အခန်း (၃၉၉-၄၀၀)
Vol. 20 Ch. 399-400
အပိုင်း(၃၉၉) သင်္ဘောခေါင်းဆောင်ကြီး သုံးဦး
လင်းယွမ်က ထိုင်ရာမှထလိုက်ပြီး သင်္ဘောကပ္ပတိန်အခန်းထဲမှ ထွက်လာခဲ့သည်။
အသံထွက်ပေါ်လာရာ အရပ်ဆီသို့ သူက လှမ်းကြည့်လိုက်သည်။
ပထမထပ်ရှိ ရစ်ခွေလှေကားဘက်တွင် လူရိပ်အချို့က မှေးမှိန်နေသော လူရိပ်တစ်ခုကို လိုက်လံ ဖမ်းဆီးနေသည်ကို မြင်လိုက်ရသည်။
ထိုသူက အရိပ်များကြားထဲသို့ အလျင်အမြန် ပုန်းအောင်းဝင်ရောက်သွားကာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတတ်သည်။
သို့သော် ထောင်ဝေက အော်ဟစ်ကာ မီးတုတ်ဖြင့် ဝှေ့ယမ်းလိုက်သောအခါ အမှောင်ထုက ချက်ချင်း လွင့်စင်သွားတော့သည်။
ထိုသူ၏ပုံရိပ်ကလည်း ချက်ချင်းပင် လင်းထိန်သွားကာ ပေါ်လာခဲ့သည်။
သိသာထင်ရှားစွာပင် ဤသူက အမှောင်ဓာတ် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်နေသည်။
လင်းယွမ်က ဤမြင်ကွင်းကို ကြည့်နေသော်လည်း ဝင်ရောက် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။
အခြေအနေလာရောက်စူးစမ်းသည့် သူလျှိုတစ်ယောက်သာ ဖြစ်သဖြင့် သူကိုယ်တိုင် ဝင်ပါရန် မလိုအပ်သေးချေ။
မျှော်လင့်ထားသည့်အတိုင်း အနီးနားရှိ လူများက ပို၍ ဝိုင်းအုံလာကြသည်။
ထောင်ဝေက အော်ဟစ်လိုက်သည်။ "မီးထွန်းကြ... မီးထွန်းကြ... ဒီကောင်က အမှောင်ဓာတ် အစွမ်းပိုင်ရှင်ပဲ... သူ့ကို အရိပ်ထဲ ဝင်ပုန်းခွင့် မပေးကြနဲ့"
"စိတ်စွမ်းအင် အစွမ်းပိုင်ရှင်တွေရော... သူ့ကို မြန်မြန် ထိန်းချုပ်လိုက်စမ်း"
"ကျွန်တော် လုပ်မယ်" လူငယ်တစ်ယောက်က ခုန်ထွက်လာပြီး သူက စိတ်စွမ်းအင် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ လူများကလည်း မီးတုတ်များကို အသီးသီး မြှောက်ကိုင်လိုက်ကြရာ ထိုနေရာတစ်ဝိုက်သည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားတော့သည်။
ထိုသူက ဘယ်ညာရှောင်တိမ်းနေသော်လည်း အရိပ်ထဲသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။
စိတ်စွမ်းအင် အစွမ်းပိုင်ရှင်က တိုက်ခိုက်မှု စတင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအမှောင်ဓာတ် အစွမ်းပိုင်ရှင်မှာ အားခနဲ အော်ဟစ်ကာ ခေါင်းကိုပိုက်လျက် မြေပြင်ပေါ်တွင် လူးလှိမ့်သွားတော့သည်။
ထိုနောက် နောက်ထပ်လူတစ်ယောက်က လက်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်ရှိ ကြိုးတစ်ချောင်းက ရွှီးခနဲ မြည်သံနှင့်အတူ အဆိပ်ပြင်းမြွေတစ်ကောင်အလား လျင်မြန်စွာ ရစ်ပတ်လာခဲ့သည်။
သူက စိတ်အဝေးထိန်း အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်ပြီး ကြိုးကို ထိန်းချုပ်ကာ ထိုအမှောင်ဓာတ် အစွမ်းပိုင်ရှင်ကို လျင်မြန်စွာ တုပ်နှောင်လိုက်ခြင်း ဖြစ်သည်။
ထောင်ဝေက အလျင်အမြန် အော်ပြောလိုက်သည်။ "ဒီကောင်က အမှောင်ဓာတ် အစွမ်းပိုင်ရှင်ကွ... သာမန်ရုပ်ဝတ္ထု ကြိုးတွေနဲ့ ချည်နှောင်ထားလို့ မရဘူး"
"ဒုကပ္ပတိန်တောက်... ဒါဆို ဘယ်လိုလုပ်ရမလဲ" လူတစ်ယောက်က အလျင်အမြန် လှမ်းမေးလိုက်သည်။
ထောင်ဝေ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လာသည်။ "သတ်ပစ်လိုက်"
သူ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အားလုံး၏ မျက်နှာပေါ်တွင်လည်း ကြမ်းကြုတ်သော အမူအရာများ ထွက်ပေါ်လာကြသည်။
သို့သော် ထိုအချိန်တွင် လင်းယွမ်က လျှောက်လာရင်း ပြောလိုက်သည်။ "နေဦး"
ထောင်ဝေ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားကာ အလျင်အမြန် ရပ်တန့်လိုက်ပြီး လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "ဆရာလင်းယွမ်... ဒီလူက အမှောင်ဓာတ် အစွမ်းပိုင်ရှင်ပါ... အရမ်း လျင်လွန်းတော့ နည်းနည်းလေး သတိလွတ်သွားတာနဲ့ လွတ်ပြေးသွားနိုင်ပါတယ်"
လင်းယွမ်က ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။ "ငါသိပါတယ်... ဒီလူကို ငါ့ဆီသာ အပ်ထားလိုက်... မင်းတို့ ဆက်ပြီး ကင်းလှည့်ကြ... လုံခြုံရေးအခန်းကိုလည်း စောင့်ကြည့်ကင်မရာတွေကို သေချာ ကြည့်ခိုင်းထားလိုက်"
ဤအမှောင်ဓာတ် အစွမ်းပိုင်ရှင်သည်လည်း ကံဆိုးလှသည်။ သာမန်အားဖြင့်ဆိုလျှင် သူ၏ အရိပ်ထဲသို့ ပေါင်းစပ်ဝင်ရောက်နိုင်သော အစွမ်းက လာရာလမ်း မသိ၊ သွားရာလမ်း မမြင်ရလောက်အောင် လျှို့ဝှက်နက်နဲလှပေသည်။
သို့သော် နှမြောစရာကောင်းသည်မှာ သမ္မတ ၇ ဇိမ်ခံသင်္ဘောပေါ်ရှိ စောင့်ကြည့်ကင်မရာစနစ်က အလွန် တိုးတက်ခေတ်မီလှပြီး စင်္ကြံလမ်းများနှင့် ကုန်းပတ်ပေါ်တွင်ပါ ကင်မရာများ တပ်ဆင်ထားခြင်းပင် ဖြစ်သည်။
ဤအမှောင်ဓာတ် အစွမ်းပိုင်ရှင်က အမှောင်ထုထဲသို့ ခိုဝင်နိုင်စွမ်း ရှိသော်လည်း နေရာတိုင်းတွင် သူ့အတွက် ပုန်းခိုရန် အရိပ်များ ရှိမနေပေ။
သူသည် အလင်းရောင်ရှိသော နေရာအချို့ကို ဖြတ်ကျော်ရမည်သာ ဖြစ်သည်။
သူက ကင်းလှည့်အဖွဲ့၏ အမြင်အာရုံကို ရှောင်လွှဲနိုင်ခဲ့သော်လည်း စောင့်ကြည့်ကင်မရာအခန်းရှိ လုံခြုံရေးဝန်ထမ်းများ၏ အမြင်အာရုံကိုမူ မလွတ်ကင်းနိုင်ခဲ့ချေ။
ထို့ကြောင့် ဤအမှောင်ဓာတ် အစွမ်းပိုင်ရှင်မှာ အလွယ်တကူပင် ဖမ်းမိသွားခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်က လျှောက်လာပြီး ချိတ်ပိတ်မြှားတစ်ချောင်းကို အလွယ်တကူ ထုတ်ယူလိုက်သည်။
ဖွပ်ခနဲ အသံနှင့်အတူ တစ်ဖက်လူ၏ ပခုံးထဲသို့ တိုက်ရိုက် စိုက်ဝင်သွားလေသည်။
ထိုအမှောင်ဓာတ် အစွမ်းပိုင်ရှင်မှာ ချက်ချင်းပင် အားခနဲ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
သူက အသိစိတ်လွတ်မတတ် ထကာ ပြန်လည်ခုခံရန် ကြိုးစားလိုက်သည်။
သို့သော် နှမြောစရာကောင်းသည်မှာ မတ်တတ်ရပ်လိုက်ပြီး သန္ဓေပြောင်းစွမ်းအင်ကို အသုံးပြုရန် ကြိုးစားလိုက်ချိန်၌ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သွားသော အမူအရာက ချက်ချင်း ပေါ်လာခဲ့သည်။
"မင်း... မင်း ဘာလုပ်လိုက်တာလဲ"
သူ့ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို အသုံးပြု၍ မရတော့သည်ကို သူ ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။
ချိတ်ပိတ်မြှားက သူ၏ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို ချိတ်ပိတ်လိုက်ပြီ ဖြစ်သည်။
လင်းယွမ်၏ မျက်နှာထားက တည်ငြိမ်နေပြီး ပြောလိုက်သည်။ "ငါမေးတာကို မင်းဖြေ... မဖြေရင် သေမယ်"
လူငယ်၏ မျက်နှာပေါ်တွင် အကြောက်တရားများ ပြည့်နှက်နေပြီး ဘေးပတ်လည်ရှိ ထောင်ဝေတို့ကလည်း ရက်စက်ကြမ်းကြုတ်သော အမူအရာများဖြင့် သူ့ကို စူးစိုက်ကြည့်နေကြသည်။
"မင်း နာမည် ဘယ်လိုခေါ်လဲ"
