အပြင် သူသည် အစိမ်းရောင်အဆင့် ပညာရပ်ဖြစ်သော ချိတ်ပိတ် သင်္ကေတ ကိုလည်း ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလား။

ကာကွယ်ရေး အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်က သူ့ကိုယ်သူ တကယ် အထင်ကြီးနေခြင်း ဖြစ်သည်။

ထိုသို့တွေးမိပြီးနောက် လင်းယွမ်က ထပ်မံ တွေဝေမနေတော့ဘဲ ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇများ ပြောင်းလဲသွားကာ စိတ်စွမ်းအင်နှင့် သွေးသားခွန်အားများ ပေါင်းစပ်သွားပြီး သူ၏ လက်ဝါးထဲတွင် ချိတ်ပိတ် သင်္ကေတ တစ်ခုအဖြစ်သို့ လျင်မြန်စွာ စုစည်းသွားလေသည်။

လက်ဝါးထဲရှိ ချိတ်ပိတ် သင်္ကေတ ထံမှ အလင်းရောင်များ တောက်ပလာသည်။

လင်ကျန်းဟီက ရူးသွပ်နေသူ တစ်ယောက်လို အော်ဟစ်နေဆဲ ဖြစ်သည်။ "လာလေ... လုပ်လိုက်စမ်းပါ... ဟားဟားဟား... ဒီနေ့ မင်း ငါ့ကို ဘယ်လောက်တောင် ရက်ရက်စက်စက် လုပ်ခဲ့လဲဆိုတာ... နောက်နေ့ကျရင် မင်း ဂရုစိုက်ရတဲ့ လူတွေအကုန်လုံးကို ဖမ်းပြီး... သူတို့အပေါ် အဆပေါင်းများစွာ ပြန်ကလဲ့စားချေပစ်မယ်... အင့်..."

သူ စကားပင် ပြောလို့ မဆုံးသေးခင်မှာပဲ ရုတ်တရက် အသက်ရှူကျပ်လာသလို ခံစားလိုက်ရသည်။

သူ၏ လည်ချောင်းတွင် တစ်စုံတစ်ခုက ညှစ်ထားသလိုမျိုး နာကျင်မှုကို မသိမသာ ခံစားလိုက်ရသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လင်ကျန်းဟီက မယုံကြည်နိုင်ဖြစ်သွားသည်။ ရွှေကိုယ်ထည် အခြေအနေတွင် သူသည် မည်သည့် ထိခိုက်ဒဏ်ရာကြောင့်မှ နာကျင်မှုကို ခံစားရလေ့ မရှိပေ။

ဤသည်က သူ၏ ရွှေကိုယ်ထည် အခြေအနေတွင် အရေပြား နာကျင်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။

သူက ကမန်းကတန်း ခေါင်းငုံ့ကာ သူ၏ လည်ပင်းကို ကြည့်လိုက်သည်။

သို့သော် သူ၏ လည်ပင်းနေရာရှိ နဂိုက ရွှေရောင် တောက်ပနေသော အရေပြားနှင့် အသားစများမှာ ယခုအခါ ရွှေရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သာမန် သွေးသား အသွင်အပြင် အဖြစ်သို့ အစားထိုး ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

"မဖြစ်နိုင်ဘူး... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လင်ကျန်းဟီ၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် အကြောက်တရားများ ပေါ်လွင်လာသည်။

သူ၏ ပြိုင်ဘက်ကင်း ကာကွယ်နိုင်စွမ်းကြီး ပျက်စီးသွားသောအခါ သူ၏ အားနည်းပြီး ထိခိုက်လွယ်သော စိတ်နှလုံးက အလုံးစုံ ပေါ်လွင်လာတော့သည်။

အစွမ်းများအပေါ် မှီခိုကာ တည်ဆောက်ထားခဲ့သော သူ၏ အင်အားကြီးမားမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများမှာ ယခုအခါ လင်းယွမ်က သူ၏ ပြိုင်ဘက်ကင်း ကာကွယ်နိုင်စွမ်းကို ဆုတ်ဖြဲလိုက်ပြီးနောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ဘယ်လိုငတုံးလဲဟ... မင်း ဒီနေ့အထိ အသက်ရှင်နေနိုင်တာက တကယ်ကို မယုံနိုင်စရာပဲ"

လင်းယွမ်က အသံနှိမ့်ကာ လှောင်ပြောင်လိုက်သည်။ "ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်မှာ... ဘယ်လို အစွမ်းမျိုးက မရှိလို့လဲ... ဘယ်သူကများ ကိုယ့်အစွမ်းက ပြိုင်ဘက်ကင်းတယ်လို့ ပြောရဲမှာလဲ"

"ဒီကမ္ဘာမှာ... ပြိုင်ဘက်ကင်းတဲ့ အစွမ်းဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး... ဘယ်လို အစွမ်းမျိုးပဲ ဖြစ်ဖြစ် အားနည်းချက်ဆိုတာ ရှိစမြဲပဲ"

"မင်းလို လူမိုက်က... တကယ်ကို ဘယ်လို တွေးနေလဲဆိုတာ ငါ မသိတော့ဘူး"

"ကာကွယ်ရေး အစွမ်းတစ်ခုက... ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... မင်းကို ဒီလောက်အထိ မာနထောင်လွှားသွားစေဖို့တော့ မဖြစ်သင့်ဘူးလေ"

"ပွင့်ပွင့်လင်းလင်း ပြောရရင်... မင်းကို သတ်ဖို့ ငါ့မှာ နည်းလမ်းပေါင်း မရေမတွက်နိုင်အောင် ရှိတယ်"

"ဒါပေမယ့် အဲဒီနည်းလမ်းတွေထက်... မင်းမှာ ဒီအစွမ်း မရှိတော့ရင်... အခုလိုမျိုး မောက်မာနေနိုင်သေးလားဆိုတာကို ငါက ပိုကြည့်ချင်တာ"

"ဝုန်း"

လင်းယွမ်က လင်ကျန်းဟီ၏ ရွှေရောင် ဗိုက်ပေါ်သို့ လက်သီးဖြင့် အပြင်းအထန် ထိုးချလိုက်သည်။

ရုတ်တရက် "ဖုန်း" ဟူသော ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီး စွမ်းအင်ချိတ်ပိတ်လက်သီးက တစ်ဖက်လူ၏ ဗိုက်ကို ရက်ရက်စက်စက် ထိုးချေပစ်လိုက်သည်။

သူ၏ ဗိုက်ပေါ်ရှိ ရွှေရောင်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ဗိုက်တစ်ခုလုံးလည်း ချိုင့်ဝင်သွားတော့သည်။

ဗိုက်ထဲရှိ ကလီစာများအားလုံးကလည်း ရွှေရောင် အခြေအနေမှ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သာမန် သွေးသား အသွင်အပြင်သို့ ပြန်လည် ရောက်ရှိသွားကြသည်။

နာလိုက်တာ...

အလွန်အမင်း နာကျင်မှု။

လင်ကျန်းဟီက အစွမ်းများ အပြည့်အဝ ဖွင့်ထားသည့် အခြေအနေမျိုးတွင် ဤမျှလောက် နာကျင်စွာ အရိုက်ခံရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ထိုအရာက သူ၏ ဦးနှောက်ထဲတွင် ရေလွှမ်းမိုးဘေးကြီး စတင်ဖြစ်ပွားချိန်က သမ္မတ ၇ ဇိမ်ခံသင်္ဘောပေါ်ရှိ အဖြစ်အပျက်များကို ပြန်လည် အမှတ်ရသွားစေသည်။

တစ်ချိန်က သူဌေးသားလေး ဖြစ်ခဲ့ဖူးသော သူသည် လုံခြုံရေးဝန်ထမ်း တစ်ယောက်၏ လှောင်ပြောင် သရော်ခြင်းကို ခံခဲ့ရသည့် မြင်ကွင်းများပင် ဖြစ်သည်။

သူ၏ မျက်နှာပေါ်တွင် အကြောက်တရားများ တဖြည်းဖြည်း ပေါ်လွင်လာသည်။

ရေလွှမ်းမိုးဘေးကြီး မတိုင်မီက သူ၏ ဖခင်မှာ ကုဋေတစ်ထောင်ကျော် ကြွယ်ဝသော သူဌေးကြီး ဖြစ်ပြီး သူသည် တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်သည်။

သမ္မတ ၇ ကဲ့သို့သော အဆင့်မြင့် ဇိမ်ခံသင်္ဘောမျိုးကိုပင် သူက အလွယ်တကူ ငှားရမ်းကာ အပန်းဖြေနိုင်ခဲ့သည်။

ထိုနေ့က သူသည် မော်ဒယ်လေးများ၊ နာမည်ကြီး အနုပညာရှင်များနှင့် သူငယ်ချင်း တစ်စုကို ခေါ်ဆောင်ကာ သမ္မတ ၇ ဇိမ်ခံသင်္ဘောကို ငှားရမ်းပြီး ဆန်းရှားချောက်ကမ်းပါး သို့ အပန်းဖြေ ခရီးထွက်ခဲ့ကြသည်။

မိုးလေဝသ ခန့်မှန်းချက်များအရ နောက်လာမည့် အချိန်များတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု ပြောထားသော်လည်း...

