← Chapters

အခန်း (၃၉၅-၃၉၆)

Vol. 20 Ch. 395-396

အခန်း (၃၉၅-၃၉၆)

Vol. 20 Ch. 395-396

အပိုင်း (၃၉၅) ဗုံးနှင့် တစ္ဆေအရိပ်

"တစ်ခုခုတော့ မှားနေပြီ"

တုလောင်ကောက်က လန့်ဖြန့်သွားကာ ဘေးပတ်လည်ကို အလျင်အမြန် ကြည့်လိုက်သည်။

မိုးပေါက်များက တဖျောက်ဖျောက် ကျဆင်းနေပြီး ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် မြူခိုးများ ဖုံးလွှမ်းနေသဖြင့် သဲသဲကွဲကွဲ မမြင်ရပေ။

မလှမ်းမကမ်းရှိ ကုန်းပတ်လက်ရန်းကို မှီကာ မြေပြင်ပေါ်တွင် ထိုင်နေသော လူတစ်ယောက်ကို သူက ဝိုးတဝါး မြင်လိုက်ရသည်။

"တောက်... အိပ်ပျော်နေတာလား"

တုလောင်ကောက်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်... ဒီလူမိုက်တွေက သခင်လေးလင် ဒေါသထွက်ပြီး သတ်ပစ်မှာကို တကယ်ပဲ မကြောက်ကြတာလား။

သူက ခပ်သုတ်သုတ် လျှောက်သွားရင်း ပါးစပ်မှလည်း ဆဲရေးတိုင်းထွာလိုက်သည်။ "ယုံချန်သင်္ဘော ပြန်ရောက်နေပြီ... မင်းတို့ကောင်တွေ သေချင်နေကြတာလား... ဒီအချိန်ကြီးမှာ အပျင်းထူပြီး အိပ်ရဲသေးတယ်ပေါ့"

"သခင်လေးလင်ရဲ့ စိတ်ကို မသိဘူးလား"

သူက ထိုလူများထဲမှ တစ်ယောက်အနီးသို့ လျင်မြန်စွာ ချဉ်းကပ်သွားပြီး လက်လှမ်းကာ တွန်းလိုက်သည်။

သို့သော် ထိုသို့ တွန်းလိုက်သည်နှင့် ထိုလူက ဘုန်းခနဲ မြည်ကာ မြေပြင်ပေါ်သို့ တောင့်တောင့်ကြီး လဲကျသွားခဲ့သည်။

တုလောင်ကောက်က ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားပြီး ရင်ထဲမှ အေးစက်သော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။

"သေ... သေနေတာလား"

ထိုအချိန်မှာပင် မြူခိုးများထဲမှ အရိုးဓားတစ်လက် ထွက်ပေါ်လာပြီး တုလောင်ကောက်၏ လည်ပင်းကို ချက်ချင်း ထောက်ထားလိုက်သည်။

"ဟဲဟဲ... တုကြီး... အားနာပါတယ်ကွာ"

မြူခိုးများထဲတွင် တုလောင်ကောက်က ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် မျက်လုံးပြူးသွားခဲ့သည်။

"ရှန်းတုန်း... မင်း... မင်း ဘာလုပ်တာလဲ... မင်း ရူးနေပြီလား... သခင်လေးလင် ပြန်လာပြီး မင်းကို သတ်ပစ်မှာ မကြောက်ဘူးလား"

အရိုးဓားကို ကိုင်ဆောင်ထားသော ရှန်းတုန်းက ဟဲဟဲ ဟု ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "သူ ပြန်လာနိုင်ရင်တော့ ကောင်းတာပေါ့ကွာ... အေးလေ... တုကြီးရာ... စကားများမနေပါနဲ့တော့... သခင်လေးလင်က သေသွားပြီ... ငါတို့တွေလည်း အတင်းအကျပ် ခိုင်းစေခံရလို့ လုပ်ရတာပါ"

"ငါတို့ ညီအစ်ကိုတွေ အရင်က ဆက်ဆံရေး ကောင်းခဲ့တာကို ထောက်ထားပြီး မင်းကို ငါ မသတ်ဘူး... လျှို့ဝှက်ချက်လေးတစ်ခု ပြောပြမယ်... ဒီတစ်ခေါက် ရောက်လာတဲ့ ဆရာလင်းက တအားကို ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တယ်... သခင်လေးလင်ကို သတ်ဖို့ အချိန် ၅ မိနစ်တောင် မယူလိုက်ရဘူး"

"မင်းကိုယ်မင်း အသိစိတ်ရှိရင် မြေကြီးပေါ် ဒူးထောက်ပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးတုပ်ထားလိုက်ပါ... မင်းရဲ့ သင်္ဘောမောင်းတဲ့ စွမ်းရည်နဲ့ဆိုရင် အရေးတယူ အသုံးချခံရနိုင်သေးတယ်"

တုလောင်ကောက်က မယုံကြည်နိုင်သော မျက်နှာအမူအရာဖြင့် ကြည့်နေပြီး သူ၏ ရင်ထဲတွင်လည်း အလွန်တရာ ထိတ်လန့်နေခဲ့သည်။

သခင်လေးလင်... သေသွားပြီလား...

သူ၏ မှတ်ဉာဏ်ထဲရှိ လင်ကျန်းဟီမှာ ပုံမှန်မဟုတ်ဘဲ ရူးသွပ်နေကာ မည်သည့်အရာကိုမျှ ဂရုမစိုက်တတ်သည့် အစွန်းရောက်ရူးသွပ်သူ တစ်ယောက် ဖြစ်သည်။

နည်းနည်း စိတ်ပေါက်နေသည်ဟုပင် ပြော၍ ရနိုင်ပေသည်။

သို့သော်လည်း လင်ကျန်းဟီ၏ အစွမ်းကို သူက တစ်ခါမှ အထင်မသေးခဲ့ဖူးပေ။

ထိုကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်ခန္ဓာကိုယ်မှာ ဓား၊ သေနတ်၊ ရေ နှင့် မီး တို့ကိုပင် အမှုမထားဘဲ မည်သည့်အစွမ်းမျိုးကမျှ သူ့ကို နှိမ်နင်းနိုင်ခြင်း မရှိသော ပြိုင်ဘက်ကင်း ကာကွယ်ရေးအစွမ်းဟုပင် ဆိုနိုင်ပေသည်။

ဒီလောက် အစွမ်းထက်တဲ့ လင်ကျန်းဟီက တကယ်ပဲ... သေသွားပြီလား...

သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ လုံးဝ မယုံကြည်နိုင်ခြင်းပင် ဖြစ်သည်။

သို့သော် ချက်ချင်းပင် သူ၏ အသိစိတ်က သူ့ကိုယ်သူ ပြန်လည် နားချလိုက်သည်။

အကယ်၍ လင်ကျန်းဟီသာ မသေဆုံးသေးလျှင် လေတိုက်ရာ ယိမ်းတတ်သော ဤပင်လယ်ဓားပြများက လူသတ်ရန် မည်သို့ ပြန်လာရဲမည်နည်း။

ဤခဏတာအတွင်းမှာပင် တုလောင်ကောက်က ယုံကြည်သွားခဲ့သည်။

သူက တစ်ကိုယ်လုံး တုန်ယင်သွားပြီး ချက်ချင်းပင် ဒူးထောက်ချလိုက်ကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "ညီလေး ရှန်းတုန်း... ကျေးဇူးပဲ... ငါ ဘာမှ မသိဘူးလို့ပဲ သဘောထားလိုက်တော့မယ်"

"နေဦး... အဲဒီလိုဆို မဖြစ်သေးဘူး... ဒါမှမဟုတ် မင်း ငါ့ကို သတိလစ်သွားအောင် ရိုက်ချလိုက်ပါလား"

တုလောင်ကောက်က အလျင်စလို ပြောလိုက်သည်။

ရှန်းတုန်းက အံ့ဩသွားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။ "ခွေးကောင်... မင်းက တကယ့်ကို ပါးနပ်တဲ့ကောင်ပဲ"

"သတိလစ်အောင် ရိုက်ဖို့တော့ မလိုပါဘူး... ခဏနေ ပရမ်းပတာ ဖြစ်လာတဲ့အခါ မင်း တကယ် သတိလစ်နေရင် မှားပြီး အသတ်ခံရလိမ့်မယ်"

တုလောင်ကောက်က စဉ်းစားကြည့်လိုက်ရာ မှန်ကန်နေသဖြင့် မြေပြင်ပေါ်တွင်သာ လှဲလျောင်းနေလိုက်သည်။

ထိုအချိန်တွင် သမ္မတ ၇ ၏ ပထမထပ်ရှိ ဧည့်ခန်းများထဲမှ ပြင်းထန်သော ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် စူးရှသော အော်ဟစ်သံများလည်း ထွက်ပေါ်လာသည်။

ဆက်တိုက်ဆိုသလိုပင် မြူခိုးများထဲတွင် လူရိပ်မြောက်မြားစွာက သမ္မတ ၇ ပေါ်သို့ ပြေးတက်လာကြသည်ကို မြင်တွေ့လိုက်ရသည်။