လူငယ်က ခေတ္တမျှ တုံ့ဆိုင်းသွားသည်။
နောက်တစ်စက္ကန့်တွင် လင်းယွမ်က လက်ချောင်းကို ကွေးကာ တိုက်ရိုက် ခေါက်ချလိုက်သည်။
"ဘုန်း"
လေထုက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး လက်ချောင်းထိပ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် လေပြင်းက ကျည်ဆန်တစ်တောင့်အလား လေထုကို ထိုးဖောက်သွားကာ အသံထက်မြန်သော ပေါက်ကွဲသံကို ဖြစ်ပေါ်စေသည်။
လူငယ်မှာ လန့်ဖြန့်သွားကာ ခေါင်းကို အလျင်အမြန် စောင်း၍ ရှောင်တိမ်းလိုက်သည်။
ဘုန်းခနဲ အသံနှင့်အတူ လေလှိုင်းများ လွင့်စင်သွားပြီး လေဖိအားက ဆယ်ပေခန့်အကွာအထိ ရောက်မှသာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
သို့သော် လေထုထဲတွင် လွင့်စင်နေသော လေလှိုင်းများ၏ ဂယက်က ကျန်ရစ်နေဆဲ ဖြစ်သည်။
ဤမြင်ကွင်းက လူငယ်ကို တိုက်ရိုက် ခြောက်လှန့်လိုက်သဖြင့် သူ၏မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားတော့သည်။
ဘေးဘက်ရှိ ထောင်ဝေ၊ တုလောင်ကောက်နှင့် အခြားသူများပင်လျှင် တံတွေးမျိုချလိုက်မိကြပြီး လင်းယွမ်ကို ကြည့်နေသော သူတို့၏ အကြည့်များထဲတွင် အကြောက်တရားများ ပြည့်နှက်နေလေသည်။
"ငါ နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်... နာမည် ဘယ်လိုခေါ်လဲ"
လင်းယွမ်က ခေါင်းငုံ့ကာ ဤအမှောင်ဓာတ် အစွမ်းပိုင်ရှင်ကို ငုံ့ကြည့်လိုက်သည်။
"ဟွာချင့်... ကျွန်တော့်နာမည် ဟွာချင့်ပါ"
"မင်းကို ဘယ်သူက လွှတ်လိုက်တာလဲ"
"ခေါင်းဆောင်ကြီး ကျိုးဝမ်ရှီးက ဒီဘက်အခြေအနေကို လာစုံစမ်းခိုင်းတာပါ"
"ကျိုးဝမ်ရှီး..." လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
ဘေးဘက်ရှိ ထောင်ဝေက အလျင်အမြန် ရှင်းပြလိုက်သည်။ "ဆရာလင်းယွမ်... ကျိုးဝမ်ရှီး ဆိုတာက ဝမ်ရှီး သင်္ဘောရဲ့ ခေါင်းဆောင်ပါ"
လင်းယွမ်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး ဆက်မေးလိုက်သည်။ "ကျိုးဝမ်ရှီးက ဘယ်လိုအမျိုးအစား အစွမ်းပိုင်ရှင်လဲ"
"သူက စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်ပါ... စိတ်အဝေးထိန်း တိုက်ခိုက်မှုတွေကို ကျွမ်းကျင်ရုံသာမက တခြားသူတွေရဲ့ စိတ်ကို နှောင့်ယှက်နိုင်တဲ့ အစွမ်းလည်း ရှိလို့ ကာကွယ်ဖို့ ခက်ခဲပါတယ်"
ထောင်ဝေက လျင်မြန်စွာ ရှင်းပြလိုက်သည်။
(စိတ်အဝေးထိန်းအစွမ်းဆိုတာက Telekinesis ကို ပြောတာပါ။ သူ့ကိုစိတ်စွမ်းအင်လို့ တန်းပြန်ရင် ရောကုန်မှာစိုးလို့အခုလိုပြန်လိုက်တယ်)
သူသည် မြူခိုးမြို့တော် အနီးတစ်ဝိုက်တွင် ကျင်လည်နေသည်မှာ ကြာပြီဖြစ်ရာ အနီးနားရှိ သင်္ဘောခေါင်းဆောင်များနှင့် ပတ်သက်၍ အတော်လေး ရင်းနှီးကျွမ်းဝင်နေမည်မှာ သေချာပေသည်။
ယခု ကျိုးဝမ်ရှီးအကြောင်း ပြောရာတွင်လည်း လက်ခုပ်ထဲကရေလို အကုန်သိနေသည်။
လင်းယွမ်က ချက်ချင်းပင် ပြုံးလိုက်သည်။ စိတ်စွမ်းအင် အစွမ်းပိုင်ရှင်တဲ့လား။ သူ့ခန္ဓာကိုယ်ထဲရှိ အစွမ်းများထဲတွင် စိတ်စွမ်းအင် အမျိုးအစား အစွမ်းများက မနည်းမနော ရှိနေပေသည်။ အစိမ်းရောင်အဆင့် စိတ်စွမ်းအင် အစွမ်းပင်လျှင် နှစ်ခုတိတိ ရှိနေပြီ ဖြစ်သည်။
"ကျိုးဝမ်ရှီးတို့က သမ္မတ ၇ ဇိမ်ခံသင်္ဘောကို ဘယ်အချိန် တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာလဲ"
ဟွာချင့်က အလျင်အမြန် ပြောလိုက်သည်။ "ကျွန်တော်လည်း မသိပါဘူး... သူတို့အကုန်လုံးက ကျွန်တော် ပြန်သယ်လာမယ့် သတင်းကို စောင့်ပြီးမှ ဆုံးဖြတ်ကြမှာပါ"
"အခု သူတို့ ဘယ်မှာလဲ... လူအင်အား ဘယ်လောက်ရှိလဲ"
"သမ္မတ ၇ ရဲ့ အနောက်ဘက် သုံးမိုင်တောင် မပြည့်တဲ့ နေရာမှာပါ... လက်ရှိ သင်္ဘော သုံးဆယ့်နှစ်စင်းက ခေါင်းဆောင်တွေ အားလုံးက ဝမ်ရှီး သင်္ဘောပေါ်မှာ စုဝေးနေကြပါတယ်"
"ဒါ့အပြင် သူတို့က ရှေ့ပြေးအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်သင်္ဘောတွေကို အသီးသီး စေလွှတ်ထားပါတယ်"
"လူအင်အားအနေနဲ့ဆိုရင် အစွမ်းပိုင်ရှင် စုစုပေါင်း သုံးရာကျော် ရှိပါတယ်"
ဟွာချင့်က အနည်းငယ်မျှပင် ဖုံးကွယ်ထားဲဝံ့ခြင်း မရှိဘဲ သူသိထားသမျှ ကိစ္စရပ်အားလုံးကို တရစပ် ပြောပြလိုက်တော့သည်။
ဤလူသည် ကောလာဟလများထဲမှ လင်ကျန်းဟီ မဟုတ်သည်မှာ သေချာကြောင်းကို သူ ရိပ်မိသွားပြီ ဖြစ်သည်။
ထိုလင်ကျန်းဟီက ဦးနှောက်မကောင်းဘဲ အနည်းငယ်မျှ အထိမခံ၊ လူသတ်တတ်ကြောင်း သူ ကြားဖူးထားသည်။ သို့သော် ဤလူ၏ လုပ်ဟန်က အတော်လေး ရင့်ကျက်တည်ငြိမ်လှသည်။
သေချာသည်ကတော့ စကားပြောမတည့်သည်နှင့် လူသတ်မည့်ပုံလည်း ပေါက်နေပေသည်။
သူက လမ်းလာစမ်းသည့် အောက်ခြေအဆင့် တပည့်လေးတစ်ယောက်သာ ဖြစ်သဖြင့် အသေခံပြီး ခေါင်းမာနေရန် မလိုအပ်ပေ။
လင်းယွမ်က ထိုလူသုံးရာကျော်ထဲမှ သင်္ဘောခေါင်းဆောင်အချို့၏ အသေးစိတ် အချက်အလက်များကို ထပ်မံ မေးမြန်းလိုက်သည်။
ဟွာချင့်က အစအဆုံး အကုန်အစင် ပြန်လည်ဖြေကြားပေးလေသည်။
ဤသင်္ဘော သုံးဆယ့်နှစ်စင်းထဲတွင် အကြီးဆုံး သင်္ဘောသုံးစင်းမှာ ချုံမင် သင်္ဘော၊ ဝမ်ရှီး သင်္ဘောနှင့် ဟန်လျန် သင်္ဘောတို့ ဖြစ်သည်။
ထိုလူသုံးရာကျော်မှာလည်း သဘာဝကျကျပင် ဤသင်္ဘောသုံးစင်းကို အဓိကထားကြပြီး ဤသင်္ဘောသုံးစင်း၏ ခေါင်းဆောင်များကလည်း ဤလူစုထဲတွင် အစွမ်းအထက်ဆုံးသူများ ဖြစ်ကြသည်။
ဝမ်ရှီး သင်္ဘော၏ ခေါင်းဆောင် ကျိုးဝမ်ရှီးကိုတော့ အစောက ပြောပြခဲ့ပြီးသည့်အတိုင်း သူက စိတ်စွမ်းအင် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သည်။
ချုံမင် သင်္ဘော၏ ခေါင်းဆောင်ကတော့ လီချုံမင်ဟု ခေါ်ပြီး သတ္တုဓာတ် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သည်။
သို့သော် သာမန် သတ္တုဓာတ် အစွမ်းပိုင်ရှင်များနှင့် မတူဘဲ သူက ခန္ဓာကိုယ်တစ်ခုလုံးကို သတ္တုအဖြစ် ပြောင်းလဲနိုင်သည်။ သတ္တုပြောင်းလဲပြီးနောက်တွင် သူက ရွှေ၊ ငွေ၊ ကြေး၊ သံတို့ မဟုတ်ဘဲ ရှားပါးလှသော ပြဒါးအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ ပြဒါးရည်ပင် ဖြစ်သည်။
ပြဒါးရည်သည် သတ္တုများစွာထဲတွင် သာမန်အပူချိန်၌ အရည်အသွေးကို ထိန်းသိမ်းထားနိုင်သော တစ်ခုတည်းသော သတ္တု ဖြစ်သည်။
ဤလူက တစ်ကြိမ် သတ္တုပြောင်းလဲပြီးသွားသည်နှင့် မည်သည့် ပုံသဏ္ဌာန်မဆို ပြောင်းလဲနိုင်ကာ တိုက်ခိုက်မှုများက ထက်မြက်ပြီး အလွန် ထူးခြားဆန်းကြယ်လှသည်။
သင်္ဘောခေါင်းဆောင်အားလုံးထဲတွင် သူ၏ စွမ်းရည်က ထိပ်တန်းအဆင့်တွင် ရှိနေသည်။
နောက်ဆုံး ဟန်လျန် သင်္ဘော၏ ခေါင်းဆောင်ကတော့ ကျန်းဟန်လျန်ဟုခေါ်သော အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သည်။