သူတို့ထဲမှ မည်သူကမျှ ဂရုမစိုက်ခဲ့ကြပေ။

မိုး ဘယ်လောက်ပဲ သည်းသည်း... သမ္မတ ၇ လို ဧရာမ ဇိမ်ခံသင်္ဘောကြီးကို နစ်မြုပ်သွားစေနိုင်မှာ မို့လို့လား။

တကယ်တမ်းတွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုက ယခုအချိန်အထိ ဆက်လက် ဖြစ်ပေါ်နေပြီး ကမ္ဘာ့နေရာ အနှံ့အပြားတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေသည်။

သို့သော် သမ္မတ ၇ ကတော့ နစ်မြုပ်မသွားခဲ့ဘဲ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာကာ လင်ကျောင်း အထိ မျောပါလာခဲ့သည်။

ရေလွှမ်းမိုးဘေးကြီး ဖြစ်ပွားပြီး ပထမဆုံး တစ်လအကြာတွင် သမ္မတ ၇ ပေါ်၌ ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

တချို့က ကမ်းကပ်ပြီး အိမ်ပြန်ချင်ကြသလို... တချို့ကတော့ အစားအသောက် မလုံလောက်တော့သည်ကို ရိပ်မိသွားကာ အစားအသောက်များကို တိတ်တဆိတ် စုဆောင်းလာကြသည်။

တစ်ချိန်က လူတိုင်း၏ ချီးမွမ်းမြှောက်ပင့်ခြင်းကို ခံခဲ့ရသော သူဌေးသားလေး သူသည် ပဋိပက္ခတစ်ခု အတွင်း၌ ခန္ဓာကိုယ် ထွားကျိုင်းသော လုံခြုံရေးဝန်ထမ်း တစ်ယောက်၏ ပါးရိုက်ခြင်းကို ခံခဲ့ရသည်။

ထိုစဉ်က သူ အလွန်အမင်း ဒေါသထွက်ခဲ့သော်လည်း ရလဒ်အနေဖြင့် ပိုမို ကြောက်မက်ဖွယ်ကောင်းသော အရိုက်ခံရခြင်းကိုသာ ရရှိခဲ့သည်။

ထိုအချိန်မှစ၍ သမ္မတ ၇ ပေါ်ရှိ အခြေအနေများမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်က ငွေကြေးနှင့် ဩဇာအာဏာ ရှိခဲ့ကြသော သူတို့သည် ယခုအခါတွင် အဆင့်အတန်း မရှိတော့ပေ။

နာမည်ကြီး အနုပညာရှင်များ၊ မော်ဒယ်လေးများကလည်း သူတို့အနားတွင် ဝိုင်းအုံမနေကြတော့ချေ။

ထိုဖာသည်မများက အပြန်အလှန်အားဖြင့် ခန္ဓာကိုယ် ထွားကျိုင်းသော လုံခြုံရေးဝန်ထမ်းများနှင့် သက်တော်စောင့်များကိုသာ ဝိုင်းအုံလာကြသည်။

သူ အနှစ်သက်ဆုံး မော်ဒယ်ကောင်မလေး တစ်ယောက်ကို လုံခြုံရေးဝန်ထမ်း သုံးယောက်က သမ္မတ အခန်းထဲသို့ ဆွဲခေါ်သွားကာ တစ်ယောက်တစ်လှည့်စီ အိပ်ခဲ့ကြသည်။

တစ်ချိန်က သူ၏ နှိမ်ချခြင်းကို ခံခဲ့ရသော လုံခြုံရေးဝန်ထမ်းက သူ၏ အဝတ်အစားများကို ချွတ်ကာ ခုံပေါ်တွင် ချည်နှောင်ထားပြီး သူ၏ မော်ဒယ်ကောင်မလေးကို အခြားသူများက ကစားနေသည်ကို အတင်းအဓမ္မ ကြည့်ခိုင်းခဲ့သည်။

လင်ကျန်းဟီက မျှော်လင့်ချက် ကင်းမဲ့သွားကာ တောင်းပန်ခဲ့သည်... ငိုယိုခဲ့သည်... မက်လုံးပေးခဲ့သည်။

သို့သော် အသုံးမဝင်ခဲ့ပေ။ ရေလွှမ်းမိုးဘေးကြီးက ပိုမို ကြီးမားလာသည်နှင့်အမျှ လူတိုင်းက ဤကမ္ဘာကြီးမှာ လုံးဝ ကယ်တင်၍ မရတော့ကြောင်းကို သဘောပေါက်သွားကြသည်။

ထိုလူတစ်စုက ရူးသွပ်သွားကြပြီး တစ်ချိန်က ရှိခဲ့သော စည်းမျဉ်းစည်းကမ်းများကို စိတ်ကြိုက် ချိုးဖောက်လာကြသည်။

တစ်ချိန်က သူတို့အထက်တွင် ရှိခဲ့သော လူကြီးလူကောင်းများကို ဖမ်းဆီးကာ စိတ်ကြိုက် လှောင်ပြောင် သရော်လာကြသည်။

တချို့က မိန်းမများကို ကစားရုံဖြင့် အားမရတော့ဘဲ လိင်တူချင်းပါ ကစားလာကြသည်။

လင်ကျန်းဟီ၏ မှတ်ဉာဏ်များက ဤနေရာသို့ ရောက်လာသောအခါ အလွန်အမင်း ကြောက်ရွံ့လာတော့သည်။

သူ၏ မျက်နှာမှာ ရှုံ့မဲ့သွားကာ ရူးသွပ်စွာဖြင့် အော်ဟစ် ငိုယိုလာသည်။

"ဟင့်အင်း... မလုပ်ပါနဲ့... မလုပ်ပါနဲ့"

"ငါ မှားသွားပါတယ်... ငါ့ကို ခွင့်လွှတ်ပါ... ငါ မရဲတော့ပါဘူး... နောက် ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး"

"မင်းတို့ကို ငါ ငွေပေးမယ်... မင်းတို့ကို ငွေတွေ အများကြီး ပေးမယ်"

"ငါ့အဖေက ကျုံးရှင်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ ဥက္ကဋ္ဌပဲ... သူ့မှာ ငွေတွေ အများကြီး ရှိတယ်... ဟင့်အင်း... မလုပ်ပါနဲ့"

လင်ကျန်းဟီက လင်းယွမ်၏ လက်မောင်းကို ရူးသွပ်စွာ ဆွဲဆုတ်နေပြီး သူ၏ မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်နေကာ အကြည့်များက အသက်မဲ့နေပြီး ကြောက်မက်ဖွယ်ကောင်းသော အတိတ်မှတ်ဉာဏ်များထဲသို့ နစ်မြုပ်နေသကဲ့သို့ ဖြစ်နေသည်။

လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားမိသည်။

သူက မည်သည့် စိတ်စွမ်းအင်ဆိုင်ရာ ပညာရပ်ကိုမျှ အသုံးမပြုခဲ့ပေ။

ဒီကောင်က ဘယ်လိုလုပ်ပြီး သူ့ဘာသာ ဦးနှောက်ပျက်သည့် အခြေအနေထဲ ရောက်သွားရတာလဲ။

လင်ကျန်းဟီ၏ အော်ဟစ်သံများနှင့် တောင်းပန်သံများကို ကြားရသောအခါ လင်းယွမ်က ဤကောင်၏ ရူးသွပ်မှု နောက်ကွယ်တွင် တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ရကြောင်းကို မသိမသာ နားလည်သွားသည်။

နားလည်သော်လည်း လင်းယွမ်က တစ်ဖက်လူကို သနားစိတ် မဝင်ခဲ့ပေ။

ဤခွေးကောင်က ထိခိုက်နစ်နာမှုများ ခံစားရပြီးနောက်တွင် ရွှေကိုယ်ထည် ကဲ့သို့သော အစွမ်းထက်သည့် ကာကွယ်ရေး ပညာရပ်ကို နိုးထလာခဲ့ခြင်းမှာ ထင်ရှားလှသည်။

ထို့နောက် သူ၏ လုပ်ရပ်များကို ကြည့်ရသည်မှာ သေချာပေါက် ရူးသွပ်စွာ လက်စားချေခဲ့ခြင်းပင် ဖြစ်လိမ့်မည်။