ချက်ချင်းပင် ကြီးမားသော တိုက်ပွဲကြီးတစ်ရပ် စတင်ဖြစ်ပွားသွားပြီး နေရာအနှံ့အပြားမှ ပြင်းထန်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခဲ့သည်။

လူးလွန့်နေသော မြူခိုးများကြားတွင် ရေလုံးများက ပေါက်ကွဲလွင့်စဉ်သွားပြီး မီးတောက်များကလည်း ဟုန်းခနဲ တောက်လောင်နေကြသည်။

ဓားနှင့် လှံများ ရိုက်ခတ်မိသော သတ္တုသံများလည်း ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် ယုံချန်သင်္ဘောက ဖြည်းညင်းစွာ ချဉ်းကပ်လာပြီး သမ္မတ ၇ အနီး ၁၀ ပေ သို့မဟုတ် ၁၂ ပေခန့် အကွာအဝေးတွင် ရပ်တန့်သွားခဲ့သည်။

တုလောင်ကောက်က နောက်သို့ လှည့်ကြည့်လိုက်ရာ ယုံချန်သင်္ဘော၏ ဦးပိုင်းတွင် မတ်တတ်ရပ်နေသော တောင့်တင်းခိုင်မာသည့် လူငယ်တစ်ယောက်ကို မြင်တွေ့လိုက်ရသည်။

ထိုလူ၏ အကြည့်များက တည်ငြိမ်နေပြီး တစ်ကိုယ်လုံးမှ အလွန် အစွမ်းထက်သော အငွေ့အသက်များက အရပ်လေးမျက်နှာသို့ ဖိနှိပ်လွှမ်းမိုးထားသည်။

နေရာအနှံ့တွင် ရှိနေသော မြူခိုးများပင်လျှင် သူ၏ ရှေ့မှောက်သို့ မချဉ်းကပ်နိုင်ကြပေ။

သူ မတ်တတ်ရပ်နေသည့်ပုံစံမှာ မြင့်မားမတ်စောက်သော တောင်ကြီးတစ်လုံးကဲ့သို့ ရိုသေလေးစားဖွယ် ကောင်းလှပေသည်။

တုလောင်ကောက်က ထိုလူကို မြင်လိုက်သည်နှင့် သခင်လေးလင်က ထိုသူ၏ လက်ထဲတွင် သေဆုံးသွားခြင်းဖြစ်မည်ဟု ချက်ချင်း နားလည်လိုက်သည်။

သူက ထိုသူ့ကို သေချာစွာ စိုက်ကြည့်လိုက်ပြီးနောက် သေချင်ယောင်ဆောင်ကာ မြေပြင်ပေါ်တွင် ထိုင်နေလိုက်သည်။

ပတ်ဝန်းကျင်ရှိ ပြင်းထန်သော တိုက်ခိုက်သံများက ပိုမို ပြင်းထန်လာပြီး အော်ဟစ်သံများကလည်း ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။

ရုတ်တရက် ကောင်းကင်သို့ ထိုးတက်သွားသော မီးတောက်ကြီးတစ်ခု ပေါက်ကွဲထွက်လာပြီးနောက် လူရိပ်တစ်ခုက အလျင်အမြန် ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ လူအချို့မှာ မီးတောက်များ၏ ပေါက်ကွဲမှုကြောင့် လွင့်စင်ထွက်သွားကြသည်။

တစ်ကိုယ်လုံး မီးတောက်များ ဖုံးလွှမ်းနေသော ထိုလူက ရက်စက်စွာ ရယ်မောလိုက်ပြီး သူ၏ လက်ထဲတွင် အစွမ်းပိုင်ရှင် တစ်ယောက်၏ အလောင်းကို ဆွဲကိုင်ထားသည်။

ထိုအလောင်းမှာ မီးလောင်ကျွမ်းထားသဖြင့် တစ်ကိုယ်လုံးနီးပါး မီးတောက်များ ဆက်လက် တောက်လောင်နေဆဲ ဖြစ်သည်။

"ဟားဟားဟား... အသုံးမကျတဲ့ကောင်တွေ... မင်းတို့ကများ သခင်လေးလင်ကို သစ္စာဖောက်ရဲတယ်ပေါ့... ငါ့ကို လာပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲတယ်ပေါ့"

"ငါ့ရဲ့ နာမည်ပြောင်က "ဗုံး" ဆိုတာ မသိကြဘူးလား... ဒီနေ့တော့ မင်းတို့အားလုံး ဒီမှာပဲ နေခဲ့ကြတော့... ငါ့ရဲ့ မီးတောက်ဗုံးတွေရဲ့ အရသာကို ခံစားကြည့်ကြစမ်း"

"ဝုန်း"

သူက လက်နှစ်ဖက်ဖြင့် အားကုန် ဆွဲဖြဲလိုက်ရာ ထိုအလောင်းမှာ ချက်ချင်းပင် နှစ်ပိုင်း ပြတ်ထွက်သွားခဲ့သည်။

ထို့နောက် သူက လက်နှစ်ဖက်ဖြင့် အားကုန် ပစ်ပေါက်လိုက်ရာ ယုံချန်သင်္ဘောဘက်သို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

နှစ်ပိုင်းပြတ်သွားသော အလောင်းမှာ မီးလုံးကြီး နှစ်လုံးကဲ့သို့ လေထိုးခွဲသံများနှင့်အတူ ပြေးဝင်လာခဲ့သည်။

"မိုးကြိုးလက်သီး"

ယုံချန်သင်္ဘောပေါ်မှ မိန်းမပျိုလေး၏ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ချိုးရင်ယွဲ့က လေထဲသို့ ခုန်တက်ကာ လက်သီးတစ်ချက် ထိုးချလိုက်သည်။

မိုးကြိုးများက ကြောက်မက်ဖွယ်ကောင်းသော လျှပ်စစ်စီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး မီးလုံးတစ်လုံးပေါ်သို့ ဝုန်းခနဲ ကျဆင်းသွားခဲ့သည်။

ချက်ချင်းပင် ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဧရာမ မိုးကြိုးရောင်ခြည်များ ရောယှက်သွားကာ လျှပ်စီးလက်ပြီး မိုးခြိမ်းသံများကြားတွင် နောက်ထပ် မီးလုံးအလောင်းတစ်ခုမှာလည်း တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။

ကောင်းကင်မှ မိုးကြိုးနှင့် မြေပြင်မှ မီးတောက်များကြောင့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက ကောင်းကင်ထက်ဝက်ခန့်ကို လင်းထိန်သွားစေခဲ့သည်။

ပြင်းထန်သော ပေါက်ကွဲမှုကြောင့် မြူခိုးများ ချက်ချင်း လွင့်စင်သွားပြီး ပတ်ဝန်းကျင်ရှိ မိုးရေများပင်လျှင် ကြောက်မက်ဖွယ် ပေါက်ကွဲမှုစွမ်းအားကြောင့် အငွေ့ပျံသွားခဲ့သည်။

"ဟားဟားဟား... ဘယ်ကရောက်လာတဲ့ မိန်းမပျိုလေးလဲ... ဗုံး... ဒီကောင်မလေးက အတော်လေး လက်စွမ်းရှိတာပဲ"

သမ္မတ ၇ ၏ ဒုတိယထပ်မှ ရူးသွပ်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီးနောက် အမည်းရောင် အရိပ်တစ်ခုက လျှပ်တပြက် ထွက်ပေါ်လာသည်။

သူ၏ အလျင်က အလွန်မြန်ဆန်လှပြီး တစ်ကိုယ်လုံးကို အမှောင်ထုထဲတွင် ဖုံးကွယ်ထားကာ အမှောင်ဓာတ် သန္ဓေပြောင်း အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေခဲ့သည်။

သူ၏ လက်ထဲတွင်လည်း လူခေါင်းနှစ်လုံးကို ဆွဲကိုင်ထားပြီး သူကိုင်ဆောင်ထားသော ဓားမြှောင်တိုလေးမှာ သွေးများ စွန်းပေနေခဲ့သည်။

"ဟမ့်... တစ္ဆေအရိပ်... မင်းလို ခိုးကြောင်ခိုးဝှက် လုပ်တတ်တဲ့ကောင်က အပြင်ကို ထွက်လာရဲသေးတယ်ပေါ့" မီးတောက်များထဲမှ လူက အေးစက်စွာ ရယ်မောလိုက်ပြီး ချိုးရင်ယွဲ့ကို ကြည့်လိုက်သောအခါ သူ၏ အကြည့်များက အနည်းငယ် လေးနက်သွားခဲ့သည်။

မျက်နှာချင်းဆိုင်ရှိ မိုးကြိုးဓာတ် အစွမ်းပိုင်ရှင်၏ အစွမ်းမှာ သူ့ထက် မနိမ့်ကျကြောင်းကို သူက ခံစားသိရှိနေသည်။

"ဟားဟားဟား... ငါ့ရဲ့ အစွမ်းက ငါ့ရဲ့ တိုက်ခိုက်ရေးဟန်ကို သတ်မှတ်ပေးပြီးသားပဲ... ဘယ်သူက မင်းလိုမျိုး အပြင်ထွက်ပြီး ပစ်မှတ်အဖြစ် ခံယူလောက်အောင် မိုက်မဲမှာလဲ... ကြည့်နေ... ဒီသင်္ဘောပေါ်က လူတွေကို ငါ သွားရှင်းမယ်"