ဤသင်္ဘောက အစောပိုင်းတွင် ဟန်လျန် သင်္ဘောဟု မခေါ်ကြောင်း ကြားသိရပြီး ဤကျန်းဟန်လျန်က လုယူရရှိပြီးနောက်မှ နာမည်ပြောင်းထားခြင်း ဖြစ်သည်။
ဟွာချင့်၏ ထွက်ဆိုချက်အရ ဤကျန်းဟန်လျန်က ရေဓာတ် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သည်။
သို့သော် သူ၏ ရေဓာတ်အစွမ်းက သာမန် ရေဓာတ် အစွမ်းပိုင်ရှင်များနှင့် မတူဘဲ သူကိုယ်တိုင်က ရေဒြပ်စင်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပေသည်။
မည်သည့် အစွမ်းမျိုးမဆို တစ်ကြိမ်မျှ ကိုယ်တိုင် ဒြပ်စင်အဖြစ် ပြောင်းလဲနိုင်သွားပြီဆိုလျှင် ၎င်း၏ အာနိသင်က မိုးနှင့်မြေလို ကွာခြားသွားတော့မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤအစွမ်းပိုင်ရှင်များက ခန္ဓာကိုယ်ကို ဒြပ်စင်အဖြစ် ပြောင်းလဲပြီးသည်နှင့် တစ်ပြိုင်နက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုက်ခိုက်မှုအားလုံးက အကျိုးသက်ရောက်မှု ရှိတော့မည် မဟုတ်ပေ။
မည်သည့် အလျင်အမျိုးအစား၊ ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်မဆို ဤကဲ့သို့သော ဒြပ်စင်ပြောင်းလဲနိုင်သည့် အစွမ်းပိုင်ရှင်များရှေ့တွင် သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အလွန် အားနည်းဖျော့တော့သွားမည် ဖြစ်သည်။
ခွန်အားအမျိုးအစား သို့မဟုတ် အလျင်အမျိုးအစား အစွမ်းပိုင်ရှင်များက တစ်ဖက်လူ၏ ဒြပ်စင်အသွင်ကို ဖျက်ဆီးနိုင်လောက်အောင်၊ မော်လီကျူးအလွှာကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ ချေမှုန်းနိုင်လောက်အောင် စွမ်းအားကြီးမားနေမှသာ ချွင်းချက် ဖြစ်ပေမည်။
ထိုသို့မဟုတ်ပါက အခြေခံအားဖြင့် ဒြပ်စင်ပြောင်းလဲနိုင်သော အစွမ်းပိုင်ရှင်များကို မည်သို့မျှ တတ်နိုင်မည် မဟုတ်ချေ။
သေချာသည်ကတော့ ဤသည်မှာ သန္ဓေပြောင်းစွမ်းအင် လက်နက်များကို အားမကိုးသည့် အခြေအနေတွင်သာ ဖြစ်သည်။
သန္ဓေပြောင်းစွမ်းအင် လက်နက်များကို တီထွင်ထုတ်လုပ်လာသည်နှင့်အမျှ ခွန်အားအမျိုးအစား၊ အလျင်အမျိုးအစား အစွမ်းပိုင်ရှင် အများအပြားသည်လည်း သန္ဓေပြောင်းစွမ်းအင် လက်နက်များကို အကူအညီရယူကာ စွမ်းအင်တိုက်ခိုက်မှုများကို ပြုလုပ်နိုင်လာကြသည်။
ထိုသို့ဖြစ်လာပါက ဒြပ်စင်အခြေအနေသို့ ပြောင်းလဲထားသော အစွမ်းပိုင်ရှင်များကို ထိရောက်စွာ ပြန်လည်ရင်ဆိုင်နိုင်မည် ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေတွင် သန္ဓေပြောင်းစွမ်းအင် လက်နက်များကလည်း နှိုင်းယှဉ်ကြည့်လျှင် ရှားပါးသော အရာများ ဖြစ်နေသေးသည်။
အစွမ်းပိုင်ရှင်တိုင်း အလွယ်တကူ ရရှိနိုင်မည်တော့ မဟုတ်ပေ။
ဤသုံးဦးက သင်္ဘောသုံးဆယ့်နှစ်စင်း၏ ခေါင်းဆောင်များအဖြစ် သတ်မှတ်နိုင်ပေသည်။
လင်းယွမ်၏ စိတ်ထဲတွင် အံ့အားသင့်သွားသည်။ ဟွာချင့်၏ ပြောပြချက်များအရ ကြည့်လျှင် ဤသုံးဦးက အားနည်းသူများ မဟုတ်ကြပေ။
လင်ကျန်းဟီကို ဒီလောက်တောင် အလေးထားပြီး သုံးယောက်ပေါင်းကာ လင်ကျန်းဟီကို ရင်ဆိုင်ဖို့ လုပ်နေကြတာလား။
"မဟုတ်သေးဘူး... လင်ကျန်းဟီရဲ့ ရွှေရောင်ခန္ဓာကိုယ်က ဘယ်လောက်ပဲ စွမ်းတယ်ပြောပြော အဲဒါက ကာကွယ်ရေးစွမ်းအားမှာပဲ အကျိုးသက်ရောက်တာလေ"
"ရေဒြပ်စင်ပြောင်းလဲနိုင်တဲ့ ကျန်းဟန်လျန်ရယ်... ပြဒါးရည်အသွင် ပြောင်းလဲနိုင်တဲ့ လီချုံမင်ရယ်က ကာကွယ်ရေးအမျိုးအစား အစွမ်းပိုင်ရှင်တွေကို လုံးဝ ကြောက်စရာမလိုဘူး"
"သူတို့ တစ်ယောက်ချင်းစီ တိုက်ရင်တောင် လင်ကျန်းဟီကို ရှုံးချင်မှ ရှုံးမှာ"
"ဒီသုံးယောက်က ဘာလို့ ပူးပေါင်းဖို့ လိုအပ်နေတာလဲ"
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်သော်လည်း အကြောင်းရင်းကို နားမလည်နိုင်အောင် ဖြစ်နေသည်။
သို့သော် ယခုအချိန်တွင် ထိုမျှလောက်အထိ တွေးတောနေရန် မလိုအပ်တော့ပေ။ အရေးအကြီးဆုံးမှာ လာမည့်ရန်သူများကို ရင်ဆိုင်ရန် ပြင်ဆင်ထားရမည် ဖြစ်သည်။
"အမိန့်ပေးလိုက်... အားလုံး အသင့်ပြင်ထားကြဖို့"
"ဟုတ်ကဲ့ပါ ဆရာလင်းယွမ်"
ထောင်ဝေ၊ တုလောင်ကောက်နှင့် အခြားသူများက အလျင်အမြန် အသံကျယ်ကျယ်ဖြင့် ပြန်လည်ဖြေကြားလိုက်ကြသည်။
......
သုံးမိုင်အကွာတွင် အလယ်အလတ်နှင့် အသေးစား သင်္ဘော ခုနစ်စင်း ရှစ်စင်းခန့်က ရေပြင်ပေါ်တွင် ရပ်နားထားသည်။
ယခုအချိန်တွင် ထိုလှေငယ်များပေါ်၌ လူအများအပြား မတ်တတ်ရပ်နေကြသည်။
အလယ်ရှိ အနည်းငယ် ကြီးမားသော သင်္ဘောတစ်စင်းပေါ်တွင်မူ ယခုအချိန်၌ သင်္ဘောခေါင်းဆောင် သုံးဆယ်ကျော်ခန့် စုဝေးရောက်ရှိနေကြပြီး သင်္ဘောဦးပိုင်း ကုန်းပတ်ပေါ်တွင် ရှိနေကြသည်။
ထိုကုန်းပတ်ပေါ်တွင် သစ်သားတဲတစ်ခုကို စောစောစီးစီးကတည်းက ဆောက်လုပ်ထားပြီး ဤလူများအားလုံးက ထိုအထဲတွင် ရပ်ကာ မြူခိုးပင်လယ်ပြင်ကို စူးစိုက်ကြည့်နေကြသည်။
ဦးဆောင်သူ သုံးဦးက မတ်တတ်ရပ်မနေဘဲ ထိုင်ခုံများဖြင့် ထိုင်နေကြသည်။
ထိုအထဲတွင် ဝမ်ရှီး သင်္ဘော၏ ခေါင်းဆောင် ကျိုးဝမ်ရှီးက အလယ်တည့်တည့်တွင် ရှိနေပြီး ဘယ်ဘက်တွင် လီချုံမင်နှင့် ညာဘက်တွင် ကျန်းဟန်လျန်တို့ ရှိနေကြသည်။
ကျိုးဝမ်ရှီးသည် အသက် လေးဆယ်ကျော်အရွယ် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး ဆံပင်က အလွန်တိုကာ ဦးခေါင်းထက်တွင် စိမ်းဖန့်ဖန့် အရေပြားတစ်လွှာသာ ရှိတော့မည့်အလား ပေါက်နေသည်။
သူ၏ ခန္ဓာကိုယ်က အနည်းငယ် ဝဖြိုးနေသော်လည်း အဆီများလွန်းသည့်ပုံ မဟုတ်ဘဲ အဆီဖုံးကြွက်သားများဖြင့် တောင့်တင်းကြံ့ခိုင်သည့် အမျိုးအစား ဖြစ်သည်။
လီချုံမင်က ကျိုးဝမ်ရှီးနှင့် မတူပေ။ သူက အသက် သုံးဆယ်ကျော်အရွယ်သာ ရှိသေးပုံပေါ်ပြီး စကားနည်းကာ တိတ်ဆိတ်နေတတ်သည့်ပုံစံမျိုး ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ပိန်ပါးပြီး မျက်နှာသွင်ပြင်က နက်ရှိုင်းကာ မျက်တွင်းများလည်း ဟောက်နေပြီး သိမ်းငှက်လို၊ ဝံပုလွေလို ကြည့်တတ်သည့် အငွေ့အသက်မျိုး ရှိနေသည်။
ကျန်းဟန်လျန်ကမူ အသက် နှစ်ဆယ်ဝန်းကျင်အရွယ် လူဝလေးတစ်ဦးဖြစ်ပြီး အရပ်မရှည်ဘဲ ငါးပေခြောက်လက်မခန့်သာ ရှိသော်လည်း ကိုယ်လုံးကိုယ်ပေါက်က တုတ်ခိုင်ဝဖြိုးနေသည်။
သူက စွပ်ကျယ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားရာ အလုံးလိုက် ဖြစ်နေသော ဗိုက်ရွှဲရွှဲကြီးက အလွန် သိသာထင်ရှားနေသည်။ သူ၏မျက်နှာပေါ်တွင်လည်း အမြဲတမ်း ပျော်ရွှင်နေသော အပြုံးတစ်ခုကို ချိတ်ဆွဲထားကာ ဘေးနားရှိ ရက်စက်ကြမ်းကြုတ်သည့် သင်္ဘောခေါင်းဆောင်များနှင့် လုံးဝ မတူညီပေ။