လင်းယွမ်က လက်လှမ်းကာ တြိဂံ ဓားရှည်ကို ထုတ်ယူလိုက်ပြီး အပြင်ပန်းသာ ကြည့်ကောင်းပြီး အတွင်းထဲတွင် အားနည်းလှသော ဤသူဌေးသားလေးကို အဆုံးသတ်ပေးရန် ပြင်ဆင်လိုက်သည်။

ရုတ်တရက် ထောင့်စွန်းတစ်နေရာမှ မိန်းမတစ်ယောက်၏ ဝုတ်ဝုတ်ဝုတ် ဟူသော ခွေးဟောင်သံ အချို့ ထွက်ပေါ်လာသည်။

လင်းယွမ်က အံ့အားသင့်သွားကာ အလိုအလျောက် နောက်လှည့်ကြည့်လိုက်ပြီးနောက် ဆွဲဆောင်မှုရှိသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အလှမယ်ခွေးမလေး အချို့ ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က ချက်ချင်း မှင်သက်သွားကာ အလိုအလျောက်ပင် လင်ကျန်းဟီကို သူ့ရှေ့သို့ ဆွဲယူကာ အကာအကွယ်အဖြစ် ထားလိုက်သည်။

သို့သော် ထိုအလှမယ်ခွေးမလေးများ၏ ပစ်မှတ်မှာ သူမဟုတ်ဘဲ လင်ကျန်းဟီ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"ဝူး"

"အား"

အလှမယ်ခွေးမလေး အချို့က လင်ကျန်းဟီ၏ ခန္ဓာကိုယ်ပေါ်သို့ ရူးသွပ်စွာ ခုန်အုပ်လိုက်ကြပြီး အထဲမှ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အချိုးအစားနှင့် လှိုင်းတွန့် ဆံပင်များရှိသည့် အလှမယ်ခွေးမလေးက သူမ၏ ပါးစပ်ထဲရှိ ပလတ်စတစ်ဘောလုံးကို ထွေးထုတ်လိုက်ကာ အသက်မဲ့နေသော မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်နေပြီး လင်ကျန်းဟီ၏ လည်ပင်းကို ရက်ရက်စက်စက် ကိုက်ခဲလိုက်သည်။

"ဂလု... ဂလု"

သူမက လင်ကျန်းဟီ၏ လည်ပင်းကို အတင်း ကိုက်ဖြဲကာ သွေးများကို အားရပါးရ သောက်ပြီး သူ၏ အသားများကို ဝါးစားနေသည်။

အခြားသော အလှမယ်ခွေးမလေးများကလည်း ရူးသွပ်နေသူများလို ဝင်ရောက် ကိုက်ခဲကြသည်။

လင်ကျန်းဟီက နာကျင်စွာ အော်ဟစ်လိုက်ပြီး ဤအလှမယ်ခွေးမလေးများကို မြင်သောအခါ အစွမ်းအသုံးပြုရန်ပင် မေ့လျော့သွားကာ ရူးသွပ်စွာဖြင့် လက်တွေခြေတွေကို ရမ်းကားနေတော့သည်။

ပါးစပ်မှလည်း စူးရှစွာ အော်ဟစ်နေသည်။ "ဟင့်အင်း... မလုပ်ပါနဲ့ လီလီ... မန်မန်... မလုပ်ကြပါနဲ့... မင်းတို့ပဲ... မင်းတို့ပဲ ငါ့ကို အရင် သစ္စာဖောက်ခဲ့တာ... မင်းတို့ပဲလေ"

သူက လင်းယွမ်၏ ချိတ်ပိတ် သင်္ကေတ အကွာအဝေးမှ လွတ်မြောက်သွားပြီ ဖြစ်သော်လည်း အစွမ်းအသုံးပြုရန် မသိတော့ချေ။

အရူးတစ်ယောက်လိုပင် ဤအလှမယ်ခွေးမလေးများနှင့် လုံးထွေး သတ်ပုတ်နေတော့သည်။

ထိုအလှမယ်ခွေးမလေးများကလည်း ရူးသွပ်နေကြပြီး အထဲမှ တစ်ယောက်ဆိုလျှင် သူ၏ ခြေကန်ချက်ကြောင့် ဗိုက်ပွင့်ထွက်ကာ ပါးစပ်မှ သွေးများ အန်ကျလာသည်။

သို့သော် သူမက လင်ကျန်းဟီ၏ ပေါင်မှ အသားတစ်စကို အသေအလဲ ကိုက်ထားပြီး အသားတစ်တစ်ကြီးကို ရက်ရက်စက်စက် ဆွဲဖြဲပစ်လိုက်သည်။

အခြား အလှမယ်ခွေးမလေး တစ်ယောက်ကလည်း သူ၏ လက်သီးချက်ကြောင့် ပခုံးတစ်ဖက် ကျိုးကြေသွားသော်လည်း အလားတူပင် ပါးစပ်ကို မလွှတ်ဘဲ သူ၏ သွေးကြောများကို ကိုက်ဖြတ်ပစ်လိုက်သည်။

ခဏအကြာတွင် လင်ကျန်းဟီ၏ ခန္ဓာကိုယ် တစ်ခုလုံး သွေးများ ရွှဲနစ်နေပြီး လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။

သူက ယိမ်းယိုင်စွာဖြင့် ထရပ်လိုက်ပြီး မျက်နှာပေါ်တွင် မျှော်လင့်ချက် ကင်းမဲ့မှု၊ ဒေါသထွက်မှုတို့နှင့်အတူ ပြောပြ၍မရသော အကြောက်တရားများလည်း ရှိနေသည်။

"မင်းတို့ပဲ... မင်းတို့အားလုံး ငါ့ကို အတင်းအကျပ် လုပ်ခိုင်းတာပဲ"

"မင်းတို့ ငါ့ကို သစ္စာဖောက်ခဲ့တာ... မင်းတို့ ငါ့ရဲ့ အစားအသောက်တွေကို ခိုးသွားကြတာ"

"မင်းတို့အားလုံးက ငါ ပိုက်ဆံပေးပြီး ငှားထားတဲ့ သူတွေချည်းပဲ... မင်းတို့အားလုံး ငါ့ကို သစ္စာဖောက်ပြီး အောက်တန်းကျတဲ့ လုံခြုံရေးဝန်ထမ်းတွေနဲ့ အိပ်ခဲ့ကြတာပဲ"

"မင်းတို့ သေသင့်တယ်... သေသင့်တယ်... ဟား... ဟား..."

သူက အဆက်မပြတ် အသက်ရှူပြင်းနေပြီး နောက်ဆုံးတော့ အစွမ်းအသုံးပြုရန် သတိရသွားသည်။

ခန္ဓာကိုယ်တွင်းရှိ အစွမ်းများ လည်ပတ်သွားကာ ခန္ဓာကိုယ်ပေါ်တွင် မှိန်ဖျော့သော ရွှေရောင် အလင်းတန်း တစ်လွှာ ဖုံးလွှမ်းသွားသည်။

သူ၏ သွေးများကပင် ရွှေရောင်များ စွန်းထင်းသွားသည့်အလား မြေပြင်ပေါ်သို့ စီးကျသွားသောအခါ တလက်လက် တောက်ပနေသည်။

သို့သော်လည်း ယခုအခါတွင် သူသည် နောက်ဆုံး၌ လမ်းဆုံးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေလျှင်ပင်... သူ၏ အသက်ရှင်သန်နိုင်စွမ်းက သာမန်လူများထက် ပိုမို အားကောင်းသော်လည်း ယခုအချိန်တွင်မူ တောင့်ခံထားနိုင်ခြင်း မရှိတော့ပေ။

သူ၏ သွေးများ အများကြီး ထွက်သွားခဲ့ပြီ ဖြစ်သည်။

သင်္ဘောကုန်းပတ် တစ်ခုလုံးကိုပင် စွန်းထင်းသွားခဲ့ပြီ ဖြစ်သည်။

လင်ကျန်းဟီက ယိမ်းယိုင်စွာဖြင့် သင်္ဘောလက်ရန်းကို ကိုင်ထားလိုက်ပြီး သူ၏ မျက်လုံးများက အနည်းငယ် ကြည်လင်လာသည်။

သူ၏ သတိကလည်း ပြန်လည် ရရှိလာပုံပေါ်သည်။

မြေပြင်ပေါ်ရှိ ထိုအလှမယ်ခွေးမလေးများကို ငေးမောစွာ ကြည့်နေသည်။

ထိုအထဲတွင် တစ်ချိန်က သူ၏ မော်ဒယ်ကောင်မလေးများ၊ သူက သင်္ဘောပေါ်သို့ ဖိတ်ခေါ်ခဲ့သော သူဌေးသမီးလေးများ ပါဝင်သည်။