"ရွှစ်"

တစ္ဆေအရိပ်က လှောင်ပြောင်ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ အမှောင်ထုထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။

ချက်ချင်းပင် လူတိုင်း၏ ရင်ထဲတွင် ထိတ်လန့်သွားကြပြီး ဤကဲ့သို့ အမှောင်ထုထဲတွင် အသံတိတ် ပုန်းကွယ်နေသော ပြိုင်ဘက်မျိုးကို မည်သူကမျှ သတိမထားမိနိုင်ပေ။

သူတို့၏ ခေါင်းပေါ်တွင် သေမင်းတမန် ဓားတစ်လက် တွဲလောင်းကျနေသကဲ့သို့ မည်သည့်အချိန်တွင် ကျဆင်းလာမည်ကို မည်သူမျှ မသိနိုင်ပေ။

တုလောင်ကောက်က ထိုလူနှစ်ယောက်ကို သိကျွမ်းသည်။

ဗုံး နှင့် တစ္ဆေအရိပ်တို့မှာ သခင်လေးလင်၏ ဘယ်ညာလက်ရုံးများဟုပင် ပြော၍ ရနိုင်ပေသည်။

သခင်လေးလင် ဤခရီးလမ်းတစ်လျှောက်တွင် လူမည်မျှ သတ်ဖြတ်ခဲ့ပြီး အင်အားစု မည်မျှကို သိမ်းသွင်းခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။

နောက်ဆုံးတွင် သူ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သူမှာ လက်ချိုးရေတွက်၍ ရသော လူအနည်းငယ်သာ ရှိသည်။

ဗုံး နှင့် တစ္ဆေအရိပ်တို့မှာ ထိုလူအနည်းငယ်ထဲမှ နှစ်ယောက် ဖြစ်သည်။

ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်မှာ မီးဓာတ် အစွမ်းပိုင်ရှင် ဖြစ်ပြီး အလွန်တရာ အစွမ်းထက်ကာ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်ဗုံးများကို အလွယ်တကူ ဖန်တီးနိုင်ပြီး တိုက်ခိုက်နိုင်သည့် အတိုင်းအတာမှာ အလွန် ကျယ်ပြန့်လှသည်။

တစ္ဆေအရိပ်မှာမူ အမှောင်ဓာတ် အစွမ်းပိုင်ရှင် ဖြစ်ပြီး အမှောင်ထုထဲသို့ ဝင်ရောက်နိုင်ကာ သွားလာလှုပ်ရှားမှုများက တည်ငြိမ်မှုမရှိဘဲ အသံတိတ် နေနိုင်သည်။ သူက လူသတ်ချင်ပါက ပစ်မှတ်ကို လုံးဝ ကာကွယ်ရန် အခွင့်အရေး မပေးနိုင်ပေ။

ထိုလူနှစ်ယောက်က သခင်လေးလင်၏ သိမ်းသွင်းခြင်းကို ခံရသည့် အကြောင်းရင်းမှာ သခင်လေးလင်၏ ပြိုင်ဘက်ကင်း ကာကွယ်ရေးအစွမ်းကြောင့်ပင် ဖြစ်သည်။

ရွှေရောင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် ထိုနေရာတွင် မတ်တတ်ရပ်ကာ တစ္ဆေအရိပ်၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို ခံယူလျှင်ပင် သခင်လေးလင်ကို အနည်းငယ်မျှ ဒဏ်ရာရစေနိုင်မည် မဟုတ်ပေ။

မီးဓာတ် အစွမ်းပိုင်ရှင် ဗုံးနှင့် ပတ်သက်၍မူ သူ၏ နည်းလမ်းများအားလုံးက သခင်လေးလင်၏ ရွှေရောင်ခန္ဓာကိုယ်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။

ထိုလူနှစ်ယောက်က သခင်လေးလင်၏ အနီးတွင် နေထိုင်ခြင်းဖြင့် သခင်လေးလင်၏ တိုက်ခိုက်မှု အားနည်းချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

ဝမ်းနည်းစရာကောင်းသည်မှာ ဤတစ်ကြိမ်တွင် သခင်လေးလင်က ဘုရင်မသင်္ဘောကို ဖမ်းဆီးရန် ထွက်သွားချိန်၌ ထိုဘယ်ညာလက်ရုံးနှစ်ယောက်ကို သမ္မတ ၇ ပေါ်တွင် စောင့်ကြပ်ရန် ချန်ထားခဲ့ပြီး သူ့အနီးတွင် ခေါ်ဆောင်သွားခြင်း မရှိခဲ့ပေ။

ထိုသို့မဟုတ်လျှင်...

တုလောင်ကောက်က ဆက်လက်၍ မတွေးတောတော့ပေ။ အကြောင်းမှာ မျက်နှာချင်းဆိုင်ရှိ ယုံချန်သင်္ဘောပေါ်တွင်...

ထိုလူငယ်က လုံးဝ လှုပ်ရှားခြင်း မရှိဘဲ မျက်နှာအမူအရာပင် အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိသောကြောင့် ဖြစ်သည်။

တစ္ဆေအရိပ်က ပျောက်ကွယ်သွားပြီး ယုံချန်သင်္ဘောပေါ်သို့ ရောက်ရှိနေနိုင်သည်ကိုပင် သူက အနည်းငယ်မျှ တုန်လှုပ်ချောက်ချားခြင်း မရှိပေ။

တုလောင်ကောက်က စိတ်ထဲမှ အံ့ဩသွားခဲ့သည်။ ဒီလူက တစ္ဆေအရိပ်ကို ရှာတွေ့နိုင်တဲ့ နည်းလမ်း ရှိနေသေးတာလား။

သူ၏ အတွေးများ လျှပ်တပြက် ဖြတ်ပြေးသွားချိန်တွင် ရုတ်တရက် အမှောင်ထုထဲမှ တချွင်ချွင် မြည်နေသော သတ္တုသံများ ထွက်ပေါ်လာခဲ့သည်။

တုလောင်ကောက်က မျက်လုံးပြူးသွားပြီး လက်နက်များ ရိုက်ခတ်နေသော အသံများ ထွက်ပေါ်လာသည့် နေရာကို အစွမ်းကုန် ရှာဖွေကြည့်လိုက်သည်။

သူ၏ မျက်လုံးဖြင့် ကြည့်လိုက်သောအခါ မျက်နှာချင်းဆိုင်ရှိ ယုံချန်သင်္ဘော၏ ကုန်းပတ်ပေါ်ရှိ အရိပ်များကြားတွင် အမည်းရောင် အရိပ်နှစ်ခုက ဆက်တိုက် ထွက်ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။

တုလောင်ကောက်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့သည်။

"ဟိုဘက်မှာလည်း အမှောင်ဓာတ် အစွမ်းပိုင်ရှင် ရှိနေတာပဲ"

သူက လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိသည်။ ထိုလူငယ်က လုံးဝ တုံ့ပြန်မှု မရှိသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

တစ်ဖက်လူက တစ္ဆေအရိပ်ကို ရင်ဆိုင်ရန် နည်းလမ်း ရှိနေခဲ့ပြီးသား ဖြစ်သည်။

အမှောင်ထုထဲတွင် ချင်ဇီဟန် နှင့် တစ္ဆေအရိပ်တို့က ဆက်တိုက် တိုက်ခိုက်နေကြပြီး လက်နက်များ ရိုက်ခတ်နေကြသည်။

တစ္ဆေအရိပ်က မနေနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။ "ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... ဒီကမ္ဘာပေါ်မှာ ငါနဲ့တူတဲ့ အရိပ်အစွမ်းကို နိုးထလာတဲ့ လူ ရှိနေသေးမယ်လို့ မထင်ထားဘူး"

ချင်ဇီဟန်က အမှောင်ထုထဲတွင် ပုန်းကွယ်နေရင်း အေးစက်စွာ ရယ်မောလိုက်သည်။ "ငတုံး"

သူက စကားများမနေဘဲ တစ်ဖက်လူမှာ အလွန်တရာ တုံးအလွန်းသည်ဟုသာ ခံစားလိုက်ရသည်။

သို့သော်လည်း အရင်က သူ့ကိုယ်သူနှင့် အနည်းငယ် တူနေသည်ဟုလည်း ခံစားမိသည်။

တစ်ချိန်က သူလည်း အမှောင်ထုထဲတွင် ပုန်းကွယ်နိုင်ပြီး ညဉ့်နက်ယံ၏ ဘုရင်တစ်ပါး ဖြစ်လာကာ အမှောင်ထုထဲတွင် မည်သူကမျှ သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ဟု ထင်မှတ်ခဲ့ဖူးသည်။

အမချိုးနှင့် တွေ့ဆုံချိန်အထိမှသာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းမှာ အသေးအဖွဲ နည်းလမ်းတစ်ခုသာ ဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။