ယခုအချိန်တွင် ကျိုးဝမ်ရှီး၏ မျက်မှောင်များက တင်းကြပ်စွာ ကုတ်လျက်ရှိပြီး မျက်နှာပေါ်တွင် လေးနက်တည်ကြည်သော အရိပ်အယောင်တစ်ခု ရှိနေသည်။
သူက စကားစတင်မေးလိုက်သည်။ "အားလီ... လွှတ်ထားတဲ့ သူလျှိုတွေ ပြန်လာကြပြီလား"
ကျိုးဝမ်ရှီး၏ အနောက်ဘက်ရှိ တောင့်တင်းကြံ့ခိုင်သော လူငယ်တစ်ဦးက ခေါင်းခါပြလိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "ခေါင်းဆောင်ကြီး... တစ်ယောက်မှ ပြန်မလာသေးပါဘူး"
"ဟွာချင့်ရော ပြန်မလာဘူးလား"
"မလာသေးပါဘူး"
ကျိုးဝမ်ရှီး၏ အကြည့်များက အနည်းငယ် မှိုင်းညို့သွားကာ ဘေးဘက်ရှိ လီချုံမင်နှင့် ကျန်းဟန်လျန်တို့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ခင်ဗျားတို့ နှစ်ယောက်ရဲ့ လူတွေဆီကရော သတင်းရပြီလား"
လီချုံမင်က အနောက်ဘက်ရှိ လူငယ်တစ်ဦးကို လှည့်ကြည့်လိုက်ရာ ထိုလူငယ်က ခေါင်းကို ညင်သာစွာ ခါပြလိုက်သည်။ "သူလျှိုသုံးသုတ် လွှတ်ထားပေမယ့် ဘာသတင်းမှ ပြန်မလာသေးပါဘူး"
လီချုံမင်က မျက်မှောင်ကြုတ်လိုက်သည်။ "ရှောင်လျန်... မင်းဘက်ကရော"
ကျန်းဟန်လျန်ကလည်း အနောက်ဘက်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ ကိုယ်လုံးကိုယ်ပေါက် လှပသော အမျိုးသမီးတစ်ဦးက ကျန်းဟန်လျန်၏ နားနားသို့ ကပ်ကာ စကားအနည်းငယ် တီးတိုးပြောလိုက်သည်။
ကျန်းဟန်လျန်၏ ပြုံးရွှင်နေသော မျက်နှာက ချက်ချင်း တောင့်တင်းသွားပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ "မျိုးရိုးဗီဇအသက်ဓာတ်က ရှိနေသေးတယ်ဆိုတော့ ဒီသူလျှိုတွေက မသေသေးဘူးပေါ့... ဒါပေမယ့်လည်း ပြန်မလာကြဘူးလား"
"ဟုတ်ကဲ့" အမျိုးသမီးက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။
ကျန်းဟန်လျန်ကလည်း အခြေအနေမဟန်သည်ကို ရိပ်မိသွားပြီး ကျိုးဝမ်ရှီးနှင့် လီချုံမင်တို့ကို ကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော့် သူလျှိုတွေလည်း ပြန်မလာသေးဘူး... ဒါပေမယ့် သူတို့ မသေသေးဘူး... အဖမ်းခံလိုက်ရတာများလား မသိဘူး"
ကျန်းဟန်လျန်၏ လက်ထဲတွင် ရှားပါးလှသော သန္ဓေပြောင်းစွမ်းအင် လက်နက်တစ်ခု ရှိနေကြောင်းကို ကျိုးဝမ်ရှီး သိထားပေသည်။
ထိုလက်နက်ကို မျိုးရိုးဗီဇအိမ်မြှောင်ဟု ခေါ်ဆိုပြီး သွေးတစ်စက် အိမ်မြှောင်ထဲသို့ အစက်ချလိုက်ရုံဖြင့် ထိုအိမ်မြှောင်က သွေး၏ မျိုးရိုးဗီဇနမူနာကို သိမ်းဆည်းထားမည် ဖြစ်သည်။
သွေးပိုင်ရှင် မသေဆုံးသရွေ့ သူ၏ သွေးမျိုးရိုးဗီဇက အသက်ဓာတ် ဆုံးရှုံးသွားမည် မဟုတ်ပေ။
အကယ်၍ ပိုင်ရှင်သာ သေဆုံးသွားပါက ဤမျိုးရိုးဗီဇအိမ်မြှောင်ထဲရှိ သွေးနမူနာအတွင်းမှ မျိုးရိုးဗီဇမှာ ချက်ချင်း အသက်ဓာတ် ဆုံးရှုံးသွားမည်ဖြစ်ပြီး မျိုးရိုးဗီဇအိမ်မြှောင်က ဖယ်ရှားပစ်လိုက်မည် ဖြစ်သည်။
လီချုံမင်ကလည်း ကျန်းဟန်လျန်တွင် ဤလက်နက် ရှိနေကြောင်းကို သိသာစွာ သိရှိထားရာ ချက်ချင်းပင် လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "ကြည့်ရတာ ငါတို့ရဲ့ လှုပ်ရှားမှုတွေက ပေါက်ကြားသွားပြီ ထင်တယ်"
"အခု ဘယ်လိုလုပ်ကြမလဲ"
ကျိုးဝမ်ရှီး၏ မျက်နှာက အနည်းငယ် မှိုင်းညို့သွားပြီး ပြောလိုက်သည်။ "ပေါက်ကြားသွားပြီဆိုမှတော့ ငါတို့တွေ တွန့်ဆုတ်ပြီး ပုန်းကွယ်နေစရာ မလိုတော့ဘူး"
"ကာကွယ်ရေးအမျိုးအစား အစွမ်းပိုင်ရှင် သာမန်တစ်ယောက်လောက်ကို ငါတို့လူအင်အား ဒီလောက်များတာနဲ့ အလွယ်တကူ ဖမ်းနိုင်တာပဲ မဟုတ်ဘူးလား"
"ဟားဟား... အပြောကောင်းတယ်... ဒါပေမယ့် ငါ ကြိုပြောထားမယ်... အဲဒီ သမ္မတ ၇ ဇိမ်ခံသင်္ဘောကြီးကိုတော့ လုံးဝ မပျက်စီးစေနဲ့နော်... ငါတို့ ဒီလောက် အင်အားတွေ စိုက်ထုတ်နေတာ တကယ်တော့ လင်ကျန်းဟီကို ဖမ်းဖို့သက်သက် မဟုတ်ဘူး" လီချုံမင်က ချက်ချင်း သတိပေးလိုက်သည်။
ဘေးဘက်ရှိ ကျန်းဟန်လျန်ကလည်း ပြုံးကာ ပြောလိုက်သည်။ "မှန်တယ်... ဒီ သမ္မတ ၇ ဇိမ်ခံသင်္ဘောကြီးက ကုန်းတွင်းမြစ်တစ်လျှောက်လုံးမှာ အကြီးဆုံး ဇိမ်ခံသင်္ဘောကြီးပဲ... ရွှေပုံပေးရင်တောင် လဲလို့မရတဲ့ ရတနာသင်္ဘောကြီးကွ"
"ဒီလိုသင်္ဘောမျိုးသာ ရထားမယ်ဆိုရင် ရေခဲမြူခိုးမြို့တော်ထဲ ဝင်မနေရရင်တောင်မှ ဒီရေကြီးနေတဲ့ကြားမှာ ကိုယ်ပိုင် ရပ်တည်နိုင်မယ့် နေရာလေးတစ်ခု ရသွားပြီ"
"ဘယ်လိုပဲဖြစ်ဖြစ် ဒီဇိမ်ခံသင်္ဘောကိုတော့ အပျက်အစီး မခံနိုင်ဘူး"
ကျိုးဝမ်ရှီးက ခေါင်းညိတ်ပြလိုက်သည်။ "ငါတို့အားလုံးက သင်္ဘောမောင်းတဲ့သူတွေချည်းပဲ... သင်္ဘောကောင်းတစ်စင်းရဲ့ တန်ဖိုးကို ဘယ်သူမဆို သိကြတာပဲ"
"အထူးသဖြင့် ဒီလို ရေလွှမ်းမိုးဘေးကြီး ကျရောက်နေတဲ့အချိန်မှာဆိုရင် သူ့ရဲ့တန်ဖိုးက ကမ္ဘာပျက်ကပ် မတိုင်ခင်ကထက် အများကြီး ပိုမြင့်နေပြီ... မင်းတို့ထက်တောင် ငါက ဒီသင်္ဘောအတွက် ပိုပြီး စိုးရိမ်နေတာ"
"ငါပြောခဲ့တဲ့ စကားအတိုင်းပဲ... ဒီသင်္ဘောကို ရပြီဆိုရင် သင်္ဘောပေါ်က သုံးထပ်ကို ငါတို့ အသီးသီး ခွဲယူကြမယ်... သင်္ဘောခေါင်းဆောင် သုံးဆယ့်နှစ်ယောက်လုံး ဝင်နေလို့ ရတယ်"
"နောက်ပိုင်းကျရင် ငါတို့က သမ္မတ ၇ ကို အဓိကစခန်းအဖြစ်ထားပြီး မဟာမိတ်ဖွဲ့ကြမယ်... အဲဒီအချိန်ကျမှ မြူခိုးသစ်တောထဲက ကောင်တွေနဲ့ အပေးအယူလုပ်ဖို့ အရည်အချင်း ပြည့်မီမှာ"
လီချုံမင်၊ ကျန်းဟန်လျန်နှင့် အခြားသူများက ခေါင်းအသီးသီး ညိတ်ပြလိုက်ကြပြီး ဘေးဘက်ရှိ အခြားသော သင်္ဘောခေါင်းဆောင်များကလည်း တစ်ခဲနက် ထောက်ခံအားပေးလိုက်ကြသည်။
ကျိုးဝမ်ရှီးက ပြောလိုက်သည်။ "ကောင်းပြီလေ... တိုက်ခိုက်မယ့် စီမံကိန်းကို ငါ နောက်ဆုံးအနေနဲ့ အတည်ပြုလိုက်မယ်"
"ခဏနေ တိုက်ခိုက်တဲ့အခါ ချုံမင် သင်္ဘောက ညီအစ်ကိုတွေက ကုန်းပတ်ကို တိုက်ခိုက် သိမ်းပိုက်ဖို့ တာဝန်ယူ... ဟန်လျန် သင်္ဘောက ညီအစ်ကိုတွေက ကပ္ပတိန်အခန်းလို ထိန်းချုပ်ရေးအခန်းတွေကို ထိန်းချုပ်ဖို့ တာဝန်ယူကြ"
"ငါတို့ ဝမ်ရှီး သင်္ဘောက ညီအစ်ကိုတွေကတော့ အပေါ်ဆုံးထပ်ကို တိုက်ခိုက် သိမ်းပိုက်မယ်"
"ကျန်တဲ့ သင်္ဘောခေါင်းဆောင်တွေက ငါတို့သုံးယောက်နဲ့အတူ လင်ကျန်းဟီနဲ့ သူ့ရဲ့ လက်ရုံးတွေကို တိုက်ခိုက်ဖို့ တာဝန်ယူကြ"
"ကောင်းပြီ... ဒီအတိုင်းပဲ လုပ်ကြတာပေါ့" ကျန်းဟန်လျန်က လက်ခုပ်တီးကာ ရယ်မောရင်း ပြောလိုက်သည်။
လီချုံမင်ကလည်း ခေါင်းညိတ်လိုက်သည်။ "အစီအစဉ်အတိုင်း လုပ်ကြမယ်"
ထိုအခါမှ ကျိုးဝမ်ရှီးက အသံထွက်ကာ ရယ်မောလိုက်ပြီး သူ၏ဦးရေပြားကို ပွတ်သပ်လိုက်သည်။ ဆံပင်တိုတိုလေးများက လက်ဖဝါးကို စူးဝင်သွားရာ သူက ကျေနပ်သွားသကဲ့သို့ မျက်လုံးများကို မှိတ်လိုက်သည်။
"ငါ့အမိန့်ကို နားထောင်... ထွက်ကြတော့"
ဆက်ရန်...