ရေလွှမ်းမိုးဘေးကြီး ဖြစ်ပွားပြီး ပထမဆုံး တစ်လအကြာတွင် ဤလူများအားလုံး သူ့ကို သစ္စာဖောက်ကာ ထွက်သွားခဲ့ကြသည်။

တချို့က ထိုလုံခြုံရေးဝန်ထမ်းစုတ်များကို မြှူဆွယ်ရန်အတွက် ကိုယ်တိုင် သွားရောက် အိပ်ပေးရုံသာမက ထိုလူများ၏ ပုံမှန်မဟုတ်သော တပ်မက်မှုများကို ဖြည့်ဆည်းပေးရန်အတွက် တစ်ချိန်က အမြင့်ဆုံး နေရာတွင် ရှိခဲ့သော သူဌေးသားလေး သူ့ကိုပင် ရက်ရက်စက်စက် အရှက်ခွဲကာ ကစားခဲ့ကြသည်။

ထိုလူများ ဝမ်းသာစေရန်နှင့် သူမတို့ကို စားစရာ တစ်လုတ်လောက် ကျွေးစေရန်အတွက်သာ ဖြစ်သည်။

ထို့ကြောင့် သူ အစွမ်းနိုးထလာပြီးနောက်တွင်လည်း ဤကောင်မစုတ်များကို အလားတူပင် ခွင့်မလွှတ်ခဲ့ပေ။

သူက သူမတို့ကို ခွေးတစ်ကောင်လို သဘောထားကာ လူတစ်ယောက်၏ အခွင့်အရေးကို လုံးဝ ဆုံးရှုံးသွားစေခဲ့သည်။

ဤသို့ ပြုလုပ်မှသာ သူ၏ ရင်ထဲရှိ အမုန်းတရားများကို ဖြေဖျောက်နိုင်မည် ဖြစ်သည်။

ကောင်းကင်ထက်မှ သည်းထန်စွာ ရွာသွန်းနေသော မိုးရေများကို ကြည့်ရင်း လင်ကျန်းဟီ၏ မျက်လုံးများက တဖြည်းဖြည်း တွေဝေလာသည်။

"ဒီမိုးက... ဘယ်အချိန်အထိ ရွာနေဦးမှာလဲ"

"အဖေ... အမေ... သား အဖေနဲ့အမေကို လွမ်းတယ်"

"ဟူး"

သူ၏ မျက်လုံးများ မှိတ်ကျသွားပြီး လက်ထဲတွင်လည်း ခွန်အား အနည်းငယ်မျှပင် မရှိတော့ပေ။

လူတစ်ကိုယ်လုံးက သင်္ဘောလက်ရန်း အပြင်ဘက်သို့ လိမ့်ကျသွားတော့သည်။

"ဗွမ်း"

ရေပက်လက်များ လွင့်စင်လာကာ လှိုင်းကြက်ခွပ်လေးများ လှုပ်ခတ်သွားသည်။

လင်းယွမ်က ထိုမြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့လိုက်ရပြီး တဖြည်းဖြည်း ရွှေရောင် စွန်းထင်းလာသော ရေမျက်နှာပြင်နှင့် ထို့နောက်တွင် တဖြည်းဖြည်း မှေးမှိန်သွားသော လှိုင်းလုံးလေးများကို ကြည့်လိုက်သည်။

သူက တိတ်ဆိတ်စွာပင် ဘာမှ မပြောတော့ချေ။

လူတချို့က သနားစရာကောင်းတဲ့သူတိုင်းမှာ မုန်းစရာကောင်းတဲ့ အချက်တွေ ရှိတတ်တယ်လို့ ပြောကြသည်။

တကယ်တော့ ဒီစကားကို ပြောင်းပြန်ပြောရင်လည်း အတူတူပင် ဖြစ်သည်။ မုန်းစရာကောင်းတဲ့ သူတိုင်းမှာလည်း သနားစရာကောင်းတဲ့ အချက်တွေ ရှိတတ်ကြသည်။

လင်းယွမ်က ဤသူဌေးသားလေးကို သွားရောက် သနားမနေခဲ့ပေ။

သူသည်လည်း ဤဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်ပေါ်ရှိ ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်သည်။

အခြား ပုရွက်ဆိတ်များနှင့် နှိုင်းယှဉ်လျှင် သူက ပိုမို ပြီးပြည့်စုံစွာ ဖွံ့ဖြိုးလာပြီး အခြား ပုရွက်ဆိတ်များထက် ပိုမို လျင်မြန်စွာ ကြီးထွားလာခြင်းသာ ဖြစ်သည်။

သို့သော် ဤမျှသာ ဖြစ်သည်။

သူ့ကိုယ်သူ မည်သူ့ကိုမျှ သနားခွင့် ရှိသည်ဟု မခံစားရပေ။

သူ လုပ်စရာတွေ အများကြီး ရှိသေးသလို သူ၏ လက်အောက်တွင် ခိုလှုံရန် လိုအပ်နေသူများလည်း အများကြီး ရှိနေသေးသည်။

ဤအရေးမပါသော သူများအတွက် သူ၏ ခံစားချက်များကို အလဟဿ ဖြုန်းတီးပစ်ရန် မထိုက်တန်ပေ။

အထူးသဖြင့် လင်ကျန်းဟီ၏ အရင်က ခြိမ်းခြောက်မှုများမှာ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

အကယ်၍ သူသာ အားနည်းသူ တစ်ယောက် ဖြစ်နေမည်ဆိုလျှင် သူ၏ ဇာတ်သိမ်းက ပို၍ပင် ဆိုးရွားသွားနိုင်မည် ဖြစ်သည်။

သူ့နေရာတွင် လင်ကျန်းဟီအတွက် သေလမ်း တစ်လမ်းတည်းသာ ရှိသည်။

ဆက်ရန်...

အပိုင်း(၃၉၄) သမ္မတ ၇ ကို တိုက်ခိုက်ခြင်း

လင်းယွမ်က မြေပြင်ပေါ်တွင် သေလုမျောပါး ဖြစ်နေသော အလှမယ်ခွေးမအချို့ကို တစ်ချက် ကြည့်လိုက်သည်။

သုံးမြှောင့်ဓားရှည်ကြီးကို ဆွဲယူလိုက်ပြီး ရွှပ်ခနဲ ရွှပ်ခနဲ ခုတ်ပိုင်းလိုက်ကာ သူတို့၏ အဖြစ်ဆိုးလှသော ဘဝကို အဆုံးသတ်ပေးလိုက်သည်။

"စောစော အဆုံးသတ်သွားတာ... မင်းတို့အတွက်လည်း စောစော လွတ်မြောက်သွားတာပါပဲ"

လင်းယွမ်က တိုးတိတ်စွာ ရေရွတ်လိုက်သည်၊ ဤကမ္ဘာလောကကြီးက ပျက်စီးယိုယွင်းနေခဲ့ပြီ ဖြစ်သည်။

ကမ္ဘာပျက်ကပ်အောက်တွင် သူတို့ထက် ပို၍ အဖြစ်ဆိုးသူများက များလာမည်သာဖြစ်ပြီး နည်းသွားမည် မဟုတ်ချေ။

လင်းယွမ်က မျက်နှာချင်းဆိုင်ရှိ ဘုရင်မသင်္ဘောပေါ်သို့ လှည့်ကြည့်လိုက်ရာ ချိုးရင်ယွဲ့နှင့် ဟန်ရှန်းမန်တို့ လူစုက လက်အောက်ငယ်သားများကို စတင် စုစည်းကာ အခြေအနေများကို ရှင်းလင်းနေကြပြီ ဖြစ်သည်။

လင်းယွမ်က ဝင်ရောက် မစွက်ဖက်ခဲ့ပေ၊ ဤကိစ္စသေးသေးမွှားမွှားလေးများအတွက် သူ ကိုယ်တိုင် ပါဝင်ရန် မလိုအပ်ပေ။

သူက သင်္ဘောပေါ်ရှိ အခန်းအသီးသီးသို့ ဝင်ရောက်ကာ ပစ္စည်းများကို စတင် ရှာဖွေလိုက်သည်။

ဤသင်္ဘောက ကုန်တင်သင်္ဘောငယ်လေး တစ်စင်းဖြစ်ပြီး ပုဂ္ဂလိကပိုင် သင်္ဘော ဖြစ်ဟန်တူသည်။

သုံးထပ်အမြင့်ရှိသော အဆောက်အအုံအတွင်း၌ မိသားစု နွေးထွေးမှု ရှိစေရန် ပြင်ဆင်မွမ်းမံထားသည်။

