← Chapters

အခန်း (၃၉၇-၃၉၈)

Vol. 20 Ch. 397-398

အခန်း (၃၉၇-၃၉၈)

Vol. 20 Ch. 397-398

အပိုင်း(၃၉၇) ပွဲကြီးပွဲကောင်း တစ်ပွဲအတွက် ပြင်ဆင်ခြင်း

လင်းယွမ်က တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေပြီး ထိုစကားလုံးများကို အရေးမစိုက်ပေ။

သူက ထောင်ဝေကိုသာ မေးလိုက်သည်။ "မင်း သိထားတဲ့ သတင်းတွေကို ပြောပြစမ်း"

"ဟုတ်ကဲ့... ဆရာလင်း"

ထောင်ဝေက စကားလုံးများကို စီစဉ်လိုက်ပြီးနောက်မှ စတင် ပြောဆိုလာသည်။ "လင်ကျန်းဟီက လွန်ခဲ့တဲ့ တစ်လလောက်က မြူခိုးမြို့တော်ထဲကို ဝင်ရောက်လာတာပါ... အဲဒီအချိန်တုန်းက သမ္မတ ၇ သင်္ဘောကြီး ဝင်လာတာက တော်တော်လေးကို ဂယက်ရိုက်သွားစေခဲ့တယ်"

"သင်္ဘောခေါင်းဆောင် အတော်များများက အချဉ်တစ်ကောင်နဲ့ တွေ့ပြီလို့ ထင်ခဲ့ကြပေမယ့် တကယ့်တကယ်တော့ ဝံပုလွေကြီးဖြစ်နေမယ်လို့ မထင်ခဲ့ကြဘူး"

"အဲဒီအချိန်က ယုံချန်သင်္ဘော၊ ယွမ်ချန်သင်္ဘောနဲ့ ဝူကျန်းသင်္ဘောဆိုတဲ့ သင်္ဘောသုံးစီးက ပူးပေါင်းပြီး ဒီ သမ္မတ ၇ ကို အတူတူ တိုက်ခိုက်ခဲ့ကြတယ်"

"လင်ကျန်းဟီ တစ်ယောက်တည်းက သင်္ဘောခေါင်းဆောင် သုံးယောက်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်... ပြီးတော့ သုံ့ပန်း မထားဖို့ အမိန့်ပေးခဲ့လို့ သင်္ဘောသုံးစီးပေါ်က လူတွေ အကုန်လုံး သေကုန်ခဲ့တယ်"

"အဲဒီတုန်းက သွေးတွေကြောင့် ရေပြင်တစ်ခုလုံးတောင် နီရဲသွားတယ်... သင်္ဘောသုံးစီးမှာ နှစ်စီးက နစ်မြုပ်သွားပြီး ကျန်တဲ့ တစ်စီးက အနီးအနားက လခြမ်းသောင်ပြင်မှာ သောင်တင်နေတုန်းပဲ"

"အဲဒီတိုက်ပွဲကပဲ လင်ကျန်းဟီရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ နာမည်ကို အခိုင်အမာ ဖြစ်စေခဲ့တာပါ... အဲဒီနောက်ပိုင်း တခြား သင်္ဘောခေါင်းဆောင်တွေက သူ့ကို မြင်တာနဲ့ ပုန်းရှောင်ကြတော့တာပဲ"

"ကံကောင်းတာက ဒီလင်ကျန်းဟီက ဦးနှောက်မမှန်ဘူး ထင်ပါတယ်... မိန်းမတွေ အပြည့်ပါတဲ့ သင်္ဘောတစ်စီးကိုပဲ အမြဲတမ်း လိုက်ရှာနေခဲ့တာ"

"ဘုရင်မသင်္ဘော" ဘေးနားရှိ တူလောင်ကောက်က သတိပေးလိုက်သည်။

ထောင်ဝေက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... ဟုတ်တယ်... ဘုရင်မသင်္ဘောပါ... ဒီတစ်လလုံး လင်ကျန်းဟီက ဘုရင်မသင်္ဘောကို အမြဲတမ်း လိုက်ရှာနေခဲ့တာ... ဘုရင်မသင်္ဘောကို မတွေ့ရင် လမ်းကြုံရင် ကြုံသလို သူနဲ့တွေ့တဲ့ တခြားသင်္ဘောတွေကို ရှင်းပစ်တတ်တယ်"

"ယုံချန်သင်္ဘောကလည်း ဒီလိုလုပ်ငန်းစဉ်အတွင်းမှာပဲ သူ့ရဲ့ လုယူတာကို ခံလိုက်ရတာ"

"ဒီကောင်က အလုပ်လုပ်ရင် ဘာလမ်းစမှ မချန်ထားခဲ့တဲ့အတွက် သင်္ဘောခေါင်းဆောင် အားလုံးကို ဒေါသထွက်စေခဲ့တယ်"

"လောလောဆယ် လခြမ်းသောင်ပြင်နဲ့ တစ်ဆယ့်ရှစ်ကွေ့က သင်္ဘော ၃၂ စီးရဲ့ သင်္ဘောခေါင်းဆောင်တွေက လျှို့ဝှက် မဟာမိတ် ဖွဲ့ထားပြီး လင်ကျန်းဟီကို ရှင်းပစ်ဖို့ တိုင်ပင်နေကြတယ်"

"ကျွန်တော်က ဒီမှာ အမြဲတမ်း သူလျှိုလုပ်နေခဲ့တာပါ... တကယ်ပါ... ကျွန်တော်က လင်ကျန်းဟီနဲ့ တစ်ဖွဲ့တည်း မဟုတ်ရပါဘူး"

"ကျွန်တော် ဆရာလင်းကို ဒီသင်္ဘောခေါင်းဆောင်တွေနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်... ဆရာက လင်ကျန်းဟီနဲ့ မတူပါဘူး... ဆရာ့ကို ကြည့်လိုက်တာနဲ့ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်မှန်း သိသာပါတယ်"

"ခေါင်းဆောင်တွေ အားလုံးကလည်း ဆရာ့ကို သေချာပေါက် ကြိုဆိုကြမှာပါ"

လင်းယွမ်က ထောင်ဝေ၏ သွက်လက်သော စကားများကို နားထောင်နေရင်း ဤနေရာသို့ ရောက်သောအခါ ထောင်ဝေ၏ ဉာဏ်နီဉာဏ်နက်များကို မသိဘဲ နေမည်မဟုတ်ပေ။

တစ်ဖက်လူက ဤသတင်းဖြင့် အသက်ရှင်ခွင့်ကို လဲလှယ်လိုခြင်း ဖြစ်သည်။

သို့သော် လင်းယွမ်က ထိုကောင်၏ ဉာဏ်နီဉာဏ်နက်များကို ဂရုမစိုက်ဘဲ သင်္ဘောခေါင်းဆောင် မဟာမိတ်အဖွဲ့ ဆိုသည်ကိုသာ သတိထားမိလိုက်သည်။

သူက ဤနေရာသို့ မျောပါလာသော အပြင်လူများ အားလုံးကို ပေါင်းစည်းရန် အခွင့်အရေး ရှာနေခဲ့ခြင်း ဖြစ်သည်။

ဒါက အဆင်သင့်ဖြစ်နေသော အခွင့်အရေး မဟုတ်ပါလော။

ထိုသင်္ဘောခေါင်းဆောင်များ ပူးပေါင်းကာ သူ့ထံ ပြဿနာလာရှာမည် ဆိုပါက သူလည်း ထိုသင်္ဘောခေါင်းဆောင်များကို ရှင်းလင်းရန် အခွင့်အရေး ရသွားမည် မဟုတ်ပါလော။

လင်းယွမ်က ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။ "ဟမ်... ဒီသင်္ဘောခေါင်းဆောင်တွေက တော်တော် ယုံကြည်ချက် ရှိနေတာလား... သူတို့က လင်ကျန်းဟီကို သတ်နိုင်မှာတဲ့လား"

ထောင်ဝေက အလျင်အမြန် ပြောလိုက်သည်။ "သတ်နိုင်ပါတယ်... သင်္ဘောခေါင်းဆောင် ၃၂ ယောက်လုံးက အစွမ်းထက်တဲ့ အစွမ်းပိုင်ရှင်တွေချည်းပါပဲ... ဒါ့အပြင် လင်ကျန်းဟီရဲ့ ရွှေကိုယ်ထည်ကို ရင်ဆိုင်ဖို့အတွက် သူတို့က အပြင်ကနေ အကူအညီတောင် ခေါ်ထားကြတယ်"

လင်းယွမ်က ထောင်ဝေအား ကြည့်လိုက်ပြီး မျက်လုံးများ အရောင်လက်သွားသည်။ "အပြင်အကူအညီ"

"ဟုတ်ပါတယ်... မြူခိုးမြို့တော်က ကြေးစားစစ်သားတွေပါ"