အပိုင်း(၄၀၀) အခြေအနေ ရုတ်တရက် ပြောင်းလဲသွားခြင်း
"ပေါ်"
အလောတကြီး အသံပေးနေသော ဥဩဆွဲသံများ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာသည်။
မြူပင်လယ်ထဲတွင် မြူခိုးများ လှိမ့်တက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင် ထွက်ပေါ်လာတော့မည့်အလား ထင်မှတ်ရသည်။
သမ္မတ ၇ အပျော်စီးသင်္ဘောပေါ်ရှိ လူအားလုံး၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်နေသော အမူအရာများ ပေါ်လွင်နေကြသည်။
လင်းယွမ်နှင့် ဟန်ရှန်းမန် နှစ်ယောက်သာလျှင် တည်ငြိမ်အေးဆေးစွာ ရှိနေကြသည်။
သို့သော် ဟန်ရှန်းမန်က ပတ်ဝန်းကျင်ကို မကြာခဏ အကဲခတ်နေပြီး သူမ၏ မျက်နှာအမူအရာ မပြောင်းလဲသော်လည်း မျက်လုံးထဲတွင်တော့ လေးနက်တည်ကြည်မှု တစ်စွန်းတစ်စ ပါဝင်နေသည်။
သူမက အပြင်ပန်းကြည့်လျှင် အေးဆေးတည်ငြိမ်နေပုံ ပေါက်နေသော်လည်း အမှန်တကယ်တော့ ထိုသို့မဟုတ်ကြောင်း သိသာထင်ရှားလှသည်။
"ကိုလင်းယွမ်... သူတို့ လာနေကြပြီ"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "မင်း တတိယထပ်က ကင်းစင်ကို သွားပြီး စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ဖွင့်ဖို့ အချိန်မရွေး အသင့်ပြင်ထားလိုက်"
"နားလည်ပါပြီ" ဟန်ရှန်းမန်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ကိုယ်ကို တစ်ချက် လွှင့်ကာ တတိယထပ် ကင်းစင်ဆီသို့ လျင်မြန်စွာ ခုန်တက်သွားတော့သည်။
စွမ်းအင်ချိတ်ပိတ် အစီအရင်က အလွန် ရှုပ်ထွေးလွန်းလှရာ လင်းယွမ်အနေဖြင့် ထိုအစီအရင်ကို ရေးဆွဲရန် အချိန်မရှိခဲ့ပေ။
သူက ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်မှ စွမ်းအင်ချိတ်ပိတ် အစီအရင် ဧရာမဒူးလေးကို သမ္မတ ၇ ၏ ကင်းစင်ပေါ်သို့ ပြောင်းရွှေ့ထားလိုက်ရုံသာ တတ်နိုင်ခဲ့သည်။
ထို့အပြင် ချိတ်ပိတ်မြှားများကိုလည်း သူက ခွဲဝေပေးထားပြီး ချိုးရင်ယွဲ့၏ လူများကို ပေးအပ်ထားလိုက်သည်။
ထိုလူများကိုသာ မိမိလူအဖြစ် အနိုင်နိုင်သာ သတ်မှတ်နိုင်ပြီး ကျန်သူများမှာ ဖမ်းဆီးရမိထားသော သုံ့ပန်းများသာ ဖြစ်သည့်အတွက် လင်းယွမ်က သူတို့ကို မယုံကြည်သဖြင့် ဤချိတ်ပိတ်မြှားများကို ပေးအပ်မည် မဟုတ်ပေ။
ထောင်ဝေနှင့် အခြားလူများက လက်နက်များကို ကိုင်ဆောင်ထားကာ လင်းယွမ်၏ အနောက်တွင် စိုးရိမ်တကြီး ရပ်နေကြသည်။
သင်္ဘောခေါင်းဆောင် သုံးဆယ့်နှစ်ယောက် ပူးပေါင်းလာသည့် အင်အားက တကယ်ကို ကြောက်ခမန်းလိလိပင် ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်ထဲတွင် လင်းယွမ် တိုက်ထားသော "အဆိပ်ဆေး" ၏ ခြိမ်းခြောက်မှု ရှိနေသော်လည်း ယခုအချိန်၌ ချက်ချင်း ထွက်မပြေးဘဲ နေနိုင်ခြင်းကပင် အလွန် ချီးကျူးစရာ ကောင်းနေပြီ ဖြစ်သည်။
တကယ်တမ်း တိုက်ခိုက်ရမည်ဆိုလျှင် ဤလူစုက ဟန်ပြသာ တိုက်ခိုက်ကြမည်ဖြစ်ပြီး အားထား၍ ရမည်မဟုတ်ဟု လင်းယွမ် ခန့်မှန်းထားသည်။
သူက အနောက်ဘက်ရှိ လူစုကို လှည့်ကြည့်လိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်သည်။ "ခဏနေ တိုက်ပွဲစရင် တစ်ဖက်လူတွေက လက်ညှာနေမှာ မဟုတ်ဘူး... မင်းတို့က အသက်ရှင်ဖို့ပဲ တွေးနေမယ်ဆိုရင် အရင်ဆုံး သေရမယ့်လူတွေက မင်းတို့ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်"
ထောင်ဝေနှင့် အခြားလူများက ချက်ချင်းပင် ကြောက်လန့်သွားကြပြီး မျက်နှာများ ဖြူရော်သွားကြသည်။
ဤကဲ့သို့ ကြီးမားသော တိုက်ပွဲမျိုးတွင် အလျှော့ပေးခြင်းမျိုး ရှိမည်မဟုတ်ဘဲ သွေးဆာနေချိန်၌ မည်သူ့ကိုမျှ ဂရုစိုက်နေမည် မဟုတ်ပေ။
ထိုအချက်ကို တွေးမိသွားပြီးနောက် ထောင်ဝေက ကမန်းကတန်း ပြောလိုက်သည်။ "ဆရာလင်း စိတ်ချပါ... ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပြီး တိုက်ခိုက်သွားပါ့မယ်"
လင်းယွမ်က ဘာမှ ပြန်မပြောဘဲ ခပ်ဟဟသာ ရယ်မောလိုက်သည်။
"ပေါ်"
နောက်ထပ် ဥဩဆွဲသံ တစ်ချက် ထွက်ပေါ်လာပြီးနောက် မြူခိုးများ လှိမ့်တက်လာကာ ကြီးမားသော သင်္ဘော ခုနစ်စင်း၊ ရှစ်စင်းခန့်က လှိုင်းလုံးများကို ခွဲ၍ ရောက်ရှိလာကြသည်။
မြူပင်လယ်ထဲမှ ဧရာမ ပင်လယ်ရေသတ္တဝါကြီး ခုနစ်ကောင် ထွက်ပေါ်လာသည့်အလား ထင်မှတ်ရသည်။
"ပစ်..."
ထိုသင်္ဘောကြီး ခုနစ်စင်းပေါ်မှ ဒေါသတကြီး အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် များပြားလှသော မြှားတံများက တစ်ခဏချင်းအတွင်း ပစ်ခတ်လာကြသည်။
လင်းယွမ်က ဘာမှထပ်မပြောတော့ဘဲ တိုက်ရိုက် အမိန့်ပေးလိုက်သည်။ "အကာအကွယ်"
လူအုပ်ထဲမှ ခွန်အားအသားပေး အစွမ်းပိုင်ရှင် အများအပြားက ကြီးမားသော အကာအကွယ်များကို အသီးသီး မြှောက်ကိုင်လိုက်ကြပြီး အရှေ့ဆုံးမှ ကာကွယ်ထားလိုက်ကြသည်။
"ဒေါင် ဒေါင် ဒေါင်"
မြှားတံများ အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်သည့် အသံများ ထွက်ပေါ်လာပြီးနောက် တစ်ဖက်သင်္ဘောပေါ်မှ အော်ဟစ်သံများကို ကြားလိုက်ရသည်။
"သင်္ဘောချင်း ကပ်..."
"သတ်..."
"တိုးဝင်..."
ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် သင်္ဘောခုနစ်စင်းက မတူညီသော နည်းလမ်းများဖြင့် သမ္မတ ၇ ဆီသို့ အသီးသီး ချဉ်းကပ်လာကြသည်။
သင်္ဘောဝမ်းဗိုက်များ အချင်းချင်း တိုက်မိသွားပြီး ချက်ချင်းပင် နီးကပ်သွားကြသည်။
ထို့နောက် လူရိပ်များက သင်္ဘောပေါ်မှ တစ်ဟုန်ထိုး ခုန်တက်လာကြပြီး သမ္မတ ၇ ဆီသို့ ချက်ချင်း ပြေးဝင်လာကြသည်။
အချို့လူများက ခွန်အားအသားပေး အစွမ်းပိုင်ရှင်များ၏ ဒိုင်းလွှားများကို နင်းကာ လေထဲသို့ ခုန်တက်သွားပြီး လူအုပ်ထဲသို့ ဝင်ရောက်လာကာ ချက်ချင်းပင် သတ်ဖြတ်ခြင်းကို စတင်လိုက်ကြသည်။
အချို့က လှိုင်းလုံးများကို ထိန်းချုပ်ကာ အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက်လာပြီး သမ္မတ ၇ ဘက်မှ ခွန်အားအသားပေး အစွမ်းပိုင်ရှင်များ၏ တပ်ဖွဲ့ကို ပြင်းထန်စွာ ဖြိုခွဲလိုက်ကြသည်။
လင်းယွမ်က အမြင့်တစ်နေရာတွင် ရပ်နေကာ ထိုမြင်ကွင်းကို ကြည့်နေရင်း အနည်းငယ်မျှပင် ထိတ်လန့်သွားခြင်း မရှိဘဲ အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။
"ချိတ်တွေ ပစ်လိုက်..."
ထောင်ဝေ၊ တုလောင်ကောက် အစရှိသူများက ချက်ချင်း အော်ဟစ်လိုက်ကြသည်။
"ချိတ်တွေ ပစ်ကြဟေ့..."
"ချိတ်တွေ ပစ်ကြဟေ့..."