ချိုးရင်ယွဲ့က အစပိုင်းတွင် မိုးကြိုးကို တစ်ကြိမ်သာ အသုံးပြုခဲ့ပြီး ပတ်ဝန်းကျင် ပေ ၃၀ အတွင်း အားပြင်းသော မိုးကြိုးလျှပ်စစ်များကို ဖန်တီးကာ သူ၏ အရိပ်အစွမ်းကို ဖျက်ဆီးပစ်ခဲ့သည်။

ချိုးရင်ယွဲ့ပင်လျှင် ဤသို့ လုပ်ဆောင်နိုင်ပါက အစွမ်းများစွာကို ပိုင်ဆိုင်ထားသော ဆရာလင်းက မည်သို့လျှင် မလုပ်ဆောင်နိုင်ဘဲ ရှိမည်နည်း။

သူက မိမိကိုယ်ကို တစ္ဆေအရိပ်ဟု ခေါ်ဆိုသော ထိုကောင်ကို ကြည့်ရင်း အရင်က ရေတွင်းထဲမှ ဖားသူငယ်ကဲ့သို့ ဖြစ်နေခဲ့သော သူ့ကိုယ်သူ ပြန်မြင်ယောင်လာသကဲ့သို့ ခံစားလိုက်ရသည်။

ယခုအချိန်တွင် သူက စကားများမနေချင်တော့ဘဲ အမြန်ဆုံး တိုက်ခိုက်ပြီး အမြန်ဆုံး အဆုံးသတ်ချင်နေပြီ ဖြစ်သည်။

ပြင်းထန်သော တိုက်ခိုက်မှုများကြားတွင် ရုတ်တရက် အရိပ်တစ်ခုက အနီးအနား၌ ထွက်ပေါ်လာခဲ့သည်။

"ချင်ဇီဟန်... ဒီနေရာကို ကျွန်မကို လွှဲထားလိုက်ပါ... ရှင်က လင်းဝူကို သွားကူညီပြီး သမ္မတ ၇ ရဲ့ အခြေအနေကို ထိန်းချုပ်လိုက်... ကိုလင်းယွမ် အလိုရှိတာက အကောင်းပကတိဖြစ်နေတဲ့ သမ္မတ ၇ ကိုပဲ... ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ သမ္မတ ၇ ကို မဟုတ်ဘူး"

ချင်ဇီဟန်က အံ့ဩသွားပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကာ အရိပ်များထဲမှ ထွက်ပေါ်လာပြီး စကားပြောနေသော ဟန်ရှန်းမန်ကို ကြည့်လိုက်သည်။

သူက ဟန်ရှန်းမန်ကို တစ်ချက် ကြည့်လိုက်ပြီး အရိပ်များထဲတွင် ပုန်းကွယ်နေဆဲဖြစ်သော တစ္ဆေအရိပ်ကိုလည်း ကြည့်လိုက်ကာ ပြောလိုက်သည်။ "မဟန်... ဂရုစိုက်ပါ"

ဟန်ရှန်းမန်က ပြုံးလိုက်ပြီး ခေါင်းကိုသာ အနည်းငယ် ညိတ်ပြလိုက်သည်။

ထို့နောက် ချင်ဇီဟန်မှာ အရိပ်များထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ထိုအခါမှသာ ဟန်ရှန်းမန်က ဘေးဘီဝဲယာသို့ ကြည့်လိုက်ရာ ပြိုင်ဘက်ကို မမြင်တွေ့ရပေ။

သို့သော် ပြိုင်ဘက်က အနီးအနားတွင် ရှိနေကြောင်းကိုတော့ သူမ သိနေသည်။

တစ္ဆေအရိပ်က အေးစက်စွာ ရယ်မောလိုက်ပြီး စကားမပြောသော်လည်း သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များက လှည့်ပတ်နေသည်။

သူက စော်ကားခံလိုက်ရသည်ဟု ခံစားနေရသည်။

"မိန်းမ... အမှောင်ထုရဲ့ စွမ်းအင်ကို ခံစားကြည့်လိုက်စမ်း"

ရုတ်တရက် သူ၏ ခန္ဓာကိုယ်က ဟန်ရှန်းမန်၏ အနောက်မှ လျင်မြန်စွာ ထွက်ပေါ်လာပြီး ဓားမြှောင်ဖြင့် ဟန်ရှန်းမန်၏ လည်ပင်းကို အလျင်အမြန် ထိုးစိုက်လိုက်သည်။

ထိုတီးတိုးပြောဆိုသံက တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာခဲ့သည်။

"ဗြိ"

ထိုဓားချက်က ဟန်ရှန်းမန်၏ ဖြူဖွေးနေသော လည်တိုင်ကို တိကျစွာ ထိမှန်သွားခဲ့သည်။

သို့သော်လည်း တစ္ဆေအရိပ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"မဟုတ်ဘူး"

သူ၏ ဓားချက်က ရေအိုင်တစ်ခုထဲသို့ ထိုးစိုက်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။

ဟန်ရှန်းမန်က ဖြည်းညင်းစွာ ခေါင်းလှည့်လာသည်ကို မြင်တွေ့လိုက်ရပြီး သူမ၏ ခန္ဓာကိုယ်ပတ်လည်ရှိ လေထုက ချက်ချင်း လှည့်ပတ်လာခဲ့သည်။

"ဝှီး... ဝှီး"

ဘယ်အချိန်ကတည်းက သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ကြည်လင်နေသော ရေမှန်ကူကွက်တစ်ခု ဖုံးလွှမ်းနေခဲ့သည်ကို မသိနိုင်ပေ။

သူမက မည်သည့် ကာကွယ်မှုမျှ မရှိသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင်မူ အလွန်ထူထဲသော ရေမှန်ကူကွက်တစ်ခုက သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဖုံးကွယ်ထားခဲ့ပြီး ဖြစ်သည်။

များပြားလှသော ရေစီးကြောင်းများက ထိုဓားမြှောင်မှတစ်ဆင့် တစ္ဆေအရိပ်ကို ရုတ်တရက် ဖုံးလွှမ်းသွားခဲ့သည်။

ဟန်ရှန်းမန်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။ "အရိပ်ထဲမှာပဲ သေချာ ပုန်းနေတာက ပိုမကောင်းဘူးလား"

"ဝုန်း"

များပြားလှသော ရေစီးကြောင်းများက လျင်မြန်စွာ ဖိနှိပ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ္ဆေအရိပ်ကို အထပ်ထပ် ဝိုင်းရံထားလိုက်သည်။

တစ္ဆေအရိပ်က ထိတ်လန့်ဒေါသထွက်သွားပြီး အလျင်အမြန် ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် ရေစီးကြောင်းများက သူ့ကို တင်းကျပ်စွာ ရစ်ပတ်ထားသဖြင့် လုံးဝ ထွက်ပြေးခွင့် မပေးပေ။

ထိုရေစီးကြောင်းများက သူ၏ မျက်လုံးများ၊ နှာခေါင်းပေါက်များနှင့် နားရွက်များထဲသို့ပင် ဆက်တိုက် တိုးဝင်သွားခဲ့သည်။

သူက အမှောင်ထု အနည်းငယ်ကို ရှာဖွေချင်နေပြီး အမှောင်ထု အနည်းငယ် ရှိနေရုံဖြင့် ထိုအထဲသို့ ဝင်ရောက်ကာ ထွက်ပြေးနိုင်မည် ဖြစ်သည်။

သို့သော် မျက်လုံးများထဲသို့ ရေများ ဝင်ရောက်လာသဖြင့် သူ၏ မျက်လုံးများက ချက်ချင်း စူးရှနာကျင်သွားကာ ဖွင့်၍ပင် မရတော့ပေ။

သူ၏ မျက်လုံးများက အရောင်အသွေးအားလုံးကို ချက်ချင်း ဆုံးရှုံးသွားခဲ့သည်။

အမည်းရောင်တစ်ခုတည်းသာ ကျန်ရှိတော့သည်။

သူက အမှောင်နှင့် အလင်းကို မခွဲခြားနိုင်တော့သည့် အချိန်တွင် အမှောင်ထုထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်နိုင်မည် မဟုတ်တော့ကြောင်း သတ်မှတ်ပြီးသား ဖြစ်သွားခဲ့သည်။

"မလုပ်... မလုပ်ပါနဲ့... အား"

တစ္ဆေအရိပ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

တစ်ချိန်က အမှောင်ထုက သူ့ကို ပြင်းထန်သော လုံခြုံမှု ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့သည်။

ယခုအချိန်တွင် ရန်သူများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သော အမှောင်ထုထဲမှ တစ္ဆေအရိပ်မှာ အမှောင်ထုကို ကြောက်ရွံ့နေပြီး နားကွဲမတတ် အော်ဟစ်နေခဲ့သည်။

ဆက်ရန်...