လင်းယွမ်က အနည်းငယ် စိတ်ပျက်သွားကာ ပြောလိုက်သည်။ "ကြေးစားစစ်သားတွေ... သူတို့ကလည်း မြူရေခဲမြို့တော်မှာ အခြေချ မနေထိုင်နိုင်တဲ့ ကောင်တွေပဲ မဟုတ်ဘူးလား"

ထောင်ဝေက အလျင်အမြန် ပြောလိုက်သည်။ "ဆရာလင်း... ဒီကြေးစားစစ်သားတွေကို လုံးဝ အထင်မသေးပါနဲ့... သူတို့က ကျွန်တော်တို့လိုပဲ မြူရေခဲမြို့တော်မှာ ဝင်ရောက် နေထိုင်ခွင့် မရသေးတာ မှန်ပေမယ့်"

"ဒီလူတွေက မြူခိုးတောအုပ်ထဲမှာ အခြေတကျ နေနိုင်တယ် ဆိုကတည်းက အားနည်းတဲ့သူတွေ မဟုတ်ပါဘူး"

"မြူခိုးတောအုပ်ထဲက ယှဉ်ပြိုင်မှုက ပြင်းထန်ပြီး အချိန်မရွေး မြူခိုးတောအုပ်ထဲက သန္ဓေပြောင်း သတ္တဝါ မျိုးစုံကို ရင်ဆိုင်နေရတာမို့လို့ သူတို့ရဲ့ အစွမ်းက ကျွန်တော်တို့ထက် နည်းနည်းလေးမှ မနိမ့်ကျပါဘူး"

လင်းယွမ်က ထောင်ဝေကို ပါးစပ်အဟောင်းသားဖြင့် တစ်ချက် ကြည့်လိုက်သည်။

သူက "မင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကရော အရမ်း အဆင့်မြင့်နေလို့လား" ဟု မေးချင်စိတ် ပေါက်သွားသည်။

"သူတို့က မြူရေခဲမြို့တော်ထဲက အစွမ်းပိုင်ရှင်တွေကို အကူအညီ တောင်းနိုင်တဲ့ အခွင့်အရေးရော ရှိလား" လင်းယွမ်က တိုက်ရိုက်ပင် မေးလိုက်သည်။

ထောင်ဝေက ချက်ချင်းပင် "ဒါက" ဟု ရေရွတ်လိုက်ပြီး အတော်လေး အားကိုးရာမဲ့စွာဖြင့် ပြောလိုက်သည်။ "မြူရေခဲမြို့တော်က လူတွေက ကျွန်တော်တို့လို တိုက်ပွဲမျိုးမှာ ဘယ်လိုလုပ်ပြီး ပါဝင်ပါ့မလဲ"

"သူတို့က မြူရေခဲမြို့တော်ထဲမှာ စားစရာ သောက်စရာနဲ့ လုံခြုံတဲ့ နေစရာ ရှိနေတာကို... ဘာလိုလုပ် အပြင်ထွက်ပြီး အသက်စွန့်ရမှာလဲ"

"နောက်တစ်ချက်က မြူရေခဲမြို့တော်ထဲ ဝင်နေနိုင်တာက... အစောပိုင်း ကံကောင်းလို့ ဝင်ရောက်သွားနိုင်တဲ့ အသက်ရှင်ကျန်ရစ်သူ တစ်စိတ်တစ်ပိုင်းကလွဲရင်... နောက်ပိုင်းမှာ ကိုယ့်စွမ်းရည်နဲ့ကိုယ် အရင်းအမြစ်တွေကို နည်းနည်းချင်း စုဆောင်းပြီး လုံလောက်မှ ဝင်နေနိုင်ကြတာပါ"

"အစွမ်းအစအရ ပြောရရင်... အတွင်းထဲက အစွမ်းပိုင်ရှင်တွေက... ကျွန်တော်တို့ထက် အများကြီး ပိုသန်မာကြတယ်"

လင်းယွမ်က ဤပြောဆိုချက်ကို အတော်လေး သဘောတူမိသည်။ မြူရေခဲမြို့တော်မှ ဝင်ရောက်နေထိုင်ခွင့် စည်းကမ်းချက်များ သတ်မှတ်ထားခြင်းက ရှင်းလင်းစွာပင် စိစစ်ရွေးချယ်မှု လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဝင်ရောက်နေထိုင်ခွင့် စည်းကမ်းချက်များ မြင့်မားလေ ထိုစည်းကမ်းချက်များကို ပြည့်မီနိုင်သူများ၏ အစွမ်းက သဘာဝကျစွာပင် ပိုမို သန်မာလေ ဖြစ်ပေမည်။

မြူရေခဲမြို့တော် တစ်ခုလုံး၏ အစွမ်းကလည်း သဘာဝကျစွာပင် ပိုမို အင်အားကြီးမားပေလိမ့်မည်။

မြူရေခဲမြို့တော် အတွင်း၌ ပိုမို နက်ရှိုင်းသော စိစစ်ရွေးချယ်မှု စနစ်များ ရှိနေဦးမည်ဟု လင်းယွမ်က ခန့်မှန်းမိသည်။ သို့မဟုတ်ပါက အစွမ်းထက်လှသော ရေခဲချပ်ဝတ်စစ်သည်များ ပေါ်ထွက်လာမည် မဟုတ်ပေ။

ထိုကဲ့သို့ အဆင့်ဆင့် ရွေးချယ်မှုများကြောင့် မြူရေခဲမြို့တော်၏ ယေဘုယျ တိုက်ခိုက်ရေးစွမ်းရည်က အမှန်တကယ်ပင် သန်မာလှသည်။

ဤမြူခိုးမြို့တော် သခင်သည် အမှန်တကယ်ပင် စီမံခန့်ခွဲမှု စွမ်းရည်အချို့ ရှိနေသည့်သူ ဖြစ်ပုံရသည်။

ထောင်ဝေ စကားပြော၍ အဆုံးတွင် ဘေးနားရှိ ချိုးရင်ယွဲ့က အေးစက်စွာ ရယ်မောလိုက်သည်။ "ရှင့်တို့ရဲ့ အစွမ်းကရော အရမ်း မြင့်နေလို့လား"

ထောင်ဝေ၏ အပြုံးက ချက်ချင်း တောင့်တင်းသွားပြီး အလျင်အမြန် မျက်နှာချိုသွေးကာ ပြောလိုက်သည်။ "ဆရာမတို့နဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့က အမှိုက်လောက်ပဲ ရှိတာပါ"

"ဟမ့်" ချိုးရင်ယွဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့အား ဆက်လက် စကားမပြောတော့ချေ။

လင်းယွမ်ကလည်း ထပ်မပြောတော့ဘဲ ဟန်ရှန်းမန်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။ "သူတို့ကို ဆေးတိုက်လိုက်တော့"

"ဒီနေ့ကစပြီး မင်းတို့ကို ငါ့လက်အောက်မှာ ယာယီ ထည့်သွင်းထားမယ်... ငါ့အတွက် အသက်စွန့်ရမယ်"

"အဆိပ်ဆေး သောက်ပြီးသွားရင် သုံးရက်ကို တစ်ကြိမ် ဖြေဆေး ပေးမယ်... မသေချင်ရင် လိမ္မာပါးနပ်စွာနဲ့ စကားနားထောင်"

"စွမ်းဆောင်ရည် ကောင်းတဲ့သူတွေကို ငါက သင့်တော်သလို ဖြေဆေး ပေးမယ်"

တစ်ချိန်တည်းမှာပင် လင်းယွမ်က စောစောက စွမ်းဆောင်ရည် ကောင်းမွန်ခဲ့သော ပင်လယ်ဓားပြ အနည်းငယ်ကို လက်ညှိုးထိုးပြကာ ပစ္စည်းသိုလှောင်ခန်းထဲမှ ကျန်းမာရေး ဖြည့်စွက်ဆေးလုံး တစ်ပုလင်းကို ကျပန်း ထုတ်ယူပြီး ထိုလူများကို ဝေငှပေးလိုက်သည်။

ထို့အပြင် ၎င်းသည် ယာယီ ဖြေဆေးဖြစ်ပြီး အာနိသင်က လဝက်ခန့် ခံနိုင်ကြောင်း ရှင်းပြလိုက်သည်။

ထိုလူများက ချက်ချင်းပင် ရင်ထဲ၌ အရူးအမူး ဝမ်းသာသွားကြသည်။ ထိုအထဲတွင် ရေထဲသို့ အသက်ကို ပဓာနမထားဘဲ ခုန်ဆင်းကာ "ဗုံး" အစွမ်းပိုင်ရှင်၏ ခေါင်းကို ခုတ်ဖြတ်ခဲ့သူလည်း ပါဝင်သည်။

ဤကဲ့သို့သော လုပ်ဆောင်မှုများ ပြီးနောက်တွင် ထိုသုံ့ပန်းအဖွဲ့သည်လည်း လင်းယွမ်တို့၏ အဖွဲ့ထဲသို့ အတင်းအကျပ် ဝင်ရောက်ခဲ့ရသည်။