"ဝှီး... ဝှီး"
ဒိုင်းလွှားများကို မြှောက်ကာ ကာကွယ်နေကြသော ခွန်အားအသားပေး အစွမ်းပိုင်ရှင်များက ယခုအချိန်တွင် အသီးသီး ထလာကြပြီး သူတို့ဘေးရှိ "ချိတ်" များကို အားကုန်သုံးကာ လွှဲပစ်လိုက်ကြသည်။
"ဘုန်း ဘုန်း ဘုန်း" ဆိုသည့် အသံများ တောက်လျှောက် ထွက်ပေါ်လာသည်။
သမ္မတ ၇ ပေါ်မှ အနည်းဆုံး အလုံးသုံးဆယ်ခန့်ရှိသော ကြီးမားသည့် သံချိတ်ကြီးများကို ဆက်တိုက် ပစ်ချလိုက်ပြီး တစ်ဖက်ရှိ သင်္ဘောကြီး ခုနစ်စင်းကို အသေအချာ ချိတ်ဆက်ထားလိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ပြီးနောက် အလယ်ဗဟိုရှိ သင်္ဘောပေါ်မှ ကျိုးဝမ်ရှီးတို့ သုံးယောက်က မျက်မှောင်ကြုတ်သွားကြပြီး အနည်းငယ် သံသယဝင်သွားကြသည်။
"လင်ကျန်းဟီရဲ့ လူတွေက ဘာလုပ်နေကြတာလဲ"
လီချုံမင်၏ နက်ရှိုင်းသော မျက်လုံးများထဲတွင်လည်း အံ့ဩမှုများ ပေါ်လွင်နေသည်။ "သူက ငါတို့သင်္ဘောတွေကို ဒီမှာ ဖမ်းချုပ်ထားချင်နေပုံပဲ"
"ငါတို့ကို ဖမ်းချုပ်မယ်... သူက ချက်ချင်း ထွက်ပြေးရမှာ မဟုတ်ဘူးလား" ကျန်းဟန်လျန်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
သူတို့သုံးယောက်စလုံး အနည်းငယ် နားမလည်နိုင် ဖြစ်သွားကြသည်။ မိမိတို့ဘက်က ဤမျှ အင်အားအလုံးအရင်းဖြင့် လာရောက်ခြင်းကို တစ်ဖက်လူက ပထမဆုံးအနေဖြင့် မည်သို့ ထွက်ပြေးရမည်ကို တွေးတောရမည် မဟုတ်ပါလား။
ဘာကြောင့် ပြောင်းပြန်ဖြစ်နေပြီး မိမိတို့သင်္ဘောတွေကို ချိတ်တွေနဲ့ လာချိတ်နေရတာလဲ။
ဤအခြေအနေက မိမိတို့ ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည့်အလား ပုံပေါက်နေသည်။
ပြောင်းပြန်တွေ ဖြစ်ကုန်ပြီ။
ကျိုးဝမ်ရှီးက အေးစက်စက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ကြည့်ရတာ လင်ကျန်းဟီက တော်တော် ယုံကြည်မှု ရှိနေပုံပဲ"
"ဟက်ဟက်... ဘယ်သူကများ သူ့ကို ဒီလောက် ယုံကြည်မှုတွေ ပေးလိုက်လဲ မသိဘူး... ခပ်သေးသေး သင်္ဘောခေါင်းဆောင် နှစ်ယောက်သုံးယောက်ကို လိုက်သတ်နိုင်ရုံနဲ့ သူ့ကိုယ်သူ လောကမှာ ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား" လီချုံမင်ကလည်း အေးစက်စက် အပြုံးတစ်ခုကို ပြသလိုက်သည်။
"သူက ရွှေခန္ဓာကိုယ် ပိုင်ရှင်လို့ ကြားတယ်... သတ္တုဓာတ် သဘာဝစွမ်းအင် ခန္ဓာကိုယ်လေ... ဟက်ဟက်... အစ်ကိုလီ... ဒါက ခင်ဗျားနဲ့ အမျိုးအစားတူပဲ မဟုတ်လား"
လီချုံမင်က ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။ "သဘာဝစွမ်းအင် ပြောင်းလဲခြင်းမှာလည်း အဆင့်အတန်း ခွဲခြားမှုတွေ ရှိသေးတယ်... အစိုင်အခဲပုံစံ ပြောင်းလဲခြင်းက သိပ်ပြီး ကြီးမားတဲ့ အားသာချက် မရှိပါဘူး... အရည်ပုံစံ ပြောင်းလဲတဲ့ ခန္ဓာကိုယ်လောက် ဘယ်လိုလုပ် လျင်မြန်သွက်လက်နိုင်မှာလဲ"
"မိတ်ဆွေတို့... စတင်လိုက်ကြရအောင်... သူများတွေ ဟာသလုပ်တာ မခံရစေနဲ့" ကျိုးဝမ်ရှီးက သူတို့နှစ်ယောက်ကို စကားဖြတ်ပြောလိုက်ပြီးနောက် သူ၏ အနောက်တွင်ရှိသော သင်္ဘောခေါင်းဆောင်များကို လှည့်ပြောလိုက်သည်။
ချက်ချင်းပင် သင်္ဘောခေါင်းဆောင်တိုင်းက ရယ်မောလိုက်ကြပြီး တစ်ယောက်တစ်ပေါက် စတင် ပြောဆိုလာကြသည်။
"အစ်ကိုကျိုး... ကျွန်တော်တို့တာဝန်သာ ထားလိုက်"
"စောင့်ကြည့်နေလိုက်ပါ... ခေါင်းဆောင်တို့သုံးယောက်"
"ဟီးဟီး... ကျွန်တော်တို့ရဲ့ စွမ်းရည်က ခေါင်းဆောင်တို့ သုံးယောက်လောက် မစွမ်းဆောင်နိုင်ပေမယ့် ဘယ်လိုပဲပြောပြော သင်္ဘောတစ်စင်းရဲ့ ခေါင်းဆောင်တွေပဲဟာ... ဒီကောင်လေး အနည်းငယ်လောက်ကို ရင်ဆိုင်ဖို့ ပြဿနာမရှိပါဘူး"
"မိတ်ဆွေတို့... ကျွန်တော် အရင် သွားစမ်းကြည့်လိုက်မယ်"
"အစ်ကိုမုန့်... ကျွန်တော့်ကိုလည်း စောင့်ဦး"
...
ထိုသင်္ဘောခေါင်းဆောင်များက တစ်ယောက်ပြီးတစ်ယောက် မိမိကိုယ်မိမိ အထင်ကြီးနေကြပြီး လူအများရှေ့တွင် အစွမ်းပြသရန် စိတ်အားထက်သန်နေကြသည်။
တစ်ခဏအတွင်းမှာပင် လူရိပ် ဆယ်ဂဏန်းခန့်က လေထဲသို့ ပျံတက်သွားကြပြီး အချို့က ခုန်ပျံကျော်လွှားကာ အချို့ကတော့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြရင်း ကိုယ်ပိုင်အစွမ်းများကို ပြသကာ တစ်ဖက်ရှိ သမ္မတ ၇ အပျော်စီးသင်္ဘောပေါ်သို့ လျင်မြန်စွာ ပြေးဝင်သွားကြသည်။
တိုက်ပွဲက အဆက်မပြတ် ဖြစ်ပွားနေပြီး လင်းယွမ်ဘက်မှ လူများထဲတွင် ယခင်က ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ တပည့်ဟောင်းများက တိုက်ခိုက်ရေးစွမ်းရည် အကောင်းဆုံး ဖြစ်နေသည်။
ထိုလူများက ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်တွင် ရှိစဉ်က သိမ်းသွင်းထားသော လူစုဖြစ်ပြီး သူတို့ထဲမှ အများစုကို လင်းယွမ်က ကပ်ပါးမျိုးစေ့များ စိုက်ပျိုးထားခဲ့သည်။
မုန့်ချင်းနှင့် ချူရှန် အစရှိသူများက အစွမ်းလက်နက်များကို ကိုင်တွယ်ရာတွင်လည်း အလွန် ကျွမ်းကျင်ကြပြီး ပူးပေါင်းလုပ်ဆောင်ရာတွင်လည်း အလွန် လိုက်ဖက်ညီလှသည်။
ဤလူစုက တိုက်ပွဲများ ပိုမို ပြင်းထန်သော ကွမ်ဖူနယ်မြေတွင် အသက်ရှင်သန်ခဲ့ကြသူများ ဖြစ်သည့်အတွက် တိုက်ခိုက်ရေး အတွေ့အကြုံများ ကြွယ်ဝနေခြင်းက သဘာဝပင် ဖြစ်သည်။
သူတို့ထက် တိုက်ရည်ခိုက်ရည် အနည်းငယ် နိမ့်ကျသူများမှာ ယုံချန်သင်္ဘော၊ ဘုရင်မသင်္ဘောနှင့် သမ္မတ ၇ သင်္ဘောပေါ်မှ လင်းယွမ် ယခုလေးတင် သိမ်းသွင်းထားသော လူများပင် ဖြစ်သည်။
ထိုလူများက မြူခိုးမြို့တော် အနီးတစ်ဝိုက်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြပြီး သင်္ဘောပေါ်တွင် အသက်ရှင်သန်ခဲ့ကြသဖြင့် အတွေ့အကြုံရင့်ကျက်ကာ ပင်လယ်ဓားပြ စရိုက်မျိုး အပြည့်အဝ ရှိနေကြပြီ ဖြစ်သည်။
တိုက်ခိုက်ရာတွင် စနစ်တကျ မရှိသော်လည်း သင်္ဘောခေါင်းဆောင် သုံးဆယ့်နှစ်ယောက်၏ လူများ တိုက်ခိုက်သည့်ပုံစံကို အလွန် ရင်းနှီးကျွမ်းဝင်နေသည့်အတွက် သူတို့နှင့် အပြန်အလှန် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြသည်။
သို့သော် ချိုးရင်ယွဲ့၏ လူများကတော့ တိုက်ခိုက်ရေးစွမ်းရည် အညံ့ဖျင်းဆုံး ဖြစ်နေသည်။ ထိုလူများက အဆောက်အအုံထဲတွင် အချိန်အကြာကြီး ပိတ်မိနေခဲ့သဖြင့် တိုက်ခိုက်ခွင့် သိပ်မရခဲ့ကြပေ။
ထို့အပြင် အာဟာရဓာတ် ချို့တဲ့မှု ကြာရှည်စွာ ခံစားခဲ့ရသည့်အတွက် အစွမ်းပိုင်ရှင်များ ဖြစ်လင့်ကစား သူတို့၏ အစွမ်းများကို နက်ရှိုင်းစွာ အသုံးချနိုင်စွမ်း မရှိကြပေ။
သာမန်အချိန်များတွင် သတိမထားမိသော်လည်း ယခုကဲ့သို့ အုပ်စုလိုက် တိုက်ပွဲထဲသို့ ရောက်သွားချိန်တွင်မူ ချက်ချင်းပင် အားနည်းချက်များ ပေါ်လွင်လာတော့သည်။
ကံကောင်းထောက်မစွာဖြင့် လင်းယွမ်က ကြိုတင် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ဤလူများထဲတွင် ချိုးရင်ယွဲ့၏ လူများကသာ ယုံကြည်စိတ်ချရဆုံး ဖြစ်သည်။
ထို့ကြောင့် သူက ချိတ်ပိတ်မြှားများကို ထိုလူစုအတွက် ကြိုတင် ချန်ထားပေးခဲ့ခြင်း ဖြစ်သည်။
ချိတ်ပိတ်မြှားများ၏ စွမ်းအားကို အသုံးပြု၍ သူတို့က သင်္ဘောခေါင်းဆောင် သုံးဆယ့်နှစ်ယောက်၏ လူများနှင့် အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းအောင် တိုက်ခိုက်နေကြသည်။
တစ်ခဏအတွင်းမှာပင် သမ္မတ ၇ သင်္ဘောပေါ်ရှိ တိုက်ပွဲအခြေအနေက အပြန်အလှန် အကြိတ်အနယ် ရှိနေတော့သည်။