အပိုင်း(၃၉၆) သမ္မတ ၇ ကို သိမ်းပိုက်ခြင်း

ဤစူးရှသော အော်ဟစ်သံက အချိန်ကြာမြင့်စွာ မခံခဲ့ပေ။

တစ္ဆေအရိပ်က ပါးစပ်ဟလိုက်သည့် တစ်ခဏမှာပင် များပြားလှသော ရေစီးကြောင်းများက သူ၏ အဆုတ်နှင့် လေပြွန်ထဲသို့ တိုးဝင်သွားခဲ့သည်။

ချက်ချင်းပင် အသက်ရှူကျပ်လာသည့် ခံစားချက် ထွက်ပေါ်လာပြီး တစ္ဆေအရိပ်က ပြင်းထန်စွာ ချောင်းဆိုးကာ ပျို့အန်လာခဲ့သည်။

သို့သော် အသုံးမဝင်ပေ။ သူက ရေနစ်နေသူ တစ်ယောက်လို ရူးသွပ်စွာ ရုန်းကန်ရင်း အသက်လုကာ ကစဉ့်ကလျား ပြေးလွှားနေခဲ့သည်။

အထိတ်တလန့်နှင့် ပြေးလမ်းမရွေး ပြေးလွှားရင်း သူက လင်းယွမ်၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။

လင်းယွမ်က သူ့ကို မကြည့်ဘဲ လက်တစ်ဖက်ကိုသာ ခပ်ဖွဖွ ဝှေ့ယမ်းလိုက်သည်။

"ဝှီး"

စိတ်ဝိညာဉ်မီးတောက် တစ်ခုက ချက်ချင်း လောင်ကျွမ်းသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ္ဆေအရိပ်၏ စိတ်ပင်လယ်က ရုတ်တရက် ပြင်းထန်စွာ လောင်ကျွမ်းလာပြီး ကြောက်မက်ဖွယ် စိတ်ဝိညာဉ်မီးတောက်က သူ၏ စိတ်ပင်လယ်ကို တိုက်ရိုက် မီးစွဲစေခဲ့သည်။

စက္ကန့်အနည်းငယ်မျှသာ အချိန်ယူလိုက်ရပြီး တစ္ဆေအရိပ်၏ စိတ်ဝိညာဉ်က အပြီးတိုင် သေဆုံးသွားကာ ဗိုင်းကနဲ မြည်သံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ဟန်ရှန်းမန်က လျှောက်လာပြီး တစ္ဆေအရိပ်ကို သင်္ဘောဦးပိုင်းမှ အောက်သို့ ပစ်ချလိုက်သည်။

"ဒီလူက အစွမ်းအစသာ မရှိတာ... လေကတော့ မသေးဘူးပဲ" ဟန်ရှန်းမန်က ပြုံးလျက် ပြောလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "သူ ပြသသွားတဲ့ သန္ဓေပြောင်းစွမ်းအင် ပြင်းအားကို ကြည့်ရရင် ဝူယင်ထက် မနိမ့်ဘူး"

ဟန်ရှန်းမန်က ခေါင်းယမ်းလိုက်ပြီး "ဒီလူက ဝူယင်နဲ့ ယှဉ်လို့မရပါဘူး... အမှောင်ဓာတ် အစွမ်းပိုင်ရှင် တစ်ယောက်က ဝူယင်လိုမျိုး နောက်ကွယ်ကနေပဲ ပုန်းကွယ်တိုက်ခိုက်ပြီး တစ်ချိန်လုံး လူလုံးမပြဘဲ နေသင့်တာလေ"

"ဒီလူ့ ဦးနှောက်က တစ်ခုခု မှားနေတာပဲ... လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က လူလုံးထွက်ပြနေရတယ်လို့"

ဤလူက ဘယ်လို တွေးခေါ်နေသလဲ ဆိုသည်ကို ဟန်ရှန်းမန် အမှန်တကယ် နားမလည်နိုင်ပေ။

လင်းယွမ်ကတော့ ဤလူများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းနိုင်လေသည်။

ထိုလူများက အစွမ်းများ နိုးထလာပြီးနောက် အတည်တကျ နေထိုင်စရာ မရှိဘဲ လှည့်လည်သွားလာနေရသဖြင့် အခြားသူများကို ခြိမ်းခြောက်နိုင်ရန် နာမည်တစ်ခုခု လိုအပ်ပေသည်။

နာမည်ကျော်ကြားရန်အတွက် သူတို့က ဟန်ရေးပြရန် လိုအပ်ပြီး လူသိရှင်ကြား လှုပ်ရှားရမည် ဖြစ်သည်။

ဤအချက်က အမှောင်ဓာတ်၏ တိုက်ခိုက်ရေး ပုံစံနှင့် လားလားမျှ မသက်ဆိုင်ပေ။

နောက်ထပ် အကြောင်းရင်းတစ်ခုက ဤလူများက ရေပြင်ပေါ်တွင် အချိန်ကာလ ကြာမြင့်စွာ မျောပါနေခဲ့ရသဖြင့် သူတို့၏ စိတ်ပိုင်းဆိုင်ရာများက အနည်းနှင့်အများ ဖောက်ပြန်နေပုံ ရသည်။

သူတို့၏ အပြုအမူများကို သာမန် ယုတ္တိဗေဒဖြင့် တွေးတော၍ မရနိုင်ပေ။

လင်းယွမ်က ဟန်ရှန်းမန်နှင့် ဤအကြောင်းများကို ဆက်မဆွေးနွေးတော့ဘဲ ကောင်းကင်ယံရှိ မီးရောင်များနှင့် လျှပ်စီးများ ရောယှက်နေသော တိုက်ပွဲဆီသို့ လှမ်းကြည့်လိုက်သည်။

"ဒီ မီးဓာတ် အစွမ်းပိုင်ရှင်က မဆိုးဘူးပဲ... ချိုးရင်ယွဲ့ရဲ့ လျှပ်စီးအစွမ်းက မီးဓာတ်အစွမ်းအပေါ် သိပ်ပြီး ဖိနှိပ်နိုင်စွမ်း မရှိဘူး"

ဟန်ရှန်းမန်က ချက်ချင်းပင် "ကျွန်မ သွားကူညီလိုက်ပါ့မယ်" ဟု ပြောလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "မြန်မြန်တိုက်ပြီး မြန်မြန်အဆုံးသတ်လိုက်ပါ... သမ္မတ ၇ သင်္ဘောကိုတော့ မထိခိုက်စေနဲ့... ဒါက လာမယ့် အချိန်ကာလ တစ်ခုအထိ ငါတို့ ရနိုင်မယ့် အကြီးဆုံး သင်္ဘော ဖြစ်လာနိုင်တယ်"

"နားလည်ပါပြီ"

ဟန်ရှန်းမန်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီးနောက် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ သင်္ဘောဦးပိုင်းမှနေ၍ အပေါ်သို့ ခုန်တက်သွားခဲ့သည်။

ရေအောက်မှ ရေစီးကြောင်းတစ်ခုက အလိုအလျောက် လိပ်တက်လာပြီး သူမကို ပင့်ဆောင်ကာ ကောင်းကင်ထက်သို့ ပျံသန်းသွားစေသည်။

ချက်ချင်းပင် သူမက ရေနဂါးကို ထိန်းချုပ်ကာ လျှပ်စီးများနှင့် မီးတောက်များကြားသို့ ဝင်ရောက်သွားခဲ့သည်။

လျှပ်စီးနှင့် မိုးရေတို့က ချက်ချင်းပင် လျှပ်ကူးသွားပြီး ဒိုင်းဒိုင်းဒေါင်းဒေါင်း အသံများနှင့်အတူ လျှပ်စီးများက အဆက်မပြတ် ပျံ့နှံ့ပေါက်ကွဲသွားခဲ့သည်။

မီးတောက်များက ရေစီးကြောင်းနှင့် ထိတွေ့သွားသောအခါ မီးတောက်များ ချက်ချင်း ရပ်တန့်သွားပြီး လျင်မြန်စွာ ပေါက်ကွဲကာ နောက်သို့ ပြန်လန်သွားခဲ့သည်။

တစ်ဖက်က အားနည်းသွားပြီး တစ်ဖက်က အားသာလာသောကြောင့် "ဗုံး" ဟု အမည်ရသည့် အစွမ်းပိုင်ရှင်က ချက်ချင်းပင် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

"နှစ်ယောက်တစ်ယောက် ချတာ... မင်းတို့က သတ္တိရှိတဲ့ ယောက်ျားတွေလားကွ"

ဟန်ရှန်းမန်က လေထဲတွင် ရှိနေရင်း ခပ်ဟဟ ရယ်မောကာ "ငတုံး... သေချာကြည့်စမ်း... ကျွန်မက မိန်းမတစ်ယောက်ပဲ"

ချိုးရင်ယွဲ့ကလည်း ချက်ချင်း ရယ်မောလိုက်ပြီး "မှန်တယ်... ကျွန်မလည်း မိန်းမပဲ"

"ဗုံး" အစွမ်းပိုင်ရှင်က ဒေါသထွက်လွန်းသဖြင့် ပါးစပ်မှ အဆက်မပြတ် ဆဲရေးတိုင်းထွာလာသည်။ "ခွေးမသားတွေ... ဖာသည်မ နှစ်ကောင်... မင်းတို့ကို လူတွေ ဝိုင်းကျင့်ပြီး သေပါစေလို့ ငါ ကျိန်ဆဲတယ်..."