လင်းယွမ်၏ ယာယီအဖွဲ့သည် လူ သုံးလေးရာ နီးပါးအထိ ထပ်မံ တိုးချဲ့လာခဲ့သည်။

"ကိုလင်းယွမ်... ရှေ့ဆက် ကျွန်မတို့ ဘာဆက်လုပ်ကြမှာလဲ"

ချိုးရင်ယွဲ့က ဤကိစ္စများကို တခြားသူများအား စီစဉ်ရန် လွှဲပြောင်းပေးခဲ့ပြီးနောက် လင်းယွမ်၏ ဘေးသို့ ရောက်လာကာ ရှေ့ဆက် ဘာလုပ်သင့်သလဲဟု မေးမြန်းလိုက်သည်။

လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းက မင်းအဖေကို သွားရှာချင်နေတာလား"

ချိုးရင်ယွဲ့က ခေါင်းညိတ်ပြလိုက်သည်။ သူမ စောင့်နေခဲ့သည်မှာ ရက်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ လန်ယွဲ့ဟွာပင် ပြန်ရောက်လာပြီ ဖြစ်ကာ မြူခိုးမြို့တော်၏ သတင်းများကိုလည်း အတော်လေး စုံစမ်းပြီးစီးနေပြီ ဖြစ်သည်။

သူမ တကယ်ကို သည်းမခံနိုင်တော့ဘဲ သူမ၏ဖခင် ချိုးကုံရုံကို ချက်ချင်း ရှာဖွေချင်နေခဲ့သည်။

လင်းယွမ်ကလည်း တားဆီးခြင်း မပြုဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "သိသင့်တဲ့ သတင်းအချက်အလက်တွေကိုလည်း မင်း သိပြီးသွားပြီဆိုတော့... မင်းကို တားထားစရာ အကြောင်း မရှိတော့ပါဘူး"

"တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခဲ့တာကလည်း ရေစက်တစ်ခုပဲလေ... မင်း လူအင်အား ဘယ်လောက် လိုအပ်လဲဆိုတာ ကြည့်ပြီး မမျှော်လင့်တာတွေ ဖြစ်လာရင် ကာကွယ်ဖို့ အကုန် ခေါ်သွားလိုက်ပါ"

သူတို့နှစ်ယောက်သည် ပူးပေါင်းလုပ်ဆောင်သည့် ဆက်ဆံရေးမျိုး ဖြစ်သော်လည်း လင်းယွမ်က ချိုးရင်ယွဲ့အား ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ လက်ထဲမှ ကယ်တင်ပေးခဲ့ဖူးသဖြင့် ရိုးရှင်းသော ပူးပေါင်းလုပ်ဆောင်သည့် ဆက်ဆံရေးမျိုး မဟုတ်တော့ချေ။

သူတို့နှစ်ဦးကြားတွင် အသက်သခင် ကျေးဇူးရှင်ဆိုသည့် သံယောဇဉ် အလွှာတစ်ခု ရှိနေသည်။

ချိုးရင်ယွဲ့က အနည်းငယ် အားနာသွားကာ ပြောလိုက်သည်။ "ကျွန်မက အဖေ့ကို သွားရှာမှာပါ... လူသတ် မီးရှို့ဖို့ သွားမှာမှ မဟုတ်တာ... လူအများကြီး ခေါ်သွားဖို့လည်း အဓိပ္ပာယ် မရှိပါဘူး"

"ကျွန်မ လူအများကြီး မခေါ်သွားတော့ပါဘူး... လင်းဝူနဲ့ ချင်ဇီဟန်ကိုပဲ ခေါ်သွားပါ့မယ်... တခြားလူတွေ... ကျွန်မရဲ့ လီရွှေဥယျာဉ်က လူတွေကိုပါ ရှင့်အတွက် ထားခဲ့ပါ့မယ်"

"ရှင် ဘာလုပ်မယ်ဆိုတာ ကျွန်မ မသိပေမယ့် ရှင်က ဉာဏ်ကောင်းတဲ့သူ တစ်ယောက်ပဲ... သူတို့ ရှင့်နောက် လိုက်တာကို ကျွန်မလည်း စိတ်ချပါတယ်"

လင်းယွမ်က ချိုးရင်ယွဲ့ကို တစ်ချက် ကြည့်လိုက်သည်။ ဤမိန်းမက ဤအချိန်တွင် ရင်တွင်းဖြစ် စကားများကို ပြောဆိုလာသဖြင့် သူ့ကို အနည်းငယ် အငိုက်မိသွားစေသည်။

သူသည် တစ်ဖက်လူအား ရှေ့တက်သွေးတိုးစမ်းရန် ခိုင်းရသည်ကိုပင် အနည်းငယ် အားနာလာမိသည်။

စဉ်းစားလိုက်ပြီးနောက် လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ "မြေလျှိုး" သင်္ကေတကျောက်တုံး သုံးတုံးကို ထုတ်ယူကာ တစ်ဖက်လူထံသို့ ကမ်းပေးလိုက်သည်။

"ဒါက မြေလျှိုး သင်္ကေတကျောက်တုံးတွေပဲ... တကယ်လို့ အန္တရာယ်နဲ့ ကြုံလာရင် အချိန်မီ အသက်လု ထွက်ပြေးဖို့ သုံး"

"မှတ်ထားနော်... အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာ ရှိတာ"

ချိုးရင်ယွဲ့က သင်္ကေတကျောက်တုံးများကို လှမ်းယူလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် အနည်းငယ် ကြည်နူးသွားမှုများ ရှိနေသည်။ သူမက ပါးစပ်ဟကာ တစ်စုံတစ်ရာ ပြောလိုသော်လည်း နောက်ဆုံးတွင်တော့ မည်သည့်စကားမှ မပြောဖြစ်ခဲ့ပေ။

သူမက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး မဝံ့မရဲ ပြုံးကာ ပြောလိုက်သည်။ "ဒါဆို ကျွန်မ သွားပြီနော်"

လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး သူမ သမ္မတ ၇ သင်္ဘောပေါ်မှ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေလိုက်သည်။

ဟန်ရှန်းမန်က ဘယ်နေရာမှန်း မသိသော နေရာမှ ထွက်လာခဲ့ပြီး စကားစလိုက်သည်။ "သူ သွားပြီလား"

"အင်း"

"ဒါဆို ကျွန်မတို့ ရှေ့ဆက် ဘာလုပ်ကြမလဲ"

"ဘာမှ လုပ်စရာ မလိုဘူး... စောင့်နေရုံပဲ"

"စောင့်မယ်... ဘာကို စောင့်မှာလဲ" ဟန်ရှန်းမန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

လင်းယွမ်က ပြုံးလိုက်သည်။ "သင်္ဘော ၃၂ စီးက သင်္ဘောခေါင်းဆောင်တွေ ပူးပေါင်းပြီး လင်ကျန်းဟီကို ရင်ဆိုင်ကြမယ်လေ"

"အခု လင်ကျန်းဟီ သေသွားပြီဆိုတော့ သူတို့ရဲ့ အစီအစဉ်က ရပ်တန့်သွားမှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် သမ္မတ ၇ အပျော်စီးသင်္ဘောကြီးက ဒီလောက် ကြီးမားနေတာပဲလေ... ဒီထဲမှာ ကုန်ပစ္စည်းတွေရော နေထိုင်ရတဲ့ ပတ်ဝန်းကျင်ကပါ သာမန် ကုန်တင်သင်္ဘောတွေထက် အများကြီး သာလွန်နေတာကိုး"

"သူတို့ စိတ်လှုပ်ရှားမသွားလောက်ဘူးလို့ မင်း ထင်လား"

ဟန်ရှန်းမန်က ချက်ချင်း နားလည်သွားသည်။ "ရှင်က သူတို့ကို တစ်ချက်တည်း သိမ်းကျုံး ဖမ်းချင်နေတာလား"

လင်းယွမ်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "တစ်ဖွဲ့ပြီးတစ်ဖွဲ့ လိုက်ရှာဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပေမယ့် အချိန် အရမ်း ကုန်လွန်းတယ်"

"ကွမ်ဖူရဲ့ အခြေအနေကိုလည်း မင်း သိပြီးသားပဲ... အထူးသဖြင့် ဝိညာဉ်စွမ်းအင်ဂိုဏ်းက လူတွေမှာ နေရာအနှံ့က ဝိညာဉ်စွမ်းအင် အင်အားကို စုံစမ်းထောက်လှမ်းနိုင်တဲ့ စွမ်းရည်တွေတောင် ရှိနေတာ"

"ထိုက်ယန်တောင်ရဲ့ စွမ်းအင်ကျောက်တုံးသတ္တုကြော သိုလှောင်ထားမှုအရဆိုရင် ဝိညာဉ်စွမ်းအင် အင်အားက သေချာပေါက် မြင့်မားနေမှာပဲ... မကြာခင်မှာ ဂိုဏ်းကြီးသုံးဂိုဏ်းက ရှာတွေ့သွားမှာကို စိုးရိမ်ရတယ်"