အနောက်ဘက်ရှိ ဧရာမ သင်္ဘောဝမ်းဗိုက်ထဲတွင် နဂိုက သဲနှင့် ကျောက်စရစ်ခဲကဲ့သို့သော ပစ္စည်းများကို တင်ဆောင်ရန် ဖြစ်ဟန်တူသည်။

ယခုအခါတွင် ရှင်းလင်းထားပြီးဖြစ်ကာ အတွင်း၌ လူအများအပြား နေထိုင်နိုင်သော သစ်သားအခန်းငယ်လေးများကို ဆောက်လုပ်ထားသည်။

ရုတ်တရက် ကြည့်လိုက်လျှင် ဆောက်လုပ်ရေး လုပ်ငန်းခွင်များရှိ သံဖြူအိမ်များနှင့် အနည်းငယ် တူနေသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုသည်များကို ဂရုစိုက်နေရန် မလိုတော့ဘဲ နေစရာနေရာလေး ရှိနေခြင်းကပင် မဆိုးလှပေ။

ဤကုန်တင်သင်္ဘောက သိပ်မကြီးသော်လည်း ယခုကဲ့သို့ ပြင်ဆင်ထားမှုကြောင့် လူတစ်ရာဝန်းကျင်ခန့် နေထိုင်ရန် ပြဿနာ မရှိပေ။

ထို့အပြင် သင်္ဘောဝမ်းဗိုက်ထဲတွင် အားလုံးကို သစ်သားအိမ်များအဖြစ် ပြုလုပ်ထားခြင်း မဟုတ်ဘဲ နေရာတစ်စိတ်တစ်ပိုင်းကို ချန်လှပ်ကာ ဘုံစားသောက်ဆောင်နှင့် ဂိုဒေါင်များအဖြစ် ပြုလုပ်ထားသေးသည်။

လင်းယွမ်က ဂိုဒေါင်ထဲသို့ ဝင်ရောက်ကာ တစ်ပတ်လှည့်ကြည့်လိုက်ရာ အများစုမှာ ဖမ်းဆီးရမိထားသော ငါးများကဲ့သို့သော ပစ္စည်းများသာ ဖြစ်သည်။

ရေကြီးရေလျှံမှုကြီး မတိုင်မီက ပစ္စည်းများမှာ အလွန်နည်းပါးပြီး ရှိလျှင်ပင် ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည် ကဲ့သို့သော အလွယ်တကူ မပုပ်သိုးနိုင်သည့် ပစ္စည်းအချို့သာ ရှိသည်။

သို့သော် ဖမ်းဆီးရမိထားသော ငါးများထဲတွင် အသက်ရှင်နေသေးသော ငါးများစွာ ရှိနေခြင်းက လင်းယွမ်ကို အလွန် အံ့အားသင့် ဝမ်းသာစေခဲ့သည်။

သိသာထင်ရှားစွာပင် ထိုလူများက သေဆုံးသွားသော ငါးများကို သိမ်းဆည်းရန် မလွယ်ကူကြောင်း သိထားကြပြီး မွေးမြူထားသော သန္ဓေပြောင်းငါးများကိုမူ စားချင်သည့်အချိန်တွင် ချက်ချင်း ယူစားနိုင်မည် ဖြစ်သည်။

လင်းယွမ်က အားနာမနေတော့ဘဲ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ချက်ဖြင့် အားလုံးကို ရှင်းလင်းလိုက်သည်။

ချက်ချင်းပင် သန္ဓေပြောင်းငါးများ အားလုံး သေဆုံးသွားပြီး လင်းယွမ်ထံသို့ စက္ကန့်ပိုင်းအတွင်း အမှတ် သောင်းဂဏန်းခန့် ဝင်ရောက်လာခဲ့သည်။

သူက မနေနိုင်ဘဲ ဟားဟား ဟု ရယ်မောလိုက်ကာ ထိုသေဆုံးသွားသော ငါးများနှင့် အခြားပစ္စည်းများ အားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ တစ်ပါတည်း ထည့်သွင်းလိုက်သည်။

နောင်တစ်ချိန်တွင် ပင်လယ်ဓားပြစရိုက်ရှိသော ဤသင်္ဘောသားများကို ထိန်းချုပ်ရန်အတွက် တစ်ဖက်တွင် အင်အားသုံး ခြိမ်းခြောက်ရမည်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ အကျိုးအမြတ်ဖြင့် ဆွဲဆောင်ခြင်းကလည်း အရေးပါသော အပေးအယူတစ်ခု ဖြစ်သည်။

လင်းယွမ်က ဘုရင်မသင်္ဘောပေါ်သို့ ပြန်ရောက်လာချိန်တွင် လင်ကျန်းဟီ ခေါ်ဆောင်လာသော ထိုလူစုမှာ ကုန်းပတ်ပေါ်တွင် သပ်ရပ်စွာ ဒူးထောက်နေကြပြီ ဖြစ်သည်။

လင်းဝူနှင့် ချင်ဇီဟန်တို့က လူကိုယ်တိုင် ကြီးကြပ် စောင့်ကြပ်နေကြပြီး လင်းယွမ် ပြန်လာကာ ဤလူများ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးရန် စောင့်ဆိုင်းနေကြသည်။

လင်းယွမ် ပြန်ရောက်လာချိန်တွင် ချိုးရင်ယွဲ့နှင့် ဟန်ရှန်းမန်တို့က ချက်ချင်း လျှောက်လာကြသည်။

"ကိုလင်းယွမ်... သုံ့ပန်း စုစုပေါင်း ၅၃ ယောက်လုံး ဒီမှာ ရှိပါတယ်ရှင်" ချိုးရင်ယွဲ့က ပြောလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ငြိမ့်ပြကာ မေးလိုက်သည်။ "စစ်ဆေးမေးမြန်းပြီးပြီလား"

ဟန်ရှန်းမန်က လင်းယွမ်၏ အစီအစဉ်ကို သိထားသောကြောင့် အစောဆုံး အချိန်ကတည်းက စစ်ဆေးမေးမြန်းထားပြီး ဖြစ်သည်။

"စစ်ဆေးပြီးပါပြီရှင်... ဒီလူတွေက ယုံချန် ကုန်တင်သင်္ဘောပေါ်ကပါ... ဒါပေမဲ့ ဒီသင်္ဘောရဲ့ မူလပိုင်ရှင်က ချန်ယုံချန် လို့ခေါ်ပြီး သဲသယ်တဲ့လူပါ... နောက်တော့ အစွမ်း နိုးထလာပြီးနောက် လမ်းတစ်လျှောက်မှာ ဒီလူတွေကို လက်ခံခဲ့ပြီး ပင်လယ်ဓားပြ သင်္ဘောတစ်စင်း ဖြစ်လာခဲ့တာပါ"

"သူတို့လည်း မြူခိုးမြို့တော်ထဲကို လမ်းမှား ရောက်လာခဲ့တာတဲ့... နောက်တော့ မြူခိုးမြို့တော်က ရေပေါ်မှာ မျောလွင့်နေတယ်လို့ ကြားရလို့ သူတို့က မြူခိုးမြို့တော်မှာ ခြေကုပ်ယူနိုင်ဖို့ အမြဲတမ်း ကြိုးစားနေခဲ့ကြတာပါ"

"ကံမကောင်းတာက မြူခိုးမြို့တော်မှာ အခြေချဖို့ လိုအပ်တဲ့ အခြေအနေတွေက မရိုးရှင်းဘူး... ချန်ယုံချန် ကိုယ်တိုင်ကတော့ စုဆောင်းထားတဲ့ ပစ္စည်းတွေကို အားကိုးပြီး မြူခိုးမြို့တော်မှာ အခြေချနေထိုင်ခွင့် ရသွားပြီ"

"ဒါပေမဲ့ ကျန်နေခဲ့တဲ့ သင်္ဘောသားတွေကတော့ အဲဒီလောက် ကံမကောင်းကြဘူး... သင်္ဘောပေါ်မှာပဲ ဆက်နေကြရပြီး ဒါမှမဟုတ် မြူခိုးတောအုပ်ထဲကို သွားပြီး အမဲလိုက် အသက်မွေးကြရတယ်"

"အဲဒီနောက် သမ္မတ ၇ က ဘုရင်မသင်္ဘောကို လိုက်လံ ဖမ်းဆီးရင်း ဒီပတ်ဝန်းကျင်ကို ဝင်ရောက်လာပြီးနောက် သူတို့လည်း ရေအောက်ကျောက်ဆောင်တွေကြားမှာ ညပ်သွားခဲ့တယ်"

"ယုံချန်သင်္ဘောက လူတွေက အခွင့်ကောင်းယူပြီး သမ္မတ ၇ ကို ညဘက် ဝင်တိုက်ခဲ့ပေမဲ့ လင်ကျန်းဟီရဲ့ သတ်ဖြတ်မှုကြောင့် လူတော်တော်များများ သေဆုံးသွားခဲ့ရတယ်... ယုံချန်သင်္ဘောကိုတောင် လင်ကျန်းဟီက သိမ်းပိုက်လိုက်ပါတယ်"