"သေချင်နေတာပဲ"

"သေလိုက်စမ်း"

မိန်းကလေး နှစ်ယောက်လုံးက တစ်ပြိုင်နက်တည်း ဒေါသထွက်သွားကြပြီး လျှပ်စီးနှင့် ရေနဂါးတို့က အော်ဟစ်သံများနှင့်အတူ ပူးပေါင်းသွားကာ ဝုန်းကနဲ ပေါက်ကွဲသွားခဲ့သည်။

ရေနဂါးက မီးတောက်များကို တိုက်ရိုက် ထိုးခွဲသွားပြီး ရေလမ်းကြောင်းတစ်ခုကို ရှင်းလင်းဖန်တီးပေးလိုက်သည်။

လျှပ်စီးများက အခွင့်ကောင်းယူကာ တက်လာပြီး ရေကိုအသုံးပြု၍ လျှပ်ကူးသွားကာ ဝုန်းကနဲ အသံနှင့်အတူ ရေလျှပ်စီး နတ်ဘုရားဓားတစ်လက်ကဲ့သို့ ကောင်းကင်ယံရှိ မီးတံတိုင်းကြီးထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မီးတံတိုင်းကြီး၏ နောက်ကွယ်မှ စူးရှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

မီးတောက်နေသော လူရိပ်တစ်ခုက ကောင်းကင်ထက်မှ ပြုတ်ကျလာပြီး သမ္မတ ၇ သင်္ဘောဆီသို့ တည့်မတ်စွာ ကျဆင်းလာခဲ့သည်။

လင်းဝူက သမ္မတ ၇ သင်္ဘော၏ တတိယထပ်ကို ထိုးဖောက်ဝင်ရောက်သွားကာ ခေါင်မိုးပေါ်တွင် ရပ်နေစဉ် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အလံတိုင်တစ်ခုကို ဆွဲယူကာ လေထဲရှိ လူရိပ်ဆီသို့ အားကုန် လှမ်းပစ်လိုက်သည်။

"ဝှီး"

ကြောက်မက်ဖွယ် လေခွဲသံကြီး ထွက်ပေါ်လာပြီး လေလှိုင်းများ ဟိန်းထွက်သွားကာ အလံတိုင်က တဝှီးဝှီး မြည်ဟည်းသွားခဲ့သည်။

"စွပ်"

ထိုမီးတောက်နေသော လူရိပ်က ပျံသန်းနေသော ငှက်တစ်ကောင်ကဲ့သို့ အလံတိုင်၏ အရှိန်ပြင်းပြင်း ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး ဗိုင်းကနဲ အသံနှင့်အတူ ရေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ထိုနောက်တွင် ယခုလေးတင်မှ လက်အောက်ခံ ဖြစ်လာသော ဓားပြအချို့က မျက်နှာလိုမျက်နှာရ လုပ်လိုသဖြင့် အသက်ကို ပဓာနမထားဘဲ ရေထဲသို့ ခုန်ဆင်းသွားကြကာ ထိုလူ၏ ခေါင်းကို အလုအယက် ဖြတ်ယူကြတော့သည်။

ဤမြင်ကွင်းက သမ္မတ ၇ သင်္ဘောပေါ်ရှိ ခေါင်းမာမာဖြင့် ခုခံနေကြသူများကို လေအေးများ တစ်ဝိုက်ကြီး ရှူသွင်းမိသွားစေပြီး လူတိုင်း၏ ရင်ထဲတွင် အေးစက်သွားကြသည်။

ဒီလူတွေက ရူးနေကြတာလား...

သစ္စာဖောက်ပြီး ဘက်ပြောင်းသွားတယ် ဆိုရင်တောင် ဒီလောက်ထိ အသက်လုပြီး လုပ်ဖို့ မလိုပါဘူး...

ခဏအကြာတွင် သမ္မတ ၇ သင်္ဘောပေါ်ရှိ လူများ၏ စိတ်ဓာတ်များက အကြီးအကျယ် ကျဆင်းသွားကြပြီး သနားညှာတာရန် အော်ဟစ်တောင်းပန်ကာ ဒူးထောက် လက်နက်ချကြတော့သည်။

လင်းယွမ်ကလည်း အမြစ်ပြတ် ချေမှုန်းကာ အကုန်လုံးကို သတ်ဖြတ်ခြင်း မပြုခဲ့ပေ။

အကြောင်းမှာ သူက ဤလူများကို အသုံးပြုရန် လိုအပ်သေးသောကြောင့် ဖြစ်သည်။

နာရီဝက်ပင် မကြာလိုက်ဘဲ အခြေအနေက အလုံးစုံ တည်ငြိမ်သွားခဲ့သည်။

လင်းယွမ်က လူများကို ခေါ်ဆောင်ကာ သမ္မတ ၇ သင်္ဘောပေါ်သို့ တက်လာခဲ့ပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော လူစုကို ကြည့်ကာ မေးလိုက်သည်။ "ဒီသင်္ဘောပေါ်မှာ ဘယ်သူက အကြာဆုံး နေခဲ့တာလဲ"

မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော သုံ့ပန်းများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် သူတို့၏ အကြည့်များက ထောင့်တစ်နေရာတွင် အစမှအဆုံးတိုင် ခေါင်းမမော့ရဲသော တုလောင်ကောက်ထံသို့ အလိုအလျောက် ရောက်ရှိသွားကြသည်။

လင်းယွမ်ကလည်း သူတို့၏ အကြည့်များအတိုင်း ထို တုလောင်ကောက် ဆိုသူဆီသို့ လှမ်းကြည့်လိုက်သည်။

တုလောင်ကောက်က တစ်ကိုယ်လုံး တုန်ယင်သွားပြီး မြေပြင်ပေါ်တွင် တုန်တုန်ယင်ယင်နှင့် ဝပ်တွားနေခဲ့သည်။

"ဒေါက်... ဒေါက်... ဒေါက်"

လင်းယွမ်၏ ခြေသံများ ထွက်ပေါ်လာပြီး တုလောင်ကောက်က သူ၏ အရှေ့တွင် ပေါ်လာသော အားကစား ဖိနပ်တစ်ရန်ကိုသာ မြင်တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ခေါင်းမော့စမ်း"

တုလောင်ကောက်က ရင်ထဲတွင် တုန်လှုပ်သွားပြီး မတွန့်ဆုတ်ရဲဘဲ အလျင်အမြန် ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်လိုက်သည်။

သူက အိုမင်းနေသော မျက်နှာပေါ်တွင် အတင်းအကျပ် ပြုံးပြလိုက်ပြီး "ခေါင်း... ခေါင်းဆောင်..."

လင်းယွမ်က သူ့ကို စူးစိုက်ကြည့်ကာ မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး "ဟား... ခင်ဗျားကိုး... ကျုပ်သင်္ဘော နီးကပ်လာကတည်းက ခင်ဗျားက ခိုးပြီး ကြည့်နေခဲ့တာပဲ... တော်တော် ဉာဏ်ကောင်းတဲ့ လူပဲ"

တုလောင်ကောက်က ချက်ချင်း ကြောက်လန့်သွားကာ မျက်နှာ ဖြူရော်သွားခဲ့သည်။ သူ ခိုးကြည့်နေသည်ကို တစ်ဖက်လူက စောစောစီးစီးကတည်းက သတိထားမိနေခဲ့သည်။

ခဏအကြာတွင် သူ၏ ရင်ထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး အလျင်အမြန် တောင်းပန်လိုက်သည်။ "ခေါင်းဆောင် သေချာ စုံစမ်းပါဦး... ကျွန်တော်က သင်္ဘောပေါ်မှာ သင်္ဘောမောင်းတဲ့ သူပါ... အစွမ်းတောင် မရှိပါဘူး... အဲဒီ လင်ကျန်းဟီ ကျူးလွန်ခဲ့တဲ့ အပြစ်တွေက ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူး"

သူက တော်တော်လေး မြန်မြန်ဆန်ဆန်ပင် ငြင်းပယ်လိုက်သည်။ လင်ကျန်းဟီ၏ ဖောက်ပြန်ပြီး ရိုင်းစိုင်းသော စရိုက်ကြောင့် လင်းယွမ်က သူ့အပေါ် ဒေါသထွက်လာမည်ကို သူက အလွန် ကြောက်ရွံ့နေခဲ့သည်။

လင်းယွမ်က သူ၏ စကားကို ဂရုမစိုက်ဘဲ မေးလိုက်သည်။ "ခင်ဗျား နာမည် ဘယ်လိုခေါ်လဲ"

"ခေါင်းဆောင်ကို ဖြေပါရစေ... ကျွန်တော်ရဲ့ မျိုးရိုးက တု... နာမည်က တုကျန် ပါ... ဒါပေမဲ့ လူတိုင်းက ကျွန်တော်မျိုးကို တုလောင်ကောက် လို့ပဲ ခေါ်ကြတယ်... ခေါင်းဆောင်လည်း ကျွန်တော့်ကို တုလောင်ကောက် လို့ပဲ ခေါ်လို့ ရပါတယ်" တုလောင်ကောက်က အလျင်အမြန် ပြုံးဖြီးဖြီးဖြင့် ဖြေလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "တုလောင်ကောက်... ခင်ဗျားက လင်ကျန်းဟီ နောက်ကို လိုက်နေတာ ဘယ်လောက်ကြာပြီလဲ"

"ခေါင်းဆောင်..."