"ငါတို့ ဒီဘက်က ကိစ္စတွေကို အမြန်ဆုံး ပြီးပြတ်အောင် လုပ်ပြီး မျိုးရိုးဗီဇမျိုးစေ့ နိုးထလာမယ့် နည်းလမ်းကို ရတာနဲ့ ချက်ချင်း ပြန်ကြမယ်"

ဟန်ရှန်းမန်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် လေးနက်သော အမူအရာ ပေါ်လာသည်။

လင်းယွမ်အတွက် ဖြစ်စေ၊ သူမအတွက် ဖြစ်စေ ထိုက်ယန်တောင်ကသာ သူတို့၏ အိမ်၊ သူတို့၏ ခိုလှုံရာ စခန်း ဖြစ်ပေသည်။

ထို့ကြောင့် သူတို့၏ ရင်ထဲတွင် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ လုံခြုံရေးကို အမြဲတမ်း စိတ်ပူပန်နေကြခြင်း ဖြစ်သည်။

"ဒါဆို ကျွန်မတို့ ပြင်ဆင်မှုတချို့ လုပ်ဖို့ လိုပြီ မဟုတ်လား"

"သေချာတာပေါ့... သမ္မတ ၇ အပျော်စီးသင်္ဘောကြီးကို အကြီးစား ပြုပြင်ထိန်းသိမ်းမှု တစ်ခု လုပ်ရမယ်"

"လင်းယာကို ပြင်ဆင်ခိုင်းထားလိုက်... သူက သမ္မတ ၇ သင်္ဘောကြီးရဲ့ အပြင်ဘက် အဆောက်အအုံကို မာကျောခြင်း အစွမ်း သွင်းပေးဖို့ လိုတယ်... ဒါမှ ဖျက်ဆီးခံရမှုကို ပိုပြီး ခံနိုင်ရည် ရှိလာမှာ"

"ဒါ့အပြင် ငါ သင်္ဘောပေါ်မှာ သင်္ကေတအစီအရင် စီရင်ဖို့ လိုသေးတယ်"

ဟန်ရှန်းမန်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် အံ့သြဝမ်းသာသည့် အမူအရာ ပေါ်လာသည်။ "ရှင်က သင်္ကေတအစီအရင် စီရင်မယ့် နည်းလမ်းတွေကို ကျွမ်းကျင်သွားပြီလား"

လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "အင်း... သင်္ကေတအစီအရင်ဆိုတာ အခြေခံအားဖြင့်တော့ သင်္ကေတတွေရဲ့ ပေါင်းစပ်ဖွဲ့စည်းမှု ပုံစံပါပဲ"

"ဒါပေမယ့် သာမန် အစွမ်းပိုင်ရှင်တွေရဲ့ စိတ်စွမ်းအင်က ကျယ်ပြန့်တဲ့ ဧရိယာအတွက် သင်္ကေတအစီအရင်ကို ထောက်ပံ့ပေးဖို့ မလုံလောက်ဘူး"

"ဒီလို အစီအရင်ရဲ့ အကြီးမားဆုံး အခက်အခဲက အစီအရင် စီရင်တဲ့သူရဲ့ စိတ်စွမ်းအင် ပြဿနာပဲ"

"ငါ ခန့်မှန်းတာတော့ အဲဒီ ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်က အကြေးခွံရွှေချပ်ဝတ် အစီအရင်ကြီးကိုလည်း... လူတစ်ယောက်တည်း စီရင်နိုင်တာ မဟုတ်ဘူး... ပညာရှင် တစ်စုက စီရင်တာ ဖြစ်ဖို့ များတယ်"

"ဒီဘက်က ကိစ္စတွေကို ဖြေရှင်းပြီးလို့ ငါတို့ ပြန်ရောက်သွားရင်... စိတ်စွမ်းအင် ပြည့်မီတဲ့ လူတစ်စုကို ဖွဲ့စည်းပြီး အထူး သင်တန်းပေးလို့ ရတယ်"

"နောက်ပိုင်းကျရင် သင်္ကေတအစီအရင်က သေချာပေါက် သင်္ကေတနည်းပညာရဲ့ ခေတ်စားလာမယ့် ရေစီးကြောင်း ဖြစ်လာမှာမို့လို့... ငါတို့ နောက်ကျကျန်နေခဲ့လို့ မဖြစ်ဘူး"

ဟန်ရှန်းမန်သည် သွက်လက်စွာ စကားပြောနေသော လင်းယွမ်ကို လှပသော မျက်လုံးများဖြင့် ကြည့်ကာ ထူးခြားသော အငွေ့အသက်များ တလက်လက် တောက်ပနေတော့သည်။

အလုပ်ကို အလေးအနက်ထား လုပ်ဆောင်သောသူများတွင် ထူးခြားသော ဆွဲဆောင်မှု ရှိသည်ဟု လူတိုင်းက ပြောကြသည်။

ထို့အပြင် ဤလူသည် ဤမျှ အစွမ်းထက်သော စွမ်းရည်နှင့် အရည်အချင်းများပင် ရှိနေသေးသည် မဟုတ်ပါလော။

ဟန်ရှန်းမန်ပင်လျှင် သူ့အပေါ် ပြင်းပြသော နှစ်သက်မြတ်နိုးမှုနှင့် လေးစားကြည်ညိုမှုများကို မခံစားရဘဲ မနေနိုင်တော့ချေ။

တစ်ခါတစ်ရံ သန်းခေါင်ယံ အချိန်များတွင် သူမသည် မျက်စိရှေ့မှ ဤလူအား စိတ်ကူးယဉ်မိတတ်သေးသည်...

လင်းယွမ်က ခဏမျှ စကားပြောနေပြီးနောက် ဟန်ရှန်းမန်၏ အတွေးများ လွင့်မျောနေပြီး နားမထောင်နေသည်ကို မြင်လိုက်ရသည်။

သူက သံသယဖြင့် ခေါင်းလှည့်ကာ သူမထံသို့ လက်ယမ်းပြလိုက်ပြီး ပြောလိုက်သည်။ "ဘာဖြစ်သွားတာလဲ"

ဟန်ရှန်းမန်က ချက်ချင်း သတိပြန်ဝင်လာပြီး ဖြူဖွေးသော မျက်နှာလေးထက်တွင် ရှက်ရွံ့မှုကြောင့် နီရဲသွားမှု တစ်ချက် ဖြတ်ပြေးသွားသည်။

"ဘာမှမဖြစ်ပါဘူး... ကျွန်မ ဘာလုပ်ပေးနိုင်မလဲ ဆိုတာ စဉ်းစားနေတာပါ" သူမက အလျင်အမြန် ရှင်းပြလိုက်သည်။

လင်းယွမ်က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သည်။ "မင်း လုပ်ရမယ့် အလုပ်တွေက မနည်းပါဘူး... ဒီလူစုကို ငါတို့က အခုမှ သိမ်းသွင်းထားရတာဆိုတော့ သေချာလေး စီမံခန့်ခွဲဖို့ လိုတယ်"

"ချိုးရင်ယွဲ့က ထွက်သွားပြီဆိုတော့ သူ ထားခဲ့တဲ့ လူတွေကိုလည်း မင်းပဲ တာဝန်ယူရမယ်လေ"

"မင်းရဲ့ တာဝန်က ပေါ့ပေါ့ပါးပါးလေး မဟုတ်ဘူးနော်"

ဟန်ရှန်းမန်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ရယ်မောလိုက်သည်။ "စိတ်ချပါ... ဒီကိစ္စတွေကို ကျွန်မကိုသာ လွှဲထားလိုက်ပါ"

"ဆန့်ကျင်ဘက်အနေနဲ့ ရှင် လုပ်ရမယ့် ကိစ္စတွေမှာတော့... ကျွန်မက နည်းနည်းလေးမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး"

ဟန်ရှန်းမန်က ခါးသီးစွာ ပြုံးလိုက်သည်။ သူမက ရေဓာတ် အစွမ်းပိုင်ရှင် ဖြစ်သည်။ ရေဓာတ် အစွမ်းပိုင်ရှင်များသည်လည်း စိတ်စွမ်းအင်ကို မှီခိုရသကဲ့သို့ သူမ၏ စိတ်စွမ်းအင်ကလည်း မအားနည်းပေ။

သို့သော် ယှဉ်ကြည့်လိုက်မည် ဆိုပါက သူမနှင့် တကယ့် စိတ်စွမ်းအင် အစွမ်းပိုင်ရှင်တို့ကြားတွင် ကွာဟချက်များစွာ ရှိနေဆဲ ဖြစ်သည်။

အထူးသဖြင့် သင်္ကေတနည်းပညာကို လေ့လာသည့် အပိုင်းတွင် အကယ်၍ ရေဓာတ် သင်္ကေတများသာ ဆိုပါက သူမ အနေဖြင့် အလွယ်တကူ အမြန် လေ့လာ သင်ယူနိုင်မည် ဖြစ်သည်။

သို့သော် အခြား အမျိုးအစား သင်္ကေတများ ဖြစ်နေပါက သူမအနေဖြင့် လေ့လာ သင်ယူနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် ထိုအရာများအတွက် သီးသန့် စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များ သို့မဟုတ် သက်ဆိုင်ရာ ဓာတ်သဘာဝ အစွမ်းပိုင်ရှင်များကသာ လေ့လာသင်ယူရန် လိုအပ်ပေသည်။

ဆက်ရန်...