"ယုံချန်သင်္ဘောက အရွယ်အစားသေးလို့ လင်ကျန်းဟီရဲ့ အမိန့်နဲ့ ရေအောက်ကျောက်ဆောင်တွေကို တူးဖော်ပြီးမှ... ကျောက်ဆောင်တွေကြားကနေ ထွက်ခွာနိုင်ခဲ့ပြီး တခြား သင်္ဘောတွေကို နေရာအနှံ့ လိုက်လံ တိုက်ခိုက်ခဲ့ကြတာတဲ့ရှင့်"

ဟန်ရှန်းမန်က ရရှိထားသော သတင်းအချက်အလက်များကို လျင်မြန်စွာ ပြောပြလိုက်ရာ ဘေးနားရှိ ချိုးရင်ယွဲ့က မနေနိုင်ဘဲ သူမကို အကြိမ်ကြိမ် လှည့်ကြည့်နေမိသည်။

ဤသတင်းများကို သူမ မမေးမြန်းခဲ့မိသည့်အတွက် ခဏတာမျှ သူမ အနည်းငယ် နောင်တရသွားသည်။

သိသာထင်ရှားစွာပင် သတင်းအချက်အလက်များကို စစ်ဆေးမေးမြန်းသည့် အပိုင်းတွင် ချိုးရင်ယွဲ့ကဲ့သို့သော ခေါင်းဆောင်မမက ဟန်ရှန်းမန်ကို လုံးဝ မယှဉ်နိုင်ပေ။

လင်းယွမ်က ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။ "သမ္မတ ၇ က ဘယ်မှာလဲ"

"ဒီအနီးအနား ၁ မိုင်ကျော်လောက် နေရာမှာပါ... ဒါပေမဲ့ ရေအောက်ကျောက်ဆောင်တွေကြားမှာ ပိတ်မိနေလို့ ထွက်လို့မရတော့ဘူးရှင့်" ဟန်ရှန်းမန်က လျင်မြန်စွာ ပြောလိုက်သည်။

လင်းယွမ်က ရေအောက်ကျောက်ဆောင်များ ကိစ္စကို သိပ်ဂရုမစိုက်ပေ၊ အကယ်၍ သာမန် အစွမ်းပိုင်ရှင်သာဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရပါက ကြက်သေသေသွားနိုင်ပေသည်။

သို့သော် သူက သာမန် အစွမ်းပိုင်ရှင် မဟုတ်ပေ၊ ပစ္စည်းသိုလှောင်ခန်းကို ပိုင်ဆိုင်ထားသော သူ့အဖို့ သမ္မတ ၇ က မည်မျှပင် ကြီးမားနေပါစေ သူက အလွယ်တကူ သိမ်းဆည်းယူနိုင်စွမ်း ရှိသည်။

"အနီးအနားမှာ သင်္ဘော ဘယ်နှစင်း ရှိသေးလဲ"

"အနီးအနား ၃ မိုင် ပတ်လည်လောက်မှာ သင်္ဘောကြီး ၃ စင်း ဒါမှမဟုတ် ၄ စင်းလောက် ရှိပါတယ်... သင်္ဘောငယ်လေးတွေကတော့ မနည်းပေမဲ့ ရေအောက်ကျောက်ဆောင်တွေကြားမှာ ပိတ်မမိနိုင်ဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ကြပါတယ်ရှင်"

"အဲဒီ သင်္ဘောကြီး ၃၊ ၄ စင်းက ရေအောက်ကျောက်ဆောင်တွေကြောင့် မူလနေရာမှာ ပိတ်မိနေပြီး လှုပ်လို့မရတော့တာပါ... အခုတော့ အဲဒါတွေက သင်္ဘောခေါင်းဆောင် သုံးယောက်ရဲ့ ခြေကုပ်စခန်းတွေ ဖြစ်နေကြပြီ" ဟန်ရှန်းမန်က ပြန်လည် ဖြေကြားလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ငြိမ့်ပြကာ စဉ်းစားလိုက်ပြီးနောက် ပစ္စည်းသိုလှောင်ခန်းထဲမှ အရသာခြောက်မျိုး ရီမန်နီးယား ဆေးတစ်ဘူးကို ထုတ်ယူလိုက်ကာ အပြင်ဘက် ထုပ်ပိုးမှုကို ဖယ်ရှားပြီး ဟန်ရှန်းမန်ထံသို့ ကမ်းပေးကာ ပြောလိုက်သည်။ "ဒီသုံ့ပန်းတွေကို တစ်ယောက် တစ်လုံးစီ ကျွေးလိုက်"

ဟန်ရှန်းမန်က အနည်းငယ် ကြောင်အမ်းသွားပြီး မသိစိတ်ဖြင့် ဆေးဘူးကို လှမ်းယူလိုက်ကာ သံသယဖြင့် မေးလိုက်သည်။ "ဒါက ဘာလဲဟင်"

"အများကြီး မေးမနေနဲ့... မစားတဲ့လူကို တိုက်ရိုက် သတ်ပစ်လိုက်" လင်းယွမ်က အေးစက်သော အသံဖြင့် ပြောလိုက်သည်။

ဟန်ရှန်းမန်က ခေါင်းညိတ်ပြလိုက်ပြီး ထပ်မမေးတော့ဘဲ တိုက်ရိုက် လုပ်ဆောင်လိုက်သည်။

မကြာမီမှာပင် ထိုသုံ့ပန်းများထံမှ ရုန်းရင်းဆန်ခတ် အသံများ ထွက်ပေါ်လာခဲ့သည်။

လူတစ်ယောက်က မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။ "ဒါက ဘာကြီးလဲ"

"ငါတို့ လက်နက်ချပြီးပြီလေ... ငါ မစားဘူး... ငါ မ..."

တစ်စုံတစ်ယောက်က ပြင်းပြင်းထန်ထန် ငြင်းဆန်နေသော်လည်း ဟန်ရှန်းမန်က လက်မတွန့်ခဲ့ဘဲ ရေဓားသွား တစ်ချက်ဖြင့် ခုတ်ပိုင်းလိုက်ရာ စွပ် ခနဲ အသံနှင့်အတူ ထိုလူ၏ ခေါင်း ပြတ်ကျသွားလေသည်။

ချက်ချင်းပင် သွေးများ ပန်းထွက်လာခဲ့ရာ လူအားလုံးမှာ ကြောက်လန့်တကြား ငြိမ်သက်သွားကြပြီး မည်သူမှ မငြင်းဆန်ရဲတော့ဘဲ ဤမည်းနက်နေသော ဆေးလုံးကို လိမ္မာစွာပင် စားလိုက်ကြသည်။

ဆေးလုံးက ပါးစပ်ထဲ ဝင်သွားသည်နှင့် ခါးသက်သက် ခံစားချက်ကို ရရှိသွားစေသည်။

မည်သူကမျှ ၎င်းမှာ မည်သည့်ဆေးဖြစ်ကြောင်း မသိကြသော်လည်း ဤအရာက ကောင်းသောအရာ မဟုတ်ကြောင်းကိုမူ လူတိုင်း သိထားကြသည်။

လူအားလုံး စားပြီးသွားချိန်တွင် လင်းယွမ်က လျှောက်လာခဲ့ပြီး လူအများကို အကဲခတ်ကြည့်ရှုကာ ပြောလိုက်သည်။

"ကဲ... အချင်းချင်း မိတ်ဆက်ကြရအောင်... အခု ဒီနေရာရဲ့ သင်္ဘောခေါင်းဆောင်က ငါလင်းယွမ်ပဲ... မင်းတို့ငါ့ကို ဆရာလင်းလို့ ခေါ်နိုင်တယ်"

"အရင်က မင်းတို့ ဘယ်သူ့နောက် လိုက်ခဲ့တယ်ဆိုတာ ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ အခုတော့ မင်းတို့ရဲ့ အသက်တွေက ငါ့အပိုင်ပဲ"

"ခုနက အဆိပ်ဆေးက သုံးရက်အတွင်း ဖြေဆေးမရရင် အဆိပ်ထလာလိမ့်မယ်"

"ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းတို့က သုံ့ပန်းတွေ ဖြစ်တဲ့အတွက် ငါက ယုံကြည်လို့ မရဘူး... မင်းတို့ကို အဆိပ်ဆေး ကျွေးတာကလည်း မင်းတို့ကို ကာကွယ်ဖို့ပဲ"