သတ်ဖြတ်သံများ ဆက်တိုက် ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်တွင် သွေးများ ပန်းထွက်နေကာ အော်ဟစ်ညည်းညူသံများလည်း မကြာခဏ ထွက်ပေါ်လာသည်။
လက်နက်များ ရိုက်ခတ်သံများ၊ စွမ်းအင်များ ပေါက်ကွဲသံများ၊ ရေထဲသို့ လူများ ပြုတ်ကျသံများ အစရှိသည့် အသံအမျိုးမျိုးက ရောယှက်နေပြီး လူအားလုံးကို သွေးဆာလာစေသည်။
အကောက်ကျစ်ဆုံးသော ပင်လယ်ဓားပြများပင် ယခုအချိန်တွင် ဒေါသထွက်နေကြပြီး ပြိုင်ဘက်ကို မယှဉ်နိုင်လျှင်တောင် ထွက်မပြေးကြတော့ဘဲ အံကြိတ်ကာ အသက်စွန့်၍ တိုက်ခိုက်နေကြသည်။
မင်း ငါ့ကို တစ်ချက်ခုတ်ရင် ငါသေသွားရင်တောင် ပြန်ပြီး တစ်ချက်ပြန်ခုတ်မယ် ဆိုသည့် စိတ်ဓာတ်မျိုး ဖြစ်နေကြသည်။
မြင်ကွင်းက တစ်ချိန်တည်းမှာပင် အလွန် ရှုပ်ထွေးနေပြီး လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
သူ အလိုရှိသည်က ဤလူစုကို သိမ်းသွင်းကာ နောင်တစ်ချိန် မြူခိုးမြို့တော်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရာတွင် အထောက်အကူအဖြစ် အသုံးပြုရန် ဖြစ်သည်။
ဒီအတိုင်း ဆက်တိုက်နေမယ်ဆိုရင် အကုန်လုံး သေကုန်ကြတော့မှာ မဟုတ်ဘူးလား။
ထိုအချက်ကို တွေးမိသွားပြီးနောက် လင်းယွမ်က တတိယထပ် ကင်းစင်ထဲရှိ ဟန်ရှန်းမန်ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။
ဟန်ရှန်းမန်က သူနှင့် အကြည့်ချင်း ဆုံသွားပြီးနောက် လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်ကို မြင်လိုက်ရသည်။
သူမက ဘာမှထပ်မပြောတော့ဘဲ ဧရာမဒူးလေးကို ဆွဲတင်ကာ ရန်သူ အများဆုံးရှိသည့် နေရာကို ချိန်ရွယ်ပြီး အရှိန်ပြင်းပြင်းဖြင့် မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။
"ဝှီး"
ဧရာမ မြှားကြီးက လေထုကို ခွဲကာ ထွက်သွားသည်။
လူအုပ်ထဲတွင် ရပ်နေသော အားလီက တစ်ခုခုကို ရုတ်တရက် သတိထားမိသွားပြီး သူမျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။
သူက မသိစိတ်၏ စေ့ဆော်မှုအရ မြေကြီးပေါ်ရှိ သံတူကြီးတစ်ချောင်းကို ဖမ်းကိုင်လိုက်ပြီး ကောင်းကင်ယံမှ ပစ်လွှတ်လိုက်သော ဧရာမမြှားကြီးကို အရှိန်ပြင်းပြင်းဖြင့် ထုရိုက်လိုက်သည်။
သူ၏ နာမည်ရင်းမှာ ဝူလီဖြစ်ပြီး ကျိုးဝမ်ရှီး၏ ယုံကြည်ရသော တပည့်တစ်ယောက်ဖြစ်ကာ ခွန်အားအသားပေး အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်သည်။
ခွန်အားအသားပေး အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်လင့်ကစား ကျိုးဝမ်ရှီး၏ လူယုံတစ်ယောက် ဖြစ်လာနိုင်ခြင်းကပင် သူသည် သာမန် ခွန်အားအသားပေး အစွမ်းပိုင်ရှင် မဟုတ်ကြောင်း သက်သေပြနေသည်။
သူ၏ ခွန်အားအရေအသွေးမှတ်က ကြောက်မက်ဖွယ်ကောင်းသော ၄၅ မှတ်အထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လက်တစ်ဖက်က ဒိုင်းလွှားကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က သံတူကြီးကို ကိုင်ဆောင်ထားကာ စောစောက လူအုပ်ထဲတွင် သုံးပြည်ထောင်ခေတ်မှ လွီပုကဲ့သို့ အလွန် ကြမ်းတမ်းရက်စက်စွာဖြင့် ထောင်ဝေ၏ အနီးနားရှိ လူဒါဇင်ပေါင်းများစွာကို တစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့သည်။
ထောင်ဝေကိုယ်တိုင်ပင်လျှင် ကြောက်လန့်တကြားဖြင့် နောက်သို့ ဆက်တိုက် ဆုတ်ခွာခဲ့ရသည်။
ခွန်အားအသားပေး အစွမ်းပိုင်ရှင်များက ယခုကဲ့သို့ ရှုပ်ထွေးနေသော တိုက်ပွဲကြီးထဲတွင် တကယ်ကို ကြောက်ခမန်းလိလိ အစွမ်းထက်လှသည်။
ထိုသံတူကြီးကို လွှဲရိုက်လိုက်သည့်အခါ အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းမရှိသော အစွမ်းပိုင်ရှင်တိုင်းက အနည်းငယ် ဆုတ်ခွာပေးရမည်သာ ဖြစ်သည်။
ယခုအချိန်တွင် ဝူလီ၏ သံတူကြီးကို လွှဲရိုက်လိုက်ပြီးနောက် ကောင်းကင်ယံရှိ မြှားတံနှင့် အရှိန်ပြင်းပြင်း ဝင်တိုက်မိသွားသည်။
"ဝုန်း" ဟူသော ကျယ်လောင်သည့် အသံကြီးတစ်သံကို ကြားလိုက်ရသည်။
ထိုမြှားတံ၏ မြှားခေါင်းပိုင်းက ရုတ်တရက် ပေါက်ကွဲသွားပြီး အတွင်းဘက်မှ ပန်းရောင်အလင်းတန်းများ ရုတ်တရက် တောက်ပလာသည်။
ထို့နောက် ကောင်းကင်ယံထက်တွင် အချင်း (၃၃) ပေခန့်ရှိသော ကြီးမားသည့် တောက်ပသော သင်္ကေတတစ်ခု ထွက်ပေါ်လာပြီး ကုန်းပတ်၏ တစ်ဝက်ခန့်ကို လွှမ်းခြုံသွားသည်ကို မြင်လိုက်ရသည်။
လူအားလုံးက ဘာတွေဖြစ်နေမှန်း နားမလည်နိုင်ခင်မှာပင် လူတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"အား"
ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို သံမဏိအဖြစ် ပြောင်းလဲထားသော အစွမ်းပိုင်ရှင်တစ်ယောက်က ခွန်အားအသားပေး အစွမ်းပိုင်ရှင်တစ်ယောက်၏ ဓားခုတ်ချက်ကို ယုံကြည်မှု အပြည့်ဖြင့် ခုခံနေသည်ကို တွေ့လိုက်ရသည်။
သို့သော် ထင်မှတ်မထားဘဲ သူ၏ ရင်ဘတ်ရှိ သံမဏိပြောင်းလဲထားသော အစိတ်အပိုင်းများက ရုတ်တရက် ပျောက်ကွယ်သွားပြီး တစ်ဖက်လူ၏ ဓားသွားက တို့ဟူးကို လှီးဖြတ်လိုက်သကဲ့သို့ ဖုန်းခနဲ အသံနှင့်အတူ သူ၏ အဆုတ်နှင့် ကလီစာများထဲသို့ စိုက်ဝင်သွားတော့သည်။
ဤအော်ဟစ်သံက အစသာဖြစ်ပြီး ပတ်ဝန်းကျင်မှ အော်ဟစ်ညည်းညူသံများ တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ထွက်ပေါ်လာသည်။
လင်းယွမ်ဘက်မှ လူအများစုမှာ ခွန်အားအသားပေး အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။
စွမ်းအင်ချိတ်ပိတ် အစီအရင်က သန္ဓေပြောင်းစွမ်းအင်ကို ချိတ်ပိတ်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ခွန်အားအသားပေး အစွမ်းပိုင်ရှင်များက သန္ဓေပြောင်းစွမ်းအင်ကို အသုံးမပြုနိုင်တော့သော်လည်း ကြွက်သားကြံ့ခိုင်မှုကတော့ ယင်းကြောင့် ပြောင်းလဲသွားမည် မဟုတ်ပေ။
သူတို့၏ ခွန်အားတိုးပွားလာမှုက ဆဲလ်များထဲတွင် ကြာမြင့်စွာကတည်းက ပေါင်းစပ်နေပြီးဖြစ်ကာ အစွမ်းထက်သော ပေါက်ကွဲအားက ချိတ်ပိတ် သင်္ကေတ၏ ချိတ်ပိတ်ခြင်းကို ခံရမည်မဟုတ်ဘဲ အသွေးအသား၏ ပင်ကိုယ်ကြံ့ခိုင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
သို့သော် အခြားအမျိုးအစား အစွမ်းပိုင်ရှင်များကတော့ ဒုက္ခရောက်ကုန်ကြပြီ ဖြစ်သည်။
သူတို့၏ အစွမ်းများ အားလုံးက သန္ဓေပြောင်းစွမ်းအင်မှတစ်ဆင့် ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။
ယခုအချိန်တွင် ချိတ်ပိတ် သင်္ကေတက သန္ဓေပြောင်းစွမ်းအင်ကို ချိတ်ပိတ်လိုက်သည့်အခါ သူတို့က အတောင်ပံ ဆုံးရှုံးသွားသော ငှက်လေးများကဲ့သို့ ဖြစ်သွားပြီး နောက်ထပ် ပျံသန်းနိုင်တော့မည် မဟုတ်ပေ။
တစ်ဖက်သတ် သတ်ဖြတ်မှုက ချက်ချင်းပင် စတင်သွားတော့သည်။
ဝူလီ၏ မူလ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားက ယခုအချိန်တွင် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်သွားသော အမူအရာ ပေါ်လွင်သွားသည်။
"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ"
သူ၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်းစွမ်းအင်ကို အသုံးပြု၍ မရတော့ကြောင်းကို သူကိုယ်တိုင်လည်း ခံစားလိုက်ရသည်။
သူက ခွန်အားအသားပေး အစွမ်းပိုင်ရှင် ဖြစ်လင့်ကစား ကြွက်သားများ၏ ပေါက်ကွဲအားက ချိတ်ပိတ်ခံရမည် မဟုတ်ပေ။
သို့သော် မူလ ခွန်အားအမှတ် ၄၅ မှတ်ရှိသော သူ့ကိုယ်သူနှင့် နှိုင်းယှဉ်ပါက ယခုသူ၏ ခွန်အားက ဆယ်ပုံတစ်ပုံပင် မရှိတော့ပေ။