အပိုင်း(၃၉၈) သမ္မတ ၇ သင်္ဘောကို ကာကွယ်ရေးများ ထပ်မံဖြည့်တင်းခြင်း

လင်းယွမ်က ပြုံးလိုက်ကာ "ပညာရပ်တိုင်းမှာ သူ့ကျွမ်းကျင်မှုနဲ့သူ ရှိကြတာပဲ... ဒါတွေကို ပြောနေစရာ မလိုပါဘူး... ငါခိုင်းထားတဲ့ကိစ္စကို သေချာလုပ်ပေးရင်ပဲ အများကြီး ကူညီရာရောက်နေပါပြီ"

ထိုအခါမှ ဟန်ရှန်းမန်က ပြုံးလိုက်ပြီး လင်းယွမ်မှာကြားထားသော ကိစ္စများကို ပြီးမြောက်စေရန် လင်းယာထံသို့ ချက်ချင်း သွားရောက်လေသည်။

လင်းယွမ်ဘက်တွင်လည်း အကြေးခွံရွှေချပ်ဝတ် သင်္ကေတအစီအရင်ကို တည်ဆောက်ရန် အလျင်အမြန် ပြင်ဆင်နေသည်။

ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ရွှေချပ်ဝတ်စစ်သင်္ဘောကို ပုံစံယူထားသဖြင့် လင်းယွမ်က သင်္ကေတအစီအရင်၏ နေရာချထားပုံကို စောစောစီးစီးကပင် ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သည်။

ယခုအခါ သူက ရေအောက်သို့ တိုက်ရိုက် ငုပ်ဆင်းသွားပြီး သမ္မတ ၇ သင်္ဘော၏ အောက်ခြေမှစတင်ကာ သင်္ကေတများကို စတင် ရေးထွင်းလေတော့သည်။

"အရေးအကြီးဆုံးက သင်္ဘောဝမ်းဗိုက်ပဲ... ရန်သူတွေ ရေငုပ်ပြီး သင်္ဘောဝမ်းဗိုက်ကို လာဖောက်ဖို့ အရမ်းလွယ်ကူတယ်"

"ဒါပေမဲ့ သမ္မတ ၇ သင်္ဘောကြီးက အလျား ပေသုံးရာကျော်တောင် ရှိတာ... တကယ်လို့ ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်က သင်္ကေတ အရွယ်အစားအတိုင်း လိုက်ရေးထွင်းနေမယ်ဆိုရင် အချိန်တွေ အရမ်း နှောင့်နှေးကုန်လိမ့်မယ်"

"ငါက အကြေးခွံရွှေချပ်ဝတ် သင်္ကေတတွေကို အချိုးကျ အရွယ်အစား ကြီးသွားအောင်ချဲ့ပြီးမှ သင်္ကေတအစီအရင်ကို တည်ဆောက်ရမယ်"

"ဒီလိုလုပ်လိုက်ရင် သင်္ကေတတွေ ရေးထွင်းရမယ့် အချိန်နဲ့ အကြိမ်အရေအတွက်ကို အများကြီး လျှော့ချနိုင်လိမ့်မယ်"

လင်းယွမ်၏ မျက်လုံးများက တလက်လက် တောက်ပသွားပြီး သူ၏စိတ်ထဲတွင် ကြိုတင် ကြံစည်ထားမှုများ ရှိနေပြီး ဖြစ်သည်။

အကြေးခွံရွှေချပ်ဝတ် သင်္ကေတကို အချိုးကျ ကြီးမားသွားအောင် ချဲ့လိုက်မည်ဆိုပါက လွှမ်းခြုံနိုင်သည့် ဧရိယာသည်လည်း များစွာ ကျယ်ပြန့်သွားမည် ဖြစ်သည်။

သို့သော် အသုံးပြုရမည့် စိတ်စွမ်းအင်ကလည်း ပိုမို ကြီးမားလာမည်ဖြစ်ကာ သာမန် အစွမ်းပိုင်ရှင်များအနေဖြင့် ဤမျှ ကြီးမားသော သင်္ကေတကို ရေးထွင်းနိုင်ရန် ခက်ခဲပေလိမ့်မည်။

အခြား ခက်ခဲသည့်အချက်တစ်ခုမှာ သင်္ကေတ ကြီးမားလေလေ စွမ်းအင်ကျောက်တုံးများ တပ်ဆင်နိုင်မည့် အချိန်အဆက်အမှတ်များ နည်းပါးသွားလေလေ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သင်္ကေတတစ်ခု၏ စီးဆင်းမှု ချောမွေ့စေရန်အတွက် ကြားဖြတ် တောက်တောက်၍ မရဘဲ သင်္ကေတတစ်ခုနှင့် တစ်ခုကြားရှိ အချိန်အဆက်အမှတ်များတွင်သာ စွမ်းအင် ထောက်ပံ့ပေးရန်အတွက် စွမ်းအင်ကျောက်တုံးများကို တပ်ဆင်နိုင်သောကြောင့် ဖြစ်သည်။

သင်္ကေတ သေးငယ်ပြီး အချိန်အဆက်အမှတ်များ များပြားပါက စွမ်းအင်ကျောက်တုံးများကို ပိုမို တပ်ဆင်နိုင်မည်ဖြစ်ပြီး စွမ်းအင်ထောက်ပံ့ပေးနိုင်သည့် အချိန်ကလည်း သဘာဝကျစွာပင် ပိုမို ရှည်ကြာမည် ဖြစ်သည်။

သို့သော် သင်္ကေတများ အလွန်ကြီးမားပြီး အချိန်အဆက်အမှတ်များ အလွန်နည်းပါးနေပါက စွမ်းအင်ကျောက်တုံး အရေအတွက်မှာလည်း လိုက်ပါ လျော့နည်းသွားမည်ဖြစ်ရာ စွမ်းအင်ထောက်ပံ့မှုအပိုင်းတွင် ပြဿနာများ ရှိလာနိုင်ပေသည်။

သို့သော် ဤအခြေအနေအတွက် လင်းယွမ်တွင် ကြိုတင် ပြင်ဆင်ထားသည့် အစီအစဉ် ရှိပြီး ဖြစ်သည်။

"အချိန်အဆက်အမှတ်တွေကိုလည်း သင့်တော်သလို အရွယ်အစား ချဲ့လို့ရတယ်... အချိန်အဆက်အမှတ် တစ်ခုတည်းမှာ စွမ်းအင်ကျောက်တုံး အများကြီးကို တစ်ပြိုင်နက်တည်း ထည့်ထားလိုက်ရင် ရပြီပဲ"

ထိုသို့ တွေးမိသည်နှင့် လင်းယွမ်က စတင် လှုပ်ရှားလေတော့သည်။

သူက ရေအောက်တွင် ရှိနေစဉ်မှာပင် သူ၏ စိတ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး သမ္မတ ၇ သင်္ဘော၏ အောက်ခြေရှိ အရပ်မျက်နှာများကို အလျင်အမြန် တိုင်းတာလိုက်ကာ သင်္ကေတများ နေရာချထားရန်နှင့် သင့်လျော်သော အချိန်အဆက်အမှတ်များကို ရှာဖွေလိုက်သည်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး နှစ်ရက်ခန့် ကြာမြင့်သွားခဲ့သည်။

ယခုအခါ သမ္မတ ၇ သင်္ဘော၏ အောက်ခြေတွင် ပြီးပြည့်စုံသော ဧရာမ သင်္ကေတအစီအရင်ကြီး တစ်ခု ထွက်ပေါ်လာပြီ ဖြစ်သည်။

ဤသင်္ကေတအစီအရင်သည် စုစုပေါင်း အကြေးခွံရွှေချပ်ဝတ် သင်္ကေတ လေးခု တစ်ခုနှင့်တစ်ခု ထပ်တူကျကာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သင်္ကေတတစ်ခုစီ၏ လွှမ်းခြုံနိုင်သည့် အတိုင်းအတာမှာ ပေ ၁၃၀ ခန့် ရှိသည်။

သင်္ကေတအစီအရင် တစ်ခုလုံးကို အသက်သွင်းလိုက်ပြီးနောက် ရွှေချပ်ဝတ် လွှမ်းခြုံနိုင်သည့် ဧရိယာသည် ပေ ၅၂၀ အထိ ရောက်ရှိသွားသည်။

ထို့ကြောင့် သမ္မတ ၇ သင်္ဘော၏ အောက်ခြေတစ်ခုလုံးကို ပြီးပြည့်စုံစွာ လွှမ်းခြုံထားနိုင်ခဲ့သည်။