"ဒါပေမဲ့ မင်းတို့ကို အခွင့်အရေး လုံးဝ မပေးဘူးလို့တော့ မတွေးနဲ့... ရှေ့ဆက်ပြီး မင်းတို့ ငါ့စကားကို သေသေချာချာ နားထောင်ရင် ဖြေဆေးကို ထုတ်ပေးသွားမယ်"

သုံ့ပန်းအားလုံး၏ မျက်နှာများမှာ ဖြူရော်သွားကြပြီး မည်သူကမျှ စကားမပြောရဲတော့ဘဲ အချင်းချင်း ကြည့်ကာ ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာများ ပေါ်လွင်နေကြသည်။

လင်းယွမ်က လင်းဝူကို ကြည့်ကာ ပြောလိုက်သည်။ "လက်နက်တွေ သူတို့ကို ပြန်ပေးလိုက်"

လင်းဝူက အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး သိမ်းဆည်းထားသော အစွမ်း လက်နက်များကို သူတို့ထံ ပြန်လည် ဝေငှပေးလိုက်သည်။

ထို့နောက် လင်းယွမ်က ပြောလိုက်သည်။ "အားလုံးပဲ... လက်နက်တွေကို ကိုင်ထား... ပတ်ဝန်းကျင်မှာရှိတဲ့ ချုံမင်သင်္ဘော၊ ဝမ်ရှီးသင်္ဘောနဲ့ ဟန်လျန်သင်္ဘော ၃ စင်းကို သွားတိုက်မယ်"

"ဒီသင်္ဘော ၃ စင်းရဲ့ ခေါင်းဆောင်တွေကို ဖမ်းမိတဲ့သူကို ဖြေဆေး ချက်ချင်း ဆုချမယ်"

လူအများက အချင်းချင်း ကြည့်လိုက်ကြပြီး လူတစ်ယောက်က မနေနိုင်ဘဲ ပြောလာသည်။ "ဆရာလင်း... အဲဒီ သင်္ဘော ၃ စင်းရဲ့ ခေါင်းဆောင်တွေကို မဖမ်းနိုင်ခဲ့ရင် ကျွန်တော်တို့ ကျန်တဲ့လူတွေက ဘယ်လိုလုပ်ရမလဲ"

လင်းယွမ်က ထိုလူကို တစ်ချက် ကြည့်လိုက်သည်။ "ခွန်အား စိုက်ထုတ်ပြီး ငါ့အတွက် အလုပ်လုပ်ပေးသရွေ့ ငါ မင်းတို့ကို နစ်နာအောင် မလုပ်ဘူး... ဖြေဆေးကို ချက်ချင်း တိုက်ရိုက် မပေးနိုင်ပေမဲ့ ယာယီ အဆိပ်ဖြေဆေးကိုတော့ ငါ ပေးနိုင်တယ်"

"မင်းတို့ရဲ့ စွမ်းဆောင်ရည်တွေကို ငါ့လူတွေက သီးသန့် မှတ်တမ်းတင်ထားပေးလိမ့်မယ်... စွမ်းဆောင်ရည် ၁၀ ကြိမ်ထက် ကျော်လွန်ရင် ဖြေဆေးကို တရားဝင် ပေးအပ်သွားမယ်"

"ဘာမေးချင်တာ ရှိသေးလဲ"

လူအားလုံးမှာ သက်ပြင်းချလိုက်ကြပြီး ဤတစ်ကြိမ်တွင်မူ အခြားသူ၏ ချုပ်ကိုင်မှုကို အသေအချာ ခံလိုက်ရပြီဖြစ်ကာ မည်သည့် ဉာဏ်နီဉာဏ်နက်မှ သုံး၍ မရနိုင်တော့ကြောင်းကို သိလိုက်ကြသည်။

တစ်ယောက်ချင်းစီတိုင်း စိတ်ပျက်လက်ပျက် မျက်နှာများဖြင့် အားအင်ကုန်ခမ်းစွာသာ တုံ့ပြန်လိုက်ကြသည်။

လင်းယွမ်က စိတ်ထဲမှ လှောင်ပြောင် ရယ်မောလိုက်သည်၊ ဤလူစုက အကျိုးအမြတ်ကိုသာ ဦးစားပေးသည့် သူများဖြစ်ရာ သူတို့ကို စေတနာ အစစ်အမှန်ဖြင့် လွှမ်းမိုးနိုင်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားပေ။

လက်ရှိတွင် လင်းယွမ်က လူအင်အား အရေးတကြီး လိုအပ်နေသောကြောင့် အင်အားသုံး ခြိမ်းခြောက်ခြင်းကိုသာ အားကိုးရတော့မည် ဖြစ်သည်။

လင်းယွမ်က ချက်ချင်းပင် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ "ချိုးရင်ယွဲ့... လူအင်အား စုစည်းပြီး အားလုံးကို ယုံချန်သင်္ဘောပေါ် ပြောင်းရွှေ့လိုက်... ငါတို့ အရင်ဆုံး သမ္မတ ၇ ကို သွားသိမ်းမယ်"

"ဟုတ်ကဲ့... အခုပဲ လူတွေကို စီစဉ်လိုက်ပါ့မယ်ရှင်" ချိုးရင်ယွဲ့က ချက်ချင်း ခေါင်းညိတ်လိုက်သည်။

ဤမျှလောက် တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ပြီးနောက် သူမက လင်းယွမ်၏ စွမ်းဆောင်နိုင်ရည်ကို တကယ်ပင် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ထိုမျှလောက် အစွမ်းထက်သော အစွမ်းပိုင်ရှင် လင်ကျန်းဟီပင်လျှင် လင်းယွမ်၏ ရှေ့တွင် ၅ မိနစ်ပင် မခံနိုင်ဘဲ အလွန် သနားစရာကောင်းလောက်အောင် အရိုက်ခံခဲ့ရသည်။

ချိုးရင်ယွဲ့က သူမကိုယ်တိုင် ဤအချက်ကို လုံးဝ မလုပ်နိုင်ကြောင်း သိထားသောကြောင့် ယခုအချိန်တွင် စိတ်ထားကို ပြင်ဆင်လိုက်ပြီး လင်းယွမ်ကိုသာ အကြီးအကဲအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

ချိုးရင်ယွဲ့က ယုံချန်သင်္ဘောပေါ်သို့ ပြောင်းရွှေ့ရန် လူများကို လျင်မြန်စွာ စီစဉ်လိုက်သည်။

ဟန်ရှန်းမန်ကလည်း လင်းယာကို ရှာဖွေခေါ်ဆောင်လာပြီး ခုနက လင်းယွမ်နှင့် လင်ကျန်းဟီတို့၏ ပြင်းထန်သော တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် သင်္ဘော၏ ပျက်စီးသွားသော အစိတ်အပိုင်းများကို ပြုပြင်ရန် ခေါ်သွားခဲ့သည်။

ပြုပြင်ရသည်မှာလည်း အလွန် ရိုးရှင်းပါသည်၊ ကွဲအက်နေသော ကုန်းပတ်များကို မီးဓာတ် အစွမ်းပိုင်ရှင်များကို တိုက်ရိုက် ခေါ်ယူကာ ကုန်းပတ် ပျက်စီးနေသော နေရာများကို ဖြတ်တောက်စေပြီးနောက် အရည်ကြိုကာ ပြန်လည် ပုံသွင်းလိုက်သည်။

ပုံသွင်းပြီးနောက် အပူချိန်မြင့်မြင့်ဖြင့် ဂဟေဆက်လိုက်ပြီး လင်းယာ၏ "မာကျောအစွမ်း" ဖြင့် အားဖြည့်ကာ ပိုမို ခိုင်ခံ့အောင် ပြုလုပ်လိုက်သည်။

ပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်မှာ အလွန် လျင်မြန်စွာ ပြီးဆုံးသွားပြီး ဘုရင်မသင်္ဘောမှာလည်း လျင်မြန်စွာ ပြောင်ရှင်းသွားခဲ့သည်။

ယခင် တိုက်ပွဲများ ဖြစ်ပွားစဉ်က လူများစွာ သေဆုံးခဲ့သောကြောင့် အားလုံး ယုံချန်သင်္ဘောပေါ်သို့ ပြောင်းရွှေ့သွားသော်လည်း လူဦးရေက အလွန်အမင်း ပြည့်ကျပ်နေပုံ မပေါ်ပေ။

လင်းယွမ်က ဘုရင်မသင်္ဘောကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်သွင်းလိုက်ပြီးမှ ယုံချန်သင်္ဘောနှင့်အတူ သမ္မတ ၇ ကို ပြန်လည် ရှာဖွေရန် ထွက်ခွာလာခဲ့သည်။

၃ မိုင် ပတ်လည်အတွင်း မြူခိုးများ ဖုံးလွှမ်းနေပြီး ညဘက်လည်း ဖြစ်နေသောကြောင့် ခရီးလမ်းမှာ သွားရန် မလွယ်ကူပေ။