"ငါ့ကို ဆရာလင်း လို့ပဲ ခေါ်ပါ"

"အာ... ဆရာလင်းကို ဖြေပါရစေ... ကျွန်တော်က ရေကြီးတဲ့ ဘေးအန္တရာယ် မတိုင်ခင်ကတည်းက ဒီ သမ္မတ ၇ သင်္ဘောပေါ်မှာ အလုပ်လုပ်ခဲ့တာပါ... တစ်ချိန်လုံး သင်္ဘောသား တစ်ယောက် အနေနဲ့ပဲ နေခဲ့တာပါ"

"နောက်ပိုင်း ရေလွှမ်းမိုးဘေးကြီး ဖြစ်လာတော့ ကပ္ပတိန်တို့က သမ္မတ ၇ သင်္ဘောကို အရင်ဆုံး သိမ်းပိုက်လိုက်ပြီး စားစရာနဲ့ သုံးစရာ အများစုကို ယူထားခဲ့တယ်"

"အဲဒီနောက် လင်ကျန်းဟီက အစွမ်း နိုးထလာပြီး ကပ္ပတိန်တို့ကို သတ်ပစ်ခဲ့တယ်... သူကိုယ်တိုင်က ဒီ အပျော်စီးသင်္ဘောရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တယ်"

"ကျွန်တော်က သင်္ဘောမောင်းတဲ့ နည်းပညာကို နည်းနည်းပါးပါး နားလည်တော့ သူက ကျွန်တော့်ကို သင်္ဘောမောင်းဖို့ သီးသန့် တာဝန်ပေးထားခဲ့တာပါ"

တုလောင်ကောက်က အရေးကြီးသည်များကို ရှောင်ရှားကာ ပေါ့ပေါ့ပါးပါးသာ ပြောဆိုခဲ့ပြီး အစပိုင်းက သမ္မတ ၇ သင်္ဘောပေါ်ရှိ အကောက်ကြံမှုများနှင့် လင်ကျန်းဟီက မည်သို့ ဖောက်ပြန်ကာ ကလဲ့စားချေခဲ့သည်ကို မပြောပြခဲ့ပေ။

သူက ဤအကြောင်းအရာများကို ရှောင်ရှားခဲ့ပြီး သူ၏ ကျွမ်းကျင်မှု ပညာရပ်ကိုသာ သွယ်ဝိုက်၍ ထည့်သွင်းပြောဆိုသွားခဲ့သည်။

ဤသို့ပြောခြင်းက သူသည် အပျော်စီးသင်္ဘော၏ ပဲ့ကိုင်ရှင် ဖြစ်ပြီး အစားထိုး၍ မရသော အခန်းကဏ္ဍတွင် ရှိကြောင်း လင်းယွမ်ကို သိစေရန်အတွက် ဖြစ်သည်။

ဤ ဆရာလင်း က သင်္ဘောမောင်းရန် လိုအပ်နေသရွေ့ သူ တုလောင်ကောက် က အသက်ရှင်နေနိုင်ဦးမည် ဖြစ်သည်။

တုလောင်ကောက်က ပါးစပ်မှ သူကိုယ်သူ အဘိုးကြီး ဟု အဆက်မပြတ် ပြောနေသော်လည်း အမှန်တကယ်တွင် သူက အသက် ငါးဆယ် ပြည့်ရုံသာ ရှိသေးသည်။

ရေလွှမ်းမိုးဘေး မတိုင်မီကဆိုလျှင် ဤအရွယ်သည် အဘိုးကြီး ဟုပင် မဆိုနိုင်ဘဲ အငြိမ်းစားယူရမည့် အရွယ်သို့ပင် မရောက်သေးပေ။

ရေလွှမ်းမိုးဘေးအပြီးတွင် အသက်ရှင်ကျန်ရစ်သူများ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သက်ကြီးရွယ်အို အစွမ်းပိုင်ရှင်များဆိုလျှင် ယခင်က အနာဟောင်း ရောဂါဟောင်းများပင် ပြန်လည် ပျောက်ကင်းသွားနိုင်ကြသည်။

ထို့ကြောင့် အသက် ငါးဆယ် ဆိုသည်က တကယ်တမ်း မအိုသေးပေ။

သို့သော် တုလောင်ကောက်က ဤသို့ပြောခြင်းမှာ သနားစရာကောင်းအောင် ဟန်ဆောင်နေခြင်းသာ ဖြစ်ပေသည်။

သူ၏ ဤစိတ်ကူးကို လင်းယွမ်က အလိုလို သိမြင်နေခဲ့သည်။

သို့သော် သူက ထုတ်ဖော်မပြောတော့ဘဲ သမ္မတ ၇ သင်္ဘော၏ အခြေခံ အခြေအနေကိုသာ မေးမြန်းလိုက်သည်။

တုလောင်ကောက်က သမ္မတ ၇ သင်္ဘောပေါ်တွင် အချိန်ပြည့် အလုပ်လုပ်ခဲ့သဖြင့် သူသိထားသည့် အရာများက သဘာဝကျစွာပင် အလွန် ပြည့်စုံလေသည်။

ချက်ချင်းပင် သူက လင်းယွမ်ကို အလျင်အမြန် ရှင်းပြလိုက်သည်။

"ဆရာလင်း... သမ္မတ ၇ သင်္ဘောရဲ့ အရွယ်အစားက ချန်ကျန်းမြစ်ကြောင်း သွားလာရေး ဒီဇိုင်းကန့်သတ်ချက်ဖြစ်တဲ့ ၄၈၂ ပေ ရှိပြီး အကျယ်က ၆၆ ပေ ရှိပါတယ်"

"ဇိမ်ခံ စံမီအခန်း ၂၁၆ ခန်း... အပေါ်ဆုံးထပ်မှာ ရှိတဲ့ ဇိမ်ခံ အုပ်ချုပ်ရေးအခန်း ၁၂ ခန်းနဲ့ တတိယထပ် သင်္ဘောဦးပိုင်းမှာ ရှိတဲ့ သမ္မတ အခန်း ၂ ခန်း အပါအဝင် ဧည့်ခန်းပေါင်း ၂၃၀ ခန်း ရှိပြီး ခရီးသည် ၄၆၀ ယောက် တင်ဆောင်နိုင်ပါတယ်"

"ဇိမ်ခံ စံမီအခန်းတွေရဲ့ ဒီဇိုင်းမှာ မိသားစုလိုက် ခရီးသည်တွေရဲ့ လက်တွေ့ လိုအပ်ချက်တွေကို အပြည့်အဝ ထည့်သွင်းစဉ်းစားထားပြီး... အဲ့ဒီအထဲက အခန်း ၁၀၀ ကို လူသုံးယောက်နေ မိသားစုအခန်း အဖြစ် အဆင့်မြှင့်တင်နိုင်အောင် အထူး ဒီဇိုင်းဆွဲထားပါတယ်... ဒါကြောင့် တစ်သင်္ဘောလုံးရဲ့ လက်တွေ့ ဒီဇိုင်းဆွဲထားတဲ့ ပမာဏက လူ ၅၈၀ နီးပါးလောက် ရောက်ရှိနိုင်ပါတယ်"

"သက်တောင့်သက်သာ ရှိမှုမှာတော့ အဆင့်မြင့်ဆုံး ရေပေါ် မျောပါ ကုန်းပတ် နည်းပညာကို အသုံးပြုထားတာကြောင့်... ခရီးသည်တွေက သင်္ဘောကိုယ်ထည်ရဲ့ တုန်ခါမှုကို လုံးဝနီးပါး မခံစားရပါဘူး"

"ပင်လယ်ကူးသင်္ဘော စံနှုန်းမီ အသံတိတ် စနစ်က... စက်ခန်းက ဆူညံသံတွေကို ဧည့်ခန်းတွေပေါ် သက်ရောက်မှုကို ထိထိရောက်ရောက် လျှော့ချပေးထားပြီး... နိုင်ငံတော် ကြယ်ငါးပွင့်အဆင့် အပျော်စီးသင်္ဘော စံနှုန်းရဲ့ ဆူညံသံ ဒက်စီဘယ် ပမာဏထက် အများကြီး ပိုနည်းပါတယ်"

......