ထို့ပြင် ဤသင်္ကေတများ ယှက်နွယ်နေသည့် အဓိက အချိန်အဆက်အမှတ် နေရာများတွင်လည်း စွမ်းအင်ထောက်ပံ့ပေးမည့် စွမ်းအင်ကျောက်တုံး အပုံလိုက်ကို တပ်ဆင်ထားလိုက်သည်။

မှတ်သားဖွယ်ကောင်းသည်မှာ လင်းယွမ်က ရန်သူများအနေဖြင့် ရွှေချပ်ဝတ် သင်္ကေတအစီအရင်၏ အချိန်အဆက်အမှတ်များကို ပစ်မှတ်ထား တိုက်ခိုက်လာမည်ကို ကာကွယ်ရန်အတွက် ဤစွမ်းအင်ကျောက်တုံးများကို အတွင်းပိုင်းမှ ဖြည့်တင်းရသည့် ဖွဲ့စည်းပုံအဖြစ် အထူးတလည် ပုံစံထုတ်ထားခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ စွမ်းအင်ကျောက်တုံးများကို သင်္ဘောကိုယ်ထည် အတွင်းပိုင်းတွင် ထည့်သွင်းထားပြီး သင်္ဘောအတွင်းပိုင်းမှတစ်ဆင့် သင်္ကေတအစီအရင်သို့ စွမ်းအင် ထောက်ပံ့ပေးခြင်း ဖြစ်သည်။

ဤသို့ ပြုလုပ်ခြင်းဖြင့် အချိန်အဆက်အမှတ်များ အပြင်ဘက်သို့ ထွက်ပေါ်နေခြင်းဟူသော အားနည်းချက်ကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

အကြေးခွံရွှေချပ်ဝတ် သင်္ကေတ လေးခုတည်းသာ ရှိသည်ဟု မထင်လိုက်နှင့်၊ ၎င်းအတွင်း ပါဝင်သော နည်းပညာ အဆင့်အတန်းမှာ ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်ရှိ သင်္ကေတအစီအရင်ထက် များစွာ သာလွန်နေပေသည်။

ဤသည်မှာ လင်းယွမ်က သူ၏ နက်ရှိုင်းလှသော စိတ်စွမ်းအင် အမှတ် ၅၀ ကို အားကိုးကာ ပေ ၁၃၀ ခန့် လွှမ်းခြုံနိုင်သည့် ဧရာမ ရွှေချပ်ဝတ် သင်္ကေတများကို တစ်ဟုန်ထိုး တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ရေအောက်ပိုင်းက ကာကွယ်ရေး လုပ်ငန်းတွေကတော့ အခြေခံအားဖြင့် ပြီးစီးသွားပြီ... ရေပေါ်ပိုင်းက ကာကွယ်ရေး လုပ်ငန်းတွေကိုတော့ လင်းယာ ဘယ်လိုများ လုပ်နေလဲ မသိဘူး"

လင်းယွမ်က ရေအောက်မှနေ၍ သမ္မတ ၇ သင်္ဘောပေါ်သို့ တက်လာခဲ့ရာ သူ၏ မျက်နှာပေါ်တွင် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည့် အမူအရာများ ပေါ်လွင်နေသည်။

သူ၏ စိတ်စွမ်းအင်က မည်မျှပင် အစွမ်းထက်ပြီး နက်ရှိုင်းနေပါစေ၊ နှစ်ရက်နှစ်ညဆက်တိုက် အနားမယူဘဲ အစီအရင်များနှင့် သင်္ကေတများကို ရေးထွင်းရခြင်းဒဏ်ကိုမူ မခံနိုင်ချေ။

သူက သမ္မတ ၇ သင်္ဘော၏ အခြားနေရာများတွင် ရွှေချပ်ဝတ် သင်္ကေတများကို မရေးထွင်းချင်၍ မဟုတ်ဘဲ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသောကြောင့် ယာယီအားဖြင့် လင်းယာ၏ မာကျောအစွမ်းဖြင့်သာ အစားထိုး အသုံးပြုထားရခြင်း ဖြစ်သည်။

သူက သင်္ဘောနံရံဘက်သို့ လျှောက်သွားလိုက်ပြီး သင်္ဘောနံရံ၏ ကာကွယ်နိုင်စွမ်းကို အနည်းငယ် စမ်းသပ်ကြည့်လိုက်သည်။

လက်ဖြင့် ခပ်ဖွဖွလေး ဆုပ်နယ်ကြည့်လိုက်ရာ ထိုအပေါ်ရှိ မာကျောမှုက သိသိသာသာ တိုးတက်လာကြောင်းကို သူ ခံစားလိုက်ရသည်။

လင်းယွမ်က မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

မကြာမီမှာပင် သင်္ဘောပဲ့ပိုင်းအနီး၌ လင်းယာ၊ ဟန်ရှန်းမန်နှင့် ရှန်ယွင်ရှီတို့ မိန်းကလေး သုံးယောက်ကို သူ တွေ့လိုက်ရသည်။

"လင်းယာ... နင် ခဏလောက် နားလိုက်ပါဦးလား" ရှန်ယွင်ရှီက စိုးရိမ်တကြီးဖြင့် ဖျောင်းဖျလိုက်သည်။

ဘေးနားရှိ ဟန်ရှန်းမန်ကလည်း မျက်မှောင်အနည်းငယ် ကုတ်လိုက်ကာ "ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်ပါ လင်းယာရယ်"

လင်းယာက သူမ၏ မျက်နှာပေါ်မှ မိုးရေများနှင့် ချွေးများကို သုတ်ဖယ်လိုက်ပြီး ဖြူရော်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းကာ "ငါ ဘာမှမဖြစ်ပါဘူး... ဒီနားလေးနည်းနည်းပဲ ကျန်တော့တာ... ဒီနေ့ ထပ်ပြီး ခိုင်ခံ့အောင် လုပ်လိုက်ရင် သင်္ဘောနံရံနဲ့ ကုန်းပတ်တွေက လုံးဝ ပြီးသွားပြီ"

"ကိုလင်းယွမ် ပြန်လာရင် ငါတို့ အလုပ်အပ်လို့ ရသွားပြီလေ"

ဟန်ရှန်းမန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမက ဤမျှအထိ ပင်ပန်းနေသည့်တိုင် အခြားသူများအတွက် စဉ်းစားပေးနေသေးသည်ကို ကြားလိုက်ရသဖြင့် သူမလည်း အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။

သူမက "လင်းယာ... ကိုလင်းယွမ်က ရှင်ထင်ထားသလောက် သဘောထားမသေးသိမ်ပါဘူး... ကိုယ်လုပ်နိုင်သလောက်ပဲ လုပ်ပါ" ဟု ဖျောင်းဖျလိုက်သည်။

"သူက သဘောထား မသေးသိမ်ဘူး ဟုတ်လား..." ရှန်ယွင်ရှီက တီးတိုး ရေရွတ်လိုက်သည်။

လင်းယာက သူမကို အမြန်လှမ်းဆွဲလိုက်ပြီး စိုးရိမ်ထိတ်လန့်နေသော မျက်နှာဖြင့် ကုန်းပတ်ဘက်သို့ လှမ်းကြည့်လိုက်ကာ "ကို... ကိုလင်းယွမ်"

ရှန်ယွင်ရှီလည်း ချက်ချင်းပင် လန့်ဖြန့်သွားကာ ခေါင်းကို အမြန်မော့ကြည့်လိုက်ရာ လင်းယွမ်က သူတို့နှင့် ၁၀ ပေခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူမက ရှက်ကိုးရှက်ကန်းဖြင့် "ကိုလင်းယွမ်... ဘယ်တုန်းက ရောက်နေတာလဲ"

လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ခပ်အေးအေးပင် "ငါ သဘောထားသေးသိမ်တယ်လို့ မင်း ပြောနေတဲ့ အချိန်တုန်းကပဲ"

"အာ... ကျွန်မ... ကျွန်မက အဲဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူး... ကျွန်မ ပြောချင်တာက... ဒီ... ဒီသင်္ဘောက သုံးထားတဲ့ ပစ္စည်းတွေ အရမ်း ပါးလွှာနေလို့ စောစောစီးစီးကတည်းက ခိုင်ခံ့အောင် လုပ်ခဲ့သင့်တယ်လို့ ပြောတာပါ... ဟီးဟီး"

ရှန်ယွင်ရှီက သူမ၏ အရှက်ရနေမှုကို ဖုံးကွယ်ရန်အတွက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ဟန်ရှန်းမန်ကတော့ ငိုရခက် ရယ်ရခက် ဖြစ်သွားသည်။ ဤနှစ်ရက်အတွင်း အတူတူ အလုပ်လုပ်ရင်းဖြင့် ဤလူနှစ်ယောက်က လူဆိုးများ မဟုတ်ကြောင်း သူမ သိရှိလာခဲ့သည်။

ထို့အပြင် လန်ယွဲ့ဟွာကဲ့သို့ အစွန်းရောက် အမျိုးသမီးဝါဒီ အယူအဆမျိုးလည်း သူတို့တွင် မရှိကြချေ။