မိုးလင်းသွားပြီးနောက်မှသာ ယုံချန်သင်္ဘောက ဧရာမ သမ္မတ ၇ ကို ရှာတွေ့သွားခဲ့သည်။

ယခုအချိန်တွင် သမ္မတ ၇ အပေါ်၌ မီးရောင်များ လင်းထိန်နေပြီး အမျိုးသားများ၏ ပျော်ရွှင်စွာ ရယ်မောသံများကိုပင် ကြားနေရသည်။

သမ္မတ ၇ ကို အနီးကပ် မြင်တွေ့လိုက်ရချိန်တွင် လင်းယွမ်က ရေကြီးရေလျှံမှုကြီး မတိုင်မီက သူ မည်မျှ အောက်ခြေလူတန်းစား ဖြစ်ခဲ့ကြောင်းကို ခံစားလိုက်ရသည်။

ဤသမ္မတ ၇ က အရှည် ပေ ၅၀၀ ခန့် ရှိသည်။

အကျယ်က ပေ ၇၀ ကျော်ခန့် ရှိပြီး သင်္ဘောကိုယ်ထည်၏ မူလ အမြင့်ကို ဖယ်ထားလိုက်လျှင်ပင် ၎င်းအပေါ်၌ သုံးထပ်ပါရှိသော ဧည့်ခန်းများ ရှိနေသည်။

ယုံချန် ကုန်တင်သင်္ဘောက ၎င်း၏ရှေ့တွင် အလွန် သေးငယ်သွားသယောင် ဖြစ်နေသည်။

သမ္မတ ၇ ၏ ကုန်းပတ်ပေါ်တွင် ၁၅ ပေ ခြားတိုင်း အစွမ်းပိုင်ရှင် တစ်ယောက်စီ စောင့်ကြပ်နေကြသည်။

ဤနေရာက လုံခြုံရေး တင်းကျပ်လွန်းသည်ဟု ဆို၍ ရသည်။

ယုံချန်သင်္ဘော ချဉ်းကပ်လာသည်နှင့်အမျှ သမ္မတ ၇ ၏ သင်္ဘောကပ္ပတိန် အခန်းတွင်းရှိ အလိုအလျောက် ရေဒါ အချက်ပေးစနစ်က ချက်ချင်း မြည်လာခဲ့သည်။

သမ္မတ ၇ ၏ သင်္ဘောကပ္ပတိန် အခန်းတွင်း၌ တာဝန်ကျနေသော တုလောင်ကောက်မှာ ရုတ်တရက် လန့်နိုးသွားခဲ့သည်။

"ဘာဖြစ်တာလဲ"

သူက စောင့်ကြည့်ရေးအခန်းရှေ့သို့ အလျင်အမြန် ပြေးသွားကာ စောင့်ကြည့်ကင်မရာများကို လျင်မြန်စွာ ကြည့်ရှုလိုက်ပြီး မြူခိုးများ ပြင်ပမှ ကုန်တင်သင်္ဘောတစ်စင်း ချဉ်းကပ်လာသည်ကို သတိပြုမိသွားသည်။

ကုန်တင်သင်္ဘော၏ ပုံစံကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသောအခါ တုလောင်ကောက်မှာ အထိတ်တလန့် မဖြစ်သွားဘဲ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "သခင်လေးလင် ပြန်လာတာပဲ... အဲဒီ ခွေးမတွေကို သူ ဖမ်းမိခဲ့ရဲ့လား မသိဘူး"

ဤနေရာသို့ တွေးမိသွားချိန်တွင် သူက ထရပ်လိုက်ကာ မျက်နှာသစ်လိုက်ပြီး သခင်လေးလင်ကို ကြိုဆိုရန် အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။

လင်ကျန်းဟီ၏ စိတ်နေသဘောထားမှာ ထူးဆန်းပြီး မကြာခဏဆိုသလို လူသတ်လေ့ရှိသည်။

ဤလအနည်းငယ်အတွင်း လင်ကျန်းဟီ၏ ဘေးတွင် ရှိနေသော အမျိုးသားများနှင့် အမျိုးသမီးများမှာ မည်မျှလောက် ပြောင်းလဲသွားခဲ့ပြီလဲ ဆိုသည်ကိုပင် မသိနိုင်တော့ပေ။

တုလောင်ကောက် တစ်ယောက်တည်းသာ အကောင်းပကတိ အသက်ရှင်နေသေးသည်။

ပထမအချက်မှာ သူက မျက်နှာလိုမျက်နှာရ ဖားတတ်ပြီး သတိဝီရိယ ရှိသူ ဖြစ်သောကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ သူက သမ္မတ ၇ ၏ ယခင်က ပဲ့ကိုင်ရှင် ဖြစ်ခဲ့ပြီး သင်္ဘောတစ်စင်းလုံးတွင် သမ္မတ ၇ ကို အသိဆုံးလူ ဖြစ်သောကြောင့် ဖြစ်သည်။

လင်ကျန်းဟီက သမ္မတ ၇ ကို မောင်းနှင်နေသရွေ့ သူ့ကို အလွယ်တကူ သတ်ပစ်မည် မဟုတ်ပေ။

ယခင်က လင်ကျန်းဟီသည် အခြားသင်္ဘောသားများကို သမ္မတ ၇ မောင်းနှင်နည်း သင်ကြားပေးရန် သူ့ကို မကြာခဏ ခိုင်းစေခဲ့သည်။

သို့သော် သူက အမြဲတမ်း အချိန်ဆွဲနေခဲ့ပြီး အခြား သင်္ဘောသားများကို သင်ပေးရန် ငြင်းဆန်ကာ လျှို့ဝှက်ထားခဲ့သည်။

အကြောင်းရင်းမှာ သူသည် အစားထိုး၍ မရနိုင်သော သူတစ်ယောက် ဖြစ်လာစေရန် ဖြစ်သည်။

သင်္ဘောပေါ်တွင် သင်္ဘောမောင်းတတ်သူ သူတစ်ယောက်တည်း ရှိနေသရွေ့ လင်ကျန်းဟီ၏ ဒေါသထွက်မှုကြောင့် အသတ်မခံရနိုင်ကြောင်း သူ ကောင်းကောင်း သိထားသည်။

အရေးပေါ် အခြေအနေမျိုးတွင်ပင် လင်ကျန်းဟီက သူ့ကို ကာကွယ်ရန် လူလွှတ်ပေးရမည် ဖြစ်သည်။

သင်္ဘောကပ္ပတိန် အခန်းထဲမှ ထွက်လာပြီးနောက် သူက ကုန်းပတ်ဘက်သို့ ပထမဆုံး ပြေးသွားကာ လင်ကျန်းဟီကို ပထမဆုံး ကြိုဆိုပြီး အထင်ကြီးမှုကို အမိအရ ယူရန် ပြင်ဆင်လိုက်သည်။

"အခု သခင်လေးလင်က အဲဒီ မိန်းမတွေကို ဖမ်းမိလာတာဆိုတော့ အပျော်ဆုံး အချိန်ဖြစ်နေမှာ သေချာတယ်... သွားပြီး မျက်နှာပြလိုက်ရင် သေချာပေါက် ကံဆိုးမှာ မဟုတ်ဘူး... အဲဒီအချိန်ကျရင် သူ ပျော်သွားပြီး အလှမယ် နှစ်ယောက်လောက်ကို ငါ့ကို ဆုချပေးရင် ကောင်းမှာပဲ... ဟဲဟဲ"

တုလောင်ကောက်မှာ စိတ်ထဲမှ ကျေနပ်နေပြီး ပျော်ရွှင်စွာ တွေးတောနေရင်း လူက ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ကုန်းပတ်ပေါ်သို့ ရောက်သွားချိန်တွင် ရုတ်တရက် တစ်ခုခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။

ပုံမှန်အားဖြင့် ကုန်းပတ်ပေါ်ရှိ ကင်းလှည့်အစောင့်များမှာ အလွန် သတိထားတတ်ကြပြီး လင်ကျန်းဟီ၏ စိတ်ဓာတ်မမှန်မှုကြောင့် သမ္မတ ၇ ပေါ်ရှိ ကင်းလှည့်အဖွဲ့မှာ ဖိအားများစွာ ရှိနေကာ အခြေခံအားဖြင့် ခိုးကြောင်ခိုးဝှက် အနားမယူရဲကြပေ။

သို့သော် ယနေ့တွင် သူ ကုန်းပတ်ပေါ်သို့ ရောက်လာသည်အထိ မည်သူကမျှ သူ့ကို ရပ်ရန် အော်ဟစ်တားဆီးခြင်း မရှိပေ။

"တစ်ခုခု မှားနေပြီ"

ဆက်ရန်...

All Chapters