တုလောင်ကောက်က သူ၏ အိမ်တွင်းပစ္စည်းများကို ရေတွက်ပြနေသည့်အလား သမ္မတ ၇ သင်္ဘော၏ အားသာချက် အမျိုးမျိုးကို လျင်မြန်စွာ ရှင်းပြနေခဲ့သည်။

သာမန် အပျော်စီးသင်္ဘောများထက် သာလွန်သော ဇိမ်ခံနိုင်သည့် အခြေအနေများကို အဓိကထား၍ ရှင်းပြခဲ့သည်။

"အခန်းတွေရဲ့ ရေချိုးခန်း အသုံးအဆောင်တွေက... ကုန်းတွင်းပိုင်းက ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွေရဲ့ ရေချိုးခန်း အသုံးအဆောင်တွေကို အသုံးပြုထားပြီး... အကုန်လုံးက နိုင်ငံတကာ ထိပ်တန်း အမှတ်တံဆိပ်တွေကိုပဲ သုံးထားတာပါ"

"သီးခြား လေဝင်လေထွက် စနစ်က... ခရီးသည်တွေကို အခန်းထဲမှာတင်... ဆန်းရှဒေသရဲ့ လတ်ဆတ်တဲ့ လေကို ရှူရှိုက်နိုင်စေပါတယ်"

"ဒါ့အပြင် ဒီမှာ ပြည်တွင်းမြစ်ကြောင်း အပျော်စီးသင်္ဘောတွေထဲမှာ ဧရိယာအကျယ်ဆုံး ရေချိုးကုထုံး စင်တာလည်း ရှိသေးတော့... ခရီးသည်တွေကို တစ်နေ့တာ လည်ပတ်ပြီးတဲ့နောက် ခန္ဓာကိုယ်နဲ့ စိတ်ကို အပန်းဖြေနိုင်စေပါတယ်"

"ပြီးတော့ ပြည်တွင်းမြစ်ကြောင်း အပျော်စီးသင်္ဘောတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ အဆောက်အအုံတွင်း အပူချိန်ထိန်း ရေကူးကန်... ဘား... ဇိမ်ခံ ရုပ်ရှင်ရုံ... အနှိပ်ခန်း... ချွေးထုတ်ခန်း... အလှပြင်ဆိုင်... ဆေးပြင်းလိပ်သောက်ခန်း... ကုန်တိုက်... မိတ္တူကူးနဲ့ ပရင်တာထုတ်တဲ့နေရာ... နိုင်ငံခြားငွေ လဲလှယ်ရေး... အားကစားခန်းမ... အင်တာနက် ကဖေး... အဝတ်လျှော်ခန်း... စာကြည့်တိုက်... စာတိုက် ဝန်ဆောင်မှု... ဆေးခန်း စတဲ့ ဝန်ဆောင်မှုတွေနဲ့ ဖျော်ဖြေရေး အသုံးအဆောင် အမျိုးမျိုးလည်း အစုံအလင် ရှိပါတယ်"

"ဒါ့အပြင်..."

လင်းယွမ်က တုလောင်ကောက်၏ ရှင်းပြချက်ကို နားထောင်ရင်း တိတ်ဆိတ်သွားခဲ့သည်။

ဤရေလွှမ်းမိုးဘေးကြီး ပြီးနောက်မှသာ သူက ဤကဲ့သို့သော ထိပ်တန်း အပျော်စီးသင်္ဘောပေါ်သို့ တက်ရောက်ခွင့်ရပြီး အစစ်အမှန် လူချမ်းသာများက ဘဝကို မည်သို့ ဇိမ်ကျကျ ဖြတ်သန်းကြသည်ကို မြင်တွေ့ခွင့် ရခဲ့ခြင်း ဖြစ်သည်။

ရေလွှမ်းမိုးဘေး မတိုင်မီကသာဆိုလျှင် သူက အပျော်စီးသင်္ဘောပေါ်သို့ တက်ရောက်ရန် မဆိုထားနှင့်၊ ဤနေရာရှိ အတွင်းပိုင်း အလှဆင်ထားမှုများကို တစ်ချက်လေး ကြည့်ခွင့်ရရန်ပင် မဖြစ်နိုင်ချေ။

ဤသည်က ငွေရှိခြင်း မရှိခြင်း ပြဿနာ မဟုတ်ဘဲ ငွေရှိလျှင်တောင်မှ တက်ရောက်နိုင်မည်ဟု အသေအချာ မပြောနိုင်ပေ။

သတ်မှတ်ထားသော အဆင့်အတန်း တစ်ခု ရှိမှသာ ရနိုင်မည် ဖြစ်သည်။

လင်းယွမ်က တိတ်ဆိတ်နေမိသည်။ ရေလွှမ်းမိုးဘေး မတိုင်မီက အင်တာနက်ပေါ်တွင် လူအများအပြားက လူချမ်းသာများကို မုန်းတီးနေကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

အချို့လူများက အိမ်လခပေးရန်ပင် ခက်ခဲနေချိန်တွင် အချို့လူများကမူ ဤကဲ့သို့သော ထိပ်တန်း ဝန်ဆောင်မှုများကို အကန့်အသတ်မရှိ ဇိမ်ကျကျ ခံစားနေနိုင်ကြသည်။

လောကကြီးက တကယ်ကို မတရားပေ။

ထိုအချိန်တွင် တုလောင်ကောက်က အပျော်စီးသင်္ဘောပေါ်ရှိ ကလေးကစားကွင်း ကဲ့သို့သော အသုံးအဆောင်များအကြောင်းကို စတင် ရှင်းပြနေပြီ ဖြစ်သည်။

လင်းယွမ်က လက်ကာပြလိုက်ပြီး "ရပြီ... ဆက်ရှင်းပြစရာ မလိုတော့ဘူး" ဟု ပြောလိုက်သည်။

တုလောင်ကောက်က ချက်ချင်း ဆက်မပြောရဲတော့ဘဲ အလျင်အမြန် ရပ်တန့်လိုက်ကာ လိမ္မာရေးခြားရှိသော ဟန်ပန်ကို လုပ်ပြလိုက်သည်။

"ကျုပ်ကို လင်ကျန်းဟီတို့ မြူခိုးမြို့တော် ကို ရောက်ပြီးနောက်ပိုင်း ကိစ္စတွေကို ပြောပြစမ်း... မြူခိုးမြို့တော် ရဲ့ သတင်းအချက်အလက်တွေကို အဓိကထားပြီး ပြော"

တုလောင်ကောက်က ချက်ချင်း အနေရခက်သွားသော မျက်နှာထား ဖြစ်သွားခဲ့သည်။

သူက သင်္ဘောပေါ်တွင် အဆင့်အတန်း သိပ်မမြင့်မားဘဲ သင်္ဘောမောင်းသူ တစ်ယောက်သာ ဖြစ်သဖြင့် လင်ကျန်းဟီတို့၏ လှုပ်ရှားမှုများကို ဘယ်လိုလုပ် သိနိုင်မည်နည်း။

ခဏအကြာတွင် သူက အစ်အောက်အစ်အောက်နှင့် အကြောင်းစုံကို ပြောမထွက်နိုင် ဖြစ်နေခဲ့သည်။

လင်းယွမ်က ထိုအခြေအနေကို မြင်သောအခါ သူ့ကို ဆက်မမေးတော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော သုံ့ပန်းများကို ကြည့်ကာ "ခုနက ငါမေးခဲ့တဲ့ မေးခွန်းတွေကို ဘယ်သူ သိလဲ" ဟု မေးလိုက်သည်။

"ကျွန်တော်... ကျွန်တော် သိတယ်... ဆရာလင်း... ကျွန်တော် သိတယ်"

လူလတ်ပိုင်း တစ်ယောက်က အလျင်အမြန် လက်ညှိုးထောင်ကာ အော်ပြောလိုက်သည်။

ထိုသူက သတ္တုဓာတ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ပြီး လင်းယွမ်က သူ့ကို အနည်းငယ် မှတ်မိနေခဲ့သည်။ ခုနက တိုက်ပွဲဖြစ်စဉ်က သူ၏ တုံ့ပြန်မှုက အလွန် မြန်ဆန်ပြီး တိုက်ပွဲကို လုံးဝ မမက်မောဘဲ ပထမဆုံး အချိန်မှာပင် ထွက်ပြေးရန် ပြင်ဆင်ခဲ့သည်။

သို့သော် လင်းဝူနှင့် လူတစ်စုက လျင်မြန်စွာ ဝိုင်းဝန်းဖမ်းဆီးလိုက်သောကြောင့် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

"ထောင်ဝေ ပါ... ကျွန်တော်က အရင်က ယုံချန် သင်္ဘောပေါ်က ဒုတိယ အရာရှိပါ... ချန်ယုံချန် ကုန်းပေါ် တက်သွားပြီးနောက်ပိုင်း ယုံချန် သင်္ဘောက ကျွန်တော့်လက်အောက်ကို ရောက်လာခဲ့တာပါ"

"လင်ကျန်းဟီ ဆိုတဲ့ တိရစ္ဆာန် ရောက်လာပြီးတဲ့နောက်မှာတော့ အကြောင်းစုံ မမေးဘဲ ကျွန်တော့်လူ အများကြီးကို သတ်ပစ်ခဲ့တယ်... ကျွန်တော်က အရှက်ခွဲခံရတာကို သည်းခံပြီး အညံ့ခံချင်ယောင် ဆောင်နေခဲ့ရတာပါ... တကယ်တော့ ကျွန်တော်က ကလဲ့စားချေဖို့ အခွင့်အရေးကို တစ်ချိန်လုံး ရှာနေခဲ့တာပါ"

"ဆရာလင်း... ကျွန်တော်နဲ့ လင်ကျန်းဟီတို့က တစ်ဖွဲ့တည်း မဟုတ်ပါဘူး"

ဆက်ရန်...

All Chapters