ထို့ကြောင့် ဟန်ရှန်းမန်က လင်းယွမ်၏ အာရုံကို လွှဲပြောင်းရန်အတွက် ချက်ချင်းပင် "ကိုလင်းယွမ်... ကိုလင်းယွမ်ဘက်က အလုပ်တွေ အကုန် ပြီးသွားပြီလား" ဟု မေးလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ကာ "အင်း... ရေအောက်က အလုပ်တွေတော့ ပြီးသွားပြီ... မင်းတို့ဘက်ကရော ဘယ်လိုနေလဲ"

"ရေပေါ်က သင်္ဘောကိုယ်ထည် အစိတ်အပိုင်းတွေကိုလည်း ခိုင်ခံ့အောင် လုပ်ပြီးသွားပါပြီ"

"လင်းယာက ဒီနှစ်ရက်အတွင်း လုံးဝနီးပါးကို မနားခဲ့ရဘူး... အစွမ်းတွေကို အဆက်မပြတ် သုံးပြီး သင်္ဘောကိုယ်ထည်ကို ခိုင်ခံ့အောင် လုပ်ပေးနေတာပါ" ဟန်ရှန်းမန်က လင်းယာကိုယ်စား ဂုဏ်ယူဝင့်ကြွားစွာ ပြောပေးလိုက်သည်။

လင်းယာက အလျင်အမြန်ပင် "ဒီသမ္မတ ၇ သင်္ဘောကြီးက အခုချိန်အထိ ကျန်ရှိနေသေးတဲ့ အကြီးဆုံး ဇိမ်ခံသင်္ဘောကြီး ဖြစ်နိုင်တယ်လေ... ဒါကြီး ဒီအတိုင်း ပျက်စီးသွားမှာကို ကျွန်မလည်း မကြည့်ရက်လို့ပါ"

တကယ်တမ်းတွင်လည်း ရေလွှမ်းမိုးဘေးကြီး ကျရောက်ပြီးကတည်းက ခေတ်မီ စက်မှုလုပ်ငန်းသုံး ပစ္စည်းကိရိယာများမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

လူသားများ၏ ကုန်ထုတ်လုပ်နိုင်စွမ်းမှာလည်း ကမ္ဘာပျက်ကပ် မတိုင်မီက အခြေအနေသို့ မည်သို့မျှ ပြန်လည် ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။

ယခု ကျန်ရှိနေသေးသော ဧရာမ ဇိမ်ခံသင်္ဘောကြီးဖြစ်သည့် သမ္မတ ၇ သင်္ဘောသည် ရေချိုမြစ်အတွင်းရှိ လက်ချိုးရေတွက်၍ရနိုင်သော အကောင်းပကတိ ကျန်ရှိနေသည့် ဇိမ်ခံသင်္ဘောများထဲမှ တစ်စီးဖြစ်ပေလိမ့်မည်။

သေချာသည်ကတော့ ကမ်းရိုးတန်း မြို့ကြီးများမှာ ပိုမို ဆိုးရွားစွာ ရေလွှမ်းမိုးခံထားရမည် ဖြစ်သော်လည်း ထိုဘက်တွင် သင်္ဘောများ ပို၍ များပြားနိုင်ပေသည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ကာ "သမ္မတ ၇ က တကယ်ကို မဆိုးဘူး... လက်ရှိ လူသားတွေရဲ့ ဇိမ်ခံသင်္ဘော နည်းပညာမှာ အထွတ်အထိပ်လို့တောင် သတ်မှတ်လို့ ရတယ်"

"အနာဂတ်မှာ ရေကြီးလို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကြီး ရေအောက်ရောက်သွားရင်တောင်... ဒီသင်္ဘောက ငါတို့ရဲ့ နောဧသင်္ဘောကြီး ဖြစ်လာနိုင်တယ်"

ဟန်ရှန်းမန်က ထိတ်လန့်တုန်လှုပ်သွားပြီး မနေနိုင်ဘဲ "ကိုလင်းယွမ်... ထိုက်ယန်တောင်လည်း ရေလွှမ်းခံရနိုင်တယ်လို့ ထင်နေတာလား"

လင်းယွမ်က သက်ပြင်းတစ်ချက်ချလိုက်ကာ "မိုးက တောက်လျှောက် ရွာနေတာဆိုတော့ ဘယ်သူမှ တပ်အပ် မပြောရဲဘူးလေ"

ဤစကားကြောင့် ဟန်ရှန်းမန်၊ လင်းယာနှင့် ရှန်ယွင်ရှီတို့ပါမကျန် အားလုံး၏ စိတ်ထဲတွင် ရုတ်တရက် လေးလံသွားကြသည်။

ထိုက်ယန်တောင်သည် လင်ကျောင်းမြို့တွင် လက်ချိုးရေတွက်၍ရသော တောင်မြင့်ကြီးများထဲမှ တစ်ခုဖြစ်သည်။

အကယ်၍ ထိုက်ယန်တောင်ပင်လျှင် ရေလွှမ်းမိုးခံရမည်ဆိုပါက လင်ကျောင်းမြို့ တစ်မြို့လုံးတွင် ကျန်ရှိနေမည့်အရာဟူ၍ ဘာမျှ ရှိတော့မည်မဟုတ်ပေ။

မဟုတ်သေးဘူး... မသေချာဘူး...

ဟန်ရှန်းမန်က တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိသွားပြီး လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။

လင်းယွမ်က သူမနှင့် မျက်လုံးချင်း ဆုံလိုက်ပြီး ပြုံးလိုက်ကာ "မင်း စဉ်းစားမိသွားပြီလား"

"ရေပေါ်ကျွန်း..." ဟန်ရှန်းမန်က ချက်ချင်း ပြောလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ကာ "အင်း... ရေပေါ်ကျွန်း ပေါ်လာတာကတော့ လူသားတွေအတွက် ရှင်သန်နိုင်မယ့် လမ်းစတစ်ခုပဲ"

"ဒါက လူသားတွေ တကယ် ရှင်သန် နေထိုင်နိုင်မယ့် နေရာ ဖြစ်ကောင်းဖြစ်နိုင်တယ်"

လင်းယွမ်က လှည့်ကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော မြူခိုးများကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် နားလည်ရခက်သော အရိပ်အယောင်များ ထွက်ပေါ်နေသည်။

ရေပေါ်ကျွန်းက တကယ်တော့ ဘယ်နေရာကနေ ရောက်လာတာလဲ၊ သူက ဘာဖြစ်လို့ ရေပေါ်မှာ ပေါလောပေါ်နေနိုင်ရတာလဲ။

ဒါက တကယ်ပဲ ကောင်းကင်ဘုံက ကုန်းသတ္တဝါတွေအတွက် ချန်ရစ်ထားပေးခဲ့တဲ့ မျှော်လင့်ချက်လား။

အတွေးများစွာ ကူးလူးယှက်နွယ်နေသော်လည်း ဤကျွန်းကို အပြည့်အဝ ထိန်းချုပ်နိုင်မှသာ ဤကျွန်း၏ လျှို့ဝှက်ချက်များကို စူးစမ်းရှာဖွေခွင့် ရမည်ဆိုသည်ကို လင်းယွမ်က ရှင်းလင်းစွာ သိထားသည်။

သို့သော် ယခုအခါ ဤကျွန်းတွင် ပိုင်ရှင် ရှိနေပြီ ဖြစ်သည်။

အထူးသဖြင့် ဤကျွန်း၏ပိုင်ရှင်သည် မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို ကျော်လွန်သွားသည့် သက်ရှိမျိုး ဖြစ်နိုင်ချေ များနေသည်။

ထို့ကြောင့် ဤကျွန်းကို လုယူရန်မှာ မလွယ်ကူလှပေ။

လင်းယွမ်၏ တောင်းဆိုချက်က သိပ်မမြင့်မားလှပေ၊ သူက ဤကျွန်းကို သိမ်းပိုက်ရန်လည်း ရည်ရွယ်ထားခြင်း မရှိချေ။

သို့သော် သူက တစ်ဖက်လူ၏ လက်ထဲမှ မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို ကျော်လွန်နိုင်မည့် နည်းလမ်းကိုတော့ ရယူရန် လိုအပ်နေသည်။

ထို့သို့ဆိုမှသာ ထိုက်ယန်တောင်မှ အပေါင်းအဖော်များကို ဦးဆောင်ကာ အတူတကွ ဆင့်ကဲပြောင်းလဲနိုင်မည် ဖြစ်ပြီး မျိုးရိုးဗီဇ ချုပ်နှောင်မှုများကို ချိုးဖျက်ကာ မျိုးရိုးဗီဇမြေပုံကို ရေးဆွဲနိုင်မည် ဖြစ်သည်။