အမှန်တကယ်တော့ ခွန်အားအသားပေး အစွမ်းပိုင်ရှင်များက မိမိတို့၏ အစွမ်းအစ အပြည့်အဝကို ထုတ်ဖော်နိုင်ရန်အတွက် သန္ဓေပြောင်းစွမ်းအင်၏ အထောက်အပံ့ကို မှီခိုရမည်သာ ဖြစ်သည်။
သူတို့၏ ကြွက်သားဆဲလ်များတွင် ပါဝင်သော စွမ်းအင်များက သာမန်အချိန်တွင် သန္ဓေပြောင်းစွမ်းအင်ဖြင့် ပျိုးထောင်ထားခြင်းသာ ဖြစ်သည်။
သန္ဓေပြောင်းစွမ်းအင်၏ ပံ့ပိုးမှုဖြင့်သာ ခွန်အားအသားပေး အစွမ်းပိုင်ရှင်များက သူတို့၏ ခွန်အားအရေအသွေးမှတ်ကို ရာခိုင်နှုန်းပြည့် အသုံးချနိုင်မည် ဖြစ်သည်။
သို့သော် သန္ဓေပြောင်းစွမ်းအင်၏ ပံ့ပိုးမှု မရှိဘဲ ကြွက်သားခွန်အားကိုသာ အားကိုးပါက သူတို့၏ ခွန်အားအရေအသွေးမှတ်က ဆယ်ပုံတစ်ပုံခန့်သာ အစွမ်းပြနိုင်တော့မည် ဖြစ်သည်။
သို့တိုင်အောင် ယခုအချိန်၌ ဝူလီက ဒိုင်းလွှားကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး လူအုပ်ထဲတွင် အလွန် ကြမ်းတမ်းနေဆဲပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူက ဆယ်ပုံတစ်ပုံသာ ကျန်ရှိတော့သည်ဆိုစေကာမူ အနည်းဆုံးတော့ ထိုတစ်ပုံခန့် ခွန်အား ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။
အခြားလူများမှာမူ ထိုတစ်ပုံခန့်ပင် မကျန်ရှိတော့ပေ။
ထို့ကြောင့် ဝူလီက အနည်းငယ် ထိတ်လန့်သွားပြီးနောက် ချက်ချင်းပင် အံ့ဩဝမ်းသာစွာဖြင့် သူသည် ဤဧရိယာထဲတွင် ပြိုင်ဘက်ကင်း အဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိသွားသည်။
"သေစမ်း... ဟားဟားဟား"
လူတစ်ယောက်၏ ခေါင်းကို ရိုက်ခွဲလိုက်ပြီးနောက် ဝူလီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မလှမ်းမကမ်းရှိ ထောင်ဝေဆီသို့ လိုက်လံ သတ်ဖြတ်တော့သည်။
ထောင်ဝေက ကြောက်လန့်တကြားဖြင့် နောက်သို့ ဆက်တိုက် ပြေးနေရသည်။ ချိတ်ပိတ် သင်္ကေတ၏ ချိတ်ပိတ်မှုအောက်တွင် မြေဓာတ် အစွမ်းပိုင်ရှင်ဖြစ်သော သူ့အတွက် မည်သည့် အားသာချက်မှ မရှိတော့ပေ။
"ဝှီး"
ထိုအချိန်မှာပင် ရုတ်တရက် လေထုကို ခွဲထွက်လာသော အသံတစ်ခု ပြင်းထန်စွာ ထွက်ပေါ်လာသည်။
ဝူလီက အများကြီး တွေးတောချိန် မရလိုက်ဘဲ ကမန်းကတန်း ရပ်တန့်လိုက်ပြီး ဒိုင်းလွှားကို မြှောက်ကာ ကာကွယ်လိုက်သည်။
"ဝုန်း"
ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာသည်။
ဝူလီ၏ ခန္ဓာကိုယ်က ဒိုင်းလွှားနှင့်အတူ ပြင်းထန်စွာ လွင့်စဉ်သွားတော့သည်။
သူက လက်ထဲရှိ ဒိုင်းလွှားကိုပင် မကိုင်ထားနိုင်တော့ဘဲ လက်ဖဝါးများ ကွဲအက်ကာ သွေးများ စီးကျလာပြီး လက်မောင်းပင် ကျိုးသွားတော့သည်။
မြေကြီးပေါ်တွင် အကြိမ်အနည်းငယ် လိမ့်သွားပြီးမှ ဝူလီက မနည်း ရပ်တန့်သွားနိုင်ခဲ့သည်။
သူ၏ မျက်နှာက ဖြူရော်နေပြီး မယုံကြည်နိုင်သော အမူအရာများ အပြည့်ဖြစ်နေသည်။
တစ်ယောက်ယောက်ရဲ့ ခွန်အားက သူ့ရဲ့ ဒိုင်းလွှားကိုင်ထားတဲ့ လက်ကိုတောင် ကျိုးသွားတဲ့အထိ အစွမ်းထက်နေတာလား။
သူက ကမန်းကတန်း ခေါင်းမော့ကာ မလှမ်းမကမ်းသို့ လှမ်းကြည့်လိုက်သည်။
မလှမ်းမကမ်းတွင် ရုပ်ဆိုးဆိုး လူပုလေးတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရပြီး ထိုလူက မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ အပြည့်ဖြင့် အော်ဟစ်လိုက်သည်။ "ဟားဟားဟား... ငါ သူ့လက်မောင်းကို ချိုးပစ်လိုက်ပြီ... ငါ မျက်နှာရပြီ"
ချက်ချင်းပင် ဘေးနားမှ လူတစ်ယောက်က ဒေါသတကြီး ပြောလာသည်။ "ဒီပစ်မှတ်ကို အရင်တွေ့တာ ငါကွ"
"ဒါဆို မင်း အထဲဝင်သွားလေကွာ"
"တောက်... စွမ်းအင်ချိတ်ပိတ် အစီအရင်ထဲကို ငါဝင်သွားလို့ ရမလားကွ"
"ဟေ... ဒါဆိုရင်လည်း ငါ့လို အဝေးကနေ တိုက်ခိုက်တဲ့ လူတွေရဲ့ စွမ်းဆောင်ရည်ကို သေချာ ကြည့်ထားလိုက်"
အရပ်ပုပု အမျိုးသားက တဟားဟား ရယ်မောလိုက်ပြီး ဘေးနားရှိ ဓားများကို ဆွဲယူကာ လျှို့ဝှက်လက်နက်အဖြစ် တိုက်ရိုက် အရူးအမူး လွှဲပစ်လိုက်တော့သည်။
"စွပ် စွပ် စွပ်"
လူများစွာက သူ၏ ပစ်ပေါက်မှုကြောင့် အရှင်လတ်လတ် ဆက်တိုက် သေဆုံးကုန်ကြသည်။
ဝူလီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ခွန်အားအရေအသွေးမှတ် ၄၅ မှတ်ရှိသော ခွန်အားအသားပေး အစွမ်းပိုင်ရှင်ဖြစ်သည့် သူက အလင်းတန်းအပြင်ဘက်ရှိ ခွန်အားအမှတ် ၃၀ ခန့်သာရှိသော ခွန်အားအသားပေး အစွမ်းပိုင်ရှင်တစ်ယောက်၏ ပစ်ပေါက်မှုကြောင့် သေဆုံးရတော့မည်လား။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အော်ဟစ်သံနှင့်အတူ ဝူလီက ရုတ်တရက် ထရပ်လိုက်သည်။
သို့သော် ထရပ်လိုက်သည်နှင့် တစ်ပြိုင်နက် စွပ်ခနဲ အသံတစ်သံနှင့်အတူ ချွန်ထက်သော မြှားတစ်စင်းက သူ၏ နဖူးကို ချက်ချင်း ဖောက်ထွင်းသွားတော့သည်။
ဝူလီက မယုံကြည်နိုင်ဖြစ်သွားပြီး မျက်လုံးများ ပြာသွားကာ ဖုန်းခနဲ အသံနှင့်အတူ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။
သူ၏ မြင်ကွင်းထောင့်မှတစ်ဆင့် အမျိုးသမီးတစ်ယောက်က ဒူးလေးတစ်လက်ကို ကိုင်ထားကာ ဒုတိယထပ် ပြတင်းပေါက်တွင် ပုန်းအောင်းနေပြီး မြှားပစ်လွှတ်လိုက်သည်ကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။
ကျိုးဝမ်ရှီး၏ လက်အောက်ရှိ နံပါတ်တစ် ခွန်အားပိုင်ရှင်ဖြစ်သော သူက... အမျိုးသမီးတစ်ယောက်၏ မြှားတစ်စင်းတည်းဖြင့် သေဆုံးသွားရပြီလား။
သေဆုံးသွားသည့်တိုင်အောင် သူ၏ ဦးနှောက်ထဲတွင် မယုံကြည်နိုင်ဖြစ်နေဆဲပင်။
ဆင်တူသော မြင်ကွင်းမျိုးက ဤစွမ်းအင်ချိတ်ပိတ် အစီအရင်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
စောစောက အလွန် ကြမ်းတမ်းနေခဲ့သော ရန်သူများက ယခုအချိန်တွင် ကြက်ပေါက်လေးများကဲ့သို့ အားနည်းသွားကြသည်။
စွမ်းအင်ချိတ်ပိတ် အစီအရင်၏ နယ်ပယ်အတွင်းတွင် ခွန်အားအသားပေး အစွမ်းပိုင်ရှင်များက တစ်ခဏချင်းအတွင်း အစွမ်းအထက်ဆုံး အစွမ်းပိုင်ရှင်များ ဖြစ်လာခဲ့ကြသည်။
အခြေအနေက တစ်ခဏချင်းအတွင်း ပြောင်းလဲသွားသည်။
သင်္ဘောချင်းကပ်၍ တိုက်ခိုက်သည့် တိုက်ပွဲကလည်း ဤအချိန်တွင် ပြောင်းလဲသွားခဲ့သည်။
တစ်ဖက်မှ ကျိုးဝမ်ရှီး၊ လီချုံမင်နှင့် ကျန်းဟန်လျန်တို့ သုံးယောက်စလုံးက မျက်လုံးအပြူးသားဖြင့် ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ"
"ဒီမြှားတံကနေ ထွက်လာတဲ့ အလင်းတန်းတွေက ဘာတွေလဲ"
"သူတို့က ဘာလို့ အစွမ်းတွေကို မသုံးကြတော့တာလဲ"
ဆက်ရန်...
နောက်တစ်အုပ်မှာတော့ လင်းယွမ်နဲ့သင်္ဘောကပ္ပတိန်သုံးယောက်ရဲ့တိုက်ပွဲကို မြင်တွေ့ရမှာဖြစ်ပြီး၊ သူတို့က မြူခိုးတောအုပ်မှာနေတဲ့ ကြေးစားလူသတ်သမားတွေကိုရော ခေါ်ထားသေးလား၊ လင်းယွမ် သင်္ဘောကပ္ပတိန်တွေကိုစုစည်းပြီး ကျွန်းပေါ်ကိုတက်ခွင့်ရပါ့မလား၊ မြူခိုးကျွန်းက ဒီကျွန်းနားလာကပ်နေတဲ့ သင်္ဘောတွေကို ဒီအတိုင်းနေခွင့်ပေးထားတယ်ဆိုတာ ဟုတ်ရဲ့လား၊ ကွမ်ဖူရဲ့ဂိုဏ်းကြီးသုံးဂိုဏ်းကရော ဒီမြူခိုးကျွန်းကို မျက်စေ့ကျနေမလား၊ အဘက်ဘက်က ဝိုင်းနေတဲ့အန္တရာယ်တွေကြားမှာ လင်းယွမ်ဘယ်လို ထွက်ပေါက်ရှာမလဲ ဘယ်လို အမြတ်ထုတ်မလဲ၊ ရေခဲချပ်ဝတ်စစ်သည်တွေက ဘယ်လောက်တောင်စွမ်းအားကြီးလဲ၊ မြူခိုးကျွန်းရဲ့ သူ့ကိုယ်သူ ဘုရင်လို့ ဘွဲ့ခံထားတဲ့ ကျွန်းသခင်ရော ပေါ်ထွက်လာမလား ဆိုတာတွေကို ဆက်ပြီး စောင့်မျှော်အားပေးကြပါဦးနော်။