ဤသို့ ပြုလုပ်မှသာ ထိုက်ယန်တောင်မှ လူများ၏ စွမ်းအား မြင့်တက်လာမည်ဖြစ်ပြီး ခိုလှုံရေးစခန်းတစ်ခုလုံးအနေဖြင့် ရေပေါ်ကျွန်းကို သွားရောက် ရှာဖွေနိုင်ခွင့် ရရှိကာ ပိုမို အစွမ်းထက်သော ခိုလှုံရေးစခန်းကို တည်ဆောက်နိုင်မည် ဖြစ်သည်။

"ဆရာလင်း... ဆရာလင်း... အရေးပေါ် သတင်း ရှိပါတယ်"

ထိုအချိန်မှာပင် ထောင်ဝေက အလောတကြီး ပြေးလာခဲ့သည်။

လင်းယွမ်က တစ်ဖက်လူကို လှမ်းကြည့်လိုက်ရာ ထောင်ဝေက သူ၏ တပည့်နှစ်ယောက်ကို ခေါ်ဆောင်ကာ အလျင်အမြန် လာနေသည်ကို တွေ့လိုက်ရသည်။

"ဆရာလင်း... ဆရာ့ရဲ့ ညွှန်ကြားချက်အတိုင်း ချုံမင်သင်္ဘော၊ ဝမ်ရှီးသင်္ဘော၊ ဟန်လျန်သင်္ဘောဆိုတဲ့ သင်္ဘောသုံးစီးအနီးမှာ လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားပါတယ်"

"ခုနကမှ စောင့်ကြည့်နေတဲ့ ညီအစ်ကိုတွေ သတင်းပို့လာတာက... ဒီနေ့ မနက်စောစောက ဒီသင်္ဘောသုံးစီးက ခေါင်းဆောင်တွေ ကိုယ်စီ လူတွေကို ခေါ်ပြီး ချုံမင်သင်္ဘောပေါ်မှာ သွားစုဝေးနေကြတယ်တဲ့"

"သမ္မတ ၇ သင်္ဘောကို တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာ ဖြစ်နိုင်တယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ "ဒီလူတွေက ငါတို့လူတွေနဲ့ လာဆက်သွယ်တာမျိုး ရှိသေးလား" ဟု မေးလိုက်သည်။

"ရှိပါတယ်... သူတို့က လင်ကျန်းဟီရဲ့ လှုပ်ရှားမှုကို လာစုံစမ်းကြတယ်"

"ဆရာ့ရဲ့ အမိန့်အတိုင်း ကျွန်တော်တို့က လင်ကျန်းဟီ သေဆုံးသွားတဲ့ သတင်းကို ဖုံးကွယ်ထားလိုက်ပြီး လင်ကျန်းဟီက ဘုရင်မသင်္ဘောကို လိုက်လံ သတ်ဖြတ်နေလို့ အခုထိ ပြန်မလာသေးဘူးလို့ ပြောလိုက်ပါတယ်"

"သူတို့က ဒီကိစ္စကြောင့်ပဲ လက်ဦးမှုရယူဖို့ ပြင်ဆင်နေတာ ဖြစ်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းရပါတယ်" ဟု ထောင်ဝေက အလျင်အမြန် ပြောလိုက်သည်။

လင်းယွမ်၏ နှုတ်ခမ်းစွန်းများက ချက်ချင်း ကွေးတက်သွားပြီး ပြုံးလိုက်ကာ "ကောင်းတယ်... အမိန့်ပေးလိုက်တော့... တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြ"

"ဟုတ်ကဲ့ပါ"

ထောင်ဝေက ချက်ချင်းပင် လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားပြီး ဟန်ရှန်းမန်ကလည်း "ကျွန်မလည်း လူတွေကို သွားစီစဉ်လိုက်ပါဦးမယ်" ဟု အလျင်အမြန် ပြောလိုက်သည်။

"အင်း"

လင်းယာကလည်း အလျင်အမြန်ပင် "ကျွန်မလည်း အချိန်မီလေး ကျန်နေသေးတဲ့ သင်္ဘောနံရံနဲ့ ကုန်းပတ်တွေကို ခိုင်ခံ့အောင် သွားလုပ်လိုက်ဦးမယ်"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ကာ "ပင်ပန်းသွားပြီ"

ရှန်ယွင်ရှီက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး "ဟိုလေ... ကျွန်မကရော ဘာလုပ်ပေးရမလဲ"

လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "အခန်းထဲမှာ သေချာ ပုန်းနေရင် ရပါပြီ"

ရှန်ယွင်ရှီက ချက်ချင်းပင် စကားဆွံ့အသွားပြီး မနေနိုင်ဘဲ "ကျွန်မလည်း အစွမ်းပိုင်ရှင်ပါ... စိတ်လှည့်စားမှု အစွမ်းကို သုံးတတ်တယ်... အရင်က လန်ယွဲ့ဟွာနဲ့အတူ မြူခိုးတောအုပ်ထဲကိုတောင် သွားဖူးသေးတယ်"

သူမ ဆိုလိုသည့် သဘောမှာ သူမတွင်လည်း တိုက်ခိုက်နိုင်စွမ်း ရှိပြီး လင်းယွမ်ကို သူမအား အထင်မသေးစေလိုခြင်း ဖြစ်သည်။

လင်းယွမ်က ပြုံးလိုက်ကာ "ဒါဆိုလည်း ဒီလိုလုပ်... မင်း ဒီမှာနေပြီး လင်းယာကို ကူညီပေးလိုက်"

"ဒီသင်္ဘောခေါင်းဆောင်တွေက ဦးနှောက်ရှိတယ်ဆိုရင် တိုက်ရိုက် လာတိုက်ခိုက်မှာ မဟုတ်ဘူး... လူလွှတ်ပြီး အခြေအနေကို အရင် လာစုံစမ်းခိုင်းဖို့ များတယ်"

"ဒါကြောင့် မင်းတို့ သတိထားပြီး ကာကွယ်ထားကြ"

ရှန်ယွင်ရှီနှင့် လင်းယာတို့၏ ရင်ထဲတွင် ချက်ချင်း ထိတ်လန့်သွားကြပြီး အလျင်အမြန် ခေါင်းညိတ်လိုက်ကာ သတိအနေအထားကို မြှင့်တင်လိုက်ကြသည်။

လင်းယွမ်က ကုန်းပတ်ပေါ်မှ ထွက်ခွာသွားပြီး သင်္ဘောပေါ်တွင် နေရာအနှံ့ လှည့်လည်ကြည့်ရှုကာ ဘက်စုံ ပြင်ဆင်ထားမှု အခြေအနေများကို စစ်ဆေးကြည့်လိုက်သည်။

အဆိပ်ဆေး၏ ခြိမ်းခြောက်မှုက အတော်လေး အလုပ်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

ဤဓားပြအုပ်စုသည် လင်းယွမ်၏ အရှေ့တွင် အတော်လေး လိမ္မာရေးခြားရှိပြီး နာခံတတ်လာကာ မည်သူကမျှ အလုပ်ကို ပြီးစလွယ် မလုပ်ရဲကြချေ။

ဝမ်းနည်းစရာကောင်းသည်မှာ လင်းယွမ် တိုက်လိုက်သည့်အရာက အဆိပ်ဆေး မဟုတ်ဘဲ ကျပန်းရှာတွေ့ထားသည့် အားဆေးလုံး တစ်ဗူးသာဖြစ်ကြောင်း ဤလူတစ်စုက လုံးဝ မသိရှိကြခြင်းပင်။

သို့သော် စိတ်ပိုင်းဆိုင်ရာအရ အမှတ်အသားတစ်ခု ခံထားရသဖြင့် ဤလူတစ်စုက မည်သို့မျှ မဖီဆန်ရဲကြချေ။

အထူးသဖြင့် လင်းယွမ်က လင်ကျန်းဟီကို သတ်ဖြတ်ခဲ့သည်ကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည့် လူများဆိုလျှင် လင်းယွမ်၏ ရက်စက်ကြမ်းကြုတ်မှု အတိုင်းအတာကို အလွန် ရှင်းလင်းစွာ နားလည်ထားကြသည်။

ထို့ကြောင့် လင်းယွမ်က တစ်ပတ်ခန့်သာ ပတ်ကြည့်လိုက်သော်လည်း သင်္ဘောပေါ်ရှိ လူအားလုံး၏ အလုပ်လုပ်သည့် စိတ်ဓာတ်က ချက်ချင်းပင် ပိုမို တက်ကြွလှုပ်ရှားလာကြသည်။

လင်းယွမ်၏ အကြည့်ရောက်လာမည်ကို အလွန် ကြောက်ရွံ့နေကြသည်။

မွန်းလွဲပိုင်းအချိန်သို့ ရောက်သောအခါ ပထမထပ် ကုန်းပတ်ပေါ်မှ ပြင်းထန်သော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သင်္ဘောကပ္ပတိန် အခန်းအတွင်း၌ စွမ်းအင်များ ပြန်လည် ပြည့်ဝနေပြီဖြစ်သော လင်းယွမ်က မျက်လုံးများကို ဖွင့်လိုက်ပြီး နှုတ်ခမ်းစွန်းတွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဟက်ဟက်... နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ"

ဆက်ရန်...

All Chapters